ဆရာယောင်

ပြုစားခိုင်းချင်ဖြစ်မှန်းသိလိုက်ပြီး

“မလုပ်ပါနဲ့ဗျာ သူတို့ဟာသူတို့ အေးအးဆေးဆေးနေပါစေ ကျွန်တော်လည်း အလုပ်မရှုပ်ချင်ဘူး”

“ဘာအလုပ်မရှုပ်ချင်ဘူးတုန်း နင်အလုပ်မရှုပ်ချင် ငါခုတ်လိုက်ရမလား အဲ့ဒါဆို တစ်သက်လုံးအလုပ်မရှုပ်တော့ဘူး”

“အဲ့လိုကြီးလဲ မလုပ်ပါနဲ့ဗျာ ပြုစားဆိုလဲပြုစားပါမယ် ဒါနဲ့ ကျွန်တော်ကပြုစားပြီးဘာလုပ်ရမှာတုန်း”

“တစ္ဆေသရဲဖြစ်ပြီး တော်တော် အ ပါလား ပြုစားပြီးပြန်လွှတ်ပေါ့ဟဲ့”

“ဒါများဗျာ အလုပ်ရှုပ်အောင် ပြန်လွှတ်ရမယ့်အတူတူ ပြုစားမနေနဲ့”

တစ္ဆေပုထို့သို့ပြောလိုက်တော့ ဆရာမွှားသူလုပ်မည့် အစီအစဉ်ကို ‌ပြောပြလိုက်သည်

“ဒီလိုလေကွာ မင်းပြုစားထားတုန်း ငါသူတို့ကုစားပေးလိုက်မယ် ငါကုစားပြီးရင် မင်းကပြန်လွှတ်လိုက် အဲ့ဒါဆိုသူတို့လည်း ရောဂါပျောက်ငါလည်းပိုက်ဆံရ အဆင်မပြေဘူးလား”

“မပြေဘူးဗျာ့ ကျုပ်အတွက်ကြတော့ ဘာမှမပါပဲ အလကားမပြုစားနိုင်ဘူး”

တစ္ဆေပု ထိုသို့ မကျေမနပ်ပုံစံဖြင့်ပြောလိုက်တော့ ဆရာမွှားက

“‌မင်းအတွက်လည်း ပါ ပါတယ်ကွ ငါသူတို့ကိုပြောပြီး မင်းနေတဲ့အပင်အောက်မှာ အမဲသားတို့ ဘာတို့ ချက်ပို့ခိုင်းလိုက်မယ်ကွာ”

“ဒီလိုဆိုရင်တော့ မဆိုးဘူးဗျာ့ ဒါနဲ့ ကျုပ်က ဘယ်အချိန် ပြုစားရမှာတုန်း”

“မြန်လေကောင်းလေပဲကွာ ဖြစ်နိုင်ရင် ဒီညတောင် ရွာထဲဝင်စေချင်တာ”

“ကျုပ်လာခဲ့မယ်ဗျာ ဘကြီးလဲပြန်တော့”

တစ္ဆေပုလည်း သူဘကြီးကို အိမ်မြန်မြန်ပြန်ရန်ပြောလိုက်ချင်းဖြစ်ပြီး သူထိုသို့ပြောလိုက်‌တော့

“မင်းငါ့ကို ဘကြီးဘကြီးနဲ့ မခေါ်နဲ့ကွ မသကာ ဆရာမွှားဆိုတော်ပြီပေါ့”

“အေးပါဗျာ ဒါဆိုလည်း ဆရာမွှားပြန်ပါတော့ ကျုပ်ဒီညရွာထဲ ရောက်အောင်လာခဲ့ပါမယ်”

“ဒါဆို ငါစိတ်ချမယ်နော်”

“စိတ်ချပါဗျာ မယုံရင်စောင့်ကြည့်နေ ကျုပ်ဒီည ရွာထဲရောက်အောင်ကို လာခဲ့မှာ”

တစ္ဆေပု ထိုသို့ပြောလိုက်မှ ဆရာမွှားလည်း စိတ်ချသွားပြီး ရွာသို့ပြန်လာခဲ့တော့သည် တစ္ဆေနိုင်ဓါး စွမ်းလားမစွမ်းလာတော့မသိ ရွယ်ရုံနှင့်ပင် တစ္ဆေတစ်ကောင် သူခိုင်းသည့်အတိုင်းလုပ်ပြီမို့ ဆရာမွှားလည်း ရွာအပြန်လမ်းတလျှောက် တပြုံးပြုံးနှင့်ဖြစ်နေပြီး မနက်ဖန်သူကုစားရမည့် လူနာများကိုပင် စိတ်ထဲမှခန်မှန်းတွက်ချက်နေမိသည်။

(၂)

ဆရာမွှားလည်းအိမ်ကိုပြန်ရောက်လာပြီး အိမ်ပြူတင်းပေါက်ဘေး ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ရွာ၏ထူးခြားမှုအခြေအနေကို စောင့်ကြည့်နေလိုက်သည်။ထို့နောက် သိပ်မကြာခင် ရွာအနောက်ပိုင်းမှ ခွေးဟောင်သံများကို ကြားလိုက်ရပြီး တစ္ဆေပုရွာထဲဝင်လာ‌ေနပြီဆိုတာကိုသိလိုက်သည်။သူလည်း ‌ခွေးဟောင်သံများကို နားထောင်နေရင်း တစ္ဆေပု ဘယ်သူအိမ်ရှေ့‌ေရာက်‌ေနပြီဆိုတာကို ခန့်မှန်းတွက်ချက်‌ေနမိသည်။ သူထိုသို့ခန့်မှန်းတွက်ချက်‌ေနရင်း‌ ခွေးဟာင်သံများ တဖြည်းဖြည်းနှင့် သူ့အိမ်ဘက်ရောက်လာတာကို သတိထားမိလိုက်ပြီး ပြူတင်းပေါက်မှနေ လမ်းဘက်ကို လှမ်းကြည့်နေလိုက်သည်။

