၊ ဒီမှာ ယောလေးက စကားစလာပါတယ်။
“ဟေ့ကောင်ရဲလေး၊ မင်းသရဲမကြောက်တတ်ဘူးမဟုတ်လား”
“မကြောက်တတ်ပါဘူးဗျာ”
ကျုပ်က လူတစ်မျိုးဗျ၊ သရဲကိုကြောက်တော့မကြောက်ဘူး၊ ဒါပေမယ့် သရဲကဗြုန်းစားကြီး ဝုန်းခနဲပေါ်လာမှာတို့ လန့်သွားမှာကိုပဲကြောက်တယ်၊ သရဲမှန်းသိရင်တော့ မကြောက်ပါဘူး၊ ဒါကြောင့်လည်း သုဿန်ကျောင်းကို သရဲလာခြောက်တော့ကျုပ်တစ်ယောက်တည်း သရဲကိုထရိုက်ခဲ့တာပေါ့၊ အဲဒီအချိန်က လူငယ်ဆိုတော့လည်း စိတ်ကကြွနေတာလည်းပါတယ်၊ သရဲဆို လုံးဝကိုမကြောက်ဘူး၊ စိန်ခေါ်ချင်တဲ့စိတ်ကလေးလဲရှိတာပေါ့ဗျာ။
“ဆေးရုံဆိုတာ ပရလောကသားတွေအများကြီးရှိတဲ့နေရာကွ၊ ပြီးတော့ ဒီဆေးရုံပေါ်မှာ သေသွားတဲ့လူတွေကလည်းမနည်းဘူးဆိုပဲ၊ သူများပြောတာကတော့ ဒီမြစ်ကြီးနားဆေးရုံက သရဲသိပ်ခြောက်တယ်ဆိုပဲကွာ၊ အဆိုးဆုံးကတော့ ရင်ခွဲရုံနားမှာပဲတဲ့ကွ”
ကျုပ်ကပြုံးလိုက်ရင်း
“ကိုယောလေး၊ ခင်ဗျားက ကျုပ်ကိုကြောက်တတ်တယ်ထင်ပြီး လာစနောက်နေတာလား၊ ဒါဆိုရင်တော့ ခင်ဗျားအာညောင်းတာပဲရှိမယ်၊ ကျုပ်က သရဲကိုလုံးဝကိုမကြောက်တတ်တာ၊ သရဲဆိုတာ တကယ်တော့ သနားဖို့တောင်ကောင်းပါတယ်ဗျာ၊ သူတို့ကိုယ်ထင်ပြတယ်ဆိုတာကလည်း အမျှအတန်းလိုချင်လို့ပါ”
“ဟ၊ မင်းကတော့ တကယ့်ကောင်ပဲကွရဲလေးရ”
“ဟုတ်တယ်၊ အခုအချိန်အထိလဲ ကျုပ်သရဲကို အသံနဲ့ခြောက်တာ၊ အနံ့နဲ့ခြောက်တာလောက်ပဲ မြင်ရသေးတယ်၊ သရဲဆိုပြီး ထင်ထင်ပေါ်ပေါ်လည်းမြင်ဖူးတာမဟုတ်သေးဘူး”
“အေး၊ မင်းမမြင်ဖူးဘူးဆိုရင်တော့၊ ညနက်သန်းခေါင်ကျရင် ရင်ခွဲရုံဘက်ကိုသွားကြည့်ကြည့်ဟေ့၊ ဆရာဝန်မသရဲချောချောကလေးတို့ သူနာပြုသရဲချောချောကလေးတို့တွေ့ရင် မင်းကံကောင်းတာပေါ့ဟေ့ ဟား ဟား”
ကျုပ်ကတော့ မကြောက်တတ်ပေါင်ဗျာ၊ ညကိုးနာရီကျော် ဆယ်နာရီလောက်ရောက်တော့ ကိုယောလေးက အိပ်ချင်တယ်ဆိုပြီး လူနာဘေးနားက ခုံတန်းကလေးမှာခွေခွေကလေးအိပ်ပါရော၊ ကျုပ်တို့အလုပ်က ပင်ပင်ပန်းပန်းကာယခွန်အားနဲ့လုပ်ရတဲ့ ပန်းရံအလုပ်ဆိုတော့ တစ်နေ့လုံးလုပ်ထားသမျှ ညရောက်ရင်ပင်ပန်းတာထုံးစံပါပဲဗျာ၊ ကျုပ်က လူငယ်မို့လို့ သိပ်တော့မအိပ်ချင်တာနဲ့ ကျုပ်ပဲလူနာစောင့်ပေးနေလိုက်တယ်၊ ဆောင်းအကုန်နွေအကူးဆိုတော့ အပြင်မှာနည်းနည်းချမ်းတယ်ဆိုပေမယ့် ဆေးရုံအခန်းထဲမှာကျတော့ တော်တော်ပူတယ်ဗျ၊ လူနာကလည်း ပူတယ်ဆိုပြီးအော်နေလို့ ကျုပ်ဖြင့် ယပ်တောင်တစ်ချောင်းနဲ့ လူနာကိုယပ်ထိုင်ခပ်ပေးနေမိတယ်။
ညနှစ်နာရီလောက်ရောက်တော့ အပေါ့သွားချင်လာတယ်၊ ကိုယောလေးကလည်း ပုဆိုးခြုံပြီးအိပ်နေတာဆိုတော့ ဘယ်သူမှမနှိုးတော့ဘဲ ကျုပ်တစ်ယောက်တည်း ဖုန်းလေးကိုင်ပြီးထွက်လာခဲ့တယ်၊ ၂၀၁၃ တုန်းက ကျုပ်ကိုင်တာ ဟွာဝေးဖုန်းလေးပါ။ အဲဒီတုန်းက ပိုက်ဆံသိပ်မရှိတော့ ဖုန်းကလည်း မော်ဒယ်နိမ့်ပါတယ်၊ ဆေးရုံကဆင်းလာပြီး အိမ်သာသွားတဲ့လမ်းခုလတ်မှာ ရင်ခွဲရုံကြီးရှိတယ်၊ ကျုပ်ဖုန်းမီးလေးဖွင့်ပြီး အိမ်သာဘက်လာရင်း ရင်ခွဲရုံကြီးကိုမြင်တော့ ဘာရယ်မသိဘဲ စူးစမ်းချင်စိတ်ပေါက်လာတယ်၊ ဒီနေရာမှာ သရဲအရမ်းခြောက်တယ်ဆိုတော့ သရဲများတွေ့မလားဆိုပြီး ဖုန်းကင်မရာနဲ့ ဟိုချိန် ဒီချိန် ချိန်ပြီး သရဲထွက်လာမလားဆိုပြီး ဓါတ်ပုံလိုက်ရိုက်နေမိတယ်။
ရင်ခွဲရုံနားမှာတော့ ဘယ်သူမှမရှိပါဘူး၊ အဲဒီအနားမှာ သွပ်ကြိုးတွေတန်းထားပြီးတော့ ပိတ်စအဖြူကြီးတွေလှန်းထားတယ်၊ အိပ်ရာခင်းတွေလား ဘာတွေလားတော့မသိပေမယ့် ပိတ်စအဖြူကြီးတွေက တော်တော်ကြီးပါတယ်။ လျှောက်လာရင်းနဲ့ ရင်ခွဲရုံအပြင်ဘက် လျှောက်လမ်းရောက်တော့ လူကဘယ်လိုကြီးဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခေါင်းနားပန်းတွေကြီးပြီးတော့ စိတ်ထဲမှာလည်း တစ်မျိုးကြီးပဲ၊ ဒီအချိန်မှာ ကျုပ်ရလိုက်တဲ့အနံ့ကတော့ သွေးညှီနံ့ပဲဗျ၊ သွေးညှီနံ့က အစကနည်းနည်းလေးပဲရပေမယ့် တဖြည်းဖြည်းနဲ့တော်တော်ကိုညှီစော်နံလာတာ၊ မသိရင် ဘေးနားမှာလာရပ်နေသလိုမျိုးကြီးကို နံနံစော်စော်ကြီးဖြစ်လာပါရော၊ ဒီအချိန်အထိ ကျုပ်ကမကြောက်သေးဘူးဗျ။ သရဲခြောက်နေမှန်းတော့သိလိုက်ပြီ။
“ဟေ့၊ ခြောက်ရင်လည်း ပေါ်ပေါ်ထင်ထင်ခြောက်ကွ၊ ဒီလောက်နဲ့တော့ ငါကမကြောက်ဘူး”
ကျုပ်ပါးစပ်က ဘာရယ်မဟုတ်ဘူး လွှတ်ခနဲထွက်သွားတယ်၊ အဲဒီအချိန်မှာပဲ ဘေးနားမှာလှမ်းထားတဲ့ အဝတ်ကြိုးတန်းတွေက တုန်ခါလာပြီး အဝတ်စတွေက ယမ်းခါနေတယ်၊ အဝတ်တန်းကို တစ်ယောက်ယောက်က ကိုင်ပြီးလှုပ်နေသလိုမျိုး အဝတ်ကြိုးတန်းက အထက်အောက်လှုပ်ခါနေတာပါ၊ လှုပ်ရုံတင်မကဘူး ခဏနေတော့ အဝတ်တွေကို လူတစ်ယောက်ယောက်က လက်နဲ့ရုတ်လိုက်သလိုမျိုးဖြစ်ပြီး လှန်းထားတဲ့ပိတ်ဖြူစတွေက အလယ်မှာသွားပြီးစုကုန်ပါတယ်၊ အဝတ်စတစ်ခုထဲဖြစ်တာမဟုတ်ဘဲ အဝတ်စတွေအကုန်လုံးက တရှောရှောနဲ့အသံတွေမြည်ပြီး လိုက်ကာစတွေကို စုသိမ်းလိုက်သလိုမျိုး ဖြစ်ဖြစ်သွားတာပါ၊ ဒီတော့မှ ကျုပ်စိတ်တွေခြောက်ခြားလာပါတယ်၊ ဘယ်လိုကြောက်မှန်းမသိဘဲ ကြောက်လာလို့ရင်ခွဲရုံဘက်ကနေ တစ်ယောက်တည်းလစ်လာပြီးတော့ အိမ်သာသွားတဲ့လမ်းဘက်ကိုပြန်တက်လာခဲ့ပါတယ်။
အိမ်သာသွားတဲ့လမ်းကလည်း မှောင်ပါတယ်၊ အိမ်သာကလည်း လူသူကင်းပြီးတော့ မီးဝါကျင့်ကျင့်တစ်ပွင့်ပဲ မှိန်မှိန်ကလေးလင်းနေပါတယ်၊ ဖုန်းကနာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီထိုးတော့မှာပါ၊ စိတ်ထဲကြောက်နေပေမယ့်လည်း ရင်ခွဲရုံနားက ဝေးလာပြီမို့လို့ ကြောက်စိတ်သိပ်မရှိတော့ဘဲ အိမ်သာကိုဆက်လာခဲ့ပါတယ်၊ အိမ်သာနားကိုရောက်လို့ အနောက်လှည့်ကြည့်တော့ ပုပု၀၀နဲ့ အဒေါ်ကြီးတစ်ယောက်က ကျုပ်အနောက်ကနေလိုက်လာပါတယ်၊ အဒေါ်ကြီးကြည့်ရတာ တိုင်းရင်းသူလိုရုပ်မျိုးပါ၊ ကျုပ်လည်း လူရှိတယ်ဆိုပြီး အားတက်သွားပြီးတော့ယောက်ျားလေးအိမ်သာထဲကိုဝင်လိုက်ပါတယ်၊ အိမ်သာခန်းအလွတ်တစ်ခုထဲကို ဝင်လိုက်တော့ အဒေါ်ကြီးက ကျုပ်တက်နေတဲ့အိမ်သာခန်းကိုကျော်ပြီး ဟိုးအစွန်ကအခန်းထဲဝင်သွားတာကို သိလိုက်ရပါတယ်။
ကျုပ်အိမ်သာတက်ရင်း လေကလေးချွန်နေတဲ့အချိန် အတွေးတစ်ခုက ခေါင်းထဲဝင်လာပါတယ်၊ ကျုပ်တက်နေတာ ယောက်ျားလေးအိမ်သာပါ၊ အဲဒါကို အဒေါ်ကြီးက ဘယ်ကနေဘယ်လိုလိုက်လာပြီးတော့ ယောက်ျားလေးအိမ်သာထဲကိုဝင်လာတယ်ဆိုတာပါပဲ၊ ခုနက အိမ်သာလာတဲ့လမ်းမှာလည်း လူဆိုလို့ကျုပ်တစ်ယောက်တည်းရှိပါတယ်၊ ကျုပ်ချက်ချင်း ခေါင်းနားပန်းတွေကြီးသွားပါတယ်၊ အဲဒီအချိန်အထိ အစွန်ထောင့်အခန်းမှာ အိမ်သာကိုလူတစ်ယောက်သုံးနေသလိုမျိုး အသံတွေကြားနေရပါသေးတယ်။
ဒါနဲ့ အိမ်သာထဲက ကမန်းကတန်းထွက်လိုက်ပြီးတော့ အစွန်ဆုံးအခန်းကိုသွားကြည့်လိုက်ပါတယ်၊ အစွန်ဆုံးအခန်းက အိမ်သာတံခါးက ပိတ်လျှက်သားပါ၊ ကျွန်းတံခါးကို မီးခိုးရောင်လိုအရောင်မျိုးသုတ်ထားတဲ့တံခါးပါ၊ ကျုပ်က အဒေါ်ကြီးများရှိမလားဆိုပြီး အပြင်ကနေတံခါးကိုကြည့်နေတုန်းမှာ တံခါးက ကျွီခနဲအသံတစ်ချက်မြည်ပြီးတော့ သူ့အလိုလိုပွင့်ကျလာပါတယ်၊ အိမ်သာထဲကိုကြည့်လိုက်တော့ လူတစ်ယောက်မှကိုမရှိပါဘူး၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ အိမ်သာထဲကနေအမြန်ထွက်ပြေးလာခဲ့တယ်၊ ဆေးရုံအခန်းထဲကိုဘယ်လိုပြန်ရောက်လာသလဲဆိုတာကိုတောင် မမှတ်မိတော့ပါဘူးဗျာ၊ ဆေးရုံရောက်တော့မှ သေသေချာချာပြန်စဉ်းစားကြည့်တော့ ဒီမိန်းမကြီးက လူလုံးဝမဖြစ်နိုင်ပါဘူး၊ ပရလောကသားပဲဖြစ်မှာပါ၊ ဘာလို့လဲဆိုတော့ ဆေးရုံသွားတဲ့လမ်းမှာလည်းမတွေ့ဘဲ၊ အိမ်သာခန်းထဲဝင်ပြီး အိမ်သာသုံးတဲ့အသံတွေကြားနေရလို့ပါ၊ ကျုပ်ထက်အရင် အိမ်သာထဲကထွက်သွားရအောင်ကလည်း ကျုပ်ကသူမထွက်ခင်ကတည်းက အိမ်သာထဲကထွက်လိုက်တာမို့လို့ သူသာလူဆိုရင်တွေ့ရမှာပါ၊ နောက် အိမ်သာကနေ ပြေးဆင်းခဲ့တဲ့လမ်းတစ်လျှောက်လည်း လူတစ်ယောက်မှမတွေ့ခဲ့ရတာမို့လို့ ဒီအဒေါ်ကြီးက ပရလောကသားပဲဆိုတာ သေသေချာချာသိသွားခဲ့ရတာပါ။
(၂)
အဲဒီအဖြစ်တွေကို ကျုပ်ဘယ်သူ့ကိုမှမပြောပြခဲ့ပါဘူး၊ ပြောရင်လည်း ယုံမယ်မထင်တာရယ်၊ ကျုပ်ကိုသရဲကြောက်တဲ့ကောင်ဆိုပြီး စကြနောက်ကြမှာကို ကြောက်လို့ပါ၊ အကြီးကောင်တို့ ဇင်ကိုတို့က သရဲကြောက်တတ်တဲ့လူတွေဆိုတော့ သူတို့ကိုပန်းရံတစ်ဖွဲ့လုံးက ဝိုင်းစတတ်လို့ပါ။
ဒါနဲ့နောက်တစ်နေ့ရောက်တော့ လူနာကိုညစောင့်ဖို့တာဝန်က ကျုပ်ပဲကျပါတယ်၊ ဦးဇော်ဝမ်းက ကျုပ်ကိုအလုပ်မခိုင်းဘဲ မနက်ဘက်အိပ်ခိုင်းထားလို့ နေသာထိုင်သာရှိပါတယ်၊ ပွဲက သွားချင်ပေမယ့် လူနာကလည်းအရေးကြီးနေတာကြောင့်မို့ မသွားလိုက်ရပါဘူး။
အဲဒီညကတော့ ကိုအောင်ဝင်းနဲ့ ကျုပ်နဲ့ လူနာစောင့်ရတဲ့အလှည့်ပါ၊ ကိုယောလေးလည်း လာစောင့်ပေးမယ်ဆိုတာနဲ့ သုံးယောက်သားစောင့်နေကြပါတယ်။ ကိုအောင်ဝင်းက နည်းနည်းသောက်ထားပါတယ်၊ ကျုပ်တို့လူနာစောင့်နေတုန်း စကားတွေပြောနေရင်းနဲ့ညည့်နက်လာတော့ ကိုအောင်ဝင်းက အိပ်ချင်လာပါတယ်၊ ဒါနဲ့ကိုအောင်ဝင်းကိုအိပ်ခိုင်းထားပြီး ကျုပ်နဲ့ကိုယောလေးနဲ့ စကားပြောရင်းဆက်စောင့်ပါတယ်။
ညသန်းခေါင်မရောက်တရောက်အချိန်ကျတော့ ကျုပ်ပါးစပ်တွေချဉ်ပြီးတော့ ဆေးလိပ်သောက်ချင်လာပါတယ်၊ ဆေးရုံအဆောင်ထဲမှာ ဆေးလိပ်မသောက်ရဘူးဆိုတော့ အဆောင်နောက်ဘက် အိမ်သာသွားတဲ့လမ်းဘက်ကိုထွက်လာခဲ့ပါတယ်၊ လျှောက်လမ်းက မီးတွေလင်းနေပေမယ့် ကျုပ်တစ်ယောက်ထဲပါပဲ၊ အဆောင်နဲ့မလှမ်းမကမ်းက အုတ်ခုံကလေးမှာထိုင်ပြီးတော့ ဆေးလိပ်သောက်နေတဲ့အချိန် ဘေးနားကိုလူတစ်ယောက်ရောက်လာပါတယ်။
“ယောက်ဖ ဆေးလိပ်ရှိသေးလား”
ကျုပ်က ဒီလူ့ကိုကြည့်လိုက်ပါတယ်၊ ချည်ထည်အင်္ကျီအနီကွက် အဲဒီခေတ်က အော်တာရှပ်လို့ခေါ်တဲ့ ရှပ်အကျီကိုဝတ်ထားပြီးတော့ အောက်က ဂျင်းဘောင်းဘီနက်ပြာတစ်ထည်နဲ့ပါ၊ ဆံပင်က ဘုတ်သိုက်နဲ့လူက ညှင်းသိုးသိုးပုံစံရှိပါတယ်၊ အရက်စော်လည်း နံဟောင်နေတာပါပဲ၊ မြစ်ကြီးနားမှာက တစ်ယောက်နဲ့တစ်ယောက်ခင်ရင် သိသိ မသိသိ ခင်မင်သမှုနဲ့ယောက်ဖလို့ခေါ်တတ်ကြပါတယ်။
သူက လက်ဝါးကိုဖြန့်ပြီးဆေးလိပ်တောင်းတော့ ကျုပ်လည်း အိတ်ထဲက ပရီမီယာဂိုး ဆေးလိပ်တစ်လိပ်ထုတ်ပေးလိုက်ပါတယ်၊ သူက မီးညှိပြီးတော့ ဆေးလိပ်ကိုသေသေချာချာအရသာခံသောက်နေတာပါ၊ သူ့ပုံစံက ဆေးလိပ်သမားတွေ ဆေးလိပ်အရမ်းတောင့်တနေတဲ့အချိန် သောက်တဲ့ပုံစံမျိုးပါ၊ ကျုပ်ကလည်း ဆေးလိပ်သောက်တဲ့လူဆိုတော့ သူ့ခံစားချက်ကို ခံစားမိပါတယ်။
ဆေးလိပ်သောက်ရင်း သူကစကားစပြောပါတယ်။
“ယောက်ဖ ဘယ်ကလဲ”
“ဒီလိုပါပဲ တံတားဟိုဘက် ရွှေမိုးတောင်မှာ အလုပ်လာလုပ်နေတာ၊ အလုပ်ထဲက သူငယ်ချင်းရဲ့အဖေ ဆိုင်ကယ်မှောက်လို့ ဆေးရုံလာစောင့်ပေးနေရတာ”
“ဟာ၊ ဒါဆို ကျုပ်နဲ့တူတူပဲပေါ့၊ ကျုပ်လည်း ဆိုင်ကယ်မှောက်တာပဲ”
ကျုပ်ထူးဆန်းသွားပြီးတော့ ဒီလူ့ကိုကြည့်လိုက်မိတယ်၊ ဆိုင်ကယ်မှောက်တယ်လို့သာပြောပေမယ့် သူ့တစ်ကိုယ်လုံးက ပွန်းရာပဲ့ရာတောင်မရှိဘဲ အကောင်းပကတိနဲ့ပါ။ ကျုပ်ကြည့်ရင်းမနေနိုင်တော့တာနဲ့
“ဟေ့လူ၊ ခင်ဗျားက ဆိုင်ကယ်မှောက်တယ်သာပြောတာ လူကဘာမှတောင်မဖြစ်ပါလား၊ ဆိုင်ကယ်မှောက်တဲ့လူက ဘယ်လိုလုပ်ပြီး ဒီအတိုင်းနေနိုင်မှာလဲ”
ဒီလူက လက်ကျန်ဆေးလိပ်ကို အစီခံနားအထိရောက်အောင် ဖွာလိုက်ပြီးတော့ ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်ရင်း
“ဟုတ်တယ်၊ ကျုပ်က မရောက်သေးဘူး”
သူ့အဖြေကို ကျုပ်ဘယ်လိုမှ မတွေးတတ်တော့ဘူး၊ မရောက်သေးဘူးဆိုတာ ဘာစကားလဲပေါ့၊ လူပုံကိုအကဲခတ်လိုက်တော့ နည်းနည်းမူးနေသလိုလို ကြောင်နေသလိုလိုနဲ့မို့လို့ ဒီလူဦးနှောက်မကောင်းဘူးလို့ထင်ပြီး ကျုပ်လည်းသူ့နားကနေ နှုတ်တောင်မဆက်ဘဲဆေးရုံအဆောင်ထဲပြန်ဝင်လာခဲ့တယ်။
အဆောင်ကိုရောက်တော့ အဆောင်အောက်ထပ်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေပါတယ်၊ ပုံမှန်ဆိုရင် ဆေးရုံမှာ ညဆယ့်တစ်နာရီခွဲလောက်က တိတ်ဆိတ်နေတတ်တာပါ၊ ဒါနဲ့ ဘာတွေဖြစ်နေသလဲဆိုပြီး သိချင်လို့သွားကြည့်တော့ လူနာတစ်ယောက်ကိုတွန်းလှည်းပေါ်ကိုတင်ထားပါတယ်၊ ကျုပ်သေချာကြည့်လိုက်တော့မှ ဒီလူက ခုနကကျုပ်နဲ့တွေ့ခဲ့တဲ့ လူဖြစ်နေပါတယ်။
မျက်နှာကြီးတစ်ခုလုံးက ပွင့်ကွဲထွက်နေပြီး သွေးတွေနဲ့မြင်လို့တောင်မကောင်းပါဘူးဗျာ၊ ခုနကလူလို့ ဘာလို့ပြောနိုင်တာလဲဆိုတော့ သူဝတ်ထားတဲ့အဝတ်အစားက တစ်ပုံစံတည်းပါပဲ၊ ကျုပ်ဆို ကိုယ့်မျက်လုံးတောင် ကိုယ်မမြင်နိုင်ဘူး၊ သူ့ကိုဆေးရုံလာပို့တဲ့လူတွေပြောတာနားထောင်ကြည့်တော့မှ အရက်မူးပြီးတော့ ဘုရားပွဲကအပြန်မှာ ဆိုင်ကယ်တိုက်ပြီးသေတာတဲ့ဗျာ၊ ပွဲချင်းပြီးပဲလို့ပြောကြတယ်။ ဒါဆိုကျုပ်နဲ့ခုနကတွေ့ခဲ့တာ သရဲပေါ့၊ အဲဒီလိုစဉ်းစားမိတော့မှ တစ်ကိုယ်လုံးချမ်းတုန်လာပြီး ကြက်သီးတွေတဖြန်းဖြန်းထလာတယ်၊ ကျုပ်လည်း ကြောက်ကြောက်လန့်လန့်နဲ့ အဆောင်ပေါ်ကိုပြန်တက်ခဲ့တယ်၊ ကျုပ်ဘဝမှာ ဒါမျိုးအဖြစ်တစ်ခါမှမကြုံခဲ့ဖူးဘူးဆိုတော့ ကျုပ်လက်တွေတောင်မှ တဆတ်ဆတ်နဲ့တုန်ယင်နေမိတယ်။
လူနာဆက်စောင့်နေရင်း စိတ်တွေခြောက်ချားနေမိတယ်၊ ခဏကြာတော့ လူနာဘေးနားက လူနာစောင့်ခုံတန်းမှာ ကွေးကွေးလေးအိပ်နေတဲ့ကိုအောင်ဝင်းက ခြေထောက်ကိုဒုန်းခနဲထဆောင့်တယ်၊ ညသန်းခေါင်အချိန်ကြီးဆိုတော့ တခြားလူနာတွေကို ကျုပ်ကအားနာတာနဲ့ သူ့ကိုသွားကန်တာပေါ့၊
“ဟေ့လူ ခင်ဗျားဗျာ၊ ညကြီးသန်းခေါင် တခြားလူတွေကိုမှ အားမနာ”
ကိုအောင်ဝင်းက ကျုပ်ကိုကြည့်ရင်း
“ခုနက မင်းတို့လုပ်တာမဟုတ်လား”
“ဘာကိုလဲဗျ”
“ငါအိပ်နေတဲ့အချိန် မင်းငါ့ခြေထောက်ကို လာပြီး မ,တာမဟုတ်လားကွ”
“ဟာဗျာ၊ ကျုပ်က ခင်ဗျားခြေထောက်ကိုဘာလုပ်ရမှာလဲ၊ ကျုပ်နဲ့ကိုယောလေးက ဒီဘက်မှာပဲထိုင်နေတာကို၊ ကိုအောင်ဝင်းနော် ခင်ဗျားအကြီးကောင်တို့ ဇင်ကိုတို့ကိုပဲ စနောက်လို့ရမယ်၊ ကျုပ်ကိုတော့ ခြောက်လို့မရဘူးနော်၊ ကျုပ်က သရဲမကြောက်တတ်ဘူးဗျ”
ကျုပ်ပြောတော့ ကိုအောင်ဝင်းက ကြောင်စီစီနဲ့ပြန်အိပ်သွားတယ်၊ ဒီလိုနဲ့ ကျုပ်တစ်ယောက်တည်း လူနာကိုယပ်ခပ်ပေးနေရင်း မနက်သုံးနာရီလောက်ရောက်တော့ လူက မှေးစင်းလာတယ်၊ လူနာကိုယပ်ခပ်ပေးလိုက် မှေးစင်းလာရင်အိပ်လိုက်နဲ့ နိုးတစ်ဝက်ပျော်တစ်ဝက်ဖြစ်နေမိတယ်၊ နောက်တော့ ကျုပ်မှေးခနဲအိပ်ပျော်သွားတဲ့အချိန် ဒုန်းခနဲအသံကြီးထပ်ကြားရပြီးတော့ ကိုအောင်ဝင်းက အော်ပြီးဆဲတော့တာပဲ၊ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုအောင်ဝင်းက ဆေးရုံကြမ်းပြင်မှာ ခွေခွေကလေးကျနေတယ်။ ရုပ်ကလည်း ပြူးတူးကြောင်တောင်နဲ့ ထိတ်လန့်နေတဲ့ရုပ်ဗျ။
“ကိုအောင်ဝင်း ခင်ဗျားဘာဖြစ်တာလဲ”
“ငါ့ကိုဆွဲချတယ်၊ ငါ့ကိုဆွဲချတယ်ကွ”
“ဟာ ဟုတ်ရဲ့လားဗျာ၊ ကိုယ့်ဟာကိုယ်အိပ်ပုတ်ကြီးလို့ ခုံပေါ်ကလိမ့်ကျတာမဟုတ်ဘူးလား”
“မဟုတ်ဘူးကွ၊ ငါ့ခြေထောက်ကို မ,ပြီးတော့ကို ဆွဲချတာကွ၊ ငါလခွမ်း လန့်လိုက်တာကွာ၊ တော်ပြီ တော်ပြီ ငါဆက်မအိပ်ရဲတော့ဘူး ဟေ့ကောင်”
ကိုအောင်ဝင်းက ကြောက်ကြောက်နဲ့ငုတ်တုတ်ကြီးထိုင်နေပါရော။ ခနနေတော့ ကိုယောလေးက အိမ်သာသွားတက်ချင်တယ်လို့ပြောလာတယ်၊ ကျုပ်တို့က အဖော်လိုက်ပေးရမလားဘာလားဆိုတော့ သူကမလိုဘူးလို့ပြောတယ်၊ အချိန်က မနက်သုံးနာရီခွဲ လေးနာရီထိုးခါနီးလောက်ဖြစ်နေပါပြီ၊ ကိုယောလေးက ကြောက်တတ်တဲ့လူမဟုတ်ဘူးဆိုတော့ သူတစ်ယောက်တည်း သွားမယ်ဆိုတာနဲ့ လိုက်မပို့တော့ဘဲ လမ်းပဲညွန်ပေးလိုက်ပါတယ်။
ကိုယောလေးအိမ်သာကိုဆင်းသွားပြီး သိပ်မကြာခင် အဆောင်အပြင်ကနေ အော်သံအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်၊ ကျုပ်နဲ့ကိုအောင်ဝင်းရော အဆောင်ထဲက နိုးနေတဲ့လူနာစောင့်တွေရော အကုန်လုံးပြေးဆင်းပြီးကြည့်ကြတော့ ကိုယောလေးတစ်ယောက် ရင်ခွဲရုံအနားမှာ မျက်ဖြူတွေလန်နေပြီးတော့ မေ့လဲနေရှာတယ်၊ ကျုပ်တို့ခေါ်ပေမယ့် ခေါ်လို့တောင်မရတော့ နောက်ဆုံး အဲဒီဆေးရုံပေါ်ပဲ ပြန်တင်ထားလိုက်ရတယ်၊ ကိုယောလေးသတိမေ့နေတာ မနက်လင်းတဲ့အထိပါပဲ၊ ဘာဖြစ်မှန်းမသိတော့ ကျုပ်တို့လဲမပြန်ရဲသေးဘူး၊ မနက်ကိုးနာရီလောက်မှ ကိုယောလေးနိုးလာတယ်၊ သူသတိရလာတော့ တော်တော်ကြောက်နေရှာတယ်။
“ကိုယောလေး ခင်ဗျားဘာဖြစ်တာလဲ”
“ပြောရင် ယုံမယ်မထင်ပါဘူး ရဲလေးရာ၊ ငါအိမ်သာသွားတော့ မင်းပြောတဲ့ရင်ခွဲရုံအနားရောက်တဲ့အခါ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာတစ်ယောက်က မတ်တပ်ရပ်နေသကွ၊ ငါလည်း အိမ်သာဘယ်နားမသိတော့ သေချာအောင်သူ့ကိုမေးမယ်ဆိုပြီးသွားမေးတာ၊ သူက ငါ့ဘက်ကိုကျောပေးပြီးရင်ခွဲရုံဘက်ကိုကြည့်နေတာ၊ ငါမေးလိုက်တော့ ငါ့ဘက်ကိုလှည့်လာတဲ့အခါ သူ့မျက်နှာကြီးက ပုပ်ပွပြီးတော့ မျက်လုံးကြီးတွေကလည်း ဖောင်းဖောင်းကြီးနဲ့ တော်တော်ကြောက်စရာကောင်းတာကွာ၊ ငါ့ကို ဘွားခနဲလုပ်လိုက်တော့ ငါလည်း လန့်ပြီးတော့အော်ရင်း ဘာဖြစ်သွားမှန်းကိုမသိဘူးဟေ့”
အဲဒါနဲ့ဆေးရုံမှာ အကြီးကောင်အဖေရာ ကိုယောလေးပါတက်လိုက်ရတယ်၊ သုံးလေးရက်လောက်ကြာတော့မှ ဆေးရုံကပြန်ဆင်းလာကြတယ်၊ နောက်ပိုင်းညတွေတော့ ကျုပ်ကို ဦးဇော်ဝမ်းက ဆေးရုံဆက်မစောင့်ခိုင်းတာနဲ့ ဘာဖြစ်မှန်းတော့မသိတော့ဘူး၊ ဒါပေမယ့် အဲဒီအရှေ့နှစ်ညကတော့ ကျုပ်ဘဝမှာ အမှတ်တရဖြစ်ခဲ့တဲ့ ဆေးရုံစောင့်တဲ့ ညနှစ်ညပါပဲဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply