။
” ဟဲ့ ကြားကြလားလို့ ”
မေးသံတိုးတိုး ငိုသံပါလာပြီ။
” ဟဲ့ ကြား ကြားကြလားဆို ”
မဖြစ်ချေဘူး ပြန်ဖြေမှပဲ ဆိုကာ
” ဟုတ် ကြားတယ်ဗျ ”
ဒီလိုနဲ့ မေးလိုက် ဖြေလိုက် မေးလိုက်ဖြေလိုက်နဲ့ ဆယ်တစ်နာရီကျော်ရောက်လာတယ်။ခရီးကကြမ်းပင်ပန်းကြသမို့ အိပ်မယ်ပြင်တုန်း တံခါးခေါက်သံနဲ့အတူ ဆရာမတို့သုံးယောက်ရဲ့
အသံကြားရတယ်။
” ဟဲ့ ဟဲ့ တံခါးဖွင့်ကြအုံး မြန်မြန်ဖွင့် မြန်နိုင်သလောက်မြန် ဖွင့် မြန်တံခါးဖွင့် ဖွင့်အမြန်…”
ဆိုသလို စကားတွေလည်း အမြီးအမောက်မတည့်ကြတော့ဘူး။ သူတို့ ဘယ်လောက်ကြောက်နေကြသလဲဆိုတာ တွေးသာကြည့်ပေတော့။ တံခါးလည်းဖွင့်လိုက်ရော အညာအလှူထမင်းရုံလူတိုးသလို ဝင်တိုးကြတာ။
အခန်းထဲလည်းရောက်ရော
” ပိတ် မြန်မြန်ပိတ် တံခါးမြန်ပိတ် မြန်တံတားပိတ်” တွေ ဆိုသလို တံခါး တွေရော၊တံတားတွေပါ အော်ကြပြန်ရော။
” ပိတ်ပါဆို ကဲ ”
ဆို အရပ်ပုတဲ့ဆရာမဒေါ်ကြည်က တံခါးနှစ်ချပ်ကိုအမြန်ပိတ် အပေါ်ချက်ကို ခုန်တဲ့ပြီး ထိုးလိုက်တာများ တစ်ချက်တည်း တစ်ခါတည်းပါပဲဆို။
” ရေဆာတယ် ရေ ရေ ”
ဆိုကာ ဆရာမဒေါ်ကြည်က တွေ့တဲ့ခွက်ကိုယူပြီးမော့တာများ တားချိန်မရဘူး။
” ဝူး ဖလူး အား အမယ်လေး ပူပူ ခါး ခါး ”
အလန့်တကြား ထအော်လို့ ကျန်တဲ့သူတွေပါ လန့်ကြရပြန်တယ်။ လက်နှိပ်စက်ဆရာရဲ့ အရက်ခွက်ကို မမေးမမြန်း ယူသောက်တာကို။ ရယ်လည်းရယ်ရ ကြောက်လည်းကြောက်ရပေါ့။
အရက်နည်းနည်းဝင်သွားတယ်ထင်မိပါရဲ့ ။ဆရာမဒေါ်ကြည်အသံက ရဲတင်းလာသလိုပဲ။ အံမယ် တည်တည်ငြိမ်ငြိမ်ဖြစ်လာသဗျ။ ဟိုဘက်အခန်းက တစ္ဆေခြောက်ပုံကို
အခုလို ပြောပြသဗျို့။
…………………………………………………..
စားပွဲပေါ် တင်ထားတဲ့ ပစ္စည်းမှန်သမျှ
အကုန်ပြုတ်ကျတယ်။ အစက မတော်တဆပြုတ်ကျတယ်ထင်တာ။ ပြန်တင်ကြတာပေါ့။ ခဏနေတော့ ဖုတ်ခနဲ ဖျတ်ခနဲ ပြုတ်ကျပြန်ရော။ လက်နဲ့ ဖယ်ထုတ်လိုက်သလိုမျိုးတဲ့။
ဒါ သွေးရိုးသားရိုး မဟုတ်တော့ဘူး ဆိုတာလည်းသိရော ကြောက်ကြတာပေါ့။
တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး
ဘက်ထရီမီးရောင်အားကိုးနဲ့
စားပွဲကြီး ဝိုင်းကြည့်နေကြရတာ။ သတိလည်းပေးရသေးတာ ထွက်ပြေးအတူတူနော် လို့ ။ ခဏနေတော့ ငြိမ်သွားတယ်။
အဲ့ဒီမှာ ဆရာမကြီးက ပရိတ်ရွတ်တယ်။
ပရိတ်လည်းရွတ်ရော စားပွဲကြီးက လေပေါ်ကြွတက်လာလိုက် ပြန်ကျလိုက် နဲ့
တစ္ဆေက ပညာပြပါလေးရော။ နောက်ဆုံး ဘယ်သူကစပြေးလို့ ဘယ်သူကတိုင်ပင်ခေါ်သလဲတောင်မသိရပါဘူး သုံးယောက်စလုံး
အခန်းအပြင်ဘက် ရောက်လာကြတာပါပဲ။
…………………………………………………….
စားပွဲပြန်ပို့ရေး လုပ်ငန်းစပြီ။
ကျွန်တော်နဲ့ လက်နှိပ်စက်ဆရာ ဦးမြင့်က စားပွဲခုံမရတယ်။ ဆရာဦးထွန်းနိုင်က ဖယောင်းတိုင်မီးနဲ့ လမ်းပြတယ် ဆရာမကြီးတို့က မနေရဲလို့ဆိုကာ ဖယောင်းတိုင်ကိုယ်စီကိုင်ပြီ ကျွန်တော်တို့နောက် တသီတတန်းကြီးလိုက်လာတယ်။ မသိရင် ညကြီးမင်းကြီး အသုဘပို့နေကြသလိုပဲ။ စားပွဲရွေ့ရင်း စားပွဲပေါ်ကနေ ငုတ်တုတ်ကြီး ဘွားခနဲ ပေါ်လာလေမလား၊ စားပွဲအောက်ကနေ ခြေထောက်ကို လှမ်းဆွဲလေမလားဆိုပြီး တွေးကြောက်ခဲ့တာ။ ဆရာမတွေဘက်လည့်ကြည့်တော့ ဖယောင်းမီးရောင် မှိန်မှိန်အောက်က သနပ်ခါးဘဲကျားလိမ်းထားတဲ့သူတို့မျက်နှာတွေက ကြောက်စရာကြီးတွေလို့ ထင်မိပြန်ရော။ ဖယောင်းတိုင်လေးတွေလက်နဲ့ကာပြီး မျက်ကြောင်ကြီးတွေနဲ့ ဘာလဲလို့ ပြိုင်တူမေးငေါ့ပြကြတာကိုဗျ။ စကားလည်းမပြောကြဘူး။ တိတ်ဆိတ်နေတော့ ပို ချောက်ချားတာပ။
“လေးယောက် ”
“သုံးယောက်”
ဆရာမက သုံးယောက်ပဲရှိတာလေ။
လှည့်ကြည့်တုန်းက လေးယောက် ဖြစ်နေသလား ။ ပြန်လှည့်အကြည့်
ဘာလဲ ဆိုတဲ့အမေးနဲ့ မျက်ကြောင်၊သနပ်ခါးဘဲကျားရုပ်ကြီးတွေက မေးဆတ်ကြပြန်လေရဲ့။
ဘာမှဟုတ်ဘူး လို့ ပြန်ဖြေရင်း ရေတွက်ကြည့်ရတာ အမော။ တော်ပါသေးရဲ့ သုံးယောက် ထက်မပိုပေလို့သာ။ မသေချာလို့ နောက်လှည့်ကြည့်လိုက် မျက်ကြောင်ကြီးတွေနဲ့ မေးငေါ့ပြလိုက်၊ လှည့်ကြည့်လိုက် မေးဆတ်ပြလိုက်နဲ့ ကိုယ့်ဆရာမတွေရုပ်ကြီးတွေက ကြာလေကြောက်စရာကောင်းလေလေလို့ ထင်မိလာတယ်။
ရုတ်တရက်စားပွဲကလေးလာတယ်။
ဆရာဦးမြင့်က
“လေးသဟ နားကြအုံးစို့ ” ဆိုလို့ ခဏနားကြတယ်။ပြီးတော့ စားပွဲပြန်အမ ကြွမလာဘူး။ လေးလိုက်တာဗျာ။ တစ်ခုခုမှားပြန်ပြီထင်တယ်ဆိုကာ အဖြေရှာတော့မှ စားပွဲကိုယူခဲ့တဲ့အခန်းကျော်လာတာ သတိထားမိတယ်။ ပြန်သယ်ရပြန်ရော။
ဒီလိုနဲ့ စားပွဲလည်းသူ့နေရာသူပြန်ရောက်၊ ကျွန်တော်တို့လည်း ကိုယ့်အခန်းပြန်ရောက်နဲ့ အေးအေးဆေးဆေး အိပ်ကြရတယ်။
နောက်ရက်ရောက်မှ စားပွဲအကြောင်းကို
ရွာခံဆရာကြီးက အခုလိုပြောပြပါလေတယ်။
…………………………………………………..
စားပွဲက ဆယ်တန်း(က) အခန်းကဖြစ်ပြီး
အတန်းပိုင်ဆရာမအမည်က ဒေါ်သီတာနိုင်
တဲ့။ ဆရာမက စည်းကမ်းကြီးတယ်။သူ့အခန်းက ပစ္စည်းဆို ဘာယူယူ မကြိုက်ဘူး။ သူများအခန်းကဟာလည်း ဘာမှမယူတတ်ဘူးတဲ့။ လွန်ခဲ့ ခြောက်လလောက်က
စာသင်ခန်းထဲ စာသင်ရင်း ရုတ်တရက်ဆုံးသွားတယ်။ စာရှင်းရင်း ရှင်းရင်းနဲ့ အမောဆို့ သွားတာထင်ပါရဲ့ တဲ့။ သူ့အခန်းကို စွဲနေတာတဲ့။
ဒါကြောင့်သူ့အခန်းက ပစ္စည်းဆို ဘယ်ဟာမှ အပြင်မယူမိဖို့ သတိထားရတယ် ဆိုပဲ။
အစွဲပေါ့ဗျာ။
အဲ့ဒါကရှင်းပါတယ်။ မရှင်းတာက
ဆရာမက ပရိတ်သံ၊တရားသံကြားရင်ဘာလို့ပိုပြီး ခြောက်တာလဲ မေးတော့
” ဆရာမ မသေခင်က ဓမ္မစကြာ ရွတ်ပြိုင်ပွဲမှာ နှစ်တိုင်းပထမပဲရခဲ့လေတော့ ပရိတ်တို့၊တရားသံတို့ရွတ်သူကို သူ့ပြိုင်ဘက်လို့ သဘောထားပြီ စိန်ခေါ်တာ “တဲ့…။အဲ့ဒီလို ကျောင်းတစ္ဆေမျိုးနဲ့ တွေ့ခဲ့ရတာပါဗျာ။အဲ့ဒီနောက် ညရောက်ပြီဆို
ဆရာမဒေါ်ကြည်ရဲ့ တရားသံအစား ပတ်ကြမ်းတိုက်သံ ကိုပဲကြားရတော့တာများစာမေးပွဲပြီးတဲ့အထိပါပဲ။
ဟုတ်တော့ဟုတ်သားဗျ ဘာတစ္တေမှ မခြောက်တော့ဘူးရယ်။
အံမယ် စာမေးပွဲပြီးလို့ ပြန်မယ်အလုပ်
ဒေါ်သီတာနိုင်က ဆရာမဒေါ်ကြည်ကို ဝင်ပူးပြီးပြောသေးတာ
” ညည်း အတော်အာကြမ်းတဲ့ ကောင်မ ”
တဲ့…။
မောင်သုခင်(တမာမြေ)
Leave a Reply