တမာနှင့်သမုန်း

အလုပ်တွေထလုပ်တော့တယ်။ အမေကကြည့်ရင်း

“အောင်မယ်၊ နင်တို့ညီအကို ဘာလုပ်နေကြတာလဲ”

“ဘာလုပ်ရမလဲဗျ၊ တမာဥသွားခူးမလို့ပေါ့ အမေရ”

အမေက မျက်နှာကိုမဲ့ရွဲ့လိုက်ပြီးတော့

“နင်တို့က အခုမှတစ်ရေးနိုးနေကြ၊ တောင်ရိုးပေါ်မှာဖြင့် သူများတွေခူးလို့ တမာရွက်အနုတွေ၊ အဖူးတွေကုန်လောက်နေပြီကို”

“အမေကလည်းဗျာ၊ တောင်ရိုးပေါ်ကုန်ရင် ခင်တန်းထဲသွားခူးမှာပေါ့ဗျာ”

ကျုပ်ပြောလိုက်တော့မှ အမေက မျက်နှာတည်သွားတယ်၊ တောင်ရိုးမှာတမာပင်တွေပေါ်တော့ ကျုပ်တို့ရွာအပြင် အနီးအပါးက ရွာတွေပါလာခူးကြတယ်မဟုတ်လားဗျာ၊ တစ်ချို့ဆိုရွာဝေးလို့ ထမင်းထုပ်ထည့်လာပြီးတော့ ခူးကြတဲ့လူတွေတောင်ရှိသေးတာမဟုတ်လားဗျာ၊ ဒါပေမယ့် ကျုပ်တို့ရွာအရှေ့မြောက်ဘက်က ခင်တန်းထဲမှာတော့ လူအခူးနည်းတယ်ဗျ၊ ခင်တန်းထဲမှာ တမာပင်ရှိပေမယ့် အပင်ကျဲတယ်ဆိုတော့ တောင်ရိုးပေါ်မှာလို ခူးရမလွယ်ဘူးပေါ့ဗျာ။

ဒီအချိန်အဖေကလည်း အိမ်ပေါ်ထပ်ကနေဆင်းလာသဗျ။

“မင်းတို့ညီအကို ခင်တန်းဘက်ကိုသွားရင် ငါ့ကို သမုန်းဖူးခူးခဲ့စမ်းကွာ”

“ရတယ် ခူးခဲ့မယ်အဖေ”

သမုန်းဖူးက တောင်ရိုးပေါ်တော့ရှားသားဗျ၊ ဒါပေမယ့် ခင်တန်းထဲမှာတော့ သုံးလေးပင်ရှိတယ်။ အမေက သူ့ထဘီကြားထဲညှပ်ထားတဲ့ ပိုက်ဆံထုတ်ပေးပြီးတော့

“ရော့၊ ရော့၊ တမာဖူးရယ်၊ သမုန်းဖူးရယ်ရပြီဆိုရင်တော့ ငနှောင်းတို့ထန်းဖိုဘက်က အဖြတ် ထန်းရည်နယ်လေးပါ ဝယ်ခဲ့ကြစမ်း”

ကျုပ်လည်းအမေပေးတဲ့ ပိုက်ဆံကိုယူလိုက်ပြီးတော့

“ဝယ်ခဲ့မယ်အမေ၊ မပူနဲ့ ဒီတစ်ခါတော့ အမေလည်း တမာဖူးအဝစားရမယ်၊ အဖေလည်း သမုန်းဖူးအဝစားရစေမယ်ဗျာ”

“အလတ်ကောင်ရာ သိပ်လည်းသေချာမနေပါနဲ့ လက်ထဲအရွက်တွေရောက်မှ ပြောစမ်းပါဟ”

အမေက ခနဲ့သလိုလိုနဲ့ကျုပ်ကိုကြည့်ပြီးပြောတယ်ဗျ၊ ကျုပ်လည်း သည်းမခံနိုင်တော့တာနဲ့ အိမ်ထဲကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်လာခဲ့တာပေါ့ဗျာ။

(၂)

ခုလိုနွေရာသီရောက်ပြီဆိုရင်ဖြင့် ကျုပ်တို့အညာဘက်မှာ ဟင်းချက်စရာတော်တော်ရှားတယ်ဗျ၊ မိုးတွင်းတုန်းက တောင်ရိုးပေါ်အလေ့ကျပေါက်တဲ့ မှိုတွေကိုခူးပြီး အချဉ်တည်ထားတဲ့ မှိုချဉ်တွေ၊ မှိုတွေအခြောက်ခံထားတဲ့ မှိုခြောက်တွေကိုပဲ ဟင်းလုပ်စရားရတာပါ၊ ပြီးတော့ မျစ်ချဉ်၊ မျှစ်ခြောက်တွေလည်း စားကြရတယ်၊ နောက်ပြီး မန်ကျည်းသီးမှည့်၊ ချဉ်ပေါင်သီးခြောက်၊ ရုံးပတီသီးခြောက် အဲဒီအခြောက်အခြမ်းတွေနဲ့ပဲ စားသောက်ရတာပေါ့ဗျာ၊ ခုခေတ်လို လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ရပ်ရွာအနီးအပါးမှာရှိတဲ့ စားစရာကလေးတွေကိုပဲ ဟင်းလုပ်စားရတာ၊ ဈေးတွေဘာတွေဆိုတာကလည်း ဝေးတာကိုးဗျာ။ ဒါပေမယ့် အမေက ဘယ်လိုအခြောက်အခြမ်းလုပ်ပြီးစုစု အိမ်မှာရှိတဲ့လူတစ်အုပ်စားရင် အဲဒီအခြောက်အခြမ်းတွေလည်း တစ်လမခံပါဘူးဗျာ၊ ဒီလိုအချိန်ဆိုရင် အိမ်ရှင်မတွေ တော်တော်ခေါင်းခြောက်ရတဲ့အချိန်ပေါ့ဗျာ၊ မရှိရှိတာ ဟင်းလုပ်ချက်ရတာကိုးဗျ။

ဘယ်လောက်အထိ ဟင်းရှားသလဲဆိုရင် ကျုပ်တို့ရွာဘက်မှာ ထန်းရည်နယ်ကိုတောင် ဟင်းချက်စားကြသဗျ၊ ထန်းရည်နယ်ဆိုတာကတော့ ထန်းရည်ခါးဖြစ်အောင် အချဉ်ဖောက်ပြီးလို့ အိုးထဲကပ်ကျန်နေခဲ့တဲ့ အနယ်တွေကိုပြောတာပါဗျာ၊ ကျုပ်တို့ဘက်တော့ အလင်(အလျင်ဟုအသံပျော့ဖြင့်ထွက်ကြသည်) လို့ခေါ်သဗျ၊ ကျုပ်တို့လည်း ထန်းရည်နယ်ဆိုတာထက် အလင်ဟင်းလို့ခေါ်ကြတာ၊ အဲဒီအနယ်တွေကို ပြန်ချက်ပြီးစားတာပေါ့ဗျာ၊ အရသာကတော့ ချဉ်ချဉ်စူးစူးပါပဲ၊ တစ်ချို့ကျတော့လည်း အလင်ကို မီးအေးအေးနဲ့အချိန်အကြာကြီးပြန်ကြိုလိုက်ပြီး အစေးကျလာတဲ့အခါ ပုန်းရည်ကြီးလိုခပ်ပျစ်ပျစ်ထွေးထွေးကြီးဖြစ်လာပါရောဗျာ၊ အဲဒါကိုပဲ ပုန်းရည်ကြီးလို သုပ်စားကြသဗျ။

အဲဒီအလင်ဟင်းက ဘာနဲ့လိုက်သလဲဆိုရင် တမာရွက်ပြုတ်၊ သမုန်းရွက်ပြုတ်နဲ့သိပ်လိုက်တာပါပဲဗျာ၊ တမာရွက် သမုန်းရွက်ဆိုတာကလည်း ခပ်ခါးခါးမဟုတ်လားဗျ၊ အလင်ဟင်းကို ထမင်းပေါ်ဆမ်း၊ တမာရွက်ပြုတ်ကလေး ထမင်းထဲမြှုပ်ပြီးထည့်စားလိုက်ရင် သိပ်စားလို့ကောင်းတာပေါ့ဗျာ၊ ကျုပ်တို့အတွက်တော့ နွေရာသီမှာ စားလို့အကောင်းဆုံး ဟင်းအတွဲအဖက်တစ်ခုပေါ့ဗျာ။

