ရိုက်ဟန်ပြုကာ မောင်းလိုက်သော်လည်း နွားသည် တုပ်တုပ်ပင်မလှုပ်ဘဲ ထိုနေရာတွင်သာ ရပ်မြဲရပ်နေ သည်။ဦးသောင်းမြင့် မည်သို့ပြုလုပ်ရမည်နည်းမသိ စဉ်းစားမရဖြစ်နေသည်။ထို့နောက် နွားရပ်နေသောနေရာအား သေချာ ကြည့်လိုက်သောအခါမှ တောင်ပို့ဖြိုထားသည်ကို တွေ့လိုက်ရ၍ စိတ်ထဲ ထိတ်ခနဲဖြစ်မိသည်။ထယ်ထိုးသောအခါ ယခု တောင်ပို့အား ရှောင်ထိုးရန် အမြဲတတွတ်တွတ်မှာကြားနေသည့်ကြားမှ ဘယ်အတွက်ကြောင့် တောင်ပို့အား ဖြိုကြသနည်းဟု တွေးပြီး သားများအား စိတ်တိုဒေါ်သထွက်မိသည်။ထို့ကြောင့် ပြသနာအကြောင်းရင်းအား သိပြီမို့ တောင်ထိပ်နေရာကို လက် အုပ်ချီလိုက်ကာ
“ကျုပ်တို့ အမှားများ ပြုမိခဲ့ရင် တောင်းပန်ပါတယ် မလိမ်မိုး မလိမ်မာလေးတွေမို့ ခွင့်လွှတ်ပါ “
ဦးသောင်းမြင့် ထိုသို့ပြောလိုက်သောအခါမှ နွားကြီး၏ နီရဲ နေသောမျက်လုံးမှာ တဖြည်းဖြည်းပျောက်သွားကာ သာမာန်ဖြစ်သွားပြီး ဆက်လက်ရပ်မနေတော့ပဲ တခြားနွားတကောင်ရှိရာသို့ သွားလေ၏။ထိုအခါမှ သက်ပြင်းတချက် ချလိုက်ကာ ခေါင်းကိုမသိမသာယမ်းလိုက်ပြီးနောက် နွားများကို တဲတွင်းသို့ ဆွဲသွင်းရန် ထွက်သွားပါတော့သည် ။
◾အခန်း (၃)
ကြံခင်းများစိုက်ထားသည့်တောင်ကုန်းထိပ်တွင် တဲလေးတလုံးရှိသည်။ထိုတဲသည် အတန်သင့်ကြီးသောကြောင့် နွားနှစ် ကောင်အား တဲထဲတွင် နေရာချထားနိုင်လေသည်။တဲထဲတွင် ဦးသောင်းမြင့်တယောက် ထမင်းချက်နေသည်။အမှန်ဆိုလျှင် ငယ်ရွယ်သည့်သားများသာ နေသင့်သည်ဖြစ်သော်လည်း ကာလသားများဖြစ်သည့်အတွက် ရပ်ထဲရွာထဲတွင်သာ နေချင်မည်ကိုသိသောကြောင့် သူတဲတွင် နေခဲ့ခြင်းဖြစ်သည်။ထိုစဥ်
“သောင်းမြင့် သောင်းမြင့် “”
“ညကြီးမိုးချုပ် ဘယ်သူတုန်း”
“ဘယ်သူလဲ မမေးနဲ့ ငါတို့ကို နေရာပေး ငါတို့နေစရာမရှိတော့ ဘူး “
“ဘယ်သူတွေလဲဗျ တဲထဲ ၀င်ခဲ့ပါ “
“မ၀င်ဘူး နင့်သားက ငါတို့နေရာကို ဖျက်တယ် နင်တောင်းပန်ထားလို့ ငါတို့ဘာမှမလုပ်တာ မနက်ဖြန် ငါတို့ကို နေရာပေးပါ “
ဦးသောင်းမြင့်သည် တဲပေါ်မှနေ၍ အသံလာရာ တဲအပြင်ကို ကြည့်လိုက်သည်။လူရိပ်သုံးရိပ်သည် တဲအပြင်တွင် ရပ်ပြီး စကားပြောနေခြင်းဖြစ်ကာ အသံမှာ မိန်းမတယောက်၏ အသံဖြစ်ပြီး အက်ကွဲကွဲနှင့်ဖြစ်သည်။ဦသောင်းမြင့် နားလည်လိုက်သည်။အသံရှင်မှာ သာမာန်လူတယောက် မဖြစ်နိုင် သူတောင်း ပန်ထား၍ ဘာမှမလုပ်တာဆိုလာသောကြောင့် အကွက်ထဲမှ တောင်ပို့အား ချက်ခြင်းသတိရလိုက်မိသည်။ထို့ကြောင့် ဦးသောင်းမြင့်သည်
“ကျုပ်က ဘယ်လိုနေရာပေးရမှာလဲ “
“ငါတို့နေရာနဲ့ မလှမ်းမကမ်းမှာ သစ်ပုဂံပင်ရှိတယ်။အဲ့နေရာမှာ ငါတို့ကို နေခိုင်းရင်ရပြီ”
“နေနိုင်ပါတယ် နေနိုင်ပါတယ် ကျုပ် ခွင့်ပြုပါတယ်”
“မှတ်ထားပါ နောက်တခါ ငါတို့ကို ထပ်ပြီး ဒုက္ခမပေးပါနဲ့ နောက်တခါဆို ငါတို့ ခွင့်လွှတ်မှာ မဟုတ်ဘူး “
