ယုန်ထောင်သမား

မိုးကို ဒူးနဲ့တိုက်ဗျာ အိုးကိုးရမလား ငမုံး”

“အနော်ဆီ မြားဦး လှည့်လာပါပြီ၊ ငွေမရှိရင် ပိုက်ဆံ မရှိပါ။ အနော် ပြန်ပါတော့မည်”

ငမိုးက ပြောင်ချော်ချော် ပြောကာ ရွာဆီသို့ ပြန်သည်။ ငွေမရှိလျှင် ပိုက်ဆံမရှိပါဟူသော ငမုံးစကားကို ငတောရော ငလုံးပါ သဘောကျလွန်းသောကြောင့် ဟားတိုက်ရယ်သည်။ ရယ်မော၍ အားရမှ လွှဆွဲကြသည်။ ငတောနှင့် ငလုံးတို့ လွှဆွဲသံမှာ တရွှီးရွှီး တဝီးဝီး။

နေ့ခင်းမှာ ပုတ်ပြတ် လုပ်ငန်းလုပ် ညဘက်မှာ ယုန်ထောင်ထွက်နိုင်ရန် ငတောအနေဖြင့် ယုန်ခြေရာနှင့် ယုန်ကိုက်ငုတ်ကို ယခင်ရက်များကတည်းက အလုပ် မအားသည့် ကြားထဲမှပင်လျှင် လိုက်လံကြည့်ခဲ့၏။ ယနေ့ပါ တွက်လျှင် ငါးရက်မျှ ရှိခဲ့ပြီ။

ယုန်ကိုက်ငုတ်က အချိန်မရွေး ကြည့်ရသည်။
ယုန်ခြေရာမှာ သွားကြည့်ချင်သည့် အချိန်မှ ကြည့်မရ။ ယုန်ခြေရာကို သိုးအုပ် ဆိတ်အုပ် နွားအုပ်နှင့် လူမဖြတ်ကျော်မီ သွားရောက်ကြည့်ရသည်။ ရာသီကို ချိန်ဆရသည်။

ယခု ရာသီသည် ဆောင်းရာသီ။ လက ပြာသိုလ။
မိုးတွင်းကာလကဲ့သို့ မြေ၌ အစိုဓာတ်ဖြင့် ထင်သော ခြေရာ မဟုတ်၊ ခြေရာက ဖုန်ထူရာ သဲထူရာ၌သာ ထင်လေ့ရှိသော အချိန်။ ယုန်ထောင်မည့် သူက ထိုခြေရာကို ရှာရသည်။ တွေ့လာသော ခြေရာအား အသွားခြေရာ၊ အပြန်ခြေရာ မှန်းဆရသည်။

ခြေရာရှင် ယုန်သည် ခရီးသွားဟန်လွဲ ဖြတ်သန်းသွားလာသော ယုန်လား၊ စားကြွင်းစားကျက်သို့ နေ့စဉ် သွားလာလေ့ ရှိသော ယုန်လား။ ယုန်ကြီးလား၊ ယုန်လတ်လား၊ ယုန်လေးလား ဝေဖန်စိစစ်ရသည်။ ယုန်အရွယ် အစား ခြေရာက ဖော်ပြသည်။ ကျားကြီးက ခြေရာကြီး၊ ယုန်ကြီးက ခြေရာ ကြီး၊ ယုန်လတ်က ခြေရာလတ်၊ ယုန်သေးက ခြေရာသေး။

ယုန်အလာ အသွားနှင့် အပြန်အထွက်ကို ခန့်မှန်းရာ၌ ယုန်အမြဲတမ်း နေထိုင်သော ဝပ်ကျင်းမှ ထွက်သောအထွက် ခြေရာဟု ယူဆရသည်။

စားကွင်းစားကျက်မှ နေ့ခင်းဘက် နေထိုင်သော ဝပ်ကျင်း ဆီသို့ အပြန် ခြေရာကို စားကွင်းမှ အထွက်ခြေရာ ဝပ်ကျင်းပြန် ခြေရာဟု ယူဆ
ရသည်။

အဓိက အချက်မှာ စားကွင်းသည် မည်သည့်နေရာ၌ ရှိသနည်း။ နေ့ခင်းတွင် ဝပ်သော ဝပ်ကျင်းသည် မည်သည့် နေရာ၌ ဖြစ်သနည်း။ .

သည် အချက်အတွက် မလွဲမှ ချိန်ဆရာ၌ အပြန်အသွား အဝင်အထွက် ခန့်မှန်းရာ၌ မလွဲ။ သည်အချက် မလွဲက နေ့စဉ် လာမလာ ချိန်ဆရာ၌ မလွဲ။

မျက်စိအကျင့် ဝမ်းအချင့်မှာ ယုန်သမား၌ ပိုမှန်သည်။ တွေ့ခဲ့သော ယုန်ခြေရာသည် မနေ့က တွေ့ခဲ့သော ခြေရာ ဟုတ်မဟုတ်၊ အရွယ်အစား ဟုတ်မဟုတ် ချင့်ချိန်ရာ၌ ပေတံ မပါ။ ကွန်ပျူတာ မကူသော်လည်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်အထိ မျက်စိအကျင့် ရှိသည်။ မြင်ဖူးတွေ့ဖူး ကြုံဖူးသော အတွေ့အကြုံ၊ လုပ်ငန်း စိတ်ဝင်စားမှုနှင့် စိတ်ရှည်မှုက ချိန်ဆရာ၌ များစွာ အထောက်အကူ ပြုသည်။ တော အတွေ့အကြုံ၊ ယုန် အတွေ့အကြုံများက မျက်စိရိုင်းထက် ယဉ်ပါးပြီးသော အတွေ့ အကြုံရှိ မျက်စိက များစွာမြင်တတ် နှိုင်းယှဉ်တတ်၊ ချိန်ဆတတ်သည်။

ငတော ရောက်ခဲ့သော တောများမှာ များပြားလှသည္
ထင်းမွေးတောလည်း ရောက်သည်။ မည်သည့် သီးနှံပင်မှ စိုက်ပျိုး မရသော သစ်ကြီးဝါးကြီး၊ ချုံကြီးချုံနွယ်များ ပေါက်ရောက်ရာ တောသို့လည်း ရောက်သည်။ စိုက်ပင်ပျိုးပင်များ စိုက်ပျိုးထားရာ နေရာများနှင့် ချုံပုတ် ချုံနွယ်များ ဟိုတစ်စု၊ သည်တစ်စု၊ သစ်ပင်ဝါးပင်များ ကျိုးကျိုးကျဲကျဲ ပေါက်သော နေရာများသို့လည်း ရောက်သည်။

ထင်းမွေးတောဟူသည်၊ ထင်းခုတ်ရန် သီးသန့် မွေးထားသော တောများကို ခေါ်သည်။ ပိုင်ရှင်က သစ်ပင်များကို ထင်းပင်များအဖြစ် မွေးထားသော်လည်း ထင်းကောင်းထင်းမာသာ ရလေ့ရှိသည့် အပင်များသာ သီးသန့်ပေါက်သည် မဟုတ်။ ချုံပုတ်ချုံနွယ်များ၊ မြက်ပင်ပေါင်းပင် များလည်း ပေါက်သည်။ ထင်းမွေးတောမှန်း သိသာစေရန် ပိုင်ရှင်က စည်းထားသည်။ စည်းရိုးခတ်သည်။

စည်းခတ်၊ စည်းတားသည်ဆိုသောကြောင့် ဝါးဝယ်၊ တိုင်ဝယ်နေသည် မဟုတ်၊ ဝါးမလို၊ တိုင်မလို၊ မိမိ တောအတွင်း၌ ပေါက်နေသော ချုံပုတ် ချုံနွယ်များကို ခုတ်ပြီးကာလိုက်လျှင် စည်းရိုးဖြစ်သွားသည်။ စည်းရိုးဟောင်းလိုက်၊ စည်းသစ်ဆင့်လိုက်၊ စည်းသစ်ဟောင်းလိုက် ထပ်မံ စည်းသစ် တင်လိုက်နှင့် လုပ်ရာ နှစ်ကြာလာသောအခါ စည်းရိုးကြီး ဖြစ်လာသည်။

စိုက်ပျိုးထားသော စိုက်ခင်းပျိုးခင်းများကလည်း ကျွဲ၊ နွား၊ သိုး ဆိတ် ဘေးရန်လွတ်စေရန် ဆူးစည်းများ ခတ်လေ့ရှိသည်။ သီးနှံရိတ်သိမ်းပြီးလည်း ဆူးစည်းမဖျက်၊ တစ်နှစ်ပြီးတစ်နှစ် ဆူးထပ်ထပ်ဆင့်ရာ စည်းရိုးကြီးဖြစ်သွား သည်။ ထိုယာစည်းရိုးအား၊ ယာစရိုး ယာစည်းရိုးဟု ခေါ်သည်။

ထင်းမွေးတောလည်း မဟုတ်၊ စိုက်ပင်လည်း မဟုတ်သော ဖုန်းဆိုးတော ကြီးများလည်း ရှိသည်။ ထိုနေရာများသည် လျှို၊ မြောင်၊ ချိုင့်ဝှမ်းလည်းပါ၏။ စိုက်ပျိုးမရသော ခင်တန်း၊ ကုန်းမြောင်တောင်စောင်းလည်းပါ၏။ လျှိုမြောင်
ချိုင့်ဝှမ်း ခင်တန်းကုန်းမြောင်သည် စိုက်ပင် စိုက်မရသော်လည်း သဘာဝ | ပေါက်ပင်ကြီးများ ပေါသည်။ ပင်ကြီး၊ ပင်ငယ်၊ ပင်ပျပ် ပင်ပု၊ပင်အို ပင်ပျို
စုံလင်လင် ပေါက်သည်။ ငတောတို့ အဖေတို့ အဘတို့ လက်ထက်က ယုန်သမား ကျားဆွဲ ခံရသော တော၊ ယုန်သမား ကျားသစ်အပုတ် ခံရသော ​ေတာမှာ ထိုတော ဖြစ်၏။

