တတိယမျက်လုံး

ပြုံးပြုံးရယ်ရယ်ပဲကွ
သူကြီးကိုနှုတ်ဆတ်တာ ပြီးတော့ ပြောသကွ
” သူကြီး ကြားဖူးလား
ဒီထနောင်းကုန်းမှာ ကလေးတစ်ယောက် နွားကျောင်းရင်
ပျောက်သွားတယ် ဆိုတာလေ”
သူကြီးက မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ စဉ်းစားတယ်
ကွ ပြီးတော့မှ……
“ကျုပ်အဘ သူကြီး ဦးဘိုးဆင် မသေခင်ကတော့တစ်ခါ ပြော
ဖူးတယ်ဗျ။ သူနဲ့ကစားဖက် သူငယ်ချင်း မောင်ထိန်ဆိုတာ
သူနဲ့ အသက်အတူတူတဲ့။ ဆယ်နှစ် ဆယ့်တစ်နှစ်သား
လောက်ပဲ ရှိသေးတာတဲ့ တောစပ်မှာ နွားကျောင်းသွားရင်း
ပျောက်သွားတာ ဘယ်မှကို အစရှာမရတော့ဘူးတဲ့”
” ဟား ဟား ဟား ဟား အေး အေး ဟုတ်ပြီ ဟုတ်ပြီ
သူကြီးမင်းရဲ့အဘ မောင်ဆင်နဲ့ ကစားဖက် သူငယ်ချင်း
နွားကျောင်းရင်း ပျောက်သွားတဲ့ မောင်ထိန် ဆိုတာ ကျုပ်ပဲဗျ”
” ဗျာ”
“သူကြီးက ပါးစပ်ကြီးဟပြီး ဗျာ လို့ တစ်ခွန်းပဲ ပြောပြီး
အဲဒီ့ဘိုးတော်ကြီးကို ကြောင်ပြီး ကြည့်နေရောဟေ့။ မင်းပဲ
စဉ်းစားကြည့်လေ တာတေရာ သူကြီးရဲ့အဖေ သူကြီး
ဦးဘိုးဆင်ကြီး ဆုံးတာပဲ အနှစ်သုံးဆယ်လောက်ရှိပြီပဲဟာ။
ဆုံးတော့ဖြင့်အသက် ရှစ်ဆယ်ရှိပြီလေကွာ။ ဒီတော့ သူကြီး
ဦးဆင် အခုရှိနေရင်တောင် အသက်တစ်ရာ့တစ်ဆယ်လောက်
ရှိမှာပေါ့ကွ။ တို့သူကြီး ဦးဘိုးထင်တောင် ခုနစ်ဆယ်ထဲမှာကွ”
” အင်း……ကိုဆယ် ပြောသလိုဆိုရင် အခုလာတဲ့ဘိုးတော်ကြီး
က သူကြီးအဘ ဦးဘိုးဆင်ရဲ့ ကစားဖက် သူငယ်ချင်းဆိုတော့
အသက် တစ်ရာ့တစ်ဆယ့်လောက် ရှိပြီပေါ့ ။နို့ ကိုဆယ်
ကိုယ်တိုင်သူ့ကို သူကြီးအိမ် လိုက်ပို့တာဆိုတော့
ကိုဆယ် စိတ်ထင်အသက်ဘယ်လောက်မှန်းတုံး
ဒီဘိုးတော်ကြီးက ဘယ်လိုပုံစံတုံး ဗျ တော်တော်ကို
အိုမင်းနေပြီလား”
“ဟာ ဘယ်က အိုရမှာတုံး တာတေရ ၊ ငါ့စိတ်ထင်အသက်
ငါးဆယ်လောက်ပဲ ရှိမယ်ထင်တာ လျှောက်လိုက်တာများ
သွက်သွက် သွက်သွက် ဖြစ်နေတာ။ ဆံပင်လည်း တစ်ချောင်း
မှ မဖြူဘူးကွ သွားလည်း တစ်ချောင်းမှ မကျိုးဘူး။ မျက်စိလည်း
မမှုန်ဘူး အသားအရေကလည်း စိုပြေပြီး တင်းရင်းနေတာကွ”
“ဟင် ဟုတ်လား ထူးတော့ ထူးဆန်းတာပဲဗျ”
“အေး အေး ဒါကြောင့် အတွေ့အကြုံ ဗဟုသုတများတဲ့
တာတေကို သွားခေါ် ဆိုပြီး သူ့ကြီးက ငါ့ကို တိုးတိုးပြောပြီး
လွှတ်လိုက်တာကွ။ သူ့ကြီးလည်း အဒီဘိုးတော်ကို ဘယ်လို
ခေါ်ရပြောရမှန်းတောင် မသိဘူးဖြစ်နေတာကွ ၊ဘိုးတော်
ကြီးပြောသလိုဆိုရင် သူ့အဖေရဲ့ သူငယ်ချင်းလေကွာ ။
ဘကြီးတို့ ဘဒွေးတို့ ခေါ်ရမှပေါ့ကွ အရွယ်ကြည့်လိုက်တော့
လည်း သူ့ထက်တောင်ငယ်ပုံငယ်ပန်း
ဖြစ်နေတော့ ဘကြီးခေါ်ဖို့ကလည်း ခက်နေရော ပေါ့ကွ”
“ဒါဆိုရင် သူကြီးက အဲဒီဘိုးတော်ကြီးကို ဘယ်လိုခေါ်တုံးဗျ”
” အောင်မယ် တို့သူကြီးကလည်း လူပါးပဲကွ ဘကြီးလို့လဲ
မခေါ်ဘူး ဘဒွေးလိုလည်း မခေါ်ဘူး
ဆရာကြီးလို့ပဲခေါ်သကွ”
“ဟား ဟား သူကြီးကလည်း အခေါ်အဝေါ် ပါးနပ်သားပဲဗျ
ကဲ ကဲ လာ ကျုပ်လိုက်ခဲ့မယ်”….
