လောကတစေ

ကိုအောင်သာဦးနှင့် တိုင်ပင်ရန် ချိန်းဆိုထားခြင်း ဖြစ်သည်။

ဦးမာဒင်တို့ ညီအစ်ကို နှစ်ဦးလုံးသည် အသက်အရွယ် ကြီးလေမှ အိမ်ထောင်ကျသူများ ဖြစ်ကြပြီး၊ ညီအစ်ကို ၂ဦးလုံးတွင် အသက် ၁၁နှစ်အရွယ် မတိမ်းမယိမ်း သမီးလေးများ ကိုယ်စီ ရှိကြလေ၏။

ထိုအချက်အလက်များကို ရှေ့နေ ကိုအောင်သာဦးက အကြမ်းအဖျင်းအားဖြင့် သိထားပြီး၊ အမှုသည် ဦးမာဒင်ကို လူချင်း ၂ကြိမ် ၃ကြိမ်ခန့်သာ ဆုံတွေ့ဖူး၏။

ကိုအောင်သာဦးသည် ကားမောင်းလာရင်း ဦးမာဒင်အကြောင်း တွေးနေရာမှ၊ လူနေ ကျဲပါးသော ဆိပ်ငြိမ် ရပ်ကွက်လေးတစ်ခုအတွင်းသို့ ရောက်လာ၏။

ကိုအောင်သာဦးသည် ဦးမာဒင် ပေးထားသော လိပ်စာအတိုင်း၊ လမ်းသွယ်လေး တစ်ခုအတွင်းသို့ ကားကို တလိမ့်ချင်းလေး မောင်းဝင်လာခဲ့ရာ ၊ သူ ရှာဖွေနေသော အိမ်အမှတ် (၂၀၁) အရှေ့သို့ ရောက်လာ၏။

ကားပေါ်က မဆင်းခင် ခြံအဝင် သံတံခါးမှ တဆင့် အိမ်ကြီးကို လေ့လာ အကဲခတ်လိုက်သည်။

အိမ်ကြီးမှာ ခြံကျယ်ကြီးအတွင်း အနောက်သို့ ယူ၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အိမ်ကြီးနဲ့ တွဲလျက် ဘေးဘက်၌ ကားဂိုဒေါင်တစ်ခုကိုလည်း ဆောက်လုပ်ထား၏။

ရှေးဟောင်း လက်ရာဆိုပေမယ့် အရမ်း အိုဟောင်းနေခြင်း မရှိပဲ၊ ခန့်ထည်စွာ ရှိလေ၏။သေသူ ဦးကျော်ဒင်သည် အိမ်ကြီးကို ပြုပြင်ထိမ်းသိမ်းရုံမျှမက ၊ ရှေးမူမပျက် မွန်းမံပြင်ဆင်ထားခဲ့ပုံရ၏။

အတွန့်အရွန့် သစ်သားပန်းဆွဲများမှာ ဘုန်းကြီးကျောင်းလိုပဲဟု အောက်မေ့မိ၏။

သစ်သား ဝါးရံတာသည် အဖြူရောင်ဆေးတို့ဖြင့် သန့်ရှင်းစွာ ရှိ၏။ ရှေးက ကြေးရေတတ် သူဌေးများ ဆောက်လုပ်လေ့ရှိသည့်အတိုင်း အိမ်ရှေ့အဝင်ဝတွင် ဆင်ဝင်ပါ၏။

ဆင်ဝင် တိုင်လုံးကြီးများမှာ နီညိုရောင် ဆေးခြယ်ထား၍ ပတ္တမြားရောင်တောက်နေပါ၏။

ကိုအောင်သာဦးသည် ကားပေါ်မှာဆင်း၍၊ ခြံတံခါးတိုင်မှာ တပ်ဆင်ထားသော လျှပ်စစ် လူခေါ်ခေါင်းလောင်း ခလုပ်ကို နှစ်ကြိမ်မျှ ဆင့်နှိပ်လိုက်သည်။

လျှပ်စစ်ခေါင်းလောင်းသည် အလုပ် မလုပ်သည်လား မသိ။

အိမ်ကြီးထဲမှ လူရိပ်လူယောင်မျှပင် မတွေ့ရချေ။ ဦးမာဒင် အိမ်ထဲမှာ ရှိနေပါ့မလားလို့တောင် သူ သံသယဝင်သွား၏။
သူ ဖုန်းဆက်တုန်းကတော့ ဦးမာဒင်တို့ သားအဖ အရင် ရောက်နှင့်မည်ဟု ဆိုသွား၏။

ခြံတံခါးကို သူ တွန်းကြည့်လိုက်သည်။ ခြံတံခါးမှာ သော့ခတ် မထားချေ။

” အင်း ငါလာမယ်ဆိုတာ ပြောထားတော့ ခြံတံခါးကို ဖွင့်ထားတာ နေလိမ့်မယ် ”

ကိုအောင်သာဦးသည် ထိုသို့တွေးမိလေသဖြင့် ၊ ကားကို ခြံရှေ့မှာပဲ ရပ်ထားခဲ့ပြီး၊ လက်ဆွဲအိတ်အနက်လေးကို ယူ၍ ခြံထဲသို့ ဝင်ခဲ့သည်။

ခြံဝမှ ခြေလှမ်း၂၀ခန့် လျှောက်သော် ၊ ဆင်ဝင်အောက်သို့ ရောက်၏။

ကိုအောင်သာဦးသည် အိမ်မကြီး၏ ဘေးဘက်က ကားဂိုဒေါင် တံခါးသည်လအနည်းငယ် ဟလျက် ပွင့်နေသည်ကို သတိထားကြည့်လိုက်မိသည်။

ဂိုဒေါင်ထဲ၌ ကားတစ်စီး ရပ်ထား၏။ ကားနောက်မြီးကို သူ မထင်မရှား မြင်တွေ့လိုက်ရသည်။

ကားကို မြင်ရပြီဆိုတော့ ဘာပဲပြောပြော၊ ဦးမာဒင် အိမ်ထဲမှာ ရှိနေလိမ့်မည်။
အိမ်ရှေ့ အဝင် တံခါးပေါက်၌ သစ်သား တံခါးအပြင်၊ သံဘာဂျာ တံခါးပါ တပ်ဆင်ထား၏။

သစ်သားတံခါးမှာ ပွင့်လျက်သား ရှိပေမယ့်၊ သံဘာဂျာတံခါးက ပိတ်ထား၍ အိမ်အတွင်းသို့ လှမ်းကြည့်လိုက်၏။

အဝင်စ ဧည့်ခန်းထဲ၌ လူတစ်ဦးတစ်ယောက်မျှ မတွေ့ရချေ။ အိမ်အနောက်ထဲ သို့မဟုတ် အိပ်ခန်းထဲများ ရောက်နေသလား မသိနိုင်။

စိတ်ထဲတွင် ” ဒီလူ ငါ လာမှာကို သိလျက်နဲ့ ထွက်မကြိုဘူး “ဟူ၍ ခပ်တင်းတင်း ဖြစ်သွားသည်။

ထိုအခိုက် အိမ်ထဲကို အာရုံစိုက်နေသော သူ၏ အနောက်မှာ လူတစ်ယောက် ရောက်နေသည်ဟု ခံစားမိ၍ လှည့်ကြည့်လိုက်သည်။

ဟင်! ခလေးမလေး ပါလား

ကိုအောင်သာဦး အံဩသွား၏။၁၁ နှစ် အရွယ် ကလေးမလေးသည် ဘယ်အချိန်က သူ၏ နောက်သို့ ရောက်နေသည်မသိ။ ဆံပင်မှာ နောက်ကျောလည်လောက်ထိ ရှည်လျားစွာ ဖားလျားချထားသည်။ကောင်မလေးသည် သူ့အား မရယ်မပြုံး ခပ်တည်တည်ဖြင့် ကြည့်နေ၏။

ကိုအောင်သာဦးက ကလေးမလေးကို ပြုံးပြရင်း ၊

” သမီးက ဦးမာဒင်ရဲ့ သမီး ထင်တယ်၊
ဦးက သမီးရဲ့ဖေဖေ ချိန်းထားလို့ လာတွေ့တဲ့ ရှေ့နေပါ။တဆိတ်လောက် သမီးရဲ့ ဖေဖေကို ခေါ်ပေးပါလားကွယ့်”

ကောင်မလေးက အင်းအဲ မလုပ်။သံဘာဂျာတံခါးကို လက်ညှိုးထိုးပြသည်။ကိုအောင်သာဦး သဘောပေါက်သွားသည်။

အင်း ဟုတ်လေသားပဲ ၊ သံဘာဂျာတံခါးကို ဒီကလေးမ ဘယ်ဖွင့်နိုင်မှာလဲ၊
ငါပဲ ဖွင့်လေမှ …

ကိုအောင်သာဦးသည် သံဘာဂျာ တံခါးကို ဘေးနှစ်ဖက်သို့ တွန်းဖွင့်လိုက်၏။

ကလေးမလေးသည် သူ့အား ဘေးမှ ကျော်၍ အိမ်ထဲသို့ အရင် ဝင်သွားလေ၏။
ကိုအောင်သာဦးလည်း ကလေးမလေး၏ နောက်မှ ကပ်လျက် ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။

ကိုအောင်သာဦးသည် သူ၏ အမူအကျင့်အတိုင်း လက်မှာ ပတ်ထားသော နာရီကို ကြည့်လိုက်သည်။

ညနေ ၆နာရီ ၂၀မိနစ်ပင် ရှိလေပြီ ဖြစ်သည်။ အပြင်ဘက်မှာ အလင်းရောင် အားလျော့နေလေပြီ။ အိမ်ကြီးထဲမှာတော့ လျှပ်စစ် မီးပန်းဆိုင်းကြီး ထွန်းထား၍ အခန်းတစ်ခုလုံးကို ကောင်းစွာ အလင်းရနေပါသည်။

ကိုအောင်သာဦးသည် ဧည့်ခန်းက ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး ၊ ယခုအချိန်ထိ သူ့အား စကားတစ်ခွန်းမှ မဆိုပဲ တုံဏိဘာဝေ လုပ်နေသော ကလေးမလေးအား လှမ်းပြောလိုက်သည်။

” သမီး ဖေဖေကို ခေါ်ပေးပါဦးကွယ် ၊ အလုပ်ကိစ္စလေးတွေ ပြောပြီးရင် ဦးလေး ပြန်ရမှာ နည်းနည်းဝေးလို့ပါ ”

ကောင်မလေးသည် သူ့အား တစ်ချက်မျှ ကြည့်၍ ခေါင်းကို ငြိမ့်ပြလေသလား ၊ သူ့ဘာသာ လှုပ်ခါလေသလား မသိ။

ဧည့်ခန်း၏ အနောက်ဘက်သို့ ထွက်သွားလေ၏။ ကိုအောင်သာဦးကတော့ ထွက်သွားသော ကောင်မလေး၏ ကျောပြင်ကို တစ်ချက်မျှကြည့်ရင်း ၊

” ဟူး ဘယ်လို ကလေးလေးပါလိမ့် ၊
စကားလည်း တစ်ခွန်းမှ မပြောဘူး ၊
အမူအယာက ဂျစ်ကန်ကန်နဲ့ ။ အင်းပေါ့လေ ၊ သူဌေးဦးမာဒင်ရဲ့ တစ်ဦးတည်းသော သမီးဆိုတော့ အလို လိုက်ခံထားရလို့ ခပ်ဆိုးဆိုးဖြစ်နေတာ နေမှာပါ ”

ဤအိမ်ကြီးသို့ ဦးမာဒင် ချိန်းဆိုစဉ်က
အိမ်အိုအိမ်ဟောင်းကြီးဟု သူ တွေးမိသေး၏။သို့ပေမယ့် ယခုလို ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ထဲကို ဝင်ကြည့်လေမှ ၊ အိမ်ကြီးသည် ခေတ်ဟောင်းလက်ရာဆိုပေမယ့် ယခုအချိန်ထိတိုင် သန့်ရှင်းခမ်းနားနေဆဲပါလားဟု အံဩနေမိသည်။

ကျွန်းသား လှေခါးကြီးမှာ ပေါလစ်ရောင် တဖိတ်ဖိတ် တောက်ပလျက် ရှိပြီး ၊ ကြမ်းခင်း ကျွန်းပတ်ကေးများမှာလည်း ချောမွတ်ဝင်းပြောင်နေလေ၏။

ဧည့်ခန်းထဲတွင် ဖုန်တစ်စက်မျှ မရှိ။ အမြဲတန်း သန့်ရှင်းထားပုံရသည်။ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသော ရှု့ခင်းပုံ ဆေးရေးပန်းချီကားကြီးသည်လည်း ထည်ဝါ ခန့်ညားလွန်းလှပေသည်။

ဟိုကြည့် သည်ကြည့် လုပ်ရင်း ကိုအောင်သာဦး၏ အကြည့်က မိသားစု ပန်းချီကားပုံ တစ်ခုဆီ၌ အကြည့်ရပ်တန့်သွားသည်။

ပန်းချီကားသည် ဦးမာဒင်တို့ မိသားစုပုံ ဖြစ်နေသောကြောင့်ပင်။ ဦးမာဒင်ကိုသာ သူ မြင်ဖူး၏။ ဦးမာဒင်၏ ဇနီးနှင့်သမီးပုံကို အခုမှသာ သူ မြင်ဖူးလေတော့သည်။သူ ခုနက တွေ့လိုက်ရသော ဆံပင်ရှည်နဲ့ ကောင်မလေးသည် ဓာတ်ပုံထဲ၌ နှစ်ခြိုက်စွာ ပြုံးနေ၏။အပြင်ဘက်မှာလို ခပ်တည်တည် မဟုတ်။

ပြီးတော့ ဓာတ်ပုံထဲက ဦးမာဒင်သည် အပြင်ကထက် နုငယ်နေသယောင်ပင်။ အခု ခေတ်စားနေသော ဖိုတိုရှော့ပညာရပ်များကြောင့် ဖြစ်လိမ့်မည်လား မပြောတတ်။

ဦးမာဒင်၏ ဇနီးသည် ဓာတ်ပုံထဲမှာတော့ အတော်ပင် ကျက်သရေရှိပြီး လှပသူ ဖြစ်လေ၏။ ဆံပင် အရှည်ကြီးမှာ ဒူးကောက်ကွေးလောက်ထိ ရှည်လျားစွာ ချထား၏။ ဆံပင်ရှည်လျားခြင်းကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားပုံရသည်။

ကိုအောင်သာဦး တစ်စုံတရာကို တွေးမိလေသောအခါ သူ၏ စိတ်သည် စနိုးစနှောင့် ဖြစ်သွား၏။

ညီဖြစ်သူ၏ အိမ်၌ ဦးမာဒင်၏ မိသားစုဓာတ်ပုံကို ဘယ်အချိန်ကတည်းက ချိတ်ဆွဲထားသလဲပေါ့။

ဦးမာဒင်တို့ မိသားစု ဓာတ်ပုံသည် အဘယ်ကြောင့် ဤအိမ်ကြီး၏ ဧည့်ခန်းမှာ ချိတ်ဆွဲထားရပါသနည်း။

ဤဓာတ်ပုံသည် သူ ထင်သလို ဦးမာဒင်၏ မိသားစု ဓာတ်ပုံရော ဟုတ်မှ ဟုတ်ရဲ့လားဟုလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ဓာတ်ပုံထဲက ကောင်မလေးကတော့ လုံးဝ မလွဲချေ။

ကိုအောင်သာဦးက သူ၏ ခေါင်းကို ခါရမ်းပစ်လိုက်ပြီး ၊

ငါကိုက အတွေးနက်နဲလွန်းနေတာပဲဟု ပြုံးလိုက်ပြီး၊ မကြာခင်မှာ ဦးမာဒင်က ဤအိမ်ကြီးကို အပြီးအပိုင် လွှဲပြောင်းရယူတော့မှာမို့ ၊ သူ့ မိသားစုဓာတ်ပုံကို ကြိုတင် ချိတ်ဆွဲထားခြင်းလည်း ဖြစ်နိုင်တာပဲဟုသာ ဖြေလျော့ တွေးလိုက်မိပါသည်။

သံသယအတွေးကို ဖယ်ရှားပြီးနောက် ၊ အခုချိန်ထိ အနောက်ထဲ ဝင်သွားသော ကလေးမလေး ကြာနေသည်ကို သတိပြုမိသွားပြန်၏။

ဦးမာဒင်ကို သွားခေါ်တာ ဘာလို့များ ကြာနေတာပါလိမ့်ဟု တွေးရင်း ကောင်မလေး ဝင်သွားသော အိမ်အနောက်ပိုင်းကို လှမ်းမျှော်ကြည့်မိသည်။

အလုပ်ကိစ္စနှင့် ပတ်သက်လျင် အချိန်ကို လေးစားသော ကိုအောင်သာဦးသည် စိတ်တိုလာ၏။ထို့ကြောင့် ထိုင်နေရာမှ ထကာ ဧည့်ခန်းအနောက်ထဲသို့ အသံပြုလိုက်သည်။

” ဗျို့ ဦးမာဒင် ၊ ကျနော် ရောက်နေပြီနော်။ အချိန် သိပ်မရလို့ မြန်မြန်လေး ထွက်လာခဲ့ပါလားခင်ဗျာ ”

အိမ်အနောက်ထဲမှ ဘာမှ ဖြေကြားသည့်အသံ မကြားရ။

သူ လှမ်းကြည့်သော အိမ်အနောက်ပိုင်းသည် ခပ်မှောင်မှောင် ရှိ၏။လျှပ်စစ်မီးလည်း ထွန်းမထားချေ။

ရှေ့နေကိုအောင်သာဦးသည် ဦးမာဒင်များ တစ်စုံတရာ ဖြစ်နေရော့လားဟု စိတ်ပူသွားသည်။

သူ၏ သားရေအိပ်ကို စားပွဲပေါ်တင်ထားခဲ့ပြီး ၊ ကောင်မလေး ဝင်သွားသော အိမ်ဧည့်ခန်း၏ အနောက်ထဲသို့ လိုက်ဝင်လာခဲ့လိုက်သည်။

သူ ထမင်းစားခန်း နှင့် မီးဖိုချောင် တွဲထားသည့် အခန်းသို့ ရောက်လာသည်။
မီးဖိုချောင်သည် မီးလုံးတစ်လုံးထွန်းထား၍ အလင်းရောင် ရှိ၏။

ထိုအခန်းထဲ၌လည်း တစ်စုံတစ်ဦးမျှ မရှိချေ။ သို့ပေမယ့် ထမင်းစားပွဲဝိုင်းပေါ်တွင် စားသောက်လက်စဟု ထင်ရသော ပေါင်မုန့်ကြက်ဥကြော်များ နှင့် ကော်ဖီ၃ခွက်ကို တွေ့ရသည်။

သူ ထိုစားပွဲဝိုင်းအနီးသို့ လျှောက်သွားပြီး ကော်ဖီခွက်များကို ကြည့်လိုက်သည်။ အပေါ်ရေ တင်းနေပြီး၊ အေးစက်နေသော ကော်ဖီခွက်ထဲ၌ ပိုးဟပ်တစ်ကောင် သေလျက် ရှိသည်။ကော်ဖီခွက်များမှာ လုံးဝ မသောက်ရသေးသော အနေအထား ဖြစ်၏။

ထို့အတူပဲ ပေါင်မုန့်ကြက်ဥကြော်များမှာလည်း ပုရွက်ဆိတ်များတက်နေ၏။အတော်ပင် ဟောင်းနွမ်းနေပြီ ဖြစ်သည်။မည်းချိတ်လျက် ရှိသည်။

ကိုအောင်သာဦး စားပွဲဝိုင်းပေါ်က အစားအစာများကို စိတ်ဝင်စားနေစဉ်မှာ သူ၏ နောက်ကျောဘက်မှ တစ်စုံတစ်ယောက် ဖြတ်လျှောက်သွားသော အနေအထားမျိုး ခံစားလိုက်ရသလို ၊ တရှပ်ရှပ် ဟူသော ခြေသံသဲ့သဲ့လေးကိုပါ သူ၏ နား၌ ကောင်းစွာ ကြားလိုက်ရလေ၏။

” ရှပ် ရှပ် ရှပ် ”

ရုတ်ချည်း သူ၏ ကိုယ်သည် အေးစက်သော အငွေ့အသက်ကို စတင် ခံစားလိုက်ရ၏ ။ ဘာရယ်ကြောင့်မသိ သူ ကျောမထဲက စိမ့်တက်လာသော အအေးဓာတ်ကြောင့် လက်နှစ်ဖက်လုံးက မွေးညင်းများ ထောင်လာကာ ကြက်သီးထသွားသည်။

သူ ချက်ချင်းပဲ လှည့်ကြည့်ပေမယ့် ခြေသံရှင်ကို မတွေ့ရသလို ၊ ခြေသံသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။

ကြောက်စိတ်ဖြစ်ပေါ်မိပေမယ့် သိလိုစိတ် ပြင်းပြစွာ ခြေသံထွက်ပေါ်ခဲ့သည်ဟု ထင်ရသော အိမ်အနောက်သို့ သူ သတိဖြင့် ဖြေးလေးစွာ လျှောက်လာခဲ့သည်။

“ဖြန်း ဖြန်း ဖြန်း ”

ရေကျသံဟု ထင်ရသည်။ တဖြန်းဖြန်းနှင့် အသံများထွက်ပေါ်နေ၏။

အနောက်ထဲမှာက ရေချိုးခန်း အိမ်သာအခန်းတစ်ခုသာ ကျန်တော့၏။ ရေချိုးခန်းတံခါးသည် လက်နှစ်လုံးစာလောက် ဟလျက် ပွင့်လျက်သားရှိသည်။

ထိုအခန်းထဲမှ ရေကျသံများ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။

” ဖြန်း ဖြန်း ဖြန်း ”

သူ တံခါးကို ဖွင့်ကြည့်လိုက်သည်။ ရေချိးခန်းထဲက ရေပန်းရှာဝါသည် ပွင့်လျက် ရေများ ပန်းထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။သို့သော် လူ မရှိချေ။

သူ ရေပန်းလက်ကိုင်ခလုပ်ကို သွား၍ ပိတ်လိုက်သည်။ရေပန်းခလုပ်သည် လိုတာထက် ပို၍ အေးစက်နေသလား အောက်မေ့ရသည်။ ရေခဲတုံး တစ်တုံးကို ထိတွေ့ရသလိုပင်။

ရေခလုပ်ကို ပိတ်လိုက်မှ ရေကျ ရပ်သွား၏။ ရေခလုပ်ကို ပိတ်ပြီးနောက် သူ ခေါင်းကို ခါရမ်းလိုက်ရင်း ၊

” အို ! ငါက ဧည့်သည်ပဲ ၊ အိမ်ရှင်ကို အသိမပေးပဲ ဒီအထိ ဝင်လာခဲ့မိတာတောင် လွန်လှပြီ ။ မဖြစ်သေးပါဘူး ။ ဧည့်ခန်းကပဲ သွားစောင့် နေတာကောင်းမယ်။ ဆယ့်လေးငါးမိနစ်နေလို့မှ ငါ့ကို ထွက်မတွေ့ရင် ပြန်လိုက်တော့မယ် ”

ရှေ့နေ ကိုအောင်သာဦးသည် ထိုသို့ တွေးရင်း အိမ်၏ အရှေ့ပိုင်း ဧည့်ခန်းရှိရာသို့ ပြန်လာခဲ့သည်။

သူ ဧည့်ခန်းထဲသို့ စဝင်လိုက်သည့်အခါမှာတော့ အံဩသွားရသည်။ ဧည့်ခန်းထဲရှိ ထိုင်ခုံများ၌ ဦးမာဒင်တို့ မိသားစု ၃ဦးလုံးသည် သူ့အား ထိုင်လျက်သား ခပ်တောင့်တောင့်ကြီးတွေ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။

သူပဲ အမြင်မှားလေသလား သို့မဟုတ် အမှတ်မှားနေသလား မသိ။ ခုနက ဧည့်ခန်းအပေါ်က မီးဆိုင်းကြီးသည် အလင်းကောင်းစွာ ရသော အဖြူရောင်ဖြစ်ပြီး၊ ယခုအခါ၌ မီးဆိုင်းသည် ဝါကျင်ကျင်ဖြင့် အလင်းရောင် ဖျော့တော့လွန်းနေ၏။

သို့သော် မျက်လုံးကောင်းသူ သူ့အတွက် ဦးမာဒင်တို့ မိသားစုအား သဲကွဲစွာ မြင်ရပါလေ၏။

မီးရောင် ခပ်ဖျော့ဖျော့မှာ ၎င်းတို့ မိသားစု၏ မျက်နှာများမှာ ဖွေးဆွတ်ဆွတ် နိုင်လှသည်။ သွေးမရှိသော မျက်နှာများကဲ့သို့ ဖွေးနေခြင်းပင်။

ကိုအောင်သာဦးသည် ထိုမိသားစုနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး၊ စကား စပြောလိုက်သည်။

” ဟာဗျာ ဦးမာဒင်တို့ကလည်း ၊ ကျနော်ဖြင့် ခင်များကို စောင့်ရတာ စိတ်မရှည်လို့ အိမ်အနောက်ထဲ ဝင်ကြည့်မိသေးတယ်။ ရေချိုးခန်းက ရေပန်းကြီးကလည်း ပွင့်လျက်သားကြီးဗျာ ၊ အဲဒါနဲ့ ကျုပ် ပိတ်ပေးထားခဲ့ရသေး … သေး ”

” ဖြန်း ဖြန်း ဖြန်း ”

ကိုအောင်သာဦး၏ စကားပင် မဆုံးသေးချေ။ အိမ်အနောက်ထဲက ရေပန်းမှ ရေများ သန်စွာ ပန်းထွက်နေသော အသံက တဖန် ပြန်လည် ထွက်ပေါ်လာပြန်၏။ကိုအောင်သာဦးသည် အံဩစွာဖြင့် ဦးမာဒင်အား လှမ်းကြည့်လိုက်၏။

ထိုအခါ မျက်နှာချင်းဆိုင်က ဦးမာဒင်ထံမှ အလွန် နှေးကွေး လေးလံသော အသံဖြင့် ၊

” ဒီ လို ပဲ ၊ အဲ ဒီ ရေ ပန်း ခ လုပ် က ပျက် နေ တာ ကြာ ပြီ လေ၊ ပြင် မယ့် သူ ခေါ် ထား တာ ၊ မ လာ ဘူး ”

ဦးမာဒင်က ထို့သို့ ပြောလိုက်ပြီးသည့်အခါ ထူးဆန်းစွာ ရေပန်းသံသည် တိကနဲ ရပ်တန့်သွားပြန်၏။

သူ ထိုကိစ္စကို ဆက်မပြောတော့ပဲ၊ လုပ်ရမည့် အလုပ်ကိစ္စကို စတင်ရန် ပြင်လိုက်တော့သည်။

ကိုအောင်သာဦးသည် စားပွဲပေါ်က သားရေအိတ်လေးကို သူ့ဘက် ဆွဲယူ၍ အိတ်ဇစ်ကို ဖွင့်ကာ အရန်သင့်ယူလာသော စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

” လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံအောင် ကျနော် ကွန်ပျူတာ စာစီပြီး
ယူလာခဲ့တယ်။ အားလုံး တရားဝင် ဖြစ်အောင် ဆက်လုပ်ကြရုံပါပဲ ။ ဦးမာဒင် တစ်ချက်လောက် စစ်ကြည့်ပါအုံး ”

ကိုအောင်သာဦး၏ နောက်ဆုံးစကားလုံး ဖြစ်သော ‘ ဦးမာဒင် တစ်ချက်လောက် စစ်ကြည့်ပါအုံး ‘ ဟူသော စကားရပ် အဆုံး၌ သူ့ ရှေ့၌ ထိုင်လျက်ရှိသော မိသားစု ၃ဦးသည် မျက်စိမျက်နှာများ ထူးခြားစွာ ပျက်ယွင်းသွားကြသည်။

သူတို့ မိသားစု ၃ဦးသည် ရှေ့နေ ကိုအောင်သာဦး နားမလည်နိုင်သော အကြည့်မျိုးဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်နေကြပြန်သည်။ပြီးလေမှ ကိုအောင်သာဦးထံမှ စာရွက်စာတမ်းများကို ယူ၍ ဖတ်ကြည့်ကြသည်။

ထိုသို့ ဖတ်ရှု့ရာမှာလည်း မိသားစု ၃ဦးလုံးသည် စာပါ အကြောင်းအရာများကို သိချင်လိုစိတ်ပြင်းပြစွာဖြင့် အတင်းတိုးဝှေ့ ဖတ်နေကြခြင်းပင်။

စာရွက်ထဲပါသည့် အကြောင်းအရာများမှာ တခြားမဟုတ် သေဆုံးသွားသူ ဦးကျော်ဒင် ထံမှ ဤအိမ်နှင့်ခြံကြီးကို အမွေဆက်ခံသူ အဖြစ် ဦးမာဒင်က လက်ခံရရှိပြီး ၊ခြံနှင့်အိမ်ကို ဦးမာဒင်၏ အမည်
ပြောင်းလွဲခွင့်ပြုရန် သက်ဆိုင်ရာသို့ ခွင့်တောင်းခံထားသည့် အချက်အလက်များ ဖြစ်သည်။

စာပါအချက်အလက်များကို ဖတ်နေရင်း သူ့ ရှေ့က ၃ယောက်သည် ထူးခြားစွာ ဒေါသ ထွက်လာကြသည်။

စာရွက်ကို ကိုင်ထားသော ဦးမာဒင်၏ လက်သည် တုန်ရင်လာ၏။ သူ သတိထားကြည့်မိသော ဖြူလျော်လျော် မျက်နှာများသည် တဖြေးဖြေး ပြောင်းလဲသွားကြသည်။

အညိုအမည်း အကွက်များသည် ဖွေးထေးထေး ပါးပြင်တစ်ဝိုက်မှာ၎င်း၊ နဖူးပြင် နေရာအချို့မှာ၎င်း အဆုပ်လိုက် အကွက်လိုက် ပေါ်လာကြပြီး ၊ မျက်လုံးများက မီးကျီခဲတမျှ နီရဲလာကြသည်။

ဦးမာဒင်တို့ မိသားစု ၃ဦးလုံးသည် ရှေ့နေ ကိုအောင်သာဦးအား မလိုလားဟန် ၊ မုန်းတီးရွံရှာဟန်ဖြင့် ကြည့်လာကြသည်။

သူတို့ ၃ဦးထံမှ တူညီသော စကားရပ်တစ်ခု ခြောက်ကပ်အက်ကွဲစွာ စူးခြစ်ခြစ်ကြီး ထွက်ပေါ်လာပါသည်။

” ငါတို့အိမ်ကို ဘယ်သူ့မှ မပေးနိုင်ဘူး ! မင်း အခု ထွက်သွား ”

ကိုအောင်သာဦးသည် ဦးမာဒင်တို့၏ ကြောက်မက်ဖွယ်ရာ မျက်နှာဆိုးကြီးများကို မြင်လိုက်ရသောအခါ အလွန်တရာ ထိတ်လန့်သွားပြီး ၊ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်မိသည်။

” ဟာ! ခင်ဗျား ခင်ဗျားတို့ …”

ကိုအောင်သာဦးသည် ကြောက်စိတ်ကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားပြီ။ ကမူးရှုးထိုး အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလေ၏။

” ဝုန်း ”

သို့သော် နောက်ကျသွားလေပြီ။ တံခါးနှစ်ချပ်သည်သည် ရုတ်တရက်ကြီး သူ့အလိုလို ဝုန်းကနဲ စေ့ပိတ်သွားသည်။

ကိုအောင်သာဦးသည် တံခါးကို ပွင့်လို့ပွင့်ငြား အတင်းရိုက်နှက်ထုကန် ဖွင့်လေ၏။သို့သော် တံခါးသည် ပွင့်မလာချေ။တံခါးဖွင့်မရတော့ သူ ပို၍ စိတ်ဓာတ်တွေ ပျက်ပြားအားငယ်လာတော့သည်။

နောက်ဆုံး၌ သူ နောက်ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်၏။ သူ့မျက်နှာ အနီးထိတိုင် တိုးကပ်ရောက်လာကြသော သရဲ ၃ကောင်၏ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးများကိုသာ နောက်ဆုံးမြင်တွေ့လိုက်ရလေတော့သည်။

” အား! ..”

………………….
၂။

ဆေးရုံတစ်ခု၏ အခန်းတစ်ခုဝယ် ၊ ရှေ့နေလေး ကိုအောင်သာဦးကို မြင်တွေ့ရမည်။လူနာမေး လာသမျှသူ အားလုံးသည် စုပ် တသပ်သပ် ရှိကြသည်။

ဟိုယခင်က အချိန်ကို အလွန်လေးစားသော ၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသော ၊ အောင်မြင်တက်ကြွသော ရှေ့နေလေးသည် ယခုအခါ သူရူး တစ်ယောက်ပမာ ကုတင်ခြေရင်း၌ ကုပ်ချောင်းချောင်းနှင့် ပါးစပ်က’ ကြောက်ပါပြီ ကြောက်ပါပြီဗျ ‘ ဟူ၍ တစ်မျိုး ‘ ရေတွေ ရေတွေ သရဲတွေ သရဲတွေ ‘ ဟူ၍ တစ်ဖုံသာ သောင်စဉ်ရေမရ တစ်ယောက်တည်း ရေရွတ်နေလေတော့သည်။

ရှေ့နေလေးကို ဆေးရုံပေါ်တင်ပေးခဲ့သူ ဦးမာဒင်က ပြောပြသည်ကတော့..၊

” ရှေ့နေ ကိုအောင်သာဦးနဲ့ တွေ့ဖို့ ၊ အဲဒီ အိမ်ကြီးမှာ ကျနော် ချိန်းထားခဲ့တာ၊
ကျနော့်ကားက လမ်းမှာ ပျက်နေလို့ ဝပ်ရှော့ဆရာဆီ ဖုန်းဆက်ပြီး လာပြင်ခိုင်းနေရတာနဲ့ ကြာသွားတယ်။ ကျနော့်ကား ပြင်ပြီးလို့ အဲ့ဒီအိမ်ကြီးကို ရောက်သွားတဲ့အခါ ရှေ့နေ ကိုအောင်သာဦးက အိမ်အောက်ထပ် ကြမ်းပြင်မှာ သတိလစ် မေ့မျောနေပြီ ၊ ဒါနဲ့ ကျနော်လည်း သူ့ကို ကားပေါ် ပွေ့တင်ပြီး ဆေးရုံ ပို့ပေးခဲ့တာပါ ”

ဦးမာဒင်က ထိုအိမ်ကြီးအောက်ထပ်တွင် အမွေဆက်ခံ လွှဲပြောင်းမည့် စာရွက်စာတမ်းများ ထူးခြားစွာ လုံးခြေ ထားခြင်းခံရသည်ကို ထိန်ချန်ထားသည်သာမက ၊ သူ ထိုအိမ်ကြီးသို့ ရောက်သည့်အခါ အိမ်အနောက်ထဲက ရေချိုးခန်း၌ ရေများ ကြမ်းပေါ် အိုင်ထွန်းနေသည်အထိ ရေပန်းမှ ရေများပန်းထွက်နေသည်ကိုလည်း မည်သူ့ကိုမျှ မပြောပြတော့ပေ။

တာဝန်ရှိသူများက ထိုအိမ်ကြီးကို သွားရောက် စစ်ဆေး လေ့လာသည့်အခါ ၊ ဧည့်ခန်းနံရံ၌ ချိတ်ဆွဲထားသော ဓာတ်ပုံကို လက်ညှိုးထိုးမေးကြသည်။

” ဒီဓာတ်ပုံထဲက မိသားစုတွေက ဘယ်သူတွေလဲဗျ ”

ဦးးမာဒင်က ဓာတ်ပုံကို ဆွေးဆွေးမြေ့မြေ့ ကြည့်ကာ၊

” အဲ့ဒီဓာတ်ပုံက ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားကြတဲ့ ကျနော့်ညီ ကျော်ဒင်တို့ မိသားစု ဓာတ်ပုံပါ ၊ ကျနော်နဲ့ ကျနော့်ညီ ကျော်ဒင်က အမြွှာညီအစ်ကိုတွေဆိုတော့ ရုပ်ချင်းက ဆင်တူကြတယ်လေ၊ ချွတ်စွပ် တူတာတော့ မဟုတ်ပါဘူး ၊ ရင်းနှီးသူတွေကတော့ ခွဲခြားတတ်ကြပါတယ် ၊ ကျော်ဒင့်မျက်နှာကနုပျိုတယ် ၊ ကျနော်က သူ့လို မဟုတ်ဘူး နည်းနည်း ရင့်ထော်တယ်ဗျ ”

ဦးမာဒင်က ဆက်ပြော၏။

” ကျနော်တို့ ညီအစ်ကို အမွေခွဲကြတော့
ကျော်ဒင်က ဒီအိမ်ကြီးကို သူပဲ ဇွတ်အတင်း ယူမယ်ပြောတော့ ကျနော်နဲ့ စကားများကြရသေးတယ်။ နောက်တော့ ကျနော်က အကြီးဆိုတော့ အလျော့ပေးပြီး ဒီအိမ်ကြီးကို သူ့ ပေးလိုက်ပါတယ်။
အမှန်က အဖွားက သူ မကွယ်လွန်ခင်မှာ ဒီအိမ်နဲ့ခြံကို ကျနော့်ကိုပေးတာ ၊ စာချုပ်စာတမ်းနဲ့ ပေးတာတော့မဟုတ်ပါဘူး ၊ မိသားစုအားလုံးရှေ့မှာ အဖွားက အတိအလင်း စကားနဲ့ ပြောပေးခဲ့တာ ။
ကျော်ဒင်က ငယ်လေးကတည်းက တဇွတ်ထိုး ၊ သူ ရချင်တာဆို ရကို ရမှ ။ မရရင် သိပ်အမျက်ကြီးတတ်တာမျိုး ”

ထိုအိမ်ကြီးနှင့်တွဲလျက် ကားဂိုဒေါင်က ကားသည် ဦးမာဒင်တို့ အဖေအမေများလက်ထက်က ရှေးဟောင်းမော်ဒယ် ကားဖြစ်သည်။ မိဘအမွေအနှစ်မို့ မရောင်းရက်၍ ဒီအတိုင်း ထားရသည်ဟု ဆို၏။

ဦးမာဒင် ပြောနေသည်က ညီဖြစ်သူ ဦးကျော်ဒင်သည် အလွန်အတ္တကြီးသူ ၊ အစွဲအလန်းကြီးသူ တစ်ယောက်ဟု ဆိုနေသယောင်။

စပ်စပ်စုစု စုံစမ်းကြည့်လေတော့ ရှေ့နေလေး ကိုအောင်သာဦးအရင်က အကျိုးဆောင် ရှေ့နေ၂ဦးသည်လည်း ထို့နည်းတူစွာ ခြောက်လှန့်ခံရပါသည်တဲ့။

ကိုအောင်သာဦးလိုတော့ သရဲများက ကိုယ်ထင်ပြခြင်း မရှိခဲ့၍ ထွက်ပြေးရုံသာ ဖြစ်ခဲ့သည်။

အခု နောက်ဆုံး ကိုအောင်သာဦးအား ခြောက်လှန့်ခြင်းသည် ရှေးယခင်ကထက် ပိုမိုဆိုးရွားလာခြင်းသာ။

အိမ်ပိုင်ရှင်အသစ် ဦးမာဒင်သည် ထိုအိမ်ကြီး၌ နှစ်ကြိမ် သုံးကြိမ်မက ပရိတ်တရား ရွတ်ဖတ်ခြင်း ၊ ကုသိုလ်ကောင်းမှု ပြု၍ ညီဖြစ်သူ ကိုကျော်ဒင်တို့ မိသားစုအား ကုသိုလ်အမျှ ပေးဝေပါ၏။

သို့သော် အကုသိုလ်တရား ကြီးလွန်းသော ပေတလောကသားများသည် ဒေါသ လောဘ မောဟတွေ ဖုံးလွှမ်းနေသမျှ မည်သည့်ကုသိုလ် အမျှကိုမှ မရကြချေ။မယူနိုင်ကြချေ။ လွဲဖယ်သွားတတ်ကြသည်။

ကုသိုလ်အမျှ ကို ၎င်းတို့သည် မခံယူကြသည်လား သို့တည်းမဟုတ် မရကြသည်လားဆိုတော့ သူတို့မှပင် သိနိုင်ကြလေမည်။

ထို့ကြောင့်ပင် ရှေးလူကြီးသူမများက ဆိုခဲ့ကြသည်။ ‘အမွေဆိုတာ ထိုက်မှ ခံယူတတ်တာမျိုး ‘ ဆိုသည့်စကား လွန်စွာမှ မှန်လေစွ ။

အမွေဆိုသည်မှာ ဇွတ်အတင်း ရယူပါသောလည်း မခံစား မစံစားထိုက်ပါက ကြောက်စရာ အလွန်ကောင်းသော အဆိပ်အတောက် တစ်ခုသာ ဖြစ်ကြောင်း သတိချပ်သင့်ပေ၏။

ပြီးပါပြီ

ပီပီ (မန္တလေး)
လေးစားစွာဖြင့်