ယုန်သည် ထိုသို့သော ရေမြေတောတောင်ကို မှီခို အသက်ရှင်ရ၏။

သူ့ကို ထောင်ဖမ်းလိုသူသည် သူ နေထိုင်ရာ၊ သူ့တော သူ့တောင်၊ သူ့ရေမြေ၊ သူ့သဘာဝကို စေ့စေ့စပ်စပ် လေ့လာရ၏။ ကျွမ်းကျွမ်းကျင်ကျင် သိရ၏။ ရင်းနှီးရ၏။ ယုန်ဓလေ့စရိုက်နှင့် တောသဘာဝ နှိုင်းယှဉ်ချိန်ဆရ၏။ သို့မှသာ ယုန်ဖမ်းရာ အောင်မြင်သည်။

ငတောသည် လူကသာ လွှကို တရွှီးရွှီး တဝီဝီ ဆွဲနေသည်။
စိတ်က ညဘက် ယုန်ထောင်သောအခါ မည်သည့် နေရာကို မည်သည့် နည်းဖြင့် ယုန်ထောင်မှ ကောင်းမည်ဟု ထပ်ပြန် တလဲလဲ စဉ်းစားသည်။ စိတ်ကူးထဲ၌ မိကြည့်၊ လွတ်ကြည့်၊ ပြန်ဖမ်းကြည့်သည်။ လူကလွှဆွဲ ယုန်ထဲ စိတ်ရောက်နှင့် စဉ်းစား၍ မပြီးနိုင်။

ယုန်ဖမ်းရာ၌ ဒေသသုံး သုံးနည်းရှိသည်။ ယုန်ရိုက်နည်း၊ ယုန်လိုက်နည်း၊ ယုန်ထောင်နည်း။
သည်သုံးနည်းထဲမှ ယုန်ထောင်နည်းဖြင့် ညဘက်၌ ယုန်ဖမ်းမည်။
ယုန်ထောင်ရာ၌ပင် နည်းသုံးနည်း ထပ်မံ ခွဲခြား နိုင်သည်။
ကြိုးကွင်းထောင်နည်း။
ဂုတ်ပိုက်ထောင်နည်း။
တန်းပိုက်ခေါ်လံပိုက်ထောင်နည်း။
သည်ထောင်နည်း သုံးနည်းထဲက မည်သည့်နည်းကို သုံးမည်နည်း။

ယုန်နေသော တောမတူ၊ ယုန်စားကွင်းမတူ။ ထောင်နည်းတစ်နည်းထဲဖြင့် ထောင်ခဲ့ပါက လုံလောက်မည် မဟုတ်။ ငတော ယုန်ထောင်ရသော အနေအထားက ဟင်းစား ရှာရုံ တစ်နပ်စာ တစ်အိုးစာ မဟုတ်။ ရသမျှ ဆန်ဖိုး၊ ပြောင်းဖိုး၊ ပဲဖိုး၊ ဆီဖိုး၊ နနွင်းမှုန့်ဖိုးမို့ ကြိုးစား ထောင်ရမည်။ ရာသီချိန်လေးမှာ ရလာသမျှက စားဝတ်နေရေး ပြဿနာ ဖြေရှင်းရာ၌ နေ့ရွှေ့ ညရွှေ့ စေ့ပေလိမ့်မည်။

ထို့ကြောင့် ထောင်နည်း သုံးနည်းစလုံးကို ငတော သုံးရသည်။

ကြိုးကွင်းနှင့် သင့်တော်က ကြိုးကွင်းထောင်မည်။ ဂုတ်ပိုက်နှင့် သင့်တော်က ဂုတ်ပိုက်ထောင်မည်။ တန်းပိုက်ခေါ်လံပိုက်နှင့် သင့်တော်က လံပိုက်ထောင်မည်။

ည၌ ယုန်ထောင်ကွင်းကို စောစော ရောက်လိုသောကြောင့် ငမုံး ကျောင်းဆင်းချိန်၌ ငတောတို့ သစ်ပင်ဖြတ်ခြင်းကို နားလိုက်သည်။ ဟုတ်သည်။ ယုန်ထောင်ရာသို့ စောစော ရောက်ရန် ဝီရိယရှေ့ထား ငတောတို့ သွားမှ သင့်တော်လိမ့်မည်။

(၂)
ငတောတို့ရွာမှ ထွက်လာချိန်က ညနေစောင်း။
ယုန်ထောင်ရာတွင် သုံးစွဲရမည့် တန်းပိုက်ကြီးတစ်ပိုက်၊ ဂုတ်ပိုက် အဖောင်သုံးဆယ်၊ ကြိုးကွင်းထောင်မည့် သွပ်နန်းကြိုး ပျော့ကွင်း သုံးဆယ်စာ ကို သားအဖ သုံးယောက် ခွဲဝေ သယ်လာသကဲ့သို့ တောလိုက်ရာတွင် မပါမဖြစ်
သော တောလိုက် ဘက်ထရီမီး၊ တောလိုက်ဓားရှည်၊ ဓားလှံ၊ ခလောက်၊ ပိုဝါးခြမ်းကွေးများ၊ ခွထောက်ဝါးလုံးတို များကိုလည်း ယူခဲ့ကြသည်။ အရန် တုတ်မီး (လက်နှိပ်မီး) မီးသီး အပိုကိုလည်း မေ့မရ။ ငတော ကွမ်းထုတ် အပါအဝင် ပစ္စည်း တိုတိုထွာထွာ ထည့်သော လွယ်အိတ်ဟောင်းကြီးကိုလည်း ငတော လွယ်ထားသေးသည်။ အချမ်းဒဏ် ကာကွယ်ရန် သားအဖ သုံးယောက်စလုံး ပုဆိုးဟောင်း တစ်ထည်စီ ကိုယ်စီခြုံရန် စလွယ်သိုင်းခဲ့သည်။

ဤသည်မှာ ပရိယေသန ဝမ်းစာရှာထွက်သော ယုန်ထောင်သမား သုံးဦး၏ ရုပ်ပုံလွှာ။

သားကောင်နှင့်လည်း မနီး၊ လုပ်ခွင်လည်း မဝင်သေးသဖြင့် သားအဖ သုံးယောက်စလုံး စကား တပြောပြော။ တောအလှ တောင်အလှတို့ကို ပတ္တမြားရည် စီးလည်သော နေရောင်ခြည်တို့ ဖျန်းပက်ချိန်တွင် ယုန်ထောင်မည့် တောသို့ ရောက်ခဲ့၏။ မိုးများသောနှစ်၊ နှင်းပေါသောနှစ် ဖြစ်ရာ မြရောင် လှိုင်းထလျက် တောရေး တောင်ရေး သာယာလှပ စိမ်းစိမ်းမြမြ။

ငတောတို့ ပထမဆုံး ထောင်ကွင်း ရွေးသော နေရာမှ ထင်းမွေးတော တစ်တောနှင့် စိုက်ခင်းပျိုးခင်းများ ရှိသော နေရာ။ စိုက်ခင်းပျိုးခင်းတွင် နှမ်း၊ ပါတီ၊ ပဲလွန်း နှင့် ပြောင်းပင်များ စိုက်ပျိုးထားသည်။
ငတော ယုန်ခြေရာခံရင်း သည်တောအရောက်၌ ယုန်ကိုက်ငုတ်များကို စတင် တွေ့သည်။ သေသေချာချာ စူးစိုက် ကြည့်သောအခါ ကိုက်ငုတ် အရှည် ကိုက်ငုတ် အတိုပါ စုံစုံလင်လင် အများအပြားပင်။

ယုန်သည် နေ့အခါ၌ ကျင်းဝပ်လျက်နေသော ဓလေ့စရိုက် ရှိသည်။ ညဘက် ရောက်မှ အစာရှာ ရေသောက် ထွက်သည်။
သူတို့ ညစဉ် ထွက်သော လမ်း၌ သစ်ပင် ချုံပင်၊ မြက်ပင်၊ စိုက်ပင် ပျိုးပင် မည်သည့် အပင်မှ ရှိနေခြင်းကို ယုန်တို့ မကြိုက်။
သွားလမ်း သာလျက် လာလမ်း ရှင်းစေရန် တွေ့ လာသမျှ သစ်ပင် ချုံပုတ် ချုံနွယ် မြက်ပင် စိုက်ပင် ပျိုးပင် မှန်သမျှကို ယုန်က ကိုက်ဖြတ် ရှင်းလင်းသည်။ မာမာပျော့ပျော့ မည်သည့် အနေအထားမှ မရှောင်။ ခဲတံ လုံးလောက် အရွယ်အစားရှိသော ပင်စည်အထိ ကိုက်နိုင်စွမ်းရှိသည်။ ကိုက် လည်း ကိုက်သည်။

သူတို့ သွားလမ်းကျသော နေရာက သိသာသည်။ အဝေးက ကြည့်ကြည့် အနီးက ကြည့်ကြည့် အခြားနေရာများ ထက် သူတို့ သွားလမ်းကျသော နေရာက သိသိသာသာ နိမ့်နေသည်။

ယုန်သွားလမ်းကြောင်း တစ်ခုနှင့်တစ်ခု မတူညီ။ ယုန်ဖိုနှင့် ယုန်မ ကိုက်ဖြတ်ရာ၌ နေရာ အမြင့် မတူညီ။
ယုန်ဖိုက ကိုက်ဖြတ်လျှင် မြေကြီးအထက်မှ လက်ငါးသစ်၊ ခြောက်သစ် အမြင့်မှ ကိုက်ဖြတ်သည်။
ယုန်မက ကိုက်ဖြတ်လျှင် မြေကြီးအထက်မှ လက်သုံးသစ်၊ လေးသစ် အမြင့်မှ ကိုက်ဖြတ်သည်။
ထိုဓလေ့စရိုက်ကို သိနားလည်ထားသော ယုန်သမားက ကိုက်ငုတ် ရှည်ရှည်တွေ့ပါက ယုန်ဖိုကိုက်ငုတ်။
ကိုက်ငုတ်တိုတို တွေ့ပါက ယုန်မ ကိုက်ငုတ်။ ကိုက်ငုတ်ရှည်ရှည် တွေ့လမ်းမှ သွားလာထားက ယုန်ဖို။
ကိုက်ငုတ်တိုတို တွေ့သောလမ်းမှ သွားလာထားက ယုန်မဟု ခွဲခြား နိုင်ကြသည်။

ယုန်သည် ဆယ့်လေးငါးကောင် အုပ်ဖွဲ့ မနေ။ သူတို့ အနေများသည်က နှစ်ကောင်တွဲ၊ သုံးကောင်တွဲလည်း ရံဖန်ရံခါ တွေ့ ရသည်။ ယုန် လေး ငါး
ခြောက်ကောင်တွေ တွေ့ရခဲလှသည်။ တောအလွန်ကျယ်၊ တစ်ဆိတ်တစ်စပ်ထဲ စိုက်ခင်းပျိုးခင်း အလွန်ကျယ်မှ တွေ့ရတတ်သည်။ သို့ရာတွင် ရှားသည်။ တွေ့သည် ဆိုသော်လည်း တစုတဝေးထဲ တွေ့သည်မဟုတ်။ သူ့နေရာ သူဝပ် ကိုယ့်နေရာ ကိုယ်ဝပ် နေသည့် ယုန်ကိုသာ ဟိုနေရာမှ တစ်ကောင်၊ သည်နေရာမှ တစ်ကောင် အကွဲကွဲ အပြားပြား တွေ့ရခြင်းပင်။ ကျယ်ဝန်း သော နေရာမှသာ တွေ့ရသည်။

ယုန်ဖိုနှင့် ယုန်မသည် ယာခင်းတစ်ခင်းထဲအတွင်း ထင်းမွေးတော တစ်တောထဲ အခြားတော တစ်တောထဲ၌ အတူ တွဲလျက် နေလေ့ရှိသည့်တိုင် ပူးတွဲမနေ။ နှစ်ကောင်မှ တစ်ချုံ နှစ်ကောင်မှ တစ်ကျင်း လုံးဝ မနေ။

ယုန်ဖိုကလည်း သူ့နေရာသူနေ၊ သူ့ဝပ်ကျင်း သူဝပ်။ ယုန်မကလည်း သူ့ဝပ်ကျင်း သူဝပ်၊ သူ့နေရာ သူနေ။
လမ်းသွားရာ၌လည်း သူ့လမ်း သူသွား ကိုယ့်လမ်း ကိုယ်သွား။ ဤမျှအထိ စည်းကမ်းကြီးသည်။ ဤမျှအထိ ယုန် ဓလေ့စရိုက် သဘာဝက ထူးခြားသည်။

ယုန်နှစ်ကောင် တွဲလျက် မြင်တွေ့နိုင်သော နေရာ များမှာ စားကွင်း၊ စားကျက်အတွင်းနှင့် စားကွင်း အပြန်အသွား လုပ်ချိန်၌ ဖြစ်သည်။

နေ့ဘက်၌ ယုန်သည် သူ့နေရာ သူနေ ကိုယ့်နေရာ ကိုယ်နေ၏။ ညဘက် အစာရှာ ထွက်ရန် ဝပ်ကျင်းမှ ထကာ သူ့လမ်းကိုယ့်လမ်းမှ အပြင်ထွက်၏။
ယာခင်းပြင်ပ သူနေသော တောပြင်ပ ထွက်ရန် ယုန်တို့ အမြဲဝင် အမြဲထွက်လေ့ ရှိသော နေရာဖြစ်ခဲ့ပါက ထိုနေရာ ထိုစည်းသည် ထူးထူးခြားခြားပင် လုံးလုံးလေး ဖြစ်သွား၏။
စည်းလုံးလုံးလေး ဖြစ်နေသည့် အပေါက်နေရာကို ယုန်ထွက်သည့်နေရာ၊ ယုန်ဝင်သည့်နေရာ၊ ယုန်ထွက်ကြောင်းဟု ယုန်သမားက နားလည်သည်။

ယုန်သည် နေ့ခင်းဘက်၌ ဝပ်နေ၊ ညဘက်မှ ကိုယ့်လမ်းက ကိုယ်သွား၊ ကိုယ့်ထွက်ပေါက် ကိုယ်ထွက်၊ အပြင် ရောက်မှ ယုန်ဖိုနှင့် ယုန်မဆုံတွေ့၊ အစာ အတူရှာ၊ စားသောက်၊ ပြန်လာချိန်၌ အမြဲတမ်း နေထိုင်ရာရှိ ဝင်ပေါက် ထွက်ပေါက် ရောက်ခဲ့လျှင် လမ်းခွဲ၊ သူလည်း သူ့အပေါက်မှဝင်၊ သူ့လမ်း သူသွား၊ သူ့ဝပ်ကျင်းသူဝပ်၊ ကိုယ်လည်း ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အပေါက်မှ ကိုယ်ဝင် ကိုယ့်ဝပ်ကျင်း ကိုယ်ဝပ် ဖြစ်သည်။

ထူးခြားသော ယုန်၏ ဓလေ့စရိုက်ကို သိသော ယုန်ထောင်သမားက ယုန်အဝင် အထွက်ပေါက်ကို စောင့်ထောင်သည်။ နေ့ဘက်၌ ယုန်ထောင်သမားအခေါ် မွှေသည်ဟုခေါ်သော ခွေးဟစ်၊ လူဟစ်၊ ချုံပုတ် ခြောက်လှန့်၍ လန့်သော
အခါ၌လည်း ယုန်သည် ထွက်ပြေးပါက ထိုအပေါက်မှ ပင်လျှင် ထွက်ပြေး၏။ ညဘက်၌ ထောင်က ခွေးဖြင့် လိုက်ရန် မလို။ ပုံမှန်ထွက်မြဲဖြစ်သော ယုန်သည် ထွက်ချိန်ရောက်က ထွက်မြဲထွက်၏။ အပေါက်ဝတွင် ထောင်ထားသော ကြိုးကွင်း သို့မဟုတ် ပိုက်တွင် မိမြဲမိ၏။ ယုန်ထွက်ကြောင်းရှိ အပေါက် တစ်ပေါက်ကို ငတောက ကြိုးကွင်းထောင်ရင်း သားနှစ်ယောက်အား သင်ပြသည်။

“ဒီလို ယုန်ဝင် ယုန်ထွက်ပေါက်ကို ထောင်တဲ့အခါ ယုန်ထောင်တဲ့လူဟာ အတွင်းက ထောင်သလား။ အပြင်က ထောင်သလားဆိုတာ အမြဲ သတိထား၊ တို့ အခု ထောင်မှာက အပြင်က၊ ဒီတော့ ကြိုးကွင်းကို တစ်လက်မလောက် မြှင့်ထောင်ရတယ်၊ အတွင်းက ထောင်ရင်တော့ တစ်လက်မလောက် နှိမ့်
ထောင်မှ ကွက်တိဖြစ်မယ်။ အတွင်းနဲ့အပြင် ထောင်ရာမှ အဲလောက် ခြား ခြား ပေးရတယ်၊ သဘောကတော့ ယုန်ဟာ အပြင်ထွက်တဲ့အခါ ခေါင်းမော့ ထွက်မှာမို့ တစ်လက်မလောက် ပိုမြင့်ရတာ။ ကြိုးကွင်းကိုလည်း ဝိုင်းဝိုင်းကြီး မလုပ်ရဘူး။ ဟောဒီအတိုင်း ထောင်မှ ကောင်းတာ”

ကြိုးကွင်းကို မည်သို့ ထောင်ထောင် ယုန်တိုးက မိလိမ့်မည်ဟု သာမန် သဘော ယူဆခဲ့မိသော ငလုံးနှင့်ငမုံးတို့သည် သူ့အဖေ ပြသမှ သူ့နည်းသူ့ဟန် သူ့အထာ ရှိကြောင်း ပိုမို သဘောပေါက်သည်။ ငတော ပြသသော ကြိုးကွင်းက ရှည်ရှည်မျောမျောလေး။

“သွပ်နန်းကြိုးကွင်း ထောင်တဲ့အခါမှာ ယုန်ခြေရာကို မှန်းပြီးမှ ထောင်ကွ၊ အဲဒါမှ ပိုကောင်းတာ၊ ယုန်ငယ် ယုန်လတ်ဆိုရင် သွပ်နန်းကြိုး ပျော့ကို အကျယ် ခြောက်လက်မ ကျော်ကျော်၊ အရှည် ရှစ်လက်မ ကျော်ကျော် ထား၊ ယုန်ကြီးဆိုရင် အကျယ် ရှစ်လက်မ ကျော်ကျော်၊ အရှည် ဆယ်လက်မ
လောက်ထား၊ အကြမ်းဖျင်းကတော့ ခြောက်လက်မနှင့် ရှစ်လက်မကြား မှန်းထား ဒါဆိုရင် ကွက်တိ မဟုတ်တောင် ဆုတ်သာတက်သာပဲ၊ အဲဒီ အခြေခံ သဘောနဲ့ ယုန်ခြေရာကို မျက်စိထဲ ပြန်ပြန် မှန်းထောင် ကွင်း​ေလျှာကြိုးကွင်းပုံစံကတော့ အဖေ ပြသလိုပေါ့”

