ပျဉ်းမပင်ကရွာလူကြီးသည် လှဲလျောင်းနေလိုက်ကြသည်။ တခြားသောလူများသည် အချင်းချင်း စကားပြောနေကြသည် ။လယ်ယာများအကြောင်း၊သားသမီးများအကြောင်းနှင့် ထွေရာလေးပါးစကားများ ပြောနေကြသည့်အသံက ပေတူးနားထဲ တိုးဝင်လာသည်။သူတို့၏ စကားများကို နားထောင်လိုခြင်း မရှိသော်လည်း အသံသည်က နားထဲရောက်လာ၍ ပြောနေကြသည်များကို နားထောင်မိနေသည် ။
“အင်း ကျမသားက အခုဆို ကောလိပ်တက်နေတာလေ ”
“ဟုတ်လား ကောင်းတာပေါ့ရှင် ကျမသားက စာရေးကြီးဖြစ်နေပြီ တော့ ”
“ကျမကတော့ သားကိုအရာရှိလေးဖြစ်အောင် အစိုးရဝန်ထမ်း ပဲ လုပ်ခိုင်းမလားလို့ ”
” နေဦး ဟိုကောင်လေးက ကျမတို့နဲ့ တဘူတာထဲ တက်တာ မဟုတ်လား ”
“ဟုတ်တယ်လေ ”
“သူ့ခေါင်းရင်းက ဘုန်းကြီးက ဘယ်လိုလုပ်ပါလာတာလဲ ”
” အေး ဟုတ်ပါ့တော် ”
ထိုအမျိုးသမီးနှစ်ယောက်၏ စကားသံကြောင့် ပေတူး အနည်းငယ်အံ့ဩမိ၏။ရထားတွဲပေါ်တွင် ကောင်လေးဟု ခေါ် နိုင်လောက်သည့်အရွယ်ဆို၍ သူ တယောက်တည်းသာရှိသည် ဖြစ်ရာ သူ့အားဆိုလိုသည်မှာ သေချာသည်။ခေါင်းရင်းက ဘုန်းကြီးဆိုသောကြောင့် သူ ငုတ်တုတ်ထထိုင်လိုက်၏။ထို့ နောက် ဘေးကို ကြည့်လိုက်သောအခါ ဦးတိလောက၏ ပုံရပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ထိုအခါ အမျိုးသမီးနှစ်ယောက်သည် ကြောက်လန့်နေဟန်ဖြင့်
“ကောင်လေး နင့် နင့်အနားက ဘုန်းကြီး ဘယ်ပျောက်သွားတာလဲ ချက်ချင်းကြီး ”
“ဘယ်သူမှ မရှိပါဘူး အရီးတို့ရယ် ”
“ရှိတယ်ဟဲ့ ငါတို့ စကားပြောနေတော့ အဲ့ဒီဘုန်းကြီးက ငါတို့ကို သေချာကြည့်နေတာ ”
“အမြင်မှားတာသာ ဖြစ်မှာပါဗျာ ”
ပေတူး မည်သည့်စကားမှ ပြန်မပြောတော့ပဲ အိပ်လိုက်သည်။စကားများနေသောအမျိုးသမီးကြီးနှစ်ယောက်လည်း နောက် ထပ် မည်သည့်စကားမှ မပြောကြတော့ပဲ ငြိမ်သွားရှာသည်။ ထို့နောက် အချိန်သည် တဖြည်းဖြည်းကုန်လာကာ ရထားပေါ်တွင် ရထားပေါ်လိုက်ပါလာသော သူများငိုက်မြည်းလာကြသည်။သူတို့ နည်းတူ ပေတူးသည်လည်း ရထားခုံတွင် အိပ်နေစဉ် တစုံတယောက်မှ လှုပ်နိုးနေသလို ခံစားရသဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ထိုအခါ သူအား ငုံ့ကြည့်နေသော ဘုန်းကြီးတပါးကို တွေ့လိုက်ရသည်။မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် အနည်းငယ်လန့်သွားသော် လည်း ကြုံတွေ့ခဲ့ရသော အတွေ့ အကြုံများကြောင့် ရုပ်ပျက် ဆင်းပျက် လန့်ဖျန့်ခြင်းမျိုးတော့ မဖြစ်ပေ။ထို့နောက် အိပ် နေရာမှထလိုက်ပြီး တခြားသောသူများကို တချက်ဝေ့ကြည့်လိုက်သည်။ခရီးသည်များအားလုံး အိပ်ပျော်နေကြပြီ ဖြစ် သည်။တချို့လူများ၏ ချောင်းတချက်နှစ်ချက်ဆိုးသောအသံနှင့် တဂျုံးဂျုံးနှင့် ရထားခုတ်မောင်းနေသော အသံအပြင် စရွေးချောင်နေ၍ တခါတခါ ကျီး ကျီးအော်သံသာ ကြားရသောအချိန်ဖြစ်သည်။ပေတူးသည် သူ၏ဘေးတွင် ထိုင်နေသော ဘုန်းကြီးကို ကြည့်ကာ
“ဘုန်းကြီး ကျုပ်ကို ဘာကြောင့်နှိုးတာလဲ ”
“ငါ ပျဉ်းမပင်ကို အရင်ရောက်သွားပြီးပြီ ရထားလမ်းမှာ သစ် တုံးကြီးတတုံး ကန့်လန့်ခံနေတယ် လမ်းကအကွေ့ ငါ ထင်တယ် သစ်ခိုးထုတ်တဲ့ကောင်တွေ ဆင်နဲ့ ဆွဲပြီး ရထားလမ်းပေါ် ကျန်နေခဲ့တာ ဖြစ်မယ် ”
“လိုသေးလား အဲ့ဒီနေရာရောက်ဖို့ ”
“မလိုတော့ဘူး မင်းတို့ ရထားကိုရပ်ပါ မရပ်ရင် သစ်တုံးကြောင့် ရထားလမ်း လျှောလိမ့်မယ် ”
“အဲ့တာမှ ခက်ပြီ ဘယ်လိုလုပ်ရပ်ခိုင်းရမှာလဲ မသိတော့ဘူး ”
“မရပ်ရင်တော့ လူတွေ ဒုက္ခရောက်ရလိမ့်မယ် ငါလည်း ဒါပဲ တတ်နိုင်တယ် ”
ဘုန်းကြီးသည် ပေတူးအား စကားဆိုပြီး ပျောက်ကွယ်သွား လေသည်။ထိုအခါ ပေတူးသည် ခေတ္တစဉ်းစားလိုက်ပြီး သူနှင့် ပထမဆုံး ရထားပေါ်တွင် စကားပြောသောလူကြီးကို အတင်း လှုပ်နှိုးလိုက်ကာ
“ဦးလေး ဦးလေး ထပါဦးဗျ ”
“ဘာဖြစ်လို့လဲကွ အိပ်ကောင်းနေတာကို ”
“နောက်မှအိပ် ဦးလေးရေ ရထားက ရပ်မှ ဖြစ်မယ် သစ်လုံးတလုံး လမ်းကွေ့ မှာ ပိတ်နေတယ်တဲ့ဗျ ”
“ဟ မင်းက ဘယ်လိုလုပ်သိလဲ ”
“ကျုပ် ပြောတာကိုသာ ယုံစမ်းပါဗျာ ”
ထိုလူကြီးသည် ပေတူးအား သေချာကြည့်ရင်း ခေါင်းကို ခါ ယမ်းလိုက်လေသည်။သူ၏စိတ်ထဲတွင် ပေတူးအား ရူးများရူးနေတာလားဟုလည်း ထင်ကောင်းထင်နိုင်ပေသည်။ရထားပေါ် အတူတက်လာသူက အဘယ့်ကြောင့် ရထားလမ်းတွင် သစ်လုံး ပိတ်နေသည်ကို သိနိုင်ပါမည်နည်းဟု တွေးနေခြင်းလည်း ဖြစ်နိုင်သည်။ထို့ကြောင့် လူကြီးသည် ပြန်အိပ်ဖို့ပြင်လိုက်စဉ် ပေတူးမှ ထိုလူကြီးအား အအိပ်မခံဘဲ အတင်းဆွဲထူပြီး စကားထပ်ဆိုလိုက်သည် ။
“ဦးလေး ကျုပ်ပြောတာ ယုံဖို့ခက်တယ်ဆိုတာ ကျုပ်သိတယ် ကျုပ်ကို ဘုန်းကြီးတပါးက လာပြောတာ ရထားကို ရပ်ခိုင်းဖို့ လုပ်စမ်းပါဗျာ ”
“ဟ ငါက ရထားထိန်းမှမဟုတ်တာ ဘယ်လိုရပ်ခိုင်းရမှာလဲ မင်းကို လူကောင်းလေးလို့ ငါက ထင်ထားတာ မင်းက လွတ်နေတာပဲ ”
” ခင်ဗျား ထင်ချင်သလိုသာ ထင်ဗျာ ဒီသောက်ရထားကို ရပ် ဖို့ လုပ်စမ်းပါ ”
“ဟေ့ကောင် မင်း မိုက်ရိုင်းလှချည်လား ”
ပေတူးနှင့် ပျဉ်မပင်ဆင်းမည့်လူကြီး စကားများနေပြီဖြစ် သည်။သူတို့၏ အော်ကြီးဟစ်ကျယ်အသံများကြောင့် တခြားသောသူများ နိုးလာပြီး အခြေအနေကို အကဲခတ်နေကြသည်။ ပေတူးသည် အိပ်နေရာမှ နိုးလာသော သူများဘက်လှည့်ပြီး
“ခင်ဗျားတို့ ဒီရထားကို ရပ်အောင် တခုခုလုပ်စမ်းပါ ရှေ့က လမ်းကွေ့ မှာ သစ်တုံး ခံနေတယ်တဲ့ဗျာ ”
“မဖြစ်နိုင်တာ မင်းက ဘယ်လိုလုပ်သိတာလဲ ငါတို့နဲ့ အတူ ရထားပေါ် တက်လာတာကို ”
“ကျုပ်ကို ဘုန်းကြီးတပါး လာပြောပြသွားတာဗျ ကျုပ်ပြောတာ ယုံစမ်းပါ ”
“ကောင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးနေတာလား မသိဘူး ဒီ ပေါ် မှာ ဘယ်ဘုန်းကြီးမှ မပါလာဘူး ”
ကျန်သောသူများမှ ထိုသို့စကားကို ဆိုပေမဲ့ မိန်းမကြီးနှစ်ယောက်သည် တယောက်မျက်နှာတယောက် ကြည့်ကာ ပေတူး၏ စကားကို ထောက်ခံလိုက်ကြသည်။
“ဟုတ်တယ် ငါတို့ နှစ်ယောက် စောနက အဲ့ဒီကောင်လေး ဘေးမှာ ဘုန်းကြီးတပါးကို တွေ့လိုက်တယ် ”
“ခင်ဗျားတို့ကလည်း အရူးစကားကို ယုံနေပြန်ပြီ ”
တခြားသောသူများသည် ပေတူး၏စကားကို ထောက်ခံ သော အမျိုးသမီးကြီးနှစ်ဦးကိုပါ အပြစ်ဆိုနေသည့်အတွက် အခြေအနေမှာ ဆူညံဆူညံ ဖြစ်လာသည်။ပေတူး နှင့် အမျိုးသ မီးနှစ်ဦးက တဖက် ပျဉ်မပင်တွင်ဆင်းမည့် လူကြီး နှင့် ကျန် သောခရီးသည်များက တဖက် အခြေအတင်ဖြစ်လာပြီး ဂျုန်း ဂျုန်းဂျက်ဂျက် ရထားခုတ်မောင်းသံကိုပါ ကျော်လာ၍ ရထားပေါ် ရှိပုလိပ်များ ရောက်လာကြသည်။ပုလိပ်များ၀န်းရံလျက် ရောက်လာသော ရထားအရာရှိသည် အသံခပ်မာမာနှင့် ပေတူး တို့ကို ကြည့်ကာ စကားပြောလာလေသည်။
“ခင်ဗျားတို့အတွဲက ဆူညံနေတာပဲ ဘာဖြစ်တာတုန်း ”
“ဦးလေး ရှေ့လမ်းကွေ့ မှာ သစ်တုံးပိတ်နေတယ် ရထားကို ရပ်မှ ဖြစ်မယ် ”
ပေတူး၏စကားမှာ အထူးအဆန်းဖြစ်နေ၍ ရထားအရာရှိသည် ပေတူးအား သေချာကြည့်ကာ မေးမြန်းလိုက်လေသည်။
“မင်းက ဘာလို့ အဲ့ဒီလိုပြောတာလဲ ”
“ဘုန်းကြီးတပါးက ပြောခိုင်းလိုက်တာ ရှေ့မှာ သစ်လုံးပိတ် နေတယ်တဲ့ ”
“ဘုန်းကြီး ဟုတ်လား မျက်နှာက သွေးရောင်မရှိပဲ ကြောက် စရာပုံစံနဲ့ ဘုန်းကြီးလား ”
“ဟုတ်တယ် ”
ပြောရခက်မည်ဟု ထင်ထားသော ရထားအရာရှိမှာ ပေတူး၏ စကားကို ယုံကြည်ကာ ရထားခေါင်းတွဲဆီသို့ အလျှင်အမြန်ထွက်ခွာသွားပါလေတော့သည် ။
*အခန်း (၃)
ရထားခေါင်းတွဲထဲတွင််် ဖြစ်သည်။ရထားထိန်းသည် ရထားအား မတ်တပ်ရပ်လျက် မောင်းနှင်နေသည်။ထိုစက်ခေါင်းတွဲထဲသို့ ရထားအရာရှိ အလျင်စလိုရောက်လာပြီး ရထားထိန်းအားစကား ဆိုလေသည်။
“မြင့်အောင် ”
” ဗျာ ကိုဆန်းလွင်”
“မင်းထူးဆန်းတာတွေကို ယုံလား”
“ယုံတယ်ကိုဆန်းလွင် ကျုပ်တို့နေထိုင်တဲ့လောကကြီးမှာထူးဆန်းတာတွေက အများသားမဟုတ်လား”
“အဲ့တာဆို မင်းယုံတယ်ပေါ့”
“ယုံတာပေါ့ဗျာ”
“ကဲ အဲ့တာဆို မင်းရထားကိုရပ်တော့.”
“ဗျာ”
ရထားထိန်းကိုမြင့်အောင်တယောက် ကြောင်ငေးပြီး ကိုဆန်းလွင်ကိုကြည့်နေသည်။ကိုဆန်းလွင်မှာ နောက်ပြောင်သည့်ပုံစံလည်း မပေါ်သောကြောင့် ကိုဆန်းလွင်ကို သေချာကြည့်ပြီးမေးလိုက်လေသည်။
“ကိုဆန်းလွင် ကျုပ်ကဘာလို့ရပ်ရမှာလဲ”
“မင်းပြောတော့ ထူးဆန်းတာကိုယုံတယ်ဆို”
“အင်း ယုံတာတော့ ယုံတယ်လေ ”
“ငါ နောက်တွဲမှာ ထူးဆန်းတာ တွေ့ ခဲ့တယ် ”
“ဟုတ်လား ပြောပါဦး”
“ဘုန်းကြီးတပါးကို ငါရထားတွဲထဲမှာ တွေ့နေရတယ် ”
“ဟုတ်လား သူတခုခုပြောဖို့ ကြိုးစားနေတာမဟုတ်လား”
ရထားထိန်းကိုမြင့်အောင်၏ စကားကြောင့် ကိုဆန်းလွင် ဆွံ့အသွားသည်။မြင့်အောင်မှာ တခုခုကိုသိနေဟန်ဖြင့် သူ့အားဆက်လက်ပြောလာသည်။
“မင်းဘာမြင်လို့လဲ မြင့်အောင် ”
“ကျုပ်ဘုန်းကြီးတပါးကို မြင်နေရတယ် သူရထားကိုတားဖို့ကြိုးစားနေသလိုပဲ”
“ရထားပေါ်ကကောင်လေး တယောက်ကလည်း ပြောတယ် ရှေ့က ၀က်တက်ကွေ့မှာ သစ်လုံးပိတ်နေတယ်တဲ့”
“သူက ဘယ်လိုလုပ်သိတာလဲ ”
“ဘုန်းကြီးတပါးက လာပြောတာတဲ့ကွ”
“ဘုန်းကြီးတပါး”
“အေး ဟုတ်တာယ်”
ကိုဆန်းလွင်၏စကားကိုကြားသည်နှင့် ကိုမြင့်အောင်သည်ရထားအားရပ်ရန် ဘရိတ်တံကို ဆွဲလိုက်ပါလေတော့သည် ။ ရထားထိန်းကိုမြင့်အောင် ရထားကို ရပ်ဖို့ကြိုးစားနေသည်ကို မြင်ရသောအခါ ကိုဆန်းလွင်သည် နောက်တွဲသို့ ပြန်သွားလိုက် ကာ ရထားအမှု့ထမ်းအချို့ကို ခေါ်လိုက်ပါတော့သည်။
*အခန်း (၄)
ရထားအရာရှိ ကိုဆန်းလွင်သည် ရထားပုလိပ်အချို့အား ရထားသံလမ်းအတိုင်း သွားကြည့်ရန် ရထား ရပ်မည့်အချိန်ကို စောင့်နေလေသည်။မကြာသောအချိန်တွင် ရထား ရပ်တန့်သွားပြီး ရထားရပ်သည်နှင့် ကိုဆန်းလွင်သည် ရထားအမှုထမ်းများနှင့်အတူ ဓာတ်မီးကို ကိုင်ပြီး ရထားသံလမ်းအတိုင်း လျှောက်လို့သွားလေသည်။များမကြာသောအချိန် လမ်းအကွေ့တနေရာ တွင်တော့ လူတဖက်စာမျှရှိသည့် သစ်လုံးကြီးအား တွေ့လိုက်ရ၍ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘုရား တလိုက်မိတော့သည်။ရထားပုလိပ်သားများသည် သစ်လုံးကြီးကို ကြည့်လိုက်ပြီး
“ဆရာဆန်းလွင် ကျုပ်တို့ ရထားမရပ်မိရင် မလွယ်ဘူးနော် ”
“ဟုတ်တယ် ငါတို့တွေ ဟိုကောင်လေးကို ကျေးဇူးတင်ရမှာ သူသာ မပြောရင် ငါတို့ဆက်သွားမိမှာပဲ”
“ဒီကောင်လေးက ဘယ်လိုလုပ် သိနေတာပါလိမ့်နော်”
“အေး သူတားလို့သာပေါ့ ကဲ အဲ့တာတွေ အသာထားလိုက်အုံး မင်းတို့ ဒီသစ်တုံးကြီးကို နိုင်လောက်လား”
“ဒီလူလေးငါးယောက်နဲ့တော့ ဘယ်လိုလုပ်ပြီးနိုင်မလဲ ဆရာရယ် ခရီးသည်တွေကိုပါ အကူအညီတောင်းရမှာပေါ့”
“အဲ့တာဆိုလည်း မင်းတို့ထဲက နှစ်ယောက်လောက်နေခဲ့ ကျန်တဲ့သူတွေက ငါနဲ့ ပြန်လိုက်ခဲ့ လူခေါ်ရင်း သံတုရွင်းတို့ ကြိုးတို့
ယူရအောင်လို့”
ရထားအရာရှိကိုဆန်းလွင်သည် ဓာတ်မီးကို ထိုးပြီး ရထားဆီ ပြန်လာခဲ့လိုက်သည်။ထို့နောက် ရထားပေါ် လိုက်ပါလာကြသော အားကောင်းမောင်းသန်ခရီးသည်များကို အကူညီတောင်း လိုက်သည်။အချိန်ကို အမြန်ဆုံးဖြစ်စေရန်အတွက် အားလုံးကို မြန်မြန်ဆန်ဆန် လုပ်မှသာ သင့်တော်မည် ဖြစ်သည်။ထို့ကြောင့်တတ်နိုင်သမျှ အမြန်ဆုံးလုပ်ကြရသည်။ခရီးသည်များထဲတွင် အားကောင်းမောင်းသန်လူများရှိနေလို့သာ တော်၏။ထိုလူများထဲတွင်တော့ တုံးရှိနေသည်ကို ပြောသော ပေတူးသည်လည်း အပါအဝင်ဖြစ်သည်။ယခုတွင်တော့ ရထားပေါ် ပါလာသော ခရီးသည်များသည် ပေတူးအား အရူးကဲ့သို့ မမြင်တော့ပေ။သူတို့အားကယ်တင်သော လူထူးဆန်း ကျေးဇူးရှင်လေးအဖြစ် မြင်နေသလို တချို့သောသူများက ကြိုတင်သတိပေးခဲ့သော ဘုန်းကြီးကိုလည်း ကျေးဇူးတင်စကားဆိုနေကြသေး၏။
ထို့နောက် တက်ညီလက်ညီဖြင့် သစ်လုံးအား သံလမ်းဘေးသို့ တွန်းဖယ်လိုက်ကြပါတော့သည် ။
သစ်လုံးအား သံလမ်းပေါ်မှဖယ်ပြီး၍ အားလုံး ရထားပေါ် ပြန်တက်ကြလေသည်။ရထားထိန်းနှင့် ရထားအရာရှိသည် နောက် ဆုံးမှ ရထားတွဲပေါ်တက်နေသော ပေတူးအား ခေါ်၍ စကားဆိုလေသည်။
“ကောင်လေး မင်းနာမည်ဘယ်လိုခေါ် လဲ”
“ပေတူးလို့ ခေါ်ပါတယ်ဗျ”
“မင်း ဘုန်းကြီးပြောတာ ကြားတယ်လား”
“ကြားတယ်လေဗျာ ဘာဖြစ်လို့လဲ ”
“ငါတို့ မင်းစကားကို ဘာလို့ယုံတာလဲလို့ မတွေးမိဘူးလား”
“ကျုပ်တွေးမိပါတယ် တခြားသူတွေကတောင် မယုံတာ ဦးလေးတို့က ဘာလို့ ယုံတာလဲ”
“ဘာလို့ယုံတာလဲဆို မင်းပြောတဲ့ဘုန်းကြီးကို ငါတို့လည်း မြင်လိုက်လို့ပေါ့ကွာ”
ပေတူးသည် ခေါင်းညိတ်ပြလိုက်ပြီး ရထားထိန်း နှင့် ရထားအရာရှိကို သေချာကြည့်လိုက်၏။တို့နောက် သူလိုက်ပါစီးနင်းလာသော ရထားတွဲပေါ်သို့သာ တက်လိုက်တော့သည်။
*အခန်း (၅)
“ပေတူး ရထားတွဲပေါ်သို့ရောက်သောအခါ သူ့အား အရူးဟုပြောဆိုထားကြသော ပျဉ်းမပင်တွင်ဆင်းမည့်လူကြီးနှင့် တခြားသောခရီးသည်များသည့် သူတို့၏ အမှားအတွက်တောင်းပန်ကြလေသည် ။
“ငါ့တူ မင်းကိုတောင်းပန်ပါတယ် ဦးလေး တကယ့်ကိုပညာမဲ့သွားတယ် ”
” ရပါတယ်ဗျာ ကျုပ်စိတ်ထဲဘာမှမရှိဘူး”
“အမှန်အတိုင်းပြောရရင် ဦးလေးတသက် ဒီလိုထူးဆန်းတာတွေကို တခါမှမကြုံဖူးဘူး”
“ဒါနဲ့စကားမစပ် ပျဉ်းမပင်ရောက်ရင် ကျုပ်ကို ပြောပါဦး”
“စိတ်ချပါ ဦးလေးပြောပါ့မယ် မင်းဆက်အိပ်ချင်ရင် အိပ်လေ ဦးလေးအနားနီးရင် နှိုးမယ် ဦးလေး နာမည်လည်းမှတ်ထား ဦးပေါစံတဲ့”
“ဟုတ်ကဲ့ ကျုပ်နာမည်က ပေတူးပါ”
ဦးပေါစံနည်းတူ ကျန်သောခရီးသည်များသည််လည်း ပေတူးအား တောင်းပန်ကြသည်။ထိုသို့ တောင်းပန်စကားဆိုသူများအား ပေတူးစကားကို ထောက်ခံသော အမျိုးသမီးကြီးနှစ်ယောက်အနက် တယောက်သော အမျိုးသမီးကြီးသည် အပြစ် တင်စကား ဆိုလေ၏ ။
“ရှင်တို့ကို ကျမပြောပါတယ် အဲ့ဒီကောင်လေးအနားမှာ ဘုန်းကြီးတပါးတွေ့တယ်ဆိုတာလေ ရှင်တို့ကမှ မယုံတာ တော် သေးတယ် ရထားမောင်းသမားကြီးက ယုံလို့သာပေါ့ ”
“ဟုတ်ပါ့ ရထားများ မရပ်ရင်တော့ မတွေးရဲစရာပဲ”
အမျိုးသမီးကြီး နှစ်ယောက်သည် ခရီးသည်များကို ပြစ်တင်ပြောဆိုကာ ပေတူးကို လှည့်ကြည့်ပြီး စကားဆိုလာလေသည်။
“ငါ့တူ အရီးတခုလောက် မေးလို့ရမလား”
“မေးပါဗျ”
“အရီးတို့ကို ကူညီတဲ့ဘုန်းကြီးကို ငါ့တူသိလား”
ပေတူးသည် အမျိုးသမီးကြီးနှစ်ယောက်အနက် တယောက်သော အမျိုးသမီးကြီး၏အမေးကို ခေါင်းညိတ်ပြီး ဖြေကြား လိုက်သည်။ထိုအခါ အမျိုးသမီးကြီးသည် တခြားသော ခရီး သည်များဘက်သို့ လှည့်ကာ
“ရှင်တို့ကို ကျမတို့နှစ်ယောက်လုံး ပြောသားပဲ ဒီကောင်လေး အနားမှာ ဘုန်းကြီးတပါးတွေ့တယ်ဆိုတာလေ ”
“ဟုတ်တယ် အဲ့တာကို သူတို့က မယုံဘူး”
“ကျမ ထင်တယ် ကျမတို့ကို ကူညီတာ အထက်၀ိဇ္ဇာကြီးတွေပဲ ဖြစ်မယ် ”
“ဟုတ်တာပေါ့လေ ကျမတို့နှစ်ယောက်က ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ကြတယ်မဟုတ်လား”
“ကျမဆို ရထားစီးစီးဘာစီးစီး အထက်ပုဂ္ဂိုလ်တွေကို တိုင် တည်ပြီးမှပဲ စီးတာလေ ”
” သူတော်ကောင်းတွေက ကျမတို့ ပါလာလို့ မျက်ကွယ်မပြု ရက်ဘူး ထင်ပါတယ်ရှင် ”
အမျိုးသမီးကြီးနှစ်ယောက်သည် တခြားသူများကြားလောက်သည်အထိ ကိုယ်ရည်သွေးစကားကို ပြောဆိုနေကြသည်။အကြွားသန်သော အမျိုးသမီးကြီးနှစ်ယောက်သည် အိပ်သည့်အချိန်တချိန်သာ စကားပြောဆိုခြင်းကို မပြု၊ကျန်သော အချိန်များတွင်တော့ ဤကဲ့သို့သော ကိုယ်ရည်သွေးစကားများကို ပြောဆိုကြသည်။ပေတူးသည် ထိုအမျိုးသမီးကြီး နှစ်ယောက်၏စကားကို မကြားချင်သော်လည်း ကြားနေရ၍ စိတ်မရှည်နိုင်တော့ပဲ စကားဖြတ်ပြောလိုက်လေ၏ ။
“အရီးတို့က အတော်ကို စိတ်ကောင်းရှိကြပုံပဲနော် ”
“ရှိတာပေါ့ကွယ် အရီးတို့နှစ်ယောက်က သနားတတ်သေးတာ ”
“ဟန်တာပဲ အရီးရေ ဟိုခုံမှာ ထိုင်နေတဲ့အကို ကို ကြည့်ပါဦး သနားစရာကောင်းလိုက်တာဗျာ ကျုပ်တို့ သံလမ်းပေါ်က သစ်လုံး သွားဖယ်တာတောင် သူ မလိုက်နိုင်ဘူး ကျန်းမာရေးကောင်းပုံလည်း မပေါ်ဘူး ”
စစ်ကျောပိုးအိတ်ကို ခေါင်းအုံးကာ အိပ်နေသော လူရွယ်တယောက်အား ညွန်ပြပြီး စကားဆိုလိုက်ရာ ကျန်သူများလည်း ပေတူးပြောသော လူဆီသို့ အကြည့်ရောက်သွားကြသည်။ထို သူသည် ငှက်ဖျားမိထားဟန်ရှိပြီး ဆံပင်တို့သည် ပါးပါးကျဲကျဲ နှင့် ဖြစ်လေသည်။ထို့နောက် ပေတူးသည် ထိုလူရွယ်၏အနားသို့ သွားကာ
“အကို့ကို ကြည့်ရတာ ကျန်းမာရေးကောင်းပေါ် မပေါ်ဘူး ဘာဖြစ်တာလဲဗျ ”
ပေတူး၏စကားကို ကြားသောအခါ ရထားခုံပေါ်တွင် အိပ်နေသော လူရွယ်သည် ပေတူးအား ကြည့်ကာ
“ဟုတ်တယ် ငှက်ဖျားလေ ရိုးမငှက်ပေါ့ ငါ့ညီရာ”
“ဆေးရုံ ဆေးခန်း မပြဘူးလား ”
“ငွေမရှိဘူးလေကွာ အခုတောင် သစ်ဆိမ့်က အမျိုးမကင်း တဲ့ ဘုန်းကြီးဆီကို သွားဖို့ ထွက်လာတာ တတ်နိုင်ရင်တော့ ဆေး လည်း ကုချင်တာပေါ့ ညီရာ ”
” အဲ့ဒီအတွက်တော့ မပူတော့နဲ့ အကို ကျုပ်တို့ စီးတဲ့ရထားပေါ် မှာ စေတနာရှင်အရီးနှစ်ယောက်ပါလာတယ်ဗျ ကျုပ်က တော့ ကူညီချင်ပေမဲ့ ငွေရေးကြေးရေးက မတတ်နိုင်ဘူးလေ သူတို့ကတော့ တတ်နိုင်တယ်ဗျ တယောက်က ကောလိပ်ကျောင်း သားရဲ့ အမေ တယောက်က စာရေးကြီးအမေ ဆိုတော့ ငါ့အကိုရဲ့ ဆေးဖိုးလောက်ကတော့ ဟိုအရီးတွေက မမူပါဘူးဗျာ ”
ပေတူးသည် ကြွား၀ါနေသော အမျိုးသမီးကြီးနှစ်ယောက် အား လက်ညှိုးညွှန်၍ စကားဆိုလိုက်ရာ ထိုအမျိုးသမီးကြီး နှစ်ယောက်မှာ မျက်စိမျက်နှာပျက်ကုန်၏။သို့ပါသော်လည်း ပျက် စ ပြုနေသောမျက်နှာကို ချက်ချင်းထိန်းလိုက်ပြီး ဟန်မပျက်ပြုံးနေလေသည် ။တခြားသော ခရီးသည်များသည်လည်း ပေတူး၏ စကားကို ဝိုင်း၀န်းထောက်ခံကြလေသည် ။
“ဟုတ်တယ် အမကြီးတို့က အတော်ကို ပြေလည်ကြတယ် ဒီက ကျန်းမာရေးမကောင်းတဲ့ကောင်လေး ဆေးဖိုးလောက်က တော့ မမှု့လောက်ပါဘူး”
“ဟုတ်ပါ့ ကျုပ်တို့လည်း အရီးတို့ရဲ့ အလှုလေးကို မျက်မြင် ကိုယ်တွေ့ သာဓုခေါ် ချင်စမ်းပါဘိ ”
“ဟုတ်ပါ့ သားတွေကိုတောင် အကုန်အကျများတဲ့ ကောလိပ် တောင်ထားနိုင်သေးတာ ပြီးတော့ သူတော်ကောင်းတွေ အထက် ၀ိဇ္ဇာတွေကလည်း အရီးတို့ရဲ့လုပ်ရပ်ကို သာဓု ခေါ် ကြမှာဗျ ”
ခရီးသည်များ ဝိုင်း၀န်းပြီးပြောနေကြသောကြောင့် ခုနက ကြွား၀ါနေသောအမျိုးသမီးကြီးနှစ်ယောက်သည် ငှက်ဖျား ရောဂါခံစားနေရသော လူရွယ်ကို ကြည့်ပြီး မပွင့်တပွင့် စကားဆိုလာလေသည် ။
“ငါ့တူ ဆေးကုရင် ဘယ်လောက်ကုန်ကျနိုင်လောက်မလဲ ”
“အများဆုံးကုန် လေးရာလောက်ပေါ့ဗျာ သုံးရာလောက်ဆိုလည်း ရနိုင်လောက်ပါတယ် ”
“အော် အေး အေး”
အမျိုးသမီးကြီးနှစ်ဦးအနက် တဦးသည် ခရီးသည်များကို တချက် ကြည့်လိုက်ပြီးနောက် သူမဘေးတွင် ရှိနေသော အမျိုးသမီီးကြီး၏ လက်ကို တို့လိုက်ကာ
” ကဲ ရှင်လည်း တရာ့ငါးဆယ်ပေး ”
“ရှင် ”
“ရှင် မနေနဲ့”
“ပေး”
ထို့နောက် အမျိုးသမီးကြီးနှစ်ယောက်တို့သည် သူတို့၏ အိတ်ကြီးထဲမှ ငွေများကိုထုတ်ကာ ငှက်ဖျားရောဂါသည်အား ပေးလိုက်ချိန်တွင် ရထားပေါ်မှ ခရီးသည်များသည် သာဓုပြိုင် တူ ခေါ် လိုက်သည့်အခါ အမျိုးသမီးကြီးနှစ်ဦးမှာ မကျေနပ် သော်လည်း မျက်နှာတို့သည် ပြုံးရွှင်နေပြီး ပေတူးကိုမူ မျက်စောင်းလှမ်းထိုးလာ၍ ပေတူးတယောက် ပြုံးလိုက်မိပါလေတော့သည် ။
*အခန်း (၆)
မီးရထားကြီးသည် မနက်လေးနာရီကျော်ကျော်တွင် သစ်ဆိမ့် ဘူတာသို့ ဆိုက်ရောက်လေသည်။ထိုဘူတာသို့ ရောက်သော အခါ ငှက်ဖျားရောဂါသည်အပါအ၀င် ကြွား၀ါသော အမျိုးသ မီးကြီးနှစ်ယောက်တို့လည်း ဆင်းတော့မည့်ဟန်ပြင်လေသည်။ သူတို့သည် ရထားပေါ်မှမဆင်းမှီ ပေတူးအား နောက်များကြုံ ကြိုက်က သူတို့၏အိမ်သို့ လာလည်နိုင်ကြောင်းပြောကာ အိမ် လိပ်စာများကို ပေးလိုက်ကြပြီး ပေတူးအား ကျေးဇူးတင်စကားဆိုခဲ့ကြပြန်သည် ။
