အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ထိုင်ကောင်းခြင်း မှုထိုင်ရ၊ ထကောင်းခြင်း မထရ၊ ဟိုပြေး သည်လွှားဗျာများ လူသားဘ၀၊ ဂနာမငြိမ်သော ဘဝကို ကျရောက်သူများမှာ မိုးမလုံသောအိမ်၌ နေရသော မိသားစု ဖြစ်သည်။
ငတော၏ သား ဆယ်တန်းကျောင်းသားငမုံးက မိုးရွာ လေတိုင်း မိုးလုံရာစုထိုင်ရင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှာ ရေဘေးဒုက္ခသည်များ စာရင်းပေးဖို့ စာရင်း ကောက်ရင် အနော်တို့ ပါနိုင်ပါသည်ဟု ရယ်ကျဲကျဲ ပြောနေကြ။
ရှစ်တန်းကျောင်းသူ လေးခင်မက နှုတ်ခမ်းစူပြီး၊ ကုတွေ၊ လတွေ၊ ပြောနေမယ့်အစား၊ မောင်မောင်လေးက
ယောက်ျားပဲ၊ ထန်းရွက် လှည့်ရှာခုတ်ပါလား၊ ခုတော့ အရည်မရ အဖတ်မရ လျှောက်ပြောနေတယ်ဟု ေငါ့တတ်၏။
ထန်းရွက်ကို မဖြစ်ဖြစ်သည့်နည်းနှင့် တောင်းသင့်သူ ထံမှ တောင်းခဲ့ပြီ။
တောင်းခဲ့သည် ဆိုသောကြောင့် အခမဲ့ မဟုတ်။ ထန်းရွက်ပေးနိုင်သူ၏ လည်စိဖြတ် ထန်းခြောက်ပင် သုံးပင်ကို အခမဲ့ စေတနာရှိ ကူညီကာ ဖြတ်ပေးခဲ့ရသည်။ ထန်းပင်ရှင်က သူပေးနိုင်သမျှ ထန်းရွက်ကို ပေးခဲ့၏။ ထန်းရွက် ရှစ်ဆယ်ခန့် ၏။ လိုသည့်ငွေကို ဖြစ်သည့်နည်းဖြင့် ရှာဖွေကာ ထန်းရွက်ဖိုး ဖြည့်ခဲ့သည်။
ထန်းရွက်ရပြီး မိုးမည့်မနက်ရောက်ခါမှ မိုးကပြိုကျ လိမ့်နိုး ရွာလိမ့်နိုးဖြင့် အစပျိုးနေရာ ထန်းရွက်ဟောင်း ဖြတ်သင့် မဖြတ်သင့် ငတော ချင့်ချိန်သည်။ မနက်နေခြည်ပြု ချိန်အထိ ရွာရောင်ပြသော မိုးက တစ်ပေါက်မှ ကျမလာ။
ကဲ၊ ငါနဲ့ ငလုံးက အဖျက်နဲ့အမိုး၊ နင်တို့က ထန်းရွက် ဟောင်း အကောက်နဲ့ အရှင်းဟု တာဝန်ခွဲဝေပြီး ချက်ချင်းဖျက်၊ ချက်ချင်းမိုးခဲ့သည်။ မိုးရွာမည့် အဆင်ကား အပြေ။ မှိုင်းမှိုင်းရီရီ အုံ့ပျအုံ့ပျ။ ထို့ကြောင့် ငတောတို့ တစ်အိမ်သားလုံး အချိန် လုလုပ်ရာ အားလုံး ဖျတ်ဖျတ်လတ်လတ်။
ဖျတ်လတ်ရမည်၊ တက်ကြွရမည်၊ မိုးလုံလေလုံမှ လူလို သူလိုနေ၊ လူလို သူလိုစား၊ လူလိုသူလို အိပ်နိုင်၊ နေနိုင်၊ ထိုင်နိုင်၊ လာသည့်ဧည့်သည်ကို ဧည့်ခံနိုင်တော့မည်။
ညအိပ်ကောင်းချိန် အိပ်ရာမှ ၀ရုန်းသုန်းကား ထမရွှေ့ ရတော့။
ထမင်းစားရင်း မျက်ကလူးဆံပျာ မဖြစ်တော့။
စာကျက်ရင်း ထပြေးပြီး စာအုပ်လေးများကို ပလတ်စတစ်ဖြင့် မဖုံးရတော့။
အရေးကြီးသော အိမ်စာ လုပ်သည့် နေ့၌ မိုးမရွာဖို့ ဆုမတောင်း ရတော့။
စာမေးမည့်နေ့အတွက် မဖြစ်မနေ ကျက်ရမည့်စာ ကျက်နေရင်း မိုးရွာမှာကို ကြောင့်ကြ စိုးရိမ် မနေရတော့။
နင့်အိမ် အလည်လာတုန်း မိုးမိတာ၊ မိုးတောင် မလုံပါလား ငမုံးရယ်ဟု တွဲဖက်ဆရာမ ဒေါ်မြမြပို၏ ညည်းတွား ကရုဏာသံကို ငမုံးကြားစရာ မလိုတော့။
တက်ညီလက်ညီ မိုးကြ၊ ပေးကြ၊ ရှင်းကြရာ အုန်းခနဲ ခြိမ်း၊ ဒင်းခနဲ မိုးကြိုးသံပေး၊ လျှပ်တဝင်းဝင်း ထပ်ထပ်ပစ်လည်း မိဂျမ်းမျက်နှာ တပြုံးပြုံး။ လေးခင်မ သီချင်း တအေးအေး။
ထန်းရွက်က သက်ကယ်ကဲ့သို့ လူများမလို၊ ကပ်ကဲ့သို့ သံမရိုက်ရ။ သွပ်ကဲ့သို့ တိုင်းဖြတ်သံရိုက် မလုပ်ရ၊ ဝါးခြမ်းတန်း ဝါးချိတ်လျှော်တုတ်မျှဖြစ်ရာ မိုး၍ပြီးလွယ်သည်။ ငတော ခေါင်ချုပ်အချောသပ်ကာ ဆင်းလာချိန်၌ အောက်မှ အဖွဲ့ကလည်း ရှင်းလင်းပြီးနေပြီ။ ။
မိုးလုံလေလုံ အိမ်ကလေးကို နတ်၌ ဖြစ်သော ဘုံဗိမ္မာန်ပမာ၊ တစ်အိမ်သားလုံး မက်မက်မောမော ကြည်ကြည်နူးနူး ရွှင်ရွှင်ပြပြ ကြည့်ကာ အားရဝမ်းသာမှုများ၊ ခံစားနေကြရရှာသည်မှာ ဖုံးမရဖိမရ။ အရူး မူးစေ့ကောက်ရ လှည့်ပတ်အခါခါ ပွတ်ကြည့်ဟု ဆိုချင်သာဆို။
ဆရာဦးဝမ်းမောင် ၏ တပည့်ပီပီ ငမုံးက စာသံပေသံ ပါပါ ရွတ်နောက်နောက် ရွတ်ဆိုသည်။ စတိတ်အင်ပါယာ အဆောက်အအုံထက် ငါတို့ အဖို့ပိုမို အရေးကြီးသော ငါတို့၏ တဲဗိမာန်ကို တောင်းတာ ကောင်း၊ ဖြည့်စွက်တန်တာ ဖြည့်၍ မိုးပြီးလေပြီး ဓနိယနွားကျောင်းသားက ဆိုသည်။ ရွာလိုရွာလော့ မိုးနတ်သား၊ အိုင်ဒုန့်ကဲရား၊ နကမ္ပတိဟု ဆိုရာ လေးခင်မက မောင်မောင်လေးဟာ ပေါက်လဲပေါက် ပေါလဲပေါ တတ်လဲတတ် ပေါက်ပေါ တတ်ပဲ ပြောရာ ဝိုင်းဝန်းရယ်မောကြ၏။ ငမုံးပျော်သလို တစ်အိမ်သားလုံး ပျော်တာ အတိုင်းအဆ မရှိပါ။
ဓနိယ နွားကျောင်းသားက ရွာလိုရွာလော့ မိုးနတ်သားဟု ဆိုသလို မိုးက ရွာလိုရွာလော့ မိုးနတ်သားဟု ဆိုခါမှ မိုးရိပ်လေရိပ်များ တစ်စတစ်စ ပြယ်လာသည်။ မိုးနှင့်နွားသိုး အစိုးမရ၊ မိုးနှင့်သရက်၊ အိုးနှင့် ကြွက်ကို အကဲခတ်ရခက်သည်ဟု ဒါကြောင့် လူကြီးသူမများက ပြောခဲ့လေသလား ထင်မှတ်ရသည်အထိ အခြေအနေ ပြောင်းသည်။
ငတောတို့ ထန်းရွက်မိုးပြီးကတည်းက တိမ်ကြားမှ ရှင်းခနဲ ဝင်းခနဲ ထွက်လာသည်။ အညာမြေ အညာနွေ နှုတ်ဆက်ခန်းနီးပြီမို့ ထွက်လာလေသလားဟု ထင်မှတ် ရလောက်အောင်ပင်လျှင် ပူပြင်းချက်မှာ အရှိန် ပြင်းပြင်းထန်ထန်။
နေပူချက်မှာ ဌာန်ကုန်။ တဝင်းဝင်း တပြောင်ပြောင် အရောင်ထအောင် အားရပါးရ ပူလိုက်ပါဘိ။
နေပူဒဏ်ကြောင့် ထိုင်နေသူလည်း အိုက်လိုက်တာဟာဟု တညည်းညည်း။ ထနေသူလည်း ပူလိုက်တာဟာဟု တညုညု တုံးလုံးလှဲနေသူလည်း ပူစပ်စပ်၊ စပ်ဖျင်းဖျင်းကြီးဟာဟု တပြောပြော၊ အပူအအိုက် ဒဏ်ကို အလူးအလိမ့် ခံကြရသည်။ ဘူးခါးရေလည်း မအေး၊ ကြမ်းကြားလေလည်း မအေး။ မိုးနေဟု ထိုနေကို အညာသားက ခေါ်သည်။ အပူစွမ်းအင် ကြီးမားလှသည်မှာ အညာသား ညည်းညူရသည်။
မွန်းတည့်စည်တီးပြီးချိန်၌ ရာသီဥတုက တစ်မျိုးပြောင်းလဲသွားသည်။ လေနှင့်တိမ်တို့ လွင့်မျောလာသည်။
တိမ်တောင်များသည် တောင်ဘက်ဆီမှ
