ထပ်ခေါ်၍ မဖြစ်ပေ။သမီးနှင့် အငယ်ဆုံးမြေးမလေးကိုပင် မနည်းပြုစုစောင့်ရှောက်ရမည်ဖြစ်၍ သုတအားခေါ်ဖို့ရာ မည်သို့မှ မဖြစ်နိုင်ပေ။ထို့အတွက် မသိန်းမေသည် သုတအား
“သား တဲကိုပြန်တော့ မင်းညီမလေး နေကောင်းရင် တကယ်ပြန်လာမှာပါ “
“အမေက အကြာကြီးနေမှပဲ ပြန်လာမှာ ကျနော်သိတယ် “
“မဟုတ်ပါဘူး မင်းညီမလေးလည်း သက်သာနေတာ သိရဲ့သားနဲ့ “
“မသိဘူး ကျနော် အဖွားတို့အိမ်ကို လိုက်ပါရစေ “
ငိုယိုပြီး ပြောစကားကို နားမထောင်သည့် သုတအား လှည်းမောင်းနေသော ဖခင်ဖြစ်သူမှ လှည့်ကြည့်လိုက်ကာ
“သုတ မင်းဘာဖြစ်နေတာလဲ ကြိမ်လုံးစာ မိချင်နေတာလား သွား တဲကို ပြန်စမ်း “
“အဖေ ကျနော် အမေတို့နဲ့ လိုက်သွားပါရစေ “
“မင်း ပြောလေကဲလေပါလား ငါ တကယ်ရိုက်တော့မှာနော် “
ဦးသောင်းရီ၏ စိတိဆိုးမာန်ဆိုးစကားသံကြောင့် သုတ နောက်ထပ်မည်သည့်စကားမှ ထပ်မပြောတော့ပဲ ငိုကြီးချက်မ ဖြင့် ရပ်နေရင်း သူ၏ မိခင်၊ညီမလေးနှင့် အဖွားတို့ ထွက်သွားသည်ကို ခဏကြည့်ကာ တဲအတွင်းသို့ ပြေး၀င်သွားပြီး တဲပေါ် တွင် တယောက်တည်း ငိုကျွေးနေပါတော့သည်။သုတ တယောက် ရှိုက်ကြီးတငင်ငိုကြွေးနေသော်လည်း သူ့အနီးတွင် မည်သူတဦးတယောက်မှ ရှိမနေသည်မို့ ချော့မဲ့သူလည်း မရှိပေ ။ယခုလို ချော့မည့်သူမရှိသည်ကို သူ ဂရုမစိုက်ပေ။တောထဲမှ ကျောင်းသို့သွားရာတွင် တယောက်တည်းသွားရသည်။မည်သူ တဦးတယောက်မှ သူ့အား လိုက်ပို့ဖို့ရာ မအားပေ။သူနှင့် ရွယ် တူ ကလေးများအား သူတို့၏ မိဘများမှ ကျောင်းလိုက်ပို့သော အခါ သုတ တယောက်ငေးမော ကြည့်နေမိသည်။သို့ပေမဲ့ သူ၏ မိဘများအား အပြစ်တင်လိုစိတ်လည်း မရှိပေ။ရောဂါသည် ညီမလေးကြောင့် သူ့အပေါ် ဂရုမစိုက်နိုင်သည်ကို အရွယ်ငယ်ငယ် နှင့်ပင် သိတတ်နားလည်နေသည်။သို့ပေမဲ့ တခါတရံတွင် သူဖြစ်ချင်သည်များကို ပူဆာတတ်သည်မှာလည်း အမှား လို့တော့ မဆိုနိုင်ပါ။မိခင်ဖြစ်သူအား အဖွားမှ ခေါ်သွားရာ သူလိုက်ချင်မိသည်။လိုက်ချင်ရသည့် အကြောင်းပြချက်မှာ မိခင် ကြောင့် တခုတည်းတော့ မဟုတ်ပေ။အဖွားချက်သော ခရမ်း ချဉ်သီးဆီပြန်ဟင်းလေးကို စားချင်သောကြောင့်ပင် ဖြစ်သည်။ တဲမှာဆိုရင် အဖေ နှင့် အကိုများ၏ လက်ရာ ကန်စွန်းရွက် ရေလုံပြုတ်၊ခရမ်းချဉ်သီးနှစ်လုံးလောက်ကို ရေများများ နှင့် ကျဲတောက်တောက် ချက်ထားသည့်ဟင်းကိုသာ စားရသည်ဖြစ်၍ အဖွား၏ လက်ရာ ဆီပြန်ဟင်းလေး စားချင်မိခြင်းကြောင့် လည်းပါ၏။ယခုမူ သူလိုက်ခွင့်မရခဲ့ပေ။ထို့နောက် မောလာ၍ ငိုယိုနေခြင်းကို ရပ်လိုက်ကာ တဲအောက်ရှိကျောက်ခဲသုံးတုံးကို ဖိုခနောင့်ဆိုင်ထားသောမီးဖိုအား မီးမွေးကာ ဖခင်ဖြစ်သူ ပြန်လာလျှင် သောက်နိုင်ရန်အတွက် ရေနွေးကြိုလိုက်ပါတော့သည် ။
◾အခန်း (၃)
“သုတ သုတ “
“ဗျာ အဖေ “
“ထ ထ မင်းကျောင်းသွားရမယ် မဟုတ်လား “
“ဟုတ်ကဲ့ အဖေ ကျနော် နိုးပါပြီ “
“အေး အေး အဖေ လယ်ထဲဆင်းလိုက်ဦးမယ် ကျွဲတွေက နေမြင့်ရင် ဟိုက်မှာ ထမင်းကိုယ့်ဘာသာပဲ ထည့်သွားတော့ကွာ ဖုတ်ထောင်းရည်ဖျော် လုပ်ထားတယ်”