သမုန်းဆိုလို့ မကြားဖူးတဲ့လူတွေအတွက် ထူးဆန်းနေမယ်ထင်တယ်ဗျ၊ သမုန်းဆိုတာကလည်း အပင်ကြီးမျိုးပဲ၊ သူလည်း တပေါင်းလလောက်ရောက်ရင် တမာတွေအရွက်နုထွက်သလို အရွက်နုထွက်တယ်ဗျ၊ တမာဖူးသလို သမုန်းလည်းဖူးတာပဲဗျာ၊ ကျုပ်တို့ဖြင့် တောင်ရိုးပေါ်ရောက်ရင် တမာပင်တွေ့ရင်တမာပင်ခူး၊ သမုန်းပင်တွေ့ရင် သမုန်းပင်ခူးတာပေါ့ဗျာ။

အခုလည်းအမေ့ကြောင့် ကျုပ်နဲ့အကိုကြီးခင်တန်းထဲကို ရောက်လာကြပြီပေါ့ဗျာ၊ အရင်ဆုံး သမုန်းပင်ကြီးတစ်ပင်ကိုတွေ့ပါရောဗျာ၊ ကျုပ်နဲ့အကိုကြီးလည်း သစ်ပင်ပေါ်တက်ပြီး သမုန်းဖူးတွေကို များများခူးတာပေါ့၊ အကိုကြီးက သစ်ပင်ခွကြားတစ်ခုမှာထိုင်နေရင်း

“အလတ်ကောင်ရေ၊ ဒီအပင်ကို ဘာဖြစ်လို့ သမားမုန်းလို့ခေါ်တယ်ဆိုတာ မင်းသိသလားကွ”

ကျုပ်လည်း အရွက်နုတွေ၊ အဖူးတွေချိုးနေရင်း

“ဒီလိုဗျ၊ သူ့အပင်နာမည်က သမုန်းပင်ဆိုပေမယ့် ဘယ်သကောင့်သားက အပိုတွေလျှောက်ထည့်ပြီးတော့ သမားမုန်းပင်လို့ လုပ်ခေါ်တာလည်းမသိပါဘူးဗျာ”

အကိုကြီးက ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။

“အလတ်ကောင်ရာ မင်းက မသိဘူးဆိုရင် မသိဘူးလို့ဝန်ခံလိုက်စမ်းပါကွ”

“အောင်မယ်၊ အကိုကြီးကရော ဘာလို့ခေါ်တယ်ဆိုတာကိုသိလို့လား”

“သိပ်သိတာပေါ့ကွာ၊ ဒီအပင်ရဲ့အရွက်တွေ၊ အဖူးတွေ၊ အပွင့်တွေ အိုကွာ ကုန်ကုန်ပြောရရင် တစ်ပင်လုံးက ဆေးဖက်ဝင်သတဲ့ကွ၊ ဒါကြောင့် ဒီအရွက်တွေစားတဲ့လူက သိပ်ကျန်းမာသတဲ့ကွာ၊ ကျန်းမာတော့ ရောဂါမဖြစ်ဘူး၊ ရောဂါမဖြစ်တော့ သမားတော်တွေမပင့်ရလို့ သမားတော်တွေထမင်းငတ်ကုန်သတဲ့၊ ဒါကြောင့် သမားမုန်းလို့ခေါ်တာတဲ့ကွ၊ မှတ်ထား”

ကျုပ်ဖြင့်ခုမှကြားဖူးတာပဲဗျာ။ အကိုကြီးကဆက်ပြီးပြောတယ်။

“ဒီအရွက်စားရင် ငှက်ဖျားတို့ဘာတို့မဖြစ်ဘူးတဲ့ကွ၊ ညောင်းညာထုံကျင်တာ၊ ခြေဖျားလက်ဖျားအေးတာ၊ အကြောတက်၊ မျက်စေ့မှုန်၊ ကိုယ်လက်လေးလံတာတွေ အတော်ကောင်းဆိုပဲကွ၊ လေကိုလည်းအထူးနိုင်တယ်ဆိုပဲ၊ နောက်ပြီးတစ်ခုစွမ်းတာကတော့ တို့ယောက်ျားလေးတွေအတွက် သိပ်အားဖြစ်တယ်တဲ့ကွ ဟဲ ဟဲ”

“ဒါဆို အဖေကဒါ့ကြောင့် သမုန်းဖူးတွေကို သိပ်ကြိုက်နေတာများလား”

“ဒါကတော့ ကိုယ့်အတွေးနဲ့ကိုယ်စားတာပေါ့ကွာ၊ အရေးအကြီးဆုံးကတော့ ကျန်းမာဖို့ပဲမဟုတ်လားကွ”

“အကိုကြီးပြောသလိုသာဆို တစ်ရွာလုံးဒီသမုန်းဖူးတွေစားလိုက်လို့ကတော့ ရွာက ဆေးဆရာဦးမှတ်ကြီးတို့ အလုပ်ပြုတ်သွားပြီပေါ့ဗျာ၊ ဟား၊ ဟား”

ကျုပ်တို့လည်း ရယ်မောရင်း သမုန်းဖူးလေးတွေကိုခူးနေကြပါတယ်ဗျာ၊ နေ့တစ်ဝက်လောက် တောလည်ပြီးတော့ သမုန်းတွေရော၊ တမာတွေရော အတော်ရနေပြီပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်တို့ညီအကိုလည်း ခင်တန်းထဲက ပြန်ထွက်လာခဲ့ကြတာပေ့ါဗျာ၊ ရွာကိုမရောက်ခင် ခင်တန်းနဲ့ရွာနဲ့ကြားထဲမှာ ထန်းတောတစ်ခုရှိတယ်ဗျ၊ အဲဒီထန်းတောမှာ ထန်းလုပ်တဲ့လူတွေနေကြတယ်၊ အရင်ကတော့ အဲဒီထန်းတောကို ကိုကြွက်နီတို့ပိုင်တာပေါ့ဗျာ၊ အခုတော့ ထန်းလုပ်တဲ့ညီအကိုကို ငှားထားပါရောလား၊

ကိုနွေနဲ့ ကိုနှောင်းဆိုတာက ညီအကိုတွေဗျ၊ သူတို့က မြေလတ်ဘက်ကလို့ပြောတာပါပဲဗျာ၊ ညီအကိုနှစ်ယောက်က ထန်းလုပ်တဲ့မျိုးရိုးကနေလာတာဗျ၊ တစ်ရပ်တစ်ကျေး ရေကြည်ရာမြက်နုရာ လုပ်ကိုင်စားသောက်ကြရင်းနဲ့ ကျုပ်တို့ရွာကိုရောက်လာတယ်ဆိုပါတော့ဗျာ၊ အစကတော့ ရွာမှာ သူရင်းငှားလုပ်သေးတယ်ဗျ၊ အခုတော့ နည်းနည်းပါးပါးစုမိဆောင်းမိတာနဲ့ ကိုကြွက်နီနဲ့တိုင်ပင်ပြီးတော့ ကိုကြွက်နီဆီက ထန်းတောကို သီးစားအငှားယူထားလိုက်တာပေါ့ဗျာ၊ ကိုကြွက်နီအတွက်လည်း အဆင်ပြေပါတယ်၊ ကိုကြွက်နီက လယ်စိုက်ယာစိုက်နဲ့ အလုပ်နားတဲ့အချိန်မှ ထန်းလုပ်ငန်းကို အပျော်လုပ်တာမဟုတ်လား၊ ကိုနှောင်းတို့က ထန်းလုပ်ငန်းကို စီးပွားဖြစ်လုပ်တာဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ဆိုပါတော့ဗျာ။ ကိုနွေက အိမ်ထောင်မကျပေမယ့် ကိုနှောင်းကတော့ ကျုပ်တို့ရွာသူ မိတုတ်နဲ့ညားပြီးတော့ ကျုပ်တို့ရွာသားတစ်ပိုင်းဖြစ်နေတယ်ဆိုပါတော့ဗျာ။

ကျုပ်တို့ဘာဖြစ်လို့ ထန်းတဲကိုလာရတာလဲဆိုတော့ ခုနကပြောထားတဲ့ အလင်လို့ခေါ်တဲ့ ထန်းရည်အနယ်ကို လာဝယ်တာပေါ့ဗျာ၊ ကျုပ်တို့ညီအကို ထန်းတောအနားကိုကပ်လိုက်တယ်ဆိုရင်ပဲ မြေနဲ့လုပ်ထားတဲ့ ပန်းကန်ပြားတစ်ချပ်က ထန်းတဲထဲကနေပျံထွက်လာပြီးတော့ ကျုပ်တို့ညီအကိုခြေထောက်နားကိုကျပြီး ကွဲသွားပါရောလား။ ကျုပ်လည်း အံ့သြနေတုန်းရှိသေးတယ်၊ ထန်းတဲထဲကနေ ဆူညံဆူညံအသံတွေထွက်လာသဗျ။

ဘာဖြစ်တာလဲဆိုပြီး ကျုပ်တို့ညီအကိုပြေးကြည့်ကြတော့ ကိုနှောင်းနဲ့သူ့မိန်းမ မိတုတ်တို့ ရန်ဖြစ်နေတယ်ဆိုပါတော့ဗျာ။ ကျုပ်တို့လည်း ထန်းတဲထဲကိုဝင်ခဲ့တော့ မိတုတ်က မြေပေါ်မှာလဲကျနေပြီးတော့ ငိုယိုနေသဗျ၊ ကိုနှောင်းကတော့ မိတုတ်ကို ထန်းဖလက်လို့ခေါ်တဲ့ ထန်းပင်ရဲ့ရိုးတံအခြောက်နဲ့ ရိုက်နေတာဗျာ၊ ကျုပ်တို့လည်း မနေနိုင်တာနဲ့ ကိုနှောင်းကိုဝင်ဆွဲကြပါရော။ မိတုတ်ခေါင်းမှာလည်း သွေးတွေထွက်လို့ဗျ၊ ထန်းဖလက်ဆိုတာက အကြောစောင်းတွေက သိပ်ထက်တာကိုးဗျာ။

“တော်ပါတော့ ကိုနှောင်းရာ”

“မတော်နိုင်ဘူးကွ၊ နေပါအုံး မင်းတို့ကောင်တွေက ဘာလာလုပ်တာလဲ၊ ငါ့ကိုလာချုပ်တာဆိုတော့ မဟုတ်မှလွဲရော မင်းတို့က မိတုတ်ရဲ့ လင်ငယ်တွေများလား”

“ဟာဗျာ၊ ဘယ်ကလာဟုတ်ရမှာလဲဗျ”

“မင်းတို့က သူကြီးသားတွေမဟုတ်လားကွ၊ မနက်ကလည်း မိတုတ်က သူကြီးအိမ်ကပြန်လာတာဆိုတော့ မင်းတို့ဆီလာတာမဟုတ်လား”

“သံသယတွေဝင်မနေပါနဲ့တော့ ကိုနှောင်းရာ၊ ခင်ဗျားဆက်ရိုက်နေရင် မိတုတ်သေသွားလိမ့်မယ်ဗျ”

မိတုတ်က ငိုယိုပြီးတော့

“သေသေ၊ သေပါစေ၊ ဒီကောင့်ကိုမဆွဲနဲ့၊ သူရိုက်လို့သေသွားလည်း ကျုပ်ဒီဝဋ်က ကျွတ်သွားတာပဲ”

ကိုနှောင်းက ပိုဒေါသထွက်သွားပြီးတော့

“အေး၊ နင့််စိတ်တိုင်းကျဖြစ်စေရမယ် မိတုတ်၊ ဟေ့ကောင်တွေ၊ ငါ့ကိုလွတ်စမ်းကွာ၊ ငါယူထားတဲ့ ငါ့မိန်းမကိုငါရိုက်တာ ဘာဖြစ်သလဲကွ”

ဒီလိုနဲ့ကျုပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာပေါ့ဗျာ၊ ကိုနှောင်းဆိုတဲ့လူကလည်း လူကသာငမူးဆိုပေမယ့် တော်တော်တော့အားသန်တာဗျ၊ ကျုပ်နဲ့အကိုကြီး နှစ်ယောက်ချုပ်ထားတာကိုတောင် ရအောင်ရုန်းကန်ပြီးတော့ အတင်းထွက်သဗျ၊ ကျုပ်လည်း သူ့အရှေ့မှာပိတ်ရပ်လိုက်တော့ ကျုပ်ရင်ဝကိုဆောင့်တွန်းလိုက်တာများ၊ ကျုပ်ဖြင့်လွင့်ထွက်သွားပြီး ခပ်လှမ်းလှမ်းကိုဖင်ထိုင်လျက်သား လဲကျသွားပါရောလားဗျာ။ အကိုကြီးကလည်း ဒေါသထွက်ထွက်နဲ့ ကိုနှောင်းကိုပြေးထိုးတော့ ကိုနှောင်းက ဘယ်လိုမှကိုမနေဘူးဗျာ၊ အကိုကြီးလက်ဆကလည်း မပျော့ဘူးဆိုတာ ကျုပ်အသိပဲဗျ၊ ဒါကိုတောင် ဘယ်လိုမှမဖြစ်တာ အံ့သြပါရဲ့ဗျာ၊ ကိုနှောင်းက အကိုကြီးကိုလက်သီးနဲ့ပိတ်ထိုးထည့်လိုက်တော့ အကိုကြီးက လက်သီးအရှိန်ကြောင့်် ဘေးဖက်ကိုချာခနဲလည်ထွက်သွားပြီး လဲကျသွားပါရောဗျာ။

“ဟေ့လူ၊ ခင်ဗျားကျုပ်အကိုကိုမလုပ်နဲ့”

ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ ကိုနှောင်းဆီကိုပြေးခုန်ဝင်ပြီး ကိုနှောင်းရဲ့ဗိုက်ကိုလက်သီးနဲ့ထိုးထည့်လိုက်တော့တယ်၊ ဒါပေမယ့် ကိုနှောင်းကတော့ ဘာဖြစ်မလဲမသိဘူး၊ ကျုပ်ရဲ့လက်သီးကတော့ သစ်ပင်ပင်စည်ကြီးကိုထိုးရသလိုမျိုး ကျင်တက်သွားတာပဲဗျာ၊ တော်တော်လည်း နာသွားတာဗျ၊ ကိုနှောင်းက ကျုပ်ဇက်ပိုးကို ဖြောင်းခနဲအုပ်ထည့်လိုက်တော့ ကျုပ်ဖြင့် မြေကြီးပေါ်ကိုမှောက်ခုံကြီးကျသွားတော့တာပဲ၊ အကိုကြီးကလည်း အပြေးခုန်ထပြီးတော့ ကိုနှောင်းဆီခုန်ဝင်ပြီး နပမ်းလုံးတော့တယ်ဗျာ။

ဒီအချိန်မှာ ထန်းတဲအရှေ့ကိုလူတစ်ယောက်လာရပ်တယ်ဗျ။

“ဟေ့ကောင်တွေ၊ မင်းတို့ဘာဖြစ်နေတာလဲကွ”

အသံသြသြကျယ်ကျယ်ကြီးကိုကြားလိုက်ရလို့ ကျုပ်တို့အကုန်လုံး ထိုးကြိတ်နေတာတွေကိုရပ်ပြီး တဲအပြင်ကိုလှည့်ကြည့်လိုက်တာပေါ့ဗျာ၊ တဲအပြင်မှာ ရပ်နေတဲ့လူကတော့ ကိုနွေဗျ၊ ကိုနွေက ကိုနှောင်းရဲ့ အကိုပေါ့ဗျာ၊ သူက ထန်းရည်တွေကို ထန်းလျက်တွေကို ထမ်းပိုးကြီးနဲ့ထမ်းပြီးတော့ ကျုပ်တို့ရွာနဲ့ အနီးအပါးက ရွာတွေကို ရွာစဉ်လှည့်ပြီးလိုက်ရောင်းနေတဲ့လူပေါ့ဗျာ။ သူက ထန်းရည်ရောင်းတဲ့ဆိုင်းထမ်းကိုအသာကလေးချလိုက်ပြီးတော့ တဲထဲကိုဝင်လာတယ်ဗျ။

“ဟေ့ကောင်တွေ၊ မင်းတို့ဘာဖြစ်နေကြတာလဲ”

ကျုပ်က ကိုနှောင်းကိုလက်ညိုးထိုးပြီး

“ကို၊ ကိုနှောင်းက သူ့မိန်းမ မိတုတ်ကို ထန်းဖလက်နဲ့ရိုက်သတ်နေတာကိုတွေ့လိုက်ရလို့ ကျုပ်တို့ညီအကိုဝင်ဆွဲမိတာပါဗျာ၊ အဲဒါကို ကိုနှောင်းက ကျုပ်တို့ကိုစွပ်စွဲပြီးထိုးကြိတ်တာပဲ”

ကိုနွေက ခေါင်းညိြတ်ပီးတော့

“မင်းတို့အကုန်လုံးဖယ်ကြစမ်း”

အဲဒီလိုပြောပြီး ကိုနှောင်းဆီကိုလျှောက်သွားတယ်။

“ငနှောင်း၊ မင်းဘာအချိုးချိုးတာလည်း”

“အကိုကြီးခယ်မက ဖောက်ပြန်နေတယ်”

“မင်းစလာပြန်ပြီလားကွ၊ မင်းဒီတစ်ခါ ခယ်မလေးကိုထိရင် ငါမင်းကိုဘာလုပ်မယ်လို့ပြောထားသလဲကွ”

ကိုနှောင်းက သူ့အကို ကိုနွေကိုကြည့်ပြီး

“ဘာလဲ အကိုကြီးကပါ ကျုပ်မိန်းမနဲ့ဖြစ်နေတာလား၊ ခဲအိုနဲ့ခယ်မ ဇာတ်လမ်းခင်းချင်လို့လား”

ကိုနွေတစ်ယောက် တော်တော်ဒေါသပေါက်ကွဲသွားပြီးတော့ ကိုနှောင်းမျက်နှာကို လက်သီးနဲ့ထိုးချလိုက်တာပါပဲဗျာ၊ ကိုနှောင်းတစ်ယောက် ကိုနွေထိုးတာခံရပြီး အနောက်ကိုလွင့်ထွက်သွားပါရောဗျာ၊ အနောက်မှာပုံထားတဲ့ ထန်းရည်ခံတဲ့အိုးအထပ်လိုက်ကြီးပေါ်ကို ပက်လက်လန်ကျပြီးတော့ အိုးတွေလဲကွဲကုန်ပါရောဗျာ၊ ကိုနှောင်းက မတ်တပ်ထရပ်ပြီးတော့ ကိုနွေကိုပြေးပြီးဝင်လုံးပါရောဗျာ၊ ညီအကိုနှစ်ယောက် ထိုးလိုက်ကြိတ်လိုက်ကြတာ ထန်းတဲကြီးတစ်ခုလုံးလည်း တဒိန်းဒိန်းနဲ့လှုပ်နေပါရောလား။ အကိုကြီးက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်ရေ၊ ဒီအတိုင်းဆိုရင်တော့ အလင်ရမှာမဟုတ်ဘူးကွ၊ အလင်မရရင် ငါတို့လည်းအိမ်ပြန်မျက်နှာပန်းမလှတဲ့အပြင် အမေ့ရဲ့အပြောအဆိုကိုလည်းခံရမှာကွ၊ ဒါကြောင့် ငါတို့မြန်မြန်လစ်မှဖြစ်မယ်”

ဒါနဲ့ကျုပ်တို့လည်း အင်တုံကြီးတစ်လုံးထဲ ထည့်ထားတဲ့အလင်တွေကို အိုးကွဲတစ်လုံးထဲအများကြီးထည့်ပြီးတော့ ထန်းတဲထဲကနေထွက်လာခဲ့ကြတာပေါ့ဗျာ။

“ဟောတော်၊ ညီအကိုနှစ်ယောက် တမာဖူးသွားခူးတာ ဘယ်သူတွေနဲ့ရန်ဖြစ်လာပြန်တာတုံး၊ မျက်နှာမှာလည်း ဖူးယောင်နေပါလား”

ကျုပ်က သိပ်မသိသာပေမယ့် အကိုကြီးက ကိုနှောင်းအထိုးခံထားရတာဆိုတော့ ဖူးယောင်နေတာပေါ့ဗျာ၊ ကျုပ်တို့လည်း ဘာမှမပြောဘဲနဲ့ ခူးလာတဲ့အရွက်တွေနဲ့ အလင်ကိုချပေးလိုက်ပြီး

“မေးမနေစမ်းပါနဲ့အမေရာ၊ ဟောဒီမှာ အမေလိုချင်တဲ့အလင်ရလာပြီ၊ ကျုပ်တို့တာဝန်ပြီးပြီနော်၊ အမေ့တာဝန်ပဲကျန်တော့တယ်”

အမေက အလင်တွေယူပြီး မီးဖိုထဲကိုဝင်သွားတယ်ပေါ့ဗျာ။

(၃)

အိမ်ပြန်ရောက်တော့ တမာဖူးတွေရော၊ သမုန်းဖူးတွေအပြင် အလင်လည်းရလာတာဆိုတော့ မျက်နှာပန်းလှတယ်ဆိုပါတော့ဗျာ၊ အမေက အလင်ကိုဟင်းဖြစ်အောင်ချက်နေတုန်း ကျုပ်ကတော့ ဒန်အိုးကြီးတစ်လုံးထဲကို ရေထည့််ပြီးတည်လိုက်သဗျ၊ အငယ်မတွေကတော့ ကျုပ်တို့ခူးလာတဲ့ အရွက်တွေကို ဖုန်တွေသဲတွေကင်းအောင်လို့ ရေအထပ်ထပ်ဆေးကြတယ်ပေါ့ဗျာ၊ အိုးကြီးထဲ ရေဆူပြီဆိုရင်တော့ မန်ကျည်းသီးမှည့် လေးငါးတောင့်ခွာပြီးတော့ အိုးထဲကိုပစ်ထည့်လိုက်တယ်၊ တစ်ချို့ကလည်း ဆီးသီးအမှည့်ထည့်တတ်ကြတယ်ဗျာ၊ အချဉ်အရသာ ရအောင်လို့ပေါ့၊ ပြီးရင် တမာဖူးတွေမထည့်သေးဘဲ နနွင်းမှုန့်တစ်ဇွန်းစာလောက် ရေထဲထည့်ရသေးတယ်၊ နနွင်းမှုန့်မထည့်ရင်တော့ တမာဖူးတွေက နည်းနည်းညိုတိုတိုဖြစ်သွားတယ်ဗျ၊ နနွင်းမှုန့်ထည့်ရင်တော့ ခပ်ဝါဝါခပ်စိမ်းစိမ်းလေးနဲ့ အမြင်တစ်မျိုးလှတာပေါ့ဗျာ၊ ပြီးတော့မှ တမာဖူးတွေကို ရေနွေးထဲထည့်ပြီး သုံးလေးမိနစ်လောက်ကြာရင် ဟိုဖက်ဒီဖက်လှန်ပြီးတော့ မီးဖိုပေါ်က ချလိုက်ရင် တမာရွက်ပြုတ်ရပြီပေါ့ဗျာ။

သမုန်းဖူးလည်း တမာဖူးလိုပဲ လုပ်စားရတာပါပဲဗျာ၊ သူတို့ကို ဒီအတိုင်းပြုတ်တာထက် အချဉ်လေးထည့်ပြီးပြုတ်ရသဗျ၊ အချဉ်လေးနဲ့ဆိုတော့ အခါးနည်းနည်းထိန်းတာပေါ့ဗျာ၊ ပြုတ်ပြီးရင်လည်း ခုနကပြုတ်ရည် အချဉ်လေးထဲစိမ်ထားရင် တော်တော်ကြာအောင်ထားစားလို့ရတယ်ဗျ၊ အဲဒီနေ့ကတော့ ငါးပိကောင်စပ်ကြော်ကလေးရယ်၊ ချဉ်ချဉ်ဆိမ့်ဆိမ့် အလင်ဟင်းရယ်ကို တမာဖူးပြုတ်၊ သမုန်းဖူးပြုတ်ကလေး မြှုပ်ပြီးတော့ စားလိုက်တာ မြိန်ချက်ဗျာ၊ အကိုကြီးနဲ့ကျုပ် ထမင်းမလောက်လို့ ထရန်ဖြစ်ရတဲ့အထိပဲဗျ။

သမုန်းဖူးပြုတ်တွေစားပြီးတော့မှ ဦးဘသာကိုသတိရသွားတယ်ဗျ၊ ဦးဘသာလည်း သမုန်းဖူးပြုတ်ဆိုရင် သိပ်ကြိုက်တာကလားဗျာ၊ ပြုတ်ပြီးသား သမုန်းဖူးတွေကို ရေစစ်ပြီး နုပ်နုပ်စဉ်း၊ ပြီးတော့ ကုလားပဲလှော်၊ နှမ်းလှော်ကလေးထည့်၊ ခရမ်းချဉ်သီး ပါးပါးရိပ်ရိပ်လှီးထည့်ပြီးတော့ ဆီစိမ်းကလေးများဆမ်းလိုက်ရင် သိပ်စားကောင်းတဲ့ သမုန်းဖူးသုပ်ရတာပေါ့ဗျာ၊ ဦးဘသာက အဲဒီအသုပ်သိပ်ကြိုက်ဆိုတော့ ကျုပ်လည်း သမုန်းဖူးကလေးသုပ်ပြီး ဦးဘသာအိမ်ကို ပန်းကန်ကလေးကိုင်လို့ ကူးခဲ့တာပေါ့ဗျာ။

“ဗျို့ဦးဘသာ”

“ဟာ အလတ်ကောင်ပါလား၊ ဝင်ခဲ့လေကွာ”