“စိတ်ချပါ ကျုပ် သေချာဂရုစိုက်ပါ့မယ် “
လူရိပ်သုံးခုသည် နောက်ထပ်မည်သည့်စကားမှ မပြောတော့ ပဲ တဲကုန်းပေါ်မှ ဆင်းသွားကြရာ ဦးသောင်းမြင့်လည်း မနက် ဖြန် သားများအား သေချာမှာထားရမည်ဟုတွေးရင်း ထမင်းဆက်ချက်နေပါတော့သည် ။။
◾အခန်း (၄)
နံနက်ခင်းနေရောင်မရခင် တောလမ်းလေးတွင်် လူငယ်တယောက် လမ်းလျှောက်နေသည်။ထိုလူငယ်၏အမည်မှာ လွင်ထူးဖြစ်ပြီး သူသည် ခပ်မြန်မြန်လမ်းလျှောက်နေသည်။တဲကုန်းဆီသို့ ရောက်သောအခါ နွားနှစ်ကောင်အား တဲကုန်းအောက်သို့ဆွဲနေသော ဦးသောင်းမြင့်အား တွေ့သောအခါ
“အဖေကြီး အိမ်ကို မြန်မြန်ပြန်တော့ “
“ဟေ ဘာဖြစ်လို့လဲကွ “
“အဖေ့ညီ ဦးလေးသောင်း၀င်း ဆုံးလို့ “
“ဟေ ဘယ်လိုဖြစ်တာတုန်းကွ”
“မသိဘူးလေ မြန်မြန်သွား အကိုလည်း အဲ့ဒီမှာ “
“အေး အေး မင်းပဲ သစ်တက်ချလိုက်တော့ကွာ “
လွင်ထူးသည် ဖခင်၏လက်ထဲမှ နွားနှစ်ကောင်အား လက်ပြောင်းဆွဲယူလိုက်ကာ တဲကုန်းအောက်သို့ ဆင်းသွားလေ၏။ ဦးသောင်းမြင့်သည်လည်း ညီဖြစ်သူ၏ အကြောင်းကြားပြီး စိတ်မကောင်းကြီးစွာနှင့်ပင် ကျန်သည့်အရေးကိစ္စများကို မေ့ပြီး ရွာသို့ အမြန်ပြန်လိုက်ပါတော့သည်။လွင်ထူးသည် နွားနှစ်ကောင်အား လှန်ထားလိုက်ကာ အကွက်ထဲသို့ သစ်တက်ချရန်သွားလိုက်သည်။မနေ့က ဖခင် နှင့်အတူ သစ်တက်ချခဲ့သော အကွက်တွင် ပြီးသွားပြီမို့ အကိုဖြစ်သူ ထယ်ထိုးနေသော အကွက်အား လိုက်လံကြည့်နေစဥ် တပင်တည်း ထီးထီးကြီးကျန်နေသော သစ်ပုဂံပင်အား တွေ့လိုက်ရသည်။အပင်သည် ပြောပလောက်အောင်လည်း မကြီးမားသည်က တကြောင်း၊ နှမ်းကြဲသောအခါ အပင်ကြောင့် လောင်းရိပ်ကျနိုင်သည်က တကြောင်း တွေးကာ ထိုအပင်အား ခုတ်ပစ်လိုက်ပါတော့သည် ။
◾အခန်း (၅)
ဦးသောင်းမြင့်သည် ညီဖြစ်သူ၏နာရေးအိမ်တွင် ရှိနေသည်။ ထို့နောက် သားကြီးလွင်ဦးကို တွေ့သောအခါ
“လွင်ဦး”
“ဗျာ အဖေကြီး
“မင်းတောထဲ သွားလိုက်ဦးကွာ ဟိုမှာ မင်းညီတယောက်ထဲ ပြီးတော့ ညက မင်း ပေးခဲ့တဲ့ပြဿနာကို တော်တော်ရှင်းလိုက်ရတယ်နော် ဟေ့ကောင် “
“ဘာပြဿနာလဲ အဖေကြီးရ”
“မင်းအကွက်ထဲက တောင်ပို့ကို ဖြိုပစ်တယ် မဟုတ်လား”
“ဟုတ်တယ်လေ အကွက်အလယ်ထဲဆိုတော့ ထယ်ထိုးရတာ ရှုပ်နေလို့””
“မင်း ဖြိုတာ အရေးမကြီးဘူး ညကျတော့ ငါ့ကို နေရာလာ တောင်းတယ် “
“ဗျာ ဘယ်သူတွေလဲ “
“ဘယ်သူတွေရမှာလဲ တောင်ပို့မှာနေတဲ့သူတွေပေါ့ကွာ ငါအခု ဘယ်ဘက်ခြမ်းက သစ်ပုဂံပင်မှာ နေရာပေးထားတယ် မင်းတို့ လျှောက်မခုတ်ပစ်နဲ့ဦး အားလုံး မသာပေါ်ကုန်ဦးမယ် “
“ဟုတ်ကဲ့ပါဗျ “
“အေး အခုပဲ တောထဲသွားတော့ “
“ကျုပ် ဘာလုပ်ထားရမလဲ အဖေကြီး “
“အင်း နွားပဲကျောင်းထားကွာ “
လွင်ဦးသည် ဖခင်ကြီး၏စကားကို နားထောင်ကာ အိမ်သို့ အရင်ပြန်လိုက်ပြီးနောက် တောထဲသို့ ထွက်သွားပါတော့သည်။
◾အခန်း (၆)
