နှစ်ဘဝချစ်သူ

ပိုပိုရော သူရော အိမ်မှာပဲ စာလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကဆိုတော့ အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။

ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။

“မေမေ ခွေးတွေက ဘာလို့ တအားအူနေတာလဲ မသိဘူးမေမေရယ်။ ပိုပိုစိတ်ထဲမှာ လေး လေးကြီးနဲ့ ငိုချင်သလိုလိုကြီးဖြစ်နေတယ်”

“အေး..မေမေရော နေရတာ မကောင်းဘူး၊ လေးလံထိုင်းမှိုင်းနေတာပဲ၊ သမီးဘုရား ကန်တော့တာ မေမေစောင့်ပေးမယ်လေ။ ပြီးမှ တူတူ အိပ်ယာဝင်ကြတာပေါ့”

မေမေ့အပြောကြောင့် ပိုပို အားရှိသွားပြီးုဘုရားကန်တော့လိုက်ပါတယ်။ နောက်ဖေးဖက် ကို ခြေလက်ဆေးဖို့ သွားတော့ ပိုပို့နှာခေါင်းထဲမှာ သွေးညှီနံ့တော်တော်လေးရလာ ပါတယ်။ သွေးတွေ အများကြီးထွက်ထားတဲ့ အနံ့လိုမျိုးက တော်တော်မသတီစရာ ကောင်းလွန်းတာမို့ မေမေ့ကိုပြောမိပြန်ပါရော။

“အေး တို့ သားအမိဒီနေ့ဘာများဖြစ်တယ်မသိဘူး။ မေမေလည်းနှာခေါင်းထဲမှာ သွေးညှီ နံ့ကြီးရလိုက်တာလို့..လာလာ အိမ်ပေါ်တက်သမီး”

မေမေနဲ့ ပိုပို အိမ်ပေါ်တက်ပြီး အိပ်ယာဝင်လိုက်ပေမယ့် မျက်လုံးက လုံးဝကြောင်နေ ပါတယ်။ ခဏကြာတော့ အိမ်ရှေ့မှာ ခွေးတစ်ကောင်က စူးစူးဝါးဝါးကိုလာအူနေပြန်ပါ တယ်။ ပြီးတော့ ပိုပို့နားထဲမှာ ပိုပို့နာမည်ခေါ်သံကိုကြားလိုက်ပြန်ပါတယ်။

ထူးခြားတာတစ်ခုက ပိုပိုတို့ နယ်တွေဟာ ညရှစ်နာရီခွဲလောက်ဆိုတာနဲ့ လူတိုင်းအိပ် ယာထဲဝင်လေ့ရှိပြီး စောစောစီးစီးအိပ်ကြလေ့ရှိပါတယ်။ အခုဒီနေ့မှ လူတွေက မအိပ် သေးသလို ဆိုင်ကယ်တွေကလည်း ခဏခဏ ဖြတ်သွားဖြတ်လာ လုပ်နေသလိုဖြစ် နေပါတယ်။

မေမေကတောင် ဘာများဖြစ်လို့ တို့ မြို့လေး ဒီည ဂဏှာ မငြိမ်ဖြစ်နေပါလိမ့်လို့ ပြော ပါ တယ်။ မေမေနဲ့ တူတူအိပ်နေပေမယ့် ပိုပို အိပ်မပျော်ပါဘူး။ အိပ်မပျော်လို့ ဘေးတစ် ခြမ်း စောင်းအိပ်လိုက်တာနဲ့ ကုတင်ဘေးမှာ လူတစ်ယောက်မတ်တပ်ရပ်နေတာကို တွေ့ လိုက်ရပါတော့တယ်။
“မေမေ မေမေထဦး။ အိပ်ယာဘေးမှာ လူတစ်ယောက်ရောက်နေတယ်”
မေမေ့ကို လေသံတိုးတိုးလေးနဲ့ နှိုးလိုက်တာနဲ့ မေမေကလည်းနိုးလာပါတယ်။ သားအမိ နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မို့ လန့်သွားပြီး ထိတ်ထိတ်ပြာပြာနဲ့ ခြင်ထောင်ကို မ ပြီး အပြင်ထွက်လိုက်ပါတယ်။
အပြင်ရောက်တော့ အဲဒီလူပုံသဏ္ဍန်က ပျောက်သွားပြီး သွေးညှီနံ့တွေသာ ဖုံးလွှမ်းပြီး နံစော်လို့ နေပါတယ်။

“သမီးရေ ဒါတစ်ခုခုပဲ..ဘာတွေများဖြစ်နေလဲ မသိဘူး။ အခုမှ ဆယ့်တစ်နာရီပဲရှိသေး တယ်။ ခြံထဲ ဆင်းပြီး စနည်းနာကြစို့”
ပိုပိုနဲ့မေမေ ခြံထဲဆင်းပြီး တံခါးနားကနေ ကြည့်နေတုန်း ပိုပိုတို့ ကျောင်းကဂိုက်ဆရာ က ဆိုင်ကယ်နဲ့ ဖြတ်သွားရင်းက ပိုပိုတို့ကိုမြင်သွားပါတယ်။ ဆိုင်ကယ်ကိုခြံရှေ့မှာ ရပ်လိုက်ရင်းကနေ ပိုပိုတို့ဆီကိုလျှောက်လာပါတယ်။

“အန်တီသတင်းကြားပြီးပြီလား..”

“မကြားသေးပါဘူးကွယ်…။ဘာများဖြစ်လို့ပါလိမ့်။ ဘယ်သူတွေဘာ များဖြစ်ကြ လို့ပါလိမ့်”

“ခန့်ညီတို့ ဖြစ်တာပါ..ဆိုင်ကယ်နဲ့ကျောက်တင်တဲ့ကားတိုက်မိတာပါ..ခန့်ညီကတော့ ဖြစ်ဖြစ်ချင်း ပွဲချင်းပြီးပဲဆုံးသွားပါတယ်။ တစ်ယောက်ကတော့ ခုဏကလေးတင် ဆေးရုံရောက်ပြီး မှ ဆုံးတာပါ။ တစ်ယောက်ကလည်းတော်တော်စိုးရိမ်ရပါတယ်”

“ အမလေး ဘုရားဘုရား..မေမေရေ ကယ်ပါဦး..ဘာတွေဖြစ်ကုန်တာလဲ..သမီးတို့ခုဏ တုန်းက ဖြစ်တာတွေက ခန့်ညီများလာတာလား”
ပိုပိုတစ်ယောက်ကြူကြူပါအောင်ငိုကြွေးပါတော့တယ်။

“သမီးရေ နောက်နေ့မှ သတင်းမေးသွားကြတာပေါ့။ စိတ်ထိန်းထားပါဦးသမီးရယ်။ ဖြစ် မှဖြစ်ရလေ..လိမ်မာပြီးစိတ်ထားကောင်းတဲ့ကလေးကိုမှကွယ်”

အရင်းစစ်လိုက်တော့ မီးတစ်ဖက် ပျက်နေတဲ့ ကျောက်တင်ကားကြီးကို ဆိုင်ကယ်မှတ် ပြီး ခန့်ညီတို့က အရှိန်နဲ့ ကျော်တက်လိုက်တဲ့အခါမှာ ကျောက်ကားကြီးနဲ့ ထိပ်တိုက် တိုးပြီး ကံဆိုးမိုးမှောင်ကျခဲ့တာပဲဖြစ်ပါတယ်။

ခန့်ညီရဲ့ နာရေးဟာ ကြက်ပျံမကျစည်ကားခဲ့ပါတယ်။ ပိုပိုတစ်ယောက်လည်း နာရေးအိမ်မှာ ကူလိုက် အိမ်ပြန်ရောက်တဲ့အခါ ငိုကြွေးလိုက်နဲ့ တကယ့်ကိုအရူးမီးဝိုင်း ဖြစ်နေပါတော့တယ်။

ဒါပေမယ့်လည်း မေမေရှိနေသေးတဲ့အတွက်မေမေရဲ့ လမ်းညွှန်မှုနဲ့ ဆယ်တန်းစာမေးပွဲ ကြီးကို အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်။ ခန့်ညီဟာ လုံးဝကျွတ်လွတ်သွားပုံမရပဲ ပိုပို့နားမှာ တဝဲလည်လည်နေပါတယ်။ လူလုံးမပြပေမယ့် သွေးညှီနံ့ တွေနဲ့ နေ့စဉ်ရက် ဆက်ဆိုသလိုပေးနေပါတယ်။ ညနေစောင်းအချိန်တွေနဲ့ ညအချိန်တွေတိုင်းမှာ တော်တော်လေးကို သွေးညှီနံ့တွေရတတ်ပါတယ်။

အဲဒီလိုရတိုင်းလည်း ပိုပိုတစ်ယောက်သူ့အတွက်ရည်စူးပြီးလုပ်တဲ့ ကုသိုလ်တွေကို အမျှပေးဝေလေ့ရှိတာပါပဲ။ ပြီးတော့ ပိုပိုက ခန့်ညီရဲ့ အုတ်ဂူလေးဆီကိုလည်း သူကွယ် လွန်တဲ့ ရက်ရောက်တိုင်း တစ်လတစ်ခါဆိုသလို သန့်ရှင်းရေးတွေလုပ်လိုက် ကောင်းမှု ကုသိုလ်တွေကို အမျှဝေလိုက်လုပ်ခဲ့ပါတယ်။

ခန့်ညီဟာ အနံ့ ပေးတာမျိုးကလွဲလို့ လူအကောင်လိုက်ပြပြီးခြောက်လှန့်ခြင်းမျိုးတော့ မရှိခဲ့ပါဘူး။ ခန့်ညီရဲ့ မိဘနှစ်ပါးကဆိုရင်လည်း သူတို့သားလေးစိတ်ကြောင့် ကျန်းမာ ရေးတွေ ထိခိုက်တာမျိုးအထိဖြစ်ခဲ့ရပါတယ်။ ကောင်းမှုကုသိုလ်တွေကိုလည်း အမြဲလုပ် ပေးပါတယ်။

ဒီလိုအခြေအနေမျိုးကြောင့်ပဲလားမသိ…ခန့်ညီဟာ တစ်နှစ်ကျော်လောက်ကြာတဲ့အချိန် မှာတော့ ဘယ်လိုခြောက်လှန့်မှုမျိုးမှ မရှိတော့ပါဘူး။ သေသောသူကြာရင်မေ့ဆိုတဲ့ အတိုင်းပဲ တကယ်တမ်းကြတော့ အကြောင်းအရာ တိုက်ဆိုင်မှုတွေရှိတော့မှ သတိရ တတ်ကြသလိုပဲ ခန့်ညီကိုလည်း တဖြေးဖြေးမေ့လျော့လာကြပါတော့တယ်။

အခန်း(၂)

ဒီလိုတွေဖြစ်ပြီးကတည်းက ပိုပို ဘယ်ကိုမှမသွားတော့ပဲ အိမ်ထဲမှာပဲ အိမ်တွင်းအောင်း နေခဲ့တာပါ။ ခန့်ညီသေဆုံးပြီး သုံးနှစ်နီးပါးရှိတဲ့အချိန်မှ ပိုပိုလည်း အနည်ထိုင်လာပါ တော့တယ်။

ပိုပိုပထမဆုံးအပြင်ထွက်ပြီး လူကြားသူကြားထဲသွားရမယ့် ပွဲက ကထိန်အလှူတစ်ခု ဖြစ်ပါတယ်။ ကထိန်အလှူလည်း တကယ်တော့မသွားချင်ပါဘူး။ မေမေက အတင်းခေါ် လို့ သွားရဖို့ ဖြစ်လာတာပါ။

“မေမေ ပို မလိုက်လို့ မရဘူးလား”

“လိုက်ခဲ့ပါသမီး..နှစ်တွေလည်းအတော်ကြာပြီလေ..။ အခုက ကုသိုလ်ရေးမို့ မေမေခေါ်တာပါ”

မေမေပြောတာလည်းဟုတ်ပါတယ်။ လူတွေရဲ့ ခန့်ညီကောင်မလေးသနားပါတယ်ဆိုတဲ့ အကြည့်တွေ၊ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့ ရင်နာစရာ အတိတ်ကို အလိုက်မသိ ပြန်မေးမှု တွေကြောင့် ပိုပို တတ်နိုင်သမျှ လူတွေနဲ့ အဝေးဆုံးမှာ နေဖြစ်ခဲ့တာပါ။

ဆယ်တန်းအောင်ပြီး အဝေးသင်တက်တဲ့ ပိုပိုက တစ်ဖက်မှာလည်း ဒီဇိုင်နာသင်တန်းကို တက်ပြီး အိမ်မှာပဲ တစ်ချိန်လုံး တကုပ်ကုပ်နဲ့ အဝတ်အထည်တွေချုပ်ပြီးနေခဲ့တာလေ။ အခုတော့ မေမေကလည်း အတင်းခေါ်နေ၊ ကိုယ့်အပ်ထည်ဖောက်သည်တွေကလည်း အတင်းဖိတ်နေကြတာမို့ ကထိန်အလှူပွဲကို ပိုပိုလိုက်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းလည်းရောက်ရော ပိုပို့စိတ်တွေ တုန်လှုပ်စေမယ့် လူတွေကို တွေ့လိုက်ရပါတော့တယ်။

“ဟင်…ဟိုမှာ ခန့်ညီကောင်မလေးပါလား..သမီးလေး ပိုပို မဟုတ်လား”
“ဟုတ်ပါတယ်အန်တီ..အန်တီနေကောင်းရဲ့လား”

“အန်တီအစပိုင်းတွေတုန်းက တော်တော်လေးကို ခံစားရခဲ့တာပေါ့ သမီးရယ်.. အခု တော့အနည်ထိုင်ပါပြီ။ ခန့်ညီကလည်း အန်တီ့ဆီကို ပြန်ရောက်လာခဲ့ပြီလေ”

“ရှင်”

“ဘယ်သူ့ကိုမှ တော့မပြောပြပါနဲ့ ဦးနော်သမီး။ သမီးသိရင် သမီးရဲ့ ဝမ်းထဲမှာပဲ ထား ပါနော်”

“ဘာကိုလဲ အန်တီ”

“ခန့်ညီ လူပြန်ဝင်စားခဲ့ပြီလေ”

“ရှင် တကယ်လား… ဝမ်းသာလိုက်တာ.. သမီးတွေ့ချင်လိုက်တာ”
“မြသက်ချယ် ကလေးကို ခေါ်လာခဲ့”

ခန့်ညီရဲ့ အမေက သူ့သမီးကြီးဖြစ်သူကို ပြောလိုက်ပါတယ်။ ဂါဝန်လေးပေးဝတ်ထား တဲ့ တစ်နှစ်ကျော်ကလေးမလေးဟာ သူ့အမေလက်ထဲကနေ ပိုပို့မျက်နှာကိုစိုက်ကြည့် ပြီး မျက်ရည်တွေလည်လာရင် ဝမ်းပန်းတနည်း ငိုချလိုက်ပါတယ်။

ပြီးတော့ ပိုပို့နောက်ကို လိုက်မယ်ဆိုပြီး ထိုးဆင်းချလိုက်ပါတယ်။ ကိုယ့်ရင်ခွင်ထဲကို ငိုပြီး ဝင်လာတဲ့ကလေးကို ပိုပိုက ချီထားလိုက်ပါတယ်။ ချီထားလိုက်ရင်းလည်း စိတ် ထဲက နွေးထွေးတဲ့ ခံစားချက်ကိုရပါတယ်။
ကလေး က တစ်နှစ်ကျော်အရွယ်လောက်ဖြစ်နေပြီး စကားစပြောတတ်ကာစအရွယ် ဖြစ်ပါတယ်။ ပိုပိုကလေးကို ချော့တယ်။ ခန့်ညီအမေက သူ့မြေးအဖြစ်ပြန်ဝင်စား တယ်လို့ ယုံနေတဲ့ ကလေးကို ပြောလိုက်ပါတယ်။

“ကိုကို သားသား သူ့နာမည်ဘယ်သူလဲ”

“ပိုပို..သူက ပိုပို”

ကလေးက ပိုပိုနဲ့ တကယ့်ကို တစ်ခါမှ မတွေ့ဘူးတာပါ။

ကလေးက ပိုပို့ကိုမှတ်မိနေတော့ ဘေးနားကကြည့်နေတဲ့ပိုပို့ မိခင်တောင် အံ့သြသွား ပါတော့တယ်။ ပိုပိုလည်းအံ့သြတယ်။ အော်လူဖြစ်ဖို့ နီးစပ်လိုက်လေခြင်းလို့ လည်း စိတ်ထဲ မှာ မှတ်ထင်လိုက်ပါတယ်။
ဒီကလေးလေးကို ကိုယ်ဝန်မဆောင်ခင်က ခန့်ညီက သူအစ်မဆီကို အမြန်ဆုံးပြန်လာ မှာ ဆိုတဲ့ အကြောင်းသူ့အမေကိုလည်း အရမ်းလွမ်းနေပြီဆိုတဲ့အကြောင်းတွေကို အိပ် မက်တွေလာလာပေးခဲ့ပေမယ့် သူဆုံးပြီး တစ်နှစ်ကြော်ကြာတဲ့အချိန်မှသာ တကယ် ဝင်စားဖြစ်တာလို့လည်း ပြောပြခဲ့ပါတယ်။ ဒါကြောင့်ကလေးဟာ ခန့်ညီဆုံးပြီး သုံးနှစ် ကြာမှာ အသက်တစ်နှစ်ကျော်လေးပဲ ရှိသေးတာဖြစ်ပါတယ်။

ကလေးလေး ကြီးလာလို့ စကားတွေ အများကြီးပြောတတ်မယ့် အချိန်ကိုလည်း သူ့မိ ဘတွေကစောင့်နေတယ်လို့ ပြောလာပါတယ်။ ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးဟာ ပိုပို့ ကို တအားကပ်ပြီး နေပါတယ်။ ကလေးလေးက မိန်းကလေးဖြစ်ပေမယ့် ယောက်ျား ဆန်ဆန်လေးနဲ့ ခန့်ညီငယ်ငယ်တုန်းကနဲ့ ချွတ်စွပ် တူပါတယ်။

ခန့်ညီမိဘတွေဟာ ခန့်ညီဆုံးပြီးနောက်မှာ သူတို့ ဒီနယ်မှာ ရှိတဲ့ အိုးပိုင်အိမ်ပိုင်ကို တံ ခါးတွေပိတ်ပြီး ခန့်ညီအစ်မရှိတဲ့ မနီးမဝေးမြို့ကလေးမှာ သွားပြီးနေကြပါတယ်။ တစ်ခါ တစ်လေမှ ပြန်လာတာလည်း ဖြစ်ပါတယ်။ အခုလို တစ်မြို့လုံးကျင်းပတဲ့ကထိန်ပွဲလို မျိုးဆိုရင်တော့ ပြန်လာလေ့ရှိပါတယ်။

အခုတော့ သူ့မိဘတွေက အဲဒီမြို့လေးနဲ့ သူတို့နေရပ်မြို့လေးကို သွားလိုက်လာလိုက် တွေ ခဏခဏ ပြုလုပ်နေပါတယ်။ မေမေက ပိုပို့ကို ခန့်ညီလည်းမရှိတော့တာမို့ ခန့် ညီတို့ အိမ်က အခေါ်လွှတ်တိုင်း မသွားစေချင်ပါဘူး။ ပိုပိုကလည်းနောက်ပိုင်းမှာ နာမည်ရဒီဇိုင်နာတစ်ယောက်ဖြစ်လာတာမို့ လက်ရှိဘဝမှာပဲ အခြေတကျနေထိုင်နေခဲ့ ပါတယ်။ဒီလိုနဲ့ နှစ်တွေကြာလာလိုက်တာ ခန့်ညီဝင်စားတဲ့ ကလေးမလေး(ကိုကို) တောင် ဆယ်နှစ်နီးပါးလောက်ရောက်လာပါတယ်။

တစ်နေ့တော့ ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးမလေး အမေက ပိုပိုတို့ အိမ်ကိုလာ လည်ပြီး ပြောပြပါတယ်။

“ခန့်ညီကလေ သေပြီးပြီးချင်းနောက်ပိုင်းမှာ ပိုပိုဆီပဲ စိတ်ရောက်နေလို့ ခဏခဏ သွား ခဲ့တယ်လို့ ပြောပြပါတယ်။ ပိုပို့ကိုလာကြည့်ပြီးရင် ဘုရားနားလေးကနေ လူတွေဖြတ် သွားဖြတ်လာတာကို တစ်နေကုန် ထိုင်ကြည့်နေရတယ်လို့လဲ ပြောပြခဲ့တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေ ဆိုင်ကယ်နဲ့ ဘုရားလာဖူးတာမြင်ရင် သူ့ကိုမြင်သွားမှာ စိုးလို့ သူသရဲ ဖြစ်နေတာကို ရှက်လို့ ဆိုပြီး ဘုရားနောက်နားလေးမှာ ဝင်ပုန်းနေတာတဲ့”

“ဟုတ်လား..ကိုကိုလေးက ပြန်ပြောပြတာလား”

“ဟုတ်ပပိုပိုရယ်… အစွဲအလန်းများ သိပ်ကြောက်စရာကောင်းလွန်းတယ်..သိလား။ အိမ်ပြန်တော့မယ် ငါ့ရည်းစားအိမ်ရှေ့နားက ဖြတ်ပြန်ရမယ်။ ပိုပိုနိုးနေရင် မုန့် ဝင်ပေး ဦးမယ်ဆိုပြီး နောက်ဆုံးတွေးလာတဲ့ စိတ်ကြောင့် သူသေပြီးပြီးချင်းသမီးဆီတန်းရောက် ခဲ့တာပဲ”

နောက်ပိုင်းမှာတော့ ခန့်ညီဟာ သူ့အစ်မသူတို့မြို့ကလေးကိုလာတိုင်း သူ့အစ်မနောက် ကနေလိုက်ပြီး သူဝင်စားဖို့ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ ခန့်ညီအစ်မရေသောက် တဲ့ခွက်ထဲကနေ သူဝင်စားခဲ့တယ်လို့လည်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးကို ဒီဖက်ဘဝမှာ မိန်းကလေးနာမည်လှလှလေး ပေး ထားပေမယ့်လည်း တစ်အိမ်လုံးက ကိုကိုလို့ ခေါ်ကြပါတယ်။ ကလေးမလေးကလည်း ယောက်ျားလေးဆန်ဆန်ပဲ နေပါတယ်။ ခန့်ညီဘဝတုန်းက ကြိုက်တဲ့ အရာတွေ အား လုံးကို ကြိုက်ပါတယ်။ အခု ဘဝသူ့အမေရင်းကို အစ်မလို့ ခေါ်ပြီး သူ့ အဖွားနဲ့ အဖိုး ကို မေမေဖေဖေ ပဲ ခေါ်ပါတယ်။

နောက်ပိုင်းမှာတော့ ကိုကိုလေးရဲ့ အဖိုးအဖွားတွေကျန်းမာရေးကြောင့် ပိုပိုတို့ မြို့ လေးကို အချိန်တော်ကြာစွန့်ခွာ သွားပါတော့တယ်။ ခန့်ညီတို့ အိမ်ကြီးကတော့ လမ်းမတန်းမှာ သော့ခတ်ထားတုန်းတန်းလန်းနဲ့ အထီးကျန်နေပါတော့တယ်။

အခန်း(၃)

အခုဆိုရင် ပိုပို့အသက်က သုံးဆယ်နားကပ်နေပါပြီ။ ကိုယ့်ကိုနားလည်ပေးတဲ့ ချစ်သူ တစ် ယောက်လဲ ပိုပို့မှာ ရှိနေပါပြီ။ အိမ် ကလည်း သဘောတူတာမို့ ပိုပိုတစ်ယောက် သူ့ဘဝရှေ့ရေးသာယာဖြောင့်ဖြူးနေပြီလို့ အထင်ရောက်နေခဲ့ပါတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့ဖေ့ဘွတ် အကောင့် ကိုလာအပ် ခဲ့ပါတယ်။ ဒါကြောင့် ပိုပိုဟာဗြုန်းကနဲ မမှတ်မိပဲ လက်ခံ လိုက်မိပါတယ်။

လက်ခံပြီးမှ ဒီကလေးမလေးဟာ ကိုကို ဆိုတာကို သိလိုက်ရပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ညီမလေး အရွယ်ကလေးတစ်ယောက်ပဲမို့ လက်ခံလိုက်ပါတယ်။

“ပိုပို..အစ်မကိုတွေ့တိုင်း ကျွန်တော့်စိတ်တွေ ဘာဖြစ်မှန်းမသိဘူး။ ကျွန်တော် အသက် မြန်မြန်ကြီးပါစေလို့ ဆုတောင်းနေပါတယ်။ အစ်မဆီကို အမြဲ လာကြည့်ချင်တယ်”

“အင်းညီမလေးက ဘယ်နှစ်တန်းရောက်နေပြီလဲ”

“ကိုကို့ကို ညီမလေးလို့ မခေါ်ပါနဲ့ ကျွန်တော်ကိုးတန်းတက်တော့မှာ”
“အင်း..စာကြိုးစားနော်”

“စာတွေ ကြိုးစားဆိုတာထက် ကျွန်တော် တစ်နှစ်တစ်တန်းအောင်ပြီး အသက်မြန်မြန် ကြီးချင်တာ.. အစ်မနားမှာ လာနေချင်တာ။ ကျွန်တော်တို့ မခွဲပဲ တူတူနေကြမယ်။ အစ်လည်းအိမ်ထောင်မပြုနဲ့ ကျွန်တော်လည်း အိမ်ထောင်မပြုဘူးလေ။ အဲဒီလို နေချင်တာ”

ပိုပို စာတွေဖတ်ရင်း စိတ်ညစ်လာပါတယ်။ ပစ်ပစ်ခါခါလည်းမပြောရက်ပါဘူး။ သူ့ ကံကြမ္မာကိုလဲ သူ သိပ်အံ့သြမိပါတယ်။ သေကွဲကွဲမယ်ဆိုရင်လည်း ကံကြမ္မာရယ် သူ့ကိုဘာလို့ပြန်ပို့နေဦးမှာလဲ။ နဂိုကတည်းက ဆုံစေချင်ရင် သေမင်းရယ် မခေါ်ပါနဲ့ လားလို့ သူထပ်ခါထပ်ခါအပြစ်တင်နေရပါတယ်။

ဒီဖက်က နားလည်မှု အပြည့်ရှိတဲ့ချစ်သူကလည်း ကလေးအရွယ်မို့ ဒီလိုတွေ ပို့နေ တာပါ။ နောက်ပိုင်းမှာတော့ ကိုကိုလေးက နားလည်လာမှာပါလို့ အားပေးနေပါတယ်။ ဒါပေမယ့် ပိုပိုစိတ်ထဲမှာ သိနေတာကတော့ ဒီပြဿနာဟာ အေးဦးမှာ မဟုတ်ဘူး ဆိုတာပါပဲ။

နောက်ပိုင်းမှာတော့ကိုကိုက ဖုန်းတွေဆက်၊ စာတွေပို့ ဆက်တိုက်ဆိုသလိုတွေ လုပ် နေပါတယ်။ နားလည်မှု ပေးပါတယ်ဆိုတဲ့ ပိုပို့ချစ်သူဆီက ငြိုငြင်တဲ့အသံတွေ ဆက် တိုက်ဆိုသလို ကြားလာရတဲ့ အခါမှာတော့ ပိုပို က ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။

လက်ရှိချစ်သူနဲ့ အမြန်ဆုံးလက်ထပ်လိုက်ပါတော့တယ်။ ကိုကိုက ဒီသတင်းကိုကြား တဲ့ အခါ မူးမေ့သွားတယ်ဆိုတဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ ပိုပိုရဲ့ မင်္ဂလာဦး အချိန်တွေကို ဖြတ်သန်းရပါတယ်။

ပိုပို ဟာ အကြိမ်ကြိမ်အခါခါစဉ်းစားပါတယ်…။ သူမှားလား သူမှန်လားကိုလည်း မဝေခွဲ တတ်ပါဘူး…တစ်ခါခါမှာ အခုလက်ရှိ အိမ်ထောင်ဖက်ကို အားနာမိသလို တစ်ခါခါမှာ ကိုကိုဆိုတဲ့ ကောင်မလေးကို လွမ်းဆွတ်ရင်း ဘဝခရီးလမ်းကို ဆက်လက်ဖြတ်သန်း နေပါတော့တယ်။
စာဖတ်သူတွေသာ ပိုပိုနေရာမှာ ဆိုရင်ရော ဘယ်လိုလုပ်မိကြမှာ ပါလိမ့်နော်..။