ရန်သူတော်

သည့်အကြည့်နှင့် ကြည့်နေရာ ပေတူးမှ စကားဆိုလိုက်လေသည်။

    “ဟေ့လူတွေ အိမ်မသယ်ရမှာစိုးလို့ ကျုပ်ကို မြင်တာနဲ့ စိတ်မကောင်း ဖြစ်သွားတာလားဗျ ခင်ဗျားတို့ ဒီလောက် အလုပ် လုပ်တာ အိမ်သယ်ပါဗျာ ကျုပ် မပြောပါဘူး ဒါနဲ့ ဘာတွေကျွေးကြ လဲ ဝက်သားပဲ ကျွေးမှာ မဟုတ်လား “

   “မဟုတ်ဘူး ငါးပိလိမ္မာ ပေတူး “

   “ဟာ အမေကလည်းဗျာ လှုပြီးတော့ ကပ်စေးနည်းနေပြန်ပြီ ငါးပိလိမ္မာဆိုတာ မသာဆွမ်းသွပ်မှ ကျွေးတာ ဒီအမေနဲ့တော့ လည်း ခက်ပါတယ် စိတ်ထင်ရာတွေ လျှောက်လုပ်ခိုင်းနေတာ”

    “အေးကွာ မင်းအမေကလည်း လှုပြီး ကပ်စေးနည်းလိုက်တာ  ဝက်သား မကျွေးချင်ရင်တောင် ငါးခြောက်ပေါင်းလေးတော့ ကျွေးပေါ့ အခုတော့ ငါးပိလိမ္မာတဲ့လား အပေါ်တက်ပြီး ပြောရအောင် “

    “အေး ဘိုးထင် ဒါတော့ ငါလည်း လက်မခံနိုင်ဘူး ပေတူးတို့ အလှုက ငါးပိလိမ္မာကျွေးတာဆိုတဲ့ နာမည်ဆိုးကို တင်ကို မတင်စေရဘူး “

    မောင်ဘိုးထင်တို့သုံး‌ယောက်သည် ပေတူးတို့၏အိမ်လေးပေါ်သို့ တက်သွားကြလေသည်။အိမ်ပေါ် ရောက်သောအခါ လူများ သည် စကားပြောနေကြကို တွေ့ရ၏။ပေတူးကိုလည်း ကြည့်နေကြသည်။သူတို့သည် မည်သည့်စကားမှတော့ မပြောပေ။ပေတူးသည်က အိမ်ထဲ လျှောက်ကြည့်ကာ

    “အမေ အမေ ကျုပ်ပြန်ရောက်ပြီလေ အလှုလုပ်တာတောင် ကျုပ်ကို မစောင့်ဘူး တော်သေးတာပေါ့ အချိန်မှီပြန်ရောက်လို့ပေါ့ဗျာ အမေ့ဧည့်သည်တွေကို အိမ်မှာ ထားခဲ့ပြီး ဘယ်သွားတာလဲ ရေနံဆီသွားဝယ်တာလား “

    ပေတူးသည် သူစိတ်ထင်ရာကိုပြောပြီးနောက် အိမ်ခေါင်းရင်း ခန်းတွင် ထိုင်နေသော ရပ်မိရပ်ဖများထဲမှ ရွာလူကြီးကို ကြည့်ကာ

    “ဘကြီး ကျုပ်အမေ ဘယ်သွားလဲဗျ ဧည့်သည်တွေကို ဒီအတိုင်းထားပြီး ဘယ်လျှောက်သွားနေလဲ မသိဘူး “

    ထို့နောက် မောင်ဘိုးထင်သည်  အိမ်ပေါ်မှ အသက်အငယ်ဆုံး ဖြစ်သော မင်း‌နောင်ကို ကြည့်ကာ

    “ကိုမင်း‌နောင်ကြီး ခင်ဗျားဗျာ အသက်ငယ်ဆုံးဖြစ်ပြီး လို အပ်တာလေးရှိရင် သွားဝယ်ပေးမှပေါ့ ဘယ်လိုလုပ် လေးကြီး တင်မကိုယ်တိုင် သွားဝယ်တာကို ကြည့်နေနိုင်ရတာလဲ “

    မောင်ဘိုးထင်၏စကားကြောင့် မင်းနောင် ပြန်ပြောမည်ပြုစဉ် ရွာလူကြီးမှ လက်ကာပြလိုက်ပြီး

     “မင်းနောင် ငါ ပြောလိုက်မယ် ပေတူးတို့ ဒီအနားလာခဲ့ဦးကွာ ခင်ဗျားတို့ နည်းနည်း နေရာပေးလိုက်ဦး”

    ရွာလူကြီးသည် ပေတူးတို့သုံးယောက်အား ခေါ်လိုက်ပြီး  သူ၏ဘေးတွင်ရှိနေသောလူကြီးများကို ဖယ်ခိုင်းလိုက်သည်။ ‌ မောင်ဘိုးထင်တို့သည် တယောက်မျက်နှာတယောက်ကြည့်ပြီး ရွာလူကြီး၏အနားသို့ သွားပြီး ထိုင်လိုက်ကြ၏။ထိုအခါ ရွာလူကြီးသည် ပေတူးကို သေချာကြည့်ပြီး

    “ပေတူး ‌မင်းအမေ ဆုံးသွားပြီကွ “

    “ဘကြီးရာ မနောက်စမ်းပါနဲ့ လူကြီးဖြစ်ပြီး နောက်နောက်ပြောင်ပြောင်စကားတွေ မပြောနဲ့ဗျာ ကိုဖိုးထွေးတောင် ရင့်ကျက်လာပြီ”

    “ဟုတ်တယ်လေ ပေတူး ပြောတာမှန်တယ် လေးကြီးကို ဘယ်သူ့ဆီ ပေါင်ထားလို့ ဆုံးတာလဲ ပြန်မရွေးနိုင်ဘူးလား ဟားးဟားး”

    သာအေးမှ ဝင်၍ အရွှန်းဖောက်လိုက်ရာ မောင်ဘိုးထင်နှင့် ပေတူးပါ လိုက်ရယ်လေသည်။ထိုအခါ ရွာလူကြီးသည်

    “ဟေ့ကောင်တွေ ငါ တကယ်ပြောတာ ပေတူးအမေ မတင်မက ပိုးထိလို့ ဆုံးပြီ။သဘက်ခါဆို ရက်လည်ဆွမ်းသွပ် လိုအပ်တာတွေ လာလုပ်ပေးနေတာ “

    “ကျုပ်အမေ ထီပေါက်လို့ အလှုလုပ်တာ မဟုတ်ဘူးလား  ကျုပ်အမေ လတိုင်း ကိုမြကြီးဆီမှာ ထီထိုးတယ်လေ ဘကြီး  ပေါက်ကရမပြောနဲ့ဗျာ ကျုပ်အမေက ဘယ်လိုလုပ် ဆုံးမှာလဲ မဖြစ်နိုင်တာ “

    မောင်ဘိုးထင်နှင့် သာအေးသည် မည်သို့ပြောရမည်မှန်းမသိအောင် ဖြစ်နေသည်။သူတို့သည် အိမ်ပေါ်တွင်ရှိသော လူများကို အကဲခတ်ကြည့်လိုက်သောအခါ အားလုံးသည် စိတ်မကောင်းဖြစ်နေကြ၍ လူတွေ မလိမ်ဘူးဆိုတာ သေချာစေ၏။ထိုအခါ မောင်ဘိုးထင်သည် ပေတူး၏ပခုံးကို ဖက်လိုက်သလို သာအေးသည်လည်း ဖက်လိုက်၏။ထိုအခါ ပေတူးသည်

    “ဟေ့ကောင်တွေ ဖြစ်နိုင်ပါ့မလားကွာ ငါ့အမေက အကောင်းကြီးကွ ဘယ်လိုလုပ်သေမှာလဲကွာ အမေရေ အမေ အခုဘယ်မှာလဲ “

    ပေတူးသည် ထိုင်ရာမှထပြီး အိမ်အနှံ့လိုက်ရှာနေသလို အိမ်အောက်သို့ဆင်းပြီးလည်း သူ၏အမေကို လိုက်ခေါ်နေသည်။ ရွာလူကြီးပြောသော ပိုးထိ၍သေသည်ကို သူ မယုံပေ။ထို့ ကြောင့် အိမ်ဝိုင်းထဲတွင် မတွေ့ ရသောအခါ ရွာလမ်းဖက် ပြေးထွက်သွားပြီး သူ၏အမေကို အော်ခေါ်နေသည်။ပေပင်ရွာသားများသည် ပေတူး၏အဖြစ်ကို စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပေ။မင်းနောင်၊မောင်ဘိုးထင်၊သာအေး နှင့်အတူ မရွာမှာ လူရွယ်များသည် ပေတူးနောက်သို့ လိုက်သွားကြပါလေတော့သည် ။

◾အခန်း (၃)

    ပေတူးသည် မှောင်မဲနေသော ပေပင်ရွာလမ်းတလျှောက် အမေဖြစ်သူအား တကြော်ကြော်အော်ခေါ်နေသည်။သူ သွားနေသည်မှာ ရွာထဲတွင် တဆိုင်တည်းရှိသောကုန်စုံဆိုင်လေးဆီသို့ ဖြစ်သည်။သူသည်  မိခင်ဖြစ်သူကို တကြော်ကြော်အော်ခေါ် ရင်း သွားနေလေရာ မကြာသောအချိန်တွင် မီးခွက်လေး ထွန်း ထားသောဆိုင်လေးဆီသို့ ရောက်ရှိလာပြီဖြစ်သည်။ထို့နောက် ပေတူးသည် ဆိုင်ထဲသို့ ကြည့်ကာ

    “ဦးဘိုးတူ ကျုပ်အမေ ရေနံဆီလာဝယ်လား “

    “ပေတူး “

    “ကျုပ် မေးနေတယ်လေ ကျုပ်အမေ ရေနံဆီလာဝယ်သေးလားလို့ “

    ဦးဘိုးတူဟု အမည်ရသော ဈေးဆိုင်ပိုင်ရှင်မှာ မည်သို့ပြန် ပြောရမည်မှန်းမသိတော့ပဲ မှောင်ရိပ်ခပ်ကျကျနေရာမှနေ၍ သူ့အားမေးနေသော ပေတူးကိုသာ ဂရုဏာသက်စွာနှင့် ကြည့်နေလေ၏ ။ပေတူးသည် သူမေးသည်ကို ပြန်ဖြေခြင်းမရှိသော ဆိုင်ပိုင်ရှိင် ဦးဘိုးတူအား မကျေမနပ်ကြည့်ကာ ပို၍ ကျယ် လောင်သောအသံနှင့် ပြောဆိုကာ ထွက်ခွာသွား၏ ။

    “ခင်ဗျားကို မေးနေတာ မကြား‌ဘူးလား မလာရင် မလာဘူးပေါ့ ခင်ဗျားကြီးဆီမလာရင် ဦးမြကြီးဆီ သွားတာပဲနေမှာ “

   “ပေတူး ပေတူး “

    ပေတူး ထွက်သွားပြီး မကြာမီ မောင်ဘိုးထင် အပါအဝင် မင်းနောင်တို့ ရောက်လာလေသည်။ထို့နောက် မင်းနောင်တို့အား ဦးဘိုးတူမှ ပေတူး ထွက်သွားရာသို့ လက်ညှိုးထိုးပြကာ

    “ဟေ့ကောင်တွေ  ပေတူး မြကြီးအိမ်ဖက်သွားတယ် ထင်တယ်ကွ ဒီကောင်ကို လိုက်ပြီး ထိန်းကြဦး တော်ကြာ စိတ်လွတ်သွားဦးမယ် “

    “ဟုတ်ကဲ့ ဦးဘိုးတူ “

    မင်းနောင်တို့ အပြေးတပိုင်းနှင့် ပေတူးနောက်သို့ လိုက်သွားကြလေ၏။

     ညသည်က ပို၍ မှောင်လာပြီဖြစ်သည်။ပေတူးသည် သူ၏ စိတ်ထဲတွင် မိခင်ကြီးသေဆုံးသည်ဆိုတာ လက်မခံနိုင်ဖြစ်နေ သည်။လက်ခံနိုင်စရာလည်း မရှိပေ။အဘယ့်ကြောင့်ဆိုသော်  မိခင်ဖြစ်သူ၏အလောင်းအား အိမ်တွင် မတွေ့ရသောကြောင့်ဖြစ်၏။ထို့နောက် မြကြီး၏အိမ်သို့ ရောက်လာပြီး အိမ်ဝိုင်းတွင်းသို့ အော်ကာဝင်သွားလေသည် ။

   “ဦးမြကြီး ဗျို့ဦးမြကြီး အမေရှိလား “

    “ဘယ်သူတုန်းကွ”

    “ကျုပ် ပေတူး အမေ ထီပေါက်တယ် မဟုတ်လား “

    “ပေတူး လာ လာ”

    ဦးမြကြီးသည် ပေတူးအား အိမ်ပေါ်သို့ ခေါ်လိုက်သည်။ထို့  နောက် အိမ်ရှေ့တွင် ထိုင်စေလိုက်ပြီး

    “ကောင်လေး မင်း ဗိုက်ဆာနေရောပေါ့ ထမင်း စားမလား “

   “မစားဘူး ကျုပ်အမေ ဒီကိုလာလားပဲ သိချင်တာ “

    “မင်းကလည်း လာပါအုံးကွ ထမင်းအရင်‌စားရအောင်  မင်းပုံစံ ကြည့်ရတာ ဗိုက်ဆာနေပုံပဲ”

    မြကြီးသည် ပေတူး၏ပခုံးကို ဖက်လိုက်ကာ မီးဖို‌ချောင်ထဲ ခေါ်သွားပြီး ထမင်းဟင်းများ ခူးခပ်နေသည်။မကြာသောအချိန် တွင် မောင်ဘိုးထင်တို့သည် သုတ်သီးသုတ်ပျာဖြင့် မြကြီး၏ အိမ်ပေါ်တက်လာရာ မြကြီးမှ လက်ကာပြလိုက်ပြီး အေးဆေးစွာ နေစေ၏။ထို့ကြောင့် မောင်ဘိုးထင်တို့လည်း အိမ်ရှေ့ခန်းတွင်သာ ထိုင်နေကြ၏။မြကြီးသည် ထမင်းဟင်းများ ခူးခပ်ပြီးသွားသောအခါ ငူငူငိုင်ငိုင်ဖြစ်နေသော ပေတူးအား

    “ငါ့ကောင် ပေတူး စားကွာ “

    “ကျုပ် မစားချင်ဘူး “

    “စားကွာ မင်း ကြည်အေးကို မှတ်မိသေးလား”

    “မှတ်မိတယ်လေ သူ ပိုးထိပြီး ဆုံးသွားတာ ကျုပ်တို့တားပါသေးတယ် “

    “ကောင်လေး သေခြင်းတရားဆိုတာ  ရှောင်လွှဲလို့မရဘူးကွ မင်းအမေ တကယ်ပဲဆုံးသွားပြီ ပိုးထိပြီးဆုံးတာ “

   “အဲ့တာဆို ကျုပ်အမေရဲ့အလောင်းရော”

   “မင်းတို့က ခရီးလွန်နေတာ လူဆိုတာ သေရင် ပုတ်တာပဲကွ မင်းတို့ လာတဲ့အချိန်အထိ စောင့်နေလို့မှ မရတာ  ငါတို့ကို အပြစ်မတင်နဲ့ မင်းတို့ သွားတယ်ဆိုတဲ့ မယားလဲသရက်ပင်ကို ငါနဲ့ မင်းနောင်နဲ့ လာရှာသေးတယ် ဘီလူးလိုလိုကောင်က ခြောက်လှန့်လွှတ်လို့ ငါတို့ ပြန်ခဲ့ရတာ မင်းအမေမှ မဟုတ်ပါဘူးကွာ တို့ရွာသားတွေ တနှစ်ကို တယောက်လောက် အမြဲ ပိုးထိပြီး ဆုံးနေတာ မင်းလည်း အသိသားနဲ့ “

    ပေတူးသည် ကိုမြကြီးပြောပြသည်ကို ထမင်းဖြူချည်းသာ စားနေရင်းဖြင့် မျက်ရည်အရွှဲသားနှင့် နားထောင်နေသည်။ သူ၏စိတ်ထဲတွင်လည်း ကိုမြကြီးပြောတာ သဘာဝကျသည်ဟု  တွေးလိုက်မိသည်။သူ့၏ မိခင် အပါအဝင် တခြားရွာသားများလည်း မြွေများကြောင့် အသက်ဆုံးရှုံးခဲ့သည်ကို သူတို့ သက်တမ်းတလျှောက် အတော်များများတွေ့ ခဲ့ရပေ၏။သူ့အမေ မရှိတော့ဘူးဆိုတာ သူ လက်ခံလိုက်သည်။ထို့နောက်ဝမ်းနည်းခြင်းမှ ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး ဝက်သားဟင်းပန်ကန်ထဲမှ ဇွန်းဖြင့် ဝက်သားတုံးကို ခပ်ထည့်ရင်း မြကြီးကို ကြည့်ကာ

     “ဦးမြကြီး တကယ်ဆို ဒီဟင်းပန်ကန်ထဲက ဝက်သားနေရာမှာ ဘာဖြစ်ရမယ် ထင်လဲ”

    မြကြီး ပေတူးပြောသည်ကို နားမလည်ပါ။ထို့အတွက် ပေတူးကို သေချာကြည့်ပြီး

    “ဘာပြောတာလဲ ပေတူးရ”

    “ဒီ၀က်သားဟင်းနေရာမှာ ကျုပ်အမေနဲ့ ကျုပ်တို့ ရွာသားတွေကို ဒုက္ခပေးနေတဲ့မြွေသား ဖြစ်ရမှာဗျ မြွေတွေ ဖြစ်ရမှာ “

    ထို့နောက် ပေတူးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ထမင်းစားပွဲကို လက်သီးဆုပ်နှင့် ထုကာ

   “ဦးမြကြီး  ဘိုးထင်တို့ ရောက်နေတယ် မဟုတ်လား “

    ” အေးလေ “

    “ကျုပ်တို့ လုပ်စရာရှိသေးတယ်ဗျာ ကဲ ဦးမြကြီး ကျုပ်ရဲ့ ရန်သူ ကျုပ်တို့ရွာရဲ့ ရန်သူတော်ကို စပြီး ရှင်းမယ်ဗျာ “

   ပေတူးသည် ပြောပြောဆိုဆို မောင်ဘိုးထင်တို့ရှိရာ အိမ်ရှေ့ခန်းသို့ ထ၍ ထွက်သွားပါလေတော့သည် ။

◾အခန်း (၄)

     ပေပင်ရွာရှိဒေါ်တင်မ၏ ရက်လည်ဆွမ်းသွပ်သည်က ပြီး မြောက်သွားပြီ ဖြစ်၏။သူမ၏ ရက်လည်ဆွမ်းသွပ်အား ပေပင်ရွာသားများအားလုံးစုပေါင်း၍ ညီညီညွတ်ညွတ်ပြုလုပ်ပေးကြသည့်အတွက်  အဆင်ပြေအထမြောက်သွားပြီ ဖြစ်၏။ပေတူး ပြန်လာကတည်းက မကျွတ်မလွတ်ဖြစ်နေသော ဒေါ်တင်မ၏ အသံအား မကြားရတော့ပေ။တချို့ပြောသည်မှာ ပေတူးအား မြင်ရ၍ ကျေနပ်သွားဟန်ရှိသည်ဟု ဆိုကြသလို ဘဝ တလျှောက်လုံး စိတ်ထားကောင်ကောင်းဖြင့်သာ နေထိုင်ခဲ့သည့်အတွက် ကောင်းရာမွန်ရာသို့ အလွယ်တကူ ရောက်သွားသည် ဟု လည်းဆိုကြပြန်သည်။မည်ကဲ့သို့ဖြစ်စေ ရက်လည်ပြီးနောက်တနေ့တွင်တော့ မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့ သည် ကောက်ဆွခရင်းများ၊တုတ်ရှည်များကိုင်ပြီး ရွာဝန်းကျင် တလျှောက် လျှောက်သွားနေကြသည်။သူတို့သည် မြွေဆိုက မည်သည့်မြွေဖြစ်ဖြစ် ရိုက်သတ်ပစ်၍ ငါးရှဉ့်များပမာ ကြိုးနှင့်  သွယ်တန်းထားကြသည်။သူတို့၏လုပ်ရပ်အား ‌ရွာသို့ မပြန်ဖြစ်သေးသော အဖွားနွေဦးနှင့် ဇေယျာ အပါအဝင် တခြားသူများ တားသော်လည်း တား၍မရသောကြောင့် လွှတ်ထားခြင်း ဖြစ် သည်။ယခု ပေတူးသည် ဆယ်ကောင်ခန့်မျှရှိသော မြွေများကို နွယ်ကြိုးနှင့် ချည်ပြီး တရွတ်တိုက်ဆွဲသယ်ရင်း မောင်ဘိုးထင် နှင့် သာအေးအား စကားဆိုလေသည် ။

    “ဘိုးထင်နဲ့ သာအေး “

   “ပြောလေ ပေတူး”

   “ဒီအထဲမှာ ငါ့အမေကို ကိုက်တဲ့မြွေ ပါလောက်လား “

    “မပါလောက်သေးဘူးကွာ ဒီမြွေက ‌မြွေပတုတ်နဲ့ လင်း‌မြွေ တွေ လေးကြီးတင်မကို ကိုက်တာက မြွေပွေးဆို ငါတို့တွေ လေးကြီးတင်မ ကန်စွန်းရွက်ခူးတဲ့ လယ်ဘက် သွားကြမယ် “

    “အေးကွာ ကြည့်ကြတာပေါ့ “

    သူတို့သည် ရွာနောက်ပိုင်းရှိ ဒေါတင်မ ပိုးထိသောနေရာသို့ သုံးယောက်သား စကားတပြောပြောနှင့် သွားနေသည်။ထို့နောက် လမ်းဘေးချုံနွယ်များထဲမှ ပြေးလွှားသွားနေသော ကင်းလိပ်ချောကောင်များကိုပင် ပေတူးသည် လေးဂွနှင့် ပစ်နေရာ မောင်ဘိုးထင်မှ တားလိုက်ရသည်။

    “ပေတူး ဘာလို့ ကင်းလိပ်ချောတွေကို ပစ်နေတာလဲဟ “

    “ဒီကောင်တွေ ခေါင်းက မြွေ နဲ့တူတယ်ကွ “

   “ထားလိုက်စမ်းပါ မြွေကိုပဲ ပစ်စမ်းပါ “

    “နေဦး တချို့လူတွေ ပြောတာတော့ ဦးတင်ငွေရဲ့ ညောင်ပင်အကွက်မှာ နတ်မြွေရှိတယ်ဆိုတာဟုတ်လား လျှောက်ပြောနေတာပါကွာ “

    “နတ်မြွေ မဟုတ်တောင် ရိုးရိုးမြွေတော့ ရှိလောက်တယ်ကွ “

    “ငါ့ကို အကြော်ဆိုင်ကဒေါ်တုတ် ပြောတာတော့ မြွေမင်းသားရှိတယ်ဆိုလား သူတို့တွေ ထင်းသွားခွေတော့ လူကြီးပေါင်လုံးလောက်ရှိတဲ့ မြွေကြီးတွေ့တာတဲ့ကွ “

    “မြွေမင်းသား ဟုတ်လား အဲ့တာဆို ငါတို့ရန်သူအကြီးစားပဲ “

   ပေတူးသည် အားရပါးရပြောလိုက်၍ ကျန်သော မောင်ဘိုးထင်နှင့် သာအေး နားမလည်နိုင်ဖြစ်ကာ ကြည့်လိုက်၏။ထိုအခါ ပေတူးသည်

   “ဒီလိုကွာ ငါတို့က မြွေတွေကို အမျိုးဖြုတ်မှာ မဟုတ်လား”

   “မင်းပဲ အမျိုးဖြုတ်မယ် ပြောပြီး”

   “အေး အဲ့တာကြောင့်မို့ပေါ့ကွာ မြွေမင်းသားဆိုတော့ မြွေတွေ အားလုံးရဲ့ ဆရာကြီးစာရင်းဝင်ကွ သူ့ကိုသတ်နိုင်ရင် တို့တွေရဲ့ လုပ်ငန်းစဉ် ပိုအထမြောက်သွားတာပေါ့”

    “အေး မင်းပြောတာလည်း မဆိုးဘူး နေဦးကွာ ညောင်ပင်ကဝေးတယ်ကွ အခု ဗိုက်ဆာနေပြီ အိမ်ပြန်ပြီး တခုခု “

    “ဘိုးထင်ရာ မြွေတွေပါတာပဲ ပြီးတော့ ဒီမှာလည်း တဲ ရှိတာပဲ ကင်စားကြတာပေါ့ “

    “နေဦး မီးခြစ်ပါကြလား “

    “ပါလာတယ် အခုလောလောဆယ်တော့ မင်းအမေကို ကိုက်တဲ့မြွေကို လိုက်ရှာပြီး သတ်ရအောင် “

    မောင်ဘိုးထင်တို့သည် ကောက်ဆွသည့်ခက်ရင်းရှည်ဖြင့် ဦးသောင်း၏လယ်ကွက်ကန်သင်းရိုးကို ဖြဲကာ မြွေအား ရှာနေ သည်။သူတို့ အတန်ကြာသည်အထိ ရှာမတွေ့သောအခါ လယ် နှင့် မလှမ်းမကမ်းရှိ  တဲထဲသို့သွားကာ မြွေနှစ်ကောင်ကို အရည်ခွံခွာပြီး မီးဖိုကာ ကင်လိုက်ကြသည်။ကျက်သောအခါ မြွေသားအား အားရပါးရစားလိုက်ကြသည်။ပေတူးသည် သူ့လက်ထဲမှ မြွေသားကင်ကို ကြည့်ပြီး

     “မင်းတို့ကောင်တွေက ငါ့အမေကို ကိုက်တယ် ငါတို့က မင်းတို့ကို ပြန်သတ်စားတယ် သေစမ်း သေစမ်း “

    “သေနေပါပြီ ပေတူးရာ စိတ်လျော့ပါ ခဏနားပြီးရင် တို့တွေ ညောင်ပင်အကွက်ထဲက မြွေမင်းသားကို သွားပြီး ရိုက်သတ် ကြတာပေါ့ “

    မောင်ဘိုးထင်တို့သည်  ဦးသောင်း၏ တဲထဲတွင်ထိုင်ကာ မြွေကင်ကို စားရင်း စကားပြောနေကြသည်။ထို့နောက် သူတို့သွား မည့်နေရာမှာ  ပေပင်ရွာတွင် မည်သူမှမသွားရဲကြသော  ညောင် ပင်ကြီးဆီသို့ ဖြစ်ပါလေတော့သည် ။

◾အခန်း (၅)

      ညောင်ပင်ကွက် ဟုခေါ်ကြသော ဦးတင်ငွေ၏ ကြံခင်းသည် ထူကြံများဖြစ်သောကြောင့် အတော်ချို၏။ယခုမောင်ဘိုးထင်တို့သည် ကြံခင်းအဝရှိ ရုံးပင်ရိပ်တွင်ထိုင်ကာ ကြံရိုးချိုးပြီး ကြံစုပ်နေကြသည်။သူတို့သည် ဓားပါသော်လည်း ဓားကို မသုံး သူတို့ ကြိုက်သော ကြံချောင်းကို ‌ဆွဲကွေးကာ ခြေထောက်နှင့် နင်းပြီး ချိုး၍ အချိုဓာတ်နည်းသော ကြံဖျားနေရာကို ဒူးကို မြှောက်ကာ ကြံရိုးကို ဒူးနှင့် တိုက်ပြီး လက်နှစ်ဖက်နှင့် ချိုးလိုက်သည်။ထိုသည်က ကလေးများ၏ ကြံရိုးချိူးနည်း ဖြစ်သည်။ထို့နောက် ရှည်လျားသော ကြံချောင်း တယောက်တချောင်းဆီယူကာ  ရုံးပင်အောက်တွင် ပါးစပ်နှင့်ပင် အခွံသင်ပြီး စုပ်နေကြခြင်းဖြစ်၏။အချို့ကလေးများကိုဖြင့် အမိအဖများမှ ‌ကြံအား ဓားဖြင့် အခွံသင်၊စိတ်၊ပိုင်း လုပ်ပေးကြပေမဲ့ ဒေါင်ကျကျပြားကျကျ မောင်ဘိုးထင်တို့လို ကလေးများအ‌ဖို့ ဓားမလို သူတို့၏ ပါးစပ်ဖြင့် လျင်မြန်စွာ ကြံခွံကို သင်နိုင်စွမ်း၏။သူတို့ သုံးယောက်သည် ကြံစုပ်တာကိုပင် အေးအေး လူလူ မလုပ်နိုင်ကြ။ကြံစုပ် ပြိုင်နေသေးသည်။ပေတူးမျက်နှာပြုံးဖို့အ‌ရေးအား မောင်ဘိုးထင်တို့သည် နည်းမျိူးစုံနှင့် ကြိုး စားနေကြခြင်းဖြစ်သည်။

    “ဟေ့ကောင် ပေတူး ငါတို့ ကြံရိုးစုပ်ပြိုင်မယ်  ဘယ်လိုလဲ “

    “ဘယ်နှဆစ် အပြောင်လဲ “

    “အနည်းဆုံး သုံးဆစ် ပြောင်ရင်ရတယ် ခဏလေး မင်းတို့  ကြံရိုးကို ကြံမျက်စိပါလား အရင်ကြည့်နော် ပြီးမှ မျက်စိပါလို့  ခက်တာတွေ မရတာတွေ လာမပြောနဲ့ “

    ပေတူးသည် ပြောပြောဆိုဆို သူ၏ ကြံချောင်းတွင် ကြံမျက်စိပါမပါ ကြည့်နေ၏။မောင်ဘိုးထင် နှင့် သာအေးသည်လည်း ကြည့်လိုက်၏။ကြံမျက်စိပါသော ကြံရိုးသည် သင်ရခက်ခြင်းကြောင့် ဖြစ်သည်။သာမာန်ထက် ပိုအားစိုက်လျှင်တောင် ထိုမျက်စိနေရာအား  အားကုန်သုံး၍ သင်ရခြင်းကြောင့် ဖြစ်သည်။ထို့နောက် မောင်ဘိုးထင်သည် တစ်နှစ်သုံး အော် လိုက်ကာ ကြံကို  တရွှမ်းရွှမ်းမြည်အောင် အခွံသင်နေကြပြီး ပြုံးရယ်ကာဖြင့် ကစားနေကြသည်။ကြံစုပ်ရာမှ ဝသောအခါမှ ထိုရုံးပင်အရိပ်မှ ထလိုက်ပြီး အုံ့ဆိုင်းနေသော ညောင်ပင်ကြီး ရှိရာသို့သွားလိုက်ကြပါလေတော့သည် ။

◾အခန်း (၆)

    ညောင်ပင်ကြီးသည် နွယ်ကြီးများ တွဲလောင်းကျနေပြီး ထိုနွယ်များသည် ပုခက်သဏ္ဍန် ဖြစ်လို့နေ၏။ကြေးငှက်များ၏ အော်သံများကလည်း ညောင်ပင်အောက်တွင် အတိုင်းသား ကြားနေရပြီး ထိုညောင်ပင်အောက်တွင်တော့  မောင်ဘိုးထင်တို့ သုံးယောက် ရောက်ရှိနေသည်။သာအေးသည် ပုခက်သဏ္ဍန် ဖြစ်နေသော နွယ်များပေါ်တက်ကာ ပေတူးအား လွှဲခိုင်းနေသေးသည် ။

    “ဟေ့ကောင် တယောက်တလှည့် စီးမယ်လေ ငါ့ကို အရင်လွှဲပေး “

    “မြွေ ရှာရဦးမယ်လေကွာ “

    “မင်းမြွေက ရှိရင်မြင်ရမှာပေါ့ လာစမ်းပါကွာ လွှဲပေးစမ်းပါ “

    “‌ဒီကောင်သာအေး တွေ့တဲ့နေရာမှာ ဆော့ဖို့ပဲ သိတယ် ဘိုးထင် မင်းက အဲ့ဒီဖက်ကကိုင် ငါက ဒီဘက်က ကိုင်မယ် ဒီကောင်ကို သေအောင် လွှဲပေးမယ်ကွာ “

     ပေတူးသည် အကြံဆိုးဖြင့် မောင်ဘိုးထင်ကို အဖော်ညှိလေရာ အကြံတူသော ဘိုးထင်သည်လည်း တခြားတဖက်မှ ကိုင်၍ အားကုန်လွှဲလိုက်ပါတော့သည်။သာအေးသည် နွယ်ကြိုးပုခက်အတော်မြင့်မြင့်ကို ရောက်သောအခါ

    “ဟေ့ ဟေ့ကောင်တွေ ရပ်တော့ဟ “

   “မင်း ဒီလောက်စီးချင်နေတာ ထပ်စီးဦး “

   “ဟေ့ကောင်တွေ ငါမူးလာပြီဟ “

    “မူးတော့ ‌ပိုမကောင်းဘူးလား ဘိုးထင် မရပ်နဲ့ ဒီကောင် ဒီ လောက် စီးချင်နေတာ “

    “စိတ်ချ ဒီကောင် နောက်တခါ မစီးရဲတော့အောင် လွှဲမှာ “

   “ဟေ့ကောင်တွေ တော်တော့  ငါကြောက်လာပြီ”

   “ဘာအခုမှ ကြောက်တာလဲ စီးလေ “

   “မစီးးး”

   “ဟ ပြုတ်ကျပဟ”

    ပေတူးနှင့် မောင် ဘိုးထင်သည် ပုခက်ပေါ်မှ လွင့်စဉ်ပြုတ်ကျ သွားသော သာအေးအား ငေးကြည့်နေမိသည်။သာအေးသည်  မျက်နှာချင်းဆိုင်ရှိ ချုံပုတ်ထဲတွင် တင်နေပြီး ငိုယိုကာ မောင် ‌‌ဘိုးထင်နှင့် ပေတူးအား အဆဲပေါင်းစုံနှင့် ဆဲနေတော့သည်။ ထိုစဉ် သာအေးပြုတ်ကျသော ခြုံပုတ်ထဲမှ အဖြူတရစ်အမဲတရစ်နှင့် လူကြီးပေါင်လုံးနီးပါးခန့်ရှိသောမြွေကြီးတကောင်သည် ပါးပျဉ်ထောင်နေ၍ အားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ သာအေးအား သူ၏အနောက်ကို မျက်စပစ်ပြလေသည်။စိတ်ဆိုး မပြေသေးသော သာအေးသည် ငိုယိုနေပြီး

    “မင်းတို့က ဘာအခွက်ပြောင်နေတာလဲ ဒီမှာ အကုန်ခြစ်မိကုန်ပြီ မင်းတို့ကောင်တွေကို ရွာလူကြီး နဲ့တိုင်ပြီး ထိပ်တုံးခတ်ခိုင်းမယ် “

    သာအေး‌အား ပါးစပ်ပိတ်ထားရန်  ပေတူးမှ အမူအယာနှင့် ပြလိုက်သောအခါ သာအေးသည်

    “ဘာအခုမှ ပါးစပ်ပိတ်ခိုင်းနေတာလဲ မလွှဲပါနဲ့ဆို သေအောင်လွှဲပြီး “

    မြွေကြီးသည် မြေကြီးတွင် ဘယ်ညာယိမ်းထိုးပြီး တဖြည်း ဖြည်းနှင့် သာအေး ဦးခေါင်းနားကပ်လာရာ မောင်ဘိုးထင်မှ

     “မင်းမေလင်မြွေကြီးက နောက်မှာ ရောက်နေတယ် သေတော့မှာပဲ “

    “ဘယ် အမလေး မြွေမင်းသားကြီးဗျ”

    သာအေးသည် ခြုံပေါ်မှာ ခုန်ချကာ မောင်ဘိုးထင်တို့ဆီ ပြေးလိုက်ပြီး အပြစ်တင်စကားဆိုလိုက်ပြန်သည်။

    “ခွီးတဲ့မှပဲ မြွေကြီး ရှိရင်ရှိတယ် စောစောက ဘာလို့မပြောလဲ”

   “မင်းကို မျက်စပစ်ပြနေတာပဲလေ “

   “ထားတော့ ဒါကြီးကို ငါတို့ဘယ်လိုလုပ်မလဲ “

   “ဘယ်လို လုပ်ရမှာလဲ ဘိုးထင်ရာ အသေသတ်ပစ်မယ် ရွာမှာဖော်ပြီး ရောင်းစားပစ်မှာပေါ့ “

     ပေတူးသည် မြေပြင်တွင် ထိုးထားသော ကောက်ဆွသည့်ခက်ရင်းခွကို ဆွဲနှုတ်ပြီး စကားဆိုလိုက်သလို မောင်ဘိုးထင် သည်လည်း ယူလာသောဝါးရင်းတုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။သာအေးသည်က သူတို့နှစ်ယောက်ကို ကြည့်ကာ မြေပြင်တွင် ချထားသော ကြံခုတ်ဓားအား အသင့်ကိုင်ထားလိုက်လေသည်။

◾အခန်း (၇)

    အဖြုတရစ်အမဲတရစ်နှင့်မြွေကြီးသည် ဘယ်ညာယိမ်းထိုးကာ မောင်ဘိုးထင်တို့အနား ချက်ချင်းမကပ်သေးပဲ အခြေ အနေကို စောင့်ကြည့်နေဟန် ရှိလေသည်။ထို့နောက် ပေတူး သည်

    “ဘိုးထင် ဒီလောက်အကွာကနေ လေးဂွနဲ့ ပစ်မလား ဒီကောင်ကြီးမျက်လုံးက ပြူးနေတာကွ တို့မျက်လုံးကိုပစ်ရအောင်”

   “အေးကွာ ပစ်တာပေါ့ အနားကပ်လာရင်တော့ ဆော်သာဆော် အကိုက်‌မခံရစေနဲ့ ကြားလား  ငါတို့တွေ ဒီ့ထက်ကြီးတဲ့ မြွေကြီးတောင် နိုင်ခဲ့ဖူးသေးတာပဲ “

    ထို့နောက် မောင်ဘိုးထင်တို့သည် မြွေကြီးအား လေးဂွနှင့် ဝိုင်းပစ်ကြလေသည်။တချို့လောက်စာလုံးများအား မြွေကြီးမှ ရှောင်နိုင်သော်လည်း တချို့လောက်စာလုံးများကိုဖြင့် မရှောင်နိုင်ဖြစ်ကာ မျက်လုံးဆီသို့ လာမှန်ရာ ပို၍စိတ်တိုလာဟန်ဖြင့်  မောင်ဘိုးထင်တို့ဆီ ပြေးဝင်လာလေသည်။ထိုအခါ မောင်ဘိုးထင်တို့သည် သတိကြီးစွာထားလိုက်ပြီး မြေပြင်ပေါ်ချထားသော သူတို့၏လက်နက်များကို ပြန်ကောက်ကာ မြွေကြီးအား တိုက်ခိုက်ကြလေသည်။ပေတူးသည် မြွေကြီးအား ခက်ရင်ခွနှင့် ထိုးသလို သာအေးသည်လည်း တွေ့ရာကို ဓားဖြင့်ခုတ်လေသည်။မောင်ဘိုးထင်လည်း ခေါင်းနေရာကို ဝါးရင်းတုတ် နှင့် ရိုက်သောကြောင့် မြွေကြီးမှာ ကြံခင်းရှိရာသို့ ထွက်ပြေးပါလေတော့သည်။ရန်လိုနေကြသော မောင်ဘိုးထင်တို့သည်လည်း ကြံခင်းထဲသို့ လိုက်လေသည်။မြွေကြီးမှာ အတော်ပင်ကြီးမားသော ကြောင့် လိုက်ရလွယ်လေသည်။ကြီးမားနေသည့်အတွက်လည်း သူ့ခမျာ လျင်မြန်ခြင်းငှါ မစွမ်းနိုင်ပေ။ပေတူးသည် ရှေ့မှပြေးနေသော မြွေကြီး၏အမြီးကိုဆွဲလိုက်ရာ မြွေကြီးမှ နောက်သို့ ပြန်လှည့်၍ ကိုက်မည်ပြုချိန် မုဆိုးတပိုင်းဖြစ်နေသော မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့၏ လျင်မြန်သော ရိုက်ချက်များ၊ထိုးချက်များ၊ခုတ်ချက်များမှာ သူ၏ဦးခေါင်းကို တည့်မတ်စွာ ထိမှန်သွားပြီး သွေးအလိမ်းလိမ်းနှင့် ကြံခင်းထဲတွင် ခွေခေါက်၍နေသည်။ထို့နောက် ပေတူးသည် အနည်းငယ်လှုပ်ရမ်းနေသော ဦးခေါင်းအနားသွားကာ ကောက်ဆွခရင်းခွဖြင့် အားကုန်ထိုးစိုက်လိုက်ရာ မြွေကြီးသည် ဦး‌ခေါင်းတွင် ခက်ရင်းတန်းလန်းနှင့် ဇီဝိန်ကြွေတော့မည်အချိန်ကို စောင့် ဆိုင်းနေရပါလေတော့သည် ။

◾အခန်း (၈)

    ပေပင်ရွာအဝင်လမ်းတွင် မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် ကြီးမားသောမြွေကြီးကို နွယ်ကြိုးနှင့် ချည်ပြီး သုံးယောက်သား ရွာထဲသို့ သယ်လာကြသည်။ ရွာသားများသည် အဖြူတရစ်အမဲတရစ်နှင့်မြွေကြီးကို နွယ်ကြိုးနှင့် ပေတူးတို့မှဆွဲလာသောကြောင့် ထူးဆန်းအံ့ဩကာ ကြည့်နေကြသလို တချို့လူရွယ်လေးများသည် ရွာလူကြီးနှင့် သူတို့၏သက်ဆိုင်  ရာအုပ်ထိန်းသူများထံသွားကာ ပြောပြနေကြသည်။ဖိုးထွေး သည် သူ၏ဖခင်ဖြစ်သူ ရွာလူကြီးထံသို့သွားကာ

    “အဘ အဘ လုပ်ဦးဗျို့ ဟိုကောင်သုံးကောင်ကတော့ ပေါက် ကရတွေ လုပ်ချလိုက်ပြီ “

   “ဘာဖြစ်လို့လဲ ဖိုးထွေးရ”

    “ဘာဖြစ်ရမှာလဲ ဟိုကောင်ဘိုးထင်တို့  အဖြူတရစ်အမဲတရစ် မြွေကြီးကိုဖော်ပြီး ရောင်းစားမလို့ ရွာထဲ ဆွဲလာကြတယ်ဗျ သူတို့ကြည့်ရတာလည်း ပေစုတ်နေတာပဲ “

    “ဟာ ဒီကောင်တွေ ဘာတွေလုပ်ခဲ့ပြန်ပြီလဲ မသိပါဘူးကွာ “

    ရွာလူကြီးသည် သူ၏တဘက်လေးကို ခေါင်းတွင် ပေါင်းပြီး ဖိုးထွေးနောက် အလျင်အမြန် လ်ိုက်သွားရလေတော့သည်။ သူ၏ နှုတ်မှလည်း

    “တောက် သောက်ကလေးတွေ လုပ်ချင်တာတွေ လုပ်လာကြတယ် သံကွင်းစွပ်ကြီးနေမှာ ဒင်းတို့မို့ အသေသတ်လာရဲတယ် “

    ရွာလူကြီးသည်လည်း နှုတ်မှ တဗျစ်တောက်တောက် ပြောရင်း ဝါးထားသောကွမ်းများကို ထွေးထုတ်ကာ မောင်ဘိုးထင် တို့ရှိရာသို့ သွားလိုက်ပါလေတော့သည်။

◾အခန်း (၉)

    “မြွေပွေးမြွေဟောက်တောင် စားလို့ရသေးတာပဲ ခင်ဗျားတို့ မဝယ်ရင်တောင် အလကားပေးမယ်ဗျ”

    “နင်တို့ မြွေကြီးက ကြောက်စရာကြီး မစားရဲဘူး ပေတူး”

    “ဘာကြောက်စရာကောင်းလို့လဲ သေနေပြီကို ကျုပ်တို့က သုံးယောက်တည်း စားလို့မကုန်လို့ ခင်ဗျားတို့ကို ပေးတာ “

    “နင့်တို့မြွေက ရိုးရိုးမြွေမဟုတ်လောက်ဘူး နတ်မြွေကြီး ဖြစ်‌နေမယ်နော် “

    “ဟာ ဘာနတ်မြွေမှ မဟုတ်ဘူး ကျုပ်တို့ကို ကြောက်လို့ ပြေးတာ တန်းနေတာပဲ နတ်မြွေဆို ကိုယ်‌ယောင်ဖျောက်ပြေးမှာပေါ့ “

    “နင်တို့တွေကတော့နော် အကြောက်အလန့်ကို မရှိဘူး “

    ‌ မောင်ဘိုးထင်တို့သည် ရွာလမ်းတွင် မြွေကြီး အနားထိုင်ချကာ ဝိုင်းကြည့်နေကြသော ရွာသားများနှင့် စကားပြောနေကြခြင်း ဖြစ်သည်။များမကြာတွင် ရွာလူကြီးအပါအဝင် ဦးအုန်း နှင့် သာအေး၏အဘပါ ရောက်လာကြပြီး ရွာလူကြီးမှ စတင်၍ စကားဆိုလေသည်။

    ” ဟေ့ကောင်လေးတွေ မင်းတို့ ဘာတွေလုပ်လာပြန်ပြီလဲ “

    “ဒီမှာလေ မြွေရလာတာ “

   “မင်းတို့မြွေက သံကွင်းစွပ်ကြီးပဲ ငါ့တသက် ဒီလောက်ကြီးတဲ့ သံကွင်းစွပ်မြွေ မတွေ့ဖူးဘူး “

    “အေးဟုတ်ပါ့ ရွာလူကြီး ဒီကောင်တွေ ဘယ်က တွေ့ လာတာ လဲ မသိဘူး ကောင်လေး ဘိုးထင် မင်းတို့ ဘယ်ကနေ ဒီမြွေကြီး ကို ရလာတာလဲ “

    ဦးအုန်းမှ မြွေကြီးကို သေချာကြည့်ပြီး မေးလိုက်ခြင်းဖြစ် သည်။ထိုအခါ မောင်ဘိုးထင်သည်

    “ဦးတင်ငွေရဲ့ ညောင်ပင်အကွက်က ညောင်ပင်ကနေရလာတာ”

    “မင်းတို့ကောင်တွေက လုပ်လိုက်အ သောက်ရမ်းချည်းပဲ ဒီမြွေက စားလို့မရဘူး နှစ်ချို့မြွေကြီး စားရင် နူတတ်တယ် ဟေ့ကောင်တွေ ရွာပြင်ထုတ်ပြီး မြုပ်ပစ်”

    “ဟာ အဘကလည်းဗျာ ခက်ခက်ခဲခဲ သယ်လာတာ ဘာလို့ လွှင့်ပစ်ရမှာလဲ”

    “ဟုတ်တယ် ဘကြီးအုန်း ဘာလို့ လွှင့်ရမှာလဲ ဘယ်သူမှ မစားရဲရင် ကျုပ်တို့ အသားဖော်ပြီး ရေအိုးစင်ရွာ သွားရောင်းမယ် “

    “အေး ဟုတ်တယ် ပေတူး မင်းအကြံကောင်းတယ် “

    “ဒီကောင်တွေက တော်တော်ကို လက်ပေါက်ကပ်တဲ့ ကောင်တွေပဲ”

    ဦးအုန်းမှ ‌ခေါင်းကို ကုတ်ပြီး စကားဆိုနေလေရာ ရွာလူကြီးသည် သူ၏ဦးခေါင်းမှ တဘက်ဖြင့် မျက်နှာကို တချက်သုတ်လိုက်ပြီး

   “ဟေ့ကောင်သုံးကောင် မင်းတို့ ဒီမြွေကြီးကို ညောင်ပင်မှာ ပြန် မြှုပ် ဟိုကောင် ချိုးသိမ်းနဲ့ မင်းနောင် မင်းတို့ လိုက်သွား ရေနံ ဆီ ယူပြီး မြွေကို လောင်း “

     “ဟာ ရွာလူကြီး ဒါတော့ မတရားဘူးဗျာ ရွာက မုဆိုးတွေကြတော့ ဘယ်သားကောင်ရရ ဖော်ခိုင်းတယ် ကျုပ်တို့ကျ”

    “ဟေ့ကောင်ပေတူး မင်းကို မတင်မ ဆုံးတာ မကြာသေးလို့ အလိုလိုက်ပေးနေတာနော် ဒီတခါတော့ မရဘူး  “

    “ဒီမြွေတွေက ကျုပ်အမေကို ကိုက်တာဗျာ ဒီကောင်တွေကို အကုန်ရှင်းမှ ရမယ် “

    “ဟေ့ကောင် မြွေတွေကို လိုက်သတ်နေတာ အဖြေ မဟုတ်ဘူး ငတုံးရ မင်းတို့ ငါပြောသလို လုပ်ရင်လုပ် မလုပ်ရင်  မင်းတို့ သုံးယောက်ကို ထိပ်တုံး တပတ်ခတ်မယ် “

   “ဟာ ရွာလူကြီးကလည်းဗျာ ကျုပ်တို့ကို မတရား”

   “ရွာထဲကကောင်တွေ ဒီကောင်တွေကို ဖမ်း “

    “ကျုပ်တို့ ရွာလူကြီးပြောတဲ့အတိုင်း လုပ်ပါ့မယ်ဗျာ  ထိပ်တုံးတော့ မခတ်ပါနဲ့ “

     မောင်ဘိုးထင်တို့သည် မကျေမနပ်နှင့် သူတို့၏မြွေကြီးကို ရွာအပြင်  ညောင်ပင်ရှိရာသို့ ပြန်သယ်လိုက်သည်။ချိုးသိမ်း နှင့် မင်းနောင်သည်လည်း တွေ့ရာအိမ်မှ ရေနံဆီများနှင့်  ပေါက်တူးဂေါ်ပြားတို့ကို ယူကာ မောင်ဘိုးထင်တို့နောက် လိုက်သွားကြပါလေတော့သည် ။

◾အခန်း (၁၀)

    ပေတူးသည် မြေကျင်းထဲတွင်ရောက်နေသော မြွေကြီးကို နှမြောတသစွာဖြင့် ကြည့်နေမိသည်။ချိုးသိမ်း နှင့် မင်းနောင် သည် ရေနံဆီများကို  မြေကျင်းထဲမှ မြွေသေပေါ် လောင်းချပြီး မြေမြှုပ်လိုက်သည် ။သာအေးသည် မင်းနောင် နှင့် ချိုးသိမ်းကို ကြည့်ကာ

    “ခင်ဗျားတို့က ရွာလူကြီးကို အဲ့လောက်တောင် ကြောက်ရသလား သူလုပ်ခိုင်းတာကို တသွေမတိမ်း လိုက်လုပ်နေတာ “

   “ဟုတ်ပါ့ဗျာ ခင်ဗျားတို့ နှစ်ယောက်သာညီရင် ဒီမြွေကို ဖော်ပြီး တခြားရွာသွားရောင်းရင် ငွေ တော်တော်ရမှာ “

    “ဟေ့ကောင်တွေ မင်းတို့ လုပ်နေတာက ငါတို့နှစ်ယောက်ကိုပါ ထိပ်တုံးခတ်ခံရအောင် လုပ်နေတာ  ကဲ ကဲ ပြီးပြီ လာပြန်ကြစို့ “

    “မပြန်ချင်သေးဘူးဗျာ “

     “မပြန်လို့မရဘူး မင်းတို့ကို တခါတည်းပြန်ခေါ်ခဲ့ဖို့ ရွာလူ ကြီးက မှာထားတယ် မင်းတို့ကောင်တွေက လွယ်တာ မဟုတ်ဘူး ပြန်ဖော်ပြီး ရေနံဆီလွတ်တဲ့ နေရာတွေကို ကွင်းဖော်ပြီး ရောင်းရင် ရောင်းမှာ “

    မင်းနောင်သည် မြွေကြီးအား မြှပ်ပြီးသည်နှင့် မောင်ဘိုးထင်တို့ကို အတင်းခေါ်ကာ ရွာသို့ ပြန်ခဲ့ကြသည်။မောင်ဘိုးထင်တို့ သည်လည်း စိတ်မကြည်မသာနှင့် မင်းနောင်တို့၏ ရှေ့မှနေ၍ ရွာသို့ ပြန်သွားနေကြသည်။သူတို့ အတန်အသင့်ဝေးသော နေရာသို့ ရောက်သည့်အခါတွင် ညောင်ပင်ခြေရင်းမှနေ၍ မိန်းမပျိုလေးတယောက် ထွက်လာပြီး မြွေကြီးကို မြှပ်ထားသော နေရာကို မျက်ရည်အရွှဲသားနှင့် ကြည့်ပြီးနောက် ခပ်လှမ်းလှမ်း သို့ ရောက်သွားသော မောင်ဘိုးထင်တို့ကို လှမ်းမျှော်ကြည့်ရင်း တောက်တချက်ကို ပြင်းစွာခေါက်ကာ

    “နင်တို့ ငါ့အကြောင်းကို သိစေရမယ်”

    ဟု ဆိုကာ နှုတ်ခမ်းကို ကိုက်ထားရင်း ဒေါသတကြီး ကြည့်နေပါလေတော့သည်။

◾အောက်လမ်း ဘိုးထင် နှင့် ရန်သူတော်သည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင် နှင့် ‌ရန်ငြိုး အမည်ရဇာတ်လမ်းလေးအား တင်ဆင်ပေးပါမည် ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း