တတောင်းစားငဒူ

ရေကိုသောက်လိုက်တာပေါ့ဗျာ။

“ကောင်းတယ်ဟေ့၊ ရေကအေးပြီး ချိုနေပါလားကွ”

“ချိုမှာပေါ့ဗျာ၊ ဇီးကုန်းရွာအပြင်ဘက် ချောင်းရိုးထဲပေါက်ထွက်နေတဲ့ လက်ယက်တွင်းက ခပ်လာတာကိုးဗျ”

လူငယ်က ရေတစ်မှုတ်ခပ်သောက်တယ်ဗျ၊ မဝသေးလို့ထင်ရဲ့ နောက်ထပ်ရေတစ်မှုတ်ခပ်သောက်ပြန်တယ်၊ ကျုပ်ဖြင့်် ရေဆာလို့ သူတို့သောက်တာကြည့်ပြီး တံတွေးမြိုချမိတယ်ဗျာ၊ လူငယ်က ကျုပ်ကိုကြည့်ရင်း

“ကဲ ခင်ဗျားက ကျုပ်ရေရအောင် ဖန်တီးပေးမယ်ဆိုတာကို မယုံဘူးဆိုဗျ”

“ယုံပါပြီ၊ ယုံပါပြီဗျာ၊ ပေးပါအုံး ကျုပ်လည်း ရေသောက်ချင်လို့”

လူငယ်လှမ်းပေးတဲ့ ရေမှုတ်နဲ့ ကျုပ်လည်း ရေသုံးမှုတ်လောက်ခပ်သောက်လိုက်တယ်။ လူငယ်က ရေသောက်ပြီးတော့ လှည်းသမားကိုကြည့်ရင်း

“ရေတိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်တို့လို ရေငတ်နေတဲ့လူတွေကို ရေတိုက်ရတဲ့အကျိုးကြောင့် ရေအကျိုးဆယ်ပါး မတောင်းပဲနဲ့ပြည့်ပါစေ အကိုကြီးရာ”

သူတောင်းစားဆုပေးလိုက်တော့ လှည်းသမားက ခပ်ပြုံးပြုံးဖြစ်သွားတယ်ဗျ၊ ပြီးတော့ သူ့လွယ်ထားတဲ့လွယ်အိတ်ထဲက စက္ကူနဲ့ထုပ်ပိုးထားတဲ့ စက္ကူထုပ်ကိုဖြေလိုက်တယ်၊ အထဲမှာတော့ ဇီးထန်းလျက်တွေပါလာတယ်ဗျာ၊ ကျုပ်တို့ကို ဇီးထန်းလျက် တစ်ယောက်တစ်လုံးပေးတယ်ဗျ၊

“ကဲ၊ ရေသောက်ပြီးတော့ ဟောဒီထန်းလျက်ခဲစားကြ၊ အမောပြေတာပေါ့ကွာ”

ကျုပ်ဖြင့် ဇီးထန်းလျက်ယူပြီးတော့ အံ့သြလို့မဆုံးပါဘူးဗျာ၊ ခုနကပဲ သူတောင်းစားလူငယ်က ရေသောက်ချင်တယ်၊ ဇီးထန်းလျက်စားရရင် ကောင်းမယ်လို့ပြောထားတယ်မဟုတ်လားဗျာ၊ ကျုပ်ဖြင့် ဒီလူငယ်ကိုကြည့်ပြီး နည်းနည်းတော့လေးစားသွားတာအမှန်ပဲ။ ကျုပ်တို့စားသောက်နေတုန်း လှည်းသမားက နှုတ်ဆက်ပြီးပြန်သွားတယ်ဗျ၊ ခဏနေတော့ ကျုပ်တို့လည်းခရီးဆက်ဖို့အတွက် ဇရပ်ပေါ်က ထလိုက်ကြပါရောဗျာ၊ သူတောင်းစားက ကျုပ်တို့ကိုကြည့်ရင်း

“ဘကြီးတို့ ဘယ်သွားကြမလို့လဲဗျ”

ဦးဘသာက

“တို့က ဟောဟိုအရှေ့က ဇီးကုန်းရွာသားတွေပါ၊ အခုနွားတွေဝယ်လာပြီး ရွာကိုပြန်မလို့ပါ သူငယ်ရဲ့”

သူတောင်းစားလူငယ်ကလည်း ဖုတ်ဖတ်ခါပြီးတော့ ထလာတယ်။

“ဒါဆို ကျုပ်လည်း လိုက်ပါရစေဗျာ၊ အတူတူစားတော့ ထမင်းမြိန်တယ်၊ အတူတူသွားတော့ ခရီးတွင်တယ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား”

ကျုပ်တို့မခေါ်ဘဲနဲ့ သူတောင်းစားလူငယ်က ကျုပ်တို့နဲ့အတူတူလိုက်လာတယ်ဗျ၊ ကျုပ်တို့လည်း ထူးပြီးငြင်းမနေတော့ပါဘူးဗျာ၊ ဒါနဲ့ ကျုပ်တို့သုံးယောက် ခရီးဆက်လာခဲ့တာပေါ့။

(၂)

“ဒါနဲ့ မောင်ရင်ရဲ့နာမည်က ဘယ်လိုခေါ်သလဲကွဲ့”

“ကျုပ်နာမည်က ကျော်စိုးပါ၊ ဒါပေမယ့် သူတောင်းစားတစ်ယောက်ကို ဘယ်သူက နာမည်တွေဘာတွေနဲ့ အတည်တကျခေါ်နေမှာလဲဗျ၊ တောင်းစားတဲ့သူအချင်းချင်းတော့ ငဒူလို့ခေါ်ကြသဗျ”

ဦးဘသာက ခေါင်းညိတ်တယ်။ ကျုပ်လည်းသိချင်တာနဲ့

“ဒါနဲ့နေပါအုံးဗျ၊ ခင်ဗျားက ဘာဖြစ်လို့ ကျုပ်တို့ရွာကိုသွားမှာလဲ”

ကျုပ်မေးတော့ ငဒူက ဝါထိန်နေတဲ့ သူ့သွားကြီးတွေပေါ်အောင်လို့ ရယ်မောနေရင်း

“သူတောင်းစားဗျ၊ ခြေဦးတည့်ရာသွားမယ်၊ တွေ့တဲ့နေရာအိပ်မယ်၊ လူတွေ့ရင်တောင်းမယ်၊ စားမယ်သောက်မယ်ပေါ့ဗျာ၊ ဘယ်ကိုဘာလို့သွားမှာလဲဆိုတဲ့ အကြောင်းရှိမလားဗျ ကိုယ့်လူရ”

ကျုပ်ဖြင့် သူ့စကားကြားပြီးတော့ စိတ်ထဲစနိုးစနောင့်ဖြစ်သွားသေးတယ်။ သူကမိတ်ဆက်နေပြီဆိုတော့ ကျုပ်ကလည်း ပြန်ပြီးမိတ်ဆက်ရတော့တာပေါ့ဗျာ၊

“ကျုပ်နာမည်ခင်မောင်၊ လူတွေကတော့ အလတ်ကောင်လို့ခေါ်ကြတယ်၊ ဟောဒါကတော့ ဦးဘသာလို့ခေါ်တယ်”

“အောင်မယ်၊ ခင်ဗျားတို့က ထူးထူးဆန်းဆန်း သူတောင်းစားနဲ့များ မိတ်ဖွဲ့နေကြသေးတယ်ဗျာ၊ သူတောင်းစားနဲ့မိတ်ဖွဲ့ရင် သူတောင်းစားဖြစ်တတ်တယ်တဲ့၊ ခင်ဗျားတို့ သူတောင်းစားဖြစ်မှာမကြောက်ဘူးလား”

သူပြောမှ ကျုပ်တောင်နည်းနည်းရွံ့သွားတယ်ဗျာ၊ ကျုပ်မျက်နှာပျက်သွားတာကိုကြည့်ပြီး ငဒူက ရယ်တယ်ဗျ။

“ဟား၊ ဟား အလကားစတာပါ ကိုအလတ်ကောင်ရာ၊ ကဲကဲ ဒီအတိုင်းသွားရင် ပျင်းဖို့ကောင်းတယ်၊ ကျုပ်တို့ သီချင်းဆိုသွားကြရင်မကောင်းဘူးလား”

ကျုပ်က အလျှင်အမြန်လက်ကာပြလိုက်ပြီး

“နေ၊ နေပါစေကွာ၊ သီချင်းတော့မဆိုပါနဲ့၊ တစ်ခါကလည်း ခရီးသွားရင်း သီချင်းဆိုခဲ့ဖူးလို့ ဒုက္ခရောက်ခဲ့ပြီးပြီ၊ နေပါစေ”

“ဟား၊ ဟား ခင်ဗျားက ကြောက်တတ်ရန်ကောဗျာ၊ သူတောင်းစားတွေ တတ်အပ်တဲ့ပညာထဲမှာ သီချင်းဆိုတတ်ရတာကလည်း ပညာတစ်ခုပဲဗျ”