ထိုအခါ ရွာလမ်းအတိုင်း ကိုယ်မဖျောက်ဘာမဖျောက်နှင့် တဖြည့်းဖြည်းလျှောက်လာသော တစ္ဆေပုကို မြင်လိုက်ရပြီး သူ့အစားရင်လေးနေမိသည် တော်ကြာ မြင့်ဆောင်တို့ငပြူးတို့နှင့်တွေ့ပြီး သူ ရွာထဲကလူတွေကို မပြုစားခင် သူ့ကိုအရင်ပြုတ်စားသွားပြီး မီးခိုးကြွက်လျှောက် လိုက်၍ သူနှင့်ပူးပေါင်းလုပ်ကြသည့်အကြောင်းကို သိသွားရင်းဖြင့် တရွာလုံး သူ့ကိုဝိုင်းကဲ့ရဲ့ကြတော့မည်ဖြစ်သည်။

ဒါကြောင့်သူလည်း ကိုယ်မဖျောက်ပဲရွာထဲရောက်လာသော တစ္ဆေပုကိုကြည့်ပြီး သူအတွက် စိုးရိမ်စိတ်များဖြစ်လာသလို တစ္ဆေပုကိုလည်း စိတ်ထဲမှကျိန်ဆဲနေမိသည်။ သူထိုသို့ဖြစ်နေချိန် တစ္ဆေပုသူ့အိမ်ဝိုင်းထဲဝင်လာကိုမြင်လိုက်ရပြီး အံ့ဩနေမိပြန်သည် စိတ်ထဲမှာလည်း တစ္ဆေပုသူ့ကိုလာပြုစားတာဖြစ်မည်ဟုထင်ပြီး ပက်လက်ကုလားထိုင်ပေါ်မှ ထိုင်ရမလိုထရမလိုဖြစ်နေသည်။ ထိုအချိန် အိမ်အောက်‌ေရာက်နေပြီဖြစ်သည့် တစ္ဆေပုက

“ဘကြီးမွှား ဘကြီးမွှား”

တ‌စ္ဆေပု သူ့နာမည်ကို ခေါ်သံကြားလိုက်ပြီး သူလည်း ပြန်ထူးရမလို မထူးရမလို ဖြစ်နေပြန်သည် အကယ်၍ တစ္ဆေခေါ်တာကို ပြန်ထူးလိုက်လျှင် ထိုတစ္ဆေ၏ ပြုစားချင်းကို ခံရတတ်သည်ဟူ‌ေသာစကားကို ကြားဖူးနေ၍ ဆရားမွှားပြန်မထူးပဲ တခါးများကို လုံခြုံအောင်ပိတ်ထားလိုက်သည်။ထိုအခါ တစ္ဆေပုက အိမ်အောက်မှနေ၍

“ဘကြီးမွှား ကျုပ်ဘကြီးမွှားတူ မောင်ပုပါဗျာ တစ္ဆေပုမဟုတ်ပါဘူး”

တစ္ဆေပုက သူကိုသူ သူ့တူမောင်ပုဟုပြောနေသော်လည်း ဆရာမွှားက မယုံရဲသေးပဲ မောင်ပုခေါ်တစ္ဆေပုကိုယ်တိုင် သူ့မိဘနာမည်နှင့်ဘိုးဘွာနာမည်များကို ပြောလိုက်တော့မှ ဦးမွှားလည်း တခါးဖွင့်ပေးပြီး

“မောင်ပု မင်းဒီအချိန်ကြီး ဘာလာလုပ်တာတုန်း”

ဆရာမွှားလည်း မတွေ့တာကြာပြီဖြစ်သော သူ့တူမောင်ပု အိမ်ရောက်လာပေမဲ့ ဝမ်းမသာနိုင်သေးပဲ သူလုပ်ခဲ့တဲ့အပြုအမူအတွက် ရှက်ရွံ့စိတ်ဖြစ်နေသည် ဒါကို မောင်ပုကသိတော့ လာရင်းအကြောင်းကိုမပြောသေးပဲ

“ဘကြီးမွှား ဘာဖြစ်နေတာတုန်းဗျာ့”

“ဘာဖြစ်ရမှာတုန်းကွ မင်းတွေ့ကတည်း ငါ့တူမောင်ပုဆို မောင်ပုလို့ပြောပါလား အခုတော့ တစ္ဆေပုလိုလို ဘာလိုလိုလျှောက်ပြောနေတော့ ငါလည်း ငါလျှို့ဝှက်အကြံအစည်တွေကို ထုတ်ပြောမိတာပေါ့ တော်သေးလို့ပေါ့ကွာ မင်းဖြစ်နေလိုသာပေါ့ တစိမ်းတစ်ရောက်ဆို ငါ့မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး”

“လုပ်တုန်းက‌ေတာ့လုပ်ပြီး အခုရှက်မနေပါနဲ့ဗျာ”

မောင်ပု ထိုသို့ပြောလိုက်တော့ ဆရာမွှား မျက်နှာကြီး ရဲသွားပြီး

“စကားရှည်မနေနဲ့ကွာ မင်းအခုဘာလာလုပ်တာတုန်းပြော မင်းအမေများနှင်ချလိုက်လိုလား”

“မဟုတ်ပါဘူးဗျာ ကျုပ်ဒီကိုရောက်လာတာ ကိုမြင့်ဆောင်တိုကို့ လာခေါ်တာဗျာ့”

“ဟုတ်လားကွ ဘာဖြစ်လို့တုန်း”

“ဘာဖြစ်ရမှာတုန်းဗျာ ကျုပ်တိုရွာမှာ တစ္ဆေတစ်ကောင်ညဘက် ရွာထဲဝင်နေလို့ဗျာ့”

“ဟုတ်လားကွ ဒါဆိုမြင့်ဆောင်တို့ကို ခေါ်မနေနဲ့ကွာ ငါလိုက်ခဲ့မယ်”

“ဘကြီးမွှားက ဘာလုပ်တတ်လို့တုန်းဗျာ့ ကျုပ်နဲ့တစ္ဆေတောင် မှန်အောင် မခွဲတတ်ပဲနဲ့”

မောင်ပု ထိုသို့ပြောလိုက်တော့ ဆရာမွှားက

“မင်းပုံကိုလည်း မင်းပြန်ကြည့်စမ်းပါဦး လူကပုပု ဆံပင်ကရှည်ရှည် နောက်ပြီး အသားမဲရတဲ့အထဲ အင်္ကျီကပါချွတ်ထားသေးတယ် ငါတစ္ဆေနဲ့မှားတာ အပြစ်ရှိလားကွ”

မောင်ပု ထိုသို့ မှိုချိုးမြှစ်ချိုး အပြောခံလိုက်ရပေမဲ အပြုံးမပျက်ဆရာမွှား လွဲမည်ဆိုလည်းလွဲချင်စရာပင်ဖြစ်သည် သူပုံစံသည် ဆံပင်က ဂုတ်ထောက်နေပြီး ဆီမလိမ်းဘာမလိမ်းနှင့်မို့ ဖွာလန်ကြဲနေသည်။ထို့အပြင် နေလောင်ဒဏ်ကြောင့် အသားကလည်းမဲပြောင်နေပြီး ဒီကြားထဲ အင်္ကျီကလည်းအမြဲချွတ်ထားတတ်သည် ဒါကြောင့် ရုတ်တရက်ကြည့်မည်ဆိုလျှင် တစ္ဆေတစ်ကောင်လို့ပင် ထင်မြင်ချင်စရာ ကောင်းလှသည်။ ဒါကြောင့်လည်း သူ့ကိုရွာထဲ၌ တစ္ဆေပုဟုနာမည်ပေးထားကြပြီး ယခုလည်း တစ္ဆေပု သူနေသည့်တောမရွာမှ သလဲကုန်းရွာသို့အလာ လမ်း၌အပေါ့အပါးသွားချင်၍ ခြုံတိုးနေခိုက် သူဘကြီးဆရာမွှား ရောက်လာပြီး သူ့ကို တစ္ဆေနိုင်ဓါးနှင့်ခြိမ်းခြောက်၍ ရွာထဲကလူများကို ပြုစားခိုင်းချင်းဖြစ်သည်။

သူလည်းတွေ့စကပင် သူ့ဘကြီးမှန်းသိသော်လည်း ပြောမရ၍ သူဘကြီး အိမ်မြန်မြန်ပြန်ရန် တစ္ဆေတစ်ကောင်ကဲ့သို ဟန်ဆောင်ပြောလိုက်ချင်းဖြစ်ပြီး ယခုမှ သူ့အိမ်သို့လိုက်လာခဲ့ချင်းဖြစ်သည်။သူအိမ်ရောက်၍ သူတိုရွာထဲ တစ္ဆေဝင်သည့်အကြောင်း ပြောလိုက်တော့မှဆရာမွှားလည်း ကိစ္စကို စိတ်ဝင်းစားသွားပြီး

“ပြောစမ်းပါဦးကွ မင်းတို့ရွာထဲကို ညညတစ္ဆေဝင်ပြီး ဘာတွေလုပ်သွားလို့တုန်း”

“လူတွေကိုတော့ ဘာမှမလုပ်ဘူးဗျာ့ ကြက်တွေကို ဝင်ဆွဲတာ အဲ့ဒါ ကိုမြင့်ဆောင်ကိုအကူအညီးတောင်းပြီး အဲ့ဒီတစ္ကေကိုရွာထဲမဝင်နိုင်အောင်လုပ်ခိုင်းမလိုဗျာ့”

မောင်ပု ထိုသို့ ရှင်းပြလိုက်တော့ ဆရာမွှားက

“ဒါများကွာ ငါ့ကိုကျော်ပြီး မြင့်ဆောင်ကို အကူအညီတောင်းနေရတယ်လို့ ငါတစ်ယောက်လုံးရှိတာကို ငါလိုက်ခဲ့မှာပေါ့”

ဆရာမွှား ထိုသို့ပြောလိုက်တော့ မောင်ပုလည်း သူ့ဘကြီးဘာမှမလုပ်တတ်မှန်းသိ၍

“ဘကြီးလိုက်လို့မဖြစ်ပါဘူးဗျာ ဘကြီးအကြောင်းလည်းဘကြီးသိသားနဲ့”

“သိတာပေါ့ကွ ငါ့အကြောင်းငါသိလို့ပြောတာပေါ့ ငါအရင်လိုပေါ့ဆဆ ပယောဂဆရာ မဟုတ်တော့ဘူးကွ တစ္ဆေနိုင်ဓါးရှင် ဆရာမွှားဖြစ်သွားပြီ”

“ဟုတ်လားဗျာ့ ဒါပေမဲ့ ကျုပ်မြင်ရသလောက်ကတော့ ဘကြီးတစ္ဆေနိုင်ဓါးက မီးလောင်ထားတဲ့ဝါးချမ်းပြား အရိုးတတ်ထားသလိုပါပဲဗျာ ထိပ်ကလည်း တုန်းသလိုလိုချွန်သလိုလိုနဲ့ နောက်ပြီး ဓါးတစ်ချောင်းလုံးလည်း မဲတူးနေပြီး မုဆိုးမအိမ်က ဓါးလောက်တောင်မထက်ဘူး ဒီဓါးနဲ့ဆို တစ္ဆေမပြောနဲ့ ရွာထဲကခွေးဝဲစားတောင် ကြောက်မှာမဟုတ်ဘူး”

တစ္ဆေပုလည်း ပက်လက်ကုလားထိုင်ဘေးမှာထောင်ထားသည့် တစ္ဆေနိုင်ဓါးကိုကြည့်၍ သူ့ကိုတစ္ဆေနှင့်လွဲသော သူဘကြီးအား ခပ်ပိုပိုပင်ပြန်ပြောလိုက်သည် ထိုအခါ ဆရာမွှားက

“မင်း ငါဓါးကိုအဲ့ဒီလိုမပြောပါနဲ့ကွ ငါ့ဓါးမှာလည်း သူ့နေရာနဲ့သူ အစွမ်းထက်တာတွေရှိပါသေးတယ်”

“ဒါဆိုလည်း ပြီးတာပါပဲဗျာ ကျုပ်လည်းဗိုက်စာနေပြီ ဘာစားစရာရှိသေးတုန်း”

“ဘာမှမရှိဘူး မီးဖိုထဲသွားပြီးကိုယ်ဟာကာ ရှိတာရှာစား”

ဆရာမွှားလည်း သူ့ဓါးကိုအပြစ်ပြောသော သူ့တူ တစ္ဆေပုကို သဒ္ဒါပျက်သွားပြီး ကျွေးချင်မွေးချင်စိတ်ပင်ကုန်သွားကာ ထိုသို့ပြောလိုက်ချင်းဖြစ်ပြီး တစ္ဆေပုလည်း မီးဖိုထဲသွားပြီး အိုးခွက်များကို လှန်လောကာ မရှိရှိတာတွေကို ရှာကြံစားသာက်နေရတော့သည်။

(၃)

ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ တစ္ဆေပုလည်း ကိုမြင့်ဆောင်ရှိသည် ဦးဘိုးခင်အိမ်သို့ရောက်လာခဲ့သည်။တစ္ဆေပု၏ အမေသည် ဤသလဲကုန်ရွာသူဖြစ်ပြီး ဆရာမွှား၏နှမဖြစ်သည် တောချောင်းရွားသားနှင့် အိမ်ထောင်ကြ၍ ထိုရွာသို့လိုက်နေချင်းဖြစ်ပြီး တ‌ေစ္ဆပု‌ေခါ်ငပုသည်လည်း ဤသလဲကုန်းရွာသူရွာသားများနှင့် အဆက်အစပ်ရှိပြီး သိရှိခင်မင်သည်။ ထို့အတွက်ကြောင့် သူ့ကို ကိုမြင့်ဆောင်ဆီအကူအညီတောင်ရန် လွှတ်လိုက်ချင်းဖြစ်ပြီး သူ ဦးဘိုးခင် အိမ်ကိုရောက်သည်နှင့် အိမ်ရှေ့‌ေမြကွက်လပ်တွင် ဝါးလုံးများကို ခွဲနေသောကိုမြင့်ဆောင်က

“လာကွာ မောင်ပု မင်းဘယ်တုန်းကရောက်တာတုန်း မင်းဘကြီဆီ အလည်လာတာမဟုတ်လား”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ မောင်ပုက

“ဘကြီးဆီ အလည်လာတယ်လို့တော့ မဟုတ်ဘူးဗျာ့ ကျုပ်ကိုမြင့်ဆောင်ဆီကိုလာတာ”

“ဟုတ်လားကွ ဘာကိစ္စရှိလို့တုန်း”

ကိုမြင့်ဆောင်လည်း မောင်ပုကို အိမ်အောက်တန်းလျှားပေါ်သို့ခေါ်ကာထိုင်ခိုင်းလိုက်ပြီး သူဆီလာရင်း ကိစ္စကိုမေးမြန်းလိုက်သည် ထိုအခါ မောင်ပုက

“ဒီလိုဗျာ့ ကျုပ်တို့ရွာထဲကို ညညတစ္ဆေတစ်ကောင်ဝင်ပြီး ရွာထဲကကြက်တွေကိုလိုက်ဆွဲနေလို့ဗျာ့ အဲဒါကိုမြင့်ဆောင်ဆီကို အကူအညီတောင်းခိုင်းတာနဲ့ပဲ ကျုပ်ရောက်လာတာ”

“ဟုတ်လားကွ အဲ့လိုဖြစ်တာ ဘယ်လောက်ကြာပြီတုန်း”

“သုံးလေးရက်တော့ ရှိသွားပြီဗျာ့ အစကတော့လူဝင်ခိုးတယ်လို့ထင်နေကြတာ နောက်မှသေချာစောင့်ကြည့်လိုက်တော့ လူမဟုတ်ဘူးပဲ တစ္ဆေတစ်ကောင်ဖြစ်နေလို့ ရွာသားတွေ ကြောက်လန့်ပြီး ကိုမြင့်ဆောင်ဆီ အကူအညီတောင်းခိုင်းလိုက်တာ”

“ဟုတ်လာကွ ဒါနဲ့ မင်းဘကြီးကို ခေါ်မသွားဘူးလား”

ကိုမြင့်ဆောင် ပြုံးစိစိဖြင့်မေးလိုက်တော့ မောင်ပုက

“ကျုပ်ဘကြီးအကြောင်းလည်း ကိုမြင့်ဆောင်သိရဲ့သားနဲ့ဗျာ သူကပယောဂဆရာလို့သာ အမည်ခံထားတာ ဘာမှသိတာမဟုတ်ဘူးဗျာ့ ကျုပ်ကိုတောင် တစ္ဆေနဲ့မှားနေသေးတာ”

“ဟုတ်လားကွ ဒါဆိုလည်း ငါမင်းတို့ရွာကို လာခဲ့ပါမယ် မင်းလည်းဒီမှာပဲ ထမင်းစားသွားလေကွာ မင်းဘကြီးက တစ်ယောက်တည်းသမားဆို့တော့ အစဉ်သင့်ဖြစ်မှာမဟုတ်ဘူး”

“ရပါတယ်ဗျာ ဘကြီးအိမ်ရောက်မှပဲ သူ့ကိုချက်ကြွေးရင်း စားလိုက်တော့မယ် ဒါနဲ့ ကိုမြင့်ဆောင်တို့ ကျုပ်တို့ရွာကို ဘယ်နေ့လာမှာတုန်းဗျာ့”

ကိုမြင့်ဆောင် ခဏစဉ်းစားလိုက်ပြီး

“မနက်ဖန်ပဲလာမယ်ကွာ အပြန်မြက်ရိတ်ခဲ့ရအောင် လှည်းပါကောက်လာခဲ့မယ် မင်းပါဒီမှာတစ်ညအိပ်ပြီး မနက်မှဒို့နဲ့လိုက်ခဲ့ပါလား”

“ဒါဆိုရင် အစဉ်ပြေတာပေ့ါဗျာ အပြန်ကျုပ်မြက်ရိတ်ပြီးတင်ပေးလိုက်မယ် အခုတော့ ဘကြီးအိမ်သွားပြီး ထမင်းချက်လိုက်ဦးမယ်ဗျို့”

မောင်ပုလည်း ကိုမြင့်ဆောင်ကို နှုတ်ဆက်ပြီး သူ့ဘကြီးအိမ်သို့ပြန်လာကာ ထမင်းချက်ပြုတ်နေရင်း

“ဘကြီး မန်နက်ဖန် ကိုမြင့်ဆောင်ကတော့ ရွာကှိလှည်းနဲ့လိုက်ခဲ့မယ်တဲ့ဗျာ့ အပြန်မြက်ကလေးဘာလေးရိတ်ရင်းပေါ့ အဲ့ဒါ ဘကြီးရောကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါလားဗျာ့ အ‌မေ့ဆီလည်း မရောက်တာကြာပြီးမို့လား”

မောင်ပု ထိုသို့ သူ့ဘကြီးကို အလည်လိုက်ရန် ခေါ်လိုက်တော့ သူ့ဘကြီးဆရာမွှားက

“အေးပါကွာ လှည်းနဲ့ဆိုရင်တော့ လိုက်ခဲ့ရမှာပေါ့ ဒါပေမဲ့ မြင့်ဆောင်နဲ့ငါ ပညာသွားပြိုင်သလိုများဖြစ်နေမလားလို့”

“ဘာပညာတတ်လို့များ သွားပြိုင်သလိုဖြစ်ရမှာတုန်းဗျာ့ ဘကြီးလည်းဘာမှမတတ်ဘူး ကိုမြင့်ဆောင်ကလည်း သတ္တိရှိပြီး တစ္ဆေသရဲတွေကိုမြင်နိုင်လို့သာ အကူအညီတောင်းရတာ သူလည်းဆရာတစ်ယောက်မဟုတ်ပါဘူး နောက်ပြီးသူကလည်း ဘကြီးကိုဘာမှမပြောပါဘူး ကိုယ့်ဦးကြီး တစ်ယောက်လိုပဲ သဘောထားတာပါ”

“ဒါတော့ဒါပေါ့ကွာ ဒါပေမဲ့ မြင့်ဆောင်တစ္ဆေသရဲတွေကို မြင်နိုင်ပြီးကတည်းက ငါပ‌ေယာဂမကုရတော့ဘူးကွ အဲ့ဒါကြောင့် ငါသိပ်မကျေနပ်ချင်ဘူး”

“ဒါကတော့ ဘကြီးစိတ်ကိုက တစ်ဖက်သားကိုမနာလိုဖြစ်နေတာကိုဗျာ့ ကိုမြင့်ဆောင်ကတော့ သူကူညီခဲ့တယ့်လူတွေဆီက ဘာတစ်ပြားတစ်ချပ်မှတောင်းတာမဟုတ်ဘူး နောက်ပြီးဘကြီးကိုလည်း ဆိုးသည်ကောင်းသည်ဘာမှပြောတာမဟုတ်ဘူး”

“အေးပါကွာ ဒါတွေငါသိပါတယ် ဒါပေမဲ့ ဆရာမာနလေးတော့ရှိသေးတာပေါ့ကွာ”

ဆရာမွှားကလည်း သူ့တူကိုယ်တိုင်ကပင် သူ့ကိုဘာမှမတတ်ဟု ပြောနေသည့်ကြားမှ သူ့ကိုသူဆရာလုပ်ချင်နေသေးပြီး ဆရာမာနတွေပင် ပြောနေသေးသည်။တကယ်တမ်းလည်း ဆရာမွှားသည် ပယောဂပညာကို သေသေချာချာ သင်ထားသူမဟုတ် ဝါသနာအရသာလျှောက်လုပ်နေပြီး ရွာထဲရပ်ထဲမှာလည်းကြီးကြီးမားမား အပမှိတာတွေဘာတွေ မရှိ၍သာ ထိုသို့လုပ်နေနိုင်ချင်းဖြစ်သည်။

(၄)

ထိုသို့ဖြစ် နောင်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်ကိုယ်တိုင်ပင် ဆရားမွှားအိမ်သို့ရောက်လာပြီး ငပုကိုလာခေါ်သည် ထိုအခါ ဆရာမွှားလည်း လိုက်လာပြီး သူ၏တစ္ဆနိုင်ဓါးကိုပါ ယူလာခဲ့သည်။ထိုဓါးကို ကိုမြင့်ဆောင်တို့အားကိုးဖြင့် စမ်းသပ်ကြည့်မည်ဖြစ်ပြီး သူတစ်ယောက်တည်းတော့ မစမ်းသပ်ရဲပေ ဒါကြောင့်သူလည်း ဤကဲ့သို့လိုက်လာခဲ့ချင်းဖြစ်သည်။ သူတို့ ဦးဘိုးခင်အိမ်ကိုရောက်တော့ လှည်းကောက်နေသော ကိုပြူးကိုမြင်လိုက်ပြီး ဆရာမွှားလည်း လိုက်သာလိုက်ရမည် အကြည်ဓာတ်တော့ သိပ်မရ ဒါပေမဲ့ သူ့နှမရှိသည့် တောချောင်းရွာကို မရောက်တာကြာပြီဖြစ်၍ လိုက်လည်ချင်နေသလို သူ့ဓါးကိုလည်း စမ်းသပ်ချင်‌ေန၍ အောင့်သက်သက်နှင့်ပင် လိုက်လာခဲ့ရသည်။သူကသာ တစ်ဖက်သတ် အောင့်သက်သက်ဖြစ်နေပြီး ကိုမြင့်ဆောင်နှင့်ကိုပြူးကတော့ ဘာမှမသိ သူလိုလူကြီးတစ်ယောက်ပါလာ၍ လှည်းပေါ်တွင် ဖျာပင်ခင်းပေးလိုက်သေးသည်။သူတို့အတိုင်းဆိုလျှင် လှည်းပေါ်တွင်ဖျာခင်းမည်မဟုတ်ပဲ ဒီအတိုင်းသာ မောင်းထွက်လာကြမည်ဖြစ်သည်။

ထိုသို့ဖြစ် သူတို့လေးယောက် ကိုမြင့်ဆောင်၏ လှည်းနှင်လာရင်း တောမရွာသို့ မနက်ဆယ်တစ်နာရီလောက်တွင် ရောက်လာကြပြီး ဦးမွှား၏နှမအိမ်၌ပင်လှည်းဖြုတ်ထားလိုက်သည်။

ဦးမွှား၏နှမသည်လည်း မလာတာကြာပြီးဖြစ်သော သူအစ်ကိုပါ ပါလာ၍ဝမ်းသာနေပြီး သူ့ရွာသားများဖြစ်သည့် ကိုမြင့်ဆောင်နှင့်ကိုပြူးတို့ကိုလည်း ဝမ်းသာအားရပင် ဆီးကြိုကာ ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေးဧည့်ခံလေသည်။ဒီလိုနဲ့ နေ့လည်စာစားသောက်ပြီး ခဏနေတော့ တောမရွာ ရွာလူကြီးကိုတိုင်လာပြီး သူအိမ်သို့ရေးနွေးသောက်လိုက်ခဲ့ရန် လာခေါ်သည်။ကိုမြင့်ဆောင်နှင်ကိုပြူးတို့နှစ်ယောက် လိုက်ခဲ့သော်လည်း ဆရာမွှားက သူ့နှမအိမ်မှာပင်နေခဲ့ပြီး ညရောက်မှ တစ္ဆေဖမ်းပေးမည်ဟုပြောလိုက်သည်။ ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း ရွာလူကြီးအိမ်မှာ ရေနွေးသောက်ရင်း ရွာထဲတစ္ဆေဝင်သည့် အကြောင်းကိုပြောဆိုနေကြသည်

“အဲ့ဒီတစ္ဆေ ရွာထဲကိုဘယ်အချိန်လောက်ဝင်လာတာတုန်းဗျာ့”

ကိုမြင့်ဆောင် ထိုသို့ မေးလိုက်တော့ တောမရွာလူကြီး

“ညဆယ်တစ်နာခွဲလောက်ဆို ရောက်လာပြီကွ သူရောက်လာပြီဆို တစ်အိမ်အိမ်ကကြက်ကို ဝင်ဆွဲပြီး ရွာအပြင်တန်းပြေးတာပဲ”

“ဟုတ်လားဗျာ့ ရွားသားတွေကရောလိုက်မကြည့်ကြဘူးလား”

“ရွာအပြင်မရောက်ခင်အထိတော့ လိုက်ကြည့်ကြတာပေါ့ကွာ ဒါပေမဲ့ သူဆွဲသွားကြက်တွေကိုပဲ တန်းလန်းကြီးမြင်နေရတာကွ သူ့ကိုတော့မမြင်ရဘူး”

“ဒါဆိုရင်တော့ တစ္ဆေသရဲဆိုတာသေချာနေပြီပေါ့”

“သေချာတာပေါ့ကွာ ဒါကြောင့်လည်း မင်းတို့ကိုအကူအညီတောင်းလိုက်ရတာပေါ့ တော်ကြာမသေမချာနဲ့ဆို မင်းတို့ကိုအားနာစရာတွေဖြစ်ကုန်မှာဆိုးလို့”

“ရပါတယ်ဗျာ ကျုပ်တို့ကိုအားနာစရာမလိုပါဘူး ကျုပ်တို့ကလည်း တစ်ဖက်သားကိုကူညီရတာ ဝါသနာပါ ပါတယ်ဗျာ”

ကိုပြူး ထိုသို့ပြောလိုက်တော့ တောမရွာလူကြီးကလည်း

“မင်းတို့အကြောင်းတော့သိပြီးသားပါကွာ အရင်တစ်ခါ အရိပ်တစ္ဆေတွေကိစ္စနဲ့ ရောက်လာပြီးကတည်းက မင်းတို့ကိုကျေးဇူးတင်နေတာပါအခုလည်းထပ်ကူညီဦးမယ်ဆိုတော့ ထပ်ပြီးကျေးဇူးတင်ရဦးမှာပေါ့”

တောမရွာလူကြီးသာမက တောမတစ်ရွာလုံးလည်း ကိုမြင့်ဆောင်တို့အကြောင်းကိုသိပြီးသားဖြစ်သည် ဒါကြောင့် သူတို့ရောက်လာပြီဆိုတာနှင့် တရွာလုံးလည်း စိုးရိမ်စိတ်များလျှော့ပါးသွားကြပြီဖြစ်သည်။

ဒီလိုနဲ ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ရွာလူကြီးအိမ်မှာပင် ညစာစားသောက်လိုက်ပြီး ညဘက်ရောက်လာသည်နှင့် ရွာထဲဝင်လာသည့် တစ္ဆေကိုစောင့်ကြည့်ရန် ရွာအနောက်ဘက် လှည်းလမ်းဘေးတွင် မှောင်ရိပ်ခိုနေလိုက်ကြသည်။

သူတို့နှင့်အတူ ဆရာမွှားပါ ပါလာခဲ့ပြီး သူ၏တစ္ဆေနိုင်ဓါးကိုစမ်းသပ်ရန် ကိုမြင့်ဆောင်တို့ အားကိုးဖြင့် လိုက်လာခဲ့ချင်းဖြစ်သည်။သူတို့သုံးယောက် ထိုသို့မှောင်ရိပ်ခိုကာ စောင့်နေကြရင်း ကိုပြူးက ပျင်းပျင်းရှိသည်နှင့်

“ဦးကြီးမွှား ခင်ဗျားဓါးက တကယ်ရောစွမ်းရဲ့လားဗျာ့”

“စွမ်းမစွမ်းဒီနေည မင်းတို့ကို လက်တွေ့ပြမယ်”

“ဒါဆိုလည်း စောင့်ကြည့်ရသေးတာပေါ့ဗျာ တကယ်လို့စွမ်းရင်တော့ အဲ့ဒီလိုဓါးမျိုး လိုချင်နေတဲ့ ကျုပ်မိတ်ဆွေတွေဆီမှာ ဈေးကောင်းကောင်းရအောင်ရောင်းပေးမယ်ဗျာ”

ကိုပြူးဆီမှ ထိုစကားသံကြားလိုက်ပြီး ဆရာမွှားမျက်လုံးတွေအရောင်တောက်သွားသည် သူကိုတိုင်လည်း ဤဓါးဖြင့် တစ္ဆေများကို ချိမ်းခြောက်၍ လူတွေကိုပြုစားခိုင်းပြီး ငွေရှာရန်ဖြစ်သည် ဒါပေမဲ့ အဲ့ဒီလို လှည့်ပတ်မနေရပဲ ငွေများများရမည်ဆိုလိုကတော့ ဤဓါးအစဉ်ပြေလျှင် နောက်တစ်ချောင်းပင်ထပ်လုပ်ရန် စိတ်ကူးထားပြီး

“အေးကွာ အဲ့ဒီလိုဆိုရင်လည်း ဦးကြီးကို ကူညီစမ်းပါဦး တကယ်လို့ငွေများများရရင် မုန့်ဖိုးပဲဖိုးလေးပေပါမယ်”

“မလိုပါဘူးဗျာ ကိုယ့်ရွာသားအချင်းချင်းမို့ ကူညီတာပါ”

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ကွာ ငါ့တူတွေ သဘောကောင်းမှန်း ဦးကြီးသိပါယ်”

ဆရာမွှားလည်း သူတို့နှစ်ယောက်ကို အမြင်မကြည်ဖြစ်နေရာမှ ကိုပြူး၏ ငွေများများနှင့်ရောင်းပေးမည်ဆိုသော စကားကို ကြားရုံဖြင့် သဘောကောင်းတာသိတယ်တွေဘာတွေပင် ဖြစ်ကုန်သည်။အမှန်မှာ ကိုပြူးတစ်ယောက် ဤကဲ့သို့စောင့်နေရသည်ကိုပျင်း၍ စလိုက်ချင်းဖြစ်ပြီး ဦးမွှားကတကယ်ထင်‌ေနချင်းဖြစ်သည်။သူတို့သုံးယောက်လည်း ထိုသို့ စကားပြောလိုက် လမ်း‌‌ေပါ်ကိုကြည့်လိုက်ဖြင့် စောင့်နေကြရင်း ညဆယ်နှစ်နာရီ ထိုးခါနီးလောက်ကြတော့ တောမရွာသင်္ချိုင်းဘက်မှ လူတစ်ယောက် လှည်းလမ်းအတိုင်းရွာဘက်ကို လာနေတာကိုမြင်လိုက်ရပြီး ကိုမြင့်ဆောင်က

“ငပြူး ဟိုမှာလူတစ်ယောက်တော့ ဒီဘက်ကိုလာနေတယ်ကွ မင်းတို့မြင်လား”

“မြင်ဘူးလေကွာ”

ကိုပြူးလည်း လှမ်းအတိုင်းကြည့်ပြီ့း ထိုသို့ပြောလိုက်တော့

“ဒါဆိုသေချာပြီကွ အဲ့ဒါရွာထဲက ကြက်တွေကိုဝင်ဆွဲနေတဲ့ တစ္ဆေသရဲပဲဖြစ်ရမယ်”

သူတို့ နှစ်ယောက်ထိုသို့ ခပ်တိုးတို့ပြောဆိုနေကြတော့ ဦးမွှားက

“ဘာတုန်းကွ မင်းတို့ တစ္ဆေသရဲကို မြင်နေရလိုလား”

“ဟုတ်တယ်ဗျာ့ ဟိုသင်္ချိုင်းဘက်ကနေ လူတစ်ယောက်လာနေတယ် အဲ့ဒါရွာထဲက ကြက်တွေကိုဝင်ဆွဲနေတဲ့ တစ္ဆေသရဲပဲဗျာ ဦးမွှားကြည့်မလား”

“မင်းမြင်နေရတာ လူပုံစံလား သရဲပုံစံလားကွ”

ဦးမွှားထိုလူကို ကြောက်စရာအသွင်သဏ္ဍန် ဟုတ်မဟုတ်မေးလိုက်ချင်းဖြစ်ပြီး ကိုမြင့်ဆောင်က

“လူလိုပါပဲဗျာ့ ဘာကြောက်စရာမှ မရှိပါဘူး ရော့ဦးမွှားကြည့်ချင်ရင် ကျွန်တော့လေးဂွကိုယူလိုက်”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး သူ့လက်ထဲမှလေးဂွကို ဦးမွှားဆီထိုးပေးလိုက်သည်။ထိုအခါ ဦးမွှားလည်း လေးဂွကို မရဲတရဲယူပြီး လှည်းလမ်းပေါ်မှာ လာနေသည်ဆိုသည့်လူကို မဝံ့မရဲဖြင့်စမ်းကြည့်လိုက်သည်။ သူလည်း ကိုမြင့်ဆောင်လိုပင် လူတစ်ယောက်လာနေတာကိုမြင်လိုက်ရပြီး

“ဟုတ်တယ်ဟ လူတစ်ယောက်ဒီဘက်ကိုလာနေပါလား ဒါနဲ့စောစောက အဲ့ဒီလူကိုမမြင်ပါလားကွ”

“ဘယ်မြင်မတုန်းဗျာ့ အဲ့ဒါလူမှမဟုတ်ပဲ တစ္ဆေသရဲတစ်ကောင်ဗျာ့”

“ဟုတ်လို့လားကွ ငါမျက်လုံထဲတော့ လူတစ်ယောက်ပါကွ”

“ဒါဆိုလဲ အဲ့ဒီလေးဂွကို မကိုင်ပဲကြည့်ကြည့်ဗျာ လူဆိုရင် ဦးမွှားဆက်မြင်နေရလိမ့်မယ်”

ကိုပြူး ထိုသို့ပြောလိုက်တော့ ဦးမွှားလည်း စမ်းကြည့်ချင်နေသူဖြစ်၍ လေးဂွကို ကိုမြင့်ဆောင်ဆီပြန်ပေးပြီး ဒီအတိုင်းကြည့်လိုက်သည် ထိုအခါစောစောကလူကိုမမြင်ရတော့ပဲ

“ဟုတ်တယ်ဟ ဒီအတိုင်းကြည့်တော့ ဘာမှမမြင်ရတော့ဘူး”

ဦးမွှားလည်း အံ့ဩတကြီးဖြစ်နေပြီး ကိုပြူးက

“ဒါဆို ဦးမွှားအဲ့ဒီလူတစ္ဆေသရဲဆိုတာ ယုံပြီမဟုတ်လား”

“အေး ယုံတော့ယုံပြီကွ”

“ယုံရင်လည်း ဦးမွှားလက်ထဲကဓါးကို စမ်းကြည့်လေဗျာ စွမ်းမစွမ်းသိရအောင်”

ကိုပြူး ထိုသို့ပြောလိုက်တော့ ဦးမွှားက

“အေးကွာ ငါစမ်းကြည့်စမ်းမယ် တကယ်လို့ အစွမ်းထက်ရင်တော့ မင်းရောင်းပေးဖို့သာ ပြင်ထားပေတော့”

ဦးမွှားတကယ်လုပ်မည်ဆိုတာ သိလိုက်ပြီး ကိုမြင့်ဆောင်က

“မလုပ်ပါနဲ့ ဦးမွှားရယ် ကျုပ်တို့ကဦးမွှားကိုစနေတာပါ ‌တော်ကြာမဖြစ်သင့်တာတွေဖြစ်ကုန်ပါဦးမယ်”

ကိုမြင့်ဆောင် ထိုသို့ပြော ကပ္ပိယကြီးဆီမှ တောင်းယူခဲ့သည့် ဆေးနီလုံလေးဖြင့် ထိုတစ္ဆေကိုပစ်ခတ်ရန် ချိန်ရွယ်လိုက်သည် ထိုအချိန် ဦးမွှားက

“ပေးစမ်းပါကွာ ငါလုပ်ထားတဲ့ ဓါးအကြောင်းငါသိပါတယ် ဒီတစ္ဆေကြောက်ကိုကြောက်ရမှာပါ”

ဦးမွှားလည်း ထိုသို့ပြောပြီး ကိုမြင့်ဆောင်လက်ထဲမှ လေးဂွကိုတောင်းယူကာ လမ်းပေါ်မှလာနေသော တစ္ဆေကောင်ဆီကို ပြေးသွားပြီး သူလက်ထဲမှ တစ္ဆေနိုင်ဓါးဟု သူကင်ပွန်းတပ်ထားသောဓါးဖြင့် ခုတ်ပိုင်းလိုက်သည်။ ထိုအခါ အခုတ်ခံလိုက်ရသော တစ္ဆေသည် ဘာမှမဖြစ်ပဲ သူသာလျှင် အမလေးဗျာ့ ဟုအော်ကာ နောက်သို့လွင့်စင်လာပြီး

“လုပ်ကြပါဦးကွ မြင့်ဆောင် ငါကိုတစ္ဆေရိုက်လိုက်လို့”

ကိုမြင့်ဆောင့်နှင်ကိုပြူးလည်း လဲကြနေသော ဦးမွှားထံပြေးသွားပြီး ပွေ့ထူပေးလိုက်သည်။ ထိုနောက် ကိုမြင့်ဆောင်က အနီးအနားမှာကျနေသည့် လေးဂွကိုကောက်ယူလိုက်ပြီး တစ္ဆေသရဲကို ကြည့်လိုက်သည် ထိုအခါ တစ္ဆေသရဲသည် မျက်ထောင့်နီကြီးဖြင့် သူတို့ကိုကြည်ပြီး ရွာဘက်ကို ဆက်ထွက်သွားပြန်သည် ကိုမြင့်ဆောင်လည်း နောက်မှနေ၍ လေးဂွထဲသို့ဆေးနီလုံးလေးထည့်ပြီး ပစ်လိုက်သည် ဆေနီလုံးလေး ထိမှန်ခံလိုက်ရသော တစ္ဆေကောင်သည် ခါးကြီးကော့လျှက် နာနာကျင်ကျင်အော်လိုက်ပြီး နောက်သို့ပြန်လှည့် ကြည့်လိုက်သည်။ထိုအခါ ကိုမြင့်ဆောင်ကလည်း လေးဂွဖြင့်ဆက်ပစ်ပြန်သည် ထိုသို့ လေးဂွဖြင့်သုံးလေးချက်လောက် ဆက်မှန်လိုက်တော့ တစ္ဆေကောင်မခံနိုင်တော့ပဲ နောက်သို့လှည့်၍ သင်္ချိုင်းဘက်သို့ထွက်ပြေးတော့သည်။ထိုအစွမ်းထက်လှသော ကပ္ပိယကြီးဆီမှ ဆေးနီးလုံးလေးဖြင့် အချက်ပေါင်းများစွာ ထိမှန်ခံလိုက်ရ‌ေသာ ထိုတစ္ဆေသရဲကောင် ဤရွာထဲသို့ ဘယ်တော့မှ ဝင်ရောက်ရဲမည် မဟုတ်တော့ပေ။

ထိုအချိန် ဦးမွှား၏အော်သံကြောင့် ရွာထဲကလူများ ဒုတ်တွေဒါးတွေဖြင့်ရောက်လာပြီး မြေပေါ်တွင်လဲကြနေသော ဦးမွှားကို ရွာထဲသို့ထမ်းခေါ်သွားကြသည်။ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း နောက်မှလိုက်ခဲ့ကြပြီး ရွာထဲရောက်မှအ‌ကြောင်းစုံကို ရှင်းပြလိုက်သည် ထိုအခါ ရွာသားများလည်း တစ္ဆေမလာနိုင်တော့၍ ဝမ်းသာသွားကြသော်လည်း ဦးမွှားကိုကြည့်ကာ စိတ်မကောင်းဖြစ်မိကြသည်။

ဒါပေမဲ့ ဦးမွှားကလည်း သူအပြစ်သူသိပြီး ရွာသားများကို စိတ်မကောင်းမဖြစ်ကြရန် ပြောလိုက်ပြီး

“မြင့်ဆောင် မင်းတို့နှစ်ယောက်ကို‌ကျေးဇူးတင်ပါတယ်ကွာ တကယ်လိုများ ငါတစ်ယောက်တည်းသာ ဒီလိုသွားလုပ်မိရင်သေမှာကွ”

“ရပါတယ်ဗျာ ကျေးဇူးတင်စရာမလိုပါဘူး ကျုပ်တို့လည်း ဦးမွှားတကယ်မလုပ်လောက်ဘူး ထင်တာဗျာ့”

“အေးကွာ အဲ့ဒါငါမင်းတို့အပေါ် မရှုစိတ်နိုင်ဖြစ်ပြီး လူတွေကိုမကောင်းကြံမိလို့ ဒီလိုဖြစ်ရတာကွ အခုတော့ကိုအပြစ်နဲ့ကို ခံရတာပေါ့ကွာ”

ဦးမွှားလည်း ထိုသို့ပြောပြီး ပက်လက်ကုလားထိုင်ပေါ်တွင်ပြန်မှေးနေလိုက်သည်။ဦးမွှားသည် အသက်အရွယ်ကြီးရင့်နေသူတစ်ယောက်ဖြစ်၍ တစ္ဆေကောင်ရိုက်လိုက်သောဒါဏ်နှင့် မြေပေါ် ပြုတ်ကြသောဒါဏ်နှစ်ခုပေါင်းပြီး အတော်ပင်မသက်မသာ ခံစားနေရသည်။ဒါပေမဲ့ သေလုမြောပါးတော့မဟုတ် ဒါကြောင့် နောက်နေ့မနက်ရောက်တော့ သူတို့လှည်းနှင်ပင် ရွာသို့ပြန်လိုက်ခဲ့ပြီး သူ့ကိုပြုစုရန်အတွက် သူ့နှမဖြစ်သူနှင့် သူ့တူ‌ေမာင်ပုတို့ပါ ရွာသို့လိုက်လာခဲ့ကြသည်။ထို့‌ေကြာင့် ကိုမြင့်ဆောင်လည်း နွားစာမြက်ပင်မရိတ်ခဲ့တော့ပေ။

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။