သုတမည်သည့်စကားမှမပြောပဲ ခေါင်းကိုသာညိတ်လိုက်၏။ ဖခင်ဖြစ်သူပြောသော ဖုတ်ထောင်းရည်ဖျော် ဆိုသည့်ဟင်းကို သူလုံးဝမစားချင်ပေ။ထိုဟင်းကို ပြုလုပ်ပုံကလည်း ရိုးရှင်းလှသည်။ခရမ်းချဉ်သီး တလုံးကို မီးဖုတ်၊မျှင်ငါးပိ နှင့် ငရုတ်သီးကိုလည်း မီးဖုတ်ပြီးနောက် ငရုတ်ဆုံထဲတွင် ရောထောင်းလိုက်ပြီး ရေနွေးလောင်းထည့်ကာ ပြုလုပ်ထားသော ဟင်းဖြစ်လေသည်။သူတို့အဖို့ ငပိချက်လေး စားရဖို့အတွက်ပင် အတော်ကို ခဲယဉ်းလှပေ၏။သုတသည် ထိုဟင်းဖြင့်ကျောင်းသို့ ထည့်မသွားလိုပေ။ထို့ကြောင့် အိမ်တွင်သာ ထမင်းကို အဝစားလိုက်ခဲ့ပြီး လွယ်အိတ်အား ကျောတွင် ခေါက်တင်လိုက်ကာ ရွာကျောင်းသို့ တယောက်တည်း ထွက်လာခဲ့လေသည်။
သုတသည် တောလမ်းလေးအတိုင်း တယောက်တည်းလမ်း လျှောက်လာရာ မကြာသောအချိန်တွင် ကြံလှည်းနောက်မှ ကြံရိုး လိုက်ဆွဲနေသော အပေါင်းအသင်းများ နှင့် ဆုံလေသည် ၊၊လှည်းသမားသည် လှည်းမောင်းနေရင်းမှ နောက်သို့ ပြန်လှည့် ကြည့်ကာ ကြိမ်လုံးအား ဝင့်ပြပြီး
“ဟေ့ ကလေးတွေ ကြံရိုးကို နောက်ကနေ မဆွဲကြနဲ့ ပြုတ်ကြကုန်မယ်ဟ ”
“ခင်ဗျားကမှ မပေးတာ ဆွဲတယ်ဗျာ “
“ဟ ဒီကောင်တွေကို ဆင်းပြီး ကြိမ် နဲ့ ရိုက်မှပဲ “
ကြံလှည်းသမားသည် လှည်းကို ရပ်ပြီး ဆင်းမည့်ဟန်ပြင်စဥ်ကြံရိုးလိုက်ဆွဲနေသော ကလေးများ ထွက်ပြေးလေတော့သည်။ ထိုကလေးများသည် လှည်းဘေးတွင် ရပ်နေသော သုတအား
“ဟေ့ကောင် သုတ ပြေးပြီ ကျောင်းကပဲ စောင့်မယ် “
“အေး အေး “
လှည်းသမားသည် ထွက်ပြေးသွားသော ကလေးများအား ကြည့်ကာ
“တကယ့် ငရှုပ်လေးတွေ မောင်းရိုက်ထားတာ လျော့ပါတယ် ဆို ဒင်းတို့က လာဆွဲနေတယ် “
ကြံလှည်းသမားသည် လှည်းဘေးကို လှည့်ပတ်ကြည့်ပြီး နောက် သုတကို မြင်သောအခါ
“ကောင်လေး မင်းက အဖွားအေးရဲ့ မြေး မဟုတ်လား “
“ဟုတ်တယ်ဗျ “
“အေး ငါက မင်းအဖွားရွာကကွ “
“ဟုတ်လား “
“အေး ငါတို့ ဒီနေ့ ကတ္တားသွားချပြီးရင် ရွာပြန်မှာလေ “
“အဲ့တာဆို ကျနော် လိုက်ခဲ့လို့ ရမလား “
“ငါက မင်းတို့ ကျောင်းမဆင်းခင်ပဲ ပြန်မှာကွ မဖြစ်လောက်ပါဘူးကွာ ကဲ ကောင်လေးရေ ကတ္တားသွားချလိုက်ဦးမယ် “
ကြံလှည်းသမားသည် သုတကို နှုတ်ဆက်ကာ လှည်းအား မောင်းထွက်သွားလေသည်။သုတသည်က ထွက်သွားသော ကြံလှည်း နှင့် လှည်းပေါ်မှ လှည်းသမား၏ ကျောပြင်ကို အတန် ကြာအောင်ငေးကြည့်နေရင်း အဖွားရှိရာ ရွှေကျရွာသို့ လိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပြီး ရွာအပြင်ရှိ ခမ်းနားမှုမရှိသည့်မူလတန်း စာသင်ကျောင်းလေးဆီသို့ ခြေဦးလှည့်လိုက်ပါတော့သည်။
◾အခန်း (၄)
သက်ငယ်မိုးထားပြီး ကျွန်းတိုင်လုံးများဖြင့် ဆောက်ထားကာ ထရံများဖြင့်ကာရံထားသော စာသင်ကျောင်းလေးထဲတွင် ဆရာမ မရှိသည့်အချိန် ကလေးငယ်တစု ဆူဆူညံညံ နှင့် စကား ပြောနေလေသည်။သူတို့ ပြောနေသည့်အကြောင်းအရာမှာ
“သုတ မင်းတို့ ကျွဲကြီးက လည်ထနေတာဆို ဟုတ်လား “
“အေးလေ အလုပ်သိပ်မခိုင်းလို့ကွ”
“ဆန်းထူးတို့ ကျွဲ နဲ့ မင်းကျွဲတိုက်ရင် ဘယ်ကျွဲနိုင်လောက်လဲ “
“အဲ့တာတော့ မသိဘူးကွာ”
“ကျွဲတွေက ထားဦး ဘကြီး ဦးတောအကွက်ထဲက ကြံတွေက ထူကြံတွေ အတော်ချိုတယ် ဒီအပတ် ကျောင်းပိတ်ရက် သွားကြမလား ဟေ့ကောင်တွေ “
“အေး သွားကြတာပေါ့ “
“နေဦးကွ ညနေ ကျောင်းဆင်းရင် ကတ္တားချပြီးတဲ့ ကြံလှည်းတွေနောက် လှည်းမြီးခိုစီးကြမလား ဟေ့ကောင်တွေ “
“စီးကြတာပေါ့ကွာ “
ထိုစဉ် ဆရာမသည် သင်ပုံးရှေ့ရှိစားပွဲအား ဝါးခြမ်းပြား နှင့် ရိုက်လိုက်သည့်အခါမှ သုတတို့လည်း စကားထပ်မပြော၀ံ့ပဲ ငြိမ်လိုက်ကြရတော့သည်။
သုတတယောက် ပျင်းရိနေသည့် ဟန်နှင့် ကျောင်းတက်နေသည်။သူ၏ စိတ်သည် အဖွားဖြစ်သူ၏ ရွာမှ လှည်းသမားထံ သို့သာ ရောက်နေသည်။သူဆုတောင်းမိသည်က ကျောင်းဆင်းချိန် နှင့် လှည်းသမား ပြန်ချိန် တိုးပါစေဟူ၍ ဖြစ်သည်။ဆရာမ သည် ပျင်းရိဖွယ်ကဗျာများကို သင်နေသည်ဟု သူထင်မိသည်။ ယနေ့ ကျောင်းတက်ရသည်မှာ အခြားသောနေ့များထက်ပင် ပို ကြာနေသည်ဟုလည်း တွေးမိပြန်၏။သူ၏ ဘေးတွင်ရှိနေသော သူငယ်ချင်းများသည်လည်း စာသင်နေသည်ကို စိတ်မဝင်စား အချင်းချင်း စနောက်လို့ နေ၏။ဆရာမသည်လည်း ဆူငေါက်ခြင်းမရှိ။သူမ၏ ထိုင်ခုံပေါ်တွင် ထိုင်ပြီး ကျောင်းအပြင်ရှိ တရုတ်စကားပင်ကြီးကို ငေးနေလေသည်။ထို့ကြောင့် သုတမှာ ဆရာမကို ကြည့်ပြီး အတွေးတစ ဝင်လာပြန်သည်။သူ့စိတ်ထဲ ဆရာမသည်လည်း အိမ်လွမ်းနေတာ ဖြစ်မည်ဟု ဟူ၍ ဖြစ် သည်။လမ်းပန်းဆက်သွယ်ရေးက မကောင်း၊စားရေးနေရေးထိုင်ရေးကလည်း ထင်သလောက် မလွယ်သော သူတို့၏ ရွာလေးကို ဆရာမရောက်နေရသည်ကို မနှစ်မြို့ဖြစ်နေသည်လောဟု တွေးနေမိပြန်၏။မကြာသောအချိန်တွင် နေ့လည်ထမင်းစားကျောင်းဆင်းအချက်ပေး သံချောင်းခေါက်သံ ထွက်ပေါ်လာသည် နှင့် ကျောင်းသားများသည် ပျော်ရွှင်မြူးတူးစွာဖြင့် ဆရာမကို နှုတ်ဆက်လို့ ကျောင်းအပြင်သို့ ပြေးထွက်သွားကြလေသည်။သူတို့ နည်းတူ သုတတို့သူငယ်ချင်းတစုသည်လည်း ကျောင်းထဲမှ ပြေးထွက်ကာ ကြံလှည်းများလာသည့်လမ်းသို့ ဦးတည်၍ အပြေးအလွှားသွားနေကြပါတော့သည် ။
◾အခန်း (၅)
“ဟေ့ ကောင်တွေ ပြုတ်ကျမယ် ဆင်း “
“ဟာ ဒီကလေးတွေ အတော်ပြောရခက်လိုက်တာ ပြုတ်ကြမှ ဒုက္ခကွာ “
“ဟေ့ ပွကြီး ပြောမနေနဲ့ အဲ့ဒီကောင်လေးတွေက အမြဲဒီလိုပဲ သူတို့ ဆင်းချင်တဲ့ အချိန်ကျရင် ဆင်းသွားလိမ့်မယ် “
ကြံကတ္တားချအပြီး ပြန်လာသော ခါလီလှည်းများအား ထမင်းစားကျောင်းဆင်းချိန်နှင့် ကြုံ၍ ကလေးများ လှည်းမြီး ခိုစီးနေကြခြင်း ဖြစ်သည်။ကလေးများသည် လက်နှစ်ဖက်ကို အားပြုကာ လှည်းနောက်မှ ခိုစီးကြခြင်း ဖြစ်သည်။ဤသို့ဖြင့် အတန်ဝေးသော နေရာရောက်သောအခါ အခြားသော ကလေးများ ကျောင်းသို့ ပြန်သွားကြသော်လည်း ကလေးတယောက်သည် ခိုစီးမြဲ စီးနေသည်။လှည်းသမားပွကြီးသည် ကလေးကို သေချာ ကြည့်လိုက်သောအခါ မနက်ကတွေ့ခဲ့ရသော သူတို့ရွာမှ အဖွားအေး၏ မြေးဖြစ်နေ၏။ထိုအခါ ပွကြီးသည်
“ကောင်လေး မင်း ဘာလုပ်နေတာလဲ ကျောင်းပြန်တက်ရမှာ မဟုတ်လား ပြန်တော့လေကွာ “
“ကျနော် ရွှေကျရွာကို လိုက်ချင်လို့ “
“ဖြစ်မလားကောင်လေးရယ် မင်း မိဘတွေလည်း သိတာ မဟုတ်ဘူး “
“အမေက ရွှေကျရွာမှာ အဖွားနဲ့ နေတာလေ ကျနော့်အမေနဲ့ တွေ့ ချင်လို့ပါ “
“မဖြစ်ဘူးထင်တယ် ကောင်လေးရာ ပြန်တော့ တော်တော် တောင် ဝေးလာပြီ “
သုတ နှင့် လှည်းသမားပွကြီးတို့ စကားပြောနေစဉ် ရွာဘက် မှ အသံများ ဆူညံစွာ ထွက်ပေါ်လာသည် ။
“ခွေးရူး ခွေးရူးဟေ့ “
ရွာဘက်မှ ခွေးရူးသတိပေးသံကို ကြားသောအခါ ပွကြီး၏ အနောက်မှ ပေါက်လာသော ကိုကြက်တောသည်
“ဟေ့ပွကြီး ကောင်လေးကို လှည်ပေါ်တက်ခိုင်းလိုက် ဒီ ကောင်ကို တယောက်တည်းလည်း ပြန်လွှတ်လို့ မဖြစ်တော့ဘူး”
“အေး အေး ကြက်တော ကဲ ကောင်လေး လှည်းပေါ်တက်ကွာ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ “
သုတသည် လှည်းမြီးခိုနေရာမှ လှည်းပေါ်သို့ တက်လိုက်လေသည်။ထို့နောက် လှည်းသမားပွကြီး၏ အနီးတွင် ကပ်ထိုင်ကာ