“အောင်မယ်၊ ခင်ဗျားကများ သူတောင်းစားဋီကာဖွင့်နေသေးတယ်၊ နေပါအုံး ခင်ဗျားတို့ သူတောင်းစားတွေရော ကျုပ်တို့လူတွေလို ကျောင်းတွေဘာတွေတက်ပြီး သူတောင်းစားပညာတွေ သင်ကြရသေးလို့လားဗျ”

ကျုပ်ကရွဲ့ပြီးမေးလိုက်ပေမယ့် ငဒူက ခေါင်းညိတ်တယ်ဗျ။

“ဒါပေါ့ဗျ၊ သူတောင်းစားဆိုပြီးတော့ အထင်မသေးနဲ့ဗျာ၊ သူတောင်းစားမှာလည်း သူတောင်းစားတို့ တပ်အပ်တဲ့ပညာတွေရှိသေးသဗျ၊ ဒီပညာတွှေမှ မတတ်ရင် သူတောင်းစားအစစ်လို့ မခေါ်သင့်ဘူးဗျ”

“တယ်ဆိုတဲ့ စာပါလား၊ လမ်းလျှောက်ရင်း ပျင်းတာနဲ့အတော်ပဲ၊ ပြောစမ်းပါအုံးကွာ၊ သူတောင်းစားဖြစ်ရတာ ဘာများခက်ခဲလို့လဲဆိုတာ”

“သူတောင်းစားဆိုတာ စကားလုံးတစ်ခုထဲဆိုပေမယ့် အနက်အဓိပ္ပါယ်က အကျယ်ကြီးဗျ၊ ပြီးတော့ သူတောင်းစားထဲမှာလည်း အမျိုးအများကြီးရှိသေးတယ်၊ သူတောင်းစားဆိုတိုင်း သူများဆီက တောင်းစားရတာမဟုတ်ဘူးဗျာ၊ တကယ်တော့ သူတောင်းစားဆိုတာ အလုပ်ကြမ်းသမားတွေ၊ သူများမလုပ်ချင်တဲ့အလုပ်တွေကို လုပ်နေရတဲ့သူကိုခေါ်သဗျ”

“အောင်မယ်လေးကွာ၊ အလုပ်ကြမ်းလုပ်တဲ့လူဆိုရင် အလုပ်ကြမ်းသမားလို့ခေါ်မှာပေါ့ကွာ ဘာလို့သူတောင်းစားလို့ခေါ်မှာလဲ”

“ကျုပ်ပြောပြမယ်ဗျ၊ သူတောင်းစားဆိုတာ ခေတ်ပေါ်စကားဗျ၊ ကျုပ်အထင်တော့ လွတ်လပ်ရေးရပြီးလောက်မှ လူတွေခေါ်ကြတဲ့စကား ရှေးခတ်ကတော့ သူတောင်းစားကို သူဖုန်းစားလို့ခေါ်တယ်၊ သူဖုန်းစားဆိုတာ သူတစ်ပါးရဲ့ ပုညလို့ခေါ်တဲ့ ကုသိုလ်ကံကို တောင်းရမ်းပြီး မှီခိုစားသောက်တဲ့လူကိုခေါ်တာပေါ့ဗျာ၊ သူပုညစားကနေ ပုညက ဖုန်းဖြစ်ပြီး သူဖုန်းစားဆိုပြီး ဖြစ်သွားတာဗျ”

တကယ်ပါ၊ သူတောင်းစားငဒူက အချက်နဲ့အလက်နဲ့ပြောတော့ ကျုပ်လည်းခေါင်းညိတ်လိုက်ရပါရော၊ ဦးဘသာက နွားတွေကိုမောင်းရင်း

“အရင်က ဖုန်းတောင်းယာစကာလို့ ခေါ်တာကြားဖူးပါသေးတယ်ကွာ”

ငဒူက ခေါင်းညိတ်ပြီးတော့

“ဖုန်းတောင်းယာစကာဆိုတာ ပါဠိကနေ ပျက်လာတဲ့စကားဗျ၊ ယာစကာ ဆိုတာ ပါဠိစကားဗျာ၊ အဓိပ္ပါယ်က တောင်းရမ်းခြင်းတဲ့၊ ဖုန်းတောင်းဆိုတာကတော့ ခုနကပြောတဲ့ ပုညကို တောင်းရမ်းတာကို ပြောတာပဲ၊ နောက်တစ်ခုကတော့ မွန်လို ပုင်ဆိုတာ ထမင်းဗျ၊ ပုင်ကနေ ဖုန်းဖြစ်သွားပြီးတော့ ဖုန်းတောင်းယာစကာဖြစ်သွားတယ်လို့ ပြောကြတာပဲ”

“ဟာ၊ တို့တွေ့တဲ့ သူတောင်းစားက လတ်စသတ်တော့ ပိဋကတ်အိုးကွဲကြီးပါလားဟေ့”

ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောလိုက်တယ်။ ငဒူက လက်တွေချိုးပြရင်း

“တကယ်တော့ သူတောင်းစားမျိုးက ဆယ့်လေးမျိုးတောင်ရှိတာဗျ၊ ဘကြီးတို့ မသိရင်မှတ်ထားရအောင် ပြောပြရအုံးမယ်၊ ခုနက ဖုန်းတောင်းယာစကာက စပြောရင် ဖုန်းတောင်းယာစကာ၊ သူဖုန်းစား၊ သူတောင်းစား၊ ကျွန်သီးတော်၊ သင်ချီ၊ သင်လျင်၊ သုဘရာဇာ၊ ဖက်ခွက်စား၊ ဒွန်းစဏ္ဍား၊ စဏ္ဍာလ၊ ခွာသား၊ ပန်းမှိုက်ကျုံး၊ သွေးမစွမ်း၊ ကယ်ပါတဲ့ဗျ”

“ဟ၊ များလှချည်လားကွ”

“သင်ချီဆိုတာက ပုဂံခေတ်ကတည်းက ရှိတဲ့ဘုရားကျွန်ကိုခေါ်တာဗျ၊ ကျောက်စာတွေထဲမှာ သင်ကြီးလို့လည်းရေးကြတယ်၊ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးတဲ့သူပေါ့၊ အခုတော့ သင်္ချေလို့ခေါ်ကြတယ်၊ ဘုရားတွေမှာနေပြီး တောင်းစားတဲ့သူကိုခေါ်တာ၊ သင်လျင်ဆိုတာကတော့ သင်ချီထက်နိမ့်ကျတဲ့သူပဲ၊ ခုတော့ သင်ချီနဲ့သင်လျင်ကို သင်္ချေလို့ပဲ သိကြတော့တယ်”

“မင်းပြောတာအဆန်းပါလား၊ ဒါဖြင့် ကျွန်သီးတော်ဆိုလား ခုနက ကြားလိုက်တယ်”

“ကျွန်သီးတော်ဆိုတာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်၊ သိမ်ကျွန်လို့ခေါ်တဲ့ သာသနာနဲ့ဆိုင်တဲ့ ကျွန်တွေကို ဗမာမင်းလက်ထက်က ခေါ်ကြတာဗျ၊ အဲဒီခေတ်က ကျွန်တွေကို အမြင့်စား၊ အလတ်စား၊ အနိမ့်စားခွဲထားကြတော့ ကျွန်သီးတော်တွေဆိုတာ အမြတ်စားကျွန်တွေပေါ့ဗျာ၊ သူတို့လည်း သူတောင်းစားစာရင်းဝင်တယ်ဆိုပေမယ့် ဆရာတော်တွေ၊ ဘုရင်တွေမြှောက်စားကြတဲ့အခါ အိမ်ကြီးရာကြီးတွေနဲ့ အချွေအရံအသင်းအပင်းနဲ့ ချမ်းချမ်းသာသာ နေနိုင်ကြသဗျ”

“ဟာ၊ ဒီလိုဆိုတော့လည်း မဆိုးဘူးပဲကွ”

“သူတောင်းစားထဲမှာ အလယ်အလတ်ကတော့ သုဘရာဇာပေါ့ဗျာ၊ သုဘရာဇာဆိုတာ အသုဘရာဇာဆိုတဲ့စကားကနေ အပြုတ်ပြီး သုဘရာဇာဖြစ်သွားတာဗျ၊ ရာဇာဆိုတဲ့အတိုင်း သုဿန်ထဲမှာဆိုရင်တော့ သူကဘုရင်ပေါ့ဗျာ”

“ဒါဆို အနိမ့်စားကရောကွ”

