ကုဋီအနားက သရဲကြီး

ဗျ။ ဒါနဲ့ဆီပုလင်းကိုယူပြီးတော့ ပြေးထွက်ခဲ့တာပေါ့။ ဆရာတော်ဘုရားကို မုန်ညင်းဆီပုလင်းပေးတော့ ဦးလူနီက ကျုပ်ကိုကြည့်ပြီး

“မောင်ရှိန်၊ ဆရာတော်က ခါးမှာဖြစ်တာဆိုတော့ မင်းကူညီမှရမယ်၊ လာဒီကိုလာ”

ကျုပ်လည်းရောက်သွားရော ကျုပ်လက်ဝါးကိုဖြန့်ခိုင်းတယ်ဗျ၊ နောက်တော့ မုန်ညင်းဆီပုလင်းကို အဖုံးဖွင့်ပြီး ကျုပ်လက်ပေါ် သုံးလေးစက်လောက်ပဲချပေးတယ်၊ ပြီးတော့ သူ့လွယ်အိတ်ထဲက စက္ကူထုပ်ကလေးတစ်ခုနှိုက်ပြီးတော့ အထုပ်ကိုသေချာဖြည်တယ်ဗျ၊ အထဲမှာလည်း စက္ကူတွေ လေးငါးထပ်နဲ့ပြန်ထုပ်ပိုးထားတာ၊ နောက်ဆုံးကျတော့မှ မည်းမည်းအမှုန်ကလေးတွေ တွေ့ရတယ်၊ အမှုန်ကလေးကလည်း နည်းနည်းကလေးပါဗျာ၊ လက်ညှိုးတစ်ကော်စာတောင် မရှိပါဘူး၊

အဲဒီအမှုန်ထဲကို သူ့လက်သန်းထိပ်နဲ့ထိတယ်ဆိုရုံကလေး တို့လိုက်တာဗျ၊ လက်သန်းထိပ်မှာပါလာတာ လေးငါးမှုန်လောက်ပဲရှိမှာပေါ့၊ ပြီးတော့ ဆေးစက္ကူကိုသေချာပြန်ထုပ်ပိုးပြီးမှ အဲဒီလက်သန်းကို ကျုပ်လက်ထဲက မုန်ညင်းဆီသုံးလေးစက်ထဲ နှစ်ရင်း ဖွဖွကလေးပွတ်ခြေပြီး မွှေလိုက်တယ်၊ မှန်အိမ်မီးအလင်းရောင်အောက်မှာ အဲဒီဆေးလေးထည့်လိုက်တာနဲ့ ဆီတွေက တလက်လက်နဲ့အရောင်တောက်လာတာဗျာ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး

“သွား၊ မောင်ရှိန်၊ ဦးဇင်းခါးနာတဲ့ ခါးတစ်ဝိုက်ကို သေသေချာချာပွတ်ပေးလိုက်စမ်းဟေ့”

ကျုပ်လည်း ဆရာတော်ဆီထသွားပြီးတော့ သင်းပိုင်ကိုနည်းနည်းဆွဲချပြီး ခါးကိုပွတ်လိုက်တာပေါ့ဗျာ၊ မုန်ညင်းဆီနဲ့ပွတ်လိုက်ပြီးတော့ ဆရာတော်ရဲ့ခါးမှာ ရွှေသင်္ကန်းကပ်ထားသလို ရွှေရောင်ငွေရောင်အပြားအချပ်လိုက်ကြီးကျန်ခဲ့ပါရော။ ကျုပ်လည်း လူးပြီးတာနဲ့ အရှေ့ပြန်တိုးခဲ့တာပေါ့ဗျာ၊ ဆရာတော်ကတော့ မျက်မှောင်ကြုတ်ပြီး

“ဘာမှတော့ မထူးပါလား၊ ဒကာလေး”

“နောက်တစ်နေ့မိုးသောက်ရင် ထူးပါလိမ့်မယ် ဘုရား၊ ဒီဆေးက နှယ်နှယ်ရရမဟုတ်ပါဘူး၊ တပည့်တော်ရဲ့ ဆရာကြီးချီးမြှင့််ခဲ့တဲ့ ဝိဇ္ဇာထိပ်ခေါင် ပန်းတစ်ထောင်ဆေးပါ”

ကျုပ်လည်းမနေနိုင်တာနဲ့

“ဆေးလေးကလည်း နည်းနည်းလေးပါလား ဦးလူနီ”

ဆရာတော်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“ဆေးကောင်းရင် သန်းခေါင်းတဲ့၊ တကယ်ကောင်းတဲ့ဆေးဆို သန်းခေါင်းလောက်ပမာဏ သုံးရုံပဲလိုတာပေါ့”

“မှန်ပါ၊ ပန်းပေါင်းတစ်ထောင်ရဲ့ အဆီအနှစ်ကြောင့် အရှင်ဘုရား ခါးနာဝေဒနာရော၊ သွေးလေးလံတာရော မနက်မိုးသောက်ရင် ယူပစ်သလိုပျောက်ကင်းသွားမှာပါ”

“အေးကွယ်၊ သာဓု၊ သာဓု၊ သာဓု”

ကျုပ်လည်း အဲဒီဝိဇ္ဇာဆိုတာကို ကြားဖူးနေတာတော့ကြာပြီ၊ ဒါပေမယ့် သေသေချာချာမသိတာနဲ့ အခွင့်ရတုန်း မေးကြည့်ရမယ်ဆိုပြီးတော့ စိတ်ကူးဖြစ်သွားတာပေါ့ဗျာ၊ ဒါနဲ့ ဦးလူနီကိုလှည့်ကြည့်ပြီး

“ဦးလူနီ၊ ဦးလူနီ ပြောပြောနေတဲ့ ဝိဇ္ဇာဆိုတာ ဘာကိုပြောတာလဲ”

ဦးလူနီက ပြုံးပြီးတော့

“ဝိဇ္ဇာဆိုတာ ပညာရပ်တစ်ခုခုကိုထိုးထွင်းသိမြင်ပေါက်မြောက်တဲ့လူကို ခေါ်တာပေါ့၊ ဒါကတော့ သဒ္ဒါနည်းအရပြောတာ၊ ငါတို့ပြောပြောနေတဲ့ ဝိဇ္ဇာဆိုတာကတော့ ထွက်ရပ်လမ်းကို မြန်းတဲ့နည်းကို သိမြင်တတ်ကျွမ်းတဲ့ ပညာတတ်တွေပေါ့ကွာ”

ကျုပ်လည်း နားတော့မလည်ဘူး၊ ဦးလူနီကလည်း ကျုပ်ကိုရှင်းပြချင်ပုံရပါတယ်။

“ဝိဇ္ဇာငါးမျိုးရှိသကွ၊ ဝေဒဝိဇ္ဇာ၊ မန္တဝိဇ္ဇာ၊ လောကီယဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊ အရိယာဝိဇ္ဇာဆိုပြီးတော့ ငါးမျိုးရှိသကွ”

“သြော်ဟုတ်ကဲ့”

“ဝေဒဝိဇ္ဇာဆိုတာကတော့ သာမ၊ ယဇု၊ က္ကသျှ၊ အာတပ္ပန လို့ခေါ်တဲ့ ဗေဒင်လေးရပ်ကို တစ်ဖက်ကမ်းခပ်တဲ့လူတွေကိုခေါ်တာပေါ့၊ မန္တဝိဇ္ဇာ ဆိုတာကတော့ လက္ခဏာကျမ်းအမျိုးမျိုး၊ နိမိတ်ကျမ်းအမျိုးမျိုး၊ နက္ခတ်ကျမ်းအမျိုးမျိုး၊ ဂါထာမန္တရားကျမ်းအမျိုးမျိုး၊ ဓါတ်ကျမ်းအမျိုးမျိုး စတဲ့ လောကီအတတ်ပညာတွေကို ကျွမ်းကျင်သူကိုဆိုလိုတာပါ”

ကျုပ်နည်းနည်းတော့ နားလည်လာပြီဗျ။

“ကသိုဏ်း၊ ပဋိဘာဂ၊ နိမိတ် စတာတွေကို လေ့လာဝင်စားပြီးတော့ ဈာန်တန်ခိုးက္ကဒ္ဓိဝိဒ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကို လောကီယဝိဇ္ဇာလို့ခေါ်တယ်။ ဂန္ဓာရီဝိဇ္ဇာ ဆိုတာကတော့ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ အစရှိတဲ့ နည်းလမ်းတွေကိုအသုံးပြုပြီးတော့ နတ်တွေရဲ့တန်ခိုး အဘိညာဉ်နဲ့တူတဲ့ တန်ခိုးရှိတဲ့သူတွေကို ဆိုလိုတာပေါ့ကွာ၊ နောက်ဆုံး အရိယာဝိဇ္ဇာ ဆိုတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စတဲ့လက္ခဏာရေး သုံးပါးကို ကွက်ကွက်ကွင်းကွင်း သိမြင်တော်မူပြီး သစ္စာလေးပါးတရားတို့ကို ပိုင်းခြားသိမြင်တော်မူကြတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာ အစရှိတဲ့ အရိယာပုဂ္ဂိုလ်တွေကို ခေါ်တာပေါ့ကွာ၊ ဒီလောက်ဆိုနားလည်ပြီလား”