မြောက်ဘက်ဆီသို့ တရွေ့ရွေ့ တက်လာပြီး နေမင်းကို အစက တားဆီးသည်။ နေကို တိမ် တောင်များ ဖြတ်ပြေးလာလိုက် နေရောင်ပျောက်လိုက် တိမ် တောင်များ ကင်းစင်သွားလိုက် နေမင်း ဝင်းပလိုက်နှင့် အခါခါ။ နောက်ပိုင်း၌ နေမင်းကို တိမ်ထုက ဝါးမျိုးသည်။ အပူဒဏ် မပြင်းတော့သည့်တိုင် လူများ နေရင်းထိုင်ရင်း အိုက်ပြုတ်ပြုတ်၊ စပ်ဖျဉ်းဖျဉ်း၊ ချွေးတစီးစီး လေက ငြိမ်ငြိမ် သက်သက်။
ငြိမ်သက်ရာမှ မိုးဆော်လေတို့ စတင်ဝှေ့ယမ်းလာသည်။ မိုးပြေးလေး စတင်ရွာသည်။ တိမ်တို့ ညိုမှိုင်းမည်းမှောင်ပြီး ကောင်းကင် တစ်ခုလုံး ပိတ်ဖုံးကာ ရှစ်ရပ်ခွင်လုံး ထစ်ချုန်း ရိုက်ဟီးလျက် မိုးကြီးသဲသဲ မည်းမည်းပင်
ရွာသည်။
ဒေါင်ဒေါင်မြည်မှ အိုး။
သုံးလွန်းတင်မှ ကြိုး။
တောင်ကလာမှ မိုး ဖြစ်ကြောင်းကို ပြောစမှတ် ပြုရလောက်အောင် အိုးလှဲရေသွန်ရွာသည်။ ရှုလေရာဝန်းကျင်အားလုံး ပိတ်ဖုံးမြင်တွေ့နေရသည်မှာ မိုးရေများ၊ လမ်းကြောင်းများ ရေလျှံသည့်တိုင် အညာမိုးက မနား။ ရွာသမျှ မိုးရေ အင်အားများပြားပြီး မိုးသက်ရှည်သည်။ နှစ်နာရီ ကျော်ကျော်မျှ နားလိုက် ရွာလိုက် ရွာသောအခါ ချောင်းရေကလျှံ၊ ကန်ရေကတိုး၊ ပျိုတို့မောင် ရွှေညောင်ရစ် ရေနစ်မှာစိုးရလောက်အောင် မိုးရေက ဖွေးဖွေးလျှံလျှံ။
မိုးကနူးနပ်နပ် ရှိရုံမျှမက ကျွံကျအောင် ရွာသောမိုး။ ။
ရာသီက နွေနှောင်း။ မိုးဦးသစ်တော့မည့် အချိန်။ ဖုန်သိပ်မိုးလေများ သုံးလေးကြိမ် ရွာပြီးသောအချိန်။ မိုးကြီးရေလျှံ နူးအိပျော်ကျ အောက်ပေါက်အောင် ရွာသောအချိန်။
လက နယုန်လ၊ ရက်က လကုန်လုနီး လဆုတ် ရက်ပိုင်း။
ငတော ဘာလုပ်ရမည်ကို ငတောသိသည်။
“ငလုံးနဲ့ငမုံး”
“ဗျာ အဖေ”
“ညမှာ ဖားကောက်ထွက်မယ်၊ မင်းတို့ ညီအစ်ကို နှစ်ယောက်စလုံး လိုက်ရမယ်၊ ဖားထည့်မယ့် အိတ်သုံးလုံးလည်း ယူခဲ့၊ တောလိုက်မီး၊ တောကိုင် ဓား၊ ဓားလှံနဲ့ အရန်မီးသီးလည်းယူခဲ့”
ဟုတ်သည်။ ရာသီတစ်ခွင်၌ မိုးဦးခွင်သစ် ဝင်တော့မည့်အချိန် မိုးကြီး လာရွာခြင်းသည် ဖားကောက်ရန်အချိန်ကျပြီဟု သွယ်ဝိုက်ကြေညာခြင်းဖြစ်၏။
(၂)
လူကလေးရဲ့ ချော့စရာ။
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ။ ။
ဖားပါလျှင်တစ်ကောင်ပေးပါ
မျက်လုံးရယ်ကြောင်တောင်တောင်နဲ့
ဖားကောင်ကသေး။
(သားချော့တေး)
ညဦးပိုင်း၌ တောလိုက် ဘက်ထရီမီးထိုးလျက် ငတောတို့ သားအဖ သုံးယောက် ဖားကောက်ထွက်ခဲ့သည်။ ရွာမှ အနောက် စူးစူး၌ရှိသော သဲပြာမြေများဆီသို့သွားမှသာ ဖားများများ ကောက်ရမည်မို့ ငတောတို့သည် သဲယာမြေတောများဆီသို့ သွားရောက်ရာတွင် လမ်း၌ ကဇာရိုးများစွာကို ဖြတ်ကျော်ရသည်။ ကဇာရိုးဟူသည် သစ်ပင်ဝါးပင်ကြီးများ၊ ချုံပုတ်ချုံနွယ် များ၊ တောင်ပို့အို၊ တောင်ပို့ဟောင်း၊ တောင်ပို့သစ်များ ထူထပ်စွာ ပေါက်ရောက်နေသော တောတန်းရှည်ကို၊ ကဇာ၊ ကဇာရိုးဟုခေါ်သည်။
လှည်းလမ်းဘေးဝဲယာ၌ ဖြစ်စေ၊ သီးခြား ဖြစ်စေ ပေါက်ရောက်နေသည့် သစ်ပင် ဝါးပင် ချုံနွယ်ပိတ်ပေါင်း ထူထူထပ်ထပ်ပေါက်ရောက်နေသော နေရာကိုလည်း ကဇာဟုခေါ်ကြသည်။ ရှေးအစဉ်အဆက်ကထဲက ရှိခဲ့သော ကဇာရိုးများထဲတွင်
တောင်ပို့အုံကြီးများ၊ တောင်ပို့ဟောင်းများ၊ တောင်ပို့အသစ်များ အများအပြား ပေါက်ရောက်သည်။
အချို့တောင်ပို့ကြီးများက လူတစ်ရပ်ကျော်အောင် မြင့်မားလေ့ရှိသည်။ အချို့တောင်ပို့များက ရင်ဆို့၊ ခါးလယ်၊ တောင်ပို့သစ်က တစ်တောင် နှစ်တောင်မြင့်သည်။
တောင်ပို့သည်၊ ခြတို့၏အိမ်။
တောင်ပို့ဖြစ်စေခဲ့သူမှာ ခြများ။ ခြများ စားသောက်နေထိုင် အိမ်ပြုလေ့ရှိရာမှ တောင်ပို့ထွက်ပေါ်လေ့ရှိသောကြောင့် ဒေသသုံးစကားအရ ခြတောင်ပို့ဟုလည်း ခေါ်သည်။ တောင်ပို့ဟုလည်း ခေါ်သည်။
တောင်ပို့ အားလုံးနီးပါးပင်လျှင် တောထူချုံထူသည့် နေရာ၌ ရှိတတ်သည်။ မြေပြင်ပြောင်၌ တောင်ပို့ရှိခဲသည်။ ရှိတော့ ရှိတတ်သည်။
ချုံထဲတစ်ပိုင်း၊ မြေပြောင်တစ်ပိုင်းလဲ ရှိတတ်သည်။ ခြကောင်များ နှစ်သက်ပါက အိမ်အောက်၌ပင်လျှင် တောင်ပို့ပေါက်တတ်သည်။ သို့ရာတွင် ရှားပါးသည်။
ခြများက နေထိုင်စားသောက် မှီခိုရာမှ စွန့်ပစ်ခဲ့သော တောင်ပို့ကို တောင်ပို့ဟောင်း၊ ခြများ နေထိုင်သက်ကြာလာသော တောင်ပို့ကို တောင်ပို့အို၊ ခြများအုံဖွဲ့နေထိုင်စားသောက်ရာမှ မြေပြင်ပေါ်သို့ အပေါက်ခေါင်းပါသော မြေသားမြေစိုင်ထု တောင်သဏ္ဌာန် စတင်မြင့်မားလာသည့် တောင်ပို့ကို တောင်ပို့သစ်ဟု ခွဲခြားကြသည်။
တောင်ပို့ကြီးက တောခွေးအ၊ ကြောင်၊ ဖွတ် နေလေ့ ရှိသကဲ့သို့ မြွေလည်းဥကြ၊ သားပေါက်ကြ၊ နေထိုင်ကြသည်။ ထို့ကြောင့် နေ့နေ့ညည၊ မည်သည့်အချိန် ဖြတ်သွားသွား ဖြတ်သန်းသွားလာချိန်တိုင်း ကဇာကြီးများ ဘေးဖြစ်ဖြစ်၊ တောင်ပို့ဟောင်း၊ တောင်ပို့အို၊ တောင်ပို့သစ် ဘေး၌ဖြစ်ဖြစ် သွားလာ သူက မျက်စိလျင်၊ နားပါးရသည်။ မမျှော်လင့်သော ဘေးအန္တရာယ် သည် တစ်ခါတစ်ရံ ကျရောက်တတ်သဖြင့် သတိမေ့လျော့မရ သတိမေ့လျော့၍ ခံလိုက်ရပါက သက်သက်သာသာဖြစ်ခဲ့သည်။ သေတစ်လမ်း၊ ရှင်တစ်လမ်း ချက်ခြင်း ဖြစ်တတ်သဖြင့် ငတောတို့ မပေါ့ဝံ့။ ။
ငတောတို့ သွားနေသော သဲယာမြေတောများ မရောက်မချင်း တောင်ပို့အို၊ တောင်ပို့ဟောင်း၊ တောင်ပို့သစ်များ ပေါများ လှသည့် ကဇာအို၊ ကဇာဟောင်း၊ ကဇာကြီးများဖြစ်ရာ သားအဖသုံးယောက်စလုံး ဝဲ၊ ယာ
ရှေ့၊နောက် ထက်အောက်သို့ မျက်စိရှင်၊ နားပါး၊ သတိထားနေကြရသဖြင့် စကား မပြောဝံ့။ မီးအဆက် အပြတ်မခံဝံ့။ သဲယာမြေတောများ ဆီသို့သာ ချောချောမောမော ရောက်ဖို့၊ အချိန်မီဖို့၊ ဖားများများ ကောက်ဖို့ရသာ အာရုံဇောကပ်နေကြသည်။ ဟုတ်သည်။ ငတောတို့ ကောက်မည့်ဖားမှာ သဲဖား။
သဲဖားကို ကောက်ဖားဟုလည်း ခေါ်သည်။ ကျဖား ဟုလည်း ခေါ်သည်။ ငတောတို့ ချိုင့်ကြီးဒေသနှင့် ဝန်းကျင်တွင် တံမြက်စည်းလှဲ ကောက်ယူ ရလောက်အောင် ပေါများသောဖားကို ပြပါဆိုလျှင် ကောက်ဖား ကို ပြရမည်။ မြောင်မြို့နယ် အနောက်ဖျား သဲမြေများနှင့် ချောင်းဦးမြို့နယ်
တောင်အဖျား သဲမြေများ၌ တွေ့ရသည်။
ဤသည်မှာ မြောင်မြို့ နယ်အနောက်ဖျားနှင့် ချောင်းဦးမြို့နယ် တောင်အဖျား သဲမြေများ၌ သူ့အရပ်နှင့် သူ့ဖား၊ လူ့စရိုက်နှင့် သူ့ဓလေ့၊ သူ့နည်းနှင့် သူ့ဟန် ထူးခြားမှုဖြစ်သည်။
အိုများ၊ အိုင်များ၊ ကန်များ၊ လယ်များဆီသို့ ငတော မသွားဘဲ သဲယာမြေများဆီသို့ ငတော သွားနေခြင်းမှာ မတူခြားနားသော ဖားစရိုက်၊ ဖားလေ့၊ ဖားအနေအထား ကွဲပြားမှုကြောင့် ဖြစ်သည်။ အိုများ၊ အိုင်များ၊ ကန်များ၊ လယ်များ၌ ကောက်ဖားခေါ် ကျဖားခေါ် သဲဖားများ မလာဘူးလား၊ မရှိဘူးလားဟု မေးစရာရှိ၏။ လာသည်၊ ရှိသည်၊ ရသည်။ ထိုနေရာသို့ ဟင်းစားရှာသူ အပျော်တမ်းလာသူ၊ ကလေးတရုန်းရုန်း ခွေးတအုံးအုံး၊ လူကြွက်ကြွက်ညံ။
ငတောတို့ သဲတောမြေများက ရွာနှင့်လည်း ခပ်ဝေးဝေး။ ကဇာများ ချုံများ၊ တောများ ဖြတ်ကျော်ရသဖြင့် တစ္ဆေသရဲ ကြောက်သူကလည်း မလာ၊ တောင်ပို့အို တောင်ပို့ဟောင်း တောင်ပို့သစ်မှ ထွက်လာမည့် မြွေပေါက်မှာ ကြောက်သူက လည်းမလာ၊ တစ်အိုးတစ်နပ်ချက်သမားက တစ္ဆေသရဲ ယုံယုံ’ မယုံယုံ မြွေပေါက်မှာ တုန်နေအောင် ကြောက်ရမလား။
ငတောတို့က ရောင်းစားရလောက်အောင် ကောက်ရသူ များဖြစ်ရာ အဝေးအနီး၊ မြွေတွေ့မတွေ့၊ သရဲတစ္ဆေခေါင်းထဲ မထား၊ ဖားရစေရန်အတွက် ကြွင်းကျယ်သော လူမရှုပ်သော သဲယာမြေအထိ သွားရောက်ရ၏။ T ကောက်စားချိန်၌ သံယာမြေတောများကို ငတောတို့ အားကိုးရသည်။ များ၊ အိုင်များကိုလည်း ငတောတို့ အားကိုး ရသောအချိန်လည်း ရှိသေးသည်။
ရိုက်ဖားအချိန်၌၊ အိုများ၊ အိုင်များ၊ ကန်များ၊ လယ်များ ကို ငတောတို့ အားကိုးရသည်။ ရိုက်ဖားသည် ငတောတို့ ဒေသ၌ အစိမ်းရောင်သန်းသော ညစ်ညစ်အရောင်ရှိသည့် ဖားချောင်နှင့် ဖားပေါင်ဝါ။
ဖားချောင်က အခုန်အပျံ အရှောင်အတိမ်း ကျွမ်းကျွမ်း ကျင်ကျင်။ မြန်မြန်သွက်လက်၊ အကင်းပါးသည့် အကောင်။
လယ်ဘေးချုံထဲ၊ လယ်ထဲ၊ ကန်ဘေး၊ ကန်ဘေးချုံထဲ၊ ကန်ရေစပ်၊ အိုဘေး၊ အိုထဲ၊ အိုင်ဘေး၊ အိုင်ထဲမှာ ရေရှိငါးရှိ၊ ရေရှိဖားရှိ တစ်နှစ်ပတ်လုံးရိုက်၊ ပစ်ရသည့်အကောင်မှာ ဖားချောင်၊ ဖားပူချိန်မှ လွဲလျှင် ခက်ခက်ခဲခဲဖမ်းမှ ရိုက်ရသည်မှာ ဖားချောင်။
ဖားပေါင်ဝါလည်း ဖမ်းရာရိုက်ရာ၌ သူ့နည်းသူ့ ဟန်ဖြစ် အလွယ်တကူမရ။ ခက်ခဲသည်သာ။ ဖားချောင်နှင့် ဖားပေါင်ဝါသည် ရေကကုန်မှသာ ခြေရာ ပျောက်တတ်သည်။ ။
အိုထဲ၊ အိုင်ထဲ၊ လယ်ထဲ၊ ကန်ထဲ၌ နေလေ့ရှိသော ဖား တစ်မျိုးကို ဖမ်းရာ၌လည်း အိုများ၊ အိုင်များ၊ လယ်များကို ငတောတို့ လက်လွတ်မရ။
ထိုဖားက ငတောတို့ဒေသ၌ မိုးဦးဖားဟု ခေါ်သော လိပ်ကဲ့သို့ ခေါင်းပုံစံ ရှိသော ဂုတ်တိုဖား။ အရောင်က ရေနွေး မဖျောမီ နက်ပြာရောင် ရေနွေး ဖျာလိုက်က အပြာနုရောင် ပြောင်းသွားသည်။ သူ့မြည်သံက ကော်၊ ကော်၊ ကော်၊ ကော်၊ ကော်။ ။
မိုးဦး ဖားဂုတ်တိုက လူတွေ့၍ ခွင့်သာလျှင် နီးရာ ရေထဲ ဆင်းပြေးသည်။ ပြီးတောက်လျှောက်ကြီး ငုပ်မသွား။ ခဏအကြာ၌ ကားကားကြီး၊ ရေထဲပေါလောကြီး။ ဖားဖမ်းသမားက သူ့ကို ဒိုင်းဝန်းဖြင့် ခပ်ယူသည်။ ခပ်ယူပုံမှာ ဝါးမာအရှည် ရှစ်တောင်ထိပ်၌ တစ်တောင်ထွာ ကျော်ကျော် ဒိုင်းဝန်းတတ် ရေအောက်မှ ပင့်ထိုးကာ ဖမ်းလေ့ရှိရာ ဖားဂုတ်တို ယက်ကန်ယက်ကန် ပါလာစမြဲ။
ဒေသသုံး အခေါ်အဝေါ်အရ၊
ရေနေသော ချိုင့်ကို အိုင်။
ရေနေသော ချိုင့်ကြီးကို အို။
ရေလှောင်ထားသော ကန်ဘောင်ဆည်ထားသော နေရာကို ကန်ဟုခေါ်သည်။ ထိုနေရာများနှင့် သဲယာမြေတောများ ဆက်စပ်နေက သဲဖားတို့ လာလေ့ရှိသည်။
အချို့က ရေအိုးအောက်၊ တုံးအောက်၊ တိုင်အောက်၊ သစ်ပင် စိုက်ထားရာ ပန်းအိုးထဲ၊ သစ်ခေါင်းထဲတွင် တွေ့ရတတ်သော အောက်ခံ အဝါရောင်၊ အပေါ်ယံအနက်ထားရှိသော ဖားကို သဲဖားဟု ခေါ်တတ်ကြသည်။ ဖားသမားက ထိုဖားကို ဖားကြား၊ ဖားပျံဟုသာ ခေါ်သည်။
ငတောတို့ ကောက်မည့် သဲဖားက ထိုဖား မဟုတ်၊ သဲယာ မြေများ နေသောဖား။ တစ်ကိုယ်လုံးအရောင်က ခပ်ဝါဝါ၊ ခပ်ညစ်ညစ်။ ဖားအော်သံ ပေးရာ၌ ကတ်၊ ကတ်၊ ကတ်၊ ကတ် ကတ် နှင့် အော်သောဖား။ အခြားဖားများထက် အော်သံ တိုးတိမ်ပျော့သောဖား။
ထိုသဲဖား၊ ကျဖား၊ ကောက်ဖားဟု သုံးမျိုးခေါ်သော ဖားတို့သည် မိုးကုန်ချိန်၌ သဲယာမြေတောများထဲတွင် စုပေါင်းတွင်း ယက်လျက် တစ်ဆောင်းလုံး၊ တစ်နေ့လုံး နေလေ့ရှိကြသည်။
တစ်ဆောင်းလုံး တစ်နေ့လုံး စုပေါင်းတွင်းယက်ကာ ခိုအောင်း နေကြသော သဲဖားတို့သည် နွေနှောင်းမိုးသစ်ချိန်ကို တွင်းထဲမှ စောင့်နေကြ၏။ နွေဦး၊ နေ့လယ်၌ မိုးမည်မျှကြီးကြီး ဖားတို့မထွက်သေး။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျရုံ၊ မိုးဖြူ၊ မိုးပြေး အဖြစ်က မိုးဦးနီးလည်း မထွက်သေး။
မိုးနူးနူးနပ်နပ်ရွာပြီး ဖားတွင်းအောက်အထိ၊ အစိုဓာတ် ကျွံကျလာပြီး၊ နွေနှောင်းမိုးရာသီသစ် ဝင်တော့မည်ဆိုမှ သဲဖား တို့တွင်းက ထွက်သည်။ နွေမှာရွာသော မိုးထက်၊ မိုးရွာပြီးက မိုးရာသီသစ် ဝင်လုချိန်နီး၌ ရွာသော မိုးမှဖားက ကြိုက်သည်။ ထိုအချိန်၌ မိုးကြီးရွာခဲ့လျှင် တစ်ဆောင်းခို ၊ တစ်နွေလျှိုး သူတို့ တွင်းထွက်ပွဲ စသည်။ မိုးရာသီခွင်သစ် စရန်ထွက်သည်။ နေ့မှာ မိုးနူးနူးနပ်နပ် ကျွံကျလာအောင် ရွာက တွင်းထဲမှ ဖားတို့သည် ကိုယ်ကိုဆန့်ကာ ဆန့်ကာ အောက်ပိုင်းမှ မြေတို့ကို တိုးလျက်၊ အပေါ်မြေသား အနီးအထိ သူ့ထက်ငါ လုတက်လာသည်။
ငတောရော ငလုံးပါ မြင်ခဲ့ဖူးသည်။ ကြုံ ခဲ့ဖူးသည်။ ကြည့်ခဲ့ဖူးသည်။ မိုးကြီးရွာပြီး တောပြန်ညနေ ဆည်းရီ၌ သဲယာ မြေများထဲမှ တစ်ခုသော နေရာသည်၊ ပေါက်တော့မည့် မှိုငုံကြီးများ တိုးထွက်မည့်နေရာမှ ကြွထ နေသကဲ့သို့ ထူးထူးခြားခြား ကြွထနေသည်။
ည၌ ထွက်မည့် သဲဖားများက နေရောင်ရှိသေးသောကြောင့် ပြင်ပသို့ မထွက်သေးဘဲ ခေါင်းပေါ် မြေရှိရုံသာသာ နေရာအထိ ရောက်လာပြီး ညကို စောင့်ကြိုနေခြင်းပင်။ ပဲကြီး၊ ပဲကြားအညှောက် ကုံးကုံးကြီးများပေါ်မှ မြေစာကဲ့သို့ ငတောတို့ မြင်ခဲ့ဖူးသည်။
ယနေ့ကဲ့သို့ မိုးကြီးလည်း ရွာမည်။ ညဖက်လည်း ရောက်မည်ဆိုလျှင် သဲယာမြေတောများ အောက်၌ စုပေါင်း တွင်းယက်နေထိုင်သော ဖားတို့ တွင်းအပြင်သို့ ထွက်တော့ မည်။ ရေရှိရာ သွားကြလာကြ တော့မည်။
ဤသို့ဖြင့် မြေအောက်၌ ကျင်းဖွဲ့ နေထိုင်ရာမှ ရေရှိရာသို့ အစုလိုက် ပြုလိုက်ဖြင့် ဖားများ လာကြသည်ကို ဖားကောက်သမားက ဖားကျသည်ဟု ချိုင့်ကြီးအသုံးအနှုန်း အရ ပြောဆိုသည်။ ထိုကျလာသော ဖားများကို ကောက်ယူခြင်းကို ဖားကောက်ခြင်းဟု ပြောကြသည်။ ကျဖားကို ကောက်ယူ သူအား ဖားကောက်သမားဟု ခေါ်ကြသည်။
ဖားချောင်၊ ဖားပေါင်ဝါကဲ့သို့ မရိုက်ရ၊ မပစ်ရ။
ဖားဂုတ်တို လိပ်လို မိုးဦးဖားကဲ့သို့ ရေထဲမှ ပိုက်ဖြင့် မဖမ်းရ။
ဖားပြေးလူပြေး၊ ဖားလိုက် လိုက် လိုက်မနေရ။
သူတို့ကို ဖမ်းရာ၌ ရွှံ့ရုပ်ကောက်သကဲ့သို့ ကောက်ယူရသည်။ လက်ထဲမှ ဖမ်းပြီး လွတ်သွားသော ဖားမှလွဲလျှင် ကျန်ဖားများသည် ဖမ်းလည်း ငြိမ်ငြိမ်သက်သက်။ ကောက်ဖားဟုခေါ်သည့် အဓိပ္ပာယ်ပေါ်လွင်လာအောင်ပင်လျှင် ကောက်ထည့်ရသည်အထိ လွယ်လွယ်ကူကူ။
သူတို့ အဓိက နေတတ်၊ ထိုင်တတ်၊ သွားလာတတ်သည်ကိုတော့ ဖားသမားက ကျွမ်းကျွမ်းကျင်ကျင် သိဖို့လိုသည်။
(၃)
“မီးကို ဖြည်းဖြည်းထိုး ငလုံး၊ မင်းရော ငမုံးရော တွေ့တဲ့ ဖားကို မကောက်နဲ့ ဦး၊ ခြေထောက်နဲ့ မနင်းမိအောင်လည်း ဂရုစိုက် ကျော်သွား”
ကဇာချုံများ၊ တောင်ပို့များကို ဖြတ်ကျော်ခဲ့ပြီး သဲယာ မြေတောများထဲမှ ယာတစ်ကွက်ထဲ အရောက်၌ ငတောက သူ့သားများကို သတိပေးပြော ပြောသည်။ ငတောတို့အား ဖားစု ဝေးရာသို့ လမ်းပြခေါ်ဆောင်မည့် . အစအဦး ဖားကို ခြေရာ ခံပြီ။ သဲဖားတို့သည် ဖားချောင်၊ ဖားပေါင်ဝါတို့ကဲ့သို့ မရိုင်း၊ ဂုတ်တိုလိပ်လို ဖားကဲ့သို့လည်း မီးရောင်မလန့်၊ လူမလန့်၊ ရှောင်တိမ်းဖို့ မကြိုးစား။ မီးရောင်ကိုလည်း သတိ မထား။ သူတို့ဦးတည်ရာဘက်ကိုသာ ခုန်ဆွခုန်ဆွဖြင့် သွားမြဲ သွားနေ၏။
ငတောက တွေ့သမျှ သဲဖားများ၏ ခေါင်းတည်ရာ ဘက်ကို အဓိက ကြည့်သည်။ ဖားကောက်သမား၏ တာဝန် ထဲတွင် ဖားခေါင်းတည်ရာဘက်ကို ခြေရာခံလျက် လိုက်တတ် ဖို့က များစွာ အရေးကြီးသည်။
သဲဖားတို့သည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းထားသော ရေကြောင်း အလိုက် ဦးတည်သွားလာနေသည်။ မြောက်က အမြင့်၊ တောင်ကအနိမ့်။ ရေစီးကြောင်းသည် မြောက်မှ တောင်သို့ စီးဆင်းထားရာ တောင်အရပ်သို့သာ တွေ့သမျှ ဖားတိုင်း ဦးတည်သွားနေကြသည်။ မည်သည့်အရပ်မှ လာသော ဖားဖြစ်ဖြစ်၊ ငတောတို့ ရောက်နေရာအရပ်၏ တောင်တည့်တည့်ကျသော အရပ်ဆီသို့ သွားနေကြ၏။ တစ်ကောင်မဟုတ်၊ တစ်နေရာမဟုတ်။ ပန်းတိုင်တူ သွားသလို သွားနေ၏။
တောင်အရပ်၌သာ ရှိသောကြောင့် ဖားတို့ ဦးတည် သွားနေသနည်း။
တောင်အရပ်ဆီ၌ သဲတောယာမြေများ ဖြစ်သော်လည်း အဆက်ပိုင်းဟု ခေါ်သော ရေတင်မြေကွက်များ ရှိလိမ့်မည်။ ရေတင်မြေကွက် အဆက်ပိုင်း သို့သာ သွားခြင်းဖြစ်လိမ့်မည်။ သဲဖား၏ ဗီဇအသိ၌ ရေတင်မြေကွက် ဘယ်မှာ ရှိသည်ဟု သိကြသည်။ သည်အသိအရ သဲဖား ဓလေ့စရိုက်မှာ ပထမ မိုးကြီး ရွာပြီးသော မိုးဦးနီးအချိန်၌ တွင်းမှ ထွက်ပြီး ရေတင်ခွက် ရှိရာသို့ သွားကြသည်။
သူတို့ဦးတည်သွားရာနောက်သို့ ခြေရာခံ၍ နောက်မှ လိုက်ပါသွားပါက ဖားကောက်သမားမရောက်မီ ရောက်နှင့် နေကြသော သဲဖား ရာထောင်သောင်း မကကို တွေ့လိမ့်မည်။ ဖားကောက်နေဆဲမှာပင်လျှင် နောက်မှ ရောက်လာသော သဲဖားအုပ်ကြီးများကို တွေ့လိမ့်မည်။ ဖျာခင်းထားသလို ပေါသောဖား၊ တံမြက်စည်း လှည်းယူရလောက်အောင် ပေါသောဖားဟု ဖားသမား
သြချရလောက်အောင် အများအပြား တွေ့လိမ့်မည်။
ငတော မှန်းဆချက်မှာ ကွက်တိ အံဝင်ပင်။ – သဲတောမြေ အဆက်ကွက်များ၏ ချိုင့်ကျရာနေရာများတွင် ရေ အနည်းငယ်မျှ တင်ကျန်နေသည်။ ရေထုကျယ်ပြောသော်လည်း ရေအနက်မှာ လက်နှစ်လုံး သုံးလုံးမျှသာ။ သဲတော မြေ၏ သဘာဝမှာ မိုးမည်မျှကြီးကြီး မိုးမည်မျှသဲသဲ နာရီပိုင်း အကြာ၌ သဲမြေစစ်စစ် မှန်သမျှတွင် ရေမကျန်တော့။
သဲမြေများထဲ၌ ထွန်းနေသောသဲမြေအဆက်ကွက်က သဲမြေအစစ်ကဲ့သို့ မဟုတ်။ မိုးကြီးများက ရေစိုးစိုးစပ်စပ် တင်ကျန်ရစ်သည်။ အင်း၊ အိုင် ကန်၊ လယ်ကဲ့သို့ ဒူး၊ ပေါင်လယ်၊ ခြေကျင်းဝပ်မြုပ် မဟုတ်သည့်တိုင် ရေဝပ်ချိန် နှစ်ရက်၊ သုံးရက် ကြာတတ်၏။ သည်အဆက်ကွက်မှ ရေရှိရာသို့ သဲဖားများ
လာကြသည်။ မိုးရေသောက်ကြ၊ အစာဦး ရှာကြနှင့် ဆောင်းခို နွေပုန်းသူတို့ ပဏာမ ဆုံတွေ့ပွဲ ကျင်းပသည်။ ကျဖားက ဖားချောင်၊ ဖားပေါင်ဝါ၊ ဂုတ်တိုလိပ်လို ဖားကဲ့သို့ လူနှင့်တွေ့လည်း ရေထဲမရှောင်၊ မပြေး။
စိုးစိုးစပ်စပ် ရေရှိရာသို့ ဘေးပတ်ပတ်လည်မှ လာသော သဲဖားများကို ကောက်ရင်း ခြေထောက်နှင့် မနင်းမိအောင် ကြည့်ရှောင်ပြီး ကောက်ရသည်။ ဖမ်းဆီးရာမှ လွတ်သွားပါက ပြန်ဖမ်းရာ၌ မဖမ်းသေးသည့် ဖားကဲ့သို့ ငြိမ် မခံတော့သဖြင့် လောဘမကြီးဘဲ တဖြည်းဖြည်းချင်း၊ တစ်ကောင်ချင်း၊ ကောက်
ကောက်ပြီး အဝထိပ်ရှုံ့ချုပ်ထားသော တစ်တောင်ထွာကျော်ကျော် ရှည်သည့် ဖားထည့်အိတ်ထဲ ထည့်ရသည်။
လူကလေးတဲ့ ချော့စရာ
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ။
ဖားပါလျှင် တစ်ကောင်ပေးပါ
မျက်လုံးရယ် ကြောင်တောင်တောင်နှင့်
ဖားကောင်ကသေး
ဟု သားချော့တေး၌ ပါသကဲ့သို့ ဖားများမှာ မျက်လုံးပြူးကြောင်ကြောင်း တစ်ဆောင်းတစ်နွေလုံး မြေအောက်ပုန်းနေရသဖြင့် မျက်လုံးပြူး၊ ခါးပို ချည့် နေကြသည်။ အကောင်အရွယ်အစားကလည်း အောက်ပြည် အောက်ရွာမှ ဖားကြည့်ပြီး ရယ်စရာဖြစ်မည်။ ဖားကောင်က သေးဆိုသကဲ့သို့ အမှန်ပင်သေးတာ လက်တွေ့ပါ။ ဆီးဖြူသီး အရွယ်၊ ဂုံညှင်း အရွယ်အစားမျှသာပါ။
ငတောတို့ သားအဖ သုံးယောက်စလုံး တွေ့သမျှ ဖားများကို ဘယ်ပြန်ညာပြန် ကောက်ကောက်ပြီးသည့်နေကြသည့်တိုင် ဖားကမလျော့။ လက်ညောင်း၊ ဇက်ညောင်း၊ ခါးကိုက် သည်အထိ ကောက်ကောက်ထည့်နေရ သည်မှာ မရပ်မနား။
မီးရောင်ကိုလည်း မမှု၊ အခြားဖားများကို ငတောတို့ သားအဖ သုံးယောက် ကောက်ထည့်နေသည်ကိုလည်း သတိမပြု။ ကိုယ့်ကို လူသားက ကောက်ထည့်ပြီး အိတ်တွင်း သွင်းနေသော်လည်း မအော်။ တစ်ဆောင်းလုံး
တစ်နွေလုံး တွင်းအောင်းနေခဲ့ရာမှ ရေနှင့်အစာကို တွေ့ရန်သာ အာရုံဇော ကျနေသော ကျဖားများသည် သဲအဆက်ကွက် ရေရှိရာသို့သာ နီးရာနီးရာ ဖားတွင်းများဆီမှ လာနေကြသည်မှာ ရှေ့ဖား အလယ်ဖား အနောက်ဖား ဆက်မိသွားသည်။ ရောက်နေသော ဖားကလည်း ထိလုခမန်း နောက်လာသော ဖားချင်းလည်း ခေါင်းချင်းထိလုခမန်း၊ သည်မျှအထိ အင်နှင့်အားနှင့် များပြားသည်။
ငတောတို့ သားအဖ သုံးယောက်စလုံး ယူလာသော ဖားထည့်အိတ် သုံးအိတ်ပြည့်သည့်တိုင်း ဖားများ လာနေဆဲ။ လျော့သွားသည်လည်း မထင်ရ။
ပထမ မိုးဦးနီးမိုးကြီးရွာစ ပထမရက်မှာ နှစ်စဉ်နှစ်တိုင်း ဤကဲ့သို့ပင် ဖားကြီး၊ ဖားလတ်၊ ဖားသေးတို့ အားလုံး ထွက်ကြသည်။ တစ်ကောင်မှ တွင်းထဲ ချန်မနေရစ်။ နောက်ရက်များ၌ သုံးပုံတစ်ပုံခန့်သာ ထွက်တော့သည်။ ဖားထီးက အလျင်လာပြီးမှ ဖားမက နောက်မှ လာတော့သည်။ နောက်မိုးကြီး မည်မျှရွာရွာ ဖားထွက် ဖားကျမှာ အစဦး တစ်ရက်ကကဲ့သို့ စုံစုံလင်လင် မလာတော့။ ပါးပါးနည်းနည်း ကျဲကျဲသွားသည်။ ဖမ်း၍ဆီး၍၊ သေ၍ကျေ၍ မဟုတ်။ ဖားဓလေ့စရိုက်ကိုက တွင်းကြီးတစ်တွင်းထဲ စုနေသော အချိန်မဟုတ်တော့။ ကျင်းခွဲကြပြီး ဥကပ်ကြ၊ သားပေါက်ကြသည်မှာ မြန်သည်။ နောက်ရက်၊ နောက်မိုး၊ နောက်ရေများ၌ သည်သဘာဝ ဓလေ့စရိုက်ကြောင့် စုစုစည်းစည်း တွေ့ကြရခြင်းဖြစ်၏။
ငတောတို့ အိတ်သုံးလုံး ပြည့်လုဆဲဆဲ၌ မိုးဖွဲဖွဲကျသည်။
အိတ်သုံးလုံး ပြည့်သောအခါ မိုးစိတ်စိတ်ကျသည်။
အိတ်သုံးလုံးကို ထမ်းပိုးပြန်လာသောအခါ မိုးပိုပို များလာသည်။
ငမုံးက ရင်ထဲမှ အားရဝမ်းသာ ကြိုဆိုသည်။ ရွာလိုရွာလော့ မိုးနတ်သား။
အိမ်လည်း မိုးပြီးခဲ့ပြီ။
ဖားသုံးအိတ်လည်း ရခဲ့ပြီ။
အိမ်သို့လည်း ယခုပြန်ခဲ့ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။
(၄)
မိုးနတ်သားက အရွာမလျှော့။ ဝုန်းဝုန်းဗြုန်းဗြုန်းဖြင့် ပုဆိန်ပေါက် မိုးရွာရာ၊ သားအဖ သုံးယောက်စလုံး ကြွက်စုတ် ရေနစ်သကဲ့သို့ ရေရွှဲရွဲစိုလျက် ခိုက်ခိုက်တုန်တုန် ရေများမှာ ယာများ၊ လမ်းများ မှန်သမျှ စီးဆင်း နေသောကြောင့် ရေထဲ တဗွမ်းဗွမ်း သွားနေရသည်။
ငတောက ငလုံး မီးထိုးနေသည်ကို ကြည့်ပြီး သက်ပြင်း ချသည်။ ဖြတ်ပြန်ရမည့် နေရာများမှာ ကဇာရိုးတန်းရှည်များ၊ တောင်ပို့ဟောင်း၊ တောင်ပို့အိုများ၊ တောင်ပို့သစ်များ အလွန် ပေါများလှသည့်နေရာ။
ညဦးပိုင်းက မိုးမရွာ။ ယခုမှ မိုးရွာလာသောကြောင့် လူသားတို့ မိုးမိသကဲ့သို့ အစာရှာပြန် မြွေတို့လည်း မိုးမိသည်။ မိုးထဲရေထဲမှ မြွေကလည်း သူ့နေရာ သူပြန်မည်။ ရေထဲ၌ မြွေမှန်းမသိ၊ တုတ်မှန်းမသိ၊ ထင်းချောင်းမှန်း မသိ နင်းမိလိုက် လို့ကတော့ ကိုက်လိုက်မည်ဖြစ်ခြင်း။
“ငလုံး”
“ဗျာ…အဖေ”
“မင်းကဖားအိတ်နှစ်အိတ်ကို ယူခဲ့။ အဖေ့ကို မီးပေး၊ အဖေနောက်က ခြေလှမ်းမှန်မှန်နဲ့ လိုက်ခဲ့ကြ၊ အိမ်ပြန်ရောက် ချင်ဇောနဲ့ အဖေ့ကို ကျော်မတက်နဲ့၊ ဘေးချင်းယှဉ် မလိုက်နဲ့”
ငတောက စိုးရိမ်သဖြင့် သတိပေးရသော်ငြား တောသမားသား နှစ်ယောက်က ထိုမျှနားမဝေး။ တောစည်းကမ်းကို သဘောပေါက်သည်။ ထိုမျှမက တောင်ပို့ကြီးများ၊ ကဇာချုံများ ဘေးမှ ဖြတ်သောအခါ အန္တရာယ် ကြုံတွေ့မည်ကို သူ့အဖေ စိုးရိမ်နေကြောင်း ရိပ်မိသည်။
မီးကို ဖြည်းဖြည်းထိုးကာ ရေများလည်း တစွမ်းစွမ်း တစွက်စွက် သွားလာနေရသော ငတောတို့သည် ထိန်ပင်ကုန်း ကဇာ ဝင်မိသောအခါ မိုးက ရပ်သွား၏။ မိုးမရွာတော့သဖြင့် မီးထိုးရာ ထိရောက်သော်လည်း စီးနေသည့် ရေထဲ ထိုးရသောကြောင့် ရောင်ပြန် ပြန်ပြန်ထွက်သည်။
အလယ်၌ ဖောင်းဝပင်၊ ဒဟတ်ပင်စုစု ပေါက်ရောက်နေပြီး မိုးနံချုံ နဘူးချုံ၊ ချင်းရဲချုံနှင့် တောင်ပို့မျိုးစုံ အလွန်ပေါသော ထိန်ပင်ကုန်း က တစ်ဝက် ကျော်ကျော်ခန့် အရောက်တွင် ဝေါဝေါ ဝေါဝေါ ေဝါဝေါ ဝေါဝေါ ဟူသော အဆက်မပြတ်မြည်ဟည်းလာသည့် အသံကြီးများကို မမျှော်လင့်ဘဲ ရုတ်တရက် ကြားလာရာ သားအဖ သုံးယောက် စလုံးပင် ကြက်သေသေကာ ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။ ကဇာချုံများ တောင်ပို့ကြီးများဆီမှ ကားများစွာကို အပြိုင်အဆိုင် အပြင်းအထန် မောင်းလာသည့် အသံမျိုး လေမုန်တိုင်း ကျလာရာမှ ပေါ်ထွက်လာသော အသံမျိုး မရပ်မနား ထွက်ပေါ် လာသည်မှာ နားပွင့်ခမန်းပင်၊ ဝေါဝေါ ဝေါဝေါ ပေါဝေါ ဝေါဝေါသံမစဲ။
“အဖေ၊ အဖေ တဝေါဝေါနဲ့ အသံတွေ ဆက်တိုက် စဉ်တိုက် အော် နေပြီဗျ၊ ကျုပ်တို့ ဘယ့်နှယ် လုပ်မလဲ”
ငလုံးမေးသံက အန္တရာယ် ကြီးကြီးမားမား ကျရောက်လာမည်ကို စိုးရိမ်သောအသံ။
“ဟုတ်တယ်ဗျာ အဖေ၊ ဟော…ခုမှ အသံတွေက ပိုကျယ်လာတယ်။ | ကျွန်တော်တို့ ဘာလုပ်ရမလဲ”
ငမုံး မေးသံက ထိတ်ထိတ်ပျာပျာ။
“ခက်တာပဲကွ မိုးခြောက် လေခြောက်ဆိုရင် အလွယ်လေး ရှောင်တိမ်း လိုက်ရုံပဲ။ ခုဟာက မိုးထဲရေထဲ ရွှံ့ထဲဗွက်ထဲ ရှောင်ပြေးဖို့ကလည်း ကဇာချုံတန်း နှစ်ခုကြားဆိုတော့ ဖောက်ထွက် နင်းထွက်မှုကလည်း လူအားမထားနဲ့၊ နွားအားထိ မလွယ်ဘူး။ ဘာအန္တရာယ်လည်း ဆိုတာ ငြိမ်ပြီးနားထောင်မယ်၊
တို့က မနိုင်လောက်ရင် ရှေ့မပြေးနဲ့၊ ချုံတိုးဘေး မပြေးနဲ့၊ ဖားကောက်ခဲ့တဲ့ သဲယာတောပြင်ကို နောက်ကြောင်း ပြန်ပြေးမယ်၊ ဒါပဲ၊ ငြိမ်”
ဝေါဝေါ ဝေါဝေါ ဝေါဝေါ ဖြင့် အော်သော အသံမှာ ပိုကျယ်ကာ ပိုပြင်းထန်လာသည်။ မူလ ကြားသည့် အသံထက် များစွာ ပိုကျယ်လာရာ သုံးဦးစလုံး ရင်ခုန် သွေးလန့်လာသည်။
ဘာသံလဲ၊ ပြေးရမလား၊ တိုက်ရမလား။ ရှေ့ပြေး၍ အသံရှင်နှင့် ဝင်တိုးလည်း အခက်။ နောက်ပြေး၍ လူသုံးယောက်တွင် နောက်ဆုံးလူ ဘေးတွေ့က အခက်။
ဘေးပြေး၍ ချုံတိုးနေစဉ် လာတိုက်ခိုက်ကလည်း အခက်။ ဘာပဲဖြစ်ဖြစ် ငတောသည် အဖေ။ ငလုံးနှင့်ငမုံးသည်သား။ ငတောသည် ခေါင်းဆောင်။ ငလုံးနှင့် ငမုံးသည် နောက်လိုက်။
မနိုင်ဝန်၊ ရင်မဆိုင်နိုင်သော အန္တရာယ်ဖြစ်လာပါက နောက်ပြန် ပြေးမည်။
နောက်ဆုံးမှ နေမည့်သူက အဖေက ခေါင်းဆောင်ကောင်းပီပီ အနစ်နာ ခံမည်။
ဝေါဝေါဟော…ဝေါဝေါ..,ဝေါဝေါဟော…ဝေါဝေါ ဝေါဝေါေဟာ… ဝေါဝေါ။
အသံသည် အဆမတန် ကျယ်လောင်လာသည်။ တောသမား၏ ခေါင်းသည် တိုက်ပွဲဝင် ဓားသမားခေါင်းနှင့် တူကြောင်း သူ့ဆရာ ဆရာများက သင်ကြား ခဲ့သည်ကို ငတော သတိရသည်။ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်
ခဏငယ် တစ်ခုအတွင်း၌ မှန်မှန်ကန်ကန် မြင်သိနိုင် ဆုံးဖြတ်နိုင်မှသာ ဓားသမား အသက်ရှင် သကဲ့သို့ တောသမား အသက်ရှင်မည်။
ဝေါဝေါဝေါ….ဝေါဝေါဟော…ဝေါဝေါ…..ဝေါဝေါဝေါ ဝေါဝေါ ဟော ေဟာ။
သည်အသံကြောင့် ချုံပုတ်ချုံနွယ် လှုပ်နေသလား။ မလှုပ်။ အသံသည် အနီးအဝေး အကွာအဝေး ပြောင်းနေ သလား။ မပြောင်း။
တိရစ္ဆာန် သို့မဟုတ် စုန်းဘုတ် ကဝေ တစ္ဆေသရဲ ဘီလူး မြင်သလား။ မမြင်
အနီးချုံပုတ် မလှုပ်သော်လည်း အချုံပုတ် လှုပ်လာ သလား။ မလှုပ်။
သစ်ပင်ကြီး ဝါးပင်ကြီးများပေါ်မှ ထွက်ပေါ်လာသော အထက်သံလား။ မဟုတ်။
ဝေါဝေါဝေါဝေါ….ဝေါဟောဟော…ဝေါဝေါ ဝေါဝေါ ဝေါဝေါ ဝေါဝေါ ဝေါဟောဟော။
တစ်တောလုံး တစ်ကွင်းလုံး ထွက်ပေါ်နေသော အသံ လား။
မဖြစ်နိုင်
တစ်တောလုံး တစ်ကွင်းလုံး ထွက်ပေါ်လာက ကျေးငှက် တောငှက်တို့ တောလန့်မည်။ . တောချောက်သလား။ တောမှောက်သလား။ တောအမှောင့်ဝင်သလား။
တောချောက်က အဝေးကြီးကထဲက အော်လာပြီးမှ အနီးရောက်လာ ဖြစ်သည်။ ယခု အသံသည် အဝေးမှ လာသော အသံမဟုတ်။ မိမိတို့ အနီးကပ် ပေါ်ထွက်နေခြင်း ဖြစ်သည်။
ဝေါဝေါဟော ဝေါဟာဟောဝေါ ဝေါဝေါဝေါဝေါ ဝေါဝေါဟော။
ငတော စဉ်းစားမရ။ အသံ ထွက်ပေါ်လာရာဟု ယူဆသော မျက်နှာချင်း ဆိုင်ရှိ လူလက်ခုပ် တစ်ဖောင်ကျော်ခန့် မြင့်နေသည့် တောင်ပို့ဟောင်း၊
တောင်ပို့အို၊ တောင်ပို့သစ်နှင့် ချုံပုတ်ချုံနွယ်များ ရှိရာကိုသာ မီးအဆက်မပြတ် ထိုးထားသည်။ အရေးတစ်စုံ ကိုယ်၌ ကြုံက အဆင်သင့် တိုက်ခိုက်နိုင်ရန် ငလုံးကဓားရှည်၊ ငမုံးက ဓားလှံ ကိုင်ကာ သတိဆွဲနေသည်။
ဟုတ်သည်။
တော၏ နိယာမမှာ ကြောက်လွန်းလျှင်လည်း သေသည်။ မိုက်ရူးရဲ လုပ်လွန်း လျှင်လည်း သေသည်။ ရင်ဆိုင် တွေ့ရာ၌ သူ့အသက် ကိုယ့်အသက် လူရာတွင် မနိုင်က သေသည်။ မနိုင်နိုင်မှန်း သိလျက်နှင့် ယှဉ်ပြိုင်က အားနည်းသူ သေသည်။ ယှဉ်သင့် မယှဉ်သင့် ချင့်ချိန် နှိုင်းခြင်းသည် တောလိုက်သမား ကောင်း၏ ဂုဏ်အင်္ဂါ တစ်ခုပင်။
ဝေါဝေါဝေါဝေါ ဝေါဟောဟော အသံများသည် နားပွင့် ခမန်းပင် ကျယ်လောင်စွာ မြည်ဟည်းရာက ရုတ်တရက် ထိုးရပ်သွားသည်။ မကြာမီမှာ ပင်လျှင် ချုံကြီးများထဲ၌ ရှိနေသည့် တောင်ပို့ကြီးများထဲမှ ရောင်စုံမီးပန်းများ ယှဉ်ပြိုင်လျက် အပြိုင်အဆိုင် ယမ်းသလို မီးရှူးမီးပန်း လွှတ်ရာမှ ရောင်စုံ မီးပန်းများ ပွင့်ထွက်လာသလို ရောင်စုံထွက်လာသည်။ ဖြူ၊ နီ၊ ပြာ၊ ဝါ၊ စိမ်း၊ ခရမ်း၊ မရမ်း စသော ရောင်စုံ မီးပန်းခိုင်များ အလင်းတန်းကြီးများက အံ့သြထိတ်လန့် တုန်လှုပ်ချောက်ချားစဖွယ် လင်းလက် ဝင်းထိန်လာ၏။
“အဖေ အဖေ ရောင်စုံမီးပန်းတွေ လွှတ်ပြုပြီး ကျုပ်တို့ကို ချောက်နေ ပြီဗျ၊ ဓားနဲ့ ကျုပ် ဝင်ခုတ်မယ်၊ ခုတ်လိုက် ရမလား အဖေ”
ငလုံး ပြောသံက သူ့အဖေက ခုတ်ဟာဟု ခိုင်းလျှင် ဝင်ခုတ်မည့်အသံ။
“ဟုတ်တယ်ဗျ၊ အဖေရ ကျွန်တော်တို့ကို တစ္ဆေသရဲ ဘီလူးချောက်တာ၊ လှန့်တာဆိုရင် နောင်မှာ ဒီလို မချောက်ဝံ့ မလှန့်ဝံ့အောင် အစ်ကိုက ဓားနဲ့ခုတ်၊ ကျွန်တော်က လှံနဲ့ ဝင်ထိုးမယ်”
ငမုံးအသံက သူ့အဖေခွင့်မပေးလျှင် မီးရောင်ရှင်ကို လှံဖြင့် ဝင်ထိုးမည့် အသံ။
“ဓားနဲ့လည်း မခုတ်နဲ့၊ ဓားလှံနဲ့လည်း မထိုးနဲ့၊ စုန်းဖုတ်ကဝေ မြေဘုတ်ဘီလူးတစ္ဆေသရဲ ဘာဆိုဘာမှ မဟုတ်ဘူး။ ဒါဟာ တောသမား ဆရာ အစဉ် ဆက် ပြောလေ့ရှိခဲ့ဖူးတဲ့ ခြသံပဲ။ အလွန် တွေ့ခဲတဲ့ ခြသံရှိကြောင်း ညွှန်ပြတဲ့အသံပဲ၊ ဟုတ်တယ် ခြသံ၊ ခြသံရှိတဲ့ တောင်ပို့၊ ခြသံရှိရာကို မိုးကြီးရေဝင်လို့ ဒီလို အသံထွက်တာ ဒီလို ရောင်စုံမီးဖြာထွက်တာပဲ၊ အဖေဉာဏ်မီသမျှ အဖေကြားဖူးသမျှနဲ့ ချင့်ချိန်လိုက်တော့ ခုမှ အဖြေ တွေ့တာပဲ၊ မလွဲဘူး။ ခြသံမှ ခြသံရှိရာက ထွက်တဲ့အသံ”
ငတောစကားကို ငလုံးရော ငမုံးပါ နားမလည်။ ဟုတ်သည်။ ငတော ပင်လျှင် တစ်သက်နှင့်တစ်ကိုယ် သည်တစ်ခါသာ လက်တွေ့တွေ့ဖူးသည်။
ယခင်က သူထက်ဝါရင့်သော တောသမား ဘိုးဘွား ဘီဘင် ဘတို့ အဖေတို့၏ စကားအစဉ်အဆက်သာ ထပ်ပြန် တလဲလဲ ကြားခဲ့ရဖူး၏။
ခြသည် သက်ရှိသတ္တဝါ အကောင် ၊
ခြသံသည် သက်ရှိ သတ္တဝါမဟုတ် အကောင်မဟုတ်။
ခြတောင်ပို့ အတွင်းမှ သံဖြစ်နေသော သံအမျိုးအစားဝင် သံတစ်မျိုး။ ထိုသံသည် ခြသံ။
ခြသံရှိသော နေရာ၌ အပိုင်းအစ အနည်းငယ်ရှိက ထိုနေရာကို ရေဝင်၊ ရေဝပ်ခဲ့လျှင် တစ်ခါတစ်ရံ၌ အသံငယ် ပေးလျက် ရောင်စုံ အနည်းငယ် ဖြာတတ်သည်။
ခြသံ အများအပြား ရှိသော နေရာ၌ မိုးရေဝင် ရေဝပ်ကာ တစ်ခါ တစ်ရံတွင် အသံကျယ်ကျယ်ပေးကာ ရောင်စုံဖြာ ထွက်တတ်သည်။
ခြသံ အစုလိုက် အပြုံလိုက် ထုနှင့်ထည်နှင့် ရှိသော နေရာတွင် ရေဝင် ရေဝပ်ခဲ့ပါက ဝါးသုံးလေးရိုက် အဝေးမက ကြားလောက်အောက် ဝေါဝေါ ဝေါဝေါ ဝေါဝေါနှင့် အော်လေ့ ရှိပြီး ရောင်စုံ မီးရှူးမီးပန်း မီးစကြောကဲ့သို့ ဖြာထွက်တတ်သည်။
မိုးရွာတိုင်း ရေဝပ်တိုင်းလည်း မအော် ရောင်စုံ မထွက်။ တစ်စုံတစ်ခုသော အခြေအနေအထိ ဓာတ်ပြောင်းလဲမှု ကြုံ တွေ့မှသာ အသံ ပေးတတ်၊ ရောင်စုံ ဖြာထွက်တတ်သည်။ ရှေးက စုန်း၊ တစ္ဆေ၊ အစိမ်း၊ သရဲ။ မြေဘုတ်ဘီလူး၊ တောစောင့်သစ် ချောက်လှန့်ခြင်း၊ တောက်စားခြင်းဟု တစ်ဖက်သတ် ယုံကြ စွဲကြသည်။ ဓာတ်ပြောင်းလဲမှု သဘောကို သိပ္ပံနည်းကျ မယုံကြည်နိုင်ခဲ့ကြ။
တစ်စုံတစ်ခုသော အခြေအနေအထိ ဓာတ်ပြောင်းလဲ မှုရှိမှ မြည်တတ်၊ အော်တတ်၊ ရောင်စုံဖြာထွက်တတ်သည်ဟု ငတော ပြောနိုင်ခြင်းမှာ သည်ချုံ သည်တောင်ပို့များ သည်တောကို ယခုကဲ့သို့ မိုးကြီးရွာနေဆဲ၌ပင်လျှင် ငတောအကြိမ်ကြိမ် ရောက်ခဲ့ဖူး၏။ ငတောသာမက အခြားတောသမားများလည်း မရေတွက်နိုင်အောင် ရောက်ခဲ့ဖူးကြ၏။ နေ့ရောညပါ ဖြစ်၏။ ယခင်က မကြုံခဲ့၊ မကြားခဲ့၊ မတွေ့ခဲ့၊ မမြင်ခဲ့။
ယခုမှ ကြုံလာ၊ ကြားလာ၊ တွေ့လာ၊ မြင်လာရခြင်းကြောင့် မြည်တီး လောက်သည်အထိ၊ ရောင်စုံဖြာထွက်လောက်သည်အထိ ပြောင်းလဲလာသော အခြေအနေ အလှည့်အပြောင်း ကြောင့်သာ မြည်ဟည်းလာ၊ ရောင်စုံဖြာထွက် လာခြင်း ဖြစ်သည်။
ခြသံထု မည်မျှရှိသော နေရာသို့ မိုးရေချိန် လက်မ မည်မျှ ရွာသွန်းသော အချိန်၊ အပူစွမ်းအင် မည်မျှရှိသော အချိန်၊ သံသက်တမ်း မည်မျှ နှစ်ကြာသော အချိန်၌ ရေဝင်၊ ရေဝပ် ပါက မြည်ဟည်းတတ်သည်။ ရောင်စုံဖြာ ထွက်တတ် သည်ဟု သိပ္ပံနည်းကျ အကိုးအကား အထောက်အထားကို ငတောတို့ မပြသနိုင်။
ခြသံမှာ အလွန်ရှားပါးသည်။ ရိုးရိုးသံထက် ဈေးတန်သည်။ ခြသံတွေ့၍ ရွာတက်ရောင်းရာ ရွှေတစ်ကျပ်သား နှစ်ရာ့အစိတ် ခေတ်က ခြသံ သွားရောင်းေသာသူ ရွှေတစ်ကျပ်သားဝယ် ပြန်လာခဲ့ရသည်ဟု ကြားဖူးနားဝသာ ရှိသည်။ ထိုစဉ်က ငတောမှာ ကလေးဖြစ်သောကြောင့် ခြသံကို မမြင်ဖူးလိုက်။
ခြဆီဘူးကိုတော့ ငတော မြင်ဖူးသည်။ ခြသံ မထားနှင့်။ ခြဆီဘူးကို ပင်လျှင် ခက်ခက်ခဲခဲ ရှာမှတွေ့သည်။ တွေ့ရပုံမှာ လည်း အငှားလိုက်ခဲ့၍ ဖြစ်သည်။
အောက်ပြည်အောက်ရွာဖြစ်သော မအူပင်မြို့နယ်၊ ရေလဲအုပ်စု၊ သူဌေးပုန်း ကျေးရွာ၌ အိမ်ထောင်ကျသော ဆရာကြီး ဦးဘရှင်သည် တွင်းကြီးသား။
အသက်ရှစ်ဆယ်ကျော် အရွယ်တွင် အညာသို့ အလည်အပတ် ပြန်လာစဥ္ ထိုဆေးဆရာကြီး ဦးဘရှင် (ယခုကွယ်လွန်)က အညာရောက်ခိုက် သူ ဆေးအသုံးကျသော ခြဆီဘူးတောင့် လိုချင်သည်။ သူ့အသက်အရွယ် သိက္ခာနှင့် တောင်ပို့ကို ကိုယ်တိုင်ဖြို၍ တူး၍မသင့်၊ ငှားလူဖြင့် ဖြိုလို တူးလိုပါသည် ဟု ဆိုကာလာသဖြင့် သူ အငှားလိုက်ခဲ့သည်။ တောင်ပို့ များစွာဖြိုစိတ်ပျက်လောက်အောင် ရှာမှ ခြဆီဘူး တွေ့သည်။ သူ့တို့ အောက်ပြည်အောက်ရွာ သူ့ရွာသူ့နေရာ၌ ခြဆီဘူး ရှားသည်။ ကိုယ်တိုင် လည်း ရှာ၍မသင့်ဟု ပြောသည်။ ခြဆီဘူးသည် တောင်ပို့အို၊ တောင်ပို့ဟောင်းမှ ရသည်။ ပုံစံက အတောင့်ပုံစံ၊ အရောင်က အနက်ရောင်။
သူ့သားနှစ်ယောက်ကို ခြသံနှင့် ပတ်သက်၍ ငတောက လိုရင်းတိုရှင်း ပြောပြခဲ့၏။ “အဖေ ခြသံရှိတဲ့ တောင်ပို့ထဲကို ရေဝင် ရေဝပ်လို့ ခုလိုအော်တာ ခုလိုရောင်စုံ ထွက်တာကို အဖေ ခဏ၊ ခဏ တွေ့ဖူးလား၊ ခုဟာက ဘယ်နှကြိမ်မြောက် တွေ့ဖူးတာလဲ”
ငမုံး မေးသံက သိလိုစိတ် ပြင်းပြင်းပျပျ ရှိကြောင်း ပေါ်ပေါ်လွင်လွင် “ဟာ ကြံကြီးစည်ရာ ငမိုးရာ တောသမား အစဉ်အဆက် ပြောစကားသာ အဖေကြားဖူးခဲ့တာပါ။ လက်တွေ့ မြင်ဖူးတာတော့ မင်းတို့ ငလုံးတို့လို ခုတစ်ကြိမ်၊ တစ်ကြိမ်ထဲပါ၊ အရင်က တွေ့ဖူးခဲ့ရင် အသံကြားကြားချင်း ဒါခြသံ၊ မကြောက်ကြနဲ့လို့ တန်းပြောမှာပေါ့ကွာ၊ မိုးရွာတိုင်း ရေဝင်တိုင်းပြည့်ရင် အရောင်ထွက်ရင် ကြားဖူးသူလည်း ဒုနဲ့ဒေး ရှိမှာပေါ့ကွာ တွေ့ဖူးတဲ့လူ အလွန်များတယ် ဆိုမှတော့ အလွန် တိုက်ဆိုင်တဲ့ အပြောင်းအလဲ ဖြစ်မှ အော်တာ၊ ရောင်စုံထွက်တာ သူ့သဘာဝကိုး။ သဘာဝရဲ့ လျှို့ဝှက်ချက် ရေမြေတောတောင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ တိုက်ဆိုင်လာမှ တွေ့ရတတ်တာပဲ၊ ဒါကို လေ့လာချင်လိုက်တာ၊ မှတ်တမ်းတင်ချင်လိုက်တာ ဆိုလို့လဲ သူတွေ့ချင်မှ တွေ့တာ လောကကြီးမှာ လူသား ဆက်လက် လေ့လာသင့်တဲ့ တောတောင် ရေမြေ သဘာဝရဲ့ လျှို့ဝှက်ချက်တွေဟာ အများအပြား ရှိနေတာတော့ သေချာ သပေါ့။ ဒီအတွေ့အကြုံမျိုး နောင်မှ တွေ့လာရင် တစ္ဆေ၊ သရဲ၊ မြေဘုတ်ဘီလူး စုန်း၊ နတ်ကဝေ အစိမ်း အမှောင့် ပယောဂ မဟုတ်ဘူး၊ သဘာဝရဲ့ လျှို့ဝှက်ချက် ဆိုတာ မင်းတို့ အဖေတို့ လက်တွေ့သိလိုက်တာ အမြတ်ပဲ၊ ကဲ ဆက်သွားကြ မယ်၊ မြွေပါးကင်းပါး သတိထားဟေ့”
သူတို့ရွာ ပြန်မရောက်သေး။ ရွာဆီမှ ကြက်ဦးတွန်သံ ကြားလိုက်ရ၏။
(၅)
မီးခွက်ထွန်း၍ ကြိုဆိုနေသော မိဂျမ်းကို ငတော မအံ့ဩ။ ထို့အတူ သားဖြစ်သူ ငလုံးနှင့် ငမုံးကလည်း သူတို့ အမေဓာတ် သိနေ၍ မထူးခြား။
ငတောရော ငလုံးနှင့်ငမုံးပါ ထူးခြား အံ့သြနေမှုက လေးခင်မကို သူတို့ အမေဘေး၌ မမျှော်လင့်ဘဲ တွေ့နေရခြင်းပင်။
လေးခင်မသည် လူငယ်ပီပီ အအိပ်ခပ်ကြီးကြီး။ စောစောအိပ်အိပ် နောက်ကျအိပ်အိပ် မနိုးသမျှ မထ။ နှိုးမှ အင်အင်အူအူ လုပ်ကာ ထနေကြ ကောင်မလေး။ ယနေ့ မနက်တော့ ထူးထူးခြားခြား ဝီရိယ ကောင်းနေသည်။ ပြုံးပြုံးရွှင်ရွှင်ဖြင့် ငတောတို့ သုံးဦးကို ကြိုဆိုသည်။ ငတောတို့ ကောက် လာသော ဖားထည့်အိတ် သုံးလုံးစလုံးကို လက်ဖြင့် အပေါ်မှ စမ်းကြည့်သည်။ သုံးအိတ်စလုံး ဖောင်းတင်းနေကြောင်း တွေ့မည့်အခါ လေးခင်မ အားရပါးရ ပြုံးသည်။ လှိုက်လှိုက်လှဲလှဲ အပြုံး။
“အဖေ”
“သမီး လေးခင်မ ကနေ့ ထူးခြားလှချည့်လား၊ ခါတိုင်း နှိုးရင် အတင်းနှိုးရတာ အမေက နှိုးလို့လာ
“မဟုတ်ဘူး အဖေ၊ သမီးဖာသာ အိပ်ရာထလာတာ၊ အဖတို့ဖားတွေ ဘယ်လောက်ရသလဲဆိုတာ သိချင်လို့ သုံးအိတ်စလုံး ဖားတွေအပြည့်နော်အဖေ၊ အများကြီးပဲ၊ အားကြီးပဲ ရောင်းရင်ငွေတွေ အများကြီးရမှာ၊ ဟုတ်တယ်နော် အဖေ”
“ရမှာပေါ့ သမီးရဲ့ ၊ သမီးနဲ့ မောင်မောင်လေးတို့ ကျောင်းသွားရင် မုန့်ဖိုးမှန်မှန် ပေးနိုင်တာပေါ့”
“သမီး မုန့်ဖိုး မလိုချင်ပါဘူး၊ ထမင်း မှန်မှန်စား ကျောင်းတက်လည်း ဖြစ်တာပဲ”
“ဟေ ဘာများ လိုချင်လို့လဲ သမီးရဲ့”
“ထန်းရွက်ဝယ်ရအောင် ပေါင်လိုက်ရတဲ့ သမီး နားကပ်လေးကို ရွေးနိုင်ရင် ရွေးပေးပါနော် အဖေ”
မီးခွက်ရောင် အောက်၌ လေးခင်မ၏ နားပေါက် နှစ်ပေါက်မှာ ဟောင်းလောင်း။ ငတော၊ ငလုံးနှင့် ငမုံးတို့ ပါးစပ်များလည်း ဟောင်းလောင်း။ သမီးလေးရယ်။
မိဘဆိုတာ ကိုယ့်သားသမီးတွေ ဝတ်ထားတဲ့ လက်ဝတ်တန်ဆာ လေးတွေကို အလွန်အလွန် မလွှဲမရှောင်သာလို့ ခဏ ဖြုတ်ပေါင်ရတဲ့ အချိန်မှာ ကိုယ့်နှလုံးသားကို ဖြုတ်ပေါင်ရသလို၊ ထိခိုက်ကြေကွဲမှုကို ခံစားရပါတယ်ကွယ်။
မိဘဆိုတာ ရင်ထဲမှာ သောကတွေနဲ့ လောင်ကျွမ်းခံရပြီး အလွန့်အလွန် မထား နိုင်တော့မှ သားသမီးကို အသိပေးတဲ့ လူပါကွယ်၊ သားသမီး အသိခံတဲ့ အချိန်မှာ
ထောက်မပြနိုင်တဲ့ ဒဏ်ရာနဲ့ နှလုံးသား ကြေကွဲပြီးပါပြီဟု ငတောမျက်ဝန်း စကားပြောကြား၏။
ပွဲကို ကျွမ်းကျွမ်းကျင်ကျင် အဆုံးသတ်ပေးသူမှာ မိဂျမ်း။
“လေးခင်မရယ်၊ ချီးကျအောင်များ နင် စောင့်ပါဦး၊ ငါ့မှာဖြင့် ဒီ ကောင်မလေး ခါတိုင်းလို နှိုးမနေရဘဲ ဝီရိယကောင်း လိုက်တာ သူ့ အဖေနဲ့ သူ့မောင်တွေ အသံကြားကာ ရှိသေး။ ကုန်းကျုံးထပြီးတော့ ပြန်လာသူတွေ စားရအောင် ထမင်းကြမ်း ကြော်တော့မယ်၊ ရေနွေးအိုး ကူတည်တော့မယ် ထင်ပြီး ငါဖြင့် ဝမ်းကိုသာလို့၊ လက်စသတ်တော့ မရွှေချောက သူ့နားကပ်လေး ပြန်ရွေးနိုင် မရွေးနိုင် အကဲခတ်ရအောင် ထလိုက်လာတာကိုး။ ကဲ… သမီး နားကပ်လေးလည်း ဒီဖားတွေ ရောင်းပြီးပြီးချင်း အမေ ရွေးပေးမယ်။ သမီး အဖေတို့ မောင်မောင်ကြီး မောင်မောင်လေးတို့ သောက်ရအောင် ရေနွေးအိုးတည် ထမင်းကြော် အဖေတို့ အမေတို့က ဖားတွေ ရောင်းချဖို့ လုပ်စရာရှိတာ လုပ်ဦးမယ်”
“တကယ်နော် အမေ”
“တကယ်ပါ”
“အမေပြောရင် သမီးယုံပြီ၊ ဒီအိမ်မှာ အမေပြောရင် ကျန်လူက မဆန့်ကျင်ဘူး၊ ကျန်လူ ပြောရင်သာ အမေက ပူညံပူညံ လုပ်သာ အဖေက အမေကွယ်ရာမှာ မသာလိကာလို့ အမေ့ကို ဒါကြောင့် ပြောတာ”
“ဟ ဟ သမီးလေးခင်မ ဘယ့်နှယ် ဘယ့်နှယ် အဖေနဲ့ အမေကို ရန်တိုက်ပေးရတာလဲ၊ နင့်အမေ ဒေါသလည်း နင်သိသား နဲ့”
ငတာက မိဂျမ်း မျက်စောင်းမထိုးမီ ဝင်ရှင်းသည်မှာ ပျာပျာသလဲ။
“တော်ကလဲ ဟုတ်မှာပါ။ ကျုပ်ကို သာလိကာမလို့ ပြောတာ”
“တစ်ခါထဲပါဟာ တစ်ခါမှ တစ်ခါထဲ ကွမ်းရွက်ဈေး တန်တာ နင်ညည်းလို့ ပြောမိတာ”
“ကဲ ပေါ်ပြီ ပေါ်ပြီ လာလာ သာလိကာပြောတဲ့လူ ဖားရွေးလှည့်”
ငတောနှင့် မိဂျမ်း အပြောကို သဘောကျ၍ အားလုံး ရယ်ရယ်မောမော။ ရေနွေးအိုးတည်သော လေးခင်မကလည်း တပြုံးပြုံး။ မိဂျမ်းက ပြုံးနေသော လေးခင်မအား ငတောကို မေးငေါ့ပြ၏။
ငလုံးနှင့်ငမုံးက အချင်းချင်း လက်ကုတ်၍ သူ့အဖေနှင့် အမေအပြုံးကို မျက်ရိပ်မျက်ခြည်ပြကြသည်။
မိသားစု ကြည်နူးပြီးပျော်ခြင်းသည် လောက၏ အကြီးမြတ်ဆုံးသော လောကီမင်္ဂလာတစ်ပါးဟု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းနေသည့် ငလုံးနှင့် ငမုံး ထင်၏။
စာစီ – လွင်မျိုး
Leave a Reply