“ဦးလေး ကျနော် အဖွားအိမ်လိုက်ခဲ့မယ်ဗျာနော် “
“မင်း လိုက်လာရင် နောက်က မင်းအဖေ စိတ်ပူနေမှာပေါ့ “
“ကျနော့်သူငယ်ချင်းတွေကို ပြောခိုင်းထားပါတယ် “
“ဟုတ်ရော ဟုတ်လို့လား ကောင်လေးရာ ”
“ဟုတ်ပါတယ်ဗျ ကျနော် တကယ်ပဲပြောခိုင်းလိုက်တယ် လိုက်ခဲ့ပါရစေ “
ပွကြီးသည် သုတကို ကြည့်ကာတွေးနေသည်။ထို့နောက် နွားကို ငေါက်လိုက်ပြီး
“ကဲ ကောင်လေးရေ လိုက်ခဲ့ကွာ ငါတို့က ရွာကိုတော့ တန်းပြန် အုံးမှာတော့မဟုတ်ဘူး ကြံခုတ်ရဦးမှာ တဲထဲမှာ စောင့်ရမယ် “
“ရပါတယ်ဗျာ “
အတော်ဝမ်းပန်းတသာဖြစ်နေသော သုတအား ပွကြီးပြုံး၍ ကြည့်လိုက်မိသည်။ထို့နောက် မည်သည့်စကားမှ မပြောအား တော့ပဲ နွားလှည်းကိုသာ ဂရုတစိုက်မောင်းနေပါတော့သည် ။
◾အခန်း (၆)
သုတ လိုက်ပါလာသော ပွကြီး၏လှည်းလေးသည် ရှေ့ဆုံးမှ နေ၍ ကြံခင်းများ၏ဘေးရှိ တဲကုန်းလေးအရှေ့တွင် ရပ်လိုက်သည်။ပွကြီး၏လှည်း ရပ်လိုက်သည့် နှင့် အနောက်မှ လိုက်ပါလာသော ကြက်တော၏ လှည်းလေးသည်လည်း ရပ်လိုက်ပြီး နွားများကို ဖြုတ်ကာ လှည်းကို ဂွဒေါက်ဖြင့် ထောက်နေရင်း ကြက်တောမှ သုတအား
“ကောင်လေးရေ ထမင်းဆာနေပြီလားကွ “
“မဆာပါဘူးဗျ “
“ဆာလည်း ချက်ရဦးမှာလို့ ပြောမလို့ကွာ “
ကြက်တောသည်လည်း သဘောကောင်းသည့်ပုံ ရှိ၏။ပွကြီးသည် နွားများကို သစ်ပင်အရိပ်တွင် ချည်လိုက်ကာ သုတကို ခေါ်ပြီး တဲပေါ်သို့ တက်လေသည်။တဲလေးသည် နှစ်ယောက် နေသာရုံတဲလေး ဖြစ်ပြီး တဲအောက်မြေပြင်တွင် ထမင်းအိုး တည်ဖို့ရာ ကျောက်ခဲဖြင့် ဖိုခနောင့်ဆိုင်ထားသော မီးဖိုလေးရှိသည်။တဲပေါ်သို့ရောက်သည် နှင့် ပွကြီးသည်
“ကောင်လေး တဲပေါ်တက် ထိုင်နေကွာ။ငါ ထမင်းချက်လိုက်ဦးမယ် ကြက်တောက ရေသွားခပ်တယ်ကွ “
“ကျနော် ဘာလုပ်ပေးရမလဲ ဦးပွကြီး “
“မင်းကပါ ငါ့ကို ပွကြီးခေါ် နေတာလားဟ “
“နာမည်က ဦးပွကြီး မဟုတ်ဘူးလား “
“မဟုတ်ပါဘူးကွာ ငါ့နာမည်ကဝင်းကျော် ဘယ်လိုလုပ်ပြီး ပွကြီး ဖြစ်သွားလဲ မသိဘူး “
နာမည်ရင်း ဝင်းကျော်ဖြစ်ပေမဲ့ မည်သူမှ နာမည်အရင်းကို မခေါ်ကြပဲ ပွကြီး ဟုသာခေါ်သောကြောင့် သူကိုယ်တိုင်ပင် နာမည်အရင်းကို မေ့ချင်ချင် ဖြစ်နေသည်။
ပွကြီးသည် စကားတပြောပြောနှင့် မီးမွှေးနေစဉ် ကြက်တောသည် ရေပုံးတပုံးကို လက်ကဆွဲပြီး တဲကုန်းပေါ် သို့ တက်လာလေသည်။တဲကုန်းပေါ် ရောက်သည် နှင့် ပွကြီးအား
“ကိုပွကြီး ဘာဟင်းချက်မှာလဲ “
“မင်းကလည်း သိရဲ့သားနဲ့ “
“မင်းအမကလည်း ငါက သူစိမ်းမို့ထားဦး မင်းကို မောင်အရင်း ဖြစ်ပြီး မသထှာတာတော့ အတော်ဆိုးတယ် “
“ထားလိုက်စမ်းပါကွာ ကိုမျိုး ဒီနေ့ တဲလာစောင့်လိမ့်မယ် သူလာမှ ငါတို့ပြန်ရမှာ “
“မင်းတူက မိုးချုပ်တောင် လာပါ့မလား “
“မသိပါဘူးကွာ “
“မင်းကိုတော့ အားနာပါတယ် စပါးကြိုယူထားလို့ ဒီအိမ်မှာ သူရင်းငှား လုပ်နေတာ ဒီမှာ လုပ်ချင်တာ မဟုတ်ဘူး “
“ငါလည်းအတူတူပဲ အမေတို့က အတင်းလုပ်ခိုင်းလို့သာ လုပ်နေရတာ မလုပ်ချင်ဘူး။ငါးခြောက်ပေးတာတောင် တို့တွေဖို့ အရိုး သူတို့အတွက်က အသား “
သုတ တယောက် တဲပေါ်တွင်ထိုင်ရင်း ပွကြီးနှင့် ကြက်တော ပြောနေသောစကားများအား နားထောင်ကာ သိချင်စိတ် အတော်များနေသည်။ထို့ကြောင့် တဲပေါ်မှဆင်းပြီး မီးဖိုဘေးတွင် ထိုင်နေသော ကြက်တောအား အမေးစကားဆိုလိုက်လေသည် ။
