အသားစားချင်တဲ့စုန်း

ကြသူမဟုတ်တဲ့အတိုင်းပဲ ဆော့နေလိုက်တာ။

“လေထိုးလေအောင့်တာနေမှာပါ ဆရာဝန်ပေးတဲ့ဆေးနဲ့ရောဂါနဲ့ ကွက်တိဖြစ်သွားလို့နေမှာပါ”

“ဟုတ်မှာပါလေ”

ထိုနေ့ကတနေကုန်ဘာမှမဖြစ်ပဲ ဆော့လိုက်စားလိုက်နဲ့ကုန်ဆုံးသွား ခဲ့သည်။ ညနေစောင်းရောက်တော့

“သားရေ ထမင်းစားရအောင် အဲဒီမှာထိုင်ပြီးဘာလုပ်နေတာလဲ”

“သားမစားချင်ဘူး ဗိုက်ထဲမှာဘယ်လိုကြီးဖြစ်နေမှန်း မသိဘူးအမေ။

“ဟင်,သားလေးဗိုက်ကနာပြန်ပြီလား”

“အခုတော့နည်းနည်းအောင့်နေတယ် အား,ပြောရင်းဆိုရင်းတော်တော်နာလာပြီအမေ။

“အ,ကျွတ်ကျွတ်ကျွတ်”

“သားလေး သားလေး ”

“ယောကျာ်းရေ ယောကျာ်း လာပါဦး သားလေးဗိုက်တွေနာနေပြန်ပြီ

“ဟမ်,သားဗိုက်တွေနာပြန်ပြီဟုတ်လား

“သားကိုအိမ်ထဲခေါ်ခဲ့မယ် မင်းဆရာဝန်ကြီးကိုဖုန်းဆက်ခေါ်လိုက်

“ဟုတ်ဟုတ် ကျွန်မဖုန်းဆက်လိုက်မယ်

မသီတာလည်းအိမ်ထဲပြေးဝင်လာပြီး ဆရာဝန်ထံသို့ဖုန်းဆက်လိုက်တော့ သည်။

မကြာခင်ဆရာဝန်ကြီးရောက်လာပြီး မောင်ဟိန်းခန့်အားစမ်းသပ်ကြည့်ရှု လေသည်။

ဘာရောဂါလက္ခဏာမှမတွေ့သဖြင့် ဆရာဝန်ကြီးလည်းခေါင်းရှုပ်နေရသည်။

“အင်း,ခက်တော့တာပဲဗျာ ဘာဆိုဘာမှမတွေ့ရဘူး။ လေထိုးလေအောင့်တာလည်းမဟုတ် အစာအိမ်ကလည်းမဟုတ် အူအတပ်ယောင်တာလည်းမဟုတ် ဒီလိုသာနေ့စဥ်ရက်ဆက်ဖြစ်နေရင် မကောင်းဘူး။ ဒီတော့ကလေးကိုဆေးရုံကိုပို့ပြီး ကုသတာအကောင်းဆုံးဖြစ်မယ်လို့ ဆရာပြောချင်တယ်”

“ဟုတ်ကဲ့ပါဆရာ သားလေးကိုဆေးရုံပို့ဖို့ စီစဥ်လိုက်ပါ့ မယ်”

“ကောင်းပါပြီ”

ကိုမင်းဦးနဲ့မသီတာလည်း သားဖြစ်သူမောင်ဟိန်းခန့်ကို ဆေးရုံသို့ ပို့လိုက်ကြတော့သည်။
ဆေးရုံကိုရောက်တော့ရောဂါရှာဖွေရေး စက်ကြီးများဖြင့်ရှာဖွေကြရာ ရောဂါတစ်စုံတစ်ရာမတွေ့ရှိပဲ ကလေးရဲ့ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းမွန်နေလေသည်။

“အင်း,ခင်ဗျားတို့ပြောလို့သာ ယုံရတယ် ကလေးမှာကဘာရောဂါ လက္ခဏာမှမတွေ့ရဘူး။ ဘယ်လိုများဖြစ်ပါလိမ့်ဗျာ”

“၂ရက်ပြီဆရာ တနေကုန်အကောင်း ဆော့လိုက်စားလိုက်နဲ့ ညနေစောင်းတာနဲ့ ဗိုက်ကနာတော့တာပဲဆရာ။ ဆရာတို့ကရောဂါလက္ခဏာမတွေ့ရဘူး ဆိုတော့ကျွန်တော့်သားလေးဖြစ်နေတဲ့ အရာတွေကပုံမှန်မှဟုတ်ရဲ့လားဆရာ”

“အင်းဒါတော့ ဆရာလည်း မပြောတတ်ဘူး။ ကလေးကို၁ရက်၂ရက်လောက်တော့ ဆေးရုံမှာစောင့်ကြည့်လိုက်ပါအုံးမယ် နောက်တော့တစ်ခုခုလုပ်ဖို့ စဥ်းစားကြတာပေါ့။

“ဟုတ်ကဲ့ဆရာ”

ဆရာဝန်ကြီးပြောသည့်အတိုင်း အခြေအနေကိုအကဲခတ်ရန် ဆေးရုံ၌ ၁ရက်၂ရက်ခန့်နေရန်ဆုံးဖြတ်လိုက် သည်။
မောင်ဟိန်းခန့်ကတော့ ဆေးရုံပေါ်၌ပုံမှန်တိုင်းအငြိမ်မနေ ဆော့ကစားနေလေသည်။
မိခင်နဲ့ဖခင်က​မနည်းတားနေလို့သာ မောင်ဟိန်းခန့်သိပ်မဆော့ရဲပေ။ ညနေစောင်းပြီဆိုသည်နှင့် မောင်ဟိန်းခန့်ပုံစံကတစ်မျိုးပြောင်းလဲ သွားသည်။ လူကငြိမ်သွားပြီးမှိုင်မှိုင်တွေတွေဖြစ်ကာ ဗိုက်ကသေမတက်နာကျင်ခံစားနေရ သည်။

“ဘယ်လိုဖြစ်ရတာလဲ တနေကုန် အကောင်းကြီးပါ အခုကြမှဘယ်လို ဖြစ်ရတာပါလိမ့်”

“အားနာတယ်အမေ သားဗိုက်ထဲက တအားနာတယ်ဗျ အီးဟီးဟီး”

“ဆရာရယ်လုပ်ပါအုံး ကျွန်တော့်သားလေးကိုကယ်ပါအုံးဗျာ”

“ဆရာအကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်၊မကြာခင်သက်သာ သွားမှာပါ”

ဆေးရုံပေါ်မှဆရာဝန်များလည်း ပျာပျာသလဲလုပ်ကိုင်ပေးကြလေသည်။ ည၉နာရီခန့်ရောက်မှ ဗိုက်နာတာ ရပ်သွားလေသည်။
မောင်ဟိန်းခန့်လည်းခံစားရသည့် ဝေဒနာကြောင့်ပင်ပန်းသဖြင့် အိပ်ပျော်သွားရှာသည်။

“ဒီပုံအတိုင်းဆို သားလေးက သွေးရိုးသားရိုးမဖြစ်နိုင်ဘူး ယောကျာ်း”

“မင်းကဘယ်လိုထင်လို့လဲ”

“ရှင်ပဲစဥ်းစားကြည့်လေ ကလေးကတနေကုန်အကောင်း ညနေစောင်းပြီဆိုတာနဲ့ ရောဂါကထဖောက်လာပါလေရော ပြောရရင်ညနေရောက်တာနဲ့ ကလေးကိုဗိုက်နာအောင်တမင်လုပ်ထားသလိုပဲ။ ဒါအောက်လမ်းပညာနဲ့ကျွန်မတို့သားကို ပြုစားထားတာပဲဖြစ်လိမ့်မယ်။ အဲဒါကြောင့်ရောဂါရှာတဲ့စက်ကြီးတွေနဲ့ ဘယ်လိုရှာရှာ ဘယ်ဆရာဝန်ပဲကုကု ပျောက်မသွားတာပဲကြည့်လေ ကျွန်မပြောတာရှင်နားလည်တယ်မလား

“အင်း​မင်းပြောတာလည်း ဖြစ်နိုင်ပါတယ်၊ဒါပေမယ့်ဒီကိစ္စကို ဒီမှာပြောနေလို့အကျိုးမရှိဘူး။ သူတို့ကသိပ္ပံနည်းပညာခေတ်မှာ ဒါတွေကိုအယုံအကြည်ရှိမှာမဟုတ်ဘူး ဒါကြောင့်သားလေးဆေးရုံကဆင်းမှ မင်းပြောသလိုလုပ်ကြတာပေါ့ကွာ”

“အင်းပါ ကျွန်မသားလေးကို မြန်မြန်ဆင်းခွင့်ရအောင် ရှင်ပြောပေးပါ”

“စိတ်ချပါ ငါအကောင်းဆုံးလုပ်ပါ့မယ်”

===================

နောက်တစ်နေ့ရောက်သည်နှင့် ကိုမင်းဦးလည်းဆေးရုံမှဆရာဝန်ကြီးကို အကျိုးအကြောင်းပြောပြီး ဆေးရုံမှ ဆင်းလာခဲ့ကြသည်။
လူကြီးမိဘများနှင့်တိုင်ပင်ပြီး နားလည်တတ်ကျွမ်းသည့်ဆရာအား အိမ်သို့ပင့်ခဲ့ကြသည်။

“ဆရာကြီးကြွပါ”

“ကလေးကရောဘယ်မလဲ”

“ရှိပါတယ်အခန်းထဲမှာပါဆရာကြီး”

“အင်း,ကလေးကိုဘုရားခန်းထဲ ခေါ်လာခဲ့ပါ”

“ကောင်းပါပြီဆရာကြီး”

ကိုမင်းဦးလည်းသားဖြစ်သူအား ဘုရားခန်းထဲသို့ခေါ်လာခဲ့သည်။
ဘုရားခန်းသို့ရောက်တော့ဆရာကြီးက ဘုရားရှိခိုးနေလေသည်။
ဆရာကြီးဘုရားကြီးရှိခိုးပြီးအောင် စောင့်နေလိုက်ကြသည်။
သိပ်မကြာလိုက်ပေ ဆရာကြီးလည်း ဘုရားရှိခိုးပြီးစီးသွားကာ နောက်သို့လှည့်လာသည်။

“ဆရာကြီး ဒါကျွန်တော့်သားလေးပါ မောင်ဟိန်းခန့်လို့ခေါ်ပါတယ်၊သားမှာ ဖြစ်နေတာကိုတော့ ဆရာကြီးကိုလမ်းမှာပြောပြထားလို့ ဆရာကြီးလည်းသိမှာပါခင်ဗျာ။ ကျွန်တော့်သားလေးကိုကူညီပါအုံး”

“အိမ်း,အနာသိရင်ဆေးရှိသလို ပယောဂမှန်ရင်ကုပေးဖို့က ဆရာကြီးတာဝန်ပါ။ လူကလေးမောင်ဟိန်းခန့် ဆရာကြီးဆီ လာပါဦး”

“သားသား သွားလေ”

“ဟုတ်အမေ”

မောင်ဟိန်းခန့်လည်းဆရာကြီးထံသို့ တိုးကပ်သွားလိုက်သည်။

“လူကလေး ပက်လက်လှန်ပြီးအိပ်လိုက်”

“ဟုတ်ဆရာကြီး”

မောင်ဟိန်းခန့်လည်းဆရာကြီး
ပြောသည့်အတိုင်းပက်လက်လှန်၍ အိပ်လိုက်သည်။
ထို့နောက်ဆရာကြီးက
မောင်ဟိန်းခန့်၏ဝမ်းဗိုက်အား လက်ဖြင့်ပွတ်သပ်ပြီး ပါးစပ်မှပွစိပွစိရွတ်နေသည်။

“ဒီသူငယ်ရဲ့ကိုယ်ခန္ဓာမှာ အမှောင့်ပယောဂဖြင့်ပြုစားထားသည် ဆိုပါကဝမ်းဗိုက်သည် မောက်တက်လာပါစေ။

“ဟင်”

“ဟာ”

ဆရာကြီး၏စကားဆုံးသည်နှင့် မောင်ဟိန်းခန့်၏ဝမ်းဗိုက်မှာ ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီး သဖွယ်ဖောင်းကားလာလေသည်။

ကိုမင်းဦးနဲ့မသီတာလည်း သားဖြစ်သူရဲ့ဝမ်းဗိုက်ကိုကြည့်ကာ အံ့သြမှင်သက်နေကြသည်။

“အောက်လမ်းပညာနဲ့လုပ်ထားရိုး မှန်ပါက ဗိုက်ထဲမှအပင်းသည် ငါဆရာလက်ညှိုးညွှန်ရာနောက်ကို လိုက်စေ”

ဆရာကြီးကအမိန့်ဆုံးသွားသည်နှင့် တပြိုင်နက်ထဲ မောင်ဟိန်းခန့်ရဲ့ ဗိုက်ပေါ်သို့လက်ညှိုးဖြင့် ထိုးဟန်ပြုပြီးဗိုက်ထဲမှအပင်းအား လက်ညှိုးသွားရာနောက်သို့ လိုက်စေသည်။

“ဟာ”
“ထူးဆန်းလိုက်တာ”

မောင်ဟိန်းခန့်ဗိုက်ထဲမှ အလုံးကြီးက ဆရာကြီးလက်ညှိုးညွှန်ရာနောက်သို့ ပြေးလွှားလိုက်ပါနေသဖြင့် ကိုမင်းဦးနဲ့မသီတာလည်း မျက်လုံးပြူး နေကြသည်။

“မောင်ဟိန်းခန့်ကိုပယောဂနဲ့ ပြုစားထားတယ်ဆိုတာတော့ တွေ့ရပြီ ဒီတော့ဒီလိုလုပ်တဲ့လက်သည်ကို ဆရာကြီးတို့ခေါ်ပြီးသူလုပ်ထားတဲ့ ပညာတွေကိုနှုတ်ခိုင်းရမယ်ကွဲ့။ ဒီလိုလုပ်တဲ့နေရာမှာ ဟောဒီက တူမကြီးရဲ့အကူအညီလိုတယ်ကွဲ့”

“ဘာများလဲဆရာကြီး ကျွန်မကူညီဖို့အသင့်ပါပဲ”

“လုပ်ရာမှာကတော့ ပြုစားထားတဲ့ ပညာသည်ကိုခေါ်တဲ့အခါမှာ တူမကြီးကကြားခံအနေနဲ့လုပ်ရမယ်”

“ကျွန်မသဘောပေါက်ပါပြီဆရာကြီး ဆရာကြီးပြောချင်တာက ကျွန်မသားကို ပြုစားထားတဲ့ပညာသည်ကိုခေါ်ပြီး ကျွန်မခန္ဓကိုယ်မှာပူးကပ်စေချင်တယ် လို့ပြောတာမလား ဆရာကြီး”

“အမှန်ပဲပေါ့ကွယ် ကဲကဲအချိန်ရှိတုန်းလုပ်ကြတာပေါ့ လာလာ တူမကြီးဘုရားခန်းရှေ့လာခဲ့”

“ဟုတ်ကဲ့ဆရာကြီး”

“အရင်ဦးဆုံးငါ့တူမကြီးက လက်အုပ်ချီပြီးစိတ်ကနေ ဘုရားတရားသံဃာကိုပဲအာရုံစိုက်ပါ ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကို ရည်မှန်းပြီးစိတ်ကိုနူးညံ့အောင်ထားပါ။

“ဟုတ်ကဲ့ပါဆရာကြီး”

ဆရာကြီးခိုင်းသည့်အတိုင်း မသီတာလည်းတသွေမတိမ်းလုပ်ဆောင် လေသည်။ ၁၀မိနစ်ခန့်ကြာသည့်အထိ ဘုရားခန်း တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။
ဆရာကြီးလည်းမသီတာ၏အခြေအနေကိုအကဲခတ်နေလေသည်။