“ကျုပ် သူကြီးအိမ်ရောက်တော့ သူကြီးက ကျုပ်ကို ခရီးဦးကြိုပြု
တယ်ဗျ”
“ဟကောင် တာတေ လာဟ ဒီမှာထိုင်”
ကျုပ်ကလည်း သူကြီးပြတဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်။
ကျုပ်ထိုင်လိုက်တာနဲ့ ဦးဘိုးထိန်က ကျုပ်ကို သေသေချာချာ
စိုက်ကြည့်တယ်ဗျ ။ ခဏနေတော့ ပြောသဗျ
” လူကလေးနာမည်က တာတေတဲ့လားကွဲ့ ”
“ဟုတ်ပါတယ် ဘိုး ကျုပ်နာမည် တာတေပါ”
” မောင်တာတေက လူထူးလေးပဲကွယ့် မင်းအဘက
ကိုဥာဏ်မို့လား မင်းအမေက ငွေစိန် ထင်တယ်”
“ဗျာ ဟုတ် ဟုတ်ပါတယ် ဘိုး ကျုပ်မိဘတွေကို ဘိုး သိလို့လား
အရင်တုန်းကတော့ မသိပါဘူးကွယ် အခုမှ သိတာပါ။
မောင်တာတေရဲ့ ဘေးမှာ ဖြာထွက်နေတဲ့ အရောင်တွေကို
ကြည့်ပြီး အာရုံခံကြည့်လို့သိတာပါ”
“ဗျာ ကျုပ်ကိုယ်က အရောင်တွေ့ ဖြာနေလို့လား ကျုပ်တော့
မမြင်ပါလား ဘိုးရဲ့”
” လူတိုင်းမှာ အရောင်တွေ ဖြာထွက်နေတာပဲ မောင်တာတေ
ရဲ့ သာမန်လူအဖို့တော့ ဒါတွေကို မြင်နိုင်စွမ်းဘယ်ရှိမှာတုံးကွဲ့”
“ဟင် ဒါဆိုရင် ဘယ်လိုလူတွေမှ မြင်ရတညတုံး ဘိုးရဲ့”
“တတိယမျက်လုံး ဖွင့်ထားတဲ့လူမှ မြင်ရတာကွဲ့”
“ဗျာ တတိယမျက်လုံးဟုတ်လား ဘိုး၊ ဟာ ဘိုးကလည်း
လူမှာ မျက်လုံးနှစ်လုံးပဲရှိတာ
တတိယမျက်လုံးဘယ်ပါလို့တုံးဗျ ”
” တတိယမျက်လုံးဆိုတာ တင်စားပြီးတော့ ခေါ်တာပါကွယ် ။
တချိုကလည်းဒိဗ္ဗစက္ခုလို့ ခေါ်ကြတယ်။ တချိုကတော့ဒါကို
နတ်မျက်စိလို့ ခေါ်ကြတယ်ကွဲ့”
” ဟင် ဒါဆိုရင် ဘိုးက တတိယမျက်လုံးဖွင့်ပြီးသားလား ဘိုး”
သျှောင်ထုံးကြီးနဲ့ အဘိုးထိန်ဆိုတဲ့ အဘိုးကြီးက ကျုပ်အမေးကို
ပါးစပ်နဲ့ မဖြေတော့ဘဲ ခေါင်းပဲ ညိတ်ပြလိုက်တယ်။
“မောင်တာတေ နားထောင် အဘိုး ပြောမယ်။
မောင်တာတေဟာ တစ်ဦးတည်းသော သားတစ်ယောက်ပဲ
အရွယ်နဲ့မမျှအောင်ကို ဗဟုသုတပညာတွေ စုံလှပေတယ်။
ရှေ့လျှောက်ပြီး ဒါထက် ကြုံရ တွေ့ရလိမ့်ဦးမယ်ကွယ့် ။
နောင်ကျရင် မင်းဒီအရပ်မှာ နေရမှာ မဟုတ်ဘူး။
မြို့ကြီးပြကြီးမှာနေရလိမ့်မယ်”
အဘိုးထိန်က စကားရပ်လိုက်တယ်။
” အဘိုး အဘိုးပြောတဲ့ တတိယမျက်လုံးဆိုတာကို
ဘယ်လိုများ ဖွင့်လိုက်တာတုံး အဘိုးရ”
“အင်း……မောင်တာတေကတော့ ကျုပ်တို့နဲ့အတော်ကလေး
နီးစပ်တာကလား။ မောင်တာတေ သိချင်ရင် ပြောပြရတာ
ပလေ။ဒီလို မောင်တာတေရဲ့ ထနောင်းကုန်း နောက်ဘက်
တောစပ်ကစားကျက်ကွင်းကြီးတွေမှာ ကျုပ်က နွားသွားသွားပြီး
ကျောင်းနေကြကွယ့်။ ဒီတုန်းက ကျုပ်အသက်က ဆယ့်နှစ်နှစ်
ထဲဝင်ကာစပဲ ရှိသေးတာ။ ကျုပ်တို့နွားက
သုံးကောင် ကျုပ်ဒွေးလေးတို့နွားက နှစ်ကောင် စုစုပေါင်း
ငါးကောင်ကို ကျုပ်က စားကျက်ကွင်းမှာ သွားပြီးကျောင်းတာ
ကွယ့်။တစ်ရက်ကျတော့ ကျုပ်က ထမင်းထုပ်ကလေးဖြည်
စားပြီးဗိုက်လေးလေးနဲ့ မန်းကျည်းပင်ကြီးအောက်မှာ
အိပ်ပျော်နေတာပေါ့ကွယ့်
” ဟေ့ ကလေး ထ ထ”
ဆိုပြီး ကျုပ်ကိုလှုပ်နှိုးတဲ့အသံ ကျုပ်နားထဲမှာ ကြားလိုက်ရတာ
ကွယ့်။ ဒါနဲ့ ကျုပ်လည်း နိုးသွားပြီး ထထိုင်လိုက်
တယ်။ ဘုန်းကြီးနှစ်ပါးကွယ့် တစ်ပါးက ဗမာရုပ်ရည်နဲ့ နောက်
တစ်ပါးက ထွားထွားကြီး ဗမာနဲ့ မတူဘူး။
ဘန့်ဘွေးကုန်းက ကုန်စုံရောင်းတဲ့ တရုတ်ပုံစံမျိုး။
အဲဒီဘုန်းကြီးက ဗမာစကားမတတ်ဘူး။
တရုတ်လိုလိုဘုန်းကြီးက ဗမာဘုန်းကြီးကို မေးတယ်။
ဘာမေးတာတုံး ကျုပ်က မသိဘူး။ ဗမာဘုန်းကြီးက
ဗမာလိုပဲပြန်ပြောတယ်
” ဟုတ်တယ်ဘုရား ဒီကလေးပဲ”
ကျုပ်စိတ်ထင်တော့ သူတို့နှစ်ပါးက ကိုယ့်ဘာသာနဲ့ကိုယ်
ပြောနေကြပေမယ့် ဘာပြောတယ်ဆိုတာ နှစ်ပါးစလုံးရဲ့
စိတ်ထဲမှာနားလည့်ကြပုံပဲကွယ်

“ကလေး မင်းနာမည်က မောင်ထိန်မို့လား”
ကျုပ်က လက်အုပ်ကလေးချီပြီး ပြန်လျှောက်လိုက်တယ်။
” ဟုတ်ပါတယ်ဘုရား”
” မင်းမှာ မိဘတွေ ရှိသေးလားကွယ့်”
“တပည့်တော် ငယ်ငယ်ကလေးကတည်းက မိဘတွေ
ဆုံးသွားကြပါတယ်ဘုရား။ တပည့်တော်ဘထွေးအိမ်မှာ
နေရတာပါ”
“သြော် အေး အေး နေဦးကွ မောင်ထိန် မင်း အိပ်ရာကနိုး
တော့ ဆာနေမှာပေါ့ ရော့ ဒီငှတ်ပျောသီး စားလိုက်”
ကျုပ်ကို ဗမာဘုန်းကြီးက ငှတ်ပျောသီးကြီးတစ်လုံး
လှမ်းပေးတယ်။ ကျုပ်က ရှိရှိသေသေ လှမ်းယူပြီး အခွံခွာလိုက်