လွင်ဦးတယောက် ဦးလေးဖြစ်သူအား ဆုံးရှုံးလိုက်ရပေမဲ့ ရည်စားနှင့် ပြန်အဆင်ပြေသွား၍ သီချင်းလေးတအေးအေး၊ လေလေးတချွန်ချွန်နှင့် တောတဲသို့ လမ်းလျှောက်သွားနေ သည်။တဲအတွင်းသို့ရောက်သောအခါ နွားများကို မသွင်းပဲ နေပူကြီးထဲ လှန်ထားသည်ကို တွေ့လိုက်သောကြောင့် ညီဖြစ်သူအား ပြစ်တင်ပြောဆိုရင်း နွားများအားဆွဲကာ ရေတွင်းသို့သွားပြီး ရေတိုက်လိုက်သည်။ထို့နောက် တဲကုန်းအောက်ခြေတွင်ရှိသော သဖန်းပင်အရိပ်တွင် ချည်ထားလိုက်ပြီး တဲကုန်းပေါ်သို့ တက်လာလိုက်သည်။တဲကုန်းပေါ် သို့ ရောက်သောအခါ ညီဖြစ်သူသည် သူ့အား ကျောပေးလျက်ထိုင်ကာ ထမင်းစားနေဟန်ရှိသည်။ထို့ကြောင့် သူသည် ညီငယ်အား မြင်သည်နှင့် ပြစ်တင်စကား ဆိုလိုက်သည်။
“လွင်ထူး မင်းဆိုတဲ့ကောင်ကတော့လေ နွားတွေကို နေပူကြီးထဲ ဘာလို့လှန်ထားတာတုန်း သူတို့ တနေ့တလေလေး နားတာ တောင် အေးအေးလူလူ မနားခိုင်းဘူး။မင်းက ဒီမှာလာပြီး မြိုဆို့နေတယ် ဟိုမှာတော့ နွားတွေက နေပူထဲမှာ ဟိုက်နေပြီ တကယ့်ကောင် “
သူ ထိုသို့ပြောနေပါသော်လည်း ညီဖြစ်သူလွင်ထူးမှာ ဂရုမစိုက်ဘဲ တခုခုကို သဲကြီးမဲကြီး စားနေသည့်ဟန်ပေါ်သဖြင့် စိတ်မရှည်ဖြစ်ကာ အနားတွင်ရှိသော ကြံဆစ်တိုနဲ့ လှမ်း၍ ပေါက်လိုက်ရာ ကြံဆစ်တိုသည် လွင်ထူး၏ကျောကို မှန်လေသည်။ထိုအခါ လွင်ထူးသည် သူ့ကို လှည့်ကြည့်လာ၏။လွင်ထူးသည် မျက်လုံးများ နီရဲနေပြီး အတောင်ပံခတ်ရန် ကြိုးစားနေသော မသေမရှင်ဖြစ်နေသည့် ကြက်တကောင်အား ကိုက်ဖြတ်စားသောက်နေသည်ကို တွေ့လိုက်ရလေ၏။
လွင်ထူး၏ကြောက်မက်ဖွယ်ပုံစံနှင့် အနေအထိုင်ကြောင့် တဲအပြင်သို့ ထွက်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် လွင်ဦးမှာ ညီဖြစ်သူအား သတိပေးလေသည် ။
“လွင် လွင်ထူး မင်း ဘာတွေလုပ်နေတာလဲ”
“အဟီး ဟီး ကြက်အလှည့်ပြီးရင် နွားအလှည့် နွားပြီးသွားရင်တော့ မင်းအလှည့်”
ကြက်သေကိုင်ထားသော လွင်ထူးသည် ပြက်ရယ်ပြုကာကြက်ခေါင်းကို ၀ါးနေရင်းမှ လွင်ဦးကိုကြည့်ကာ စကားဆိုလေသည်။ပုံမှန်မဟုတ်သည်ကိုသိသော လွင်ဦးသည် ကြောက်ကြောက်လန့်လန့်ဖြင့် တဲကုန်းပေါ်မှ ပြေးဆင်းလိုက်ကာ ရွာသို့ တချိုးတည်း ပြေးပါလေတော့သည်။
◾အခန်း (၇)
ထိုနေ့မှစ၍ ဦးသောင်းမြင့်တို့တဲတွင် မုန်တိုင်းထန်ပါတော့ သည်။လွင်ထူးအား ပူးကပ်နေသည်ကို မည်သူမှ မထုတ်နိုင်ကြပဲ တဲတွင် မွေးထားသောကြက်များအား အစိမ်းလိုက် နေ့တိုင်း စားနေတော့သည်။လွင်ထူး၏ပုံစံသည် မကောင်းဆိုး၀ါးတကောင်ကဲ့သို့ ဖြစ်လာသည်။ကြက်သွေးအား အစိမ်းသောက် ကြက်သားစိမ်းကိုသာစားသော လွင်ထူးအား ဝိုင်းချုပ်ပြီးထိန်းဖို့ ကြိုးစားကြသော်လည်း သူ့အားမိအောင် ဖမ်းနိုင်ခြင်းငှာ မတတ်နိုင်ပဲ တောတွင်းသို့ ပြေး၀င်သွားတော့သည်။အထက် လမ်းဆရာများစွာကို ပင့်ဆောင်ပါသော်လည်း လွင်ထူး၏ အခြေအနေမှာကောင်းမလာပဲ လွင်ဦးကိုပါ ပူးကပ်လာရာ အတော်ပင် စိတ်မချမ်းမြေ့စရာဖြစ်နေတော့သည်။တောင်းပန်သော်လည်း ပူးကပ်ခံနေရသော လွင်ထူးနှင့် လွင်ဦးတို့သည် ဦးသောင်းမြင့်ကို စူးစိုက်ကြည့်ကာ
“ငါ နင်တောင်းပန်တာကို ပထမ တခါ လက်ခံခဲ့တယ်နော်။ နောက်တခါဖြစ်ရင် ငါတို့ကို အဆိုးမဆိုနဲ့လို့ ပြောထားပြီးသားနော်။နင့်ကိုတောင် ငါတို့ ထိမရလို့ ငြိမ်နေရတာ “
“ကျုပ် ခင်ဗျားတို့ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမှာလဲ ။ ကျုပ်သားတွေကို လွှတ်ပေးပါတော့”
“ဟီးးး ဟီးးးကြက်ကုန်ရင် နွားစားမယ် နွားကုန်ရင် နင်တို့ရွာသားတွေကို စားမယ် ရွာထဲ ခေါ်သွားရဲခေါ်သွား နင်တို့တရွာလုံးကိုစားမယ် “
ဦးသောင်းမြင့် မည်သို့လုပ်ရမည်မှန်းမသိအောင်ပင် ခေါင်း ရှုပ်နေသည်။ကြံရမရဖြစ်နေရပြီး ဇနီးသည်ဖြစ်သူမှ
“ကိုသောင်းမြင့် ကျမ တခုလောက်အကြံပေးမယ် ကျမတို့ဆွမ်းပို့နေကြ ငွေကိုင်းရွာကျောင်း ဆရာတော်ကို အကူအညီ တောင်းကြည့်ကြမလားတော်”
“ဖြစ်ပါ့မလား ရွှေမိရယ် ဆရာတော်က အေးအေးလူလူက နေ နေတာ ငါတို့ဆရာတော်ကို စိတ်အနှောက်အယှက်ပေးသလိုပဲ ဖြစ်နေပါ့မယ် “
“ကျမတို့ ဘာမှမလုပ်တတ်တာနဲ့ပဲ ကြာရင် ကျမသားတွေ သေရလိမ့်မယ် “
“အေးကွာ မနက်ဖြန်ဆွမ်းပို့ရင် ဆရာတော်က လျှောက်ကြည့်ကြတာပေါ့”
ဤသို့ဖြင့် ဦးသောင်းမြင့်နှင့် ဇနီးတို့သည် သူတို့ကိုးကွယ်သော ငွေကိုင်းရွာဆရာတော်အား လျှောက်တင်ရာ အထက် လမ်းဆရာနှစ်ယောက် လွှတ်လိုက်မည်ဟု မိန့်၍ ၀မ်းပန်းတသာဖြင့် ဆရာတော်လွှတ်ပေးမည့် အထက်လမ်းဆရာနှစ်ယောက်အား စောင့်မျှော်ရန်သာ ရှိပါတော့သည် ။
◾အခန်း (၈)
ချမ်းသာကြီးရွာသို့သွားသောလမ်းတွင် လူနှစ်ယောက် လမ်းလျှောက်လို့နေသည်။သူတို့သည် လောကီပညာနှင့် လောကုတ္တရာအကြောင်းများ ပြောနေကြသည်။အသက်အ ရွယ် လွန်စွာကွာခြားသော်လည်း လူငယ်လေးသည် အသက်အ ရွယ်ကြီးရင့်သော လူကြီးနှင့် ကောင်းစွာယှဥ်ပြီး စကားပြောနိုင်လေသည် ။
“လူလေးရေ အဘ သမထကနေ နောက်ဆို ၀ိပဿနာကို ပြောင်းမယ်လို့ တွေးထားတယ် “
“ကောင်းပါတယ် အဘ ၀ိပဿနာကို ပြောင်းကျင့်ကြံမယ်ဆိုရင်တော့ အခု လုပ်နေတဲ့အရာတွေကို စွန့်လွှတ်ရမယ် ထင် တယ်နော် အဘ”
“အင်း သံသရာက လွတ်ကြောင်းပြုလုပ်ရမယ်ဆိုတော့ အခု လို ဒေါသနဲ့ မကင်းတဲ့ အလုပ်တွေကို မလုပ်မိအောင်ကတော့ ဆင်ခြင်ရမှာပေါ့ လူလေးရေ ပြန်တွေးကြည့်တော့လည်း လွယ်မယ်မထင်ပါဘူးကွယ် “
“ကျနော်တို့ကို အကူအညီတောင်းတဲ့သူတွေ များနေတော့ သူတို့ကို ဥပေက္ခါမပြုနိုင်တာ ထင်တယ်”
“လူကြီးဖြစ်သူသည် ခေါင်းညိတ်ပြီး လူငယ်လေး၏ ပြော စကားကို လက်ခံလိုက်သည်။ထိုသူနှစ်ယောက်မှာ အခြားသူ မဟုတ်ဘဲ ငွေကိုင်းဆရာတော်မှ လွှတ််လိုက်သော ဦးဖိုးဝေနှင့် သူရိယပင် ဖြစ်၏။သူတို့သည် ချမ်းသာကြီးရွာမှ တောင်သူ ကြီး ဦးသောင်းမြင့်အိမ်သို့ ထွက်လာကြခြင်းဖြစ်သည်။မကြာသောအချိန်တွင် သူတို့သည် ချမ်းသာကြီးရွာထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ချမ်းသာကြီးရွာသည် အမည်နာမနှင့် လိုက် ဖက်စွာ အိမ်ကြီးအိမ်ကောင်းများပေါများပြီး သန့်ရှင်းသပ်ရပ်သော ရွာကြီးဖြစ်သည်။အိမ်ရှေ့ကွပ်ပျစ်တွင် လှမ်းထားသော မြေပဲများ၊စပါး နှင့် နှမ်းများကို ကြည့်ခြင်းဖြင့် ရွာ၏ အခြေအ နေကို သိနိုင်ပေသည်။ဦးဖိုးဝေတို့သည် ရွာလယ်လမ်းအတိုင်းလျှောက်လာရင်း ဝါးဖက်ခမောက်ကိုဆောင်းကာ ဓားကို ထမ်းလျက် လမ်းလျှောက်လာနေသော လူကြီးတယောက်အား သူရိယမှ အမေးစကားဆိုလိုက်သည်။
“ဦးလေး “
“အေး ငါ့တူ “
“ကျနော်တို့ကို ဦးသောင်းမြင့်ရဲ့အိမ်ကို လမ်းညွှန်ပေးနိုင်မလား ခင်ဗျာ”
“ကိုသောင်းမြင့်ရဲ့ ဧည့်သည်တွေထင်ပါ့ လာကြ လာကြ ကျုပ် လိုက်ပို့ပါ့မယ် “
သဘောကောင်းသောရွာသားကြီးသည် ရှေ့မှ ဦးဆောင်ကာ ဦးသောင်းမြင့်၏အိမ်သို့ လိုက်ပို့လေသည်။ထို့နောက် စပါးကျည်များကို သစ်သားများဖြင့် ဆောက်ထားသလို အိမ်ကို လည်း ပျဥ်ထောင်ပျဥ်ခင်းနှင့် ခန့်ထည်စွာ ဆောက်ထားသော အိမ်ကြီးတအိမ်ထဲသို့ ၀င်လိုက်လေသည်။ထို့နောက် ရွာသားကြီးသည်
“ဗျို့ ကိုသောင်းမြင့် ဧည့်သည်ပါလာတယ်ကွ ငါ့တူနဲ့ ဦးလေး ကျုပ်ကို ခွင့်ပြုဦးဗျာ ဒါ ကိုသောင်းမြင့်အိမ်ပါပဲ ဟိုတန်းလျားမှာ ထိုင်စောင့်နေဗျာ “
“အိမ်ရှင်တွေ မရှိကြဘူးလား “
“မရှိဘူးထင်တယ်ဗျ တောထဲကို သွားနေကြတာနေမယ် “
“ကျုပ်တို့ သူတို့တဲကို လိုက်သွားရင် ကောင်းမယ်ထင်တယ် လမ်းညွန်ပေးနိုင်မလား”
ဦးဖိုးဝေသည် ပြန်ရန် ဟန်ပြင်နေသောရွာသားကြီးအား စကားဆိုလိုက်သည်။ထိုအခါ ရွာသားကြီးသည် ဆောင်းထားသော ၀ါးဖက်ခမောက်အား ချွတ်လိုက်ကာ ယပ်ခပ်လိုက်ပြီး ခေတ္တစဉ်းစားနေဟန်ရှိသည်။ထို့နောက် ရွာသားကြီးသည်
“ကဲ ဒါဆိုလည်း သွားကြတာပေါ့ အမှန်အတိုင်းပြောရရင် ကိုသောင်းမြင့်ရဲ့တဲကိုသွားရမှာ ခပ်လန့်လန့်ဗျ”
“ဘာဖြစ်လို့လဲ ဦးလေး “
“သူ့သားတွေက ၀င်ပူးတာလိုလို ရူးနေတာလိုလိုဗျ မထင်ရင် မထင်သလို ရန်ပြုတတ်သေးတာ “
“အဲ့ဒီလောက်တောင် ဆိုးနေတာလား”
“ဆိုပါတော့ဗျာ ကျုပ်လို ယောကျာ်းရင့်မာကြီးတယောက်ကတောင် လန့်တယ်ဆိုတော့ ခင်ဗျားတို့ တွေးကြည့်လိုက်ပေါ့ဒါနဲ့ ခင်ဗျားတို့က ဘာလာလုပ်တာလဲ”
“ဦးသောင်းမြင့်သားတွေ ဖြစ်နေတဲ့ပြဿနာကို ရှင်းပေးဖို့ ငွေ ကိုင်းရွာဆရာတော်က လွှတ်လိုက်တာပါ”
“ဒါဆို အထက်လမ်းဆရာတွေပေါ့ အဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းပါတယ်ဗျာ”
ဤသိို့ဖြင့် ရွာသားကြီးသည် ဦးသောင်းမြင့်တို့ရှိရာ တဲသို့ စကားတပြောပြောနှင့် သွားလိုက်ကြပါတော့သည် ။
◾အခန်း (၉)