“ဘုရားအမိန့်တရားအမိန့်သံဃာအမိန့် အထက်ပုဂ္ဂိုလ်ကြီးများရဲ့အမိန့် ငါဆရာသောင်းရဲ့အမိန့်တို့ဖြင့် ခေါ်လိုက်သည်။ ဤသူငယ်အားပြုစားထားသည့် ပညာသည်ငါ့ရှေ့ကိုရောက်စေ”

ဆရာကြီး၏အမိန့်ဆုံးသွားသည်နှင့် လက်အုပ်ချီပြီးငြိမ်သက်နေသည့် မသီတာ၏ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလာလေသည်။
စုန်းကဝေအောက်လမ်းအတတ်ပညာ သည်ဝင်ရောက်သည့်အခါ လွယ်လင့်တကူဝင်ပူးနိုင်စေရန် ဆရာကြီးကမသီတာ၏စိတ်အား တည်ငြိမ်အောင်ဘုရားတရားကို အာရုံစိုက်စေခဲ့ခြင်းဖြစ်သည်။

“ဟင်း ဟင်းဟင်း”

“ရောက်လာပြီပေါ့ နင်ဘယ်သူလဲ ဘာကြောင့်ဒီလိုလုပ်ရတာလဲ”

“ဟင်း ဟင်းဟင်း”

“အောင်မယ် နင်ကမပြောချင်လို့ ပါးစပ်ပိတ်ပြီးခေါင်းရမ်းနေတယ် ပေါ့လေ။ ဆေးကြိမ်လုံးနဲ့ရိုက်လိုက်လို့ စင်္ကြာဝဠာ အပြင်ဘက်လွင့်သွားရော့မယ်။​

“မလုပ် မလုပ်ပါနဲ့ဆရာရယ် ဆေးကြိမ်လုံးနဲ့တော့မရိုက်ပါနဲ့ ကြောက်လို့ပါ”

“သြော် နင်ကဆေးကြိမ်လုံးကိုတော့ ကြောက်သားပဲကိုး၊ပြောစမ်းနင့်နာမည် ဘယ်သူလဲ၊ဘာကြောင့်ဒီလိုလုပ်ရတာလဲ”

“နာမည်တော့မပြောပါရစေနဲ့ဆရာရယ် ကျွန်မရှက်လို့ပါ၊ပြီးတော့ကျွန်မသားသမီးတွေလူပုံ အလယ်မှာမျက်နှာမပြဝံံ့မှာစိုးလို့ပါ။

“အေးကောင်းပြီ ဒါဆိုနင်ဘယ်ကလဲ ဟောဒီကမောင်မင်းဦးတို့မိသားစုနဲ့ နင်နဲ့ရန်ငြိုးရန်စရှိဖူးသလား။

“ကျွန်မဒီရွာကပါပဲဆရာ သူတို့မိသားစုနဲ့လည်းရန်ငြိုးရန်စ မရှိကြပါဘူး။

“ဒါဆိုမောင်မင်းဦးတို့မိသားစုက နင်တို့အပေါ်မှာဘယ်လိုလုပ်ခဲ့ဖူးသလဲ”

“ဘယ်လိုမှမလုပ်ဖူးပါဘူးဆရာ သူတို့ကကျွန်မတို့ကိုဘာမှမလုပ်ပါဘူး”

“ဒါဆိုဘာကြောင့်သူတို့သားလေးကို အခုလိုလုပ်ရတာလဲ။ နင့်သားသမီးကိုအခုလိုလုပ်ရင် နင်ဘယ်လိုခံစားရမလဲ၊နင်မိဘချင်း ကိုယ်ချင်းစာကြည့်ပေါ့”

“ကျွန်မမှားပါတယ်ဆရာ တစ်ခါမှသူများအပေါ် မကောင်းတဲ့ အတတ်ပညာနဲ့မလုပ်ဖူးပါဘူးဆရာ။ ဒါပထမဆုံးလုပ်မိတာပါဆရာ”

“ဘာကြောင့်လဲ”

“ကျွန်မတို့ကအင်မတန်ဆင်းရဲပါတယ် ထမင်းတောင်နပ်မှန်အောင်မစားရပါဘူး သားသမီးတွေအငတ်ငတ်အပြတ်ပြတ် ဖြစ်နေတာမြင်ရတော့ ကျွန်မစိတ်မကောင်းတာနဲ့ သူတို့သားလေးကိုအခုလိုလုပ်မိတာပါ။ လုပ်ရတဲ့ရည်ရွယ်ချက်က အမဲသားနဲ့ထမင်းစားချင်လို့လုပ်ရတာပါ ဆရာကြီးရှင့်”

“အေးကွယ် ဆရာကြီးလည်း အခုလိုကြားသိရတော့ စိတ်မကောင်းပါဘူး။ နင်တို့းစားချင်တဲ့အမဲသားနဲ့ထမင်းကို ဆရာကြီးကမေတ္တာနဲ့ကျွေးမယ်နော် ဟုတ်ပြီလား။ ဒါကြောင့်ဟောဒီကသူငယ်မှာ ဖြစ်နေတဲ့ ရောဂါဝေဒနာကိုမြူတစ်မှုန်မှ မကျန်အောင်နှုတ်ယူပေးပါ။

“ဟုတ်ကဲ့ပါဆရာကြီး”

မသီတာအားပူးကပ်နေသည့် ပညာသည်လည်းမောင်ဟိန်းခန့် အနီးသို့တိုးကပ်သွားလေသည်။
ထို့နောက်လက်ဝါးနှစ်ဖက်ဖြင့် မောင်ဟိန်းခန့်ဗိုက်အားတဖြည်းဖြည်းနဲ့ သပ်ချနေလေသည်။

“မောင်မင်းဦး လင်ဗန်းတစ်ချပ်ယူလာခဲ့ပါ”

“ဟုတ်ကဲ့ဆရာကြီး”

ကိုမင်းဦးလည်းလင်ဗန်းတစ်ချပ်အား ယူပြီးဆရာကြီးအားပေးလိုက်သည်။ ပညာသည်ပူးကပ်နေသည့် မသီတာလည်းမောင်ဟိန်းခန့်အား လက်ဖြင့်သပ်ချပေးနေသည်။
မိနစ်ပိုင်းခန့်ကြာတော့ မောင်ဟိန်းခန့် ထိုးအန်တော့သည်။

“ဝေ့ါ အော့”
“ဝေါ့”
“ဟင်”

ကိုမင်းဦးရဲ့မျက်လုံးတို့ ပြူးကျယ် သွားရလေသည်။
သားဖြစ်သူ၏အန်ဖတ်ထဲတွင် ဆံချည်ထွေးများနှင့်ကြွက်သေတစ်ကောင်ကိုပါမြင်တွေ့လိုက်ရလေသည်။
အတန်ငယ်ကြာတော့မှ မသီတာကိုပူးကပ်နေသည့်ပညာသည် လည်းသပ်ချခြင်းအားရပ်တန့်သွား တော့သည်။

“ကျန်သေးလား အကုန်ထုတ်နော် ဘာတစ်ခုမှမကျန်စေနဲ့ ”

“ဘာမှမရှိတော့ပါဘူးဆရာကြီး အားလုံးထုတ်ပြီးပါပြီ”

“ကောင်းပြီ နောင်ကိုအခုလို မကောင်းတဲ့ပညာနဲ့သူတစ်ပါးအပေါ် ထိခိုက်အောင်မလုပ်တော့ပါဘူးလို့ သစ္စာဆိုရမယ်။ နင်ဆိုနိုင်မလား”

“ဆိုနိုင်ပါတယ်ဆရာကြီး”

“ကောင်းပြီ”

ဆရာကြီးကရေတစ်ခွက်အား ကိုင်စေပြီးပညာသည်အားနောက်ကို မကောင်းသောအတတ်ပညာတို့ဖြင့် ၇ရက်သားသမီးများအပေါ် ထိခိုက်အောင်မလုပ်တော့ပါကြောင်း သစ္စာဆိုခိုင်းကာထိုသစ္စာရေအား ပညာသည်ကိုတိုက်လိုက်သည်။

မသီတာကိုပူးကပ်နေသည့်ပညာသည် လည်းဆရာကြီးအားကန်တော့ကာ ထွက်သွားတော့သည်။
ပညာသည်ထွက်သွားသည်နှင့် မသီတာလည်းသတိလစ်မေ့မြော နေသည်။ ဆရာကြီးကမသီတာအား သတိပြန်လည်အောင်ပြုလုပ်ပေးကာ လိုအပ်သမျှအားမှာကြားလေသည်။

“ဆရာကြီးပြောတဲ့အတိုင်း အမဲသားနဲ့ထမင်းကို ညနေစောင်းတာနဲ့ ကျွေးလိုက်ပါ့မယ်။

“ဆရာမသိလို့မေးပါရစေ အဲဒီလိုရွာသူစာကျွေးတဲ့အခါ သူတို့ကတကယ်လာစားကြလားရှင့်”

“အဟင်း,ငါ့တူမကြီးသိချင်ရင် သေချာစောင့်ကြည့်နေလိုက်ပါ။ ကဲဆရာကြီးပြန်တော့မယ်”

“ဟုတ်ကဲ့ဆရာကြီး”

ကိုမင်းဦးလည်းဆရာကြီးအား ပြန်လိုက်ပို့ပေးလေသည်။
မသီတာလည်းရွှင်ရွှင်လန်းလန်း ပြန်ဖြစ်လာသည့်သားကိုကြည့်ပြီး စိတ်ချမ်းသာနေတော့သည်။

ညနေစောင်းတော့ ဆရာကြီး မှာခဲ့တဲ့အတိုင်း စကောချပ်ထဲတွင် ယောက်မတစ်ချောင်း အမဲသားနဲ့ထမင်းတို့ကိုပုံပြီး အိမ်ရှေ့၌ချထားလိုက်သည်။

သားဗိုက်ထဲကနာသေးလား”

“ဟင့်အင်းမနာတော့ဘူး ဘာမှမဖြစ်သလိုပဲပေါ့ပါးနေတာပဲ”

“တော်သေးတာပေါ့သားရယ် ငါ့သားပြန်ကောင်းသွားလို့သာပေါ့ မဟုတ်ရင်အဖေနဲ့အမေလည်း သားကိုကြည့်ပြီးစိတ်ချမ်းသာရမှာ မဟုတ်ဘူး။

“ဟင်, “ယောကျာ်းဟိုမှာကြည့်ပါအုံး .

မသီတာကကိုမင်းဦးအား လက်ပုတ်ပြီးပြလေသည်။
ကိုမင်းဦးလည်းမသီတာပြသည့် နေရာသို့ကြည့်လိုက်ရာ

“ဟာ,ခွေးမည်းကြီးပါလား နည်းတာကြီးမဟုတ်ဘူး”

“အဲဒါ ရွာသူဖြစ်မယ် လူကြီးတွေပြောတာကြားဖူးတာတော့ ရွာသူတွေကသူတို့ကိုအစာခေါ်ကျွေးတဲ့ အခါခွေးယောင်ဆောင်ပြီး လာစားတတ်ကြတယ်တဲ့။

“မင်းပြောတာငါလည်းကြားဖူးတယ် လာကွာငါတို့ကြည့်နေတာမြင်သွားရင် မကောင်းဘူး။ အိမ်ထဲပြန်ဝင်ရအောင်”

“အင်းအင်း”

ကိုမင်းဦးလည်းမသီတာကို လက်တို့ပြီးအိမ်ထဲခေါ်လာခဲ့သည်။
ထိုနေ့မှစပြီးမောင်ဟိန်းခန့်လည်း ညနေစောင်းတိုင်းဗိုက်မနာတော့ပဲ
ကျန်းကျန်းမာမာဖြင့်ရှိနေခဲ့သည်။

ပြီးပါပြီ။
လိုအပ်ချက်များအားနားလည်ပေးပါ Like.and.Share လေးပေးပြီး အားပေးကြပါအုံး ချစ်သောတို့ရေ။