ချီးစားသောသရဲမ

စရာမလိုဘူးဗျ၊ ပုံမှန်ဆိုရင် ရွာသားတွေက စိုက်ချိန်ပျိုးချိန်ဆိုရင် တရုတ်ကြီးဆီက ငွေသွားချေးပြီးတော့ ဘာပေါ်ညာပေါ်၊ သီးနှံထွက်ချိန်ဆိုရင်တော့ အတိုးရော အရင်းပါပြန်ဆပ်ကြတယ်၊ တရုတ်ကြီးကလည်း အတိုးသိပ်မတောင်းပါဘူး သုံးပြားတိုး၊ ငါးပြားတိုးလောက်ပဲဆိုတော့ သူ့အရပ်နဲ့သူ့ဇတ်အဆင်ပြေနေတာပေါ့ဗျာ။

အဲ၊ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ဦးလေးတစ်ယောက်က တစ်ရွာသူကိုယူပြီးတော့ ရွာမှာလာနေတယ်ဗျ။ ဦးလေးနာမည်က ဖိုးထွန်း၊ သူ့မိန်းမ နာမည်က မကြည်တဲ့၊ မကြည်က အောက်အကြေသူပါ၊ ဧရာဝတီတိုင်းကဆိုလားပါပဲ၊ သူတို့လင်မယားက ဘုန်းကြီးကျောင်းဘေးနားက မြေကွက်လပ်ကလေးကို ရှင်းပြီးတော့ အိမ်ကလေးဆောက်ပြီးနေကြတယ်၊ အိမ်ဆောက်ဖို့ ငွေလိုတော့ တရုတ်ကြီးဆီကနေ သွားပြီးချေးတာပေါ့၊ ဦးလေးဖိုးထွန်းဆိုတာကလည်း ပိုင်ဆိုင်မှုသိပ်မရှိဘဲ သူ့မိဘတွေကလည်းဆင်းရဲတော့ သူများလယ်တွေကို လူငှားလိုက်လုပ်နေတာပေါ့ဗျာ၊ ဒီတော့ ချေးထားတဲ့ငွေကို ဘယ်ပြန်ဆပ်နိုင်မလဲ၊ သုံးလကျော်တော့ မတရုတ်မက လိုက်လာတာပေါ့။

(၃)

ကျုပ်အသက်က အဲဒီတုန်းက အသက်ဆယ့်လေးနှစ်ဖြစ်နေပြီ၊ အရင်လို ကလေးမဟုတ်တော့ဘူးပေါ့၊ အိမ်က အလုပ်တွေကို ကူနေရတဲ့အချိန်ဖြစ်နေပြီ၊ ဖြစ်ချင်တော့ အဲဒီနေ့က ကျုပ်နဲ့ ကျုပ်အကိုနဲ့ ဘုန်းကြီးကျောင်းဘေးနားက ဆွေးနေတဲ့သစ်ပင်ကြီးကို သွားလှဲကြတယ်၊ သစ်ပင်ကြီးက အတော်အိုပြီးခြောက်နေပြီဆိုတော့ လဲကျတော့မယ်လေ၊ ကျုပ်တို့သစ်ပင်ခုတ်တဲ့ဘေးနား ခပ်လှမ်းလှမ်းမှာတော့ မကြည်တို့အိမ်ရှိတယ်ဗျ၊ သစ်သားနဲ့ဘာနဲ့ သပ်သပ်ရပ်ရပ်ကလေးဆောက်ထားတာ။

ကျုပ်တို့အပင်လှဲပြီး သစ်ကိုင်းတွေဖြတ်နေတုန်း မတရုတ်မတစ်ယောက်လမ်းလျှောက်လာတယ်။ ကျုပ်အကိုအကြီးဆုံးက မတရုတ်မကို လှမ်းနှုတ်ဆက်တယ်။

“မတရုတ်မ၊ ဘယ်သွားမလို့လဲဗျ”

“အေးဟာ၊ နင့်ဦးလေးဖိုးထွန်းတို့အိမ်ကိုသွားမလို့၊ အိမ်ဆောက်တုန်းက အကြွေးတွေကျန်နေတယ်လေ”

“ဟာ၊ မတရုတ်မကလည်း ဦးလေးဖိုးထွန်းက သူများလယ်မှာ လူငှားလုပ်နေတာ ဘယ်ပြန်ဆပ်နိုင်အုံးမလဲဗျ”