“အနိမ့်စားကတော့ ဒွန်းစဏ္ဍား နဲ့ စဏ္ဍာလ တွေပဲဗျ၊ ဒွန်းစဏ္ဍားတွေက သူတောင်းစားဆိုပေမယ့် အစုအဖွဲ့၊ မိသားစုလိုက် တောင်းရမ်းစားတဲ့သူတွေဗျ၊ ဒွန်းစဏ္ဍားတွေအချင်းချင်း ဂိုဏ်းဂဏတွေတောင်ရှိတယ်ဆိုပဲဗျာ၊ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းနယ်မြေတွေ၊ နယ်နိမိတ်တွေသတ်မှတ်ပြီးတော့ ဗိုလ်ကျနေထိုင်ကြသဗျ၊ ဒါကြောင့် ဒွန်းစဏ္ဍားကို တစ်ယောက်တည်းဆိုပြီးတော့ အထင်မသေးနဲ့ဗျ၊ ဟိုက အုပ်လိုက်ကျင်းလိုက် ပြန်ပြီးလက်တုံ့ပြန်တတ်ကြတဲ့အမျိုး”

“ကြောက်စရာပါလားဟေ့”

“စဏ္ဍာလကတော့ လူသေကောင် ကိုင်တဲ့လူပေါ့ဗျာ၊ သုဘရာဇာနဲ့မတူတာက သူတို့က အခြေတကျမရှိဘူး၊ သုဘရာဇာက သုဿန်မှာ အခြေတကျနေနိုင်ပေမယ့် စဏ္ဍာလကတော့ လှည့်လယ်သွားလာရင်း နာရေးတွေကူညီပေးရတယ်၊ တောင်းစားတဲ့အခါ တောင်းရမ်းစားသောက်ၤရတာပေါ့ဗျာ၊ သူတောင်းစားဆိုပြီး အထင်တော့မသေးကြနဲ့နော်၊ ဘုရင်ခေတ်ကဆိုရင် သူတောင်းစားတွေက ဘုရင်ကို အခွန်ဆက်ကြရတယ်ဗျ၊ စဏ္ဍာလတွေကို အရွတ်ဝန်က အုပ်ချုပ်ပြီး အခွန်ကောက်ရသဗျ၊ ရရှိတဲ့အခွန်ဘဏ္ဍာငွေကို နိုင်ငံရပ်ခြားကလာတဲ့ သံတမန်တွေကို ကျွေးမွေးဖို့သုံးတယ်ဆိုပဲ”

“ဟာ၊ ဒါဆိုရင် သူတောင်းစားလက်က ပြန်လုပြီး စားသောက်တာပဲကွ”

“ဒါပေါ့ဗျာ၊ နိုင်ငံခြားက သံတမန်တွေဆိုတော့ နာမ်နှိမ်ချင်တာလည်း ပါတာပေါ့၊ ဒါကြောင့်် မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေဝလက္ခာသစ်မှာ  ‘စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တစ်ပြည် တစ်စံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏’လို့ စပ်ဆိုခဲ့သဗျ”

ဦးဘသာက ရယ်တယ်ဗျ။

“အလတ်ကောင်ရေ၊ တို့နဲ့တွေ့တဲ့ သူတောင်းစားက နှယ်နှယ်ရရမဟုတ်ဘူးကွ၊ သူတောင်းစားဘုရင်ကြီးများလား မသိပါဘူးကွာ၊ ဒါနဲ့ ငါကြားဖူးတာက လွတ်လပ်ရေးရပြီးကတည်းက အစိုးရက အမိန့်နဲ့ သူတောင်းစားတွေ၊ ဒွန်းစဏ္ဍား၊ စဏ္ဍာလ တွေအကုန်လုံးကို အမျိုးဇတ်ခွဲခြားဆက်ဆံတာတွေကို ဖျက်သိမ်းလိုက်ပြီမဟုတ်ဘူးလားကွ”

“ဖျက်သိမ်းတာက အမိန့်ပါဗျာ၊ တကယ်တော့ ဒီအမိန့်ကိုလိုက်နာရမှာက လူတွေဗျ၊ အခုပဲကြည့်လေ၊ ဘယ်လိုပဲ လူအချင်းချင်းခွဲခြားတာကို ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် သူတောင်းစားတစ်ယောက်ကို ဘယ်သူကမှ လူလိုသူလို မဆက်ဆံကြဘူးမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“အေး၊ ဒါတော့လည်းဟုတ်တယ်ကွ၊ ငါ့အထင်တော့ လူတွေကြားထဲအလေ့အကျင့်ဖြစ်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ လိုအုံးမယ်ထင်တာပါပဲကွာ”

ဒီလိုနဲ့ ကျုပ်တို့ရွာကိုရောက်လာခဲ့ကြတာပေါ့ဗျာ၊

(၃)

ရွာထိပ်ရောက်တော့ အကိုကြီးနဲ့တွေ့တယ်ဗျ၊ အကိုကြီးက ဝတ်ကောင်းစားလှတွေဝတ်လို့ဗျ၊ ကျုပ်ကိုမြင်တော့ တော်တော်အံ့သြသွားတယ်။

“ဟာ၊ အလတ်ကောင်၊ ပြန်လာပြီလားကွ”

“ပြန်လာပြီအကိုကြီးရ၊ ဒါနဲ့ တောက်တောက်ပြောင်ပြောင်နဲ့ ဘယ်သွားမလို့လဲဗျ”

တန်းမြင့်ရွာက ငါ့သူငယ်ချင်းအလှူသွားပြီး ပြန်လာတာပါကွာ၊ ဒါနဲ့ မင်းဘယ်က သူတောင်းစားကြီးကို ခေါ်ချလာပြန်တာလဲကွာ၊ နံလိုက်စော်လိုက်တာ”

အကိုကြီးက နှာခေါင်းကိုလက်နဲ့ပိတ်ပြီးတော့ ငဒူကိုကြည့်တယ်ဗျ၊ ငဒူက ဒေါသထွက်သွားတယ်နဲ့တူပါတယ်။

“အောင်မာ၊ ကျုပ်ကိုများ ချိုးချိုးဖဲ့ဖဲ့နဲ့၊ ကျုပ်က သူတောင်းစားဗျ၊ သူတောင်းစားက သားသားနားနားဝတ်လို့ရမလား၊ ကျုပ်သားသားနားနားဝတ်ရင် ခင်ဗျားထက်တောင်မှ ရုပ်ထွက်သေးတယ်”

“ဟ၊ သူတောင်းစားကများ ကြီးကြီးကျယ်ကျယ်နဲ့ပါလား၊ ကဲ ပြစမ်း၊ မင်းသားသားနားနားဝတ်မယ်ဆိုရင် ဝတ်ပြစမ်းပါအုံး”

ငဒူက အကိုကြီးကိုကြည့်ပြီးတော့ သူ့လက်ဝါးကိုဖြန့်လိုက်တယ်။

“ကဲ၊ ခင်ဗျားဝတ်ထားတဲ့အင်္ကျီကို ဝတ်ပြမယ်ဗျာ၊ ကဲ ကျုပ်ကိုအဲဒီအင်္ကျီလေး စွန့်ကြဲပေးခဲ့ပါ”

ငဒူကို ကျုပ်က စနောက်နေတယ်လို့ထင်တာဗျ၊ အကိုကြီးက ငဒူကိုပြူးတူးကြောင်တောင်နဲ့ကြည့်ပြီးတော့ သူဝတ်ထားတဲ့ ရှပ်အင်္ကျီကိုချွတ်ပေးလိုက်သဗျာ၊ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။ ငဒူက သူဝတ်ထားတဲ့ အင်္ကျီအစုတ်ကြီးကိုချွတ်လိုက်ပြီးတော့ အကိုကြီးအင်္ကျီကိုဝတ်လိုက်တယ်၊ သိပ်မတော်ဘူးဆိုပေမယ့် အင်္ကျီကအသစ်ဆိုတော့ ရုပ်ထွက်ပါတယ်ဗျာ၊ အကိုကြီးကတော့ စွပ်ကျယ်ချိုင်းပြတ်နဲ့ပေါ့။

“ဟာ၊ အကိုကြီး သူ့ကိုဘာလို့ ဒီအင်္ကျီကြီးပေးလိုက်တာလဲ”

“မသိဘူးလေကွာ၊ သူက တောင်းတော့ပေးရတာပေါ့ကွ”

“ဟာဗျာ၊ တောင်းတိုင်းသာ ပေးရမယ်ဆိုရင် သူတောင်းစားတွေ သူဌေးဖြစ်ကုန်မှာပေါ့ဗျ”

ငဒူကရယ်မောရင်းနဲ့

“ဒီမှာ ကိုအလတ်ကောင်၊ ကျုပ်ကိုအထင်မသေးနဲ့ဗျ၊ ကျုပ်တောင်းရင် မရဘူးဆိုတာ မရှိဘူး၊ ကျုပ်က မတောင်းချင်လို့သာ”

“ဟား၊ ဟား၊ ဒါကတော့ မင်းကြွားလွန်းရာရောက်သွားပြီ ငဒူရေ၊ ဒါဆိုလည်း မင်းပုဆိုးအစုတ်ကြီးအစား ပုဆိုးအသစ်တစ်ထည်တောင်းပေါ့ကွာ၊ အဲ၊ ငါ့အကိုပုဆိုးတော့ မလုပ်နဲ့နော်၊ တော်ကြာ ရွာထဲကို ဘောင်းဘီတိုနဲ့ ပတ်နေရအုံးမယ်”

“စိန်လိုက်လေ ကိုအလတ်ကောင်ရာ၊ ခင်ဗျားက မယုံဘူးဆိုတော့ ကျုပ်က ခင်ဗျားယုံအောင်ပြရသေးတာပေါ့၊ ဒီအတိုင်းဆိုရင်တော့ ပျင်းစရာကြီးဗျာ၊ ကြေးလေးတစ်ခုခုတော့လုပ်ဗျ”

“ကောင်းပြီလေငဒူ၊ ငါတောင်းခိုင်းတာကိုသာ မင်းရအောင်တောင်းပေးမယ်ဆိုရင် ငါကမင်းကိုဆရာတင်လိုက်မယ်ကွ”

“ခင်ဗျားတကယ်ပြောတာလား၊ ယောက်ျားကတိနော်”

“အေးပါကွ၊ ကတိပါ”

“ကောင်းပြီ၊ ခင်ဗျားခုနက ပုဆိုးတောင်းထားတယ်နော်၊ အခုကျုပ် ပုဆိုးရအောင်တောင်းပြမယ်”

ကျုပ်တို့ရွာထဲရောက်တော့ ဦးဘသာက သူ့အိမ်ထဲကိုနွားတွေဆွဲပြီးဝင်သွားပါရောဗျာ၊ ကျုပ်နဲ့ အကိုကြီးနဲ့ ငဒူနဲ့ အတူတူလျှောက်လာခဲ့တာပေါ့၊ တစ်နေရာရောက်တော့ ရွာသူတစ်ယောက်က အဝတ်တွေရုတ်နေတယ်ဗျ၊ အဝတ်တွေထဲမှာ ဘန်ကောက်ပုဆိုးလိုလို ပြောင်ပြောင်လက်လက်နဲ့ ပုဆိုးတစ်ထည်လည်းပါသဗျ၊ ငဒူက အဝတ်ရုတ်နေတဲ့မိန်းကလေးအနားကိုသွားလိုက်ပြီးတော့ ဘယ်ဘက်လက်ကိုဖြန့်လိုက်တယ်။

“ကဲ၊ ဒီက နှမငယ်၊ ဟောဒီပုဆိုးကို ဒီကအကိုကြီးကို ပေးကမ်းစွန့်ကြဲချင်တဲ့စိတ်များ မဖြစ်ဘူးလား”

ဒီမိန်းကလေးက ကြောင်ကြည့်နေတယ်ဗျ၊ နောက်တော့ သူ့လက်ထဲကိုင်ထားတဲ့ ဘန်ကောက်ပုဆိုးကို လှမ်းပေးလိုက်တာပါပဲဗျာ၊

“အကိုကြီးလိုတယ်ဆို ညီမပေးပါ့မယ်၊ အဖေ့ဆီမှာ ပုဆိုးတွေအများကြီးရှိတယ်ဆိုတော့ ဒီပုဆိုးတစ်ထည်လောက်တော့ စွန့်ကြဲချင်မယ်ထင်ပါရဲ့”

ငဒူက ဘန်ကောက်ပုဆိုးကို ယူပြီးတော့ ကောက်ဝတ်လိုက်တယ်ဗျာ၊ သူ့ပုဆိုးအစုတ်ကြီးကို ချွတ်ပြီးတော့ လမ်းဘေးက အမှိုက်ပုံမှာ ပစ်ချခဲ့တာပေါ့၊ ကျုပ်လည်း သူတောင်းလို့မရမဲ့အရာတစ်ခုကို စဉ်းစားရတော့တယ်။

“ဟုတ်ပြီ၊ အကြံရပြီဟေ့”

ဒီလိုနဲ့ပဲ ကျုပ်တို့အိမ်ရှေ့ကိုရောက်ပါရောဗျာ။

“အမေရေ၊ ကျုပ်ပြန်လာပြီဗျ”

ခြံပေါက်ဝကနေ အသံပြဲကြီးနဲ့လှမ်းအော်လိုက်တော့ အမေက အိမ်ထဲကနေ ထမီရင်လျားကြီးနဲ့ပြေးထွက်လာပါရောဗျာ။

“ဟာ၊ အလတ်ကောင်ပြန်လာပြီ၊ လာလေ ဝင်ခဲ့”

ကျုပ်နဲ့အကိုကြီးလည်း အိမ်ထဲကိုပြေးဝင်ခဲ့တယ်၊ သူတောင်းစားငဒူကတော့ ခြံရှေ့မှာကျန်နေခဲ့တာပေါ့ဗျာ၊ အမေက ကျုပ်ကိုဖက်လှဲတကင်းနဲ့နှုတ်ဆက်တယ်ဗျ၊ ပြီးတော့ ခြံရှေ့ကျန်နေခဲ့တဲ့ ငဒူကိုလှမ်းကြည့်ရင်း

“ဧည့်သည်လည်း ပါလာတာကိုး၊ အိမ်ထဲကိုခေါ်လိုက်လေ အလတ်ကောင်ရဲ့”

“ဟာ၊ အမေကလည်း အဲဒါက သူတောင်းစားဗျ၊ သူတောင်းစားကို အိမ်ထဲမပြောနဲ့ ခြံထဲကိုခေါ်ရင်တောင် ဆင်းရဲတတ်တယ်ဆို၊ အမေပဲပြောတာလေ”

ကျုပ်စောင့်နေတဲ့အကွက်က အဲဒါပဲဗျာ၊ အမေက ရှေးရိုးစွဲဗျ၊ သူတောင်းစားတို့၊ စဏ္ဍာလတို့ဆိုရင် ခြံထဲသွင်းဖို့မပြောနဲ့ ခြံရှေ့မှာကြာကြာရပ်တာတောင် ကြိုက်တာမဟုတ်ဘူးဗျ၊ ကျက်သရေမရှိဘူးဆိုပဲ၊ သူတောင်းစားခြံထဲဝင်ရင် အိမ်ကဆင်းရဲတတ်တယ်လို့ အယူရှိတယ်ဗျ၊ ဒါကြောင့်် ကျုပ်က ဒီအကြံရသွားတာ၊ ငဒူဘယ်လောက် တောင်းတိုင်းရရ၊ ကျုပ်တို့ခြံထဲကိုဝင်ဖို့တော့ မဖြစ်နိုင်ဘူးလေဗျာ၊ အမေက ငဒူကိုအသေအချာကြည့်တယ်။

“ဟဲ့ အလတ်ကောင်၊ နင့်လူက သူတောင်းစားသာပြောတယ် ဝတ်ထားစားထားတာကလည်း အကောင်းစားတွေပါလားဟဲ့၊ တကယ်သူတောင်းစားရောဟုတ်ရဲ့လား၊ တကယ်ဆိုရင်တော့ ခြံရှေ့ကနေ မောင်းထုတ်ပစ်မယ်”

“ဟုတ်ပါတယ်ဆိုမှ အမေရာ၊ အမေမယုံရင် သူ့ကိုသွားမေးကြည့်ပေါ့ဗျာ”

အမေက မယုံသင်္ကာနဲ့ ခြံရှေ့ကိုပြေးထွက်သွားတယ်ဗျ၊ ခြံရှေ့ရပ်နေတဲ့ သူတောင်းစားငဒူကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း

“နေစမ်းပါအုံး မောင်ရင်က သူတောင်းစားလားကွဲ့”

“ဟုတ်ပါတယ်အဒေါ်၊ ကျုပ်က ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာပြီး တောင်းစားနေတဲ့ သူတောင်းစားပါပဲ”

အမေ့ မျက်နှာ ကွက်ခနဲပျက်သွားတယ်ဗျ၊ ကျုပ်တော့ အကြံအောင်မြင်ပြီဆိုပြီးတော့ ကြိတ်ရယ်နေတာပေါ့ဗျာ၊ ငဒူက အမေ့ကိုကြည့်ပြီး

“ကျုပ်ကသူတောင်းစားဆိုတော့ အိမ်ရှင်ကြည်ဖြူမှ ခြံဝိုင်း၊ အိမ်ဝိုင်းထဲကို ဝင်လို့ရမှာမို့လို့ပါ၊ ဒါကြောင့် ကျုပ်ကိုအိမ်ထဲဝင်ခွင့်ပြုပါလို့ အဒေါ့်ဆီမှာ ခွင့်တောင်းပါရစေ”

အမေက တစ်ချက်တွေဝေသွားတယ်၊ အမေက ငဒူကိုပြောဆိုလွှတ်ဖို့ စဉ်းစားနေတဲ့ပုံပဲဗျ၊ နောက်တော့ ကြောင်စီစီနဲ့ခေါင်းညိတ်လိုက်တယ်။ ပါးစပ်ကလည်း