“ဒီနေ့ ငါ့တူကြီးကို နောက်ထပ်ကျေးဇူးတင်စရာ ရှိသေးတယ် အရင်ကတော့ အလှုတွေ တကယ်လုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီ အချိန်က လူအထင်ကြီးပါစေဆိုတဲ့ စိတ်နဲ့ပဲ လှုဖြစ်ခဲ့တာ ဒီနေ့ ငှက်ဖျားဖြစ်နေတဲ့ လူပမာကို လှုတော့ အရီးစိတ်ထဲ တကယ်ကို ကျေနပ်မိတယ်။ကြွားတာကတော့ ၀ါသနာမို့ ဖျောက်လို့ရမရအရီး မသိဘူး ဒါပေမဲ့ အလှုကို ဘယ်လို လှုရမလဲဆိုတာ အရီး သိခဲ့ပြီ ကျေးဇူးတင်လိုက်တာ တူလေးရေ ဒါနဲ့ အရီးတို့ကို ကူညီတဲ့ ဘုန်းကြီးအကြောင်း ငါ့တူသိလား ”
“ဟုတ်ကဲ့ အရီးသိတယ် ”
” ဟုတ်လား သူက ဘာလဲ အရီးတို့ကို ပြောပြလို့ရလား”
“ရပါတယ် ဘုန်းကြီးရဲ့ဘွဲ့က ဦးတိလောကတဲ့ အမှန်တော့ သူက ဘုန်းကြီးသရဲလေ ”
ပေတူး၏ စကားကိုကြားသောအခါ အမျိုးသမီးကြီး နှစ်ယောက်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာမှဆက်မပြောတော့ပဲ ရထားပေါ် မှ ဆင်းသွားကြပါတော့သည်။ထို့ နောက် ပေတူးသည် ဦးပေါစံကို ကြည့်ကာ
“ဦးလေး ပျဥ်းမပင်က ရောက်တော့မလားဗျ ”
” မိုးလင်းရင်တော့ ရောက်ပါပြီ ရထားပေါ်က ခုန်ချရမှာနော် ကောင်လေး သေချာဂရုစိုက် သံလမ်းပေါ် ပြန်လဲမကျစေနဲ့ ဟို ဘက်ကို အချိန်လွန်တာ ဘာမှမဖြစ်ဘူး ”
ပေတူး စိတ်ပူခြင်း မဖြစ်မိပေ။အဘယ့်ကြောင့်ဆိုသော် ရွာမှာနေစဥ်ကတည်းက အပေါင်းအသင်းများနှင့် အတန်အသင့်ပြေးနေသောနွားလှည်းပေါ်မှ အမြဲခုန်ချနေသူများ မဟုတ်ပါလား။ဤသို့ဖြင့် ပေတူးသည် မအိပ်တော့ပဲ ဦးပေါစံ နှင့်အတူ ထွေရာလေးပါး စကားဆိုရင်း ပျဥ်းမပင်ဘုန်းကြီးကျောင်းအကြောင်း ရောက်သွားပါတော့သည် ။
“မင်းသွားမဲ့ ပျဥ်းမပင်ဘုန်းကြီးကျောင်းက တကယ့်ဇာတ်ရှုပ် ကွ ”
“ဘာလို့လဲဗျ ”
” အဲ့ဒီကျောင်းက အရင်ကျောင်းထိုင် ပြန်လွန်တော်မူပြီးတော့ ကျောင်းမြေလှုခဲ့တဲ့ ဒကာက အခု ကျောင်းမြေကို ပြန်လိုချင်နေတယ် နောက်ကျောင်းထိုင်ကလည်း လှုပြီးသားဆိုတော့ ပြန်မပေးချင်ဘူး ”
” နေပါဦး ကျောင်းမြေအလှုရှင်က ဘာလို့ ပြန်တောင်းရတာလဲ”
“နေရာပေါ့ကွာ အရင်ဘုန်းကြီးက သူတို့ကို နေရာပေးတယ် အခု ဘုန်းကြီးက နေရာမပေးတော့ ဘယ်လိုလုပ်ပြီး သင့်မြတ်တော့မှာလဲ”
ပေတူးသည် ဦးပေါစံပြောသည်များကို နားထောင်ပြီး ကျောင်းသို့ ချက်ချင်း မသွားသေးပဲ တနေရာရာမှ နေ၍ စုံစမ်းရမည်ဟု တွေးရင်း
” ဦးလေး”
” အေး ကောင်လေး”
“ဖြစ်နိုင်ရင် ဦးလေးအိမ်မှာ ကျုပ် တည်းချင်တယ်ဗျာ ”
“ရတာပေါ့ကွာ ငါက တကိုယ်တည်းသမားကွ လိုက်သာလိုက် ခဲ့ ကောင်လေးရေ နေရေးထိုင်ရေး စားရေးသောက်ရေး ဘာမှ မပူနဲ့ ”
ပေတူးသည် ဦးပေါ်စံ၏ စကားကို သဘောကျစွာ ပြုံးလိုက် ရင်း သူ၏လွယ်အိတ်ထဲတွင် ထည့်ထားသော စာချုပ်လေးအား လက်နှင့် စမ်းလိုက်ပါတော့သည်။
ပြီးပါပြီ။
မောင်တင်ဆန်း
Leave a Reply