နတ်ဝိဇ္ဇာတိုက်ပွဲ

အမေကြီးက မဖဲဝါပြောတာကို ငြိမ်သက်စွာ နားထောင်ရင်း

“ သူ့နာမည်က ဘယ်လိုခေါ်လဲသိလားကွယ့်”

“ သူ့နာမည်က မရဏလို့ခေါ်တယ်လို့သိရပါတယ်”

“ ကျန်တဲ့အခြွေအရံတွေဆီကရော ဒီလူနဲ့ပတ်သတ်ပြီး ဘာသတင်းကြားသေးလဲ”

အမေကြီးစကားကြောင့် အနားမှာခစားနေတဲ့ အမယ်အိုတစ်ယောက်က လက်အုပ်ချီပြီး

“ လွန်ခဲ့တဲ့ရက်အနည်းငယ်က မယ်မင်းစံ လျောက်တင်ထားတာတော့ရှိတယ်အမေကြီး”

“ ဘာလျောက်တင်တာလဲ ပြောပါဦး”

“သူ့ပိုင်နက်ထဲကို မျက်နှာစိမ်းဆရာတစ်ယောက် ဝင်လာပြီး ပညာမာန်ကိုထိခိုက်အောင် စော်ကားခဲ့တယ်လို့ပြောပါတယ်”

“ တယ်… ဒီလိုဖြစ်နေတာ ငါ့ကိုဘာကြောင့် မပြောတာလဲ”

“ အမေကြီး ဥပုဒ်ယူနေတဲ့ကာလဖြစ်လို့ မလျောက်တင်ခဲ့တာပါ”

“ ဒင်းက ဘယ်လောက်တောင် စွမ်းနေလို့ ငါ့တပည့်တွေကို အနိုင်ကျင့်နေရတာလဲ၊ ဟဲ့ မယ်ပေါ် ဒင်းရှိတဲ့နေရာကို ငါကိုယ်တိုင်သွားမဟဲ့”

အမေကြီးက ဒေါသတစ်ကြီး ကြမ်းကိုဖနောင့်နဲ့ပေါက်လိုက်ရာ လူက ဖျတ်ခနဲပျောက်ကွယ်သွားပြီး စိပ်ပုတီးသာ သလွန်ပေါ်ကျန်ရစ်ခဲ့တယ်။

++++++

လူသူအရောက်ပေါက်နည်းတဲ့ ‌သင်္ချိုင်းပျက်တစ်ခုရဲ့ဇရပ်ပေါ်မှာတော့ လူတစ်ယောက်တင်ပလွဲထိုင်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ယိုကျိုးစွာထိုင်နေတဲ့ ပညာသည်အချို့အပြင် ရွာတော်ရှင်၊ နယ်တော်ရှင်အချို့ရှိနေခဲ့တယ်။ ဇရပ်အပြင်မှာတော့ မရေမတွက်နိုင်တဲ့ နာနာဘာဝလောကသားတွေကရှိနေပြီး အားလုံးရဲ့ မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှုအရိပ်အယောင်တွေပေါ်ပေါက်နေခဲ့တယ်။အဲဒီအချိန်

“ နင်တို့ထဲမှာ ပညာရည်အစွမ်းထက်ဆုံးက ဘယ်သူလဲ”

အတန်ကြာတဲ့အထိ ဘယ်သူမှမဖြေတာကြောင့် ကြမ်းကိုလက်ဝါးနဲ့ရိုက်ပြီး

“ ငါမေးနေတာမကြားဘူးလား…”လို့ပြောလိုက်ရာ ဇရပ်အပြင်ကနေ အနက်ရောင် ထိုင်မသိမ်းဝတ်စုံဝတ်ထားတဲ့ အမယ်အိုတစ်ယောက် အိန္ဒြေရစွာဝင်ရောက် လာခဲ့တယ်။

ထိုင်နေကြတဲ့ပညာသည်တွေက အမယ်အိုကိုမြင်တာနဲ့ ဒူးတွေတဆတ်ဆတ် တုန်လာပြီး

“ အမေကြီး အမေကြီး ကိုယ်တိုင်ကြွလာပါလား” လို့ တီးတိုးရေရွတ်လိုက်ပါတော့တယ်။

“ ဘယ်သူများလဲလို့ကြည့်နေတာ.. ရေယဉ်ကတော်ကြီးဖြစ်နေပါလား”

“ ဟဲ့ ငမိုက်သား… နင်က ငါ့ရဲ့တပည့်သားသမီးတွေကို ဘာကြောင့် ခေါ်ထားရတာလဲ”

“ ခိုင်းစရာရှိလို့ခေါ်ထားတာပေါ့ … သင်သာ ကျုပ်အဖွဲ့ထဲဝင်မယ်ဆိုရင် ပထမလက်ရုံးအဖြစ် သတ်မှတ်ပေးမယ်”

အဆိုပါစကားကြောင့် ရေယဉ်ကတော်ရဲ့ မျက်လုံးတွေရဲခနဲဖြစ်သွားပြီး ခန္ဓာကိုယ်ထဲကနေလဲ အခိုးငွေ့တွေ တငြီးငြီးထွက်ပေါ်လာခဲ့တယ်။

“ ငါလူမသတ်တာနှစ်ပေါင်းများစွာကြာနေပြီ၊ ဒါပေမယ့် ဒီနေ့တော့ နင့်ကိုသတ်မှရတော့မယ်”

“ ပညာမာန်တွေကတော့ စူးရှနေတုန်းပါလား… ကျုပ်ကိုသတ်မယ်ဆိုလဲ သတ်ဗျာ၊ သတ်လို့မရရင်တော့ ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ရမှာနော်”

ရေယဉ်ကတော်လဲ အံကိုတင်းတင်းကြိတ်ပြီး ကြမ်းကိုဖနောင့်နဲ့ပေါက်လိုက်ရာ ဇရပ်ထုပ်တန်းတွေပေါ်ကနေ မဲနက်နေတဲ့ မြွေဟောက်အကောင်ပေါင်းများစွာပေါ်လာခဲ့တယ်။ ဒါကိုမြင်တော့ တင်ပလွဲထိုင်နေတဲ့လူက မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုပေါက်မလို့လုပ်နေတဲ့ မြွေဟောက်တစ်ကောင်ကို ကောက်ယူကာ လည်ပင်းမှာပတ်လိုက်ပြီး ပါးပျဉ်းကိုလက်နဲ့ ပွတ်သပ်နေခဲ့တယ်။

“ သင့်မြွေတွေက ကျုပ်ကို ထိခိုက်အောင်မလုပ်ပါလား၊ ဘယ်မလဲသင့်ပညာ ဒါအကုန်ပဲလား” လို့ဆွလိုက်ရာ ရေယဉ်ကတော်က ခန္ဓာကိုယ်ထဲကနေ ပညာစက်တွေအဆက်မပြတ် ထုတ်လွှတ်ကာ တိုက်ခိုက်ခဲ့တယ်။ ပညာစက် ဘယ်လောက်ပြင်းလဲဆိုရင် တစ်မိုင်ပတ်လည်မှာရှိတဲ့ သစ်ပင်ကြီးငယ်တွေ ယိမ်းထိုးကုန်ကြတယ်။ ဒါပေမယ့် ရှေ့မှာရပ်နေတဲ့ လူက အပြုံးမပျက်တဲ့အပြင် လည်ပင်းမှာပတ်ထားတဲ့မြွေဟောက်နဲ့ပင်ဆော့နေတာမြင်လိုက်ရတယ်။

“ ရေယဉ်ကတော်ဆိုပြီး နာမည်ကြီးနေတာ အခုတော့လဲ ဘာမှမဟုတ်ပါလား၊ ကဲကဲ နောက်ဆုံး အခွင့်အရေးပေးမယ်… သင့်ရဲ့မွေးစားဖခင်ဖြစ်တဲ့ သိကြားမင်းကိုပါဆင့်ခေါ်လိုက်”

ရေယဉ်ကတော်လဲ အဲဒီစကားကြားတော့ အသံတွေတုန်ယင်လာပြီး

“ နင် ဘယ်သူလဲ… အဘသိကြားမင်းကိုတောင် စိန်ခေါ်ရဲတယ်ဟုတ်လား”

“ အဟီးအဟီးဟက်ဟက်… အရမ်းအံ့ဩနေတာလား၊ ဟဲ့ အတွင်း၃၇မင်း အပြင်၃၇မင်း အခုချက်ချင်းငါ့ရှေ့ဒူးထောက်စမ်း” လို့အမိန့်ပေးလိုက်ရာ မျက်စိရှေ့မှာတင် အကုန်ရောက်ချလာခဲ့တယ်။

“ ဟဲ့ အိမ်တွင်းအချုပ် နင်တို့ငါ့အမိန့်ကို လွန်ဆန်နိုင်လား”

“ မလွန်ဆန်နိုင်လို့ရောက်လာခဲ့ပြီမဟုတ်လား”

“ မာန်ကတော့မချသေးပါလား… အခုချိန်ကစပြီး နင်တို့အားလုံး ငါခိုင်းတဲ့အတိုင်းလုပ်ရမယ်၊ ငါ့ကို အာခံရင် စိတ်တောင်မကူးဘူးတဲ့ နှိပ်စက်မှုမျိုးခံရမဟဲ့ ကြားလား”

အိမ်တွင်းအဖေကြီးက အံကိုတင်းတင်းကြိတ်ပြီး မော့ကြည့်လိုက်ရာ သူ့ခေါင်းကို အရှိန်အဝါပြိုးပြိုးပျက်ပျက်ရှိတဲ့နတ်တစ်ပါး တက်နင်းတာခံလိုက်ရတယ်။

