ကျွန်းစောင့်ဘိုးကွန်း

မည့်သူများ၏ နေ့နံအမည်များကိုပြောပြီး ဤသို့ တိုင်တည်ဆုတောင်းပေးရ
သည်။
“ရေငန်တရိုး ပိုင်သစိုးပါတဲ့ အရှင်ကြီးတို့ခင်ဗျား…. ဘယ်နေ့ ဘယ်နံသားများ ပင်လယ်ထွက်တော့မှာမို့ အရှင်ကြီးကို လာရောက်ပူဇော် အသိပေးပါတယ်ခင်ဗျား…သားတို့ထွက်မည့် ခရီးစဉ်မှာ မကောင်းသော ဘေးဥပါဒ် အန္တရာယ်များ၊ အနှောင့်အယှက် အဖျက်အဆီး မှန်သမျှတို့ကို ဖယ်ရှားပေးသနားတော်မူပါ။  သားငါးများကို လိုသလောက် ပေးတော်မူပါခင်ဗျာ”

အစရှိသဖြင့် စီကာပတ်ကုံး ရွတ်ဆိုပူဇော်ပေးလေ့ရှိ သည်။ ကာယကံရှင်များကလည်း ထိုသို့ သူတို့ကိုယ်စား ရွတ်ဆို ပူဇော်ပေးသဖြင့် ကျေနပ်မှုရှိကြသည်။
ဤသို့ဖြင့်…ပင်လယ်ထွက်သူတိုင်း ငမန်းကျွန်းနတ်ကွန်းသို့ တက် ရောက်ပူဇော်ပသမှုမှာ အစဉ်အလာတစ်ရပ် ဖြစ်နေတော့သည်။

°°°

(၂) ရေအောက်မှ လူသတ်ကောင်

“မင်းတို့နာမည် ပြောကြ”
“ထွန်းခင်နဲ့ ဘိုးကျော်ပါ”
“ဘယ်နေရာကို ဘာသွားလုပ်ကြမှာလဲ”
“ဒီငမန်းကျွန်းမှာပဲ ပုလဲငုပ်ကြမလို့ပါ”

ထိုအခါ ဦးဘိုးကောင်းက…

“ဒီကျွန်းတဝိုက် အန္တရာယ်သိပ်များတယ်၊ တခြားသွား ငုပ်ကြပါလား”

ဟု အေးဆေးစွာပြောသည်။

“ရတယ် အဘ..ကျုပ်တို့က ပင်လယ်မှာမွေး၊ ပင်လယ် မှာကြီးလာတာဆိုတော့ ဒီလောက်အန္တရာယ်ကိုတော့ ရှောင်နိုင်တိမ်းနိုင်ပါတယ်၊ နောက်ပြီး ဒီကျွန်းတဝိုက်မှာပါ ပုလဲတွေ သိပ်ပေါတယ်လို့ သတင်းကြားလို့ပါ”

ထွန်းခင်က ဇွတ်ပြောသည်။

“အေးလေ…အဘက ဝတ္တရားရှိတဲ့အတိုင်း သတိပေး တာပါ၊ ကျန်တဲ့အပိုင်းကတော့ ကိုရင်တို့ရဲ့ သဘောပါပဲ၊ ကိုင်း… ဘေးဥပါဒ်အန္တရာယ်ကင်းပြီး ပုလဲများ လိုသလောက် ရှာဖွေရနိုင် ပါစေကွယ်”

ထွန်းခင်နှင့် ဘိုးကျော်တို့က ကျေနပ်စွာဖြင့် ဦးဘိုး ကောင်းအား ကန်တော့ပြီး ကမ်းစပ်သို့ ပြန်ဆင်းသွားကြသည်။ ဦးဘိုးကောင်းက နောက်ဖက်မှ ၎င်းတို့နှစ်ယောက်ကို လှမ်းကြည့် ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ကျန်ရစ်ခဲ့လေသည်။
၎င်းတို့နှစ်ယောက်မှာ ကမ်းစပ်သို့ရောက်သည်နှင့် လှေ ပေါ်သို့တက်ပြီး ငမန်းကျွန်း၏ ဗျိုက်တောကွေ့ ဘက်သို့ လှော် ခတ်လာခဲ့ကြသည်။ ထိုဗျိုက်တောကွေ့ မှာ ပင်လယ်ရေစီးကြောင်းနှင့်လွတ်ပြီး ကွေ့ထဲတွင် ရေပြန်ဝဲသဖွယ် ဖြစ်နေသော ကြောင့် ပင်လယ်ရေစီးအရှိန်ဖြင့် လိမ့်ပါလာသော ကမာကောင် များမှာ ထိုရေပြန်ဝဲနေရာသို့ ရောက်သောအခါ တင်ကျန်နေတတ် သဖြင့် ထိုနေရာတွင် ကမာကောင် အများအပြား တင်ကျန်နေခဲ့သည်။
ပုလဲငုပ်သူများမှာ ထိုအကြောင်းကို သိထားကြသော်လည်း လာရောက်ငုပ်သူတိုင်း အန္တရာယ်တစ်မျိုးမျိုးနှင့် ကြုံပြီး အသက်ဆုံးရှုံးတတ်သောကြောင့် တော်ရုံရေငုပ်သမားများ မလာဝံ့သောနေရာလည်းဖြစ်သည်။
ဗျိုက်တောကွေ့ သို့ ရောက်သောအခါ ထွန်းခင်နှင့် ဘိုး ကျော်တို့သည် လှေကို ကမ်းစပ်တွင်ရပ်ပြီးနောက် ရေထဲဆင်း ရန် ပြင်ကြသည်။ ။
နှစ်ယောက်သား အပေါ်အင်္ကျီမပါ၊ ဘောင်းဘီတိုကလေး များနှင့် ခါးတွင် ကမာကောင်ထည့်ရန် ပလိုင်း၊ အသွား ဆယ် လက်မခန့်ရှည်သော ဓါးမြှောင်ရှည်တစ်လက်စီ ပါကြလေသည်။
သူတို့တွင် ရေအောက်၌ကြည့်သော မျက်နှာဖုံးတစ်ခုသာ ရှိပြီး အသက်ရှူရန်ကိရိယာ မပါကြပေ။
သို့စေကာမူ အသက်ရှူကိရိယာ မပါသော်လည်း ရေ အောက်၌ မိနစ်ပေါင်းများစွာကြာအောင် နေနိုင်ကြသည်။အချို့နေရာများတွင် သောင်ပြင်များ ပေါ်နေပြီ။နေရောင်ထိသော သောင်မျက်နှာပြင်များမှာ ညိုညစ် သော အပျိုမပါးပြင်ပေါ် သနပ်ခါးလိမ်းထားသကဲ့သို့ ရှိသည်။
သောင်ပြင်တလျှောက် ငါးဖျံ၊ ဂဏန်းပေါက်ကလေးများ ပြေးလွှားလှုပ်ရှားလျက်ရှိသည်။
တောင်ပြန်လေကလေး တဖြူးဖြူး တိုက်ခတ်နေသော ကြောင့် ရေကျချိန် လေအပင့်နှင့် မျက်နှာချင်းဆိုင်တွေ့ပြီး ပင်လယ်ပြင်ပေါ်တွင် ငွေရောင်လှိုင်းကြက်ခွပ်ကလေးများ တဖျပ်ဖျပ် ထလျက်ရှိသည်။
ထွန်းခင်နှင့်ဘိုးကျော်တို့နှစ်ယောက်မှာ ရေထဲဆင်းကာ နီးတွင် ဆုတောင်းသမှုများ ပြုကြပြီးလျှင် ရေထဲသို့ အသီးသီး ခုန်ဆင်းလိုက်သည်။ ပင်လယ်ဆားငန်ရေနှင့် ထိလိုက်သောအခါ တစ်ကိုယ်လုံး ဖျဉ်းစပ်စပ် ဖြစ်သွားသည်။ ။
အပေါ်ယံ အေးသယောင် ထင်ရသော်လည်း ရေအောက် ရောက်သောအခါ နွေးနေသည်။ သို့သော်လည်း ပင်လယ်ကြမ်း ပြင်အောက် ရောက်သွားပြန်တော့လည်း ရေခဲတမျှ အေးနေပြန် သည်။ သူတို့နှစ်ဦးသည် ကူးခတ်လှုပ်ရှားသွားလာနေသဖြင့် အေးမှန်းပင် သတိမပြုနိုင်ကြပေ။
၎င်းတို့နှစ်ယောက် ပုလဲငုပ်နေသော ဗျိုက်တောကွေ့ နေရာမှာ ကမ်းစပ်တွင် သောင်နှင့်လဟာပြင်မရှိဘဲ ကမ်းစောက် တန်း ဖြစ်သည်။ ရေစူးနက်ပြီး ဝဲပြန်ဝဲကတော့များ ရှိသည်။
၎င်းနေရာမှာ ကမာကောင်များ ရှာဖွေရ အတွေ့များ သည်ဆိုသော်လည်း သားစားငမန်းများကလည်း အလွန်ပေါ သည်။ ငမန်းဟူသည် သွေးရနံ့မရမချင်း လူကို အကြောင်းမဲ့အန္တရာယ်ပေးလေ့ မရှိသောကြောင့် ရေအောက်ကြမ်းပြင်တွင် အေးအေးဆေးဆေး ကမာကောင် ရှာဖွေ၍ရသည်။
ပုလဲရှိသော ကမာကောင်မှာ ဂုံးခရုတစ်မျိုးဖြစ်ပြီး ပင် လယ်ရေစီးကြောင်းနှင့်အတူ တစ်နေရာမှတစ်နေရာ ရွေ့လျား သွားလာလေ့ရှိသည်။
ကျင်းချိုင့်ရှိသောနေရာ ရောက်သွားပါက ပြန်မတက် နိုင်တော့ဘဲ တစ်နေရာထဲတွင် ကမာကောင်များစွာ သွားရောက် စုနေတတ်သည်။ ထိုကျင်းမျိုးကို ပုလဲငုတ်သမားတို့ မှတ်ထား လေ့ရှိသည်။
ထိုနေရာမျိုးတွေ့ပါက တစ်ချီတည်းနှင့် ပွပေါက်တိုး တတ်ကြသည်။ သို့သော် ကမာကောင်တိုင်းတော့ ပုလဲအမြုတေ ရှိသည်တော့ မဟုတ်ပေ။ ကမာကောင်အများကြီး ရှာဖွေရသည့် တိုင် ပုလဲတစ်လုံးမှမရသည် ရှိသလို တစ်ခါတစ်ရံမှာလည်း ကံကောင်းထောက်မသဖြင့် ကမာကောင်တစ်ကောင်နှစ်ကောင် ရရုံနှင့် အဖိုးတန်ပုလဲကြီးများ ရတတ်ကြပေသည်။
ဗျိုက်တောကွေ့ ရေအောက်တွင် အေးအေးဆေးဆေး ပုလဲငုပ်နေကြသော ထွန်းခင်နှင့် ဘိုးကျော်တို့နှစ်ယောက်ဆီသို့ မမျှော်လင့်သော အန္တရာယ်တစ်ခု ရောက်လာတော့သည်။
ထိုကား အခြားမဟုတ်ပေ။ ရေအောက်တစ်နေရာမှ”ရွှီ ”ခနဲ အသံတစ်သံ ပေါ်ထွက်လာပြီးနောက် ထွန်းခင်၏ခြေထောက်တစ်ချောင်းမှာ ပေါင်လယ် လောက်မှ တိကနဲ ပြတ်ကျသွားလေတော့သည်။
“အား….”
မည်သည့်အရာဝတ္ထုမှ မတွေ့ရဘဲ ထွန်းခင်ခြေထောက် ပြတ်ကျသွားခြင်းမှာ ထူးဆန်းလှသည်။
ငြိမ်သက်နေသော ရေပြင်တဝိုက် သွေးနီရောင်များ လွှမ်းသွားတော့သည်။ ထိုအခြေအနေကပင် သူတို့နှစ်ယောက် အတွက် မကောင်းလှပေ။
ဘိုးကျော်က ထွန်းခင်အဖြစ်ကို သိလိုက်သောအခါ ၎င်း ကိုတွဲပြီး ရေပေါ်သို့ ချက်ချင်းပြန်တက်ရန် ကြိုးစားရှာသည်။
သို့သော် နောက်ကျသွားခဲ့ပေပြီ။
အဘယ်ကြောင့်ဆိုသော် သွေးနံ့ရသော ငမန်းများမှာ ထိုနေရာသို့ အလျင်အမြန် ရောက်လာကြသောကြောင့် ဖြစ်သည်။

°°°

(၃) သေဆုံးသူများနှင့် သဲလွန်စ

နောက်ရက်တွင် ထွန်းခင်နှင့်ဘိုးကျော်တို့ ပြန်ချိန်တန်၍ ပြန်မရောက်လာသဖြင့် ၎င်းတို့၏မိသားစုများက ရေယာဉ်ရုံးသို့ သော်လည်းကောင်း၊ ဧရာရဲစခန်းသို့ တိုင်ချက်ဖွင့် အကူအညီ တောင်းသဖြင့် ရဲစခန်းမှာ ယူဘီသင်္ဘောဖြင့် လိုက်လံရှာဖွေကြ သည်။
ထိုသို့ရှာဖွေရာတွင် ၎င်းတို့သည် ငမန်းကျွန်းမှ နတ်ကွန်း စောင့် ဦးဘိုးကောင်းထံသို့ ဦးစွာဝင်ရောက်စုံစမ်းကြသည်။

“အဘ..ဒီတစ်ရက်နှစ်ရက်အတွင်းမှာ လူနှစ်ယောက် များ ဒီကိုရောက်လာသလားလို့ပါ အဘ၊ သူတို့နာမည်တွေက ထွန်းခင်နဲ့ဘိုကျော်ပါ”

ဦးဘိုးကောင်းက အတန်ငယ် စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

“သူတို့ နတ်ကွန်းမှာ ပူဇော်ကြတော့ ဘယ်နေရာကိုသွား မယ်လို့ ပြောသွားသေးလဲ အဘ”

“ကျုပ်ကိုပြောသွားတာကတော့ ဗျိုက်တောကွေ့ဘက်မှာ ပုလဲငုပ်သွားမယ်လို့ ပြောသွားတာပဲ၊ ကျုပ်ကတောင် အန္တရာယ် များလို့ မသွားကြဖို့ တားလိုက်သေးတယ်၊ အခု ဘာဖြစ်လို့လဲ”

“အခု သူတို့ပြန်မလာလို့ စိတ်ပူပြီး လိုက်ရှာကြတာပါ။ ကျေးဇူးပဲ အဘ၊ ကျွန်တော်တို့ ဗျိုက်တောကွေ့ ဘက် လိုက်ရှာ ကြည့်လိုက်ဦးမယ်”

ဧရာရဲစခန်းမှူးက လူရွယ်တစ်ယောက်ဖြစ်သဖြင့် ရည် ရည်မွန်မွန် နှုတ်ဆက်ပြီး ဗျိုက်တောကွေ့ ဖက် ထွက်ခဲ့ကြသည်။
ဗျိုက်တောကွေ့တွင် ရေကျချိန် ဖြစ်သောကြောင့် သောင် ပြင်များ ပေါ်နေသည်။ ဗျိုက်တောကွေ့ ဟုသာ ဆိုရသော်လည်း နေရာအသိုင်းအဝိုင်းမှာ ကျယ်ဝန်းလှသဖြင့် ယူဘီစက်ကို လျှော့၍ တဖြည်းဖြည်း လိုက်လံရှာဖွေကြရသည်။ ။
ဗျိုက်တောကွေ့လွန်ပြီး ပင်လယ်ကမ်းစပ်တစ်နေရာသို့ ရောက်သောအခါ ကောင်းကင်ပြင်၌ လင်းတများ၊ တောကျီးကန်း များ ဝဲပျံနေသည်ကို တွေ့ရသဖြင့် ထိုနေရာဘက်သို့ ယူဘီကို မောင်းလာခဲ့သည်။
ထိုနေရာသို့ရောက်သောအခါ ကမ်းစပ်၌ တင်နေသော လူသေအလောင်းတစ်လောင်းကို တွေ့ရသဖြင့် ထိုနေရာသို့ ယူဘီကပ်ပြီးတက်ကြည့်ကြသောအခါ ထွန်းခင်၏အလောင်း ဖြစ်နေ သည်ကို တွေ့ကြရသည်။တစ်ကိုယ်လုံး ငမန်းကိုက်ထားသည့်ဒဏ်ရာများကို မြင် ရသဖြင့် ငမန်းကိုက်၍သေသည်ဟု ကောက်ချက်ချနိုင်သော် လည်း ၎င်း၏ခြေထောက်တစ်ချောင်းမှာ ပေါင်လယ်လောက်မှ တိတိရိရိပြတ်နေသည်ကို မြင်ရသောအခါ အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
အကယ်၍ ငမန်းကိုက်၍ ခြေထောက်ပြတ်သွားသည် ဟု ထင်စရာရှိသော်လည်း ယခု ခြေထောက်ပြတ်နေသည်က အသွား ထက်သောဓါးဖြင့် ခုတ်ဖြတ်ထားသည့်နှယ် တိတိရိရိ ပြတ်နေ ခြင်းဖြစ်သည်။
အားလုံးက သိထားကြသည်မှာ ထွန်းခင်သည် ပင်လယ် မှာမွေး၊ ပင်လယ်ပြင်မှာ ကြီးပြင်းခဲ့သူပီပီ ရေအောက်၌ လွန်စွာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ လူတစ်ယောက်ကို မဆိုထားနှင့်
တော်ရုံသတ္တဝါတစ်ကောင်လောက်ကိုပင် အလွယ်တကူ အနိုင်ယူ နိုင်သည်ဖြစ်ကြောင်း အားလုံးက သိထားကြ သည်။
ယခု ထွန်းခင်၏ခြေထောက်တစ်ချောင်းကို တိခနဲနေ အောင် ဖြတ်တောက်ပစ်နိုင်သောတရားခံမှာ မည်သို့သော တရားခံ မျိုးဖြစ်သည်လဲ။
ထွန်းခင်ကတော့ သူ၏ခြေထောက်တစ်ချောင်းကို ယခုကဲ့သို့ တိတိရိရိ ပြတ်သွားအောင် အလွယ်တကူ အဖြတ်ခံမည့် လူစားမျိုး မဟုတ်ပေ။
ထိုခြေထောက်တစ်ဖက် အဖြတ်ခံလိုက်ရသဖြင့် အ သက်မသေနိုင်သော်လည်း ထိုဒဏ်ရာကြောင့် ငမန်းများရောက် လာပြီး ဝိုင်းကိုက်သဖြင့် ယခုကဲ့သို့ ရုပ်ပျက်ဆင်းပျက် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။
၎င်းနှင့်အတူ ပါသွားသော ဘိုးကျော်ကတော့ အစအန မျှပင် ရှာမတွေ့တော့ပေ။
ဧရာရဲစခန်းမှူး ကိုမင်းနိုင်က လိုအပ်သော စစ်ဆေးမှု များ မှတ်တမ်းယူပြီး ကာယကံရှင်များ၏ဆန္ဒအရ ထွန်းခင် အလောင်းကို သောင်ပြင်မှာပင် မြေမြှုပ်သဂြိုဟ်လိုက်ကြသည်။

°°°

(၄) ငါးမန်းကျွန်းနှင့်အန္တရာယ်

ဧရာရွာသည် ရွာဟုသာဆိုရသော်လည်း မြို့ငယ်တမျှ စည်ကားသောနေရာဖြစ်သည်။ ဧရာဝတီတိုင်း၏တောင်ဖက်စွန်း ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး မော်ကျွန်း၊ ဘိုကလေး အစရှိ သောမြို့များနှင့် ဆက်သွယ်သွားလာ၍ လွယ်ကူသည်။
ထို့ပြင် ကဒုံကနိရွာနှင့် ရေလမ်းမှသော်လည်းကောင်း၊ ကုန်းလမ်းခရီးမှသော်လည်းကောင်း အလွယ်တကူ သွားလာနိုင် ကြသည်။ တောင်ယာစိုက်သူများ၊ အုန်းခြံစိုက်သူများ ရှိကြပြီး အများအားဖြင့်တော့ ဧရာရွာ၌ ရေလုပ်ငန်းဖြင့် အသက်မွေးသူ များသည် ဧရာချောင်းတွင်းပိုင်းတလျှောက် ကမ်းစပ်တွင် ငါးစင် ရေစင်များစွာတို့ ရှိသည်။
ငွေကြေးကြွယ်ဝသူများက ငါးဖမ်းစက်လှေထောင်ခြင်း၊  စန္ဒားထောင်ခြင်း စသော ကြီးကျယ်သည့်လုပ်ငန်းများ လုပ်ကြပြီးအလတ်တန်းစားများက ဂါးထောင်ခြင်း၊ ပိုက်ထောင်ခြင်းများ လုပ်ကြသည်။ လက်လုပ်လက်စားသမားများကတော့ ဂဏန်း ထောင်၊ ကွန်ပစ်၊ မြှားထောင်၊ ချောင်းပိတ်၊ ဘဝင်းပိတ် အစရှိ သော အောက်ခြေသိမ်းအလုပ်များလုပ်ကိုင်၍ အသက်မွေးကြ သည်။
ချောင်းတွင်းပိုင်းလောက်မှာတော့ မီးသွေးဖုတ်သော မီးသွေးဖိုပိုင်ရှင်များ ရှိသော်လည်း သိပ်မများလှပေ။ကိုယ်ပိုင်အရင်းအနှီး မရှိကြသူများကတော့ အလုပ်ရှင် များထံတွင် နေ့စား၊ လစား ဝင်ရောက်လုပ်ကိုင်ကြရသည်။
သို့ကြောင့်….. ။
ဧရာရွာ၌ မှီတင်းနေထိုင်ကြသူများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ နေခြင်းဖြစ်၏။
ထိုရွာတွင် ရေလုပ်ငန်းနှင့်ပတ်သက်၍ အကြီးကျယ်ဆုံး လုပ်ကိုင်နေသူတစ်ဦးကို ပြပါဆိုလျှင် ဦးကျော်ဇံကို ပြရပေမည်။
ဦးကျော်ဇံသည် လူမျိုးကွဲတစ်ဦးဖြစ်ပြီး စီးပွားရေးလာဘ် မြင်သူတစ်ဦးဖြစ်သည်။
ဧရာချောင်းပိုင်းတွင် တိုက်ခံနှစ်ထပ်အိမ်ကြီး ဟီးနေ အောင် ဆောက်ထားပြီး ကမ်းစပ်တလျှောက်မှာလည်း ၎င်း၏ ရေစင် ငါးစင်များစွာတို့ ရှိပေသည်။
ဦးကျော်ဇံ၌ ပင်လယ်ထွက်သော စက်လှေသုံးစီးရှိပြီးအခြားလုပ်ငန်းခွဲများဖြစ်သော စန္ဒားလုပ်ငန်း၊ ပုလဲလုပ်ငန်းများစွာ လည်း ရှိသည်။ ဧရာရွာတွင် ဦးကျော်ဇံကဲ့သို့ ရေလုပ်ငန်းလုပ် သူများ ရှိကြသော်လည်း သူ့ကိုယှဉ်နိုင်မည့်သူ မရှိပေ။

အကယ်၍ ၎င်းကို ယှဉ်ပြိုင်အံတုလာပါကလည်း ဦးကျော်ဇံ၏ စီးပွားရေး ပရိယာယ်နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ဖယ်ရှားလေ့ရှိသဖြင့် စီးပွားရေး နလံမထူအောင် ဖြစ်သွားတတ်သည်။ယခုတလော ရန်ကုန်မှကုန်သည်ကြီးများ ဆင်းလာပြီး ပုလဲများကို ဈေးကောင်းပေး၍ ဝယ်ယူနေကြသည်။ သို့ကြောင့် ရေလုပ်ငန်းရှင်များမှာ အခြားကုန်ပစ္စည်းထက် ပုလဲရရှိရန် သဲကြီး မဲကြီး ကြိုးစားနေကြသည်။
သို့စေကာမူ..
အခြားအလုပ်သမားများမှာ ဦးကျော်ဇံ၏အလုပ်သမား များကို မမီကြပေ။
အပြောကျယ်ဝန်းလှသော ပင်လယ်ပြင်၌ မိမိကြိုက် နှစ်သက်သောနေရာတွင် ရွေးချယ်လုပ်ကိုင်နိုင်ကြသော်လည်း အခြားအလုပ်သမားများမှာ အနှောင့်အယှက်အမျိုးမျိုးနှင့် ကြုံ တွေ့ရပြီး ပစ္စည်းများဖြစ်လောက်အောင် ရသည်မရှိကြပေ။
ပြောစရာတစ်ခု ရှိသည်တော့ အခြားသူများ ပစ္စည်းမရ ကြသော်လည်း ဦးကျော်ဇံသာ၏ အလုပ်သမားများကတော့ ပစ္စည်းများ ဖြစ်လောက်အောင် ရနေကြခြင်းဖြစ်သည်။

အချို့ ကတော့ မိမိတို့လုပ်ငန်းခွင်၌ အနှောင့်အယှက်များ ကြုံတွေ့နေရခြင်းမှာ ဦးကျော်ဇံ၏ ပယောဂ မကင်းဟု သံသယ ရှိကြသည်။ သို့သော် လက်ဆုပ်လက်ကိုင် မပြနိုင်ကြသဖြင့် ဘယ် လိုမှ စွပ်စွဲ၍မရပေ။
ထူးခြားသည်က ငမန်းကျွန်းတဝိုက်တွင် ရေပိုးရေမွှား ရှာသူများ၊ ငါးပုစွန် ရှာဖွေသူများ၊ ပုလဲငုပ်သူများ အန္တရာယ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံနေရခြင်းဖြစ်သည်။
အချို့ဆိုလျှင် ထွန်းခင်သေသကဲ့သို့ ခြေပြတ်၊ လက် ပြတ်၊ ခေါင်းပြတ်၊ ကိုယ်တစ်ပိုင်းပြတ်ကာ မရှုမလှ သေဆုံးကြရ သည်။ တရားခံကို ရှာမတွေ့ကြပေ။
အချို့အယူသည်းသူများကတော့ ကျွန်းနားတွင် ရေပိုး ရေမွှား ရှာဖွေတာ မကြိုက်သဖြင့် ကျွန်းစောင့်နတ်က သတ်ပစ် နေသည်ဟု ထင်နေကြသည်။
ပုလဲဈေးကောင်းသဖြင့် ထွန်းခင်နှင့်ဘိုးကျော်တို့နောက် တွင် ပုလဲသွားငုပ်သူများမှာလည်း ၎င်းတို့ကဲ့သို့ပင် ကိုယ် အပိုင်း ပိုင်းပြတ်ကာ ငမန်းကိုက်ခံရပြီးနောက် ပြန်လမ်းမရှိသောဘဝသို့ ရောက်သွားခဲ့ကြသည်။

°°°

(၅) ဦးဗန်ကောင်းနှင့် တွေ့ရခြင်း

“ဖြစ်မယ်မထင်ပါဘူး ငါ့တူရယ်..၊ မင်းကြည့်ရတာ ပင်လယ်အတွေ့အကြုံလည်း သိပ်ရှိပုံမရပါဘူး၊ ပင်လယ်အလုပ် ဆိုတာ မလွယ်ဘူးကွယ့်…အပင်ပန်းခံနိုင်မှ၊ အသက် စွန့်ပြီးလုပ် နိုင်မှ ဖြစ်တာ”

ဦးဗန်ကောင်းက သူ့ရှေ့တွင်ထိုင်နေသော လူရွယ်၏ အမူအယာကိုကြည့်ပြီး ထိုသို့ စကားဆိုလိုက်ခြင်းဖြစ်သည်။

“ဖြစ်ပါတယ် အဘ၊ ကျွန်တော် မြိတ်ထားဝယ်ဘက်မှာ လည်း နေခဲ့ဖူးတယ်၊ ဆလုံကျွန်းတွေမှာလည်း နှစ်အတော်ကြာ ကြာ ပုလဲငုပ်ခဲ့ဖူးပါတယ်၊ ဒီဖက်မှာ အလုပ်သိပ်ကောင်းတယ် ကြားလို့ ဆင်းလာပြီးလုပ်ကြည့်တာပါ၊ ကျွန်တော့်အတွက် မပူ ပါနဲ့၊ ကျွန်တော့်ကို ခိုင်းကြည့်ပါဦး…အဘ စိတ်တိုင်းမကျရင် ဆက်မခိုင်းပါနဲ့”

လူရွယ်က တောင်းတောင်းပန်ပန်ပြောနေသဖြင့် ဦးဗန် ကောင်းက ဆေးတံအတွင်းမှာ ဆေးများကို ခြစ်ထုတ်လိုက် သည်။ ပြီးမှ ဆေးမှုန့်အသစ် ထပ်ထည့်ကာ မီးညှိ၍ တစ်စွာ နှစ်ဖွာ ဖွားသည်။ ထို့နောက် လူရွယ်ကို အကဲခတ်သလို ကြည့်ကာ စဉ်းစားနေသည်။ လူရွယ်မှာ အသက်နှစ်ဆယ်ကျော်ခန့်အရွယ် ရှိပြီး အရပ်အမောင်းမြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်သန် စွမ်းသူဖြစ်သည်။ အသားမှာ အညိုရောင်သမ်းနေပြီး တုံးတိုက် တိုက် ကမ်းတိုက်တိုက် အကြမ်းပတမ်း လုပ်နိုင်ဟန်ရှိသည်။
ယခုအခါ မိမိတို့ ပင်လယ်အလုပ်တွင် လူကြမ်းအလုပ် သမားများ လိုအပ်နေချိန်ဖြစ်သဖြင့် ထိုလူရွယ်ကို လက်ခံမည် ဆိုပါက လက်ခံနိုင်ပေသည်။ မိမိက လက်ခံမည်ဆိုလျှင် အလုပ် ရှင် ဦးဘိုမြင့်ကလည်း ငြင်းလိမ့်မည်မဟုတ်ပေ။
ဦးဘိုမြင့်မှာ ဧရာရွာမှာ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဦးဗန်ကောင်းက ၎င်းထံတွင် အလုပ်သမားများကို စီမံအုပ်ချုပ်ရ သော လူယုံတော်တစ်ဦးဖြစ်သည်။
အလုပ်သမားများကို ဦးဗန်ကောင်းစိတ်ကြိုက် ရွေးချယ် ပိုင်ခွင့်ရှိသည်။ ဦးဗန်ကောင်းက ဆေးတံသောက်ရင်း အတန်ကြာ အောင် စဉ်းစားနေပြီးမှ နောက်ဖက် မလှမ်းမကမ်းတွင်ထိုင်နေ သော သမီးဖြစ်သူ နှင်းရီကို လှမ်းမေးသည်။

“ဘယ်နှယ့်လဲ သမီး၊ သူ့ကို အလုပ်သွင်းပေးလိုက်မ
လား”
“စမ်းကြည့်လိုက်ပေါ့ အဖေ၊ သူ့ကြည့်ရတာ ပြောတဲ့ အတိုင်း လုပ်နိုင်မယ်လို့တော့ ထင်ရတာပဲ၊ ခိုင်းကြည့်လို့ အဆင် မပြေတော့လည်း ပြန်လွှတ်လိုက်တာပေါ့ ”
“အင်း…..ကောင်းသားပဲ၊ ဒါထက် မင်းနာမည်က ဘယ်သူ
“နီမောင်ပါ…”
“ပင်လယ်အလုပ် လုပ်မယ်ဆိုတော့ ဘယ်လိုအလုပ်မျိုး တွေကို ပိုပြီးစိတ်ဝင်စားသလဲ”
“ကျွန်တော် ပုလဲငုပ်တာကို ပိုပြီးစိတ်ဝင်စားပါတယ်”
“ရေငုပ်ကိရိယာမပါဘဲ ရေအောက်မှာ ဘယ်လောက် ကြာအောင် နေနိုင်သလဲ”
“တစ်နာရီလောက်ကြာအောင် နေနိုင်ပါတယ်၊ လိုအပ် ရင်လည်း ဒီထက်ပိုပြီး နေမယ်ဆိုရင်လည်း နေနိုင်ပါတယ် အဘ”

ဦးဗန်ကောင်းက လူရွယ်အား မယုံသလို တစ်ချက်ကြည့် ပြီး ပခုံးတစ်ချက်တွန့်ပြလိုက်သည်။

“ကောင်းပြီလေ..မောင်ရင့်ကို ကျုပ်တို့ဆီမှာ အလုပ်သွင်း ပေးလိုက်မယ်၊ မောင်ရင့်အတွက် နေဖို့ထိုင်ဖို့လည်း စီစဉ်ပေးမယ်၊ ကိုင်း…လာ…သူဌေးဆီ သွားကြရအောင်”

ထိုသို့ နီမောင်အား အလုပ်သွင်းပေးပြီးနောက် ၎င်း

ပြောသည့်အတိုင်း ပုလဲငုပ်သောလုပ်ငန်းများတွင် စေခိုင်းကြည့် ရာ အဆင်ပြေအောင်မြင်သည်ကို တွေ့ရသည်။ သို့ကြောင့် အလုပ် သွင်းပေးသော ဦးဗန်ကောင်းသာမက အလုပ်ရှင် ဦးဘိုမြင့်ကပါ သဘောကျသည်။
နီမောင်ကလည်း လူရွယ်လူငယ်ပီပီ မိမိကိုပေးသော တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပေးသည်။
“အဘ….ကျွန်တော်က ဒီနယ်ဘက် သိပ်မကျွမ်းကျင်တော့ ပုလဲများများ ရနိုင်မယ့်နေရာတွေကို ပြောပြစမ်းပါ”

ဦးဗန်ကောင်းက နီမောင်အား ပုလဲများစွာ ငုပ်၍ရနိုင် သောနေရာများကို ပြောပြသည်။ ထိုနေရာများထဲတွင် ငမန်းကျွန်း ဗျိုက်တောကွေ့ နေရာလည်း ပါဝင်သည်။

“ဗျိုက်တောကွေ့ဆိုတာ ဘယ်နေရာမှာလဲ အဘ၊ ကျွန် တော်တို့ တစ်ခါမှမရောက်ဖူးဘူးထင်တယ်”

ဦးဗန်ကောင်း ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်… အဲဒီနေရာက အန္တရာယ်သိပ်များလို့ တမင်  မပြောဘဲ ထားခဲ့တာပဲ”
“ဘယ်လိုအန္တရာယ်များတာလဲ၊ ပြောပြပါဦး အဘ”

ဦးဗန်ကောင်းက ဗျိုက်တောကွေ့နှင့် ပတ်သက်သော အန္တရာယ်များအကြောင်းကို ပြောပြလေသည်။

“အဘပြောသလိုဆို အဲဒီနေရာကို တခြားသူတွေ မလာဝံ့အောင် တစ်စုံတစ်ယောက်ကများ ဖန်တီးနေတာရော မဖြစ်နိုင် ဘူးလား အဘ”
“အင်း…မဖြစ်နိုင်ဘူး ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ အခုအထိ သဲလွန်စလည်း ဘာမှမတွေ့၊ တရားခံကိုလည်း ရှာ မတွေ့သေးဘူးကွယ့်”
ထိုအခါ နီမောင်က အတန်ကြာအောင် စဉ်းစားနေပြီးမှ…
“ဒီလိုလုပ်ပါလားအဘ၊ ကျွန်တော်တို့ ဒီတစ်ခါ ပင်လယ် ထွက်ရင် ငမန်းကျွန်းဘက်သွားပြီး ပုလဲငုပ်ကြရင် မကောင်းဘူး
လား”
ဟု စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ “ဖြစ်ပါ့မလား မောင်နီမောင်ရယ်၊ အဲဒီနေရာက ပုလဲ တော့ ရချင်ရမယ်၊ ဒါပေမယ့် အန္တရာယ်အလွန်များတယ်ကွယ့်”
“ကျွန်တော်က အဲဒီလိုနေရာမျိုးမှ စွန့်စွန့်စားစား လုပ် ကြည့်ချင်တာ၊ အန္တရာယ် မဖြစ်အောင်ကိုတော့ ဒီလိုပဲ သတိနဲ့ ရှောင်ရမှာပေါ့”

ဦးဗန်ကောင်းကလည်း ခေသူမဟုတ်ပေ။
အဖော်ကောင်းရင် ငရဲအထိလိုက်ပြီး စွန့်စားဝံ့သူမျိုး ဖြစ်ရာ ယခု နီမောင်က စိတ်အားထက်သန်စွာဖြင့် ပြောနေသော အခါ လူပြောများလှသော ဗျိုက်တောကွေ့သို့ တစ်ခေါက်လောက် သွားချင်စိတ် ပေါ်လာမိသည်။
“မင်း စိတ်အားထက်သန်နေရင်လည်း သွားချင်လည်း သွားကြတာပေါ့၊ ဒါပေမယ့် မင်းတစ်ယောက်တည်းတော့ မသွား နဲ့၊ သွားရင် သုံးယောက်သွားကြမယ်၊ မင်းရယ်..ငါရယ်..ငမဲ အောင်ရယ် သွားကြမယ်”
ထိုစကားကြားသောအခါ ဦးဗန်ကောင်း၏သမီး မနှင်းရီ က စိုးရိမ်စွာဖြင့် တားသည်။
“အို…အဘလိုက်သွားလို့ ဖြစ်ပါ့မလား၊ အဲဒီနေရာက လူပြောသိပ်များတာပဲ..တော်ကြာ”
“ရပါတယ် သမီးရယ်… အဘက လှေပေါ်က စီစဉ်ပေး တော့ ရေအောက်ဆင်းမယ့်လူတွေ ပိုပြီးအဆင်ပြေတာပေါ့…။ နောက်ပြီး ဒီနေရာအကြောင်းကိုလည်း အဘသိချင်နေလို့ပါ”
ဤသို့ဖြင့် ဗျိုက်တောကွေ့သို့ ပုလဲငုပ်သွားရန် အစီအစဉ် များကို ကြိုတင်၍ ပြုလုပ်ကြလေသည်။

°°°

(၆) နီမောင်၏အကြံအစည်

ငမန်းကျွန်းပေါ်သို့ နီမောင့်အနေဖြင့် ပထမဦးစွာ စတင် ရောက်ဖူးခြင်းဖြစ်သည်။ ကျွန်းပေါ်မတက်ခင်ကတည်းက ကျွန်း ၏အခြေအနေကိုသော်လည်းကောင်း၊ ကျွန်းပေါ်ရောက်သွား
သောအခါတွင်လည်း ကျွန်းပေါ်မှ အနေအထားများကို စိတ်ထဲမှာ မှတ်ထားနေသည်။
နတ်ကွန်းတွင် ထုံးစံမပျက် ပူဇော်ပသသောအခါ နတ် ကွန်းစောင့် ဦးဘိုးကောင်းကို သထိထား၍ကြည့်သည်။
မသင်္ကာစရာ မတွေ့ရပေ။
သူတို့သုံးယောက် ဗျိုက်တောကွေ့ သို့ ရောက်သောအခါ ရေထဲဆင်းကာနီးတွင် နီမောင်က ဦးဗန်ကောင်းနှင့် ငမဲအောင် တို့ကို ၎င်း၏အစီအစဉ်များကို ပြောပြသည်။
ဦးဗန်ကောင်းက လှေပေါ်မှစောင့်ပြီး နီမောင်နှင့် ငမဲ

အောင်တို့က ရေထဲသို့ ဆင်းကြမည်ဖြစ်သည်။
နီမောင်က ငမဲအောင်အား ရေထဲရောက်လျှင် သွားလာ လှုပ်ရှားရမည့် အစီအစဉ်ကို အသေအချာမှာပြီး ရေအောက်သို့ ဆင်းခဲ့ကြသည်။ ဗျိုက်တောကွေ့ မှာ အများအားဖြင့် ရေစီး ရေသန်၊ ရေကြောများမရှိဘဲ ဝဲပြန်ဝဲကတော့ ရေငြိမ်သည့်နေရာ များသာ ရှိသဖြင့် ရေအောက်သို့ဆင်းရတာ မြန်သည်။
သူတို့တွင် ရေအောက်ကြည့် မျက်နှာဖုံး၊ ပလိုင်း၊ ဓါး တစ်လက်စီသာပါပြီး နီမောင်ကျောတွင် ပေါင်လုံးခန့်ကြီး၍… တစ်လံခန့်ရှည်သော လမုဖာတစ်လုံးကို အပိုဆောင်သွားသည်။
ဘယ်အတွက် ဆောင်သွားသည်ကိုတော့ ပြောမပြပေ။ နီမောင်နှင့် ငမဲအောင်မှာ ရေအောက်ကြမ်းပြင်သို့ ရောက်သော အခါ အခြားသူများကဲ့သို့ ကိုယ်ကို မတ်မတ်မလှုပ်ရှားဘဲ ပင်လယ်
အောက်မြေပြင်တွင် အလျားမှောက်ကပ်ပြီး သွားလာလှုပ်ရှား၍ ကမာကောင် ရှာဖွေကြသည်။
နီမောင့်ကျော၌ လမုဖော့ကို ကြိုးဖြင့်ချည်၍ ထောင် ထားသည်။ ဖော့လုံးက ရေပေါ်တွင်ပေါ်နေရာ တစ်ဖက်မှ ကြိုးဖြင့် ဆိုင်းထားသောကြောင့် လူတစ်ယောက်ရပ်နေသကဲ့သို့ မတ်မတ် ထောင်နေသည်။
ဗျိုက်တောကွေ့မှာ အများပြောသကဲ့သို့ ကမာကောင် အများအပြား ရှာဖွေတွေ့လေသည်။ အခြားရေလုပ်သားများ
လာရောက်မရှာဖွေဝံ့သဖြင့် ယခုကဲ့သို့ အများအပြား ရှိနေခြင်း လည်း ဖြစ်တန်ရာသည်။ ။
သို့ကြောင့် သူတို့နှစ်ယောက်မှာ အချိန်အနည်းငယ် အတွင်းမှာ ကမာကောင် အများအပြား ရှာဖွေရကြသည်။
ထိုသို့ရှိနေစဉ် ရေအောက်တစ်နေရာမှ ရွီးခနဲ မြည်သံ တစ်ချက်ထွက်ပေါ်လာပြီး နီမောင်ကျောပေါ်တွင် ထောင်နေသော ဖော့လုံးမှာ ထက်ပိုင်းပြတ်သွားပြီး ရေပေါ်သို့ တက်သွားလေ တော့သည်။ နီမောင်သည် မိမိထင်သည့်အတိုင်း ဖြစ်လာသော
ကြောင့် ကျေနပ်စွာဖြင့် အခြေအနေကို ခေတ္တစောင့်ကြည့်သော် လည်း နောက်ထပ်အခြေအနေ ဘာမှမထူးတော့သဖြင့် ငမဲအောင် ကို အချက်ပေးပြီး ရေပေါ် ပြန်တက်ခဲ့ကြသည်။
သူတို့နှစ်ယောက် ကမာကောင်များစွာဖြင့် ရေပေါ် ပြန် တက်လာသည်ကို ကြည့်ပြီး ဦးဗန်ကောင်းက တအံ့တသြ ဖြစ် နေတော့သည်။
“မင်းတို့နှစ်ယောက် ရေအောက်မှာ ဘာထူးခြားတာမှ မတွေ့ခဲ့ဘူးလား”
“တွေ့ခဲ့ပါတယ်” “ဘယ်လိုတွေ့ခဲ့တာလဲ…ပြောပါဦး”
နီမောင်က အကြောင်းစုံ ပြောပြပြီး သူ့ကျောမှ ထက် ပိုင်းပြတ်နေသော ဖော့လုံးကို ပြလိုက်သည်။ ဖော့လုံးမှာ ဓါး ထက်ထက်ဖြင့် ခုတ်ဖြတ်ထားသလို အလယ်မှ တိတိရိရိ ပြတ်နေ ခြင်းဖြစ်သည်။
“ဒါ ဘယ်လိုဖြစ်တာလဲဟင်၊ တစ်ယောက်ယောက်က များ ဓါးနဲ့ဝင်ခုတ်တာလားဟင်”
“ဓါးနဲ့ခုတ်တာထက် ပိုဆိုးတာပေါ့၊ ဒီဖော့လုံးတောင် အလယ်က တိခနဲ ပြတ်သွားတာဆိုတော့ လူဆိုရင်လည်း ထိလိုက် ရင် ထက်ပိုင်းပြတ်သွားမှာပါပဲ”
ဦးဗန်ကောင်းက တအံ့တသြ အမူအယာဖြင့်..
“တယ်လည်းကြောက်စရာကောင်းပါလား၊ ဘယ်လို လက်နက်မျိုးလဲ မောင်နီမောင်”
ဟု မေးလိုက်သည်။
“ကျွန်တော်စုံစမ်းကြည့်ပါဦးမယ်၊ တကယ်လို့ ကျွန်တော် ထင်တဲ့အတိုင်း မှန်မယ်ဆိုရင်တော့ မကြာခင်မှာ လူသတ်တရားခံ ကို ဖော်ထုတ်နိုင်လိမ့်မယ် ထင်ပါတယ်”
သူတို့လှေကလေး ဗျိုက်တောကွေ့မှ ပြန်ထွက်ခဲ့စဉ် ပင်လယ်ပြင်တစ်နေရာမှ စောင့်ကြည့်နေသော လူသတ်ကောင် မှာ မကျေမနပ်ဖြင့် ကျန်ရစ်ခဲ့လေတော့သည်။

°°°

(၇) ရေအောက်မှအန္တရာယ်

ဗျိုက်တောကွေ့၌ နီမောင်တို့ ပုလဲငုပ်ပြီး ပြန်လာရာ ကမာကောင်အများအပြား ရလာခဲ့သည်ဆိုသောသတင်းက ဧရာ ရွာ၌ တောမီးလောင်သည့်နှယ် ပြန့်နှံ့သွားလေသည်။
အချို့က အံ့သြကြသည်။ အချို့ကလည်း သိပ်မယုံချင်ကြ။
“အခြားနေရာက ငုပ်ယူလာပြီး ဗျိုက်တောကွေ့ က ငုပ်ယူ လာတယ်လို့ ချောက်တွန်းတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါက တခြား လူတွေက အဟုတ်မှတ်ပြီး သွားငုပ်ကြတော့ သေကြဦးမှာ”
ဟု ထင်ကြေးပေးကြသည်။ အချို့ကလည်း…
“ဒီလောက် သွားတဲ့လူတိုင်း ပြန်လမ်းမရှိတဲ့နေရာကို သူတို့သွားမှ ဘာမှမဖြစ်ဘဲ ပြန်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
ဟ၊ တကယ်လို့ သူတို့ပြောတဲ့အတိုင်း ဟုတ်တယ်ဆိုရင်လည်း ဗန်ကောင်းတို့ ကံကောင်းလို့ လွတ်ခဲ့တယ်လို့ပဲ မှတ်ရမှာပဲ”
ဟု မှတ်ချက်ချကြသည်။ ဘာပဲဖြစ်ဖြစ်…
ထိုသတင်းကြောင့် ဗျိုက်တောကွေ့နှင့် ငမန်းကျွန်း တဝိုက်သို့ အရဲစွန့်ပြီး ပုလဲရှာလိုသူများ ပေါ်လာပြန်သည်။
ယခင်က ပြန်လမ်းမဲ့နေရာဟု သတ်မှတ်သောနေရာကို နီမောင်တို့သွားပြီး အန္တရာယ်ကင်းစွာဖြင့် ပြန်နိုင်ခဲ့သည်ဆိုပြန်
တော့ စိတ်ဝင်စားကြပြန်သည်။ ပုလဲအမြောက်အမြား ရှာဖွေရခဲ့ သည်ဆိုသော လောဘစိတ်ကြောင့် တစ်ဦးစနှစ်ဦးစ အရဲစွန့်ပြီး သွားရောက် ပုလဲရှာကြပြန်သည်။
ထိုသို့ သွားရောက်ရှာဖွေသူများမှာ ပြန်လမ်းမဲ့ဘဝသို့ ရောက်သွားခဲ့ပြန်သည်။
“ကိုင်း…အခုတော့ ဒီလူတွေ စိတ်ရူးပေါက်ပြီး ပြောတာ ကို အဟုတ်မှတ်ပြီး သွားကြတော့ သေကြပြန်ရော မဟုတ်လား၊
ကောင်းတယ်..လောဘစိတ်တစ်ခုထဲ ကြည့်ပြီး သူများပြောတာ ယုံတဲ့လူတွေ သေမှအေးတယ်”
ဟု ဒေါသစိတ်ဖြင့် ပြောကြသည်။
ဘာပဲဖြစ်ဖြစ် ဧရာရွာတွင် လူသေမှုများ ဆက်တိုက်ဖြစ် လာပြန်တော့ ရဲစခန်းမှူး အပါအဝင် တာဝန်ရှိသူများ ခေါင်းခဲကြ
ရပြန်သည်။
ဧရာရွာမှာ မော်လမြိုင်ကျွန်းမြို့နယ်အပိုင်ထဲ၌ ရှိသဖြင့် မြို့နယ်တာဝန်ရှိသူများပါ ဆင်းလာပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြသော်လည်း အမှုမှန်က မပေါ်။ လက်သည်တရားခံကို မဖော်ထုတ်နိုင်ကြသေးပေ။
တစ်နေ့သောအခါ ဗျိုက်တောကွေ့သို့ စပါးတင်း တစ် ရာခန့်ပါပြီး ပေါင်းမိုးတပ်ထားသော လှေတစ်စင်း ရောက်လာပြီး ဆိုက်ကပ်ထားသည်။
သူတို့သည် ထိုနေရာသို့ ပုလဲငုပ်ရန်အတွက် ရောက်လာ ကြတာဖြစ်ပြီး အခြားဒေသဘက်မှ ရောက်လာကြဟန်ရှိသည်။
သို့သော် သည်ဘက်နယ်၏ဓလေ့ကို သိရှိထားဟန်ဖြင့် ငမန်းကျွန်းနတ်ကွန်းသို့ တက်ရောက်ဆုတောင်းကြပြီးမှ ရေထဲ ဆင်းရန် ပြင်ဆင်ကြသည်။
အချိန်က နံနက်ပိုင်း ရေကျနေချိန်ဖြစ်သည်။
ရေငုပ်သမားသုံးယောက်တို့သည် ရေအောက်သို့ ရောက် သောအခါ အသင့်ယူဆောင်လာသော ပစ္စည်းများဖြင့် မိမိတို့ရှိရာ ပတ်ဝန်းကျင်တစ်ဝိုက်၌ အရံအတားများ ဦးစွာပြုလုပ်သည်။ ပြီးမှ ပုလဲငုပ်ယူကြသည်။
ထိုစဉ်မှာပင် ရေအောက်တစ်နေရာမှ “ရွှီ”ဟူသော မြည်သံတစ်ချက်ပေါ်ထွက်လာပြီး ၎င်းတို့မြေအောက်တွင် စိုက်ထားသော သံလုံး ပိုက်တိုင်များ လှုပ်ယမ်းသွားသည်ကို သတိပြုမိလိုက်ကြသည်။
ပြင်းထန်သော ထိခတ်အားကြောင့် အချို့သံပိုက်လုံး များမှာ ထိုင်နေပြီး အချို့ပိုက်လုံးများမှာ မြေသို့ လဲကျလျက် ရှိသည်။
မည်သို့ပင်ဖြစ်စေ…
ထိုသံပိုက်လုံးများ စိုက်ပြီးကာကွယ်ထားသဖြင့် ၎င်းတို့ အတွက် အန္တရာယ်ကင်းသွားခြင်းဖြစ်သည်။
အတန်ကြာသောအခါ ရေအောက်၌ အခြေအနေက ပုံမှန် အတိုင်း ပြန်လည်ငြိမ်သက်သွားလေသည်။ ။
ထိုအချိန်မှာပင် ဗျိုက်တောကွေ့ တစ်နေရာ ကမ်းစပ်တွင် လူတစ်ယောက် ရေထဲမှပေါ်လာသည်။
ထိုသူမှာ ရေအောက်မှပေါ်လာကာစတွင် ရေငုပ်ကိရိယာ များ ဝတ်ထားသောကြောင့် မည်သူမည်ဝါမှန်း မသိနိုင်သော် လည်း ကမ်းစပ်ရောက်၍ ၎င်းခေါင်းပေါ်မှ ရေငုတ်ကိရိယာကို ဆွဲချွတ်လိုက်သောအခါ ထိုသူ၏မျက်နှာ ပေါ်လာသည်။  နတ်ကွန်းစောင့် ဦးဘိုးကောင်းဖြစ်သည်။
ဦးဘိုးကောင်းသည် ပတ်ဝန်းကျင်အခြေအနေကို တစ် ချက်ကြည့်ပြီး အေးအေးဆေးဆေးပင် သောင်ပြင်ပေါ်မှဖြတ်ကာ ကမ်းစပ်သို့ တက်လာသည်။
နတ်ကွန်းဘက်သို့ တက်သွားရာ လမ်းထိပ်သို့ ရောက် သောအခါ လူတစ်ယောက်ရပ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ လိုက်ရသည်။

“မင်းဘယ်သူလဲ”

ဦးဘိုးကောင်းက ဟန်မပျက် မေးလိုက်သည်။

“ကျုပ်ဘယ်သူလဲဆိုတာ သိဖို့ထက် ခင်ဗျားဘယ်သူလဲ ဆိုတာ ကျုပ်သိလို့ လာစောင့်နေတာ”
“ဘာကိစ်စလဲ…”
“ခင်ဗျားစိတ်ကူးကောင်းကောင်းနဲ့ လူတွေကို ရက်ရက် စက်စက် သတ်ပစ်တဲ့အမှုနဲ့ ဖမ်းရမယ့်ကိစ္စပေါ့ ”

ဦးဘိုးကောင်းက တစ်ချက်တွေသွားပြီး သဘောကျစွာ ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ငါက ဘယ်သူတွေကို သတ်လို့လဲ”
“အခုမှတော့ ငြင်းမနေပါနဲ့တော့ ဦးဘိုးကောင်းရယ်၊ ခင်ဗျား ဘယ်လိုသတ်တယ်ဆိုတာတွေကိုလည်း ကျုပ်တို့ စုံစမ်း သိရပြီးပါပြီ”

လူရွယ်က ရေအောက်တွင် ဦးဘိုးကောင်း ဆင်ထား သော ထောင်ချောက်များအကြောင်းကို ပြောပြလိုက်သည်။
ထိုအခါ ဦးဘိုးကောင်းမှာ မငြင်းသာတော့သဖြင့် ခါး ကြားတွင် စိုက်ထားသော ဓါးမြှောင်ကိုထုတ်ပြီး လူရွယ်ကိုတိုက်
ခိုက်ရန် ပြင်လိုက်စဉ် လူရွယ်က ခါးကြားထဲတွင် အသင့်ထိုးထား သောသေနတ်ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ချိန်ထားလိုက်သည်။
“အခုမှတော့ မကြိုးစားပါနဲ့တော့ ဦးဘိုးကောင်း၊ ခင်ဗျား ကို အားလုံးဝိုင်းထားပြီးပါပြီ”
ထိုအချိန်တွင် ကမ်းစပ်၌ရပ်ထားသော လှေ၏ပေါင်းမိုး အတွင်းမှ ရဲတပ်ဖွဲ့ဝင်များ ထွက်လာကြသည်။
ထိုနှင့်အတူ ရေအောက်၌ ပုလဲငုပ်သမား ဟန်ဆောင် နေသော လူသုံးယောက်လည်း ကမ်းပေါ် ပြန်တက်လာကြသည်။
ဦးဘိုးကောင်းအတွက် ပြေးလမ်းမရှိတော့ပေ။
ထိုအခါမှ ဦးဘိုးကောင်းမှာ စိတ်ပျက်လက်ပျက် အမူ အရာဖြင့် လက်ထဲမှဓါးဖြင့် အနီးရှိသစ်ပင်အား စိုက်ချလိုက်ပြီး ထိုင်ချလိုက်လေတော့သည်။

°°°

(၈) အကြံကြီးသူ၏အကြံအစည်

“အမှန်တော့ ဦးဘိုးကောင်းဟာ လုပ်ငန်းရှင်ကြီးတစ်ဦး ရဲ့ စေခိုင်းမှုကြောင့် ငမန်းကျွန်းပေါ်မှာ နတ်ကွန်းကို အယောင်ပြ ပြီး ဒုစရိုက်အမှုတွေကို ကျူးလွန်နေတဲ့သူပါ၊ သူတို့ရည်ရွယ်ချက် ကတော့ ဒီငမန်းကျွန်းကို အခြားလူတွေ မလာဝံ့အောင်လို့ပါ၊ ဒါမှ ဒီကျွန်းတဝိုက်ကပုလဲတွေကို သူတို့ စိတ်ကြိုက်ငုပ်ယူနိုင်ကြမှာ ကိုး…”

ပုလဲငုပ်သမားဟန်ဆောင်ထားသော ဒုရဲအုပ် နီမောင်က ရှင်းပြလေသည်။

“ဒါထက် သူတို့က ရေအောက်ဆင်းတဲ့လူတွေကို အ ပိုင်းပိုင်းပြတ်အောင် ဘယ်လိုလက်နက်မျိုးနဲ့ ပစ်တာလဲဟင်”
“အဝေးကပစ်တာ မဟုတ်ပါဘူး အကွက်ကျကျ ထောင် ချောက်ဆင်ပြီး သတ်တာပါ၊ ကျွန်တော်ရှင်းပြပါ့မယ်”

နီမောင်က ရေအောက်မှလူများ ယူလာသော စတီးကြိုး မျှင်မျှင်လေးတစ်ခွေကို ပြသည်။
“ဒီကြိုးနဲ့ သတ်တာပါ”
စတီးကြိုးမှာ သေးလှသဖြင့် ရေအောက်တွင် ဘယ်လိုမှ မြင်နိုင်စရာမရှိပေ။

“ဒီစတီးကြိုးကို ဗျူးခြေထောက်ကိုင်းတွေနဲ့ တင်းနေ အောင် ဆွဲထားတယ်၊ တစ်ဖက်က ကြိုးစတစ်ချောင်းနဲ့ ဗျူးကိုင်း ကို ဆွဲထားတာပါ၊ နောက်ပြီး စတီးကြိုးဆင်ထားတဲ့အနေအထား က လူတစ်ယောက်ရေအောက်မှာ ပုလဲရှာနေတဲ့အချိန်နဲ့ အံကိုက် ဆင်ထားတာပါ၊ ဦးဘိုးကောင်းက ဘယ်လောက်အကြံပိုင်သလဲ ဆိုတော့ နတ်ကွန်းမှာနေရင်း ဘယ်သူ ဘယ်သွားမယ်ဆိုတာ တစ်ခါတည်း မေးထားလိုက်တယ်၊ ငမန်းကျွန်းအနားမှာ ပုလဲငုပ် မယ်ဆိုရင် နောက်က အသာကလေး ဆင်းလိုက်သွားတယ်၊ ရေ
အောက်မှာ အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး သုတ်ကိုင်းကြိုးကို ဖြတ်ချလိုက်တယ်…
ရေထဲမှာ ဒီလောက်သေးမျှင်တဲ့ စတီးကြိုးလေး ဖြတ် သွားတာကို ဘယ်သူမှ မြင်လိုက်သိလိုက်ကြမှာ မဟုတ်ဘူး..
ဗျူးခြေထောက်ကိုင်းဆိုတာ အလွန်သန်မာတယ်၊ စတီး ကြိုးကလည်း လွန်းတင်ပြီး တင်းနေအောင် ဆွဲထားတာဆိုတော့ ရေထဲမှာ ဖြတ်သွားတဲ့အချိန်က အတော်ပြင်းတယ်…

ရေနူးနေတဲ့လူရဲ့ အသားမျိုး မဆိုထားနဲ့..၊ တော်ရုံ မာ ကျောတဲ့အရာဝတ္ထုမျိုးတောင် ထိလိုက်တာနဲ့ တိခနဲ ပြတ်ကျ သွားနိုင်တယ်”
“တော်တော်အကြံပက်စက်ပြီး ယုတ်မာတာပဲ၊ ဒါကို ကိုနီမောင် ဘယ်လိုသဲလွန်စရတာလဲ”
“ကျွန်တော် ဒီကိုစရောက်ကတည်းက မသင်္ကာအဖြစ် ဆုံးက ကျွန်းစောင့်ဦးဘိုးကောင်းကိုပါပဲ၊ သူဟာ တစ်စုံတစ်ခု အကြောင်းမရှိဘဲနဲ့ ဒီကျွန်းပေါ်မှာ တစ်ယောက်တည်း မနေဘူး လို့ တွေးမိတယ်၊ နောက်တော့ ကျွန်တော်ကိုယ်တိုင် ရေထဲဆင်းပြီး လေ့လာကြည့်တဲ့အခါကျတော့ သူဘယ်လိုလက်နက်မျိုးနဲ့ အသုံး ပြုတယ်ဆိုတာ ရိပ်မိခဲ့တယ်၊ ဒါကြောင့် ဒီတစ်ခါ ကျွန်တော့်လူ တွေကို ရေထဲဆင်းခိုင်းတဲ့အခါကျတော့ သူတို့ရှိတဲ့ ပတ်ပတ် လည်မှာ သံပိုက်လုံးတိုင်တွေကို အရင်ကြိုတင်စိုက်ထားခိုင်းခဲ့ တယ်၊ ဒါမှ သူတို့အတွက်လည်း အန္တရာယ် ကြိုတင်ကာကွယ် ပေးပြီးသားဖြစ်တယ်၊ နောက်ပြီး လူသတ်လက်နက်ကြိုး ဝင်လာ ရင်လဲ ဖမ်းထားနိုင်အောင်လို့ စီစဉ်ခဲ့တာပါ”
နီမောင်က လက်ထဲမှ စတီးကြိုးခွေလေးကို ကိုင်၍ ရှင်းပြလိုက်သည်။ ။
“ဒါထက်…လူသတ်ဖို့ စိတ်ကူးကောင်းလှတဲ့ ဦးဘိုး ကောင်းရဲ့ နောက်မှာ ကြိုးကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကဘယ်သူဖြစ်မလဲ”
“ကျွန်တော်စုံစမ်းသိရသလောက်တော့ စီးပွားရေးလုပ် ငန်းရှင် ဦးကျော်ဇံပဲ ဖြစ်မယ်ထင်ပါတယ်၊ ဒါကလည်း မခက်ခဲ
တော့ပါဘူး၊ ဦးဘိုးကောင်းကို စစ်ဆေးလိုက်ရင် အဖြေမှန် ပေါ် လာမှာပါပဲ၊ ရာဇဝတ်ဘေးဆိုတာ ဘယ်တော့မှ ပြေးမလွတ်နိုင်ပါ ဘူး”
ထို့နောက် သူတို့တတွေသည် ဦးဘိုးကောင်းအား ၎င်း စီစဉ်ပြုလုပ်ထားသော လူသတ်လက်နက်များ၊ သက်သေခံပစ္စည်း များနှင့်အတူ တပါတည်းခေါ်ဆောင်ခဲ့ပြီး ဧရာရွာသို့ ပြန်ခဲ့ကြ သည်။
နောက်ပိုင်းရက်များတွင် ငမန်းကျွန်းတဝိုက်တွင် ရေလုပ် သားများစွာတို့သည် အန္တရာယ်ကင်းစွာ လွတ်လပ်စွာဖြင့် ပုလဲ ရှာဖွေခြင်း၊ ငါးပုစွန်ဖမ်းဆီးခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြ သည်ကို တွေ့မြင်ရလေတော့သည်။

°°°

#ကျွန်းစောင့်မာယာ
#တြိစက္က