အရူးကြီးဖိုးထူး

တို့ပြောတာကို ဂရုမစိုက်နဲ့၊ မင်းရူးနေတယ်လို့ထင်ရင် မင်းကအရူးပဲပေါ့ကွာ”

ကျုပ်လည်း ခေါင်းကိုတဗြင်းဗြင်းကုပ်ပြီးတော့

“ကျုပ်ရူးမရူးတော့မသိဘူးဗျာ၊ ဒါပေမယ့် ထူးတော့ထူးနေတယ်၊ ပြောရရင် ကျုပ်က လူတစ်ကိုယ်နဲ့စိတ်နှစ်မျိုးဖြစ်နေသလိုပဲဗျာ၊ ကျုပ်ကိုယ်ထဲမှာ စိတ်နှစ်ခုရှိတာကို ကျုပ်သိတယ်”

“ဟား၊ ဟား ဒါကထုံးစံပါပဲကွ၊ မင်းအချိန်ကျလာလို့ အရင်ဘဝဘ၀က ပြုခဲ့ဖူးတဲ့ပါရမီတွေ၊ ကောင်းမှုအထုံတွေရင့်ကျက်လာတဲ့အခါ ဒီဘဝမှာပဲ အရင်ဘဝကအသိတွေကို ပြန်ရတာပေါ့၊ ဒီအချိန်မှာ မင်းစိတ်က နှစ်ခုကွဲသွားတယ်၊ တစ်ခုကတော့အခုလက်ရှိဒီဘဝမှာ လုပ်ကိုင်ကျင်လည်နေတဲ့ မင်းရဲ့ပုံမှန်စိတ်ပေါ့၊ နောက်တစ်ခုကတော့ အရင်ဘဝကရှိခဲ့ဖူးတဲ့အသိတွေက အသစ်ဖြစ်လာတဲ့စိတ်၊ အဲဒီစိတ်ကတော့ ဖြူစင်တယ်၊ နုနယ်တယ်ကွ၊ ဥပမာပြောရမယ်ဆိုရင် ကလေးတစ်ယောက်ရဲ့စိတ်လိုပေါ့ကွာ၊ ပုံမှန်လူဆိုရင် အကျွတ်တရားရသွားတာနဲ့ လက်ရှိစိတ်တွေအကုန်လုံးကို အရင်က ပြုခဲ့ဖူးတဲ့ဘဝက အသိစိတ်က ဖုံးအုပ်သွားတယ်၊ ဒါကြောင့် သားသတ်သမားတွေ၊ တံငါသည်တွေ၊ မုဆိုးတွေတောင်မှ ဒီစိတ်ဖုံးအုပ်သွားတဲ့အခါ မကောင်းမှုကိုစွန့်လွှတ်ပြီးတော့ ကောင်းတဲ့လမ်းကြောင်းကို ပြောင်းလဲသွားတတ်တာ မင်းကြားဖူးမှာပေါ့ကွာ၊ ဒါပေမယ့် မင်းကိုတော့ ဦးလူနီက ဒဏ်ခတ်ထားသကွ၊ မင်းကိုယ်ထဲက လက်ရှိစိတ်ကို အရင်ဘဝဟောင်းက စိတ်က မလွှမ်းခြုံနိုင်သေးဘူး၊ ဒါကိုမင်းကြိုးစားဖြတ်ကျော်ရမယ်”

“ဒါကြောင့်နေမယ်ဗျာ၊ ကျုပ်ဝမ်းနည်းစရာတွေးမိလာရင် ငိုချင်လာတယ်၊ ကျုပ်ဝမ်းသာစရာတွေးမိပြန်တော့လည်း ထိန်းမနိုင်ဘဲ ရယ်မောချင်လာရောဗျ”

ဦးဖိုးထူးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“မင်းစနင်းရမယ့် ပထမဆုံးခြေလှမ်းကတော့ အဲဒါပဲကွ၊ မင်းရဲ့စိတ်နှစ်ခုကို အစေးကပ်အောင်လို့မင်းထိန်းချုပ်ရမယ်၊ ကလေးလိုဖြူစင်တဲ့စိတ်ကို ရင့်ကျက်တည်ငြိမ်အောင်လုပ်ရမယ်၊ ပြီးတော့ မင်းရဲ့အခုလက်ရှိစိတ်ကိုလည်း လိမ်မာလာအောင်လုပ်ရမယ်ကွ၊ အရင်ဘဝဟောင်းတွေက ရခဲ့တဲ့အသိက အခုလက်ရှိဘဝက အသိကို လွှမ်းခြုံစိုးမိုးနိုင်ရင် မင်းအောင်မြင်ပြီပေါ့ကွာ”

“ကောင်းပါပြီဗျာ၊ ဒါနဲ့ အဲဒါအောင်မြင်ရင် ကျုပ်ဝိဇ္ဇာဖြစ်ပြီလား”

ဦးဖိုးထူးက ခေါင်းခါလိုက်ပြီးတော့

“ဝိဇ္ဇာဖြစ်ဖို့လမ်းက ပုံသေကားကျရယ်လို့မရှိဘူးကွ၊ လူတောင်မှ တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီဖို့အင်မတန်ခက်တယ်မဟုတ်လား၊ ဒီလိုပဲ ဝိဇ္ဇာတစ်ယောက်လျှောက်တဲ့လမ်းကလည်း တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူဘူး၊ ဒီလိုဝိဇ္ဇာဖြစ်ဖို့သွားရတဲ့လမ်းကို ဂန္ဓာရီလမ်းစဉ်လို့ခေါ်တယ်၊ လမ်းဆိုတာထက် မိုင်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ သွားလာရတာမို့လို့ ခရီးလို့တင်စားခေါ်ဝေါ်ကြတယ်၊ ဒီတော့ ဝိဇ္ဇာမှန်ရင် ဂန္ဓာရီခရီးလမ်းကို နင်းလျှောက်ခရီးနှင်ရတာ ထုံးစံပဲ၊ အခုမင်းကလည်း ဂန္ဓာရီလမ်းရဲ့အစကိုရောက်နေပြီ”

“ဒီဂန္ဓာရီခရီးကို ကျုပ်ကဘယ်လိုစလျှောက်ရမှာလဲဗျ”

“မင်းငါနဲ့လိုက်ခဲ့ရမယ်”

“ခင်ဗျားက ဘယ်မှာနေတာလဲ”

“ဟား၊ ဟား ဝိဇ္ဇာမှာ လိပ်စာမရှိဘူးတဲ့ကွ၊ ဒါပေမယ့် ပထမဆုံးကတော့ ပြည်မြို့ကိုတို့တွေသွားရမယ်”

“ဗျာ၊ ပြည်မြို့နဲ့ ကျုပ်နဲ့ဘာဆိုင်သလဲဗျ”

“ပြောနေကြာပါတယ်ကွာ၊ ဖြည်းဖြည်းချင်းပြောရင်းသွားကြတာပေါ့၊ ကဲလာ၊ ငါနဲ့လိုက်ခဲ့”

ကျုပ်လည်း ဦးဖိုးထူးအနောက်ကနေလိုက်သွားမိတယ်ဗျ၊ ဦးဖိုးထူးပုံစံက စုတ်ပြတ်နေပေမယ့် သူ့ကိုယ်ကနေတော့ ပန်းနံ့လိုမဟုတ်ဘဲ နံ့သာဖြူ၊ ကရမက်လိုမျိုး သစ်မွှေးမွှေးတဲ့အနံ့တစ်ခုရနေတာကိုသတိထားမိတယ်၊ ဦးဖိုးထူးက အခန်းထောင့်ကိုသွားပြီးတော့ ပိတ်ထားတဲ့သစ်သားတံခါးကို ရွတ်ခနဲဖြတ်ဖောက်ပြီးထွက်သွားပါရောဗျာ၊ ကျုပ်ဖြင့်ထူးဆန်းနေတာပဲ၊ ဒါနဲ့ ကျုပ်က သစ်သားတံခါးကိုလက်နဲ့စမ်းကြည့်တော့ ပျဉ်းကတိုးသားနဲ့လုပ်ထားတဲ့တံခါးက ဖောက်ထွက်ဖို့မပြောနဲ့ တောင့်တင်းခိုင်မာနေတာပဲဗျာ။ ကျုပ်လည်းတံခါးကိုစမ်းဖွင့်ကြည့်တော့ အပြင်ကပိတ်ထားတာဗျ၊ အထဲကလုံးဝဖွင့်မရဘူး၊ ဒါနဲ့ခဏနေတော့ သစ်သားတံခါးကိုဖြတ်ပြီး ဦးဖိုးထူးခေါင်းကဝင်လာတယ်ဗျ။

“ဟေ့၊ ဘာလုပ်နေတာလဲကွ၊ ငါနဲ့လိုက်ခဲ့ပါဆို”

“ဟာ၊ ခင်ဗျားကဟုတ်တာပေါ့ဗျာ၊ ကျုပ်ကတန်ခိုးမှမရှိတာ၊ ဒီတံခါးကိုဘယ်လိုလုပ်ပြီးတော့ ဖြတ်ထွက်လို့ရမှာလဲဗျ”

ဦးဖိုးထူးက ရယ်မောရင်းနဲ့

“ရပါတယ်ကွာ၊ မင်းဖြတ်ထွက်လို့ရပါတယ်”

“မဟုတ်တာပဲဗျာ၊ ကျုပ်က ဘာတန်ခိုး၊ ဘာအစွမ်းမှ မရသေးတာပဲကို”

“ငါပြောမယ်မောင်ရှိန်၊ မင်းစိတ်ကိုသေချာစုစည်းထားလိုက်၊ ပြီးတော့ ဒီတံခါးကိုငါဖြတ်နိုင်တယ်လို့တွေးပြီး ဖြတ်ထွက်လာစမ်းကွာ”

ဦးဖိုးထူးကပြောပြီးတော့ တံခါးအပြင်ကိုပြန်ဖောက်ထွက်သွားသဗျ၊ ဒါနဲ့ကျုပ်လည်း တံခါးကိုသေသေချာချာကြည့်လိုက်မိတာပေါ့ဗျာ၊ စိတ်ကိုစုစည်းလိုက်ပြီးတော့

“ငါဖြတ်နိုင်တယ်၊ ဒီတံခါးကို ငါဖြတ်နိုင်တယ်ကွ”

အဲဒီလိုပြောပြီး တံခါးကြီးကိုပြေးတိုးလိုက်တာပဲဗျာ၊ ထင်ထားတဲ့အတိုင်းပါပဲဗျာ၊ တံခါးကိုကျုပ်က မဖြတ်နိုင်ဘဲနဲ့ တံခါးရွက်နဲ့ကိုယ်လုံးနဲ့ဝုန်းခနဲတိုက်ပြီးတော့ အနောက်ကိုပက်လက်လန်ပြီး လဲကျသွားပါရော။ စိတ်ထဲကနေလည်း

“ဒီလိုထုနဲ့ထည်နဲ့ သစ်သားတံခါးကို ငါ့ကိုယ်လုံးကဖြတ်လို့ရတယ်ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ”

ဒါနဲ့ မတ်တပ်ရပ်ထပြီးတော့ နောက်တစ်ကြိမ်ကြိုးစားကြည့်တယ်၊ ဒီတစ်ခါလည်း အသက်၀၀ရှူလိုက်ပြီးတော့ စိတ်ကိုအရှင်းဆုံးဖြစ်အောင်ပြင်ဆင်ထားပြီးတော့

“ဒီတံခါးကိုငါဖြတ်နိုင်တယ်၊ ငါဖြတ်နိုင်တယ်ကွ”

နောက်တစ်ခါပြေးဖြတ်တော့လည်း ပထမတစ်ခါလိုပါပဲဗျာ၊ တံခါးကိုဖောက်ထွက်မသွားဘဲနဲ့ ကျုပ်ပဲတံခါးနဲ့တိုက်မိသွားတယ်၊ သုံးခါလောက်ကြိုးစားပြီးတဲ့အခါကျတော့ ကျုပ်လည်းတော်တော်စိတ်ညစ်သွားတယ်။

“တောက်၊ အရူးစကားကို နားထောင်မိတာ ငါမှားပြီလား”

ဒီအချိန် ရယ်မောသံကြီးနဲ့အတူ ဦးဖိုးထူးက သစ်သားနံရံကြီးကိုဖောက်ထွက်လာပြန်ပါရောဗျာ။

“မင်းမျက်စိရှေ့မှာတင် ငါအကြိမ်ကြိမ်လုပ်ပြနေတာကို မင်းကမယုံဘူးလားကွ”

“ခင်ဗျားက ဝိဇ္ဇာလေဗျာ၊ ကျုပ်က လူဗျ၊ လူ”

“ငါကလည်း ဝိဇ္ဇာမဟုတ်သေးပါဘူးကွာ၊ မင်းလိုမျိုး ဝိဇ္ဇာဓရလမ်းစဉ်ကိုကျင့်ကြံပြီးတော့ ဂန္ဓာရီခရီးလမ်းလျှောက်လှမ်းနေတဲ့လူပါကွ၊ မင်းထက်တော့ ခြေသုံးလေးလှမ်းသာတယ်ဆိုပါတော့ကွာ”

“ကျုပ်က ဘာတန်ခိုးမှရှိတာမဟုတ်ဘူး”

“ဟား၊ ဟား၊ ကဲပြောပါအုံးမောင်ရှိန်၊ ဒါဆို မင်းက တန်ခိုးဘယ်မှာရှိတယ်လို့ထင်သလဲကွ”

သူမေးတဲ့မေးခွန်းကလွယ်ပေမယ့် ကျုပ်တော့မဖြေနိုင်ဘူးဗျ၊ ဒါနဲ့ပဲ ခွေးအကြီးကိုလှည်းနင်းသလို တအီအီ၊ တအအနဲ့လုပ်နေမိတယ်၊ ဦးဖိုးထူးကရယ်ပြီးတော့ သူ့ခေါင်းကိုသူလက်ညှိုးထိုးပြတယ်။

“မှတ်ထားမောင်ရှိန်၊ တန်ခိုးဆိုတာ အပြင်မှာမရှိဘူးကွ၊ မင်းရဲ့စိတ်ထဲမှာပဲရှိတာ”

“ဗျာ၊ စိတ်ထဲမှာဟုတ်လား”

“စိတ်သာရှင်စော ဘုရားဟောဆိုတာ မင်းကြားဖူးမှာပေါ့၊ တကယ့်တန်ခိုးဆိုတာ ဘယ်ပညာရှင်ဆီမှာမှ သွားသင်စရာမလိုဘူး၊ မင်းရဲ့အတွင်းစိတ်ထဲမှာပဲ တစ်ချိန်လုံးရှိနေတာကွ၊ စိတ်ကိုသိတာကို ဉာဏ်လို့ခေါ်သကွ၊ အဲဒီဉာဏ်ကို ထိန်းချုပ်နိုင်တာကိုတော့ ဈန်အဘိညာဉ်လို့ခေါ်တယ်၊ ကိုယ့်စိတ်ကိုသိလည်းသိပြီး ထိန်းလည်းထိန်းချုပ်နိုင်တဲ့လူဟာ တန်ခိုးရှင်ပဲကွ”

ဦးဖိုးထူးက ဆက်ပြောတယ်။

“မြတ်စွာဘုရားရှင်က လောကမှာတန်ခိုးအကြီးဆုံးဆိုကွ၊ အဲဒီလိုတန်ခိုးအကြီးဆုံးဖြစ်အောင်လို့ ဘယ်ဆရာဆီကမှ တပည့်ခံပြီးသင်ယူခဲ့တာမှမဟုတ်ဘူးကွ၊ စိတ်ပဲ၊ ကိုယ့်စိတ်ကိုသိအောင်ကြိုးစားတယ်၊ စိတ်ရဲ့လမ်းတွေကိုဖွင့်ပေးပြီး ထွက်ပေါက်ဖြစ်စေခဲ့လို့ စိတ်ကိုလိုသလိုခိုင်းနိုင်တာပေါ့ကွာ”

“ဒါဆို ကျုပ်ဒီတံခါးကိုဘယ်လိုဖြတ်ရမလဲ”

“မင်းကိုငါပြောပြီးသားပဲ၊ ဝိဇ္ဇာနည်းလမ်းဆိုတာ သာမန်လူတွေက မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့နည်းလမ်းတွေပဲ၊ ဒီတော့ ဒီတံခါးကိုမင်းဖြတ်နိုင်တယ်လို့ လေးလေးနက်နက်တွေးတောမှဖြစ်မယ်၊ ယုံကြည်မှဖြစ်မယ်”

“ကျုုပ်တွေးတောတာပဲလေဗျာ၊ လေးလေးနက်နက်စဉ်းစားတာပဲလေ”

“မင်းတွေးတာငါသိပါတယ်၊ ဒါပေမယ့် မင်းကယုံမှမယုံတာ”

ကျုပ်ဆွံ့အသွားမိတယ်။

“မင်းက ဒီတံခါးကိုဖြတ်နိုင်တယ်လို့သာ စိတ်ကိုတွန်းအားပေးနေတယ်ဆိုပေမယ့်် မင်းရဲ့ပင်ကိုယ်စိတ်ရင်းခံထဲမှာ ဒီတံခါးကိုတကယ်ဖြတ်နိုင်တယ်ဆိုတာကို မယုံဘူးလေကွာ၊ ဒီတံခါးကိုဖြတ်နိုင်တယ်ဆိုတာကို မဖြစ်ဘူးလို့ မင်းတွေးနေတယ်မဟုတ်လား”

“ဒါကတော့ ထမင်းစားကြီးတဲ့လူတိုင်းသိပါတယ်ဗျာ၊ ဘယ်လိုအရာက ဒီအလုံပိတ်ထားတဲ့ သစ်သားတံခါးထူထူထဲထဲကြီးကိုဖြတ်နိုင်မှာလဲဗျ”

ဦးဖိုးထူးက ခေါင်းညိတ်ပြီးတော့

“အေး၊ အဲဒါက မင်းရဲ့အခုဖြတ်သန်းနေရတဲ့ဘဝက အသိစိတ်ပဲကွ၊ အဲဒီအသိစိတ်က မဖြစ်နိုင်ဘူးလို့တွေးပြီးတော့ မင်းကိုယ်မင်းပိတ်ပင်နေတာ၊ မင်းရဲ့စိတ်က ဖြတ်နိုင်တယ်လို့ယုံကြည်အောင်ကြိုးစားနေပေမယ့် မင်းရဲ့အသိစိတ်က မဖြစ်နိုင်ပါဘူးလို့ တွေးနေလို့ မင်းမအောင်မြင်သေးတာ၊ ရှင်းရှင်းပြောရရင်တော့ စိတ်နှစ်ခု တစ်ထပ်ထဲမကျသေးလို့ပေါ့ကွာ”

ကျုပ်နည်းနည်းတော့ နားလည်စပြုလာပြီဗျ။ ဒါနဲ့တံခါးကြီးဘက်ကိုလှည့်လိုက်ပြီးတော့

“ငါဖြတ်နိုင်တယ်၊ ဒီတံခါးကို ငါဖြတ်ထွက်နိုင်တယ်”

စိတ်ထဲမှာယုံယုံကြည်ကြည်နဲ့နှလုံးသွင်းပြီးတော့ တံခါးကိုဖြတ်ပြေးလိုက်တော့တယ်ဗျာ၊ ထူးဆန်းတာပြောမနေပါနဲ့၊ အဲဒီသစ်သားတံခါးကြီးက ကျုပ်ဖြတ်သွားတော့ သာမန်လေကိုဖြတ်သွားရသလို ဖြတ်ထွက်သွားတာပဲဗျာ၊ကျုပ်က နည်းနည်းပြေးလိုက်တော့တံခါးအပြင်ကိုတောင်မှ အားလွန်ပြီးရောက်သွားပါသေးတယ်၊ ကျုပ်အောင်မြင်သွားတော့ ဘယ်လိုပြောပြရမှန်းမသိအောင် ပျော်တယ်ဗျ၊ ဦးဖိုးထူးကြီးကလည်း ရယ်လို့ဗျာ။

“ဦးဖိုးထူး ကျုပ်အောင်မြင်သွားပြီ၊ ကျုပ်အောင်မြင်သွားပြီဗျ”

“ဟား၊ ဟား၊ ငါပြောသားပဲကွ”

ကျုပ်မယုံလို့ အဲဒီအခန်းထဲကို နောက်တစ်ခါပြန်ဝင်ကြည့်တယ်ဗျ၊ နောက်တော့ တံခါးကနေမထွက်ဘဲ ဦးဖိုးထူးထွက်သလို နံရံကိုဖောက်ထွက်ကြည့်တယ်၊ ဒါတောင်မကျေနပ်သေးလို့ အခန်းအပြင်တစ်နေရာမှာပေါက်နေတဲ့ လူတစ်ဖက်လောက်ရှိတဲ့သစ်ပင်ကြီးကိုတောင် ဖြတ်ဖောက်ထွက်ကြည့်လိုက်ပါသေးတယ်၊ ဦးဖိုးထူးက ကျုပ်ကိုလှမ်းကြည့်ပြီးတော့

“ပျော်မနေနဲ့မောင်ရှိန်ရေ၊ ငါတို့လုပ်စရာတွေအများကြီးရှိသေးတယ်၊ လာကွ၊ သွားရအောင်”

ဦးဖိုးထူးက အသံအကျယ်ကြီးနဲ့လှမ်းအော်လို့ ကျုုပ်ဖြင့်ရင်ထဲထိတ်သွားတာပဲဗျာ၊ အစောင့်ရဲဘော်လေးတွေက ဟိုကြည့်ဒီကြည့်နဲ့လုပ်နေကြပြီဗျ။

“တိုးတိုးပြောပါ ဦးဖိုးထူးရာ၊ ဟိုလူတွေကြားသွားမှဖြင့်”

“အိုကွာ၊ ငါပြောတာသူတို့မကြားပါဘူး”

“ဟင်၊ ဘယ်လိုဖြစ်တာလဲ”

“ဟား၊ ဟား မောင်ရှိန်ရေ၊ မင်းကိုငါက ကွန်ချက်ပြထားတာတောင်မှ မင်းက ငါးမဖမ်းတတ်သေးဘဲကိုးကွ”

သူပြောတာကို ကျုပ်သဘောပေါက်လိုက်ပါပြီဗျာ၊ ဒါနဲ့ ကျုပ်လည်းခုနကနည်းအတိုင်းစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်၊ အစောင့်ကျနေတဲ့ရဲဘော်လေးဆီကိုကျုပ်ကလမ်းတန်းတန်းမတ်မတ်လျှောက်သွားတော့ ရဲဘော်လေးက ကျုပ်ကိုပြူးတူးကြောင်တောင်နဲ့ကြည့်နေတယ်ဗျ၊ မှောင်နေတော့လည်း သိပ်မမြင်ရတာလည်းပါတာပေါ့ဗျာ၊

“ဟိတ်၊ ရပ်၊ ဘယ်သူလဲ”

အစောင့်ရဲဘော်က ကျုပ်ကိုလှမ်းမေးတယ်ဗျ၊ ကျုပ်လည်းစိတ်ထဲကနေ

“မင်းငါ့ကိုမမြင်ပါဘူးကွာ၊ မင်းငါ့ကိုမမြင်ပါဘူး”

ကျုပ်ရေရွတ်ပြီး အရှေ့ဆက်လျှောက်သွားတော့ ရဲဘော်လေးက တကယ်ပဲကျုပ်ကိုမမြင်ဘူးဗျာ၊ ကျုပ်သူ့အရှေ့လက်တစ်ကမ်းအကွာလောက်ရောက်သွားတာတောင်မှ ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် လိုက်ကြည့်နေသဗျ၊ နောက်ထပ်အစောင့်ကျတဲ့ရဲဘော်ကလေးကိုခေါ်ပြီး

“ဟေ့၊ ခုနက ငါလူရိပ်တစ်ခုတွေ့လိုက်ပါတယ်ကွာ၊ ဘယ်ရောက်သွားပါလိမ့်”

“ဟာကွာ၊ မင်းအမြင်မှားတာနေမှာပေါ့ကွ”

“မဟုတ်ပါဘူးကွာ၊ ငါသေချာမြင်လိုက်တာပါ၊ မဟုတ်မှလွဲရော အခန်းထဲထည့်ချုပ်ထားတဲ့ ဗိုလ်ကြီးများလွတ်သွားတာလား”

“ဟာ မဖြစ်နိုင်တာမပြောစမ်းပါနဲ့ကွာ၊ ဒီအခန်းက ဒီလောက်လုံတာ သူကဘယ်လိုထွက်မှာလဲကွ၊ နောက်ပြီး အခန်းသော့ကလည်း တို့ဆီမှာရှိတာမှမဟုတ်တာ”

ကျုပ်ဖြင့်သူတို့ပြောတာကိုပြုံးကြည့်နေမိတယ်၊ သူတို့ကိုစနောက်ချင်လာတာနဲ့ ရဲဘော်တစ်ယောက်ရဲ့ဇက်ပိုးကို လက်နဲ့ဖြောင်းခနဲအုပ်လိုက်တာပါပဲဗျာ၊ အဲဒီရဲဘော်က အနောက်လှည့်ကြည့်ပြီး

“ဟေ့၊ မင်းငါ့ကိုလုပ်တာလား”

“ပေါက်ပေါက်ရှာရှာကွာ”

“ငါ့ဇက်ပိုးကို တစ်ယောက်ယောက်ရိုက်သွားတယ်ကွ၊ ဒီမှာ မင်းနဲ့ငါနှစ်ယောက်တည်းရှိတာ၊ မင်းလုပ်တာမဟုတ်ရင် ဘယ်သူလုပ်တာလဲကွ”

“ငါမဟုတ်ပါဘူးဆိုကွာ”

ဒါနဲ့ကျုပ်လည်း ခဏနေတော့ နောက်ရဲဘော်ရဲ့ကျောကုန်းကို ဘုန်းခနဲပုတ်ထည့်လိုက်တယ်၊ ရဲဘော်က အနောက်လှည့်ကြည့်ပြီး

“ဟာ၊ ငါ့လည်းကျောပုတ်ခံရသကွ”

အရင်ရဲဘော်ကတော့ တော်တော်လေးကြောက်နေပြီဗျ။

“ငါ၊ ငါထင်နေတာဟုတ်နေပြီနဲ့တူပါတယ်ကွာ၊ ခုနက လူရိပ်လည်းတွေ့လိုက်တယ်၊ ငါလည်းဇက်ပိုးအုပ်ခံရတယ်၊ အခုမင်းကိုလည်း ကျောပုတ်ခံရတယ်ဆိုတော့ မဟုတ်မှလွဲရော၊ သရဲ . . . သရဲများလား”

ရဲဘော်လေးနှစ်ယောက်လည်း ကြောက်ကြောက်နဲ့ဘေးဘီကိုကြည့်ပြီးတုန်လှုပ်နေကြတာပေါ့ဗျာ၊ ကျုပ်လည်း သူတို့ကိုသဘောကျတာ ထိန်းလို့မရတော့တာနဲ့ တဟားဟားနဲ့ရယ်လိုက်မိတယ်၊ ရဲဘော်လေးနှစ်ယောက်ခမျာရယ်သံကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးကြရောဗျို့၊ ဒီတော့မှ ဦးဖိုးထူးက ကျုပ်အနားကိုရောက်လာပြီးတော့

“ကဲ ရယ်မနေတော့နဲ့၊ သွားကြစို့ဟေ့”

ဒါနဲ့ကျုပ်နဲ့ ဦးဖိုးထူးလည်း တပ်ထဲကနေထွက်လာခဲ့ကြတယ်၊ ညကင်းတွေကိုလက်နက်အပြည့်နဲ့ချထားတဲ့ တပ်ထဲကနေ အေးအေးလူလူ၊ လူမမြင်သူမမြင်ဘဲ ထွက်လာခဲ့ကြတာပေ့ါဗျာ။

(၂)

ဒီလိုနဲ့ ကျုပ်နဲ့ဦးဖိုးထူးတို့ထွက်သွားရင်း မကြာခင် သုဿန်တစ်ခုအရှေ့နားကိုရောက်လာကြတယ်ဗျ၊ ညဆိုတော့ သုဿန်ကြီးက ကြောက်စရာကြီးပေါ့ဗျာ၊ ဦးဖိုးထူးက အဲဒီသုဿန်ထဲကိုဝင်သွားပြီးတော့ ဇရပ်ပျက်ကြီးပေါ်ကိုတက်သွားသဗျ။ ဇရပ်ကြမ်းပြင်ပေါ်မှာတော့ ဖျာလိပ်နဲ့ပတ်ထားတဲ့ လူသေအလောင်းကြီးတစ်လောင်းကိုတွေ့လိုက်ရပါရောဗျာ။ အလောင်းက ခြေဖဝါးနှစ်ခုက ဖျာလိပ်အပြင်ကိုထိုးထွက်နေသေးသဗျ၊ ဦးဖိုးထူးက အလောင်းအနားကိုထိုင်လိုက်ပြီးတော့

“လာဟေ့မောင်ရှိန်၊ ဒါမင်းအတွက်ပဲ”

အဲဒီလိုပြောပြီးတော့ အလောင်းကိုပတ်ထားတဲ့ဖျာကကြိုးတွေကိုဖြေလိုက်တော့တယ်၊ လူသေအလောင်းကောင်ကြီးက မဲခြောက်နေတာပါပဲဗျာ၊ ပါးစပ်ကြီးလည်းပွင့်လို့ဗျ။

“မင်းအဝတ်အစားတွေကိုချွတ်လိုက်တော့ မောင်ရှိန်၊ ဒီစစ်ဝတ်စုံကြီးနဲ့ဆိုရင် လူတွေကမင်းကိုမြင်သာနေလိမ့်မယ်ကွ”

“ချွတ်တာကတော့ဟုတ်ပါပြီဗျာ၊ ဒါပေမယ့် တခြားလဲစရာအဝတ်မှမပါတာဗျ”

ဒီအခါ ဦးဖိုးထူးက အလောင်းကောင်ကိုလက်ညှိုးထိုးပြတယ်။

“သူ့အင်္ကျီက မင်းအတွက်ပေါ့ကွာ”

ကျုပ်ဖြင့်လန့်သွားတာပဲဗျာ။

“ဟာဗျာ၊ မကြံကောင်းမစည်ရာနဲ့၊ လူသေအဝတ်အစားကို ကျုပ်ကဝတ်ရမှာလားဗျ၊ နိမိတ်မရှိ နမာမရှိနဲ့”

ဦးဖိုးထူးကပြုံးရင်း

“လူပဲကွ၊ တစ်နေ့သေမှာပေါ့၊ ဘာဆန်းသလဲ၊ အခုမင်းအဝတ်အစားတွေက မင်းနဲ့မကိုက်တော့ဘူး၊ မင်းက ဗိုလ်ကြီးမဟုတ်တော့ဘူး၊ ဒါ့အပြင်မင်းရဲ့အရင်ဘဝက အသိဉာဏ်စဉ်တွေ စိတ်တွေက နိုးထလာပြီဆိုတော့ မင်းကလူသစ်ဖြစ်သွားပြီ၊ ဒီတော့ အဝတ်အစားသစ်လိုတာပေါ့ကွာ၊ လုပ်စမ်းပါ သူ့အဝတ်ကိုယူဝတ်လိုက်စမ်းပါ”

“ကျုပ်ကြားဖူးတာကတော့ လူသေရဲ့အဝတ်အစားတို့၊ သက်ပျောက်ဝတ်စုံတို့ဝတ်ရင် သေကိန်းကြုံတတ်တယ်၊ စောစောစီးစီး သေတယ်ဆိုပဲဗျ”

ဦးဖိုးထူးက ရယ်မောရင်းနဲ့

“မင်းကတော့ တကယ့်ကောင်ပဲကွ၊ အင်းလေ လူဆိုတာက သံသယရှိကောင်းပါတယ်ကွ၊ သံသယရှိမှ ဆန်းစစ်ဖြစ်မယ်မဟုတ်လား၊ ဆန်းစစ်တော့မှ ကိုယ်လုပ်နေတာမှန်သလား၊ မှားသလားဆိုတာကို ဝေခွဲနိုင်မှာပေ့ါ”

“အဲဒါနဲ့ လူသေအဝတ်အစားဝတ်တာနဲ့ ဘာဆိုင်သလဲဗျ”

“လူသေအဝတ်အစားဝတ်တိုင်းသာ သေရကြေးဆိုရင် ငါသေတာကြာပေါ့ကွ၊ ပြီးတော့ ဘုရားရှင်ခေတ်က ရဟန္တာကြီးတွေ၊ သံဃာတော်တွေအကုန် သေကုန်တာကြာပေ့ါကွာ၊ ဒီမှာ မောင်ရှိန် လူသေအဝတ်ဝတ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာကလည်း ခုနကပြောသလို စိတ်နဲ့ပဲဆိုင်သကွ၊ ငါတော့လူသေအဝတ်အစားကြီးဝတ်မိပြီ ငါတော့သေတော့မှာပဲဆိုပြီးဖြစ်တဲ့စိတ်အစွဲတွေကြောင့် လူတွေဟာအဲဒီအတိုင်းလိုက်ပြီးခံစားရတာပဲ၊ တကယ်ဆိုရင် အဝတ်အစားက အဝတ်အစားပဲ”

“ဦးဖိုးထူးပြောတာလည်း ဟုတ်သလိုလိုပဲဗျနော်”

“မင်းကိုပြောပြီးပါပကော၊ စိတ်ကအရေးကြီးဆုံးပါဆိုနေ၊ တစ်ချို့လူတွေက စွဲကြတယ်၊ ဟိုလိုလုပ်ရင် ခိုက်တယ်၊ ဒီလိုနေရင် ခိုက်တယ်ဆိုပြီးစိတ်စွဲနေတယ်၊ ဒီလိုစိတ်ကြောင့်ပဲ သူတို့ဖြစ်နေကြတာကွ၊ တကယ်တမ်း မယုံတဲ့လူကျတော့လဲ ဘာမှမဖြစ်တတ်ဘူးမဟုတ်လား”

ကျုပ်လည်း ဦးဖိုးထူးကိုပြန်မပြောချင်တော့တာနဲ့ လူသေကြီးကိုလှည့်ပတ်ကြည့်လိုက်ပါတယ်ဗျာ၊ လူသေမှာဝတ်ပေးထားတဲ့ အင်္ကျီနောက်ပြန်ကြီးကိုဖြုတ်လိုက်ပြီးတော့ ကျုပ်ကိုယ်မှာဝတ်လိုက်တယ်ဗျ၊ ပုဆိုးကလည်း ချွတ်ရတာလွယ်ပါတယ်ဗျာ၊

“ဟေ့မောင်ရှိန်၊ သူများအဝတ်အစားယူတာ မာမာထန်ထန်မယူနဲ့ကွ၊ သူ့ပစ္စည်းယူတာ တောင်းယူ”

ကျုပ်လည်း လူသေကိုကြည့်ပြီးတော့

“ဒီအဝတ်တွေကို ခင်ဗျားဆက်ပြီးဝတ်စရာမလိုတော့ဘူးဆိုတော့ ကျုပ်ကိုပေးသနားခဲ့ပါဗျာ၊ နော်”

ဒီအခါ လူသေကြီးက မျက်လုံးပွင့်လာပြီး ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ ပါးစပ်ကြီးပွင့်ရင်း

“ရပါတယ်၊ ယူပါ၊ ယူပါ”

ဆိုပြီး အသံအက်ကွဲကွဲကြီးနဲ့ပြောလိုက်ပါရော၊ ကျုပ်ဖြင့်လန့်ပြီး အနောက်ကိုဖင်ထိုင်ကျသွားမိတယ်ဗျ၊ သေချာပြန်ကြည့်တော့မှ လူသေက ခုနကအတိုင်း ငြိမ်နေလျှက်သားပဲဖြစ်နေတယ်။ ဒါနဲ့ ကျုပ်အင်္ကျီအဝတ်အစားတွေချွတ်ပြီး လူသေကိုပြန်ဝတ်ပေးလိုက်တယ်၊ လူသေအင်္ကျီကိုတော့ ကျုပ်က ဝတ်ယူလိုက်တာပေါ့ဗျာ၊

“ကဲ အချိန်သိပ်မရှိဘူးဟေ့၊ မိုးမလင်းခင်ငါတို့ ဒီမြို့ကထွက်ရမယ်ကွ၊ မနက်ရောက်လို့ မင်းပျောက်သွားတာသိပြီး ရှာကြဖွေကြနဲ့ဆိုရင် သွားမကောင်းတော့ဘူးပေါ့ကွာ”

ကျုပ်တို့နှစ်ယောက် မြို့ပြင်ကိုဦးတည်ပြီးလမ်းလျှောက်လာခဲ့တယ်ဗျ၊ လမ်းခရီးတစ်လျှောက်အိမ်တွေ၊ ရွာတွေကိုဖြတ်ခဲ့တာပေါ့ဗျာ၊ ယာခင်းတွေ၊ တောင်ယာတွေလည်းမနည်းဘူးဗျ၊ လမ်းလျှောက်ရင်းကျုပ်လည်း ကျုပ်သိချင်တာတွေကို ဦးဖိုးထူးကိုမေးခဲ့တာပေါ့။

“နေပါအုံးဗျ၊ ဦးလူနီက ကျုပ်အဖေလည်းဖြစ်တယ်၊ ဝိဇ္ဇာလည်းဖြစ်နေသေးတယ်မဟုတ်လား၊ ဒါဆိုရင် ကျုပ်ကိုဘာဖြစ်လို့ သူကိုယ်တိုင်လာမခေါ်ဘဲ ခင်ဗျားကိုခေါ်ခိုင်းရတာလဲဗျ”

“သူက ခေါ်ချင်ပါတယ်ကွ၊ ဒါပေမယ့် မင်းနဲ့သူက လိုင်းမတူဘူး၊ မင်းတို့ပါရမီဖြည့်ကျင့်ခဲ့တဲ့ ပုံစံချင်းမတူဘူး၊ ဒါကြောင့် ဂန္ဓာရီလမ်းလည်းမတူဘူးဆိုပါတော့ကွာ”

“သူက ဆေးဝိဇ္ဇာအဖြစ်နဲ့ ဆေးတွေဖော်ပြီး ထွက်ရပ်ပေါက်သွားခဲ့တာမဟုတ်လား”

“အေးလေ၊ သူက ဆေးဝိဇ္ဇာဆိုပေမယ့် မင်းက အခုမှအစရှိသေးတာ၊ မင်းဘာလမ်းလိုက်ရမယ်ဆိုတာတောင်မှ သဲသဲကွဲကွဲသိသေးတာမဟုတ်ဘူး၊ ပြီးတော့ ဝိဇ္ဇာတစ်ယောက်က တခြားလူကိုဝိဇ္ဇာဖြစ်အောင်လို့ ကိုယ်တိုင်ကိုယ်ကျ ကူညီပေးလို့မရဘူး၊ လမ်းညွှန်တာလောက်ပဲလုပ်လို့ရတာ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းကိုငါပြောခဲ့ပြီးပြီလေကွာ၊ တစ်ယောက်နဲ့တစ်ယောက် ပါရမီဓါတ်ခံမတူဘူး၊ တစ်ယောက်နဲ့တစ်ယောက် လျှောက်ရမယ့်လမ်းချင်းမတူဘူး၊ ဂန္ဓာရီလမ်းမှာ ပုံသေနည်းမရှိဘူးကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်ရင်း

“နောက်ထပ် ကျုပ်တစ်ခုနားမလည်တာရှိသေးတယ်၊ အဲဒါကတော့ ဦးဖိုးထူးပြောတဲ့ အရင်ဘဝကအသိတွေဆိုတာပဲ”

“ဒါကတော့ ရှင်းပါတယ်ကွာ၊ တို့တွေက နိဗ္ဗာန်မရောက်သေးသရွေ့ သံသရာတစ်လျှောက်မှာ ဘဝအမျိုးမျိုုးအဖုံဖုံနဲ့လည်ပတ်နေရတာမဟုတ်လားကွ၊ ဒီလိုဘဝတွေမှာ အသိပညာတွေ၊ အတတ်ပညာတွေရခဲ့တယ်၊ အဲဒီအသိတွေက ဘဝကူးသွားတဲ့အခါကျတော့ မေ့သွားတတ်ကြတယ်ကွ၊ လုံးဝပျောက်သွားတာတော့မဟုတ်ဘူးနော်”

ဦးဖိုးထူးက စကားပြောရတာအားမရလို့ နောက်ပြန်လှည့်လိုက်ပြီး ကျုပ်ကိုကြည့်ပြီးတော့ နောက်ပြန်ကြီးလမ်းလျှောက်နေရင်းဆက်ပြောတယ်။

“ဘဝတစ်ခုပြန်စတဲ့အချိန်မှာ ဒီအသိတွေက မေ့နေတတ်တယ်၊ ဒါပေမယ့် စိတ်ကိုသေသေချာချာလေ့ကျင့်လိုက်တဲ့အခါမှာတော့ ဉာဏ်စဉ်တွေဆိုတာဖြစ်လာတယ်၊ အဲဒီဉာဏ်စဉ်တွေရတဲ့အခါ အရင်ဘဝတွေက အသိတွေ၊ အတတ်ပညာတွေက ပြန်ပေါ်လာတယ်ကွ၊ ဒါကြောင့် ဒီဘဝမှာ ကိုယ်မလုပ်ဖူးဘူးဆိုပေမယ့် အရင်ဘဝက အသိတွေကြောင့် တစ်ခုခုကိုနည်းနည်းလေးစမ်းလုပ်ကြည့်တာနဲ့ လုပ်တတ်သွားတာမျိုးဖြစ်တတ်တယ်၊ ဒါကိုလူတွေက ပါရမီပါတယ်လို့ တင်စားခေါ်ကြတာပေါ့၊ ဒီလောက်ဆို မင်းသဘောပေါက်ပြီလား”

“နည်းနည်းတော့သဘောပေါက်ပြီဗျ၊ အခုမှ ကျုုပ်သတိရပြီ၊ ကျုပ်ဘုန်းကြီးကျောင်းတက်နေတုန်းက ဘုန်းကြီးကျောင်းသားတစ်ယောက်က ပန်းပုထုတာသိပ်တော်သဗျ၊ ကျောင်းမှာရှိတဲ့ ဓါးလေးတွေနဲ့ ထွင်းထုနေတာတောင်မှ တော်တော်ရုပ်လုံးကြွတာ၊ အဲဒီကျောင်းသားက မိဘဘိုးဘွားထဲမှာလည်း ပန်းပုဆရာတစ်ယောက်မှမရှိသလို၊ ပန်းပုပညာကိုလည်း သူတစ်ခါမှ မသင်ခဲ့ဖူးဘူးတဲ့ဗျာ၊ ဒါကြောင့် ဆရာတော်ကြီးက ပါရမီပါတယ်လို့တောင်ပြောသေးတယ်၊ အခုပြန်စဉ်းစားလိုက်တော့မှ ဦးဖိုးထူးပြောသလိုဖြစ်နိုင်တယ်ဗျ”

“ဒါဆိုရင် ဒီကျောင်းသားလေးက အတိတ်ဘဝတုန်းက ပန်းပုပညာရှင်ဖြစ်ခဲ့တဲ့လူဖြစ်မယ်၊ ဘဝဘ၀တွေမှာ ပန်းပုပညာနဲ့အသက်မွေးခဲ့ဖူးတော့ အခုဘဝမှာလည်း အဲဒီအသိဉာဏ်၊ ပါရမီတွေကြောင့် ဘယ်ဆရာမှမသင်ဘဲ ပန်းပုထုတတ်တာပေါ့ကွာ၊ အခုရော အဲဒီကျောင်းသား ဘယ်ရောက်သွားပြီလဲကွ”

“ကျုပ်ကြားသလောက်တော့ ပန်းပုဆရာကြီးတစ်ယောက်ဆီမှာ ပန်းပုပညာသင်ပြီး အခုတော့ ပန်းပုဆရာကြီးဖြစ်နေတယ်ဆိုသဗျ”

ဦးဖိုးထူးက ခေါင်းညိတ်ပြီးတော့ တစ်ဖက်လှည့်ပြီးပြန်လျှောက်သွားတော့တယ်၊ ဦးဖိုးထူးက နောက်ပြန်လမ်းလျှောက်ပေမယ့် ခလုပ်ကန်သင်းတစ်ခုမှမထိဘဲ ခပ်မြန်မြန်လမ်းလျှောက်နိုင်တာ အံ့သြစရာပါဗျာ။

(၃)

လမ်းလျှောက်ရင်း မြို့အထွက်နားရောက်တော့ ကျုပ်တို့နှစ်ယောက်ရဲ့အရှေ့မှာ အရိပ်မည်းကြီးတစ်ခုက ဘွားခနဲပေါ်လာသဗျာ၊ မြေကြီးထဲကနေ တိုးထွက်လာတာမျိုးဗျ၊ ခြေလက်နဲ့ဦးခေါင်းတွေပါပေမယ့် အောက်ပိုင်းခန္ဓာကိုယ်ကတော့ တဖြည်းဖြည်းရှူးပြီးသေးသွားမျိုးဗျ၊ ခပ်မှိန်မှိန်အလင်းရောင်တွေလည်း မျက်လုံးကနေထွက်နေပါရောဗျာ၊ ကျုပ်တို့လည်းလန့်သွားတာပေါ့။ ဦးဖိုးထူးက အရိပ်မည်းကြီးကိုကြည့်ရင်း

“မင်းဘယ်သူလဲ၊ ဘာလို့ငါတို့ရှေ့မှာ ပေါ်လာရတာလဲ”

“မင်းတို့ဒီကနေဘယ်ကိုမှ မသွားရဘူး”

ကျုပ်လည်းအရှေ့ကိုတက်လိုက်ပြီး

“မင်းက ဘာကောင်လဲကွ”

ဦးဖိုးထူးက ကျုပ်လက်ကိုဆွဲလိုက်ကာ

“ဘာကောင်လဲတော့မသိပေမယ့် သေချာတာကတော့ တို့ကိုဖျက်ဖို့ရောက်လာကြတာပဲဟေ့”

“ဗျာ၊ သူက ဘာဖြစ်လို့ ကျုပ်တို့ကိုဖျက်မှာလဲဗျ”

“ဘယ်ကိစ္စမဆို အဖျက်ရှိတတ်တယ်ကွ၊ ပြီးတော့ ဒီထက်ရှုပ်ထွေးတာတွေလည်း တစ်ပုံကြီးရှိသေးတယ်၊ လောလောဆယ်တော့ ဒီအကောင်နဲ့ရင်ဆိုင်ရမယ်”

ကျုပ်လည်းမတ်တပ်ရပ်လိုက်ပြီးတော့ ခါးထောက်ရင်း ဒီအကောင်ကြီးကိုသေချာစိုက်ကြည့်နေတယ်၊ ပြီးတော့ ကျုပ်စိတ်ထဲကနေလည်း ဒီအကောင်ကို ငါနိုင်တယ်ဆိုပြီး ရေရွတ်နေမိတယ်ဗျ၊ ဒီအကောင်ကြီးက ဘာမပြောညာမပြောနဲ့ သူ့လက်ဝါးကိုဖြန့်လိုက်ပြီးတော့ မီးကြီးခဲလို ရဲရဲနီနေတဲ့အလုံးတစ်ခုနဲ့ ကျုပ်ဆီကိုလှမ်းပစ်ပါရောဗျာ၊ အလုံးက မာလကာသီးအရွယ်အစားလောက်ကနေပြီးတော့ တဖြည်းဖြည်းပျံလာရင်း ကြီးလာသဗျ၊ ကျုပ်အနားရောက်တော့ ဥသျှစ်သီးလုံးလောက်ဖြစ်နေပြီ၊ ကျုပ်လည်း သူ့ကိုစိုက်ကြည့်နေတုန်း ဦးဖိုးထူးက ကျုပ်အရှေ့ကိုခုန်ဝင်လိုက်ပြီးတော့ သူကိုင်ထားတဲ့တောင်ဝှေးနဲ့ အဲဒီအလုံးကြီးကို ရိုက်ချလိုက်ပါရောဗျာ။

အလုံးကြီးက ဦးဖိုးထူးတုတ်နဲ့ထိတော့ ဘောလုံးကြီးတစ်လုံးလို လေပေါ်ပြန်ကန်ထွက်သွားပြီး လမ်းဘေးနားက သစ်ပင်တစ်ပင်ကိုသွားထိသဗျ၊ သစ်ပင်က အလေ့ကျပေါက်တဲ့အပင်တစ်ပင်ပဲ၊ လုံးပတ်ကတော့ လက်သီးဆုပ်လောက်ရှိမယ်ထင်တယ်၊ မီးလုံးကြီးက အဲဒီသစ်ပင်ကိုသွားထိရော ဝုန်းခနဲကွဲထွက်သွားပြီး သစ်ပင် ပင်စည်က နှစ်ခြမ်းကွဲကျသွားတော့တာပဲဗျာ၊ ပင်စည်မှာလည်း မီးတွေစွဲလို့ဗျ၊ သစ်ပင်အစိမ်းဆိုတော့ မီးကကြာကြာတော့မစွဲပေမယ့် မီးခိုးတွေတော့ အူနေအောင်ထွက်သွားတာ။

“မောင်ရှိန်၊ မင်းဘာလုပ်နေတာလဲကွ”

“သူ့ကိုနိုင်တယ်ဆိုပြီးတော့ ကျုပ်စိတ်ကိုခိုင်းနေတာလေဗျာ”

“ဟာကွာ၊ မင်းအဆင့်လောက်နဲ့ ဒီလိုလုပ်လို့ဘယ်ရမှာလဲကွ”

ကျုပ်တို့ပြောနေတုန်းရှိသေးတယ်၊ ခုနက အကောင်ကြီးက ကျုပ်တို့နှစ်ယောက်ဆီကို မီးလုံးကြီးတစ်လုံးထပ်လွှတ်လိုက်ပြန်ပါရောဗျာ၊ ဦးဖိုးထူးက အဲဒီမီးလုံးကြီးကို လက်တစ်ဖက်နဲ့တားပြီးတော့ ဆုပ်ကိုင်လိုက်တယ်ဗျ၊ ပြီးတာနဲ့ လက်ကိုတစ်ချက်နှစ်ချက်ဝှေ့ယမ်းလိုက်ပြီးတော့ ခုနကအကောင်ကြီးကို မီးလုံးကြီးနဲ့ ပြန်ပစ်ထည့်လိုက်တာပဲဗျာ၊ မီးလုံးကြီးက အဲဒီအကောင်ကြီးအနားကိုကျပြီး ဝုန်းခနဲပေါက်ကွဲသွားပြန်တယ်၊ ကျောက်ခင်းထားတဲ့လမ်းပေါ်ကိုကျတယ်ဆိုတော့ သိပ်ပြီးမထိခိုက်ပေမယ့် မီးခိုးတွေတော့အူနေအောင်ထွက်သွားတာပေါ့၊ မီးခိုးလုံးတွေပျောက်သွားတော့ ခုနက အကောင်ကြီးလည်းမရှိတော့ဘူးဗျ။

ဦးဖိုးထူးက တကျွတ်ကျွတ်နဲ့အော်တယ်ဗျ၊ သူ့လက်ကိုကြည့်လိုက်တော့ ခုနက မီးလုံးကြီးကိုကိုင်ထားတဲ့လက်ဖဝါးမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကျွမ်းနေသဗျ။

“ဦးဖိုးထူး၊ ခင်ဗျားအဆင်ပြေရဲ့လား”

“ပြေပါတယ်ကွာ၊ သုံးလေးရက်လောက်နေရင်ကောင်းသွားမှာပါ”

“ဒီဒဏ်ရာကို ကုလို့မရဘူးလားဗျ”

“ငါ့ဆီမှာ ဆေးကုသနိုင်တဲ့ ပါရမီပါမလာဘူးကွ”

ကျုပ်နားလည်လိုက်ပါပြီဗျာ၊ ဒါနဲ့ကျုပ်လည်း လမ်းဘေးခြံတစ်နေရာမှာပေါက်နေတဲ့ ငှက်ပျောပင်တစ်ပင်က အရွက်ကိုခူးလိုက်ပြီးတော့ ဦးဖိုးထူးရဲ့လက်ကိုစည်းနှောင်ပေးထားလိုက်တယ်။

“ဒီအတိုင်းဆိုရင်တော့ ငါတို့သွားမယ့်လမ်းခရီးမှာ အနှောင့်အယှက်ရှိနေတာတော့အမှန်ပဲ မောင်ရှိန်ရေ၊ ငါတို့အချိန်ဆွဲနေလို့မဖြစ်တော့ဘူး ပြည်မြို့ကိုရောက်အောင် အမြန်သွားရတော့မယ်ဟ”

“ပြည်မြို့ကိုဘာလုပ်ဖို့လဲဗျ”

“ပြည်မြို့ဆိုတာ ဝိဇ္ဇာဂန္ဓာရီလမ်းရဲ့ ဝင်ပေါက်တစ်ခုပဲကွ၊ ပြည်ပေါက်ရင်ပျောက်ပြီဆိုတဲ့စကားက အခြားမဟုတ်ဘူး၊ ပြည်မြို့မှာ ထူးခြားဆန်းကြယ်မှုတွေအများကြီးရှိတယ်၊ ဂမ္ဘီရဆန်တဲ့နေရာတွေလည်းမနည်းဘူးကွ၊ ဝိဇ္ဇာတိုင်းဟာ ပြည်မြို့သွားပြီးတော့ ခရီးကိုစတင်ကြရတယ်၊ တခြားသူမပြောနဲ့ ဘိုးဘိုးအောင်တောင်မှ ပြည်မြို့ကိုသွားပြီးတော့ အစီအရင်တွေစတင်ရတယ်မဟုတ်လား”

“ကျုပ်သိချင်သေးလို့ ဆက်ပြောပြပါလား”

“နောက်တော့လမ်းမှာပြောတာပေါ့ဗျာ၊ အခုတော့ မြန်မြန်သွားစို့ဟေ့”

လမ်းလျှောက်လာရင်းနဲ့ ကျုပ်တို့နှစ်ယောက် မြို့ပြင်ကားဂိတ်ကို မိုးမလင်းခင်ရောက်လာခဲ့ပါရောဗျာ၊ နယ်မြို့ကလေးဆိုတော့ မိုးမလင်းခင်ကတည်းက လူတွေစည်ကားနေပြီဗျ၊ အဲဒီကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ်၊ ကားတစ်စီးလည်းရှိတယ်ဗျ၊ ကားဘေးနားမှာလည်း လူတွေအများကြီးပဲဗျာ၊ ကျုပ်တို့လည်း အဲဒိကိုရောက်တော့ လူတွေစုစုရုံးရုံးဖြစ်နေတာနဲ့ ဘာဖြစ်နေတာလဲသိရအောင်မေးမြန်းကြည့်ရတော့တယ်။

“ခင်ဗျားတို့ဘာဖြစ်နေတာလဲဗျ၊ ကားမထွက်ဘူးလား”

ဒီလူက ကျုပ်တို့နှစ်ယောက်ကိုကြည့်ရင်း

“ကားထွက်ဖို့ နေနေသာသာဗျာ၊ ကားမောင်းတဲ့လူက ဘာဖြစ်မှန်းမသိဘူးဗျ၊ ခေါင်းမူးတယ်ဆိုပြီးတော့ လဲနေတာပဲ”

ကားဒရိုင်ဘာကို အနားက ခုံတန်းတစ်ခုမှာတင်ထားပြီးတော့ လူတွေက နှာနှပ်နေသဗျာ၊ ကျုပ်တို့လည်းအနားကပ်လိုက်ရော ကားဒရိုင်ဘာက မျက်လုံးကြီးပြူးကြောင်လာတယ်ဗျ။ နောက်တော့ ငေါက်ခနဲကောက်ထိုင်ပြီး ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်။ လူတွေကလည်း ကားဒရိုင်ဘာကိုဝိုင်းပြီးတော့ မေးကြမြန်းကြပေါ့ဗျာ၊ ကားဒရိုင်ဘာကတော့ ဘာမှကိုမပြောဘူးဗျ၊ ကျုပ်ကိုပဲပြူးကြည့်နေတာ၊ ကျုပ်လည်းအနားကိုလျှောက်သွားလိုက်ရော ဘာမပြောညာမပြောနဲ့ ကျုပ်ပေါ်ကိုခုန်အုပ်လိုက်တာပဲဗျာ။

အမှတ်တမဲ့မို့လို့ ကျုပ်လည်းမြေပြင်ပေါ်ကိုပက်လက်လန်ပြီး လဲကျသွားသဗျ၊ ဒရိုင်ဘာက ကျုပ်ကိုခွတက်စီးပြီးတော့ ကျုပ်လည်ပင်းတွေကို သူ့လက်နဲ့တအားညှစ်တယ်ဗျာ။

“မင်းကိုငါသတ်မယ်၊ မင်းကိုငါသတ်မယ်ကွ”

ကြိမ်းလည်းကြိမ်းဝါးသေးတယ်၊ ကျုပ်ကလည်း အလစ်အငိုက်မို့သာ ခံလိုက်ရပေမယ့် တကယ်တမ်းတိုက်ခိုက်တော့ သူ့ကိုနိုင်ပါတယ်ဗျာ၊ ဒရိုင်ဘာရဲ့လက်တွေကို ကျုပ်ကဆွဲဖယ်လှန်ချိုးပြီးတော့ ဒရိုင်ဘာကိုချုပ်ထားလိုက်တယ်၊ ဒါတောင်မှ ဒရိုင်ဘာက တအားရုန်းကန်တာ ပြောမနေပါနဲ့ဗျာ၊ ဦးဖိုးထူးက ပြေးလာပြီးတော့ သေချာကြည့်ရင်း

“ဒီကောင်လူမဟုတ်ဘူးကွ”

အဲဒီလိုပြောပြီး သူ့တောင်ဝှေးနဲ့ ပိတ်ရိုက်တော့တာပါပဲဗျာ၊ လေးငါးချက်လောက်ရိုက်လို့ပြီးတဲ့အခါမှာတော့ ဒရိုင်ဘာတစ်ယောက် လူးလွန့်အော်ဟစ်ပြီးတော့ မျက်ဖြူလန်ပြီး မေ့မြောသွားပါရော၊ လူတွေကလည်း ကျုပ်တို့ကိုဝိုင်းဆွဲကြတယ်။

“ဒီကောင်ဘာဖြစ်တာလဲဟ”

“နေပါအုံး ခင်ဗျားတို့နဲ့သူနဲ့ ရန်ငြိုးရန်စရှိခဲ့ဖူးလို့လား”

“မဟုတ်ပါဘူးဗျာ၊ ကျုပ်သူ့ကိုအခုမှမြင်ဖူးတာဗျ”

ကားဂိတ်မှာ ဝရုန်းသုန်းကားဖြစ်နေတုန်း ဦးဖိုးထူးက ကျုပ်လက်ကိုအသာကုပ်ပြီးတော့ လူအုပ်ထဲကနေတိုးထွက်ခဲ့ကြတယ်ဗျ။ ကျုပ်ဖြင့် ဘာမှနားမလည်နိုင်တော့ဘူး။

“ဘာတွေဖြစ်နေတာလဲ ဦးဖိုးထူးရာ”

“အဖျက်တွေ၊ အဖျက်တွေကွ၊ ဒါကြောင့်လည်း ဦးလူနီက မင်းကိုစောင့်ရှောက်ပါဆိုပြီးတော့ အတန်တန်မှာထားတာကိုး”

“ဘာတွေဖြစ်နေသလဲဆိုတာ ကျုပ်ဖြင့်နားမလည်တော့ဘူးဗျာ”

“ငါတပ်အပ်ပြောနိုင်တာကတော့ မင်းရဲ့ဂန္ဓာရီခရီးလမ်းက ပုံမှန်မဟုတ်ဘူးမောင်ရှိန်၊ ပြီးတော့ ငါတောင်မှ ဒီလောက်များတဲ့အဖျက်နဲ့မကြုံဖူးဘူး၊ သေချာတာတစ်ခုကတော့ မင်းကတစ်ခုခုထူးခြားနေလို့ သူတို့ကလိုက်ဖျက်နေတာဖြစ်မယ်”

“သူတို့ဆိုတာက ဘယ်သူတွေလဲ”

“အောက်ဝိဇ္ဇာတွေနဲ့ လက်ပါးစေတွေပေါ့ဗျာ”

“အောက်ဝိဇ္ဇာတွေက ဘာတွေလဲဗျ”

“လောကမှာကောင်းတဲ့အရာရှိသလို မကောင်းတဲ့အရာရှိတယ်ကွ၊ နတ်တောင်မှ နတ်ကောင်းနတ်မြတ်နဲ့ နတ်ဆိုးတွေရှိတာပဲမဟုတ်ဘူးလား၊ တို့အထက်ဝိဇ္ဇာတွေရှိသလို အောက်ဝိဇ္ဇာဆိုတဲ့ ဝိဇ္ဇာတွေလည်းရှိသကွ၊ တို့အထက်ဝိဇ္ဇာတွေမှာ ဂိုဏ်းဂဃတွေ တပည့်တပန်းတွေရှိသလို အောက်ဝိဇ္ဇာတွေမှာလည်း တပည့်တပန်းတွေ၊ ဂိုဏ်းတွေအစုံရှိတယ်”

“ဒါဆို ဦးဖိုးထူးပြောချင်တာက ကျုပ်ကိုဝိဇ္ဇာမဖြစ်အောင်လို့ ဒီလူတွေက တားဆီးနေတာလို့ဆိုချင်တာလား”

“ဒီအတိုင်းပေါ့ကွာ၊ ကဲကဲ ငါတို့သွားရအောင်”

“သွားလို့ဘယ်ဖြစ်မလဲဗျ၊ ကားဒရိုင်ဘာက ကျုပ်ကိုနပမ်းလုံးထားတာမဟုတ်လား”

“အဲဒီကားနဲ့မသွားဘူးကွာ၊ တို့တွေလမ်းလျှောက်သွားကြမယ်”

“ဟာဗျာ၊ ပြည်အထိကို လမ်းလျှောက်သွားလို့ဖြစ်ပါ့မလား”

“ကြုံသလိုပေါ့ကွာ၊ လမ်းရောက်တော့မှ ကြည့်စီစဉ်ကြတာပေါ့”

ဦးဖိုးထူးအနောက်ကိုကျုပ်လိုက်လာရင်း မြို့အထွက်တောင်ပေါ်ကိုရောက်တော့ တောင်ခြေနားက မြို့ကလေးကိုလှမ်းကြည့်မိတယ်ဗျ၊ ဒီအချိန်ဆိုရင် အကြည်ဘာလုပ်နေမလဲ၊ ကလေးတွေရောဘယ်လိုနေမလဲလို့ စဉ်းစားနေရင်း ကျုပ်ခြေလှမ်းတွေ တုန့်ခနဲရပ်သွားတယ်။

“ဟုတ်တယ်၊ ဘာဖြစ်လို့ ငါကဒီလိုလုပ်နေရမှာလဲ၊ ငါဒီအတိုင်းပဲ မိန်းမနဲ့ သားသမီးတွေနဲ့ နေသွားလို့ရတာပဲမဟုတ်လား”

ကျုပ်လည်း ရေရွတ်လိုက်မိတယ်။

“ဟုတ်တာပေါ့၊ ဘာလို့ဒီလိုအန္တရာယ်များတဲ့လမ်းကို ဆက်လျှောက်နေမှာလဲ”

ကျုပ်ဘေးနားက အသံတိုးတိုးကြားလို့ လှည့်ကြည့်လိုက်တော့ မိန်းမတစ်ယောက်ဖြစ်နေသဗျ၊ အဲဒီမိန်းမက ရှေးခေတ်က အငြိမ့်မင်းသမီး၊ ဇာတ်မင်းသမီးတွေလိုမျိုး ဝတ်ထားစားထားလို့ဗျ၊ ဆံပင်ကတော့ တော်တော်ရှည်တာပဲဗျာ၊ သူ့ဆံပင်ထိပ်ဖျားဆိုရင် မြေကြီးနဲ့တောင်ထိနေသဗျ။ လှတာတော့ တော်တော်လှတယ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ဗျ။

“ခင်၊ ခင်ဗျားကဘယ်သူလဲ”

ကျုပ်လည်း ဦးဖိုးထူးကိုလှမ်းကြည့်လိုက်တော့် ဦးဖိုးထူးက ကျောက်ရုပ်ကြီးတစ်ရုပ်လို မတုန်မလှုပ်ဘဲ ရပ်တန့်နေသဗျ။ ဒါပေမယ့် မျက်လုံးတွေကတော့ လှုပ်နေသေးသဗျ။

“ခင်ဗျား၊ ဦးဖိုးထူးကို ဘာလုပ်လိုက်တာလဲ”

“အဲဒါအသာထားစမ်းပါ၊ ရှင်ခုနက စိတ်ကူးနေတာကိုပဲ ပြန်ပြီးပြောရအောင်”

အဲဒီမိန်းမက ကျုပ်အနားကိုတိုးကပ်လာပြီးတော့

“ရှင်ဘာလို့ ဒိလိုအရေးမပါတဲ့လုပ်ရပ်တွေလုပ်နေမှာလဲ၊ ရှင့်မှာ မိန်းမရှိတယ်၊ သားသမီးတွေလည်းရှိတယ်၊ ရှင့်မှာရာထူးလည်းရှိပြီးသားပဲ၊ ရှင့်အနေနဲ့ အေးအေးဆေးဆေးနေလို့ရရဲ့သားနဲ့ ဘာလို့သူများပြောတာတွေလိုက်လုပ်နေမှာလဲ”

“ဟေ့၊ မောင်ရှိန်၊ မင်းသူပြောတာတွေကို နားမထောင်နဲ့ကွ”

ဦးဖိုးထူးက အော်ပြောတယ်ဗျ။ ဒီအခါ အဲဒီမိန်းမက ဦးဖိုးထူးကိုလက်ညှိုးလှမ်းထိုးပြီးတော့

“ရှင့်ပါးစပ်ကိုပိတ်ထားစမ်းပါ”

အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲ ဦးဖိုးထူးပါးစပ်က အလိုလိုစေ့သွားတယ်ဗျ၊ ဦးဖိုးထူးက စကားပြောဖို့ကြိုးစားတော့ စကားသံတွေက တဝူးဝူးပဲထွက်နေတယ်။

“ရှင်သေချာစဉ်းစားနော်၊ ရှင်အခု ဒီတောင်ကိုကျော်သွားပြီဆိုတာနဲ့ ရှင့်မိသားစုနဲ့ရှင်နဲ့ ရှင်ကွဲကွဲသွားပြီ”

အဲဒီစကားက သစ်တုံးကြီးတစ်ခုနဲ့ ကျုပ်ရင်ဘတ်ကိုထုခတ်လိုက်သလိုမျိုး နာကျင်သွားတယ်ဗျ၊ ပြီးတော့ ကျုပ်လည်းတော်တော်ကြေကွဲပြီး ဝမ်းနည်းလာတယ်။

“ပြီးတော့ အရှေ့ကိုဆက်သွားရင်လည်း ရှင့်ကိုအတားအဆီးတွေချည်းဘဲ ကြိုဆိုနေတော့မှာ၊ အဲဒီအတားအဆီးတွေကြောင့် ရှင်သေသွားနိုင်တယ်ဆိုတာသိရဲ့လား”

ကျုပ်တော်တော်ကြောက်သွားမိတယ်။

“ပြီးတော့ ရှင့်မိန်းမကိုရှင် စိတ်ချနိုင်ပြီလား၊ ရှင်မရှိတဲ့အခါ ရှင့်မိန်းမက နောက်ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲကို ရောက်သွားမှာကို ရှင်တွေးမိရဲ့လား”

“ရှင်ဒီအတိုင်းထွက်သွားမယ်ဆိုရင် ရှင့်သားသမီးတွေကလည်း ရှင့်ကိုနာကျည်းကြလိမ့်မယ်၊ ရှင့်သမီးတွေက ရှင့်ကိုမိဘအဖြစ်တောင် အသိအမှတ်ပြုမှာမဟုတ်ဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ရှင်အခုမွေးမယ့် ကလေးရဲ့မျက်နှာကိုတောင် ရှင်မြင်ဖူးသေးလို့လား”

အဲဒီမိန်းမရဲ့စကားတွေက ကျုပ်ရင်ဝကို သံမှိုနဲ့တစ်ချက်ချင်းရိုက်သွင်းနေသလို တဆစ်ဆစ်နဲ့နာကျင်လာတယ်ဗျာ၊ ကျုပ်လည်းမခံစားနိုင်တော့တာနဲ့ မြေကြီးပေါ်ကိုဒူးထောက်ထိုင်ပြီး ငိုချလိုက်ရတော့တာပါပဲ၊ ဒီမိန်းမက ကျုပ်ကိုပုခုံးလေးပုတ်ပေးပြီးတော့ ကျုပ်ဘေးနားမှာဝင်ထိုင်တယ်ဗျ။

“ကျွန်မပြောတာနားထောင်စမ်းပါ၊ ဒီဝိဇ္ဇာဆိုတဲ့လူတွေက သားကျွေးမှု၊ မယားကျွေးမှုမရှိတဲ့ တစ်ကိုယ်ကောင်းသမားတွေချည်းပဲ၊ သူတို့တစ်ကိုယ်တော်ဖြစ်နေသလိုမျိုး သူများကိုလည်း တစ်ကိုယ်ကောင်းဖြစ်စေချင်ကြတာ၊ ဒါပေမယ့် ရှင်ကမတူဘူး၊ ရှင့်မှာ မိသားစုရှိတယ်၊ ရှင့်အနောက်မှာ မိန်းမတွေ၊ ကလေးတွေရှိနေသေးတယ်၊ သူတို့ကိုရှင်က ပစ်ထားနိုင်လို့လား”

“ကျုပ်၊ ကျုပ်မပစ်ထားနိုင်ပါဘူးဗျာ”

“ဒါပဲပေါ့ရှင်၊ ရှင့်မှာဆင်ခြင်တုံတရားရှိတယ်ဆိုရင် ရှင်တွေးကြည့်စမ်းပါ၊ ရှင်ဝိဇ္ဇာလုပ်လို့ရော ဘာအကျိုးအမြတ်ရမှာလဲ၊ ရှင့်အတွက်ဘာကောင်းကျိုးရှိလာမှာမို့လို့လဲ”

ကျုပ်ငိုနေရင်း ကျုပ်ခေါင်းထဲမှာ စကားလုံးတစ်ချို့ပေါ်လာခဲ့တယ်ဗျ၊ မမြင်ရတဲ့အသံတစ်ခုက ကျုပ်ကိုနားချနေသလိုပဲ၊ ကျုပ်လည်း အဲဒီခေါင်းထဲကပေါ်လာတဲ့စကားကို အသံထွက်ပြီးပြောလိုက်တယ်။

“မဟုတ်ဘူး၊ ကျုပ်ဝိဇ္ဇာလုပ်တာ ကျုပ်အတွက်မဟုတ်ဘူး၊ ခုနစ်ရက်သားသမီးတွေအတွက်၊ အများအကျိုးအတွက် ကျုပ်လုပ်ရမှာ”

ကျုပ်ပြောတော့ ဒီမိန်းမမျက်နှာပျက်သွားတယ်ဗျ။

“ကျွန်မက ရှင့်ကိုဝိဇ္ဇာမလုပ်န့လို့ မပြောပါဘူးရှင်၊ ဒါပေမယ့် ရှင့်မိန်းမက ကလေးတစ်ယောက်နဲ့မဟုတ်လား၊ တစ်ယောက်ကလည်းမွေးသေးတာမဟုတ်ဘူးလေ၊ ဒီလိုအချိန်မှာ ဇနီးမယားကိုစွန့်ပစ်ပြီးထွက်သွားမယ်ဆိုရင် ရှင်ယောက်ျားတစ်ယောက်မှဟုတ်သေးရဲ့လား၊ သားသမီးတွေအရွယ်ရောက်လာပြီးတော့ လက်လွှတ်နိုင်ပြီ၊ စိတ်ချနိုင်ပြီဆိုတော့မှ ဝိဇ္ဇာလုပ်လည်း နောက်မကျသေးပါဘူးရှင်”

သူပြောတာတွေကလည်း ဟုတ်နေတာပဲဗျာ။

“ကဲပါရှင်၊ လုပ်မနေပါနဲ့တော့၊ အခုရှင်ပြန်လို့မီသေးတယ်၊ ရှင်ချက်ချင်းနောက်ပြန်လှည့်ပြီး လျှောက်သွားပါတော့”

ကျုပ်မတ်တပ်ထပြီး အနောက်ကိုလှည့်လိုက်ကာ လေးငါးလှမ်းလောက်လျှောက်လိုက်သေးတယ်ဗျ၊ ဒီမိန်းမကတော့ တဟင်းဟင်းနဲ့ရယ်လို့ပေါ့ဗျာ။ နောက်တော့မှ ကျုပ်လည်း လမ်းလျှောက်နေတာကိုရပ်တန့်လိုက်တော့တယ်။

“ဒီလမ်းကို ကျုပ်ဖာသာရွေးချယ်ခဲ့တာ”

အဲဒီမိန်းမက အံ့သြသွားပုံရတယ်ဗျ။

“ရှင်ဘာပြောတာလဲ”

“ဒီလမ်းကိုကျုပ်ရွေးချယ်ခဲ့တာ၊ ဒီလမ်းကိုလျှောက်ဖို့အတွက် သူများတိုက်တွန်းတာမဟုတ်ဘဲ ကျုပ်ကိုယ်တိုင်ရွေးချယ်ခဲ့တာ”

“ရှင်ရူးနေပြီလား”

“ငါမရူးဘူး၊ ငါဒီဘဝမှာတင်မဟုတ်ဘူး၊ အရင်ဘဝအဆက်ဆက်ကတည်းက ဒီလိုလမ်းကိုရွေးချယ်ခဲ့ဖူးတာပဲ”

ကျုပ်လည်းအဲဒီလိုပြောပြီးတော့ တစ်ဖက်ကိုပြန်လှည့်လိုက်တယ်၊ အဲဒီမိန်းမနဲ့ကျုပ်နဲ့ မျက်နှာချင်းဆိုင်မိသွားတယ်။

“ဒီလမ်းကိုငါစခဲ့ပြီမို့ ငါဆုံးအောင်ဆက်လျှောက်မယ်၊ ငါ့ကိုဘယ်အရာကမှ တားဆီးလို့ရမှာမဟုတ်ဘူးဆိုတာ မင်းသိထားလိုက်စမ်း မရွှေတောင်”

အဲဒီမိန်းမက အံ့သြသွားတယ်။

“ရှင်၊ ရှင် ကျွန်မကိုမှတ်မိပြီပေါ့”

“အဟုတ်ပေါ့ မရွှေတောင်၊ မင်းအရင်တုန်းကလည်း ငါ့ကိုအကြိမ်ကြိမ်တားခဲ့ဖူးတာပဲမဟုတ်လား၊ ဒါပေမယ့် မင်းမအောင်မြင်ခဲ့ဘူး၊ အခုတစ်ခေါက်လည်း မင်းငါ့ကိုတားဆီးလို့မရစေရဘူးကွ”

ကျုပ်လည်း ဘာတွေပြောလို့ပြောနေမိမှန်းမသိပါဘူးဗျာ၊ အဲဒီမိန်းမကိုလက်နဲ့တွန်းဖယ်ပြီးတော့ ဦးဖိုးထူးဆီကိုဆက်လျှောက်သွားတယ်၊ ဒီမိန်းမက ကျုပ်ကိုကြည့်ပြီး တောက်တစ်ချက်ခေါက်တယ်ဗျ။

“ရှင်တကယ်နောက်မဆုတ်ဘူးပေါ့”

ကျုပ်ဘာမှမပြောဘဲ ခေါင်းခါပြလိုက်တယ်။

“ကောင်းပြီလေ၊ ရှင့်ကိုအရင်တုန်းက မတားဆီးနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ကျွန်မရအောင်တားဆီးမယ်၊ ကျွန်မက အရင်တုန်းက မရွှေတောင်မဟုတ်တော့ဘူးဆိုတာ ရှင်သိထားလိုက်စမ်းပါ”

ကျုပ်လည်း ဦးဖိုးထူးဆီကိုလျှောက်လာခဲ့တယ်၊ ဦးဖိုးထူးပုခုံးကိုပုတ်လိုက်တော့မှ ဦးဖိုးထူးတစ်ကိုယ်လုံးခွေကျသွားပြီးတော့ လှုပ်ရှားလို့ရသွားတော့တာပဲဗျာ၊ ဦးဖိုးထူးက ကျုပ်ကိုကြည့်ရင်း

“မင်းခုနက ဘာတွေပြောလိုက်တာလဲ မောင်ရှိန်”

“ကျုပ်လည်း ဘာမှမသိတော့ပါဘူးဗျာ၊ ကျုပ်စိတ်ထဲက ပြောချင်လာတဲ့စကားတွေအတိုင်း ပြောချပစ်လိုက်တာပဲဗျ”

“ဒီမိန်းမကို မင်းသိတယ်ပေါ့”

“ဘယ်သူလဲဆိုတာတော့ ကျုပ်မမှတ်မိဘူးဗျ၊ ဒါပေမယ့် သူ့ကိုတွေ့တော့ သူနဲ့ကျုပ်နဲ့ တော်တော်ရင်းနှီးနေတဲ့ပုံပဲဗျာ၊ သူ့နာမည်ကိုလည်း ကျုပ်မှတ်မိသွားတယ်၊ သူ့နာမည်က မရွှေတောင်တဲ့ဗျ”

ဦးဖိုးထူးက ခေါင်းညိတ်ရင်း

“ထူးတော့ထူးပြီဟေ့၊ အေးလေကွာ၊ ဖိုးထူးနဲ့တွေ့မှတော့ ထူးရမှာပေါ့ကွ၊ ကဲပါ အချိန်မရှိဘူး ငါတို့ဆက်သွားကြစို့”

ကျုပ်တို့လျှောက်နေရင်း တစ်နေရာရောက်တော့ ဂျစ်ကားတစ်စီးက ကျုပ်တို့ဘေးကနေကျော်တက်သွားပြီး အရှေ့နားရောက်တော့ ထိုးရပ်သွားတယ်ဗျ၊ ကားပေါ်ကနေ ကောင်လေးတစ်ယောက်ပြေးဆင်းလာပြီးတော့

“ဒီကအကိုတို့က ဘယ်ကိုသွားမလို့လဲဗျ”

“သွားမှာကတော့ ပြည်ကိုသွားမှာ”

“ကျုပ်တို့ကားကတော့ ပြည်မရောက်ဘူးဗျ၊ ဒါပေမယ့် လမ်းကြုံတဲ့အထိ လိုက်ခဲ့ကြပေါ့ဗျာ”

ကျုပ်ဖြင့်တော်တော်ထူးဆန်းနေတာဗျ၊ ခရီးကလည်း ကားနဲ့မှတွင်မှာမို့လို့ သူတို့ကားပေါ်ကိုတက်လိုက်ခဲ့ပါရော၊ ကားပေါ်တက်ပြီး ကားနောက်ခန်းမှာထိုင်လိုက်တယ်ဆိုရင်ပဲ ကားကလေးက အရှိန်နဲ့မောင်းထွက်ခဲ့ပါရောဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးအောင်ရှိန် #ဦးဘသာ #စုန်း #သရဲ

စာရေးသူအဂ္ဂဇော်ကို လေးစားစွာဖြင့် Credit ပေးပါတယ်