ဥခူးသွားကြမယ်ဆိုပြီးတော့ ခုနကတင် စားသောက်ပြီးထွက်သွားကြလေရဲ့”
ကျုပ်တို့လည်းတော်တော်အံ့သြသွားတယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့နဲ့အကြံတူတွေရှိနေလို့မဟုတ်လားဗျာ။
“ကျုပ်တို့သွားတော့မယ်ဦးဘသာ၊ ဒါနဲ့ ဦးဘသာရော လိုက်အုံးမလား”
“မလိုက်တော့ပါဘူးကွာ၊ ဒါထက် တမာဥရရင်သာ ငါ့အတွက်နည်းနည်းချန်ထားပေး၊ ဟုတ်ပြီလား”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ခြေလှမ်းကျဲကြီးတွေနဲ့ထွက်ခဲ့တာပေါ့ဗျာ၊ ရွာထိပ်ရောက်တော့မှ ကျုပ်တို့အံ့အားသင့်သွားကြတော့တယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့နဲ့အကြံတူနေတဲ့လူတွေကို တွေ့လိုက်ရလို့ပေါ့ဗျာ၊ ရွာကနေ တောင်ရိုးဘက်ကိုသွားတဲ့လမ်းမှာ ရွာသားတွေ ကိုယ့်အစုနဲ့ကိုယ် တောင်းတွေ၊ ပလုံးတွေ၊ ဝါးလုံးတွေကိုင်ပြီးတော့ သွားနေကြတယ်မဟုတ်လားဗျာ။
(၂)
တမာဥလို့ပြောတာကို ခင်ဗျားတို့နည်းနည်းနားရှုပ်သွားမယ်ထင်တယ်ဗျ၊ တမာဥဆိုတာကတော့ တမာရွက်နုကလေးတွေမှာ အဖူးလေးတွေပါတဲ့ အကိုင်းလေးတွေကို ခေါ်တာပါ၊ တမာဖူးလေးတွေက ဥလေးတွေလို လုံးလုံးလေးတွေဆိုတော့ ကျုပ်တို့ဖက်မယ် တမာဥလို့ပဲခေါ်ကြတယ်ဗျ၊ ကျုပ်တို့ကတော့ တမာဖူးလေးတွေဆိုရင် အဲဒီလိုအဖူးပါတဲ့ အညွှန့်လေးတွေကိုပိုကြိုက်သဗျ၊ သူက ရိုးရိုးတမာရွက်ထက် စားရတာပိုဆိမ့်တာကိုးဗျ။
အညာနဲ့ တမာကတော့ ခွဲမရတဲ့ ဝိသေသလို့ပဲ ပြောကြပါတော့ဗျာ၊ ကျုပ်တို့အညာဘက်မှာတော့ တမာပင်တွေပေါဌေးပေါ့၊ ခင်ဗျားတို့ကတော့ တမာက တစ်မျိုးပဲရှိတယ်လို့ ထင်ရင်ထင်ကြလိမ့်မယ်၊ တကယ်ကတော့ ကျုပ်တို့ဘက်မယ် တမာကနှစ်မျိုးရှိသဗျ၊ ကုလားတမာရယ်၊ စားတမာရယ်ဆိုပြီးရှိတယ်၊ ကုလားတမာရွက်ကိုလည်း စားလို့ရတယ်ဆိုပေမယ့် ကုလားတမာအရွက်က ပိုကြမ်းပြီးတော့ ပိုခါးတယ်ဗျ၊ ကျုပ်တို့အညာသားတွေတော့ စားစရာလုံးဝမရှိတော့မှသာ ကုလားတမာကိုစားကြတာ၊ ပုံမှန်ဆိုရင်တော့ မစားကြပါဘူးဗျာ။
စားတမာဆိုတဲ့အမျိုးကတော့ နာမည်အတိုင်းပဲ စားလို့ရတဲ့အမျိုးပေါ့ဗျာ၊ သူရဲ့တမာရွက်က ခါးတယ်ဆိုပေမယ့် ချိုချိုလေးနဲ့ခါးတာဗျ၊ ခင်ဗျားတို့ကို ဘယ်လိုပြောပြရမလဲမသိဘူးဗျာ၊ ဒါပေမယ့် ကျုပ်ပြောတာတကယ်ပါဗျ၊ စားတမာက ချိုချိုဆိမ့်ဆိမ့်လေးနဲ့ခါးတာ၊ များသောအားဖြင့် တမာချဉ်တွေ၊ တမာပြုတ်တွေဆိုရင် အဲဒီစားတမာကိုလုပ်တာများတယ်ဗျ။
ဒီနေရာမှာ တမာပင်နှစ်မျိုးခွဲခြားပုံကိုလည်း ပြောပြချင်သေးတယ်ဗျာ၊ ကုလားတမာကတော့ အရွက်ထွက်အားပိုကောင်းပြီးတော့ အရွက်ပိုစိပ်တယ်ဗျ၊ သူ့ရဲ့တမာခေါက်က ခပ်ပါးပါး ခပ်ချောချောဗျာ၊ ရွာတွေ လူတွေနဲ့နီးတဲ့နေရာမှာတော့ ကုလားတမာကို အစိုက်များတယ်၊ သူက နွေဆိုရင် အရိပ်ကောင်းတာကိုးဗျ၊ အဖြစ်လည်းသိပ်မြန်တယ်၊ ဒါပေမယ့် စားတော့မစားကြဘူးပေါ့ဗျာ။
စားတမာကတော့ သူနဲ့ပြောင်းပြန်ဗျ၊ အရွက်ထွက်တာကျဲပြီးတော့ ပင်စည်ကလည်း အပွေးကြမ်းကြမ်းကြီးတွေနဲ့ အထူကြီးပေါ့ဗျာ၊ အရွက်ကလည်း ကုလားတမာရွက်ထက် ပိုကြီးသလို အသီးကလည်း ပိုကြီးတယ်၊ လူတွေနဲ့နီးတဲ့နေရာတွေမှာ သိပ်မရှိဘဲ တောတွေတောင်တွေထဲ အလေ့ကျပေါက်တဲ့အပင်တွေပေါ့ဗျာ၊ သူ့ရဲ့အရွက်တွေကိုတော့ လူတွေစားကြလို့ စားတမာလို့ခေါ်တာပေါ့။
ဒီအတိုင်းပဲ ကျုပ်တို့ရွာတစ်ဝိုက်မှာ စားတမာပင်က သိပ်မရှိဘူးဗျ၊ ဒီတော့ အခုလိုတမာဖူးတဲ့နွေရာသီရောက်ရင် တောင်ရိုးပေါ်ကိုတက်ပြီး အလေ့ကျပေါက်နေတဲ့ စားတမာပင်ကြီးတွေဆီကနေ တမာဖူးတွေသွားခူးကြတာပေါ့ဗျာ၊ ခုလည်းကြည့်ပါအုံး၊ ကျုပ်တို့ထက်အကြံဦးတဲ့ ရွာသားတွေက တောင်ရိုးပေါ်ကိုအလုအယက်တက်ကုန်ကြပြီမဟုတ်လားဗျာ။ တမာပင်တွေက တောင်ပေါ်မှာပေါက်တာထက် တောင်ရိုးအောက်ခြေနားက တောအုပ်ထဲမှာ အများကြီးပေါက်တာဆိုတော့ တောင်ပေါ်တက်စရာတော့ မလိုဘူးပေါ့ဗျာ၊ တမာရွက်ခူးထွက်ရင် အိမ်ကလူအကုန်ထွက်လာတတ်ကြတာပါပဲ၊ ကလေးတွေ၊ ခွေးတွေကိုလည်းခေါ်လာလို့ပေါ့ဗျာ။
တောင်ရိုးအခြေကိုရောက်တော့ တောထဲမှာလူတော်တော်တော်စည်ကားနေပါပြီဗျာ၊ တမာပင်တွေပေါ်မှာလည်း လူတွေအများကြီးပဲဗျ၊ ကျုပ်နဲ့အကိုကြီးကတော့ တမာပင်ရှာဖို့ထက် တောင်ရိုးပေါ်ကို တက်ရအုံးမယ်ဗျာ၊ ဘာလို့လည်းဆိုတော့ ကျုပ်တို့ဆီမှာ ဂျိတ်မှ မပါတာဗျ။
ဂျိတ်ဆိုလို့ ခုခေတ်လို သံဂျိတ်တွေ၊ ကော်ဂျိတ်တွေလို့မထင်နဲ့ဗျ၊ ကျုပ်တို့ခေတ်ကတော့ ဂျိတ်ဆိုတာ ကိုယ်တိုင်လုပ်ရတာပါ၊ တမာရွက်ခူးတဲ့အခါ ဂျိတ်က မပါမဖြစ်အရေးကြီးတယ်မဟုတ်လား၊ တမာပင်ဆိုတာ နိမ့်နိမ့်ပုပုလို့မှ မရှိတာဗျာ၊ ဒီတော့ တမာပင်ကိုဖက်တက်ပြီး ခွကောင်းကောင်းမှာရှာထိုင်ရတယ်၊ ပြီးတာနဲ့ ဝါးလုံးထိပ်မှာ ဂျိတ်တပ်ပြီးတော့ တမာကိုင်းကိုလှမ်းဆွဲယူရတယ်ပေါ့ဗျာ၊ ကိုင်းထိပ်မှာပဲ အဖူးလေးတွေ၊ အရွက်နုလေးတွေက ရှိတယ်မဟုတ်လားဗျ။
ဂျိတ်ခုတ်ဖို့ တောင်ရိုးပေါ်က ဝါးရုံတစ်ခုအောက်ကိုဝင်ခဲ့ကြတယ်ဗျ၊ ဂျိတ်လုပ်ရင်သုံးမယ့်ဝါးလုံးက သိပ်ကြီးစရာမလိုပါဘူး၊ လက်တစ်လုံးလောက်ဆိုရင်ရပါပြီ၊ လက်တစ်လုံးလောက်ရှိတဲ့ဝါး၊ ကိုင်းခွဲများများရှိတဲ့ဝါးကို ရှာရတယ်ဗျ၊ ပြီးရင် အဲဒီဝါးကို တစ်လံကျော်ကျော်လောက်ခုတ်ပြီးတော့ ဝါးကိုင်းအတက်ထွက်နေတဲ့အထဲက အခိုင်ဆုံးအရင့်ဆုံး ဘေးကိုင်းကိုမခုတ်ဘဲထားလိုက်ရင် ဂျိတ်ရပြီပေါ့ဗျာ၊ အဲဒီဂျိတ်ကို ဝါးလုံးတွေထိပ်မှာတပ်ပြီး ခူးကြရသဗျာ၊ ဒီနည်းကတော့ ပိုက်ဆံမကုန်ဘဲ သုံးချင်ရာသုံးလို့ရတဲ့ ကျုပ်တို့အညာရဲ့ အော်ရီဂျင်နယ် ဝါးဂျိတ်ပြုလုပ်နည်းပေါ့ဗျာ၊ အရင်ကတော့ တစ်ရွာလုံးအဲဒီလိုလုပ်ပြီး သုံးခဲ့ကြတာပါပဲ၊ အဲဒီဂျိတ်က တမာရွက်ခူးဖို့တစ်ခုတည်းမဟုတ်ဘူးဗျ၊ သရက်သီး၊ ဂွေးသီးခူးတဲ့နေရာမှာလည်း သုံးလို့ရတယ်၊ မန်ကျည်းသီးဆွတ်မလား၊ ဒန့်သလွန်သီးရိုက်ချမလား စွယ်စုံသုံးလို့ရတဲ့ ဂျိတ်ပေါ့ဗျာ။
အကိုကြီးနဲ့ကျုပ် ဂျိတ်တစ်ယောက်တစ်ခုဆီခုတ်ခဲ့ပြီး တောင်ပေါ်ကပြန်ဆင်းလာတော့ တမာပင်တွေအကုန် လူတွေအပြည့်နဲ့ဖြစ်နေပြီဗျ၊ တစ်ချို့က သစ်ပင်ပေါ်တက်ပြီးခူးကြသလို၊ တစ်ချို့ကတော့ တမာကိုင်းကို ဓါးနဲ့ခုတ်ချပြီးတော့မှ ခူးကြတဲ့သူလဲရှိတယ်ဗျ၊ တစ်နပ်စားကြံတဲ့လူတွေပေါ့ဗျာ၊ ဒီလိုခုတ်လိုက်ရင် တစ်ခါပဲစားရသဗျ၊ ကိုင်းမရှိရင် နောက်နှစ် တမာဖူးဘယ်ထွက်တော့မှာလဲဗျ၊ ဒါပေမယ့် ဒီလိုလုပ်တဲ့လူက ရှားပါတယ်၊ တော်တော်များများကတော့ အပင်ပေါ်တက်ခူးကြတာပဲ။
(၃)
အကိုကြီးက သစ်ပင်ပေါ်ရောက်နေတဲ့လူတွေကိုကြည့်ပြီးတော့ ခေါင်းကိုတဗြင်းဗြင်းကုပ်တယ်ဗျ။
“ငါတို့တော့ မှားပြီနဲ့တူတယ်အလတ်ကောင်ရေ၊ တာမပင်တွေပေါ်မယ် လူတွေချည်းပဲဟ”
“အိုဗျာ၊ အကိုကြီးကလည်း စိတ်မလျှော့ပါနဲ့၊ လူတွေက ဒီနားမှာသာပေါတာပါဗျ၊ တောင်ရိုးဟိုဖက်ခြမ်းလောက်ထိတော့ သွားမယ်မထင်ပါဘူး”
ကျုပ်ကလည်း အားပေးစကားပြောရင်း တောင်ရိုးတစ်ဖက်ခြမ်းကို ပတ်ထွက်လာခဲ့ကြတာပေါ့ဗျာ၊ လမ်းတစ်လျှောက် တမာပင်တစ်ပင်မြင်လိုက်တာနဲ့ ခူးတဲ့လူအုပ်က အဆင်သင့်ပဲဗျ၊ တစ်ချို့ဆိုရင် လူနှစ်စုက တမာပင်ကိုသူခူးမယ် ငါခူးမယ်နဲ့ ငြင်းခုန်နေကြသေးသဗျာ၊ ကျုပ်တို့ညီအကိုလည်း စိတ်ပျက်လက်ပျက်နဲ့ တောထဲလျှောက်လာရင်း တော်တော်ကြာတော့ လူဆက်ကျဲသွားပြီး လူတစ်ယောက်မှကိုမရှိတော့တဲ့ တောနက်ထဲရောက်သွားတာပေါ့ဗျာ။
“ဟာ၊ အကိုကြီးရေ၊ ဟိုမှာ တမာပင်ကြီး နည်းတာကြီးမဟုတ်ဘူးဗျာ”
ကျုပ်ပြလိုက်တဲ့တမာပင်ကြီးက အတော်ကြီးတာဗျ၊ လုံးပတ်ကလည်း လူကြီးလက်နှစ်ဖက်စာလောက်ရှိတယ်၊ ဒါနဲ့ ကျုပ်တို့ညီအကိုလည်း မတိုင်ပင်ဘဲနဲ့ သစ်ပင်ပေါ်ကိုအပြေးတက်ခဲ့ကြတာပေါ့ဗျာ။ ကျုပ်တို့တောသားတွေအဖို့တော့ ဒီလိုသစ်ပင်ကြီးတွေလည်း အသာကလေးတက်လိုက်တာ်ပါပဲ၊ တမာပင်က ကွေးကွေးကောက်ကောက်နဲ့ဆိုတော့ တက်လို့ပိုကောင်းတာပေါ့ဗျာ၊ သစ်ပင်တက်ပြီးတော့ ခွကောင်းကောင်းမှာထိုင်ပြီး ဂျိတ်တပ်ထားတဲ့ဝါးလုံးနဲ့ အကိုင်းဖျားတွေကိုလှမ်းဆွဲရသဗျ၊ ပြီးတော့ တမာရွက်နုလေးတွေကိုခူးတော့တာပေါ့ဗျာ၊ တမာရွက်ခူးတဲ့အခါမှာလည်း နည်းလမ်းရှိတယ်ဗျ၊ ချက်ချင်းစားမယ်ဆိုရင်တော့ အရွက်နုချည်းခူးကြတာပေါ့ဗျာ၊ ချက်ချင်းမစားဘဲ ရောင်းမယ်၊ နောက်ပြီး ထားပြီးစားမယ်ဆိုရင်တော့ အကိုင်းထိပ်ဖျားကိုပါ လက်တစ်ဆစ်လောက်ချိုးယူရသဗျ၊ ဈေးထဲမှာရောင်းတဲ့တမာချဉ်ဆိုရင် အကိုင်းလေးတွေကို နှီးနဲ့စည်းထားတာ ခင်ဗျားတို့မြင်ဖူးမှာပေါ့ဗျာ။
ကျုပ်တို့ခူးနေရင်း ခဏနေတော့ အဒေါ်ကြီးတစ်ယောက်ရောက်လာသဗျ၊ အဲဒီအဒေါ်ကြီးက ကျုပ်တို့ညီအကိုအရွက်တွေခူးနေတာကို မော့ကြည့်ပြီးတော့
“အေးအေး၊ ခူးကြ၊ ခူးကြ၊ များများသာခူး၊ များများသာခူးဟေ့”
အဲဒီလိုပြောရင်း တဟားဟားနဲ့ရယ်နေသဗျာ၊ ကျုပ်နဲ့အကိုကြီးလည်း အဒေါ်ကြီးကိုငုံ့ကြည့်ပြီးတော့ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာပေါ့၊ အဒေါ်ကြီးက အသက်ငါးဆယ်နီးပါးပေါ့ဗျာ၊ အသားမည်းမည်းနဲ့ ခပ်ဖိုင့်ဖိုင့််နဲ့ရယ်ဗျ၊ ခူးပြီးလို့ လွယ်အိတ်တစ်လုံးပြည့်တော့ ကျုပ်လည်းပြန်ဆင်းဖို့လုပ်တယ်၊ အကိုကြီးကလည်း တောင်းနဲ့ဆင်းလာတာပေါ့ဗျာ၊ အပင်ရောက်အောက်တာနဲ့ အဒေါ်ကြီးက ကျုပ်တို့ကိုကြည့်ရင်း
“မင်းတို့ခူးလာတဲ့ တမာရွက်တွေငါ့ကိုပေးစမ်း”
“စားချင်ရင်တော့ တစ်ခါစားပေးမယ်ဗျာ”
“အို၊ ငါက တစ်ခါစားမလိုချင်ဘူး၊ နင်တို့ခူးလာတာအကုန်လိုချင်တာ”
“အောင်မယ်၊ ကျုပ်တို့က သနားလို့ပေးမလို့ဟာကို အဒေါ်ကြီးက လေသံမာမာနဲ့ပြောနေပါလားဗျ၊ ကျုပ်တို့ကိုစေတနာပျက်အောင်မလုပ်နဲ့”
အကိုကြီးကလည်း ဒေါသထွက်သွားတယ်။
“အစကပေးမလို့ပဲ၊ အခုတော့ မပေးချင်တော့ဘူး၊ ခင်ဗျားစားချင်ရင် ကိုယ့်ဖာသာတက်ခူးပေါ့ဗျာ”
ကျုပ်နဲ့အကိုကြီးလည်းသစ်ပင်အောက်ကနေထွက်သွားဖို့လုပ်တော့ အဒေါ်ကြီးက သူ့ကိုယ်လုံးနဲ့ ကျုပ်တို့ကိုပိတ်ရပ်လိုက်တယ်။
“နင်တို့လက်ထဲက တမာရွက်တွေအကုန်ထားခဲ့”
“ဟာ၊ ဒီအဒေါ်ကြီးရူးများနေသလား”
“နင်တို့က အကောင်းပြောလို့မရဘူးကိုး၊ ကဲ ညီမ စောမွန်ရေ သူတို့ကိုအကြောင်းသိအောင်ပြလိုက်စမ်းပါအုံးကွယ်”
အဒေါ်ကြီးပြောပြီးတော့ ကျုပ်တို့အနောက်ကို တစ်ခုခုက ရွေ့လာသလိုခံစားရတယ်ဗျ၊ ကျုပ်နဲ့အကိုကြီးလည်း လှည့်ကြည့်လိုက်တော့ စပါးကြီးမြွေကြီးတစ်ကောင်က ကျုပ်တို့ဆီကိုလာနေတာဗျာ၊ လုံးပတ်ကဖြင့် လူကြီးပေါင်လုံးလောက်ရှိသဗျ၊ မြေကြီးက သူ့မျက်လုံးစူးစူးရဲရဲကြီးတွေနဲ့ ကျုပ်တို့ကိုကြည့်ပြီးတော့ သူ့ပါးစပ်ကြီးကို ပြဲနေအောင်ဖြဲပြသဗျ။ ကျုပ်နဲ့အကိုကြီးလည်း မြွေကြီးကိုကြောက်ကြောက်နဲ့ကိုယ်လွတ်ရုန်းပြီးထွက်ပြေးတာပေါ့ဗျာ၊ မြေကြီးက ကျုပ်တို့အနောက်ကိုဖြည်းဖြည်းလိုက်လာသေးတယ်ဗျာ၊ အဒေါ်ကြီးကတော့ တဟားဟားရယ်မောရင်း ကျန်နေခဲ့ပါရော။
ကျုပ်လည်း ပြေးကောင်းကောင်းနဲ့ပြေးလိုက်တာ ရွာဘက်သွားတဲ့လမ်းကိုရောက်မှာ ရပ်နားလိုက်မိတော့တယ်ဗျ၊ မောတာလည်း ပြောမနေပါနဲ့ဗျာ၊ ဒါထက် အကိုကြီးကိုလည်းမတွေ့ရဘူးဗျ၊ ကျုပ်လည်း အကိုကြီးက အပြန်လမ်းသိလောက်မှာပါဆိုပြီးတော့ အိမ်ကိုလှည့်ပြန်ပြေးလာခဲ့တာပေါ့။
“အမေရေ၊ အမေ”
အိမ်ပေါက်ဝကနေ လှမ်းအော်ပြီးအထဲကိုပြေးဝင်သွားတော့ အမေက အလန့်တကြားနဲ့ပြေးထွက်လာတယ်။
“ဟဲ့ အလတ်ကောင်၊ ဘာဖြစ်လာတာလဲ၊ နင်တို့သွားတာကလည်း မြန်လိုက်တာ”
“မြွေ . . . မြွေကြီး . . . မြွေကြီးဗျ”
အမေက ကျုပ်အနားကပ်လာရင်း
“ဘယ်မှာတုန်းမြွေက”
“ကျုပ်နဲ့အကိုကြီးနဲ့ တောင်ရိုးအခြေက တောနက်ထဲမှာ မြွေကြီးတစ်ကောင်တွေ့ခဲ့တယ်ဗျ”
“တောထဲတောင်ထဲ မြွေတွေ့တာဆန်းသလား အလတ်ကောင်ရဲ့၊ ပေးစမ်း နင့်လွယ်အိတ်ထဲက တမာဥတွေ”
အမေက ကျုပ်လည်ပင်းက လွယ်အိတ်ကိုဖြုတ်ဖို့လုပ်ပါရောဗျာ။
“မြွေတွေ့တာ မဆန်းပေမယ့် ဒီမြွေကြီးက တော်တော်ကြီးတဲ့မြွေကြီးအမေရ၊ လူကြီးပေါင်လုံးလောက်ရှိတဲ့ စပါးကြီးမြွေကြီး”
သတင်းစာဖတ်ရင်း ကျုပ်ပြောတာကိုနားထောင်နေတဲ့အဖေက
“ဟုတ်ပါ့မလားကွ၊ စပါးကြီးမြွေက ဒီလောက်ကြီးပါ့မလား”
“ကြီးပါတယ်ဆိုအဖေရာ၊ အရှည်ကလည်း အနည်းဆုံးတော့ ခုနစ်တောင်ရှစ်တောင်လောက်ရှိမယ်ထင်တယ်”
အဖေက မျက်မှောင်ကြုတ်သွားပြီးတော့
“နောက်ထပ်ဘာထူးသေးလဲ”
“ထူးတာကတော့ လူစကားနားလည်တယ်အဖေရ၊ အဲဒီမြွေမှာလည်း နာမည်ရှိတယ်၊ အဒေါ်ကြီးက အဲဒီမြွေကြီးကို စောမွန်ဆိုလား ခေါ်တော့ခေါ်တယ်ဗျ”
ကျုပ်စကားကြားတော့ အမေက ကျောက်ရုပ်ကြီးလိုငြိမ်သက်သွားတယ်ဗျ၊ အဖေကလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားတာကို ကျုပ်သတိထားမိတယ်။
“မင်းအကိုကြီးရော အလတ်ကောင်”
“တောထဲကနေ ကျုပ်နဲ့အတူတူပြေးလာတာပဲဗျာ၊ ဒါပေမယ့် လမ်းရောက်တော့မတွေ့တော့ဘူးဗျ၊ အနောက်ကနေလိုက်လာမယ်ထင်ပါ့ဗျာ”
အဖေက ခေါင်းခါတယ်ဗျ၊ အမေက တော်တော်စိုးရိမ်နေတဲ့ပုံနဲ့
“အောင်မယ်လေး၊ ကျုပ်တို့တော့ ငါးပါးမှောက်ပြီထင်ပါတယ်ရှင်၊ တစ်ခုခုလုပ်ပါအုံး”
အမေဘာဖြစ်နေသလဲဆိုတာကို ကျုပ်ဖြင့်နားမလည်နိုင်တော့ဘူးဗျ၊ အဖေကလည်း ချက်ချင်းကောက်ထပြီးတော့ သူ့အနောက်မှာချိတ်ထားတဲ့ မောင်းတံကိုယူပြီးတော့ အိမ်အဝင်ဝနားမှာ အသေချိတ်ထားတဲ့ မောင်းကြီးကို တဒူဒူနဲ့ အဆက်မပြတ်ထုပါရောဗျာ၊ ဒီလိုမောင်းထုတယ်ဆိုတာ ရွာသားတွေကို စည်းရုံးဖို့အချက်ပေးတဲ့အသံမဟုတ်လား၊ တော်ရုံအချိန်တွေဆိုရင် မောင်းကိုထုခဲတယ်ဗျ၊ အခုလိုအဖေက မောင်းကိုထထုရတာ အကြောင်းတော့ရှိလိမ့်မယ်။
“အဖေ၊ ဘာဖြစ်တာလဲဗျ”
“မင်းတို့တဲ့တွေ့ခဲ့တဲ့ စောမွန်က ရိုးရိုးတန်းတန်းမြွေမဟုတ်ဘူးကွ”
“ဟာ၊ ဒါဆိုရင် အဖေလည်း အဲဒီမြွေကိုမြင်ဖူးခဲ့တာလား”
အဖေက ကျုပ်ကိုပြန်မဖြေခင်မှာ ရွာသူရွာသားတွေက ကျုပ်တို့အိမ်ကိုပြေးလာကြတယ်ဗျ၊ ကာလသားတွေလည်း အစုံပေါ့ဗျာ၊ လက်ထဲမှာလည်း ရရာ လက်နက်တွေ စွဲကိုင်လာခဲ့တယ်။ အဖေက ကာလသားခေါင်း ကိုမြင့်ဘက်ကိုလှည့်ကြည့်ရင်း
“ရသမျှကာလသားတွေကို လက်နက်တွေနဲ့စုကွာ၊ ပြီးတော့ မီးတုတ်တွေ၊ မီးအိမ်တွေယူလာခဲ့ကြကွ”
ရွာလူကြီးတွေက တအံ့တသြနဲ့
“ဘာဖြစ်လို့လဲ သူကြီး၊ ဘာဖြစ်လို့ နေ့ခင်းကြောင်တောင်ကြီး လူတွေစုနေရတာလဲ”
အဖေက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“အလတ်ကောင်က တောင်ရိုးအောက်ခြေမှာ စောမွန်နဲ့တွေ့ခဲ့လို့တဲ့ကွ”
ရွာက လူကြီးတွေအကုန်လုံး အံ့အားသင့်သွားကြတယ်။ လူငယ်တွေ၊ ကျုပ်တို့နဲ့ရွယ်တူလောက်တွေကတော့ မသိသလိုနဲ့ ကြောင်တောင်တောင်ဖြစ်နေကြတယ်ဗျ၊ ရွာထဲက အဘကြီးတွေက ကျုပ်ကိုသေချာကြည့်ပြီး
“အလတ်ကောင်၊ စောမွန်ဆိုတာ သေချာသလား”
ကျုပ်လည်းခေါင်းညိတ်ရင်း
“အဲဒီလိုတော့ပြောတာဗျ၊ ကျုပ်တို့ တမာရွက်ခူးနေတုန်း ခပ်၀၀ဖိုင့်ဖိုင့်နဲ့အဒေါ်ကြီးတစ်ယောက်ရောက်လာတယ်၊ နောက်တော့ ကျုပ်တို့ခူးထားတဲ့ တမာရွက်တွေကိုတောင်းတယ်၊ ကျုပ်တို့လည်း မပေးဘူးလို့ငြင်းတော့ သူက ညီမစောမွန်ရေ လို့ခေါ်လိုက်တော့ လူကြီးပေါင်လုံးလောက်ရှိတဲ့ မြွေကြီးတစ်ကောင် တောထဲကနေထွက်လာသဗျာ၊ ကျုပ်တို့ညီအကိုလည်း လန့်ပြီးတော့ ထွက်ပြေးခဲ့တာပဲ”
ကျုပ်စကားကိုကြားတော့ အမေက မြေပြင်မှာထိုင်ကျသွားတယ်ဗျ။ နောက်တော့ မျက်ရည်တွေကျလာတယ်။
“သားကြီး၊ သားကြီး၊ ကိုဘမောင်ရေ လုပ်ပါအုံးတော့၊ ကျုပ်သားကြီးတော့ အသက်တောင်ရှိသေးရဲ့လားမသိပါဘူး”
ရွာကလူကြီးတွေကလည်း ခေါင်းတညိတ်ညိတ်နဲ့
“မြွေကြီးလည်းတွေ့တယ်၊ ၀၀ဖိုင့်ဖိုင့်နဲ့လူလည်းတွေ့တယ်ဆိုတော့ သူတွေ့တာ စောမွန်အစစ်ဖြစ်မယ်ကွ”
အဖေက ငှက်ကြီးတောင်ဓါးကိုဖြုတ်လိုက်ပြီးတော့
“ကဲ ကျုပ်ကတော့ ကျုပ်သားအကြီးကောင်ကို တောအုပ်ထဲဝင်ပြီးရှာမယ်ဗျာ၊ ဒီတော့ရွာသားတွေထဲက ကျုပ်နဲ့လိုက်ချင်တဲ့လူလိုက်ခဲ့၊ အလုပ်ပျက်လို့ မလိုက်ချင်ဘူးဆိုရင်လည်း ခင်ဗျားတို့သဘောပဲ”
အဖေက ခြေလှမ်းကျဲကြီးနဲ့ ခြံထဲကနေထွက်သွားတာပဲဗျာ၊ အဖေ့နောက်ကတော့ ကာလသားကိုမြင့်နဲ့ ကာလသားတွေလိုက်သွားတယ်ဗျ၊
“ကျုပ်တို့လည်းလိုက်မယ်သူကြီး၊ ပျောက်သွားတာက သူကြီးသားဆိုတော့ ကျုပ်တို့ရွာသားပဲ၊ ကျုပ်တို့ရွာရဲ့ အရေးပဲမဟုတ်လား”
အဖေက ဦးဆောင်ပြီဆိုမှတော့ ရွာထဲက လူတွေတော်တော်များများ အဖေ့အနောက်ကိုလိုက်ကြတာပေါ့ဗျာ၊ မိန်းမကြီးတွေကလည်း ဓါးမဆွဲပြီးလိုက်ကြတာပဲ၊ ကလေးတွေကိုတော့ အိမ်ထဲကနေ အိမ်အပြင်ကိုမထွက်ဖို့ သေသေချာချာမှာကြသဗျ၊ ကျုပ်လည်း ကြောင်စီစီနဲ့ လွယ်အိတ်ပစ်ချပြီး လူအုပ်အနောက်က လိုက်ခဲ့တာပေါ့ကွာ။
လမ်းရောက်တော့ ဦးဘသာနဲ့တွေ့သဗျ၊
“ဟေ့အလတ်ကောင်၊ လူတွေလည်း တုတ်တွေဓါးတွေနဲ့ပါလားကွ၊ မင်းအဖေကလည်း မောင်းတီးတယ်ဆိုတော့ ဘာတွေများဖြစ်ကြတာလဲကွာ”
“ဘာမှန်းတော့ ကျုပ်လည်း သေသေချာချာမသိပါဘူးဗျာ”
“ဟ၊ မင်းတို့အိမ်ကနေ လူတွေထွက်လာတာ မင်းကမသိဘူးတဲ့လား”
“ကျုပ်တို့ညီအကိုတောထဲကိုသွားပြီး တမာရွက်သွားခူးတော့ အဒေါ်ကြီးတစ်ယောက်နဲ့ စပါးကြီးမြွေကြီးတစ်ကောင်ကိုတွေ့သဗျ၊ မြွေကြီးရဲ့နာမည်က စောမွန်ဆိုပဲ”
ကျုပ်ပြောတော့ ဦးဘသာလည်း မျက်လုံးပြူးသွားတယ်။
“စောမွန်တဲ့လား”
“ဦးဘသာလည်း သိတယ်ပေါ့၊ ကျုပ်အဲဒီလိုလည်းပြောပြီးရော အဖေကလူတွေစုပြီးတော့ ရွာကနေထွက်မယ်ဆိုပြီးလုပ်တာပါပဲဗျာ”
“မင်းတို့ညီအကိုနှစ်ယောက် စောမွန်နဲ့တွေ့တယ်ဆိုတော့ မင်းအကိုကြီးရော ဘယ်မှာလဲကွ”
“အကိုကြီးလည်း ပြေးတာတွေ့တာပဲ၊ ကျုပ်နဲ့တော့လူချင်းကွဲသွားပြီ”
ဦးဘသာ မျက်နှာတော်တော်ပျက်သွားတယ်ဗျ။
“မကောင်းဘူး၊ ဒါမကောင်းဘူးဟေ့”
“နေပါအုံး ဦးဘသာရ၊ အဲဒီမြွေကြီးစောမွန်က ဒီလောက်ကြောက်ဖို့ကောင်းလို့လား”
“ကြောက်ဖို့ကောင်းပါရောကွာ၊ စောမွန်နဲ့တွေ့တဲ့လူက သေမင်းနဲ့တွေ့တာနဲ့ အတူတူပဲတဲ့ကွ”
“ကျုပ်လည်းတွေ့ခဲ့တာပဲ ကျုပ်ကျတော့မသေဘူးလေဗျာ”
“မင်းမသေပေမယ့် မင်းအကိုကြီးအခုပျောက်နေပြီမဟုတ်လား”
ဦးဘသာတောင် ဒီလောက်ပြာပြာသလဲဖြစ်ပုံထောက်တော့ ကျုပ်လည်း အခုမှ အကိုကြီးအတွက်စိတ်ပူသွားမိတယ်ဗျ။
“ဦး၊ ဦးဘသာကယ်ပါအုံးဗျာ၊ ဒါဆို ကျုပ်အကိုကြီးများ သေပြီးတော့ ကျန်နေခဲ့ပြီလား မသိပါဘူးဗျာ”
ကျုပ်လက်တွေ တဆတ်ဆတ်တုန်ယင်နေမိတယ်ဗျာ၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း
“သိပ်မစိုးရိမ်ပါနဲ့အလတ်ကောင်ရာ၊ ငါမင်းကိုကူညီပါ့မယ်ကွ၊ ကဲ လာကွာ၊ ငါတို့လည်း လိုက်ရှာကြစို့ဟေ့”
ဒါနဲ့ ဦးဘသာအနောက်ကိုကျုပ်လည်း အပြေးလိုက်ခဲ့ရပါရောဗျာ၊
(၄)
အဖေတို့လူစုက တောင်ရိုးပေါ်ကိုသွားတဲ့လမ်းအတိုင်း လိုက်သွားကြတာကိုလှမ်းမြင်ရတယ်ဗျ၊ ဦးဘသာက သိပ်မပြေးနိုင်တော့ ကျုပ်တို့ခပ်သွက်သွက်လမ်းလျှောက်ရင်း အနောက်ကနေလိုက်ခဲ့တာပေါ့၊
“ဦးဘသာ အဲဒီ စောမွန်က ဘာဖြစ်လို့လဲဗျ”
“စောမွန် စောမြ ဆိုတာ မြွေညီအမပေါ့ကွာ၊ ဒါပေမယ့် ရိုးရိုးမြွေတွေမဟုတ်ဘူး၊ သိုက်မြွေတွေကွ”
“ဒါဆို မြွေက နှစ်ကောင်ရှိတာပေါ့၊ အဲဒီလိုလား”
“အရင်တုန်းကတော့ မြွေနှစ်ကောင်ပဲ၊ ဒါပေမယ့် အမဖြစ်တဲ့စောမြက မြွေဘဝကနေ ဘဝကူးပြီးတော့ လူဖြစ်နေသကွ၊ မင်းတွေ့တဲ့အဒေါ်ကြီးဆိုတာ အဲဒါ စောမွန်ရဲ့အမ စောမြပဲဟေ့”
“သူတို့က ဘာလို့ကြောက်ဖို့ကောင်းတာလဲဗျ”
“သူတို့က နယ်မြေသီးသန့်ရထားတဲ့ သိုက်မြွေနန်းရှင်တွေကွ၊ အမဖြစ်တဲ့ စောမြက သိပ်မဆိုးပေမယ့် ညီမစောမွန်က တော်တော်ဆိုးတယ်ဆိုပဲကွ၊ အနှစ်သုံးဆယ်နေရင်တစ်ခါ လူသားဖမ်းစားခွင့်ရတယ်ကွ၊ စောမြက လူသားမစားဘဲ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တွေစားသကွာ၊ စောမွန်ကတော့ အသားတွေသိပ်ကြိုက်တယ်ဆိုတာပဲ အမဖြစ်တဲ့ စောမြထက် ညီမဖြစ်တဲ့စောမွန်က ပိုပြီးစွမ်းသတဲ့၊ ဒါကြောင့် နာမည်ခေါ်တာတောင်မှ အမဖြစ်တဲ့ စောမြကိုအရင်မခေါ်ဘဲ စောမွန် စောမြဆိုပြီးတော့ ပိုစွမ်းတဲ့သူကို ဦးစားပေးပြီးခေါ်တာလေကွာ”
“ဒါဆိုရင် အကိုကြီးကိုအစားခံရမှာလား”
“စောမွန် စောမြက ပုံမှန်ဆိုရင် ဂူအောင်းနေလေ့ရှိတယ်ကွ၊ တောင်ရိုးတစ်နေရာရာမှာရှာပြီး ပုန်းအောင်းနေတာပေါ့ကွာ၊ မြွေတွေရဲ့ထုံးစံအတိုင်း တစ်ခါအိပ်ရင် အကြာကြီးအိပ်တတ်တယ်ဆိုပဲ၊ အမဖြစ်တဲ့စောမြကလူဆိုတော့ ဂူထဲကနေထွက်ပြီး သစ်ဥသစ်ဖုတွေ ချိုးဖဲ့စားပေမယ့် ညီမစောမွန်ကတော့ ဒီအတိုင်းအိပ်နေတယ်ဆိုပဲ၊ နှစ်ပေါင်းသုံးဆယ်ကြာလို့ တစ်ခါနိုးလာတဲ့အခါ တွေ့တဲ့လူကို ဖမ်းစားတတ်တာထုံးစံပဲ၊ အခု မင်းတို့ညီအကိုက စောမွန်ကိုပထမဆုံးတွေ့တာဖြစ်မယ်၊ ပြီးတော့လည်း မင်းအကိုကြီးက တောထဲကျန်ခဲ့တာဆိုတော့ စောမွန်က ငါတို့ထက်လက်မဦးပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့ကွာ”
ဦးဘသာပြောလို့ ကျုပ်တောင်မှ ပိုကြောက်သွားသဗျာ၊
“ဒါဆို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်တုန်းကရော လူစားဖူးတယ်ပေါ့နော်”
ဦးဘသာက ခေါင်းညိတ်ရင်း
“အဲဒီတုန်းက မင်းအဖေရဲ့ညီကို စားသွားတာကွ”
“ဗျာ၊ ကျုပ်အဖေရဲ့ညီဆိုတော့ ဘထွေးလေး ကိုပြောတာလား”
ဦးဘသာက ခေါင်းခါရင်း
“မဟုတ်ပါဘူးကွာ၊ မင်းအဖေနဲ့ဖအေတူမအေကွဲတော်တဲ့ မောင်သောင်းဆိုတော့ တစ်ယောက်ပေါ့”
ကျုပ်လည်း သေချာစဉ်းစားလိုက်ပြီးတော့
“လေးလေးသောင်းကို ကျုပ်သိတော့သိတယ်၊ ဒါပေမယ့် မမှီလိုက်ဘူးဗျ၊ လူကြီးသူမတွေပြောတာပဲကြားဖူးတာ”
“အေး၊ အဲဒီမောင်သောင်းကို စောမွန်က စားသွားတာပဲကွာ၊ မင်းအဖေဆီမှာ ဖအေတူမအေကွဲ ညီအကိုတွေအများကြီးရှိတဲ့အထဲမှာမှ မောင်သောင်းကိုတော့ မင်းအဖေက တော်တော်ချစ်တာကွ၊ မောင်သောင်းအမေသေတော့ လူမမယ်မောင်သောင်းကလေးကို မင်းအဖေတို့အိမ်မှာခေါ်ထားပြီးတော့ မွေးလိုက်တာပေါ့ကွာ၊ မင်းအဖေက ညီအရင်းတစ်ယောက်လို သိပ်ချစ်ရှာတာ”
“ဆက်ပြောပါအုံး ဦးဘသာရာ”
“မောင်သောင်းကလည်း မင်းအဖေကို တော်တော်ခင်ရှာတာကွ၊ မင်းအဖေအိမ်ထောင်ပြုတုန်းကဆိုရင် သူ့အကိုနဲ့ခွဲရပြီဆိုပြီး ကြိတ်ငိုနေရှာတာပေါ့ကွာ၊ အဲဒီလိုနဲ့ တစ်ရက်တော့ မင်းအဖေနဲ့မောင်သောင်းနဲ့ တောင်ရိုးဘက်မှာ သစ်တိုက်သွားကြတာပေါ့၊ သစ်တိုက်သွားတော့ မင်းတို့အခုတွေ့ခဲ့သလိုပဲ စောမွန်၊ စောမြနဲ့တွေ့ခဲ့ကြတယ်၊ အဲဒီမှာ စောမွန်က ရန်ရှာပါရောကွာ၊ မင်းအဖေက လှည့်ပြေးပေမယ့် မောင်သောင်းကတော့ ငူငူငိုင်ငိုင်ကြီးမတ်တပ်ရပ်နေသကွ၊ စောမွန်က မောင်သောင်းရဲ့ခြေထောက်ကိုအမြှီးနဲ့ရိုက်ချိုးပြီး လဲကျသွားတော့မှ တစ်ကိုယ်လုံးကို သူ့ကိုယ်လုံးနဲ့ပတ်တယ်ဆိုပဲ ပြီးတော့ အရိုးတွေအကုန်လုံးကို ကိုယ်လုံးအားနဲ့ စိစိညက်ညက်ကြေအောင်ညှစ်ချိုးပြီးတော့မှ ခေါင်းကနေ စမြိုသတဲ့ကွာ”
“ဟာဗျာ၊ တော်တော်ရက်စက်တာပဲ”
“ဟ၊ ရက်စက်တယ်လို့တော့ ပြောလို့မရဘူးပေါ့ကွ၊ ဒါကလည်း သူစားနေကျအတိုင်းစားတာပေါ့ကွာ၊ မင်းအဖေက မောင်သောင်းသူ့ရှေ့မှာတင် အစားခံရတာကိုမြင်ပြီးတော့ သည်းခြေပျက်ပြီး ရူးသလိုလို ညီမ်းသလိုလိုဖြစ်သွားသေးတယ်ကွ၊ အဲဒီတုန်းက ဆေးဆရာမှတ်ကြီးရဲ့အဖေ မသေသေးဘဲ ပေတောရွာမှာရှိနေတာဆိုတော့ အဲဒီဆရာကြီးနဲ့ သုံးလလောက်ကုသလိုက်တော့မှ ပြန်ကောင်းသွားတယ်ဆိုပဲ”
ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်။
“ဒါကြောင့်ထင်တယ်ဗျ၊ အဖေက စောမွန်အကြောင်းကြားလိုက်တော့ တော်တော်တုန်လှုပ်သွားတာဗျ၊ ကျုပ်ဖြင့် အဖေဒီလိုတုန်လှုပ်တာကို တစ်ခါမှ မမြင်ဖူးဘူး ဦးဘသာ”
“အေးပေါ့ကွာ၊ အရင်တုန်းကတော့ သူအရမ်းချစ်တဲ့ ညီအစားခံရတယ်၊ အခုကျတော့ သူ့သားမဟုတ်လားကွ၊ ဒါကြောင့်လည်း မင်းအဖေအရူးမီးဝိုင်းသလိုဖြစ်နေတာပေါ့”
ဒီလိုနဲ့တောင်ရိုးကိုရောက်ပါရောဗျာ၊ ကျုပ်တို့ရောက်တော့ အရှေ့ကရောက်နှင့်တဲ့ရွာသားတွေက တောင်ရိုးအောက်ဘက် တောထဲဝင်ပြီးတော့ ရှာဖွေနေကြပြီဗျ၊ ကျုပ်လည်း စောမွန်နဲ့တွေ့ခဲ့တဲ့နေရာတစ်ဝိုက်ကိုလိုက်ခဲ့တာပေါ့ဗျာ။
“သူကြီးရေ ခြေရာတွေတွေ့တယ်ဗျ”
ရွာသားတွေအော်လို့ ကျုပ်တို့သွားကြည့်လိုက်ကြတယ်၊ ခြေလှမ်းကျဲကြီးနဲ့ပြေးထားတဲ့ခြေရာတွေပါပဲဗျာ၊ ခြေရာတွေကြည့်ပြီး ကျုပ်ဖြင့််အကိုကြီးခြေရာတွေလို့ပဲ ယူဆလိုက်မိတယ်ဗျ၊ အကိုကြီးက တောထဲမှာ တော်တော်ပြေးထားပုံပဲ၊ ခြေရာတွေ့တာနဲ့ အမောတကောနဲ့ ခြေရာတွေအနောက်အပြေးလိုက်လာခဲ့ပြီးတော့ မကြာခင်မှာပဲ ကျုပ်တို့လူတစ်စု အဖေတို့ရှိနေတဲ့ နေရာအနားကိုပြန်ရောက်သွားပါရောဗျာ။ ဦးဘသာက ကျုပ်ကိုကြည့်ရင်း
ျ”မင်းတို့တစ်ပတ်ပတ်လာမိတာပဲကွ”
“ဘယ်လိုဖြစ်ရတာလဲဗျ”
“မင်းအကိုကြီးကို မြွေညှို့ခံထားတယ် ထင်ပါတယ်ကွာ၊ စပါးကြီးမြွေတွေရဲ့မျက်လုံးကိုသွားကြည့်ရင် သူတို့က ညှို့သကွ၊ အညှို့ခံရတဲ့လူက ဘယ်လောက်ပြေးပြေး ပြေးလို့မလွတ်ဘဲ မြွေရှိတဲ့နေရာဆီကို ပြန်ရောက်လာတတ်တယ်လေကွာ”
အဖေလည်းတော်တော်စိတ်ညစ်သွားပုံရတယ်၊
“ကဲပါ၊ နေမဝင်ခင် ကျုပ်တို့မြန်မြန်ရှာကြတာပေါ့၊ ပိုမြန်သွားအောင်လို့ ကာလသားခေါင်းကိုမြင့်နဲ့ ကာလသားတွေက တောအုပ်အနောက်ခြမ်းကိုရှာ၊ ကျုပ်နဲ့ရွာသားတွေကတော့ တောအုပ်အရှေ့ခြမ်းကိုရှာကြမယ်”
လူတွေအကုန်လုံး ခေါင်းညိတ်ပြီးတော့ အဖေပြောတဲ့အတိုင်းရှာကြတာပေါ့ဗျာ၊ ကျုပ်လည်း အဖေ့နောက်ကိုလိုက်သွားမယ်လုပ်တော့ ဦးဘသာက ကျုပ်လက်ကိုဆွဲထားသဗျ၊ ဦးဘသာဆွဲထားတာဆိုတော့ ကျုပ်လည်းငြိမ်ငြိမ်လေးနေလိုက်ရသပေါ့ဗျာ။ လူတွေကုန်သွားတော့မှ
“ဦးဘသာ ဘာလို့ကျုပ်ကိုဆွဲထားတာလည်း”
“ငါထင်နေတဲ့နေရာတစ်ခုရှိတယ်ကွ”
“ဒါဆိုလည်း အဖေ့ကိုပြောလိုက်လေဗျာ၊ ကျုပ်တို့အားလုံးသွားရှာမှာပေ့ါ”
“မဟုတ်ဘူးကွ၊ အဲဒီနေရာက လူတိုင်းသိလို့မကောင်းတဲ့ နေရာမျိုးကွ၊ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းသွားမယ်”
“ဖြစ်ပါ့မလား ဦးဘသာရာ”
“ဖြစ်ပါတယ်ကွ၊ မင်းငါ့ကိုမယုံဘူးလား”
ဦးဘသာမေးတော့ ကျုပ်ခေါင်းညိတ်ပြလိုက်တယ်၊ ညနေ နေဝင်တော့မယ်ဆိုတော့ တောအုပ်ထဲမှာ နည်းနည်းမှောင်လာပြီပေါ့ဗျာ၊ ဦးဘသာက တောအုပ်ထဲပြေးလွားနေရင်း တမာပင်ကြီးတစ်ပင်ဆီကိုပြေးသွားလိုက်ပြီးတော့ တမာပင်ရဲ့ပင်စည်မှာ တွယ်ကပ်နေတဲ့ သစ်ပယင်းတွေကို ထိုးခွာသဗျ၊ သစ်ပယင်းဆိုတာက ကျုပ်တို့အခေါ်ပေါ့ဗျာ၊ သစ်ပင်မှာအစေးတွေကျပြီးတော့ အချိန်ကြာတဲ့အခါ အစေးတွေက ကျောက်တွေလိုခဲပြီးမာတောင့်သွားတာကိုခေါ်တာဗျ၊ တမာပင်က အစေးဝါဝါနဲ့ ကြည်ကြည်လေးခဲတာမို့လို့ အဲဒီအစေးခဲကို သစ်ပယင်းလို့ တင်စားကြတာပေါ့ဗျာ။
“ဦးဘသာ အဲဒါတွေကို ဘာလို့ယူနေတာလဲ”
“လျှာမရှည်စမ်းနဲ့အလတ်ကောင်ရာ၊ ငါ့မှာအချိန်သိပ်မရဘူးကွ၊ အဲဒီသစ်ပယင်းတွေကို များများရအောင်သာခွာကွာ၊ ဒါပေမယ့် တမာပင်က ရတဲ့သစ်ပယင်းကိုပဲခွာကွ”
ဘာလုပ်ရမယ်မှန်းတော့မသိပေမယ့် ဦးဘသာခိုင်းတာဆိုတော့ လုပ်ရတာပေါ့ဗျာ၊ တစ်ချို့သစ်ပယင်းတွေက လက်နဲ့ခွာလို့တောင်မရဘူးဗျာ၊ ဒါနဲ့ အနားက ကျောက်ခဲချပြီးတော့ ထုချခွာချရတာပေါ့၊ သစ်ပင်တိုင်းလည်းမရှိဘူးဗျ၊ ဒီလိုနဲ့ဆယ်မိနစ်လောက်ကြာအောင်ရှာလိုက်တော့ ဆယ့်လေးငါးခုတော့ရတာပေါ့ဗျာ၊ ဦးဘသာလည်း လက်တစ်ဆုပ်ရသဗျ၊ ဦးဘသာက သစ်ပယင်းတွေကို သူ့ခါးပုံစထဲကိုထည့်ပြီးတော့ တောင်ရိုးပေါ်ကို အတူတက်ခဲ့ပါရောဗျာ၊ တောင်ရိုးအခြေရောက်တော့ ဦးဘသာက သဲလက်တစ်ဆုပ်ကို ကုန်းယူပြီးတော့ တစ်ခုခုကိုမန်းမှုတ်ပြီးတော့ မြေပြင်အပေါ်ကိုအသာကျဲချလိုက်တယ်ဗျ။
“ဤတော၊ ဤတောင်ကိုစောင့်ရှောက်တဲ့ တောင်စောင့်နတ်၊ မြေစောင့်နတ်မင်းများ ကျွနု်ပ်တို့ကို လမ်းကောင်းလမ်းမှန်ကိုညွှန်ပြတော်မူပါ”
ဦးဘသာပြောပြီး မကြာခင်မှာပဲ ကျုပ်တို့အရှေ့ခပ်လှမ်းလှမ်းမှာ မီးတောက်ကလေးတစ်ခု ပေါ်လာသဗျ၊ မီးတောက်က အပြာရောင်လဲ့လဲ့ကလေးတောက်နေတဲ့မီးတောက်ကလေးပါ၊ ပေါ်လာတာကလည်း မီးခတ်နဲ့ခတ်လိုက်လို့ မီးလင်းလာသလို ဟုန်းခနဲပေါ့ဗျာ၊ သိပ်တော့မမှောင်သေးဘူးဆိုပေမယ့် တောအုပ်ထဲမှာ အလင်းရောင်တော့ ထင်ထင်ရှားရှားမြင်ရတယ်ဗျ။ ဒါပေမယ့် အဲဒီမီးတောက်ကလေးက လေပေါ်မှာမငြိမ်းဘဲနဲ့ တွဲလောင်းကလေးဖြစ်နေတယ်။
“ဦး၊ ဦးဘသာ အဲဒါဘာလဲဗျ”
“အဲဒါစုန်းမီးတောက်ခေါ်သကွ၊ တောစောင့်၊ တောင်စောင့်တွေအောက်မှာ လမိုင်းလို့ခေါ်တဲ့ နတ်စိမ်းတွေရှိတယ်၊ အဲဒီလမိုင်းတွေ လမ်းပြတာပဲဟေ့”
ဦးဘသာက မီးတောက်အနောက်ကို အပြေးတစ်ပိုင်းနဲ့လိုက်သွားတယ်ဗျ၊ ကျုပ်တို့လိုက်လာရင်း မီးတောက်အနားရောက်တော့ မီးတောက်အပြာရောင်ကလေးက ဖြုတ်ခနဲပျောက်သွားတယ်၊ နောက်တော့ ခပ်လှမ်းလှမ်းမှာ မီးတောက်တစ်ခုပြန်ပေါ်လာရောဗျို့။
“အလတ်ကောင်ရေ၊ အချိန်မရှိဘူး မီးတောက်နောက်ကို မြန်မြန်လိုက်ကွ”
ကျုပ်နဲ့ဦးဘသာလည်း မီးတောက်နောက်ကိုပြေးလိုက်ခဲ့ပါရောဗျာ၊ ကျုပ်ကတော့ အရှေ့ကနေပြေးတာပေါ့၊ ထူးဆန်းတာက မီးတောက်တွေက ကျုပ်နဲ့နီးလာတာနဲ့ ပျောက်သွားတာပါပဲဗျာ၊ ပြီးတော့ ခပ်လှမ်းလှမ်းမှာပြန်ပေါ်တယ်၊ လူအနားအကပ်မခံဘူးပေါ့ဗျာ၊ စုန်းမီးတောက်တွေအနောက်ကို ပြေးလိုက်လာရင်းနဲ့ နောက်ဆုံးတော့ တောင်ခါးပန်းမှာ တည်ထားတဲ့ လွမ်းစေတီနေရာကလေးကို ရောက်လာခဲ့ပါရောဗျာ၊ အဲဒီအနားကိုရောက်တော့ စုန်းမီးတောက်က ပျောက်သွားပြီးတော့ ပြန်ပေါ်မလာတော့ဘူးဗျ၊ ကျုပ်လည်း တော်တော်လန့်သွားတာပေါ့။
“ဟာ၊ ငါလမ်းများမှားလာတာလားမသိဘူး”
အနောက်ကနေ ဦးဘသာကလည်း မီအောင်လိုက်လာသဗျ၊ ကျုပ်အနားကိုရောက်တော့
“ဦးဘသာ မီးတောက်တွေက ဒီနားမှာပျောက်သွားတာပဲဗျ၊ ကျုပ်အထင် အဲဒီလမိုင်းက လမ်းဆက်မပြတော့တာလားမသိဘူးနော်”
“မဟုတ်ပါဘူးကွာ၊ ငါတို့သွားချင်တဲ့နေရာကို ရောက်လာလို့ဖြစ်မှာကွ”
“အလိုဗျာ၊ ဒီနားမှာ ဘာမှမရှိဘဲနဲ့ကို”
“သေချာရှာကြည့်စမ်းပါအုံးကွာ”
ကျုပ်နဲ့ဦးဘသာလည်း သေသေချာချာရှာကြည့်ကြတယ်ဗျ၊ နောက်တော့ ကျုပ်တစ်ခုသတိထားမိတယ်။
“မဟုတ်ဘူးဦးဘသာ၊ တစ်ခုခုတော့လွဲနေပြီ”
“ဘာလဲကွ”
“လွမ်းစေတီကလေးက နေရာရွေ့နေသလိုပဲဗျ”
“ဟေ၊ ဟုတ်ရဲ့လား”
“အစစ်ပါဗျာ၊ အရင်တုန်းက လွမ်းစေတီကလေးက တောင်စောင်းအနားမှာမရှိဘူးဗျ၊ ဟောဒီနေရာအနားမှာရှိ . . .ရှိ”
ကျုပ်လည်း အရင်ကလွမ်းစေတီကလေးရှိနေခဲ့တဲ့ နေရာကိုသွားလိုက်တယ်ဆိုရင်ပဲ ကျုပ်နင်းထားတဲ့မြေကြီးက ဝုန်းခနဲကျွံဝင်သွားပြီးတော့ အောက်ကိုထိုးကျသွားပါရောဗျာ၊ လမ်းတစ်လျှောက်တော့ ရွံ့တွေလိုလို ပြောင်ချောချောမြေပြင်ကြီးကနေ တရွတ်တိုက်ပြီးဆင်းချသွားပါရောဗျာ၊ နောက်တော့ အောက်ကိုဒလိမ့်ခေါက်ကွေးလိမ့်ကျသွားတယ်ဗျ၊ မြေကြီးတစ်ခုလုံးမှာ ရွံ့စေးတွေနဲ့ချောပြီး ပြောင်နေသဗျ၊ ကျုပ်တစ်ကိုယ်လုံးလည်း ရွံ့တွေပေကျံကုန်တာပေါ့ဗျာ၊ နောက်တော့မှ ကမန်းကတမ်းထပြီး မတ်တပ်ရပ်ကြည့်လိုက်တယ်။
“ဟာ၊ မြွေ . . . မြွေတွေ”
ကျုပ်အရှေ့မှာ မြွေတွေချည်းပဲဗျာ၊ မြွေမျိုးတွေကို စုံရောပဲဗျ၊ အဲဒီမြွေတွေရဲ့အလွန်မှာ ရေအိုင်ကလေးတစ်ခုရှိတယ်ဗျ၊ ရေအိုင်အလယ်မှာတော့ ကျွန်းလိုအရာကလေးဖြစ်နေပြီတော့ အနီရောင်အလုံးကြီးတွေကိုမြင်တွေ့လိုက်ရတယ်၊ အနီရောင်အလုံးတွေက မုန့်လုံးရေပေါ်လုံးလောက်ရှိမယ်ဗျ၊ ဆွမ်းအုပ်လိုလို ကလပ်လိုလိုအရာတစ်ခုရဲ့အပေါ်မှာ အနီရောင်အလုံးတွေကို စီပြီးတော့တင်ထားပါရောဗျာ၊ အဲဒီအလုံးတွေကနေလည်း အနီရောင်အလင်းတန်းတွေ တဖိတ်ဖိတ်နဲ့ဝင်းလက်နေတယ်။ ကျုပ်အံ့သြပြီးကြည့်နေတုန်းမှာပဲ မြေတွေအားလုံးက ကျုပ်ကိုခေါင်းထောင်ကြည့်ပြီး ကျုပ်ဆီကိုတိုးလာကြပါရောဗျာ၊ မြွေမျက်လုံးတွေက စိမ်းဖန့်ဖန့်အရောင်တွေလင်းနေသဗျ။
“မ၊ မလာကြနဲ့၊ သွား၊ သွားကြ”
ကျုပ်လည်း တဖြည်းဖြည်းအနောက်ဆုတ်သွားမိတယ်၊ အနောက်ကိုဆုတ်ရင်း နောက်ဆုံးရွံ့နံရံကြီးနဲ့ ထိသွားတဲ့အထိပါပဲဗျာ၊ မြွေတွေအပြုံလိုက်ကြိး ကျုပ်ဆီပြေးလာတာကိုမြင်ရတာ ကြက်သီးထချင်စရာပါပဲ။ ဒီအချိန် ကျုပ်ရဲ့အပေါ်ဘက်ကနေ အော်သံကြီးတစ်ခုကြားလိုက်ရတယ်၊ ကျုပ်မော့ကြည့်တဲ့အချိန်မှာပဲ လူတစ်ယောက်က ကျုပ်အပေါ်ကိုပြုတ်ကျလာပါရောဗျာ၊ ပြုတ်ကျလာတဲ့လူကတော့ ဦးဘသာကြီးပါ၊ ကျုပ်နဲ့ဦးဘသာလည်း အချင်းချင်းတိုက်မိပြီး လဲပြိုလုံးထွေးပြီးတော့ ရွံ့စေးကြမ်းပြင်ချောချောကြီးပေါ်ကို လျှောတိုက်ကျသွားပါရောဗျာ။
“ဦးဘသာရာ . . . နာလိုက်တာ”
“ငါလည်းသိမလားကွ၊ မင်းပျောက်သွားလို့ အဲဒီနေရာကိုနင်းလိုက်တာပဲလေကွာ၊ အား . . . ကျွတ်၊ ကျွတ်”
ကျုပ်တို့ရေရွတ်နေရုံရှိသေးတယ် မြွေတွေက ကျုပ်တို့ကိုလာဝိုင်းထားသဗျ၊
“မြွေတွေ၊ မြွေတွေ ဦးဘသာ”
“မကြောက်နဲ့၊ ဘာမှမဖြစ်ဘူး”
နောက်တော့ ရွံ့စေးဂူကြီးတစ်ဖက်မှာ အလင်းရောင်တွေထိန်လင်းလာပြီးတော့ မိန်းမနှစ်ယောက်ထွက်လာပါရော၊ အဲဒီမိန်းမတွေအနောက်မှာ အကိုကြီးလည်းပါသဗျ၊ မိန်းမနှစ်ယောက်ထဲက ကျုပ်တို့မနက်ကတွေ့ခဲ့တဲ့အဒေါ်ကြီးကတော့ စောမြဖြစ်မယ်ဗျ၊ သူကတော့ အဝတ်အစားတွေဝတ်ထားပေမယ့် ခပ်ချောချောမိန်းမတစ်ယောက်ကတော့ ကိုယ်လုံးတီးနဲ့ဗျ၊ အကိုကြီးကလည်း အဝတ်အစားမပါဘူးဗျို့။
“အကိုကြီး၊ အကိုကြီး”
ကျုပ်လည်းလှမ်းအော်လိုက်တယ်၊ အဝတ်အစားမပါတဲ့မိန်းမကို ဦးဘသာက မြင်တော့။
“ဟဲ့ စောမွန်၊ နင်ဖမ်းထားတဲ့ သူ့အကိုကို ပြန်လွှတ်ပေးလိုက်စမ်းပါ”
ကျုပ်ခေါ်နေပေမယ့် အကိုကြီးမျက်လုံးတွေက ပြူးကြောင်ကြောင်နဲ့ တစ်နေရာကိုစိုက်ကြည့်နေတယ်ဗျ၊ ကျုပ်ခေါ်တာကိုလည်း မသိသလို၊ မကြားသလိုပဲ။ စောမွန်ဆိုတဲ့ မိန်းမက မခို့တရို့နဲ့ပြုံးတယ်။
“ကျုပ်ဖမ်းစားထားတဲ့လူကို ကျုပ်က ပြန်ပေးရိုးထုံးစံရှိသလား”
“အရင်က ပေးရိုးထုံးစံမရှိရင်လည်း အခုတော့ပြန်ပေးရမယ်”
“ဒါကျုပ်ပိုင်နက်၊ ဒါကျုပ်ဖမ်းစားထားတဲ့လူ၊ ကျုပ်မှာလုပ်ပိုင်ခွင့်အပြည့်ရှိတယ်၊ တောပိုင်တောင်ပိုင်တွေနဲ့ နယ်တော်ရှင်တွေအားလုံးက ခွင့်ပြုပြီးသား၊ ရှင်က ဘာဝင်ရှုပ်တာလဲ”
“သူတို့ခွင့်ပြုပေမယ့် ဒီတစ်ယောက်တော့ မရဘူး”
စောမွန်က ချက်ချင်းပဲ မြွေကြီးတစ်ကောင်အဖြစ်ပြောင်းသွားသဗျ၊ တော်တော်ကြီးတဲ့ မြွေကြီးအဖြစ်ပြောင်းသွားတာဗျာ၊ မြွေနဂါးကြီးဖြစ်သွားပြီးတော့ ခေါင်းမာလည်း ရွှေရောင်တောက်နေတဲ့ အမောက်ကြီးတစ်ခုပါတယ်ဗျို့။
“ကိုယ်နဲ့မဆိုင်ဘဲ ဝင်ပါချင်တဲ့လူ၊ ရှင့်ကိုသတ်ပြီးတော့မှ သူ့ကိုစားမယ်”
ဦးဘသာက မတ်တပ်ရပ်လိုက်ရင်း
“ဟား၊ ဟား မင်းစွမ်းတယ်ထင်ရင် လုပ်ကြည့်လိုက်လေ”
မြွေကြီးက ပါးစပ်ကြီးကိုပြဲနေအောင်ဟတယ်ဗျ၊ ပြီးလည်းပြီးရော သူ့နှာခေါင်းပေါက်လို ဟာတွေကနေပြီးတော့ အစိမ်းရောင်အငွေ့တွေကို ဖူးခနဲမှုတ်ထုတ်ပါရောဗျာ၊ ကျုပ်လည်း ကြောက်ကြောက်လန့်လန့်နဲ့ မြွေတွေကိုနင်းဖြတ်ပြီး အနောက်ကိုပြေးဆုတ်လိုက်ရတယ်၊ ခြေထောက်အောက်က မြွေတွေကလည်း ကျုပ်လိုပဲ ကြောက်လို့ပြေးကြပါရော၊ ဦးဘသာက ပါးကိုစူနေအောင်ဖောင်းပြီးတော့ အဲဒီအဆိပ်ခိုးတွေကို လေနဲ့ပြန်မှုတ်ထုတ်တယ်ဗျာ၊ အဆိပ်ခိုးတွေက ဦးဘသာအနားကိုရောက်တာနဲ့ အကုန်ပြန်ကန်ထွက်ပြီးမြေကြီးကိုကျကုန်တယ်။
တစ်ခါ မျက်လုံးနှစ်လုံးထဲက အလင်းရောင်တန်းကြီးနဲ့ ဦးဘသာကိုထိုးပါရောဗျာ၊ ဦးဘသာက လက်ဝါးနဲ့အတင်းကာထားရတယ်ဗျ၊ ဒါပေမယ့် ဦးဘသာရုပ်ကိုကြည့်တော့ သိပ်မဟန်ဘူးဗျာ၊ လက်တစ်ဖက်နဲ့ကာရင်း အားမရတော့လို့ လက်ဝါးနှစ်နဲ့သေသေချာချာကာထားရတယ်၊ မျက်မှောင်ကြီးကြုတ်ပြီးတော့ အံကိုလည်းကြိတ်လို့ဗျ၊ နောက်တော့ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ ဦးဘသာကြီးက အနောက်ကိုလွင့်ထွက်သွားပါရောဗျာ၊ မြွေကြီးက ဦးဘသာအနားကိုလျှောက်သွားပြီး ပေါက်မယ်အလုပ်မှာ ဦးဘသာငယ်ထိပ်ကနေ အနီရောင်အလင်းရောင်တွေ ဖြန်းခနဲတောက်ပသွားပြီးတော့ အမောက်ကိုးခုနဲ့ နဂါးအနီကြီးတစ်ကောင်ထွက်လာပါရောဗျာ။
“ဟာ၊ ဒါ၊ ဒါ ဦးဘသာ သယ်ဆောင်ထားတဲ့ အနောက်အရပ်က အမောက်ကိုးခုနဲ့ နဂဒေဝီ နဂါးနီအရှင်မပဲ”
နဂါးကြီးက ဂူခေါင်မိုးမှာပျံသန်းနေတယ်ဗျ၊ စောမွန်က နဂါးကိုကြည့်ပြီးတော့ ဖမ်းကိုက်မယ်အလုပ်မှာ စောမြက ဝင်တားတယ်။
“ညီမတော်၊ ဒေါသလျှော့၊ ဒေါသလျှော့”
“မလျှော့နိုင်ဘူး အမတော်၊ ဒီနဂါးက ဒီကိုလာပြီး လူစွာလုပ်လို့ရမတဲ့လား”
“မလုပ်နဲ့ညီမတော်၊ သူကနဂါး၊ နင်ကမြွေပဲ၊ နဂါးနဲ့မြွေပြိုင်တိုက်ရင် ကျောက်သားနံရံကိုခေါင်းနဲ့ဆောင့်သလိုဖြစ်မှာပေါ့ ညီမတော်ရဲ့ စိတ်ကိုလျှော့ထားစမ်းပါ”
နဂါးနီကြီးက စောမွန်ကိုကြည့်ပြီးတော့
“ဒီလူကို ငါစောင့်ရှောက်နေတယ်၊ ငါ့ရဲ့စောင့်ရှောက်မှုအောက်မှ နင်တို့သူ့ကိုရန်ပြုလို့မရဘူးဟဲ့”
စောမြက ဒူးထောက်ကျသွားတယ်၊ ဒီတော့မှ စောမွန်က ကိုယ်ကိုဝပ်တွားသွားတယ်ဗျ။
ဦးဘသာက ကုန်းထလာပြီးတော့
“ကဲ၊ ကျုပ်တခြားတော့မတောင်းဆိုလိုဘူး၊ ကျုပ်အဲဒီကောင်လေးကိုပဲ ပြန်တောင်းချင်တယ်၊ ကျုပ်ကိုပြန်ပေးပါ”
စောမွန်က နဂါးနီကိုကြည့်ပြီးတော့
“ဒါပေမယ့် ဒီလူက ကျုပ်ဖမ်းစားခွင့်ရှိလို့ ဖမ်းစားထားတဲ့လူပဲ”
နဂါးနီက မျက်လုံးကမီးတွေတောက်ပြီးတော့
“တယ်လေ၊ ပေးလိုက်ဆိုရင်ပေးလိုက်ပေါ့၊ ငါက နောက်တစ်ခါထပ်ပြောနေရအုံးမှာလားး”
“ပေး၊ ပေးပါ့မယ်”
နဂါးနီက ထပ်ပြီးတော့
“နင်တို့အခုလို လူသားတွေဖမ်းစားနေတာကို နင်တို့ဘိုးဘိုးကြီးမသိဘူးမဟုတ်လား၊ ငါသွားတိုင်လိုက်ရင် နင်တို့ညီအမ အရင်ကလို မြွေစုတ်မြွေပဲ့ဘဝပြန်ရောက်သွားမယ်ဆိုတာ နင်တို့သိသလား”
စောမြက အရှေ့တက်လာပြီး လက်အုပ်ချီပြီးတော့
“ဘိုးဘိုးကြီးကိုတော့ မတိုင်ပါနဲ့ နဂါးမယ်တော်ရှင့်၊ ကျုပ်၊ ကျုပ်တို့ညီအမ ဆင်ခြင်ပါ့မယ်”
“ညည်းတို့နောက်ထပ်လူသားမစားတော့ဘူးလို့ ကတိပေးသလား”
“ကျုပ်ကတိပေးပါတယ်”
စောမြက ထပြောတယ်ဗျ၊ နဂါးနီက စောမြကိုကြည့်ရင်း
“ငါနင့်ဆီက ကတိတောင်းတာမဟုတ်ဘူး၊ အစားကျူးတဲ့ နင့်ညီမဆီက ကတိကိုတောင်းတာ”
စောမွန်က တွေဝေနေပြီးတော့ ငူငူကြီးလုပ်နေတယ်ဗျ၊ နဂါးမယ်တော်ရဲ့ အမောက်တွေက မီးရောင်တွေဝင်းလက်လာပြီးတော့ သူ့နှုတ်ခမ်းမှာလည်း အခိုးအလျှံတွေတိုးထွက်လာသဗျာ။
“နင်ကတိမပေးရင် နင့်ညီမကို ငါဆုံးမမယ်၊ ပြီးတော့ နင်တို့ဘိုးဘိုးကြီးနဲ့တိုင်မယ်”
စောမြက မြွေကြီးစောမွန်ရဲ့ ကိုယ်လုံးကိုပွတ်သပ်ရင်း
“ကဲပါ ညီမရယ်၊ နဂါးမယ်တော်ကို နောက်ဆိုရင် လူသားမစားတော့ဘူးလို့ ကတိပေးလိုက်စမ်းပါ”
“မပေးဘူး၊ မပေးနိုင်ဘူး၊ လုံးဝမပေးနိုင်ဘူး”
နဂါးမယ်တော်က ပါးစပ်ဖွင့်ပြီး မီးတန်းနဲ့မှုတ်ထည့်လိုက်တာ စောမွန်တစ်ယောက် အနောက်ကိုလွင့်ထွက်သွားပြီး တစ်ကိုယ်လုံးကိုမီးတွေစွဲလောင်ကုန်ပါရောဗျာ၊ ရေကန်လေးက ရေထဲမှာ သူ့ကိုယ်သူလူးပြီးတော့ မီးတွေကိုငြိမ်းသတ်နေသဗျာ။ ပါးစပ်ကနေလည်း စူးစူးဝါးဝါးအော်လို့ပေါ့။
“လာအလတ်ကောင်ရေ၊ အခြေအနေတွေ ရှုပ်ထွေးနေတုန်း မင်းအကိုကြီးကိုဆွဲပြီး ပြေးကြစို့ကွာ”
ကျုပ်နဲ့ဦးဘသာလည်း အကိုကြီးလက်ကိုပြေးဆွဲပြီး ဦးဘသာက အကိုကြီးနားရင်းကို အုပ်ချထည့်လိုက်တော့မှ အကိုကြီးလည်းသတိဝင်လာတယ်ဗျ၊ ကျုပ်တို့ပြေးတဲ့အနောက်ကို ဘုမသိဘမသိနဲ့ ပြေးလိုက်လာပါရောဗျာ၊ ကျုပ်တို့ပြေးသာပြေးနေတယ် ထွက်ပေါက်လည်းမရှိဘူးဗျ၊ ပြီးတော့ ဂူထဲက မြွေတွေကလည်း ကျုပ်တို့အနောက်ကိုပြေးလိုက်လာပါရော။
“အလတ်ကောင်ရေ၊ သစ်ပယင်းတွေထုတ်လိုက်၊ သစ်ပယင်းတွေထုတ်လိုက်တော့”
ကျုပ်လည်း ခါးပုံစထဲက သစ်ပယင်းတွေကိုထုတ်လိုက်တယ်၊ ဦးဘသာကလည်း သစ်ပယင်းတွေကို ထုတ်ပြီး
“ကဲ မြွေစင်စစ်ကနေ ဝပ်ဆင်းပြီး သစ်ပယင်းဖြစ်သွားစမ်းဟေ့”
အဲဒီလိုပြောပြီး မြွေအုပ်ထဲကိုပစ်ထည့်လိုက်တော့ မြွေတွေအကုန်လုံးက ကျောက်ရုပ်ဖြစ်ကုန်သလို ရပ်တန့်ကုန်သဗျ။
“အလတ်ကောင်၊ မင်းတို့ညီအကိုနှစ်ယောက် ငါ့ကိုဖက်ထားကြစမ်း”
ကျုပ်တို့လည်း ဦးဘသာကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ကြတာပေါ့ဗျာ၊
“ကဲ၊ ငါ့ရဲ့နောက်ဆုံးလက်နက် ထုတ်သုံးတော့မယ်ဟေ့၊ မင်းတို့ကောင်တွေ မျက်လုံးမှိတ်ထားကြကွ”
ကျုပ်လည်း မျက်လုံးကိုတင်းတင်းစေ့မှိတ်ထားလိုက်တယ်ဗျျ၊ နားထဲမှာတော့ အသံတွေအစုံကြားနေရတာပါပဲဗျာ၊ အသံတွေက ဆူလာလိုက် ငြိမ်သွားလိုက်နဲ့ဗျ၊ နောက်ဆုံးတော့ အရာအားလုံးကတိတ်ဆိတ်သွားတယ်။
“အောက်အီးအီးအွတ်”
နားထဲ ကြက်တွန်သံကျယ်ကျယ်လောင်လောင်ကြားလိုက်ရလို့ ကျုပ်လည်းမျက်လုံးဖွင့်လိုက်တာပေါ့ဗျာ။ ကျုပ်က လက်ထဲမှာလည်း ရေခွက်ကြီးကိုင်လို့ဗျ၊ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ အိမ်ကိုပြန်ရောက်နေသဗျာ၊ အကိုကြီးကတော့ အိမ်အောက်မှာ မီးဖိုထဲဝင်လိုက်၊ အိမ်ဘေးကိုသွားလိုက်နဲ့အလုပ်များနေသဗျ။
“အကိုကြီး ဘာလုပ်နေတာလဲဗျ”
“ဂျိတ်မတွေ့လို့၊ ဂျိတ်ရှာနေတာလေကွ”
ကျုပ်ဖြင့် လန့်ဖျပ်ပြီး ကြက်သီးမွေးညှင်းတွေပါထကာ တစ်ကိုယ်လုံးတုန်တက်သွားတော့တယ်ဗျာ။
“ဒါ၊ ဒါဆို ဒီအရာတွေက မဖြစ်သေးတာများလား၊ ဖြစ်တော့မဖြစ်နိုင်ပါဘူး၊ ဒါမှမဟုတ် ဦးဘသာက အချိန်တွေကိုနောက်ပြန်ဆုတ်လိုက်တာများလား”
ကျုပ်တွေးနေမိတယ်၊ အမေက မီးဖိုထဲကထွက်လာပြီး
“အကြီးကောင်၊ ဂျိတ်ကိုဘာလုပ်မလို့လဲ”
“ဟာဗျာ၊ ဒီအချိန်ဆိုရင် တောင်ရိုးပေါ်မှာ တမာဥတွေပေါ်နေလောက်ပြီဗျ၊ အဲဒါတောင်ရိုးပေါ်ကိုတက်ပြီးတော့ တမာဥသွားခူးမလားလို့”
အမေကလည်း
“ကောင်းတယ်၊ အတော်ပဲ ငါလည်းတမာဥစားချင်နေတာကြာပြီ၊ နင့်အဖေကလည်း တမာရွက်မပေါ်သေးဘူးလားဆိုပြီး မေးမေးနေတာနဲ့အတော်ပဲ”
ကျုုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ တကယ်လို့ အကိုကြီးသာ တောင်ရိုးပေါ်ကိုသွားရင် ဟိုမိန်းမနှစ်ယောက်နဲ့များ ပြန်ပြီးတွေ့မလားမသိဘူးပေါ့၊
“မရဘူး၊ အကိုကြီးသွားလို့မဖြစ်ဘူး၊ အကိုကြီးတောင်ရိုးပေါ်ကို သွားလို့မရဘူး”
ကျုပ်အော်တော့ အမေနဲ့အကိုကြီးက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ပြီး
“ဟေ့အလတ်ကောင် ငါ့ခြေထောက်နဲ့ငါ သွားတာဘာဖြစ်လဲကွ၊ မင်းကိုလည်းအတင်းအကြပ်ခေါ်နေလို့လား”
အမေက
“အေးလေ၊ အလတ်ကောင် နင်ပျင်းရင်လည်း လိုက်မသွားနဲ့ပေါ့၊ နင့်အကိုသွားမှာကိုတားစရာလား၊ ဟိုက ခူးလာပြန်ရင်လည်း နင်ကတစ်ဖြဲနှစ်ဖြဲစားအုံးမယ်”
ကျုပ်လည်းကြံရာမရတော့တာနဲ့ အကိုကြီးအခန်းပေါ်ကိုပြေးတက်လာခဲ့တယ်၊ မရီးက သူ့အခန်းထဲမှာ ကလေးကိုအဝတ်လဲပေးနေသဗျ။
“လန့်လိုက်တာ အလတ်ကောင်ရယ်၊ မပြောမဆိုနဲ့ ဘယ်လိုလုပ်အခန်းထဲဝင်လာတာလဲ”
“မရီး၊ အကိုကြီးက လောင်းစကားတွေလုပ်နေသဗျ”
မရီးမျက်နှာ ချက်ချင်းအရောင်ပြောင်းသွားတယ်။
“ဟင် အလတ်ကောင် နင်ဘာပြောတာလဲ”
ကျုပ်လည်း အကိုကြီးအခန်းထဲက ဖျာကြမ်းကြီးကိုဆတ်ခနဲဆွဲလှန်လိုက်တော့ ကျုပ်ထင်ထားတဲ့အတိုင်းပဲ ဖျာအောက်ကနေ ဖဲချပ်တွေအများကြီးပြန့်ကျဲပြီး ထွက်လာသဗျ။ ဖဲချပ်မြင်တော့ မရီးက မျက်လုံးပြူးသွားပြီး။
“ဒါဘာတွေလဲ၊ ဒီဖဲချပ်တွေက ဘာလုပ်တာလဲအလတ်ကောင်”
“ဘာလုပ်ရမလဲဗျ၊ အကိုကြီးက မရီးမသိအောင်လို့ ခိုးပြီးဖဲရိုက်နေတာလေဗျာ”
မရီးတစ်ယောက် ဒေါသထွက်ထွက်နဲ့ အိမ်ပေါ်က ပြေးဆင်းသွားတာပဲဗျာ၊ ပြီးတော့ အောက်ထပ်မှာ သူတို့လင်မယားရန်ဖြစ်သံကိုကြားရတယ်ဗျ၊ ကျုပ်လည်း အသာလေးဇက်ကိုပုလိုက်ပြီး အိမ်ပေါ်ကနေဆင်းခဲ့လိုက်တော့တယ်၊ မရီးက အကိုကြီးရဲ့နားရွက်ကိုလက်နဲ့ဆွဲနေသဗျာ။
“မတတ်နိုင်ဘူးအကိုကြီးရာ၊ အကိုကြီးကို တားနိုင်မယ့်နည်းလမ်းက ဒီနည်းလမ်းပဲရှိတော့လို့ပါ”
ကျုပ်လည်း ကျုပ်ဘက်မြှားဦးလှည့်လာမှာမို့ အိမ်ကနေအမြန်ပြေးထွက်လာခဲ့တာပေါ့ဗျာ။
(၅)
“ဟေ့အလတ်ကောင်၊ ဘယ်လဲကွ”
ဦးဘသာက ခြံထဲကနေလှမ်းအော်သဗျ၊ ကျုပ်လည်း ဦးဘသာခြံထဲပြေးဝင်လာပြီးတော့
“ဦးဘသာလုပ်လိုက်တာမဟုတ်လား”
“ဘာကိုလဲကွ”
“ဦးဘသာ အချိန်တွေကိုပြန်လှည့်လိုက်တာမဟုတ်လား”
ဦးဘသာက အသာခေါင်းညိတ်တယ်။
“အချိန်ကိုအသုံးချတယ်ဆိုတာ ပိတ်ပင်ထားတဲ့ နည်းလမ်းတစ်ခုကွ၊ အခုတော့ ငါအထက်ကမယ်တော်တွေရဲ့ ဒဏ်ထိပြီးတော့ တစ်လတိတိပညာမသုံးရတဲ့ ဒဏ်ကျနေသကွာ”
“တစ်လကြီးများတောင်လားဗျာ၊ ဒါထက် ဟိုညီအမရောဗျ”
“သူ့ဘိုးဘိုးကြီးရောက်လာပြီး ဒဏ်ပေးသွားတယ်၊ လူသားမစားဖို့လည်း တားမြစ်သွားတယ်ကွ”
“ဟာဗျာ၊ ဒီလိုမှန်းသိရင် အကိုကြီးကို ပြဿနာမရှာခဲ့ပါဘူးဗျာ”
ဦးဘသာက ကျုပ်ကိုကြောင်ပြီးကြည့်နေသဗျ။
“သူတို့ညီအမက သိုက်နန်းရှင်တွေလား”
“အေးပေါ့၊ ဘုရားသိုက်စောင့်တွေကွ၊ မင်းသူတို့သိုက်နန်းအလယ်ကိုရောက်တော့ ပတ္တမြားတွေတွေ့ခဲ့တယ်မဟုတ်လားကွ၊ မှတ်ထား၊ ဘုရားသိုက်ဆိုတာ ရတနာတွေအစုံမရှိဘူးကွ၊ ပတ္တမြားဆို ပတ္တမြားချည်းဘဲ၊ ရွှေဆို ရွှေချည်းဘဲကွ၊ အဲဒီထဲက ပတ္တမြားလုံးတွေက ပတ္တမြားမျက်ရှင်တွေက တစ်လုံးတစ်လုံးကိုပြည်တန်သတဲ့”
ဒီတော့မှ ကျုပ်တွေ့ခဲ့တဲ့အနီလုံးတွေက ပတ္တမြားတွေဖြစ်နေတာကိုသိလိုက်ရတယ်ဗျာ။
“ဒါနဲ့ အဲဒီပတ္တမြားတွေကို ဘာလုပ်ဖို့သိမ်းထားတာလဲဗျ”
“နောက်ဘုရားပွင့်တဲ့အချိန် သာသနာပြုဖို့နေမှာပေါ့ကွာ၊ ငါတစ်ခါတည်းပြောလိုက်မယ်နော်အလတ်ကောင်၊ ငါ့ရဲ့ပညာတွေကို ပိတ်ပင်ခံထားရလို့ တစ်လတိတိပညာသုံးမရဘူးနော်၊ ဒီတော့ မင်းမဟုတ်တာမလုပ်ဖို့ပဲလိုတယ်၊ ခြေငြိမ်ငြိမ်နေစမ်းကွာ”
“ဟာဗျာ၊ မသိရင်ပဲ ကျုပ်ကိုများ ပြဿနာပတ်ရှာနေတဲ့ကောင် ကျနေတာပဲဗျာ”
“မဟုတ်လို့လားကွာ”
ကျုပ်လည်း ပြုံးဖြီးဖြီးနဲ့
“ဟီး၊ ဟီး၊ ဟုတ်တာပေါ့ဗျာ”
လို့ပြန်ဖြေလိုက်ပါတော့တယ်ဗျာ။
ပြီးပါပြီ။
Leave a Reply