တယ်။ ငှတ်ပျောသီးက အဝါရောင် မဟုတ်ဘူးကွ။ ရွှေရောင်
အထဲက ငှတ်ပျောသီးအသားကလည်း ရွှေရောင်ပဲ။
ဒီငှက်ပျောသီးကို တရုတ်လိုလို ဘုန်းကြီးက ဗမာဘုန်းကြီးကို
လှမ်းပေးလိုက်တာ။ အနံ့ကလည်း မွှေးလိုက်တာ မပြောပါနဲ့
တော့ကွယ်။
” စား မောင်ထိန် စား”
လို့ ဗမာဘုန်းကြီးက ပြောတော့ ကျုပ်ကလည်း အားရပါးရ
စားတော့တာပေါ့ကွယ်။ ငှက်ပျောသီး စားပြီးတာနဲ့ ဗိုက်ကို
တင်းသွားတာကွယ့်။ ကျုပ် ငှက်ပျောသီး စားပြီးတာနဲ့
ဗမာဘုန်းကြီးက ပြောတော့တာကွ။
“မောင်ထိန် မင်းကို ငါတို့ လာခေါ်တာကွ မင်း ငါတို့နဲ့လိုက်ခဲ့ရ
မယ်။ မင်းမှာ လုပ်စရာတစ်ခု ကျန်နေသေးတယ်။
အဲဒါက လူတွေရဲ့ အနာဂတ်ကို ဟောပြောပြီး လမ်းတည့်ပေး
ဖို့နဲ့လူတွေရဲ့အသက်ကို ဆေးကုပြီး ကယ်ဖို့ပဲကွ ။
အဲဒါ မင်းလုပ်မှဖြစ်မယ်။ မင်းကို အဲဒီပညာတွေ သင်ပေးဖို့ ငါ
တို့လာခေါ်တာကွ မောင်ထိန်ရ”
” အဲဒီအချိန်မှာ ကျုပ် ဘယ်လိုဖြစ်တယ် မသိဘူးကွယ့်
မောင်တာတေရဲ့။ ရွှေရောင်ငှက်ပျောသီးကြီးကို စားလိုက်မိ
လို့လားတော့ မပြောတတ်ဘူး။ ငြင်းကို မငြင်းနိုင်တာကွယ့်။
“မှန်ပါဘုရား လိုက်ခဲ့ပါမယ်”
လို့ပဲပြောပြီး ချက်ချင်းထလိုက်သွားတာ။ ကျုပ်ကျောင်းနေတဲ့
နွားငါးကောင်ကိုလည်း ဘာမှမစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ
ထားပစ်ခဲ့တယ်
” အဘိုးကို ဘယ်နေရာ ခေါ်သွားကြတာတုံးဗျ”
ကျုပ်ဆိုတဲ့ကောင်ကလည်း လွှတ်စပ်စုတဲ့ကောင်လေဗျာ။
” ကျုပ်ပြောရင် မောင်တာတေ ယုံမှာ မဟုတ်ဘူးကွယ့်”
“ကျုပ် ယုံပါတယ် အဘိုးရဲ့”
“အေး ဒါဆိုရင်လည်း ပြောရတော့မပေါ့ကွယ် ။ကျုပ်ကို
ဗမာဘုန်းကြီးက လက်ဆွဲပြီး ခေါ်သွားတာ။ တရုတ်လိုလို
ဘုန်းကြီးကတော့ ကျုပ်တို့ရှေ့ ခပ်လှမ်းလှမ်းက ကြွသွားတယ်။
ကျုပ်တို့ မွန်းတည့်သာသာလောက်ကစပြီး
တောင်ပေါ်ကို တက်ခဲ့တာ ညမိုးချုပ်ပြီး လကြီးထွက်လာတော့
ဘယ်နေရာရောက်မှန်းလည်း မသိဘူးကွယ်။ တောင်စွန်းကြီး
တစ်ခုပေါ်ကို ရောက်လာတယ်။ တစ်နေကုန်း လမ်းလျှောက်
ရပေမယ့် ကျုပ်မှာ နည်းနည်းလေးတောင် မမောဘူးကွယ့်။
ကျုပ်စိတ်ထင်တော့ ရွှေငှက်ပျောသီးကြီးအစွမ်းလို့ ထင်တာပေါ့
ကွယ်။ ဘူးသီးခြောက်ကလေးကိုရေဘူးလုပ်ပြီး ထည့်လာတဲ့
ရေကို နည်းနည်းသောက်ခိုင်းတယ်။ အေးစိမ့်ပြီး တစ်ကိုယ်လုံး
ကို လန်းသွားတာပါပဲကွယ်
“ကဲ မောင်ထိန် လမ်းလျှောက်လို့ မရတော့ဘူးကွယ့်
ငါ့သင်္ကန်းစကို မင်းက ဟောဒီလို ကိုင်ထား ကြားလား။ပြီးရင်
မျက်စိမှိတ်ထား၊ စိတ် ထဲကနေ ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုရွတ်နေ
မင်းဂုဏ်တော်အလွှတ်ရတယ် မို့လား”
“မှန်ပါဘုရား ရပါတယ်”
ကျုပ်က သင်္ကန်းစကို ကိုင်ပြီး မျက်စိမှိတ်ထားလိုက်တယ်။
စိတ်ထဲကနေ ဂုဏ်တော်တွေ ရွတ်နေလိုက်တာပေါ့ကွာ။
ကျုပ်စိတ်ထင် နှစ်မိနစ် သုံးမိနစ်ဆိုတာ အများဆုံးပါပဲ။
“မောင်ထိန် မျက်စိဖွင့်လိုက်တော့ သင်္ကန်းကို လွှတ်လိုက်
တော့ ရပြီ”
“ဟာ”
“မင်း အံ့သြသွားသလားကွ ဒါ ဒီပါရုံလို့ခေါ်တဲ့ နေရာကွယ့်
အတွင်းဒီပါရုံလေ။အခု မင်းမြင်နေတာက ဘင်္ဂလား
ပင်လယ်ကြီးလေ မောင်ထိန်ရဲ့”
ကျုပ်နဲ့ ဗမာဘုန်းကြီး ရပ်နေတာ ကျောက်တန်းကြီး
တစ်ခုပေါ်မှာဗျ။ ကျုပ်လို အညာသားတစ်ယောက်က
မြစ်တောင်ကျယ်ကျယ်မြင်ဖူးတာမှ မဟုတ်တာ။ ပင်လယ်ကြီး
ကို ဘွားကနဲ့တွေ့လိုက်ရတော့ လန့်သွားပြီး ကြက်သီးတွေ
တောင် တဖြန်းဖြန်းထသွားတာကွ မောင်တာတေရ၊….
“အရှင်ဘုရား ဟိုတရုတ်လိုလို ဘုန်းတော်ကြီးရော ဘုရား
တောထဲမှာများ ကျန်ခဲ့သလား”
လို့ ကျုပ်က လျှောက်လိုက်တော့
“ဟား ဟား ဟား တောထဲမှာ မကျန်ပါဘူး မောင်တာတေရဲ့
ကျောင်းထဲဝင်သွားတယ်ကွ သူက တရုတ်ဘုန်းကြီး
မဟုတ်ဘူးကွ။ တိဘက်ဘုန်းကြီး လာမာလို့ ခေါ်တယ်ကွ။
မင်းကိစ္စနဲ့သူလည်း ဒီကိုရောက်လာတာ လာမာမင်ဂျာလို့
ခေါ်တယ်”
“ဟာ တပည့်တော်ကိစ္စနဲ့ ရောက်လာတာ ဟုတ်လားဘုရား”
“ဟုတ်တယ် မောင်ထိန် မင်းတို့လို သာမန်လူတွေအတွက်
တော့ လူလောကကြီးက အကျယ်ကြီးပေါ့ကွာ။ ငါတို့တွေ
အဖို့ကတော့ လောကကြီးက ကျဉ်းကျဉ်းလေးပါကွာ။
တစ်နေရာနဲ့တစ်နေရာ အချိန်မရွေး သွားလို့ရနေကြပဲ။
တွေ့ချင်တဲ့သူကိုလည်းချက်ချင်းသွားတွေ့ပြီး ချက်ချင်းပြန်လာ
လို့ ရတာပဲကွ”
“တပည့်တော်ကိစ္စဆိုတာ ဘာကိစ္စကို ပြောတာတုံးဘုရား”
” မောင်ထိန် မင်းကို ငါ့တို့ တတိယမျက်လုံး ဖွင့်ပေးဖို့
အချိန်ကျပြီကွ ။ ပြီးတော့ ဝိညာဉ် ခန္ဓာနဲ့ သွားလာတက်အောင်
သင်ပေးရမယ်။ လွယ်လွယ်ပြောရင်တော့ ကိုယ်ပွားနဲ့
သွားတာပေါ့ကွာ။ ပြီးတော့ လူတွေနဲ့ အနာဂတ်ကို သိနိုင်တဲ့
ပညာ။ လူတွေကို ဆေးကုပေးဖို့ ဆေးပညာတွေပေါ့ကွာ”
“တပည့်တော်က အညာသား တောသားလေးပါဘုရား
အရှင်ဘုရား အမိန့်ရှိတဲ့ ပညာတွေကို တပည့်တော်
ဥာဏ်နဲ့မီပါ့မလားဘုရား”
“အင်း မောင်ထိန် ဒီဘဝတော့ဖြင့် မင်းက ကျေးတောသား
လေးပေါ့ကွယ်။ ဒါပေမဲ့ မင်းလာခဲ့တဲ့လမ်းကြောင်းကတော့
သိပ်ပြီးတော့ နုံနုံချာချာ မဟုတ်ခဲ့ပါဘူးကွာ။ ဒီအတွက်မင်းမပူနဲ့
လွယ်လွယ်ကူကူသင်ယူနိုင်မှာပါ။ ကဲလာ ကျောင်းတော်ကြီးထဲ
ကိုသွားကြရအောင် ”
အဲ့ဒီနေ့ကစပြီး ပင်လယ်လှိုင်းသံတွေ ခပ်သဲ့သဲ့ ကြားနေရ
တဲ့ အတွင်းဒီပါရုံဆိုတဲ့ အရပ်မှာ ကျုပ် စနေရတော့တာပါပဲ
ကွယ်။
ပထမတော့ ကျုပ်ကို ကိုရင် ဝတ်ပေးတယ်။ အသက်
ပြည့်တော့ ကျုပ် ပဉ္စင်းတက်ရတယ်။ ကျုပ်အသက် နှစ်ဆယ်
အထိ ရဟန်းဝတ်နဲ့ နေခဲ့တာပါ။လူဝတ်နဲ့နေတာ
နှစ်သုံးဆယ်လောက်ပဲ ရှိတယ်”
“အဘိုး တတိယမျက်လုံး ပြောပါဦး အဘိုးရဲ့”
” သြော် မောင်တာတေက ဒါမျိုးတွေကို တော်တော်လေး
စိတ်ဝင်စားတာကိုး။ တတိမျက်လုံးက ကျုပ် ပဉ္စင်းမဖြစ်ခင်
ကိုရင်ဘဝမှာကတည်းက ရခဲ့တာပါကွယ်။ ဒီတုန်းက
ကျုပ်အသက် ဆယ့်ခြောက်နှစ်ပေါ့ ကိုရင်ပဲ ရှိသေးတာ။
ကျူပ်ဘွဲ့က တိလောကတဲ့ကွယ် ကိုရင်တိလောကပေါ့ကွာ။
တစ်ရက်တော့တိဘက်လာမာနဲ့ ကျုပ်ကို ခေါ်လာတဲ့
ဆရာတော်က ကျုပ်ကို ပြောတယ်။ ပြောရဦးမယ်။ ကျုပ်ကို ခေါ်
လာတဲ့ ဆရာတော်ကမွန်ဆရာတော်ကြီး ရှင်ဗားမော့တဲ့ကွယ့်။
တခြားဘုန်းကြီးဆယ်ပါးလောက်လည်း ရှိသေးတယ်..
အရှင်သြဘာသက ဘာပြောလဲဆိုတော့….
“တိလောက ဒီည မင်းကို တတိယမျက်လုံး ဖွင့်ပေးရ
တော့မယ်ကွယ့် ညနေစောင်းရင် မင်းကို ဘုန်းကြီးတွေ
လာခေါ် လိမ့်မယ် မင်း သူတို့နဲ့ လိုက်ခဲ့ တိလောက ကြားလား”
“မှန်ပါ့ဘုရား”
လို့ ကျုပ်က ပြန်လျှောက်လိုက်ရတယ်။ သူတို့ ခဏ
ခဏပြောနေတဲ့ တတိယမျက်လုံးဆိုတာကို ကျုပ်လည်း
တော်တော်ကို စိတ်ဝင်စားနေတာကွယ့်။ အခုချိန်အထိ ကျုပ်က
စာတွေပဲ သင်နေရတာ ပထမကြီးတန်းတော့
ကျုပ်အောင်ထားပြီကွယ့်။ ဒီကျောင်းတိုက်ကြီးမှာပဲ ကျုပ်က
စာမေးပွဲဖြေရတာ။ကျုပ်ကို စာချပေးတဲ့ ဘုန်းကြီးရှိတယ်။
စာမေးပွဲ မေးခွန်းထုတ်ပြီးစစ်တဲ့ ဘုန်းကြီးရှိတယ်။
ပရိယတ္တိသင်ပေးသလို သမထထိုင်ဖို့စနစ်တကျ သင်ပေးတဲ့
ဘုန်းကြီးလည်း ရှိတယ်ကွ။ ဒါပေမဲ့
တတိယမျက်လုံး ရပြီးရင်တော့ ပညာအသစ်တွေ သင်ရတော့
မယ်လို့ ပြောထားတယ်။
ညနေစောင်းလောက်မှာ ဘုန်းကြီးသုံးပါး ကျုပ်ကို လာ
ခေါ်ကြတယ်။ ကျောင်းကြီးက ဘုံငါးဆင့်ရှိတဲ့ ကျောင်းကြီးကွ။
ကျုပ်ကို ဘုံသုံးဆင့်အထိ ခေါ်လာကြတယ်။
“ဒေါက် ဒေါက်”
ရှေ့ဆုံးက ဘုန်းကြီးက တံခါးကို နှစ်ချက်ဆင့်ခေါက်
လိုက်တော့….
“တွန်းဖွင့်ပြီး ဝင်ခဲ့”
ရှေ့ဆုံးက ဘုန်းကြီးကပဲ တံခါးကို တွန်းဖွင့်ပြီး ဝင်သွား
တယ်။ ကျုပ်က သူ့နောက်ကပေါ့။ ဟာ အတော်ကျယ်တဲ့
အခန်းပဲကွယ့်။အခန်းထဲမှာ ဆေးမြစ် ဆေးဥ မျိုးစုံ လူအရိုးစုပုံ
ကားချပ်တွေပြီးတော့ ကုတင်နှစ်လုံး တွေ့ရတယ်။
” တိလောက လာ ၊ ဒါ ကျုပ်အခန်းပဲကွယ့် နောက်တော့
မင်းအခန်း ဖြစ်လာမှာပေါ့လေ။ ဒီအခန်းထဲမှာပဲ မင်း
ဆေးပညာသင်ရမှာကွယ့်”
ခဏနေတော့ တိဘက်လာမာကြီး ဝင်လာတယ်။သူ
လက်ထဲမှာ သေတ္တာလေးတစ်လုံး ပါလာတယ်။
ကတ္တီပါအနက်စနဲ့ ပတ်စီးထားတော့ အထဲက သေတ္တာကို
မမြင်ရဘူးကွ။ခဏနေတော့ ကျောင်းတော်ကြီးရဲ့
အချုပ်ဆရာတော်ကြီး ရှင်ဗားမော့
ကိုယ်တိုင် ကြွလာတယ်။ ရွေချထားတဲ့တောင်ဝှေးကြီး
တဒေါက်ဒေါက်ထောက်လို့ကွယ့်။ ဆရာတော်ကြီးလည်း
ကြွလာရော ကျုပ်ကို ခေါ်လာတဲ့ ဘုန်းကြီးတွေက ဆရာတော်
သုံးပါးကိုကန့်တော့ပြီး အခန်းကြီးထဲက ထွက်သွားကြတယ်။
ဆရာတော်ကြီး ရှင်ဗားမော့က ကနုတ်ပန်းတွေဖော်ထားတဲ့
ကုလားထိုင်မှာ ဝင်ပြီးထိုင်တယ်။
“ကဲ လာမာက မင်းပစ္စည်းတွေ ပြင်ထား သြဘာသကလည်း
မင်းလုပ်ရမှာ လုပ်တော့”
လို့ ဆရာတော်ကြီး ရှင်ဗားမော့က အမိန့်ပေးလိုက်တာနဲ့
တစ်ပြိုင်နက် ဆရာတော် ရှင်သြဘာသ အခန်းတံခါးကို ထပြီး
ဂျက်ထိုးလိုက်တယ်။ လာမာကြီးက သူ့ရဲ့ အနက်ရောင်ကတ္တီပါ
စကိုဖြည်ချလိုက်တယ်။ ဟာ ရွှေသေတ္တာလေးပါလား။အထဲက
ရွှေသေတ္တာလေး ထွက်လာတယ်ကွယ့်။လာမာကြီးက
ရွှေသေတ္တာကို ဖွင့်လိုက်တော့ အထဲမှာ လက်လှည့်လွန်သွား
လေးတွေကွ။လက်ပွတ်စူးလိုဟာလေးတွေ
လည်းပါတယ်။ နေလုံးကြီး ဝင်သွားပြီး မှောက်သွားတဲ့အချိန်မှ
အခန်းထဲက မီးတိုင်တွေကို ဆရာတော် အရှင်သြဘာသက
ထွန်းလိုက်တယ်။ တစ်ခန်းလုံး လင်းထိန်သွားရောကွယ့်။
” ကဲ အချိန်ကျပြီ အလုပ်စကြတော့”
ကျုပ်ကို ကုတင်ပေါ်မှာ လှဲခိုင်းတယ်။ ခေါင်းအုံး မပါဘူးကွ။
” တိလောက ငါပြောတာတွေကို မင်း သေသေချာချာ
နားထောင်နော် ဒီအလုပ်က မေ့ဆေးပေးပြီး မလုပ်ရဘူး
အိပ်မွေ့ချပြီး မလုပ်ရဘူး။ ဒါကြောင့် မင်းကို ထုံဆေးနဲ့ပဲ
လုပ်ရမယ်။နည်းနည်းတော့ နာချင်နာလိမ့်မယ်။ ဘယ်လောက်
နာနာ မင်းမအော်ရဘုး မရုန်းရဘူး။ ခေါင်းကို နည်းနည်းလေး
တောင်မလူပ်ရဘူး ကြားလား တိလောက”
” ကြားပါတယ်ဘုရား”
ဆေးရွက်မျိုးစုံ ရောပြီးထောင်းထားတဲ့ ဆေးရွက်စုံအထုပ်ကို
ပိတ်ပါးလေးနဲ့ ထုတ်ပြီး ကျုပ်ရဲ့ နဖူးပေါ်မှာ တင်ပေးတယ်။
နဖူးအစပ်က မျက်လုံးနှစ်လုံးကြားမှာ အုပ်ပြီးတင်ပေးတာ။
ဆေးထုပ်က တင်ရင်းနဲ့ ပူလာတယ်။ အဲဒီအပူရှိန်က ကျုပ်ရဲ့
နဖူးပြင် တစ်ခုလုံး ပူုပြီး ထုံထုံကြီး ဖြစ်သွားတယ်။
” ကဲ ရလောက်ပြီ”
ဆရာတော်ကြီးက အမိန့်ရှိလိုက်တော့ ထုံဆေးထုပ်ကို
ဖယ်ပစ်လုိက်တယ်။လာမာကြီးက သူ့ရဲ့ ရွှေသေတ္တာထဲက
လွန်ကလေးတစ်ခုကို ယူလိုက်တယ်။ အဖျားမှာ လွန်သွား
တော့မဟုတ်ဘူးကွ။ လခြမ်းပုံ အပြားလေးကွယ့်။
လွှသွားလို အသွားလေးတွေ ပါတယ်။မျက်ခုံးရိုးနှစ်ခုရဲ့ကြား
တည့်တည့်ကို တင်လိုက်ပြီး လွန်လက်ကိုင်လေးကို
လှည့်တယ်။
ဒီအချိန်မှာပဲ ဗားမော့ဆရာတော်ကြီးက မန္တန်တွေ စပြီး
ရွတ်တော့တာပဲဟေ့။ ဆရာတော်ကြီးရဲ့ မန္တန်ရွတ်သံကြီးက
တစ်ခန်းလုံးကို ဟိန်းနေတာကွ။ မန္တန်တွေကို နားမလည်ပေမဲ့
ဆရာတော်ကြီးရဲ့ မန္တန်ရွတ်တဲ့အသံက နားထောင်လို့ကောင်း
လွန်းလို့ ကျုပ်မှာ အဲဒီအသံကို လိုက်ပြီးနားထောင်နေရတာနဲ့
နာသလား မနာဘူးလားတောင် မသိတော့ဘူးကွ။
လာမာကြီးကတော့ ကိရိယာလေးတွေ တစ်ခုပြီးတစ်ခု
သေတ္တာထဲက ထုတ်ယူပြီး လုပ်နေတာကွယ့်။ ကျုပ်ရဲ့
ဆရာတော် အရှင်သြဘာသကလည်း ဘေးကနေ
ကြည့်နေတယ်။
“တိလောက မရုန်းနဲ့နော် မရုန်းနဲ့”
လို့ ကျုပ်ကို ခပ်တိုးတိုး သတိပေးနေတယ်။ကျုပ်ကလည်း
မရုန်းပါဘူး။နာမှ မနာတာကွယ်။ ခဏနေတော့ ဂျွတ် ဆိုတဲ့
အသံကို ကျုပ် ကြားလိုက်ရတယ်။မဆိုသလောက်ကလေး
နာသွားတယ်။ကျုပ်စိတ်ထင်တော့ ကျုပ်အရိုးပေါက်ထွက်သွား
ပြီလို့ ထင်တာပဲကွယ့်။ ဒီမှာတင် ကျုပ်ဆရာတော်
အရှင်သြဘာသ ကိုယ်တိုင် ငွေရောင်အချောင်းကလေးတစ်ခု
ကို ကျုပ်မျက်လုံးနှစ်လုံးကြားထဲ ဖောက်ထားတဲ့အပေါက်ကနေ
ဖြည်းဖြည်းလေးထိုးသွင်းတယ်။ ဆရာတော်ကြီးကတော့ မန္တန်
ကို မနားတမ်းရွတ်နေတာပဲကွယ့်။ ကျုပ်ဆရာတော် ကတော့
ငွေရောင်အချောင်ကလေးကို ကျုပ်မျက်လုံးကြားကို ထိုးသွင်း
နေတုန်းပဲ။ခဏနေတော့ ကျုပ်မျက်လုံးထဲမှာ မီးတောက်သလို
ဝင်းကနဲ့ တောက်သွားတယ်။အံ့သြစရာကောင်းတာကတော့
သွေးတစ်စက်မှ မထွက်တာပဲကွ။
” ရပ်တော့”
ဆရာတော်ကြီးရဲ့ အမိန့်ပေးသံဟေ့။ ဆရာတော်ကြီးရဲ့
မန္တန်ရွတ်သံလည်း တိကနဲ ရပ်သွားပြီ။ ကျုပ်မျက်လုံးတွေထဲမှာ
ရောင်စုံအလင်းစက်ဝိုင်းကြီးပဲ ပေါ်နေတယ်။ ကျုပ်အနားကို
ကပ်ပြီး လာကြည့်တဲ့ ဆရာတော်သုံးပါးရဲ့ဘေးမှာ ရွှေရောင်
တွေဖြာထွက်နေတာကို ကျုပ်မြင်နေရတယ်။ဪ လူတွေရဲ့
ကိုယ်ခန္ဓာမှာ အလင်းရောင်တွေ ဖြာနေတာကိုးလို့ ကျုပ် စပြီး
သိလိုက်တယ်။
“အားလုံးနေရာကျပြီ လုပ်စရာရှိတာ ဆက်လုပ်ကြပေတော့”
ဗားမော့ဆရာတော်ကြီးက တောင်ဝှေးကြီး တဒေါက်ဒေါက်
ထောက်ပြီး ထွက်သွားတယ်။ ဆရာတော်ကြီး ပြန်ကြွသွား
တော့မှကျုပ်ရဲ့ ဆရာတော် ရှင်သြဘာသက ပြောတယ်ကွ။….
” တိလောက မင်းရဲ့ မျက်လုံးနှစ်လုံးကြားကို ထိုးသွင်းထားတာ
သစ်သားလေးတစ်ခုပဲ အဲဒါကို မနှုတ်ဘဲ သုံးပတ်တိတိထားရ
မယ်။ ဒီအခန်းကို အမှောင်ချထားမယ်။ ဘေးကနေ
လိုက်ကာတွေအပြည့် ကာထားတယ်။မင်းရဲ့ မျက်လုံးတွေကို
အနက်ရောင်ပိတ်စနဲ့ ပတ်စီးထားမယ်။ ဒီအခန်းထဲမှာ မင်းနေ
လို့စားလုိ့ဖြစ်အောင် အားလုံးစီစဉ်ပေးထာမယ်။မင်းကို
ဘုန်းကြီးတွေ အလှည့်ကျ လာစောင့်လိမ့်မယ်။ မင်းလုပ်ချင်
တာတွေသူတို့ကိုပြော ကြားလား တိလောက”
ဆရာတော်တွေက ကျုပ်ကို ထားခဲ့လိုက်ပြီးအခန်ပြင်
ထွက်သွားကြတယ်။ခဏနေတော့ ဘုန်းကြီးတစ်ပါး
ရောက်လာပြီး ကျုပ်ကို အဖော်လုပ်နေပေးတယ်။
ကျုပ်လိုတာ လုပ်ပေးတယ်။
ကျုပ်ကတော့ အချိန်တိုင်း သမထပဲ လုပ်နေလိုက်တယ်။
အချိန်ကုန်လို့ ကုန်မှန်းတောင် မသိတော့ဘူးပေါ့ကွာ။
သုံးပတ်ပြည့်လို့ ထည့်ထားတဲ့ သစ်သားစလေးထုတ်လိုက်ပြီး
အမှောင်ခန်းထဲကနေ ကျုပ်ကို ထုတ်လိုက်တဲ့နေ့မှာ
ကျုပ်မြင်သမျှ ဘုန်းကြီးတွေ လူတွေရဲ့ဘေးမှာ အရောင်တွေ
ဖြာထွက်နေတာကို ကျုပ်တွေရတော့တာပဲကွယ့်။
လူပုံစံအတိုင်းအရောင်ထွက်နေတာကွ။

အတွင်းဆုံးကိုယ်ရောင်ရဲ့ အပြင်မှာ
အထပ်ထပ်ကာထားတဲ့ အရောင်တွေကိုပါ ကျုပ်မြင်လာရတယ်
ကျုပ်ဆရာတော် ရှင်သြဘာသက ပြောတယ်။
“တိလောက မင်း ငါတို့နဲ့ တစ်အုပ်စုတည်း ထြစ်သွားပြီသိလား
လေ့ကျင့်မှုကိုတော့ ဘယ်တော့မှ လျှော့မချလိုက်နဲ့ကွ”
ဟုတ်တယ် မောင်တာတေရဲ့ ကျုပ်က လူတွေရဲ့အရောင်တွေ
ကို ကြည့်ပြီး ထပ်တာလဲလဲ လေ့လာလိုက်တဲ့အခါကျတော့
လူတွေ ဘယ်လောက်ပဲ ဟန်ဆောင် ဟန်ဆောင် သူတို့ရဲ့
ပကတိစိတ်ကို ကျုပ်က သိနေရတယ်။
အဲ့ဒီကိုယ်ရောင်ကိုကြည့်ပြီး သူတို့ရဲ့ အနာဂတ်ကို သိနိုင်
အောင် ကျုပ်ရဲ့ဆရာတော် အရှင်သြဘာသက နည်းစနစ်တွေ
သင်ပေးတယ်ကွ။ ဒါပေမဲ့ မောင်တာတေရေ ကျုပ်သင်သမျှ
ပညာတွေကို စာအုပ်စာတမ်းနဲ့ ရေးခွင့် မှတ်ခွင့် မရှိဘူးကွယ့်။
အားလုံးကို ခေါင်းထဲမှာ မှတ်မိအောင် အဖန်တလဲလဲ ပွားများ
မှတ်သားရတယ်။ဂါထာတွေ မန္တန်တွေကအစ စိတ်နဲ့ပဲ မှတ်
ရတာကွ။
လူတွေဟာ ကုသုိလ်ကံအကျိုးပေးတဲ့ အချိန်မျိုး ၊
ကံကောင်းတဲ့အချိန်ဆိုရင် သူတိုရဲ့ကိုယ်ရောင်တွေကတောက်
ပနေတာကွ၊
အကုသိုလ်ကံ ဖိစီးချိန် ကံဆိုးမိုးမှောင်တွေကျတော့မယ်ဆိုရင်
တော့ လူတွေရဲ့ ကိုယ်ရောင်တွေက မှိန်ကိုနေတော့တာကွ။
အေး ကိုယ်ရောင်အနက် ထွက်ပြီဆိုရင်တော့ သေတော့
မယ်ဆိုတဲ့ နိမိတ်ပေါ့ကွယ်။ ဒီမှာတင် ကျုပ်တို့က ဘယ်တော့
သေမှာတုံး ဘယ်လုိသေမှာတုံးဆိုတာကို သိအောင်ကြည့်နိုင်
တယ်။ ဒါပေမဲ့ သေမယ့်လူကိုတော့ ဒီအကြောင်းတွေ
ပြောပြခွင့်မရှိဘူးကွယ့်။ ကျန်းမာရေးညံ့မယ်
သတိထားပါဆိုတာလောက်ပဲ ပြောလို့ရတယ်ကွယ့်။
နောက်တော့ ကိုယ်ရောင်တွေကိုကြည့်ပြီး လူတွေမှာ
ဘာရောဂါတွေ ဖြစ်နေတယ်ဆိုတာ သိလာခဲ့တယ်။ မင်းတို့
အနောက်တုိင်း သိပ္ပံဆရာတွေ ကုလို့မရတဲ့ ကင်ဆာတို့
ဘာတို့ဆိုတာတွေဟာ တကယ်တော့ မဖြစ်ခင်မှာ ကြိုပြီးမသိ
လို့ကွယ့်။သူတို့က ရောဂါလက္ခဏာပြတော့မှ စမ်းသပ်လို့ရကြ
တာ။ကျုပ်တို့က ကိုယ်ရောင်တွေကိုကြည့်ပြီး ဘယ်လိုရောဂါမျိုး
ဖြစ်တော့မယ်ဆိုတာ ကြိုသိနေတော့ ဆေးတွေ ကြိုတိုက်နိုင်
တာပေါ့။စိုးရိမ်ရောဂါတွေက ဖြစ်ကိုမလာတော့ဘူးကွယ့်
မောင်တာတေရဲ့ ပြီးတော့ ကျုပ်တို့က ရောဂါဖြစ်ရတဲ့
အကြောင်းရင်းကိုအတိအကျသိနိုင်တော့ အဲဒီအရင်းခံကိစ္စ
ကို ကုသပေးကြတာ။
ဒီတော့ ရောဂါသည်တွေမှာ အမြစ်ပြတ် ပျောက်ကင်းကြတာ
ပေါ့ကွယ် ”
” အဘိုး ဒီပညာတွေတက်တော့ ဘာဆက်လုပ်ရတုံးဗျ”
“ကျုပ်ကို တရုတ်ပြည် ယိုးဒယားပြည် ကမ်ပူးချားပြည်
အဲ ကမ်ပူးချားပြည် ဆိုတာက မင်းတို့ အခုခေါ်နေတဲ့
ကမ္ဘောဒီးယားပြည်ကို ပြောတာကွယ့်။ ပြီးတော့ အိန္ဒိယပြည်
တွေကိုလှည့်လည်ပီး ဆေးကုခိုင်းတယ်။ လူတွေရဲ့ အနာဂတ်
ကိုကြည့်ပြီး သတိပေးသင့်တာ ပေးရတာပေါ့ကွယ်။ ကျုပ်က
နောက်ပိုင်းမှာ တရုတ်စကား ကုလားစကား ယိုးဒယားစကား
တွေပါတက်သွားတာကွယ့်”