“အေးလေ၊ မဆပ်နိုင်ရင်လည်း အတိုးလောက်တော့ ပေးမှပေါ့၊ ပိုက်ဆံယူသွားပြီးကတည်းက စာမလာ၊ သတင်းမကြားနဲ့ဆိုတော့ ငါလိုက်လာရတာပေါ့”

မတရုတ်မက လမ်းလျှောက်သွားပြီး ဦးလေးဖိုးထွန်းတို့ခြံဝိုင်းထဲကိုဝင်သွားတယ်၊ အဲဒီအချိန်မှာပဲ သရဲမက ငိုက်စိုက်ငိုက်စိုက်နဲ့လမ်းလျှောက်သွားပြီး ဘုန်းကြီးကျောင်းအနားမှာ ရစ်သီရစ်သီလုပ်နေတာဗျ။ မကြာပါပြီး ဦးလေးဖိုးထွန်းတို့ ခြံဝန်းထဲမှာ ဆဲသံဆိုသံတွေကြားရတယ်၊ မကြည်ဆိုတဲ့ မိန်းမကြီးကလည်း မိန်းမကြမ်းကြီးဗျ၊ နှုတ်ကြမ်းအာကြမ်းကြီးပါ၊ သူနဲ့ကျုပ်တို့အမေတို့နဲ့တောင်မှ စကားသိပ်မပြောကြဘူး။ စကားကြောမတည့်လို့တဲ့လေ။

အခုလည်း ပုံမှန်ဆိုရင် ရယ်ရယ်မောမောနေတတ်တဲ့ မတရုတ်မက အခုတော့ မကြည်နဲ့အော်ဆဲနေကြတယ်၊ ဆယ့်ငါ့းမိနစ်လောက်ကြာတော့မှ မတရုတ်မက ခြံဝိုင်းထဲက ပြန်ထွက်လာတယ်။ မကြည်တို့အိမ်ကို လက်ညှိုးထိုးပြီး

“ကောင်မ၊ လူပါးဝလို့၊ ညည်းမပေးလဲ ဘာမှမဖြစ်ဘူး၊ ညည်းတို့ကို သူကြီးနဲ့တိုင်မယ်”

မတရုတ်မ စိတ်ဆိုးနေလို့ ကျုပ်တို့လည်း နှုတ်မဆက်တော့ပါဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်တယ်၊ အဲဒီအချိန်မှာပဲ ကျုပ်သတိထားမလိုက်တာ သရဲမဆိုတဲ့ခွေးမက လမ်းမပေါ်ရပ်နေရင်း အကြောဆွဲသလိုလို တုန်ခါနေတယ်၊ နောက်တော့ မတရုတ်မအနောက်ကို အသာကလေးပြေးလိုက်သွားတယ်၊ မတရုတ်မက သိပုံမရဘူး၊ကျုပ်ကတော့ သရဲမက မတရုတ်မကိုကိုက်တော့မယ်ဆိုတာကို သိလိုက်ပြီ။

“မတရုတ်မရေ၊ အနောက်မှာ သရဲမ ပါလာပြီ”

ကျုပ်ကလှမ်းအော်လိုက်တာပေါ့ဗျာ၊ မတရုတ်မနဲ့ကျုပ်တို့နေရာနဲ့ဆိုရင် ခြေလှမ်းသုံးဆယ်လောက်ပဲ ဝေးမှာပေါ့။ မတရုတ်မကလည်း အနောက်ကိုလှည့်ကြည့်ပြီးတော့ ခွေးကိုမောင်းတယ်။ ကျုပ်တို့ညီအကိုလည်း ခွေးကိုလိုက်မောင်းတာပေါ့ဗျာ၊ ဒါပေမယ့် သရဲမက မဖြုံဘူးဗျ၊ မတရုတ်မဆီကို တစ်ဟုန်ထိုးပြေးလိုက်တော့တာ၊ မတရုတ်မကလည်း လန့်ပြီးလှည့်ပြေးတယ်၊ ခြေလေးချောင်းနဲ့ နှစ်ချောင်းမို့လို့ မတရုတ်မသိပ်မပြေးရသေးခင်မှာ သရဲမက မတရုတ်မကိုမီသွားတယ်ဗျ၊ မတရုတ်မခြေထောက်ကိုလှမ်းဟပ်လိုက်တာ မတရုတ်မလဲ ခြေသလုံးကို ကိုက်မိပြီးတော့ လဲကျသွားတယ်ဗျ၊ ကျုပ်တို့လည်း မတရုတ်မဆီကို ပြေးလာတာပေါ့၊ ပါးစပ်ကလည်း သရဲမကို ဝိုင်းပြီးခြောက်လှန့်ကြတာပေါ့ဗျာ၊ ဒါပေမယ့် သရဲမက တစ်ချက်မှမကြောက်တဲ့အပြင် လဲနေတဲ့ မတရုတ်မအပေါ်ကို ပြေးခုန်တက်ပြီး ကိုက်တော့တာပဲဗျာ၊ ကိုက်တာကတော့ လည်မြိုကိုတက်ကိုက်တာ၊ မတရုတ်မက လက်ကိုကာလိုက်တော့ သူ့ဘယ်ဖက်လက်ဖျံကို ကိုက်မိသွားတယ်၊ သရဲမက မလွှတ်ဘဲနဲ့ကို သေချာကိုက်ပြီး ခါနေသေးတယ်ဗျာ၊ ကျုပ်တို့လည်း ဝိုင်းခြောက်ပေမယ့် လုံးဝမလွတ်ဘူးဗျ၊ သာမန်ခွေးဆိုရင် ဒီလောက်ဆိုရင် လွှတ်ပြီပေါ့ဗျာ၊ အခုက သေသေချာချာကိုခဲထားတာဗျ။

ကျုပ်လည်း လက်ထဲကိုကြည့်လိုက်တော့ ခုနက သစ်ပင်ကိုင်းတွေခုတ်နေရင်း တစ်လံလောက်ရှိပြီး လက်သီးဆုပ် မရှိတရှိ လုံးပတ်တုတ်တုတ်နဲ့သစ်ကိုင်းကြီးပါလာတယ်ဗျ၊ ဓါးကတော့ သစ်ပင်ခုတ်တဲ့နေရာမျာ ကျကျန်နေခဲ့တာ။ အဲဒါနဲ့ အဲဒီသစ်ကိုင်းကြီးနဲ့ သရဲမခေါင်းကို ကျုပ်အားကုန်လွှဲရိုက်ချလိုက်တာဗျာ။ ဖြောင်းခနဲတစ်ချက်မြည်သွားပြီး သရဲမခေါင်းကို သစ်ကိုင်းကြီးက ခွပ်ခနဲ မြည်အောင်ထိသွားတာ၊ သစ်ကိုင်းကြီးလည်း ကျိုးသွားတာပေါ့။ အဲဒီတော့မှ သရဲမက လက်ကိုလွှတ်ပြီးတော့ ရွာထဲကိုဝင်ပြေးတော့တာပဲ၊ ကျုပ်တို့လည်း မတရုတ်မကို ဆွဲထူရတာပေါ့။

ခွေးကိုက်ပြီးတော့ မတရုတ်မကြီးက ရူးသွားပါရောဗျာ၊ ကျုပ်တို့က ခွေးရူးပြန်တယ်ထင်နေတာ၊ နောက်တော့မဟုတ်ဘူးဗျ၊ ရူးနေတာ၊ အဲဒါနဲ့တရုတ်ကြီးက မြိုင်သာက အထက်လမ်းဆရာကြီးကိုပင့်ပြီးတော့ ကုသလိုက်မှ ပျောက်သွားတယ်တဲ့ဗျ၊ အောက်လမ်းနဲ့လုပ်ထားတယ်ပြောတာ၊ တစ်ချို့က ဦးဘသာကြီးလုပ်တယ်လို့ ပြောကြတာ၊ ကျုပ်ကတော့ မယုံပါဘူး၊ ဦးဘသာကြီးက တရုတ်ကြီးဆီမှာ အကြွေးရှိတာမှန်ပေမယ့် မတရုတ်မကို ဘာလို့လုပ်မလဲဗျ၊ အချိန်တန်လို့ သူ့လယ်ထွက်ရင် ပြန်ဆပ်နေကျပဲမဟုတ်လား။

(၄)

နောက်တစ်ခါဖြစ်တာတော့ ကျုပ်တို့ရွာထိပ် တာလမ်းမကြီးနံဘေးမှာပေါ့ဗျာ၊ အဲဒီတုန်းက ဆည်မြောင်းဖောက်တဲ့သူတွေလာကြတဲ့အချိန်ပေါ့၊ သူတို့စတည်းချတဲ့နေရာက ကျုပ်တို့ရွာနဲ့သိပ်မဝေးတဲ့နေရာမှာဆိုတော့ ရွာထိပ် တာလမ်းနံဘေးမှာ ဆိုင်ကလေးတွေပေါ်လာတာပေါ့ဗျာ။ မနက်ဆို အကြော်စုံဆိုင်၊ မုန့်တီဆိုင်၊ မုန့်ဆီခွက်ကြော်တို့၊ မုန့်ပေါင်းတို့ လုပ်ရောင်းတဲ့ဆိုင်ကလေးတွေရှိတယ်၊ အရက်ပုန်းဆိုင်လည်း ရှိတာပေါ့ဗျာ၊ ဆည်မြောင်းကလူတွေ လာပြီးစားကြလေ့ရှိတယ်။

ဒေါ်ဖော့ဆိုတာ ကျုပ်အမေဘက်က တော်တဲ့အရီးပေါ့၊ သူကလည်း စီးပွားရေးလဘ်မြင်တယ်၊ ရွာထိပ်မှာ မုန့်ပြားသလက်ဆိုင်ဖွင့်ပြီးရောင်းတယ်၊ တစ်မနက်တော့ မနက်စောစော ငါးနာရီလောက် မုန့်ဆိုင်မှာမုန့်လုပ်နေတာပေါ့၊ သူနဲ့အတူ အခြားဈေးသည်တွေလည်းရှိတယ်၊ မုန့်လုပ်နေရင်း သူ့မုန့်ဖိုအနားကို သရဲမ ကပ်လာတယ်ဗျ၊ သရဲမ မျက်လုံးကလည်း မီးခွက်အလင်းရောင်နဲ့ ဝင်းလက်နေတယ်ဆိုပဲဗျ၊ ဒေါ်ဖော့ကလည်း သရဲမက စုန်းပူးခွေးမှန်းသိလို့ မုန့်တစ်ခုကိုပစ်ကျွေးလိုက်တယ်၊ သရဲမက ဘယ်လိုစားလိုက်မှန်းမသိဘူးဗျာ၊ ကုန်သွားတာမြန်လိုက်တာတဲ့၊ ဒါပေမယ့် ဆိုင်ကထွက်မသွားဘဲပေကပ်ကပ်လုပ်နေပြန်ရော၊ ဒီတော့ အရီးဒေါ်ဖော့က စိတ်ထဲနည်းနည်းတော့ ခုသွားတယ်။

“မနက်စောစောစီးစီး ဈေးဦးတောင်မပေါက်သေးဘူးအေ၊ ဒီခွေးမကတော့ လာပြီးငတ်ကြီးကျနေတယ်၊ သွားစမ်း”

အဲဒီလိုပြောပြီးတော့ မောင်းထုတ်လိုက်တယ်ဗျ၊ မောင်းထုတ်ပေမယ့် သရဲမက မသွားပဲနဲ့ ပေစောင်စောင်နဲ့သူ့ကိုရပ်ပြီးကြည့်နေတယ်၊ ဒေါ်ဖော့လဲ ထင်းစတစ်ချောင်းကိုယူပြီး လှမ်းပစ်ဖို့ လက်ကိုလှမ်းလိုက်တယ်ဆိုရင်ပဲသူကလဲကျသွားတော့တယ်။

“လုပ်ပါအုံး၊ ငါ့ကိုလုပ်ကြပါအုံး”

ဒေါ်ဖော့လက်ကြီးတန်းနေပြီးတော့ ကျောက်ရုပ်ကြီးလိုလှုပ်မရဘူးဖြစ်နေတယ်၊ လဲကျသွားတာကိုလည်း ပြန်ထလို့မရဘူးဖြစ်နေတာပေါ့ဗျာ၊ ဘေးနားက ဈေးသည်တွေက ဒေါ်ဖော့ကိုသယ်တော့ ကိုယ်တစ်ခြမ်းက လှုပ်မရဘဲ တောင့်နေသတဲ့ဗျာ၊ ခြေထောက်တစ်ဖက်က ဆောင့်ကြောင့်ထိုင်နေတာဆိုတော့ ဒူးကြီးကိုထောင်လို့တဲ့ဗျ။

“အကြောကပ်သွားတာဖြစ်မယ်”

ဈေးသည်တွေက ခြေထောက်ကိုဝိုင်းနှိပ်တော့ အရီးဒေါ်ဖော့က ငယ်သံပါအောင် အော်သတဲ့ဗျာ၊ ခြေထောက်တွေ လက်တွေဆိုလည်းတောင့်နေလိုက်တာ အားနဲ့ချိုးတာတောင် ပြန်ချိုးလို့မရဘူးတဲ့ဗျာ၊ အံ့ဩစရာကြီး၊ ဒါနဲ့ ရွာထဲက သူ့အိမ်ကိုပြန်ပို့ပြီးတော့ သမားတော်ကြီးကိုသွားပင့်ရတာပေါ့။ ကျုပ်ကလည်း လူတွေစုရုံးစုရုံးဖြစ်နေတော့ ဒေါ်ဖော့တို့အိမ်ကိုလာခဲ့တာပေါ့ဗျာ၊ ဒေါ်ဖော့က မျက်ရည်တွေကျနေတယ်ဗျ၊

“အဲဒါငါ့ကိုစုန်းလုပ်တာ၊ သရဲမကို စုန်းပူးပြီးတော့ ငါ့ဆီမှာ မုန့်လာတောင်းစားတာ၊ ငါက တစ်ခုပဲကျွေးပြီး မောင်းထုတ်လိုက်တာကို မကျေနပ်လို့နေမှာ”

စကားတော့ပြောနိုင်သေးတယ်ဗျ၊ ဖြစ်ချင်တော့ ရွာမှာ ဆေးဆရာကြီးမရှိဘူးဗျ၊ ပေတောရွာက သူ့အမျိုး မင်္ဂလာဆောင်ကိုသွားနေသတဲ့ဗျာ၊ ပေတောဆိုတာက ရှစ်မိုင်ဝေးတယ်ဆိုတော့ နွားလှည်းပြင်ပြီး ဆေးဆရာကြီးကို ပြန်ပင့်ဖို့လုပ်ကြတာပေါ့ဗျာ။

မကြာပါဘူး အဖေတို့ရောက်လာတယ်၊ ဒီအချိန်မှာ ကျုပ်လည်းတစ်ခုသတိရသွားတယ်၊ အဲဒါကတော့ ဦးဘသာကြီးကိုပေါ့၊ ဒါနဲ့ ဦးဘသာကြီးကို ပြကြည့်ဖို့ပြောလိုက်တယ်၊ လူတွေက လက်ခံတဲ့သူရှိတယ်၊ လက်မခံတဲ့သူတွေလဲရှိတာပေါ့၊ ဦးဘသာကြီးက စုန်းဆိုတော့ သူလုပ်မှ ပိုဆိုးနေမယ်ပေါ့၊

“ကဲ၊ ငါ့သား ဦးဘသာကြီးကို သွားခေါ်ပေတော့”

အဖေဝင်ပြောလိုက်မှ အားလုံးက တိတ်သွားတယ်။ ကျုပ်လည်း ဦးဘသာကြီးကိုသွားခေါ်ရတာပေါ့၊ ဦးဘသာကြီးက မနက်ခင်းထမင်းစားနေတုန်းရှိသေးတယ်ဗျ၊ ကျုပ်ခေါ်တော့ သူလည်းလိုက်လာတာပေါ့။

ဦးဘသာလာတော့ အားလုံးကလည်း ရှဲပေးလိုက်ကြတယ်၊ ဦးဘသာက အိမ်ပေါက်ဝမှာပဲရှိသေးတယ်၊ အထဲက ဒေါ်ဖော့ကြီးက တုန်တုန်ယင်ယင်ဖြစ်နေပြီး ဦးဘသာကြီးကိုလှမ်းဆဲတော့တယ်။

“မသာကောင်ကြီး၊ နင်ငါ့ကို အနိုင်လာမကျင့်နဲ့၊ နင်နဲ့မဆိုင်ဘူး ထွက်သွားစမ်း”

အသံက ဩဩကြမ်းကြမ်းကြီးဗျ၊ ကျုပ်တို့လည်း အရီးဒေါ်ဖော့အသံမဟုတ်မှန်းသိလိုက်တာပေါ့၊ ဦးဘသာကြီးက တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်တော့မှ ဒေါ်ဖော့ကြီး ငြိမ်ကျသွားတယ်။

“နင်ဘာလို့လုပ်တာလဲ ပြောစမ်း”

“သူက ငါ့မုန့်တောင်းစားတာကို မကျွေးလို့”

အနီးကလူတွေက ဦးဘသာကြီးကို အဖြစ်အပျက်တွေရှင်းပြလိုက်တော့ ဦးဘသာကြီးက သဘောပေါက်သွားတယ်။

“နင့်ကိုမုန့်တစ်ခုကျွေးပြီးပြီဆို၊ နင်မကျေနပ်ဘူးလားဟဲ့ အငတ်မရဲ့၊ နင်လုပ်ထားတာတွေ ပြန်နှုတ်ပြီးအခုထွက်သွားစမ်း”

“မသွားနိုင်ဘူး၊ ကျုပ်ကိုကြက်တစ်ကောင်နဲ့ ခေါစာပစ်မှ ကျုပ်ထွက်သွားမယ်”

“ဒီကောင်မတော့”

ဦးဘသာကြီးက ရေရွတ်ပြီးတော့ အရီးဒေါ်ဖော့အနားသို့ပြေးသွားတယ်ဗျာ၊ ပြီးတော့ အရီးဒေါ်ဖော့ရဲ့ ဆံပင်တွေကိုစုကိုင်လိုက်တယ်၊ အရီးဒေါ်ဖော့က ဘီးဆံပတ်လုပ်ထားတာနေမှာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ဘီးဆံပတ်ပြေသွားတယ်နေမှာပေါ့ဗျာ၊ ဦးဘသာကြီးက ဆံပင်တွေကိုစုကိုင်ပြီးတော့ အရီးဒေါ်ဖော့ရဲ့ပါးကို ဘယ်ပြန်ညာပြန်တွေချည်း ရိုက်တော့တာဗျာ၊ တဖြန်းဖြန်းနဲ့၊ အရီးဒေါ်ဖော့ကြီးက အောင်မယ်လေး ကြောက်ပါပြီဆရာကြီးရဲ့လို့အော်ပြီးတော့ လိမ့်နေတာပဲဗျာ။

“ဟဲ့ အငတ်မ၊ ဒီလောက်ကျွေးတာတော်ရောပေါ့၊ နောက်ဆို စားချင်သောက်ချင် ကိုယ့်ဖာသာဝယ်စား၊ နင်နော်၊ နင်ဘယ်သူလဲဆိုတာ ငါသိတယ်၊ နင်ဒီရွာမှာ ဒါမျိုးလာလုပ်လို့မရဘူး”

အဲဒီတော့မှ အရီးဒေါ်ဖော့ကြီးလည်း ပက်လက်ကြီးလန်ပြီးတော့ လဲကျသွားတော့တယ်ဗျာ၊ ဦးဘသာကြီးက ပုဆိုးကြီးမပြီးအိမ်ထဲကနေထွက်သွားတယ်၊ ကျုပ်တို့ကလည်း သိချင်တော့ ဘယ်သူလဲလို့ ဝိုင်းမေးတော့ သူက ဘာမှမပြောဘဲ ခေါင်းပဲခါပြတယ်ဗျ။ ဦးဘသာကြီး ထွက်သွားပြီးတော့ အရီးဒေါ်ဖော့လဲ လန့်နိုးသွားတယ်၊ သူ့လက်တွေလဲ အရင်လိုကောင်းကောင်းမွန်မွန်ဖြစ်သွားတယ်ဗျာ၊ ဦးဘသာကြီး ပါးရိုက်ထားတာ သူ့ပါးတွေလည်း တစ်ချက်မှ မနာဘူးတဲ့ဗျာ၊ စုန်းမက ပညာပြန်နှုတ်သွားပြီးတော့ သူလည်းဘာမှမခံစားရတော့တာဖြစ်မယ်ဗျ။

အဲဒီနောက်ပိုင်းတော့ သရဲမကို အားလုံးက ထိတ်လန့်နေကြတယ်၊ သရဲမက ခြံရှေ့ကိုလာရင်ကို ကြောက်နေကြရတာ၊ ရွာထိပ်ဆိုင်တွေဆီကို တစ်ချက်လောက်သွားလိုက်ရင် သရဲမကို မုန့်တွေ၊ အကြော်တွေ ဝိုင်းကျွေးကြတာလေ၊ ကြောက်လို့နေမှာပေါ့ဗျာ။

တစ်ရက်တော့ အဖေက အကိုကြီးကို တိုးတိုးလေးခေါ်ပြောတယ်၊ အကိုကြီးကလည်း ကျွန်တော့်ကိုခေါ်ပြီးတော့ ရွာအနောက်ပိုင်းက ကရင်အစုကို ကျုပ်တို့ထွက်ခဲ့တယ်၊ ကရင်အစုဆိုတာ အိမ်ခြေဆယ့်ငါးလုံးလောက်ရှိတဲ့ အစုကလေးပါ၊ ရွာနဲ့ မိုင်ဝက်လောက်လှမ်းတယ်၊ သူ့အစုနဲ့သူနေကြတယ်ဆိုပေမယ့် ရွာနဲ့လဲမကင်းကြပါဘူး။ အကိုကြီးက တောင်းတစ်ခုထမ်းလာတယ်၊ အထဲမှာတော့ စပါးတွေနေမှာပါ၊ ကရင်အစုရောက်တော့ ကရင်အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်ဗျ။ ကျုပ်တို့က ရွာထဲနေတာဆိုတော့ သူတို့အစုက လူတွေကိုသိပ်မသိပါဘူး၊ အဲဒီအဘိုးကြီးကို တောင်းကြီးပေးပြီး အကိုကြီးကပိုက်ဆံအစိတ်ပေးလိုက်တာကို မြင်ရတယ်၊ နောက်တော့ ကျုပ်တို့ပြန်ခဲ့တယ်၊ အရမ်းစပ်စုတဲ့ကျုပ်က သိပ်သိချင်တာပေါ့ဗျာ၊ ဒါနဲ့ အကိုကြီးကို မရမကမေးရတော့တယ်။

“မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်၊ သရဲမကို ရှင်းဖို့သွားခိုင်းတာကွ၊ ရွာသားတွေကြောက်နေလို့ အဖေက ရှင်းခိုင်းလိုက်တာ”

ကျုပ်လည်း အရမ်းအံ့ဩသွားတာပေါ့၊ အဖေက ဘုရားနဲ့တရားနဲ့နေတဲ့သူ၊ အခုတော့ သရဲမကို သတ်ခိုင်းပြီဆိုတော့လည်း၊ အင်းလေ၊ ရွာသားတွေအကျိုးအတွက်ပဲမဟုတ်လားဗျ။

နောက်တစ်နေ့ညကျတော့ တစ်ရွာလုံးခွေးတွေ အူလိုက်၊ ဟောင်လိုက်တာဗျာ၊ ဆူညံနေတာပဲ၊ ကျုပ်လည်း ဘာမှန်းတော့မသိဘူးပေါ့၊ စိတ်ထဲတော့ ထင်လိုက်မိသေးတယ်၊ ကရင်ကြီးများ သရဲမကို လာဆွဲတာလားပေါ့ဗျာ၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့နောက်ပိုင်းကတည်းက ရွာမှာသရဲမကို မတွေ့ရတော့ဘူးဗျ၊ ဘာမှမသိတဲ့ရွာသားတွေကတော့ တစ်ယောက်တစ်မျိုးထင်ကြေးပေးကြတာပေါ့ဗျာ။ ကျုပ်ကတော့ သိနေတယ်လေ၊ ဘယ်သူ့ရဲ့စီစဉ်မှု၊ ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာကို၊ ဒါပေမယ့် မပြောရဲပေါင်ဗျာ၊ အဖေ့လက်သီးတော့ ချိုသလားခါးသလား မြည်းမကြည့်ချင်တော့ပါဘူး။

ကဲ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့များကြုံရင် ဦးဘသာကြီးအကြောင်းတွေ ထပ်ပြောချင်ပါသေးရဲ့ဗျာ။

ပြီးပါပြီ။