“လာပါသူငယ်၊ အိမ်ထဲဝင်ခဲ့လေကွဲ့”

ကျုပ်ဖြင့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူးဗျာ၊ ဒီစကားကို အမေ့ပါးစပ်ကထွက်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အံ့သြနေမိတယ်။ ဒါနဲ့ သေချာအောင်လို့

“အမေ၊ အမေဘယ်လိုပြောလိုက်တာလဲ၊ သူက သူတောင်းစားဗျ၊ သူတောင်းစား၊ ဘာဖြစ်လို့ သူ့ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်ရတာလဲ”

ငဒူက ကျုပ်ကို ပြုံးစိစိနဲ့ကြည့်ပြီးတော့ ခြံထဲဝင်သွားတော့တာပါပဲဗျာ၊၊ အမေက ကျုပ်အနားကပ်ပြီးတော့

“နင်ဘာသိလို့လဲအလတ်ကောင်ရ၊ သူက လူထူးလူဆန်းပဲ၊ အမေကြားဖူးတာက ဘိုးတော်တွေဘာတွေက သူတောင်းစားပုံစံ၊ အရူးပုံစံယောင်ဆောင်ပြီးတော့ သွားလာနေတတ်တယ်ဆိုပဲ၊ တစ်လောကပဲ ရွာအရှေ့ပိုင်းက မခင်တို့က အရူးကြီးတစ်ယောက်ကို အိမ်ပေါ်ခေါ်ပြီး ထမင်းကျွေးလိုက်တာ ဖြစ်ချင်တော့ အရူးကြီးက ဘိုးတော်ကြီးဖြစ်နေတယ်အလတ်ကောင်ရေ၊ ဘိုးတော်က သူတို့ကိုစီးပွားတက်စေတဲ့ အစီအရင်ချီးမြှင့်ခဲ့လို့ အခုစီးပွားတွေဖြစ်ပြီး အိမ်တောင်မှ ပြင်ဆောက်တော့မလို့တဲ့”

အမေ့အထင်နဲ့အမေတော့ ဟုတ်နေတာပဲဗျာ၊ အမေက ခြံထဲကို ခပ်သုတ်သုတ်ဝင်သွားပေမယ့် ကျုပ်ကတော့ ခြံဝမှာ တွေတွေကြီးကျန်နေခဲ့တော့တာပဲဗျာ။

(၄)

“စဉ်းစားစမ်း၊ ဒီကောင်တောင်းလို့မရတာ ဘာဖြစ်မလဲ”

ကျုပ်ရေမိုးချိုးရင်း ဒါပဲစဉ်းစားနေမိတာဗျ၊ အမေကတော့ ငဒူနဲ့စကားပြောရင်း အဖွဲ့ကျနေတာပေါ့ဗျာ၊ ငဒူကလည်း သူတောင်းစားဆိုတော့ လူတွေအကြောင်းသိတယ်ဗျ၊ ဒီလူဘာကြိုက်တယ်၊ ဘယ်လိုစကားကြိုက်တယ်ဆိုတာကို သိပြီးလိုက်ပြောတတ်တော့ သူနဲ့စကားပြောတဲ့လူ ဘယ်သူမဆို ကျေနပ်ကြတာမဆန်းပါဘူးဗျာ၊ ဒါလည်း သူတောင်းစားတွေတတ်အပ်တဲ့ ပညာထဲက တစ်ခုဖြစ်ချင်ဖြစ်နေမှာဗျ။

ရေချိုးပြီး မီးဖိုထဲကိုဝင်ခဲ့တော့ အမေက အမဲသားတွေကြော်နေတာတွေ့လိုက်တယ်၊ ကျုပ်လည်း အမဲသားကြော်ပြီးသားတစ်တုံးကို လက်နဲ့နှိုက်စားလိုက်မယ်လုပ်လိုက်တော့ အမေက ကျုပ်လက်ကို ယောက်မပူပူနဲ့ ပုတ်ချသဗျ။

“ဟဲ့အလတ်ကောင်၊ နင်ငတ်ကြီးမကျနဲ့၊ အမဲသားက နှစ်ဆယ်သားထဲရတာ၊ ဒါနင့်အဖေအတွက်”

“အမေကလည်းဗျာ၊ အဖေတစ်ယောက်တည်း ပါးစပ်ပါတာမဟုတ်ပါဘူးဗျ၊ ကျုပ်တို့မှာလည်း ပါးစပ်ပါပါတယ်”

“ဟဲ့၊ အမဲသားက ခဲရာခဲဆစ်ရထားတာ၊ နင့်အဖေတစ်ယောက်စာပဲရလိုက်တယ်၊ နင်တို့ငတ်ကြီးမကျနဲ့”

ကျုပ်လည်း လက်ကလေးကိုစုပ်လို့်ပေါ့ဗျာ၊ ဒီအချိန်မှာ ကျုပ်ခေါင်းထဲအတွေးတစ်ခုဝင်လာသဗျ။

“ဟုတ်ပြီ၊ အဖေက အမဲသားကြော်ဆို သိပ်ကြိုက်တာ၊ ဒီလိုရှားရှားပါးပါးဆိုရင် သူစိမ်းမပြောနဲ့ သားသမီးအရင်းတောင်မှ တစ်တုံးတစ်ဖတ်ကျွေးတာမဟုတ်ဘူး၊ ဒီတော့ ငါတောင်မစားရတဲ့ အမဲသားကြော်ကို ငဒူဘယ်လောက်တောင်းတောင်း စားရမှာမဟုတ်ဘူး”

ကျုပ်လည်း အကြံရပြီးတော့ ပျော်ပြီးအိမ်ရှေ့ကိုထွက်လာတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ အဖေက ရွာပတ်ပြီးတော့ ပြန်လာတယ်ဗျ၊ အမေတို့က ငဒူနဲ့မိတ်ဆက်ပေးပြီးတော့ ငဒူကိုထမင်းကျွေးဖို့လုပ်ကြပါရောဗျာ၊ ထင်တဲ့အတိုင်းပါပဲ ငဒူကိုပြင်ကျွေးတဲ့ထမင်းဝိုင်းမှာ အမဲသားကြော်မပါဘူးဗျ၊ ဒီအတိုင်းဆိုရင် အမေက အဖေ့အတွက်ဆိုပြီး ဖွက်ထားပုံရတယ်။ ကျုပ်လည်း အမေဟင်းချိုသွားခပ်တဲ့အချိန် ငဒူရဲ့အနားကိုကပ်လိုက်ပြီး

“ငဒူ၊ အမေ့ဆီမှာ ငါ့အဖေအတွက်ဆိုပြီးတော့ ဖွက်ထားတဲ့ အမဲသားကြော်ရှိတယ်ကွ၊ ဒီအမဲသားကြော်ကို မင်းရအောင်တောင်းကြည့်စမ်းကွာ”

ငဒူက ပြုံးရင်း

“အမဲသားကြော်ဆိုပါလား စားရချည်သေးရဲ့ဗျာ”

“အေး၊ မင်းတောင်းရင် အဖေ့ကိုတောင်းစားနော်ကွ”

ငဒူက ခေါင်းညိတ်တယ်ဗျ၊ ဒါနဲ့ မကြာပါဘူး၊ အမေက ဟင်းချိုခွက်လေးခပ်ပြီးရောက်လာပါရော၊ ငဒူက ထမင်းကို သုံးလေးလုပ်စားနေတယ်၊ နောက်တော့ အဖေက အဝတ်အစားလဲပြီး ဆင်းလာပါရောဗျာ၊ ဆင်းလာပြီးတော့ ငဒူစားနေတဲ့ ထမင်းစားပွဲဘေးနားမှာ ဝင်ထိုင်တယ်။

“စားနော်၊ ငါ့တူကြီး အားမနာနဲ့”

အမေကတော့ ဘိုးတော်ကြီးလားဆိုပြီးတော့ မျှော်လင့်ချက်တွေနဲ့ မျက်လုံးတွေအရောင်လက်လို့ပေါ့ဗျာ။

“စားပါ သူငယ်ရဲ့၊ ထမင်းစားတာ အားမရလိုက်တာ၊ ဘာလဲ အဒေါ်ချက်ထားတဲ့ဟင်းတွေကို ခံတွင်းမတွေ့ဘူးလား”

ငဒူက ထမင်းပန်းကန်ထဲလက်နှိုက်ရင်း

“အဒေါ်ရဲ့လက်ရာကတော့ ကောင်းပါရဲ့ဗျာ၊ ဒါပေမယ့် ကျုပ်က အသားဓါတ်လိုသဗျ၊ ဒီတော့ အမဲသားကြော်လေးစားချင်တယ်”

ုပြီးတော့ အဖေ့ကိုကြည့်ရင်း

“ဦးလေးစားမယ့် အမဲသားကြော်ကို ကျုပ်ကိုကျွေးပါလို့ တောင်းပါရစေ၊ ကျုပ်ကိုကျွေးမယ်မဟုတ်လား”

အဖေက တည်ငြိမ်သွားတယ်ဗျ၊ နောက်တော့ အဖေနဲ့အမေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ လင်မယားနှစ်ယောက် မျက်လုံးချင်းစကားပြောနေတဲ့ပုံပဲဗျာ၊ ကျုပ်ကတော့ စိတ်ထဲကနေ မကျွေးပါစေနဲ့ဆိုပြီး ဆုတွေကြိတ်တောင်းနေရတာပေါ့၊ ဒါပေမယ့် ကျုပ်ဆုတောင်းမပြည့်ပါဘူးဗျာ။

“အင်းလေ၊ တောင်းတော့လည်း ကျွေးရမှာပေါ့၊ သူ့ကိုအမဲသားကြော် ကျွေးလိုက်စမ်းပါ မသန်းရာ”

အမေက မီးဖိုထဲကနေ အမဲသားခွက်ကလေးနှိုက်ပြီးပြန်ထွက်လာတယ်ဗျာ၊ ငဒူက အမဲသားကြော်တွေအကုန်လုံးကို သူတစ်ယောက်တည်း ကုန်အောင်စားရင်း ကျုပ်ကိုပြီတီတီနဲ့ကြည့်နေတယ်၊ ကျုပ်ကတော့ ကျောက်ရုပ်ကြီးလို မလှုပ်မရှားနဲ့ တော်တော်ထိတ်လန့်နေတာပေါ့ဗျာ၊ စားသောက်ပြီးတော့ ငဒူက ကျုပ်အနားကပ်လာတယ်ဗျ။

“ကိုအလတ်ကောင်၊ လောကမှာ တောင်းရအခက်ဆုံးက ဘာလဲဆိုတာသိသလားဗျ”

“ဟေ၊ ဘာလဲကွ”

“လူဗျ၊ လူ၊ တစ်နည်းပြောရရင် မိန်းမပေါ့ဗျာ”

“ဟာ၊ ဟေ့ကောင်ငဒူ၊ ဟုတ်မှလဲလုပ်စမ်းပါကွာ”

“ရပါတယ်၊ ဒီတော့ ကျုပ်ကိုအလတ်ကောင်ရဲ့ ညီမကိုတောင်းမယ်ဗျာ”

“ဘာ၊ ဘာပြောတယ်ကွ”

“ဟုတ်တယ်၊ ကျုပ်ခင်ဗျားညီမကို တောင်းကြည့်မယ်၊ မရဘူးဆိုရင် ခင်ဗျားနိုင်ပြီ၊ ရမယ်ဆိုရင်တော့ ကျုပ်လည်း အိုရချည်သေးရဲ့ဗျာ၊ ဟက်၊ ဟက်”

ငဒူက သူ့မုတ်ဆိတ်မွှေးထူလဗြစ်ကို လက်နဲ့ပွတ်နေသေးသဗျာ။

“ဟာ၊ ဒါတော့မဖြစ်ဘူးဟေ့၊ မင်းတောင်းလို့ ငါ့ညီမကိုရသွားရင် ငါ့ညီမက သူတောင်းစားရဲ့မိန်းမဖြစ်သွားမှာပေါ့ကွ”

“ဖြစ်ဖြစ်ပေါ့ဗျ၊ သူတောင်းစားမိန်းမဖြစ်တော့လည်း ကောင်းတာပဲ၊ ဘာမှမလုပ်ရမကိုင်ရဘဲ အချိန်တန်ရင် တောင်းရမ်းစားသောက်ပြီး အေးအေးဆေးဆေးနေလို့ရတယ်၊ ကျုပ်ရဲ့အစွမ်းကို ကိုအလတ်ကောင်လည်း သိမှာပါ၊ ခင်ဗျားညီမကို ကျုပ်တင့်တောင်းတင့်တယ် တောင်းကျွေးမှာပါဗျ”

ကျုပ်ဖြင့် ခေါင်းတွေတောင်ကြိမ်းသွားတယ်ဗျာ၊ တကယ်လို့ သူသာတကယ်တောင်းလို့ရရင် ကျုပ်ညီမက သူတောင်းစားမိန်းမဖြစ်ပြီဗျ၊ အဲဒါတင်မကဘူး ကျုပ်တို့လည်း သူတောင်းစားနဲ့ဆွေမျိုးတော်ကုန်ပြီ၊ အဖေကသူကြီး လင်က သူတောင်းစားဆိုပြီး ကျုပ်ညီမတော့ ရွာကလူတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မြောတော့မယ်ထင်ပါရဲ့။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကိစ္စကို ငါရအောင်တားရမယ်၊ ရအောင်တားရမယ်”

အခက်အခဲကြုံရင် အရင်ဆုံးသတိရမိတာကတော့ ဦးဘသာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း ခြံထဲကနေအပြေးထွက်လာခဲ့ပြီး ဦးဘသာအိမ်ကိုပြေးလာခဲ့တာပေါ့။

“ဦးဘသာ၊ ဦးဘသာ၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

“ဘယ်လိုဖြစ်တာလည်းအလတ်ကောင်ရာ မင်းဟာကလည်း မထိတ်သာမလန့်သာနဲ့”

“ကျုပ်ကိုကယ်ပါအုံးဗျာ၊ ဦးဘသာသာ မကယ်ရင် ကျုပ်သူတောင်းစားနဲ့ဆွေမျိုးအရင်းဖြစ်တော့မှဗျ”

ကျုပ်လည်း ဦးဘသာကို ကျုပ်နဲ့ငဒူနဲ့စိန်ခေါ်ခဲ့တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျ ပြောပြလိုက်တာပေါ့ဗျာ၊ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်တယ်။

“အဲဒါဘယ်လိုလုပ်မလဲ ဦးဘသာ”

“ငါထင်တာက သူ့ဆီမှာအဆောင်တစ်ခုခုရှိနေလို့ကွ”

“ဗျာ၊ ဘယ်လိုအဆောင်လဲ”

“သူတောင်းစားတွေမှာ အဆင့်အမြင့်ဆုံး ပညာရပ်တစ်ခုရှိသကွ၊ အဲဒါကတော့ မာတင်္ဂဆိုတဲ့ အဆောင်တစ်ခုပဲ”

ကျုပ်လည်း အဲဒီစကားကို အခုမှကြားဖူးတယ်ဗျာ။

“မာတင်္ဂဆိုတာ ဘာလဲဗျ”

“မာတင်္ဂဆိုတာ ဘုရားအလောင်းပေါ့ကွာ၊ တစ်ချိန်တုန်းက ဘုရားအလောင်းက ဘဝတစ်ခုမှာ သူတောင်းစားဖြစ်ခဲ့တယ်ကွ၊ သူတောင်းစားဆိုပေမယ့် အစွမ်းရှိတယ်၊ သူတောင်းရင် တောင်းတဲ့အရာကိုရနိုင်သတဲ့ကွ၊ ဒါပေမယ့် မာတင်္ဂက သူ့အစွမ်းကို သိုသိုသိပ်သိပ်နဲ့နေတယ်၊ ပုံမှန်အတိုင်းပဲ တောင်းစားနေသတဲ့ကွာ”

“သူတို့တိုင်းပြည်မှာပဲ မင်္ဂလိကာလို့အမည်ရတဲ့ အမျိုးဇတ်မြင့်တဲ့ ပုဏ္ဍားသမီးတစ်ယောက်ရှိသတဲ့၊ ရုပ်ရည်ကလည်း တော်တော်ချောတယ်ဆိုပဲ၊ ဒါပေမယ့် မင်္ဂလိကာ က မောက်မာတယ်ကွ၊ သူ့ကိုလိုချင်လို့ တောင်းရမ်းလက်ဖွဲ့လာတဲ့ သူဌေးသူကြွယ်တွေအကုန်လုံးကို မတူသလို မတန်သလိုပြောဆိုသတဲ့၊ သူတောင်းစားတွေကိုလည်း သိပ်ပြီးမောက်မောက်မာမာဆက်ဆံတာနဲ့ မာတင်္ဂက မင်္ဂလိကာကို ရအောင်တောင်းရမ်းမယ်ဆိုပြီးတော့ ပုဏ္ဍားကြီးဆီမှာ သမီးကိုသွားတောင်းတာပေါ့ကွာ”

“ဟာဗျာ၊ လူကိုတောင်းတာတဲ့လား၊ ဒီလိုတောင်းတော့ ပုဏ္ဍားကြီးက ပေးစားရောလား”

“ဒါပေါ့ကွ၊ မင်္ဂလိကာတစ်ယောက်လည်း တိုင်းပြည်ထဲအရှက်ကွဲတာပေါ့ သူဌေးသူကြွယ်တွေကို ပြောဆိုလွှတ်ပြီး အခုတော့ သူတောင်းစားက လာတောင်းရမ်းတယ်ဆိုပြီး အရှက်ကွဲတာပေါ့ကွာ၊ မာတင်္ဂရဲ့အစွမ်းကြောင့် ပုဏ္ဍားကြီးကလည်း သူ့သမီးကို မာတင်္ဂနဲ့ လက်ထပ်ပေးလိုက်တယ်၊ မင်္ဂလိကာလည်း နေ့ချင်းညချင်း ချမ်းသာတဲ့ ပုဏ္ဍားသမီးအဖြစ်ကနေ သူတောင်းစားမဖြစ်သွားပြီးတော့ မြို့ရွာအနှံ့လှည့်လည်ပြီးတော့ တောင်းစားရတယ်ဆိုပဲ”

“တောက်၊ တော်တော်ရက်စက်တဲ့ဘုရားအလောင်းဗျာ”

ကျုပ်လည်းဒေါသထွက်သွားတယ်၊ နောက်တော့မှ အယောင်ယောင်အမှားမှားနဲ့ လက်အုပ်ချီပြီးတော့ မိုးပေါ်ကိုကြည့်ရင်း

“ကန်တော့၊ ကန်တော့ပါဗျာ၊ ကျုပ် လွှတ်ခနဲထွက်သွားလို့ပါ”

ကျုပ်အဖြစ်ကို ဦးဘသာက ကြည့်ပြီးရယ်နေတယ်ဗျ။

“သူတောင်းစားအဖြစ်နဲ့နေပေမယ့် မာတင်္ဂက မင်္ဂလိကာကို မောင်နှမလိုပဲ ဆက်ဆံတယ်ဆိုပဲကွ၊ ဒါနဲ့ကြာလာတော့ သနားသွားတယ်၊ သူ့ခမျာ ငါ့အတွက်နဲ့ ဒုက္ခဖြစ်ရတယ်၊ ပြီးတော့ သူတောင်းစားမိန်းမဆိုပြီး လူတွေအထင်သေးခံရတယ်၊ သူ့ကို ကောင်းစားအောင်ကြံဆောင်ပေးမယ်ဆိုပြီးတော့ မင်္ဂလိကာကိုပြောတယ်၊ ကျွန်မယောက်ျားက သူတောင်းစားမဟုတ်ပါ၊ ဗြဟ္မာကြီးဖြစ်တယ်၊ နောက်ဆယ့်ငါးရက်ကြာတဲ့အခါ လကိုခွင်းပြီးဆင်းပြလိမ့်မယ်လို့ ပြောခိုင်းသတဲ့”

“ဒါလိမ်ခိုင်းတာမဟုတ်လား”

“မဟုတ်ဘူးကွ၊ မာတင်္ဂက ဆယ့်ငါးရက်အတွင်း တောထွက်ပြီးတော့ ဈာန်သမာပတ်ဝင်စားလိုက်တာ အထုံပါရမီကောင်းတော့ ခဏလေးနဲ့ ဗြဟ္မာတွေမှာရှိတဲ့ တန်ခိုးတွေရသွားတယ်ဆိုပဲ၊ ဒါနဲ့ လူတွေအားလုံးကို လကိုခွင်းပြီးဆင်းပြလိုက်တော့ အားလုံးက လေးစားကြည်ညိုသွားတယ်၊ ဗြဟ္မဏဆိုတာ အမျိုးအမြတ်ဆုံးလူတွေ၊ သူတို့တွေက ဗြဟ္မာတွေကို ကိုးကွယ်တာဆိုတော့ မင်္ဂလိကာတစ်ယောက် ဗြဟ္မဏတွေထဲမှာမှ အဆင့်အမြင့်ဆုံးလူတစ်ယောက်ဖြစ်သွားပြီးတော့ တခြားလူတွေက တလေးတစားဆက်ဆံခံရပြီး ချမ်းသာသွားတယ်ဆိုပါတော့ကွာ”

“အဲဒါနဲ့ အခု ငဒူနဲ့ဘာဆိုင်သလဲဗျ”

“အဲဒီ မာတင်္ဂကို အစွဲပြုပြီးတော့ မာတင်္ဂဂါထာ၊ မာတင်္ဂအစီအရင်ဆိုပြီး လူတွေလုပ်ကြသကွ၊ လုပ်တာကတော့ ခက်လည်းခက်တယ် လွယ်လည်းလွယ်တယ်ပြောရမယ်၊ ဘယ်လိုလုပ်သလဲဆိုတော့ သူတောင်းစားတွေ အမြဲကိုင်ဆောင်သွားလာတဲ့ တံပိုး၊ တောင်ဝှေးကျိုးကို လိုသကွ၊ အဲဒီတောင်ဝှေးကျိုးမှာ လာဘသိဒ္ဒိတွေရှိနေတယ်လို့ ယုံကြည်ကြတယ်၊ တောင်ဝှေးကျိုးရရင် မာတင်္ဂအရုပ်ထုရတယ်၊ လူတစ်ယောက်က မုဆိုးထိုင်ထိုင်နေပြီးတော့ ဘယ်ဘက်လက်က ခွက်တစ်လုံးကိုင်ထားရတယ်၊ ညာဘက်လက်ကတော့ တောင်ဝှေးတစ်ချောင်းကိုင်ထားတဲ့ပုံစံကို ထုလုပ်ရသကွ၊ တစ်ချို့လည်း မတ်တပ်အနေအထားနဲ့ထုလုပ်ကြတယ်”

“ထုလုပ်ပြီးရင်ကောဗျာ”

“ပြီးရင်တော့ ဘုရားရှေ့မှာ အဲဒီအရုပ်ကို မာတင်္ဂဂါထာ သုံးဆယ့်ခုနစ်အုပ်ရွတ်ပြီး မှော်သွင်းရတယ်၊ ပြီးရင် သိမ်ထဲမှာတစ်ခါ၊ နတ်စင်နတ်ကွန်းမှာတစ်ခါ၊ လမ်းလေးခွဆုံမှာတစ်ခါ၊ အိမ်အတက်အဆင်းမှာတစ်ခါ မှော်သွင်းပြီးတော့ ရွှေချရတယ်၊ မှော်အောင်လို့ကတော့ မာတင်္ဂအတိုင်း တောင်းသမျှရတယ်၊ တသမျှပြည့်စုံတယ်တဲ့ကွာ”

“ဒါဆို ငဒူက မာတင်္ဂမှော် အောင်ထားတာများလား”

“ဒါကတော့ မင်းစုံစမ်းရမှာပဲအလတ်ကောင်ရေ၊ သူအိတ်နေတဲ့အချိန် သူ့လွယ်အိတ်ထဲ ရှာဖွေကြည့်ပေါ့ကွ”

“တွေ့ရင်ရော”

“တွေ့ရင်မင်းသိမ်းထားလိုက်၊ ဒါဆို သူတောင်းသမျှ မအောင်တော့ဘူးပေါ့ကွာ၊ သူ့အရုပ်ကို ပြီးရင် ပြန်ပေးလိုက်ပါ၊ မာတင်္ဂအရုပ်က ကိုယ်တိုင်စီရင်တဲ့လူ သုံးမှစွမ်းတာကွ၊၊ ဟုတ်ပြီလား”

ကျုပ်လည်း ဦးဘသာဆီကနေပြန်ခဲ့တော့တယ်၊

(၅)

ညရောက်ပြီဗျ၊ ကျုပ်က အိပ်ချင်ယောင်ဆောင်ပြီးတော့ အသာစောင့်နေတာ၊ ဘုရားခန်းရှေ့မှာအိပ်တဲ့ ငဒူကတော့ တခေါခေါနဲ့အိပ်ပျော်နေတာပဲဗျာ၊ ဒါနဲ့ကျုပ်လည်း သူ့ခြေရင်းမှာချထားတဲ့ လွယ်အိတ်ထဲက အရုပ်ကိုသွားရှာတယ်၊ လွယ်အိတ်တစ်ခုလုံးလည်း အစုတ်အပြတ်တွေချည်းပါပဲဗျာ၊ အရုပ်တော့ မတွေ့ဘူးဗျ။

ဒါနဲ့ သူ့ကိုယ်လုံးမှာရှာတယ်၊ ဒါလည်းမတွေ့ပါဘူးဗျာ၊ ကျုပ်လက်လျှော့မယ်လုပ်ရင်း ငဒူရဲ့ခေါင်းမှာ ဝင်းဝင်းလက်လက်ဖြစ်နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ဗျ၊ ဒီကောင့်ရဲ့ ဆံပင်ရှည်ဘုတ်သိုက်ကြားထဲမှာ ရွှေရောင်အရုပ်ကလေးတစ်ရုပ်ဗျ၊ ကျုပ်လည်း အသာကလေးလှမ်းဆွဲယူလိုက်တယ်။ အရုပ်ကလေးက လက်တစ်ဆစ်လောက်ပဲရှိပါတယ်ဗျာ၊ ရွှေချထားတော့ အရောင်ဝင်းနေတယ်။

“ဟုတ်ပြီ၊ လတ်စသတ်တော့ ဒီကောင်က ခေါင်းထဲမှာထည့်ထားတာကိုး”