“အဘိုးကို အဲဒီအရပ်ကလူတွေက တော်တော်ရိုသေကြ
ရမှာပေါ့”
” ရိုလည်း ရိုသေ အားလည်းကိုးကြပါတယ် ယိုးဒယား
ဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေကအစ အဘိုးကိုပင့်ပြီး
ဆေးကုသကြတာကွယ့်။
အဘိုးကို ဆေးကိုယ်တော်လို့ ခေါ်ကြတယ် ”
“အဘိုး စောစောကပြောတဲ့အထဲမှာ ဝိညာဉ်နဲ့ ခရီးသွား
တာလို့ ပြောတယ်နော် အဘိုး အဲဒါ ဘာကိုခေါ်တာတုံးဗျ ”
“ကျုပ် ဆရာတော်ရဲ့ အမိန့်ကြောင့် တိဘက်လာမာကြီး
ကျုပ်ကို သင်ပေးရတာကွယ့်။ ခန္ဓာကိုယ်ကြီးကနေ ဝိညာဉ်
ခန္ဓာကိုယ် ခွာထုတ်တာပေါ့ကွယ်”
“အဘိုး အဲဒါမျိုး ကျုပ် လုပ်တက်တယ်ဗျ”
” ဟေ ဟုတ်လား မောင်တာတေ ဘယ်လိုတက်တာတုံး”
“ကျုပ်မြို့မှာ ကျောင်းတက်တုန်းက ကျုပ်သူငယ်ချင်း
ဘချစ်ဆိုတဲ့ကောင် သင်ပေးတာဗျ။ သူ့ကိုတော့ သူ့ရဲ့ မွေးစား
ဖအေ မွန်ဆရာတော်ကြီး သင်ပေးတာလို့ ပြောတယ်”

“ဟေ ဟုတ်လား အခု မောင်တာတေ အဲဒါလုပ်နေတာပဲလား”
“အခု မလုပ်တော့ဘူး အဘိုးရဲ့”
” ဟေ ဘာဖြစ်လို့တုံးကွ”
“ဟိုတလောက ကျုပ် တောင်ပလဲကုန်းလို့ခေါ်တဲ့
ကျတ်ရွာကြီးကို သွားပြီး အဲ့ဒီကကောင်တွေနဲ့
ညဘက်ကစားတာ အဘိုးရဲ့ ပြန်ရောက်မလာလို့ ကျုပ်ကို
ဆရာကြီးတစ်ယောက်က
ပြန်ခေါ်ပေးရတာ။ အဲ့ဒီကတည်းက ကျုပ်
မလုပ်ဝံ့တော့တာအဘိုးရဲ့”
“ဟား ဟား ဟား ဟား မောင်တာတေက တော်တော်ဆော့
တာပဲကိုး။ အေးလေ ကလေးပဲ ဆော့မှာပေါ့”
“တာတေ အဘိုးကို ထမင်းကျွေးရအောင်
ထမင်းဝိုင်း ပြင်ပြီးပြီ ။ကဲ မင်းပါ အဘိုးအ ဖော်ရအောင်
တစ်ခါတည်းဝင်စားလိုက်ကွာ”
သူကြီး ဦးဘိုးထင်က ပြောတာဗျ။ ကျုပ်တစ်သက်
ဒီတစ်ခါ သူကြီးအိမ်မှာ ပထမဆုံး ထမင်းစားဖူးတာပဲဗျ။
ထမင်းဝိုင်းမှာ သူကြီးက ကြက်သားအစပ်ချက် တစ်ခွက်
အရွက်စုံကြော် တစ်ခွက် ငါးရံ့ခြောက်မီးဖုတ်ပြီး ဆီနစ်အောင်
စိမ်ထားတာက တစ်ခွက်ဗျ။ ပြီးတော့ ခရမ်းချဉ်သီးပန်ထွေ
ဖျော်ကတစ်ခွက်။ ဝင်းမှည့်နေတဲ့ ငှက်ပျောသီးဖီးကြမ်းတွေကို
ချွေပြီးပန်းကန်နဲ့ ထည့်ထားသေးသဗျ။ သူကြီးအိမ်က
အဘိုးထိန်ကိုကျွေးတဲ့ ထမင်းစားတော့ ကျုပ်ကသာ
ဆာဆာနဲ့ နှစ်ပန်းကန်လောက် စားတာဗျ။ အဘိုးက
စုစုပေါင်း ထမင်းကိုးလုပ်ပဲစားတာ။ပြီးတော့မှ ငှက်ပျောသီး
တစ်လုံး စားတယ်။
ထမင်းစားပြီးတာနဲ့ အကြမ်းဝိုင်းမှာ ထိုင်ပြီး စကားဆက်
ပြောတယ်။
” ဝိညာဉ်ခွာတာကို အဘိုးပြောပြမယ် မောင်တာတေပြောတဲ့
ကိုယ်ပွားထုပ်တာပေါ့ကွယ်”
” ဟုတ်ကဲ့အဘိုး အမိန့်ရှိပါ”
“ကိုယ်ပွားထုတ်ကြတဲ့နေရာမှာ အီဂျစ်တွေ လုပ်တာက
တော့ သွားချင်တဲ့နေရာကို အာရုံစူးစိုက်ပြီး ထားတာကွယ့်။
စလေ့ကျင့်ကာစမှာ ဆရာသမားက အိမ်မွေ့ချပေးရတယ်။
ကိုယ်ကစူးစိုက်ထားရတယ်။ အိပ်ပျော်တာနဲ့ တစ်ပြိုင်နက်
ကိုယ်ပွားကစူးစိုက်ထားတဲ့နေရာကို ရောက်သွားတော့တာပေါ့
ကွယ့်။မောင်တာတေက အဲဒီလို လုပ်တာလားကွယ့်”
“ဟုတ်ပါတယ် အဘိုး ဒါပေမဲ့ ကျုပ်က ဆရာသမား
မရှိတော့ ကိုယ်ဟာကိုယ်ပဲ အိပ်ပျော်အောင် စိတ်ရောရုပ်ရော
ဘာမှမတွေးပဲ ငြိမ်ထားပြီး သွားအိပ်မယ့်နေရာကို စူးစိုက်ထား
လိုက်ရတာပေါ့ အဘိုးရယ်”

“သြော်အေးအေး ဒါဆိုရင် မောင်တာတေက တဆင့်ကျော်လုပ်
တာပေါ့ ဆရာမရှိတော့ ချက်ချင်းဘယ်ဖြစ်မှာတုံး”
“ဟုတ်တယ် အဘိုး ကျုပ်လေ့ကျင့်တာသုံးလလေးလ
လောက်ကြာမှာ စဖြစ်တာဗျ ”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့ အေး အဘိုး နောက်တစ်နည်း
ပြောရဦးမယ်။ ဒါကတော့ တိဘက်က လာမာကြီးတွေ
နည်းပေါ့ကွယ်။ ဒါလည်း စစချင်းမှာ ဆရာလိုတာပဲကွယ့်။
ဆရာတွေက အိပ်မွေ့ချပေးပြီး ကိုယ်ပွားကို ထွက်လာအောင်
အာရုံစိုက်ခိုင်းတာ ပက်လက်အိပ်နေတဲ့အတိုင်း ကိုယ်ပွားက
ထွက်လာတာ။တော်တော်မြင့်သွားမှ အောက်ကို ငုံ့ကြည်ရင်း
ကိုယ့်ရဲခန္ဒာကိုယ်ကို ပြန်တွေ့ရတယ်။
ငွေရောင်ကြိုးမျှင်လေးတန်းလို့ကွယ့်။
ဘယ်နေရာမဆို စိတ်ညွှတ်လိုက်တာနဲ့ ရောက်သွားနိုင်တယ်”
“ဟာ တိဘက်နည်းက တော်တော်ကောင်းပါလားအဘိုးရဲ့”
“ဟာ ဒီလိုမဟုတ်ဘူး မောင်တာတေ နှစ်မျိုးစလုံး
အတူတူပဲကွယ့် အစလေးသာ ကွာတာ။ နောက်ပိုင်း
ကျွမ်းကျင်လာတော့ အတူတူပဲ စွမ်းဆောင်နိုင်တာပဲကွယ့်”
“အဘိုး ဝိညာဉ်ခွာတာ ကျွမ်းကျင်သွားတော့ ဘာဖြစ်
နိုင်တုံး အဘိုးရဲ့”
“ဟာ လူကလေးရဲ့ ဝိညာဉ်ခွာတဲ့ပညာရဲ့အဆုံးက
သေခြင်းရဲ့ ဟိုဘက်ကို ရောက်အောင် သွားနိုင်တာပေါ့ကွယ့်”
” ဗျာ”
“ဟုတ်တယ် မောင်တာတေ သေခြင်းရဲ့ ဟိုဘက်ကို
သွားပြီး ပြန်လာနိုင်အောင် ကျင့်ရတယ်”
” ဟာ ဒီလောက်အထိတောင်လား အဘိုးရဲ့”
“ဟုတ်တယ် မောင်တာတေ အချိန်ကန့်သတ်ချက်တော့
ရှိတာပေါ့ကွယ် သိပ်ကြာသွားရင်တော့ ပြန်လာလို့
မရနိုင်တော့ဘူးပေါ့။ ကန့်သတ်ချက်အချိန်အတွင်း
ပြန်လာနိုင်ရင်တော့…”
“ဟင် ဘာ ဘာဖြစ်တုံး အဘိုး”
” နောက်တစ်ဘဝ ဆက်နေပေါ့ကွယ့်”
” ဟာ ဒီလူက အိုမင်းမသွားတော့ဘူးလား အဘိုးရဲ့”
“မင်း သေခြင်းရဲ့ ဟိုဘက်ကိုသွားပြီး ပြန်လာတဲ့အရွယ်ဟာ
အသက်ငါးဆယ်ဆိုပါတော့ အဲဒါထက်ပိုပြီး
မအိုတော့ဘူးလေ”
” ဒါဆိုရင် အဘိုး သေခြင်းရဲ့ ဟိုဘက်ကို ဘယ်နှကြီမ်
သွားပြီး ဘယ်နှကြီမ် ပြန်လာလို့ရတုံးဗျ”
“ဒီအထိတော့ မောင်တာတေ မသိချင်ပါနဲ့ကွယ်”
ကျုပ် သိချင်တာ နည်းနည်းများသွားပြီဆိုတာ သိလိုက်လို့
ပါးစပ်ကို စေ့ထားလိုက်ရတာယ်။ အဘိုးထိန်ဟာ သူ့အဖေ
သူကြီး ဦးဘိုးဆင်ရဲ့ ငယ်သူငယ်ချင်းဆိုတာ ယုံကြည်သွားတဲ့
ကျုပ်တို့ သူကြီးက အဘိုးထိန်ကို သူ့အိမ်မှာ
ပျော်သလောက်နေဖို့ပြောတယ်ဗျ။
“သိပ်ကြာကြာတော့ နေလို့မရပါဘူး လူကလေးမောင်ဘိုးထင်
ကျုပ်မှာ သွားစရာကိစ္စတွေ ရှိနေတယ်ကွယ့်။
ဒါပေမဲ့ ကျုပ် တစ်လလောက်နေပြီး ဟောဒီရွာနဲ့ အနီးနားရွာ
တွေကို လှည့်သွားလာပြီး ဆေးဝါးကုသပေးချင်တယ်ကွယ်”
“ဟာ စိတ်ချပါ အဘိုး ကျုပ် လိုက်ပို့ပေးပါမယ်”
လို့ ကျုပ်က တက်တက်ကြွကြွ ပြောလိုက်တော့ သူကြီးက
သူ့အိမ်ကလှည်းနဲ့ လိုက်ပို့မယ့်အကြောင်းနဲ့ ဆယ်အိမ်ခေါ်င်း
ကိုဆယ်က လှည်းမောင်းရမယ်လို့ အမိန့်ထုတ်သဗျ။
နောက်နေ့မှာ
ထနောင်းကုန်းရွာထဲက မကျန်းမာတဲ့သူတွေကို အဘိုးထိန်
ဆေးစကုပေးတယ်။
ကျုပ်အဘလည်း မျက်စိပြလို့ အဘိုးက မျက်စဉ်းရော
စားဆေးရော ပေးတယ်။အဘလည်း ချက်ချင်းကို
သက်သာသွားတာဗျ။

နောက်နေ့ရောက်တော့ ဘန့်ဘွေးကုန်းသူကြီးအိမ်မှာ ထိုင်
ပြီးဆေးကုတယ်။နောက်နေ့ မီးလောင်ကုန်း ၊နောက်တစ်နေ့
ကျုပ်တို့ရွာ ဒီလိုနဲ့ အဘိုးထိန်က တစ်လလောက် ဆေးကုပေး
တော့ တခြားရွာတွေကပါ သတင်းကြားပြီး လာလိုက်ကြတာ
ဗျ။ကျုပ်ကတော့ အဘထိန်ဘေးမှာ လိုလေသေးမရှိအောင်
ဆောင်ရွက်ပေးရတာပေါ့ဗျာ။
အဘိုးထိန်က ဆေးကုရင်း လူတွေရဲ့ အနာဂတ်ကို ပြော
ပြတယ်။ဆုံးမသင့်တဲ့လူကိုလည်း ဆုံးမတယ်ဗျ။
တစ်ချိုရွာတွေမှာကျတော့ အဘိုးထိန်က ကုသိုလ်ကို
ခွဲခြားသိဖို့ တရားဟောတယ်ဗျ။ အဘိုးထိန်က အသက်ရှစ်
ဆယ်အထိ ရဟန်းဝတ်နဲ့ နိုင်ငံတော်တော်များများကို လှည့်ပြီး
သွားလာခဲ့တာဆိုတော့ တရားဟော အလွန်ကောင်းတာဗျ။
လူတွေက အဘိုးထိန်ကို ငွေတွေ ကန်တော့ကြတယ်။
အဘိုးထိန်က တစ်ပြားတစ်ချပ်မှ လက်မခံဘူးဗျ။
ဘယ်ရွာက ဘယ်အိမ်မှာပဲ ထမင်းကျွေးကျွေး အဘိုးထိန်က
ထမင်းကိုးလုပ်ပဲ စားတယ်။
ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏကိုလည်း
ဆေးဝါးကုသပေးပြီး သမထ အားထုပ်ပုံ အားထုတ်နည်းကုိ
သေသေချာချာ သင်ပေးတာဗျ။
နှစ်လကျော်ကျော်လောက်နေပြီးတော့ ဘယ်လိုမှ
တောင်းပန်လို့ မရတော့ဘူးဗျ။ အဘိုးထိန် ပြန်သွားတယ်။
လှည်းပေါ်မှာ ကျုပ်က မေးတယ်။ အဘိုးကို မြို့ရောက်အောင်
ကျုပ်က လှည်းနဲ့ လိုက်ပို့တာလေဗျာ။ ကျုပ်မေးတော့
အဘိုးထိန်က ပြောတယ်ဗျ။
“ကျုပ် ဒီတစ်ခါ တိဘက်ကို သွားရလိမ့်မယ် မောင်တာတေ
နည်းနည်းတော့ ကြာလိမ့်မယ် နောင်တော့ အဘိုးတို့
ဆရာတပည့်တွေ ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ကြမှာပေါ့ကွာ”
ဒီစကားက အဘိုးထိန်က ကျုပ်ကို နောက်ဆုံးပြောခဲ့တဲ့
စကားပဲဗျ။ ခုချိန်အထိတော့ အဘိုးထိန်နဲ့ ကျုပ်နဲ့ တစ်ခါမှ
ပြန်မတွေ့ကြသေးပါဘူးဗျာ….

ပြီးပါပြီ