“ ငါ့နာမည်က မရဏလို့ခေါ်တယ်၊ ငါက ‌မကြာခင် အောက်ဝိဇ္ဇာအချုပ်ဖြစ်တော့မှာမို့ ငါ့တပည့်သားသမီးလုပ်ချင်တဲ့သူတွေ ရှေ့ထွက်လာကြ”

မရဏရဲ့စကားကြောင့် အတွင်း၃၇မင်းအပြင်၃၇မင်းတွေထဲက အချို့က ရှေ့ကိုထွက်လာကြသလို သူတို့ရဲ့လက်ရင်းငယ်သားအချို့လဲ ရှေ့ထွက်လာခဲ့ကြတယ်။

“ ရှေ့ထွက်မလာတဲ့သူတွေကို လက်ပြန်ကြိုးတုပ်ပြီး စင်္ကြာဝဠာအပြင်မှာချုပ်ထားစမ်း” လို့အမိန့်ပေးလိုက်ရာ အိမ်တွင်းအဖေကြီးအပါအဝင် ပုဂ္ဂိုလ်အချို့ လက်ပြန်ကြိုးတုပ်ခံရသလိုဖြစ်ကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်။

မကြာခင် ဇရပ်အပြင်ဘက်မှာ မျက်စိစူးရှမတတ် အလင်းရောင်တစ်ခုနဲ့အတူ နတ်ဝတ်တန်ဆာအပြည့်အစုံဝတ်ဆင်ထားတဲ့ နတ်သားတစ်ပါးပေါ်ပေါက်လာခဲ့တယ်။

မရဏက အရောင်တဖိတ်ဖိတ်ထွက်နေတဲ့ နတ်သားကိုမြင်တော့ အံ့ဩတဲ့အမူအယာနဲ့ ကြည့်နေတဲ့အချိန်

“ အသင်လူသား… ကျွန်ုပ်သည်ကား ဝသဝတ္တီနတ်ပြည်မှ နတ်သားတစ်ပါးပင်ဖြစ်ပေတော့သည်” လို့ပြောလိုက်တဲ့အတွက် မရဏက ရိုကျိုးစွာ ကန်တော့လိုက်ပြီး

“ ကျွန်တော်မျိုးဆီကို ဘယ်လိုအကြောင်းမျိုးကြောင့် ကြွရောက်လာတာလဲ”

“ သင့်အနေနဲ့ ကောင်းမှုလုပ်ရတာထက် မကောင်းမှုကိုပြုလုပ်ရတာပိုသဘောကျတယ်မဟုတ်ပါလား”

“ ဟုတ်ပါတယ် … မကောင်းမှုကိုပြုလုပ်ရရင် အဝိဇိငရဲကိုရောက်မည်ကိုလဲမမှုပါဘူး”

“ ဒီလိုစိတ်ထားကို သဘောကျလို့ သင့်ကျင့်ကြံခဲ့တဲ့ ပညာစဉ်တွေအောင်မြင်အောင် ကျွန်ုပ်ကူညီပေးခဲ့တာပဲ၊ အခု သင့်ကို တာဝန်တစ်ခုပေးဖို့ရှိတယ်”

“ ဘယ်လိုတာဝန်မျိုးလဲဆိုတာမိန့်ပါအရှင်နတ်သား”

“ သူတော်စင်တွေအများအပြားနေထိုင်တဲ့ မဟာမြိုင်တောကိုသင်သိလား”

“ ကြားဖူးပါတယ်…”

“ အခု သင်က အဲဒီနေရာကိုသွားရမယ်၊ မဟာမြိုင်တောထဲရောက်ရင် ရွှေအဆင်းရှိတဲ့ ညောင်ပင်မှာကိုဖျက်စီးရမယ်”

“ ဘယ်လိုအကြောင်းမျိုးကြောင့် ဖျက်စီးခိုင်းတာလဲ”

“ အဲဒီညောင်ပင်‌ကြောင့် မရေမတွက်နိုင်တဲ့သူတွေ အကျွတ်တရားရကြလိမ့်မယ်၊ ငါက လောဘ၊မောဟ၊ဒေါသနဲ့ပြည့်နေတဲ့သူတွေရှိတာပဲ သဘောကျတယ်၊ သင့်အနေနဲ့ ဒီတာဝန်ကိုယူမယ် ဆိုရင် စိတ်ရှိတိုင်းလုပ်ဆောင်နိုင်မယ့် အစွမ်းသတ္တိကိုကျုပ်ပေးမယ်”

“ အဖျက်အမှောင့်လဲလုပ်ရမယ် အစွမ်းသတ္တိလဲပေးမယ်ဆိုတော့ ဘာလို့မလုပ်နိုင်ရမှာလဲ”

“ ကောင်းပြီး သင့်လက်ကို ဖြန့်ထားလိုက်”

မရဏလဲ သူ့လက်ကို ဖြန့်ပေးလိုက်ရာ ဝသဝတ္တီပြည်ကနတ်သားက ညာလက်ညိုးနဲ့ ထိုးကာ တန်ခိုးစွမ်းအင်အချို့ထည့်ပေးလိုက်တယ်။

“ အခုကစပြီး သင်ရဲ့စိတ်စွမ်းအားက အတိုင်းအဆမရှိကျော်လွန်သွားပြီမို့ စိတ်ထင်တိုင်း ဆောက်ရွက်လို့ရပြီ”

“ အသင်နတ်သား ဖြစ်စေချင်တဲ့အတိုင်း လုပ်ပါ့မယ်၊ ဒီလုပ်ငန်းစဉ်အောင်မြင်ခဲ့ရင် ကျုပ်ဖြစ်ချင်တဲ့အရာတစ်ခုကို ပြန်လည်ဖြည့်ဆည်းပေးပါ”

“ သင်အလိုရှိတာက ဘာများလဲ”

“ ကျုပ် အောက်ဝိဇ္ဇာတွေရဲ့အဓိပတိ ဖြစ်ချင်ပါတယ်”

“ ဟားဟားဟား… သင်လိုတဲ့ဆုအတိုင်းပြည့်အောင် လုပ်ပေးမယ်”

မရဏလဲ အဲဒီစကားကြားတော့ ပီတိတွေက ရိုးတွင်းချဉ်ဆီထိတိုင်အောင် ပြန့်နှံ့သွားခဲ့သလို အရောင်အဝါတောက်ပနေတဲ့ နတ်သားကလဲ ပျောက်ကွယ်သွားခဲ့တယ်။

++++++

အေးချမ်းမှုတွေနဲ့ပြည့်နှက်နေတဲ့ မဟာမြိုင်တောကြီးက ယခုအခါမှာတော့ စကားပြောသံ၊ သွားလာလှုပ်ရှားတဲ့အသံတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်အချိန်အတွင်းက နေ့ခင်းကြီးအမှောင်ထု ဖုံးလွှမ်းသွားခဲ့တာကြောင့်ပဲဖြစ်တယ်။

ဝါစဉ်သမားစဉ်ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဖြစ်စဉ်ကိုအဖြေရှာကြရာ မကြာမီအချိန်အတွင်း မဟာမြိုင်တောထဲကို လူစိမ်းတစ်ယောက် ရောက်လာတော့မယ်ဆိုတာ ကြိုတင်သိရှိခဲ့ကြတယ်။ ဒါကြောင့် ပြင်ပလောကမှာရှိနေတဲ့သူတွေကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

ဆုံးဖြတ်ချက်ချပြီးတယ်ဆိုတာနဲ့ သက်ဆိုင်ရာ ဂိုဏ်းဂနအသီးသီးက အဓိပတိပုဂ္ဂိုလ်များအနေနဲ့ မိမိတို့တပည့်များကိုမနောဖြင့်ဆက်သွယ်လိုက်ရာ ချက်ချင်းဆိုသလို ‌တောထဲကိုရောက်ရှိလာခဲ့ကြတယ်။ ဒီထဲမှာ အောင်မြတ်သာလဲပါဝင်ခဲ့တာပေါ့။

အောင်မြတ်သာက မဟာမြိုင်တောထဲကိုရောက်တာနဲ့ အဓိပတိဆရာတော်ထံသွားပြီး ဂါရဝပြုနေတဲ့အချိန် ရုက္ခစိုးအဖြစ်ရှိနေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့ နှစ်ဦးရောက်လာခဲ့ကြတယ်။

“ အရှင်ဘုရား… မကြာသေးခင်အချိန်က အမှောင်ထုကြီးဖုံးလွှမ်းသွားတာ ဘာဖြစ်လို့ပါလဲဘုရား”

“ သက်တော်ရှည်ဝိဇ္ဇာကြီးတွေပြောပုံအရ ဒီတောထဲမှာရှိတဲ့ပုဂ္ရိုလ်တစ်ပါး လူ့ပြည်မှာ သန္ဓေတည်ပြီး လူအများကိုကောင်းကျိုးပြုတော့မှာလေ၊ ဒါကို သဘောမကျတဲ့ မာရ်နတ်က သူအသုံးချလို့ရမယ့် သူကို ပညာစွမ်းတွေပေးပြီး လူ့ပြည်ပြန်ဝင်လို့မရအောင် လုပ်မယ့်ပုံပဲ”

“ ဒီလိုဖြစ်ရပ်မျိုး အရင်ကဖြစ်ခဲ့ဖူးလားဘုရား”