“ဦးကြက်တော “
“အေး ကောင်လေး “
“ဦးလေးတို့ ပြောနေတာ စိတ်ဝင်စားလို့ ကျုပ်ကို ရှင်းပြပါလား ဒီအကွက်ပိုင်ရှင်တွေက ဦးပွကြီးရဲ့ အမလား “
“အေး မင်းသိချင်တော့လည်း ပြောပြရတာပေါ့ “
ကြက်တောပြောပြသည်မှာ ယခု သူတို့၏ သူရင်းဒိုင်မှာ ပွကြီး၏ အမအရင်းဖြစ်ပြီး အတော်ကိုကပ်စီးသော သူရင်းဒိုင်ဖြစ်သည်။တခါမှပင် အသားဟင်းမကျွေး၊သူတို့ဘာသာ ကြက်ထောင်၊ငှက်ထောင် လုပ်၍သာ တခါတရံ အသားစားရ၏။သူရင်းဒိုင်ကျွေး၍ တခါမှပင် မစားဖူးချေ။ငါးခြောက်ဝယ်လျှင် အသားအား သူတို့ အိမ်အတွက်ယူကာ အရိုးကို တောထဲတွင်နေသောသူရင်းငှားများအတွက် ပေးလေ့ရှိသည်။ငါးပိ နှင့် ပဲလှော်သည်သာ သူတို့အတွက်ဖြစ်ပြီး ဆီဆိုလျှင်လည်း လစ်ပိုပုလင်းအရွယ်အစားခန့် တပုလင်းအား ငါးရက်သုံးခိုင်းလေ့ရှိသည်။သူရင်းငှားများထဲတွင် မောင်အရင်း ရှိနေသည်ကိုပင် အနည်း ငယ်မျှဂရုမစိုက်၊ငွေတမျက်နှာထဲကြည့်သော အတ္တသမားများဖြစ်ကြောင်း ကြက်တောမှ ရှင်းပြလေသည်။ထိုအခါ သုတသည် ပွကြီးအား ကြည့်ကာ
“ဦးပွကြီးက ဘာလို့ လုပ်နေတာလဲ ဦးကြက်တောတို့ကရော “
“ငါတို့က ဆင်းရဲတယ်ကွ ကျန်းမာရေး နဲ့ အသုံးစရိတ်တွေ လိုရင် ကြိုထုတ်ပေးတဲ့ သူရင်းဒိုင်က ခပ်ရှားရှားပဲ ဒီကပ်စီးသူရင်းဒိုင်က ကြိုထုတ်ပေးတော့ သူ့ဆီပဲလုပ်ရတာပေါ့ကွာ “
“ငါကတော့ အမေကလုပ်ခိုင်းတာကွ ငါ့အမေက ငါ့အမကို တော့ အတော်ချစ်တယ် ဒီလောက်ပြည့်စုံနေတာတောင် အခု ငါတို့နေတဲ့ အိမ်လေးကို သူမသေခင် သူ့သမီးကြီးကို ပေးချင်တယ်တဲ့ကွာ ငါ့နှလုံးသားက မကြမ်းပေတော့ ငါ့အမေပြောတဲ့ အတိုင်း လုပ်နေရတာပေါ့ “
သုတတယောက် ပွကြီးပြောပြသော စကားကို နားမလည်ပေ။ထို့နောက် သုတသည် ပွကြီး ထမင်းချက်နေသည်ကို စိတ် ဝင်စားစွာ ကြည့်နေလေသည် ။
ပွကြီးသည် ထမင်းအိုးကို ရေခမ်းချက်နေခြင်း ဖြစ်သည်။ သုတမြင်ဖူးသည်မှာ ထမင်းချက်သည်ဆိုရာ၌ ထမင်းရေငှဲ့ရသည်သာ သူသိသည်။ယခု ရေခမ်းချက်သည်ကို မမြင်ဖူး၍ ထူးဆန်းနေသည်။ထမင်းကျက်သောအခါ ခရမ်းချဉ်သီးသုံး လုံးကို ငါးခြောက်ရိုး နှင့် ရောချက်လေသည်။သုတ ဒီတခါတော့ အနည်းငယ် သဘောကျနေမိသည်။ယခု ပွကြီးတို့ ချက်သော ဟင်းသည် သူတို့အမြဲလိုလို စားရသော ဖုတ်ထောင်းရည်ဖျော်ထက် အနည်းငယ် သာသေးသည် မဟုတ်ပါလား။ဟင်းချက်နေချိန်တွင် ကြက်တောသည် ကြံခင်းဘေးရှိ လယ်ထဲမှ ကန်စွန်းရက် နှင့် တို့စားရန် အခြားအရွက်များကို ရှာကြံပြီး သွားခူးနေလေသည်။မကြာသောအချိန်မှာပင် ဟင်းလည်းကြက်ပြီမို့ တဲပေါ်တွင် ထမင်း၊ဟင်း တို့ကို အိုးလိုက်တည်ကာ သုံးယောက်သား ထမင်းစားလိုက်ကြပြီး တဲစောင့်လာမည့်သူကို စောင့်နေလိုက်ကြပါသည်။
◾အခန်း (၇)
ညနေအချိန်ရောက်လာသည့်အခါ ပွကြီး နှင့် ကြက်တောတို့သည် သုတကို ခေါ်ကာ ရွာပြန်ရန်အတွက် ပြင်ဆင်နေသည်။ သူတို့သည် နွားလှည်းတစီးကို ကောက်လိုက်ပြီး သူရင်းဒိုင်မှ ထယ်ခေါင်း နှင့် တခြားသော လယ်ယာပစ္စည်းများကို တင်ကာ ရွာသို့ မောင်းလာကြသည်။ရွှေကျရွာသို့ ရောက်ချိန်တွင်တော့ အတော်မိုးချုပ်နေပြီ ဖြစ်သည်။ပွကြီးသည် လှည်းကို သူ့အမ သူရင်းဒိုင်အိမ်တွင် ဖြုတ်ခဲ့ပြီး သုတအား အဖွားအေး၏ အိမ်သို့ပို့ပေးရန် ခေါ်လာလေသည်၊၊အမှောင်ထုမှာ ကြီးစိုးနေပြီမို့ အိမ်တိုင်း အိမ်တိုင်းတွင် ဖယောင်တိုင် သို့မဟုတ် ရေနံဆီမီး ခွက် လေးများ ထွန်းထားကြသည်။ပွကြီးသည် အဖွားအေး၏ အိမ်ဝိုင်းထဲသို့ ဝင်လိုက်ကာ
“အရီးအေး ဗျို့အရီးအေး “
“ဘယ်သူတုန်း ကွယ့် “
“ကျနော် ပွကြီးပါ ဒီမှာ အရီးရဲ့မြေး ကျနော်တို့နဲ့ လိုက်လာတယ် “
“ဟဲ့ ဘယ်သူတုန်းကွယ့်”
အဖွားအေးသည် ရေနံဆီမီးခွက်လေးကိုင်ပြီး အိမ်ပေါ်မှ ဆင်းလာသည်။ထို့နောက် ပွကြီး၏ ဘေးမှ သုတကို ကြည့်ကာ
“သုတ “
“ဟုတ်တယ် အဖွား အမေနဲ့ တွေ့ချင်လို့ လိုက်လာခဲ့တာ “
အဖွားအေးသည် စိတ်ပျက်သည့်ဟန်အမူယာနှင့် သက်ပြင်းတချက် ချလိုက်ကာ
“ပွကြီးရေ လာပို့တာ ကျေးဇူးတင်ပါတယ်ကွယ် “
“ရပါတယ် ကျနော် သွားလိုက်ဦးမယ် အရီး “
ပွကြီးသည် အဖွားအေးကို နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှ ထွက်သွားသည်။အဖွားအေးသည်က လွယ်အိတ်လေးကို ကျောတွင် လွယ်ပြီး သူမကို ရပ်ငေးကြည့်လျက်ရှိသော မြေးဖြစ်သူအား
“လာ သုတ နင့်အမေ အိမ်ပေါ်မှာ ရှိတယ် နင်ဟယ် နင့်အဖေသောင်းရီကိုရော ပြောခဲ့ရဲ့လား ‘
“မပြောခဲ့ရဘူး အဖွား “
“နင်ကတော့လေ တကယ်ကို ပြဿနာကောင်လေးပဲ ထမင်း လည်း မစားရသေးဘူး မဟုတ်လား “
“ဟုတ်တယ် အဖွား”
“နင့်အမေကို တွေ့ပြီးရင် ရေချိုးချေ၊ပြီးရင် ထမင်းစား “
အဖွားဖြစ်သူသည် သုတအား သိပ်ပြီးတော့ မကြည်ပေ။ ထို့နောက် သုတသည် အဖွားအေး၏ ကျွန်းတိုင်လုံးများဖြင့် ဆောက်ထားပြီး ဝါးကြမ်းခင်းထားကာ သက်ငယ်မိုးထားသော အိမ်ကြီးပေါ်သို့ တက်သွားလိုက်သည်။အိမ်ပေါ် ရောက်သော အခါ မိခင်ဖြစ်သူမသိန်းမေမှာ သူ၏ ညီမငယ်လေးအားချော့ သိပ်နေသည်ကို ဖယောင်းတိုင် မီးအလင်းရောင်အောက်တွင် တွေ့ လိုက်ရသည်။ထို့နောက် အိမ်ပေါ်တက်လာသော သုတ အား မြင်သောအခါ
“သား သုတ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ “
“ကျနော် အမေ့ကို တွေ့ ချင်လို့ ကြံကတ္တားချတဲ့ လှည်းနဲ့လိုက်လာတာ “
“ဒုက္ခပါပဲ သားအဖေရော သိရဲ့လား ဒီကိုလာတာ “
သုတ ခေါင်းကို ခါယမ်းပြလိုက်သည်။ထိုအခါ မသိန်းမေသက်ပြင်း တချက်ချလိုက်ပြီး
“သုတရယ် နင့်ကို ကိုသောင်းရီတော့ ရှာနေတော့မှာပဲ “
“မရှာလောက်ပါဘူး အမေ ဆန်းထူးကတော့ ကျနော် ဒီကို သွားမယ်ဆိုတာ သိတယ် “
“စိတ်ထင်တာတွေ လျှောက်လုပ်မနေပါနဲ့လား သားရယ် “
“ကျနော် စိတ်ထင်တာလုပ်တာ မဟုတ်ဘူး အမေ ကျနော် အမေနဲ့ အဖွားကို တွေ့ ချင်လို့ပါ။ကျနော် အဖေတို့နဲ့ နေရတာ မပျော်ဘူးဗျ ကျနော် ဟင်းကောင်းကောင်း မစားရတာလည်း ကြာနေပြီ။မစားရလို့ အပြစ်ပြောတာ မဟုတ်ပါဘူး အဖေတို့ လည်း ဒီအတိုင်းပဲစားနေရတာ ကျနော်သိပါတယ်။ကျနော် အမေနဲ့ တူတူရှိရင်ကို မစားရစားရ တော်သေးတယ် “
မသိန်းမေ မည်သို့ ပြန်ပြောရမည်မှန်းမသိအောင်ပင် ဖြစ်မိ သည်။သားဖြစ်သူပြောသည်မှာလည်း မှန်၏။အငယ်ဆုံးသမီး ဖြစ်သူ မွေးပြီးကတည်းက သုတအား ဂရုမစိုက်နိုင်ခဲ့ပေ။ဆေးရုံ နှင့် မိခင်ကြီအိမ်သို့ အလှည့်ကျ သွားနေရကာ သုတ အား ပစ်ထားသလို ဖြစ်နေမိ၏။မသိန်းမေ မည်သို့ စကားပြန်ပြောရမလဲ စဉ်းစားနေစဉ် အိမ်အောက်မှ အဖွားအေး၏ အသံ က ပေါ်လာသည်။
“သုတ လာခဲ့ ရေချိုးစည်ပိုင်းထဲမှာ ရေရှိတယ် အဝတ်အစား လည်း မပါဘူး။တော်သေးတယ် နင့်အတွက် ဝယ်ထားတဲ့ အ၀တ်ရှိနေလို့ “
အဖွားအေး၏ အသံကြောင့် သုတ လွယ်အိတ်လေးကို မိခင် ဖြစ်သူ အနားချခဲ့ပြီး အိမ်အောက်သို့ ဆင်းသွားကာ အဖွားအေးပြောသည့်အတိုင်း ရေချိုးလိုက်ပါတော့သည် ။
◾အခန်း (၈)
ရေနံဆီမီးခွက်လေး၏အလင်းရောင်အောက်တွင် သုတ ထမင်းစားနေသည်။အဖွားဖြစ်သူမှာ ဘေးတွင်ထိုင်ပြီး ထမင်းထည့်ပေးရင်း အပြစ်တင်စကား တတွတ်တွတ် နှင့်ဆိုနေသည်။သို့ပေမဲ့ သုတ အဖွားဖြစ်သူအား မငြိုငြင် အပြစ်မတင်ပဲ အဖွားချက်ထားသော ခရမ်းချဉ်သီး ငါးခြောက်ချက်ဆီပြန်လေး နှင့် ကန်စွန်းရွက်ကြော်၊အချဉ်ရည်ဟင်းတို့ဖြင့် အားရပါးရ ထမင်း စားနေလေသည်။အဖွားဖြစ်သူမှာတော့ ထမင်းကုန်သွား၍ ထမင်းပန်းကန်ထဲ ထမင်းထပ်ထည့်ပေးရင်း
“နင် တော်တော်ဆိုးတာပဲ သုတ အိမ်ကလူတွေကိုလည်း မပြောခဲ့ဘူး။ကိုယ့်စိတ်ကိုယ့်သဘောနဲ့ ထွက်လာရအောင် နင့်ကိုယ်နင် လူကြီးဖြစ်ပြီထင်နေလား အမှန်အတိုင်းပြောရရင် နင့် အမေ ငါ့သမီးကိုသနားလို့ ငါလည်း မရှိ ရှိတာလေး နဲ့ ကျွေးမွေးနေရတာ “
“ကျနော် သိပါတယ် အဖွား “
“နောက်နေ့ ကျောင်းပိတ်ပြီဆိုတော့ သဘက်ခါမှ ပြန်တော့ နင့်အဖေကို ပွကြီး နဲ့ ပြောခိုင်းလိုက်မယ် “
“အဲ့တာဆို ကျနော်က ကျောင်းဖွင့်တဲ့အထိ ဒီမှာ နေရဦးမှာ ပေါ့ “
အဖွားအေးသည် မြေးဖြစ်သူ၏ ပျော်သွားသော မျက်နှာကို မြင်ကာ ထပ်ပြီး မဆူရက်တော့ပေ။ထမင်းအား အားရပါးရစားနေသော သုတအား ကြည့်နေရင်းမှ မျက်ရည်များ ဝဲလာ၍ လက်နှင့်ပင် သုတ်လိုက်ရသေးသည်။သူမ တွေးမိသည်က သုတဆိုသောကလေးသည် ငယ်ငယ်ကတည်းကပင် ပြည့်ပြည့်စုံစုံမနေခဲ့ရပေ။သူ့ထက်အကြီးအကိုများ အဆင်ပြေသည့်အချိန်ကို ဖြတ်ကျော်ခဲ့ဖူးပေမဲ့ သုတ လူမှန်းသိစအရွယ်က တည်းကပင် သမက်ဖြစ်သူမှာ စီးပွားရေး ချွတ်ခြုံကျခဲ့ပြီး မွဲသွားခဲ့သည် မဟုတ်ပါလား။သမီးဖြစ်သူ မသိန်းမေ၏ ကျန်းမာ ရေး၊အငယ်ဆုံးသမီးလေး၏ ကျန်းမာရေးကြောင့် စီးပွားရေး ကျပြီး အကြွေးများတင်သွားသည်။သမက်ဖြစ်သူ သောင်းရီသည် သူမအပေါ် ကောင်းစွာ ဆက်ဆံ၏။ စပါးဒိုင် စပါးမချနိုင်၍ အဖမ်းခံထိမည့်အချိန်တွင် သမက်ဖြစ်သူကြောင့်သာ သူမ အဖမ်းမခံရခြင်းဖြစ်၏။အဖွားအေးတယောက် သုတကို ထမင်းကျွေးရင်း အတွေးများစွာနှင့် ငေးနေစဉ်
“အဖွား ကျနော် ဝပြီ “
“ထမင်း စားလို့ကောင်းလား ငါ့မြေး “
“ကောင်းတာပေါ့ အဖွားရယ် ကျနော် ခုလိုမျိုး ထမင်း အများကြီး မစားနိုင်တာ ကြာပြီ အဖွားရ “
“ငါ့မြေးကို အဖွားပြောတာ မုန်းလို့ မဟုတ်ရပါဘူးကွယ် “
“ကျနော် နားလည်ပါတယ် အဖွား ကျနော်ကလည်း အရမ်းလွမ်းလို့ လာခဲ့တာပါ “
“အေးပါ မြေးရယ် “
အဖွားအေးသည် မြေးဖြစ်သူ၏ ဦးခေါင်းကို လက်နှင့် ပုတ်ပြီး ပြုံးပြလိုက်ရာ သုတသည်လည်း ပျော်ရွှင်စွာ ပြန်လည်းပြုံးပြလိုက်ပါတော့သည် ။
◾အခန်း (၉)
ထို့နေ့က နေမသာပါ။နေ့မသာသော စနေနေ့ဖြစ်၏။သုတ သည် မိခင်ကြီး၏အနားတွင် ထိုင်ပြီး ညီမငယ်အားကြည့်နေလေသည်။အသက် လေးနှစ်ကျော်ငါးနှစ်ထဲသာ ဝင်လာသည်။ ညီမဖြစ်သူမှာ ယခုထိ လမ်းမလျှောက်နိုင်ပေ။မျက်နှာလေးမှာ ပြည့်ပြည့်လေး နှင့် ချစ်စဖွယ် ဖြစ်သည်။ကိုယ်ခန္ဓာသည်က နှစ် နှစ်သားအရွယ်လောက်ပင် ဖွံ့ဖြိူးခြင်း မရှိပေ။သူကြည့်နေစဉ်တွင် ညီမငယ်မှာ သူ့အား ပြုံးပြနေရင်းမှ မျက်ဖြူလန်သွား၍
“အမေ ညီမလေး ဘာဖြစ်သွားတာလဲမသိဘူး လုပ်ပါဦး “
“သမီး သမီးလေး အမေ အမေ “
မသိန်းမေသည် သမီးငယ်ကို ကြည့်ရင်း အိမ်အောက်တွင်ရှိမည်ထင်သော အဖွားအေးအား လှမ်းအော်ခေါ်နေသည်။သို့ပေမဲ့ ပြန်ထူးသံ မကြားရ။ထိုအခါ သုတသည် အိမ်အောက်သို့ ပြေးဆင်းပြီး ကျယ်လောင်သောအသံဖြင့်
“လုပ်ကြပါဦးဗျာ ကျနော့်ညီမလေး ဘာဖြစ်သွားတာလဲ မသိဘူး လုပ်ကြပါဦး “
သုတ၏ ကျယ်လောင်သောအော်သံကြောင့် အိမ်နီးနားချင်းများ နှင့်အတူ အဖွားအေးပါရောက်လာပြီး အိမ်ပေါ်သို့ တက်ကာ ကလေးအားကြည့်ကြလေသည်။သုတသည် ညီမဖြစ်သူအတွက် စိုးရိမ်ပြီး လှေကားရင်းတွင် ငိုနေလေသည်။
“သုတ ဘာလို့ ငိုနေတာလဲ “
“အဖေ ညီမလေး မျက်လုံးကြီးလန်သွားတယ် “
ကိုသောင်းရီသည် ကြံစရံ ထုတ်ထားသည်မို့ မိန်းမနှင့် ယောက္ခမအား အသုံးစားရိတ်ပေးရင်းနှင့် သုတအား ခေါ်ရန် ယောက္ခမအိမ်သို့ ရောက်လာခြင်းဖြစ်သည်။ရောက်လာလာခြင်းပင် ထင်မထင်ထားသည့်အဖြစ်နှင့် တန်းတိုးသည်မို့ ကလေးကို ဆေးရုံပို့ဖို့အတွက်သာ ပြင်ဆင်ရလေတော့သည်။
ကိုသောင်းရီ၊မသိန်းမေ နှင့် အဖွားအေးတို့သည် ကုက္ကိုပင်များ စီတန်းပြီးရှိနေသည့် ကတ္တရာလမ်းလေးတွင် တစုံတခုကို စောင့်နေသည်။မသိန်းမေမှာတော့ သမီးဖြစ်သူအားကြည့်ကာ ငိုယိုနေလေသည်။အဖွားအေးသည် သမီးဖြစ်သူအား နှစ်သိမ့် လို့နေသည်။မကြာလှသောအချိန်တွင် သစ်လုံးများတင်ထားသော သစ်ကားကြီး တစီးလာနေသည်ကို တွေ့သောအခါ ကိုသောင်းရီမှ လမ်းပေါ်တက်၍ တားလိုက်သည်။ကားကြီးသည် ရပ်လိုက်ပြီး ကားမောင်းသူမှာ ကားပေါ်မှဆင်းလာပြီး ပြစ်တင် ပြောဆိုမည် ကြံပေမဲ့ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အပြစ်မပြောတော့ပဲ
“ဘာဖြစ်တာလဲ ဗျာ “
“ကျနော့် သမီးလေးကို ဆေးရုံတင်ချင်လို့ပါဗျာ ကားနဲ့ သွားမှ မြန်မှာမလို့မို့ တားလိုက်ရတာပါ “
“ကျုပ်တို့က သစ်ကား ခင်ဗျားတို့ လိုက်လို့ အဆင်ပြေပါ့မလား “
“ရပါတယ်ဗျာ အဆင်ပြေသလိုပဲ လိုက်ရမှာပေါ့ “
“ကားရှေ့ခန်းက တင်ချင်ပေမဲ့ တော်တော်ပူနေပြီး ထိုင်ခုံတွေ မရှိတော့လို့ “
“ရပါတယ်ဗျာ လိုက်ခွင့်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ် “
“ကဲ ကဲ မြန်မြန်တက်ကြ”
ကိုသောင်းရီသည် ဟီးနိုးသစ်ကားကြီးပေါ်သို့ မသိန်းမေအား အရင်တက်နိုင်ရန်ကူညီပေးပြီး ကလေးအား ပေးလိုက်၏။ ထို့နောက် အဖွားအေး၊ပြီးလျှင် သူကိုယ်တိုင် အပေါ် တက်ပြီးချိန်တွင်တော့ ကားကြီးသည် စက်သံဆူညံစွာဖြင့် ထွက်ခွာလို့ သွားလေ၏။မသိန်းမေသည် သမီးလေးသူအား ကြည့်ပြီး
“သမီးလေး သမီးလေး “
အဆက်မပြတ် ခေါ်နေသည်။ကလေးသည် မျက်ဖြူလန်လိုက် လက်များကွေးလိုက်နှင့် အတော်ကို အနေရခက်ဟန်ရှိ၏ ။မတိုးတက်သေးသောအချိန်ကာလများမို့ သစ်လုံးကားပေါ်တွင် မည်သို့ပြုလုပ်ရမည်ကို မသိအောင် ဖြစ်နေ၏။အချိန်အတန်ကြာသောအခါ ကလေးငယ်လေးသည် မိခင်မသိန်းမေအား တချက်ကြည့်ကာ မျက်ဖြူလန်ကာကော့ကန်ပြီး ငြိမ်သက်သွားလေရာ မသိန်းမေ၏ ငိုသံ နှင့်အတူ အဖွားအေး၏ စကားသံက ပေါ်ထွက်လာလေသည် ။
“မြေးမလေးရေ မြေးလေးဝဋ်ကျွတ်သွားသလို မြေးလေး ရဲ့ အကိုလည်း ဝဋ်ကျွတ်ပြီပေါ့ ကလေးရေ “
ဤသို့ဖြင့် ဟီးနိုးကားကြီး၏ စက်သံ နှင့်အတူ သစ်လုံးများပေါ် ထိုင်နေသော လူသုံးယောက်တို့၏ ငိုသံက တဖြည်းဖြည်း နှင့် ကျယ်လောင်လာပါလေတော့သည် ။
🙏 ပြီးပါပြီ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply