သူနာပြုမလေးလူသတ်မှု

အမှတ်(၄၀) ဖြစ်သည်။ ထိုစဥ်က ယခုအဆောက်အအုံနေရာ၌ မဟုတ်ပါ။ တာမွေဗလီဝင်းတွင်း၌ ဖြစ်၏။

ကိုနှင်းမောင်၏အရည်အချင်းအမြောက်အမြားအနက် မင်းကြီးက ခေါ်ယူတွေ့ဆုံသည့်အခါ၌ ထူးခြားသောအရည်အချင်းတစ်ခုကိုလည်း ထပ်မံ၍ ကျွန်ုပ် သိရှိရပြန်၏။

ကျွန်ုပ်သည် မင်းကြီးနှင့် တွေ့ရမည့်နေ့ဆိုလျှင် မင်္ဂလာဦးည သတို့သမီးကဲ့သို့ စိတ်လှုပ်ရှားခဲ့ရ၏။ မတည်မငြိမ် ဖြစ်ခဲ့ရ၏။ မင်းကြီးအား အထက်အရာရှိတစ်ဦးအနေနှင့် လေးစားသည်ထက် ပို၍ ထိတ်လန့်နေသည်ဟု ထင်ပါသည်။

ကိုနှင်းမောင်ကမူ ရန်ကုန် ပုလိပ်မင်းကြီးနှင့် တွေ့ဆုံရမည့်အတွက် သူ့အနေနှင့် တစုံတရာထူးခြားမှု မဖြစ်ရုံမျှမက တကယ်တမ်း တွေ့ဆုံရာ၌လည်း ကိုနှင်းမောင်သည် ပုလိပ်မင်းကြီးအား သူသောက်နေကျ ကုလားလက်ဖက်ရည်ဆိုင်မှ ကာကာကုလားထက် ပို၍ အလေးအနက်ထားပုံ မရပေ။

ထို့ထက် အံ့ဩဖွယ်ကောင်းသည်မှာ မိနစ် ၂၀ ခန့် စကားပြောပြီးလျှင် မင်းကြီးကပင် ကိုနှင်းမောင်အား လေးစားခန့်ညားလာခြင်း ဖြစ်၏။

ကိုနှင်းမောင်နှင့် ပတ်သက်၍ မင်းကြီးက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောဖူးပါသည်။

    “နှင်းမောင်ဟာ လူတော်တစ်ယောက်သာ မဟုတ်ဘူး၊ လူထူးတစ်ယောက်လည်း ဖြစ်တယ်ကွဲ့၊ ငါ တွေ့ဖူးသမျှ လက်အောက်ငယ်သားတွေထဲမှာ သူဟာ အထူးဆုံးပဲ၊ နှင်းမောင်ရဲ့မျက်လုံးဟာ လူတစ်ယောက်ရဲ့အပြင်ပိုင်း ရုပ်လက္ခဏာကိုသာ ကြည့်တာ မဟုတ်ဘူး၊ အတွေးစိတ်ကိုပါ ကြည့်လိုက်သလိုပဲ၊ ငါ ငယ်ငယ်တုန်းက ကျောင်းပြေးတာမိလို့ ဆရာကြီးနဲ့ သွားတွေ့ရစဥ်က ဆရာကြီးက ငါ့ကို ကြည့်လိုက်တိုင်း ရင်ထဲမှာ ထိတ်ကနဲ ထိတ်ကနဲ ဖြစ်သွားတယ်ကွ၊ သူ့မျက်လုံးမှာ တန်ခိုးတွေအပြည့် ရှိတယ်ကွဲ့၊ နှယ်နှယ်ရရလူ  မဟုတ်ဘူးနော်” ဟူ၍ ဖြစ်၏။

ကျွန်ုပ်တို့နှစ်ဦး ရန်ကုန်ရောက်ပြီး ရက်သတ္တ တစ်ပတ်အတွင်း၌ပင် အန္တရာယ်များသောအမှုတစ်ခုကို စတင်လိုက်ရတော့၏။ ထိုနေ့နံနက် ရာသီဥတုသည် ထိုင်းထိုင်းမှိုင်းမှိုင်း ရှိလှသည်။ မိုးကတော့ ဟုတ်တိပတ်တိ ရွာသည် မဟုတ်။ ခပ်ဖွဲဖွဲမျှသာ ကျနေသည်။

ကျွန်ုပ်လည်း ချမ်းစိမ့်စိမ့်နေမည်ဟု ကြံ၍ အပြင်သို့ မထွက်ဘဲ အိပ်ရာထက်၌ ဇိမ်နှင့်ကွေးနေမည်ဟု ကြံ၍ ကွေးနေသော်လည်း တာမွေဂါတ်တဲမှ ပုလိပ်သားလေးတစ်ယောက် လာရောက်၍ မင်းကြီးထံမှ တယ်လီဖုန်းလာကြောင်း၊ ယခုပင် သူ၏ရုံးသို့ လာခဲ့ရမည်ဖြစ်ကြောင်း မှာကြားသည်ဟု ပြောသဖြင့် အိပ်ရာထဲတွင် ကွေးမနေနိုင်တော့ဘဲ ကိုနှင်းမောင်ထံ ပြေးရတော့၏။ ထိုစဥ်က ကျွန်ုပ် နေခဲ့သော အိမ်မှာ ကျောက်မြောင်းစျေးနှင့် မျက်နှာချင်းဆိုင်မှတိုက် ဖြစ်၏။ တာမွေဂါတ်နှင့် များစွာ မဝေးလှပါ။ ကျွန်ုပ်၏ကားသည် ကိုနှင်းမောင်၏အခန်းရှေ့သို့ မရောက်မီကပင် ကျွန်ုပ်က သူ၏အခန်းသို့ လှမ်း၍ကြည့်မိလေရာ အခန်းတံခါး ပိတ်ထားသည်ကို တွေ့သဖြင့် ကျွန်ုပ်၏စိတ်ထဲ၌ မိုးအေးအေးနှင့် ကိုနှင်းမောင်တစ်ယောက် ကွေးနေမည်ဟု ထင်မှတ်မိခဲ့၏။

သို့ရာတွင် ကျွန်ုပ်၏တွေးထင်ချက်များ လုံးဝမှားယွင်းနေကြောင်းကို အခန်းတံခါး ခေါက်လိုက်လျှင်ပင် သိရလေ တော့၏။

    “ဦးအောင်သင်း.. တံခါးစေ့ရုံ စေ့ထားတာပါ၊ တွန်းပြီး ဝင်ခဲ့လေဗျာ” ဟု ကိုနှင်းမောင်က အတွင်းမှ ပြန်၍ ပြောလိုက်၏။ ထို့ကြောင့် အတွင်းသို့ ဝင်ရန်အတွက် ဖိနပ်ချွတ်ရန် ဟန်ပြင်လိုက်လျှင် …
“ဖိနပ်ချွတ်ဖို့ မလိုပါဘူးဗျ၊ ဒီအတိုင်း ဝင်ခဲ့ပါ” ဟု ကိုနှင်းမောင်က ပြောလိုက်ပြန်ရာ ကျွန်ုပ်သည် တံခါးပိတ်ထားလျက် အတွင်းမှနေ၍ ကျွန်ုပ်၏အပြုအမူများကို သိရှိနေခြင်းအတွက် အံ့ဩမိ၏။

ကျွန်ုပ်လည်း ဖိနပ်မချွတ်တော့ဘဲ အခန်းတံခါးကို တွန်း၍ ဝင်ခဲ့ရာ ကျွန်ုပ်ထင်သကဲ့သို့ ကိုနှင်းမောင် အိပ်ရာထက်၌ ကွေး၍ ဇိမ်ယူနေခြင်း မဟုတ်ဘဲ အနက်ရောင် ရှမ်းဘောင်းဘီကို ဝတ်လျက် ကိုယ်အထက်ပိုင်းကို ဗလာကျင်းကာ ချွေးတလုံးလုံးနှင့် တစ်ယောက်တည်း သိုင်းကစားနေသည်ကို တွေ့ရ၏။ ကိုနှင်းမောင်၏ကိုယ်လုံးကိုယ်ပေါက်သည်လည်းကောင်း၊ ဝါစိုသော အသားအရည်သည်လည်းကောင်း ရှမ်းဘောင်းဘီအနက်နှင့် အလွန်ပနံလှ၏။ ကျွန်ုပ်သည် ကိုနှင်းမောင်၏အဆင်ပြေသော ကိုယ်ကာယရုပ်ရည်ကို သဘောကျသည့်အလျောက် ချီးကျူးစကား ဆိုမိ၏။

    “အိုင်ဆေး ကိုနှင်းမောင်.. ခင်ဗျား ဘိုင်စကုတ်မင်းသား လုပ်ရင် ဘတင့်တို့ထက် သာမယ်ဗျ၊ ကျုပ် နောက်တာ မဟုတ်ဘူး၊ တကယ့်ကို ပြောတာ”

    “မဟုတ်တာဗျာ၊ ဘိုင်စကုတ်မင်းသားအလုပ်မှာ ဘတင့်ကို ပြိုင်ဖို့ ကြိုးစားတာဟာ မြင်းနဲ့ အပြေးပြိုင်သလို ရှိတော့မှာပေါ့ဗျာ၊ မြင်းဟာ အပြေးသန်ဖို့ သဘာဝက လက်ဆောင်ပေးထားတဲ့ သတ္တဝါဗျ၊ ဘတင့်ဟာလည်း ဘိုင်စကုတ်မင်းသား လုပ်ဖို့ လူဖြစ်လာတဲ့ ပါရမီရှင်ပါဗျာ၊ ဘယ်တုလို့ ဖြစ်ပါ့မလဲ”

ကျွန်ုပ်သည် မည်သို့မျှ ဆက်၍မပြောနိုင်ပါ။ ကိုနှင်းမောင်သည် လူတစ်ဦး၏သာသောအရည်အချင်းကို အသိအမှတ်ပြုသော ဉာဥ်ကောင်းကလေးလည်း သူ၌ ရှိ၏။

    “ကဲ.. လာရင်းကိစ္စ ဆိုစမ်းပါဦး.. စောစောစီးစီး”

    “လာရင်းကိစ္စ မဆိုခင် တံခါးခေါက်လိုက်ရုံ ရှိသေးတယ်၊ လူ မမြင်ရသေးဘဲ ကျုပ်မှန်း ဘာကြောင့်သိတယ် ဆိုတာက အစ စောစောစီးစီး အပင်ပန်းခံပြီး သိုင်းကစားနေတယ်ဆိုတာ ရှင်းပြစမ်းပါဦး ကိုနှင်းမောင်”

    “ဟိုမှာလေ​ဗျာ..”

ကျွန်ုပ်အား တံခါးအပေါ်သို့ ညွှန်ပြလိုက်သဖြင့် ကျွန်ုပ် လှမ်း၍ကြည့်လိုက်ရာ တံခါးအပြင်ဘက်သို့ မြင်နိုင်ရန် အပေါက်ဝိုင်းကလေးမှ မြင်ရသော ဖိနပ်ချွတ်မျက်နှာကြက်တွင် မှန်ကလေးတစ်ချပ် အပြားလိုက် ကပ်ထားသည်ကို တွေ့ရ၏။

မှန်ထဲတွင် ကျွန်ုပ် ဖိနပ်ချွတ်မည်ပြုသည့်နေရာမှ အုန်းဆံခြေသုတ်ခုံ၏အရိပ်ကို တွေ့မြင်ရသဖြင့် ကိုနှင်းမောင်၏စီစဥ်ထားချက်များကို လုံးဝ သဘောပေါက်မိ၏။

    “ဟုတ်ပါ့ဗျာ.. စီမံထားပုံကလေးဖြင့် နေရာကျပါပေတယ်၊ သိုင်း လေ့ကျင့်နေတယ်ကိုလည်း ရှင်းပြစမ်းပါဦး”

    “ကျုပ်တို့ ရန်ကုန်မှာ ရင်ဆိုင်ရမယ့်လူတွေထဲမှာ တကယ့်လက်ရဲဇက်ရဲတွေ ပါတယ်​ဗျ၊ ဒီတော့ ပွဲမဝင်ခင်က အပြင်ကကျင်းပ ဆိုသလိုပေါ့ဗျာ”

    “ကဲ.. ခင်ဗျား ပြောပြီးရင် ကျုပ်ပြောမယ်၊ မင်းကြီးက သူ့ရုံးကို လာခဲ့ဖို့ တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်ဗျ၊ အဲဒါ ခင်ဗျားကို ဝင်ခေါ်တာပဲ”

ထိုသို့ပြောဆိုကြပြီးနောက် တစ်နာရီခန့်အကြာတွင် ကျွန်ုပ်တို့နှစ်ဦးသည် မင်းကြီး၏ရုံးခန်းသို့ ရောက်ခဲ့ကြလေတော့၏။

မင်းကြီးက ကျွန်ုပ်တို့နှစ်ဦးအား ပြောပြသည်မှာ အင်းစိန်တွင် အမှုတစ်ခု ဖြစ်ပွားကြောင်း၊ သေဆုံးသူမှာ မြန်မာ-ကရင်ကပြား သူနာပြုဆရာမလေး မတင်ရီ ဆိုသူဖြစ်ကြောင်း၊ ကြို့ကုန်းရပ်တွင် နေထိုင်သော ဆရာဝန်ကြီး ဒေါက်တာဖိုစတာအိမ်မှအပြန်၌ ဖြစ်ကြောင်း၊ အလောင်းကို ရင်ခွဲ၍ ဆေးစာ ရေးရသူမှာလည်း ထိုဆရာဝန်ကြီးပင် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာမ မတင်ရီ၏ မတ်တော်သူ မောင်အောင်စိုးက မတင်ရီ သေဆုံးရခြင်းမှာ ဆေးစာ၌ဖော်ပြသကဲ့သို့ ရုတ်တရက်သွေးကြောပြတ် သေဆုံးခြင်း ​မဖြစ်နိုင်ကြောင်း၊ ဆရာဝန်ကြီးက အကြောင်းတစ်ခုခုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်း မင်းကြီးအား တိုင်တန်းခဲ့သည် ဆို၏။

မင်းကြီးက ဆက်၍ဆိုသည်မှာ ဒေါက်တာဖိုစတာသည် မျက်နှာဖြူဆရာဝန်ကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဘုရင်ခံထိအောက် ပေါက်ရောက်လေသည်။

ပုလိပ်ဘက်မှ မသေချာဘဲလျက် စစ်လားဆေးလား လုပ်ပါက ဟုတ်လျှင်တော်ပါရဲ့၊ အကယ်၍ မဟုတ်ပါက ရာဇဝတ်အိုးအား တုတ်နှင့် ထိုးသကဲ့သို့ ရှိပေလိမ့်မည်။ ထို့ကြောင့် အင်းစိန်ပုလိပ်သို့ အကြောင်းမကြားဘဲ ကျွန်ုပ်နှင့် ကိုနှင်းမောင်အား လျှို့ဝှက်စုံစမ်းထောက်လှမ်း၍ လက်ဆုပ်လက်ကိုင်မိစေရန် ဆောင်ရွက်စေလိုကြောင်း အသေးစိတ်ရှင်းပြခဲ့လေသည်။

ထိုခေတ်က ပုလိပ်အမှုထမ်းများမှာ မျက်နှာဖြူများနှင့် ပတ်သက်လာလျှင် ကသိကအောက်နှင့် ခံခဲ့ရပေါင်း များလှ၏။

ကျွန်ုပ်တို့သည် မင်းကြီးရုံးခန်းမှ ပြန်လာပြီးနောက် ကိုနှင်းမောင်က ညမှပြန်တွေ့မည်ဟု ဆိုကာ လမ်းခွဲသဖြင့် ပေ ၅၀ မှ တရုတ်ခေါက်ဆွဲဆိုင်တစ်ခုတွင် လမ်းခွဲကြလေ၏။

ထိုနေ့ည ၈ နာရီလောက်တွင် ကျွန်ုပ်သည် ချိန်းဆိုထားသည့်အတိုင်း ကြို့ကုန်းဘူတာရုံတွင် ကိုနှင်းမောင်အား သွားရောက်စောင့်ဆိုင်းရ၏။ အင်းစိန် ရန်ကုန်လော်ကယ်ရထားများသည် တစ်စီးပြီးတစ်စီး ဆိုက်ကပ်သွားခဲ့သော်လည်း ကိုနှင်းမောင် ပါမလာသဖြင့် ကျွန်ုပ်သည် များစွာ စိတ်ပျက်မိတော့သည်။ ကိုနှင်းမောင် မပါဘဲလျက် အမှုတစ်ခုအား ကျွန်ုပ်ကိုယ်တိုင် စုံစမ်းထောက်လှမ်းရမည်ဆိုလျှင် ငါးစားမပါဘဲ ငါးမျှားသကဲ့သို့ ရှိပေလိမ့်မည်။ ကျွန်ုပ်သည် ၈ နာရီခွဲအထိ စောင့်ဆိုင်းပြီးနောက် ကိုနှင်းမောင် ရောက်မလာသည်နှင့် ပြန်တော့မည်ဟု စိတ်ပိုင်းဖြတ်လျက် ဘူတာအပြင်သို့ ထွက်လိုက်ရာ မီးရထားသံလမ်းအလုပ်သမား ကုလားတစ်ယောက်နှင့် ဝင်၍တိုက်မိတော့သည်။ ကျွန်ုပ်လည်း စိတ်တိုတိုရှိသည်နှင့် ကုလားကို ကုလားစကားနှင့်ပင် ပယ်ပယ်နယ်နယ် ဆဲရေးတိုင်းထွားမိတော့၏။

    “ဘယ့်နှယ့်လဲ ဆရာကြီး.. ကုလားလို မတတ်ဘူး မတတ်ဘူးနဲ့.. အဆဲကျတော့ အဟုတ်ကြီးပဲ” ဟု ကျွန်ုပ် ကြားနေကျအသံနှင့် ပြောလိုက်ရာ ကျွန်ုပ်လည်း ထိုကုလားကို သေသေချာချာ စူးစိုက်ကြည့်မိတော့မှ ကိုနှင်းမောင်ဖြစ်ကြောင်း သိတော့၏။

    “ဘယ်လိုလဲ ကိုနှင်းမောင်ရဲ့..”

    “ရှူး..တိုးတိုး၊ ဟို ​မှောင်ရိပ်ကို သွားကြရအောင်”

ကျွန်ုပ်တို့နှစ်ယောက်သည် မှောင်ရိပ်၌ ထိုင်မိကြလျှင် ကိုနှင်းမောင်သည် အလွန်နံသော ဂေါ်ရင်ဂျီဆေးပြင်းလိပ်ကို မီးညှိ၍ သောက်ကာ စကားစ၍ပြောတော့၏။

    “ခင်ဗျားနဲ့ မနက်က လမ်းခွဲပြီးကတည်းက ကျုပ် အင်းစိန်ကို ရောက်နေတာပဲ၊ ဆေးရုံက ဂျာရူးဝါးလား ယောင်ဆောင်ပြီး အင်းစိန်ပေါက်တောသင်္ချိုင်းက ဆရာမ မတင်ရီအလောင်း မြှုပ်တဲ့နေရာကိုလည်း ကျုပ် ရောက်ပြီးပြီဗျ”

    “ဒီတော့ ဘာထူးထူးထွေထွေ သိခဲ့ရသလဲ၊ နေရာကျရဲ့လားဗျ”

    “ထူးတာကတော့ မတင်ရီရဲ့အလောင်းဟာ မနေ့က အဲဒီမှာ မြှုပ်တယ်လို့သိရတယ်၊ ဒီနေ့ ကျုပ် သွားကြည့်တော့ အလောင်းမရှိတော့ဘူးဗျ၊ ညကတည်းက အလောင်းကို ခိုးသွားပြီ”

    “ဘယ်သူက ဒီအလောင်းကို ခိုးသွားရပြန်တာလဲ”

    “တစ်ယောက်ယောက်ပေါ့ဗျာ..”

    “မင်းကြီး ခိုင်းထားတဲ့ကိစ္စ​ဗျ၊ တစ်ယောက်ယောက် ခိုးသွားတယ်ဆိုရုံနဲ့ မဖြစ်သေးဘူးမှတ်တယ်.. ကိုနှင်းမောင်”

    “စုံထောက်ဆိုတာ အမှုမပေါ်မီကနေ ဘယ်သူဘယ်ဝါဟာ တရားခံဖြစ်တယ်လို့ ကြိုပြီး စွဲမထားရဘူးဗျ၊ ဒါကြောင့် ခုထိတော့ တစ်ယောက်ယောက်လို့ပဲ ဖြေနိုင်ဦးမယ်.. ဦးအောင်သင်း”

    “ဒီတော့ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ၊ ဆက်လုပ်ဖို့ လမ်းကော ရှိသေးရဲ့လား”

    “ဒီလို ရှိတယ်ဗျ၊ သေသွားတဲ့ ဆရာမလေး မတင်ရီဘက်က မောင်အောင်စိုးက ဟိုလိုက် ဒီလိုက် လုပ်နေတာကို တရားခံက ရိပ်မိသွားပုံ ပေါ်တယ်ဗျ၊ ဒါကြောင့် အလောင်းပါ ခိုးပြီး စစ်လို့ဆေးလို့ မရအောင် တစ်ခါတည်း ဖျောက်ပစ်မယ့်သဘောပေါ့ဗျာ၊ ကျုပ်အတွက်ကတော့ မြှုပ်ပြီးသားအလောင်းကို မလုံခြုံသေးဘူးထင်လို့ ဖျောက်ဖို့ ခိုးတဲ့လူဟာ ဟိုနားမှာရှိတဲ့ လှိုင်မြစ်ထဲလည်း သွားပစ်မှာမဟုတ်ဘူး၊ တခြားနေရာလည်း ရွှေ့ပြီး မြှုပ်မှာမဟုတ်ဘူး၊ သူ့အိမ်ကို သူသယ်ပြီး တစ်စစီဖျက်ပြီး ပြာဖြစ်အောင် မီးဖုတ်ချင် ဖုတ်မယ်၊ ဒါမှမဟုတ် တစ်စစီဖျက်ထားတဲ့အသားကို အိမ်မှာမွေးထားတဲ့ ခွေးအကြီးစားတွေကို ကျွေးတဲ့နည်းနဲ့ ဖျောက်ချင်လည်း ဖျောက်မှာပေါ့ဗျာ”

    “ဒီတော့..”

    “ဒီတော့ ကျုပ်တို့.. အင်းစိန် ဘိုကုန်းမှာ ရှိတဲ့ သူနာပြုဆရာမကြီး ဒေါ်ကျင်စိန်ရဲ့ခြံကို ချွတ်နင်းပြီး ဝင်ရလိမ့်မယ်”

    “ဒေါ်ကျင်စိန်က ဘယ်က ပါလာရပြန်တာတုံး​ဗျ”

    “ဆရာဝန်ကြီး ဒေါက်တာဖိုစတာရဲ့မယားငယ်ဗျာ၊ ကျုပ် တွေးထင်ချက် မှန်ရင်တော့ တရားခံဟာ သူပဲဗျ၊ ကျုပ် ဒီနေ့ စုံစမ်းလို့ရတာတော့ ဒီလိုပဲ ကောက်ချက်ချလို့ရတယ်”

ထိုသို့ပြောပြီးနောက် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့သည် ဘိုကုန်းရပ်ကွက်မှ ကြခတ်ဝါးရုံများ ကာထားသည့် ခြံကြီးတစ်ခြံအတွင်းသို့ စွန့်စားဝင်ရောက်ခဲ့တော့သည်။

ကျွန်ုပ်တို့နှစ်ဦး ခြံတွင်းသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ခွေးသမင်ကြီးနှစ်ကောင်သည် ဟောင်လည်းဟောင်၊ ပြေး၍လည်း ကိုက်ပါတော့သည်။ ခွေးများ၏လိုက်ဟောင်သံကို မကာကွယ်နိုင်သော်လည်း ကိုက်ခြင်းကိုမူ ကိုနှင်းမောင်သည် ကောင်းစွာ ကာကွယ်နိုင်ပါသည်။

ကိုနှင်းမောင်သည် ဝင်၍ ကိုက်သော ခွေးတစ်ကောင်အား မည်သို့ပြုလိုက်သည် မသိ။ အသံမျှပင် မထွက်တော့ဘဲ တစ်ချက်နှစ်ချက်မျှ အကြောဆွဲကာ သေဆုံးသွားပါတော့သည်။ ကျန်တစ်ကောင်သည် ကျွန်ုပ် သေနတ်ဖြင့်ပစ်မည် ကြံသော်လည်း ကိုနှင်းမောင်က အချိန်မီတားထား၍ မပစ်လိုက်မိတော့ပါ။ သို့ရာတွင် ပထမအကောင်ကဲ့သို့ ကိုနှင်းမောင်၏လက်ချက်ဖြင့် ခွေးသည် အသံမထွက်နိုင်ဘဲ သေဆုံးသွားပြန်ပါသည်။ ခွေးများ​ သေသည်နှင့်တစ်ပြိုင်နက် ကိုနှင်းမောင်က ခြံအတွင်းမှ အိမ်ကြီး၏မီဖိုထက်သို့ ပြေး၍ကပ်ရန် ကျွန်ုပ်အားလည်းပြော၊ သူကိုယ်တိုင်လည်း ပြေး၍ကပ်လိုက်သဖြင့် ကျွန်ုပ်လည်း သူ၏နောက်မှ ပြေး၍ လိုက်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် အပေါက်ငယ်တစ်ခုမှ မီးဖိုအတွင်းဆီသို့ ချောင်းကြည့်လိုက်ရာ ဆရာမ ဒေါ်ကျင်စိန်သည် အမျိုးသမီးအလောင်း ခွဲစိတ်ဖြတ်တောက်နေသည်ကို တွေ့ရတော့၏။

အမျိုးသမီးအလောင်းမှာ ဆရာမဒေါ်တင်ရီ၏အလောင်းဖြစ်ကြောင်း ကျွန်ုပ်တို့နှစ်ဦးစလုံး နားလည်လိုက်ပါသည်။ ကိုနှင်းမောင်သည် တံခါးကို အသာတွန်း၍ကြည့်ရာ မင်းတုပ်ချထားခြင်း မဟုတ်ဘဲ စေ့ရုံစေ့ထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရပါသည်။ ကျွန်ုပ်လည်း သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် တံခါးကိုဆောင့်၍တွန်းပြီး ဝင်လိုက်ပါသည်။ ကိုနှင်းမောင်က ဖမ်းဆွဲလိုက်သော်လည်း မမိဘဲ ကျွန်ုပ်၏ကိုယ်အတွင်းပိုင်းသည် အခန်းတွင်းသို့ ရောက်သွားတော့၏။ သို့သော် ကျွန်ုပ်၏မျက်လုံးထဲတွင် ဝင်းခနဲ ဖြစ်သွားပြီးနောက် မှောက်လျက် လဲကျသွားပြီး ကျွန်ုပ်လက်မှ သေနတ်လည်း ထွက်ကျသွားတော့မှပင် တံခါးအတွင်းဘက်မှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်အား ရိုက်လိုက်ကြောင်း သဘောပေါက်သွားပါသည်။ ကျွန်ုပ်သည် ပြန်ထရန် အားယူလိုက်သော်လည်း မုတ်ဆိတ်ဖားဖားနှင့် ခေါ်တောကုလားတစ်ယောက်သည် လက်တစ်ဖက်တွင် သံတုတ်၊ အခြားတစ်ဖက်တွင် ခြောက်လုံးပြူး ကိုင်လျက် ကျွန်ုပ်တို့နှစ်ဦးစလုံးအား ချိန်ထားပါသည်။

ထိုအချိန်တွင် ဆရာမ ဒေါ်ကျင်စိန်က ကျွန်ုပ် လွတ်ကျသွားသော သေနတ်ကို ကောက်ယူ၍ ကျွန်ုပ်တို့အား ထပ်မံချိန်ရွယ်လိုက်ပြန်သည်။

    “ဟဲ့.. သေနာကောင်နှစ်ကောင်၊ လက်မြှောက်ထား .. သေသွားမယ်၊ ဟိုနောက်က အကောင်.. ဝင်ခဲ့”

ဆရာမ ဒေါ်ကျင်စိန်၏အသံတွင် ဂရုဏာနှင့် တူသောအသံဟူ၍ သန်းခေါင်းမျှပင် ရှာ၍မတွေ့ရပါ။

ကျွန်ုပ်တို့နှစ်ဦးသည် များမကြာမီ၌ ခေါ်တောကုလား၏ကြိုးတုပ်ခြင်း ခံရလေတော့၏။

    “ဟေ့ကောင်.. ရာမန်၊ ငါတို့ ဒီကိုလာမယ်ဆိုတာ ငါတို့အထက်လူကြီးတွေကို ပြောလာခဲ့တာကွ၊ မနက်ကျလို့ ငါတို့ ပြန်မရောက်ရင် မင်းတို့အိမ်ကို လာဝိုင်းမှာပဲ”

ကိုနှင်းမောင်က ခေါ်တောကုလားအား နာမည်နှင့်တကွ သိခြင်းမှာ ကျွန်ုပ်အနေဖြင့် အံ့ဩခြင်း မရှိလှပါ။ သူသည် စုံစမ်းထောက်လှမ်းရာ၌ သေချာလှသူ မဟုတ်ပါလား။

    “မင်းတို့လူတွေ မနက်မှ လာမှာ၊ မင်းတို့က ဒီည သေမှာပဲ၊ သတ်ပြီးရင် ဒီကောင်မအလောင်းကို ဖျောက်သလို တစ်စစီဖြတ်ပြီး ပြာဖြစ်သွားအောင် လုပ်လိုက်ရင် အမှုဘယ်လိုလုပ်မလဲ စူဝက်တဲ့.. ”

    “ဦးအောင်သင်း.. ဒီကောင်ပြောတာ ဟုတ်သားပဲ၊ ကျုပ်တို့ကောင်တွေ မလာခင် လက်စဖျောက်လိုက်ရင် ရတာပဲ မဟုတ်လား”

အရေးထဲတွင် ကိုနှင်းမောင်ကပါ ခပ်တည်တည်နှင့် ခေါ်တောကုလား၏စကားကို ထောက်ခံပြောဆိုနေသည်ကို စဥ်းစား၍ မရနိုင်အောင် ရှိတော့၏။

    “ဟေ့ကောင်.. ရာမန်၊ ငါတို့လူတွေ မနက်ကျမှ လာဝိုင်းမှာ မဟုတ်ဘဲ အခုပဲ ဝိုင်းမယ်ဆိုရင်ကောကွာ..”

    “အခု ဝိုင်းမယ်ဆိုရင် ငါ သေရမယ့်အတူတူတော့ မင်းတို့နှစ်ကောင်ကိုလည်း အခုပဲ သတ်ပစ်မှာပေါ့ကွ ကွက်ထားရ”

    “ဦးအောင်သင်း.. ဒါလည်း ဟုတ်တာပဲဗျာ၊ ကျုပ်တို့ကတော့ သေမှာချည်းပဲ၊ ဒီတော့ဗျာ.. မသေခင် တခြားစိတ်မကူးပါနဲ့၊ ဆရာမ မကျင်စိန်ကိုပဲ တစိမ့်စိမ့်ကြည့်စမ်းပါဗျာ၊ ဘိုင်စကုတ်မင်းသမီး ခင်မြရင်ထက်တောင် သူက လှသေးတယ်ဗျ”

ကိုနှင်းမောင်သည် အန္တရာယ်နှင့် ကြုံနေသည်ကိုပင် သတိရခြင်း ရှိသေး၏လောဟု ကျွန်ုပ် သံသယဖြစ်မိတော့၏။ ဆရာမ မကျင်စိန်သည် ကိုနှင်းမောင်ကို မျက်စောင်းထိုးလိုက်၏။

    “ဦးအောင်သင်း.. မကျင်စိန်က ရုပ်ကတော့ ချောပါတယ်ဗျာ၊ သောက်ကျင့်ကတော့ လုံးလုံးကောင်းတဲ့ ကောင်မတော့ မဟုတ်ဘူး၊ ဒီခေါ်တောကုလားဟာ သူ့လင်ငယ်ပေါ့ဗျ”

ကိုနှင်းမောင်သည် မကျင်စိန်ကို ကြည့်၍ ပြောလိုက်ခြင်းဖြစ်ရာ မကျင်စိန်သည် မခံရပ်နိုင်အောင် ဒေါသဖြစ်လာပြီးနောက် ကိုနှင်းမောင်၏ပါးကို ဘယ်ပြန်ညာပြန် ရိုက်တော့၏။ စိတ်ကြိုက် ရိုက်နှက်ပြီးနောက် ရှက်လွန်းသဖြင့် ငိုယိုကာ အိမ်ထဲသို့ ဝင်ပြေးတော့၏။ ခေါ်တောကုလားမှာ အလောင်းကို ဖျက်နေရာမှ ထလာပြီးနောက် မအေနှမနှင့် ဆဲဆို၍ ကိုနှင်းမောင်၏ပါးကို တအားလွှဲ၍ ရိုက်လိုက်တော့၏။

သို့ရာတွင် နောက်တစ်ချက် မရိုက်နိုင်တော့ဘဲ သူရိုက်လိုက်သောလက်ကို ကျန်လက်တစ်ဖက်နှင့် ကိုင်၍ ခွေ၍လဲကျသွားတော့၏။

ကျွန်ုပ်သည် အဖြစ်အပျက်ကို နားမလည်နိုင်ဘဲ ရှိ၍ ကိုနှင်းမောင်အား မေးမည်ဟု ကြည့်လိုက်ရာ ကိုနှင်းမောင်၏ပါးစပ်တွင် ဖောင်တိန်အဖုံးတစ်ခုအား ကိုက်ထားသည်ကို တွေ့ရပါသည်။

ဖောင်တိန်အဖုံးအတွင်းဘက်မှ နီကယ်ရောင် ပြောင်လက်လက်အရာကလေးကိုလည်း မြင်လိုက်မိပါသည်။ အသေအချာကြည့်မှပင် ထိုပြောင်လက်လက်အရာမှာ ဆေးထိုးအပ် ဖြစ်ကြောင်း သိရ၏။

ခေါ်တောကုလားမှာ မပီမသ စကားတစ်ခွန်း နှစ်ခွန်းသာ ပြောပြီး အသက်ပျောက်သွားတော့၏။

ထိုအခါကျမှပင် ကိုနှင်းမောင်သည် ဖင်ရွှေ့ ဖင်ရွှေ့သွားကာ အလောင်းအနီးမှ ဓားအား ကြိုးတုပ်သည့်အတိုင်း နောက်ပြန်ကောက်၍ ကျွန်ုပ်၏လက်မှ ကြိုးများကို ကျောခိုင်းလျက်အနေအထားနှင့်ပင် ရအောင် ဖြတ်တောက်ပေးလိုက်လေသည်။

သူ၏လက်မှ ကြိုးများကို ကျွန်ုပ်က တဖန် ဖြတ်တောက်လိုက်ရာ နှစ်ဦးစလုံး ​လွတ်မြောက်ခြင်းသို့ ရောက်ကြပါတော့သည်။

ကျွန်ုပ်တို့သည် လွတ်မြောက်လျှင် မကျင်စိန်၏အိပ်ခန်းသို့ သွားရောက်၍ ဖမ်းဆီးလိုက်ပါတော့သည်။

ကျွန်ုပ်တို့ ဖမ်းစဥ်၌ မကျင်စိန်သည် အိပ်ရာထက်တွင် အလျားမှောက် အိပ်နေသည်ကို တွေ့ရ၏။ ကိုနှင်းမောင်၏ခြေသံကိုပင် ခေါ်တောကုလား ရာမန်၏ခြေသံ ထင်မှတ်ပြီး မော်၍ပင် မကြည့်ဘဲ ရှိသဖြင့် အခက်အခဲမရှိ ဖမ်းဆီးနိုင်ခဲ့ပါသည်။

ဖမ်းဆီးပြီးနောက် မကျင်စိန်အား ကြိုးနှင့်တုပ်ကာ ခေါ်တောကုလားအလောင်းဘေးတွင် ခေတ္တချထား၏။ ပြီးလျှင် ကိုနှင်းမောင်က …
“ဒီမှာ သူနာပြုဆရာမကြီးရဲ့.. ခင်ဗျား မတင်ရီကို ဒေါက်တာဖိုစတာနဲ့ မသင်္ကာလို့ အဆိပ်ခတ် သတ်ခဲ့တာမဟုတ်လား”

    “ဟုတ်တယ်”

    “ချက်ချင်း မသေဘဲ အိမ်အထိ ဣန္ဒြေမပျက် ပြန်ပြီးမှ သေတဲ့အဆိပ်ဟာ ဘာအဆိပ်လဲဗျ၊ တဆိတ်လောက် နာမည်လေး သိပါရစေ”

    “မပြောဘူး”

    “ကောင်းပြီ.. မပြောချင် နေပါ၊ ခင်ဗျား.. ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ရင် ခင်ဗျားရဲ့အရှက်နဲ့ ဂုဏ်သိက္ခာကို ကျုပ် ကာကွယ်ပေးမယ်၊ မလုပ်ရင်တော့ ဥပဒေအတိုင်းပဲ”

    “ဘာလုပ်ရမလဲ ပြော”

    “ဆရာမလေး မတင်ရီကို ခင်ဗျားက အဆိပ်ခတ်ပြီး သတ်တဲ့အကြောင်း ဆေးရုံမှာ ဒေါက်တာဖိုစတာက ရင်ခွဲတဲ့အခါ အဆိပ်မိပြီး သေမှန်း သိလျက်နဲ့ ဦးနှောက်သွေးကြော ပြတ်ပြီး သေတယ်လို့ ခင်ဗျားကို ကာကွယ်တဲ့အနေနဲ့ ဆေးစာ ရေးပေးခဲ့တဲ့အကြောင်းပေါ့ဗျာ၊ ဝန်ခံချက် ရေးပေးပါ”

    “အဲဒါ ရေးပေးရင် ကျွန်မအတွက် ဘာအခွင့်အရေး ရမလဲ”

    “ကျုပ် ပြောထားပြီးပါရောလား၊ ခင်ဗျားရဲ့အရှက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးမယ်လို့.. ”

    “ကောင်းပြီ၊ ရှင် ကတိတည်ပါစေနော်”

    “စိတ်ချပါ မကျင်စိန်၊ ခင်ဗျားဟာ ဗမာအမျိုးသမီး ဖြစ်နေတဲ့အတွက် ကျုပ်ဟာ ကာကွယ်ပေးဖို့ ဝတ္တရားလည်း ရှိပါတယ်ဗျာ”

ကိုနှင်းမောင်နှင့် မကျင်စိန်တို့မှာ နောက်ဆုံးအပေးအယူ တည့်သွားကြကာ မကျင်စိန်က ကိုနှင်းမောင် လိုချင်သော ဖြောင့်ချက်စာတစ်စောင်ကို ရေး၍ လက်မှတ်ထိုးပေးပါသည်။

မကျင်စိန်ထံမှ စာကို ကောင်းမွန်စွာ ခေါက်၍ အိတ်ထဲတွင် ထည့်ပြီးနောက် ကိုနှင်းမောင်က …
“ခင်ဗျား.. ကျုပ်ပါးကိုရိုက်လို့ ပြန်ပြီးလက်စားချေတယ်လို့ တော့ မထင်နဲ့၊ ခင်ဗျားကို မခံချင်အောင် ကျုပ်က ပြောလို့ ရိုက်ခဲ့တာပဲ၊ ကျုပ် စိတ်မဆိုးပါဘူး၊ ကဲ..ကဲ ဘုရား အာရုံပြုထား” ဟု ဆိုကာ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်ရာ ဆရာမ မကျင်စိန်သည် ခွေခွေလေးလဲကျ သတိလစ်သည့်အဖြစ်သို့ ရောက်သွားတော့သည်။

ကျွန်ုပ် ဘာမှ ဆက်၍မပြောတော့ပါ။ ကိုနှင်းမောင်သည် အခါခပ်သိမ်း တရားခံများကို ဖမ်းဆီးဖော်ထုတ်သည် မဟုတ်ပါ။ အချို့ လွှတ်ပေးသင့်သော တရားခံများအား သူသည် လွှတ်ပေးရုံမျှမက ပို၍ ပိပိရိရိ ရှိအောင်ပင် သူက လုပ်ပေးတတ်သေး၏။

    “ဒီအမှုမှာတော့ ခင်ဗျား မရှင်းလို့ မေးရန်အတွက် မရှိဘူး မှတ်တယ်” ဟု ကိုနှင်းမောင်က ကျွန်ုပ်အား အကဲစမ်းလိုက်ပါသည်။

    “ဟုတ်ပါတယ်၊ မေးစရာ မရှိပါဘူး၊ ဆရာမ မကျင်စိန်ကို မခံချင်အောင်.. ရှက်ပြီးဝင်သွားအောင်.. လုပ်လိုက်ပုံကလည်း ကျုပ် သဘောပေါက်ပါတယ်၊ ခွေးနှစ်ကောင်ကိုလည်း ခင်ဗျား ဒါနဲ့ ချလိုက်တာပဲ မဟုတ်လား” ဟု ကျွန်ုပ်က မေးလိုက်ရာ သူက ခေါင်းညိတ်၍ ဟုတ်ကြောင်း ဝန်ခံပါသည်။

    “တယ်ပြီး ပြင်းတဲ့အဆိပ်ပါလား၊ ဘာအဆိပ်လို့ ခေါ်လဲ”

    “လောကဓာတ်ပညာအခေါ်  (HCN) အရပ်ခေါ်  (ဆိုင်ရင်နိုက်) ဆိုတဲ့ အဆိပ်ပေါ့၊ သူ့ထက် ပြင်းတဲ့အဆိပ်ရှိတယ်လို့ ကျုပ် မကြားဖူးဘူး”

    “ဒါထက် ဆရာမ မကျင်စိန်ရဲ့ဖြောင့်ချက်စာကို ခင်ဗျား ဘာဆက်လုပ်မလို့ ယူထားတာလဲ”

စာတစ်စောင်ကို ကျွန်ုပ်အား ထုတ်၍ ပြသဖြင့် ဖတ်ကြည့်ရာ …
“မြန်မာအမျိုးသား ပုလိပ်မှ အင်္ဂလိပ်မျက်နှာဖြူ ဆရာဝန် ဖိုစတာသို့” ဟု ခေါင်းစီးတပ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတစ်စောင်ကို ဖတ်ရှုရ၏။

ထိုစာ၌ တိုင်းကြီးပြည်ကြီးသား ပီသခဲ့လျှင် ဆရာဝန်တစ်ဦး မလုပ်သင့်သည်ကို လုပ်ခဲ့သဖြင့် အလုပ်မှ ထွက်သွားသင့်ပါကြောင်း တိုက်တွန်းထားပါသည်။

ကိုနှင်းမောင်သည် ထိုစာကို စာတိုက်မှ ထည့်ပြီး များမကြာမီ၌ ထို ဆရာဝန်ကြီး အလုပ်မှ နုတ်ထွက်သွားကြောင်း စုံစမ်းသိရှိရတော့သတည်း။

ပုလိပ်မင်းကြီးအား အမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့အစီရင်ခံခဲ့ကြသည်ကို ဖော်ပြရန် မလိုတော့ပါ။ ထိုအချိန်က ပုလိပ်အရာရှိများသည် အနည်းနှင့်အများ အမျိုးသားစိတ်ရှိကြသည်ချည်း ဖြစ်ကြောင်းကို ပုလိပ်ဘက်၌ အမှုထမ်းဖူးမှ သာလျှင် သဘောပေါက်ပေလိမ့်မည်။

🙏 သဗေသတာ ကမသကာ 🙏
✍  မင်းသိင်္ခ

📒 ဆားပုလင်းနှင်းမောင် ဝတ္ထုတိုပေါင်းချုပ်