ဦးဘသာခြံထဲကိုဝင်ခဲ့တော့ အိမ်ရှေ့ကွပ်ပျစ်မှာ ဦးဘသာနဲ့ ဆေးဆရာဦးမှတ်ကြီးထိုင်နေတာကိုတွေ့လိုက်ရသဗျ၊ ကျုပ်လည်း သူတို့ဆီလာခဲ့ရင်း လက်ထဲက ပန်းကန်ကလေးကိုသူတို့အရှေ့ချပေးလိုက်တယ်။

“ကဲဗျာ၊ ဦးဘသာဖို့ သမုန်းဖူးသုပ်လာပေးတာ၊ ရေနွေးနဲ့မြည်းဗျာ”

ဦးမှတ်ကြီးက ကျုပ်ကိုကြည့်ပြီးတော့

“အော်၊ ငါ့ကိုကျတော့ မကျွေးဘူးပေါ့လေ”

“မဟုတ်ပါဘူး ဦးမှတ်ကြီးရာ၊ ဦးမှတ်ကြီးလည်း စားပါဗျ။ ဒါပေမယ့် သမုန်းပင်ကို သမားမုန်းပင်လို့ ခေါ်ကြတယ်ဆိုတော့ ဦးမှတ်ကြီးများ ဒီအပင်ကို မုန်းနေမလားလို့ပါဗျ၊ ဟား၊ ဟား”

ကျုပ်ပြောလိုက်တော့ သူတို့နှစ်ယောက်ရယ်ကြတယ်ဗျ။

“အလတ်ကောင်ရာ မင်းကတော့လုပ်တော့မယ်”

“ဒါနဲ့ ဦးဘသာ နွားကျောင်းမထွက်ဘူးလားဗျ”

“မှတ်ကြီးရောက်လာတာနဲ့ စကားကောင်းနေလို့ဟေ့၊ နေကလည်းပူသကွာ၊ ညနေ နေနည်းနည်းကျမှထွက်တော့မယ်”

ကျုပ်နဲ့ဦးဘသာနဲ့ စကားပြောနေတုန်း ဦးမှတ်ကြီးက ကျုပ်ယူလာတဲ့ သမုန်းဖူးသုပ်ကို တစ်ဇွန်းခပ်မြည်းလိုက်ပြီး

“ကောင်းလိုက်တာကွာ၊ ဆိမ့်နေတာပဲဟေ့၊ မသန်းလက်ရာ သမုန်းဖူးသုပ်ထင်ပါ့”

“ဘယ်က မသန်းလက်ရာမှာလဲဗျာ၊ ဒီသမုန်းဖူးတွေကို ကျုပ်ကိုယ်တိုင်ခင်တန်းထဲတက်ခူးပြီးတော့ ကျုပ်ကိုယ်တိုင်ပြုတ်၊ ကျုပ်ကိုယ်တိုင်သုပ်လာခဲ့တာမို့ ကျုပ်လက်ရာစစ်စစ်ဗျ ဦးမှတ်ကြီးရ”

“အောင်မယ်၊ ထမင်းချက်ရင် ခွေးတောင်မစားတဲ့အလတ်ကောင်က အခုတော့ အသုပ်တွေဘာတွေသုပ်လို့ပါလားကွ၊ မှန်းစမ်း၊ မြည်းကြည့်ရအုံးမယ်”

ဦးဘသာက တစ်ဇွန်းကောက်ဝါးတယ်ဗျ၊ ပါးစောင်ထဲထည့်ပြီးဝါးနေရင်း ဂလောက်ခနဲအသံကြားလိုက်ရပြီးတော့ ဦးဘသာမျက်နှာကြီးရှုံ့မဲ့သွားသဗျ၊ ပြီးတော့ ပါးစပ်ထဲကနေ လက်ဝါးပေါ်ကို ဝါးဖတ်တွေ ထွေးထုတ်လိုက်တယ်။

“နာလိုက်တာအလတ်ကောင်ရာ၊ သွားတွေတောင် ကျိန်းတယ်ကွ”

“တောင်းပန်ပါတယ်ဦးဘသာရာ၊ ဟိုလေ ပဲလှော်ထဲက စုန်းပြူးပါတာဖြစ်မယ်ဗျ”

ဦးဘသာက လက်ဝါးထဲကဝါးဖတ်တွေကိုလှမ်းပစ်လိုက်ရင်း ကျုပ်ကိုမျက်စောင်းထိုးပြီးတော့

“မင်းလုပ်လိုက်ရင် အမြဲဒီလိုပဲ အလတ်ကောင်ရာ”

ဦးမှတ်ကြီးက

“အကိုဘသာရာ၊ ပဲလှော်ထဲ စုန်းပြူးပါတာ ဘာဆန်းသလဲဗျ၊ လူကောင်းတွေကြားထဲတောင် စုန်းပြူးတွေရှိသေးတာပဲမဟုတ်လား”

ဦးမှတ်ကြီးက ရေနွေးတစ်ကျိုက်သောက်ရင်း

“ဒါနဲ့ စုန်းပြူးဆိုလို့ ခုနကပဲ ကျုပ်အိမ်ကို မိတုတ်လာသွားတယ်၊ မိတုတ်ခေါင်းကွဲလို့ ကျုပ်ဖြင့်ဆေးတွေသိပ်ပြီး ကျပ်စည်းပေးလိုက်ရသေးတယ်ဗျာ”

“မိတုတ်က ဘာဖြစ်လို့လဲကွ”

ဦးဘသာက မသိသေးဘူးထင်တယ်ဗျ၊ ကျုပ်လည်း ကြားဖြတ်ပြီး

“ဘာဖြစ်ရမလဲဗျာ၊ သူ့ယောက်ျား ကိုနှောင်းက မိတုတ်ကို ထန်းဖလက်နဲ့ရိုက်သတ်တာဗျ၊ ကျုပ်တို့ညီအကို ဝင်ဆွဲတာမြန်လို့ဗျို့၊ ကျုပ်တို့အရောက်သာနောက်ကျရင် မိတုတ်တစ်ယောက် သေတာကြာပေါ့ဗျာ”

ဦးမှတ်ကြီးက ကျုပ်ကိုပြုံးစိစိနဲ့ကြည့်ပြီး

“အမယ်အလတ်ကောင်၊ မင်းက သူကြီးသား ပီသပါပေတယ်၊ တစ်ခုခုဆိုတာနဲ့ မင်းတို့သိပြီးသားပဲဟ”

ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့

“မိတုတ်ဆိုတဲ့ကလေးမက ငါတွေ့သလောက်တော့ လိမ်မာပါတယ်ကွ၊ ငနှောင်းအပေါ်ကိုဆိုရင်လည်း သူက တယုတယလုပ်ကိုင်ပေးရှာပါတယ်”

“ဒါပြောတာပေါ့ ကိုဘသာရာ၊ ငနှောင်းက အမြဲသောက်စားမူးရူးနေတဲ့ကောင်ဗျ၊ မိတုတ်တစ်ယောက်တော့ ဝဋ်ကြွေးပါလာတယ်ထင်ပါ့ဗျာ၊ သူ့မိန်းမကို လင်ငယ်နေတယ်လို့ စွပ်စွဲပြီးရိုက်တာတဲ့”

“ဟုတ်ပါ့ဗျာ၊ ရိုက်တာကတော့ ကြောက်ဖို့ကောင်းတယ်၊ ကိုနှောင်းကလည်း လူကြည့်တော့သာ ဘာမှမဟုတ်တယ်၊ သန်တာတော့ တော်တော်သန်တယ်ဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက်နဲ့တောင် ရန်ဖြစ်ပြီးတော့ ကျုပ်တို့ဖူးယောင်လာသေးသဗျာ”

ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီးတော့

“အရင်တုန်းက ငနှောင်းက ဒီလိုမဟုတ်ပါဘူးကွ၊ မိတုတ်ကိုလည်း သိပ်ချစ်ရှာတာမဟုတ်လား”

“ဓါးကိုဖျက်ဝါးမျက် လူကိုဖျက်အရက်တဲ့ဗျ ကိုဘသာရာ၊ အရင်တုန်းက ငနှောင်းက သူရင်းငှားလုပ်တာမဟုတ်လားဗျာ၊ ပင်ပန်းဆင်းရဲတယ်ဆိုပေမယ့် ရိုးရိုးသားသားလုပ်ကိုင်ရတယ်မဟုတ်လား၊ အခုတော့ သူတို့လုပ်နေတာက ထန်းရည်လုပ်နေတာကိုးဗျ၊ ကျုပ်အထင်တော့ ထန်းရည်တွေသောက်ပြီးတော့ စိတ်တွေဖောက်လာပြီး ရူးသွပ်လာတယ်ထင်တာပါပဲ”

“ခင်ဗျားပြောတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျုပ်ကတော့ ဒီကိစ္စမရိုးဘူးလို့ထင်တယ်ဗျ”

ဦးမှတ်ကြီးမျက်မှောင်ကြုတ်သွားတယ်။ ဦးဘသာက ခဏစဉ်းစားနေသေးတယ်ဗျ။

“ခင်ဗျားက ဘယ်လိုထင်လို့လဲ ကိုဘသာ”

“ထန်းတောက မြေမသန့်တာလို့ထင်တာပဲဗျ၊ မှတ်ကြီး၊ ခင်ဗျား ကြွက်နီခပ်ငယ်ငယ်အချိန်ကို မှတ်မိသေးလား”

“ဘာလဲကိုဘသာ၊ ကြွက်နီငယ်ငယ်က အဲဒီထန်းတောထဲမှာ ထန်းချက်တာကိုပြောတာလား”

ဦးဘသာက ခေါင်းညိတ်ပြတယ်၊ ကျုပ်လည်းသိချင်သွားတာနဲ့

“ကိုကြွက်နီ အဲဒီထန်းတောမှာ ထန်းချက်တာ ဘာထူးဆန်းလို့လဲ ဦးမှတ်ကြီးရ၊ ကျုပ်သိချင်လို့ ပြောပြပါလားဗျာ”

“အဲဒီနှစ်က မိုးကောင်းလို့ လယ်ပျက်ပြီး လယ်သမားတွေအကုန်ဒုက္ခရောက်တဲ့နှစ်ပေါ့ကွာ၊ ကြွက်နီလည်း လယ်လုပ်ရင်း စိတ်ဓါတ်ကျပြီး ထန်းပဲလုပ်စားတော့မယ်ဆိုပြီးတော့ အဲဒီထန်းတောမှာ တဲထိုးပြီးသွားနေသကွ၊ ဒါပေမယ့် ကြာလာတဲ့အခါ ကြွက်နီက ပြောင်းလဲသွားသကွ”

“ဘယ်လိုပြောင်းလဲသွားတာလဲဗျ”

“လူကြမ်း၊ စိတ်ကြမ်းကြီးဖြစ်သွားတာပဲကွာ၊ နှုတ်ကလည်း ကြမ်းသေးတယ်၊ ရွာထဲမှာ လူမိုက်လိုလိုဘာလိုလိုဖြစ်ခဲ့သေးတာကွ၊ မိုက်တာလည်းမပြောနဲ့ဟေ့၊ တစ်ရက်တော့ ရွာခံလူမိုက်တွေနဲ့ ငြိပြီးတော့ ဝိုင်းရိုက်ကြတာ၊ ရွာခံလူမိုက်တွေအကုန် ခေါင်းတွေကွဲ၊ လက်တွေကျိုးကုန်ပေမယ့် ကြွက်နီကတော့ ဘာမှကိုမဖြစ်တာပဲဟေ့၊ အဲဒီကတည်းက ရွာသားတွေက ကြွက်နီဆိုရင် နည်းနည်းဖြုံသွားကြတာ အခုထိပဲမဟုတ်လား”

ဦးဘသာက ဦးမှတ်ကြီးပြောတာကိုနားထောင်ပြီးတော့

“အဲဒါကလည်း ထန်းတောကြောင့်ပါကွာ၊ အဲဒီထန်းတောက ရာဇဝင်ရှိခဲ့တယ်ကွ”

“ဘယ်လိုရာဇဝင်တုန်း ကိုဘသာရဲ့”

“ငါတို့တော့ မမီလိုက်ပါဘူးကွာ၊ တို့အမေတွေလက်ထက်တုန်းက တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ဓါးပြနှစ်ယောက်ရှိခဲ့ဖူးတယ်တဲ့ကွ၊ အဲဒီဓါးပြညီနောင်ကို သမန်းညီနောင်လို့ခေါ်ကြတယ်၊ သူတို့ညီအကိုက အဲဒီ ထန်းတောမှာ စခန်းချပြီး ဒီအနီးအပါးမှာ ဓါးပြထကြတာပေါ့ကွာ”

ကျုပ်လည်းတော်တော်စိတ်ဝင်စားသွားတယ်၊ ဦးမှတ်ကြီးလည်း ဒီအကြောင်းတွေကို မကြားဖူးတဲ့ပုံပဲဗျ။

“ဒါနဲ့ ဘာဆက်ဖြစ်ကြသလဲဗျာ”

“ဒီကောင်တွေညီအကိုဆီမှာ ဆေးကောင်းဝါးကောင်း၊ အဆောင်လက်ဖွဲ့ကောင်းတွေရှိတော့ အနီးအပါးရွာတွေက လူစုပြီးတိုက်တာတောင် သူတို့နှစ်ယောက်ကို မနိုင်ဘူးတဲ့ကွ၊ သူတို့ကလည်း ရွာက လူတွေကိုဖမ်းခေါ်သွားပြီးတော့ ပိုက်ဆံနဲ့လာရွေးခိုင်းတယ်ကွ၊ မရွေးနိုင်တဲ့လူတွေဆိုရင် အဲဒီထန်းတောမှာပဲ သတ်ပစ်ကြလို့ အဲဒီထန်းတောကို လူတွေတော်တော်ကြောက်ကြတယ်၊ နောက်ဆုံးတော့ အင်္ဂလိပ်အစိုးရတက်လာတဲ့အခါ စစ်အင်အားနဲ့ဖမ်းဆီးရသတဲ့ကွ၊ ဖမ်းဆီးဖို့လုပ်တော့လည်း ဆရာကြီးတစ်ယောက်က သူတို့ညီအကိုဆီက ဆေးတွေ၊ အဆောင်တွေရဲ့ အကျချိန်ရောက်တာကိုတွက်ချက်ပြီး ဖမ်းဆီးခိုင်းတော့မှ ညီအကိုနှစ်ယောက်ကို မိတော့တာတဲ့ကွာ၊ ဒါတောင်မှ ဘယ်လိုသတ်သတ် သတ်လို့မသေဘူးတဲ့ကွ”

“ဒါဆို နောက်ကျဘာဆက်ဖြစ်သွားသလဲ ဦးဘသာ”

“ဓါးပြအကြီးမှာ မိန်းမတွေဘာတွေမရှိဘူးတဲ့ကွာ၊ ဓါးပြအကြီးက စိတ်ကိုချလိုက်တဲ့အချိန် မီးသင်းသတ်တော့ သေတာပဲတဲ့၊ ဓါးပြအငယ်မှာတော့ မိန်းမရှိတယ်ပြောတယ်၊ ဓါးပြငယ်က မိန်းမစိတ်နဲ့တင်းထားလို့ ဘယ်လိုသတ်သတ်မရဘူးဆိုပဲကွာ၊ အင်္ဂလိပ်အစိုးရကလည်း အဲဒီမိန်းမကိုဖြောင်းဖျပြီးတော့ စိတ်လျှော့လိုက်ဖို့ ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ကမ်းခိုင်းတာပေါ့ကွာ၊ ရှင်ကောင်းကောင်းသွားတော့၊ ကျုပ်ကိုမပူနဲ့ ကျုပ်မှာနောက်လင်ရှိနေပြီဆိုပြီး ပြောခိုင်းမှ ဓါးပြအငယ်ကိုသတ်လို့ရတယ်ဆိုပဲကွာ”

ကျုပ်လည်း ထိုင်နေရာကနေ မတ်တပ်ကောက်ရပ်ထလိုက်တယ်ဗျ၊ ဦးဘသာရော ဦးမှတ်ကြီးရော ကျုပ်ကိုအလန့်တကြားနဲ့ မော့ကြည့်တယ်။

“ပေါက်ပြီ၊ ပေါက်ပြီဗျ”

“အလတ်ကောင် ဘာဖြစ်တာလည်း ကြမ်းကြားက ကြမ်းပိုးကိုက်လို့ ပုဆိုးပေါက်သွားတာလား”

“ဟာ၊ ဘယ်ကလာဗျာ၊ ကျုပ်သဘောပေါက်ပြီလို့ပြောတာဗျ”

“ပြောစမ်းပါအုံးအလတ်ကောင်ရာ၊ မင်းက ဘာတွေသဘောပေါက်နေတာလဲ”

“ဦးဘသာ ပြောပုံအရဆိုရင် ဒီဓါးပြညီအကိုက ထန်းတောထဲမှာ မကျွတ်မလွတ်ဘဲ စွဲနေပြီးတော့ ထန်းတောထဲနေတဲ့လူတွေရဲ့စိတ်ကို ကြမ်းတမ်းအောင်လုပ်တယ်လို့ ဆိုလိုချင်တာမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်တယ်။

“ပြီးတော့ နောက်တစ်ခုက ညီဖြစ်သူက မိန်းမတွေကိုသိပ်မုန်းတယ်မဟုတ်လား၊ ကျုပ်ပြန်စဉ်းစားတော့ အရင်တုန်းက ကိုကြွက်နီလည်း မိန်းမကိုသိပ်ရိုက်တယ်မဟုတ်လားဗျာ”

“ဒါပေါ့ကွ၊ ထန်းတောမှနေတုန်းကဆို သူ့မိန်းမကိုသေအောင်ရိုက်တာကွ”

“အခုလည်း ကိုနှောင်းက သူ့မိန်းမမိတုတ်ကို ရိုက်သတ်ဖို့လုပ်တာလေဗျာ၊ ပြီးတော့ စွပ်စွဲတာလည်း နောက်လင်ရှိတယ်ဆိုပြီး စွပ်စွဲပုံထောက်တော့၊ ဓါးပြအငယ်က ကိုနှောင်းကိုပူးကပ်နေပုံရတယ်၊ ပြီးတော့ သူ့မိန်းမကြောင့် စိတ်လျော့လိုက်ရတာမို့လို့ မိန်းမတွေကို သိပ်နာကျည်းပြီးတော့ ရိုက်နှက်တာမဖြစ်နိုင်ဘူးလား”

ဦးဘသာရော ဦးမှတ်ကြီးပါ ခေါင်းကိုတဖြည်ဖြည်းချင်းညိတ်လိုက်ကြတယ်ဗျာ။

“နောက်ထပ် ထူးခြားတာကတော့ သူတို့ညီအကိုနှစ်ယောက်ရန်ဖြစ်တာ လူတွေရန်ဖြစ်တာနဲ့ မတူဘူးဗျာ၊ သရဲဘီလူးတွေလို ထိုးကြကြိတ်ကြနဲ့ တဝုန်းဝုန်းရန်ဖြစ်ကြတာဗျ၊ ပိန်ပိန်သေးသေး ကိုနှောင်းတစ်ယောက်တည်း ကျုပ်တို့ညီအကိုနှစ်ယောက်ကို ဆော်လိုက်ကတည်းက ကျုပ်စိတ်ထဲမှာ တစ်ခုခုထူးခြားနေပြီဆိုပြီး သိလိုက်ရသဗျ”

ဦးမှတ်ကြီးက ဦးဘသာကိုကြည့်လိုက်ရင်း

“ဒါဆိုရင် ကိုဘသာထင်တာ မှန်လောက်တယ်ထင်သဗျ”

“သိပ်မှန်တာပေါ့ကွာ”

ကျုပ်လည်း ဦးဘသာကိုမျက်နှာရိပ်မျက်နှာကဲပြလိုက်တယ်ဗျ၊ ဦးဘသာက လောလောဆယ် စုန်းပညာတစ်လသုံးလို့မရဘူးမဟုတ်လားဗျာ၊ ဦးဘသာလည်း ကျုပ်မျက်ရိပ်ပြတာကို သိတဲ့ပုံပါပဲ။

“ဒီတော့ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”

“လွယ်ပါတယ်ကွ၊ သိပ်မခက်ပါဘူး၊ အဲဒီသမန်းညီနောင်ကို ဟောဒီက သမုန်းရွက်သာ ကျွေးလိုက်ကွာ”

“သမုန်းရွက်က မကောင်းဆိုးဝါးတွေကို နိုင်တယ်တဲ့လား”

“သူ့ကို လောကီပညာနယ်ပယ်မှာတော့ မကောင်းဆိုးဝါးနှိမ်နင်းနိုင်တယ်ဆိုပြီး ယူဆကြသကွ၊ ပြီးတော့ သရဲ၊ သဘက်၊ မြေဖုတ် ဖမ်းစားတဲ့နေရာမှာလည်း အသုံးပြုတတ်ကြသေးတယ်”

“ဟုတ်ပြီဗျာ၊ ဒါဖြင့် ကျုပ်လည်းသူတို့ညီအကိုကို သမုန်းရွက်တွေသွားကျွေးမယ်”

ဦးမှတ်ကြီးက

“နေပါအုံးအလတ်ကောင်ရာ၊ ပိုစွမ်းသွားအောင်လို့ မင်းကျွေးမယ့်သမုန်းရွက်တွေကို ငါနည်းနည်းပါးပါး ဘုရားစာလေးဘာလေး မန်းမှုတ်ပေးလိုက်မယ်”

“ဒါဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ ဦးမှတ်ကြီးရာ”

ကျုပ်လည်း အိမ်ပြန်ပြေးပြီးတော့ သမုန်းရွက်တွေ ပြေးယူရပါရောဗျာ၊ ရလာတော့ ဦးမှတ်ကြီးက သမုန်းရွက်တွေကို မန်းမှုတ်ပေးသဗျ၊ ပြီးတော့ ကျုပ်တစ်ယောက်တည်း ထန်းတောဘက်ကိုထွက်ခဲ့ပါရောဗျာ။

(၄)

ခုနက ရန်ဖြစ်ထားတဲ့ ကိုနှောင်းက အခုတော့ သူမဟုတ်သလိုဘဲ အေးအေးလူလူ ထန်းရည်သောက်နေသဗျ၊ ကိုနွေကတော့ ပြိုပျက်သွားတဲ့ ထန်းတဲကိုတစ်ယောက်တည်း ပြန်ပြုပြင်နေတယ်၊ မိတုတ်ကိုတော့ မတွေ့ရသေးဘူးဗျ၊ ကျုပ်ကိုတွေ့တော့ ကိုနွေက လှမ်းကြည့်ပြီး

“အလတ်ကောင်ပါလား”

“ဟုတ်တယ်ကိုနွေ၊ ခုနက အလင်တွေယူသွားပြီး ပိုက်ဆံပေးဖို့မေ့ခဲ့လို့ ပိုက်ဆံလာပေးတာ”

“ရပါတယ်ကွာ၊ အချင်းချင်းတွေပဲကွ”

“မဟုတ်တာပဲ ကိုနွေရာ၊ ကိုနွေတို့လည်း စီးပွားလုပ်စားနေကြတာပဲမဟုတ်လား”

ကျုပ်လည်း ဟိုလိုလိုဒီလိုလိုလုပ်နေတယ်ဗျ၊ ပြီးတော့ ကိုနွေကထမင်းစားပါရောဗျာ၊

“ကိုနွေ ဘာနဲ့စားသလဲဗျ”

“ထန်းသမားဆိုတော့လည်း အလင်ဟင်းပဲ ချက်စားရတာပေါ့ကွာ၊ တနေ့က မိတုတ်လုပ်ထားတဲ့ တမာချဉ်နဲ့ဆိုရင် အံကိုက်ပဲဟေ့”

“ဟာ၊ ဒါဆိုအတော်ပဲဗျာ၊ ကျုပ်လည်း တမာချဉ်တွေယူလာတယ်ဗျ၊ ကျုပ်ဟာစားကြည့်ပါလား”

ကိုနွေက ကျုပ်ယူလာတဲ့ သမုန်းချဉ်တွေကိုကြည့်ပြီးတော့

“မင့်ဟာက တမာမှမဟုတ်တာကွ၊ သမုန်းရွက်တွေပဲ၊ ငါကတော့ သမုန်းမစားပါဘူးကွာ”

ကျုပ်လည်း သမုန်းက ဘယ်လိုဆေးဘက်ဝင်တယ် ဘာညာပြောပြီး စည်းရုံးပေမယ့် စည်းရုံးလို့မရပါဘူးဗျာ၊ ကိုနွေက လုံးဝကိုမစားဘူးဗျ၊ ဒါနဲ့ ကျုပ်လည်း အကြံထုတ်ရတော့တယ်။

“အမေက ကျုပ်ကိုအလင်ထပ်ဝယ်ခိုင်းလို့ဗျ ကိုနွေရ၊ ကျုပ်ကိုအလင်ထပ်ပေးပါအုံးဗျာ”

“အေး၊ ငါစားပြီးတော့ ယူပေးမယ်ကွ”

“စားပြီးမှတော့မလုပ်ပါနဲ့ဗျာ၊ ကျုပ်က အခုပြန်တော့မှာဗျ၊ မစောင့်နိုင်တော့ဘူး”

ကိုနွေက ကျုပ်ကိုမှုန်တေတေနဲ့ကြည့်ပြီးတော့မှ

“ဟေ့ ငနှောင်းရေ၊ အလတ်ကောင်အတွက် အလင်သွားယူပေးလိုက်စမ်းပါကွာ”

ကျုပ်မှန်းချက်နဲ့ နှမ်းထွက်နဲ့တော့ လွဲပြီဗျို့၊ ကိုနွေက ထမသွားဘဲ ဘေးနားမှာ ထန်းရည်သောက်နေတဲ့ ကိုနှောင်းကိုသွားယူခိုင်းတယ်ဗျ၊ ကိုနှောင်းလည်း ငေါက်ခနဲကောက်ထသွားပါရောဗျာ၊ ကျုပ်လည်း သမုန်းဖူးပြုတ်တွေ နည်းနည်းယူပြီးတော့ ကိုနှောင်းသောက်နေတဲ့ ထန်းရည်အိုးထဲကိုပစ်ထည့်လိုက်တယ်ဗျ၊ ကိုနွေက ထမင်းကုန်းစားနေတော့ ကျုပ်လုပ်တာကိုမြင်မယ်မထင်ပါဘူးဗျာ၊ ကျုပ်လည်း အကြံထုတ်ရင်းနဲ့

“ဟာ၊ ကိုနွေ၊ ဟိုမှာ၊ ဟိုမှာ ဆင်ကြီးဗျ”

ကျုပ်က ထန်းတောအနောက်ဘက်ကို လက်ညှီုးထိုးပြီးပြောလိုက်တော့ ကိုနွေက အလန့်တကြားနဲ့ အနောက်ကိုလှည့်ကြည့်တယ်ဗျ၊ ကျုပ်လည်း ခပ်မြန်မြန်ပဲ ကိုနွေစားမယ့်ထမင်းအလုပ်အပေါ်ကို သမုန်းဖူးပြုတ်လက်တစ်ညှိုးလောက် တင်လိုက်ပါရောဗျာ၊ ကိုနွေက ဝေ့ကြည့်ရင်း

“အလန့်တကြားနဲ့အလတ်ကောင်ရာ၊ ဘယ်မလဲကွ မင်းဆင်ကြီး”

“မဟုတ်ပါဘူးဗျာ၊ ကျုပ်လည်း ထန်းပင်ကိုကြည့်ပြီးတော့ အမြင်မှားသွားလို့ပါဗျ”

ကိုနွေက ထမင်းလုပ်ကိုငုံ့မကြည့်တော့ဘဲ ဆတ်ခနဲကောက်ပြီးတော့ ဝါးလိုက်တယ်ဗျ၊ တမာရွက်နဲ့ သမုန်းရွက်က အရသာချင်းခပ်ဆင်ဆင်ဆိုတော့ ကိုနွေတစ်ယောက် သတိမထားမိဘူးပေါ့ဗျာ၊ စားရင်းစားရင်းနဲ့ ကိုနွေက မျက်နှာကြီးရှုံ့မဲ့သွားတယ်ဗျ၊ ပြီးတော့ ရင်ဘတ်ကိုတဒုန်းဒုန်းထုတယ်၊ တစ်ခုခုထူးခြားနေပြီလို့ ကျုပ်သိလိုက်ပြီလေဗျာ၊ နောက်တော့ ထမင်းပန်းကန်ထဲလက်နှိုက်ပြိးတော့ ငိုင်ကျသွားတယ်ဗျ၊ ဒီအချိန် ကိုနှောင်းတစ်ယောက် အနောက်ကနေပြန်ထွက်လာပါရောဗျာ၊ အလင်တွေလည်း သယ်လို့ဗျ။

“ရော့အလတ်ကောင်၊ မင်းလိုချင်တဲ့ဟာ”

ကျုပ်လည်း ယူပြီးတော့ ထန်းတဲထဲကနေ အမြန်ထွက်ခဲ့ရတယ်၊ ဒါပေမယ့် ခပ်ဝေးဝေးမသွားသေးဘဲ ထန်းပင်တစ်ပင်အနားကနေ စောင့်ကြည့်နေလိုက်တယ်ဗျ၊ ကိုနှောင်းက ပြန်ထိုင်ပြီးတော့ ထန်းရည်အိုးထဲက ထန်းရည်တွေခပ်သောက်တယ်ဗျာ၊ သုံးလေးမှုတ်လောက်သောက်ပြီးတော့ သူ့မျက်နှာကြီးလည်း ရှုံ့လို့မဲ့လို့ဗျ၊ ထန်းရည်အိုးကို မြေပေါ်ကိုပေါက်ခွဲလိုက်တော့ သမုန်းဖူးပြုတ်ဖတ်တွေကို တွေ့သွားပါရောဗျာ၊ အသံနက်ကြီးနဲ့ အော်ဟစ်ပြီး ကိုနှောင်းတစ်ယောက် လဲကျသွားတော့တာပါပဲ။

အိမ်ပြန်ခဲ့တော့ ကျုပ်တို့အိမ်မှာ မိတုတ်ရောက်နေသဗျ၊ သူ့ယောက်ျားနဲ့ ကွာရှင်းဖို့ အဖေ့ကိုလာတိုင်တာပေါ့ဗျာ။ မိတုတ်အမျိုးတွေလည်း အများကြီးရှိတယ်မဟုတ်လားဗျ၊ အဖေက ကိုနှောင်းကိုဆင့်ခေါ်ပါရောဗျာ၊ ကိုနှောင်းက မျက်နှာငယ်ကလေးနဲ့ရောက်လာတယ်ဗျ၊

“ကျုပ်၊ ကျုပ်မှားပါတယ်သူကြီးရာ၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်မိတုတ်ကို ဒီလိုဖြစ်စေချင်တဲ့စိတ်မရှိပါဘူး၊ ဒါပေမယ့် ကျုပ်စိတ်ထဲ စိတ်ရိုင်းတွေဝင်လာပြီးတော့ လုပ်မိလုပ်ရာ လုပ်မိသွားတာပါဗျာ”

“ဟေ့ကောင် ငနှောင်း၊ မင်းက ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူးကွ၊ မင်း မိတုတ်ကိုပြန်တောင်းပန်လိုက်၊ တကယ်လို့ မိတုတ်က မကျေနပ်ဘူးဆိုရင်တော့ ငါကမိတုတ်သဘောအရ မင်းတို့ကိုကွာရှင်းပေးရမှာပဲ”

ကိုနှောင်းက မိတုတ်အရှေ့မှာဒူးထောက်ပြီးတော့ တောင်းပန်ရှာတယ်ဗျာ၊ လင်မယားဆိုတော့လည်း မိတုတ်ဘယ်နေနိုင်ပါ့မလဲ၊ ဒါနဲ့ နောက်ဆုံးတော့ လင်မယားတွေပြန်ပြီးကျေလည်သွားကြတယ်ဆိုပါတော့ဗျာ။

“ကဲ အားလုံးကျေလည်သွားပြီဆိုတော့ လက်ဖက်စားပြီးတော့ ကျေအေးကြမယ်ဟေ့”

“ဟာ၊ အဖေကလည်းဗျာ၊ အမြဲတမ်းလက်ဖက်စားခိုင်းနေတာပဲ၊ ဒီတစ်ခါတော့ လက်ဖက်မစားနဲ့တော့ ဆေးဖက်လည်းဝင်တဲ့ သမုန်းဖူးသုပ်စားပြီး ကျေအေးခိုင်းလိုက်ရင် မကောင်းဘူးလားဗျာ”

အဖေက ကျုပ်ကိုဘာမှပြန်မပြောဘဲ ကြည့်နေသဗျ၊ ကျုပ်လည်း အမေသုပ်ပေးထားတဲ့ သမုန်းဖူးပန်းကန်လေးအရှေ့တိုးပေးပြီးတော့

“ကဲ ကိုနှောင်းတော့လင်မယား သမုန်းဖူးသုပ်တွေ များများသာစားဗျာ၊ ပြီးတော့ ပြေပြေလည်လည်နေကြတော့နော်”

ကိုနှောင်းနဲ့ မတုတ်လည်း ဘုမသိဘမသိနဲ့ ကျုပ်ထိုးပေးတဲ့ သမုန်းဖူးသုပ်ပန်းကန်ကို အားရပါးရစားကြပါတယ်ဆိုပါတော့ဗျာ။

ဇတ်လမ်းကိုပြန်ချုပ်ရရင်တော့ ကိုနှောင်းတို့လင်မယားပေါင်းပြီးတော့ ရွာမှာပြန်နေသဗျ၊ သူတို့ထန်းလု်ပတာလည်း တစ်နှစ်ပဲကြာလိုက်ပါတယ်ဗျာ၊ အဲဒီနှစ်က ထန်းလျက်ဈေးထိုးကျလို့ မမြတ်ဘူးဆိုသဗျ၊ ဒါနဲ့ ကိုကြွက်နီကို ထန်းတောပြန်အပ်ပြီးတော့ အရင်ကလို ရိုးရိုးသားသား လယ်အငှားပြန်လိုက်စားတယ်ဆိုပါတော့ဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်