သစ်စုန်းပင်

မထွေး ညိုကား သူ့ခေတ်နှင့်သူ ပေါ်သမျှ လှသည်၊ ဆန်းသည်ဆိုတာတွေကိုသာ ဝယ်ဝတ်သည်။ မိဘတွေကလည်း ငွေကြေးတတ်နိုင်သူတွေ ဖြစ်သောကြောင့် သားသမီးသုံးယောက်လုံးကို လယ်ထဲယာထဲမှာ မခိုင်းဘဲ မြို့သို့ပို့ကာ ကျောင်း ထားပြီး ပညာသင်စေသည်။

မသူဇာတစ်ယောက်သာ စာကို ကြိုးစားသည်။ ကျန်မောင်နှမနှစ် ယောက်ကား ပညာမကြိုးစားဘဲ မိဘပစ္စည်းကိုသာ သုံးဖြုန်းနေသောကြောင့် ပညာဘက်မှာ လစ်ဟင်းနေကြသည်။

မသူဇာ ခုနစ်တန်းအောင်ခဲ့သည်။ မူလတန်းဆရာဖြစ် သင်တန်းကို တက်သည်။ မူလတန်းဆရာဖြစ် အောင်သည်။ ရွာကျောင်းမှာပင် ကျောင်း ဆရာမ ပြန်လုပ်သည်။ သူရသည့်လခကို သူ့သဘောအတိုင်း မသုံးစားဘဲ မိဘတွေလက်ထဲကို မှန်မှန်ထည့်သည်။ မသူဇာ ရွာမှာ ကျောင်းဆရာမဖြစ်နေ

သော အချိန်မှာ ကိုချစ်ပိုနှင့် မထွေးညိုတို့ မောင်နှမကား လေးတန်းပင် `မအောင်နိုင်ကြသောကြောင့် မိဘတွေက စိတ်ပျက်ကာ ကျောင်းမှနုတ်ပြီး ရွာပြန်ခေါ်ထားလိုက်ကြသည်။

ကိုချစ်ပိုကို လယ်ထဲဆင်းခိုင်းသည်။ မထွေးညိုကို အိမ်အလုပ် လုပ်ခိုင်းသည်။ မိဘပစ္စည်းကိုသာ အဆင်သင့် သုံးစားလာခဲ့ကြသော သူတို့ မောင်နှမကား ယခုလို လယ်အလုပ်၊ အိမ်အလုပ်ကို လုပ်ခိုင်းသောအခါ

လုပ်ချင်စိတ်မရှိရာတွင် သူတို့အပြစ်ရှိ၍ မိဘတွေက မြည်တွန်ပြောဆို သည့်အခါတိုင်းမှာ –

““မသူဇာ ဘာလုပ်လုပ် တစ်ခွန်းမှ မပြောဘူး”

ဟူ၍ ပြန်ပြောကြလေသည်။ သိကျွမ်းခင်မင်ရာ မိတ်ဆွေများ၊ ဆွေမျိုးများက မသူဇာကို ချီးကျူးကြသည်။ မသူဇာကို ချစ်ကြသောအားဖြင့် သူဇာအတွက် သီးသန့် လက်ဆောင်ကလေးများ အထိုက်အလျောက် ပေးကြ၊ ကမ်းကြလျှင်

“မသူဇာကိုသာ အရေးလုပ်ကြသည်” ဟူ၍ မခံချိ မခံသာ ဖြစ်ကြသည်။

ကိုချစ်ပိုနှင့် မထွေးညိုတို့သည် ညီအစ်ကိုမောင်နှမ အရင်းအချာ ဖြစ်သော မသူဇာအပေါ်မှာ မနာလိုသော စိတ်မျိုး မသိမသာ ကိန်းအောင်း ခဲ့ကြသည်။ မိဘများခိုင်းသော အိမ်အလုပ်ကို ကိုချစ်ပိုရော၊ မထွေးညိုပါ လုပ်ချင်သည့်အခါမှ လုပ်သည်။ မလုပ်သည့်အကြိမ်က များနေသည်။ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိုးခွက် ပန်းကန်ဆေး စသည့် အိမ်တွင်း အလုပ်များကို မထွေးညို၊ မလုပ်စေကာမူ မသူဇာသည် မိဘများ မြည်တွန် ပြောဆိုမည်ကို သက်သာရာသက်သာကြောင်း ဖြစ်အောင် ကျောင်းမတက်မီ၊ ကျောင်းက ပြန်ချိန်နှင့် ကျောင်းပိတ်ချိန်တို့မှာ တစ်ယောက်တည်း နိုင်သ လောက် ကျုံးလုပ်သည်။ ညီမငယ် မလုပ်ကောင်းလား ဟူသော စိတ်မျိုး မရှိချေ။

ထိုသို့ အလုပ်တစ်ဖက်နှင့် အနားမယူဘဲ မသူဇာလုပ်ကိုင်နေသည် ကို မိဘများက မြင်ကြသည်။ လိမ္မာသော သမီးကို ချစ်ရင်းမှာ အသနား ပိုလာကြသည်။ သူရသည့်လခကို မိဘလက်ထဲအပ်ပြီး မိဘပစ္စည်းကို ကုန်ခန်းအောင်၊ မလစ်ဟင်းအောင် စည်းကမ်းကျနစွာ ထိန်းသိမ်း၍ အိမ်တွင်း လုပ်ကို မိန်းမပီပီ နိုင်နင်းသော မသူဇာ၏ အရည်အချင်းကို မိဘများကသဘောကျ ကြသည်။ သေသေဝပ်ဝပ်ဖြင့် ပိရိလိမ္မာသော မသူဇာကို မိဘများက ယုံကြည်မှုရှိလာသောအခါ မသူဇာသည် သော့ကိုင်ဖြစ်လာသည်။