“နားတော့လည်သလိုပဲဗျ”

“ဒါနဲ့ မင်းဘိုးဘိုးအောင်ဆိုတာ ကြားဖူးသလား”

“ကြားတော့ကြားဖူးပါတယ်”

“အေး၊ ဘိုးဘိုးအောင်ဆိုတာ အင်းဝိဇ္ဇာခေါ်တယ်၊ အင်းတွေအစွမ်းနဲ့ တန်ခိုးသိဒ္ဒိတွေရနေတာပေါ့ကွာ”

“ဒါဆို ဦးလူနီကရော ဝိဇ္ဇာပဲလား”

ကျုပ်မေးလိုက်တော့ ဦးလူနီက ရယ်တယ်ဗျ။

“ကောင်းတယ်၊ အဲဒီလို တဲ့တိုးမေးတာကိုကြိုက်တာ၊ ငါက ဝိဇ္ဇာတော့မဖြစ်သေးဘူးကွ၊ ဒါပေမယ့်် ဝိဇ္ဇာဖြစ်ဖို့ကျင့်နေတာ၊ ငါ့ဆရာကြီးကတော့ ဝိဇ္ဇာဖြစ်ပြီး ထွက်ရက်ပေါက်သွားပြီ”

“ဒါဆိုရင် အဲဒီဆရာကြီးက ခုနက ဝိဇ္ဇာငါးမျိုးထဲမှာ ဘာဝိဇ္ဇာအဖြစ်နဲ့အောင်မြင်သွားတာလဲ ဦးလူနီ”

“ငါ့ဆရာက ဆေးဝိဇ္ဖာကွ၊ ဆေးဝိဇ္ဇာဆိုတာ ဂမုန်း၊ ပမုန်း၊ ဆေးပင်၊ ဆေးညွှန့်တွေရဲ့ ထူးခြားတဲ့အစွမ်းတွေကိုပေါင်းစုပြီး ဆေးဖော်စပ်ပြီးတော့ အဲဒီဆေးရဲ့တန်ခိုးနဲ့ ထွက်ရပ်လမ်းကို မြန်းသွားတာကိုဆိုလိုတာ”

“သြော်၊ ဒါကြောင့်ကိုး၊ ဒါကြောင့် ဦးလူနီက တစ်ခုခုဆို ဆေးမှုန့်တွေထုတ်ထုတ်သုံးတာကိုး”

“အေးပေါ့၊ ငါ့ဆရာက ဆေးဝိဇ္ဇာဖြစ်သွားတယ်ဆိုတော့ ငါလည်း သူ့လမ်းစဉ်အတိုင်း လိုက်ရမှာပေါ့ကွာ”

“ဒါဆို ဦးလူနီဆီမှာ ဆေးတွေအများကြီးရှိမှာပဲ”

ဦးလူနီက ပြန်တော့မဖြေဘူးဗျ။

“ဆေးဆိုတာကလည်း သူ့အတိုင်းအဆနဲ့၊ သူ့အာနိသင်နဲ့တည့်မှ ကောင်းသကွ၊ ဆေးဆိုတာ အဆိပ်လိုပဲ၊ သူသုံးရမည့်အာနိသင်လောက်သုံးရင် အစွမ်းထက်ပေမယ့်် အာနိသင်ထက်များသွားရင် ဘေးဥပါဒ်ဖြစ်စေတယ်”

ဆရာတော်က ခေါင်းညိတ်ရင်း

“ဒါကြောင့် တန်ဆေး၊ လွန်ဘေးလို့ ခေါ်ကြတယ်မဟုတ်လား”

“ခုနက ပန်းတစ်ထောင်ဆေးပေါင်းဆိုရင်လည်း အရိုးအကြော၊ သွေး၊ လေနဲ့ပတ်သက်တာကုသနိုင်တယ်ဆိုပေမယ့် သူ့ပမာဏထက် တစ်မှုန်တစ်မွှားလောက်လွန်သွားတယ်ဆိုရင် အဲဒီဆေးနဲ့ထိတဲ့အရိုးတွေက ဖော့ဖယောင်းလို ပျော့ပြောင်းသွားမယ်၊ အကြောတွေဆိုရင်လည်း သားရေချပ်လို မာတောင့်သွားမယ်၊ သွေးတွေကို အခိုးအငွေ့ဖြစ်သွားစေနိုင်တယ်ကွ”

ဦးလူနီပြောမှ ကျုပ်တောင်ကြောက်လာတယ်ဗျာ၊ ဒါနဲ့ လက်ဖဝါးမှာကပ်နေတဲ့ဆေးတွေရှိမလားလို့ကြည့်လိုက်တော့ လုံးဝမရှိတော့ဘူးဗျာ၊ ဒါတောင်မှ ကျုပ်က ပုဆိုးစနဲ့ပွတ်ပစ်နေသေးတာ၊ ဦးလူနီက ကျုပ်ကိုကြည့်ရင်း

“အောင်မယ်၊ ငါပြောလို့ လန့်သွားပြီထင်တယ်၊ မစိုးရိမ်ပါနဲ့ကွ၊ ငါက ကိုယ့်ဆေးရဲ့အတိုင်းအဆကို သိပြီးသားပါ၊ ငါပေးတဲ့ဆေးက ဦးဇင်းတစ်ပါးအတွက်ပဲ ပေးတာဆိုတော့ မင်းလက်မှာကပ်ကျန်မနေပါဘူးကွာ၊ မပူစမ်းပါနဲ့”

ထိုစဉ် လေသာကျောင်းမှ တုန်းမောင်းခေါက်သံကြားလိုက်ရတယ်၊ ညကိုးနာရီထိုးရင် ဦးတေဇက စာအံချိန်ပြီးပြီဆိုပြီးတော့ အချက်ပေးတဲ့ တုန်းမောင်းသံကိုးဗျ။ ဦးလူနီက ဆရာတော်အားကန်တော့လိုက်ရင်း

“ကဲ အချိန်လည်းလင့်နေပြီမို့ တပည့်တော်ကိုပြန်ခွင့်ပြုပါအုံးဘုရား”

“အေးကွယ်၊ ဦးဇင်းလည်း ကျိန်းတော့မယ်”

ဒီတော့မှ အိပ်ပျော်နေတဲ့ ဗိုက်ပူကို မနည်းနိုးပြီးတော့ ကျုပ်တို့နှစ်ယောက်ဆင်းလာရတယ်၊ လေသာကျောင်းရောက်တော့ ခြင်ထောင်တွေချပြီး အိပ်လိုက်ကြတော့တာပဲဗျာ။

(၂)

ကလေးဆိုတော့လည်း ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပဲဗျို့၊ အိပ်ပျော်နေရင်း ဗိုက်ကအတင်းရစ်ပြီးနာလာတာနဲ့ ငုတ်တုတ်ထထိုင်လိုက်ရတယ်ဗျာ၊ ဗိုက်ထဲကနေ ရစ်ရစ်ပြီးထိုးအောင့်နေတာဗျ၊ ညနေကစားထားတဲ့ ဟင်းပေါင်းအကြွင်းအကျန်ထဲက ပဲဟင်းတွေကြောင့်ဖြစ်မယ်ဗျာ၊ တစ်ကျောင်းလုံးလည်း မှောင်လို့ဗျ။ ကျုပ်လည်း အနားမှာအိပ်နေတဲ့ ဗိုက်ပူကိုနှိုးရတာပေါ့ဗျာ၊ ဗိုက်ပူက ဘယ်လောက်လှုပ်နှိုးနှိုးမနိုးဘူးဗျာ၊ ဒီကောင်က လူဝသလောက် သိပ်ပြီးအစားပုတ်၊ အအိပ်ပုတ်တဲ့ကောင်မဟုတ်လား၊ ဒါနဲ့ တစ်ဖက်က သခေါကိုပဲ နှိုးရတာပေါ့။

“သခေါရေ ထစမ်းပါကွ”

“ဟာ၊ မောင်ရှိန်၊ မင်းဘာဖြစ်လို့လဲ၊ ဗိုက်ဆာလို့လားကွ”

သခေါက ကုန်းရုန်းထတယ်။

“ဗိုက်ဆာတာမဟုတ်ဘူး၊ ဗိုက်နာလို့ကွ”

“ဗိုက်နာတယ်ဆိုတော့ လေကြောင့်များလား”

“မဟုတ်ပါဘူးကွာ၊ ညနေက ပဲဟင်းတွေနင်းကန်သောက်လိုက်တယ်မဟုတ်လား၊ ခုမှ ပဲဟင်းအစွမ်းပြပြီးတော့ ချီးပါချင်လာတယ်ကွ”

“ဟာ၊ အဲဒါတော့ ငါ့ကိုမနှိုးနဲ့ကွ”

“မင်းကလည်းကွာ၊ ငါဗိုက်နာလို့ ကုဋီအနားကိုအဖော်လိုက်ခဲ့ပေးစမ်းပါကွ”

“မလိုက်ရဲဘူးကွ၊ အဲဒါတော့ ငါလည်းမတတ်နိုင်ဘူး”

သခေါက ကြောက်ကြောက်နဲ့အတင်းပြန်အိပ်တယ်၊ ကျုပ်လည်း သခေါကိုထပ်နှိုးပေမယ့် သခေါက ကျုပ်ကိုနောက်ကျောပေးပြီးအိပ်နေတာဆိုတော့ နှိုးရခက်တာပေါ့ဗျာ၊ ဗိုက်ကလည်း မနေနိုင်တော့ဘူးဗျ၊ အဲဒါနဲ့ ကျုပ်လည်း ခြင်ထောင်ထဲကနေ အသာတိုးထွက်ပြီး ကျောင်းပေါ်ကနေဆင်းခဲ့တာပေ့ါဗျာ၊

ညဘယ်အချိန်လည်းတော့မသိပေမယ့် ညသန်းခေါင်လောက်တော့ရှိမယ်ဗျ၊ လကသာနေတယ်ဆိုပေမယ့် ကျောင်းဝန်းကြီးတစ်ခုလုံးမှာ သီးပင်စားပင်တွေ၊ သစ်ပင်တွေနဲ့ပြည့်နေတာဆိုတော့ သစ်ရိပ်ဝါးရိပ်နဲ့မှောင်ကျနေတာပေါ့ဗျာ၊ သစ်ရွက်တွေကြားက ထိုးကျနေတဲ့လရောင်ကိုအားပြုပြီးကျုပ်လည်း ကုဋီဆီကို ပြေးခဲ့ရပါရောဗျာ။

ကုဋီက လေးလုံးရှိတယ်ဗျ၊ ညာဘက်အစွန်ဆုံးကတော့ ဦးဇင်းတွေသုံးတဲ့ကုဋီဗျ၊ အလယ်တစ်လုံးကလည်း ဦးဇင်းနဲ့ ဧည့်သည်တွေသုံးတဲ့အလုံး၊ ဘေးနှစ်အစွန်နှစ်ဖက်က နှစ်လုံးကတော့ ကိုရင်တွေနဲ့ မောင်ကျောင်းသားတွေသုံးဖို့ပေါ့ဗျာ၊ အဲဒီခေတ်က ကုဋီက ခုခေတ်လို ရေလောင်းကုဋီမဟုတ်ဘူးဗျ၊ ကုဋီတွေကို ခပ်မြင့်မြင့်ဆောက်ထားပြီးတော့ အောက်မှာတွင်းကြီးတူးထားပြီး ဝါးကပ်နဲ့ကာထားတာ၊ အပေါ်ကပါတဲ့ချီးက အောက်ကိုတန်းကျတာပေါ့၊ ပြီးရင် ထရံမှာထိုးထားတတ်တဲ့ခနောင်းတုတ်နဲ့ ရှင်းပြီးတုတ်ကို ကျင်းထဲပစ်ချလိုက်ရင် ပြီးသွားတာပဲ။

ကျုပ်လည်း ကိစ္စကထိပ်ဝရောက်နေပြီဆိုတော့ ကုဋီပေါ်အမြန်ပြေးတက်လိုက်တာပေါ့ဗျာ၊ ပုဆိုးလှန်လိုက်တာနဲ့ ပဲဟင်းအစွမ်းကြောင့် ချေးတွေတဝေါဝေါနဲ့သွားတော့တာပဲ၊ ဒီအချိန် လေကတဖြူးဖြူးတိုက်လာတယ်ဗျ၊ ကုဋီတွေမှာ တံခါးရှိပေမယ့် အခုက လူမရှိဘူးဆိုတော့ တံခါးမပိတ်တော့ဘူးပေါ့ဗျာ၊ လေတိုက်လို့လားတော့မသိဘူး၊ တခြားကျန်တဲ့ကုဋီအခန်းတံခါးတွေလည်း တဝုန်းဝုန်းနဲ့ပိတ်ကုန်တယ်ဗျ၊ ပြီးတော့ ချက်ချင်းပဲ ကျွီခနဲပြန်ပွင့်တယ်၊ ဟော နောက်တော့ ဝုန်းခနဲပြန်ပိတ်ကုန်ရော၊ ကျုပ်ဖြင့် တွေးရင်းကြက်သီးထလာတာ၊ သရဲများအဖွင့်အပိတ်လုပ်နေသလားပေါ့ဗျာ၊

ဒါနဲ့ကိစ္စမြန်မြန်ရှင်းပြီးတော့ ခနောင်းတံယူမယ်လုပ်တော့ ခနောင်းတံတွေထည့်တဲ့ ဝါးကျည်တောက်ထဲ ခနောင်းတံတစ်ချောင်းမှမရှိတော့ဘူးဗျ၊ ကျုပ်လည်း တော်တော်စိတ်ညစ်သွားတာဗျ၊ ပြဿနာတော့တက်ပြီပေါ့၊ ဆေးစရာလည်း ဘာမှမရှိဘူးဆိုတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ကြံနေတာပေါ့ဗျာ၊ ဉာဏ်နီဉာဏ်နက်က ချက်ချင်းခေါင်းထဲဝင်လာတယ်။

“အိုကွာ၊ လူကြံရင် ထရံတောင်ခနောင်းတုတ်ဖြစ်သေးတာပဲ”

ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာပြီးတော့ ထရံစတစ်စကို အသာချိုးဖဲ့လိုက်တယ်၊ ကျုပ်ကသာ အသာချိုးဖဲ့ပေမယ့် ဟိုဘက်ကုဋီခန်းထဲက ဝုန်းခနဲအသံကြီးကြားလိုက်ရတယ်ဗျ၊ ပြီးတော့ အသံတစ်သံထွက်လာတယ်။

“ဟေ့ကောင်၊ ကုဋီကိုမဖျက်စီးနဲ့”

ကျုပ်လည်း လက်ထဲက ခနောင်းတုတ်ကိုမေ့ကိုလွှတ်လိုက်တော့ ခနောင်းတံက ချီးတွင်းထဲကျသွားပါရောဗျာ။ အသံကတော့ လူကြီးသံလိုလိုပဲဗျ၊ ကျုပ်ဖြင့် ဦးတေဇလားလို့ထင်ပြီးတော့

“မဟုတ်ပါဘူးဘုရား၊ မဖျက်ပါဘူး၊ ခနောင်းတံမရှိလို့ပါ”

“မရှိရင် ငါပေးမယ်၊ ရော့”

ကျုပ်အရှေ့မှာလက်တစ်ဖက်ပေါ်လာပြီးတော့ လက်ထဲမှာလည်း ဝါးကိုင်းချောချောခနောင်းတံကလေးတစ်ခုဗျ၊ ကျုပ်လည်း ဝမ်းသာတာပေါ့ဗျ၊ အဲဒီခနောင်းတံကလေးကိုယူပြီးတော့ ကိစ္စရှင်းနေတုန်း ခေါင်းထဲအတွေးတစ်ခုက ဝင်လာပြန်ရော၊ အဲဒီလက်အကြောင်းပေါ့၊ အဲဒီလက်က ကျုပ်အရှေ့ပေါ်လာတာဆိုတော့ အပြင်ကလာတာလည်းမဟုတ်ဘူးဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့လက်ကိုသေချာကြည့်တော့ လက်က ကျုပ်ထိုင်နေတဲ့အောက်ဘက်က ထွက်လာတဲ့လက်ကြီးဗျာ၊ လက်သည်းကြီးတွေဆို အရှည်ကြီးပဲ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ တံတွေးမျိုချလိုက်မိတယ်၊

ဒီအချိန်လက်က ချီးတွင်းထဲကို ပြန်ဝင်သွားပြီးတော့ ကျုပ်ဖင်ကို လက်နဲ့လာပွတ်နေတာပဲဗျာ၊ ကျုပ်ဆိုချမ်းပြီးတုန်တက်သွားတာ၊ လက်ကြီးကလည်းအေးလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ လူ့စိတ်ဆိုတာကလည်း ထူးဆန်းတယ်ဗျ၊ ကြောက်တယ်ဆိုပေမယ့် မကြည့်ရရင်လည်း မနေနိုင်ဘူး၊ ဒါနဲ့ကျုပ်လည်း အောက်ကိုငုံ့ကြည့်လိုက်တော့ ချီးတွင်းထဲမှာ လူကြီးဗျာ၊ ပုံကတော့လူပုံပဲဗျ၊ မှောင်နေတာဆိုတော့ သေသေချာချာတော့မမြင်ရဘူး၊ ဒါပေမယ့် မျက်လုံးကြီးနှစ်လုံးက ခရမ်းချဉ်သီးလုံးလောက်ရှိပြီးတော့ ဝါဝါဖန့်ဖန့်ကြီးလင်းနေတာဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ကုဋီပေါ်ကနေ ခုန်ချပြီး ပြေးတော့တာပေါ့။

ကျုပ်ဖြင့် ခြင်ထောင်အထဲကိုဘယ်လိုပြန်ရောက်သွားမှန်းကို မသိပါဘူးဗျာ၊ ကြောက်ကြောက်နဲ့ ပုဆိုးခေါင်းမြီးခြုံပြီးတော့ ပုန်းနေရတယ်၊ လေသာကျောင်းက တံခါးမပိတ်ဘူးဆိုတော့ လှေကားပေါ်ကိုများတက်လာမလားဆိုပြီး ချောင်းကြည့်ရတာအကြိမ်ကြိမ်ပဲပေါ့ဗျာ။

မနက်ရောက်လို့ ဒီအဖြစ်ကို ဆွမ်းချက်ဆောင်ထဲမှာ ပြောပြတော့ ကျောင်းသားတွေဆိုရယ်လိုက်တာမှ ဝက်ဝက်ကွဲပဲဗျာ၊ ကျုပ်ကတော့ မရယ်နိုင်ပါဘူးဗျာ၊ သခေါက ကျုပ်ကိုပုခုံးပုတ်ရင်း

“ငါသိတယ်၊ ငါလည်း ညက မင်းကိုမပြောရဲ့လို့ကွ၊ အဲဒီကုဋီတွေအနားမှာ ချေးစားသရဲကြီးတစ်ကောင်နေတယ်ကွ”

“ဗျာ၊ မင်းဘာလို့ ငါ့ကိုမပြောတာလဲ သခေါ”

“မင်းသိရင်ကြောက်မှာစိုးလို့ပေါ့ကွာ၊ အဲဒီသရဲကြီးက တော်တော်ဆိုးဆိုးကွ၊ ညညဆိုရင် ချီးတွင်းထဲဝင်ပြီး ချီးစားတယ်ဆိုပဲ၊ ငါတို့လိုကျောင်းသားမပြောနဲ့ ဦးဇင်းတေဇတို့လို့ ဘုန်းကြီးတွေကိုတောင်မှ အခြောက်ခံရသတဲ့ကွ”

“ဟာ၊ မင်းက ငါ့ကိုစောစောပြောတာမဟုတ်ဘူး သခေါရာ”

“အေး၊ စကားမစပ်မိလို့ကွ၊ ငါတို့ကျောင်းသားတွေဆို ညရေးညတာ ထမသွားကြဘူး၊ သာမန်အပေါ့သွားရုံလောက်ကတော့ လေသာကျောင်းနောက်ဘက်ဆင်းပြီး ရှင်းလိုက်ကြတာပဲ၊ အဲဒီသရဲကြီးက လူရဲ့ဖင်ကိုလက်နဲ့ပွတ်ပြီးတော့ ချီးပါတဲ့စအိုဝကို သူ့လက်ကြီးနဲ့ နှိုက်ပြီးခွဲသတဲ့ကွာ၊ ပြီးတော့ ဗိုက်ထဲက အူတွေ၊ ကလီစာတွေကို ဖောက်စားတယ်ဆိုပဲ”

ကျုပ်ကို သခေါပြောတော့မှ ကျုပ်လည်းချမ်းတုန်တက်လာတာပဲဗျာ၊ ကံသီပေလို့သာပေါ့၊ ကျုပ်သာအပြေးမြန်လို့၊ မပြေးဘဲဆက်ထိုင်နေရင် ညက ကျုပ်စအိုကို သရဲကြီးကခွဲသွားနိုင်တယ်မဟုတ်လား။ ကျောင်းသားကြီးတွေကတော့ ကျုပ်ပြောတာကိုမယုံဘူးဗျ။

“အလကားပါမောင်ရှိန်ရာ၊ မင်းကြောက်မှန်းသိလို့ ဒီကောင်တွေက မင်းကိုဝိုင်းခြောက်နေတာကွ၊ အဲဒီသရဲတကယ်မရှိပါဘူး”

ကျောင်းသားကြီးတွေထဲမှာ ကိုမှန်ဆိုတဲ့လူက ခံငြင်းတယ်ဗျ၊ သူက သရဲတစ္ဆေကို မယုံတဲ့လူစားကိုး၊ လုံးလုံးမယုံတာတော့မဟုတ်ဘူးဗျ၊ အဲဒီ ချေးစားသရဲကိုမယုံတာ။ ဒီလိုနဲ့ ကျောင်းသားကြီးတွေ နှစ်ဖွဲ့ကွဲသွားတာပေါ့ဗျာ၊ ယုံတဲ့လူရယ်၊ မယုံတဲ့လူရယ်ပေါ့။

“ငါထင်တာကတော့ သရဲမဖြစ်နိုင်ဘူးကွ၊ ခွေးပဲဖြစ်မှာ၊ တို့တွေလူခြေတိတ်တော့ ကျောင်းထဲက ခွေးတစ်ကောင်ကောင်က ချေးတွင်းထဲဝင်ပြီး ချေးစားတာဖြစ်မှာ၊ ဒီကောင့်ဖင်မြင်တော့ အရသာရှိတယ်ထင်ပြီး လျှက်တာဖြစ်မှာ”

“မဟုတ်ပါဘူးဗျာ၊ ဘုရားပေးပေးကြမ်းပေးပေးပါ၊ သရဲမှ သရဲအစစ်”

ဒီလိုနဲ့ ကျောင်းသားကြီးတွေငြင်းခုန်နေရင်း အလောင်းအစားတစ်ခုလုပ်ဖို့ ဖြစ်လာပါရောဗျာ၊

“အေး၊ မောင်မှန်၊ မင်းမယုံဘူးဆိုရင် ညသန်းခေါင်ကျတော့ ကုဋီဘက်ကိုသွားရဲသလား”

“အောင်မာ၊ သွားရဲတာပေါ့ကွ၊ သွားရုံတင်မဟုတ်ဘူး ကုဋီထဲမှာ အိမ်သာတက်ပြီးတော့ ကုဋီကိုသုံးပတ် ပတ်ရဲသကွာ”

“လေမကျယ်နဲ့နော် ကိုမှန်၊ သရဲတွေ့မှ ပြေးနေရမယ်”

“အောင်မာ၊ ငါ့ကိုမင်းတို့လိုကောင်များထင်လို့လား၊ စိန်လိုက်စမ်း ဟေ့ကောင်တွေ၊ ငါတကယ်သွားနိုင်ရင် မင်းတို့ဘာပေးမလဲ”

ကျောင်းသားကြီး ကိုထိန်က

“အေး၊ မင်းသာတကယ်သွားနိုင်တယ်ဆိုရင် ဟင်းပေါင်းထဲက ဝက်သားဖတ်၊ ကြက်သားဖတ်တွေ မင်းဖို့ချည်းဖြစ်စေရမယ်ကွာ”

ကိုမှန်ကလည်း ခေါင်းညိတ်တယ်။

“အေး၊ ပြီးရော၊ မင်းတို့ကတိသာ တည်ပါစေနော်၊ ဒီည ငါသွားပြမယ်၊ ဘာသရဲမှမရှိပါဘူးကွာ”

ဒီလိုနဲ့ အလောင်းအစားဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်တို့ကျောင်းသားတွေတော့ တစ်နေ့လုံး ဒီကိစ္စတွေပဲ ပြောနေဖြစ်တာ၊ သရဲတကယ်ရှိတယ်၊ သရဲတကယ်မရှိဘူးပေါ့ဗျာ၊ နေ့လည်ထမင်းစားပြီးချိန်ကျတော့ ကျောင်းထိုင်ဆရာတော်က ကျုပ်ကိုလှမ်းခေါ်တာနဲ့ ကျုပ်လည်း မှန်ကူကျောင်းပေါ်တက်သွားရတာပေါ့။

“မောင်ရှိန်ရေ၊ ဒကာတစ်ယောက်က ငှက်ပျောသီးမှည့်မှည့်တစ်ခိုင် လာလှူသွားသကွ၊ အဲဒီ တစ်ဖီးလောက် မောင်လူနီကို ပို့ပေးစမ်းပါကွာ၊ သူလည်းစားရတာပေါ့”

ကျုပ်လည်း ဖီးကြမ်းငှက်ပျောသီးမှည့် အဖီးကြီးယူပြီးဆင်းလာတော့ ကျောင်းအောက်မှာ ဗိုက်ပူကစောင့်နေတယ်ဗျ၊ ငှက်ပျောသီးမြင်တော့ ပြေးလာတာပဲ။

“ဟာ မောင်ရှိန်၊ ဆရာတော်က မင်းကိုငှက်ပျောသီး စွန့်လိုက်တာလား၊ ငါ့လည်းတစ်လုံးလောက် ကျွေးစမ်းပါကွာ”

“ဟာကွာ၊ ကျောင်းနောက်မှာနေတဲ့ ဦးလူနီကိုသွားပေးဖို့ကွ၊ အဲ . . . အဲ”

ကျုပ်လည်း အကြံတစ်ခုရသွားတယ်၊ ဦးလူနီဆီကိုသွားဖို့က ကုဋီအနားက ကြိမ်းသေဖြတ်ရမှာဗျ၊ ကုဋီမှာကလည်း သရဲကြီးရှိနေတယ်ဆိုတော့ အခုလိုနေ့ခင်း ကျုပ်တစ်ယောက်တည်း မဖြတ်ရဲဘူးမဟုတ်လား၊ ဒီတော့ ဗိုက်ပူကိုအဖော်ခေါ်သွားရင် ကောင်းမယ်ဆိုပြီးတွေးလိုက်မိတယ်။ ဒါနဲ့

“ဗိုက်ပူရေ၊ မင်း ငှက်ပျောသီးစားချင်တယ်မဟုတ်လား”

ဘယ်လောက်စားစားမဝတဲ့ ဗိုက်ပူက နှုတ်ခမ်းကိုလျှာနဲ့သပ်ရင်း ခေါင်းညိတ်ပြတယ်။

“အေး၊ ငါနဲ့လိုက်ခဲ့ကွာ၊ လမ်းမှာတော့ ခိုးမစားဘူး၊ ဦးလူနီဆီရောက်ရင် တစ်လုံးနှစ်လုံးလောက်တောင်းစားတာပေါ့၊ ဦးလူနီက သဘောကောင်းပါတယ်၊ ငါတို့ကိုကျွေးမှာပါ”

စားရမယ့်အသံကြားတာနဲ့ ဗိုက်ပူတစ်ယောက် မျက်လုံးတွေအရောင်လက်သွားတော့တာပါပဲဗျာ၊ ကျန်တဲ့ကျောင်းသားတွေကတော့ မှန်ကူကျောင်းအောက်မှာထိုင်ပြီး ငိုက်တဲ့လူကငိုက်၊ အိပ်တဲ့လူက အိပ်ပေါ့ဗျာ၊ ကျောင်းသားကြီးတွေကတော့ ဆွမ်းစားပြီးချိန်ဆိုတော့ ဆွမ်းဟင်းခွက်တွေ၊ သပိတ်တွေနဲ့ ကျုပ်တို့စားထားတဲ့ ပန်းကန်တွေကို ဆေးကြောသန့်စင်နေတာပေါ့၊

ကျုပ်တို့ ကုဋီနားရောက်တော့မှ ကျောတွေချမ်းသွားတယ်ဗျ၊ ကုဋီက ကျောင်းနဲ့အတော်လှမ်းတာကိုး၊ အဲဒီအနားကိုလည်း ဘယ်သူမှ သွားမဆော့ကြဘူးဆိုတော့ လူသူရှင်းနေတယ်၊ ကျုပ်လည်း မှန်တာပြောရရင် မသွားချင်ဘူးဗျာ၊ ဗိုက်ပူလည်း စားရမယ်ဆိုလို့သာ လိုက်လာတာ ခပ်လန့်လန့်ဗျ၊ ဒါနဲ့ပဲ ကြောက်ကြောက်နဲ့နှစ်ယောက်သား ကုဋီအနားက ဖြတ်ပြေးကြတာပေါ့ဗျာ၊ ကျုပ်တို့ဖြတ်ပေးတဲ့အချိန် ကုဋီတံခါးကြီးက သူ့အလိုလိုတဖြန်းဖြန်းထပိတ်နေလို့ အော်ပြီး ပြေးလိုက်ရတာပြောမနေပါနဲ့။

“ဦးလူနီ၊ ဗျို့၊ ဦးလူနီ”

အိမ်ကလေးအနားမှာ ခေါ်လိုက်တော့ ဦးလူနီက ထွက်လာသဗျ။

“ဟာ မောင်ရှိန်ပါလား၊ ဟော ဗိုက်ပူလည်းပါတယ်လား၊ လာဟေ့ တဲပေါ်တက်ခဲ့ကြ”

ကျုပ်လည်း တဲပေါ်တက်ပြီး အိမ်ထဲဝင်လိုက်တော့ ဦးလူနီက အိမ်ထဲမှာ ဆေးထောင်းတဲ့ဆုံတွေ၊ ဓါးတွေ၊ ကတ်ကြေးတွေနဲ့ အလုပ်များနေပါရော၊ ကျုပ်လည်း ငှက်ပျောသီးပေးပြီး

“ဆရာတော်က ဦးလူနီစားဖို့ ငှက်ပျောသီးပေးခိုင်းလို့ပါ”

“သြော်၊ အေးအေး၊ ဆရာတော်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါကွာ၊ ငါလည်း အလုပ်မအားသေးလို့ဟေ့”

ဦးလူနီက ဆေးမြစ်တစ်ခုကို ဓါးနဲ့ခြစ်နေတယ်ဗျ၊ နောက်တော့ ကျုပ်နဲ့ ဗိုက်ပူကိုကြည့်ရင်း

“မင်းတို့ငှက်ပျောသီးစားချင်တယ်မဟုတ်လား”

ဗိုက်ပူက ခေါင်းညိတ်တော့ ငှက်ပျောသီးနှစ်လုံးဖြုတ်ပေးတယ်ဗျာ၊ ကျုပ်ကိုတစ်လုံး ဗိုက်ပူကိုတစ်လုံးပေါ့၊ ဗိုက်ပူစားတာမှ မြန်လိုက်တာဗျာ၊ သူ့အလုံးကုန်သွားတော့ ကျုပ်လက်ထဲက ငှက်ပျောသီးကို မျက်စောင်းထိုးနေတာနဲ့ ကျုပ်လည်း ဗိုက်ပူကိုငှက်ပျောသီးပေးလိုက်တယ်။

“စားစား၊ ဘယ်တော့မှ ဗိုက်ဝတယ်ဆိုတာမရှိတဲ့ ဗိုက်ပူ၊ မင်းပဲစားလိုက်စမ်းပါ”

ဦးလူနီက ဗိုက်ပူကိုကြည့်ရင်း

“တကယ်လားကွ၊ မင်းက ဘယ်လောက်စားစားမဝဘူးတဲ့လား”

ဗိုက်ပူက ငှက်ပျောသီးပလုပ်ပလောင်းစားရင်း ခေါင်းညိတ်တယ်ဗျ၊

“ဒါဆို မင်းကိုဗိုက်ဝအောင်လုပ်ပေးမယ်၊ ဒီလောက်အစားအသောက်မက်တဲ့ကောင် ဗိုက်ဝရင် နေပေရော့ပဲဟေ့”

ဦးလူနီက ငှက်ပျောသီးတစ်လုံးကိုဖြုတ်လိုက်ပြီးတော့ အခွံခွာတယ်၊ ပြီးတော့ ဆင့်တန်းပေါ်မှာတင်ထားတဲ့ ပုလင်းသေးသေးကလေးကိုယူလိုက်ပြီးတော့ အဲဒီအထဲက ငရုတ်သီးမှုန့်လို အမှုန့်ကလေးတွေ နည်းနည်းဖြူးလိုက်တယ်ဗျ။

“ကဲ၊ ဟောဒီ ငှက်ပျောသီးကိုစားလိုက်၊ နောက်ခုနစ်ရက် ဗိုက်မဆာတော့ဘူးဟေ့”

“ဟာဗျာ၊ ဟုတ်ပါ့မလား ဦးလူနီရ”

“အောင်မယ်၊ မောင်ရှိန်ရ မင်းကိုငါက ညာပြောပါ့မလား၊ ကဲ ဒီလိုလုပ်၊ မင်းတစ်ဝက်စား၊ ဗိုက်ပူကိုတစ်ဝက်ကျွေးလိုက်”

ဗိုက်မဆာဘူးဆိုတာကို ကျုပ်တော့မယုံဘူး၊ လူပဲဗျာ စားချိန်တန်ရင် ဗိုက်ဆာလာမှာပေါ့၊ ဒါနဲ့ ဦးလူနီပေးတဲ့ ငှက်ပျောသီးတစ်ပိုင်းကို စားလိုက်တယ်၊ ဟိုကောင်ဗိုက်ပူဆို တစ်လုပ်ထဲနဲ့ မျိုချလိုက်တာပဲဗျာ၊ စားပြီးသွားရော ကျုပ်ရင်ထဲဘယ်လိုကြီးဖြစ်လာတယ်မသိဘူးဗျာ၊ ခေါင်းတွေလည်း လေးလာတယ်ဗျ၊ ဦးလူနီက ခုနက ငှက်ပျောဖီးကို ကျုပ်တို့အရှေ့ကိုချပေးပြီး

“ကဲ၊ ဒီငှက်ပျောဖီးကို မင်းတို့ကိုပေးတယ်ကွာ၊ မင်းတို့ဆာရင် ကြိုက်သလောက်စားကြ”

ကျုပ်ရင်ထဲပြည့်နေတာဗျ၊ ဘယ်လိုပြောရမလဲဆိုတော့ ထမင်းတွေပြည့်အင့်နေအောင်စားထားတဲ့ ပုံစံမျိုးဖြစ်နေတာ၊ ကျုပ်လည်း မစားနိုင်ကြောင်း လက်ကာပြပြီးငြင်းလိုက်တာပေါ့ဗျာ။ ဒါနဲ့ ဦးလူနီက ငှက်ပျောဖီးကို ဗိုက်ပူအရှေ့ကိုချပေးလိုက်တယ်။

“ကဲ ဘယ်လောက်စားစားမဝတဲ့ဗိုက်ပူ၊ အဲဒီငှက်ပျောဖီးကို မင်းစားလိုက်ကွာ”

ဗိုက်ပူလည်း မစားနိုင်ဘူးတဲ့ဗျ၊ ကျုပ်တို့မှာ ငှက်ပျောသီးကိုမြင်ပေမယ့် စားချင်စိတ်မရှိဘူးဖြစ်နေတာ၊ ဘယ်တော့မဆို အစားအသောက်ဆို မငြင်းတဲ့ဗိုက်ပူတောင် မစားနိုင်ဘူးလို့ ငြင်းတယ်ဆိုတော့ ထူးဆန်းတာပဲ။

“ထူးဆန်းတယ် ဦးလူနီ၊ ကျုပ်စိတ်ထဲ အစာစားချင်စိတ်မရှိဘူးဖြစ်နေတယ်”

“အဲဒီ ရသာယနဆေးစားထားလို့ကွ၊ အဲဒီဆေးနည်းနည်းစားလိုက်ရင် ခုနစ်ရက်အစာစားစရာမလိုဘူးကွ”

“ဗျာ၊ ဒါဆို ဗိုက်မဆာဘူးလား”

“မင်းရော အခုဗိုက်ဆာလို့လားကွ၊ ဒီဆေးက ရသေ့တွေ၊ သူတော်စင်တွေအသုံးပြုတဲ့ဆေးကွ၊ အစားအသောက်စားတယ်ဆိုတာ ဘာလို့စားတာလဲ၊ အရသာရဖို့၊ နောက်ပြီးတော့ အာဟာရရဖို့မဟုတ်လား၊ ဒီဆေးက အစားအစာတစ်ခုရဲ့ အရသာကိုတိုးမြှင့်ပေးပြီးတော့ အဲဒီကနေ ရရှိမယ့် အာဟာရတွေကိုလည်း အဆပေါင်းသိန်းသောင်းချီတိုးမြှင့်ပေးတယ်၊ ဒီတော့ မင်းတို့ကိုယ်ထဲမှာ ငှက်ပျောသီးအလုံးထောင်သောင်းချီတဲ့အင်အားတွေပြည့်နေတယ်၊ အဲဒီအင်အားတွေမကုန်ခင်အထိ မင်းတို့တခြားအာဟာရမလိုအပ်ဘူး၊ ဒါကြောင့် သူတော်စင်တွေ၊ နတ်ဒေဝါတွေ အသုံးပြုတာပေါ့ကွ”

“ထူးဆန်းပါ့ဗျာ၊ ဒါကြောင့် ဦးလူနီက အစာမစားတာဖြစ်မယ်”

“အဟုတ်ပေါ့ကွ၊ ငါအစာမစားတာ ခုနစ်နှစ်နီးပါးရှိပြီ”

ကျုပ်အသိချင်ဆုံးမေးခွန်းတစ်ခု ခေါင်းထဲမှာထွက်လာတယ်ဗျ။

“ဒါဆို အစာမစားတော့ ချီးမပါဘူးပေါ့နော်”

“အဲဒီလိုပြောလို့ရတယ်ကွ၊ လူတွေစားတဲ့အစာတွေက မစင်ကြယ်ဘူးကွ၊ ဒီတော့ အစားအစာကိုစားလိုက်ပြီး ခန္ဓာကိုယ်က အာဟာရကိုစုပ်ယူလိုက်ပြီးတဲ့အခါ ချီးအဖြစ်ပြောင်းလဲပြီး ပြန်စွန့်ရတယ်၊ အဲဒါကြောင့် မစင်လို့ခေါ်တာ၊ ဒါပေမယ့် နတ်တွေ၊ ဒေဝါတွေ စားတဲ့အစားအစာကျတော့ အလွန်တရာမှ စင်ကြယ်တယ်ကွ၊ ဒီတော့ စားလိုက်လို့ လည်ချောင်းထဲရောက်သွားတာနဲ့ အစားအစာက ကျေပျက်သွားပြီးတော့ အာဟာရတွေအကုန်လုံးအဖြစ်စုပ်ယူလိုက်နိုင်တယ်၊ ဒါကြောင့် လူတွေသာ စားပြီးရင် ချေးပါရတယ်ဆိုတဲ့ ဒုက္ခရှိပေမယ့််၊ နတ်တွေ သူတော်စင်တွေမှာ ဒီဒုက္ခမရှိဘူးကွ”

“ဒါဆိုကောင်းလိုက်တာဗျာ၊ ကျုပ်တို့လည်း အိမ်သာတက်စရာမလိုတော့ဘူးပေါ့ဗျာ”

ဒါနဲ့ ကျုပ်က ညကကြုံခဲ့ရတဲ့အဖြစ်တွေကို ဦးလူနီကိုပြောပြလိုက်တာပေါ့ဗျာ၊ ဦးလူနီက သေသေချာချာနားထောင်ရင်း

“နာနာဘာဝတွေဖြစ်မှာပါကွာ၊ သွားပြီးတော့ ရန်မလုပ်ပါနဲ့ သူ့ဖာသူနေပါစေ”

“အိုဗျာ၊ သူ့ကိုရန်လုပ်တာမှမဟုတ်တာ၊ ကိုယ့်ဖာကိုယ် ချီးပါတာပဲ၊ သူက ခြောက်လှန့်တာတော့ လွန်တာပေါ့”

“သူတို့က သူတို့ဖာသာနေတာပါကွာ၊ မင်းဖြစ်ခဲ့တဲ့အဖြစ်ကို ပြန်စဉ်းစားလိုက်ရင် မင်းက ခနောင်းအဖြစ် ထရံကိုချိုးတယ်၊ သူက မချိုးဖို့ပြောတယ်၊ ခနောင်းတံမရှိတဲ့ မင်းအဖြစ်ကိုသိလို့တောင်မှ ခနောင်းတံပေးပြီး ကူညီခဲ့တာပဲ၊ ဒါပေမယ့် သူနဲ့မင်းနဲ့ အမြင်မတူတော့ သူကူညီတာကို ခြောက်လှန့်တယ်လို့ ထင်နေတာပေါ့ကွာ”

“ဘာပဲပြောပြောဗျာ၊ ကျုပ်ကတော့ သူ့ကိုကြောက်တယ်”

“လူတွေတစ်ယောက်ကိုတစ်ယောက်ကြောက်တယ်၊ သတ္တဝါတွေ တစ်ယောက်ကိုတစ်ယောက်ကြောက်တယ်ဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်မသိကြသေးလို့ပါကွ၊ တစ်ယောက်အကြောင်း တစ်ယောက်မသိတော့ ကိုယ့်ကိုရန်ပြုမယ်ထင်ပြီးကြောက်ကြတာပေါ့ကွာ၊ ကဲ၊ ကဲ ဘာမှမပူနဲ့ မင်းကိုသရဲမကြောက်တတ်တဲ့ဆေးထိုးပေးလိုက်မယ်”

“ကျုပ်ကိုလည်းထိုးပေးပါ”

ဗိုက်ပူလည်းလိုချင်တယ်ဗျ၊ ဦးလူနီက ခေါင်းညိတ်လိုက်ပြီးတော့

“အေးအေး၊ တစ်ခုရှိတာက အမဲသားမစားနဲ့ကွ၊ အမဲသားစားလိုက်တာနဲ့ ဒီဆေးကပျက်သွားလိမ့်မယ်၊၊ လာလာ၊ ရှေ့တိုးခဲ့ကြ”

ဦးလူနီက ယွန်းဘူးလေးတစ်ခုကိုဖွင့်တယ်ဗျ၊ ပြီးတော့အထဲကို ရေလေးတစ်စက်နှစ်စက်ထည့်လိုက်ပြီးတော့ ဆေးမှုန့်စိမ်းစိမ်းကလေးတွေကို နှီးဖျားကလေးနဲ့ကလော်ပြီးထည့်တယ်၊ ပြီးတော့ သုံးလက်မလောက်ရှိတဲ့ ဝါးစူးချွန်လိုတစ်ခုနဲ့ မွှေနေရင်း ပါးစပ်ကလည်းရွတ်ဖတ်နေတယ်ဗျ။

“မင်းတို့နှစ်ယောက် ဒီမှာအတူတူလာထိုင်၊ လက်အုပ်ချီထား၊ ပြီးရင် ဟောဒီဆေးတော်ကြီးကို လေးလေးစားစားနဲ့ကန်တော့ပြီး ဆေးစွမ်းပါစေလို့ဆုတောင်း၊ ဒီဆေးကြောင့် ငါအစွမ်းတွေရလာပြီလို့လည်း စိတ်ထဲမှာတွေးမှတ်ထား”

ကျုပ်နဲ့ ဗိုက်ပူလည်း ဘေးချင်းကပ်ဒူးထောက်ထိုင်ပြီးတော့ လက်အုပ်တွေချီလိုက်ကြတယ်၊ ပြီးတော့ ဦးလူနီပြောထားတဲ့အတိုင်း စိတ်ထဲမှတ်နေတာပေါ့ဗျာ၊ ဦးလူနီက ကျုပ်အနားကိုကပ်လာပြီးတော့ ကျုပ်မျက်လုံးနှစ်လုံးရဲ့အလယ်နားကို ဝါးစူးချွန်နဲ့ဆတ်ခနဲထိုးလိုက်တယ်ဗျ။

“အား၊ နာလိုက်တာ”

“ယောက်ျားပဲကွာ၊ ဒီလောက်တော့ တောင့်ခံထားပေါ့ကွ”

ပြီးတော့ နဖူးအပေါ် ဆံစပ်နေရာကို တစ်ချက်ထိုးတယ်၊ ဝါးချွန်ဆိုတော့ စူးတာပေါ့ဗျာ၊ ဗိုက်ပူကိုလည်း ကျုပ်ကိုလုပ်ပေးတဲ့အတိုင်း လုပ်ပေးတယ်ဗျ၊ ပြီးတော့ ကျုပ်တို့လည်း စာသင်တန်းရှိသေးလို့ ပြန်ခဲ့ကြတာပဲ။

ဒါပေမယ့် ကုဋီအနားရောက်တော့ အဘွားကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ အဘွားကြီးက အသက်ခုနစ်ဆယ်လောက်ရှိပြီဗျ၊ ကုဋီတွေကို ရေဆေးပြီး သန့်ရှင်းနေတာပဲ၊ ကျုပ်တို့နှစ်ယောက်လည်း ကုဋီအနားလူရှိတယ်ဆိုတော့ အရင်လိုမပြေးတော့ဘဲ အိန္ဒြေရရလျှောက်ခဲ့ကြတာပေါ့ဗျာ။

(၃)

ဒီညကို မြန်မြန်ကုန်ပါစေလို့ ဆုတောင်းနေတာ ကျုပ်တစ်ယောက်တည်းမဟုတ်ဘူးဗျ၊ ကျောင်းသားတွေအားလုံးပဲ၊ ဦးဇင်းတေဇကတော့ ဒီကိစ္စကိုမသိဘူးပေါ့ဗျာ၊ ညအိပ်ချိန်ရောက်တော့ ကျုပ်ဖြင့်အိပ်မပျော်ပါဘူးဗျာ၊ တခြားသူတွေလည်း ကျုပ်နည်းလည်းကောင်းပဲပေါ့။ ညသန်းခေါင်ရောက်တော့ လေသာကျောင်းအောက်က ကြမ်းပြင်ကို တုတ်နဲ့သုံးချက်ထိုးသံကြားတယ်ဗျ၊ ဒါ ကျောင်းသားကြီးတွေအချက်ပေးတာပဲ၊ ကျုပ်တို့လည်း အသံတိတ်ထလိုက်ပြီးတော့ ကျောင်းအောက်ကိုဆင်းလာခဲ့တာပေါ့ဗျာ။

ကျောင်းအရှေ့နားက သစ်ပင်ကြီးနားမှာ လူစုဝေးလိုက်ကြတယ်ဗျ၊ အရှေ့မှာတော့ ကိုမှန်နဲ့ ကိုထိန်ရပ်နေတယ်။

“ဟေ့ ကိုမှန်၊ ခင်ဗျားကတိအတိုင်းတည်စေနော်ဗျ၊ ကုဋီကို သုံးပတ်ပတ်တဲ့အပြင်၊ ချီးပါ ပါပြရမှာနော်”

“အေးပါကွာ၊ ဟေ့ ငထိန်၊ မင်းသာ မင်းစကားတည်ဖို့လုပ်စမ်းပါ”

“ကျုပ်စကားတည်ပါတယ်၊ မနက်ဖြန် ရွာသူကြီးအိမ် ဆွမ်းချိုင့်အလှည့်ဗျ၊ အသားဟင်းကောင်းတစ်ခွက်တော့ ပါမှာပဲ၊ ခင်ဗျားစားရဖို့သာ ပြင်ထားစမ်းပါ”

ကိုမှန်က ရယ်မောပြီးတော့ ကုဋီအနားကို သွားတယ်ဗျ၊ ကျုပ်တို့လည်း ခပ်လှမ်းလှမ်းကနေ လိုက်ခဲ့တာပေါ့ဗျာ၊ ကုဋီနဲ့ ဝါးနှစ်ရိုက်လောက်ကွာတော့ ကျုပ်တို့မလိုက်တော့ဘူး၊ ကိုမှန်တစ်ယောက်သာ ဆက်သွားတယ်ဗျ၊ ကိုမှန်က ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်ပြီးတော့ ကုဋီကိုသုံးပတ်ပတ်တယ်ဗျ၊ ပတ်ရင်းနဲ့လည်း ကျုပ်တို့ကိုအမျိုးစုံ ပြောင်လှောင်နေတာပေါ့ဗျာ၊ သုံးပတ် ပတ်ပြီးသွားတော့ ကုဋီကိုကြည့်ပြီး

“မင်းလားကွသရဲ၊ ငါမကြောက်ဘူးကွာ၊ ထွက်လာခဲ့၊ ထွက်လာခဲ့စမ်းပါကွ”

အဲဒီလိုအော်ပြီးတော့ ကုဋီအခန်းတစ်ခုထဲကိုဝင်သွားတော့တာပါပဲ၊ ကျုပ်တို့ဝိုင်းကြည့်နေတာဆိုတော့ သူက ကုဋီတံခါးကိုဆွဲပိတ်လိုက်တာပေါ့ဗျာ၊ သူဆွဲပိတ်ပြီးမကြာပါဘူး တခြားအခန်းက ကုဋီတံခါးတွေက အလိုလိုပွင့်ကုန်တယ်ဗျ။

“ဟော၊ ခြောက်နေပြီ၊ ခြောက်နေပြီ”

ကျောင်းသားတွေက အော်ဟစ်ကုန်တယ်၊ ကိုမှန်ကတော့ သိသလား မသိသလားတော့မသိဘူးဗျ၊ နောက်တော့ ကိုမှန်တက်နေတဲ့ကုဋီအခန်းထဲက ဖယောင်းတိုင်မီးက မှိတ်တုတ်၊ မှိတ်တုတ်ဖြစ်နေတယ်၊ ပြီးတော့ ဖယောင်းတိုင်မီးငြိမ်းသွားပြီး အမှောင်ကျသွားတော့တာပါပဲ။ ကျုပ်တို့စောင့်နေပေမယ့် ကိုမှန်တစ်ယောက် ကုဋီခန်းထဲက ထွက်မလာဘူးဗျ၊ ကျုပ်တို့ဆက်စောင့်နေရင်း နာရီဝက်သာသာလောက်ရှိတော့ ကျောင်းသားကြီးတွေ တိုင်ပင်ကြတာပေါ့။

“ကိုမှန်တော့ တစ်ခုခုဖြစ်နေပြီထင်တယ်”

“ဟုတ်တယ်၊ ဝင်သွားတာ ဒီလောက်ကြာနေပြီ၊ ပြန်မထွက်လာဘူးဆိုတော့ ချီးတွင်းထဲနစ်နေတာများလား”

“အေးကွာ၊ တို့တွေစုပြီးသွားကြည့်ရအောင်”

ကျောင်းသားကြီးတွေက မှန်အိမ်တွေထွန်းလိုက်တယ်ဗျ၊ ပြီးတော့ သူတို့ဦးဆောင်ပြီး ကုဋီဆီကို သွားကြည့်ကြတာပဲ၊ ကျုပ်တို့လည်း အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ ကုဋီတံခါးကို အသေပိတ်ထားလို့ မနည်းဆွဲဖွင့်ရတယ်၊ ကံကောင်းချင်တော့ ကုဋီတံခါးမှာ မင်းတုန်းမရှိဘူးဗျ၊ ကြိုးစအဟောင်းတစ်ခုနဲ့ တိုင်မှာချိတ်ရတာဆိုတော့ အားသုံးပြီးဆွဲလိုက်တဲ့အခါ ကြိုးပြတ်ပြီးပွင့်သွားတာပေါ့ဗျာ၊ အထဲမှာ ကိုမှန်က မျက်ဖြူလန်ပြီး လျှာကြီးထွက်လို့ဗျ၊ ကိုယ်အောက်ပိုင်းတစ်ခုလုံးကလည်း ချီးတွင်းထဲကျလို့ဗျာ၊ သူက လူကောင်ကြီးလို့သာ ချီးတွင်းထဲကျမသေတာဗျာ၊ ကျုပ်တို့လို သေးသေးညှက်ညှက်ဆိုရင်တော့ ချီးတွင်းထဲနစ်တာကြာပေါ့။

ကျောင်းသားကြီးတွေလည်း ကိုမှန်ကိုချိုင်းကနေ ဝိုင်းဆွဲလာကြတယ်၊ ချေးတွေလည်း နံစော်လို့ပေါ့ဗျာ၊ ရေစည်အနားကိုချပြီးတော့ ရေနဲ့လောင်းတဲ့အထိ ကိုမှန်သတိမလည်သေးဘူးဗျ၊ နောက်တော့ တခြားဦးဇင်းတွေနိုးလာကြတယ်။ ဦးရေဝတနဲ့ ဦးတေဇဆင်းလာပြီးတော့

“ဟေ့ကောင်တွေ၊ ဘာတွေဖြစ်ကြတာလဲ”

“မှန်ပါဘုရား၊ ကိုမှန်က သရဲကိုမယုံဘူးဆိုလို့ ကုဋီထဲက သရဲကြီးကို စိန်ခေါ်လိုက်တာပါ”

“ဟာ၊ ဒီကောင်တွေတော့ တော်တော်လျော်တဲ့ကောင်တွေပဲ၊ အဲဒီသရဲကြီး သူ့ဟာသူနေတာ သွားမစိန်ခေါ်ကောင်းပါဘူးကွာ”

“ဟာ၊ အရှင်ဘုရား၊ ဒါဆို အဲဒီမှာသရဲကြီးတကယ်ရှိတာပေါ့နော်”

“အေးပေါ့ကွ၊ မြို့လယ်ရပ်က ဒကာမကြီးတစ်ဦးလှူထားတာ၊ အလှူမပြီးခင် ဦးနှောက်သွေးကြောပြတ်ပြီးသေသွားရာကနေ ကုဋီမပြီးစီးတာကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေတာပဲ”

ဦးရေဝတပြောတော့မှ ကျုပ်တို့အကုန်ထိတ်လန့်သွားကြတာပေါ့ဗျာ။

“ဘာမှတော့ အန္တရာယ်မပြုပါဘူး၊ တစ်ခုပဲ သူက ကုဋီကိုစွဲနေတာဆိုတော့ ကုဋီကိုဖျက်လိုဖျက်ဆီးလုပ်တာမကြိုက်ဘူး၊ ဒါပါပဲ၊ မင်းတို့နဲ့တွေ့ရင်လည်း မချေမငံမလုပ်ကြနဲ့၊ ဦးဇင်းကတော့ သူ့ကိုတွေ့ရင် ဒကာမကြီး ဦးဇင်းကုဋီသုံးမလို့ပါ၊ ကုဋီအသုံးပြုရတဲ့ ကုသိုလ်ကောင်းမှုတွေ ဒကာမကြီးရပါစေလို့ ဆုတောင်းလိုက်ရင် သရဲခြောက်ခံရဖို့မပြောနဲ့၊ အရိပ်အယောင်တောင် မတွေ့ရပါဘူး”

“ဒါဆိုအရှင်ဘုရား၊ သူ့ကိုကောင်းမှုကုသိုလ်လုပ်ပေးပြီးတော့ အမျှအတန်းဝေရင်ရော ဘုရား၊ သူမကျွတ်နိုင်ဘူးလား”

ဦးဇင်းရေဝတက ခေါင်းခါရင်း

“အပါယ်ဘုံဆိုတာ သိပ်ကြောက်စရာကောင်းတယ်၊ အမျှဝေတိုင်းသာ ရမယ်ဆိုရင် ဒီဒကာမကြီး ကျွတ်လွတ်သွားတာကြာပေါ့ကွ၊ တို့ကျောင်းမှာ မင်းတို့တွေ နေ့တိုင်းဘုရားဝတ်တက် အမျှဝေနေတာပဲမဟုတ်လား၊ ပြိတ္တာဖြစ်သွားရင် ပြိတ္တာဘဝက ကျွတ်လွတ်ဖို့က ကံတရားလည်းလိုသေးသကွ၊ မင်းတို့ကြားဖူးမှာပေါ့ ကျွတ်ချိန်တန်မှ ကျွတ်တယ်ဆိုတာ”

ကျောင်းသားတွေအားလုံးခေါင်းညိတ်ကြတယ်၊ ဦးတေဇကတော့ ဒီလိုလုပ်ရကောင်းမလားဆိုပြီး ကျုပ်တို့ကို ကြိမ်နဲ့တစ်ယောက်နှစ်ချက်ဆော်တာပါပဲဗျာ၊ မနက်ရောက်တော့ ကိုမှန်က အယောင်ယောင်အမှားမှားနဲ့ထပြီး

“တပည့်တော် ကျောင်းထွက်ပါရစေဘုရား၊ တပည့်တော် ဒီကျောင်းမှာ မနေပါရစေနဲ့”

ဆိုပြီးတော့ ကျောင်းကနေ နေ့တွင်းချင်းထွက်သွားတော့တာပါပဲဗျာ၊ သူဘာတွေမြင်လိုက်ရတယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတောင် ပြန်မဖြေသွားဘူးဗျ။ ကျုပ်ကတော့ စဉ်းစားမိတယ်၊ ဒါဆိုရင် ကျုပ်တို့တွေ့ခဲ့တဲ့အဘွားကြီးက သရဲကြီးများလားလို့ပေါ့၊ အစပိုင်းကတော့ ကြောက်ပေမယ့် နောက်ပိုင်းကျတော့ ဘယ်သူမှမကြောက်တော့ပါဘူးဗျာ၊ ဦးဇင်းရေဝတပြောတဲ့နည်းနဲ့ ပြောရင်အဆင်ပြေပါတယ်၊ အဲ၊ အဆင်မပြေတာ တစ်ခုတော့ရှိတယ်ဗျ။

“ဒီညကစပြီး မင်းတို့ကျောင်းသားတွေ ကျောင်းထိုင်ဆရာတော်ကြီးကို နှိပ်နယ်ပေး၊ ဝတ်ဖြည့််ပေးဖို့ မလိုတော့ဘူး”

ဒီစကားက ကျုပ်တို့ကျောင်းသားတွေအတွက်တော့ သတင်းဆိုးပဲဗျ။

“ဘာ၊ ဘာဖြစ်လို့လဲ အရှင်ဘုရား”

“ကျောင်းထိုင်ဆရာတော်ကြီးက ဒကာလူနီပေးတဲ့ဆေးနဲ့ တွေ့ပြီး၊ ခါးလည်းမနာတော့သလို၊ တစ်ကိုယ်လုံးပေါ့ပါးပြီးတော့ အနင်းအနှိပ်ကင်းသွားပြီဗျ”

“ဗျာ”

ကျုပ်တို့ကျောင်းသားတွေအကုန်လုံး တက်ညီလက်ညီနဲ့အော်လိုက်ကြတာပေါ့ဗျာ၊ ဦးပညာ သင်ပေးတဲ့အထဲမှာ အရာရာတိုင်းမှာ တစ်ဖက်က ကောင်းတဲ့အကျိုးခံစားရပေမယ့် တစ်ဖက်က ဆိုးကျိုးခံစားရတယ်ဆိုတာကို အခုမှပဲ သိတော့တယ်ဗျာ၊ ဦးလူနီဆေးကောင်းလို့ ဆရာတော်ကြီး အနင်းအနှိပ်လွတ်သွားပေမယ့် ကျုပ်တို့ကျောင်းသားတွေကတော့ ညဘက်စာအံတဲ့အချိန်ကနေ ဘယ်သူမှ မလွတ်တော့ဘူးပေါ့ဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်