တဲပေါ်တွင် လူနှစ်ယောက် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေလေသည်။ထိုသူနှစ်ယောက်မှာ ဦးသောင်းမြင့်တို့ ဇနီးမောင်နှံ ဖြစ်လေသည်။သူတို့သည် နေ့တိုင်းပင် သားဖြစ်သူနှစ်ယောက် စားဖို့အတွက် ထမင်းဟင်းများချက်ပြီးမှ တဲသို့လာစောင့်နေကြပေမဲ့ သားနှစ်ယောက်သည် ဗိုက်ဆာချိန်တွင် တဲ၌ မွေးထားသော ကြက်များအား ဖမ်းကာ အစိမ်းလိုက်စားသောက်ကြသည်။တပါတ်မပြည့်သည့်အချိန်အတွင်း သားနှစ်ယောက်တို့ သည် လူပုံပင် မပေါ်ကြတော့ပေ။ထို့ကြောင့် စိတ်သောကရောက်စွာ နှင့် ထိုင်နေပြီး ညနေစောင်းသောအချိန်မှ ရွာသို့ ပြန်လာစမြဲဖြစ်သည်။သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် စကားမပြောကြဘဲ ငြိမ်သက်စွာထိုင်နေချိန် တဲအ တွင်းသို့ လူသုံးယောက် ၀င်လာလေ၏။ထိုလူသုံးယောက်ထဲမှ ရှေ့ဆုံးလူကို မြင်သောအခါ ဦးသောင်းမြင့်သည်
“ကို၀င််းမြင့် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ဒီမှာလေဗျာ ဆရာတော် လွှတ်လိုက်တဲ့အထက်လမ်းဆရာတွေ ခင်ဗျားတို့အိမ်သွားတာ ခင်ဗျားတို့ မရှိလို့ ဒီကို လိုက်လာကြတာ”
“ဟုတ်တယ်ဗျာ လာ ဆရာကြီးတို့ တဲပေါ်ကိုကြွပါဦး ခင်ဗျ”
ဦးသောင်းမြင့်သည် ဦးဖိုးဝေ နှင့် သူရိယ အား တဲပေါ်တွင် နေရာပေးလိုက်သည်။ဦး၀င်းမြင့်ဟု အမည်ရသော ဦးဖိုးဝေတို့အား လိုက်ပိို့သည့်လူကြီးသည်လည်း တဲပေါ် တက်ထိုင်လိုက်လေသည်။တဲပေါ်ထိုင်နေသော ဦးသောင်းမြင့်နှင့် ဇနီး ဒေါ်ရွှေမိသည် တဲအောက်သို့ ဆင်းကာ ရေနွေးအိုးတည်လိုက်လေ၏။ထို့နောက် ဦးဖိုးဝေသည်
“ကဲ ဘယ်လိုကဘယ်လို ဖြစ်တယ်ဆိုတာ ကျုပ်ကိုပြောပြပါဦး”
ဦးသောင်းမြင့်သည် ဖြစ်ပျက်သမျှအား ပြောပြလိုက်သော အခါ ဦးဖိုးဝေသည်
“သူတို့တွေက အတော်ကိုအမျက်ကြီးတဲ့သူတွေ သစ်ပင်မှာ နေခိုင်းလိုက်တာက ဦးသောင်းမြင့်မှားတယ် ဘာလို့လဲဆိုတော့ အပင်အသေးလေးမှာ နေခိုင်းဖို့ မသင့်ဘူးလေ။ကျုပ်ကို တောင် ပို့ရှိတဲ့နေရာကို လိုက်ပြစမ်းပါဦး”
ဦးဖိုးဝေ၏စကားကြောင့် ဦးသောင်းမြင့်သည် တဲပေါ်မှ ဆင်းကာ ယာကွက်ထဲရှိိ ဖြိုထားသောတောင်ပို့နေရာအား လိုက်ပို့ပေးလေသည်။ဦးဖိုးဝေသည် ယာကွက်ပတ်၀န်းကျင်အား သေချာကြည့်ကာ ယာကွက်အစပ်တွင်ရှိနေသော ညောင်ပင်ကို မြင်မိသဖြင့် သေချာကြည့်လိုက်လေသည်။ထိုအခါ ညောင်ပင်တွင် မည်သည့်ပုဂ္ဂိုလ်မှ မရှိသောအခါ
“ဦးသောင်းမြင့်”
” ဗျာ ဆရာကြီး”
“ဟိုညောင်ပင်ကို ကျုပ်ကို ပေးမလား”
ဦးသောင််းမြင့်သည် နားမလည်ဟန်ဖြစ်နေသည်။သူ့စိတ်ထဲတွင်လည်း အဘယ်ကြောင့် ညောင်ပင် တောင်းရသည်ကို မတွေးတတ်အောင် ဖြစ်နေသည်။ဆရာတော်မှ လွှတ်လိုက်သည့် လူများဖြစ်နေ၍ ခေါင်းညိတ်လို့သာ လက်ခံလိုက်ရသည််။ထို့ နောက် သူတို့အားလုံးသည် တဲဆီသို့ ပြန်ခဲ့လိုက်ပါတော့သည်။
◾အခန်း (၁၀)
ဦးဖိုးဝေသည် တဲပေါ်တွင် ရေနွေးသောက်နေရင်းဖြင့် တဲမှ လှမ်းမြင်နေရသော တောအုပ်ကို ကြည့်ကာ
“ကဲ ကဲ ငါရှေ့လာခဲ့ကြ မင်းတို့ ဘာဖြစ်ချင်တာလဲဆိုတာ ငါ့ကိုပြော”
ထိုသို့ပြောနေသော်လည်း အခြေအနေမှာ ပြောင်းလဲခြင်းမရှိပေ။ထိုအတွက် သောက်လက်စရေနွေးခွက်အား ဘေးသို့ ချလိုက်ကာ အသံခပ်မြင့်မြင့်ဖြင့် စကားထပ်ဆိုလိုက်သည်။
“ငါ မေတ္တာနဲ့ ခေါ်နေတုန်း လာကြနော် အနာတရ မဖြစ်ချင်ရင် လာကြ “
သို့ပေမဲ့ အခြေအနေမှာ ထူးခြားမလာသည့်အခါ ဦးဖိုးဝေကို စိတ်ဝင်တစားကြည့်နေကြသော ဦးသောင်းမြင့်တို့မှာ ဦးဖိုးဝေ ၏ အစွမ်းအစကို သံသယဝင်လာလေသည်။ဦးသောင်းမြင့်တို့ ၏ အကြည့်ကို နားလည်သောသူရိယသည် ဦးဖိုးဝေအား စကားဆိုလိုက်လသည်။
“အဘ မေတ္တာကို နားမလည်တဲ့ကောင်တွေကို ကျနော်ပဲ ခေါ်လိုက်ရမလား”
“ရတယ် သူတို့က နစ်နာသူတွေဆိုတော့ အဘတို့ သည်းခံရလိမ့်မယ် “
“ဟုတ်ကဲ့ပါ အဘ “
စိတ်မရှည်တော့သော သူရိယအား ဦးဖိုးဝေသည် အကျိုးအ ကြောင်း ရှင်းပြလိုက်ပြီးနောက် ရေနွေး ကြမ်းတခွက်ကို ထပ်ပြီး သောက်လိုက်ကာ တောအုပ်အားကြည့်၍ ထပ်မံစကားဆိုလိုက်သည် ။
“ကဲ တောစောင့်ရေ သင့်တောထဲမှာ ရောက်နေတဲ့ နှစ်ယောက်ကို ကျုပ်ရှေ့ ခေါ် ခဲ့ပါဦး “
ဦးဖိုးဝေမှ အေးဆေးတည်ငြိမ်စွာ စကားဆိုပြီးချိန် လွင်ဦး နှင့် လွင်ထူးအား လူနှစ်ယောက်မှ ဆွဲခေါ်လာသည့်အလား ဒယိမ်းဒယိုင်နှင့် တောအုပ်ထဲမှ ထွက်လာပြီး တဲကုန်းပေါ်သို့ တက်လာကြသည်။ထို့နောက် သူတို့ နှစ်ယောက်သည် နီရဲနေသော မျက်လုံးအစုံတို့ဖြင့် ဦးဖိုးဝေအား ကြည့်လိုက်ကာ
“နင်က ငါတို့ကို ဘာလို့ခေါ်တာလဲ ပြောစမ်း”
ဦးဖိုးဝေအား ရင့်သီးပြီး မခိုးမခန့်အမူအယာနှင့် ပြောနေသောအခါ တဲပေါ်တွင်ထိုင်နေသော သူရိယသည် တောက်တ ချက် ခေါက်လိုက်ပြီး
“တောက် နင့်တို့ကို မေတ္တာနဲ့ ခေါ် တဲ့ ငါ့အဘကို မလေးမခန့် ပြုနေကြတယ်ပေါ့ ခုချက်ချင်း ဒူးထောက်လိုက်ကြစမ်းဟဲ့ “
သူရိယ၏ စကားဆုံးသည်နှင့် ဝင်ပူးခံနေရသော လွင်ဦး နှင့် လွင်ထူးတို့ ညီအကိုနှစ်ယောက်သည် ဒူးထောက်သွားကြပြီး သူရိယအား ကြောက်လန့်နေသော မျက်လုံးတို့ဖြင့် ကြည့်နေလေသည်။ထိုအချင်းအရာကို မြင်တွေ့လိုက်ရသော ဦးသောင်းမြင့် လင်မယား နှင့် ကိုဝင်းမြင့်သည် အံ့သြစွာဖြင့် သူရိယအား ငေးကြည့်နေလေသည်။ထို့နောက် ဦးဖိုးဝေသည် သူရှေ့တွင် ဒူးထောက်နေသော ဝင်ပူးခံနေရသည့် ညီအကိုနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ကာ
“ကဲ မင်းတို့တတွေက ဒီအကွက်ထဲ နေကြတဲ့သူတွေဆိုတော့ မင်းတို့က ဦးသောင်းမြင့်တို့နဲ့တောင် ဆွေမျိုးရောကင်းရဲ့လား”
“ငါက သူ့အဘိုးရဲ့အမပဲ ငါတို့မိသားစု သူတို့ကို ဘာဒုက္ခမှ မပေးပဲ နေ နေကြတာ”
“ငါသိပါတယ် အဲ့တာကြောင့်လည်း နင်တို့ကို ဘာဒုက္ခမှ မပေးပဲ မေတ္တာရပ်ခံရတာပါ အမှန်ဆို သင်တို့ ဝင်ပူးထားတာက သင်တို့သာ လူ့ဘဝမှာရှိခဲ့ရင် သင်တို့ရဲ့ သွေးသားတွေပဲလေ မေတ္တာထားပါ “
“ငါတို့နေတဲ့ တောင်ပို့ကို ဖြိုလို့ အပင်မှာ နေခွင့်တောင်းတာ အပင်ကိုပါ ထပ်ခုတ်တယ် ငါတို့မကျေနပ်ဘူး”
“စိတ်လျှော့ပါ သင်တို့ကို တောင်းပန်ပြီး နေရာထိုင်ခင်းပေးပါ့မယ် ဟိုအကွက်အစပ်နားက ညောင်ပင်မှာ သင်တို့ နေနိုင်တယ် အခုတခါတော့ ခွင့်လွှတ်လိုက် ကြားလား လူတွေကို ပူးကပ်ပြီး အခုလို ဒုက္ခရောက်အောင် လုပ်နေပြီဆိုကတည်းက သင်တို့ကို နာကျင်အောင် လုပ်လို့ရတယ်။ကျုပ် နာကျင်အောင် မလုပ်ချင်ဘူး ပြီးတော့ သင်တို့ ကျွတ်လွတ်ချင်ရင် ဒီက ဦးသောင်းမြင့်ကို အကူအညီတောင်းလို့ရတယ် အခုက သင်တို့ ကျွတ်ချိန်မတန်သေးဘူးထင်တယ် “
“ငါတို့ လက်ခံတယ် နောက်တခါ ငါတို့နေရာတွေကို မဖျက်စီးပါနဲ့ မဖြစ်မနေဖျက်ရမယ်ဆိုရင် နေစရာအစားပြန်ပေးပါ “
“ကဲ ကောင်းပြီ သင်တို့ ဒီနှစ်ယောက်ရဲ့ကိုယ်ထဲက ထွက်နိုင်ပြီ”
ဦးဖိုးဝေမှ ထိုသို့ပြောလိုက်သောအခါ လွင်ဦး နှင့် လွင်ထူးတို့သည် ထိုင်နေရာမှ လဲကျလို့ သွားတော့သည်။ထိုအခါ ဦးသောင်းမြင့် နှင့် ဒေါ်ရွှေမိတို့သည် သားနှစ်ယောက်အား ထူပေး လိုက်လေ၏။မကြာသောအချိန်တွင် နှစ်ယောက်လုံးသတိရလာပြီး
“အားး ကျွတ် ကျွတ် အမေ ကျုပ်တို့ကိုယ်က ဘာအနံ့တွေ ရနေတာလဲ ပြီးတော့ ပါးစပ်တွေကလည်း နာလိုက်တာ တကိုယ် လုံးလည်း ကိုင်ရိုက်ထားသလိုပဲ”
“အဖေကြီး ကျုပ်တို့ ဘာဖြစ်တာလဲ လူတွေကလည်း လူရုပ်မပေါ်တော့ဘူး ကျုပ်တို့ ပါးစပ်တွေက ဘာလို့ သွေးတွေနဲ့လဲ “
” နောက်မှ ရှင်းပြမယ် မင်းတို့ ရေအရင်ချိုးလိုက်ကြဦး။ ဆရာကြီးရေ အရင်သွားချိုးခိုင်းလိုက်မယ်။စိတ်ချရပြီလား ခင်ဗျ”
ဦးသောင်းမြင့်သည် သူ၏သားနှစ်ယောက်အား စကားပြော နေရင်းမှ ဦးဖိုးဝေကို စကားဆိုလိုက်ခြင်း ဖြစ်သည်။ဦးဖိုးဝေ ခေါင်းညိတ်ပြလိုက်သောအခါ တဲကုန်းအောက်သို့ ရေချိုးရန် ခေါ်သွားလေသည်။ တဲပေါ်တွင်ရှိနေသော ဦးဝင်းမြင့်သည် ဦးဖိုးဝေ၏ရှေ့တွင် ငုတ်တုတ်ထိုင်ပြီး လက်အုပ်ချီ၍ စကားဆို လေသည်။
“ဆရာကြီး ကျနော့်မိန်းမကိုလည်း ကူညီပေးပါအုံးခင်ဗျာ”
“ဘာဖြစ်လို့လဲဗျ”
“ကျနော့်မိန်းမက ဟို ပညာသည်ပါ သူ့ပညာတွေကို စွန့်ချင်နေတာပါ ဘယ်လိုစွန့်ရမယ်မှန်း မသိဘူး ဖြစ်နေတယ် ကူညီပေးပါ ဆရာကြီး”
ဦးဝင်းမြင့်၏စကားအား အံ့ဩနေသူမှာ ဒေါ်ရွှေမိဖြစ်နေ သည်။ထိုအချင်းအရာကို သတိထားမိသော ဦးဝင်းမြင့်သည် ဒေါ် ရွှေမိအား တောင်းပန်သောအကြည့်ဖြင့် ကြည့်ကာ
“မရွှေမိ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့ဗျာ”
“စိတ်ချပါ ကိုဝင်းမြင့် စိတ်မပူပါနဲ “
ထို့နောက် ဦးဖိုးဝေသည် ဦးဝင်းမြင့် အကူအညီတောင်းသည် ကို ကူညီမည့်အကြောင်းပြောလိုက်သောအခါ ဦးဝင်းမြင့် တယောက် ကျေနပ်လို့ နေပါတော့သည်။
ဦးဖိုးဝေ နှင့် တောင်ပို့သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply