ဓါးထွန်းလှိုင်

မတားရဲဘူး “

    “စိတ်ချပါ ဘိုးကာရာ ကျုပ် သတိထားနေပါ့မယ် “

    ဘိုးကာပြောမှ ကျုပ်ဖြင့် ဦးထွန်းလှိုင်ကြီးကို လန့်တောင်လန့် တယ် ရှစ်ပေအမြင့်ကိုတောင် ဓားနဲ့ တက်ခုတ်တယ်ဆိုပဲ ကျုပ်လည်း ရီလေးဆိုတဲ့ သူ့မြေးမကို ကြိတ်ကြံနေတာကို အခုကတည်းက လက်လျှော့လိုက်ရ‌တော့မှာပေါ့ဗျ ကျုပ်နဲ့ ဘိုးကာ အခန်းထဲကအထွက် စောင်းတန်းရှေ့ရောက်တော့ ရီလေးက မြင်းလှည်းတစီးနဲ့ ကျောင်းထဲဝင်လာတယ်ဗျ။ကျုပ်တို့ကို လာခေါ်တာလေ ဦးထွန်းလှိုင်ကြီးကတော့ ဘုန်းကြီးကျောင်းပေါ် တက်ပြီး ဘုန်းကြီးကို တက်က‌န်တော့နေတယ်။ကျုပ်ကတော့ ကျောင်းပေါ်  မတက်တော့ပါဘူး။ညကတည်းက ဘုန်းကြီးက ဩဝါဒ ပေးပြီးပြီဗျ ကျောင်းပေါ်ကနေ ဦးထွန်းလှိုင်ကြီး ပြန်ဆင်းလာတယ် ပြီးတော့ မြင်းလှည်းပေါ် တက်ဖို့ ကျုပ်ကို လှမ်းပြောတယ်။

     “စနေ တက်လေကွာ “

     “ဟုတ် ဟုတ်ကဲ့ “

     ကျုပ်က ရီလေးနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ် ။ ဦးထွန်းလှိုင်ကြီးက မြင်းလှည်းမောင်းသမားအနား ထိုင်တယ်ဗျ အဲ့တော့ ကျုပ်လည်း သူ့မြေးနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး မျက်နှာလေးကို ကောင်းကောင်းကြည့်ခွင့်ရနေတာပေါ့ဗျာ။ရီလေးက ချစ်စရာလေးဗျ တောသူဆိုပေမဲ့ မြို့နဲ့နီးတဲ့ရွာမှာ မွေးလို့ ထင်ပါ့ ရွာက လုံးတင်မတို့နဲ့‌ တော့ ဆီနဲ့ ရေဗျာ တကယ်ကို မဟာဆန်ဆန်နဲ့ ချစ်စရာလေး ကျုပ် ဘယ်လောက်တောင် ငေးမိသွားလဲဆို မြင်းလှည်း ထွက်တော့မှာမို့ ဘိုးကာ လက်လှမ်းပြနေတာကို ကျုပ် သတိ မထားမိလိုက်ဘူး။ကျောင်းအပြင်ရောက်မှ သတိရလို့ လက်ပြမယ်ကြံတော့ ကျောင်းမုဒ်ဦးနားမှာ ဘိုးကာက ကျုပ်ကို လှမ်းကြည့်ပြီး ဆဲနေတယ်ထင်ရတာပဲဗျာ ကျုပ် အဲ့လောက်ထိအောင်ကို ငေးပစ်လိုက်တာ ရီလေးကလည်း ကျနော့်ကိုကြည့်ပြီး ပြုံးတယ်ဗျ ပြုံးပြီးတော့ စကားလေးပြောတယ် နားဝင်ချိုလိုက်တာများဗျာ ပျားရည်နဲ့ ကြံသကာရည် ရောလောင်းချလိုက်သလိုပဲဗျာ ချိုချက် ။

    “ကိုစနေ အိမ်ရောက်ရင် ဘာမှအားမနာနဲ့ ရီလေးကို စားချင်တာသာပြော ချက်ကျွေးမယ် “

    “ဟာ ရပါတယ် အဆင်ပြေသလို စားတတ်ပါတယ် “

     ‌ရွာသူမလေးဖြစ်ပြီး သူမကိုယ်သူမ ရီလေးလို့ နာမ်စားသုံးတာ ခေတ်မှီချက်ဗျာ သိပ်ပြီးတော့ နားထောင်လို့ ကောင်းတာပဲ ရွာက မိချိုတို့ မိမုန်းတို့ သူ့နာမည်သူသုံးပြီး ပြောတာကို မြင်ယောင်မိတယ် တော်တော်အဆင်မချောပါဘူးဗျာ ကျုပ်လည်း ရွာကအပျိုမတွေကို ကျုပ်ရှေ့က ရီလေးနဲ့ ယှဉ်ပြီးတွေးနေရတာ။ဘုရင့်သမီးနဲ့ ဘီလူးမလိုပါပဲဗျာ ။

     အဲ့လိုနဲ့ ကျုပ်တို့ စီးနင်းလာတဲ့ မြင်းလှည်းလေးက ကတ္တရာ လမ်းပေါ်ကဆင်းပြီး ရွာလမ်းလေးအတိုင်း ၀င်သွားလိုက်တယ်။ကျုပ်အထင် တနာရီလောက် ထင်တယ်ဗျ သွားလိုက်တာ ညောင်ကိုင်းရွာဆိုတဲ့ ဆိုင်းပုဒ်နဲ့ ညောင်ကိုင်းရွာကို ရောက်လာတယ်ပေါ့ဗျာ ညောင်ကိုင်းရွာက အ‌တော်ကျယ်သားဗျ ကျုပ်တို့ရွာသုံးလေးရွာပေါင်းသလောက်ကို ကျယ်တာ ကျယ်ဆို တခါတည်း စပါးထည့် ဆန်ချောတန်းထွက်တဲ့ ဆန်စက်ကြီးတွေတောင် ရှိတယ်ဗျ ကျုပ်တို့ရွာက စပါးစက်ကတော့ သုံးခါလောက် ကြိတ်မှ ဆန်ရတာ၊ရတဲ့ ဆန်တွေကလည်း သုံးခေါက် ချိုး ကျိုးလို့ ဆန်ကွဲများများထွက်အောင် တမင်လုပ်ထားသ လားတောင် ထင်ရတယ်ဗျို့ အဲ့လိုနဲ့ ကျုပ်တို့တွေ ဦးထွန်းလှိုင်ရဲ့အိမ်ရောက်လာပါပြီဗျာ အိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်ဗျ ရေနံချေးတွေ သုတ်ထားတာ မဲနေတာပဲ အိမ်ထဲကို မြင်းလှည်း ၀င်သွားတာနဲ့ အိမ်ပေါ်က အရီးတယောက် ဆင်းလာတယ်ဗျ။

    “ကိုထွန်းလှိုင် ပြန်လာပြီလား “

     “အေး မ‌စိန်ရေ ပြန်လာပြီ ဧည့်သည်လည်း ပါတယ် နင်တို့ မြေးအဖွားနှစ်ယောက် နေ့တိုင်း ဟင်းကောင်းကောင်းချက် ကြားလား “

     “အင်းပါတော်  လာ လာ “

     ကျုပ်တို့ ဆင်းတာစောင့်ပြီးတော့ မြင်းလှည်းသမားက ပြန် သွားတယ် မြင်းလှည်းသမားက ဦးထွန်းလှိုင်တို့နဲ့ လူရင်းတွေ ထင်ပါတယ်ဗျ ကျုပ်ကို အိမ်ဦးခန်းမှာ ထားသိပ်တယ်ဗျ။ ကျုပ်ဘေးမှာ အိပ်ယာတခု ရှိတယ်ဆိုတော့ ဦးထွန်းလှိုင် အိပ်ယာနေမှာပေါ့ ကျုပ်အထင် ရီလေးတို့မြေးအဖွားက အိမ်ခန်းထဲမှာ အိပ်တယ်ဗျ အဲ့လိုနဲ့ ကျုပ်လည်း အဆင်ချောချောနဲ့ သုံးလေးရက်လောက်ကြာသွားတယ်ဗျ ဦးထွန်းလှိုင်က ကျုပ် အိမ်မှုကိစ္စလေး ကူလုပ်ရင်တောင် သူ့မြေးနဲ့ အရီးဒေါ်စိန်ကို ငေါက်ရောဗျာ အဲ့တော့ ရီလေးနဲ့ အရီးစိန်က ကျုပ် ထင်းလေးဖြတ် ရေလေးခပ်တာလောက်ကို ကူမလုပ်ခိုင်းရဲဘူးဗျို့ ။

    “ကိုစနေ မလုပ်ပါနဲ့တော့ ရီလေးဖာသာ ရေဆွဲမယ် အဖိုးမြင်မှ ရီလေးတို့ကို ငေါက်နေပါဦးမယ် “

    “ဟာ ရပါတယ်ဗျာ “

    “မရဘူး ကိုယ်တော်ချောရေ ရီလေးအဖိုးအကြောင်း ရီလေးသိတယ် သွား သွား အိမ်အောက်မှာ ရေနွေးကြမ်းသောက်နေ “

     ကျုပ်ဖြင့် အားနာလိုက်တာဗျာ စားလိုက်သောက်လိုက် အိပ်လိုက်နဲ့ ကျုပ်ဖြင့် ဇရက်မင်းစည်းစိမ်ယစ်နေသလို ဖြစ်လာတယ်။အဲ့လိုနဲ့ပဲ ကျုပ်လည်း မနေတတ်တော့တာနဲ့ လယ်ထဲသွားဖို့ တုရွင်းလေးကိုင်ထားတဲ့ ဦးထွန်းလှိုင်ကို စကားပြောရ‌တော့တာပေါ့ဗျာ

    “ဦးကြီး ကျုပ် လယ်ထဲ လိုက်ခဲ့မယ်ဗျာ ဒီတိုင်းမနေတတ်တော့ဘူး”

    “မင်းက ဧည့်သည်ပဲ အေးဆေးနေစမ်းပါကွာ “

     “မလိုက်ရရင် ကျုပ် ကျောင်းပြန်တော့မယ်ဗျာ “

     “ငါ့ကောင် အခုမှ တပတ်တောင် မပြည့်သေးဘူး ပြန်လို့မရသေးဘူး မင်းငါ့ဆီမှာ အနည်းဆုံးတော့ ဆယ့်ငါးရက်နေရမယ် ငါ မင်းကို ‌ခင်လွန်းလို့ ခေါ်တာနော် “

     “ကျုပ်လည်း ဦးကြီးကို ခင်လို့ လိုက်ခဲ့တာပေါ့ဗျာ ဒါပေမဲ့ ဘာမှ မလုပ်ပဲတော့ မနေတတ်ဘူးဗျာ “

    “အဲ့တာဆို ညမှ လိုက်ခဲ့ကွာ “

    “ညက ဘာလုပ်စရာ ရှိသေးလို့လဲဗျာ “

     “မင်းကလည်းကွာ ညဘက်က ပိုပြီးအလုပ်များတာကွ”

      “အဲ့တာဆိုလည်း ပြီးရော ကျုပ် ထင်းဖြတ်ထားပေးမယ်  အရီးနဲ့ ရီလေးတို့ကို ငေါက်မနေနဲ့ဦးနော် “

      ကျုပ်က အဲ့လိုပြောတော့ ဦး‌ထွန်းလှိုင်က ကျုပ်ကို သေချာကြည့်ပြီး ပြုံးတယ်ဗျာ ပြီး‌တော့ ခေါင်းညိတ်ပြပြီး လယ်ထဲကို ထွက်သွားတော့တာဗျို့။

(၃)

      ကျုပ်နဲ့ ဦးထွန်းလှိုင် လယ်ထဲကို ရေလိုက်သွားကြတယ်ဗျ။ရေလိုက်တယ်ဆိုတာက ဘယ်လိုပြောရမလဲ ကိုယ့်ရဲ့လယ်ထဲကို ရေသွယ်တာပေါ့ဗျာ ဆည်ရေသောက်လယ်တွေဆိုတော့ ဆည်မြောင်းထဲက ရေတွေကို အလှည့်ကျနဲ့ လယ်ထဲ ရေသွယ်ရတာ ပြီးတော့ ကတွတ်ပေါက်တွေလည်း ပိတ်ရတာပေါ့ ကတွတ် ပေါက်ပိတ်တယ်ဆိုတာ ကန်သင်း မကျိုးပဲနဲ့  ပုဇွန်လုံးတွင်းတွေကတဆင့် တခြား လယ်တွေထဲ ရေရောက်သွားတာကို လိုက်ပိတ်တယ်ပေါ့ဗျာ အဲ့တာကို ကတွတ်ပေါက် ပိတ်တယ်လို့ ခေါ်တယ်။ပုဇွန်လုံးတွင်းပဲတော့ မဟုတ်ဘူးဗျ။ကတွတ်‌ပေါက် ပေါင်းစုံပိတ်တာ တချို့က ညစ်တယ် ကျုပ်တို့က ရေသွယ်ထားရင် ဖျက်လိုဖျက်စီး လုပ်ကြတယ်။အလှည့်မကြသေးတဲ့ သူတွေကလည်း ရေလာသွယ်ရင် စကားများရတာပေါ့ဗျာ အဲ့တာတော့ ကျုပ်လည်း ရွာမှာ လိုက်ခဲ့ဖူးတော့ သိတယ်လေ အခုလည်း ဦးထွန်းလှိုင်က ဓားမတချောင်းကို ခါးကြားထိုး ကျုပ်က တုရွင်းတချောင်းကိုယူ ဓာတ်မီး တယောက်တလက်နဲ့ ရေလိုက်ကြတာပေါ့  ကျုပ်တို့လို ရေလိုက်တဲ့သူတွေ လယ်ကွင်းတွေထဲမှာ တော်တော်များတယ်ဗျ အခု ကျုပ်တို့လာတဲ့အချိန်က သန်းခေါင်ကျော်နေပြီလေ အဲ့ဒီအချိန်က မသမာတဲ့သူတွေ အတွက် အခွင့်ကောင်းပေါ့ဗျာ။ကျုပ်နဲ့ ဦးထွန်းလှိုင် ရေသွင်းထားတဲ့လယ်တွေ လိုက်ကြည့်နေတဲ့အချိန်  ဓားရှည်၊ပေါက်တူး တုရွင်းတွေ ကိုင်ထားတဲ့ လူသုံးယောက် ကျုပ်တို့ ရေသွင်းထားတဲ့မြောင်းကို ပိတ်ပြီး သူတို့လယ်ထဲ သွင်းနေတာဗျာ အဲ့တာကို ဦးထွန်းလှိုင်က ဓာတ်မီးနဲ့ ထိုးကြည့်ပြီး အရက်မူးနေတဲ့ ပုံစံနဲ့ လူကြီးသုံးယောက်ကို စကားဆိုပါလေရော ။

     “စိန်မောင် မင်းတို့အလှည့်က မနက်ဖြန်ညမှလေ ဘာလို့ ငါ့ လယ်ထဲ သွင်းထားတဲ့ ရေမြောင်းကိုပိတ်တာလဲ ပြီးတော့ ဟိုမှာ ငါ့ကန်သင်းကိုပေါက်ပြီး မင်း အောက်လယ်ထဲကို ရောက်အောင် လုပ်ထားသေးတယ် လွန်တယ်လို့ မထင်ဘူးလား “

     “ဟေ့ကောင် ထွန်းလှိုင် မင်းက ဆရာကြီးလား ငါ့ဘာသာ လုပ်ချင်သလို လုပ်မှာပေါ့ မင်းနဲ့ ဘာဆိုင်လဲ”

     “စိန်မောင် မင်းအဖေနဲ့ ငါနဲ့မှ သက်တူရွယ်တူနော် မင်းမရိုင်းနဲ့”

    “သောက်ဂရုမစိုက်ဘူး ဓားထွန်းလှိုင်ဆိုတဲ့ မင်းကို ငါ လုပ်ချင်‌နေတာ ကြာပြီ ဟေ့ကောင် တင်အောင် ရိုက်ကွာ “

    ပြောပြောဆိုဆိုနဲ့ပဲ တုရွင်းကိုင်ထားတဲ့ သူနဲ့ ပေါက်တူးကိုင်ထားတဲ့သူက ရိုက်ဖို့ပြောလာတယ်ဗျာ ကျုပ်လည်း တုရင်းကို ကိုင်ပြီး ဦးထွန်းလှိုင်ရှေ့ကနေ ဝင်ကာပြီး ပြန်ချမယ် လုပ်တော့ဦးထွန်းလှိုင်ကာ ကျုပ်လက်ကို ဆွဲပြီးပြောလာတယ် ။

     “‌စနေ  နောက်နည်းနည်း ဆုတ်ပေးကွာ ဓာတ်မီးတော့ ထိုးပေးထား ရော့ ငါ့ဓာတ်မီးကို ယူ “

   “ဟိုက သုံးယောက်တောင် ဦးကြီးရ ကျုပ်လည်း ကူချမှာပေါ့ “

   “ငါ့စကားကို နားထောင်စမ်းကွာ ဟိုကောင်တွေကို မလုပ်ခင် မင်းကို အရင်လုပ်လိုက်ရမလား”

    “ဟာ မလုပ်ပါနဲ့ဗျာ “

    ကျုပ်လည်း လက်ထဲက တုရွင်းကို မြေကြီးပေါ် ထိုးစိုက်ခဲ့ပြီး ဦးထွန်းလှိုင်ရဲ့လက်ထဲက ဓာတ်မီးကို ယူ ပြီးတော့ ခပ်လှမ်း လှမ်းကနေ ဓာတ်မီးနဲ့ ထိုးပြနေရတာပေါ့ ဟိုလူတွေက လယ်ကွင်းထဲက ဖြတ်လာပြီး ဦးထွန်းလှိုင်ရဲ့ခေါင်းကို ပေါက်တူးနဲ့ ခုတ်တာဗျို့ ကျုပ်ဖြင့် လန့်တောင် အော်လိုက်မိတယ်။ ဦးထွန်းလှိုင်က မရှောင်ဘူးဗျာ ပေါက်တူးနဲ့ ခုတ်တာကို ငြိမ်ခံတာ ပေါက်တူးနဲ့ သူ့ခေါင်းနဲ့ ထိတာ ဒုတ်ခနဲ အသံထွက်လာပြီး ပေါက်တူးက နောက်ပြန်ကန်သွားတာဗျို့ ပေါက်တူးနဲ့ ခုတ်တဲ့ လူက ကြောင်ပြီး ရပ်နေတယ် အဲ့တော့ ဦးထွန်းလှိုင်က ခါးကြားမှာ ထိုးထားတဲ့ ဓားမကြီးကို ဆွဲထုတ်လိုက်ပြီး ဟိုလူရဲ့လက်မောင်းကို ခပ်ဆဆခုတ်လိုက်တာ သွေးတွေ ထွက်လာတာတကယ်ဆို လည်ပင်းကိုခုတ်လို့ရတယ် မခုတ်ဘူးဗျ တုရွင်း       ကိုင်ထားတဲ့ကောင်တွေကလည်း ရှေ့ဆက်မတိုးရဲတော့ဘူးဗျို့ နောက်ကို ပြန်ဆုတ်သွားတယ်။လက်မောင်းကို ဓားခုတ်ခံရတဲ့ ကောင်လည်း နောက်ကို ဆုတ်ပြီး မောင်စိန်ဆိုတဲ့သူကို ကြည့်ပြီး ပြောတယ်ဗျ ။

    “ဒီလူကြီးက တုတ်ပြီးဓားပြီးကြီးပဲ မင်း ငါ့တို့ကို အရက်လေး နည်းနည်းတိုက်ပြီး သေကြောင်းကြံတာပဲ ခွေးမသားမောင်စိန် နောက်တခါ မင်း ငါတို့ကို ဘယ်တော့မှ မခေါ် နဲ့ “

      တဖက်လူတွေ ပြောပြောဆိုဆိုနဲ့  လစ်သွားရော မောင်စိန်လည်း ဦးထွန်းလှိုင်ကို ကြောင်ကြည့်နေမိတယ်။ဦးထွန်းလှိုင်က ဓားကို ခါးကြားပြန်ထိုးပြီး အေးအေးဆေးဆေး စကားပြောတယ်ဗျ ။

      “မောင်စိန် မင်းပြေးရင် မနက် သေပြီသာမှတ် ငါ့စိတ်တွေ ထိန်းနိုင်အောင် တရားအားထုတ်ထားလို့ မင်းတို့ သက်သာတယ် မှတ် ကဲ ငါတို့ ပြန်တော့မယ် မနက် ငါ့လယ်ထဲ ရေရှိတာ မြင်ချင်တယ်။မရှိရင်‌တော့လား ကဲ စနေရေ အိမ်ပြန်ပြီး အိပ်ကြရအောင်ကွာ “

     ဦးထွန်းလှိုင်ရဲ့စကားကို နားထောင်ပြီး မောင်စိန်တယောက် ပုတ်သင်ညို ကျနေတာပဲဗျာ။ခေါင်းတွေ ညိတ်နေတာ ကျုပ် ဓာတ်မီးနဲ့ ထိုးကြည့်ရသလောက် အဲ့ဒီလူ သေးထွက်ကျနေတယ် ထင်တယ် ဒူးတွေ‌တောင် တုန်နေပြီ။မပြေးရဲ အသံမထွက် ရဲ ဖြစ်နေတာဗျို့ အဲ့ဒီလူကိုကြည့်ပြီး ကျုပ်ဖြင့် ရယ်တောင် ရယ်ချင်တယ်ဗျာ။ပြီးတော့ ကျုပ်နဲ့ ဦးထွန်းလှိုင် မောင်စိန်ကိုထားခဲပြီးပြန်လာတာ‌ပေါ့ဗျာ လမ်းမှာ ဦးထွန်းလှိုင်က သီချင်းလေး တညည်းညည်းနဲ့ဗျ ဘာမှ မဖြစ်သလိုပဲ ပြီးတော့ကျုပ်ကို ပြောသေးတယ်ဗျို့

     “စနေ ဒီအကြောင်း မင်းနှမနဲ့ မင်းအရီးကို မပြောနဲ့နော် ကြားလား “

      “ဟုတ်ကဲ့ “

      ကျုပ်လည်း ဟုတ်ကဲ့ကလွဲပြီး ဘာပြောနိုင်မှာလဲ ဦးထွန်းလှိုင်ရဲ့အစွမ်းအစကို ပြန်တွေးပြီး ကျုပ် စကားတောင် ပြောဖို့ နည်းနည်းတောင် ကြောက်လာမိတယ်ဗျို့

(၄)

    အင်း ကျုပ်လည်း  ဦးထွန်းလှိုင်နဲ့အတူ လယ်ထဲရေလိုက်သွားပြီးတဲ့နေ့ကစပြီး အိမ်ပြန်ရောက်ကတည်းက အနေအထိုင်အပြောအဆို အတော်ဆင်ခြင်ရတယ်။အမှန်အတိုင်းပြောရရင်တော့ ကြောက်လို့ပေါ့ဗျာ ပေါက်တူးနဲ့ ခေါင်းကို ခုတ်တာ ဘယ်လိုမှမနေတဲ့ ဘိုးတော်ရဲ့အိမ်မှာ နေ နေရတာမဟုတ်လား  သူရဲ့မြေးမလေး ရီလေးကိုတောင် စိတ်ထဲကနေ‌သဘောကျနေတာတောင် မရဲတော့ဘူး ကျုပ်ကသာ အခုလိုဖြစ်နေတာပါဗျာ ဦးထွန်းလှိုင်က ဘာမှမဖြစ်သလိုပဲ ကျုပ်ကိုတော့ အတော်သဘောကျနေတာဗျ သူ့မြေးနဲ့တောင်သဘောတူနေလားမသိပါဘူး အဲ့လိုနဲ့ တနေ့ ကျုပ်တို့ ရေလိုက်တုန်းက ဖြစ်ခဲ့တဲ့ပြဿနာကို အရီးစိန်သိရောဗျို့ ထုံးစံအတိုင်း ဘယ်လောက်ဆိုးဆိုး ဘယ်လောက်မိုက်မိုက် ချစ်လို့ယူထားတဲ့ မိန်းမရဲ့စကားကို နားထောင်တတ်တဲ့ ယောကျာ်းကောင်းတို့ထုံးစံအတိုင်း အရီး မြည်တွန်တောက်တီးတာကို ကျုပ်နဲ့ ထမင်းအတူတူစားရင်း ဦးထွန်းလှိုင် ငြိမ်ပြီး နားထောင်နေတယ်ဗျ။

    “ကိုထွန်းလှိုင် ရွာတောင်ပိုင်းက ကိုစံမြရဲ့သားကြီး စိန်မောင်နဲ့ သူ့အပေါင်းအသင်းတွေကို ရှင် ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆို “

     “ဘာမှမလုပ်ပါဘူး မစိန်ရာ ပါးပါးလေးပဲ လုပ်လိုက်တာပါ “

     “ရှင်အခုထိမိုက်နေတုန်းလား ရှင့်ကို ကျမ ဘယ်လိုပြောရမလဲ “

      အရီးစိန်က ဦးကြီးထွန်းလှိုင်ကို ဆူနေတော့ ကျုပ်လည်း မနေသာတော့ဘူး အဲ့နေ့က အဖြစ်အပျက်တွေကို ပြန်ပြောပြလိုက်တာပေါ့ဗျာ ။

      “အရီး အဲ့နေ့က ဦးကြီးနဲ့အတူ ကျုပ်လည်းပါသွားတယ်။ ဦးကြီးက ကောင်းကောင်းမွန်မွန်ပြောတာ ဟိုမောင်စိန်ဆိုတဲ့လူက ငမူးတွေခေါ်လာပြီးတော့ ဦးကြီးကို ပေါက်တူးနဲ့ခုတ်တာ အဲ့လူတွေ အရင်စလုပ်တာ ဦးကြီးက ဘာမှတောင် ပြန်လုပ်တာမဟုတ်ဘူး “

    ကျုပ် အဲ့လိုပြောတော့ အရီးက ဦးကြီးကို ဆက်ပြီးမဆူတော့ပဲ သတိပေးစကားဆိုတယ် ။

     “ကိုထွန်းလှိုင် တော့်ကို ကျုပ် ယုံပါတယ် ဘာပဲဖြစ်ဖြစ် စိတ်တော့ ထိန်းပါရှင်”

     “စိတ်ချပါ မစိန်ရယ် ငါ့မြေးငါ့မယားနဲ့ ဟော့ဒီက ‌စနေကို မထိသ၍ ထွန်းလှိုင်က ဆရာတော်ဟောတဲ့ တရားနဲ့ အညီနေ နေပါတယ် “

    “တော့်စကားကြီးကလည်း ဘယ်လိုကြီးလဲ “

     “ပြောရဦးမယ် မစိန်ရ ဒီကောင်လေး စနေ ငါ့အပေါ်တော့ တော်တော်သစ္စာရှိတယ် ဟိုကောင်တွေ ငါ့ကို လုပ်မလို့ ပြေးလာတာ ဒီကောင်က ငါ့ရှေ့ဝင်ကာပြီး ဟိုကောင်တွေကို ပြန်ချမလို့ လုပ်နေတာ ငါလည်းအဲ့လို လူမျိုးကိုကြိုက်တာ ဒုက္ခကြုံတဲ့အချိန် ထွက်ပြေးတဲ့ကောင်တွေကိုဆို လွှတ်မုန်းတာ စနေလို ကောင်ကိုတော့ လွှတ်ချစ် မစိန်ရေ”

     ဦးထွန်းလှိုင်က အဲ့လိုပြောတော့ အရီးစိန်က ကျုပ်ရဲ့ပန်းကန်ထဲကို ကြက်သားဟင်း ခပ်ထည့်ပေးရင်း စကားဆိုလာတယ်ဗျ။

     “စနေရေ နင့်ဦးကြီးချစ်ရင် သတိသာထားတော့ “

     “ဗျာ ဘာဖြစ်လို့လဲဗျ “

      “သူက လူတယောက်ကို ချစ်မိ ယုံမိပြီဆို တော်တော်ကို မလွယ်တာ အခုအချိန် မင်းငါတို့မြေးမလေးကို ခိုးသွားရင် တောင် သူစိတ်ဆိုးမှာ မဟုတ်ဘူး စနေရေ “

     “ဟာ အရီးကလည်း ဘာတွေလျှောက်ပြောနေတာလဲဗျာ “

      ကျုပ်လည်းရှက်ရှက်နဲ့ ထမင်းတွေချည်းပဲစားနေမိတယ် ကျုပ်ရှက်နေတာကို ကြည့်ပြီးတော့ သူတို့လင်မယားက သဘောတွေကျနေတာဗျာ ကျုပ်ထင်ပါတယ် သူတို့ ကျုပ်ကို တကယ်ကို ယုံလို့ဒီစကားပြောတယ်ဆိုတာလေ  စိတ်ထဲကနေလည်းတွေးလိုက်ပါတယ် ငါ ရီလေးအပေါ် မရိုးမသားစိတ်တွေမထားတော့ဘူးလို့ပေါ့ ။

(၅)

      ကျုပ် ဦးထွန်းလှိုင်ရဲ့အိမ်ရောက်တာ ဆယ်ရက်ရှိပြီဗျ  ကျုပ်နဲ့ ရီလေးနဲ့က အတော်ကိုခင်နေကြပြီ ပြီးတော့ လူကြီးတွေကလည်း ကျုပ်တို့ကို စိတ်ချယုံကြည်ကြတယ်လေ ကျုပ်စိတ်က ဖောက်ချင်ပေမဲ့ ဘုန်းကြီးမျက်နှာ၊ဘိုးကာမျက်နှာ၊ဦးထွန်းလှိုင်မျက်နှာ၊အရီးစိန်မျက်နှာ လေးမျက်နှာ ထောက်ပြီး မကောင်းတဲ့စိတ်တွေကို မောင်းထုတ်နေရတာပေါ့ဗျာ ခင်ဗျားတို့ ကျုပ်ကို အပြစ်တော့မမြင်နဲ့နော် ဒီလောက်လှတဲ့ မိန်းကလေးနဲ့အတူရှိရတာ စိတ်မယိုင်ဘူးဆိုရအောင် ကျုပ်က သူတော် ကောင်း၊သူမြတ်လောင်းမှ မဟုတ်တာ အသဝေါကုန်ခမ်းနေတဲ့သူလည်း မဟုတ်ပြန်ဘူးလေ ဆန္ဒကို သိက္ခာနဲ့ထိန်းရတာဗျ အဲ့လိုနဲ့ တနေ့ ကျုပ်နဲ့ ရီလေး ရွာလယ်က ဆန်စက်ကို ဆန်ကြိတ်ဖို့အတွက် သွားပြီးပြောရာက ပြဿနာက စလာတယ်ဗျို့ ကျုပ်နဲ့    ရီလေး ရယ်ရယ်မောမောနဲ့ပဲ ရွာလယ်လမ်းမကြီးအတိုင်း အတူယှဉ်တွဲပြီး သွားကြတာပေါ့ဗျာ သန်းရှာပြီးအတင်းတုတ်နေတဲ့ မိန်းမကြီးတွေအတွက်ကတော့ ကျုပ်တို့နှစ်ယောက်က သူတို့အတင်းတုတ်စရာ သားကောင်ငယ်လေးတွေပေါ့ ကျုပ် စိတ်ထဲ အဲ့ဒီမိန်းမကြီးတွေ ပြောမဲ့စကားကိုကြိုသိတယ်ဗျ ခင်ဗျားတို့ သိမလားမသိဘူး သူတို့ပြောမဲ့စကားကလေ ဒီလိုပဲဖြစ်မှာပဲ

     “ဦးထွန်းလှိုင်တို့များ မြေးအပျိုလေးရှိတာကို သူစိမ်းယောက်ျားပျို‌ကို အိမ်ခေါ်ထားရတယ်လို့ ဦးထွန်းလှိုင်က ဘာမှမပြောရင်တောင် သူ့မိန်းမဒေါ်စိန်က ပြောသင့်တာပေါ့ဟယ် “

    “တိုးတိုးပြော နင့်စကားကို ဦးထွန်းလှိုင်ကြားရင် ဟိုက သူကိုင်နေကြဟာကြီးနဲ့ လာထိုးလိမ့်မယ်တော့်”

     “ဟဲ့ကောင်မ ဘာလဲ နင့်စကားကြီးက “

    “ညည်းကလည်းဟယ် ဓားထွန်းလှိုင်ဆိုမှတော့ ဓားနဲ့ထိုးမှာပေါ့ဟဲ့ ညည်းက ဓားနဲ့ မထိုးပဲ ဘာနဲ့ထိုးစေချင်နေတာလဲ “

    “ပေါက်ကရပါဟယ် ရီလေးကြည့်ရတာ ကောင်လေးနဲ့ရည်ငံနေပုံပဲနော် “

     “တအိမ်‌တည်းတူတူနေမှတော့ တွေးကြည့်ပေါ့”

      သူတို့ပြောမဲ့ စကားတွေက အဲ့တာတွေပဲလို့ကျုပ်ထင်တယ် သူတို့ရဲ့မျက်လုံးတွေကို ကြည့်ကတည်းက အကြားအမြင် ရမ  နေပေမဲ့ သိနေတယ်ဗျ ကျုပ်ကတော့ ဂရုမစိုက်ပါဘူး ကျုပ်လိုပဲ ရီလေးကလည်း ဂရုမစိုက်ဘူးဗျ အဲ့လိုနဲ့ ဆန်စက်နားမရောက်ခင် လမ်းမှာ ကောင်လေးတအုပ်နဲ့ တွေ့တယ်ဗျ ဒီကောင်တွေပုံကြည့်ရတာ ဘိုင်စကုတ်ကားထဲကလို လူကြမ်းတွေလိုပဲဗျ။ထန်းရည်က မူးနေသေးတယ် သူတို့ကလူကြမ်းဆို ကျုပ်က မင်းသားပေါ့ အဲ့ဒီကောင်တွေက ကျုပ်တို့ အနားကပ်လာတယ်ဗျ ပြီးတော့ ရီလေးလက်ကို စဆွဲတယ် ကျုပ်က မင်းသားဆိုတော့ ကောင်မလေးလက်ဆွဲတဲ့ကောင်တွေကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး  ဝင်ပြောရတာပေါ့ ။

     “ဟေ့လူတွေ ကျုပ်တို့ ဆန်စက်သွားမှာ မနှောက်ယှက်ပါနဲ့ ပြီးတော့ ရီလေးက ခင်ဗျားတို့ရွာသူမဟုတ်လား”

      “မင်းက ဘယ်ကကောင်လဲ ရုပ်ကိုက ညှင်းသိုးသိုးနဲ့  ရီလေးအနား *** ပြုလို့ကပ်နေတာလား”

      ဒီကောင်တွေ တော်တော်ရိုင်းတာပဲဗျ ကျုပ်ကို အသားလွတ်ကြီး ဆဲနေတာ ကျုပ်ဆိုတဲ့ကောင်က အနိုင်ကျင့်တာကို သိပ်မုန်းတဲ့ကောင်ဗျာ အဲ့တော့ ကျုပ်ကိုဆဲတဲ့ကောင်ရဲ့ လည်ပင်းကို ဆွဲလိုက်ရုံပဲ ရှိသေးတယ် ကျုပ်ကို လက်သီးနဲ့ ဘယ်ကောင်က  ဆော်လိုက်လည်း မသိပါဘူးဗျာ သုံးချက်လောက် ဆင့်ဆော်လိုက်တော့ ကျုပ်လည်း မြေပြင်ပေါ် လဲကျသွားတယ်။ဒီကောင်တွေ ခြေထောက်နဲ့ဝိုင်းကန်တယ်ဗျာ အကန်ခံရတာထက် လှည်းလမ်းပေါ်မှာ ဖုန်တွေ မွှန်လိုက်တာ အသက်ရှုလို့တောင်သိပ်မရချင်တော့ဘူး နောက်မှ ရီလေးအော်လို့ ရွာထဲကလူကြီးတွေပြေးထွက်တာနဲ့ပဲကျုပ် သက်သာသွားတယ် ရီလေးက ကျုပ်ကို ထူပေးပြီး ဟိုသကောင့်သားတွေကို ဆဲတာများဗျာ မိုးမွှန်နေတာပါပဲ အဲ့လိုနဲ့ ကျုပ်တို့ဆန်စက်ကို မရောက်ပဲ အိမ်ပဲ ပြန်ရောက်ကြတယ် ဆိုပါတော့ဗျာ ။

(၆)

      ဦးထွန်းလှိုင်က ကျုပ်ရဲ့ဖူးယောင်နေတဲ့ မျက်နှာတွေကိုကြည့်ပြီး သူရဲ့ဓားကြီးကို ပြေး ပြေးဆွဲတာဗျာ ရီလေးနဲ့ အရီးစိန်အပြင် တခြားသူတွေကပါ ဆွဲထားရသေးတယ်။ကျုပ်ကလည်း ဖူးယောင်နေတဲ့မျက်နှာနဲ့ပဲ သူ့ကို တားရတာပေါ့

   “ဦးကြီး လူငယ်ချင်းဖြစ်တဲ့ ပြဿနာပါဗျာ ဦးကြီးမပါ ပါနဲ့ “

    “ငါ့အိမ်မှာနေတာကို သိသိရက်နဲ့လုပ်တဲ့ကောင်တွေကို ငါ  လုံးဝ မကျေနပ်ဘူး”

     “ကျုပ် လေးငါးရက်လောက်ဆို သက်သာပါတယ် ဦးကြီးရာ ဘာမှ စိတ်တိုမနေနဲ့ သူတို့က ဦးကြီးနဲ့ တန်းမတူပါဘူး “

    ကျုပ် ဒီကောင်တွေကို ပြန်ဆော်မယ်လို့တွေးထားတာဗျ ဒီကောင်တွေရဲ့ မျက်နှာတွေကို ကျုပ်မှတ်ထားတယ်  စနေအကြောင်းကောင်းကောင်းသိမယ်လို့လည်း ကျုပ် တေးထားတာပေါ့ဗျာ ဦးထွန်းလှိုင်ကတော့ အတော်ကို မကျေမနပ်ဖြစ်နေတာဗျို့ ထားလိုက်ပါ ဒီကောင်တွေနဲ့ ထင်းခွေမကြုံ ရေခပ်ကြုံမှာပါ အဲ့လိုနဲ့ ညရောက်တော့ ကျုပ်ဒဏ်ရာတွေကြောင့် သိပ်အိပ်မရဘူးဗျ ကျုပ်အိပ်မရတာကို သိတဲ့ ဦးထွန်းလှိုင်က ရီလေးကိုခေါ်ပြီး ကြပ်ထုပ်ထိုးခိုင်းတယ် မဆိုးဘူးဗျ ရီလေးရဲ့ ကြင်ကြင်နာနာပြုစုယုယမှုအောက်မှာ အနာက တဝက်မဟုတ်ဘူးဗျို့ ကင်းကင်းရှင်းရှင်းကို သက်သာတာ ဦးထွန်းလှိုင်က ကြပ်ထုပ်ထိုးပေးနေတဲ့ ရီလေးကို စကားပြောလာတယ်ဗျ။

     “ငါ့မြေး စနေကိုလုပ်သွားတာ ဘယ်သူတွေလဲ “

     “သာကြွယ်တို့ပါ အဖိုး အဲ့ဒီကောင်တွေ သမီးကိုလည်းလိုက်နှောက်ယှက်တယ် “

     “ငါနဲ့ တွေ့မယ် “

      မကျေမနပ်ပြောနေတဲ့ ဦးထွန်းလှိုင်အား ကျုပ် စကားပြောလိုက်တယ်။

    “‌ဦးကြီးနဲ့ မတွေ့နဲ့ဗျာ ကျုပ်နဲ့ပဲ တွေ့မယ် ဒီကောင်တွေကို လုံးဝ မကျေနပ်ဘူး “

     မကျေနပ်တာတော့ဟုတ်ပါပြီး မင်းက ဘယ်လိုလုပ်ချင်လဲပြော စနေ”

     “ဒီကောင်တွေကို ကျုပ် ပြန်ချချင်တယ် “

      “အေး မင်းဒဏ်ရာပျောက်ရင်ပြန်ချကွာ ငါ မင်းအတွက်    အစီအရင်တခု လုပ်ပေးမယ် “

     ကျုပ်နဲ့ ဦးထွန်းလှိုင် ပြောနေတဲ့စကားကို ရီလေးက သဘောကျဟန်မရှိဘူး အဲ့တာနဲ့ပဲ သူမက မကျေမနပ်နဲ့ သူ့အဖိုးကို ပြောတယ်ဗျ။

     “အဖိုးက ကိုစနေကိုပါ လူမိုက်ဖြစ်အောင်လုပ်နေတာလား”

      “ငါ့မြေးရယ် ဘယ်ကသာ လူမိုက်ဖြစ်အောင်လုပ်ရမှာလဲ သူ့ကိုနာအောင်လုပ်ထားတဲ့သူတွေကို ပြန်လုပ်ခိုင်းတာ ဘယ်က လူမိုက်ရမှာလဲ လူလိမ်မာပေါ့ကွယ့် ကဲ ကဲ ငါ့မြေး သွားအိပ်တော့ ဒီအကြောင်း နင့်အဖွားကိုလည်း လျှောက်ပြောမနေနဲ့ဦး ကြားလား”

    “ဟုတ်ကဲ့ပါ ကဲ ကိုစနေလည်း အိပ်တော့ “

     “ဟုတ်ကဲ့ ရီလေး”

      ကျုပ်က ရီလေးစကား နားထောင်ချက်ဗျာ အိပ်တော့ဆိုတာ နဲ့ မျက်လုံးလေးမှိတ်လိုက်တာ ဦးထွန်းလှိုင်ခေါ်နေတာကိုတောင် ကျုပ် မကြားချင်ယောင်ဆောင်ပြီး အိပ်လိုက်တာပေါ့ဗျာ

(၇)

     ကျုပ် ဒဏ်ရာတွေက ငါးရက်လောက်နေတော့ သက်သာသွားပြီဗျ ဒဏ်ရာသက်သာပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မသက်သာဘူး ကျုပ်ကိုလုပ်တဲ့ကောင်တွေကို ပြန်ဆော်ရမှကိုကျေနပ်မှာ ကျုပ်ဆိုတဲ့ကောင်က သူများကိုလည်း  မတရားမလုပ်ဘူး ကျုပ်ကို မတရားလုပ်လို့ကတော့ အသက်ကိုပဓနာ မထားဘူး သူသေကို‌ယ်သေ လုပ်ချင်တာ ရီလေးက ကျုပ်စိတ်ကို သိပုံပဲဗျ ကျုပ်ကို ကြည့် ကြည့်နေတယ် သူ့အဖိုး လွတ်တာနဲ့ ကျုပ် အနားလာပြီး ဆုံမဩဝါဒတွေပေးတာပေါ့ဗျာ အဲ့လိုအချိန်ဆို ဦးထွန်းလှိုင်နဲ့ အရီးစိန်တို့ကို ပြေးမြင်ပြီး ကျုပ်နဲ့ရီလေးက ဘာလိုလို တွေးပစ်လိုက်တာ ကျုပ်သာ အိမ်ထောင်ပြုရင် သူ့ကိုပဲ ယူမယ်လို့လည်း စိတ်ပိုင်းဖြတ်လိုက်တယ် ရီလေးက ကျုပ်ကို စိတ်ပူနေတဲ့ မျက်နှာလေးနဲ့စကားဆိုတယ်ဗျ

     “ကိုစနေ အဖိုးပြောတိုင်း ရန်ဖြစ်ဖို့မလုပ်နော် သူက အစွမ်း ထက်တယ် ကိုစနေက ဘာမှစွမ်းတာမဟုတ်ဘူး ရီလေးက စိတ်ပူလို့ပြောတာ သူတို့ကို ကိုစနေနိုင်လို့ လက်လွန်သွားရင် ထောင်က ကျဦးမှာ သူတို့က နိုင်လို့ သူတို့ လက်လွန်သွားရင်  ကိုစနေသေမှာ ကောင်းကျိုး ဘာတခုမှ မရှိပါဘူး “

     “စိတ်ချပါရီလေးရယ် ကျုပ်ကမမိုက်ပါဘူးဗျ ဒါပေမဲ့ နဂါးမှန်းသိအောင် အမောက်တော့ ထောင်ပြရလိမ့်မယ် “

    “ရီလေးက ကိုစနေကို စိတ်ပူလို့ ပြောတာပါ”

    “ကျုပ် သိပါတယ် “

      ကျုပ်နဲ့ ရီလေးစကားပြောနေတဲ့အချိန် ဦးထွန်းလှိုင် လယ်ထဲကနေပြန်လာတယ်ဗျ လယ်ထဲကနေရောက်ရောက်ချင်းကျုပ်နားလာပြီးတော့ အခြေအနေမေးတယ်

      “ကောင်လေး အခြေအနေကောင်းပြီလားကွ “

      “ကောင်းပြီပေါ့ ဦးကြီးရာ  လက်တွေကလည်းယာနေပြီဗျ”

      “ဒါမှငါ့ကောင်ကွ ကဲ ကောင်လေး မင်းကိုငါ လက်ဆောင်ညတခုပေးမယ်ကွာ နောက်နေ့ပွဲကဖို့ပြင်ထား ဟေ့မြေးလေး    လာဦး”

     ကျုပ်နဲ့ ဦးထွန်းလှိုင်စကားပြောနေတုန်း ကျုပ်အနားကထွက်သွားတဲ့ ရီလေးကို ဦးထွန်းလှိုင်ကခေါ်တာဗျ ရီလေးလည်းပြန်လာပြီးတော့သူအဖိုးကိုမေးတယ် ။

    “အဖိုး ဘာလို့လဲ “

     “မနက်ဖြန် စနေကိုချတဲ့ကောင်တွေကို ပြန်ချိန်းပေးလိုက်ဦး”

     “ဟာ အဖိုးကလည်း သမီးက ရန်ဖြစ်ဖို့ ချိန်းပေးစရာလား”

     “ငါ့မြေး မချိန်းပေးရင် ကိုယ်တိုင်သွားခေါ်မှာနော် အဲ့အချိန်မှ”

      “ရပြီ အဖိုးကတော့ လုပ်လိုက်ရင်အဲ့လိုချည်းပဲ ဘယ်ကို ချိန်းရမှာလဲ တယောက်တည်းတော့ သမီးသူတို့ဆီ မသွားဘူး”

    “ငါ့မြေးကိုလည်း တယောက်တည်း မလွှတ်ပါဘူး မြေးအဖွားကိုခေါ်သွား”

    “ရှင် အဖွားက လိုက်မှာမဟုတ်ဘူးနော် “

    “သူ မလိုက်ရင် ဓားထွန်းလှိုင်ပြန်လာပြီလို့သာပြောလိုက် မြေးရယ်”

    “အဲ့တာဆိုရင်တော့ လိုက်မှာ အဖိုးကတော့လေ အဖွားကိုတအား နိုင်စားတာပဲ “

     ရီလေးက မကျေမနပ်နဲ့ အိမ်မီးဖိုချောင်ဘက်ကို တက်သွားတယ်ဗျ ကျုပ်ကတော့ ရီလေးရဲ့နောက်ကျောကိုကြည့်ပြီး သူ့စကားနားမထောင်နိုင်တာ ခွှင့်လွှတ်ပါလို့ ဆွေးဆွေးလေး စိတ်ထဲကနေ ပြောနေမိတော့တာပေါ့ဗျာ။

(၈)

      ညရောက်တော့ ကျုပ်နဲ့ ဦးထွန်းလှိုင်တော်တော်နဲ့ မအိပ်ဘူးဗျို့  ဦးထွန်းလှိုင်က ကွမ်းအစ်ကြီးကိုယူပြီး ထုံးတွေလည်း မန်းတယ် ကွမ်းရွက်တွေလည်းမန်းတယ် ကွမ်းသီးတွေလည်း မန်းတယ် ဗျာ စုပ်လိုက်တဲ့ ဂါတာတွေ ကျုပ်ဖြင့်နားကို မလည်ပါဘူးဗျာ ကျုပ်လည်း သူ့ရှေ့မှာ ဆောင့်ကြောင့်လေးထိုင်ပြီး သူလုပ်သမျှကို ကြည့်နေရာပေါ့ သူကတော့ ဥုံတွေရော ဩောင်းတွေရော စုံလို့ ရွတ်တာ တခါရွတ်လိုက် ကျုပ်ခေါင်းကို တခါသပ်လိုက်နဲ့ပေါ့ဗျာ အဲ့ဒီလို လုပ်ပြီးတော့ သန်းခေါင်ယံလောက်မှာ ကွမ်းတယာပေးတယ်ဗျ ကွမ်းယာပြီးတော့ ကျုပ်ကိုဝါးခိုင်းတယ် ကျုပ်လည်း ဝါးတာပေါ့  ကွမ်းလေးဝါးနေတုန်း ဦးထွန်းလှိုင်က မပြောမဆို ကျုပ်ခေါင်းကို ဓားနဲ့ခုတ်တာဗျာ ကျုပ်ဖြင့်လန့်လိုက်တာ သေပြီလို့တောင် တွေးတာ  အယ် ထူးထူးဆန်း ဆန်းဗျို့ သူ့ဓားက ကျုပ်ခေါင်းကိုတော့ ခုတ်မိတယ် ထန်းဆိုပြီး နောက်ပြန်ကန်သွားတာဗျာ ကျုပ်ဆံပင်တောင် မကျွတ်ပါဘူးဗျာ ပြတ်သာမပြတ်တာ နည်းနည်းတော့နာတယ်ဗျ ဒီလောက်နာတာကတော့ မျှော့တွယ်သလောက်မရှိပါဘူးဗျာ ကျုပ်လည်း ဦးထွန်းလှိုင်လုပ်ရပ်ကို ငေးပြီး ကြည့်နေတုန်း သူက ကျုပ်မမေးခင် စကားဆိုလာတယ်ဗျ ။

     “စနေ မင်းကို ဝါးခိုင်းထားတဲ့ကွမ်းက တပွဲတိုး တုတ်ပြီးဓားပြီးတဲ့ ကွမ်းပဲကွ မနက်ဖြန်ညနေထိ သက်တမ်းရှိတယ် မင်းကောင်တွေကို ဆော်သာ ဆော်ကွာ သေတော့မသေစေနဲ့ ကြားလား”

       ကျုပ်လည်းခေါင်းညိတ်ပြီး နားလည်ကြောင်းပြောလိုက်ရတာပေါ့ အဲ့လိုနဲ့ ကျုပ်တို့လည်း အိပ်လိုက်ကြတာပေါ့ဗျာ နောက်နေ့ မနက်မိုးလင်းတော့ ရီလေးနဲ့ အရီးစိန်က ဟိုကောင်တွေကို သွားချိန်းပေးတယ်ဗျာ ကျုပ်နဲ့ ဦးထွန်းလှိုင်ကတော့ တလင်းမှာ သွားစောင့်နေတာပေါ့ဗျာ ဦးထွန်းလှိုင်က ကျုပ်ကို တလင်းမှာ ထားခဲ့ပြီးပြောတယ်ဗျ

     “ကောင်လေး ဒီကောင်တွေကို ဆော်ပြီးရင် ရွာထိပ်ကို သွား အဲ့မှာ ငါ့မြေးနဲ့ မြင်းလှည်းဆရာစောင့်နေလိမ့်မယ် မင်းကျောင်းကိုပြန်တော့ကွာ  ငါ့ဆီတော့ မကြာမကြာလာနော် ကြားလား မင်းက တပွဲတိုးဆိုတော့ နောက့်နေ့တွေအတွက် စိတ်မချရလို့ ငါဒီလို စီစဉ်တာ ငါ့အိမ်မှာ မနေစေချင်လို့ မဟုတ်ဘူးဆိုတာ မင်းသိတယ်နော် “

     “ဟာ သိပါတယ်ဗျာ ကဲ ဦးကြီးလည်း လယ်ထဲသွားမှာ မဟုတ်လား သွားတော့ “

     ဦးထွန်းလှိုင်က ကျုပ် ပြောစကားကိုခေါင်းညိတ်ဖြေပြီး လယ်ထဲကို ထွက်သွားတယ်ဗျ တလင်းထဲမှာတော့ ကျုပ်        တယောက်တည်းပေါ့ဗျာ မကြာပါဘူး ကျုပ်ကို စော်ကားထားတဲ့ကောင်ငါးယောက် ရောက်လာတယ် ပြီးတော့သူတို့ယူလာတဲ့ လှည်းတပိုးကြီးတုတ်တွေနဲ့ ကျုပ်ကိုပြေးရိုက်တာဗျာ ကျုပ်ကတော့ အေးဆေးပဲ အဲ့ကောင်တွေသေအောင်ရိုက်ကျုပ်က မျှော့တွယ်သလောက်ပဲနာတာကို ကျုပ်လည်းဒီကောင်တွေ ညောင်းနာတော့မှာ တုတ်တချောင်းကို လုယူပြီး နှာခေါင်းတွေချည်း ရိုက်ပစ်လိုက်တာ ဒီကောင်တွေငါးယောက်လုံး နှာခေါင်းရိုးတွေ ကျိုးကုန်လောက်တယ်ဗျ ပြီး‌တော့ ကျုပ်ကို မနိုင်မှန်းလည်းသိရော ကြောက်ကြောက်လန့်လန့်နဲ့ ပြေးကုန်တာဗျ သူတို့လည်းပြေးရော ကျုပ်လည်း ရွာထိပ်ကိုသွားလိုက်တယ် ရွာထိပ်ရောက်တော့ ရီလေးက စိုးရိမ်တကြီးမျက်နှာနဲ့ မြင်းလှည်းပေါ်က ပြေးဆင်းလာပြီး ကျုပ်ကို မြင်းလှည်ပေါ်အတင်းတက်ခိုင်းပြီး ကျောင်းကို ပြန်ရတော့တာပေါ့ဗျာ ကျုပ် ထင်ပါတယ် ဒီကောင်‌တွေ နောက်ထပ် ပြဿနာ မရှာရဲ‌တော့ဘူးဆိုတာကို‌ပေါ့။

နောက်ထပ်စာစဉ် ရှိသေးသည်။

🙏page လေးကို Like & Follow လုပ်ပြီးအားပေးကြပါဦး ခင်ဗျ