ငတော ထောင်သော ကြိုးမှာ သွပ်နန်းကြိုးပျော့ ထောင်နေကျ ဖြစ်ရာ တိုင်းထွာပြီး ဖြတ်တောက်ရန် မလို။ ကြိုးကွင်းတစ်ကွင်းစာ အံကိုက်။ သွပ်နန်း ကြိုးပျော့ကို ရှည်မျောမျော ပုံစံလုပ်ကာ ယုန်ဝင် ယုန်ထွက်ပေါက်၌ ငတော ထောင်သည်။ ကွင်း​ေလျှာမှ ပိုနေသော သွပ်နန်းကြိုးပျော့ကို ရစ်ပတ်ရန် ငလုံးအား သစ်ကိုင်းတစ်ကိုင်း ခုတ်ခိုင်းသည်။ ငလုံး ခုတ်လာသည့် ရှားကိုင်း အလယ် နေရာ၌ သွပ်နန်းကြိုးပျော့အား ရစ်ပတ်သည်။

“ရှေးတုန်းကတော့ ကြိုးကွင်းနဲ့ ထောင်ရာမှာ ထန်းလျှောကွင်းကိုသာ သုံးကြတာကွ၊ အခုအချိန်အထိကိုပဲ နေ့ခင်းဘက်မှာ ခွေးအုပ်လူအုပ်နဲ့ ဒုန်းခြောက်တဲ့အခါ ထွက်ပေါက်တွေမှာ ထန်းလျှော်ကွင်း သုံးတုန်းပဲ။ ခုသွပ်နန်း ကြိုးကတော့ ညဘက်ထောင်တဲ့အခါ ထန်းလျှော်ကွင်းထက် ပိုကောင်းတာပေါ့။ ဒီထွက်ပေါက်လို ဟာမျိုးဆိုရင် ကြိုးကွင်း​ေလျှာဟာ အကိုက်ဆုံးပဲ၊ ဘာကြောင့် လဲ သိလား။

ယုန်ထောင်သည့်အခါ အဝင် အထွက် အပေါက်ရှာ အပေါက်တွေ့ ကြိုးကွင်းထောင် ယုန်ရဟူသော သဘော မထားရကြောင်း ငလုံးနှင့် ငမုံး သိသည်။ ဘာကြောင့်ဟု ရှင်းမပြတတ်။

“သွပ်နန်းကွင်းလျှော ထောင်ရတာက စည်းတားစရာ၊ စထိုးစရာ မလိုတဲ့ နေရာဖြစ်လို့၊ လေးဖက်ပွင့် ဟင်းလင်းပြင် မဟုတ်ဘဲ သူ့စည်းနဲ့ သူ လုံခြုံနေလို့ ယုန်ကို ကိုယ်လိုချင်တဲ့ဆီ ရောက်လာအောင် လူလုံ့လနဲ့ လုပ်စရာ မလိုလို့ အဲဒါကြောင့် ကြိုးကွင်းလျှာထောင်တာ မင်းတို့မြင်သားပဲ သူ့စည်းသူ့ အကာအရံနဲ့ ခုထောင်တဲ့ နေရာတွေက လုံခြုံနေတယ်။ ထွက်ချင်းထွက်ရင် ဒီအပေါက်က ထွက်လာမှာပဲ ဒါကိုမိအောင် ထောင်နိုင်ရင် ယုန်ရတာပဲ သဘာဝကျကျ စဉ်းစားကြည့် ပါလား”
ငတောက တစ်ကွင်းပြီး တစ်ကွင်း သွပ်နန်းကြိုးပျော့ ကွင်းလျှောများ လုပ်ကာ ထွက်ပေါက်မှန်သမျှကို ထောင်သည်။ ငလုံးနှင့်ငမုံးက သစ်ကိုင်း တစ်ခက်ကျနှုန်း ခုတ်ကာ ခုတ်ကာ ကြိုးကွင်းမှ ပိုနေသော အဆုံးဘက်ရှိ သွပ်နန်းကြိုးပျော့ဖြင့် ချည်ချည်ပေးသည်။

ငလုံးရော ငမုံးပါ တောရေးတောရာ၌ ချင့်ချိန်တတ်ကြသည်။

သူတို့အဖေဖြစ်သူ ထောင်သွားသော ကြိုးကွင်း နေရာ မှန်သမျှသည် လူက စည်းပြုလုပ်ကာ တားရန်မလိုသည့် ထင်းမွေးတောများနှင့် စိုက်ခင်းပျိုးခင်း
များ၌သာ ဖြစ်သည်။ ယာခရိုး၊ ယာစည်းရိုး၌ နေ့စဉ်ညစဉ် သွားလာ စားသော အချိန်တိုင်း ဝင်ထွက်တိုးထားသောကြောင့် စည်းလုံးနေသော အပေါက်များသာ ရွေးထောင်ခဲ့သည်။

(၃)
“ဂုတ်ပိုက်တွေကို ယုန်လာမယ့်ဘက် လှည့်ထောင် ပိုကြိုးကို ချည်ရာမှာ ဘယ်ညာနှစ်ဖက်စလုံး မြဲမြဲချည်နော်”

ကြိုးကွင်း ထောင်ပြီးသောအခါ ငတောတို့ နေရာ ပြောင်းခဲ့သည်။ နောက်ပြောင်းသောနေရာသည် ဟိုမှာ ချုံတစ်ချုံ၊ ဒီမှာ ချုံတစ်ချုံ၊ ဟိုမှာ ချုံစု၊ ဒီမှာ ချုံစုစုသာ ရှိသည်။ ထိုနေရာများကို ဖြတ်ကျော်လျက် စားကွင်း စားကျက် ဆီသို့ သွားလာထားခဲ့သော ယုန်ခြေရာများကို ငတော တွေ့ခဲ့ရ၏။

သူတို့ကို ကြိုးကွင်းထောင် မရ ပိုက်ဖြင့်သာ ထောင်ရမည်။ ပိုက်ထောင် ရစေရန် ဝထိုးရ၊ စည်းတားရသည်။ ယုန်စည်း တားရာ၌ တစ်တောင်ခန့် မြင့်အောင် သစ်ခက်စိမ်း၊ ချုံခက် အစိမ်းများဖြင့် စည်းတားမှသာ စည်းကို ပတ်လျက် ပိုက်ရှိရာသို့ သွားသည်။ သစ်ကိုင်းခြောက်၊ မြက်ခြောက်များဖြင့် စည်းတားထားက ယုန်က ခုန်သည်။ ထို့ကြောင့် ချုံတစ်ချိုနှင့် တစ်ချုံကြား၊ ချုံပုတ်ချုံနွယ် တစ်တန်းနှင့် တစ်တန်းကြား လစ်ဟာနေသော နေရာများ၌ စည်းတားသောအခါ သစ်ခက်စို၊ သစ်ခက်စိမ်းကို ခုတ်ဖျင်လျက် ထားကြရသည်။ စည်းတားရာ၌ ဖြောင့်ဖြောင့်ကြီးတားလျှင် ယုန်ကမကြိုက်။ သံသယ
ဝင်တတ်သည်။ ခပ်ရွှေရွှေ ခပ်စောင်းစောင်း စည်းတားရသည်။ ခပ်ရွှေရွှေ ခပ်စောင်းစောင်း တားထားသော သစ်ခက်စိမ်း စည်းအတွင်း၌ ပိုက်တစ်ဖောင်စာ ချန်လှပ်ပြီး ထိုနေရာမှ ပိုက်ထောင်က ယုန်တိုးသည်။

စည်းတားရာ၌ ယုန်လာနိုင်သည်ဟု ငတော ယူဆထားသော နေရာ များ၌ ပိုက်တစ်ဖောင် (ပိုက်တစ်ထည်) စာ ချန်လှပ်ထားခဲ့ပြီး ထိုနေရာ၌ ပိုက်ကို ထောင်သည်။ ထောင်သော ပိုက်မှာ ဂုတ်ပိုက်။

ဂုတ်ပိုက်မှာ အရွယ်အစား အမျိုးမျိုး ရှိသည် အရှည် သုံးတောင်၊ အမြင့် တစ်တောင်ထွာ၊ အကွက် လက်သုံးသစ် ရှိသော ဂုတ်ပိုက်။ နှစ်တောင် ကျယ်၊ နှစ်တောင်မြင့်၊ အကွက် လက်သုံးသစ်ရှိသော ဂုတ်ပိုက်၊ လက်လေးသစ် ဖျား အကွက် ကျယ်သော အနံဆယ့်ငါးကွက်၊ အလျား အကွက် နှစ်ဆယ် ရှိသော ဂုတ်ပိုက်ဟု ကိုယ့်အကြိုက်နှင့် ကိုယ်ထိုးထား ကြသည်။ ငတောတို့ ဂုတ်ပိုက်က အရှည်သုံးတောင်၊ အမြင့်တစ်တောင် ထွာ၊ အကွက်လက်သုံးသစ် ထိုးထားသော ဂုတ်ပိုက်။

စည်းတားထားသော နေရာအတွင်းမှ ချန်လှပ် ထားသော နေရာကို ထိပ်ချွန်ဝါးခြမ်းအား အရင်စိုက်သည်။ ထိုဝါးခြမ်းကွေးကို ဂုတ်ဟု ယုန်သမားက ခေါ်၏။ ဂုတ်ပေါ် တင်ထားသော ဂုတ်အရွယ်ပိုက်ကို ဂုတ်ပိုက်ဟု ခေါ်သည်။ ဂုတ်ဝါးခြမ်းကွေးပေါ်သို့ ယုန်လာမည်ထင်သောဘက် လှည့်ကာ ပိုက်ကို တင်ပေးရသည်။ ဂုတ်ပိုက်တွင် ဝဲယာ၌ ပိုကြိုး နှစ်ချောင်းပါသည်။ ပိုကြိုးများကို ဂုတ်ပိုက်ဝဲယာ အကွေးတွင် ချည်ထားသည်။ ပိုကြိုးမှာ ချူသေးသေး တစ်လုံး ပါသည်။ ယုန်တိုးသောအခါ ဂုတ်ပိုက်သည် ပြုတ်ကျသွားပြီး ယုန်နောက် ပါသွားမည်။ ပိုကြိုး ဆုံးသောအခါ ယုန်မပြေးနိုင်တော့ အိပ်ထဲ စုထုပ်ထားသော ဘဝသို့ ယုန်ရောက်သွားမည်။ ယုန်မိကြောင်း အသံပေးမည့် အချက်ပြမှူးက ချူ၊ အချက်မှူးဖြစ်သော ချူသည် ယုန်တိုးလေ၊ ရုန်းလေ မြည်လေလေပင်။

ဂုတ်ပိုက်များကို ထောင်ပြီးသောအခါ တန်းပိုက်ထောင်ရန် ငတော နေရာ ရွေးသည်။ တန်းပိုက်ထောင်မည့် နေရာမှာ မည်သည့် စိုက်ပင်ပျိုးပင်မှ စိုက်ပျိုး မရသော ကွင်းပြင်ကျယ်ကြီးနှင့် ထင်းမွေးတောများ အနီး၌ ဖြစ်သည်။ ထိုနေရာ အားလုံးသည် ဂုန်းပင်၊ ဒဟတ်ပင်၊ ဖောင်းဝပင်၊ သပွတ်ကြီးပင်၊
ရှားပင်၊ သန်းပင်၊ ထိန်ပင်၊ လိန်ပင်၊ နှောပင်၊ ထည်ပင်၊ ဂျုတ်နက်ပင်၊ မန်ကျည်းအိုပင်၊ တမာအိုပင်၊ ဟင်းကွတ်ပင်၊ ခလုတ်တော၊ ခံတော၊ ဗောက်တော၊ စွေနီတော၊ ဆီးတာ၊ ဆီးခလောက်တော၊ ဘင်ဂန့်တော၊ သမင်သဖိုတောများ အလွန်ပေါများသကဲ့သို့ သစ်ပင်အိုကြီးများ၊ သစ်ပင်မြင့်မြင် ကြီးများ ထိလုခမန်း ပေါက်ရောက်နေ၏။ အဝေးက ကြည့်ရုံမျှဖြင့်ပင်လျှင် မှိုင်းညို့ဆိုင်းဝေနေကာ တောနံ့သင်းနေသည့် တောကြီးဖြစ်၏။

ထိုတောမှလာသော ယုန်ကို ဖမ်းဆီးရာ၌ ကွင်းလျှော ကြိုးကွင်း တင်နည်းသည်လည်း မထိရောက်တော့၊ ဂုတ်ပိုက် လောက်လည်း မထိရောက်တော့ ၊ လမ်းကျယ်ကျယ်များမှ လာခြင်းဖြစ်ရာ တန်းပိုက်ကိုသာ အားကိုး တင်မှ ဖြစ်မည့်အကြောင်း ငတော နားလည်သည်။ ထို့ကြောင့် သားအဖ သုံး
ယောက်တို့ တန်းပိုက်ကို ထောင်နေကြသည်။

တန်းပိုက်ကို လံပိုက်ဟုလည်း ခေါ်သည်။ အချို့က အလျားဆယ့်နှစ်တောင်၊ အမြင့်နှစ်တောင် ထိုးကြသည်။ အချို့က ဆယ်တောင်အရှည်၊ အမြင့် သုံးတောင် ထိုးကြသည်။ ငတောတို့ တန်းပိုက်မှာ အလျားနှစ်ဆယ့်တစ်တောင်၊ အမြင့် သုံးတောင်၊ သုံးသစ်ကွင်း အကွက်ကျယ် ထိုးထားသည်။

ကြက်ခြေခတ် ပုံစံချည်ထားသော အပေါ်ကျဉ်း၊ အောက်ကား ဝါးခွဒေါက်နှစ်ခု၌ တန်းပိုက်ကို ချိတ်သည်။ ဝါးခွ ဒေါက်နှစ်ခု၏ အထက်ထပ်၌ အပေါ်ပိုကြိုး၊ အောက်ထစ်၌ အောက်ပိုကြိုးကို တင်သည်။ ဂုတ်ပိုက်ကဲ့သို့ ပင်လျှင် ယုန်လာ မည်ထင်သော ဘက်သို့ တန်းပိုက် မျက်နှာလှည့်ထားသည်။ ပိုကြိုး နှစ်ခုစလုံးမှာ ချူပါသည်။

တန်းပိုက်ရှေ့ တစ်လံခန့် အကွာအဝေးတွင် တစ်ထွာခန့် ရှိသော ဝါးငုတ်လေး နှစ်ငုတ်ကို ဝဲယာ၌ ရိုက်လိုက်သည်။ ဝဲဘက် ငုတ်တစ်မိုက်ခန့် မြင့်သော နေရာမှ ချည်ကြိုးလေး တစ်ချောင်းကို ချည်လာပြီး ယာဘက် အစွန်၌ရှိသော ဝါးငုတ်ကို ရစ်ပတ်လိုက်သည်။ ထိုချည်ကြိုးလေးနှင့် ခပ်စောင်း စောင်းတွင် ခလောက်တိုင် တစ်တိုင်စိုက်ပြီး ခလောက်တစ်လုံး ချိတ်ဆွဲ လိုက် သည်။ သစ်သား ခလောက်နှင့် ငုတ်နှစ်ငုတ်မှ လာသော ကြိုးကို ဆက်ထား ရသည်။
တန်းပိုက်ရှေ့ရှိ တစ်လံခန့် ဝေးသော ဝဲယာငုတ်နှစ်ငုတ်ကို ဆက်သွယ် ထားသည့် ချည်ကြိုးအား ယုန်တိုက်ကြိုးဟု ခေါ်သည်။
ယုန်တိုက်ကြိုးနှင့် ခလောက်ကို ဆက်သွယ် ပေးထားသော ကြိုးအား ခလောက်ကြိုးဟု ခေါ်သည်။

ယုန်သည် တန်းပိုက် ရှိရာသို့ လာပါက တန်းပိုက်ဆီ မရောက်မီ ယုန်တိုက်ကြိုးကို အလျင် ဝင်တိုက်သည်။ ယုန်တိုက်ကြိုး ဝင်တိုက်မိ၍ အံ့သြ ထိတ်လန့်နေဆဲမှာပင်လျှင် ယုန်တိုက်ကြိုးက ခလောက်ကြိုးကို လှမ်းဆွဲလိုက် သကဲ့သို့ ဖြစ်သွားသည်။ ခလောက်ကြိုးကလည်း သူတာဝန်ကျရာ ခလောက်ကို ဆက်တိုက်စဉ်တိုက် ရှေ့ဆင့်နောက်ဆင့် လှုပ်သည်။

ခလောက်က သစ်သားခလောက် ဖြစ်ရာ သူ့ကို လှုပ်ယမ်းလိုက်သော အခါ ဂလောက်၊ ဂလောက်၊ ဂလောက်နှင့် မြည်သံ အဆက်မပြတ် ပေးသည်။
ကြိုးကို ဝင်တိုးထား၍ ထိတ်လန့်နေသော ယုန်၊ ထိုယုန်ကို ဂလောက်၊ ဂလောက်၊ ဂလောက် အသံကပါ ချောက်ထုတ် သကဲ့သို့ ဖြစ်သောအခါ ယုန်သည် စဉ်းစား မနေတော့။ ရှေ့၌ ရှိသော တန်းပိုက်အား စွပ်တိုးသည်။

ယုန်တိုးလိုက်ချိန်၌ ပိုကြိုး နှစ်ချောင်းက ပြုတ်၊ ခွထောက်ဝါးလည်း လဲကျကာ ပိုက်ထဲ၌ ယုန်မိစမြဲ ဖြစ်သည်။ ယုန်မိကြောင်းကို ချူက မြည်သံပေး ခေါ်၏။ ထို့ကြောင့် တန်းပိုက်ထောင်ရာ၌ ရှေ့က ယုန်တိုက်ကြိုး၊ ခပ်စောင်း
စောင်းက ခလောက်ကြိုးနှင့် ခလောက်တိုင်ပါ ထောင်ရသည်။ ယနေ့ည ငတောတို့ ထောင်ခဲ့သမျှမှာတန်းပိုက် တစ်ဖောင်၊ ဂုတ်ပိုက် အဖောင် သုံးဆယ် နှင့် ကြိုးကွင်းလျှောသုံးဆယ်။

ကိုယ့်အာရုံ၊ ကိုယ့်ဇောနှင့်မို့ မပြီးမချင်း အချိန်ကို သတိ မပြုမိ။
အားလုံးပြီးစီးသဖြင့် သတိမူကြည့်လိုက်သောအခါ မှောင်ရီပျိုးစ မိုးချုပ်စ။

(၄)
ယုန်ထောင်ပြီးသော အချိန်တွင် မလိုအပ်ဘဲ စကား မပြောကြတော့။ သပွတ်ပင်ကြီးအောက် အရိပ်ခိုထိုင်ကာ ရွှန်းလဲ့ကြည်သာသော ပြာသိုလဆန်း ဆယ့်သုံးရက်လေအား ကြည့်နေခဲ့ကြ၏။
အဝေးဆီမှ သမင်တောက်သံ၊ ချေ(ဂျီ) ဟောက်သံ၊ တောခွေးအ အူသံ၊ ညငှက်တို့ အစာသံ၊ မာန်ဖီသံ၊ မြွေကြီး မြွေငယ်တို့ ဝပ်ကျင်း အထွက် တွန်သံတို့က တောသဘာဝ ဖော်ပြနေ၏။ မိမိကို ရန်လာ မမူသမျှ မိမိနှင့် သက်ဆိုင်ခြင်း မရှိဟု ခံယူထားရပြီး ကြားလျှင်ကြားရုံမျှသာ နားထောင် နေရ ကြ၏။ သုံးဦးစလုံး ကိုယ့်အတွေးနှင့်ကိုယ် တိတ်တိတ်ဆိတ်ဆိတ်။

ငတောသည် တောသမားနား၊ တောသမား မျက်စိပီပီ မြင်တွေ့ ကြားလာရ သမျှကို မှတ်သားနေ၏။ သမင်တောက်သံနှင့် အကွာအဝေး၊ (ဂျီ) ဟောက်သံနှင့် အနီးအဝေး၊ မြွေတွန်သံထဲမှ မြွေအမျိုးအစားကို စိတ်မှတ် မှတ်၏။ သမင်ခြောက်ရာ၊ ချေ(ဂျီ) ထောင်ရာ၌ သဲလွန်စ ရနေပြီမို့ သူ့အတွက် အကျိုးရှိ သည်ဟု ဝမ်းပန်းတသာ ထင်၏။

ငမုံးစိတ်၌ ယုန်နှင့် ပတ်သက်သော စကားပုံများကို စဉ်းစားကြည့်သည်။ ယုန်မရခင်က သံပုရာရှာ၊ ယုန်ထောင်ပြေး ခွေးမြောက်လိုက်၊ ယုန်ထောင် ကြောင်မိ၊ ခွေးကျိုးနဲ့ ယုန်လိုက်၊ ယုန်ဝပ်ကျင်းထိုင်၊ ယုန်မီရာ ယုန်သောက် ဆင်မီရာ ဆင်သောက်။ သည်ထက်ပို စဉ်းစားမရ။

ယုန်နှင့်ပတ်သက်သော စကားပုံကို ထိုမျှထက် ပိုစဉ်းစားမရသောအခါ၊ ဆရာဝမ်းကို သူ သွားမေးခဲ့ဖူးသော ကဗျာတိုလေး နှစ်ပုဒ် အကြောင်းအား တိုက်တိုက်ဆိုင်ဆိုင် သွားသတိရမိသည်။

ပျိုလေးတို့ ငန်းဦး
ယုန်ကူးလို့ ပြေး။
ကြည့်လိုက်ကြဟေ
တောခြေမှာ ရွှေယုန်နက်ကယ်
ထိပ်ကွက်နဲ့လေး။

သည်ကဗျာဆရာအလိုအရ မမလေး ကောက်စိုက် နေသော သို့မဟုတ် ကောက်ရိတ် နေသော သို့မဟုတ် ဝါကောက်၊ သီးနှံပေါင်းပေါက်၊ သီးနှံ ရိတ်နေသော သူ့တာဝန်ကျ၊ ကိုယ့်တာဝန်ကျ ခွဲဝေထားသည့် ငန်းဦးတွင် ယုန်က ကူးလျက် ပြေးသွားသည်။

ယုန်သည် နေ့၌ထွက်သော အကောင် မဟုတ်။ ကဗျာ စာဆိုသည် ကဝိပညာရှင်။
သူ ဘာရေးရေး ရေးသမျှ တာဝန် မယူနိုင်ဘဲ မခိုင်လုံဘဲ ဘယ်တော့မှ ရေးမည် မဟုတ်။ ကဝိဆရာက သေသေချာချာပင် ရေးသည်။ ငန်းဦးမှာ ယုန်ပြေးပါသတဲ့ မမလေး အလုပ် လုပ်နေသည့် ငန်းဦးမှာ ယုန်လေး ဘာကြောင့် ပြေးပါသလဲ။ ကဝိဆရာကတော့ မလွဲ၊ ကိုယ်စဉ်းစားပုံ ဉာဏ် မရောက်သေး၍သာ ဖြစ်မည်။

သြော် ဟုတ်ပြီ၊ နေ့မွေသော ယုန်လိုက်သမားက ဝန်ကြီး ပဒေသရာဇာ ၏ ထန်းသမား တျာချင်း ထဲကလို ခွေးဟစ် လူဟစ် ပစ်ခတ် ခြောက်လှန့် ထုတ်သောကြောင့် သည်ယုန် ပြေးလာခြင်း ဖြစ်မည်။ တျာချင်းက ဆယ်တန်း သင်ရသော တျာချင်းမို့ ငမုံး အလွယ်တကူ သတိရသည်။

လိုက်လို့ ပြေးလာတဲ့ ယုန်ပဲ နေ့ခင်းလည်း ပြေးမှာပေါ့၊ ကဗျာဆရာကြီး က ပျိုလေးတို့ ငန်းဦး၌ ယုန်ကလေး နုနုရွရွ လှမ်းလာသည်မှာ ခြေတစ်လှမ်း ကုဋေတစ်သန်း တန်သည်ဟုမှ မရေးပါဘဲ ကူးလို့ပြေးပါသတဲ့ မမလေး ရှေ့ မရောက်ခင် ကတည်းက သေရေးရှင်ရေး ပြေးခဲ့ရဟန်။ သည်အထိ စဉ်းစား ပြီးမှ ငမုံး သဘောကျသည်။

တောခြေမှာ ရွှေယုန်နက်ကယ်၊ ထိပ်ကွက်နဲ့လေး ကျတော့ ငတော ဘဝင် မကျ။

ငတောတို့ တွေ့ဖူးသော တောယုန် မှန်သမျှ အပေါ်မွေး ပြာနှမ်းနှမ်း၊ အောက်ခံ အမွေး နီကြင်ကြင်။ အချို့ယုန်၏ ဗိုက်တွင် အဖြူမွေးလေးများ တွေ့ ရတတ်၏။ အိမ်မွေး သင်္ဘောယုန်ကလည်း အဖြူရောင်။ သူ့အဖေကို ယုန်နက်ထိပ်ကွက် တွေ့ဖူး မတွေ့ဖူးမေးရာ နှစ်ခွဖြေသည်။ ကိုယ်တိုင်တော့ မတွေ့ဘူး၊ ရှိနိုင်သည်တဲ့။ ထိပ်ကွက်နှင့် ယုန်ပြဿနာက ဆရာဝမ်းဆီ ရောက်သည်။

“ယုန်နက် ဆိုတာ ရှိတယ် သားရဲ့၊ ဆရာ ဖတ်ဖူးတဲ့ ယုန်အကြောင်း တွေက အတော်များတယ်၊ နားရွက်ဖားယုန် တွေထဲမှာ အနက်၊ အညို၊ အဖြူ၊ အပြာ၊ စာဥကွက်၊ အဝါနဲ့ အရောင်စပ်ဆိုပြီး အမျိုးမျိုး ရှိတယ်။ အင်ဂိုရာ ယုန်မျိုးကတော့ အဖြူကွဲ ။ ဟိမဝန္တာမျိုးလည်း အဖြူ၊ အမွေးတိုပဲ၊ ဖလမ်မစ် ယုန်မျိုးက အနက်ရောင်၊ သံရောင်၊ ညိုမည်းမည်းအရောင် ရှိတယ်။ ဘယ်လ်ဂျီ ယန်ယုန်မျိုးကတော့ အရောင်နီညိုသားရဲ့။ ဘာကြောင့် ဆရာ မှတ်မိလဲ ဆိုတော့ မနေ့ညကမှ ဆရာပြန်ဖတ် မှတ်စု ထုတ်ထားလို့ပဲ။ ကဗျာဆရာက တောခြေမှာ ရွှေယုန်နက်ကယ် ထိပ်ကွက်နဲ့လေးဆိုတာ ယုန်ကို အဖိုးတန်အောင် ဂုဏ်မြှင့် စပ်ဆိုထားတာ ဆလုံလူမျိုးတွေ ပုလဲရှာရာမှာ ပုလဲဖြူကို တွေ့ ရင် စားဝတ်နေရေးအတွက် ရလာတာမို့ ဝမ်းသာကြတယ်၊ အဖြူထဲက ဖောက်ပြီး ပုလဲနက်ကို ရလာရင် ရတနာ တစ်ပါးလို့ ယူဆပြီး အလွန်အကျူး တန်ဖိုး
ထားကြ၊ အမြတ်တနိုး ရှိကြတယ်၊ ရှားပါးတဲ့ ပစ္စည်းကို တန်ဖိုးထားလေ့ ကို လာလို့ပါပဲ၊ ခုလဲပဲ ကဗျာစာဆိုတာ ရှားပါးတဲ့ ယုန်လေးကို မြင်လိုက်ရတဲ့ အတွက် ကြည်နူး နှစ်သက်စဖွယ်လည်း ဖြစ်အောင် မမလေးလည်း ပိုလှပလာ အောင် ရေးဖွဲ့တဲ့ သဘောပါပဲ”
ဟု ဆရာဝမ်းပြောမှ ငမုံး ဘဝင်ကျခဲ့ဖူး၏။

ဆရာဝမ်းကို နောက်တစ်ခါ မေးဖူးသော ကဗျာတစ်ပုဒ် ရှိခဲ့သေးသည်။

တို့အိမ်ထောင်က ချဉ်ပေါင်ခင်း
ယုန်ဖို ယုန်မ ဆင်းတယ်တဲ့ ဆင်းတယ်တဲ့၊ ကိုးလံပိုက်ကို ခင်းတယ်တဲ့ ခင်းတယ်တဲ့။
ကိုးလံပိုက်ကို မိုက်လို့မခုန်၊ ကရို့ ယုန်။
ဘကြီးမွေးတဲ့ ခွေးကြန်စုံ
ဇိအထက်က ဇက်ကိုငုံ
ရွှေယုန်ထွန့်ထွန့်လူးတယ်တဲ့ လူးတယ်တဲ့။

သည်ကဗျာမှာ ပါသော တန်းပိုက်ခေါ် လံပိုက်က ကိုးလံပိုက်တဲ့။
တစ်လံကို ရင်ပြင် အကျယ် မပါသေး လေးတောင် ရှိသည်။ ကိုးလံ ဆိုတော့ ဒါနဲ့ပင်လျှင် သုံးဆယ့်ခြောက်တောင် ရှိနေပြီ။ ရင်ပြင် အကျယ်ပါ ပေါင်းလျှင် လံပိုက်ကြီးက အတောင်လေးဆယ်ကျော်ရော့မည်။ ယခုခေတ်လို ပေါ့ပါးသည့် နိုင်လွန်ချည်လည်း မဖြစ်နိုင်။ ဒီမျှကြီးမားသော ပိုက်ကြီး ရှိနိုင် ပါ့မလား။ ဒါကိုမေးတော့ ဆရာဝမ်းက ရယ်ရယ်မောမော။

“သားတို့ ခုထောင်နေတဲ့ ငုံးပိုက်က တစ်တောင်ထွာ ကျော်ကျော် နှစ်တောင်ထွာ လျော့လျော့ ဇဂုံးကပ်ရွာက လာတဲ့ ငုံးပိုက်က ဘယ်လောက် ရှည်သလဲ သူတို့ လာတန်းတဲ့ တန်းပိုက်က အတောင် ငါးဆယ် ရှည်တယ်။ ဆရာမောင်သိက္ခာ စကားကို ငှားသုံးရင် မျိုးပျောက်လိုက်ပဲ၊ သားလည်း မြင်ဖူးသားနဲ့၊ ကိုယ့်ခေတ်မှာတောင် အဲလို ကွာခြားမှု ရှိတယ်၊ ဒါ လက်တွေ့ သဘော။ အနုပညာ သဘောအရ ပြောရင် စာရေးရာမှာ ဒေါသ မသင့်အောင် ရှောင်ရတယ်၊ ဂုဏ်မြောက်အောင် ရေးရတယ်၊ ဒါမြန်မာပညာရှိကြီးများ အစဉ်အဆက် လက်စွဲပြု ရေးခဲ့၊ ဆုံးမ သွန်သင် လမ်းညွှန်ခဲ့တဲ့ အချက်ပဲ။ ကြွက်ကိုနိုင်တဲ့ ခြင်္သေ့ဆိုရင် ဒေါသသင့်တယ်၊ ဒီလို ဒေါသ မသင့်အောင် တောသုံးတောင်တို့ရဲ့ သနင်း ခြင်္သေ့မင်း။ သားရဲတကာတို့၏ ဘုရင် ခြင်္သေ့မင်း လို့ ရေးကြတယ်၊ ခြင်္သေ့ဂုဏ်လည်းမြောက် ဒေါသလည်း မသင့်အောင်ပေါ့။ ခုလည်း တစ်ထွာ တစ်မိုက်မျှသာရှိတဲ့ ပိုက်ကို မခုန်တဲ့ ယုန်ဒုက္ခိတ မဟုတ်ဘူး။ ပိုက်ကြီးကိုက ကြီးလွန်းလို့ မခုန်နိုင်တာ၊ သားရင်ထဲတင် စဉ်းစားကြည့်၊ တစ်ထွာတစ်မိုက်ခန့် ပိုက်ကို မခုန်နိုင်တဲ့ ယုန်ကျိုးကို ဘကြီးခွေးက တစ်ချက် တည်း ဆွဲခါတာကြောင့် သေတာနဲ့ ခုကဗျာရဲ့ အဖွဲ့နဲ့ အင်အား ကွာတာကို သိလိမ့်မယ်၊ အချုပ်ကတော့ ငါတို့မြန်မာ ဆိုတာ ကြံ့ခိုင်သန်စွမ်း ကျန်းမာတယ် အတောင်ငါးဆယ်လောက် ပိုက်ကိုတောင် ဖက်ရွက်လို သဘောထား ယုန်ထောင် ယုန်ခြောက်ရာ သုံးဆွဲသွားကြတယ်ဆိုတဲ့ အသိ ပါရှိလာဖို့ လိုတယ်”

ဟုပြောမှ ပိုက်ဂုဏ်၊ ယုန်ဂုဏ်၊ ခွေးဂုဏ်ကို နုနုညံ့ညံ့ ဖွဲ့ဆိုပြသည့် ကဗျာရှင်၏ ဉာဏ်ရည်ကို ငမုံး ခံစားနိုင်၏။

ကိုယ့်အတွေးနှင့်ကိုယ် လွင့်မျောနေကြစဉ် အသံ တစ်သံ ကြားလိုက်
ရ၏။

ချွင်၊ ချွင်၊ ချွင်၊ ချွင်၊ ချွင်၊ ချွင် ဟူသော လာဘ်ဦး တိုက်သံ။
“ငလုံးနဲ့ ငမုံ”
“ဗျာ အဖေ”
“မီးထိုးကွာ လာဘ်ဦးတိုက်ပြီဟ”
သူတို့ နေထိုင်ရာ သပွတ်ပင် ကြီး အောက်မှ မထွက်ရသေး။ ချွင်၊ ချွင်၊ ချွင်၊ ချွင်၊ ချွင်သံ ပေးနေသော နေရာနှင့် မနီးမဝေးဆီမှ ချူသံ ထပ်မံ ကြားရပြန်သည်။ ချွင်၊ ချွင်၊ ချွင် တဲ့။ ။

ငလုံးက တောလိုက်မီးကိုထိုး ငမုံးက ဓားရှည်ဆွဲကာ ချူသံ ကြားရာ ဂုတ်ပိုက်ဆီသို့ ထွက်ခဲ့ကြ၏။ ချူသံက မရပ်မနား။

ငလုံး ထိုးလိုက်သော မီးရောင်အောက် ဂုတ်ပိုက်ထဲတွင် ယုန် တစ်ကောင်။ ပိုက်က ယုန်ကို လုံလုံခြုံခြုံပင် ဖုံးအုပ်ထားသည်။ ယုန်ကတိုးလေ ပိုက်ကရှုံ့ပြီး အိတ်ကဲ့သို့ ဖြစ်သွားလေလေပင်။ ဂုတ်ပိုက်ထဲမှ ယုန်ကို ငတော ကိုယ်တိုင် ဖမ်းသည်။

မနီးမဝေး၌ မြည်သံပေးနေသော ချူသံ ထွက်ပေါ်လာရာ ဂုတ်ပိုက်ထဲ မိနေသော ယုန်သည် မီးရောင်နှင့် လူသံ ကြားသောကြောင့် ရုန်းနိုင်သမျှ အားကုန်အင်ကုန် ရုန်းသည်။ မည်မျှရုန်းရုန်း ပိုကြိုးက ထိန်းထားရာ ရုန်းထွက် မရ၊ ငတော လက်၌ ယက်ကန်ယက်ကန် ပါလာသည်။ ပထမ မိသော ယုန်မှာ ယုန်ဖို၊ နောက်မိသော ယုန်မှာ ယုန်မ။

ငလုံးနှင့် ငမိုးတို့က ယုန်နှစ်ကောင်အား ကြည့်ရှင်းပြီး ထန်းလက်လျှော် ဆုပ်ကာ ခြေထောက်များကို စုစည်းထားသည်။ မူလထိုင်ရာသို့ ပြန်လာကြ
သည်။

လရောင်ခြည်က ပိုမို ရွှန်းမြလာသည်။ ညငှက်များ ပိုမို မြူးထူး လာသကဲ့သို့ သမင် တောက်သံ၊ ချေ(ဂျီ) ဟောက်သံ၊ မြွေ တွန်သံ၊ တောခွေးအ အူသံ၊ ညဉ့်ငှက် အချင်းချင်း အစာ မာန်ဖီသံ ပို၍ ကြားလာရ၏။

ငတောအဖို့ ယုန်နှစ်ထုပ် ရပြီးသည့်တိုင် ထပ်မံ ရရှိဦးမည်ဟု ယုံကြည် သည်။ သူ ယုံကြည်သည့် အတိုင်းပင်လျှင် ဂုတ်ပိုက်များ ထောင်ထားရာမှ နောက်ထပ် ယုန်သုံးကောင် ထပ်မံ ရရှိသည်။

ကျေနပ်မည်ဆိုပါက သည်ညအဖို့ ကျေနပ်သင့်ပါပြီး ယုန်တစ်ထုပ်ကို ကျပ်ငါးရာဈေးဖြင့် ရောင်းရဦး၊ ငွေနှစ်ထောင့် ငါးရာမျှ ရနေပါသည်။ ထိန်ပင်ခြောက်ကြီးကို ပုတ်ပြတ် နှစ်ထောင်ဖြင့် လက်ခံထားရာ သုံးရက် လုပ်၍လည်း မပြီးသေး။ နောက်ထပ် တစ်ရက်လောက် လက်စသတ်ရဦးမည်။
တောလိုက် လုပ်ငန်းသည် ယခုကဲ့သို့ အဆင်ပြေက စားဝတ်နေရေးအတွက် အားကိုးရသဖြင့် ငတောတို့ လက်လွှတ် မရ။ ဝမ်းသမုဒ္ဒရာ အူဂင်္ဂါ လူမှုစီးပွား ဝဲသြဃ ရေဇလာမှာ ငတောတို့ ဖက်တွယ်ထားရသော လုပ်ငန်းထဲတွင် တောလိုက် လုပ်ငန်းလည်း ပါဝင်နေ၏။

ဂလောက်၊ ဂလောက်၊ ဂလောက်၊ ဂလောက်။ ချွင်၊ ချွင်၊ ချွင်၊ ချွင်၊ ချွင်။
ဟော၊ ခလောက်သံ၊ ဂလောက်၊ ဂလောက်၊ ဂလောက်တဲ့။
ဟော ချူသံ ချွင်၊ ချွင်၊ ချွင်၊ ချွင်တဲ့။ ။
ဂလောက်၊ ဂလောက်၊ ဂလောက်နှင့် မြည်လာသော အသံက ယုန်တိုက်ကြိုးကို ယုန်က ဝင်တိုးပါပြီ၊ ယုန်ခုန်တိုး၍ ယုန်မိပါတော့မည်ဟု ကြိုတင် ကြေညာသံ။

ချွင်၊ ချွင်၊ ချွင်၊ ချွင်ဟု မည်သော အသံက ဂလောက် ဂလောက်နဲ့ ခလောက်က ခြောက်ထုတ်၊ လန့်ထုတ်လိုက်လို့ ကျုပ် ပိုက်ထဲ ဝင်တိုးနေပါပြီ၊ ယုန်မိ နေပါပြီ၊ မြန်မြန် လာဖမ်းပါဗျို့ ကိုငတော၊ ကိုငလုံးနဲ့ ကိုငမုံးဟု လှမ်းအော် ပြောသလို အဓိပ္ပာယ် သက်ရောက်နေသည့် တန်းပိုက် ပိုကြိုးမှ
ချူသံ။

“အဖေ၊ အဖေ ကြားလား”

“အေးကွ၊ သတိထားဟေ့ တန်းပိုက်မိတဲ့ ယုန်က ဂုတ်ပိုက်လို၊ ကြိုးကွင်း လို တစ်ကောင်တည်းလို့ ပြောမရဘူး၊ နှစ်ကောင်ဖြစ်ချင်လည်း ဖြစ်နေတတ်တာ၊ ဝိုင်းဝန်း ဖမ်းကြ ဆီးကြတာပေါ့၊ မင်းတို့ နှစ်ယောက်စလုံး အပေါ် အရိပ်အခြည် ကြည့် မီးလည်း ဂရုစိုက်ထိုး၊ သွားစို့”

ငလုံးက မီးထိုး၊ ငတောက ဓားလှံ ငမုံးက ဓားရှည်ကိုင်လျက် တန်းပိုက် ရှိရာ သွားခဲ့သည်။ ငလုံး ထိုးလိုက်သော မီးရောင်အောက်တွင် ဝါးဒေါက်ခွကြီး များက လဲကျနေသည်။ ပိုက်ထဲမှ အကောင်က ရုန်းနေသည်။ ငလုံးက မီးထိုး ကြည့်ရင်း ကြည့်ရင်း ပါးစပ်ဟောင်းလောင်း၊ ငမိုးရော ငတောပါ အံ့အား သင့်လွန်းနေ၍ စကား မပြောနိုင်။

ပိုက်ထဲတွင် မိနေသော အကောင်၏ အရောင်က ဖွတ်ရောင်။ ခေါင်းက အလုံးလေးဖြစ်ပြီး နှုတ်သီးစေ့ငွေ။ မျက်လုံး ပေါက်ကျဉ်းကျဉ်း၊ အကြေးခွံများက ရေညှိရောင် အစိမ်းကဲ့သို့ စိမ်းစိမ်းမြမြ။ အကြေးခွံ တစ်ခွံတစ်ခွံမှာ လက်မ နီးပါးရှိမည်။ အရှည်နှစ်တောင် နီးပါးရှိသော အကောင်မှာ အံ့အားသင့် နေ၍ သာ မပြောကြသည်။ သုံးယောက်စလုံးပင် ဘာကောင်ဟု ချက်ချင်း သိကြသည်။

“အဖေ သင်းခွေချပ်ကြီးဗျ”
“ဟုတ်တယ် အဖေ ကြံကြံဖန်ဖန်ဗျာ”
ငလုံးနှင့် ငမုံးက အံ့အားသင့်ပြေမှ စကားပြောနိုင်၊ လှည့်ပတ် ကြည့် နိုင်၏။

“သင်းခွေချပ်က အတောင်ပါပြီး ကောင်းကင်က ပျံတဲ့ ငှက်မှ မဟုတ်ဘဲ ကွာ။ သူလည်း အစာရှာဖို့ တောကူးရင်း ဝင်တိုးတာ နေမှာပါပဲ။ ဒီပိုက်ထဲ ဝင်တိုးရင် အတောင်နဲ့ ငှက်ကော လွတ်မလား။
ကဲ…ငြိမ်အောင် အဖေ
လုပ်တော့မယ်၊ သူက အကြေးခွံနဲ့ကောင် ဆိုတော့ အကြေးခွံနေရာ ရိုက်တာထက် နှာနု တည့်တည့်ရိုက်မှ ငြိမ်တာ၊ သင်းခွေချပ်နှာနုကို အဖေရိုက်သာအောင် ငလုံးက မီးထိုးပြ”

ငတောသည် သင်းခွေချပ်ကို ရိုက်ရာ၌ အထိရောက်ဆုံး သောနေရာ ဖြစ်သည့် နှာနုကို တည့်တည့် ချိန်ဆ ရိုက်သည်။ ပထမ အချက် ရိုက်စဉ် ထလှုပ်ရှားသေးသည်။ ဒုတိယ အချက် ထိထိမိမိ ရိုက်သောအခါ သင်းခွေချပ်
လည်းခွေသွားသည်။ လှုပ်လည်းမလှုပ်တော့။

“သင်းခွေချပ်က လူတွေ့ တွေ့ချင်း ဘာလို့ မခွေသေးလဲ အဖေ”
“လောလောဆယ် သူ တွေ့နေတဲ့ ဘေးအန္တရာယ်က လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရှာဖွေချင်သေးတာကြောင့် မခွေသေးတာပေါ့ကွာ၊ သင်းခွေချပ်ဆိုတာ အမြဲတမ်း ခွေနေတဲ့ အကောင်မှ မဟုတ်ဘဲ”
“ဒီ သင်းခွေချပ်က ဘယ်နှပိဿာလောက် ထွက်မလဲ”
“သုံးပိဿယ ဝန်းကျင်ပါပဲ၊ ကဲ… ဒီည တော်ကြရအောင်၊ ခုကိုပဲ ယုန်ငါးထုပ်၊ သင်းခွေချပ် တစ်ကောင် ရနေပြီ၊ ကြိုးကွင်းလျှော်ထောင်တဲ့ဆီက ယုန်ရဦးမှာနဲ့ဆိုတော့ ပြန်သင့်ပါပြီ၊ တန်းပိုက်ရော၊ ဂုတ်ပိုက်တွေပါ ဖြုတ်မယ်၊ ကြိုးကွင်း ထောင်ထားတဲ့ဘက်က ပြန်ဆင်းမယ်”

ငတောတို့ တန်းပိုက်နှင့် ဂုတ်ပိုက်များ သိမ်းဆီးကာ ကြိုးကွင်းလျှော ထောင်ထားသော နေရာများဆီသို့ မီးထိုးပြန်ခဲ့သည်။ ကြိုးကွင်းလျှော ထောင်ထားသည့် နေရာများမှ မိသော ယုန်တို့ကို မီးထိုး ရှာရသည်။

ကြိုးကွင်း မိသော ယုန်သည် လန့်ခုန်လန့်ပြေးသည်။ သူ ပြေးရာ နောက်သို့ သစ်ခက်က တန်းလန်းပါသည်။ အချို့ ချုံငြိသည်။ အချို့ ချုံမငြိဘဲ အားကုန်မှ ရပ်သည်။ ကြိုးကွင်းလျှာဖြင့် မိသော ယုန်သုံးကောင်စလုံးပင်လျှင် ဂုတ်ပိုက်၌ မိသော ယုန်ကဲ့သို့ သတ်မနေရ။ သူ့အလိုအလျှောက် သေနေသည်။ ထိုယုန်များကို ဖြုတ်ယူရသည်။

“ငလုံးနှင့်ငမုံး”
““ဗျာ”
“ဗျာ”
“တစ်ညထဲနဲ့ ယုန်က ရှစ်ထုပ်၊ သင်းခွေချပ်က တစ်ကောင် ရခဲ့တာ ဆိုတော့ လာဘ်တိုက်တာ လွန်လွန်းတယ်ကွာ၊ ဒီနေ့ ဒီရက် ဒီနှစ်ကို အဖေတို့ မှတ်ထားရအောင်၊ ငလုံး ဒီနှစ် ဒီလ ဒီရက်သိလား”
“သိတယ်ဗျ အဖေရ ၁၃၅၅ခုနှစ်၊ ပြာသိုလဆန်း ဆယ့်သုံးရက်နေ့ပါ”
“ငမုံး မင်းက ကျောင်းသားဆိုတော့ သိမှာပါ။ အင်္ဂလိပ် ရက်လိုကျတော့ ကောကွာ”
“၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ပါ အဖေ”
“ဟုတ်ပြီ၊ နောင်မှ စကားစပ်မိရင် ဒီနေ့၊ ဒီရက်၊ ဒီနှစ်က ဒီလိုရဖူး ပါတယ်ဆိုပြီး ပြောရတာပေါ့၊ ရတာကို ဝေငှမျှတထမ်း ရွာပြန်လမ်းဆီ မီးထိုး ပြန်မယ်”

တောခွေးအုပ် သံများ၊ ကြောင် မာန်ဖီသံများ၊ မြွေ တွန်သံများ ကြားမှ ဖြတ်သန်း ပြန်ရသည့်တိုင် ငတောတို့သည် သူတို့ကို အာရုံ မပြုနိုင်တော့။

ခုနစ်စင်ကြယ်သည် ခေါင်းကို ရေမှုတ်မှောက်ထားသကဲ့သို့ အနောက်၌ပြု။ အမြီးက အရှေ့ကို ညွှန်ပြနေပြီ။ သည်သင်္ကေတက အရုဏ်ချိန် နီးကပ်ကြောင်း ညွှန်ပြသော သင်္ကေတ၊ ထို့ကြောင့် ရွာဆီသို့ သုတ်ခြေတင်ခဲ့၏။

ရွာအဝင်၌ ကောင်းကင်ကို မော့ကြည့်ရာ ကြယ်နီကြီး၏ အရောင်သည် ပတ္တမြားသွေး၊ ပတ္တမြားရောင် လင်းလင်းလက်လက်။

စာစီ – လွင်မျိုး

(ပြန်လည်ကူးယူတင်ပြသူများ စာစီသူရဲ့ နာမည်ကို မဖျက်ကြပါနဲ့ရှင့်)