ဖားရိုက်ထွက်တဲ့ည

လာရတယ်။ ဘယ်သွားရမှန်းမသိဘူး။

“ဟေ့ကောင် ဘိုကြီး၊ ဘယ်သွားမှာလဲ၊ အဘတို့ လယ်တွေဆီပဲ သွားမလား။”

“အဘတို့ လယ်တွေက မလွယ်ဘူးကွ။ ဒီခြံကြီးကိုဖြတ်ပြီး သွားရမှာ။ မနက်ပိုင်းက ကိစ္စမရှိပေမယ့် ညပိုင်းဆို မလွယ်ဘူးဟ။ ခြံကြီးက တောအုပ်လေးဖြစ်နေပြီဟ။ မြွေစိမ်းမြီးချောက်တွေက တောထနေတာ။ ဖားမရပဲ မြွေကိုက်လို့သေနေမယ်။”

“ဒါဆို…….?”

“ရွာထိပ်က လယ်ကွင်းတွေဆီသွားမယ်”

“ဘယ်ဘက်ထိပ်လဲ”

“သင်္ချိုင်းရှိတဲ့ဘက်လေ”

“လခွမ်း”

“ဘာလဲဟ”

“သရဲကြောက်ပါတယ်ဆိုမှ”

“ရန်ကုန်သားရယ် ငါတို့က ရှစ်ယောက်လေကွာ”

“ဟိုဘက်ထိပ်က ချောင်းပဲရှိတယ်”

“ကျောင်းအနောက်ဘက်က လယ်ကွင်းတွေကရော”
“ကျောင်းထဲက ဖြတ်ရမှာကွ ကျောင်းစောင့်ဂွနဲ့လိုက်ပစ်လိမ့်မယ်။”

“ဒီလောက်မိုးအေးနေတာ သူလဲကွေးရင်ကွေးမှာပေါ့။”
“လာပါကွာ ဟိုဘက်ထိပ်သွားမယ်။ သင်္ချိုင်းက ချောင်းတဖက်မှာပါ။ ငါတို့ချောင်းကူးမှ အဲ့ရောက်မှာ။ ဒီဘက်အခြမ်းထဲ ဆင်းရိုက်မယ်ကွာ။”

“အေးကွာ လုပ်ကွာ”

ဆိုပြီး ချီတက်ကြတာပေါ့ဗျာ။ သွားနေရင်းနဲ့ ကျွန်တော် လက်ထဲက ဖားရိုက်တုတ်ကို ကြည့်မိတယ်။

“ဟေ့ကောင်တွေ မင်းတို့ဟာက ဟုတ်ရဲ့လားဟ”

“ဘာတုန်း ဘာတုန်း”

“ဖားရိုက်တုတ်ဆိုပြီး ဝါးခြမ်းပြားကြီးဟ”

“ဪ ဒါက ဒီလို ဖားရိုက်တုတ်ဆိုပေမယ့် တကယ်က တုတ်မဟုတ်ဘူး။ ဝါးခြမ်းပြားပဲဟ”

“ကျိုးသွားမှာပေါ့”

“မကျိုးပါဘူး”

“မဟုတ်တာကွာ ကျိုးမှာ ကျိန်းသေတယ်”

“ဒီလိုကွ ရန်ကုန်သားရ ဒီဝါးခြမ်းပြားက ရိုးရိုးဝါးခြမ်းပြားမဟုတ်ဘူး”

“ဘာလဲ သိဒ္ဓိတင်ထားတာလား”

“လခွမ်း အမာတင်ထားတာဟ။ တော်ရုံမကျိုးဘူး”

“တော်စမ်းပါ မြောင်းမြသားရာ ဟိုရန်ကုန်သားက မအူမလည်ဟ။ မင်းလုပ်မှ ဂယောင်ခြောက်ခြားတွေ ဖြစ်ကုန်ဦးမယ်”

“ဒါဆိုလဲ ဘိုကြီး မင်းရှင်းပြကွာ”

ဘိုကြီး (ခ) မင်းဘိုအောင်က ဘိုကလေးသားဗျ။ ကျွန်တော်တို့အဆောင်မှာ ဘိုကလေးသားတစ်ယောက်၊ ရန်ကုန်သားတစ်ယောက်၊ မြောင်းမြသားလေးယောက်၊ ဟင်္သာတသားနှစ်ယောက်ဗျ။

ဘိုကလေးသား ဘိုကြီးက သိပ်ဆရာလုပ်တာဗျ။ ဒါပေမယ့် တကယ်လဲ အဲ့အကောင်က ဆရာကြီးဗျ။ သူမသိ သူမတတ်တာ ခပ်ရှားရှားရယ်။ နားကလောစရာဆိုလို့ ဆရာကြီးလေသံတစ်ခုပဲ။

ဒီကောင့်ကို ညပိုင်းကြီး သိုက်ကလား ကျတ်တစ္စေတွေလားမသိဘူး။ ခေါ်သေးတယ်ဗျ။ အဲ့ဒါတွေလဲ နောက်မှရေးမယ်ဗျ။ အဆောင်နေကျောင်းသားဘဝ ရေးစရာတွေမှ အများကြီးပါဗျာ။

“ဘိုကြီး လုပ်ကွာ ငါ့ကိုရှင်းပြ”

“အင်း ပညာရှိများဟာ စည်လိုပဲ ကျင့်ကြံရတယ်ကွ”

“ဖားရိုက်တုတ်အကြောင်း မေးတာပါကွာ။ ဘယ်က စီကို မင်းကသွားကြံမလို့လဲ”

“စားတဲ့ဆီလား”

“ဟို မိန်းခလေးအဆောင်က အဆောင်မှူး အဖွားကြီး ဒေါ်စီတုတ်လား”

“ဟာ အဖွားကြီးကိုကွာ မကြံကောင်းမစည်ရာ။ ငရဲကြီးပါ့မယ်ကွာ”

“တိတ်စမ်း မင်းတို့ကောင်တွေ ထောင်တန်တဲ့စကား ရီတော့ပေါ့သကွ”

“ဘိုကြီးရာ ငါ နားမလည်လို့ မင်းကို မေးတာပါ။ လူလိုရှင်းပြစမ်းပါကွာ။ ဘယ်သူမှလဲ မရီတော့ ပေါ့စရာလဲမရှိပါဘူးကွာ”

“ထောင်တန်တဲ့စကားဆိုမှတော့ ငါထင်တာ ထောင်ကျမယ့်စကားကို ဆိုလိုတာဖြစ်မယ်ကွ”

“ဖားရိုက်တာ ထောင်ကျဖို့မှမလိုတာ နော် ဘိုကြီး”

“အဖွားကြီးကို ကျင့်ရင်တော့ ထောင်ကျမှာကွ”

“တိတ်ကြစမ်းကွာ မင်းတို့ကောင်တွေ ပညာရှိနားနေပြီး ပညာမတတ်ဘူး ကျွဲပါးစောင်းတီးဖြစ်နေပြီကွ”

“ဟ ဘယ်သူက ပညာရှိလဲကွ ဘိုကြီးရ”

“ငါပေါ့ကွ”

“ဪ အေးအေး ဒါနဲ့ ကျွဲက ဘယ်သူလဲကွ”

“မင်းတို့ပေါ့ကွ ငတုံး၊ ငအ၊ ငထူ၊ ငပိန်း၊ တိရိစ္ဆာန်တွေရ”

“စောင်းတီးသမားကရော”

“ငါပေါ့ကွ ငါကလူလေ”

“အေး မင်းမှ ငတုံး၊ ငအ၊ ငထူ၊ ငပိန်းကွ။ အဲ့ ကျွဲပါးစောင်းတီးဆိုတဲ့ စကားပုံက စောင်းတီးသမားကို ရည်ညွှန်းတာကွ။ ဂီတကို မခံစားတတ်၊ ထူလွန်း အလွန်းတဲ့ ကျွဲတွေကို စောင်းတီးပြနေတဲ့ ငထူကြီး ငပိန်းကြီး စောင်းသမားကို သရော်တဲ့စကားပုံကွ”

“ဟုတ်လား အဲ့လိုလား”

“ဟားဟားဟား ပညာရှိ မင်းဘိုအောင်တော့ ရန်ကုန်သား ဆင်ထားတဲ့ ဂွင်ထဲဝင်သွားတာဟေ့ ကားခနဲနေတာပဲ”

“စကားအရာမှာတော့ ရန်ကုန်သားကို မမှီဘူးဟေ့။ အဲ့ကောင်တွေ တကယ်လူလည်တွေ”

စကားတပြောပြောနဲ့ လာလိုက်တာ ဖားရိုက်မယ့်လယ်ကွင်းတွေဆီရောက်ရော။ သူတို့ရွာမှာက လမ်းမီးတိုင်မရှိဘူးဗျ။ ဒါ့ကြောင့် ကတ္တရာလမ်းအရောင် မဲမဲနဲ့ မိုးရွာလို့ ကြယ်မရှိ၊ လမရှိလို့ မှောင်မဲမဲနဲ့ အဲ့အပြင် မီးမရှိလို့ အမှောင်ဖုံးနေတော့ မသိရင် တလောကလုံး အမှောင်ဖုံးနေသလိုလို။

မိုးအေးနေလို့ပဲလား စာမေးပွဲနီးလို့ပဲလားမသိ။ အရင်လို ကျောင်းသူတွေ အဆောင်ရှေ့ ဂစ်တာသံတွေမကြား၊ ဘိလိယက်ခုံတွေ တိတ်ဆိတ်၊ အင်တာနက်ကဖေးတွေ အေးစက်၊ ‘ကိုအချိ’အရက်ဆိုင်လေးလဲ မှောင်မဲ တိတ်ဆိတ်နေလေရဲ့။

လမ်းမကြီးပေါ်မှာ ခွေးတစ်ကောင် ကြောင်တမှီးမှ မရှိပဲ ကျွန်တော်တို့ ရှစ်ယောက်တည်းသာ ရှိနေလေရဲ့။ တစ်ယောက်တည်းသာဆို သိပ်ကို အထီးကျန်ပြီး သိပ်ကို ကြောက်ဖို့ကောင်းမှာ ကျိန်းသေပါရဲ့။

လမ်းရဲ့ညာဘက်ခြမ်း ချောင်းရိုးလေးရဲ့တဖက်မှာ သင်္ချိုင်းကို မြင်နေရတယ်။ ကိစ္စမရှိ ကျွန်တော်တို့က လမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းက လယ်ကွင်းတွေထဲဆင်းမှာလေ။ ဘယ်ဘက်ခြမ်းက ကွင်းတွေကိုလဲ လမ်းမကြီးနဲ့လယ်ကွင်းတွေကြား ချောင်းရိုးလေးက ခြားထားသေးတယ်။

သူတို့က ချောင်းရိုးလို့ခေါ်လို့သာ ကျွန်တော်လိုက်ခေါ်တာ။ ရန်ကုန်မှာဆို ဒါ မြောင်းအကြီးစားပဲ။ ရန်ကုန်လို ညစ်ညစ်ပတ်ပတ်တော့ မဟုတ်ဘူးပေါ့။ ရေဆင်းကူးလို့ရတယ်။ သန့်တယ်။ ရှင်းတယ်။ အမှိုက်မရှိဘူး။ ငါး‌တွေရှိတယ်။ မြွေတော့မသိ။

ဒီလိုမိုးအေးအေးနဲ့ချမ်းနေတဲ့ကာလ ဒီရေထဲဆင်းလိုက်ရရင်တော့ အေးစိမ့်သွားမှာ ကျိန်းသေတယ်။ ကျွန်တော်တို့ရောက်တော့ ဖားတွေများ အော်လိုက်တာဆိုတာ လေးဖြူတို့ အငဲတို့ကျနေတာပဲ။ ဒီကောင်တွေ လည်ပင်းထဲ လော်စပီကာများ ထည့်ထားလား အောက်မေ့ရတယ်။

‘အချစ်ဟာ ခါး ခါး ခါးလွန်းတယ်ဟေ့’ ဆိုတာမျိုးကို ဒီကောင်တွေဆိုခိုင်းလိုက်လို့ကတော့ မိုက်ခ်တောင်မလိုလောက်ဘူး။

“ဟာ ဟေ့ကောင်တွေ နေဦး ရေထဲမဆင်းနဲ့ဦး”

“ဘာလဲ ဘာလဲ ဘာဖြစ်လို့လဲ”

“ဟိုမှာ ဓါတ်တိုင်က ကြိုးကြီး ရေထဲကျနေပါလား”

“ဟာ ဟုတ်တယ်ဟ မီးနဲ့သေချာထိုးကြည့်ကြပါဦးဟ”

“ကြိုးက အမည်းကြီးကွ”

“မဲမဲ ဖြုဖြူကွာ ဓါတ်လိုက်မှာ စိုးလို့”

“တောက်စ် ဒီအထိရောက်ပြီးမှကွာ”

“မထူးဘူးကွာ သင်္ချိုင်းဘက်ပဲဆင်းမယ်”

“အာ ဟာ ဟာ ဟေ့ကောင်တွေ ငါ မလိုက်ဘူးနော် ငါကြောက်တယ်။”

“လာစမ်းပါ ရန်ကုန်သားရာ သင်္ချိုင်းထဲ ဝင်ရိုက်မှာမှ မဟုတ်တာ။”

“ငါ ကြောက်လို့ပါကွာ”

“မင်းပြောတော့ ဖိုက်တာဆို”

“ငါ့နှုတ်ကနေ ငါ တစ်ခါမှ မပြောဖူးပါဘူးကွာ”

“မပြောဖူးပေမယ့် ရာမညကို တစ်ယောက်ထဲဝင်ဖြဲရဲတာ မင်းတစ်ကောင်ပဲရှိသေးတယ်။”

“အေး နောက်ပြီး အရင်အဆောင်မှာ ရှစ်ယောက်တစ်ယောက် မင်းချခဲ့တာ တို့တစ်ကျောင်းလုံးသိပ”

“ဟုတ်ပ ရေပေါ်ကို ကိုယ်ဖော့ပြီး တရုတ်သိုင်းကားတွေထဲလို ရေပေါ်ရှပ်ပြေးတာလည်း တစ်ကျောင်းလုံး သတင်းမွှေးပ”

“ဟီး အဲ့ဒါတွေကို ငါ့နှုတ်ကနေ တစ်ခွန်းမှမပြောဘူးလေ”

“လာမှသာ လာစမ်းပါကွာ”

ဆိုပြီး ဆွဲချသွားလိုက်တာ ကျွန်တော်လည်း ယက်ကန်ယက်ကန်နဲ့ ပါသွားလေရဲ့။ တစ်အုပ်လုံးနဲ့ တစ်ယောက်ဆိုတော့လဲ ပြိုင်မရုန်းနိုင်ဘူးပေါ့။

ချောင်းရိုးလေးထဲဆင်းလိုက်တာနဲ့ အေးစိမ့်ချက်က သေးတောင်ထွက်ချင်တယ်။ ကြောက်လို့ပဲလား၊ ချမ်းလို့ပဲလား၊ နှစ်မျိုးလုံးလား မသိတော့ပါဘူးဗျာ။ ဖားတွေကလဲ မတရားအော်နေတော့ ဟိုကောင်တွေလဲ ဆော်ခြင်နေကြဟန်တူပါရဲ့။ တစ်ချက်မှ တွန့်ဆုတ်ခြင်းမရှိဘူးဗျာ။ ဗွမ်း ဗွမ်း ဗွမ်းနဲ့ ဆင်းချသွားလိုက်တာ။

ဟိုဘက်ကမ်းရောက်တော့ တကယ်လည်း သင်္ချိုင်းနဲ့ဝေးတဲ့ လယ်ကွင်းတွေဘက် သွားပြီး ရိုက်ကြတာဗျ။ ဒီကောင်တွေ စကားသာ ထော်လော်ကန့်လန့် ပြောတာ။ အလုပ်ကျ တော်သဗျ။ ဘိုကြီးဆိုတဲ့ကောင် နားကလောစရာတွေသာ ပြောတာ။ ဖားရိုက်တော့ တော်ချက်၊ မြန်ချက်ဗျာ။ ဖျောက် ဖျောက် ဖျောက် ဆိုပြီး တစ်ကောင်တစ်ချက်ပဲ။

မြောင်းမြသား ထက်ဝေဖြိုးက ရိုက်တောင်မရိုက်ဘူး။ လက်နဲ့ကောက်သွားတာ။ ကျွမ်းကျင်ရာ လိမ္မာရာပေါ့ဗျာ။ ရန်ကုန်သား ကျွန်တော်သာ အူလည်လည်နဲ့ ကျန်ရစ်ခဲ့တယ်။ လူသာမလွတ်တန်းဆော်နိုင်တာ ဖားကြတော့ တစ်ကောင်မှ ထိအောင်မရိုက်နိုင်ဘူးဗျ။

ဒါတင်ဘယ်ကမလဲ မြောင်းမြသားလိုလက်နဲ့ တစ်ကောင်ဖမ်းကြည့်တာ။ ပျော့အိအိ အေးစက်စက်ကြီးဗျ။ ပြီးတော့ ဖားက လက်ထဲကနေ ရှောကနဲ ခုန်ထွက်သွားတာ အမလေး ကျွန်တော့်မှာလန့်လို့။ ငါးရှဉ့်တောင် ဖမ်းရဲတဲ့ ကျွန်တော်က ဖားကြမှ ကြောက်သလိုလိုပါဗျ။

လယ်ကွင်းထဲမှာ လူတွေပြန့်သွားပြီ။ ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့။ ဘာကိုမှ အာရုံမစိုက်နိုင်ကြတော့ဘူး။ ဖားနဲ့မြွေပဲ အာရုံစိုက်ကြတော့တယ်။ ဟုတ်တယ် မြွေလဲ အာရုံစိုက်ရတယ်ဗျ။ သူက ဖားကိုမျိုဖို့အလာ ကိုယ်ကလဲ ဖမ်းဖို့အလာ။ မုဆိုးနှစ်ယောက်တွေ့ကြတဲ့အခါ သူဦးရင် ကိုယ်သေ ကိုယ်ဦးရင် ကိုယ်ပြေးပဲ။

ဒါပေမယ့် မြောင်းမြသား ထက်ဝေဖြိုးက မြွေသားစားတယ်ဗျ။ အဆိပ်ရှိရှိ မရှိရှိ သူက အကုန်စားတာ။ မြွေဆိပ်များပြီးနေသလား မသိပါဘူး။ မြွေလဲ အကြောက်အလန့်မရှိ။ အမြီးကကိုင်ပြီး ဆွဲယမ်းပလိုက်တာ။ တခါတည်း မြွေက စင်းသွားတာ။ အဲ့တော့မှ မြေကြီးနဲ့ ရိုက်သတ်ပလိုက်တာ။

ထားပါဗျာ။ ပြောချင်တဲ့ လိုရင်းကဝေးတော့မယ်။ အဲ့လို ရိုက်နေကြတာ သူများတွေ အတော်ရနေပြီ ကျွန်တော် တစ်ကောင်မှ မရသေးဘူး။ အဲ့အချိန်က ဘိုကြီးက

“တော်ပြီဟေ့ ပြန်ကြရအောင် မိုးလည်းအေးလာပြီ အော်တာ ဘယ်ဖားဆိုတာ အဆောင်ပြန်ရောက်ရင် သိလောက်ပြီ”

ဟင်္သာတသားကလည်း

“အေး ဟုတ်တယ် အဆောင်ရောက်မှ ရေနွေးဖျော အရေခွံဆုတ်ပြီး ဂျင်း ဆနွင်း ကြက်သွန်ဖြူလေးနဲ့ ကြော်စားရအောင်”

နောက် မြောင်းမြသားတစ်ယောက်က

“အပြန် ကိုအချိကို ဝင်နှိုးပြီး အဖြူလေး နှစ်လုံးလောက် ဝင်ဝယ်ရအောင်”

မြောင်းမြသား ထက်ဝေဖြိုးကလည်း

“အေး ပြန်ခြင်ပြန်လေ ငါလဲ ဖား ဆယ်ကောင်လောက်နဲ့ ကြိုး တစ်ကောင်ရထားတယ်။ လင်းမြွေကြီးလားမသိဘူး”

“ဟာ ဟေ့ကောင် ငါတို့ ကြိုးတော့မစားရဲဘူးနော်။”

“မင်းတို့မစားလည်း ငါစားမှာပေါ့ကွာ ဟားဟား”

ထက်ဝေဖြိုးကတော့ တကယ်မကြောက်မရွံ့ပါကွာ။ ဒါနဲ့ပြောရဦးမယ် ကြိုးဆိုတာ မြွေကို ခေါ်တာဗျ။ နာမ်နှိမ်ပြီး ခေါ်တာပေါ့။ ဥပမာ ကျားကို ဟင်းမျိုးကြီး ခေါ်သလိုပေါ့။ တချို့နယ်မှာ မြွေကို ပိုးလို့ခေါ်သဗျ။ မြွေကိုက်ရင် ပိုးထိတယ်ဆိုတဲ့ စကားလိုပေါ့။

ကျွန်တော်ကတော့ မကျေနပ်သေးဘူး။ ဘာလို့ဆို ကျွန်တော်တစ်ကောင်မှ မရသေးဘူး။ တော်ကြာမနက်ကြ ရန်ကုန်သားတစ်ယောက် ဖားထွက်ရိုက်တာ တစ်ကောင်မှ မရဘူးဆိုရင် သိက္ခာကျသဗျ။

ဒါ့ကြောင့် ပြန်ဖို့‌ ကျွန်တော်မပြောပဲ ပေတေပြီး ဖားလိုက်ရိုက်နေမိတယ်။ ဘိုကြီးနဲ့ ကျန်သူတွေက

“ဟေ့ကောင် ထူးကြီး ရန်ကုန်သား ပြန်မယ်လေကွာ”

“နေဦးကွ ငါ တစ်ကောင်မှ မရသေးဘူး။”

“မရလဲ လာပါကွ တို့ဆီမှာရထားတာတွေနဲ့ မင်း တထောကြီး စားလို့ရပါတယ်ကွ”

ကျွန်တော်နားမထောင်ဘူး ပေပြီးလိုက်ရိုက်နေတာ။ မာနပေါ့ဗျာ။ အင်း အမှန်တော့ မာနဆိုတာ မာမာပြီး နာနေတာဗျ။ သဘောကတော့ မာသလိုလိုနဲ့ နုံအတာပေါ့ဗျာ။ ထားပါ။

အဲ့လို ပေတေပြီးနေနေတုန်း လယ်ကန်သင်းရိုးပေါ်မှာ အတော့်ကို ကြီးတဲ့ဖားကြီးတစ်ကောင် မိန့်မိန့်ကြီးထိုင်နေတာ မြင်လိုက်ရတယ်။ ကျွန်တော့်ကို ကျောပေးလျက်အနေအထားနဲ့ နေနေတဲ့ ဖားနားကို ချွတ်နင်းပြီး အသာလေးကပ်သွားလိုက်တယ်။ အနားလဲရောက်ရော ဘာပြောကောင်းမလဲ ဖျောင်းခနဲ‌ရိုက်ချလိုက်တာ လက်ထဲက ဖားရိုက်တုတ်တောင် ကျိုးမတတ်ပဲ။ ရိုက်ပြီးတော့ ‌ဖားကိုကောက်မယ်ဆိုပြီး လုပ်လိုက်တော့ ဖားကမရှိတော့ဘူးဗျ။

တယ်လျင်တဲ့ဖားပဲ ဘယ်ရောက်သွားပါလိမ့်။ ဟိုဟိုဒီဒီ လိုက်ရှာတော့ ခပ်လှမ်းလှမ်းမှာ ပြန်တွေ့သဗျ။ အံမယ် ဖားက ကျွန်တော့်ကို မျက်နှာချင်းဆိုင်ထိုင်ပြီး ကွပ် ကွပ်နဲ့ အော်သဗျ။ ကျွန်တော်တော်တော်တင်းသွားတယ်။ ကျွန်တော်ထင်တာ အဲ့ဖား ကွန်တော့်ကို စိန်ခေါ်နေတယ်လို့။

တွေ့ကြပြီပေါ့ကွာ။ စိတ်ထဲက ကြုံးဝါးရင်း ပြေးပြီး ဖျောင်းခနဲရိုက်ချလိုက်တယ်။ ဖားခုန်ချိန်တောင်မရလိုက်ဘူး။ ကုန်းကောက်မယ်ကြံတော့မှ

“ဟင် မရှိတော့ပြန်ဘူးဗျ။ အတော်လျင်တဲ့ဖားပဲ”

ကွပ်ကွပ် အသံကြားလို့မော့ကြည့်လိုက်တော့ ကျွန်တော့်ရှေ့ခပ်လှမ်းလှမ်းမှာ တွေ့ပြန်ပြီ။ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး ကွပ်ကွပ်အော်နေပြန်ပြီ။ ကျွန်တော် ဒီတစ်ခါပြေးမရိုက်ပဲ ဒိုင်ဗင်ပစ်ဖမ်းလိုက်တယ်။ မမိပြန်ဘူးဗျာ။

အဲ့လိုနဲ့ ဖားက မမိလိုက်။ ခပ်လှမ်းလှမ်းမှာ ကွပ်ကွပ်နဲ့အော်ပြီး ထိုင်နေလိုက်။ ကိုယ်က လိုက်ဖမ်းလိုက်။ မမိလိုက်။ ဖားကလည်း ကျွန်တော့်စိတ်ထင် အကောင်ပိုကြီးကြီးလာသလိုလိုပဲ။ ဟိုကောင်တွေတစ်ခုခု လှမ်းအော်နေတယ်။ ကျွန်တော်အရေးမစိုက်မိဘူး။

“ရန်ကုန်သား တော်တော့ ရပ်လိုက်တော့ ပြန်လာခဲ့။”

“ပြန်လာခဲ့ ပြန်လာခဲ့”

“ဟေ့ကောင် ဒုက္ခပဲ ဟေ့ကောင်တွေ တစ်ခုခုလုပ်ကြဦးလေ”

ကျွန်တော့်စိတ်ထင် ဖားက ခွေးလောက်ရှိလာတယ်ထင်တယ်။ တန်တော့ ဒါ ဖားသရဲပဲ။ ဖားသရဲအသား စားဖူးအောင် စားမယ်ဆိုပြီး တုတ်နဲ့ တဖျန်းဖျန်းလိုက်ရိုက်ပစ်တာ။ ဟိုကောင်တွေကျွန်တော့်ကိုချုပ်ပြီး ဆွဲခေါ်သွားတဲ့အထိ ကျွန်တော်အော်ဟစ်နေတုန်း။

“ငါ့ကိုလွှတ်စမ်း အဲ့ဖားကို ငါဆော်မယ် အဲ့ဖား ငါ့ကို စိန်ခေါ်နေတာ။ ကြည့်စမ်း‌ ပြောင်ပြနေသေးတယ်။”

ကျွန်တော့်အထင်ပါ ဖားက သူ့ဖင်ကို ကျွန်တော့်ဘက်လှည့်ပြီး ဖင်ပိုင်းကြီးပဲ ခုန်ခုန်ပြနေတယ်။ ချောင်းရိုးတဖက်ကမ်းရောက်တော့မှ သူငယ်ချင်းတွေက

“မင်း ရူးနေလား မင်းပြောတော့ ကြောက်တယ်ဆို ဘာလို့ သင်္ချိုင်းထဲအထိ ဝင်ရိုက်ရတာလဲ”

“ဘယ်မှာလဲသင်္ချိုင်း”

“မင်း ဖားရိုက်နေတာ သင်္ချိုင်းထဲမှာလေ”

“ဖား ကြီးကြီးလာတာ မင်းသတိမထားမိဘူးလား”
“သိတယ်လေ”

“ဒါနဲ့များကွာ”

“ဖားသရဲအသား စားချင်လို့”

“ထူးကြီး ရူးချင်ရင် ထမင်းလွတ်ဟင်းလွတ် အဝတ်လွတ်ရူးကွာ။ ဒီလိုကြီးတော့ မရူးနဲ့ ငါတို့လဲ ကြောက်တယ်ကွ”

သူတို့ပြောလို့သာ ကျွန်တော်သင်္ချိုင်းထဲရောက်သွားမှန်းသိတာ။ ကျွန်တော် ဖားဇောနဲ့ ပါသွားတာ။ အဲ့ရောက်သွားမှန်း မသိလိုက်ဘူး။ ဒီဘက်ကမ်းကနေကြည့်မှ ဟုတ်တယ်ဗျ ဖားက သင်္ချိုင်းထဲက အုတ်ဂူကြီးပေါ်မှာ။ ကြည့်နေရင်းနဲ့ ဖားကြီးက မတရားကြီးလာတယ်။ အုံအင်ဆိုတဲ့ ဖားအသံကြီးလဲ ပိုကျယ်လာတယ်။

ကြည့်ရင်းနဲ့ ကျွန်တော်ဒေါသထွက်ပြီး ဖားကိုပြေးရိုက်ချင်လာတယ်။ ဒါနဲ့ ချောင်းထဲကို ဝုန်းခနဲခုန်ချတော့တာပဲ။

“ရန်ကုန်သား မလုပ်နဲ့ ဟေ့ကောင်တွေ ဆွဲကြဦးဟ”

“မင်းတို့ကို ဖားသရဲသားကျွေးမယ်ကွ။ ဖားသရဲအသားစားရင် မင်းတို့ ဘာသရဲမှကြောက်စရာမလိုတော့ဘူးကွ”

သူငယ်ချင်းတွေ ကျွန်တော့ကို ဝိုင်းချုပ်ပြီး အဆောင်အထိ “မ”ပြီးခေါ်သွားလို့သာ။ နို့မို့ ကျွန်တော့်ကို သူတို့ဆွဲမနိုင်ဘူးဖြစ်နေတာ။

အဲ့ညက အဆောင်ပြန်ရောက်ပြီး ဘာတွေဆက်ဖြစ်မှန်း မသိတော့ဘူး။ မနက်ကျမှ သိရတာက ကျွန်တော် တစ်ခုခု ဝင်ပူးနေသလို သောင်းကျန်းနေလို့ အဆောင်ပိုင်ရှင်အဘက ပရိတ်‌ရည်တိုက်တယ်။ အင်းမီးရှို့ပြာချတိုက်တယ်တဲ့။ ကျွန်တော်အဲ့တော့မှ အိပ်ပျော်သွားတယ်တဲ့။

မနက်ကြတော့ ကျောင်းမှာ သတင်းကြီးနေပြန်ရော။ ညက ရန်ကုန်သားတစ်ယောက် ဘီလူးဆေးထပြီး ဖားသရဲကို မကြောက်မရွံ့ လိုက်ဖမ်းပြီး စားဖို့လုပ်တယ်တဲ့။ ဖားသရဲမစားရလို့ အဆောင်မှာသောင်းကျန်းတာ ဘီလူးစီးပြီး ကြောက်စရာကြီးတဲ့။

ဘီလူးက ဘယ်လိုစီးတယ်မသိ။ ကျွန်တော်သိတာကတော့ ကိုယ်တွေလက်တွေကိုက်၊ ခေါင်းကိုက်၊ သွားတွေနာနေတာပဲ။

မိတ်ဆွေတို့ရော ဘယ်လိုထင်လဲဗျ။ မိုးသည်းညမှာ မလုပ်စဖူး ဖားထွက်ရိုက်ရာကနေ မကြုံစဖူး ဖားသရဲနဲ့တွေ့ရတာပဲ။ ကျွန်တော့်အတွက်တော့ တကယ့်အတွေ့အကြုံကောင်းပဲ။ နောက်နေ့တွေ ဖားသားတွေ လှိုက်လှိုင်စားရတာပေါ့ဗျာ။ 😁😁

ဪ‌ မေ့တော့မလို့ ကျွန်တော်က ဖားထက် လယ်ကြွက်ပိုကြိုက်သဗျ။ ထန်းရည်နဲ့ လယ်ကြွက်ဆိုတာ ကျွန်တော့အကြိုက်ဆုံး အစားအစာပဲဗျ။ 👍🏻
မိတ်ဆွေတို့ရော ???