သူလည်း ကျေနပ်မိသည်
သို့သော် အထက်မှရေထိုးကျသည့် နေရာများမှာတော့ ကန်သင်းများကျိုးနေပြီး ထိုနေရာများကိုလည်း သူ အသင့်ယူလာသော ပေါက်တူးဖြင့် ပြန်လည်ဆည်ဖို့လိုက်သည်။
ထိုသို့ သူကန်သင်းကျိုးများကို ဆည်ဖို့ပြုပြင်နေရင်း ညနေအချိန်သည်လည်း နေပင်အတော်စောင်းလာေနပြီဖြစ်သည် ဒါပေမဲ့ သူပြန်ဖို့စိတ်မကူးသေးပဲ ရောက်မိလက်စနဲ့ ကန်သင်းကျိုးများကိုပြီးစီးအောင် ဆည်ဖို့သွားရန် ဆုံးဖြတ်ထားပြီး အလုပ်ကိုသာ ဆက်လုပ်နေသည်။
ထိုသို့ဖြစ် တဖြည်းဖြည်း မှောင်စပျိုးသည့် အချိန်သိုပင်ရောက်ခဲ့ပြီဖြစ်သည် ထိုအချိန်ရောက်မှ သူလည်း ကန်သင်းကျိုးများကို ဆည်ဖို့တာ ပြီးသွာပြီဖြစ်၍ တဲပေါ်သို့တက်ပြီး ခဏတဖြုတ် ထိုင်နားလိုက်သည်။
ဖိုးခေါင်ကြီးကတော့ ဒီအချိန်ထိ ပြန်ရောက်လာသေးသည့် ပုံမပေါ် ထိုကြောင့် သူလည်း ထိုတဲ၌ ခဏတဖြုတ်နားပြီး ကျောပေါ်တဲသို့ပြန်ရန် ထရပ်လိုက်သည် ထိုအချိန် ကြမှ လယ်ကန်သင်းအတိုင်း တဲဘက်သို့ လာေနေသော လူတစ်ယောက်က
“တဲပေါ်ရောက်နေတာ မြင့်ဆောင်လားကွ”
“ဟုတ်တယ်ဗျာ့ ကျုပ်ပဲ ဒါနဲ့ ဦးဖိုးခေါင်ကြီး အခုမှ ဘယ်ကပြန်လာတာတုန်းဗျာ့”
ကိုမြင့်ဆောင်လည်း ထိုအသံကို ကြားကတည်းက ဦးဖိုးခေါင်ကြီးဖြစ်မှန်း သိလိုက်ပြီး ထိုသို့ပြန်မေးလိုက်ချင်းဖြစ်သည် ထိုအခါ ဦးဖိုးခေါင်ကြီးက
“ငါ မင်းတို့ရွာနားက ငါေနတဲ့အပင်ကို ခဏသွားနေတာကွ ညတုန်းက မင်းတို့ရွာဘက်မှာ ခွေးဟောင်သံတွေ ကြားနေလို့သွားကြည့်လိုက်တာ”
ဦးဖိုးခေါင်ကြီးလည်း ထိုသို့ပြောလာပြီး သူထိုင်နေကြ တဲအပြင်ဘက်ထုတ်ထားသည့် နွားစာကျွေးသည့် စင်လေးပေါ်ကိုတက်ထိုင်လိုက်သည်။ထိုအခါ ကိုမြင့်ဆောင်လည်း တဲအိပ်စင်ပေါ်ကို ပြန်ထိုင်လိုက်ရင်း
“ဟုတ်လားဗျာ့ ဦးဖိုးခေါင် အခုသွားကြည့်တော့ရော ဘာထူးခြားတာ မြင်ခဲ့တုန်း”
“အခု အချိန်ကတော့ ဘာမှမထူးခြားေသးဘူးကွ ငါလည်း ဒီကိုတစ်ခေါက်ပြန်လာကြည့်ပြီး အဲ့ဒီကို ပြန်သွားဦးမလို့”
“ဟုတ်လားဗျာ့ ဒါဆို အကြောင်းထူးရင် ကျုပ်နေတဲ့တဲကို လာပြီးပြောလှည့်ဦး”
“အေးပါကွ ငါလာပြောပါမယ်”
“ကဲဒါဆိုလည်း ကျုပ်ပြန်တော့မယ်ဗျာ”
ကိုမြင့်ဆောင် ထိုသို့နှုတ်ဆက်လိုက်တော့ ဖိုးခေါင်ကြီးက
“အေးကွာ ငါလည်း ခဏနေရင် ရွာဘက်ကိုတစ်ေခါက် သွားကြည့်လိုက်ဦးမယ်”
ထိုသို့ဖြစ် သူလည်း ဖိုးခေါင်ကြီးဒီမှာ ကြာကြာနေမည်မဟုတ်၍ ကျောပေါ်တဲသို့ ပြန်ခဲ့လိုက်တော့သည်။
(၂)
ထိုသို့ ပြန်ရာ၌ အလာတုန်းက ဖြတ်ချခဲ့သည့် လမ်းအတိုင်း မပြန်တော့ပဲ လှည်းလမ်းအတိုင်း ထိမ်ပင်ရွာဘက်မှ လှည့်ပြန်လာခဲ့သည်။
ထိုလမ်းသည် ခရီးဝေးသော်လည်း ညညက်အခါ သွားဖို့ သင့်တော်ပြီး
ဖြတ်ချလာခဲ့သော လမ်းကမူ တောတောင်ထူထပ်ပြီး လမ်းလည်း ဟုတ်တိပတ်တိမရှိ၍ ညညက်အခါ သွားဖို့မသင်တော်ပေ။
