သူခိုးကြီးည

မည်သူမျှမသနား ထမင်းဆန်ဆေးဖို့ရာအတွက် ခိုင်းလိုက်ကြပါလေသည် ။

◾အခန်း (၂)

     သီတင်းကျွတ်လပြည့်ညသည် ရောက်ရှိလာပြီဖြစ်သည်။ ပေပင်ရွာလေး၏ သီတင်းကျွတ်လပြည့်ညလေးသည် စည်ကားလျက်ရှိပြီး အိမ်ရှေ့နှင့် အိမ်တွင်းအိမ်ပြင်၌ ဆီမီးခွက်များ ထွန်းထားသည်။လူပျိုအရွယ် ဖိုးထွေးတို့ကာလသားများမှ ဦးဆောင်ပြီး ဩကာသဖြင့် ရွာမှ ကလေးသာသာအရွယ်များနှင့်အတူ အုပ်စုဖွဲ့၍ ရွာလုံးကျွတ် လိုက်ကန်တော့နေကြသည်။ဖိုးထွေးတို့ အဖွဲ့တွင် မောင်ဘိုးထင်၊သာအေးနှင့် တခြားသော ကလေးသာသာ မိန်းကလေး၊ယောကျာ်းလေးများပါ၀င်ပြီး သာရတို့သည်လည်း တဖွဲ့ဖြစ်သည်။သူတို့သည် အဖွဲ့ခွဲပြီး လိုက်၍ ကန်တော့နေရာ တခြားအဖွဲ့များနှင့် ဆုံသော်

   “ချိုးသိမ်း မင်းတို့ကောင်တွေ ဘယ်ဘက်အပိုင်းကိုသွားပြီးပြီလဲ”

   “အနောက်ပိုင်းက ဦးဝင်းတို့အိမ်တော့ရှောင် ဖိုးထွေးရေ အဲ့လူတွေ ‌အမွေခွဲနေတာကွ သီတင်းကျွတ်မှာ သားသမီးတွေ လာကန်တော့တယ် ထင်နေတာ ဘယ်ဟုတ်မလဲ ဦးဝင်းဆီက အမွေလာတောင်းနေကြတာ အဲ့ဒီအိမ်တော့ရှောင် ဦးဝင်းစိတ်သိပ်မကြည်ဘူး “

   “အေး အေး သွားပြီဟေ့”

    ရွာထဲတွင် လိုက်ကန်တော့ပြီး ဝေစုခွဲနေသည့် သာရတို့အဖွဲ့ နှင့် တိုးပြန်သည်။သူတို့အဖွဲ့ထဲတွင် မယ်လှနှင့် မိချိုအပြင်တခြားသော ခပ်စွာစွာကလေးမများပါ ပါ၀င်နေ၍ ခေါင်းဆောင်သာရတယောက် မီးကင်းတဲအတွင်း ငူငူကြီးထိုင်ကာ စိတ်ညစ်နေလေသည် ။

   “ပေတူး အရူးက တမူး ပိုသာမနေနဲ့ “

   “မယ်လှ နင်တို့တွေ ပါလာတာ အတော်ကို ခက်တယ် မလိုက်နဲ့ဆိုလည်း လိုက်တယ်  အမမိကျော့တို့နဲ့ သွားပါလား တို့နောက် လိုက်ရင် တို့စည်းကမ်းပဲ “

    “နင်တို့က မတရားတာလေ မုန့်ဖက်ထုပ် ဆိုလည်းတယောက် တထုပ်ယူပေါ့ အခုတော့ ကိုသာရကြီးက အမြဲ တထုပ် ပို ပိုယူနေတယ်”

    “သူက တို့ထက်ကြီးတယ်လေ ပြီးတော့ တို့အဖွဲ့က ခုနှစ်ယောက် မုန့်ဖက်ထုတ်က ရှစ်ထုပ် ပိုတဲ့ တထုပ် သူ့ပေးရမှာပေါ့ ဟ “

    “နောက်တအိမ်က တထုပ်ပိုတာလည်း သူပဲယူတာပဲကို “

    “တော် တော် မယ်လှ နင်တို့နဲ့ အဆင်မပြေဘူး ငါတို့ နင်တို့နဲ့လမ်းခွဲမယ် “

    ပေတူးနှင့် မယ်လှခေါင်းဆောင်သော ကလေးမလေးတို့ စကားများနေသည်ကို အဖွဲ့ခေါင်းဆောင် သာရ မည်သို့ပြောရမည်မှန်း မသိဖြစ်နေသည်။နာမည်ကြီးတော့ ညောင်ပင် စားတော့သရဲ ဆိုစကားအတိုင်း ပေတူးနှင့် အောင်သန်းတို့သည် တအိမ်ဆင်း တအိမ်တက် ကန်တော့၍ ရသောမုန့်များ၊မုန့်ဖိုး‌များကို အနည်းငယ်ပိုက သူ့အားယူခိုင်းထားပြီး မိန်းကလေးများကိုမပေးခိုင်းပဲ သူတို့မရှိမှ ဝေစုပြန်ခွဲမည့်အစီအစဥ်မှာ ပေတူးနှင့် အောင်သန်းတို့ရဲ့ အကြံအစည်ဖြစ်သည်။ကျန်သောကလေးများက လက်ခံပေမဲ့ မယ်လှတယောက်မှာ လုံးဝ လက်မခံပေ။ သူမ တွေးထားသည်မှာ တအိမ်ကန်တော့လျှင် မုန့်ဖက်ထုပ်များ‌အား တထုပ်ဆီမပေးပဲ သာရအား ဖက်နှင့် ထုပ်ပြီးပေးရာ ရှိသည့် လူဦးရေထက် မုန့်ဖက်ထုပ်မှာ ပိုသည်။တအိမ်ကန်တော့ ဝေစု တခါခွဲ ပိုသည့်မုန့်ကို သာရမှ ပိုယူ ထိုသို့လုပ်နေသည်မှာ ပေတူးတို့အကြံမှန်းသိ၍ ရွာအနောက် မီးကင်းတဲတွက် ထိုင်ကြရင်း စကားများနေကြခြင်း ဖြစ်သည်။ယခု ထိုနေရာသို့ ဖိုးထွေး ဦးဆောင်သော မောင်ဘိုးထင်တို့အဖွဲ့သည်  ‌မီးအိမ်လေးများကိုင်ပြီး ရောက်လာကြသည်။ထို့နောက်စကားများ ရန်ဖြစ်နေသော ပေတူးနှင့် မယ်လှအား ဖိုးထွေးမှ တားလိုက်ရလေ၏။

    “ပေတူးလည်း တော် မယ်လှလည်းတော် ညည်းတို့က တရွာတည်းသားအချင်းချင်းပဲကို ဘာဖြစ်နေကြတာလဲ “

   “ကိုဖိုးထွေးကြီးက ဘာသိလို့လဲ သူက ညစ်နေတာတော့”

    “အေးပါ ငါ ဒီကောင့်အကြောင်း သိပါတယ် ငါ ပေတူးကို ခေါ်သွားမယ် သာအေး မင်းသူတို့ နဲ့ နေခဲ့ကြားလား “

    ဖိုးထွေး၏ ဝင်ရောက်ဖြန်ဖြေပေးမှု့ကြောင့် အဆင်ပြေသွားပြီး ပေတူးသည် မောင်ဘိုးထင်တို့ ဆီရောက်ကာ သာအေးသည်က သာရတို့အဖွဲ့ဆီသို့ရောက်သွားလေသည်။ထို့နောက် သူတို့ သည် ရွာအနှံ့သွား ကန်တော့နေရင်း ပေတူးမှ မောင်ဘိုးထင်၏ အနားကပ်ကာ အသံတိုးတိုးနှင့် စကားဆိုလေသည် ။

    “ဘိုးထင် ငါ မယ်လှကို မကျေနပ်ဘူးကွာ ဒီကောင်မလေး နေရာတကာ ဆရာကြီးသိပ်လုပ်တယ် “

   “မင်းက ဘာလုပ်ချင်လို့လဲ “

   “လပြည့်နေ့ဆို စုန်းတောက်စားတယ်ဆိုတာ တကယ်လား “

   “အေး တကယ်ပေါ့ဟ “

   “အဲ့တာဆို ငါတို့ စုန်းမတကောင်ကိုခေါ်ပြီး မယ်လှတို့ကိုလိုက်ခိုင်းကြအောင်ကွာ “

    “ဟာ ဖြစ်ပါ့မလားဟ မင်းဟာကလည်း တော်ကြာ တခုခုဖြစ်သွားမှ ခက်မယ်နော်”

   “မဖြစ်ပါဘူးကွာ စိတ်ချ “

    မောင်ဘိုးထင်နှင့် ပေတူးတို့ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးနောက် အဖွဲ့ထဲမှ ခွဲထွက်ကာ ရွာအရှေ့ဘက်သို့ ထွက်သွားကြပါလေတော့သည် ။

◾အခန်း (၃)

    ‌လပြည့်ည လသာသာအချိန်တွင် ‌မောင်ဘိုးထင်နှင့် ပေတူးတို့သည် ရွာ‌အရှေ့ဘက်ဘုရားကုန်းမြေ နေရာမှနေ၍ မတ်တပ်ရပ်ကာ ရွာနှင့် အတန်လှမ်းသော အရှေ့ဘက်ရှိတောင်တန်းများကို လှမ်းမျှော်ကြည့်နေကြသည်။တောင်တန်းများနှင့်မလှမ်းမ ကမ်းကောင်းကင်ယံတွင် လူးလိမ့်နေသော မီးလုံးများကိုကြည့် နေရင်း မောင်ဘိုးထင်မှ စကားဆိုလေသည် ။

    “ပေတူး အဲ့အထဲက စုန်းမတကောင်ကို ငါ ခေါ်ပြမယ် “

    “ဒီအတိုင်းခေါ်လို့ ရလို့လားဟ “

    “ငါတို့မှာ မုန့်ဆီကြော် ပါတယ်လေကွာ တချို့စုန်းတွေက အကြော်အလှော်နဲ့ အဆီအဆိမ့်ကို သိပ်ကြိုက်တာကွ”

    “မစင်တွေစားတာဆို “

     “ဘယ်ကလာ မဟုတ်ပါဘူးကွာ လာ ဒီနေရာက ခေါ်လို့ သိပ်အဆင်မပြေဘူး ဦးဆော့ကုန်းကို သွားကြစို့”

    ဦးဆော့ကုန်းဆိုသည်မှာ ပေပင်ရွာမှ ဦးဆော့ဟုအမည်ရသော တောင်သူကြီးပိုင်သည့်အကွက်ကို ဆိုလိုခြင်းဖြစ်သည်။ သူတို့သည် ဘုရားကုန်းနှင့် အမြင့်အတူတူရှိနိုင်သည့် ရွာနှင့် အတန်လှမ်းသော ဦးဆော့ကုန်းပေါ်သို့ တက်သွားကြသည် ။ ကုန်းထိပ်တွင် သင်္ဘောပင်နှင့် ငှက်ပျောပင်များရှိပြီး တဲပျက်တလုံးလည်း ရှိသေး၏။မောင်ဘိုးထင်နှင့် ပေတူးတို့ နှစ်ယောက်သည် ထိုကုန်းပေါ်သို့ရောက်လာပြီး စုန်းမီးလုံးများတောက်စားနေသော နေရာကိုကြည့်နေသည်။ခဏကြာသောအခါ မောင်ဘိုးထင်သည် ပါးစပ်မှ တစုံတရာအား ခပ်တိုးတိုးရွတ်လိုက်ပြီးနောက် သူ၏ လက်ညှိုးဖြင့် မီးလုံးများထဲမှ မီးလုံးတလုံးကို ချိန်ရွယ်၍ ထိုးလေသည်။လက်ညှိုးထိုးခံထားရသော မီးလုံးမှာ တခြားမီးလုံးများကဲ့သို့ တည်ငြိမ်စွာ မပျံသန်းနိုင်တော့ပဲ ယိမ်းထိုးနေသည်။ထို့နောက် ထိုမီးလုံးသည် တဖြည်းဖြည်း နိမ့်၍နိမ့်၍လာပြီး ဦးဆော့တောင်ကုန်း အောက်ခြေအထိ လိမ့်ဆင်းလာလေသည်။ထိုမှတဆင့် မီးလုံးသည် တောင်ကုန်းပေါ်သို့ တလိမ့်ချင်း လိမ့်တက်လာကာ  မောင်ဘိုးထင်တို့ မြင်သာသောနေရာအရောက်တွင် တကိုယ်လုံးအား မီးများတောက်လောင်နေသည့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးပညာသည်တဦးအဖြစ် တဖြည်းဖြည်းချင်းပြောင်းသွားလေသည်။ပညာသည်အမျိုးသမီးသည် တဲကုန်းပေါ်သို့ တကိုယ်လုံး မီးတောက်နေသည့်အနေအထားဖြင့် တက်လာပြီး မောင်ဘိုးထင်တို့နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ကာ ခါးကိုထောက်ပြီး စကားဆိုလေသည် ။

    “ငါ့ကို မန္တန်ရွတ်ပြီး လက်ညှိုးနဲ့ထိုးခေါ်တာ ဘယ်သူလဲ “

     “ကျုပ်ပဲ “

     “ငါ့ဘာသာငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲ ကစားနေတာ နင်တို့က ဘာလို့ငါ့ကို ဒုက္ခပေးတာလဲ “

   “ဒုက္ခပေးဖို့ မဟုတ်ဘူးဗျာ။ အကူအညီတောင်းဖို့ပါ ခင်ဗျား မုန့်ဆီကြော်နဲ့ အအီအဆိမ့်တွေကြိုက်တယ်မဟုတ်လား ကျုပ်ယူလာတယ် “

    “နင်တို့က ဘာအကူအညီတောင်းမှာလဲ “

   “ခင်ဗျား အခုပုံစံ နဲ့ ကျုပ်တို့မကျေနပ်တဲ့ ကောင်မလေးတွေကို ခြောက်ပေးဖို့ပါ “

    “နင်တို့နှစ်ယောက်ကလည်း ခြောက်လှန့်ဖို့လောက်နဲ့ ဒါနဲ့ နင့်နင်တို့ နှစ်ယောက်နာမည် ပြောဦး”

   “ကျုပ်နာမည်က ဘိုးထင် ဟိုကောင်ကပေတူး”

    “အေး ငါ့နာမည်က ဝိုင်းစိန်”

    “ဟုတ်ပြီ ခင်ဗျားကိုယ်က မီးတောက်တွေ အရင်ငြိမ်းလိုက်ဦး တော်ကြာ ငှက်ပျောပင်တွေ မီးလောက်ကုန်ဦးမယ် “

   “မလောင်ပါဘူးဟယ် ‌ငါ လှိမ့်လာတာ လောင်လို့လား တို့မီးက တို့ပဲလောင်တာ “

     ဝိုင်းစိန်ဟု အမည်ရသောပညာသည်သည်  သူ၏ကိုယ်မှ လောင်နေသော မီးများကို လက်နှင့်သပ်လိုက်ရာ မီးများငြိမ်းသွားပြီး လှပချောမောသော အမျိုးသမီးတယောက်၏မျက်နှာပေါ်လာလေ၏။ထို့နောက် မောင်ဘိုးထင်တို့သည် ပညာသည်ဝိုင်းစိန်ကိုခေါ်ကာ ပေပင်ရွာလေးထဲသို့ ဝင်သွားကြပါလေတော့သည် ။

◾အခန်း (၄)

      ပေ‌ပင်ရွာလေး၏သီတင်းကျွတ်လပြည့်ညသည်က ပြီးဆုံးသွားပြီဖြစ်၏။အခါတခုတွင် ပြောစမှတ်တွင်လောက်သည့် အကြောင်းကိစ္စတခုသည်က ရှိစမြဲဖြစ်သည်။ယခု သီတင်း ကျွတ်ပြီးနောက် ရွာထဲတွင်နာမည်ကြီးနေသည်မှာ မီးလောင်နေသော အမျိုးသမီးတဦးမှ မယ်လှတို့ကလေးမလေးများကို လိုက်ရာ လမ်း‌ခွဲပြေးကြရင်း မယ်လှနှင့် မိချိုတို့နှစ်ယောက် အနောက်သို့ မီးလောင်နေသော သရဲလိုလို စုန်းလိုလို မိန်းမကြီးတယောက်မှ လိုက်ရင်း မှီလုမှီကာနီးတွင် မောင်ဘိုးထင်နှင့် ပေတူးမှ ကယ်တင်လိုက်၍ မယ်လှတို့ အသက်ချမ်းသာရသည့်အကြောင်း၊မယ်လှနှင့် မိချိုသည် ကြောက်လွန်း၍ အခုချိန်ထိကြောက်ဖျား ဖျားနေကာ ဆေးဆရာပင် ခေါ်ပင့် ကုနေရသည် ဖြစ်သည်။ ရွာသားများသည် ပေတူးနှင့် မောင်ဘိုးထင်တို့သည် ကလေးမလေးများအား ကယ်တင်ခဲ့သော သူရဲကောင်းများအဖြစ် ချီးမွမ်းထောပနာပြုနေကြသည်။သူတို့နှစ်ယောက်မှခိုင်း၍ ပညာသည်မှာ ခြောက်လှန့်ရသည်ကို ရွာသားများအပါအဝင် သူတို့၏အနီးဆုံးအပေါင်းအသင်းဖြစ်သည့်  ဖိုးထွေး၊သာရနှင့် သာအေးတို့ပင် မသိချေ။ဤသို့ဖြင့် သီတင်း ကျွတ်ပြီး၍ တန်ဆောင်မုန်းလသို့ ဝင်လာပြီဖြစ်သည်။မောင်ဘိုးထင်တို့သည်လည်း တန်ဆောင်မုန်းလပြည့်‌နေ့အတွက် မယ်ဇလီဖူးများကို ရွာအပြင်ဖက် မယ်ဇလီပင်များတွင် သွားရောက် ခူးနေကြသည်။သူတို့ထဲတွင် ဖိုးထွေးနှင့် သာရအပြင် မင်းနောင်၊ချိုးသိမ်းနှင့် လူပျိုလေးများသည် ကလေးသာသာအရွယ် မောင်ဘိုးထင်တို့အား မယ်ဇလီပင်ကြီးများကို တက်ခူးစေပြီး သူတို့ပိုးပန်းနေသောအပျို‌လေးများ၏အိမ်အား ပိုးကြေးပန်းကြေးပေးဖို့ရာအတွက် အပင်အောက်မှနေ၍ အသံစုံပေးပြီး ခိုင်းစေနေသည် ။

    “ပေတူးရေ အဲ့ဒီအကိုင်းလေးချိုးလိုက်ကွာ ပြီးရင် အောက်ချလိုက် ဟေ့ကောင်တွေ ပေတူးချလိုက်တဲ့ကိုင်းက ငါ့ကိုင်းနော် လာမလုကြနဲ့ “

    “အေးပါဟ မင်းကလည်း ငါ့ကောင်တွေလည်းရှိပါသေးတယ် ဟေ့ ဘိုးထင်ရေ ငါ့အတွက် အဖူးများများတကိုင်းလောက်ချိုးပေးစမ်းပါကွာ “

     ဖိုးထွေးမှ ပေတူးအား ခိုင်းနေစဉ် တခြားသူများသည်လည်း အပင်ပေါ်မှ သာအေး၊မောင်ဘိုးထင်၊မောင်မြင့်၊အောင်သန်း၊ ကျော်လွင်နှင့် တခြားသော ကလေးများကို ခိုင်းနေကြသည်။ အပင်ပေါ်မှကောင်လေးများသည် သူတို့ခိုင်းသည်ကို မငြီးမငြူ လုပ်ပေးလျက်ရှိသည်။လုပ်ပေးရသည့်အကြောင်းလည်း ရှိသေး၏။ထိုအကြောင်းမှာ ညဦးပိုင်းကြက်ခိုးသည့်အခါ၌ သူတို့အတွက် ပိုခိုးပေးဖို့ရာ ဖြစ်သည်။ဤသို့သော နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် မောင်ဘိုးထင်တို့တသိုက် ရွာမှလူပျိုလေးများ၏ခိုင်းစေမှုကို လိုက်နာနေခြင်းသာ ဖြစ်သည်။မကြာသောအချိန်တွင် အပျိုလေးများနှင့်အတူ အပျိုကြီးများရောက်လာကြပြီး သစ်ပင်ပေါ်မှ မောင်ဘိုးထင်တို့အား ပိုးကြေးပန်းကြေး  အနေဖြင့် မယ်ဇလီဖူးမရသော အပျိုဟိုင်းကြီးများမှ လှမ်းအော်၍ အကိုင်း ချိုးခိုင်းနေကြသည်။

    “ဘိုးထင်ရေ ငါ့ကို တကိုင်းလောက်ချိုးပေးဦး တို့က အပျိုလေးတွေလို ခါးကော့ပေးမဲ့သူမရှိတော့ နင်တို့ပဲ အားကိုးရမှာပဲ”

   “အမကြီး ဘာတွေလျှောက်ပြောနေတာလဲ ဘာကို ခါးကော့ပေးတာလဲ”

   “ဟဲ့ လှရင် ငါကရိုးရိုးပြောတာ ရွာကလူပျိုတွေက မယ်ဇလီဖူးကို ခါးပိုက်ထဲထည့်ထားတာ မမြင်ဘူးလား နင်တို့ယူလာထဲ ပလိုင်းတို့၊ပြည်တောင်းတို့အထဲ ပြောင်းထည့်လို့ရအောင် သူတို့ ခါးတွေ ကော့ ကော့ပြီး ပေးနေတာ မမြင်ဘူးလား “

   “အပျိုကြီးကတော့ ဘာတွေပြောမှန်းမသိဘူး”

    အပျိုလေးများသည် ရှက်ကိုးရှက်ကန်းဖြင့် မယ်ဇလီပင်အောက်မှ ပြေးသွားကြရာ နောက်မှ အပျိုကြီးများ၏ စကားသည်က ပြောမလွတ်သေးပေ။

   “ပြေးဟေ့ ပြေး ငါတို့လည်း နင်တို့လို ရှက်လို့ အပြေးလွန်ပြီး အခုထိ လင်မရတော့တာ  “

    တယောက်နှင့်တယောက် စလိုက်နောက်လိုက်နှင့် ‌ပြုံးပျော်နေကြပေမဲ့ မောင်ဘိုးထင်တို့လို ကလေးမကျ လူပျိူမကျ ကောင်လေးများမှာတော့ မယ်ဇလီဖူးကိုင်းများကို ချိုးချပေးရသည်မှာ လက်များပင် ညောင်းကိုက်နေကြပါတော့သည်။

◾အခန်း (၅)

    “တန်ဆောင်မုန်းလပြည့်ည “ထိုညသည် ကာလသားလေးများ၊ကာလသားကြီးများနှင့် လူကြီး၊လူလတ်၊လူငယ်၊ကလေး မကျန် ပျော်ရွှင်ရသောည ဖြစ်သည်။တချို့သည် သူတို့၏ ကြက်ကလေးများ ပျောက်မည်ဆိုးသောကြောင့် အိမ်ပေါ်ပြောင်းသိပ်ကြသလို တချို့သောသူများသည် ကြက်အိပ်စင် အနီးတွင် တန်းလျားချပြီး အိပ်စောင့်ကြသည်။ယခု မောင်ဘိုးထင်တို့အိမ်တွင် ရွယ်တူလူ‌ငယ်လေးများသည် ရေနွေးအိုးတည်ပြီး စောင့်နေကြသည်။သူတို့သည် ကြက်မွေးနှုတ်ရန်အတွက် လက်တပြင်ပြင်လုပ်ကာ စောင့်ဆိုင်းရင်း တယောက်နှင့်တ‌ယောက် ကြွားလုံးထုတ်နေကြသည် ။

    “ပေတူး ငါဆိုတဲ့ကောင်က ကြက်ကိုင်တာ ဘယ်လောက် ကျွမ်းကျင်သလဲဆို ဓားတောင်မလိုဘူးကွ ကွမ်းတယာညက် ဆို ပြီးရော “

   “‌ကျော်လွင် မင်းအကြောင်း မသိတာကျလို့ကွာ မင်း ကြက်ကိုင်ပေးတာ သည်းချေပေါက်လို့ ကြက်သားတအိုးလုံး ခါးကုန်တာဆို မင်းအမေ ငါတို့ကို ပြောထားပါတယ်ကွာ”

   “ဟာ အဲ့တုန်းက ငါက အသည်းမှာ ကပ်နေတဲ့အစိမ်းလေးကို စားလို့ရတယ် ထင်ပြီး တမင် ထည့်ချက်ခိုင်းလိုက်လို့ပါကွာ “

   ကျော်လွင်မှ ထိုသို့ပြောသောအခါ ရေနွေးအိုးကို မီးထိုးနေသော မောင်ဘိုးထင်သည်

    “ကျော်လွင်ကို ကြက်ဖျက်ခိုင်းလို့တော့ မဖြစ်ဘူးနော် “

   “မင်းတို့ကလည်း တခါလေးမှားတာကို ဘာဖြစ်နေကြတာလဲ “

    သူတို့ စကားပြောနေရင်းမှ ရေနွေးအိုးလည်း ဆူ၊ညဉ့်လည်း နက်နေပြီ ဖြစ်သော်လည်း မည်သူမှ ကြက်လာမပို့ချေ။ထိုအခါ သာအေးသည် တောက်တချက်ကို ခေါက်ကာ

   “ကိုဖိုးထွေးတို့ ငါတို့ကို ညာသွားပြီကွ ဒီလူတွေ တို့အတွက်မခိုးပေးလောက်ဘူး တကယ်ဆို ဒီအချိန် ကြက်သုံးလေးကောင်လောက် လာပို့သင့်နေပြီ “

  “အေးကွ သာအေးပြောတာဟုတ်တယ် “

    သူတို့မကျေမနပ်စကားဆိုနေစဉ် ဘိုးထင်၏အိမ်ဝိုင်းထဲသို့ အောင်သန်းနှင့် စိုးသူ တို့ရောက်လာသည်။ စိုးသူသည်  တောင်ယာတဲထဲတွင် နေထိုင်သူဖြစ်ပြီး မောင်ဘိုးထင်တို့နှင့် သူငယ်ချင်းများလည်းဖြစ်သည်။ယခု စိုးသူကို သွားခေါ်သော  အောင်သန်းမှ မောင်ဘိုးထင်တို့ အနားရောက်သည်နှင့် မကျေမနပ်ဖြင့် စကားဆိုလေသည် ။

    “မင်းလူကိုဖိုးထွေးတို့ ကတိမတည်ဘူး “

    “ဘာဖြစ်လို့လဲ အောင်သန်းရ “

     “ဘာဖြစ်ရမှာလဲ မင်းတို့သိချင်ရင် ဒီကောင်စိုးသူကိုသာ မေးကြည့် “

    မောင်ဘိုးထင်တို့သည် စိုးသူကို ကြည့်ပြီး မေးလိုက်သည်။

    “စိုးသူ ပြော ကိုဖိုးထွေးတို့က ဘာဖြစ်တာလဲ “

    “ဘာဖြစ်ရမှာလဲ ဘိုးထင်ရာ ကိုဖိုးထွေး၊ကိုသာရနဲ့ ရွာကလူတွေ ငါတို့တဲဘေးက ကိုသာရအဘတို့တလင်းထဲမှာ ကြက်တွေခိုးလာတာ အများကြီးပဲ အခုထိ ထပ်ခိုးနေတုန်း”

    “တောက် သစ္စာဖောက်တွေ တွေ့ကြသေးတာပေါ့ကွာ ဟေ့ကောင်တွေ ငါ ပြောမယ် ပေတူးနဲ့ သာအေး ပြီးတော့ စိုးသူ ငါနဲ့လိုက်ခဲ့ ကျန်တဲ့ကောင်တွေ ဒီမှာစောင့် အဲ့ဒီလူတွေ ခိုးထားတဲ့ ကြက်တွေ ပြန်ခိုးမယ်ကွာ “

   “ဖြစ်ပါ့မလားကွ “

    “ဘိုးထင်တို့ရာဇဝင်မှာ မဖြစ်ဘူးဆိုတာ မရှိဘူး”

    “‌အဲ့တာဆိုလည်း ချကွာ “

    ဤသို့ဖြင့် မောင်ဘိုးထင် ဦးဆောင်ပြီး ပေတူး၊သာအေး နှင့် စိုးသူတို့သည် ဖိုးထွေးရှိရာ တလင်းပြင်သို့ ထွက်သွားကြပါလေတော့သည် ။

◾အခန်း (၆)

     တလင်းခေါက်ထားသော ကွင်းပြင်တွင် လူတစုရှိသည်။ထိုလူများမှာ ဖိုးထွေး၊သာရ၊ရွာထဲမှကာလသားလေးများနှင့် ကာလသားကြီးများတို့ ဖြစ်သည်။မောင်ဘိုးထင်တို့သည် ခပ်လှမ်းလှမ်းညောင်ပင်အောက်မှနေ၍ တလင်းပြင်အား ချောင်း ကြည့်နေကြသည်။ထို့နောက် သူတို့သည် အချင်းချင်းတိုးတိုး တိတ်တိတ် တိုင်ပင်လိုက်ကြသည် ။

    “ဟေ့ကောင်တွေ သူတို့က လူများတယ်ကွ ဟိုမှာ ကြက်တွေ ဖျက်နေတာ ကိုဖိုးထွေးနဲ့ ကိုသာရ မဟုတ်လား”

    “ဟုတ်တယ် အမယ် ဘင်ဂျိုတီးနေတာ ကိုမင်းနောင် မဟုတ်လား သူများကြက်တွေ အများကြီးခိုးပြီးတော့ သူတို့က သာယာနေတာ ဟေ့ကောင် ဘိုးထင် မင်း ဘာလုပ်မှာလဲ “

    သာအေး၏အမေးစကားကြောင့် မောင်ဘိုးထင် ခေတ္တတွေးလိုက်ပြီး

   “နေဦး စိုးသူ မင်းတို့တဲ‌ဘေးက ကွင်းက ကျတ်ကုန်းဆိုတာ ဟုတ်လား”

   “ငါ့အဘပြောတာတော့ ဟုတ်တယ်တဲ့ကွ အရင်ကဆို ဆိုင်းတွေဘာတွေတီးပြီးကို ကနေကြတာတဲ့ “

    “အဲ့တာဆို ငါတို့ ကျတ်ကုန်းကို သွားကြရအောင် “

   “ဘိုးထင် ငါ ကြောက်တယ်ဟ “

   “လာစမ်းပါ စိုးသူရာ ကြောက်မနေနဲ့ “

    စိုးသူမှာ မောင်ဘိုးထင်တို့ကဲ့သို့ အတွေ့အကြုံမရှိသေးသော ကြောင့် အနည်းငယ်ကြောက်လန့်နေသည်။သို့ပေမဲ့ ပေတူးနှင့် သာအေးသည် စိုးသူအား မောင်ဘိုးထင်နှင့် အတူရှိပါက ဘာမှကြောက်စရာမလိုကြောင်းကို အချိန်အတော်ကြာ ပြောဆိုပြီးသောအခါမှ စိုးသူသည် ကြောက်လန့်ခြင်းကင်းသွားပြီး သူတို့အားလုံး ကျတ်ကုန်းသို့ ခြေဦးလှည့်လိုက်ကြပါလေသည် ။

◾အခန်း (၇)

     ရောင်အောက်တွင် ကျောက်စလစ်ခဲများ ပြည့်နေသည့် ကုန်း လေးတွင် သစ်ပင်အချို့ ကျိုးတိုးကျဲတဲ ပေါက်နေသည်ကို အတိုင်းသားမြင်နေရသည်။ထိုကျတ်တီးကုန်းမြေပေါ်သို့ ကောင်လေးလေးယောက် လမ်းလျှောက်လာနေသည်။သူတို့ သည် ကြောက်လန့်ခြင်း ကင်းမဲ့သည့်ဟန်ပန်နှင့် ဖြစ်ကာ အသံခပ်တိုးတိုးဖြင့် စကားဆိုရင်းရယ်မောနေကြသည် ။

    “ကျတ်ကုန်းက ကျတ်အမတွေကို အကူအညီတောင်းမယ် ကြားလား တလင်းပြင်မှာရှိတဲ့ သူတွေက မိန်းကလေးမြင်ရင် ငမ်းငမ်းတက်တွေ “

    “အေး ဟုတ်တယ်  သူတို့ငမ်းနေတုန်း ငါတို့ နောက်ကနေ ကြက်တွေ မတာပေါ့ကွာ “

    မောင်ဘိုးထင်တို့သည် သူတို့အကြံအစည်ကို သူတို့ဘာသာ သဘောကျကာ ခပ်တိုးတိုးရယ်မောနေကြသည်။မကြာသောအချိန်တွင်တော့ ကျတ်ကုန်းသို့ရောက်သွားပြီး မောင်ဘိုးထင်မှ ကျန်သောသူများကို ခပ်လှမ်းလှမ်းတွင် နေခိုင်းပြီး သူသည်က ကျတ်ကုန်းအလယ်တွင်ရပ်ကာ

    “ဒီမှာရှိတဲ့ ကျတ်တစ္ဆေတွေ ငါ နင်တို့နဲ့ အပေးအယူလုပ်ချင်တယ် အပေးအယူလုပ်ချင်တဲ့သူရှိရင် ထွက်ခဲ့ “

     မောင်ဘိုးထင်သည် ထိုသို့သောစကားကိုဆိုလိုက်သည်နှင့် များမကြာသောအချိန်တွင် ကွက်ကြားပေါက်နေသော သစ်ပင်များအကြား သစ်ပင်တပင်၏အရပ်‌အောက်ထဲမှ လူတယောက်ထွက်လာလေသည်။ထိုလူသည် မောင်ဘိုးထင်၏ ခါးလောက်သာမှီသောအရပ်နှင့် ဖြစ်ကာ နားရွက်ချွန်ချွန်ကိုမှ ကားနေသေးသည်။ပုဆိုးကွက်ထောက်ကို ခပ်တိုတိုလေးဝတ်ထားကာ အင်္ကျီဗလာနှင့် ဖြစ်သည်။သူ့ ကြည့်ရသည့်မှာ ကြောက်ဖို့ထက်ရယ်စရာပင် ကောင်းနေသေးသည်။ထိုလူပုလေးသည် မောင်ဘိုးထင်ရှေ့သို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး

    “အောက်လမ်းဆရာလေး ငါတို့နဲ့ ဘယ်လိုအပေးအယူလုပ်ချင်တာလဲ “

   “ငါတို့ ဒီညကြက်ခိုးမှာ မင်းတို့ကူညီရမယ်  ခိုးလို့ရတဲ့ကြက်ထဲက မင်းတို့ကို တဝက်ပေးမယ် “

    “ငါတို့က ဘယ်လိုကူညီရမှာလဲ “

    “လွယ်ပါတယ် တလင်းပြင်မှာ ငါတို့ရွာကလူတွေ ကြက်တွေခိုးထားတယ် မင်းတို့က သူတို့တွေ မင်းတို့နောက်လိုက်အောင်လုပ်ပေးရမယ် သူတို့ကို ဘာအန္တရာယ်မှ ပေးလို့မရဘူးနော် “

     “ရတယ် အဲ့တာဆို နည်းနည်းနဲ့ မရဘူး ငါတို့ကို ကြက်ဆယ်ကောင် ချက်ကျွေးရမယ် “

   “မင်းဟာက မများဘူးလား “

   “မများဘူး အဲ့တာတောင် ငါတို့ နည်းနည်းစီပဲ စားရတာကွ”

    မောင်ဘိုးထင်သည် ပုကွကွမှင်စာ လား တစ္ဆေလားမသိသော ‌အကောင်လေးကို သနားသွားသည်။ထိုအတွက် စေတနာကောင်းသူပီပီ

    “ငါ အကောင် နှစ်ဆယ်ချက်ကျွေးမယ်ကွာ မင်းတို့ကိုသနားလို့ “

    “မင်း တကယ်ပြောတာလား “

   “တကယ်ပေါ့ကွာ ကဲ ကဲ မင်းတို့လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့ “

     ‌မောင်ဘိုးထင် ထိုသို့ပြောလိုက်သောအခါ လူပုကျတ်ကလေးသည် ခေါင်းကိုညိတ်လို့  သစ်ပင်အရိပ်ထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားလေသည်။ထိုအခါမှ မောင်ဘိုးထင်သည် ခပ်လှမ်းလှမ်းမှ စောင့်နေသောသူ၏အပေါင်းအသင်းများဆီ ပြန်သွားလိုက်သည်။မောင်ဘိုးထင်ရောက်သည်နှင့် အသင့်စောင့်ဆိုင်းနေသည့် ပေတူးမှာ အမေးစကားနှင့်စတင်လိုက်သည် ။

    “ဘိုးထင် အခြေအနေ “

    “အဆင်ပြေပါတယ်ကွာ ငါတို့ သူတို့ကို ကြက်အကောင်နှစ်ဆယ်တော့ ချက်ကျွေးရလိမ့်မယ် “

    “ဟ မင်းမေကြီးတော် အကောင်နှစ်ဆယ်ဆိုတာ နည်းနည်းနော နော မဟုတ်ဘူး ခွီးတဲ့မှပဲ ကိုဖိုးထွေးတို့ဆီက ကြက်က ဆယ်ကောင်တောင် ပြည့်ပါ့မလားမသိဘူး မင်းကအကောင်နှစ်ဆယ်တောင် ချက်ကျွေးမယ်ဆိုတော့ တကယ်ကို သောက်သုံးမကျတဲ့ ဘိုးထင်ပဲကွာ “

    “ဟုတ်ပ ခွီးတဲ့မှပဲ အကောင်နှစ်ဆယ် ချက်ကျွေးမယ်ဆိုတော့ လွန်တာပေါ့ကွာ မင်းမှာ ဦးနှောက်လေးမပါဘူးလား”

    “သူတို့က ဆယ်ကောင်ပဲ တောင်းတာ ငါကသနားလို့ ဆယ်ကောင် ထပ်တိုးပေးလိုက်တာ “

    “ဒီသောက်သုံးမကျတဲ့ဘိုးထင်နဲ့တော့ ငါတို့ ဒုက္ခရောက်တော့မှာပဲ သွား ငါးကောင်အများဆုံးပဲလို့ ပြန်ပြင်ပြော “

   “အဲ့လိုလုပ်လို့ မရတော့ဘူးကွ သူတို့က စကားတခွန်းဆို တခွန်းပဲ “

    “မင်းနဲ့တော့ကွာ “

    ပေတူး၊သာအေးနှင့် စိုးသူတို့သည် မောင်ဘိုးထင်ကို ပြစ်တင်ပြောဆိုနေကြသည်။သူတို့ပြောသည်မှာလည်း မလွန်ပေ။ အ  ဘယ့်ကြောင့်ဆိုသော ကြက်အကောင်နှစ်ဆယ်ဆိုသည်မှာ နည်းလှသည်မဟုတ် အလှုလုပ်လို့ရသည့် အနေအထားပင်ဖြစ် သည်။ငါးဆယ်သား ဆယ်ကောင်ဆိုလျှင် အကောင်နှစ်ဆယ်မှာ အချိန်တဆယ်ဖြစ်ပြီး ထိုထက်ပိုကြီးသော ကြက်များဖြစ်ပါက အလှုအတန်းကောင်းကောင်းလုပ်လို့ရပြီဖြစ်သည်။ မောင်ဘိုးထင်တွေးသည်က သူလည်း အလှုအတန်းသဘောမျိုးတွေးလိုက်ခြင်းလည်း ဖြစ်သည်။ထို့နောက် မောင်ဘိုးထင်သည် သူ့အား ပြစ်တင်ပြောဆိုနေသော ပေတူးတို့အား ကြားဖြတ်၍ စကားဆိုလိုက်သည်။

    “ခဏနေဦး မင်းတို့အစောက ငါနဲ့ စကားပြောနေတဲ့ ကျတ်ကလေးကိုတွေ့တယ်မဟုတ်လား”

    “တွေ့တယ်လေ ပုတုတုနဲ့”

    “အေးလေ သူ့ခမျာ ဘယ်လောက်သနားစရာကောင်းလိုက်လဲ ကျတ်ဖြစ်တာတောင် အဟာရချို့တဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းနေတာ လူတွေက နေ့တိုင်းစားရတယ် သူတို့က နေ့တိုင်းစားရမဲ့ ပုံမပေါ်ဘူး ရွာမှာ အလှုလုပ်ရင်ရော သူတို့ကို ကျွေးလို့လား မင်းတို့ကိုယ်ချင်းစာကြည့်ကွာ လူရယ် သရဲရယ်လို့ မခွဲနဲ့ သူတောင် ဒီလောက်သေးရင် ကျန်တဲ့သူတွေကရော ငါ ပြောရင်းနဲ့ စိတ်မကောင်းဖြစ်လာပြီ “

    မောင်ဘိုးထင်၏စကားကို ဆုံးအောင်သေချာနားထောင်ပြီးသောအခါ ပေတူးမှ ခေါင်းညိတ်၍ စတင်ထောက်ခံသည်။ပြီးနောက် သာအေး နောက်ဆုံး စိုးသူပါ သနားသွားပြီး ကြက်အကောင်နှစ်ဆယ်ပြည့်အောင် ခိုးမည့်အစီအစဉ်ကို လက်ခံလိုက်ကြပါတော့သည် ။

◾အခန်း (၈)

    မြကြီးဦးဆောင်ပြီး ရွာထဲမှကာလသား အတော်များများ သည် တလင်းပြင်တွင် ကြက်ကာလသားနှင့် အရက်သောက်ရန် ပြင်ဆင်နေကြသည်။ ကြက်သွားခိုးသည့်အဖွဲ့ကလည်း တကောင်ပြီးတကောင် ခိုးနေသည်မှာ ဆယ်ကောင်ကျော်ကျော်ခန့် ရနေပြီဖြစ်သည်။ထိုကြက်များအား ဖိုးထွေး၊သာရ၊ချိူးသိမ်း နှင့် တခြားကာလသားလေးများမှ အမွေးနှုတ်နေချိန် မင်းနောင်၊မြကြီးနှင့် ပေါက်တူးအပြင် အသက်ကြီးကြီး လူပျိုကြီးများမှ ဘင်ဂျိုးလေးဖြင့် သီချင်းတကြော်ကြော်အော်ဆိုနေကြသည်။လရောင်မှာ အေးမြပြီး လင်းထိန်နေသည်မို့ အတော်နေလို့ထိုင်လို့ကောင်းသော အချိန်လည်း ဖြစ်သည်။ ထိုစဉ် တလင်းပြင်သို့ လာသောလမ်းတွင် မီးအိမ်ကိုယ်စီကိုင်ထားသော မိန်းမပျိုလေးငါးယောက်ခန့်‌‌အား တွေ့လိုက်ရသည်။ထိုမိန်းကလေးများသည် အင်မတန်ချောမောလှပလွန်းသော ကြောင့် ဘင်ဂျိုတီးနေသော မြကြီးတို့အပြင် ကြက်မွေးနှုတ်နေ ကြသော ကာလသားလေးများပါ တလင်းပြင်သို့ထွက်လာပြီး ငေးကြည့်နေကြသည်။မိန်းမပျိုလေးများသည် ကာလသားကြီး မြကြီးကို ကြည့်ကာ ကနွဲ့ကလျစကားဆိုလေသည်။

    “အကိုကြီးတို့ ကျမတို့က မြောင်ပြင်ရွာကပါ လှည်းနဲ့ ရေအိုးစင်ရွာက ဘုရားပွဲကိုသွားတာ လမ်းမှာ ချိုင့်ထဲကျပြီးမှောက်သွားလို့ အကူအညီလာတောင်းတာပါ “

    “လှည်းမှောက်နေတယ်ဆိုတော့ ဦးစံမြချိုင့်မှာပဲ ဖြစ်မယ် အဲ့နေရာက လှည်းတွေ အမြဲမှောက်တယ် လူတွေဘာဖြစ်ကုန်ကြသေးလဲ “

   “လှည်းက တစီးတည်းမှောက်တာမဟုတ်ဘူးရှင့် သုံးစီးတောင် မှောက်တာ လမ်းမှားပြီး ဆင်းမိသွားတာထင်ပါတယ် “

   “အင်း အင်း ဘာမှ စိတ်မပူနဲ့ အကိုကြီးတို့ကူညီပေးမယ် “

   “အကိုကြီးတယောက်တည်းတော့ မရလောက်ဘူး အကုန်လုံးလိုက်ခဲ့မှ ရမယ်ထင်တယ်ရှင့်”

   “လိုက်ရမှာပေါ့ “

   ပေပင်ရွာမှ ကာလသားလေးများ အားကြိုးမာန်တက်ကူညီမည်အတွေးဖြင့် ပုဆိုးတိုတိုပြင်ဝတ်လိုက်ကြပြီး မိန်းမပျိုလေးများ အနောက်မှ လိုက်သွားကြလေသည်။သူတို့သည် တလင်း ပြင်တွင် တယောက်မှ အစောင့်မထားခဲ့ပဲ သဘောကောင်းသည်ဟု မိန်းမပျိုလေးများမှ ထင်မြင်စေရန် အပြိုင်အဆိုင်မျက်နှာကို ပြုံးရွှင်၍ လိုက်သွားလေသည်။ညောင်ပင်အမှောင်ရိပ်အောက်မှနေ၍ အခြေအနေကြည့်နေသော မောင်ဘိုးထင်တို့အဖွဲ့မှာ အခွင့်အရေးရသည်နှင့် ရှိသမျှကြက်များကို အကုန်မ၍ ရွာဆီသို့ ပြေးခဲ့ကြပါလေတော့သည်။သူတို့နည်းတူ မကြာသောအချိန်တွင် ပေပင်ရွာမှ ကာလာသားများလည်း ပြေးကြရမည်မှာ အမှန်ဧကန်ဖြစ်ပါတော့သည်။

◾အခန်း (၉)

     မောင်ဘိုးထင်၏အိမ်တွင် ဒယ်အိုးကြီးဖြင့် ကြက်သားဟင်းချက်နေကြသည်။ဒေါ်တုတ်အိမ်မှ သူမအကြော် ကြော်သည့် ဒယ်ကြီးအား ခိုးလာခြင်းဖြစ်သည်။ထို့အပြင် ရွာလူကြီးအိမ်မှ အလှုတွင် ဟင်း‌ရည်လိုက်ပေးသော ချိုင့်ကြီးကိုပါ ခိုးယူလာကြသည်။မောင်ဘိုးထင်တို့သည် ကြက်များကိုခိုးပြီး ကျတ်ကုန်းမှ ကျတ်များကျွေးဖို့အတွက်သာမက သူတို့စားဖို့အတွက်ပါ ခိုးရာ ရွာထဲမှ ရွာလူကြီး၏ တိုက်ကြက်ဖကြီးပင် အဆစ်ပါသွားသေးသည်။ထို့အပြင် ရွာနီးချုပ်စပ်တွင်ပါ နာမည်ရနေသော တိုက် ကြက်ဖကြီး တိုက်တိုင်းအောင်အား မွေးထုတ်ပေးသော ကြက်မကြီးကိုလည်း သူတို့ခိုးယူခဲ့ကြသည်။မခိုးလို့ကလည်းမရပေ။ကြက်အား ရရင် ရသလောက်ခိုးကြသည့် အောင်သန်းတို့အဖွဲ့သည်လည်း မောင်ဘိုးထင်တို့နှင့် စိတ်တူကိုယ်တူသူများဖြစ်သည်မို့ ကျတ်များအား အလှုပြုလုပ်ပေးမည်ကို အားကြိုး မာန်တက်ဝိုင်း၍ ကူနေသည်။လိုအပ်သည်များအား သူခိုးကြီးညကို အကြောင်းပြုပြီး အကုန်ခိုးကြသည်။နောက်ဆုံး ထင်းကအစ ခိုးကြသည်။မောင်ဘိုးထင်၏ခြံကြီးမှာ ကျယ်လည်းကျယ် အစွန်လည်း ကျသည်မို့ ရွာသားများမှာ သူတို့လုပ်နေသောအရာများအား သတိမထားမိကြပေ။ကြက်မွေးကြက်တောင်များမှာ တောင်လိုယာလို ပုံနေသောကြောင့် မောင်ဘိုးထင်တို့မှာ ကျော်လွင်နှင့် မောင်မြင့်အား ကျင်းတူးပြီး မြှပ်ခိုင်းသော်လည်း သကောင့်သားများသည် မောင်ဘိုးထင်၏ခြံဝိုင်းအစွန်တွင် တထွာသာသာလောက်သာတူးပြီး မြှပ်ထားကြသည် ‌။

   “ကျော်လွင် မင်းတို့ ကြက်မွေးတွေ သေချာတူးပြီး မြှုပ်ထားရဲ့လား”

    “မြှပ်ထားပါတယ် ဘိုးထင်ရာ  ဆင်နဲ့တူးတောင် မပေါ်စေရဘူး စိတ်ချ “

   “ဟိုကောင်တွေ ပြီးရင် ဒယ်အိုးတို့ ချိုင့်တို့ကို သူနေရာနဲ့ သူပြန်ထားကြဦး”

   “မင်းက ဘိုးတော်ကြီးကြနေတာပဲ စိတ်ချစမ်းပါကွာ “

   မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် ကျန်သောကောင်လေးများအား သေချာမှာကြားနေရသည်။မမှာလို့လည်း မရပေ ။ယခု မောင်ဘိုးထင်၏ခြံထဲတွင်နေထိုင်သူမှာ သူတို့ သုံးယောက်သာ မဟုတ်ပါလား။ကျန်သောသူများသည် အချိန်တန်လျှင် ပြန်သွားကြသည့်သူများသာ ဖြစ်သည်။ယခု သူတို့အဖွဲ့သည် ကြက်သားကို အ၀စားပြီး၍ ဒယ်ပိုင်းကြီးဖြင့် ချက်ထားသော ကျန်ကြက်သားများကိုချိုင့်ထဲထည့်ကာ ပေတူး၊သာအေး စိုးသူ၊မောင်ဘိုးထင်နှင့် အောင်သန်းတို့မှာ ချိုင့်များအား နှစ်ယောက်စီ ထမ်းပိုးဖြင့် လျှိုကာထမ်းသူက ထမ်း၊ငှက်ပျောရွက်များအားခုတ်ပြီး သယ်သူက သယ်နှင့် ကျတ်ကုန်းသို့ သူတို့၏ ကတိအတိုင်း သွားရောက်ကျွေးမွေးနေကြသည် ။အိမ်တွင် ကျန်ခဲ့သောသူများအား ဒယ်အိုးနှင့် ထင်းအပိုအပြင် ကျန်သော ပစ္စည်းပစ္စယများကို ခိုးထားသည့်အိမ်များထံ ပြန်ပို့ခိုင်းထား သော်လည်း သကောင့်သားများမှာ စားသောက်ပြီး၍ ပျင်းသွားသောကြောင့် လမ်းဆုံလမ်းခွများတွင်သာ ထားခဲ့ကြလေသည်။မောင်ဘိုးထင်တို့သည်လည်း ကျတ်ကုန်းသို့ ဒါနပြုအပြီး ရွာအပြန်လမ်းတွင် ဘုရားခိုးသောအဖွဲ့နှင့် တိုးသောကြောင့် နောက်ယောင်ခံလိုက်ကြည့်ရာ ဘုရားခိုးလာသောသူများသည် သာရ၏အိမ်ရှေ့ စားပွဲခုံတွင် ချထားခဲ့ကြလေသည်။ဘုရားခိုးပြီး အပို့ခံရသော အိမ်သည်က အလှုအတန်းလုပ်ပြီး ကျောင်းသို့ ပြန်၍ပင့်ဆောင်ပေးရသည်မှာ ရွာ၏ ဓလေ့လေးတခုသာ ဖြစ်ပါသည်။

◾အခန်း (၁၀)

     ရွာလူကြီး၏အိမ်ရှေ့တွင် မောင်ဘိုးထင်၊သာအေးနှင့် ပေတူးတို့ ထိပ်တုံးခတ်ခံထားရသည်။ရွာလူကြီးသည် ထိပ်တုံးခတ်ခံ ထားရသော သူတို့သုံးယောက်၏အရှေ့တွင် မတ်တပ်ရပ်ကာ စကားဆိုနေသည် ။

   “မင်းတို့တွေကို ငါ ထိပ်တုံးမခတ်ချင်ဘူး ဘိုးထင်နဲ့ ပေတူး မင်းတို့ နှစ်ယောက်ကို ပိုမခတ်ချင်ဘူး မိဘတွေက ရှိတော့တာမဟုတ်လို့ အခုတော့ မခတ်လို့ကို မရတော့ဘူး မင်းတို့ကွာ ငါရဲ့ တိုက်ကြက်ဖကြီးနဲ့ တို့ရွာ ဂုဏ်ဆောင် တိုက်တိုင်းအောင်ရဲ့ အမေကိုမှ ခိုးရတယ်လို့ ပြီးတော့ မင်းတို့ ဒေါ်တုတ်ရဲ့ ဒယ်အိုးကို ခိုးပြီး လမ်းလယ်ခေါင်မှာ သွားထားတာ မနက်ရောက်တော့ ခွေးဝင်ခွေနေလို့ မတုတ် အဲ့ဒီဒယ်အိုးနဲ့ အကြော်မကြော်ရဲတော့ဘူး။ ကြော်ရင်လည်း ဘယ်သူမှစားမှ မဟုတ်ဘူး ကြက်ခိုးတာထားဦး မင်းတို့က ထင်းရော ဆီရောပါ အစုံခိုးတာ နောက်ဆုံး စားပွဲခုံပါ ပါသေးတယ်။အဆိုးဆုံးက ငါ့ကြက်ဖကြီးကို ခိုးတာပဲ “

    “ဘကြီးရွာလူကြီးရယ် အရမ်းမစွပ်စွဲပါနဲ့ဗျာ ကျုပ်တို့ ခိုးတယ်ဆိုတာ ဘာသက်သေရှိလို့လဲ”

   “ဒီငနာလေးတွေက ငါ့ လာအထွန့်တက်နေသေးတယ်။ မင်းတို့ ကြက်မွေးတွေ မြှပ်ထားတဲ့နေရာ ခွေးယက်လို့ လမ်းပေါ်ပျံ့နေတာ မသိလိုက်ဘူးမလား”

    ရွာလူကြီး၏စကားကြောင့် မောင်ဘိုးထင်တို့သည် ကျော်လွင် နှင့် မောင်မြင့်တို့၏မျက်နှာကို ပြေးမြင်မိပြီး တောက်ခေါက်လိုက်ရာ ရွာလူကြီး၏ မျက်စောင်းထိုးကြည့်ခြင်းကို ခံလိုက်ရသည်။ထိုစဉ် ရွာလူကြီး၏အိမ်ထဲသို့ အမျိုးသမီးတယောက် ဝင်လာလေသည်။ထိုအမျိုးသမီးသည် ဝါးဖတ်ဦးထုပ်ကို တဘက်လေးခံပြီး ဆောင်းထားသည်။ထိုအမျိုးသမီးအား ရွာလူကြီးမြင်သောအခါ

   “တူမကြီး ဘာကိစ္စရှိလို့လဲကွယ့် “

   “ကျမ မြောက်ပြင်ရွာကပါ ဒီက မောင်လေးတွေကို လာပင့်တာပါ  “

    ” ဪ အေး အေး နှစ်ရက်လောက်တော့ သူတို့ကို လွှတ်ပေးလို့ မရသေးဘူးကွယ့် “

   “ဟုတ်ကဲ့ ရပါတယ်”

    အမျိုးသမီးသည် သူမ ဆောင်းထားသော ဝါးဖတ်ဦးထုပ်လေးကို ချွတ်လိုက်၏။ထိုအခါ ထိပ်တုံးခတ်ခံထားရသော မောင်ဘိုးထင်နှင့် ပေတူး မှာ မျက်လုံးအဝိုင်းသားနှင့် မဝိုင်းစိန်ဟူ၍  ပြိုင်တူရေရွတ်လိုက်ကြပါလေတော့သည်။

◾အောက်လမ်း ဘိုးထင် နှင့် သူခိုးကြီးည သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း