သွေးစုပ်ကောင်

သလို၊တိရစ္ဆာန်တွေကိုလည်း တိုက်ခိုက်တတ်တယ်လို့ သိသဗျ” ဟု ပြောလိုက်သည်တွင် လင်းမြင့်လှိုင်က သွားတက်ကလေးပေါ်ရုံ ပြုံးလျက်. . .

“ထားပါတော့. . . နို့ဖြင့် ဘာကြောင့် အစွယ်ရာတွေ အများကြီး ရှိနေရတာလဲ” မေးလာတော့၏။ကျွန်တော် ဘာပြောရမည်မသိ ဖြစ်သွားတော့၏။ လင်းမြင့်လှိုင်မေးလာသည်မှာလည်း ချက်ကျကျ ဖြစ်သည်။ အစွယ်ရာ နှစ်ပေါက်ထက်ပိုနေသည်ကလွဲ၍ ထိုသားကောင်များသည် သွေးစုပ်ခံရမှုကြောင့် သေဆုံးခြင်းကတော့ မမှားယွင်းနိုင်ပါချေ။ ဘယ့်တွက်မူ သွေးစုပ်ဖုတ်ကောင်တို့သည် လည်တိုင် သို့မဟုတ် နှလုံးသား ရှိရာနေရာမှနေ၍ သွေးများစုပ်ယူတတ်သည်ဟု ကြားခဲ့ဖူသောကြောင့် ဖြစ်၏။ သို့တည်းမဟုတ် သွေးစုပ်ဖုတ်ကောင် ဖြစ်လျှင်လည်း ဖြစ်မည်။

သို့တည်းမဟုတ် အခြား ထူးဆန်းသော သတ္တဝါတစ်ကောင်ကောင်လည်း ဖြစ်လိမ့်မည်။ ကျွန်တော်တို့လမ်းမှားရောက်နေသော တောအတွင်း ထူးခြားဆန်းပြားသော သွေးစုပ်သတ္တဝါဆန်းတစ်ကောင်တော့ဖြင့် ရှိနေသည်မှာ သေချာပေသည်။ သို့ဖြင့်. . .

“ကိုလင်းရေ. . . သတိဝီရိယတော့ ရှိပါစေဗျာ။ ကိုယ့်ဘက်လက်ဦးမှုရှိမှ စိတ်ချလောက်သဗျ” ဟုသတိပေးစကား ပြောရင်း ထိုနေရာမှ ထွက်ခဲ့တော့၏။

တောတောင်အတွင်း လမ်းပျောက်၍ စခန်း ပြန်မရောက်နိုင်ဘဲတောတွင်း ကြုံရာ နေရာတွင် ညအိပ်ရခြင်းကို အကြိမ်ကြိမ် ကြုံခဲ့ငြားကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သိပ်မရှိခဲ့ချေ။ ယခုမူ အခြေအနေကတစ်မျိုးဖြစ်သည်ကြောင့် အချိန်မီ စခန်းပြန်မရောက်နိုင်မည်ကို တွေးကြောက်နေမိ၏။ ဘယ့်တွက်မူ ထူးဆန်းသော သွေးစုပ် သတ္တဝါဆန်းကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ယူဆထားသလို သွေးစုတ်ဖုတ်ကောင်ဖြစ်နေပါမူ သူတို့သည် ညအခါတွင် အမှောင်ထုကို အကာအကွယ်ပြုလျက် လှုပ်ရှားသွားလာလေ့ ရှိကြပြီး ….

လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော်လည်းကောင်း တိုက်ခိုက်သွေးစုပ်တတ်ကြသည်ဟု သိထားခြင်း၊ပြီးတော့ သူတို့သည် ကောင်းကင်သို့ ပြန်တက်နိုင်သလို ပုံသဏ္ဍာန်လည်းပြောင်းလဲနိုင်စွမ်း ရှိသည်ဟု သိထားခြင်း၊ တချို့သော သွေးစုပ်ဖုတ်ကောင်တို့သည် ခန္ဓာကိုယ်မရှိသော ဝိညာဉ် “တစ္ဆေ” တစ်ကောင်မျှသာဖြစ်ချင်ဖြစ်နေမည်ဟု ဆိုကြခြင်းကြောင့် ကျွန်တော်သည် အချိန်မီ စခန်းပြန်ရောက်ရန်ကိုသာ စိတ်မှာ စွဲနေမိတော့၏။