“ နှစ်ပေါင်းထောင်ချီအသက်ရှည်ကြတဲ့ ဝိဇ္ဇာကြီးတွေတောင် မကြုံဖူးဖူးလို့မိန့်ကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တတ်စွမ်းသလောက် ဒီနေရာကို ကာကွယ်ရမှာပဲမဟုတ်လား”

“ တပည့်တော်တို့အစွမ်းကုန်ကြိုးစားပြီး ကာကွယ်ပါ့မယ်၊ ဆရာလဲ ဒီကိုပြန်ရောက်လာပြီဆိုတော့ အားတက်မိတယ်ဗျာ”

သက်ခိုင်က အောင်မြတ်သာကို ကြည့်ပြီး အားရနှစ်ထောင်းတဲ့လေသံနဲ့ပြောလိုက်ရာ

“ သူက အတွင်းစည်းရော အပြင်စည်းကိုပါ ပျက်ယွင်းအောင်လုပ်မယ့်သဘောရှိတယ်၊ အတွင်းစည်းမှာက ပညာအတွေ့အကြုံ၊ ဘဝအတွေ့အကြုံများတဲ့သူတွေရှိနေပေမယ့် အပြင်စည်းမှာက ဇွတ်တရွတ်လုပ်ကြမယ့် တပည့်တွေပဲကျန်ခဲ့တာဆိုတော့ သူတို့အတွက် စိတ်ပူမိတယ်”

အောင်မြတ်သာစကားကြောင့် ဆရာတော်က ပြုံးလိုက်ပြီး

“ သာမန်လူတစ်ယောက်က ငါတို့ဂိုဏ်းရဲ့ ပညာရပ်တွေကို ဘယ်လိုမှမရနိုင်ဘူး၊ အခုရွေးချယ်ထားတဲ့သူတွေကလဲ သူတို့ရဲ့ အတိတ်ဘဝပါရမီအထုံပါပီးသားလူတွေပါ၊ ဒါကြောင့် သိပ်လဲစိုးရိမ်မနေပါနဲ့၊ မင်းတပည့်တွေနဲ့ အတူရင်ဆိုင်ဖို့ အခြားသူတွေကို စေလွှတ်ထားပါတယ်”

“ အရှင်ဘုရား ဘယ်သူကိုရွေးချယ်ထားတာလဲဘုရား”

“ သက်ရှိလောကမှာဆိုရင် မင်းရဲ့တပည့်ကျော်တွေဖြစ်တဲ့ မြဒင်၊ စမတို့ကို အိမ်မက်ပေးပြီးပြောထားပြီးပြီ၊ နာမ်လောကမှာဆိုရင်တော့ မုခလိနတ်၊ ခြေဖဝါးသုံးတောင်နတ်၊ နတ်ရှင်စောစတဲ့ ဂိုဏ်းနတ်တွေကို သင့်တပည့်တွေနဲ့အတူ ရင်‌ဆိုင်ဖို့ပြောထားပါတယ်”

ဆရာတော်ရဲ့စကားကြောင့် အောင်မြတ်သာစိတ်အေးသွားပြီး ကျောင်းသင်္ခန်းအပြင်ကို ထွက်လာတဲ့အချိန်

“ ဟလို မိတ်ဆွေကြီး… မတွေ့တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဗျ” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ ဘောင်းဘီရှည်နဲ့ တီရှပ်အင်္ကျီဝတ်ဆင်ထားတဲ့လူတစ်ယောက်ကို မြင်လိုက်ရတယ်။

“ ဒီပ မဟုတ်လား… ခင်ဗျားရော ဒီကိုပြန်လာရတာလား”

“ ဟုတ်ပါ့ဗျာ… ခုနလေးကမှ ကျုပ်ဆရာတောက်ထွန်း လှမ်းခေါ်လို့ ပြန်ဝင်လာခဲ့တာ၊ ဒီတစ်ကြိမ်က မဟာမြိုင်တောတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်အောင်လုပ်လိုက်တာပဲ၊ လောလောဆယ် မြက်ချိုနုလေး တစ်ပင်နှစ်ပင်လောက် ဝါးထားလိုက်၊ ဟိုကောင်တွေဝင်လာရင် ဇိမ်နဲ့ဝါးရမှာမဟုတ်ဘူးဗျ”

ဒီပက လက်ထဲကိုင်ထားတဲ့ မြက်ချိုပင်တစ်ပင်ကို ကမ်းပေးလိုက်ရာ အောင်မြတ်သာက တစ်ကိုက်ကိုက်ကာဝါးစားလိုက်တယ်။

“ မစားရတာကြာလို့လားမသိဘူး အတော်ကိုချိုမြတာပဲဗျာ၊အရသာကလဲ နံ့သာပုငှက်ပျောသီးအရသာဗျ”

“ ခင်ဗျားက နံ့သာပုအရသာလား၊ ကျုပ်က နွားနို့အရသာဗျ၊ ဒီအပင်က စားတဲ့သူကြိုက်နှစ်သက်တဲ့အရသာကိုပေးစွမ်းနိုင်တာထင်တယ်”

အောင်မြတ်သာနဲ့ဒီပတို့စကားပြောနေတဲ့အချိန် အနားကိုသက်ခိုင်နဲ့တောက်ရတို့ရောက်လာတော့ ပိုပြီးအဖွဲ့ကျသွားခဲ့တယ်။

+++++++

အနက်ရောင်သားမွှေးအခင်းပေါ်မှာ ကျနစွာထိုင်နေတဲ့လူတစ်ယောက်က သူ့အရှေ့မှာ ခစားနေကြသူတွေကို မျက်လုံးဝေ့ကြည့်လိုက်ပြီး

“ မင်းတို့က ငါ့ရဲ့အစွမ်းကိုယုံကြည်လို့ ပူးပေါင်းပေးခဲ့ကြတာကို တကယ်ဝမ်းမြောက်မိတယ်၊ ဒီတစ်ခါ ယှဉ်ပြိုင်ခြင်းက ငါတစ်ယောက်ထဲနဲ့ သက်ဆိုင်တာ မဟုတ်ဘူးဆိုတာ တွေးထားပါ၊ မင်းတို့ရဲ့ ဘိုးဘွားတွေ၊ မင်းတို့ရဲ့ သွေးချင်းတွေ၊ မင်းတို့ရဲ့ ပညာတူမောင်နှမတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တဲ့သူတွေကို လက်စားပြန်ချေလို့ရမယ့် နေ့ရက်က မကြာခင်ရောက်လာတော့မှာပဲဖြစ်တယ်၊ မင်းတို့ရဲ့ စိတ်သန္တာန်မှာ ကိန်းအောင်းနေတဲ့ ကြောက်ရွံ့စိတ်တွေ၊ သိမ်ငယ်စိတ်တွေကို နာကျဉ်းချက်အဖြစ်ပြောင်းပြီး အစွမ်းကုန်ယှဉ်ပြိုင်ကြ၊ ငါပြောတာ နားလည်လား” လို့ပြောလိုက်ရာ မြောက်မြားစွာသော ပညာသည်တွေက လက်သီးလက်မောင်းတန်းကာ အော်ဟစ်ရင်း မတ်တပ်ထရပ်လိုက်ကြတယ်။ သူတို့ရဲ့မာန်သွင်းပြီးအော်သံက အနီးပတ်ဝန်းကျင်မှာရှိတဲ့ အောက်နတ်အဆင့်တွေ ဒူးတဆတ်ဆတ်တုန်တဲ့ထိ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့တယ်။

အဲဒီအချိန် မရဏက ထိုင်နေရာကနေ ထလာပြီး

“ မင်းတို့အနေနဲ့ ဒီတိုက်ပွဲကိုအောင်နိုင်တဲ့အခါ အသက်ကို ရာစုနှစ်ပေါင်းများစွာဆွဲဆန့်လို့ရမှာ ဖြစ်သလို ငါတို့ကို နှိမ့်ချဆက်ဆံခဲ့တဲ့သူတွေ ကိုယ်တိုင် မင်းတို့ကို ဘုရားတစ်ဆူလို ကိုးကွယ်ကြလိမ့်မယ်၊ ဒီတိုက်ပွဲမှာ ခေါင်းဆောင်ဆိုတာမရှိဘူး၊ မင်းတို့အားလုံးကို ငါက ကိုယ်စားပြုသလို ငါ့ကိုလဲ မင်းတို့အားလုံးက ကိုယ်စားပြုတယ်၊ ဒီတိုက်ပွဲမှာ မင်းတို့အတွက် စည်းကမ်းဆိုတာမရှိဘူး၊ စိတ်ထင်သလို ကြမ်းနိုင်ရမ်းနိုင်တယ်၊ ဒါပေမယ့် ဒီကာလအတွင်း သာမန်လူသားတွေကို အန္တရာယ်ပြုတာကိုတော့ ရှောင်ကြရမယ်၊ ငါပြောတာ မင်းတို့လုပ်နိုင်ကြရဲ့လား”

“ လုပ်နိုင်ပါတယ်… လုပ်နိုင်ပါတယ်…”

‌” ကောင်းပြီ ဒါဖြင့်ရင် မင်းတို့ကိုယ့်နေထိုင်ရာ အရပ်ဒေသကိုပြန်ကြတော့၊ ငါလိုအပ်တဲ့အချိန် မင်းတို့ကိုပြန်ခေါ်မယ်”လို့ပြောလိုက်ရာ များပြားလှတဲ့ လူအုပ်ကြီးက မျက်စိရှေ့မှာတင် ရုပ်သွင်ပြောင်းကာ ထွက်ခွာသွားခဲ့ကြတယ်။