ထိုသို့ဖြစ် ကိုမြင့်ဆောင်လည်း ထိမ်ပင်ရွာသို့သွားသည့် လည်းလှမ်းအတိုင်း လျှေက်ပြန်လာရင်း ထိမ့်ပင်ရွာထဲကို မဝင်တော့ပဲ ရွာတောင်ဘက်လယ်ကန်သင်းများမှနေပြီး ထိပ်ပင်သရဲရှိသည့် လှည်းလမ်းပေါ်ကို ဖြတ်တက်လာခဲ့သည်။ထိုလှည်းလမ်းအတိုင်တက်သွားလျှင် ကျော်ပေါ်သို့ စရောက်ပြီဖြစ်ပြီး ထိုလမ်းအတိုင်း လိုက်သွားပြီး သရဲအခြောက်ကြမ်းသော သိုက်တန်းရောက်ခါနီး၌ တောင်ဘက်သို့ခွဲထွက်သွားသော လှည်းလမ်းတစ်လမ်းရှိပြီး ထိုလှည်းလမ်းအတိုင်း လိုက်သွားလျှင်ဖြင့် သူတို့၏တဲရှိရာသို့ ရောက်မည်ဖြစ်သည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင်လည်း ထိမ်ပင်ရွာလှည်းလမ်းအတိုင်း ကျောပေါ်သို့ တက်လာခဲ့ပြီး သူတို့တဲရှိရာသို့ သွားနိုင်မည့် လမ်းခွဲလေးအရောက်၌ တောချောင်းရွာမှ ဒေါ်ဖွားအူကြီး ကိုတွေ့လိုက်ရပြီး
“အရီး ဖွားအူ ဘယ်သွားမလို့တုန်းဗျာ့”
ကိုမြင့်ဆောင် ထိုသို့ ဖော်ဖော်ရွေရွေ နှုက်ဆက်လိုက်ပေမဲ့ ဒေါ်ဖွားအူကတော့ ထိုသို့မဟုတ်ပဲ
“ငါ့ဟာငါ ဘယ်သွားသွား နင်နဲ့မဆိုင်ဘူး ကို့လမ်းကိုသွား အပိုတွေလျှောက်မေးမနေနဲ့”
ဒေါ်ဖွားအူ ထိုသို့ ဒေါနှင့်မောနှင့် ပြန်ပြောလိုက်တော့ ကိုမြင့်ဆောင်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီးမှ
“အေးပါဗျာ ဒေါ်ဖွားအူ မကြိက်ရင်လည်း မမေးတော့ပါဘူး”
ကိုမြင့်ဆောင် ထို့သို့သာပြောလိုက်ပြီး ဒေါ်ဖွားအူနောက် ခပ်ကွာကွာမှ
တဟီးဟီး အသံကြီးကို ကြားလိုက်ရ၍ ကြည့်လိုက်မိသည် ထိုအခါ သွားစွယ်တဖွေးဖွေးဖြင့် သူ့ကိုကြည့်ပြီး မာန်ဖီနေသော ခွေးနက်ကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ကိုမြင့်ဆောင် ရုတ်တရက်အံ့ဩသွားသည်။ ထိုခွေးနက်ကြီး ထိုနေရာသို့ ဘယ်အချိန်တုန်းက ရောက်လာမှန်း သူမသိလိုက် နောက်ပြီး ထိုခွေးနက်ကြီးသည် သာမာန်ခွေး အရွယ်အစားမကပဲ လူကြီးခါးစောင်းလောက်ပင် အမြင့်ရှိပြီး မျက်လုံးနှစ်လုံးမှာလည်း နီရဲနေသည်။ ထို့ကြောင့် ကိုမြင့်ဆောင်လည်း ထိုခွေးနက်ကြီးကို မြင်လိုက်ယုံနှင့် သာမာန်ခွေးတစ်ကောင် မဟုတ်မှန်း သိလိုက်ပြီး ဒေါသဖြစ်နေသော ဒေါ်ဖွားအူနှင့်တော့ ဘယ်လိုပတ်သက်နေမှန်းသူမသိ ဒါကြောင့် ကိုမြင့်ဆောင်လည်း ဒေါ်ဖွားအူကို ဘာမှဆက်ပြောမေနတော့ပဲ သူတို့တဲဘက်သို့သွားသည့် လမ်းခွဲလေးအတိုင်း ထွက်လာခဲ့လိုက်သည်။
သူထိုသို့ ထွက်လာသည်နှင့် ဒေါ်ဖွားအူလည်း ထိမ်ပင်ရွာဘက်ကိုဆက်ထွားသွားသည်။ကိုမြင့်ဆောင်လည်း ဒေါ်ဖွားအူ ထွက်သွားပြီး သိပ်မကြာခင် ရှေ့သိုသွားနေရင်းမှ နောက်ကိုပြန်လှည့် ကြည့်လိုက်သည်။
ထိုအခါ စောစောက သူ့ကို မာန်ဖီနေသော ခွေးနက်ကြီးသည် ဒေါ်ဖွားအူနောက်ကို လိုက်သွားတာမြင်လိုက်ရပြီး ထိုခွေးနက်ကြီးကို ဒေါ်ဖွားအူခေါ်လာခဲ့မှန်းသိလိုက်သည်။
ကိုမြင့်ဆောင်လည်း ထိုမကောင်းဆိုးဝါး ခွေးနက်ကြီးကိုခေါပြီး ဒေါ်ဖွားအူတစ်ယောက် ဘာလုပ်မည်ကိုသိလို၍ နောက်က လိုက်ကြည့်ရန်ပင် စိတ်ကူးမိလိုက်သည် သို့သော် သူ တဲအပြန်နောက်ကြလျှင် ကိုပြူးနှင့်မောင်စိုး စိတ်ပူနေမှာဆိုး၍ လိုက်မကြည့်ဖြစ်တော့ပဲ တဲသို့သာပြန်လာခဲ့တော့သည်။သို့သော် သူ့စိတ်ထဲမှာတော့ ဒေါ်ဖွားအူနှင့် ခွေနက်ကြီးအကြောင်းကိုသာ သိချင်နေပြီး စိတ်ထဲမှာလည်း ထိုအကြောင်းကိုသာ တွေးနေမိသည်။
ထိုသို့ဖြစ် သူတဲသို့ပြန်ရောက်တော့ ညကိုးနာရီ အချိန်ခန့်ပင်ရှိပြီဖြစ်ပြီး သူလည်း ထိုအခါမှ ရေမိုးချိုးထမင်းစားသောက်လိုက်ရသည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင်တစ်ယောက် ရေမိုးချိုး ထမင်းစားသောက်ပြီးတော့လည်း အိပ်၍မပျော်ပဲ ဒေ့ါ်ဖွားအူနှင့်ခွေးနက်ကြီး အကြောင်းကိုသာ စဉ်းစားနေမိသည်။
ဒီလိုနဲ့ ညသန်းခေါင် အချိန်ရောက်တော့ သူလည်း အိပ်၍မပျော်သည်နှင့် တုံးလုံးလှဲနေရာမှ ထလိုက်ပြီး နွားမီးဖိုကို ထင်းထပ်ထည့်ပေးလိုက်သည်။ ထိုသို့ နွားမီးထည့်နေရင်းလည်း ဖိုးခေါင်ကြီးများ ရောက်လာလေမလားဟုတွေးပြီး အနီးအနားကိုလည်း ဂရုတစိုက်ကြည့်နေမိသည်။သို့သော် ဖိုးခေါင်ကြီး သူ့ဆီရောက်မလာ၍ ရွာထဲမှာဘာထူးခြားမှုမျှ မရှိ၍ ဖြစ်မည်ဟုထင်လိုက်သည်။ ထိုသိုဖြစ် သူလည်းတဲပေါ်ပြန်တုံးလုံးလှဲလိုက်ရင်း ဘယ်အချိန်အိပ်ပျော်၍ အိပ်ပျော်သွားမှန်း မသိလိုက်တော့ပေ
(၃)
ထိုသို့ဖြစ် နောက်နေ့ နေ့လည် ကိုမြင့်ဆောင်အလုပ်နားချိန် ချောက်ထဲရှိရေတွင်းမှာ ရေချိုးနေခိုက် သူ့ဆီသို့ဖိုးခေါင်ကြီး ရောက်လာပြီး
“မြင့်ဆောင် မင်းတို့ ရွာထဲက ခွေးတွေညဘက်ဟောင်နေရတဲ့ အကြောင်းကို ငါသိပြီကွ”
“ဟုတ်လားဗျာ့ ဒါဆိုလဲ ပြောစမ်းပါဦး”
“ဒီလိုကွ ညဘက်ရောက်ရင် မင်းတို့ရွာကို ခွေးနက်ကြီးတစ်ကောင် ပတ်နေတယ် အဲ့ဒီခွေးနက်ကြီးကိုမြင်ပြီး ရွာထဲကခွေးတွေ ဟောင်နေကြတာ”
“ဟုတ်လားဗျာ့ ဒါနဲ့ အဲဒီခွေးနက်ကြီးက ဘယ်အရွယ်လောက်ရှိတုန်း”
“လူကြီးခါးစောင်းလောက် ရှိတယ်ကွ အဲ့ဒါ မကောင်းဆိုးဝါတစ်ကောင်ပဲ ရိုးရိုးသာမန်ခွေးမဟုတ်ဘူး”
ဦးဖိုးခေါင် ရွာကိုခွေနက်ကြီးတစ်ကောင် ပတ်နေတယ်ဆိုကတည်းက ထိုခွေးနက်ကြီးသည် ဒေါ်ဖွားအူနောက်မှ လိုက်သွားသောခွေးနက်ကြီးများဖြစ်နေမလားလို့ ကိုမြင့်ဆောင် သံသယဝင်သွားပြီး
ပိုပြီးသေချာအောင် အရွယ်အစားကိုမေးလိုက်ချင်းဖြစ်သည်။ယခု ဦးဖိုးခေါင်ကြီး ပြောလိုက်သော ခွေးနက်ကြီး၏ အရွယ်အစားသည် သူလမ်းမှာတွေ့ခဲ့သော ဒေါ်ဖွားအူနောက်မှ ပါလာသည့် ခွေနက်ကြီး၏ အရွယ်အစားဖြစ်ပြီး ထိုခွေးနက်ကြီး ရွာကိုပတ်နေသည်မှာလည်း ဒေါ်ဖွားအူနှင့် သက်ဆိုင်နေမည်ဖြစ်သည်။ထိုကြောင့် ကိုမြင့်ဆောင်က
“ဒါနဲ့ ဦးဖိုးခေါင် အဲ့ဒီခွေးနက်ကြီး ရွာကိုရောက်လာတာ တစ်ကောင်တည်းလားဗျာ့ အဲ့ဒီခွေးနက်ကြီးနဲ့အတူ လူတစ်ယောက်ရော မပါဘူးလား”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဦးဖိုးခေါင်ကြီးက
“ပါတယ်ကွ မိန်းမကြီးတစ်ယောက်ပါတယ် အဲ့ဒီခွေးနက်ကြီးကို သူခေါ်ခဲ့တာပဲ”
ဖိုးခေါင်ကြီးဆီမှ ထိုစကားသံကိုကြားလိုက်တော့ ကိုမြင့်ဆောင် ထိုမိန်းမကြီးသည် ဒေါ်ဖွားအူဖြစ်မှန်းသိလိုက်ပြီး ဒေါ်ဖွားအူကြီး သူတို့ရွာကို ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာကို စဉ်းစာနေမိသည်။ထို့နောက် အတန်ကြာတော့မှ
“ကဲ ဦးဖိုးခေါင်း ကျုပ်ဒီည ရွာကိုပြန်ခဲ့မယ်ဗျာ ခင်ဗျားလည်း ဒေါ်ပျော့ အကွက်ထဲက သစ်ပင်မှာပဲနေလိုက်ပေါ့ ကျုပ်အဲ့ဒီကို လာခဲ့မယ်”
“အေး ဒါဆိုလည်း ငါပြန်တော့မယ်”
ဖိုးခေါင်ကြီးလည်း ထိုသို့ပြောပြီး ကျတ်တက်လျှိုဘက်သို့ ပြန်ထွက်သွားသည်။ထိုအခါ သူလည်း တဲပေါ်ပြန်တက်လာခဲ့ပြီး
“ငပြူး ငါ ဒီညရွာပြန်လိုက်ဦးမယ်ကွာ မင်း မောင်စိုးကိုဂရုစိုက်လိုက်ဦး”
“အေးပါကွ ဒါနဲ့ မင်းကရွာကို ဘာပြန်လုပ်မှာတုန်း”
“ဒီလိုကွ တို့ရွာကို ခွေးနက်ကြီးတစ်ကောင် ပတ်နေလို့တဲ့ အဲ့ဒါ ငါပြန်ပြီးကြည့်လိုက်ဦးမယ်”
“ဟုတ်လားကွ ဒါဆို ငါရောလိုက်ခဲ့လို့မရဘူးလား”
“မရဘူးကွ မင်းပါလိုက်ခဲ့ရင် ဒီမှာမောင်စိုး တစ်ယောက်ပဲ ကျန်နေမှာပေါ့”
“အေးကွ အဲ့ဒါလဲဟုတ်တယ် ဒါနဲ့ နေပါဦးကွ အဲ့ဒီအကြောင်းကို မင်းကိုဘယ်သူလာပြောတာတုန်း”
“ဘယ်သူရှိရမှာတုန်းကွာ ဦးဖိုးခေါင်ကြီး လာပြောတာပေါ့”
“ဟုတ်လားကွ ဒါဆိုဦးဖိုးခေါင်ကြီးက ကျတ်တက်လျှိုထဲတင်မကဘူး ရွာအတွက်ပါ အားကိုးနေရပြီးပေါ့”
“အေးပေါ့ကွာ သူလည်းဒို့နဲ့ပတ်သက်ပြီး ရွာကိုပါ သံယောဇဉ်ရှိသွားတယ်နေမှာပေါ့”
“အေးလေ ဒါဆိုလဲမင်းသွားလိုက်ပေါ့ ဒီကကိစ္စတွေအတွက်တော့ ပူမနေပါနဲ့ ငါ့တာဝန်ထားလိုက်”
“အေး ဒါဆိုလည်း ငါထမင်းစားပြီးရင် သွားတော့မယ်ကွာ”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောပြီး ကိုပြူး မောင်စိုးတို့နဲ့အတူ နေ့လည်စာ စားလိုက်သည်။ထိုနောက် တဲ၌ခဏတဖြုတ်နေလိုက်ပြီးကျတ်တက်လျှိုသို့ ဖြတ်ချ၍ ထိုမှတဆင့် ရွာကိုပြန်လာခဲ့တော့သည်။
(၄)
သူ ရွာကိုပြန်ရောက်တော့ ညနေလေးနာရီခန့်ရှိနေပြီဖြစ်သည်။
သူလည်း ဦးဘိုးခင်၏အိမ်ကို အရင်ဝင်လိုက်ပြီး သူပြန်လာတာကိုမြင်တော့ ဦးဘိုးခင်က
“မောင်မြင့်ဆောင် မင်းပြန်လာတာနဲ့ အတော်ပဲကွာ လာထိုင် အခုဆို ညညရွာမှာ ခွေးတွေအရမ်းဟောင်ေနတယ်ကွ”
“ဟုတ်ကဲ့ဦးကြီး ကျုပ်လည်း အဲ့ဒီကိစ္စကြောင့် ရွာကိုပြန်လာတာပဲ”
“ဟုတ်လားကွ အေးကွာ မင်းတို့ရွာမှာမရှိတော့လည်း ညညခွေးတွေ ထူးထူးဆန်းဆန်း ဟောင်နေရင်တောင် ထကြည့်မဲ့သူ မရှိဘူးကွ”
“ဟုတ်ကဲ့ဦးကြီး ဒါကလည်း ရွာထဲကလူတွေတော်တော်များ နှမ်းကြဲတက်နေတော့ ရွာမှာ လူငယ်လူရွယ်တွေ သိပ်မကျန်ခဲ့လို့ ဖြစ်ပါလိမ့်မယ်”
“အင်း မင်းပြောတာလဲ ဖြစ်နိုင်တယ်ကွ ဒါနဲ့ ငပြူးနဲ့မောင်စိုးကိုရော သေချာမှာခဲ့ရဲ့လား”
“ဟုတ်ကဲ့ဦးကြီး ငပြူးက ကျွန်တော်မရှိရင်တော့ စိတ်ချရပါတယ်”
“အေးကွာ ဒါဆိုလဲ မင်းရေမိုးချိုးလိုက်ဦး ညစာစားပြီးမှပဲ မင်းလုပ်စရာရှိတာဆက်လုပ်ပေါ့”
“ဟုတ်ကဲ့ဦးကြီး”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောပြီး ရေတွင်းဘက်ကိုထွက်လာခဲ့သည်။ထိုနောက် ရေမိုးချိုးပြီးတော့ အိမ်အောက်တန်းလျှားပေါ်တွင်ထိုင်ပြီး ဦးဘိုးခင်နှင့် နှမ်းကြဲနေသည့်ကိစ္စများကို ပြောဆိုနေကြရင်းတဖြည်းဖြည်း မိုးချုပ်လာပြီဖြစ်၍ ညစာစားလိုက်ပြီး ဖိုးခေါင်ကြီးရှိသည့် ဒေါ်ပျော့၏ ယာကွက်ထဲသို့ထွက်လာခဲ့တော့သည်။
သူထိုနေရာသို့ရောက်တော့ သူ့ကိုအသင့်ရပ်စောင့်နေသော ဖိုးခေါင်ကြီးက
“မြင့်ဆောင် ရောက်လာပြီလားကွ”
“အေးဗျာ့ ရောက်လာပြီး ဒါနဲ့ ဦးဖိုးခေါင်ပြောတဲ့ ခွေးနက်ကြီးက ရွာကိုဘယ်အချိန်လောက် စပတ်တာတုန်းဗျာ့”
“သိပ်တော့ ညည့်မနက်ဘူးကွ ခပ်စောစောပဲ”
“ဟုတ်လားဗျာ့ ဒါဆိုလဲ ကျုပ်တို့ဒီည ဘယ်အချိန်လာမတုန်းစောင့်
ကြည့်တာပေါ့ ဒါနဲ့ အဲ့ဒီခွေးနက်ကြီးက ဘယ်ဘက်ကလာတာတုန်းဗျာ့”
“ရွာအနောက်ဘက် လှည်းလမ်းအတိုင်း လာတာကွ”
ဒါဆိုရင်တော့ သူထင်ထားသည့်အတိုင်း ဒေါ်ဖွားအူ၏ ခွေးနက်ကြီးဖြစ်မည်ဆိုတာ သေချာသွားပြီးဖြစ်သည်။ထို့ကြောင့် သူတိုလည်း ထိုဒေါ်ပျော့၏ အကွက်ထဲမှနေပြီး ရွာအနောက်ဘက် လှည်းလမ်းဘေးရှိ သန်းအေး နေခဲ့ဘူးသည့် မန်ကျီးပင်အောက်သိုသွားလိုက်ကြသည်။
ထိုနေရာကဆိုလျှင် ဒေါ်ဖွားအူနှင့်ခွေးနက်ကြီးရောက်လာတာကို ကြိုသိနိုင်ပြီး ခွေးနက်ကြီး ရွာကိုမပတ်နိုင်အောင် တားဆီးနိုင်မည်ဖြစ်သည်။
ထိုသို့ဖြစ် သူနဲ့ဦးဖိုးခေါင်ကြီးလည်း ထိုလှည်းလမ်းဘေးရှိ မန်ကျီးပင်အောက်၌ ဒေါ်ဖွားအူရောက်လာမည့် အချိန်ကို စောင့်နေကြရင်း
ညဆယ်နာရီခွဲပိုပိုလောက်၌ သင်္ချိုင်းဘက်ကနေပြီး ဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြီးကို ကြားလိုက်ရသည်။ထိုခွေးအူသံကြီးကို ကြားလိုက်သည်နှင့် တပြိုင်နက် ရွာထဲမှခွေးများ၏ဟောင်သံကိုပါ ကြားလိုက်ရပြီး ဖိုးခေါင်ကြီးက
“မြင့်ဆောင် အဲ့ဒါရွာကိုပတ်နေတဲ့ ခွေးနက်ကြီးရောက်လာတာပဲကွ”
“ဟုတ်လားဗျာ့ ဒါဆိုလည်း ကျုပ်တို့ဒီည အဲ့ဒီခွေးနက်ကြီး ရွာကိုမပတ်နိုင်အောင် လုပ်တာပေါ့”
ကိုမြင့်ဆောင် ထိုသို့ပြောပြီး သင်္ချိုင်းဘက်ကိုကြည့်နေသည်။ထိုအခါ လှည်းလမ်းအတိုင်း တောင်ဝှေးကိုထောက်လျှက် ရွာဘက်ကိုလာနေသော ဒေါ်ဖွားအူနှင့် သူ၏နောက်မှခွေးနက်ကြီးကိုမြင်လိုက်ရသည်။သူလည်း အပြင်မထွက်သေးပဲ မန်ကျီးပင်အောက်ကပင်စောင့်နေလိုက်သည်။
ထိုသို့ဖြစ် ခဏကြာတော့ ဒေါ်ဖွားအူ သူရှိနေသည့် မန်ကျီးပင်နားသို့
ရောက်လာသည် ထိုအခါမှသူလည်း မန်ကျီးပင်အောက်မှ ထွက်လိုက်ပြီး
“ဒေါ်ဖွားအူ ဘယ်သွားမလို့တုန်းဗျာ့”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဒေါ်ဖွားအူက သူ့ကိုစိမ်းစိမ်းကြီးကြည့်ပြီး
“နင်လာပြန်ပြီလား”
“ကျုပ်လာတာ မဟုတ်ပါဘူးဗျာ့ ဒေါ်ဖွားအူသာ ဒီကိုရောက်လာတာပါ”
“ငါဟာငါ ရောက်လာလာ မလာလာ နင်နဲ့မဆိုင်ဘူး”
ဒေါ်ဖွးအူ ဒေါနဲ့မောနဲ့ ပြောလိုက်တော့ ကိုမြင့်ဆောင်ကလည်း
“ဆိုင်တာပေါ့ဗျာ့ ဒါကျုပ်ရွာပဲ ကျုပ်ရွာကို
ခင်ဗျားဒုက္ခလာမပေးပါနဲ့ ကိုယ်ဟာကိုအေးအေးဆေးဆေးပြန်တော့”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဒေါ်ဖွးအူးပို၍ဒေါသဖြစ်သွားပြီး
“နင်ကများငါကို လာပြန်ခိုင်းနေရတယ်လို့ ဖွားအူအကြောင်းမသိဘူးလား”
ဒေါ်ဖွားထိုသို့ပြောပြီး သူ့နောက်မှ ခွေးနက်ကြီးကို လှည့်ကြည့်လိုက်သည် ထိုအခါခွေးနက်ကြီးက ကိုမြင့်ဆောင်ကို ဒေါသတကြီး ကြည့်နေပြီး ပါးစပ်ကြီးတဖြဲဖြဲဖြင့် ရှိနေသည်။ထိုခွေးနက်ကြီးသည် မကောင်းဆိုးဝါခွေးတစ်ေကာင်ဖြစ်၍ထင်သည် လူကို ဟောင်ချင်းပြုချင်းမရှိပဲ တဟီးဟီးဖြင့်သာ မာန်ဖီနေသည်။ကိုမြင့်ဆောင်လည်း ဖိုးခေါင်ကြီးပါလာ၍ ထိုခွေးနက်ကြီးကို ဂရုမစိုက်ပဲ
“ဒေါ်ဖွားအူး ခင်ဗျားဘာကြောင့် ဒီလိုလုပ်နေရတာတုန်းဗျာ့ ကျုပ်ကိုသိအောင် ပြောစမ်းပါဦး ဖြေရှင်းလို့ရတဲ ကိစ္စဆိုရင် ကျုပ်ဖြေရှင်းပေးပါမယ်”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပေမဲ့ ဒေါ်ဖွားအူကတော့ လက်မခံပဲ
“မလိုဘူး ငါ့ကိစ္စငါကိုယ်တိုင်ဖြေရှင်းမယ် နင်ပါစရာမလိုဘူး”
ဒေါ်ဖွားအူ ထိုသို့ပြန်ပြောလိုက်တော့ ကိုမြင့်ဆောင်လည်း
“မဟုတ်သေးပါဘူးဗျာ ခင်ဗျားမကျေနပ်တာကို လူတွေသိအောင် ပြောမှပေါ့ဗျာ့ ဒီအတိုင်းကြီး ကိုထင်တာလျှောက်လုပ်နေလို့ ဘယ်ဖြစ်မတုန်း”
“ဒီမယ် နင်ငါ့ကို ဆရာလာလုပ်မနေနဲ့ နင်လည်းဒီရွာသားပဲ ကဲ ငမဲ ဒီကောင့်ကိုပါ ကိုက်လိုက်စမ်း”
ဒေါ်ဖွားအူ ထို့သို့ ပြောပြီး သူနောက်မှခွေးနက်ကြီးကို လှည့်ကြည့်လိုက်သည် ထိုအခါ ခွေးနက်ကြီးက ကိုမြင့်ဆောင်ကို ဘယ်အချိန်ကတည်းက ကိုက်ချင်နေသည်မသိ ရုတ်တရက်ရှေ့တိုးလားပြီး ခုန်အုပ်လိုက်သည်။ ထိုအခါ မန်ကျီးပင်အောက်မှ ရပ်ကြည့်နေသောဖိုးခေါင်ကြီးက ကိုမြင့်ဆောင်ရှေ့သို့ရောက်လာပြီး ခွေးနက်ကြီး၏ ပါးစပ်နှစ်ချမ်းကိုဖြဲကာ အဝေးသို လွင့်ပစ်လိုက်သည်။
ဖိုးခေါင်ကြီး ထိုသို့ သူခေါ်လာသည့် ခွေးနက်ကြီး၏ပါးစပ်ကိုဖြဲပြီး လွင့်ပစ်လိုက်တာမြင့်တော့ ဒေါ်ဖွးအူလည်း ရုတ်တရက် ကြောင်ငေးသွားပြီးမှ
“အော် နင်ကလည်း ငါ့လိုပါပဲလား မကောင်းတဲ့အကောင်တွေ မွေးထားပြီး ခိုင်းစားတယ်ပေါ့”
ဒေါ်ဖွားအူ ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒီမယ် ဒေါ်ဖွားအူ ဒါကျုပ်မိတ်ဆွေဗျာ့ ခင်ဗျာ့ ခေါ်လာတဲ့ အကောင်လို မကောင်းဆိုးဝါမဟုတ်ဘူး”
“ဟင်း တစ္ဆေသရဲ တစ်ကောင်လုံးမြင်နေရတာတောင် မကောင်း ဆိုးဝါး မဟုတ်ဘူးဆိုတော့ နင်ရူးများနေလား”
ဒေါ်ဖွားအူ ထိုသို့ မဲ့ရွဲ့ေပြာလိုက်တော့ ကိုမြင့်ဆောင်က
“ဒီမယ် ဒေါ်ဖွားအူ တစ္ဆေသရဲဆိုတိုင်း မကောင်းဆိုးဝါမထင်နဲ့ ဦးဖိုးခေါင်ကြီးပြောလို့ ခင်ဗျားရွာကို ဒုက္ခပေးနေတယ်ဆိုတဲ့အကြောင်းသိရတာ ဒါကြောင့် ဦးဖိုးခေါင်ကြီးက ခင်ဗျားခေါ်လာတဲ့ တစ္ဆေသရဲတွေလို မကောင်းဆိုးဝါးမဟုတ်ဘူး”
ကိုမြင့်ဆောင်လည်း ဖိုးခေါင်ကြီးကို မကောင်းဆိုးဝါဟုပြော၍ မကျေနပ်ပဲပြန်ပြောလိုက်ချင်းဖြစ်ပြီး ဒေါ်ဖွားအူက
“ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါရှုံးသွားပြီလို့ သဘေားထားလိုက်မယ် အေး နောက်နေ့ကြရင်တော့ ဒီထက်ဆိုးတဲ့ အကောင်ကိုခေါ်လာပြီး နင်တို့ရွာကိုပြန်လာခဲ့ဦးမယ် အဲ့ဒီအခါကြရင် နင့်အကောင် ဒီလိုလုပ်နိုင်ဦးမလားဆိုတာကြည့်ကြသေးတာပေါ့”
ဒေါ်ဖွားအူလည်း ဖိုးခေါင်ကြီးကိုကြည့်ကာ ထိုသို့ပြောလိုက်ပြီး သူ၏ပါးစပ်နှစ်ချမ်းပြဲသွားပြီဖြစ်သော ခွေးနက်ကြီးကိုခေါ်၍ ထွက်သွားမည်အပြု ကိုမြင့်ဆောင်က
“ဒီမယ်ဒေါ်ဖွားအူ ခင်ဗျား သေသေချာချာ စဉ်းစားပြီး ကျုပ်ပြောတာကို နားထောင်ပါဦး ခင်ဗျား ဘာကြောင့် ဒီလိုလုပ်နေရတာလဲဆိုတာ ကျုပ်ကိုပြောပြစမ်းပါ”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဒေါ်ဖွားအူက
“ငါ ဒီလိုလုပ်နေတာ နင်တို့ရွာကလူတွေကို မကျေနပ်လို့ပဲ”
“မကျေနပ်တာတော့ ဟုတ်ပါပြီး ဒါနဲ့ ဘာကြောင့် မကြေနပ်တာတုန်းဗျာ့”
“နင်တို့ရွာကနွားတွေ ငါအကွက်ထဲက အပင်တွေကို ဝင်စားလို့ဟေ့ အဲ့ဒါ အခု ငါစိုက်ထားတဲ့အပင်တွေ နင်တို့ရွာကနွားတွေစားလို့ကုန်ပြီ”
ဒေါ်ဖွားအူ ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင် သေချာစဉ်းစားကြည့်လိုက်ပြီး
“နေပါဦးဗျာ့ဒေါ်ဖွားအူ ခင်ဗျားစိုက်ထားတဲ့ အပင်တွေကို ကျုပ်တို့ရွာကနွားတွေဝင်စားတယ်ဆိုတာ သေချာလို့လား နောက်ပြီး ကိုယ်တိုင်ရောမြင်ခဲ့လို့လား”
“ကိုတိုင်တော့ မြင်မလားဟဲ့ ကိုတိုင်မြင်မှာတော့ ဘယ်သူ့နွား ဘယ်သူ့နွားဆိုတာသိပြီး အဲ့ဒီလူကိုပဲလုပ်မှာပေါ့ အခုဟာက အဲ့ဒီလိုမသိလို့နင်တို့တစ်ရွာလုံးကို ဒုက္ခပေးဖို့ရောက်လာတာ”
“မဟုတ်သေးပါဘူး ဒေါ်ဖွားအူရာ ခင်ဗျားတို့ တောချောင်းရွာနဲ့ ကျုပ်တို့သလဲကုန်း ဒီလောက်ဝေးတာ ကျုပ်တို့ရွာကနွားတွေ ဝင်စားတာဖြစ်နိုင်ပါ့မလားဗျာ့”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ အနည်းငယ်စဉ်ူစားသွားပြီး ဒေါ်ဖွားအူက
“ထိမ်ပင်ရွာက လူတွေပြောတာတော့ နင်တို့ရွာကနွားတွေ ဝင်စားသွားတာတဲ့”
“မဟုတ်ပါဘူးဗျာ အဲ့ဒါထိမ်ပင်ရွာက လူတွေ ဒေါ်ဖွားအူကိုကြောက်လို့ သက်သက်မဲ့ ကျုပ်တို့ရွာကို လွဲချလိုက်တာပဲဗျာ့”
“အေး ဘယ်ရွာကနွားပဲဖြစ်ဖြစ် ငါ့အကွက်ထဲက ဝင်စားသွားတဲ့ နွားကိုတော့ အလွတ်မပေးဘူး တနေ့ငါသိလို့ကတော့ အဲ့ဒီနွားရောနွားပိုရှင်ရော သေပြီသာမှတတ်”
ဒေါ်ဖွားအူ ထိုသို့ ကြိမ်းမောင်းပြောဆိုလိုက်တော့ ကိုမြင့်ဆောင်က
“ဒေါ်ဖွားအူ ဒီလိုလုပ်ဗျာ ကျုပ်မနက်ဖန် ကျုပ်တို့ရွာထဲရော ထိမ်ပင်ရွာထဲကိုရော လိုက်ပြီး မေးကြည့်လိုက်မယ် တကယ်လို့ ဒေါ်ဖွားအူစိုက်ထားတဲ့ အပင်တွေကို ဘယ်သူ့နွားဝင်စားတယ်ဆိုတာသိရင် အဲ့ဒီလူကို အကြိုအကြောင်းပြောပြီး အပင်တွေရဲ့တန်ဖိုးကို လျှော်ပေးခိုင်မယ်ဗျာ
ဒီလိုဆို ဒေါ်ဖွားအူ ကျေနပ်နိုင်မလား”
ကိုမြင့်ဆောင်လည်း သီးပင်စားပင်အနည်းငယ်အတွက်နဲ့ လူရောနွားရော ဒုက္ခမရောက်စေလို၍ ထိုသို့ပြောလိုက်ချင်းဖြစ်ပြီး ဒေါ်ဖွားအူကလည်း
“အေး ငါ့ အပင်တွေရဲ့ တန်ကြေးကိုရရင်တော့ ငါကျေနပ်နိုင်ပါတယ် ဒီလိုမှမဟုတ်ရင်တော့ ငါသတင်းအတိအကြရအောင် စုံစမ်းခိုင်ပြီး အဲ့ဒီလူကို ငါပြောတဲ့အတိုင်း ဖြစ်အောင်ကိုလုပ်မယ်”
“ကောင်ပါပြီဗျာ ဒါဆိုကျုပ်မနက်ဖန် ရွာနှစ်ရွာလုံးကိုလိုက်မေးပြီး
ဒေါ်ဖွားအူဆီကို လာခဲ့ပါမယ် ကျုပ်ရောက်အောင်တော့စောင်ပါဦး”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဒေါ်ဖွားအူလည်း
“အေး ဒါဆိုရင်တော့ မနက်ဖန်တစ်ရက် နင့်ကိုငါစောင့်လိုက်မယ် မနက်ဖန်မှ နင်ပြောတဲ့အတိုင်းမဖြစ်ရင်တော့ ငါ့အကောင်တွေကို စုံးစမ်းခိုင်းပြီး အဲ့ဒီလူ ဘယ်ရွာကပဲဖြစ်ဖြစ် သေပြီသာမှတ်”
ဒေါ်ဖွားအူလည်း ကိုမြင့်ဆောင်ကို ထိုသို့ပြန်ပြောပြီး သူလာခဲ့သည့် လမ်းအတိုင်း လှည့်ပြန်သွားတော့သည်။
ကိုမြင့်ဆောင်လည်း ထိုအခါ
ရွာထဲသို့ပြန်ဝင်လာခဲ့ပြီး ဖိုးခေါင်ကြီးသည်လည်း ဒေါ်ပျော့၏အကွက်
ထဲသို့ ပြန်သွားလေတော့သည်။
ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်တစ်ယောက် တဲကို မပြန်နိုင်သေးပဲ ရွာထဲ၌ မည်သူ့နွားများ ဒေါ်ဖွားအူ၏ စိုက်ခင်းထဲကို ဝင်စားသေးတုန်းဆိုတာ လိုက်မေးကြည့်လိုက်သည်။သို့သော်
သူထင်သည့် အတိုင်းပင် ဝေးလံလှသော ထိုနေရာသို့ နွားသွားမကျောင်းကြ ထိုကြောင့် ကိုမြင့်ဆောင်လည်း ထိမ်ပင်ရွာသို့သွား၍ ရွာလူကြီး ဦးစိန်တင်ကို အကျိုးအကြောင်း ပြောပြလိုက်သည်။
ထိုအခါ ဦးစိန်တင်ကလည်း သူ့ရွာထဲရှိ နွားရှိသူများကို လိုက်၍ေမေးကြည့်လိုက်သည် ထိုအခါမှ ထိမ်ပင်ရွာ နွားကျောင်းသားများ၏ နွားများ ဝင်စားချင်းဖြစ်ကြောင်းသိလိုက်ပြီး သူတို့လည်း ဒေါ်ဖွားအူကြီးကိုကြောက်၍ သလဲကုန်းရွာမှနွားများ ဝင်စားသွာကြောင်း လိမ်ညာ၍ပြောလိုက်မိချင်းဖြစ်ကြောင်း ပြောကြသည်။
ထိုအခါမှ ဦးစိန်တင်လည်း နောက်ထိုသို့မလုပ်ရန်နှင့် ထိုဘာမဟုတ်သည့် ကိစ္စလေးနှင့် တစ်ရွာနှင့်တစ်ရွာ မသင့်မမြတ်ဖြစ်သွားနိုင်ကြောင်း ပြောဆိုဆုံးမပြီး ဒေါ်ဖွားအူ၏သီနံများကို ဝင်စားသွားသော နွားပင်ရှင်များထံမှ ဒေါ်ဖွားအူကို သီးနှံအဖို့အခအတွက် လျှော်ကြေးပေးရန် ထိုက်သင့်သည့် ငွေးကြေးကို တောင်းခံလိုက်သည်။
ထိုအခါ နွားပိုင်ရှင်များကလည်း လိုလိုလားလားပင်ပေးကြပြီး သူတို့
ကိုယ်စား ကိုမြင့်ဆောင်ကပဲ ဒေါ်ဖွားအူကြီးထံသွား၍ ထိုသီးနှံအဖို့အခ ငွေကိုပေးကာ အဖြစ်မှန်ကိုရှင်းပြလိုက်သည်။
ထိုအခါ ဒေါ်ဖွားအူကြီးလည်း ကျေနပ်သွားပြီး သူသေချာမသိပဲနဲ့သူတို့ရွာသားများကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့မိတာကိုပင် တောင်းပန်လေသည်။ကိုမြင့်ဆောင်လည်း ဒေါ်ဖွားအူကြီး ကျေနပ်သွားပြီဖြစ်၍ နှုတ်ဆက်ကာ တဲကို ပြန်လာခဲ့တော့သည်။
သုထို့သို့ တဲကိုပြန်လာနေရင်း ယနေ့အဖို့ နှမ်းမကြဲနိုင်တော့ဟု ထင်ထားသော်လည်း တဲကိုပြန်ရောက်တော့ ကိုပြူးက ထယ်ထိုးပြီးနှမ်းကြဲထားသဖြင့် သူလည်း ကိုပြူးကို ကျေးဇူးတင်နေမိေတာ့သည်။
စာစဉ် (၂၉) အား မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply