ဘုန်းကြီးသရဲ

ဖြစ်နေပါလား”ဟုရေရွတ်ကာ ဘုံကျောင်းပေါ်သို့ပြန်တက်လာခဲ့သည်။

ကျောင်းပေါ်သို့ရောက်တော့ ကိုရင်လေးနှစ်ပါးက
“ဦးဇင်း စောစောကဘယ်သူတုံး”
“မသိပါဘူးကွာ။ငါအောင်ဆင်းကြည့်တော့ ထွက်ပြေးသွားတယ်”
ယင်းသို့သာဆိုပြီးနောက် ကုတင်ပေါ်တက်ကာ ကျိန်းစက်ဖို့ပြင်ဆင်လေတော့သည်။

+++++++++++++++++++++++
နောက်နေ့တွေတွင်လည်း မကျွတ်လွတ်နိုင်ရှာသည့်ကျောင်းထိုင်ဆရာတော်ကြီးသည် တံခါးကိုလာခေါက်ပြန်သည်။
ထိုမျှမကသေး။ကျောင်းအောက်တွင် စင်္ကြံလျှောက်နေပြန်သည်။
သည်တော့ မူလက ကိုရင်လေးနှစ်ပါးမကြောက်ရအောင် အဖြစ်မှန်ကိုဖုံးကွယ်ရှောင်လွှဲပြီးပြောထားခဲ့ပေမင့် နောက်ပိုင်းမှာတော့ ကိုရင်နှစ်ပါးလည်း ဘုန်းကြီးသရဲခြောင်လှန့်နေပြီဆိုတာကိုသိသွားကြလေသည်။

ထို့ကြောင့် ညနေမိုးချုပ်ပြီဆိုသည်နှင့် ကိုရင်နှစ်ပါးလည်း ဘုံကျောင်းပေါ်မှမဆင်းတော့သည့်အပြင် ဦးဝါသဝအနားတွင်သာကပ်နေလေတော့သည်။
ထို့အပြင် အနှီကျောင်းထိုင်ဆရာတော်ကြီး၏ခြောက်လှန့်မှုကလည်း တစ်ရွာလုံးပျံ့နှံ့သွားလေတော့သည်။

တစ်ရက်တွင်တော့ ရေဦးကျောင်းတွင်ကထိန်ပွဲကျင်းပတော့မည်မို့ အခြားရွာကျောင်းများမှ ပင့်လျှောက်ခံထားရသည့် ဆရာတော်များလည်း သွားရေးလာရေးခက်ခဲ့သည့်ကျေးရွာတို့၏ထုံးစံအတိုင်း
တစ်ရက်ကြို၍ရောက်လာကြသည်။

ထို့နောက် အနှီဆရာတော်ကြီးများ ညအိပ်ညနေဖို့ရာ ဘုံကျောင်းတွင်အဆင်မပြေသည်မို့ ဦးဝါသဝက ယခင်ကျောင်းထိုင်ဆရာတော်ကြီးသီတင်းသုံးနေထိုင်သည့်တိုက်ကျောင်းပေါ်တွင် နေရာချပေးထားလိုက်သည်။
ဆရာတော်များကလည်း ထိုတိုက်ကျောင်းအပေါ်ထပ်ရှိ အခန်းတွင်းဝယ်ကျိန်းစက်အနားယူကြသည်။

စင်စစ်သော် ထိုအခန်းသည်လည်း ယခင်ကျောင်းထိုင်ဆရာတော်ကြီး ကျိန်းစက်ခဲ့သည့်အခန်းဖြစ်သည်။
ထို့နောက်အားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခိုက်
‘ဝုန်း’
“အား”
ယခင်ဆရာတော်ကြီးကျိန်းစက်သည့်ကုတင်ပေါ်သို့တက်ရောက်ကာကျိန်းစက်နေသည့်ဆရာတော်ကြီးတစ်ပါးသည် တစ်စုံတစ်ယောက်ကဆွဲချလိုက်သောကြောင့် ကုတင်အောက်သို့ပြုတ်ကျသွားသည်။

ဆရာတော်ကြီးလည်းအော်ဟစ်ကာ လန့်နိုးလာခဲ့သည်။
ထိုအခါ အခန်းထဲမှ ကျိန်းစက်နေကြသည့်အခြားဆရာတော်တွေပါလန့်နိုးလာကြပြီး အထိတ်တလန့်ဖြင့် ဝိုင်းမေးကြသည်။
“အရှင်ဘုရား ဘာဖြစ်တာလဲ”
“ငါကုတင်ပေါ်က ဆွဲချခံလိုက်ရလို့”
“ဟင်”
အားလုံး အံ့ဩထိတ်လန့်သွားကြရသည်။

ထိုအခိုက်တွင် ဆရာတော်ကြီး တစ်ပါးက
“ဒီကျောင်းမှာပျံလွန်တော်မူသွားတဲ့ဆရာတော်က မကျွတ်ဘူးလို့လည်း ကြားရတယ်။ဒီတော့ ဘုရားတရားမှတ်ပြီး ကျိန်းစက်ရ‌တာပေါ့”ဟုဆိုလေရာ ဆရာတော်တွေလည်း ဘုရားကိုအာရုံပြုကာ ပြန်လည်ကျိန်းစက်ကြလေသည်။
သို့သော်လည်း အချိန်မည်မျှမှပင်မကြာလိုက်။ကုတင်ပေါ်မှဆွဲချခြင်းကိုခံလိုက်ရပြန်သည်။

ထို့နောက်ဆရာတော်တွေလည်း ကျိန်းစက်ခြင်းမပြုတော့ဘဲ တစ်ညလုံး စကားထိုင်ပြောနေကြရတော့သည်။
နောက်တစ်နေ့ ကထိန်ပွဲပြီးစီးသည့်အခါတွင်တော့ မိမိတို့သီတင်းသုံးရာကျောင်းတိုက်များဆီသို့ချက်ချင်းပြန်ကြွသွားကြတော့သည်။
ရက်တွေကြာလာခဲ့ပြီဖြစ်သည်။

ကျောင်းကမူ ဆရာတော်ကြီး၏ခြောက်လှန့်မှုတွေက နေ့စဉ်နှင့်အမျှဖြစ်နေလေသည်။
တစ်ရက်တွင်တော့ ဦးဝါသဝသည် ရွာသူရွာသားများကိုခေါ်ပြီးပြောလေသည်။
“ကဲ ဒကာ ဒကာမတို့ရေ။ဦးဇင်းတော့ ဇာတိမြေကိုခဏပြန်ကြွရအုံးမယ်။သားငယ်တစ်ယောက်ရဲ့နာရေးကြောင့်ပါ။ရက်လည်ပြီးရင်ပြန်ကြွလာခဲ့ပါမယ်။ဒီတော့ ဦးဇင်းမရှိတဲ့ရက်အတောအတွင်းမှာ ကျောင်းက ကိုရင်လေးနှစ်ပါးမကြောက်ရအောင် ရွာကလူငယ်တွေ အုပ်စု အစုအစုဖွဲ့ပြီး ကျောင်းကို အလှည့်ကျလာစောင့်ပေးလိုက်ကြပါ”
ယင်းသို့ပြောဆိုလာတော့ ကာလသားတွေလည်း လက်ခံလိုက်ကြတော့သည်။
ထို့နောက် ဦးဝါသဝ ပြန်ကြွသွားသည့်နောက် ကာလသားတွေလည်း ငါးယောက်တစ်စု စုဖွဲ့ကာ ကျောင်းကိုအလှည့်ကျလာစောင့်ပေးကြသည်။

သို့သော် ဤကျောင်းတွင် မကျွတ်လွတ်သေးသည့်ဆရာတော်ကြီး၏ခြောက်လှန့်မှုကလည်းရှိနေသည်ဆိုတာ သိရှိထားသည်မို့ လောက်လေးခွ လောက်စာလုံး စသည်တို့ကို အပြည့်အစုံယူလာခဲ့ကြသည်။
သို့ဖြင့် ညအိပ်ချိန်သို့ရောက်တော့ အားလုံး ဘုံကျောင်းထဲတွင်သာစုပြုံပြီးအိပ်ကြသည်။

ထိုအခိုက်တွင်
‘ဒေါက် ဒေါက် ဒေါက်’
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ထိုအခါ ရဲနိုင်အမည်ရှိ ရွာသားတစ်ယောက် လှမ်းမေးသည်။
“ဟေ့ ဘယ်သူလဲ”
အပြင်ဘက်မှ ပြန်ဖြေသံထွက်ပေါ်မလာချေ။
ထိုအခါ ရဲနိုင်က
“ဒါသရဲခြောက်တာပဲ။ပစ်ကွာ”
ယင်းသို့ဆိုပြီး သူကပင် ဦးဆောင်ကာ တံခါးကို လေးခွဖြင့်လှမ်းပစ်သည်။
‘ဗုန်း’
ရဲနိုင်ပစ်တော့ ကျန်သည့်လေးယောက်ကလည်း တံခါးကို လေးခွဖြင့်ဝိုင်းပစ်ကြသည်။
‘ဗုန်း ဗုန်း ဗုန်း’
ငါး ချက် ဆယ်ချက်ခန့်စီ ပစ်ပြီးသွားသည့်နောက် အားလုံးက ဆက်မပစ်သေးဘဲ အခြေအနေကို စောင့်ကြည့်လိုက်ကြသည်။

တံခါးခေါက်သံကလည်း ဆက်လက်ထွက်ပေါ်လာခြင်းမရှိသေးချေ။
သို့သော် ဆယ်မိနစ်ခန့်အကြာတွင်တော့ ပိတ်ထားသည့် ပြတင်းပေါက်တံခါးကို လာခေါက်သည့်အသံထွက်ပေါ်လာပြန်သည်။
‘ဒေါက် ဒေါက် ဒေါက်’
ထိုအခါ ရဲနိုင်တို့လည်း ထိုပြတင်းပေါက်ကို လေးခွဖြင့် ဝိုင်းပစ်ကြပြန်သည်။
ဆယ်ချက်ခန့်စီ ပစ်ပြီးသည့်နောက် အခြေအနေကို စောင့်ကြည့်နေလိုက်ကြပြန်သည်။

ယင်းအခိုက်တွင် ဘုရားခန်း၏ဘေးတစ်ဖက်မှ ပြတင်းပေါက်တံခါးကို‌လာခေါက်ပြန်သည်။
ရဲမောင်တို့ကလည်း လေးခွဖြင့်ဝိုင်းပစ်ကြပြန်သည်။
ဆိုရလျှင် ထိုညတစ်ညလုံးနီးပါး ကျောင်းပတ်ပတ်လည်မှ တံခါးပေါက်မှန်သမျှကို လိုက်ခေါက်ခြင်းကြောင့် ရဲနိုင်တို့ကလည်း လေးခွဖြင့် လှမ်းပစ်ကြရသည်။
မနက်မိုးစင်စင်လင်းတော့မှ တံခါးခေါက်သည့်အသံတွေရပ်သွားတော့သည်။

ထို့အတူ ကျောင်း၏ပြတင်းပေါက်တံခါးတွေတွင်လည်း လောက်စာလုံးခဲရာတွေကမွထလျက်ရှိနေသညမို့ သန်းရှင်းရေးပြန်လုပ်သူကလုပ်ကြ၊မျက်နှာသစ်သူကသစ်၊ဆွမ်းဝတ်ချိုင့်အတွက်ပြင်ဆင်သူကပြင်ဆင် စသည်ဖြင့် အသီးသီးအလုပ်ရှုပ်ကြတော့သည်။

ရဲနိုင်တို့ကလည်း ကိုရင်လေးတွေနှင့်အတူ အရုဏ်ဆွမ်းဝတ်ချိုင့်လိုက်ယူပေးခြင်း၊နေ့လည်ဆွမ်းခံရာတွင် ချိုင့်လိုက်ဆွဲပေးခြင်း စသည်တို့ကိုပြုလုပ်ပေးပြီး ညနေစောင်းအချိန် အခြားငါးယောက်အဖွဲ့ရောက်လာတော့မှ အဖွဲ့ချိန်းပြီး ရွာထဲပြန်သွားကြလေသည်။
ဒီတစ်ခါတော့ ကိုရင်လေးတွေလည်း ညကလို ဘုံကျောင်းပေါ်တွင် မအိပ်ဝံ့တော့ဘဲ သိမ်ထဲဝင်အိပ်ကြသည်။

ယင်းလည်း ညအိပ်ချိန်သို့ရောက်လျှင် သိမ်၏ပြတင်းပေါက်တံခါးကိုလာခေါက်သည့်အသံထွက်ပေါ်လာပြန်သည်မို့ လာစောင့်ပေးသည်လူငါးယောက်ကလည်း လေးခွတွေဖြင့် ဝိုင်းပစ်ကြသည်။
ပစ်တော့ တံခါးခေါက်သံကငြိမ်သွားပြီး နောက်တစ်ခါ အခြားပြတင်းပေါက်တစ်ခုခေါက်သံပေါ်လာပြန်သည်။

ဆိုရလျှင် မနေ့ကနည်းတူ ညလုံးပေါက်ဖြစ်သည်။
လာစောင့်ပေးသည့်ငါးယောက်ကလည်း တံခါးခေါက်သံပေါ်လာသည့်နေရာတိုင်းကို လေးခွဖြင့်ပစ်ထားကြသည်မို့ မနက်ရောက်သည့်အခါတွင် လောက်စာခဲဒဏ်ရာတွေက သိမ်ပြတင်းပေါက်နေရာတိုင်းတွင် ရှုပ်ပွလျက်ရှိနေတော့သည်။

ယင်းသို့တစ်ရက်လျှင်ငါးယောက်တစ်ဖွဲ့ ကျောင်းသို့လာစောင့်ပေးရာ၌ ခြောက်လှန့်သည့်နေရာကိုလေးခွဖြင့်ဝိုင်းပစ်ကြရာ ကြာလာတော့ လာစောင့်ပေးသူတွေအဖို့
ကြောက်စရာဟု မထင်ရတော့ဘဲ ပျော်စရာတစ်ခုဟုပင် မှတ်ယူလာကြတော့သည်။

ရက်အနည်းငယ်ကြာတော့ ဦးဝါသဝလည်း ကျောင်းသို့ပြန်ရောက်လာသည်။
သို့သော် ကျောင်းထိုင်ဆရာတော်ကြီး၏ခြောက်လှန့်မှုတို့က ရပ်မသွားချေ။
ညတိုင်း ပြတင်းပေါက်တံခါးတွေကို လာခေါက်သည်။
ကျောင်းအောက်တွင်စင်္ကြံလျှောက်ပြသည်။

ကိုရင်လေးနှစ်ပါးကတော့ ငယ်သေးသည်မို့ ကြောက်ကြသည်။
ထို့ကြောင့် ညနေရောက်ပြီဆိုသည်နှင့် ကျောင်းပေါ်မှ မဆင်းကြတော့ချေ။
ဦးဝါသဝလည်း ဆရာတော်ကြီး၏ခြောက်လှန့်မှုတို့ကို ရပ်တန့်ဖို့ရာ မစွမ်းသာခဲ့ချေ။
နှစ်အနည်းငယ်ကြာလာခဲ့သည်။

မြို့မှစာသင်တိုက်တွင်စာဝါလိုက်နေသည့် ဦးပဉ္ဇင်းလေးလည်း ဘွဲ့အချို့ကိုယူပြီးပြီမို့ ကျောင်းသို့ပြန်ကြွလာသည်။
ဦးဝါသဝနှင့်တကွရွာသူရွာသားတွေကလည်း ဝမ်းပမ်းတသာဖြင့်ဆီးကြိုကြသည်။

သို့သော် ကျောင်းသို့ရောက်ရောက်ချင်းမှာ ပင် မိမိ၏ငယ်ဆရာဖြစ်သော
ဆရာတော်ကြီးမှာ မကျွတ်သေးဘဲ ခြောက်လှန့်နေသည့်အကြောင်းကိုသိရလေသည်။
ဦးဝါသဝက
“အရှင်ဘုရားညဘက် တစ်ပါးတည်း ကျိန်းစက်ဖို့မဝံ့ရဲရင် တပည့်တော်တို့ လာနေပေးပါမယ်ဘုရား”
ဟုလျှောက်တင်လေရာ ဦးပဉ္ဇင်းလေးက
“ရပါတယ်။တပည့်တော်နေရဲပါတယ်”ဟုဆိုလိုက်သည်။
သို့ဖြင့် ယခင်ဆရာတော်ကြီး နေထိုင်သီတင်းသုံးခဲ့သည့် တိုက်ကျောင်းပေါ်သို့ စတင်တက်သည်။

တိုက်ကြီးသည် ပိတ်ထားခဲ့သည်မှာ ကြာပြီမို့ ဖုန်တွေအလိမ်းလိမ်းဖြစ်နေသည်။
ရွာသူရွာသားတွေကလည်း ဝိုင်းဝန်းကာသန့်ရှင်းရေးပြုလုပ်ပေးကြသည်။
ဦးပဉ္ဇင်းလေးသည် ဆရာတော်ကြီးကျိန်းစက်ခဲ့သည့်အိပ်ခန်းထဲသို့ဝင်လိုက်သည်။
အိပ်ခန်းအတွင်းဝယ် ကျမ်းစာအုပ်တွေကလည်းဖုန်တွေအလိမ်းလိမ်းဖြစ်နေသည်။
ယင်းစာအုပ်တွေကိုတော့ ဦးပဉ္ဇင်းလေးကိုယ်တိုင်ဖုန်တွေရှင်းလင်းရေးပြုလုပ်သည်။

တဖြည်းဖြည်းဖြင့် ညအချိန်သို့ရောက်လာသည်။
ဘုံကျောင်းပေါ်တွင် ကိုရင်လေးနှစ်ပါးနှင့်အတူရှိနေသည့် ဦးဝါသဝလည်း တိုက်ကျောင်းပေါ်တွင်ရှိနေသည့် ဦးပဉ္ဇင်းလေး၏အခြေအနေကိုနားစွင့်နေမိသည်။
သို့သော် ခြောက်လှန့်မှုအသံတွေက မည်သည့်နေရာကမှထွက်ပေါ်မလာချေ။
ဦးပဉ္ဇင်းလေးသည်တိုက်ကျောင်းအပေါ်ထပ်ရှိ အိပ်ခန်းအတွင်းဝယ် တရားထိုင်ပြီးသည့်နောက် ကျိန်းစက်လေသည်။
‘ဒေါက် ဒေါက် ဒေါက်’
အချိန်မည်မျှကြာသွားသည်မသိ။တံခါးခေါက်သံထွက်ပေါ်လာတော့မှ လန့်နိုးလာခဲ့သည်။

“ဘယ်သူလဲ”
အပြင်ဘက်မှ တုံ့ပြန်သံထွက်ပေါ်မလာချေ။
ထိုအခါ ဦးပဉ္ဇင်းလေးလည်း ကုတင်ပေါ်မှဆင်းပြီးအိပ်ခန်းတံခါးကိုဖွင့်လိုက်ရာ ဆရာတော်ကြီးကိုတွေ့လိုက်ရသည်။
ဦးပဉ္ဇင်းလေး အံ့ဩနေခိုက် ဆရာတော်ကြီးက ကျေနပ်စွာဖြင့် ကြည့်နေလေရင်း
” ကဲ မင်းလည်း ဒီကျောင်းရဲ့ကျောင်းထိုင်ဆရာတော်ဖြစ်ပြီဆိုတော့ ငါမင်းအတွက်ရော ဒီကျောင်းအတွက်ရော စိတ်ချပြီ”
ယင်းသို့မိန့်ပြီးသည့်နောက် ပြန်ကြွသွားသည်။

ထိုအခိုက်မှာပင် ဦးပဉ္ဇင်းလေးလည်း ကျိန်းစက်နေရာမှ လန့်နိုးလာခဲ့သည်။
ပြီးနောက် စောစောက လျှပ်တပြက် မက်ခဲ့သည့်အိပ်မက်ကိုပြန်တွေးပြီး ဆရာတော်ကြီး အဘယ်ကြောင့် ခြောက်လှန့်နေရသည်ဆိုတာကို သဘောပေါက်လိုက်လေတော့သည်။
တကယ်လည်းဟုတ်ပါသည်။
နောက်ပိုင်းတွင်မူ ကျောင်းထိုင်ဆရာတော်ကြီး၏ခြောက်လှန့်မှုတွေက ထိုကျောင်းတွင် အပြီးတိုင်ပျောက်ကွယ်သွားပါတော့သည်။
အားလုံးအေးချမ်းပါစေ,,,။
ဆရာဆွေ(တောင်တွင်း)