အားလုံးပျောက်ကွယ်သွားတာနဲ့ မရဏက သူ့ရှေ့မှာရှိနေတဲ့ လေဟာနယ်ကို လက်ညိုးနဲ့ခွဲချလိုက်ရာ သစ်ပင်ပန်းမန်တွေနဲ့ သာယာလှပနေတဲ့ မြင်ကွင်းတစ်ခုပေါ်လာခဲ့တယ်။

“ ဟက်ဟက်… မဟာမြိုင်တောဆိုတာ ငါတို့လောကနဲ့ အလွှာလေးတစ်ခုပဲခြားထားတာကိုး”လို့ရေရွတ်ရင်း လက်ရှိရပ်နေတဲ့အမှောင်ခြမ်းကနေ လင်းထိန်နေတဲ့ဘက်ခြမ်းကိုကူးဝင်သွားခဲ့တယ်။

မရဏလဲ အလွန်မွှေးပျံ့တဲ့ ပန်းရနံ့တွေကို တစ်ဝကြီးရှူသွင်းပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့အရှေ့မှာ ရပ်နေကြတဲ့ ဆာဒူးကြီးတွေ၊ ဝတ်ဖြူစင်ကြယ်ပုဂ္ဂိုလ်တွေ၊ ရသေ့ကြီးတွေကို မြင်လိုက်ရတယ်။

“ ဒီနေရာက မဟာမြိုင်တောဆိုတာများလား”

“ ဟုတ်ပါတယ်… သင်က ဘယ်လိုကိစ္စကြောင့် မြင့်မြတ်တဲ့မြေပေါ်ခြေချရတာလဲ”

“ ကျုပ် ရွှေအတိပြီးတဲ့ညောင်ပင်ကိုလာရှာတာပါ”

မရဏစကားကြောင့် ရပ်နေတဲ့သူတွေ အချင်းချင်းကြည့်လိုက်ပြီး

“ ကျုပ်တို့သိထားတဲ့အတိုင်း သင်က ရွှေညောင်ပင်ကိုဖျက်စီးဖို့လာတာထင်တယ်”

“ ဒါပေါ့ဗျာ… ကျုပ်က အခုလိုမျိုး လှပမှုတွေကို သိပ်မခံစားတတ်ဘူး၊ အရာအားလုံး ပျက်စီးနေတာကိုပဲသဘောကျတာ”

မရဏက မထီတဲ့မျက်နှာနဲ့ပြောပြီး လက်နှစ်ဖက်ကို ပင့်တင်လိုက်ရာ ဘေးပတ်လည်မှာရှိတဲ့ ကျောက်ဆိုင်ကျောက်ခဲတွေ မြောက်တက်လာခဲ့တယ်။

သူတော်စင်တွေကတော့ ကြောက်ရွံ့တဲ့ဟန်မပြပဲ ပုတီးစိပ်သူကစိပ်၊ ဂုဏ်တော်ပွားသူကပွားနဲ့ တည်ငြိမ်စွာရပ်နေခဲ့ကြတယ်။

ဒါကိုမြင်တဲ့မရဏက မချိပြုံးပြုံးလိုက်ပြီး ကျောက်ဆိုင်ကျောက်ခဲတွေကို သူတော်စင်တွေရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။ ဒါပေမယ့် ကျောက်တုံးတွေက အနားကိုရောက်တာနဲ့ အလွန်သေးငယ်တဲ့ မြူမှုန်တွေအဖြစ်ပြောင်းသွားပြီး အရပ်လေးမျက်နှာကို လွင့်ထွက်သွားခဲ့တယ်။

အဲဒီအချိန် မရဏက သူ့ရဲ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်အောင်ခွဲထုတ်လိုက်ပြီး နေရာအနှံ့ကို ပို့လွှတ်လိုက်တာကြောင့် သူတော်စင်တွေအားလုံးရဲ့ မျက်နှာမှာ စိုးရိမ်မှုအရိပ်အယောင်တွေပေါ်လာ ခဲ့တယ်။

“ ဟား ဟား ဟား ဟား… ငါ့ရဲ့စိတ်တန်ခိုးက ထင်တာထက်တောင်ပိုပြီးသုံးလို့ရနေပါလား”

မရဏပေါင်းများစွာကနေ အသံတစ်ခုထဲထွက်လာခဲ့သလို မဟာမြိုင်တောထဲမှာရှိတဲ့ သူတွေအားလုံးလဲ ထိုအသံကိုကြားလိုက်ရတယ်။

“ ဒီပရေ… အခြေအနေကတော့ ထင်တာထက်ပိုဆိုးနေပြီထင်တယ်”

အနောက်အရပ်ကို တာဝန်ယူထားတဲ့ အောင်မြတ်သာတို့လဲ ရုတ်တရက်ပေါ်‌ထွက်လာတဲ့ ပုံရိပ်ယောင်တွေကြောင့် မိမိတို့ရဲ့စိတ်ကို တည်ငြိမ်အောင်ထားရင်း စိတ်စွမ်းအင်ကို တိုးမြှင့်လိုက်တယ်။

မရဏကတော့ ပတ်ဝန်းကျင်မှာရှိတဲ့အရာ မှန်သမျှကိုဖျက်စီးတော့မယ့်ဟန်နဲ့ ရှေ့ကိုတိုးလာတဲ့အချိန် ဆံပင်တွေဆွတ်ဆွတ် ဖြူနေတဲ့မြေလျောက်ဝိဇ္ဇာတစ်ပါးက သူ့ရဲ့အစွမ်းကိုအသုံးချပြီး ဆူးလမ်းကြီးတစ်ခုကို ဖန်ဆင်းလိုက်တယ်။

ဒါကိုမြင်တော့ မရဏက ရှေ့မတိုးတော့ပဲ ရပ်လိုက်ပြီး လက်နဲ့သပ်ချလိုက်ရာ ဆူးခင်းတွေအကုန်ပြာအတိဖြစ်ကုန်တယ်။

“ ဆရာ… ဒီလူအစွမ်းက သာမန်မဟုတ်ဘူးဗျ”

“ ဖိုးခေါင်းဖြူရဲ့ ပညာကို အလွယ်တကူ ချေဖျက်သွားတာပဲ”

အောင်မြတ်သာက အံ့ဩစွာရေရွတ်နေတဲ့အချိန် မရဏက သူတို့နဲ့ ဝါးတစ်ပြန်စာကိုရောက်လာ ခဲ့တယ်။ အဲဒီအချိန် ကောင်းကင်ယံကနေ ကိုယ်ရောင်ကိုယ်ဝါ ပြိုးပြိုးပြက်ပြက် လင်းလက်နေတဲ့ စတုမဟာရာဇ်နတ်စစ်သည်တွေ ပေါ်လာပြီး မရဏကို ဝိုင်းထားလိုက်ကြတယ်။

“ စတုမဟာရာဇ်နတ်စစ်သည်တွေရောက်လာ ကြပြီပဲ၊ အရမ်းကြီးစိတ်ပူစရာမလိုတော့ပါဘူး”

တောက်ရက ဝမ်းသာအားရပြောလိုက်ပေမယ့် အောင်မြတ်သာကတော့ ခေါင်းကိုတွင်တွင် ခါယမ်းပြီး

“ ဒီပုဂ္ဂိုလ်က ကျောထောက်နောက်ခံအင်အား တစ်ခုခုမရှိပဲ၊ ဒီနေရာကို ဘယ်လိုမှဝင်ရောက်လို့မရဘူး၊ ဒါကြောင့် စတုမဟာရာဇ်နတ်စစ်သည်တွေသူ့ကို တားနိုင်မှာမဟုတ်ဘူး” လို့ရေရွတ်နေတဲ့အချိန်မှာပဲ မျက်စိကြိမ်းစပ်မတတ်အလင်းတန်းနဲ့အတူ အလွန်တရာခမ်းနားထည်ဝါတဲ့ နတ်ရထားကိုစီးနင်းလိုက်ပါလာတဲ့ နတ်သား တစ်ပါးကိုမြင်လိုက်ရတယ်။

အဆိုပါနတ်သားရဲ့ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့

စတုမဟာရာဇ်နတ်စစ်သည်တွေရဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူဌေးတစ်ယောက်နဲ့ ဆင်းရဲသားတစ်ယောက်လို ကွာဟနေခဲ့တယ်။

နတ်စစ်သည်တွေက နတ်ရထားပေါ်မှာပါလာတဲ့ နတ်သားကိုမြင်တော့ ဆောက်တည်ရာမရ ကြောက်လန့်တကြားထွက်ပြေးသွားကြတာကိုလဲ မြင်တွေ့လိုက်ရတယ်။

မရဏကတော့ အဆိုပါမြင်ကွင်းကိုကြည့်ပြီး ဝမ်းခေါင်းသံနဲ့သဘောကျစွာရယ်မောရင်း ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းသင်္ခန်းတွေကို စိတ်တန်ခိုးနဲ့ တစ်စစီဖြစ်အောင် ပြုလုပ်ပါလေရော။

အောင်မြတ်သာတို့လဲ ထိပ်တိုက်ရင်ဆိုင်မှ ရတော့မယ်လို့တွေးပြီး ဂိုဏ်းစောင့်နတ်၊ အင်းစောင့်နတ်တွေကိုပင့်ဖိတ်ကာ မရဏကို တားဆီးဖို့ရှေ့ကိုတက်လာခဲ့ကြတယ်။ ဒါကိုမြင်တော့ မရဏက မြေကြီးကိုဖနောင့်နဲ့ ပေါက်လိုက်ရာ မာကျောလှပါတယ်ဆိုတဲ့ မြေကြီးက အက်ကွဲလာပြီး အထဲကနေ တစ်ကိုယ်လုံး မီးစွဲလောင်နေတဲ့ မိစ္ဆာနတ်ဆိုးတွေ ကုန်းရုန်းကာတိုးထွက်လာခဲ့တယ်။