သို့ဖြစ်၍ “ကိုလင်းခေါင်းအေးအေးထား စဉ်းစားချေဗျာ၊ ကျွန်တော်တို့ စခန်းအပြန်လမ်းကို တွေ့ဖို့ အရေးကြီးလာပြီဗျ” ရယ် ပြောလိုက်သည်။ ဤတွင် လင်းမြင့်လှိုင်က ကျွန်တော့်ရှေ့မှ သွားနေရာက ရပ်တန့်လိုက်ပြီး လှည့်ကြည့်ရင်း “ကျွန်တော်တို့ ဒီဆင်လမ်းအတိုင်း မလိုက်ဘဲ ရှေ့ကျောစွယ်လောက်
ကနေ ဖြတ်တက်ကြလျှင်ဖြင့် မကောင်းပေဘူးလား” ဟု မေးလာ၏၊သို့အမေးကို ကျွန်တော်စဉ်းစားလိုက်ပြီး မှားယွင်းနေသည်ဟုထင်ထားသော ဆင်လမ်းအတိုင်း လျှောက်နေမည့်အစား တောင်ကြောပေါ်ဖြတ်တက်၊ အခြားလမ်းရှာဖွေသွားလျှင် ပိုအဆင်ပြေနိုင်မည်ဟုထင်သည်ကြောင့် လင်းမြင့်လှိုင်၏ အကြံပြုချက်ကို လက်ခံသည့်သဘောဖြင့် သူပြောသော တောင်စွယ်လေးပေါ်သို့ ကျွန်တော်ကပင် ဦးဆောင်တက်သွားလိုက်၏။

တောင်စွယ်လေးမှ ကြောမကြီးပေါ် ရောက်သည်တွင် ဖြူးနေသော ဆင်လမ်းအသစ်ကို တွေ့ လိုက်ရ၏။

“ဒီမယ် ဆင်လမ်းအသစ်ဗျ။ ဒီလမ်းအတိုင်း လျှောက်ကြည့်တာပေါ့ဗျာ” ဟု လင်းမြင့်လှိုင်က ပြောသည်။ ထိုလမ်းအတိုင်း လျှောက်
ကြမည်ကို ကျွန်တော်လည်း သဘောကျပေ၏။ ဘယ့်တွက်မူ ကျွန်တော်တို့ လာခဲ့စဉ်က ဆင်လမ်းအသစ်မှ လာခဲ့ကြခြင်းကြောင့်ပင်၊ ထိုလမ်းလျှောက်ခဲ့ကြခြင်းသည် အချိန်မီ စခန်းပြန်ရောက်နိုင်ဖို့ရာ ရာခိုင်နှုန်းအတော်များများ ဖြစ်နိုင်၏။

သို့လျှောက်ခဲ့ကြရင်း တောင်စွယ်လေးတစ်ခုမှ, အဆင်းတွင်အင်းပျက်ဟု ထင်ရသော မြေပြန့်ကျယ် တစ်နေရာသို့ ရောက်ခဲ့ကြ၏။သို့ဖြစ်ခြင်းကြောင့် ကျွန်တော် အတော်ကလေး စိတ်ပျက်သွားရပြန်၏။မနက်က လာလမ်းတစ်လျှောက် မြေပြန့်ကျယ်ကျယ်ကိုဖြတ်သန်းလာခြင်း အလျဉ်းမရှိ ခဲ့သောကြောင့်ဖြစ်သည်။

“မှားပြီးရင်း မှားရင်းပါပဲကလား ကိုလင်းရေ” ဟု စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်ပြီး မြေပြောင်ပြောင်နေရာတွင် ခြေပစ်လက်
ပစ် ထိုင်ချလိုက်တော့သည်။

“အချိန်လည်း လင့်နေပြီ ကိုပိုက်။ ဒီညတော့ ကြုံရာမှာပဲ စခန်းချရဖို့ သေချာနေပြီ” လင်းမြင့်လှိုင်က ကျွန်တော့်နံဘေး ဝင်ရောက်ထိုင်
ရင်း ပြောသည်။

“ဘယ်တတ်နိုင်မှာတုန်း. . . ဒီလို လုပ်မယ်ဗျာ။ ခဏတဖြုတ်နားပြီး အဆင်ပြေတဲ့နေရာလေးမှာ ဝါးတဲထိုး လိုက်ကြစို့ဗျာ” ဟု ကျွန်
တော်က ပြောလိုက်သည်တွင် လင်းမြင့်လှိုင်သည် ထိုင်နေရာမှ ထကာ…

“ဟုတ်တယ် ကိုပိုက်၊ ရှေ့နားမှာ ဝါးတောရှိတယ်။ အချိန်ရှိတုန်း ဝါးတဲဆောက်လိုက် ကြမယ်ဗျား နားတာက ဘယ်အချိန်နားနား လုံလုံခြုံခြုံညအိပ်နိုင်ဖို့က အရေးကြီးတယ်” ဟုပြောရင်း.ဝါးတောအတွင်း ဝင်သွားလေတော့၏။ ကျွန်တော်သည်လည်း ထပ်ကြပ်မကွာ လိုက်သွားတော့သည်။

နှစ်ယောက်အိပ်စာ ယာယီဝါးတဲလေး ဆောက်လုပ်ခြင်းသည်မည်သို့မျှ အခက်အခဲ မရှိပါချေ။ အလင်းမပျောက်မီ ခိုင်ခံ့သောလေးတစ်လုံး ဆောက်ပြီးသွားတော့၏။ဆောက်ပြီးလက်စ ဝါးတဲကြမ်းခင်းပေါ်တွင် ခဏတဖြုတ်လှဲလိုက်ကြပြီး ခြေလက်သန့်စင်ရန် စခန်းထဲမှ ထွက်ခဲ့ကြလေတော့၏။

စခန်းတဲ မျက်နှာစာပြုထားသော မြေပြန့်လေးသို့ ထွက်ခဲ့ကြခြင်းဖြစ်သည်။ သို့ မြေပြန့်ဘက် ထွက်လာခြင်းသည် စခန်းတဲကို ဘယ်နေရာမှ ကြည့်ကြည့် မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ စခန်းတဲနှင့် ကိုက်နှစ်ရာခန့် အရောက်တွင် ရေအိုင်ကြီးတစ်ခုကို လှမ်းတွေ့လိုက်ရသဖြင့်
ဝမ်းသာမိသည်။

“အခန့်သင့်ပဲ ကိုလင်းရေ. . . ရှေ့မယ် ရေအိုင်ကြီးတွေ့ပြီဗျ” ဆိုလိုက်တော့ “ရေကန်အသင့် ကြာအသင့်လို့လည်း ပြောရသဗျ”

ဟု လင်းမြင့်လှိုင်က ပြောလာပြန်သဖြင့်. . .
“ဘာလို့တုန်း” မေးလိုက်သည်။
“ဟိုမယ် ကြည့်လေ. . . ရေအိုင်စပ်မှာ ရေသောက်ဆင်းနေတဲ့ဂျီ(ချေ)တစ်ကောင် မတွေ့ဘူးလား” ဟု ပြောလာသဖြင့် အိုင်စပ်သို့ ကျွန်တော် လှမ်းကြည့်လိုက်ပြန်သည်။

“ဟုတ်တယ်ဗျို့။ ညအစာအလို့ငှာ အဆင်ပြေသွားပြီပေါ့” ဆိုတာ ကျွန်တော်သည် ပခုံးထက် လွယ်ပိုးလာသည့် သေနတ်ကို ဖြုတ်၍ထိုသားကောင်ရှိရာသို့ ထိုးချိန်လိုက်သည်။

“ဆန္ဒ မစောပါနဲ့ ကိုပိုက်ရယ်. . .ချေ(ဂျီ)ကလေး ရေသောက်ပြီးပါစေဦး” ဟု ပခုံးကို ကိုင်လျက် သတိပေးလာသည့် လင်းမြင့်လှိုင်အား…

“သိပါတယ်ဗျာ။ သူ ဒီဘက် ပြန်လှည့်တက်လာရမယ်ဆိုတာတွက်ပြီးသားပါ” ဟု ပြန်ပြောလိုက်သည်။ လင်းမြင့်လှိုင်သည် ကျွန်တော့်
နံဘေး ချုံနွယ်ပင်နောက် ဝင်ရောက်ထိုင်လေတော့၏တစ်ခဏအကြာတွင် ချေ(ဂျီ) တစ်ကောင်သည် ရေသောက်ပြီးနောက် တွက်ထားသည့်အတိုင်း ကျွန်တော်တို့ရှိရာသို့ လှမ်းလာနေတော့၏။ ချုံနွယ်ပင်နောက်တွင် ပုန်းခိုနေသည့် ကျွန်တော်တို့ကို သူမြင်နိုင်လိမ့်မည် မဟုတ်ချေ။

ကျွန်တော်သည် ချေ(ဂျီ)ကောင်လေးကို သေချာ စူးစိုက်ကြည့်နေလိုက်ရင်း အခွင့်သာသည်နှင့် ချက်ကောင်းကို ပစ်ခတ်နိုင်ရန် စောင့်နေလိုက်သည်။ သို့ ကြည့်နေဆဲမှာပင်ချေ(ဂျီ)ကောင်ငယ်သည် တဖြည်းဖြည်း ကျွန်တော်နှင့် နီးကပ်လာချေပြီ ဖြစ်သည်။

“ဟာ. . . ကိုပိုက် ချေ(ဂျီ)လေးရဲ့ လည်တိုင်တစ်ဝိုက်မှာ တွယ်ကပ်နေတာ ဘာတွေတုန်းဗျ”
သို့နှယ် လင်းမြင့်လှိုင်က အံ့အားသင့်ဟန်ဖြင့် ပြောလာသဖြင့် …ကျွန်တော်သည် ချိန်ထားသော သေနတ်ပြောင်းကို မြေပြင်သို့ စိုက်ချကာချေ(ဂျီ)ကောင်ငယ်ကို လှမ်းကြည့်လိုက်သည်။

“ဟင်”
လင်းမြင့်လှိုင် ပြောသလို ချေ(ဂျီ)ကောင်ငယ်၏ လည်တိုင်တွင်မည်းမည်း- သဏ္ဍာန်တို့သည် တွဲလောင်းကျလာတော့၏၊ မြေပြင်သို့ပြုတ်ကျခြင်းတော့ မရှိချေ။

မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် သေနတ်ကို ပြန်လည်ထိုးချိန်လိုက်ကာ အခွင့်သာသည်နှင့် မောင်းထိန်းခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။

“ဒိန်း”

ပြင်းထန်သော ယမ်းအား ပေါက်ကွဲသံနှင့်အတူ ချေ(ဂျီ)ကောင်ငယ်သည် အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ လဲပြိုနေရာမှ ထွက်ပြေးနိုင်စွမ်း မပြောလေနှင့်။ လှုပ်ရှားရုန်းကန်ရန်ပင် စွမ်းအား ရှိတော့မည် မဟုတ်ချေ။ ကျွန်တော့်သေနတ် ပြောင်းနေ၍ လျင်မြန်သောအရှိန်နှုန်းဖြင့် ပြေးထွက်သွားသော ခဲကျည်ဖူးလေးသည် ချေ(ဂျီ)ငယ်၏နှလုံးသားတွင်း ထိုးဖောက် ဝင်ရောက်သွားချေပြီကိုး၊ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုလဲပြိုသေဆုံးနေ သောဂျီ(ချေ)ကောင်ငယ်ထံ သွားလိုက်ကြသည်။

“အလိုလေးဗျာ”

“ဟာ”
နှစ်ယောက်သား လွန်မင်းစွာ အံ့အားသင့်သွားကြသည်။ ဂျီ(ချေ)ကောင်ငယ်၏ လည်တိုင်အနှံ့ တွဲလောင်းကျ တွယ်ကပ်နေသော
အရာများသည် အခြားမဟုတ်။ လွန်စွာ ကြီးမားသော “မျှော့” ကောင်များ ဖြစ်နေတော့၏၊ အတန်ငယ် သွေးဝနေပြီဖြစ်သည်။ သခွားသီးလုံးပမာဏရှိ မျှော့ကြီးများသည် ဇွဲနပဲကြီးစွာဖြင့် ချေ(ဂျီ)ကောင်ငယ်၏
လည်တိုင်တွင် တွယ်ကပ် သွေးစုပ်နေဆဲ ဖြစ်သည်။

“ကျွန်တော် ဒီလောက်ကြီးတဲ့ မျှော့ကြီးတွေ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးသေးဗျာ”

သို့နှယ် လင်းမြင့်လှိုင်က ပြောလာ၏။
“ဘယ့်နှယ် ပြောပါလိမ့်။ ကျွန်တော်လည်း ကိုလင်းလိုပါပဲ” ဟုပြန်ပြောလိုက်ရင်း ထိုမျှော့ကြီးများကို သေနတ်ပြောင်းဝနှင့် ထိုးကော်ခွာထုတ် လိုက်သည်။ ခက်ခက်ခဲခဲ ထိုးကော်လိုက်ရခြင်း ဖြစ်သည်။ မျှော့ကြီးများ ကွာထွက်သွားသည်နှင့် ထိုနေရာများမှ သွေးများ ပန်းထွက်လာတော့သည်။ လွန်စွာမျှ စုပ်အားသန်သော မျှော့ကြီးများ ဖြစ်သည်။

“ဟုတ်ပြီ ကိုလင်း. . . သေချာတဲ့ အဖြေတစ်ခု ကျွန်တော်ရလိုက်ပြီ” ဟု ဝမ်းသာအားရ ပြောလိုက်သည်တွင်. . .

“ဘာတုန်းဗျ” ရယ် မေးလာသဖြင့် ကျွန်တော်က “လမ်းမှာကြုံခဲ့တဲ့ ဂျီ(ချေ)နဲ့ သမင်တို့ သေပုံသေနည်း တူနေလို့ သွေးစုပ်ဖုတ်ကောင်
လက်ချက်လို့ ထင်နေတာလေ” ဟု အစဖော်လိုက်သည်နှင့် လင်းမြင့်လှိုင်၏ မျက်နှာသည် ဝင်းပသွားပြီး…

“ဟုတ်ပြီ .ဟုတ်ပြီ. . . သိပြီ. . . လက်စသတ်တော့ ဒီမျှော့ကြီးတွေက သူတို့သွေးကို စုပ်ယူကြလို့ သွေးကုန်ခန်းပြီး သေကြရတာပေဟုပြောလေတော့၏၊

“နို့ဆိုလျှင်ဖြင့် တောကောင်တွေဟာ ဒီမျှော့နက်ကြီးတွေရှိတဲ့ရေအိုင်မှာ ရေလာသောက်ကြရာကနေ မျှော့နက်ကြီးတွေ တွယ်ကပ်ခံလိုက်ကြရတာဖြစ်မယ်။ နို့ကြောင့်လည်း လည်တိုင်မှာသာ တွယ်ကပ်နိုင်ကြတာပေါ့ဗျာ”

သို့နှယ် ကျွန်တော်က ပြောလိုက်ပြီး တဆက်တည်းဆိုသလိုပင်…

“ကဲ. . . ကိုလင်း ရေအိုင်ဘက်သွားကြရအောင်” ဟု ပြောလိုက်သည်။

“နေဦး ကိုပိုက် ဒီကောင်တွေကို ရှင်းခဲ့လေမှ” ဆိုကာ မျှော့ကြီးသုံးကောင်ကို သေနတ်ဖြင့် တေ့ကာ တစ်ကောင်ချင်း သုတ်သင်လိုက်
တော့သည်။

“ဒိန်း”

“ဒိန်း”

“ဒိန်း”
အားပါးတရ စုပ်ယူထားသော သွေးများ ပြန့်ကျဲ ပန်းထွက်ကုန်၏။

“ကဲ… သွားကြစို့” ဆိုကာ ရေအိုင်ကြီးရှိရာသို့ ခြေလက်သန့်စင်ရန် လျှောက်သွားကြတော့သည်။ရေအိုင်စပ်သို့ ရောက်သည်တွင် နှစ်ယောက်သား “ကြက်သီးမွေးညင်း” ထသွားကြတော့သည်။ မြင်လိုက်ရသော မြင်ကွင်းသည်အသည်းယားဖွယ် ကြောက်လန့်ဖွယ်ပင် ဖြစ်တော့သည်းရေအိုင်ကြီးအတွင်း မည်းမည်း လှုပ်နေသော မျှော့ကြီးများသည် သူတို့ထံ ရောက်လာသည့် သားကောင်ကို လူးကာလွန့်ကာ ကူးခပ်ရင်း စောင့်မျှော်နေကြပေသည်။

ဤမျှ ကြီးများ များပြားသော သွေးစုပ်ကောင်
များရှိရာ ရေအိုင်အတွင်း ကျွန်တော်တို့နှစ်ယောက်မည်သို့သောသတ္တိမျိုး မွေးကာ ဆင်းဝံ့ပါလိမ့်မည်နည်း။

သို့ဖြစ်၍ ကျွန်တော်တို့နှစ်ယောက်သည် စခန်းသို့ပြန်ကာ ချေ(ဂျီ)ကောင်ငယ်ကို အသားဖျက်၍ မီးကင်စားလိုက်ကြပြီး ညစ်တီး ညစ်
ပတ်နှင့်ပင် အိပ်ရာဝင်ခဲ့ကြရတော့သည်။

ကျွန်တော်တို့ တွက်ထားသလို သွေးစုပ်ဖုတ်ကောင် မဟုတ်တော့ခြင်းကြောင့် စိတ်ချလက်ချ အိပ်ဝံ့ခြင်း ဖြစ်တော့သည်။နောက်တစ်နေ့ နံနက် စောစော အိပ်ရာ အထတွင် အဆာပြေအလို့ငှာ ချေ(ဂျီ) သားကင်ကို တဝစားလိုက်ကြပြီး ပြန်လမ်းမှန်ရှာကာစခန်းဟောင်းသို့ ပြန်ခဲ့ကြတော့သည်။

၅-၁၂-၂၀၀၁
မှုခင်းရှု့ထောင့် မဂ္ဂဇင်း
မတ်လ (၂ဝဝ၂ခုနှစ်)

#စာရေးဆရာ – [ကိုပိုက်]