ဝေတနာကိုလွန်၍

ဖြစ်လို့နေ၏။ထိုစဉ် မိကြွယ်သည်

   “မမ “

    “အင်း “

    “မမ ပြောတာ မိကြွယ် အကုန်ကြားတယ် မမ ကိုပေတူးကို တကယ်ချစ်လား”

     မိကြွယ်၏ တုတ်ထိုးအိုးပေါက်အမေးကြောင့် ဦးသောင်း အနည်းငယ် မျက်နှာပူနေဟန်ရှိ၏။မေသူသည် ခေါင်းကို ညိတ်ပြီး ဖြေလိုက်ရာ မိကြွယ်မှ စကားဆက်လေသည် ။

    “ဟို မြင်းလှည်းဆရာကြီး စကားကို ဘာလို့ နားထောင်မှာလဲ ကိုပေတူးကလည်း အမကို ချစ်တယ်ဆိုတာ မိကြွယ် သိတယ် မထူးဘူး မမရာ။မမနဲ့ မိကြွယ် ကိုပေတူးဆီ လိုက်သွားကြမယ်”

    မေသူ ဖြေကြားချင်းမရှိ တွေဝေနေသည်။ထိုအခါ ဦးသောင်းသည်

    “သမီး မေသူ မိကြွယ်ပြောသလိုလုပ်ရင်လည်းလုပ် ဒီအတိုင်း စိတ်နဲ့ လူနဲ့မကပ်ပဲ ဖြစ်နေရင် နောက်ဆို အဖေတို့ ထမင်းဆိုင် အရင်းပြုတ်သွားလိမ့်မယ်”

   “ဘာလို့လဲ အဖေ “

   “သမီးက မောင်ပေတူး အကြောင်းပဲ‌ တွေးနေတော့ ဟင်းတွေ ထည့်ပေးနေတာ နည်းနည်းနောနော မဟုတ်ဘူး ‌ဒီအတိုင်းသာ ထည့်နေရင် အဖေတို့ အရင်းပြုတ်မှာပေါ့ အဲ့တော့ မနက်ဖြန်ပဲ မိကြွယ်နဲ့ မောင်ပေတူး ရှိတဲ့နေရာကို လိုက်သွားပေတော့ သမီးရှင်ဖြစ်ပြီး ဒီစကားပြောရတာတော့ အဖေတော့ အရှက်သား”

     ဦးသောင်းမှ ထိုသို့ပြောသောအခါ မေသူသည် ရှက်သွေးဖျာ လျက်ရှိ၏။ဘေးတွင်ရှိသော မိကြွယ်သည်

    “ဘကြီးရယ် ရှက်မနေပါနဲ့ သမက်ကောင်းလေးရမှာလေ ကိုပေတူးက အလုပ်ကြိုးစားပြီး ရိုးသားပါတယ် ‌”

   “အဲ့တာကြောင့်မို့လည်း သဘောတူတာပေါ့ “

    “အဲ့တာဆို မနက်ဖြန် ဆိုင်တရက် ပိတ်လိုက်မယ် ကိုပေတူး နေတဲ့အိမ်ကို  မမ သိတယ် မဟုတ်လား”

    မိကြွယ်သည် ဦးသောင်းအား စကားပြောနေရင်းမှ တဆက်တည်း မေသူဘက်သို့လှည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။မေသူသည် ရှက်နေရာမှ ခေါင်းလေးညိတ်လို့ ဖြေလိုက်ပါလေသည် ။

◾အခန်း (၃)

     မနက်လင်းကြက်တွန်သည်နှင့် ရွာဦးကျောင်း‌မှ အုန်းမောင်းသည်လည်း ခေါက်ပြီဖြစ်သည်။ထိုဓလေ့သည်က ကျေးလက်ဓလေ့ဖြစ်ပြီး ထိုအသံကြားက တောင်ယာနှင့် လယ်ထဲကိုင်းထဲ အလုပ်သွားကြမည့်သူများသည် စတင်ပြင်ဆင်ကြတော့သည်။ ဦးကျော်လှိုင်နှင့် ပေတူးတို့သည် မနက်စာ ထမင်းထုပ် အပါအ ဝင် လွယ်အိတ်များကိုလွယ်ပြီး ခရီးထွက်ဖို့ရာ အသင့်ဖြစ်နေပြီဖြစ်သည်။လိုအပ်သည်များကို ပြင်ဆင်ပေးနေသော သမီးဖြစ်သူအား ဦးကျော်လှိုင် မှာကြားလို့နေ၏ ။

   “သမီး အဘတို့ ရက်အတော်ကြာမယ်နော် သူငယ်ချင်းတွေကို ခေါ်အိပ် အိမ်မှာလိုအပ်တာရှိရင် နင့်အကိုဝမ်းကွဲဆီမှာ အကူအ ညီတောင်း ကြားလား”

   “အင်းပါ အဘရယ် သမီးကို စိတ်မပူပါနဲ့ “

    “ကဲ ကဲ အဲ့တာဆိုလည်း အဘတို့ သွားလိုက်ဦးမယ် စိတ်ချမယ်နော် “

   “စိတ်ချပါ အဘရယ် “

     ဦးကျော်လှိုင်သည် သမီးဖြစ်သူအား မှာကြားပြီးနောက် ပေတူးနှင့်အတူ ရွာမှ စတင် ထွက်ခွါလေသည်။ရွာနှင့် အတန်လှမ်းသော ကားလမ်းမသို့ရောက်သည့်တိုင် ကောင်းစွာအလင်းရောင် မရသေးပေ။များမကြာသောအချိန်တွင် ဟီးနိုးကားကြီးတစီး သည် သူတို့ အနားတွင်ရပ်လာပြီး ကားမောင်းသူသည်  ကားပေါ်မှ ဆင်းလာကာ

    “ဆရာကြီး ရောက်နေတာ ကြာပြီလား ကျုပ် နည်းနည်းတော့ နောက်ကျသွားတယ်ဗျာ”

   “နောက်မကျပါဘူးကွယ် ငါတို့လည်း ခုမှ ရောက်တာပါ “

    “တက် ဆရာကြီး ဖြည်းဖြည်းတက်ဗျ”

     ကားဆရာကြီးသည် ဦးကျော်လှိုင်အား အတော်လေးစားသူဖြစ်၏။ထို့ကြောင့် ကားပေါ် တက်ရန်ကိုပင် သေချာဂရုစိုက်ခြင်း ဖြစ်သည်။ကားခေါင်းထဲတွင် ဦးကျော်လှိုင်နှင့် ပေတူးတို့ ထိုင်လိုက်ကြပြီးချိန် ကားဆရာကြီး ကားပေါ် တက်လာကာ ကားကြီးအား မောင်းထွက်လိုက်လေသည်။ပေတူးသည် ကားမှန်မှတဆင့် ကားမီးအလင်းရောင်ကြောင့် မြင်နေရသော ကတ္တရာလမ်းကိုကြည့်ရင်း တခုခုကို တွေးတောနေသည်။သူတွေးနေ သည်ကို သတိထားမိသော ဦးကျော်လှိုင်သည်  အတွေးပျောက်စေရန် အလို့ငှာ စကားစလိုက်လေသည် ။

   “မောင်ပေတူး “

    “ဗျာ ဦးကြီး “

    “အင်း မင်းရဲ့ဆရာ ဘိုးတော်စိုးနဲ့ တွေ့ ဖြစ်သေးလား “

    “လူကိုယ်တိုင်တော့ မတွေ့ဖြစ်ဘူး ဦးကြီး “

    “ငါ့ကိုတော့ ခေါ်တွေ့တယ်ကွ မင်းကို အသုဘကမဋ္ဌန်း ပြပေးရမယ်တဲ့ အဲ့တာကြောင့် ခရီးထွက်လာခဲ့တာပေါ့ “

   “ဟုတ်ကဲ့ ဦးကြီး “

     ပေတူး နှင့် ဦးကျော်လှိုင် စကားပြောနေစဉ် ကားဆရာကြီးသည် ဦးကျော်လှိုင်အား တချက်လှည့်ကြည့်လိုက်ပြီး

   “ဆရာကြီး “

   “အင်း ဘသောင်း”

    “ကျုပ် ဆရာကြီးကို အကူအညီတောင်းချင်လို့ “

    “ပြောလေကွာ “

    “ဆယ်မိနစ်လောက်ကြာရင် ညောင်ပင်ကြီးတပင်ကို ရောက်လိမ့်မယ် ဆရာကြီး အဲ့ဒီ့အနားရောက်ရင် ကျုပ်ကားက တအားလေးသွားတယ် တခါတခါဆို ထွက်တောင် မရတော့ဘူး ကားထွက်လို့ရချင်ရင် အမဲသား တထုတ်လမ်းဘေးပစ်ချ ကျွေးရတယ် မှောင်တဲ့အချိန်တိုင်း ဖြစ်နေတယ် ဆရာကြီး ကျုပ်ကိုကူညီပါဦး  ‌”

    “အင်း နေကလည်း မထွက်သေးဘူးဆိုတော့ အခွင့်ကြုံရင်တော့ ကူညီမှာပေါ့လေ “

   “ကျေးဇူးပါဗျာ ကျုပ်လည်း ဆရာကြီးကို ပြောမယ် ပြောမယ် နဲ့ မပြောဖြစ်တာ “

    ဤသို့ဖြင့် သူတို့သည် စကားတပြောပြော နှင့် လူသူကင်းမဲ့ နေသော ကားလမ်းလေးအတိုင်း သစ်လုံးတိုက်သည့် ကားကြီး နှင့် ခရီးဆက်နေကြပါတော့သည် ။

◾အခန်း (၄)

      ကားဆရာကြီးသည် သူ၏ကားပေါ်တွင် ပါလာသော ဦးကျော်လှိုင်၊ပေတူးတို့အား စကား‌တပြောပြောနှင့် ကားမောင်းလာရာ မကြာသောအချိန်တွင် ညောင်ညိုပင်ကြီးတပင်အား သူမောင်းနှင်နေသော ကားကြီး၏မီးရောင် မှတဆင့် မြင်လိုက်ရသည်။မနက်လေးနာရီကျော်ကျော်သာ ရှိသေးသည်မို့ အာရုံ အလင်းရောင်သည်ပင် မလင်းသေးသလို ကားအသွားအလာ လူအသွားအလာတို့သည်လည်း ပြတ်လေ၏။ထိုညောင်ပင်ကြီး အနီးသို့ ရောက်သောအခါ ကားဆရာကြီးသည် ပုံမှန်ထက်ပို၍ မြန်အောင်မောင်းပါသော်လည်း ကားကြီးမှာ ရှေ့ဆက်မသွား စက်သံများပါ ဝပ်လာသဖြင့် ကားဆရာကြီးမှာ ဦးကျော်လှိုင်အား ကြည့်ပြီး စကားဆိုလေသည်။

    “ဆရာကြီးရေ ဇာတ်လမ်းကတော့ စပြီ အမဲသားထုတ် ညောင်ပင်ဆီပစ်ကျွေးခဲ့ရင်တော့ ရတယ် ဒါပေမဲ့ ဆရာကြီးပါမှာ ဆိုတော့ မယူလာခဲ့ဘူး”

   “ကဲ ဘသောင်းရေ ငါဆင်းကြည့်လိုက်ဦးမယ်  “

   “ဦးကြီး ကျုပ်လည်း လိုက်မယ် “

    ဦးကျော်လှိုင် ကားပေါ်မှ ဆင်းဖို့ ပြင်နေချိန် ပေတူးမှ လိုက်မည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ဦးကျော်လှိုင် ခေါင်းညိတ်ပြလိုက်သဖြင့် ပေတူးလည်း ကားပေါ်မှ လိုက်ဆင်းလိုက်သည်။ထို့နောက် ကားအား တပတ်လှည့်ကြည့်လိုက်ကြစဉ် ကားနောက်တွင် ထိုင်နေသောနာနာဘာဝတကောင်အားတွေ့ လိုက်ရသည်။မှောင်မဲနေသည့်အချိန်မို့ ထိုနာနာဘာဝ၏ပုံသဏ္ဍန်အား ရှင်းလင်းပြတ်သားစွာ မမြင်ရသော်ငြား သူ၏အရိပ်အယောင်ကို ‌ကောင်းစွာမြင်နေရသည်။သစ်လုံးများတင်ဆောင်ထားခြင်း မရှိသောကားနောက်တွင် ငုတ်တုတ်ထိုင်နေသည့် ထိုပရလော ကသား၏ကိုယ်ခန္ဓာသည် လွန်စွာမှ ကြီးမားလွန်းနေသည်။ထို့ ကြောင့် ကားကြီးမှာ မရုန်းနိုင်ခြင်းဖြစ်နိုင်သည်။ဦးကျော်လှိုင် သည် ဆင်တကောင်နီးပါးရှိသော မဲမဲအရိပ်ကြီးကို ကြည့်၍ စကားဆိုလိုက်သည်။

    “ဟဲ့ ပြိတ္တာ  နင့်က ဘယ်သူခွင့်ပြုချက်နဲ့  ဒီကားပေါ် ကိုတက်နေရတာလဲ “

   “ဟားးး ဟားးး”

    ပရလောကသားကြီးသည် မည်သည့်စကားမှ ပြန်မပြောပဲ အသံအက်ကွဲကြီးဖြင့် ရယ်နေသည်။သူ ရယ်လိုက်သောအခါ သစ်တင်ကားကြီးသည် လှုပ်ယမ်းသွားလေသည်။ထို့နောက် ဦးကျော်လှိုင်သည် သူ့အား ပမာမခန့် ပြုမူနေသော နာနာဘာဝကြီးကို တောက်တချက်ခေါက်ပြီး ကြည့်လိုက်ကာ

    “ဆိုင်ရာ ဒီပြိတ္တာကို ဒီအတိုင်း ကြည့်နေမှာလား သူရဲ့ဒွါရမှန် သမျှ လှံနဲ့ ထိုးဟဲ့ “

    ဦးကျော်လှိုင် ထိုသို့ပြောလိုက်သည်နှင့်  နာနာဘာဝကြီးသည်  လှုပ်လှုပ်ရွရွ ဖြစ်လာ၏။သို့ပေမဲ့ ကားပေါ်မှ ဆင်းခြင်းမပြုပေ။ထိုအခါ ဦးကျော်လှိုင်သည် အသံခပ်ကျယ်ကျယ်ဖြင့် ထပ်မံ  ပြောလိုက်ပြန်သည်။

    “ဆိုင်ရာ ဒီပြိတ္တာကြီး ကားပေါ်က မဆင်းရင် သူ့အသားတွေကို ဓားနဲ့ ခုတ်ဖြတ်ပြီး ကားပေါ်ကနေ ပစ်ချဟဲ့ “

    ဦးကျော်လှိုင်၏ စကားဆုံးသောအခါ ကားပေါ်မှ နာနာဘာဝကောင်ကြီးသည် အရင်ထက်နာကျင်စွာအော်ဟစ်ပြီး ကားကြီးပေါ်မှ ခုန်ဆင်းလိုက်သည်။ထိုနာနာဘာ၀ကောင်ကြီး ကားပေါ်မှ ဆင်းသွားသည်နှင့် ကားကြီးသည် အိကျနေရာမှ ပြန်တည့်လာသည်။ထို့‌နောက် နာနာဘာဝကောင်ကြီးသည် ညောင်ပင်ရှိရာသို့ ထွက်ပြေးမည့်ပြင်စဉ် ဦးကျော်လှိုင်၏ အသံက ပေါ်ထွက်လာပြန်သည် ။

    “ဟေ့ ပြိတ္တာကြီး လွယ်လွယ်နဲ့ပြေးလို့ရရိုးလား ကဲ ဆိုင်ရာတွေ ချုပ်စမ်း “

    ဦးကျော်လှိုင်၏ စကားဆုံးသောအခါ နာနာဘာဝကောင်ကြီးသည် လမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်သား ရုန်းမရ လှုပ်မရ‌ဖြစ်နေသည်။ထို့နောက် ဦးကျော်လှိုင်သည်က နာနာဘာဝကောင်ကြီးကို ကြည့်ကာ

    “ကဲ မင်းဘယ်ပြေးချင်သေးလဲ “

    “ငါ မနှောက်ယှက်‌တော့ပါဘူး ငါ့ကို လွှတ်ပေးပါ”

    “လွယ်လွယ်နဲ့ လွှတ်လို့ ရရိုးလား “

    “ငါ ငါ ဘာလုပ်ပေးရမလဲ ငါ့ကို ဘာခိုင်းမလို့လဲ “

    “တော်စမ်း ငါ နင့်ကို ဘာမှ ခိုင်းစရာမရှိဘူး ‌နောက်နောင် ဒီ လမ်းမှာ သွားလာနေတဲ့ကားတွေကို နှောက်ယှက်ပြီး အမဲသား တောင်းစားတာကို  နင် ဘယ်တော့မှ မလုပ်ရတော့ဘူး ငါ့ကို ကတိပေးလား ကတိပေးရင် နင့်ကို လွှတ်ပေးမယ် “

    “အေး ပေးတယ် ငါ နောက် မလုပ်တော့ဘူး “

    “ကတိကို တည်ပါ မတည်ရင် နင့် ခေါင်းကို ရှစ်စိတ်ကွဲအောင် ငါ လာလုပ်မယ် “

   “ငါ မလုပ်ရဲတော့ပါဘူး”

    “ကဲ သွားတော့ “

    နာနာဘာဝကြီးသည် ဦးကျော်လှိုင်၏  ခွင့်ပြုချက်ရသော အခါ ညောင်ညိုပင်ကြီးဆီသို့ ပြေးဝင်ပျောက်ကွယ်သွားလေသည်။ထိုအခါမှ ဦးကျော်လှိုင်နှင့် ပေတူးတို့လည်း ကားပေါ်သို့ ပြန်လည်တက်လိုက်ကြပါသည် ။

◾အခန်း (၅)

    မြင်းလှည်းလေးတစီးသည် ကတ္တရာလမ်းအတိုင်း သွားနေရင်းမှ မြေသားလမ်းလေးဘက်သို့ ကွေ့ချလိုက်၏။မြင်းလှည်းပေါ်တွင် မြင်းလှည်းဆရာနှင့်  မိန်းကလေးငယ်နှစ်ယောက်တို့ ပါလာသည်။မြင်းလှည်ဆရာမှာ မျက်နှာသိပ်မကောင်းပေ။ မျက်နှာမကောင်းဖြစ်နေသောမြင်းလှည်းဆရာကြီးကို ကြည့် ကာ မိန်းကလေး နှစ်ယောက်အနက် ပိုငယ်သော မိန်းကလေးမှ စကားဆိုလေသည် ။

    “ဦးလေးရယ်  လူငယ်သဘာဝကို နားလည်ပေးစမ်းပါ “

   “ငါ နားလည်လို့ လိုက်ပို့တာပေါ့ မိကြွယ်ရယ် “

    “လိုက်မပို့ရင်လည်း ဦးလေးတို့ ထမင်းစားနေကြ ကျမတို့ ထမင်းဆိုင်ကို ပိတ်ရတော့မှာ အံ့ဩပါ့ နာမည်ကလည်း မလှ လူကလည်း သာမာန်ပဲကို ကာလသားမှန်သမျှကြိုက်ကြတဲ့ ကျမတို့မမလေးက ကြိုက်ရတယ်လို့ပဲ ဟိုက ဘာမှမပြောရသေးဘူး မမလေးက အိမ်အထိတောင် လိုက်လာတာ ဘကြီးကိုက မပြောရဲလို့ ပြောရဲရင် တောင်းများတောင်းခိုင်းမလား မသိဘူး “

    မိကြွယ်၏စကားကြောင့် မြင်းလှည်းဆရာဦးငြိမ်းမောင် မျက်နှာတွင် ပြုံးယောင်သမ်းလာသည်။သူတွေးမိသည်က မေသူနှင့် အိမ်ထောင်ကျခဲ့သည်ရှိသော် ပေတူးအတွက် နစ်နာစရာမရှိပေ။ထိုအတွက်ကြောင့်လည်း မေသူ ပြောသည်ကို လက်ခံကာ  ဦးကျော်လှိုင်၏အိမ်သို့ လိုက်ပို့ပေးခြင်းဖြစ်၏။သူတို့ စကားတပြောပြောနှင့် ရွာလေးတရွာသို့ ဝင်လာကြသည်။ထို့နောက် ဦးကျော်လှိုင်၏အိမ်ဝိုင်းထဲသို့ ဝင်လိုက်ပြီး အားလုံး မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။ဦးငြိမ်းမောင်သည် မြင်း လှည်းပေါ်မှ ဆင်းဆင်းချင်း ပေတူးအား အော်ခေါ်လိုက်သည် ။

   “ပေတူး ဟေ့ ပေတူး “

    သူခေါ်နေပေမဲ့ ပြန်ထူးသံမကြား မကြာသောအချိန်တွင် ထမင်းချက်နေဟန်ရှိသောမိန်းကလေးတယောက် အိမ်ထဲမှ ထွက်လာပြီး ဦးငြိမ်းမောင်ကို မြင်သည့်အခါ

   “ဘယ်သူများလဲလို့ ဦးလေးငြိမ်းမောင်ပဲ ထိုင်ကြအုံး ဧည့် သည်တွေပါ ပါလာတာပဲ ထိုင်ကြပါအုံး ကျမ ရေနွေးကြမ်း သွားထည့်လိုက်ဦးမယ် “

   “အေး မိချော ငါဟ အရေးကြီးလို့ ပေတူး မရှိဘူးလား “

    မေသူသည် ဦးငြိမ်းမောင်နှင့် စကားပြောနေသော မိချောအမည်ရ ဦးကျော်လှိုင်၏သမီးဖြစ်သူကို ကြည့်ကာ မဆီမဆိုင် ပေတူးနှင့် သဝန်တိုနေမိသည်။ထိုအတွေးကိုပြန်ပြီး သတိထားမိချိန် သူမကိုယ်သူမ ရှက်မိနေသေးသည်။ပေတူးအပေါ် ဘယ် လိုကြောင့်များ ဒီလောက်ထိ သံယောဇဉ် ရှိသွားသည်လည်းဆိုတာ  တွေးမရဖြစ်နေသည်။မိန်းမတို့ အိန္ဒြေ ရွှေပေးလို့ မရ ဆိုရိုးရှိပေမဲ့ ပေတူးနှင့်တွေ့မှ တခါတရံ၌ သူမ အိန္ဒြေမဲ့နေတတ်သည်ကို တွေးမိပြီး အနည်းငယ် ရှက်ရပြန်သည်။ထို့နောက် ပေတူးကို မြင်တွေ့ရမည်ကိုလည်း သာမာန်ထက်ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေမိသည် ။

    ထို့နောက် မိချောသည် အိမ်ထဲမှ ရေနွေးလင်ပန်းလေး သယ်လာကာ စားပွဲခုံပေါ်ချပေးလိုက်ပြီး

   “ဦးငြိမ်းမောင်တို့ အိမ်အထိ လာပုံထောက်ရင် အရေးကြီးပြီ ထင်တယ် ပြောပါဦး”

   “ပေတူးကိုလာခေါ်တာ ဒါ သူအလုပ် လုပ်နေတဲ့ ထမင်းဆိုင် ပိုင်ရှင် မေသူတဲ့လေ “

   ” ဪ ဟုတ်လား ပေတူးက အဲ့ဒီက ပြန်လာကတည်းက ငူငူ ငိုင်ငိုင်ဖြစ်နေတာ အခုတော့ မရှိဘူး ဒီမနက်ပဲ အဘနဲ့အတူ ခရီးထွက်သွားပြီ “

   “ရှင်”

   “ဘယ်ကိုသွားတာလဲ ညီမလေး ပြီး‌တော့ ဘယ်တော့ ပြန်လာမှာတဲ့လဲ “

   မေသူသည် မိချောအား အလောတကြီးမေးမြန်းလိုက်လေ၏ ။ထိုအခါ မိချောသည် မေသူ့ကို ထူးဆန်းသလို တချက်ကြည့်လိုက်ပြီး

   “အဲ့တာတော့ ကျမလည်း မသိဘူး ကျမအထင်တော့ အနည်း ဆုံး ရက်နှစ်ဆယ်လောက်ကြာမယ် ထင်တယ် “

   “ညီမရယ် ဘယ်ကို သွားတာလဲဆိုတာ မမကို ပြောပြပါလား လိုက်သွားချင်လို့ “

    “အဘက ခရီးထွက်ရင် ဘယ်ကို သွားမယ်ဆိုတာ တခါမှ မပြောပြဖူးဘူး သူက တနိုင်ငံလုံးသွားချင်တဲ့နေရာကို သွားတာ”

   မိချော၏စကားကြောင့် မေသူမည်သည့်စကားမှ မပြောတတ် အောင် စိတ်ညစ်သွားသည်။ထိုအခါ မိကြွယ်သည် သူမ၏ ပုခုံးလေးကို ကိုင်လိုက်ကာ

    “မမရယ် နှစ်ချီပြီး ကြာမှာမှ မဟုတ်တာ ရက်ပိုင်းလေးတင်ပဲ ကို နောက်တခေါက် ပြန်လာကြတာပေါ့ ပြီးတော့ ဒီကို မမ လိုက်လာတယ်ဆိုတာသိရင် သူ ချက်ချင်း ပြေးလာမှာပါ မိကြွယ် ယုံတယ် “

    မေသူအား နှစ်သိမ့်နေသောမိကြွယ်၏စကားကြောင့် မိချောတယောက် ရင်တုန်သွားရသည်။သူမသည်လည်း ပျော်ပျော်နေတတ်ပြီး စိတ်ရင်းကောင်းသောပေတူးအား ကြိတ်၍ သံယော ဇဉ် ဖြစ်မိသည်။ထိုအရာကိုဖြင့် သူမတ‌ယောက်သာ သိနိုင်ပြီး မည်သူမှမသိအောင်လည်း သူမကိုယ်တိုင် ဖုံးဖိထားခြင်း ဖြစ်လေသည်။ထို့နောက် မိချောသည် မည်သည့်စကားမှမပြောပဲ ငြိမ်နေသော ဦးငြိမ်းမောင်ကို ကြည့်ကာ

   “ဦးလေး ပေတူးဆိုတဲ့ကောင် ဘာတွေ လုပ်ထားတာလဲ ကျမ ရင်ထိတ်လိုက်တာ “

   “ဘာမှ မဟုတ်ပါဘူးဟာ “

   “ဟုတ်လို့လား ဒင်း ကျမအဖေ သိက္ခာကျအောင်များ လုပ်ထားသလား “

   “မလုပ်ပါဘူးဟာ ပေတူး မရှိဘူးဆိုတော့ ငါတို့ ပြန်တော့မယ် ကဲ တူမကြီးမေသူ ပြန်ကြရအောင် “

    ထို့နောက် သူတို့သည် တန်းလျားတွင်ထိုင်နေသော မိချောကို နှုတ်ဆက်ကာ  မြင်းလှည်းလေးပေါ်တက်ပြီး ပြန်သွားကြလေသည်။ကျန်ခဲ့သောမိချောသည် မြင်းလှည်းလေးကို ငေးကြည့်ရင်း အတွေးပေါင်းများစွာဖြင့် ငေး‌တွေးလို့သာ ကျန်‌နေခဲ့ပါတော့သည် ။

◾အခန်း (၆)

    ရိုးမတောင်ခြေတွင် သစ်ထုတ်ကွင်းကြီး တကွင်းရှိသည်။ထိုသစ်ကွင်းတွင်တော့ ဆင်များသည် သစ်ကားများအပေါ်သို့ သစ်လုံးများကို တင်နေသည်။သစ်လုံးများအားလုံး တင်ပြီးသွားသောအခါ ကျောပေါ်တွင် ဆင်ပုခက်တပ်ထားသော ဆင်ကြီးတစီး သစ်ပင်ရိပ်အောက်တွင် ထိုင်နေသောလူနှစ်‌ယောက် ဆီသို့ လှမ်းလာနေ၏။ထိုလူနှစ်ယောက်မှာ ဦးကျော်လှိုင် နှင့် ပေတူး ဖြစ်သည်။ဆင်ဦးစီး သူတို့နှစ်ယောက်အနားရောက်သောအခါ ဆင်၏ နားရွက်နောက်အား ခြေဖ‌နောင့်ဖြင့် ခတ်လိုက်ပြီး

   “မတ် မတ် “

   ဆင်ဦးစီးမှ ထိုသို့ ပြောလိုက်သည်နှင့် ဆင်ကြီးသည် ရှေ့ လက်နှစ်ချောင်းကို မြေတွင် ဝပ်ပြီး နေလေသည်။ထိုအခါမှ    ဆင်ဦးစီးသည်

   “ဆရာကြီး စောင့်နေရတာ ကြာပြီလား ဆင်ပေါ်တက်ပါဗျ”

   “မကြာသေးဘူး ကိုမာရေ တက်ပြီကွာ “

    ‌ဦးကျော်လှိုင် နှင့် ပေတူးသည် ဆင်ကြီးပေါ် တက်လိုက်ပြီး ဆင်ပုခက်ပေါ် တဖက်တချက်မှ ထိုင်လိုက်သည်နှင့် ဆင်ကြီး သည် မတ်တပ်ရပ်ပြီး တရွေ့ရွေ့နှင့် သွားလေသည်။ထို့‌နောက် ဦးကျော်လှိုင်သည် ဆင်ဦးစီးကိုကြည့်ပြီး စကားဆိုလေသည်။

   “ကိုမာ ဂျပန်ကြီးကိုလည်း မတွေ့ပါလား”

    “ကိုဂျပန်ကြီးကို အလုပ်မလုပ်ခိုင်းတော့ဘူး ဆရာကြီးရ သူ့ကို ပင်စင် ပေးလိုက်ပြီ “

   “ဟုတ်လား ဒီကောင်ကြီးက အတော် လိမ္မာတာနော် “

   “သူကတော့ လိမ္မာပါတယ် သူ့သား ငရိုင်းက နာမည်နဲ့ လိုက်အောင် ရိုင်းတာ ဟိုတလောက ဆင်ဦးစီး သူ့ကြောင့် ထောင်ကျသွားတယ် “

   “ဘယ်လိုဖြစ်တာလဲ  ကိုမာရ”

    “ဘယ်လိုဖြစ်ရမှာလဲ ဆရာကြီးရယ် ငရိုင်းက ဦးစီးကို  နှာမောင်းနဲ့ ရိုက်ပြီး ပြေးတာလေ ဦးစီးက လှံကိုင်ထားတော့ လှံကို ထောက်ပြီး လှိမ့်ထွက်တာပေါ့ အဲ့တော့ ငရိုင်းလက် လှံစူးသွားတယ်လေ သိတဲ့အတိုင်းပဲ သက်ဆိုင်ရာက ဆင်ကို အနာ တရဖြစ်စေမှု ဆိုပြီး ဦးစီးကို ဖမ်းတယ်ပေါ့ဗျာ “

    ပေတူးသည် ယခုမှစိတ်လက်ပေါ့ပါးလာသည်။အတွေ့အကြုံသစ်များကို မြင်ရတွေ့ရသောကြောင့်လည်း ဖြစ်သည်။ထို့ ကြောင့် သူဝါသနာပါသည့် အထူးအဆန်းများကို စူးစမ်းချင် စိတ်မှာ ပြန်ပေါ်လာပြီး ဘိုးတော်ဖြစ်ချင်စိတ်လည်း ပြန်ဖြစ်လာ ၏။ခံစားနေရသောဝေဒနာသည် ခရီးသွားအတွေ့အကြုံကြောင့် အတော်ကို သက်သာသွားပြီဖြစ်သည်။ရှေ့ဆက်ရမည့် ခရီးကိုလည်း ပို၍စိတ်ဝင်စားနေမိသည်။ဆင်ဦးစီးနှင့် ဦးကျော်လှိုင် ပြောနေသော စကားများကိုလည်း စိတ်ဝင်တစားနားထောင်နေစဉ် ဦးကျော်လှိုင်မှ ပေတူးကို ကြည့်ပြီး စကားဆိုလိုက်လေသည် ။

   “မောင်ပေတူး “

   “ဗျာ ဦးကြီး “

   “ဦးကြီးတို့ဆင်ကို တရက်နှစ်ရက်လောက်စီးပြီးမှ  ကျင့်ကြံရမဲ့ နေရာကို ရောက်မှာ ဘယ်လိုလဲ ပျင်းနေပြီလား “

   “မပျင်းပါဘူးဗျာ ဒီလို သွားရလာရတာကို သဘောကျတယ်။ ကျုပ် သတိရလာတာက ကျုပ်သူငယ်ချင်းတွေကိုပဲ ဒီကောင်တွေ အခုလို ဆင်စီးရ ကားစီးရနဲ့ ခရီးသွားရမယ်ဆို သိပ် သဘောကျနေမှာဗျ”

   “မောင်ပေတူး ကြည့်ရတာ အသုဘကမ္မဋ္ဌာန်းတောင် ရှု့စရာ မလိုဘူး ဝေဒနာတွေ သက်သာသွားသလိုပဲ “

    “မရှက်တမ်းပြောရရင် မမေသူကို တကယ်ချစ်ခဲ့ပါတယ် ဒါပေမဲ့ ကျုပ်ငယ်ငယ်ကတည်းက ခင်မင်ရတဲ့သူငယ်ချင်းတွေကို စွန့်ပြီးထွက်လာတာ ဘိုးတော် ဖြစ်ချင်လို့လေ အဲ့တော့ ကိုယ်ဖြစ်ချင်တာတွေအတွက် တချို့အရာတွေတော့ စွန့်လွှတ် ရတော့မှာပေါ့ ဦးကြီးရယ် “

    “အင်း ‌မောင်ပေတူးရဲ့တရားသဘောသိနိုင်တဲ့ ပါရမီကလည်း မသေးဘူးပဲ”

    “ကျုပ်တို့ကသာ တရားသဘောလို့ ပြောပေမဲ့  တခြားသူတွေကတော့ ရက်စက်တယ်လို့ မြင်နေမှာပဲ ဦးကြီး”

    “အင်း တို့များ မြတ်စွာဘုရားရှင်ကိုယ်‌တော်မြတ်ကြီးကို တောင် တကိုယ်ကောင်းဆန်တဲ့သူလို့ တချို့က ပြောကြသေး တာပဲ မင်းတို့ငါတို့ အပြောခံရတာတော့ ဘာမှ မဟုတ်သေးပါဘူး”

    “ကျုပ် တွေးမိတာက ကျုပ်က တကယ်ရော အထက်လမ်း ပညာတွေကို သင်ယူနိုင်စွမ်း ရှိပါ့မလားလို့ပေါ့ “

   “ဘာဖြစ်လို့လဲ ‌ မောင်ပေတူး”

   “ကျုပ်က အကုသိုလ်တွေ အတော်များများ လုပ်ခဲ့တယ် အဲ့ဒီအရာ”

    “မပြောတော့နဲ့ မောင်ပေတူး ဦးကြီးနားလည်ပြီ မှတ်ထားကွဲ့  ကောင်းတဲ့အရာကို သိမြင်လို့ ပြောင်းလဲသူတိုင်း ဘယ်တော့မှ နောက်ကျတယ် ကောင်းမှုတွေကို မပြုလုပ်နိုင်ဘူးဆိုတာ မရှိဘူး ဘာမှ သိမ်ငယ်စရာလည်း မလိုဘူး “

   “ဟုတ်ကဲ့ ဦးကြီး “

    ဦးကျော်လှိုင်သည် ပေတူး၏စကားကို နားထောင်ပြီး ပြုံးလိုက်မိသည်။ထို့နောက် သူတို့နှစ်ယောက်သည် ဆင်ဦးစီးပြောပြသော ဆင်နှင့်ပတ်သက်သည့် အဖြစ်အပျက်လေးများကို နားထောင်ရင်း  ခရီးရှည်ကြီးကို ဆက်နေကြပါတော့သည် ။

◾ဘိုးတော်ပေ နှင့် ဝေဒနာကို လွန်၍ သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း