ပြန်လုပ်ပေးခဲ့တဲ့ကျနော်

လို့ ထပြီး အော်လေ့ရှိတယ် ။ ရှေ့လည်း ဆက်ပြီး မပြော တတ်လို့ မပြောတော့ပါဘူး ။

ကျုပ်တို့ နှစ်ယောက်စလုံး ဟာ ဆင်းရဲတဲ့ မုဆိုးမ သား တွေ ဖြစ်ကြလေတော့ မသုံးနိုင် မစွဲနိုင်ကြပါဘူး ။ အတော့်ကိုပဲ ကျပ်တည်းပါတယ် ။ မိခင်ကြီး တွေဈေး မရောင်းနိုင်တဲ့နေ့ မှာ ငတ်ကြတော့တာပါပဲ ။ ဒါပေမဲ့ ကျုပ်ဟာ မိခင်ကြီးကို ဘယ်နေရာမှာမှ မကူညီပါဘူး ။ ဆင်းရဲတာကို ကြည့်ပြီး ညည်းတွားလေ့ ရှိတယ် ။ ကျုပ် ရဲ့ စကား ဆယ်ခွန်းမှာ ခုနှစ်ခွန်း ဟာ “ ဘဝ ” ဆိုတဲ့ စကားလုံး ဖြစ်ပြီး ကျန်တဲ့ သုံးခွန်း ဟာ “ လူတန်းစား ” ဆိုတဲ့ စကားလုံးတွေ ဖြစ်နေတတ်ပါတယ် ။ ဖိုးထောင် ပြောတဲ့ စကား တွေမှာ လည်း “ စတန့် ” ဆိုတဲ့ စကား ဟာ အတော်များများ နေရာယူထားပါတယ် ။

တနေ့မှာ သူငယ်ချင်း နှစ်ယောက်သား မလွှကုန်းဘူတာနားက ချောင်းကူးတံတားလေးပေါ် ထိုင်ပြီး အခုလို ဆင်းရဲကျပ်တည်းနေတဲ့ အဖြစ်ကနေ ဘယ်လို ထွက်ပေါက် ရှာမလဲလို့ စဉ်းစားကြပါတယ် ။ အဲဒီမှာ ဖိုးထောင်က ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှ ပြန် မလုပ်နိုင်တဲ့ ကလေးအရွယ် သူဌေးသားလေး တယောက် ကို ပြန်ပေးဆွဲဖို့ အကြံ ပေးပါတယ် ။ ဒီအခါမှာ ကျုပ် က –

ပြီးတော့ ဖတ်ဖူးတဲ့ ဝတ္ထုဇာတ်လမ်းတွေထဲက ပြန်ပေး ဆွဲ နည်းကို ဖိုးထောင်ကို ပြောပြလိုက်သေးတယ် ။ အဲဒီတော့ ဖိုးထောင်က

“ အခု မင်း ပြောတဲ့ အကွက်တိုင်းသာ ဆွဲလို့ကတော့ စုံထောက်ကြီး ဦးစံရှားကိုယ်တိုင် လိုက်တောင် ဒီ အမှုက ပေါ်နိုင်မှာ မဟုတ်ဘူး ကွ ” လို့ ပြောပါတယ် ။

ဖိုးထောင် ဆိုတဲ့ အကောင်က စတန့်မင်းသား မဖြစ်ပေမယ့် စတန့်ဇာတ်ကားတွေကို ရိုက်တဲ့ကုမ္ပဏီတွေ ကိုတော့ နေ့တိုင်း သွားလေ့ ရှိတယ် ။ တကယ့် မင်းသားက အဲဒီ ကုမ္ပဏီကို နေ့တိုင်း မရောက်ဘူး ။ ဖိုးထောင်ကတော့ နေ့တိုင်း ရောက်တယ် ။ အဲဒီ ကုမ္ပဏီက ဝန်ထမ်းတွေ က သူ့ ရဲ့ ပုကွကွ နိုင်ပုံကို အကြောင်းပြုပြီး –

“ တို့ ကုမ္ပဏီ ရဲ့ ဇာတ်လိုက် ရွှေဘ ပြီးရင် မင်း အလှည့်ပါပဲ ။ မင်း ကတော့ ရွှေကွ ပေါ့ ကွာ ” လို့ နောက်ပြောင်ကြတယ် ။ ဖိုးထောင် က စိတ်မဆိုးပါဘူး ။

ရွှေကွ ပဲ ဖြစ်ဖြစ် ၊ ရွှေကုန်း ပဲ ဖြစ်ဖြစ် အရေးကြီးတာ က စတန့်မင်းသား ဖြစ်ဖို့ ပဲ ။ အဲဒီ ကုမ္ပဏီ မှာ အလုပ် လုပ်တဲ့ စာရေးတွေ ၊ စာရေးမ တွေ က ဖိုးထောင် ကို သူတို့ ခိုင်းဖို့ ခေါ်ထားတဲ့ အတိုင်းပဲ ၊ လက်ဖက်ရည် ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း ၊ မုန့်ဟင်းခါး ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း နဲ့ ပေါ့ ။ ဖိုးထောင် ကလည်း အဲဒီလို အခိုင်း ခံနေရတာကိုပဲ ဂုဏ်ယူနေတယ် ။ ဒီ ကုမ္ပဏီ မှာ သူ မရှိရင် မဖြစ်ဘူး တဲ့  ။ သူ မင်းသား ဖြစ်လာတဲ့ အခါ မှာ မိုးကျရွှေကိုယ် မင်းသား မဟုတ်ဘူး တဲ့  ။ အောက်ခြေက တက်လာတဲ့ အောက်ခြေ ခိုင်တဲ့ မင်းသား ဖြစ်မှာ တဲ့  ။ ဒါကြောင့် ပဲ အဲဒီ ကုမ္ပဏီ မှာ ထမ်းစရာ ပိုးစရာ ရှိရင် သူပဲ ထမ်းပိုးရတယ် ။

အဲဒီ ရုပ်ရှင်ကုမ္ပဏီ ရဲ့ နာမည် က “ ဒီဖိုး ” ရယ်လို့ ဖြစ်ပါတယ် ။ ကုမ္ပဏီပိုင်ရှင်ကြီး က မုဆိုးဖို လူရိုးကြီး ပါ ။ သူ က ဘုရားတရား လည်း အလွန် ကြည်ညို ပါတယ် ။ တပတ်တခါ သူ့ ရဲ့ မွေးနေ့ ကြုံတိုင်း မြတ်စွာဘုရား ကို ဓာတ်ကြီးလေးပါး ကပ်လေ့ ရှိပါတယ် ။ စကား ပြောရင်လည်း ဓာတ်လေးပါး မပါရင် စကား မပြောတတ်ပါဘူး ။ ဒါကြောင့် သူ့ ရဲ့ ဝန်ထမ်း တွေ က သူ့ ကို ဓာတ်လေးပါး ဆို တော့ “ ဒီဖိုး ” လို့ သူ့ကွယ်ရာမှာ ခေါ်လေ့ ရှိပါတယ် ။ သူ ကလည်း ကုမ္ပဏီ ရဲ့ နာမည် ကို “ ဒီဖိုး ” လို့ ပဲ ပေးထားပါတယ် ။ သူ့ ကုမ္ပဏီ က ရိုက်တဲ့ ကား တိုင်းမှာ သူ့ အိမ် က ဘုရားစင် ကို အရင် ရိုက်ပြပါတယ် ။ အဲဒီလို ရိုက်ပြီးရင် ဘုရားစင် မှာ ကပ်လှူပူဇော်ထားတဲ့ ဆွမ်းပွဲ ( ၂၀ ) ပွဲ ( မြေဓာတ်နှစ်ဆယ် ) ၊ သောက်တော်ရေ ( ၁၂ ) ခွက် ( ရေဓာတ် ဆယ့်နှစ်ပါး ) ဖယောင်းတိုင် ( ၄ ) တိုင် ( မီးဓာတ်လေးပါး ) ၊ ယပ် ( ၆ ) လက် ( လေဓာတ်ခြောက်ပါး ) ကို အကြာကြီး ရိုက်ပြပါတယ် ။ ပြီးတော့မှ ဒီဖိုး ရုပ်ရှင်ကုမ္ပဏီ ဆိုတဲ့ တံဆိပ်ကြီးကို ရိုက်ပြပါတယ် ။ အဲဒါ ပြီးတော့မှ ဇာတ်လမ်း စပါတယ် ။

ဘာပဲဖြစ်ဖြစ် သူ့ ရဲ့ ကုမ္ပဏီ ဟာ စတန့်မင်းသားပေါင်းစုံ နဲ့ ဖိုက်တင်ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ် ။ သူ့ ရဲ့ ဇာတ်လမ်းတွေ ဟာ ရန်ကုန် ၊ မန္တလေး စတဲ့ မြို့တွေ မှာ လူကြိုက်များ တယ်လို့ မဆိုနိုင်ပေမယ့် နယ်ဘက် ရုံတွေ မှာ တော့ ရုံပြည့်ပြီ ဆိုတဲ့ စာတမ်း ချိတ်ရလေ့ ရှိပါတယ် ။ ဒါကြောင့် လည်း ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ဟာ အတော့် ကို ချမ်းသာ နေပြီပေါ့ ။

ဖိုးထောင် နဲ့ ကျုပ် ရဲ့ အကြံ ကတော့ အဲဒီ ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ရဲ့ တဦးတည်းသော မြေး လေး “ ဆန်နီဖိုး ” ဆိုတဲ့ ငတိလေး ကို ပြန်ပေး ဆွဲဖို့ ပါပဲ ။

ဖိုးထောင် နဲ့ ကျုပ် ဟာ အဲဒီ ကိစ္စအတွက် အကွက် ချရတော့တာပေါ့လေ ။ ဖိုးထောင် က ဆန်နီဖိုး ကို ချော့ပြီး ထုတ် လာမယ် ။ ကျုပ် က တက္ကစီကား ငှားပြီး ဆက်ပြီး သယ်လာမယ် ။ ပြီးတော့ မလွှကုန်း ဘူတာနား အရောက် မှာ နောက်သလိုလို ကစားသလိုလို နဲ့ ငတိလေး မျက်နှာ ကို အဝတ် စည်းလိုက်မယ် ။ ပြီးတော့မှ တွဲဟောင်းတွေ ထားတဲ့ဘက်ကို ခေါ်သွားပြီး တွဲတတွဲထဲမှာ ထည့်ထားလိုက်မယ် ။

တကယ် လုပ်တော့လည်း အဲဒီအတိုင်းပါပဲ ။ ဖိုးထောင် က ဆန်နီဖိုးလေး ကို –

“ ငါ နဲ့ လိုက်မလား ၊ ကန်တော်ကြီး ကျရင် သူ ခိုးပုလိပ် လုပ်တမ်း ကစားမယ် ကွာ ။ ငါ က ပုလိပ် လုပ်မယ် ၊ မင်း ကသူခိုးလုပ် ” လို့ ပြောတဲ့ အခါ မှာ ဆန်နီဖိုး က

“ သူခိုး မလုပ်ချင်ဘူး ၊ အဖေ က မခိုးရဘူးတဲ့
လူဆိုတာ လေးပါးသီလ လုံရမယ်တဲ့  ”

လို့ ပြန်ပြီးပြောတယ် ။ အဲဒီအခါ မှာ ဖိုးထောင် က

“ ဘယ်ကလာ လေးပါး ရမှာ လဲ ၊ ငါးပါး ပါ ”

လို့ ပြောတဲ့ အခါမှာ ဆန်နီဖိုးလေး က –

“ ဦးဖိုးထောင် ပြောတာ ဖြစ်နိုင်ပါတယ် ၊ ကျွန်တော့် အဖေ က လေးပါး အပြင် ကာမေသုမိစ္ဆာ ဆိုတာ ပြောသေးတယ် ၊ ဒါပေမဲ့ အဓိပ္ပာယ်ကိုတော့ ပြော မပြဘူး ၊ ဒါကြောင့် ကျွန်တော် က လေးပါး လို့ ပြောတာ ။ အဲဒီတော့ ခင်ဗျား နဲ့ ကန်တော်ကြီးကို လိုက်မယ် ။ ဒါပေမဲ့ သူခိုး ပုလိပ် မကစားဘူး ။ ကျွန်တော်တို့ ကျောင်းမှာ ကစားတာက သိဖ်အင်ပုလိစ် လို့ ကစားတယ် ၊ အဲဒီအတိုင်း ကစားမယ် ၊ ပြီးတော့ ဂိုင်းဖောက် ကစားနည်း လည်း ရှိသေးတယ် ၊ “ ဂိုင်းဖောက် ” ဆို တာ လူဆိုး ရဲ့ နာမည် ၊ သူ က မြင်းတကောင် နဲ့ မြို့ကို တက် လာပြီး မြို့စောင့်တပ်တွေ နဲ့ ဖိုက်တင် လုပ်တာ ။ အဲဒီတော့ အဲဒီ ကစားနည်း အတွက် မြင်း လိုတယ် ၊ မြင်း ကတော့ ဦးဖိုးထောင် လုပ်ရမယ် ။ မြင်း လုပ်တဲ့ အခါမှာ မတ်တပ် ရပ်ထားလို့ မရဘူး ။ လေးဘက် ထောက် ထားရမယ် ၊ ကျွန်တော် က ခွပြီး စီးမယ် ။ ကျွန်တော် က ဂိုင်းဖောက် လေ ”

လို့ ဆန်နီဖိုးလေး က ပြောလိုက်တယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဟုတ်ပါပြီ ကိုဂိုင်းဖောက် ရယ် ။ ခင်ဗျား လာမယ့် မြို့ နဲ့ ခင်ဗျား တိုက်မယ့် ခံတပ်မြို့ နဲ့  က ဘယ်နှမိုင် ဝေးသလဲ ”

လို့ မေးလိုက်တော့

မကောင်းဆိုးဝါးလေး က –

“ မိုင် ( ၉၀ ) ဝေးတယ် ” လို့ ပြောပါတယ် ။ အဲဒီ အခါမှာ ဖိုးထောင် က

“ အလိုလေး မင်း က ငါ့ ကျော ပေါ်မှာ နာရီပေါင်း များ စွာ စီးမယ် ဆိုတဲ့ သဘောပေါ့ ။ မလုပ်ပါနဲ့ ကိုဂိုင်းဖောက် ရယ် ။ နာရီလေး နည်းနည်း လျှော့ပါဦး ”

လို့ တောင်းပန် လိုက်တယ် ။

အဲဒီ အခါမှာ ငတိလေး က –

“ ဟင့်အင်း လျှော့လို့ မရဘူး ၊ ကျွန်တော်တို့ ကုမ္ပဏီ ကို အမြဲ လာနေတဲ့ ဒါရိုက်တာအဘိုးကြီး က ခဏခဏ ပြောဖူးတယ် ၊ “ ဂျပန် လုပ် တရုတ် နဲ့ တူရမယ် ” တဲ့ ”

လို့ ပြောလိုက်တဲ့ အခါမှာ ဖိုးထောင် က

“ မဟုတ်တာတွေ မပြောပါနဲ့ ကိုဂိုင်းဖောက်ကလေး ရယ် ။ သဏ္ဌာန် လုပ် သရုပ် နဲ့ တူရမယ်လို့ ပြောတာ ဖြစ်ပါလိမ့်မယ် ”

လို့ ပြန်ပြီး ပြောလိုက်တယ် ။

တိုတိုပဲ ပြောကြပါစို့ ရဲ့  ။ အဲဒီ မကောင်းဆိုးဝါးလေး ကို မလိမ့်တပါတ်နဲ့ ပြန်ပေးဆွဲလာခဲ့ပြီး မလွှကုန်းဘူတာမှာ ရပ်ထားတဲ့ တွဲပျက်တွေထဲက တွဲတတွဲကို ထည့်ထားလိုက်တယ် ။ ထမင်းစားချိန် ရောက်တော့ အဲဒီ ရပ်ကွက်မှာ ရှိတဲ့ ခွေးနီဆိုင်က ဖက် နဲ့ ထုပ် ထားတဲ့ ထမင်း သုံးထုပ် သွား ဝယ် တယ် ။ အဲဒီမှာ ထမင်း နဲ့ အခေါက်ကင် ထည့်ထားတယ် ။ ကျုပ် နဲ့ ဖိုးထောင် က စားပြီးသွားပြီ ။ ငတိလေး က ထမင်းထုပ်ကို ဖြည်ပြီး မစားဘူး ။

“ လူ ဆိုတာ ဖက် နဲ့ မစားရဘူး တဲ့  ။ ပန်းကန် နဲ့ စားရမယ်တဲ့  ။ ဖက် နဲ့ စားရင် “ ဖက်ခွက်စား ” ဖြစ်တတ်တယ် လို့ ကျွန်တော့် အဖေ က ပြောဖူးတယ် ”

လို့ အကျပ်ကိုင်တာ နဲ့ ကျုပ်ကိုယ်တိုင် အဲဒီ ရပ်ကွက် မှာ ရှိတဲ့ တရုတ်စိန်အောင်မင်း ရဲ့ ဆိုင် ကို သွားပြီး သံကြွေရည်သုတ် ဇလုံကလေးကို ငါးမတ် နဲ့ ဝယ်ခဲ့ပြီး ထည့် ကျွေးရတယ် ။ အဲဒီတော့မှ ငတိလေး က ပွဲတော် တည်တော့တယ် ။

ဆောင်းတွင်း ဆိုတော့ အတော့်ကိုပဲ ချမ်းပါတယ် ။ အဲဒါကြောင့် တွဲဘေးမှာ မီးဖိုပြီး သုံးယောက်သား မီးလှုံကြတယ် ။ အိပ်ခါနီး အချိန် ရောက်တော့ မကောင်းဆိုးဝါးလေး က

“ ဒီအတိုင်း အအိပ်မခိုင်းနဲ့ နော် ။ အိပ်ခါနီးမှာ ဘက်တီး တခါ တိုက်ရဦးမယ် ”

လို့ ပြောပါတယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဘာလဲကွ ဘက်တီး ဆိုတာ ”

လို့ မေးတဲ့ အခါ

“ ဘာရမှာ လဲ ဦးဖိုးထောင် ရယ် ၊ ဘက်တီး ဆိုတာ အိပ်ရာထဲ ရောက်မှ သောက်တဲ့ လက်ဖက်ရည်ပေါ့ ။ ကျွန်တော်က အမြဲတမ်း သောက်နေကျ ”

လို့ ကောင်လေး က ပြန်ပြောတယ် ။ အဲဒီအခါမှာ ကျုပ် က

“ ဘက်တီး တော့ မရဘူး ၊ လက်သီး ပဲ ရမယ် ”

လို့ ပြောလိုက်တဲ့ အခါ ငှက်ဆိုးကလေး က

“ လက်သီး ဆိုရင် ဒီက မီးစ လာမယ် ”

ဆိုပြီး မီးပုံ ထဲက ထင်းစ တစကို ယူပြီး ကျုပ် ရဲ့ မျက်နှာကို ထိုး လိုက်ပါလေရော ။ ကျုပ် ရဲ့ ပါး မှာ မီးလောင်ဖုကြီး ထ သွားတယ် ။

ကျုပ် ကလည်း စိတ် မထိန်းနိုင်တော့ဘဲ ကောင်လေး ရဲ့ တင်ပါးကို နှစ်ချက်သုံးချက် ရိုက်လိုက် တယ် ။ အဲဒီတော့ ကောင်လေး က

“ ရိုက်ထား ရိုက်ထား ၊ မနက်ကျရင် ဂိုင်းဖောက် လာမယ် ။ သေနတ် နဲ့ ပစ်မယ် ၊ ခါးပတ် နဲ့ ရိုက်မယ် ၊ သေဖို့ သာ ပြင်ထား ”

လို့ ကြိမ်းတယ် ။ ကောင်လေး အိပ်သွားတဲ့ အခါမှာ ဖိုးထောင် နဲ့ ကျုပ် ဟာ တိုင်ပင်ကြရတော့တယ် ။ ကျုပ် က ဖိုးထောင် ကို

“ မနက်ကျရင် သူ့ အဖေ ဆီ ကို ငွေ တောင်းတဲ့ စာ ပို့ ကွာ ။ ငွေနှစ်သိန်း ကို ဘယ်နေရာမှာ လာထားရမယ် လို့ ရေးကွာ ။ ငွေနှစ်သိန်း ရရင် လူကြီးမင်း ရဲ့ ကလေးကို ခြံဝ အထိ ခလုတ်မထိ ဆူးမငြိ ဘဲ ပြန်ပို့ပါ့မယ် ၊ အဲဒီလို မလုပ်ဘဲ ရဲဘက် ကို တိုင်ကြားမယ် ဆိုရင်တော့ လူကြီးမင်း ရဲ့ ကလေး ဟာ သေပွဲ ဝင်ပြီ မှတ်ပေတော့လို့ ခြိမ်းခြောက် လိုက်ကွာ ”

လို့ ပြောတဲ့ အခါ ဖိုးထောင် က

“ စာ မှာ တော့ အဲဒီလို ရေးမှာ ပေါ့ကွာ ၊ ဒါပေမဲ့ တကယ် သေ မှာ က တို့ နှစ်ယောက် ကွ ။ ဒီကောင်လေး က တို့ ကို နှိပ်စက်လိမ့်မယ် ။ အခုတောင် မင်း ပါး ပေါ် က ဒဏ်ရာကြီး က နည်းတာကြီး မဟုတ်ဘူး ” လို့ ပြောပါတယ် ။

ပြီးတော့ ကျုပ် ကိုယ်တိုင် ပဲ စာတစောင် ရေးလိုက်တယ် ။

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လေးစားအပ်သော သူဌေးကြီး ဦးဒီဖိုး ခင်ဗျား ..

လူကြီးမင်း ရဲ့ သြရဿ မည်သော ၊ ရင် ၌ ဖြစ်သော သားရတနာ ဆန်နီဖိုး ကို ကျွန်တော်များ အမျိုးကောင်းသား ပြန်ပေးတစု က ပြန်ပေး ဆွဲ ထားပါတယ် … လူကြီးမင်း ထံ မှ ငွေနှစ်သိန်း လက်ခံ ရရှိလျှင် ဆန်နီဖိုး ကို ခြံဝ အရောက်  … ပိန်းကြာဖက် တွင် ရေ မတင်သကဲ့သို့ ဘေးမသီ ရန်မခစေဘဲ ပြန်လည် ပို့ပေးပါမယ် ၊ လူကြီးမင်း ဦးဒီဖိုး အနေနဲ့ စာ ပါအကြောင်းအရာ တခုလုံး ကို ဖြစ်စေ ၊ တစိတ်တဒေသကို ဖြစ်စေ ငြင်းဆိုခဲ့ပါလျှင် ဆန်နီဖိုးလေး ခမျာ သေပွဲ ဝင်ရပါလိမ့်မယ် … ကျွန်တော်တို့ တစု မှာလည်း ပြန်ပေးသာ လုပ်ရပါတယ် ၊ ပါဏာတိပါတကံ လုံခြုံ လိုပါသော ကြောင့် ငွေနှစ်သိန်းဖြင့် ရွေးယူရန် ကို လည်း မေတ္တာရပ်ခံအပ်ပါတယ် ၊ ဒီ စာကို အကြောင်းပြန်လိုပါက စတော့ဂိတ် ကုန်းတံတားကြီး အောက် အလယ်ဘက် ၊ ပထမ တိုင် ပေါ် ရှိ ကလိုဏ် တွင် ပြန်စာကို လာ၍ ထည့်ထားနိုင်ပါတယ် …

ပြန်ပေးအဖွဲ့

( ပုဒိအာနှင့် ပြည့်စုံစေသော်ဝ် … )

ကျုပ် ဟာ အဲဒီ စာကို ရေးပြီး ဖိုးထောင် ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ် ။ ဖိုးထောင် က အဲဒီ စာ ကို ခေါက်ထည့်ပြီး ဒီဖိုးကုမ္ပဏီ ကို သွားပါတယ် ။ ဒီဖိုးကုမ္ပဏီ ကို ရောက်တဲ့ အခါမှာ ဒီဖိုးကုမ္ပဏီ ရဲ့ ဝန်ထမ်းတွေ ဟာ ဆန်နီဖိုးလေး ပြန်ပေးအဆွဲ ခံရတဲ့ အကြောင်း ကျွက်ကျွက်ညံအောင် ပြောဆိုနေကြ ပါတယ် ။

ဒါပေမဲ့ ပြောတဲ့ စကားတွေ ထဲ မှာ ဝမ်းသာတဲ့ အကြောင်း ပါ ပါတယ် ၊ စာရေးတွေ ရဲ့ အံဆွဲ ထဲ မှာ ဖားတွေ ၊ ကြက်တွေ ကောင်လေး က ထည့်လေ့ ရှိတဲ့ အတွက် စာရေးမတွေ က ကောင်လေး ပြန်ပေးဆွဲ ခံရတဲ့ ကိစ္စမှာ အခုမှ ဆွဲရသလား ဆိုပြီး ပြန်ပေးတွေ ကို ကျိန်ဆဲနေကြပါတယ် ။

စာရေးတွေ ကလည်း နေ့လယ်နေ့ခင်း အိပ်တဲ့ အခါ တိုက်ပုံအင်္ကျီ ကို ချွတ်ပြီး ကုလားထိုင် နောက်မှီ မှာ ချိတ်ထား လေ့ရှိတယ် ။ အဲဒီ ထဲ ကို မီး ပါတဲ့ စီးကရက်တို တွေ ကို ကောင်လေး က လာပြီး ထည့် တတ်လေတော့ အင်္ကျီတွေ ပေါက်ပြဲကုန်ပါတယ် ။ ဒါကြောင့် .. သူဌေးဦးဒီဖိုး ငွေနှစ်သိန်း နဲ့ မရွေးပါစေ နဲ့  … ဒါမှ ဒီကောင်လေး ကိစ္စတုံး မှာ လို့ ဆုတောင်း နေကြပါတယ် ။

အဲဒီ အချိန်မှာ ပဲ ဖိုးထောင် ဟာ မယောင်မလည် နဲ့  ဦးဒီဖိုး ရဲ့ စားပွဲပေါ် ကို ကျွန်တော် ရေး တဲ့ စာ ကို တင်ထားလိုက်တယ် ။ ဦးဒီဖိုး ဟာ စာ ကို ဖတ်ကြည့်ပြီး

“ ပြန်ပေး ဟာ အတော့် ကို အတင့် ရဲတာပဲ ၊ ငွေ တောင်းတဲ့ စာ ကို စားပွဲပေါ် အရောက် လာပြီး တင် ထားတယ် ၊ မဟုတ်မှ လွဲရော ဒီ အမှု မှာ အတွင်း လူ ပါနေပြီ ”

ဆိုပြီး စာ တစောင် ကောက်ရေးတယ် ။ စာ ကတော့ ငွေနှစ်သိန်း နဲ့ မရွေးနိုင် ကြောင်း ၊ ကုမ္ပဏီ ဟာ အရှုံး ပေါ်နေလို့ ငွေနှစ်သိန်း လည်း မရှိကြောင်း ပြန်တဲ့ စာပါပဲ ။ အဲဒီ စာ ကို စာအိတ်ထဲ ထည့်ပြီးတဲ့ နောက်

“ ဖိုးထောင်ရေ စတော့ဂိတ်ကုန်းအောက် ၊ အလယ်တိုင် ရဲ့ အထက် မှာ ကလိုဏ် ရှိတယ် လို့ ပြန်ပေး က သူ့ စာ ထဲ မှာ ရေးထားတယ် ၊ အဲဒီ ထဲ ကို သွား ထည့်ကွာ ”

လို့ ပြောပြီး စာအိတ် ကို ပေးလိုက်တယ် ။

ဖိုးထောင် က အဲဒီ နေရာ ကို သွား မထည့်ဘဲ အဲဒီ စာ ကို ကျုပ်တို့  ရှိတဲ့ ဆီကို ယူလာတယ် ။ ကျုပ် လည်း အဲဒီ စာ ကို ဖတ်ကြည့်ပြီး

“ အမျိုးယုတ် ဒီဖိုးကြီး ၊ သူ့ ကလေးကိုတောင် မရွေးဘူး ၊ မရွေးတာ က ကိစ္စ မရှိဘူး ၊ ငါ့ ဒူး တွေ လည်း ပြဲ ကုန်ပြီကွ ၊ ဒီ မသာလေး က ငါ့ ကို လေးဘက်ထောက် ခိုင်းပြီး “ ဂိုင်းဖောက်ကွ ” ဆိုပြီး ကျောပေါ် ကို ခုန် တက်တယ် ကွ ၊ ငါ က လှုပ် နေရတယ် ၊ မလှုပ်ရင် အပေါ်ကနေ တုတ် နဲ့ ရိုက် သေးတယ် ကွ ၊ ငါ့ ကျော မှာ လည်း အရှိုး တွေချည်းနေမှာ ပါကွာ ၊ ဒီထက် ဆိုးတာက မီးစ နဲ့ ထိုး မှာ စိုးလို့ မီးဖို က မီးကြွင်းမီးကျန် တွေ ကို ရေ နဲ့ ငြိမ်း ပစ်လိုက်ရတယ် ၊ ဒီ သရဲလေး ကို အမြန်ဆုံး ပြန် ပို့ရအောင်ကွာ ၊ ဦးဒီဖိုး က နှစ်သိန်း မပေးနိုင်ဘူး ဆိုလည်း “ တသိန်း ” ဆိုတဲ့ စာ ရေးပြီး သူ့ ဆီ အရောက် ပို့လိုက်ကွာ ၊ တကယ်လို့ သူ က တသိန်း မပေးနိုင်ဘူး ဆိုလည်း အဲဒီ စာကို ငါ့ ဆီ ယူ မလာနဲ့ တော့ ၊ မင်း ဟာ မင်း ငါးသောင်း လို့ ပြင် ရေးပြီး ပို့လိုက်တော့ ”

လို့ ကျုပ် က ပြော လိုက်တယ် ။

အဲဒီအခါ မှာ ဖိုးထောင် က

“ နေပါဦး ဟေ့ကောင် ရ ၊ ဦးဒီဖိုးကြီး က ငါးသောင်း လည်း မပေးနိုင်ဘူး ဆိုရင် ဘယ်နှယ့်လုပ်မလဲ ”

လို့ မေး ပါတယ် ။

အဲဒီတော့ ကျုပ် က

“ ငါးသောင်း မပေးနိုင်ရင် နှစ်သောင်းခွဲ ”

“ မပေးနိုင်ရင် ”

“ တသောင်း နှစ်ထောင့်ငါးရာ ”

“ မပေးနိုင်ရင် ”

“ ခြောက်ထောင့်နှစ်ရာ့ငါးဆယ်ကျပ် ”

“ မပေးနိုင်ရင် ”

“ သုံးထောင့်တရာ နှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ တထောင့်ကိုးရာ ခုနှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ ခုနှစ်ရာရှစ်ဆယ့် ခုနှစ်ကျပ်ခွဲ ”

“ မပေးနိုင်ရင် ”

“ သုံးရာကိုးဆယ့်သုံးကျပ် ခုနှစ်ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ တရာ့ကိုးဆယ့်ခြောက်ကျပ်ရှစ်ဆယ့် ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ ရှစ်ဆယ့်ကိုးကျပ် လေးဆယ့်သုံးပြား ”

“ မပေးနိုင်ရင် ”

“ လေးဆယ့်ကိုးကျပ် ပြားနှစ်ဆယ် ”

“ မပေးနိုင်ရင်  ”

“ နှစ်ဆယ့်ငါးကျပ် ပြားခြောက်ဆယ် ”

“ မပေးနိုင်ရင် ”

“ တဆယ့်နှစ်ကျပ် သုံးပြား ”

“ မပေးနိုင်ရင် ”

“ ခြောက်ကျပ် ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ သုံးကျပ်နဲ့ ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ တကျပ်ငါးဆယ့်ငါးပြား  ”

“ မပေးနိုင်ရင် ”

လို့ ဖိုးထောင် ပြောတဲ့ အခါမှာ

“ အဲဒါမပေးနိုင်လို့ ကတော့ မဖြစ်ဘူးကွာ ၊ ဒီ မှင်စာလေး စားဖို့ ကြွေရည်သုတ်သံဇလုံ ဝယ်ရတာကိုက တကျပ် ကျော်တယ်ကွ ၊ အဲဒါမှ မပေးရင်တော့ တို့ ရှုံးပြီ ၊ ထမင်းထုပ်ကလည်း ဒီငတိလေး စားတာ သုံးထုပ် ရှိပြီကွ ၊ လက်ဖက်ရည် ကလည်း တိုက်ရသေးတယ် ၊ ဒီကြားထဲ ဒီငတိ က ဘက်တီးတွေ ဘာတွေ လာသေးတယ် ”

လို့ ကျုပ် က ပြောလိုက်တယ် ။ ဖိုးထောင် က ကျူပ် ပြောသလိုပဲ ဦးဒီဖိုး ဆီ ကို စာ သွားပို့ခဲ့ပါတယ် ။

အပြန်အလှန် ဈေး ဆစ်တာပဲ ။ ကျုပ် ပြောတဲ့ အတိုင်းပါပဲ ။ နောက်ဆုံး တကျပ် ငါးဆယ့်ငါးပြား အထိ ဦးဒီဖိုး က မပေးနိုင်ဘူးလို့ ကတ် နေပါတယ် ။ နောက်ဆုံးမှာ ဘယ်လို ရေးထားသလဲ ဆို တော့

“ လေးစားအပ်သော သူတော်ကောင်း ပြန်ပေးများ ခင်ဗျာ ကျွန်တော့်ဆီက ပြန်ပေး ဆွဲသွားတဲ့ ဆန်နီဖိုး ဟာ တကယ်တော့ ကျွန်တော့် သားအရင်း မဟုတ်ပါဘူး ၊ လင်ကောင် မပေါ်ဘဲ မွေးထားတဲ့ ကလေးကို ကျွန်တော့် ခြံ ထဲ မှာ လာပြီး ပစ်ထားပြီး ကျွန်တော် လည်း မွေး ထားခဲ့တာပါ ။ ဒီ ကလေး ဆိုးလွန်း လို့ ကျွန်တော့် မိန်းမ လည်း အစောကြီး သေသွားပါပြီ ။ အခုအခါမှာ ကျွန်တော်က မုဆိုးဖို ဖြစ်နေတဲ့ အတွက် မကြာခင်မှာပဲ မီးပေးမီးယူ သဘောနဲ့ ရုပ်ရှင်ဆိုက်ပတ် တယောက်နဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ် ။ ဒီကလေး ပါလာရင် ကျုပ်ကို လက်မထပ်နိုင်ဘူးလို့ မိန်းကလေးဘက်က အတိအလင်း ကြော်ငြာ ထားတာကြောင့် ဆန်နီဖိုး ကို ကျုပ် ပြန် မလိုချင်တော့ပါဘူး ။ ခင်ဗျားတို့ လည်း သူ့ ကို မသတ်ရက်ရင် မိဘမဲ့ကျောင်းကို ဖြစ်တဲ့ နည်းနဲ့ ပို့ပေးလိုက်ပါ

မေတ္တာပို့သလျက်
ဒီဖိုး

ဒီ စာ ရတဲ့ အခါမှာ ကျုပ် နဲ့ ဖိုးထောင် ဟာ ခေါင်းချင်း ဆိုင်ပြီး ဘယ်လို လုပ်ကြမလဲလို့ တွေး ပါ တယ် ။ အဲဒီတော့ ဖိုးထောင် က –

“ အလုပ်ရှုပ် ခံပြီး မိဘမဲ့ကျောင်းတွေ ဘာတွေ သွား ပို့မနေပါနဲ့ ကွာ ၊ ဒီကောင်လေးကို ဒီတိုင်း ထားပြီး တို့ နှစ်ယောက် လစ် ကြရအောင် ”

လို့ ပြော ပြီး လစ်လာခဲ့ကြပါတယ် ။

ကောင်လေး ကို တော့ –

“ ကိုဂိုင်းဖောက်ကြီး စီးဖို့ မြင်း သွား ရှာလိုက်ဦးမယ် ”

လို့ ပြောပြီး ထားခဲ့ပါတယ် ။

ကျုပ်တို့ နှစ်ယောက် အိမ်ပြန် ရောက်ပြီး တနာရီ လောက် ကြာတဲ့ အခါ မှာ တွဲပြင် လုပ်သား တယောက်ဟာ ဒီကောင်လေးကို ခေါ်လာပြီး ဖိုးထောင် ရဲ့ အိမ်ကို လာပို့ပါတယ် ။

ကောင်လေးက သူ့ ကို ထားခဲ့မှန်းလည်း သိရော တွဲတွေ ရဲ့ ဟိုးအဆုံးဘက်ကို လျှောက်သွားတယ် ။
တွဲပြင်လုပ်သား ကြီး တယောက်နဲ့ တွေ့တော့ ငိုပြီး အကူအညီတောင်းတယ် ။ သူ့ ကို ခေါ်လာတဲ့ ဖိုးထောင် ရဲ့ ပုံပန်း ကိုလည်း အကျအန ပြောပြတယ် ။ အဲဒီတော့ တွဲပြင် လုပ်သားကြီး က

“ သိပြီ သိပြီ ဒီကောင့်ကို ကောင်းကောင်း သိတယ် ၊ ဒီကောင်က လည်ပင်းမှာ ပုဝါပြောက် စည်းထားတယ် ၊ အရပ်က တော်တော် ပုတယ် ၊ ဆံပင်က ပုခုံးကို ထောက်နေတယ် ၊ စတန့်မင်းသား ဂိုက် ဖမ်းနေတဲ့ ကောင် ၊ ဟိုနေ့ကတောင် ဒီကောင့်ကို ဟို တွဲနား မှာ တွေ့သေးတယ် ၊ ဒီကောင့် အိမ်က ဗလီ နားမှာ ငါလိုက်ပို့မယ် ”

ဆိုပြီး တွဲပြင်လုပ်သားကြီး က အဲဒီအသုဘလေးကို ဖိုးထောင်ရဲ့ အိမ်ကို လာပို့တာ ။ ဖိုးထောင် ကလည်း မလွှဲမရှောင်သာ လက်ခံ ထားလိုက်ရတယ် ။

အဲဒီလို လက်ခံထားပြီး နာရီဝက်တောင် မပြည့်သေးဘူး ။ ဒီကောင်လေးကြောင့် ဖိုးထောင် အမေ ဒေါ်ဘုတ်လုံးကြီး ထိပ်ပေါက်သွားတယ် ၊ အဲဒီတော့ ဖိုးထောင်လည်း သူ့အိမ်မှာ ဆက် မထားရဲတော့ဘဲ ကျုပ်အိမ်ကို လာပို့တယ် ။

ကျုပ် အိမ်ကို ရောက်ပြီး တနာရီ မပြည့်သေးဘူး ။ ကျုပ် အမေကြီး ရဲ့ မရှိမဲ့ ရှိမဲ့ လုံချည်တွေကို မီး ရှို့ပစ်လိုက်တယ် ။

ကျုပ် ပြောချင်တာက ဒါပါပဲ ၊ ပြန်ပေးမှု နဲ့ ထောင် ကျရင် ကျပါစေ ၊ ဒီ သရဲလေးကို ဘယ်ကို ပို့ရမယ် ဆိုတာ ဝိုင်းပြီး အကြံ ပေးကြပါဦး

သဗ်ဗသေတ်တာ ကမ်မဿကာ

မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ် အမှတ် ( ၂ )
၁၁ – ၁ – ၂၀၀၅
📖 ဖတ်စရာဂျာနယ် အမှတ် ( ၃ )
၁၈ – ၁ – ၂၀၀၅