မြွေဘုရင်

မြင်မက်သည်။

အိပ်မက်ထဲမှ အကြောင်းအရာသည်
ချက်ချင်း မသိနိုင်။

ချက်ချင်းသိနိုင်မည် ဆိုလျှင်တောင်
နဖူးတွေ့ ဒူးတွေ့မတွေ့လိုပေ။

မတွေ့အောင် ကာကွယ်နိုင်စွမ်းလည်း မရှိ။

အိပ်မက်က နိုးလာချိန်မှာ ဇောချွေးများ
ပြန်နေသည်။

ချွေးများကို ပုဆိုးခါးပုံစဖြင့် သုတ်လိုက်သည်။

နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ဇနီးသည်ကိုလည်း
နှိုးမပြောရက်။ မိုးစင်စင်လင်းသည်အထိ
လုံးဝအိပ်မရတော့ပေ။

ထို့နေ့ညမှာပင် မရွှေဆယ်တစ်ယောက်လည်း
အိပ်မက်မြင်မက်သည်။

အိပ်မက်မှာ ကြောက်စရာကောင်းသော်လည်း
အိပ်မက်ထဲကအတိုင်း ဖြစ်လည်းဖြစ်ချင်
ဖြစ်လည်းမဖြစ်ချင် စိတ်ကလွန်ဆွဲနေသည်။

ထိုအိပ်မက်ကို ခင်ပွန်းသည်အား မပြောဖြစ်ဘဲ
နှုတ်ပိတ်နေလိုက်သည်။

ပြောလိုက်လျှင် မိမိကဲ့သို့ ထပ်တူခံစားရမည်စိုး၍ ဖြစ်သည်။

XXXXX

ဒေါ်ဖြူမဆိုသည်ကား ထိုရွာလေး၏ လက်သည် ဖြစ်သည်။

အဘွားအို ဆိုသော်လည်း အသက် ( ၆၀ ) စွန်းစွန်းသာရှိဖြစ်ပြီး
ကျန်းမာရေး ကောင်းမွန်သူ ဖြစ်သည်။

တစ်ရွာလုံး၏ ကလေးများသာမက အရှေ့ဘက်
အနောက်ဘက် တောင်ဘက်ရွာများမှ ကလေး
အားလုံးလိုလို ဒေါ်ဖြူမ မွေးပေးထားသည်ချည်းဖြစ်သည်။

ရွာလေးရွာ၏ လက်သည်ဟုလည်း အများက
ခေါ်ကြသည်။

တစ်ညမှာတော့ ဒေါ်ဖြူမ တစ်ယောက် ထူးဆန်း
ကြောက်လန့်ဖွယ် အိပ်မက်တစ်ခုကို မြင်မက်လေသည်။

ကာယကံရှင်များကို ပြန်ပြောမည်ဟု စိတ်ကူးသော်လည်း
ချင့်ချိန်နေရသည်။

နောက်ပြောမည်ဟု ဆုံးဖြတ်လိုက်ပြီး
၁၀ ရက်အကြာတွင် ပြောဖြစ်သည်။

ဒေါ်ဖြူမသည် ကိုတင်ဦးနှင့် မရွှေဆယ်တို့
အိမ်သို့ ရောက်လာသည်။

ထို့နောက် ဒေါ်ဖြူမက လွန်ခဲ့သည့်
၁၀ ရက်က မက်ခဲ့သည့် အိပ်မက်အကြောင်းကို
ပြောပြလိုက်သည်။

ကိုတင်ဦးတစ်ယောက် အတော်အံ့သြသွားသလို
မရွှေဆယ်လည်း ဘာပြောရမှန်း မသိအောင်
ဖြစ်သွားရသည်။

အကြောင်းမှာ သုံးယောက်စလုံး၏ အိပ်မက်မှာ
တူညီနေ၍ ဖြစ်သည်။

အိပ်မက်ထဲကအတိုင်း ဟုတ် /မဟုတ်
စောင့်ကြည့်ရန်သာ ရှိတော့သည်။

XXXXX

မရွှေဆယ်တစ်ယောက် မနက်စောစော အိပ်ရာထစဉ်မှာပင်
မျက်နှာသစ်ရင်း ပျို့အန်သည်။

မရွှေဆယ်တစ်ယောက် မနက်စောစော
အိပ်ရာထစဉ်မှာပင် ဖြစ်တတ်သည်မို့
နံနက်စာ စားလိုက်ရာ နှစ်လုတ်သာ စားရသေးသည်
ပျို့အန်လာသည်။

ကိုတင်ဦးကလည်း ဂုတ်ကြောဆွဲပေး။

နောက်ကျောနှိပ်ပေးလုပ်ရာ အနည်းငယ်သက်သာ
သွားသည်။

အိပ်ရာထဲ လှဲနေလိုက်သည်။

နာရီဝက်လောက်ကြာတော့ ပြန်အန်လာပြန်သည်။

အအေးမိ၍လား။ အစားမှား၍လား ထင်နေကြသည်။

ထိုစဉ် အိမ်နီးချင်းအမျိုးသမီးတစ်ဦး ရောက်လာပြီး

“ဒီလက္ခဏာကြည့်ရတာ ဟိုဟာ ထင်တယ်”

ဟု ပြောလာသည်။

ဒီတော့မှ ကိုတင်ဦးတစ်ယောက် ဒေါ်ဖြူမကို
အပြေးကလေးသွားပင့်သည်။

ဒေါ်ဖြူမက ကြည့်လိုက်တာနဲ့ ကိုယ်ဝန်ရှိနေတာကို
တန်းကနဲ သိသည်။

သေချာအောင် ထပ်မံ စမ်းသပ်ကြည့်သည်။

သေချာသည်။

“မောင်တင်ဦးရေ…ဝမ်းသာလိုက်တော့”

ဟု ဒေါ်ဖြူမက ပြောလိုက်သည်။

ဝမ်းသာစရာ ဖြစ်သော်လည်း သုံးဦးသား
မျက်နှာပျက်သွားကြသည်။

အနားမှာရှိနေသည့် အိမ်နီးချင်းအမျိုးသ္မီးကတော့
နားမလည်ဟန်ဖြင့် ပြန်သွားလေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်
အမျှ မရွှေဆယ်၏ ကိုယ်ဝန်မှာ နေ့စေ့ လစေ့
ဖြစ်လာသည်။

ဒေါ်ဖြူမသည် မြင်းခြံတွင် နေသည့်
ညီမအရင်းဆုံးသည်ကိုပင် မသွားနိုင်ပေ။

မရွှေဆယ် မီးဖွားဖို့က နေ့လား ညလား
ဖြစ်နေ၍ ဖြစ်သည်။

တူ/တူမတွေ၏ အငြိုအငြင် ခံကာ နေလိုက်သည်။

တစ်နေ့ …မရွှေဆယ် ဗိုက်နာတော်တော်ကြမ်းလာပြီ။

ဒီတစ်ခါတော့ ဒေါ်ဖြူမ တစ်ယောက် ကူညီမည့်သူ
တစ်ယောက်မှကို ခေါ်မထားပါ။

အ်ိမ်ရှေ့တွင် ဟိုလျှောက် ဒီလျှောက် လုပ်နေသည့်
ကိုတင်ဦးကို ဘယ်သူ့မှ အဝင်မခံရန် မှာထားသည်။

ဟော မွေးပြီ ။

သို့သော် ကလေး၏ ‘အူဝဲ အူဝဲ’အော်သံ မကြားရပေ။

မရွှေဆယ်မွေးဖွားလိုက်သည်မှာ ကလေးမဟုတ်ဘဲ
လက်သန်းအရွယ် မြွေကလေး တစ်ကောင်ဖြစ်သည်။

မြွေလေးသည် ဘယ်သူ့မှ ရန်မလုပ်သလို
အနီးရှိ ဗန်းထဲမှ အနှီးလေးပေါ်သွားကာ
ခွေခွေလေး အိပ်နေသည်။

နောက်ထပ် မွေးပြန်ပြီ

“အူဝဲ …အူဝဲ”

ဟူသော အော်သံက ကျွက်ကျွက်ညံသွားသည်။

ကိုတင်ဦး အနားရောက်လာပြီး

“ဘာလေးလဲ ”

ဟု မေးသည်။

ဒေါ်ဖြူမလည်း တိုးတိုးလေး ပြန်ဖြေသည်။

“ယောင်္ကျားလေး ” ဟု ပြောသည်။

နောက်ထပ် တိုးတိုးလေး မေးလိုက်သည်မှာ

“အိပ်မက်ကကော မှန်လား”

ဒေါ်ဖြူမလည်း တိုးတိုးလေး ပြန်ဖြေသည်။

“မှန်တယ်ဟဲ့ မှန်တယ်”

ဒေါ်ဖြူမ ကိုတင်ဦး မရွှေဆယ်တို့ သုံးဦး၏
အိပ်မက်သည် မျက်ဝါးထင်ထင် တွေ့မြင်ရသည်။

အိပ်မက်ထဲမှာ ကတိပေးထားသည့်အတိုင်း
ထိုမြွေလေးကို သတ်မပစ်ရက်ကြပေ။

မြွေနှင့် ကလေးသည် ဗန်းထဲတွင် အတူ အိပ်သည်။

ကလေးနို့တိုက်၍ တစ်ဖက်မှ သက်ကျသည့် နို့ရည်ကို
ခွက်ကလေးနှင့် ခံကာ မြွေလေးကို တိုက်သည်။

ကိုတင်ဦးသည် အမှန်တော့ မြွေကလေးအား
သိမ့်သိမ့်တုန်အောင် ကြောက်သော်လည်း
မကြောက်ဘဲ လက်ခံမိသည်ကို အကြောင်းပြု
“အောင်သိမ့်”ဟု အမည်ပေးပြီး ကလေးကိုတော့
“အောင်ခြိမ့်”ဟု အမည်ပေးလိုက်သည်။

ထိုအကြောင်းအရာလေးအား သူတို့သုံးဦးမှ လွဲ၍
မည်သူမျှ မသိခဲ့ပေ။

မြွေလေးသည် (၇)ရက်ပြည့်သည့်နေ့မှစ၍
သူ့ကတိအတိုင်း နေအိမ်မှ ထွက်ခွါသွားလေသည်။

ကိုတင်ဦးတို့ ဇနီးမောင်နှံမှာ နောက်ထပ်သားသမီး
မထွန်းကားတော့ပေ။

XXXXX

အောင်ခြိမ့်လေးသည် သူငယ်ချင်းများနှင့်
ကစားရာ

“တစ်ကောင်ကြွက်” ဟု အပြောခံရတိုင်း

“ငါက တစ်ကောင်ကြွက် မဟုတ်ဘူး။
ငါ့မှာ အစ်ကို ရှိတယ်။ရွာဦးဘုရားနားက
မြွေကြီးပဲ”

ဟု ပြောလေ့ရှိသည်။

ရွာဦးဘုရားနားတွင် မြွေကြီးတစ်ကောင်ကို
ဟိုလူကတွေ့ ဒီလူကတွေ့နှင့် ပြောနေသည့်အတွက်
ယုံရမလို မယုံရမလိုနှင့် ဖြစ်နေကြသည်။

အများအတွေးမှာတော့ ကလေးက
စိတ်အားငယ်ပြီး လျှောက်ပြောနေပဲဟု
ထင်မှတ်ကြသည်။

တစ်နေ့မှာတော့ အောင်ခြိမ့်သည် သူ့ကို
တစ်ကောင်ကြွက်ဟုပြောသည့် သူငယ်ချင်း
ငါးယောက်ကို သက်သေပြမည်။
လိုက်ခဲ့ဟု ပြောကာ ရွာဦးဘုရားနားသို့
ခေါ်သွားသည်။

ဘုရားနားရောက်တော့

“အစ်ကိုရေ …ဒီကောင်တွေ မယုံလို့
ယုံအောင် သက်သေပြပေးစမ်းပါ”

ဟု အောင်ခြိမ့်က ရေရွတ်လိုက်သည်။

ထိုစဉ် မြွေကြီးသည် ဘယ်ကနေထွက်လာသည်မသိ။

ကလေးတစ်သိုက်နား ရောက်လာပြီး
မျက်လုံးနီကြီးနှင့် စိုက်ကြည့်နေသည်။

ခေါင်းထောင်ထားသည့်မှာလည်း တကယ်
ပေါက်တော့မည့်ဟန်ဖြစ်နေသည်။

ကလေးတစ်သိုက်လည်း ဝရုန်းသုန်းကားနှင့်
ထွက်ပြေးကုန်ကြသည်။

မြွေကြီးသည်လည်း ထိုနေ့မှစ၍
နောက်ဘယ်သူမှမတွေ့တော့ပေ။

သူငယ်ချင်းများကလည်း အောင်ခြိမ့်ကို
တစ်ကောင်ကြွက်လို့ ဘယ်တော့မှ မခေါ်တော့။

တခြားသူများက အောင်ခြိမ့်ဟု ခေါ်နေသော်လည်း
သူငယ်ချင်း ငါးယောက်ကတော့ အောင်ခြိမ့်ကို
ယနေ့တိုင် “မြွေဘုရင်”လို့ ခေါ်နေဆဲ ဖြစ်ပါတော့သည်။

မူရင်းရေးသူ ဆရာ ထီလာကျော်

 

ပြီးပါပြီ

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