မသူဇာလက်ထဲ သော့အပ်သည်ကို အစ်ကိုဖြစ်သူ ကိုချစ်ပိုနှင့် ညီမ မထွေးညိုတို့က လုံးဝ မကျေနပ်ကြချေ။ – ထို့ကြောင့် ကိုချစ်ပိုက မသူဇာ ကျောင်းတက်နေခိုက် မိခင်ဖြစ်သူကို မကျေနပ်ချက်တွေ ရင်ဖွင့်သည်။

“သမီးအရင်း ထင်နေတယ်လို့ ချစ်ပို ပြောလိုက်တဲ့စကားကတော့ မကောင်း ဘူးကွယ်၊ သူဇာလို မိဘက ဦးစားပေးတာ ခံချင်ရင် သူဇာလို လိမ္မာကြလေ”

အမေက လေရှည်ကြီးပြောလိုက်သော စကားကိုကား ကိုချစ်ပိုနှင့် ထွေးညိုတို့ ပြန်မချေနိုင်ကြချေ။ အမေက ဟုတ်မှန်သည်ကို ပြောကြောင်း တော့ သိကြသည်။ သို့သော် ဟုတ်တာဆို နှာလိုခံခက် အမျက်ထွက်ဟူသော စကားအတိုင်း ကိုချစ်ပိုရော မထွေးညိုရော ပိုပြီး စိတ်ခုသွားကြသည်။ ပြန်မချေပနိုင်သော မိခင်၏ စကားကို ပြန်ချေရန် မကြိုးစားကြတော့ဘဲ ကိုချစ်ပိုက ပြောလိုက်သည်။

“အမေ ကျွန်တော် အသုံးလိုနေလို့ ငွေသုံးကျပ်လောက် ပေးစမ်းပါ”

““မနေ့က ငါ့ခေါင်းအုံးအောက်က ငွေငါးကျပ် နှိုက်ယူသွားတာ ကော””

အမေက ပြောလိုက်သည်။ ထိုခေတ် ထိုအခါက ငွေတစ်ကျပ်ဆို သည်မှာ အလွန် တန်ဖိုးရှိသည်ဖြစ်ရာ တစ်ပြားမှ မရှာနိုင် မဖွေနိုင်ဘဲ တစ်နေ့ သုံး၊ လေး၊ ငါးကျပ် ကုန်အောင် ဖြုန်းနေသော ကိုချစ်ပိုကို လည်းကောင်း၊

သွားသည့် လူကြုံရှိတိုင်း၊ မသူဇာ လခထုတ်သွားတိုင်း အင်္ကျီ၊ ထဘီ၊ ပေါင်ဒါဘူး၊ ရေမွှေး၊ မျက်နှာချေ စသည်တို့ကို အမြဲမှာနေသော မထွေးညို ကိုလည်းကောင်း အမေနှင့် အဖေက မျက်နှာသာမပေးခြင်း၊ သော့မအပ်ခြင်း သည် အလွန်လျော်ကန်သင့်မြတ်သော စီစဉ်ချက် ဖြစ်သည်ကိုကား ကိုချစ်ပို ရော မထွေးညိုပါ မစဉ်းစားကြချေ။ ပိုက်ဆံတောင်း၍ ချောချောမောမော

မရတိုင်း မသူဇာကို အစစ အရာရာ အသိပေးတိုင်ပင် ဦးစားပေးပြီး သော့အပ် သည်ကိုသာ နာကြည်းခံခက်နေကြသည်။

မထွေးညိုသည် သနပ်ခါးဖွေးဖွေးလိမ်းကာ အိမ်ပေါ်မှာ အင်္ကျီလဲနေချိန်တွင် မသူဇာက ကျောင်းအားချိန်ဖြစ်သည့်အလျောက် အိမ်ဝိုင်း ထဲမှာ စားပင်သီးပင်လေးတွေ စိုက်နေသည်။ မသူဇာက သစ်ပင်စိုက် ဝါသနာ ပါသည်။တစ်နေ့တွင် ရွာအပြင် တောစပ်မှာ သွားကစားကြသော တပည့်

ကျောင်းသားလေးများအနက် တစ်ယောက်သောတပည့်လေးသည် သူ့ဆရာ သစ်ပင်စိုက် ဝါသနာပါမှန်း သိသောကြောင့် တောထဲတွင် တွေ့လာသောသစ်ပင်ငယ်တစ်ပင်ကို အမြစ်ရော မြေကြီးအုံပါ ပါအောင် ဂရုတစိုက်နုတ်ယူ လာပြီး မသူဇာကို ပေးသည်။ သစ်ပင်ငယ်သည် မည်သည့်အပင်မျိုးဟူ၍ နုတ်ယူလာသော တပည့်ငယ်ကလည်း မသိ၊ မသူဇာကလည်း မသိ။ မိဘများ နှင့် ရွာကလူတွေကို မေးမြန်း ပြကြည့်သော်လည်း မည်သူမျှ မပြောနိုင်ကြ ချေ။ သို့သော် သစ်ပင်ငယ်သည် ပင်စည်နှင့် အရွက်တွေက အခြားသစ်ပင် များနှင့် မည်သို့မှ မထူးခြားဘဲ အရောင်အဆင်း အသွင်သဏ္ဌာန်သည် ဆင်တူ ယိုးမှားပင် ဖြစ်သည်။

မသူဇာက တစ်ထွာကျော်ကျော်မျှသာ မြင့်သည့် သစ်ပင်ငယ်၏ အမြစ်ကို နည်းနည်းထူးဆန်းသည်ဟု စိတ်ထဲတွင် ထင်မိသည်။ အမြစ်သည် အခြားသစ်ပင်များလို ဖွာမနေဘဲ မုန်လာဥနှင့် တူနေသည်။ သစ်ပင်ယူလာသည့် တပည့်လေးကမူ “ဒီသစ်ပင်လေးက လေမတိုက်ဘဲ လှုပ်နေတယ် ဆရာမ၊ ဒါကြောင့် ကျွန်တော် နုတ်လာတာ”ဟု ပြောခဲ့သည်။ မည်သို့ပင် ဖြစ်စေ သစ်ပင်စိုက်ဝါသနာပါသော မသူဇာကမူ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် နားလည်သော ပုဂ္ဂိုလ်နှင့်တွေ့မှ မေးမြန်းကြည့်မည်ဟူ၍ နှလုံးပိုက်ကာ အိမ်နောက်ဘက် ခြံဝိုင်းထဲမှာပင် စိုက်ထားလိုက်သည်။

မသူဇာတို့ရွာ စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သူသည် မသူဇာတို့ရွာသား မဟုတ်ချေ။ အခြားမြို့မှ လာပြီး အစိုးရအမှုထမ်းပီပီ

ကျရာနေရာမှာ တာဝန်ထမ်းနေသူ ဖြစ်သည်။ မသူဇာ မူလတန်းဆရာဖြစ် မအောင်မီ ခြောက်လလောက်ကမှ ရောက်လာသော ဆရာ၊ နာမည်က ကိုအေးသော် ဖြစ်သည်။ အသက်က အစိတ်လောက် ရှိသည်။ ရုပ်ရည် သန့်သည်။ အနေအထိုင် ရိုးသည်။ အိမ်ထောင်မရှိဘဲ လူပျိုဖြစ်သောကြောင့် ရွာစာသင်ကျောင်းမှာပင် ရွာသူရွာသားများက အခန်းတစ်ခု ဖွဲ့ပေးထားသည်။ ထမင်းကို ရွာထဲရှိ အိမ်တစ်အိမ်မှာ လခပေးပြီး စားနေသူ ဖြစ်သည်။ လခ ထုတ်သည့်အခါမှာ လည်းကောင်း၊ ကျောင်းကိစ္စကြောင့် ပညာအုပ်ကိုတွေ့ရ ကိစ္စပေါ်လျှင် လည်းကောင်း မြို့သို့ သွားသည်။ အခြားအချိန်များတွင်ကား ရွာမှ မခွာချေ။ ရွာသူရွာသားတွေကလည်း ချစ်ခင်ကြည်ညိုကြသည်။

ဆရာ ကိုအေးသော်သည် မသူဇာကို တည်တံ့ခိုင်မြဲစွာ စွဲလမ်း ချစ်ခင်နေသည်။ သူ့မေတ္တာကို ဖွင့်ဟပြောသောအခါ မသူဇာက လိမ္မာသော မိန်းကလေးပီပီ မိဘများထံ အသိပေး ပြောကြားပါ၊ မိဘများ သဘောတူမှ မေတ္တာမျှနိုင်မည်ဟု တုံ့ပြန်ခဲ့သည်။

ဆရာကိုအေးသော်က ရွာသူကြီးမင်းထံ ပြောပြသောအခါ သူကြီး မင်းကလည်း ဝမ်းမြောက်ဝမ်းသာ ထိုကိစ္စကို ဆရာကိုအေးသော်ဘက်မှ လူကြီးမိဘအနေဖြင့် လိုက်ပါ ပြောဆိုသည်။ မသူဇာ၏ မိဘတွေကလည်း ငြင်းစရာ မရှိသည်ကြောင့် သဘောတူကြသည်။ မသူဇာကိုရော၊ ဆရာ ကိုအေးသော်ကိုရော ချစ်ကြည်သော ရွာသူရွာသားတွေသည် ထိုသတင်းကို ကြားကြသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ထိုသို့ ဝမ်းသာကြသူ တွေအထဲမှာ ထွေးညို မပါနိုင်ရှာပေ။ ဆရာကိုအေးသော်ကို တစ်ဖက်သတ် တိတ်တခိုး ချစ်ကြိုက်နေသော ထွေးညိုကား နဂိုကမှ အမျက်သိုနေသော အစ်မဖြစ်သူ မသူဇာကို စိတ်ထဲမှာ ရန်သူလိုပင် ထင်လိုက်မိလေတော့သည်။

“အစ်ကို၊ ဖြစ်လာမှာတွေ စဉ်းစားမိလား”
ထန်းရည်မူးနေသော ကိုချစ်ပိုကို လူကြီးတွေအလစ်မှာ မထွေးညို က တီးတိုးလေသံဖြင့် ပြောသောအခါ ကိုချစ်ပိုက –
“ဘာလဲ၊ သူဇာ လင်ယူမယ့်ကိစ္စလား”” ဟု ပြန်မေးလိုက်သည်။
“ဟုတ်တယ် အစ်ကို”
“ယူပါစေ၊ ကောင်းတယ်၊ သူဇာလင်ယူ၊ သူတို့လင်မယား အိမ်ခွဲ ဆင်းသွားကြ၊ အိမ်ပေါ်မှာ တို့ချည်းကျန်ရစ်တော့ ကောင်းတာပေါ့။ သူဇာ | ချီးကျူးခန်း မကြားရတော့ဘူးပေါ့၊ သူဇာမရှိရင် တို့ပိုက်ဆံသုံးရ ချောင်မယ် ”
ကိုချစ်ပိုက သူဖြစ်စေချင်သည်ကို ထန်းရည်မူးမူးဖြင့် ပြောလိုက်သည်။
“အားကြီး ဟုတ်ပါလိမ့်မယ်” မထွေးညိုက မဲ့ရွဲ့ပြောလိုက်သောကြောင့် – “ဘာဖြစ်လို့ မဟုတ်ရမှာလဲ ထွေးညို” ဟု ကိုချစ်ပိုက မေးသည်။
“အို – အစ်ကို စဉ်းစားကြည့်ပါလား၊ ဒီအိမ်မှာ မသူဇာက သော့ကိုင်ဆိုတာ အစ်ကို သိသားပဲ၊ လင်ယူတယ်ဆိုမှ စီးပွားခွဲတော့မယ်လေ သူ သော့ကိုင်ဆိုတော့ အိမ်ထောင်ခွဲ၊ စီးပွားခွဲတော့မယ့် သူပဲ လိုချင် အားလုံး ယူသွားတော့မှာပေါ့ အစ်ကို၊ မသူဇာကို ဖူးဖူးမှုတ်ထားတဲ့
အဖေကလည်း သမီးကိုလည်း ချစ်ရင်းစွဲ၊ သမက်ကလည်း ကျောင်းအုပ်ဆရာ သူတို့သဘောကျ ပေးစားတာလည်းဖြစ်တော့ မသူဇာ ယူချင်တိုင်း ယူ တာကို အားလုံး ပေးလိုက်မှာ သေချာတယ်၊ အစ်ကိုနဲ့ ကျွန်မအတွက်တောင် ၊ ကျန်ရစ်ပါတော့မလား မသိဘူး”

မထွေးညိုစကားကြောင့် ထန်းရည်ဖိုး၊ ကြက်တိုက်ကြေး မရရင် ခက်ရချေရဲ့၊ ထည်းရည်မူးမူးဖြင့် တွေးမိသော ကိုချစ်ပိုစိတ်တွင် စိုးရိမ်သလို ပင် ဖြစ်လာသည်။
“နင်ပြောတာ စဉ်းစားစရာပဲ ထွေးညို”” ကိုချစ်ပိုက ပြောသည်။ “ဟုတ်တယ် .. အစ်ကို စဉ်းစားပါ” မထွေးညိုက သွေးထိုးမြှောက်ပင့်သော စကားကို ပြောလိုက်၏
“အေး၊ ဒီလိုဆိုရင် မဖြစ်ဘူး၊ နေဦး ငါ အကြံထုတ်ဦးမယ် ထွေးညို ရေ”
ကိုချစ်ပိုက လေးလေးနက်နက် ပြောသည်။
“မသူဇာ အိမ်ခွဲဆင်းသွားမှာကိုတော့ မတားနဲ့ အစ်ကို၊ ပစ္စည်းတွေ မပါဖို့ဘဲ အရေးကြီးတယ်”
“ နားလည်ပါတယ်ဟာ”
ကိုချစ်ပိုနှင့် မထွေးညိုတို့ မောင်နှမနှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် တိုင်ပင်ပြောဆိုနေစဉ်မှာ ဆရာ ကိုအေးသော်သည် သူနှစ်သက်သော မသူဇာ ကို ပိုင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် ကြည်ကြည်နူးနူး စိတ်ကူးယဉ်နေ ရှာသည်။

လူ၏ကံကြမ္မာကား ဆန်းကြယ်လှသည်။ ဆရာ ကိုအေးသော်သည် ငယ်စဉ်ကပင် မိဘ မရှိသောကြောင့် ကိုယ်ထူးကိုယ်ချွန်အဖြစ်ဖြင့် ဤမျှ အခြေအနေ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုမူ ကိုအေးသော် မိခင်များ ရှိစဉ်ကပင် ဆွေမျိုးချင်း အဆင်မပြေသော အကြောင်းတွေကြောင့် သေခန်း ပြတ်သလို ဖြစ်လာခဲ့သော ကိုအေးသော်၏ ဘကြီးအရင်းသည် သားမယား သေဆုံးပြီး အမွေခံဟူ၍ မကျန်ရစ်သောကြောင့် နှမအရင်းက မွေးထားခဲ့သော တူကလေးသတင်းကို နားထောင်စုံစမ်း၍ အတည်တကျ သိရသောအခါ ဆရာ ကိုအေးသော်ရှိရာကို ကိုယ်တိုင် လိုက်လာသည်။
အမွေစား အမွေခံအဖြစ် ပစ္စည်းတွေကို လွှဲပြောင်းပေးမည်ကြောင့် ကျောင်းဆရာအလုပ်ကို လုပ်ရန် မလိုတော့ကြောင်း ပြောပြသည်။ ကိုအေး သော်ကလည်း ဘကြီး စိတ်ချမ်းသာစေရန် အလုပ်ကထွက်ပါမည်ဟူသော ကတိကို ပေးသည်။ မသူဇာကို လက်ထပ်ပြီး တစ်ခါတည်းခေါ်သွားရန် စီစဉ်သည်။
ကိုအေးသော် အစီအစဉ်ကို မသူဇာ သဘောမကျချေ။ မသူဇာသည် ရပ်ဇာတိရွာကို လည်းကောင်း၊ မိဘနှင့် ညီအစ်ကိုမောင်နှမကို လည်း ကောင်း၊ သူစာသင်ပေးနေရသော တပည့်ကလေးတွေကို လည်းကောင်း သံယောဇဉ်ကြီးသူ ဖြစ်သည်။
ဤရွာသည် ကျောင်းဆရာ မမြဲကြောင်း တစ်ရွာလုံးက သိကြသည်။ကိုအေးသော်အနေဖြင့် ဆိုခဲ့ပြီးသည့်အတိုင်း နောက်လှည့်ကြည့်စရာ အတွယ်အတာမရှိသောကြောင့်သာ ဤရွာမှာ မြဲနေခြင်း ဖြစ်သည်။ မသူဇာက ဤရွာဇာတိဖြစ်သောကြောင့်သာ မြဲနေခြင်း ဖြစ်သည်။ဆရာ ကိုအေးသော် ခေါ်ရာ မသူဇာပါ ပစ်ပစ်ခါခါ ထွက်သွားကြမည်ဆိုလျှင် ရွာကလေးသူငယ် တို့၏ ပညာရေးအတွက် ရင်လေးစရာဖြစ်မည်ကို မသူဇာ တွေးသည်။
ထို့ကြောင့် ကိုအေးသော်ကို အလုပ်ကမထွက်ရန်၊ မပြောင်းရန် သူဇာက ဖျောင်းဖျသည်။

အစုလိုက် အပုံလိုက် ရရှိခံစားရမည့် ပစ္စည်းတွေအတွက် ကိုအေးသော်က မသူဇာစကားကို နားမဝင်ချေ။
ပစ္စည်းတွေကို လက်ခံပြီး သဘောအတိုင်း စီမံပါ၊ ရွာက ကျောင်း နှင့် တပည့်တွေကို ပစ်ပစ်ခါခါ မလုပ်ပါနှင့်ဟု မသူဇာက တောင်းပန်သည်။ ကိုအေးသော် သူ့သဘောထားကား ဤရွာ ကျောင်းဆရာအလုပ်ကို မြော်မြင်
စရာ မရှိ၍သာ လုပ်နေရသည်။ စည်းစိမ်ရှိရှိနေရမည်ဆိုလျှင် ဘာကိုမှ မငဲ့ကွက်ဘဲ ခြေခါလက်ခါ ထွက်သွားနိုင်သော သဘောထားရှိသူ ဖြစ်၏။
ကိုအေးသော်နှင့် မသူဇာတို့ သဘောထား မတိုက်ဆိုင်ဘဲ နယ်လုနေသောအဖြစ်ကို ရွာသူရွာသားတွေကလည်း သိကြသည်။

နောက်ဆုံးတွင် ကိုအေးသော်သည် မူလတန်းဆရာမလေးမျှသာ ဖြစ်သော တောသူ မသူဇာကို ခင်တွယ်စိတ် ဖြတ်လိုက်၏။ သကြီးရှိရာ မြို့ပေါ်မှာ သူဌေးအဖြစ် စည်းစိမ်ခံနေကာ မြို့သူအချောအလှကို ရနိုင်သည်
ဟူသော ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်လိုက်၏။ မသူဇာအသည်းကို ခွဲလေပြီ။
“သစ္စာမဲ့သူဟာ သစ္စာစူးပြီး လတ်တလော ပျက်စီးတတ်ပါတယ်”
နာကြည်းကြေကွဲစွာ ပြောလိုက်သော မသူဇာ၏ စကားကို ဆရာ ကိုအေးသော်သာမဟုတ် နီးစပ်သည့် အချို့ လူများ ကြားလိုက်ကြလေသည်။
မနက်ဖြန်ဆိုလျှင် ကိုအေးသော်သည် ဤရွာမှ အပြီးအပိုင် ထွက်ခွာ သွားပေတော့မည်။ ကိုအေးသော် စီစဉ် ဆုံးဖြတ်ချက်ကို ရွာသူရွာသားတွေ ကလည်း စိတ်မကောင်းကြချေ။ ထို့ကြောင့် မည်သူမျှ သွားရောက်နှုတ်ဆက် ခြင်း၊ မေးမြန်းခြင်း မပြုဘဲ ဘာသိဘာသာ နေလိုက်ကြသည်။

နောက်တစ်နေ့ မနက်စောစောတွင် ကိုအေးသော်သည် ဘကြီးဖြစ်သူ နှင့်အတူ သူနေထိုင်ရာ အခန်းငယ်မှ ထွက်လာသည်။ ကျောင်းအောက်ကို ဆင်းရန် လှေကားထစ်ပေါ်ကို ခြေချလိုက်သည်တွင် လှေကားထစ်ပေါ်မှာ ခွေနေသော မြွေပွေးတစ်ကောင်ပေါ်သို့ တည့်တည့်မတ်မတ် နင်းလိုက်မိသည် တွင် မြွေပွေးကလည်း မလွတ်တမ်း အားပါးတရ ကိုက်လိုက်သည်။ ဘကြီး ထံမှ အမွေရမည့် စည်းစိမ်ကို မခံစားထိုက်၍ပဲလား၊ မသူဇာ ကျိန်စာ စူးသွား သလား၊ တိုက်ဆိုင်မှုပေလားတော့ မပြောတတ်ချေ။ ကိုအေးသော်တစ်ယောက် မြွေကိုက်ခံရသည်ကတော့ အမှန်ပင် ဖြစ်သည်။ မြွေကို ကိုအေးသော်ဘကြီး ကလည်း မြင်လိုက်သည်။ သို့သော် ကူညီရန်ရောက်လာသော ရွာသားတွေ က ရှာကြသောအခါ မြွေသည် ဘယ်နေရာ ထွက်ပြေးသည် မသိ၊ ရှာမတွေ့ကြ တော့ချေ။ လှည်းပြင်ကာ ကိုအေးသော်ကို မြွေဆရာ ရှိနေသည့် ရွာသို့ ယူသွား ကြသည်။
အချိန်ကလည်းကြာ၊ မြွေဆိပ်ကလည်း ပြင်းသည့်အပြင် မြွေဆေးကု ဆရာနေသည့် ရွာကို သွားရသည့်ခရီးကလည်း ဝေးသည်ကြောင့် ကိုအေးသော် တစ်ယောက် အဆိပ်မွှန်ကာ သေဆုံးသွားရှာသည်။

“မြွေကို ရှာလို့ မတွေ့ဘူးဆိုတော့ တိုက်မြွေလားမှ မသိတာ””
“ဖြစ်ချင်လည်း ဖြစ်မှာပဲ၊ မသူဇာ စိတ်နာနာနဲ့ လုပ်သလား မသိဘူး”
“မသူဇာ ဒါမျိုး မလုပ်တတ်ပါဘူးဟယ်၊ သူတော်ကောင်းလေးပါ”
“မသိနိုင်ဘူးလေ၊ ဆရာကိုအေးသော်ကလည်း နှမချင်း စာနာ အရှက်ခွဲတဲ့သဘောမျိုး လုပ်တာကိုး။ စိတ်နာမှာ၊ ရှက်မှာကတော့ အမှန်ပဲ။ သူကိုယ်တိုင် မတတ်ရင်တောင် တတ်တဲ့လူကို လုပ်သလားဆိုတာ တွေး စရာ မကောင်းဘူးလား”
“ဒီပညာမျိုး ဘယ်သူဘယ်ဝါ တတ်တယ်လို့ မကြားမိပေါင်၊ သူ ကိုယ်တိုင်က တတ်နေရင်တော့ မပြောတတ်ဘူးပေါ့””

ဤစကားတွေကား တစ်ရွာလုံး တီးတိုး တီးတိုး သဖန်းပိုးဖြစ်နေ သည်ကို မသူဇာ ကြားသည်။ သူ့အသည်းကို ခွဲသူဖြစ်လင့်ကစား ခင်ပွန်း လင်အဖြစ် ချစ်ရတော့မည့်သူကို ချစ်ခင်တွယ်တာမိပြီးဖြစ်သော မသူဇာသည် ကိုအေးသော် မရှုမလှ သေဆုံးရသည်ကို စိတ်မကောင်းဖြစ်ရာတွင် လူတွေက
သူ့ကို ထင်ယောင်ထင်မှား ဖြစ်နေကြသောကြောင့် ဘူးလေးရာ ဖရုံဆင့်သလို စိတ်မကောင်းရာတွင် ရှက်သည့်စိတ်က ထပ်လောင်းလာသည်။ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်ဆိုသော စကားအတိုင်း ကိုအေး သော်ကိစ္စကို လူတွေက တဖြည်းဖြည်း မေ့သလောက်ရှိလာကြသည်။ စိတ်သောကတွေ့ကြုံလိုက်ရသော သမီးလိမ္မာလေးကို သနားပိုမိသော မိဘများက မသူဇာကို ရှေးကထက် ပိုပြီး အရေးပေးသည်။ အလိုလိုက်ကြသည်။ သူဇာသဘောအတိုင်း ဖြစ်စေရန် ပုံအပ်လိုက်ကြသည်။ ထိုအခါ ကိုချစ်ပိုနှင့် မထွေးညိုတို့ တွက်ခြေမကိုက်သောကြောင့် သူဇာကို ပိုပြီး မျက်ကြသည်။

ပေပေတေတေနေသော ကိုချစ်ပိုသည် ထန်းရည်သွားသောက်သော အခန်းထဲမှ လင်သေမုဆိုးမ၊ သူ့ထက် အသက်ရှစ်နှစ်လောက်ကြီးသော မိန်းမနှင့် မူးမူးရူးရူးဖြစ်မိကာ လူသိရှင်ကြား လင်မယားအဖြစ် ယူလိုက်ကြသည်။ ချစ်ပိုမိဘတွေက စိတ်ဆိုးသောကြောင့် ပိုက်ဆံကြေးငွေလည်း တစ်ပြားမှ မပေး အဆက်အသွယ် အခေါ်အပြောလည်း မလုပ်ကြတော့ဘဲ လမ်းဖြတ် လိုက်ကြသည်။ ကိုချစ်ပိုတစ်ယောက်ကသာ မိဘ စိတ်မချမ်းသာအောင် လုပ်သည် မဟုတ်၊ ရွှေပေါ်မြတင် ကြော့ကြော့ကလေးနေသော မထွေးညိုကလည်း မယားကြီး ထင်ရှားရှိသော ယောက်ျားတစ်ဦးနှင့် ဖုံးဖိမရအောင် ဖြစ်ကာ ခိုးရာ လိုက်ပြေးသည်တွင် ထိုလူ၏ မယားကြီးက အော်ကြီးဟစ်ကျယ် အိမ်ရှေ့ လာပြီး ဆူပူပြောဆိုသောကြောင့် မသူဇာ၏ မိဘများသည် သက်ကြီးလူမိုက်
သားနှင့် သမီးထွေး အမိုက်မကို သေခန်းဖြတ်၊ အမွေဖြတ် စွန့်ပစ်ထားလိုက်ကြသည်။
သူတို့ လမ်းလွဲသည်ကို ပြန်မစဉ်းစားဘဲ ကိုချစ်ပိုနှင့် မထွေးညိုတို့ သည် မိဘများက တစ်ပြားမှ မပေးတော့ဘဲ စွန့်ပစ်ထားကြသည်မှာ ရှိသမျှ ပစ္စည်းတွေအားလုံး အပိုင်စီးချင်သော မသူဇာစနက် ဖြစ်သည်ဟု မောင်နှမ နှစ်ယောက်လုံး စိတ်တူသဘောတူ စွပ်စွဲလိုက်ကြသည်။
ကိုချစ်ပိုမိန်းမနှင့် မထွေးညိုယောက်ျားက ပစ္စည်းမက်ပြီး အမိဖမ်း အပိုင်စီး ယူလာခဲ့ကြသည်ဖြစ်ရာ ယခု မှန်းခြေမပေါက်ဘဲ အမွေဖြတ်ခံကြ ရသောအခါ ကိုချစ်ပို မိန်းမက ကိုချစ်ပိုကို ရန်လုပ်သည်။ မထွေးညို ယောကျာ်းကလည်း မထွေးညိုကို နှိပ်စက်သည်။ အိမ်ထောင်ရေး မသာယာလေ၊ ငွေကြေး ပြတ်လပ်လေ မောင်နှမနှစ်ယောက်လုံး မသူဇာကို မဲလေ ဖြစ်နေကြသည်။
ကိုအေးသော် သေဆုံးပြီး နှစ်နှစ်မျှ ကြာသောအခါဝယ် အနားနီးချင်း ရွာတစ်ရွာမှ ကြေးရတတ်တစ်ဦး၏ သားက မသူဇာကို မြတ်နိုးသောကြောင့်
ကြောင်းလမ်း စေ့စပ်လာသည်။ မသူဇာက အေးအေးနေချင်သည် ဆိုသည်ကို ခင်မင်ရင်းနှီးပြီး ဖြစ်သည့် နှစ်ဖက်မိဘများက သူတို့သဘောအလျောက် လက်ထပ်မင်္ဂလာ ကျင်းပရန် စီစဉ်ကြသည်။ မင်္ဂလာဆောင်မည့်နေ့ ကျရောက်
သောအခါမှ သတို့သားသည် နောင်ပိုင်းရှင်းသူ မဟုတ်ဘဲ တိတ်တိတ်ပုန်းမယားကြီးနှင့် သားတစ်ယောက် ရှိကြောင်း ပေါ်ပေါက်လာသည်။ မယားကြီးဆိုသူက မင်္ဂလာအိမ်ရှေ့မှ နေပြီး အော်ဟစ်ဆူပူလေသည်။
ပေါ်ပေါက်လာသော မိန်းမသည် တရားဝင် မဟုတ်ကြောင်း၊လက်ရှိမိန်းမသာလျှင် ဖြစ်ကြောင်းကို သတို့သားမိဘများက ကျေရာကျေကြောင် တောင်းပန်ကြသော်လည်း မသူဇာက လက်မခံတော့ချေ။
“ကျွန်မ လျှပ်ပေါ်လော်လည်လို့ ဖြစ်ရတဲ့ကိစ္စ မဟုတ်ပါဘူး၊ မိဘတွေ မျက်နှာမပျက်အောင် လိုက်လျောခဲ့တာသာ ဖြစ်တယ်။ ကျွန်မကို အရှက်ကွဲအောင်၊ မျက်ရည်ကျအောင် လုပ်ကြတာကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှ မမေ့ဘူး၊ ကျွန်မ မျက်ရည်ကျသလို ကျကြပေဦးပေါ့””

မသူဇာသည် ရှက်လည်း ရှက်၊ နာလည်းနာလှသဖြင့် မင်္ဂလာဆောင် လာကြသော လူတွေရှေ့မှာပင် ပြောကာ သတို့သားနှင့်တကွ သတို့သား တွေကို အိမ်ပေါ်မှ နှင်ချလိုက်သည်။ မသူဇာ နှစ်ကြိမ်တိုင်အောင် စိတ်ဆင်းရဲ
အရှက်ကွဲရသည်ကို မိဘများသည် ယူကျုံးမရသောစိတ်ဖြင့် ပရိသတ် ထဲဝင် မျက်နှာချင်း မဆိုင်ဘဲ အခန်းထဲမှာ ပုန်းနေကြလေသည်။ သတို့သား နှင့် သတို့သား မိဘများကိုလည်း ရွာခံလူတွေက လာရောက် အရှက်ခွဲရပါ မည်လားဟု ရန်မူကြမည့် အရိပ်အယောင်တွေကို ပြလာကြသောကြောင့် သတို့သားနှင့် သူ့မိဘများသည် ကြာကြာ မနေဝံ့ကြတော့ချေ။ လာလမ်း အတိုင်း ပြန်ကြသည်။
သူတို့ ပြန်ချိန်သည် ညနေစောင်းနေလေပြီ။ လက်ထပ်မင်္ဂလာပွဲ လာကြသည်ကြောင့် အဝတ်ကောင်းကောင်း ဝတ်လာကြသည်။ ရွှေထည် လက်ဝတ်လက်စားများ ဝတ်လာကြသည်။ သတို့သမီးကို တင်တောင်းရန် ခန်းဝင်ပစ္စည်းအဖြစ် ပေးဖို့ ရွှေထည်လက်ဝတ်လက်စားများ ပါလာကြသည်။ ခပ်သုတ်သုတ် ပြန်ကြသော သတို့သားနှင့်အဖွဲ့သည် နေဝင်ရီတရောအချိန် တောလမ်းခရီးမှာ ဓားပြအတိုက်ခံလိုက်ကြရသည်။ ကိုယ့်ပစ္စည်းကို နှမြော သောအားဖြင့် တတ်အားသမျှ ပြန်လည် ခုခံသော သတို့သားနှင့် သူ့မိဘများ သည် ဓားပြများလက်ချက်ဖြင့် အသက် သေဆုံးကုန်ကြလေတော့သည်။ မသူဇာ အဖို့ ပြောစရာ အစွန်းအထင်း တစ်ခု ဖြစ်သွားပြန်လေပြီ။
ထို့နောက်တွင်ကား မသူဇာသည် ဝမ်းတွင်းပါ စုန်းပညာတတ်သူ ဖြစ်ကြောင်း၊ သူ့ကို စိတ်ဆင်းရဲအောင်၊ မျက်ရည်ကျအောင် လုပ်သူတွေ မှန်သမျှ သေခြင်းဆိုးဖြင့် သေကြရကြောင်း၊ မသူဇာကို ကင်းကင်းနေကြဖို့ အကြောင်း တစ်ယောက်ကို တစ်ယောက် သတိပေးသော အဖြစ်မျိုးလိုပင် ရောက်သွားလေပြီ။
ကျောင်းမှာ စာသင်ရင်း အပြစ်ရှိသော တပည့်တွေကို မသူဇာက ဆုံးမလိုက်သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ မိဘသည် မသူဇာထံ ရောက် ကြသည်။ ရှိခိုးမတတ် ကြောက်ရွံ့စွာဖြင့် အပြစ်မှ ခွင့်လွှတ်ရန်၊ ဗွေမယူရန် တောင်းပန်သည်။ သက်ဆိုင်ရာ သားသမီးတွေကို ဘယ်လို ပြောဆို မှာကြား ထားသည် မသိ၊ ကျောင်းတပည့်များသည် မသူဇာကို ကြောက်လာကြသည်။ မသူဇာသည် သူတော်ကောင်း ဖြစ်ကြောင်းကို ဘုန်းတော်ကြီးနှင့် ရွာသူသား အချို့က ရှင်းလင်းခုခံ ပြောဆိုကြသော်လည်း တချို့သော ရွာသူရွာဘာတွေ ကား အစွဲအလမ်းကို မဖျောက်ကြချေ။ ကြာသော် မသူဇာသည် အလုပ်လုပ် ချင်စိတ် မရှိတော့ဘဲ ကျောင်းဆရာမအလုပ်မှ နုတ်ထွက်လိုက်လေသည်။

မသူဇာ၏ မိဘတွေသည် မသူဇာအတွက် စိတ်မချမ်းသာမှု၊ သားကြီးနှင့် သမီးထွေး၏ မိုက်မဲမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ အိပ်ရာ ထဲ လဲခဲ့ရာမှ မကြာမီပင် တစ်ယောက်နှင့် တစ်ယောက် ခြောက်လမျှသာ ကွာခြားပြီး သေဆုံးကုန်ကြတော့သည်။ မသူဇာသည် အစ်ကိုနှင့် ညီမကို မိဘတွေက အမွေဖြတ်ခဲ့သော်လည်း ကျန်ရစ်သည့်ပစ္စည်းတွေကို မတရား မလုပ်ချေ။ အညီအမျှပင် ခွဲဝေပေးသည်။ သို့သော် ကိုချစ်ပိုနှင့် မထွေးညို တို့က မကျေနပ်ချေ။ မသူဇာ ကဲ့ဝှက်ထားပြီး နည်းနည်းသာ ပေးသည်ဟု ထင်ကြသည်။ သို့သော် အချို့ ရွာသူရွာသားတွေ ထင်သလို မသူဇာကို ဝမ်းတွင်းပါ စုန်းပညာတတ်သူ ဟူသော ယူဆချက်က ကိုချစ်ပိုနှင့် မထွေးညို တို့ကိုပါ စွဲသလိုလို ဖြစ်နေသည်။

မူရင်း ရသလွင်ပြင်