ကျုပ်လည်း အရုပ်ကလေးကိုယူပြီးဖွက်ထားလိုက်တာပေါ့ဗျာ။ မနက်ရောက်တော့ ငဒူက ပြုံးဖြီးဖြီးနဲ့ အဖေ့အရှေ့မှာထိုင်လိုက်တယ်ဗျ။

“ဦးလေးနဲ့ အဒေါ်ကို ကျုပ်တစ်ခုပြောစရာရှိလို့ပါ”

“အေး၊ ပြောလေကွာ”

“ကျုပ်ပြောမယ့်အရာက အရမ်းအရေးကြီးပါတယ်ဦးလေး၊ ဦးလေးတီု့ သေချာနားထောင်ပေးပါ”

အဖေက ခေါင်းညိတ်တယ်။ ငဒူက ကျုပ်ညီမအလတ်မကိုကြည့်ပြီး

“ကျုပ် ဦးလေးတို့ရဲ့သမီးအကြီးမကို သဘောကျနေပါတယ်၊ ဒါကြောင့် ဦးလေးတို့သဘောတူမယ်ဆိုရင်ဖြင့် ဒီမိန်းကလေးကို ကျုပ်ကလက်ထပ်ယူချင်ပါတယ်၊ ကျုပ်နဲ့ ဦးလေးတို့သမီးနဲ့ကို လက်ထပ်ပေးဖို့ တောင်းဆိုပါရစေ”

အမေဆိုရင် တော်တော်ထိတ်ထိတ်ပြာပြာဖြစ်သွားတာဗျ၊ အဖေက ခေါင်းအသာညိတ်လိုက်တော့ ကျုပ်ဖြင့်ရင်ထဲ ထိတ်သွားတာပဲဗျာ။

“ဟုတ်ပါပြီ၊ ဒါနဲ့ မောင်ရင်ရဲ့နာမည်အရင်းကိုတောင် ဦးလေးတို့မသိရသေးပါလား”

“ကျုပ်နာမည် ကျော်စိုးပါ”

“ဒါနဲ့ မောင်ရင်က ဘာလုပ်ကိုင်စားသလဲ၊ မိဘတွေကရော ဘာအလုပ်လုပ်ကြသလဲကွဲ့”

“ကျုပ်က သူတောင်းစားပါ၊ မိဘတွေကလည်း ပုဂံဘက်မှာ တောင်းစားကြပါတယ်”

အဖေက မတ်တပ်ရပ်လိုက်ပြီး

“ဒီတော့မောင်ရင်ရယ်၊ မောင်ရင်တို့လို သူတောင်းစားမျိုးရိုးကလာတဲ့ သူတောင်းစားကို ဦးလေးတို့လို သူကြီးမျိုးကလာတဲ့လူနဲ့ ပေါင်းဖက်ပေးဖို့က ဖြစ်နိုင်မယ်လို့ မောင်ရင်ထင်နေတာလား”

ငဒူနည်းနည်းတော့ ဖြုံသွားတယ်ဗျ။

“မဟုတ်ဘူးလေ၊ ဟို . . . ဟို”

“ဒီမှာ မောင်ရင် မောင်ရင်ကို သူတောင်းစားကို ဦးလေးတို့က အရေးတယူနဲ့ ထမင်းတွေကျွေး၊ အိမ်ဦးခန်းမှာ ပေးအိပ်နေတာနဲ့တင် မောင်ရင်ကျေနပ်ပါတော့၊ ဒီထက်ပိုပြီးတော့ ထပ်ပြီးရောင့်မတက်ချင်ပါနဲ့ မောင်ရင်ရ”

ငဒူက အဖေ့ကိုလက်ညှိုးထိုးပြီး

“ဟေ့လူကြီး၊ ကျုပ်ခင်ဗျားသမီးကိုလိုချင်တယ်၊ ခင်ဗျားသမီးကိုတောင်းတယ်၊ ခင်ဗျား ပေးမလား မပေးဘူးလား”

အဖေက ခပ်ပြုံးပြုံးနဲ့ပြ့ုံးလိုက်ပြီးတော့ သူ့အနောက်နံရံမှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကြီးကိုဆွဲဖြုတ်လိုက်တယ်ဗျ။ ငဒူလည်း ပျာပျာသလဲနဲ့ သူ့ခေါင်းကိုသူစမ်းကြည့်တယ်။

“ဟာ၊ သွားပြီ၊ မရှိ၊ မရှိတော့ဘူး”

အဖေက ဓါးကိုဝင့်လိုက်ပြီး

“ဒီလောက်ပြောနေတာကိုတောင် ရောင့်တက်တဲ့သူတောင်းစား၊ မင်း ငါ့သမီးကိုတော့မရဘူး၊ ငါ့ဓါးကိုပဲ ရမယ်ကွ”

အဖေက လွှားခနဲခုန်လိုက်တော့ ငဒူခမျာ ထိုင်ခုံကနေ ကမန်းကတမ်းထပြီးတော့ ပြေးတော့တာပဲဗျာ၊ အဖေလည်း တော်တော်စိတ်ဆိုးပုံရတယ်ဗျ၊ ငဒူအနောက်ကို ဓါးကြီးကိုင်ရင်း ပြေးလိုက်ပါရောဗျာ၊ ကျုပ်ဖြင့် သူတို့ကိုကြည့်ပြီး ရယ်လိုက်ရတာ အူတွေတောင်နာတယ်ဗျ။ အဲဒီကတည်းက ငဒူတစ်ယောက် ကျုပ်တို့ရွာကို ခြေဦးမလှည့်တော့ဘူးဗျို့၊ ကျုပ်ဆီမှာတော့ ဒီကောင်ကျန်ခဲ့တဲ့ မာတင်္ဂအရုပ်ကလေး ကျန်နေခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း ကျုပ်သုံးလို့မှ မစွမ်းဘဲကိုးဗျ။ ဒါနဲ့ပဲ အရုပ်ကလေးကို ခြံနောက်ဘက် အိမ်သာကျင်းထဲ ပစ်ချလိုက်ပါရောဗျာ။

နေ့လည်ရွာထဲထွက်ခဲ့တော့ ဦးဘသာနဲ့လမ်းမှာဆုံသဗျ၊ ဦးဘသာက ကွမ်းသီးစိတ်တွေ ထွက်ဝယ်တယ်နဲ့တူပါတယ်။

“ဘယ်လိုလဲကွ၊ မင်းယောက်ဖ ပြန်သွားပြီလား”

“ဟာဗျာ၊ ဒီလိုမပြောပါနဲ့၊ မနက်ကတည်းက ဒီကောင့််ကိုအဖေဓါးနဲ့လိုက်လို့ ဒီကောင်ရွာကနေထွက်ပြေးသွားရှာပြီဗျ”

“မင်း မာတင်္ဂအရုပ်ကိုရော တွေ့ရဲ့လား”

“တွေ့ပါ့ဗျာ၊ လက်တစ်ဆစ်လောက်ပဲရှိတယ်ဗျ၊ အရုပ်ကလေးက”

“အေး၊ မင်းတော့ပွတာပဲဟေ့၊ မာတင်္ဂအစစ်ဆိုရင် ငွေသိန်းချီတန်တယ်ကွ၊ ဟိုအရင်ကတောင် မာတင်္ဂမှော် အောင်ထားတဲ့အရုပ်ကို ငွေသုံးသိန်းပေးဝယ်ကြသတဲ့”

“ဗျာ၊ ဒါ၊ ဒါနဲ့ သူများသုံးလို့ မစွမ်းဘူးဆိုဗျ”

“အေးလေ၊ တောင်းတိုင်းတော့မရတော့ဘူးပေါ့၊ ဒါပေမယ့် ဈေးဆိုင်တွေ လုပ်ငန်းတွေမှာ အဲဒီအရုပ်ကိုထားရင် သိပ်စိးပွားဖြစ်သတဲ့ကွ၊ လာဘသိဒ္ဒိ၊ ဓနသိဒ္ဒိ သိပ်ကောင်းဆိုပဲ”

ကျုပ်လည်း ဦးဘသာကိုတောင် နှုတ်မဆက်တော့ဘဲ တစ်ခါတည်း လှည့််ပြေးတော့တာပဲဗျာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင်၊ အလတ်ကောင်၊ ဟာ၊ ဒီကောင်ကတော့ ဘာဖြစ်ပြန်တာလဲမသိဘူး”

ကျုပ်ဘယ်ကိုပြေးသလဲဆိုတာတော့ ခင်ဗျားတို့သိလောက်ပြီထင်ပါရဲ့ဗျာ၊ ကျုပ်ဘဝမှာ ထူးဆန်းတဲ့ပစ္စည်းတွေ တော်တော်များများ လက်ဝယ်ရဖူးသဗျ၊ ဒါပေမယ့် မထိုက်ပုံများတော့ ပြောမနေပါနဲ့တော့ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
#ညမဖတ်ရ