ကြမ်းတမ်းပြီးရက်စက်လွန်းတဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုတွေအောက်မှာ ဂိုဏ်းစောင့်နတ်တွေ ဆောက်တည်ရာမရထွက်ပြေးကုန်တဲ့အပြင် အောင်မြတ်သာရဲ့ကိုယ်မှာ ကာရံထားတဲ့ ကိုယ်လုံအင်းကလဲ တစ်ဖြေးဖြေးပါးလွှာလာ ခဲ့တယ်။ ဒါကိုသတိထားမိတဲ့ မရဏက အောင်မြတ်သာခန္ဓာကိုယ်ကို လက်နဲ့ဆွဲဖြဲတဲ့ဟန် ပြုလိုက်ရာ ကိုယ်လုံအင်းက အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားခဲ့တယ်။

ကိုယ်လုံအင်းပျက်တာနဲ့ မောင်ကောင်းနဲ့ တောက်ရတို့က ရှေ့ကနေ ဝင်ကာပြီး တားဆီးဖို့ကြိုးစားပေမယ့် မရဏရဲ့စိတ်တန်ခိုးကို ရင်မဆိုင်နိုင်ပဲ ဘေးတစ်ဖက်တစ်ချပ်စီကို လွင့်ထွက်သွားခဲ့တယ်။

ဒီပကတော့ သူ့ရဲ့စိတ်စွမ်အားပညာဖြစ်တဲ့ ကိုယ်ရောင်ဖျောက်တဲ့နည်းကိုသုံးပြီး တားဆီးဖို့ကြိုးစားခဲ့ပေမယ့် ကိုယ်ပွားပေါင်းများစွာ ရှိနေတဲ့ မရဏကိုမယှဉ်နိုင်ခဲ့ပေ။

အဲဒီအချိန် မရဏဖန်ဆင်းထားတဲ့ မိစ္ဆာနတ်ဆိုးတွေက အောင်မြတ်သာတို့ အနားကို တိုးဝင်လာခဲ့တယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က သာယာလှပခဲ့တဲ့တောကြီးဟာဖြင့် အခုအခါမှာတော့ မီးတောက်တွေဟုန်းဟုန်းထနေခဲ့ပြီဖြစ်သလို မရဏ ဖန်ဆင်းထားတဲ့ စစ်သည်တွေကလဲ အရာအားလုံးကို ဖျက်စီးဖို့ကြိုးစားနေခဲ့ကြတယ်။

အလားတူ မောင်ကောင်းနဲ့ ခွန်းလှတို့ရောက်ရှိနေတဲ့ အပြင်စည်းမှာလဲ ပညာပြိုင်ဆိုင်မှုက ပြင်းထန်နေခဲ့တယ်။

++++++++

ဇရပ်ပေါ်မှာ ဝုန်းခနဲထိုင်ချလိုက်တဲ့ မောင်စမရဲ့ အမူအယာကြောင့် မြဒင်၊ မောင်ကောင်း၊ ခွန်းလှတို့ ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။

“ ဒီကောင်တွေ ဘာလို့အသေခံပြီး ပညာပြိုင်နေလဲဆိုတာ ငါမစဉ်းစားတတ်တော့ဘူး”

“ ငါလဲမင်းလိုပဲတွေးနေတာ… အရင်ကဆို မျက်လုံးချင်းစိုက်မကြည့်ရဲတဲ့ကောင်တွေက အခုဘယ်လိုကြောင့် ငါတို့နောက်ကို အသဲအသန်လိုက်နေကြတာလဲမသိပါဘူး”

“ ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ရင်ဆိုင်ခဲ့တဲ့ ပညာသည်အရည်အတွက်ကနည်းနည်းနောနောမှမဟုတ်တာ၊ ဆွဲထားတဲ့အင်းစမတွေတောင် ကုန်ခါနီးနေပြီ”

“ အခုလိုဖြစ်နေတာ ကျွန်တော်တို့ပဲမဟုတ်ဘူးနော်၊ အခြားဂိုဏ်းကဆရာတွေလဲ ဖြစ်နေတယ်လို့ ပြောတယ်၊ မနေ့က ဆုံတဲ့သူဆိုရင် သူ့ရဲ့ပညာညီအစ်ကိုက ပညာပြိုင်ရင်း သွေးအန်သေတာလို့ပြောတယ်”

“ ဒီကောင်တွေက အုံလိုက်ကျင်းလိုက်ကို လာကြတာများတယ်၊ ဘယ်ခွေးကောင်က မြှောက်ပေးလိုက်တာလဲမသိဘူး”

မောင်စမက သူ့ဝသီအတိုင်း ပျစ်ပျစ်နှစ်နှစ်ပြောရင်း ဖက်ကြမ်းဆေးလိပ်ကို ဖွာမလို့လုပ်နေတဲ့အချိန်

“ ဟိုကောင်တွေ လိုက်လာကြပြန်ပြီ” ဆိုတဲ့ မြဒင်အသံကိုကြားလိုက်ရတယ်။

“ သေချင်တဲ့ကောင်တွေလာကြပစေ… ငါတော့ ဆေးလိပ်သောက်ဦးမယ်”

မောင်စမက ဆေးလိပ်ကို မီးခိုးတထောင်းထောင်း ထအောင်ဖွာရှိုက်ပြီး အပြင်ကိုကြည့်လိုက်ရာ စက်ကြိုးစီးပြီးပျံလာတဲ့ လင်းတနှစ်ကောင်ကို မြင်လိုက်ရတယ်။

“ မြဒင် စက်ကြိုးဖြတ်ချလိုက်ကွာ… ဒင်းတို့လမ်းလျောက်ပြီးလာကြပစေ”

မောင်စမစကားကြောင့် မြဒင်က စက်ကြိုးကိုဖြတ်ချလိုက်ရာ လင်းတတွေအဖြစ်ကနေ လူအသွင်ပြောင်းပြီး မြေကြီးပေါ်ပြုတ်ကျလာခဲ့တယ်။

“ ဒီအဖွားကြီးတွေ အသက်ကြီးနေတာတောင် အိမ်မှာမနေကြဘူး၊ ဒီတစ်ခေါက် ဘယ်သူထွက်မလဲ.. ငါက ခဏနားဦးမယ်”

“ ကျွန်တော်ထွက်မယ်ဗျာ”

“ ကျွန်တော်လဲ ထွက်မယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့စကားကြောင့် မောင်စမနဲ့ မြဒင်တို့ အချင်းချင်းကြည့်လိုက်ပြီး

“ ဖြစ်ပါ့မလားကွ… ဒီအဖွားကြီးတွေက ထိပ်မှာအမောက်တောင်ထွက်နေပြီ”

“ ဖြစ်ပါတယ်ဗျ…ကျွန်တော်တို့မနိုင်ရင် ဆရာတို့က ထိုင်ကြည့်နေမှာမှမဟုတ်တာ”

မောင်ကောင်း စကားကြောင့် မောင်စမရော မြဒင်ပါ ရယ်လိုက်ပြီး

“ ချကွာ… မင်းတို့က သီလလုံတဲ့ကောင်တွေပဲ၊ သေတော့မသေပါဘူး” လို့ပြောလိုက်တာကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ဇရပ်အောက်ကိုဆင်းသွားခဲ့ကြတယ်။

အောက်ရောက်တော့ ကြက်ရိုးကိုဆံထိုးလုပ်ထားတဲ့ အဖွားကြီးနှစ်ယောက်က ချွေးခံအိတ်ထဲထည့်လာတဲ့ ကွမ်းကိုထုပ်ဝါးလိုက်ပြီး

“ နို့နံ့မစင်သေးတဲ့ ကလေးတွေနဲ့ မပြိုင်ချင်ဘူး… ဇရပ်ပေါ်က နှစ်ကောင် အောက်ဆင်းလာခဲ့” လို့ပြောလိုက်တာကြောင့် မောင်စမက ဆေးလိပ်မီးကို ထိုးချေရင်း

“ အဖွားကြီးတွေ ဘယ်သူအားကိုးနဲ့ လေသံမာနေတာလဲ၊ ဒီနှစ်ယောက်ကို နိုင်အောင် အရင်တိုက်ပါဦး၊ ပြောလိုက်ရင် လေကြီးမိုးကြီးနဲ့ ပြီးရင်သူတို့ပဲ အမလေး အဘလေးအော်မှာ”

“ အေးအေး… ဒီကလေးနှစ်ယောက်ကို ဆုံးမပြီးတာနဲ့ နင်တို့အလှည့်ပဲ၊ ဟိတ်ကောင်လေးတွေ သတိထားပေတော့”

အဖွားကြီးနှစ်ယောက်က ဝါးနေတဲ့ကွမ်းတွေကို ထွီခနဲထွေးထုတ်လိုက်ရာ ကွမ်ဖတ်မဲမဲတွေက ပဒူကောင်တွေအဖြစ်ပြောင်းသွားပြီး မောင်ကောင်းတို့ဆီတိုးဝင်လာခဲ့တယ်။

မောင်ကောင်းနဲ့ ခွန်းလှက အားလုံးကိုဆွဲဖမ်းပြီး မူလပြန်စေလို့အမိန့်ပေးလိုက်ရာ ပဒူကောင်တွေကနေ ကွမ်းဖတ်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ အမေကြီးတို့က တစ်ခါလာလဲ ပိတုန်း၊ ပဒူ၊ မြွေ၊ ဒါတွေပဲလုပ်တတ်တာလား၊ အခြာစိတ်ဝင်စားမယ့် အကောင်တွေလုပ်ပါဦး”

မောင်ကောင်းက ခပ်ရွဲ့ရွဲ့သမားမို့ သူတို့ကို မထီလေးစားလုပ်ထားတဲ့အဖွားကြီးတွေကို ပြန်ရွဲ့လိုက်ခြင်းဖြစ်တယ်။

အဖွားကြီးတွေကတော့ သူတို့ပညာကို အလွယ်တကူဖယ်ရှားလိုက်တဲ့ လူငယ်နှစ်ယောက်ကြောင့် ဒေါသူပုန်ထသွားပြီး ပညာမာန်သွင်းကာ စက်တွေနဲ့ ပစ်ပါလေရော။ မောင်ကောင်းနဲ့ ခွန်းလှတို့က စက်တွေကိုသိမ်းပြီး ဘေးကိုဆွဲဆွဲပစ်ရာ အနီးနားက သစ်ပင်တွေသစ်ကိုင်းတွေက တဖျောင်းဖျောင်းနဲ့ကျိုးကျကုန်တယ်။

သူတို့တိုက်သမျှကို အသာအယာ ကာကွယ်နိုင်တာမြင်တော့ အဖွားကြီးနှစ်ယောက် တုန်လှုပ်လာပြီး မျက်နှာချိုသွေးကာ ထွက်ပြေးဖို့အလုပ်

“ နှစ်ကောင်လုံးကို သစ်ပင်မှာချုပ်ထားစမ်း” ဆိုတဲ့အသံနဲ့အတူ မောင်စမ ဇရပ်ပေါ်ကနေ ဆင်းလာခဲ့တယ်။ အဖွားကြီးနှစ်ယောက်ကတော့ ရပ်နေရာကနေ သစ်ပင်အောက်မှာသွားကပ်နေခဲ့တယ်။

“ နင်တို့က သီလမလုံတဲ့ ဆရာတစ်ယောက်နှစ်ယောက်လောက်ကို နိုင်ခဲ့တာကို ဘဝင်မြင့်နေကြတာမလား၊ မြဒင်ရေ ဒီနှစ်ယောက်ကို ဘာလုပ်ရမလဲ”

“ သူတို့ပညာစွန့်ရင်တော့ လွှတ်ပေးလိုက်ပေါ့”

“ အဖွားကြီးတွေ ပညာစွန့်မလား… အသေခံမလား”

“ အသေပဲခံမယ်ဟေ့… ပညာတော့မစွန့်ဘူး”

“ အသေခံမယ်ဆိုလဲ ဖြည့်ဆည်းပေးရတာပေါ့”

မောင်စမက ပညာသိမ်းစမကို ယူပြီး ဦးခေါင်းကိုဖြောင်းခနဲရိုက်ချလိုက်ရာ အဖွားကြီးနှစ်ယောက် လဲကျသွားခဲ့တယ်။

“ ဆရာ… သူတို့တကယ်သေသွားပြီလား”

“ မသေပါဘူး… သူတို့အဆိပ်မသောက်ခင် ပညာသိမ်းလိုက်တာ”

မောင်စမက စကားပြောနေရင်း အဖွားကြီးနှစ်ယောက်ရဲ့ပါးစပ်ကိုဖြဲပြီးနှိုက်ထုတ်လိုက်ရာ ပါးစောင်မှာငုံထားတဲ့ အဆိပ်လုံးနှစ်လုံး ထွက်လာခဲ့တယ်။

“ ဒီအဖွားကြီးတွေဆီမှာ အဆိပ်ကအမြဲပါတယ်၊ မနိုင်ရင်အဆိပ်သောက်သေကြတယ်လေ၊ သူတို့လောကမှာ ပညာသိမ်းခံရတာက သေတာထက်ပိုအရှက်ရစေတာဆိုတော့ အသေပဲခံကြတယ်များတယ်၊ အခုတောင် ငါပညာသိမ်းတာမြန်လို့ နောက်ဆို အလောင်းမြုပ်ပေးနေရပြီ”

မောင်စမစကားကြောင့် မြဒင်က လွယ်အိတ်ကို ကောက်ကွယ်လိုက်ပြီး အရှေ့စူးစူးကို စိုက်ကြည့်လိုက်တယ်။

“ အရှေ့ရွာမှာ ရွှေရင်ကျော်ဆရာတွေနဲ့ မောက်လုံးကဝေတွေ ပညာပြိုင်နေကြတာပဲ၊ ငါတို့ပွဲကြည့်ပရိတ်သတ်လုပ်ဖို့မြန်မြန်သွားကြရအောင်”

“ အချိန်တန်ရင် ရွှေရင်ကျော်ကပဲ နိုင်မှာကို ဖြေးဖြေးသွားလဲရပါတယ်”

“ မင်းကတော့ အတွေ့အကြုံများနေပီဆိုတော့ ပြောအားရှိတာပေါ့၊ ငါက ဒီကောင်လေးတွေကို သူများတွေ ဘယ်လိုကုတယ်ဆိုတာပြချင်လို့ ပြောနေတာကွ”

“ ဒါဖြင့်လဲ သွားကြတာပေါ့…”

မောင်စမက သူ့အရွယ်နဲ့မလိုက်တဲ့ လွယ်အိတ်ကို ဘေးစောင်းလွယ်ပြီး မြဒင်ခေါ်တဲ့နောက်ကို လိုက်ပါသွားခဲ့တယ်။

+++++++

ပတ်ဝန်းကျင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောက်နေတဲ့အပြင် သစ်ပင်ကြီးငယ်တွေကလဲ အပိုင်းပိုင်းပြတ်ကာ ပြိုလဲကျနေခဲ့တယ်။ မရဏကတော့ သူ့လုပ်ရပ်သူ ကျေနပ်တဲ့ဟန်နဲ့ နယ်မြေအပိုင်းခြားတွေကို ချဲ့ထွင်လာခဲ့တာ အောင်မြတ်သာတို့ရင်ဆိုင်နေတဲ့ နေရာဆီရောက်လာခဲ့တယ်။

“ ရွှေညောင်ပင်ကဘယ်မှာရှိတာလဲ”

မရဏက သစ်ပင်အောက်မှာလဲကျနေတဲ့ အောင်မြတ်သာရဲ့ အင်္ကျီစကိုဆွဲပြီးမေးလိုက်တယ်။

“ ရွှေညောင်ပင်ရှိတဲ့နေရာကို ကျုပ်တို့မသိဘူး”

“ ဒါတောင်မသိဘူးဆိုတော့ မင်းက အလကားကောင်ပေါ့..”

မရဏက အောင်မြတ်သာကိုဆွဲယူပြီး ဘေးကိုတွန်းဖယ်ကာ ရှေ့ကိုဆက်တက်သွားခဲ့တယ်။ အဲဒီအချိန် ‌သက်ခိုင်နဲ့ တောက်ရအနားရောက်လာပြီး တွဲထူလိုက်တဲ့အချိန် ဘယ်ကပေါ်လာမှန်းမသိတဲ့ လေ‌ပွေတစ်ခုက သူတို့အားလုံးကို သိမ်းကျုံးဆွဲခေါ်သွားခဲ့တယ်။

‌အောင်မြတ်သာလဲ လေဟာနယ်ထဲမှာ မျောလွင့်နေပြီးမှ မာကျောတဲ့အရာတစ်ခုနဲ့ ကျောပြင်ထိလိုက်တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရွှေရောင်တဝင်းဝင်း တောက်ပနေတဲ့ ညောင်ပင်တစ်ပင်ရဲ့အရိပ်အောက်ကို ရောက်နေတာမြင်လိုက်ရတယ်။

ညောင်ပင်ပတ်ပတ်လည်မှာတော့ အခြားပုဂ္ဂိုလ်တွေရှိနေပြီး အလယ်ဗဟိုမှာတော့ ရွှေရောင်အသားအရည်ရှိတဲ့လူတစ်ယောက် သမထဈာန်ဝင်စားနေတာ တွေ့လိုက်ရတယ်။

“ ကျွန်တော် ဘယ်ကိုရောက်နေတာလဲ”

“ လူလေး… အခုချိန်က မင်းတို့အနားယူရမယ့်အလှည့်ပဲ၊ မိစ္ဆာကောင်အနေနဲ့ ဒီထဲကိုဝင်လာလို့မရအောင် စီရင်ထားပါတယ်”

အောင်မြတ်သာလဲ အသံကြားလို့ မော့ကြည့်လိုက်ရာ ကြာသင်္ကန်းကို သပ္ပါယ်စွာဝတ်ဆင်ထားတဲ့ ဂိုဏ်းချုပ်ဆရာတော်ကို ဖူးမြင်လိုက်ရတယ်။

“ အရှင်ဘုရား… တပည့်တော် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပေးပါ”

“ လူလေးရယ်… မင်းတို့အားလုံး အစွမ်းကုန်ကြိုးစားခဲ့ပါတယ်၊ အခုတော့ ခေတ္တနားလိုက်ပါဦး”

ဆရာတော်က အောင်မြတ်သာတို့ကိုအနားပေးပြီး ရှေ့ကိုတက်လာခဲ့သလို အခြားအထင်ကရ ပုဂ္ဂိုလ်တွေကလဲ ရွှေညောင်ပင်ပတ်ပတ်လည်မှာ ဝန်းရံနေရာယူထားလိုက်ကြတယ်။

မကြာခင်အချိန်အတွင်း မရဏက သူရဲ့လက်အောက်ငယ်သားတွေနဲ့ ရွှေညောင်ပင်ရှိတဲ့အရပ်ကိုရောက်လာခဲ့တယ်။ မိစ္ဆာနတ်ဆိုးတွေက ရွှေညောင်ပင်ကိုမြင်တာနဲ့ ကြောက်မယ်ဖွယ်အသံတွေပေးကာ ပြေးဝင်လာခဲ့ကြတယ်။ ဒါပေမယ့် ညောင်ပင်အရိပ်ထဲ ခြေချမိတာနဲ့ ဝင်လာသူတွေအားလုံးပြာအတိဖြစ်သွားတာကြောင့် ကျန်တဲ့သူတွေမဝင်ရဲတော့ပဲ အပြင်ကနေသာ ဝန်းရံနေခဲ့တယ်။

မရဏက သူ့တပည့်တွေမဝင်ရဲတာမြင်တော့ ဖားလျားချထားတဲ့ဆံပင်ကို စည်းလိုက်ပြီး ရှေ့ကိုတိုးဝင်လာခဲ့တယ်။ မရဏတက်လာတာ မြင်တော့ ညောင်ပင်ကိုကာရံထားတဲ့ ပုဂ္ဂိုလ်တွေက မန္တာန်တစ်ပုဒ်ကို ညီညာစွာရွတ်ဖတ်ပါလေရော။

မန္တာန်ရဲ့အစွမ်းကြောင့်ရော၊ ရွတ်ဖတ်သူတွေရဲ့ သီလစွမ်းအားကြောင့်ရော ရှေ့ကိုလုံးဝတက်မရပဲ အနောက်ကိုလန်လန်ကျနေခဲ့တယ်။ မရဏကတော့ ခြေထောက်ကိုကျားကန်ပြီး ညောင်ပင်အောက်မှာ ဈာန်ဝင်စားနေတဲ့သူကို စူးရဲတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန် ကောင်းကင်ယံမှာ တိမ်ညိုတိမ်လိပ်တွေဖုံးအုပ်လာပြီး အလင်းရောင်ဆိုတာ လုံးဝပျောက်ကွယ်သွားခဲ့ တယ်။

ပတ်ဝန်းကျင်မှာလဲ တော်လဲသံတွေ၊ မိုးခြိမ်းသံတွေ ထွက်ပေါ်လာခဲ့သလို မရဏရဲ့ခန္ဓာကိုယ်ကနေလဲ အနက်ရောင်အခိုးငွေ့တွေ အလျံညီးညီး ထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် အပြာရောင်လျှပ်စီးတစ်ခုက မရဏရဲ့ ခန္ဓာကိုယ်ထဲစီးဝင်လာခဲ့သလို ကောင်းကင်ပေါ်မှာ ခါးထောက်ပြီးရပ်ကြည့်နေတဲ့ နတ်သားတစ်ပါးကို ညောင်ပင်ပရဝဏ်ထဲမှာ ရှိနေတဲ့သူတွေ မြင်တွေ့လိုက်ရတယ်။

တန်ခိုးစွမ်းအင်တွေပိုရသွားတဲ့ မရဏက ဘာကိုမှထီမထင်တဲ့ပုံနဲ့ ညောင်ပင်အောက်ကို ဝင်ချလာခဲ့တယ်။ အဲဒီအချိန် အဓိပတိပုဂ္ဂိုလ်တွေရဲ့ အစီအရင်တွေက မရဏကို လန်ကျအောင် မစွမ်းနိုင်ပဲ ရှေ့ကိုတိုးလို့မရအောင်သာ ထိန်းထား နိုင်ခဲ့တယ်။

“ ဒီပုံစံအတိုင်းဆို ရေရှည်ထိန်းထားဖို့ မလွယ်လောက်ဘူး၊ ဘယ်လိုလုပ်ကြမလဲ”

ဖန်ရည်စွန်းသင်္ကန်းဝတ်ထားပြီး ဆံပင်ဖားလျားချထားတဲ့ ဆံရှည်ကိုယ်တော်ရဲ့ စကားအဆုံးမှာ ညောင်ပင်ခြေရင်းမှာ ဈာန်ဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့ မျက်လုံးတွေ အသာယာပွင့်ထွက်လာခဲ့တယ်။

မရဏလဲ ရှိသမျှအစွမ်းတွေအားလုံးစုစည်းပြီး ရှေ့ကိုဆက်တိုးဖို့ကြိုးစားနေတဲ့အချိန် ပြိုးပြိုးပျက်ပျက်အလင်းရောင်တွေက အရပ်ရှစ်မျက်နှာကနေ ညောင်ပင်ခြေရင်းဆီကို စုပြုံရောက်ရှိခဲ့တယ်။

အမှောင်ထုကြီးစိုးနေတဲ့အချိန် ရုတ်တရက်ပေါ်လာတဲ့ ရောင်စဉ်တန်းတွေက ညောင်ပင်ခြေရင်းမှာစုသွားတဲ့အချိန် အလွန်ပြင်းထန်တဲ့လှိုင်းတစ်ခုထွက်ပေါ်လာပြီး မရဏရော သူ့တပည့်တွေပါ လွင့်ထွက်ကုန်တယ်။

ရုတ်တရက်‌ဖြစ်ပေါ်လာတဲ့အရာကြောင့် ကောင်းကင်ယံမှာရှိနေတဲ့ နတ်သားက သူ့ရဲ့မြင်းရထားကိုအပြင်းမောင်းနှင်ကာ စင်္ကြာဝဠာအပြင်ဘက်ကို ထွက်ပြေးသွားခဲ့တယ်။

အောင်မြတ်သာတို့လဲ မျက်စိကြိမ်းမတတ် လင်းလက်နေတဲ့ ရောင်စဉ်တန်းတွေက ဘာများလဲဆိုပြီးကြည့်လိုက်ရာ မြတ်ဗုဒ္ဓရဲ့ဆံတော်ရှစ်ဆူ ဖြစ်နေခဲ့တယ်။

ဆံတော်ရှစ်ဆူက ‌ရွှေညောင်ပင်အောက်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ဦးခေါင်းထက်မှာ စံပယ်ရင်း ရောင်စဉ်တန်းတွေကိုအဆက်မပြတ်ထုတ်လွှတ်နေခဲ့တယ်။

“ ဆံတော်ရှင်တွေ ကြွလာတာပဲ… ဖူးမျှော်ကြ ဖူးမျှော်ကြ” ဆိုတဲ့အသံနဲ့အတူ မဲမှောင်နေတဲ့ကောင်းကင်ယံမှာ အလင်းရောင်တွေ ထွက်ပေါ်လာပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ နတ်ဒေဝါတွေပေါ်ပေါက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ ‌ဆံတော်ရှင်ကို အကြိမ်ဘယ်လောက်မှန်းမသိအောင် ဦးချကန်တော့နေခဲ့မိတယ်။

“ လူလေး… အရာအားလုံး ပြီးဆုံးသွားပြီ ထပါတော့” ဆိုတဲ့အသံကြောင့် မော့ကြည့်လိုက်ရာ မဟာမြိုင်တောကြီးက ယခင်အတိုင်းသာယာလှပ နေတာကိုမြင်တွေ့လိုက်ရတယ်။

“ အရှင်ဘုရား… ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီး အရင်တိုင်းဖြစ်သွားတာလဲ”

“ ပရနိမ္မိတဝသဝတ္တီနတ်ပြည်ရဲ့အရှင်သခင် နတ်မင်းကြီးက သူ့ရဲ့လက်အောက်ငယ်သား မာန်နတ်ကြောင့် ဖြစ်ရတယ်ဆိုပြီး မျက်စိတစ်မှိတ် အတွင်းပြန်ပြုပြင်ပေးခဲ့တာ”

“ မာရ်နတ် ဟုတ်လား… ဒါကြောင့် ဆံတော်ရှင်တွေ ကြွရောက်လာတာလားဘုရား”

“ ဟုတ်တယ် လူလေး…”

“ မာရ်နတ်က ဘာကြောင့် ညောင်ပင်ကို ဖျက်စီးချင်နေတာလဲ၊ နောက်ပြီး ညောင်ပင်အောက်မှာရှိနေတဲ့သူကရော ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာသိချင်ပါတယ်ဘုရား”

“ လူလေး နားလည်အောင်ပြောရရင် တစ်နေ့ကျရင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ဓါတ်တော်မွေတော်တွေက ဒီညောင်ပင်ရင်းကိုကြွချီလာလိမ့်မယ်၊ ဓါတ်တော်မွေတော်တွေစုံတဲ့အခါ ဗုဒ္ဓဘုရားရှင်ကိုယ်ပွားအဖြစ်ပြောင်းသွားပြီး နောက်ဆုံးတရားကိုချီးမြှင့်လိမ့်မယ်၊ အဲဒီလိုချီးမြှင့်တဲ့အခါ မရေမတွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေသံသရာကနေ လွတ်မြောက်ကြမှာ၊ ဒါကို မလိုချင်တဲ့မာရ်နတ်က တပည့်မွေးပြီး ဖျက်စီးခိုင်းတာပဲ”

“ ဒါကြောင့် ရွှေညောင်ပင်ရှိတဲ့နေရာကို ဘယ်ပုဂ္ဂိုလ်ကိုမှမပေးသွားတာကိုး၊ ဒါနဲ့ ခုနက မိစ္ဆာကောင်ရော ဘယ်ရောက်သွားပြီလဲ”

“ သူလာရာလမ်းအတိုင်း ထွက်ပြေးသွားရောပေါ့…”

“ သူ့အစွမ်းတွေကိုရော မသိမ်းလိုက်ဘူးလား”

“ ဆိုင်ရာနတ်ဒေဝါတွေ သူ့အနောက်လိုက်သွားတာမို့ မကြာခင်ပညာစွမ်းတွေသိမ်းခံထိမှာပါ”

“ ဒီလူရဲ့စိတ်က တစ်ခုမရရင် နောက်တစ်ခုကို ဖျက်စီးလိမ့်မယ်ဘုရား၊ တပည့်တော်ကို ပြည်တော်ပြန်ဝင်ခွင့်ပြုပါ”

“ ကောင်းပြီ‌လူလေး… ပြည်ဝင်ဖို့ခွင့်ပြုပါတယ်”

အောင်မြတ်သာလဲ ဒီပ၊ သက်ခိုင်၊ တောက်ရတို့ကို နှုတ်ဆက်ပြီး ပြန်ထွက်ဖို့အလုပ်

“ လူလေး… ခဏနေဦး”

“ ဘာများမိန့်မလို့ပါလဲဘုရား”

“ လက်ဝါးဖြန့်လိုက်”

အောင်မြတ်သာလဲ ဆရာတော်စကားကြောင့် လက်နှစ်ဖက်ကိုဖြန့်လိုက်ရာ

“ ဖြောင်း”ဆိုတဲ့အသံနဲ့အတူ လက်ချင်းထပ်ကာ ရိုက်တာခံလိုက်ရတယ်။

“ အခုချိန်ကစပြီး မိစ္ဆာကောင်ကိုဆုံးမပြီးတဲ့ချိန်ထိ လူလေးကို အာဏာကုန်လွှဲအပ်လိုက်ပြီမို့ စိတ်ရှိတိုင်းဆောင်ရွက်ပါ”

“ ဝမ်းသာလိုက်တာဘုရား… တပည့်တော် မိစ္ဆာကောင်ကိုနှိမ်နင်းပါ့မယ်လို့ ကတိပေးပါတယ်”

“ သာဓု သာဓု သာဓု”

ဆရာတော်က သာဓုခေါ်ပြီး ရွှေညောင်ပင်ရှိတဲ့ဘက်ကိုထွက်သွားခဲ့သလို ဒီပ၊ သက်ခိုင်နဲ့ တောက်ရတို့ကတော့ အောင်မြတ်သာကို လက်ပြနှုတ်ဆက်ကာ ကျန်ရစ်ခဲ့ပါတော့တယ်။

+++++++

“ ဝေါင်း… ဝေါင်း…”

ရုတ်တရက်ကြားလိုက်ရတဲ့ ကြားဟိန်းသံကြောင့် မောင်ကောင်းတို့ လန့်နိုးလာခဲ့တယ်။

“ ဒီနားမှာ ကျားမှမရှိတာ … ဘယ်လိုကြောင့် ကျားဟိန်းသံကြားနေရတာလဲ”

မောင်စမက တအံ့တဩပြောလိုက်ရင်း ဇရပ်အပြင်ဘက်ကိုကြည့်လိုက်ရာ ကိုးတောင်ကျားနှစ်ကောင်ရဲ့အပေါ်မှာ မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။

“ မင်းညီနောင်ပါလား.. ငါတို့လဲမပင့်ဖိတ်ထားပဲ ဘယ်လိုရောက်လာတာလဲ”

“ စမ… သူတို့မျက်နှာက ခက်ထန်နေတယ်နော်၊ ကောင်းသောလာခြင်းမဟုတ်ဘူးထင်တယ်”

မြဒင်စကားမဆုံးခင်မှာပဲ ကျားနှစ်ကောင်က ဇရပ်ပေါ်ခုန်တက်ပြီး ကိုက်ဖို့ကြိုးစားပါလေရော။

“ ဟိတ်… ရောက်ရာအရပ်မှာ ကျောက်ရုပ်လိုငြိမ်စမ်း”

မောင်စမက လက်ညိုးထိုးပြီးအမိန့်ပေးလိုက်ရာ ကျားနှစ်ကောင်က ခုန်အုပ်နေတဲ့ပုံစံအတိုင်း ငြိမ်သွားခဲ့တယ်။ အဲဒီအချိန် အရှိန်ပြင်းပြင်းနဲ့ ဝင်လာတဲ့ စက်တစ်ခုက မောင်စမရင်ညွန့်တည့်တည့်ကို ဖောက်ဝင်သွားခဲ့တယ်။

“ အဟွတ် အဟွတ်”

ပါးစပ်ကနေ ပွက်ခနဲ ပွက်ခနဲ အန်ကျလာတဲ့ သွေးတွေကို လက်နဲ့သုတ်ရင်း

“ ဘာစက်မို့လို့ ကိုယ်လုံအင်းကိုတောင် ဖောက်သွား… တာ… လဲ” လို့ပြောရင်း ဗိုင်းခနဲ လဲကျသွားခဲ့တယ်။

“ ဆရာ.. ဆရာ..”

“ စမ… သတိထားဦး”

“ မြဒင်… ငါ ငါမရတော့ဘူး… ဒါပေမယ့် ဘယ်သူမို့လို့ ဒီလောက်စွမ်းနေလဲဆိုတာတော့ ကြည့်ချင်သေးတယ်”လို့ပြောပြီး ဇက်လည်ကျသွားခဲ့တယ်။

မြဒင်က စမကိုပွေ့ဖက်ပြီး အော်ဟစ်လိုက်တဲ့အချိန် ဇရပ်ပေါ်ကို လူတစ်ယောက်တက်လာတာ

မြင်လိုက်ရတယ်။

“ မင်းတို့က ငါ့သားသမီးအတော်များများကို ပညာပေးခဲ့တာဆို…”

“ ခင်ဗျား ဘယ်သူလဲ”

“ နေပါဦး.. မင်းက နတ်မျက်စိအစွမ်းရထားတဲ့ သူမဟုတ်လား၊ ဟိုချာတိတ်လေးနှစ်ကောင်ကရော ဘာအစွမ်းတွေရထားလဲ”

“ ဟေ့လူ… ခင်ဗျား လေကြောရှည်မနေနဲ့”

မောင်ကောင်းက စိတ်မြန်လက်မြန်နဲ့ထရပ်လိုက်တော့ ခွန်းလှပါ အနောက်ကပါလာခဲ့တယ်။

“ မင်းတို့နှစ်ယောက် နောက်ဆုတ်စမ်း…”

မြဒင်ရဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ဘေးဖယ်လိုက်ကြတယ်။

“ မင်းလိုကောင်က ငါနဲ့ယှဉ်ချင်သေးတယ်လား”

“ စကားမများနဲ့ မင်းငါ့ကိုတိုက်စမ်း”

မြဒင်က စိန်ခေါ်ပြီး ရှေ့မှာစည်းသုံးတန်တားကာ တင်ပလ္လင်ခွေထိုင်ချလိုက်တော့ ရပ်နေတဲ့လူက

“ ကျွတ် ကျွတ် ကျွတ်… သနားစရာကောင်းလိုက်တဲ့ ကောင်တွေပါလား” လို့ရေရွတ်ပြီး ကြမ်းကိုဖနောင့်နဲ့ ပေါက်လိုက်ရာ စက်ကြိုးတစ်ချောင်းက ပထမစည်းနဲ့ ဒုတိယစည်းကိုဖောက်ထွက်သွားခဲ့တယ်။

မြဒင်ရော မောင်ကောင်းတို့ပါ မျက်လုံးပြူးသွားပြီး အံ့ဩနေတဲ့အချိန် လေးဘက်လေးတန်ကနေ ပြင်းထန်တဲ့အောက်လမ်းစက်တွေ တရစပ်ဝင်လာခဲ့တယ်။

နာကျင်စွာညဉ်းညူသံ၊ တောက်ခတ်ကြိမ်းဝါးသံတွေနဲ့အတူ ဝမ်းခေါင်းသံနဲ့ရယ်မောသံတစ်ချက် ထွက်ပေါ်လာပြီး

“ မင်းတို့အသက်ငင်နေတာကိုကြည့်ရတာ သိပ်အရသာရှိတာပဲ၊ မင်းတို့နောက်ဘဝထိမှတ်သွား ငါ့နာမည် မရဏလို့ခေါ်တယ်..” လို့ပြောကာ ဇရပ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။

မရဏဆင်းသွားတော့ဇရပ်ပေါ်မှာပြန့်ကျဲနေတဲ့ အင်းစမအချို့အပြင် အသက်မဲ့နေတဲ့ ခန္ဓာကိုယ်လေးခုသာကျန်ရစ်ပါတော့တယ်။

++++++

ပြည်တော်ပြန်ဝင်လာတဲ့အောင်မြတ်သာအနေနဲ့ ဒီအဖြစ်တွေကို သိရတဲ့အခါ ဘယ်လိုဖြေသိမ့်မလဲ၊ မရဏဆိုတဲ့သူကိုရော ဘယ်လိုရှင်ဆိုင်မလဲဆိုတာ ကိုတော့ အောင်မြတ်သာနှင့်၀သုန္ဓရေသစ္စာဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)