မခင်ဆုန်၏ကံကြမ္မာ

တရာ့ရှစ်ဆယ်ဆိုတာ ဘယ်မှာရနိုင်ပါ့မလဲ၊ ဆရာ့ကျေးဇူးကြောင့်ရတာပေါ့၊ အဲဒီတော့ ဆရာ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး ဆရာရယ်”လို့ အစချီလိုက်တယ်။

အဲဒီအခါ ကိုသိန်းကလဲ ဒီအကောင် ထူးထူးဆန်းဆန်းတွေတော့ ပြောတော့မှာပဲဆိုတာ သူ့စိတ်ထဲမှာ ရိပ်ခနဲ တွေးမိလိုက်တယ်။ ဒါ့ကြောင့် ဒီကောင်ပြောပေစေ ဆိုတဲ့သဘောနဲ့ ဘာမှ မပြောဘဲ အသာနားထောင် နေတယ်။ “ဆရာရယ် ဆရာလုပ်ပေးလို့ သူဌေးဦးထွန်းဟာ ဒီလောက် ချမ်းသာလာတာပဲ၊ ဒီသူဌေးဦးထွန်းဟာ ဘာနားလည်လို့လဲ၊ တနေ့လုံး အရက်သောက်၊ ဖဲချ၊ မိန်းမလိုက်နေတာပဲ”လို့ ဆက်ပြောတယ်။ ကိုသိန်းလဲ ဘာမှ မပြောဘူး။ နားထောင်နေတယ်။ “ဆရာရယ်၊ ဘာမှမလုပ်ဘဲ အလေလိုက်နေတဲ့ ဦးထွန်းတို့မှာတော့ စိန်တွဲလဲ၊ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ တိုက်ကြီးတွေနဲ့ စက်ရုံကြီးတွေနဲ့ မိန်းမတွေ တရုန်းရုန်း၊ ဆရာ့မှာတော့ တလကို လခကလေး လေးရာနဲ့ပဲ ပြီးနေရတာပဲ၊ အဲဒါ ကျွန်တော် စိတ်မကောင်းဘူးဆရာရယ်”လို့ ဆက်ပြောတယ်။ ကိုသိန်းလဲ ဘာမှမပြောဘူး၊ နားသာထောင်နေတယ်။

တအောင့်လောက်ရပ်နေပြီးတော့ ဖိုးရွှေက “ဆရာလဲ သူဌေးဖြစ်အောင် ကျွန်တော် လုပ်ပေးပါရစေဆရာရယ်”လို့ ဆက်ပြောတယ်။ ကိုသိန်းက “မင်းရဲ့ သူဌေးဖြစ်နည်းကို ပြောပြစမ်းပါဦးလို့ ဆိုတယ်။

ဖိုးရွှေကလဲ ကိုသိန်းဟာ သူပြောတာကို သဘောကျနေပြီလို့ ထင်တယ်။ အဲဒီတော့ ဝမ်းသာအားရနဲ့ ဆရာ့အတွက် တလကို တထောင့်ငါးရာက သုံးထောင်လောက်အထိ စီနိုင်တယ်၊ ဆရာသဘောတူရင် ဆရာက ဘာမှ မလုပ်ရပါဘူး၊ ရုံးခန်းထဲမှာနေပြီး လက်မှတ်ထိုးရုံပဲ၊ ကျွန်တော် အကုန်လျှောက်လုပ်ပေးပါ့မယ်”လို့ ဖိုးရွှေက ဆက်ပြီးပြောတယ်။ အဲဒီအခါ ကိုသိန်းက “မင်းအကြံက ဘာအကြံဆိုတာမှ မသိရသေးဘဲ ငါဘယ့်နှယ် လုပ်ပြီး သဘောတူရမလဲ ဖိုးရွှေ”လို့ စကားချူလိုက်ပါတယ်။ ဖိုးရွှေလဲ ဟုတ်လှပြီထင်ပြီး “ကျွန်တော် ဘာဘူဘီကျားဒတ်စ်နဲ့ တရုတ်အငံကို ပြောပြီးပြီ၊ သူတို့ဆန်နဲ့ သစ်လာဝယ်ရင် ဆန်အိတ်တချို့ကို ဆန်ကွဲဆိုပြီး ထည့်ပေးရမယ်၊ သစ်အကောင်း တချို့ကို တောသစ်တွေဆိုပြီး ထည့်ပေး ရမယ်၊ ဆရာ ဘာမှ လုပ်ဖို့မလိုဘူး၊ မသိချင်ယောင်ဆောင်နေပါ။ ကျွန်တော် အားလုံးလုပ်ပေးပါ့မယ်”လို့ ဖိုးရွှေက ပြောတယ်။

ဖိုးရွှေကို မှတ်လောက်သားလောက်အောင် ဘယ်လိုလုပ်ပြီး ဆုံးမ ရပါ့မလဲလို့ ကိုသိန်း ခဏကလေးစဉ်းစားပြီး ဖိုးရွှေရဲ့ ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်တယ်။ အဲဒီလို ရိုက်ပြီးတော့မှ “ဖိုးရွှေ မင်းရဲ့ အကျင့်ဆိုးကို ငါပါးရိုက်ပြီး ဆုံးမတယ်ဆိုတာ မင်းတသက်လုံး မှတ်ထားပေတော့၊ ဒီအပြစ်နဲ့ပဲ မင်းကို ငါဖြုတ်ပစ်ဖို့ကောင်းနေပြီ၊ ဒါပေမယ့် မင်းရဲ့ မယားနဲ့ ကလေးတွေ ထမင်းအိုးကွဲမှာကို ငါမလုပ်ချင်ပါဘူး။ အဲဒီတော့ သွား နောက်ဖေးမှာ ရေတခွက်သွားခပ်ချေ”လို့ ခိုင်းလိုက်တယ်။ ဖိုးရွှေဟာ ရေခပ်ပြီး ပြန်လာတဲ့အခါ “ငါဆိုတာ လိုက်ဆို”လို့ ပြောပြီး ဒီလို လျှောက်ဆိုပါတယ်။“ကျွန်တော်ဟာ သူတဖက်သားပစ္စည်းကို ဘယ်တော့ မှ မတရားမလုပ်ပါ၊ လုပ်လျှင် ထင်ထင်ရှားရှား ဘေးသင့်ပါ စေသား”လို့ ကိုသိန်းက တိုင်ပေးတယ်။ ဖိုးရွှေက လိုက်ဆိုပြီး သစ္စာရေ သောက်ရတယ်။

သစ္စာရေသောက်ပြီးတော့မှ ကိုသိန်းက “မင်းတို့ကောင်တွေဟာ ဘာပဲလုပ်လုပ် နောင်တမလွန်ဘဝကို ဘယ်တော့မှ ထည့်မတွက်ကြဘူး။ ဒီဘဝမှာ မြက်မြက်စားဖို့လောက်ကလေးကိုပဲ ကြည့်လေ့ရှိတယ်၊ မင်းသူတပါးပစ္စည်းကို ဒီလို မတရားလုပ်ပြီး စားရလှ အနှစ်ခြောက်ဆယ် ပေါ့၊ နောင်ဘဝကျရင် ငရဲမှာ မချိမဆန့်ခံရမှာက အနှစ်ခြောက်သန်း မကဘူး၊ ကိုယ်ကျိုးကို သေသေချာချာကြည့်တတ်တဲ့လူဆိုရင် ဒီဘဝမှာ အနှစ်ခြောက်ဆယ် မြက်မြက်စားရမှာနဲ့ ငရဲမှာ အနှစ်ခြောက်သန်း မပြောနဲ့ ခြောက်ရက်ထဲခံရမှာကို မလဲဘူး၊ မင်းတို့ လူမိုက်တွေဟာ ဒီအချက်ကို ဘယ်တော့မှ ထည့်မတွက်ဘူး၊ ဒါတွေတင် မကသေးဘူး၊ ဒီဘဝမှာလဲ ဒီလို လုပ်တဲ့လူဟာ လူကောင်းဘဝက ချက်ချင်း သူခိုးဖြစ်သွားပြီ၊ ဒီလိုဟာမျိုး ဆိုတာလဲ သတင်းဟာချက်ချင်းပြန့်တာပဲ၊ ဒီသတင်းကို သိတဲ့ လူတိုင်းက ကိုယ့်ကွယ်ရာမှာ ဒီကောင်ဟာ သူခိုးလို့ပြောတာခံရပြီ၊ ကိုယ့်မယားလဲ သူခိုးမယားလို့ ပြောတာခံရပြီ၊ ကလေးတွေကိုလဲ သူခိုးသား သူခိုးသမီး တွေလို့ ခေါ်တာခံရပြီး ဒီဘဝမျိုးရောက်လာရင် ကောင်းသေးသလား။

“ငါဒီမှာလုပ်လာတာ အနှစ်နှစ်ဆယ်ကျော်ပြီ၊ ရုံးက အပ်တချောင်း အိမ်ကို ယူမသွားဖူးဘူး၊ ရုံးက စာရွက်တရွက်ကို ကိုယ့်ကိစ္စအတွက် တခါမှ အသုံးမပြုဖူးဘူး၊ သူဌေးမော်တော်ကို ရုံးကိစ္စအတွက်ပဲ စီးတယ်၊ ကိုယ့်ကိစ္စဆိုရင် သမ္ဗန်ငှားစီးတယ်၊ ငရဲကို တွေးတွေးပြီး ကြောက်လွန်းလို့၊ ဒီဘဝမှာ ငါကိုယ်တိုင်လဲ သူခိုးဖြစ်ရမှာကို ကြောက်လွန်းလို့၊ ငါ့မယား ငါ့သားတွေလဲ သူခိုးမယား၊ သူခိုးသားတွေ ဖြစ်သွားမှာကြောက်လွန်းလို့ ငါ ဒီလောက်ဆင်ခြင်တယ်၊ မင်းတို့လဲ ဆင်ခြင်ဖို့ကောင်းတယ်၊ ငါ့နေရာက ထောင်နဲ့ သောင်းနဲ့ချီပြီး ခိုးနိုင်တဲ့နေရာ၊ ငါ့နေရာမှာ ငါဟာ ဒီလောက် ဆင်ခြင်နိုင်ရင် မင်းတို့နေရာမှာ မင်းတို့က ပိုပြီးဆင်ခြင်နိုင်ရမယ်၊ မင်း ဘန်ကောက်လုံချည် ငါ့ဆီယူလာကတည်းက မင်းကို ငါနည်းနည်းမသင်္ကာဘူး။ ဒါကြောင့် မင်းစိတ်ကို နိုင်အောင်ထိန်း၊ မထိန်းရင် ဒီစိတ်ဟာ မင်းကို ငါ သတိတခါပေးပြီးပြီ၊ အခု ဒုတိယအကြိမ် သတိပေးတယ်၊ နောက်တကြိမ်ဆိုရင်တော့ မင်းကို ငါ မတတ်နိုင်တော့ဘူး၊ မင်းထိုက်နဲ့ မင်းကံပဲ”လို့ ဖိုးရွှေကို ပြောဆိုကြိမ်းမောင်းပြီး လွှတ်လိုက်တယ်။

နောက်တနေ့ ရုံးရောက်တဲ့အခါ ငွေကိုင်စာရေးနေရာကို ဘခိုင် ပို့လိုက်တယ်။ ဘခိုင်နေရာကို ထွန်းဝပို့လိုက်တယ်။ ထွန်းဝနေရာက ငွေရေးကြေးရေး မကိုင်ရတဲ့အတွက် ဖိုးရွှေ ပို့လိုက်တယ်။ နောက်ရောက် လာတဲ့ ဘခိုင်ဟာ ဖိုးရွှေဆီက အလုပ်လက်မခံခင် ဖိုးရွှေနဲ့ စာရင်းအကုန် ရှင်းရတယ်။ အဲဒီလို ရှင်းတဲ့အခါ ငွေသုံးထောင့်ခုနစ်ရာ စာရင်းပျောက် နေတာကို တွေ့ရတယ်။ ဘခိုင်လဲ ဒီအကြောင်း မန်နေဂျာကိုသိန်းကို ချက်ချင်း တိုင်ပါတယ်။ ကိုသိန်းကိုယ်တိုင် ဖိုးရွှေကို ခေါ်စစ်တဲ့အခါ ဖိုးရွှေလဲ ဒီငွေသုံးထောင့်ခုနစ်ရာကို စာရင်းမရှင်းနိုင်ဘူး။ အဲဒါနဲ့ ကိုသိန်း ကိုယ်တိုင် သူဌေးဦးထွန်းနဲ့တွေ့ပြီး ဒီကိစ္စကို အစီရင်ခံတယ်။ အဲ့ဒီလို အစီရင်ခံပြီးတော့ ဖိုးရွှေကို ဂါတ်တိုင်ပြီး ထောင်ချပစ်ဖို့ကတလမ်း အလုပ်ဖြုတ်ပစ်ဖို့ကတလမ်း လမ်းနှစ်လမ်းရှိတဲ့အနက် အလုပ်ဖြုတ်ပစ်တဲ့ လမ်းကို သူ့အနေနဲ့ ပိုကြိုက်တယ်။ မန်နေဂျာအနေနဲ့ တာဝန်ရှိတဲ့အတွက် ဖိုးရွှေ အလွဲသုံးစားလုပ်ထားတဲ့ ငွေသုံးထောင့်ခုနစ်ရာကို သူပဲ စိုက်လျော် ဆိုရင် လျော်မယ်လို့ သူဌေးကို အစီရင်ခံတယ်။ သူဌေးကလဲ ကိုသိန်းက ငွေစိုက်လျော်ဖို့ မလိုဘူး၊ ဖိုးရွှေကို အလုပ်ထုတ်ချင်တယ်၊ ဂါတ်တိုင်ချင်တိုင်၊ ကိုသိန်း သဘောပဲ”လို့ ပြောပြီး ဖဲဝိုင်းကို ပြန်ဝင်သွားတယ်။ ကိုသိန်းလဲ ဖိုးရွှေကို သူ့ ရုံးခန်းထဲခေါ်ပြီး နာရီဝက်လောက် ဆုံးမတယ်။ ပြီးတော့မှ အလုပ်က ထုတ်ပစ်လိုက်တယ်။

ဖိုးရွှေအလုပ်က အထုတ်ခံရပြီးတဲ့နောက် သုံးလလောက်ကြာတဲ့ အခါ ဝါးခယ်မတမြို့လုံး အုန်းအုန်းကျွက်ကျွက်ဖြစ်တဲ့ သတင်းထူးတရပ် ပေါ်လာတယ်။ ဒီသတင်းကတော့ တခြားမဟုတ်ပါဘူး။ ကိုသိန်းရဲ့ရုံးမှာ အလုပ်လုပ်နေတဲ့ စာရေးမကလေး မခင်ဆုံဟာ ရေထဲခုန်ချပြီး သေတယ် ဆိုတဲ့သတင်းပဲ ဖြစ်တယ်။ သူ့အလောင်းကို ဆရာဝန်က စစ်ဆေးတဲ့အခါ ခုနစ်လလောက်ရှိတဲ့ ကိုယ်ဝန်ကိုလဲ တွေ့ရတယ်။ သူဌေးဦးထွန်းဟာ ဒီဘက်က နာမည်ပျက်နေတော့ သူနဲ့ရတဲ့ကိုယ်ဝန်လို့ပဲ မြို့သူမြို့သား ခပ်များများက ယူဆတယ်။ အမှန်တော့ သူနဲ့ရတဲ့ကိုယ်ဝန် မဟုတ်ပါး ငွေကိုင်စာရေးသစ် ဘခိုင်ဟာ ဒီအကြောင်း ကောင်းကောင်းသိတယ် ဆိုတာနဲ့ ကိုသိန်းဟာ ဘခိုင်ကို သူ့ရုံးခန်းထဲခေါ်ပြီး မေးတဲ့အခါ ကိုယ်ဝန်ရဲ့ သမိုင်းဟာ အခုလိုပေါ်လာတယ်။

ဖိုးရွှေဟာ ရုံးကငွေတွေကို အလွဲသုံးစားလုပ်နေတာကြာပြီ။ အဲဒီ့တွေနဲ့ ဖဲလဲရိုက်တယ်၊ ရန်ကုန်ကို အပတ်စဉ်သွားပြီး မြင်းလောင်းတဲ့ လူတွေကိုလဲ သူကြိုက်တဲ့မြင်းကို လောင်းဖို့ ငွေပေးတယ်။ မိန်းကလေး တွေကိုလဲ ဖျက်ဆီးတယ်။ သူဖျက်ဆီးတဲ့ မိန်းကလေးတွေထဲမှာ မယ်ဆုံ ဟာ တယောက်အပါအဝင်ဖြစ်တယ်။ ဒီ မခင်ဆုံကလေးကို ဘိုးရွှေဟာ အစကတော့ ကြံလို့မရဘူး။ တနေ့ သူ့ရုံးခန်းထဲ ကိစ္စတခုနဲ့ သွားတုန်း သူအတင်းဆွဲတယ်၊ ကောင်မလေးက ရုန်းလိုက်တာ အပေါ်အင်္ကျီ ပခုံးမှာတောင် စုတ်သွားတယ်။ မခင်ဆုံဟာ မန်နေဂျာကိုသိန်းကို တိုင်မလို့ပဲ၊ စာရေးတွေက ဝိုင်းပြီး တောင်းပန်ထားရတယ်။ ဒါပေမယ့် မိန်းကလေး ဆိုတော့ လက်ဝတ်လက်စား၊ အဝတ်အစားကို မက်တယ်မဟုတ်လား။ ဖိုးရွှေက အလွဲသုံးစားလုပ်လို့ရတဲ့ငွေတွေနဲ့ ကောင်မကလေးကိုလက်ကောက် တွေလုပ်ပေးတယ်။ ဆွဲကြိုးတွေလုပ်ပေးတယ်။ အဝတ်အစားတွေ ဝယ် ပေးတယ်။ ငွေတွေပေးတယ်။ အဲဒီမှာ ကောင်မကလေးလဲ ဖိုးရွှေနောက်ကို ပါသွားတာပဲ။ မရိုသေ့စကား ပြောပါရစေတော့။ ဖိုးရွှေနဲ့ မခင်ဆုံဟာ နှစ်ရက်တခါ သုံးရက်တခါ နောက်ချန်နေပြီးတော့ ဖိုးရွှေရုံးခန်းထဲက စားပွဲခုံကြီးပေါ်မှာပဲ သူတို့နှစ်ယောက် စခန်းသွားတာပါပဲလို့ ဘခိုင်က ကိုသိန်းကို သူသိသမျှ ဖွင့်ပြောတယ်။

ကိုသိန်းက “ကောင်မကလေး ဘာဖြစ်လို့ ရေထဲခုန်ချပြီးသေတာလဲ”လို့ မေးတယ်။ ဘခိုင်က ဒီလိုဆက်ပြောတယ်။ “ဖိုးရွှေ အလုပ်ပြုတ်တော့ ကောင်မကလေးကိုလဲ ငွေ မထောက်နိုင်ဘူး၊ အတွေ့ လဲ မခံဘူး၊ အလုပ်သာမပြုတ်ဘဲ ငွေတွေကိုလဲ ဆက်ပြီး အလွဲသုံးစား လုပ်နေနိုင်ဦးမယ် ဆိုရင် ကိုယ်ဝန်ရှိလာတဲ့အခါ ပေါ်ပေါ်ထင်ထင်ယူပြီး တအိမ်တစင်နဲ့ ထားဖို့ ဖိုးရွှေမှာ ရည်ရွယ်ချက်ရှိတယ် ထင်တယ်၊ ဒီလိုပဲ ကောင်မကလေးကိုပြောထားတယ်လို့ထင်တယ်၊ ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ ဖိုးရွှေ၊ အလုပ်ပြုတ်၊ ကောင်မကလေးကိုလဲ ပိုက်ဆံမထောက်နိုင်၊ အတွေ့ မခံတော့ ကောင်မကလေးဟာ ရှက်လဲရှက်၊ စိတ်လဲညစ်၊ အမေနဲ့ အစ်ကိုကို၊ ကြောက်ပြီး ရေထဲခုန်ဆင်းသေတာပဲထင်တယ်”လို့ ဘခိုင်က ပြောပါတယ်။

“ပြီးတော့လဲဆရာရယ် အသွားအလာကလေးတော့ နည်းနည်း သတိထားလိုက်ပါ၊ ဖိုးရွှေဟာ ဆရာ့ကို အခဲမကျေဘူး၊ ဆရာ့ကို အရိုက် ခိုင်းဖို့ဆိုပြီး တလောတုန်းက တလိုင်းစုက ဖိုးကင်း ဖိုးသင်းတို့ ညီအစ်ကို လိုက်ငှားနေတယ်လို့ သတင်းကြားတယ်၊ ဒီကောင်တွေက ဦးလေးဖိုးအေးရဲ့မျက်နှာကြောင့်
မလုပ်ချင်ဘူး၊ ငြင်းလာတယ်လို့ ကျွန်တော် သတင်း ကြားတယ်၊ သူ့ကို ထုတ်ပစ်ပြီး နှစ်ရက်လောက်အကြာ ဆရာမော်တော်ဆိပ်မှာ ချော်လဲပါရောလား၊ ရုံးတောင် နှစ်ရက်လောက် မတက်နိုင်ဘူးလေ အဲဒီတုန်းက သူ့ကိုနှိပ်စက်တဲ့အကောင် ဒီလိုခံရတာ နည်းတောင် နည်းသေးတယ်၊ မြန်မြန်သေပါစေလို့ ဖိုးရွှေက အရပ်ထဲလည်ပြောနေသေးတယ်လို့ ကိုသိန်းကို ဘခိုင်က ဆက်ပြီးပြောတယ်။

“ဘခိုင်ရေ၊ လူတွေဟာ သိပ်ခက်တာပဲကွယ်၊ အလုပ်လဲရှာပေး ရမယ်၊ သူတို့ခိုးနေရင်လဲ လက်ပိုက်ပြီးကြည့်နေရမယ်၊ အရေးယူလိုက်တာနဲ့ ကျေးဇူးတွေ ဘယ်လောက်ရှိရှိ အကုန်မေ့ပစ်ပြီး ရန်သူဖြစ်တာ၊ ဖိုးရွှေဟာ မြန်မာလို ခုနစ်တန်းအထိ စာသင်ဖူးတယ်၊ မအောင်သေးဘူး၊ ဒီလိုကောင်မျိုးဟာ ငါမခန့်ရင် တလ ရှစ်ဆယ်တန်အလုပ်ကိုတောင် မရနိုင်ပါဘူး၊ သူသာ ကောင်းကောင်း ရိုးရိုးသားသားလုပ်ရင် တရာ့ရှစ်ဆယ်က နှစ်ရာအထိ တိုးပေးဖို့ ငါစိတ်ကူးတောင်ထားပြီးပြီ၊ ပြောလိုက်ပါ ဘခိုင်ရာ၊ လူငှားတော့ မရိုက်နဲ့ ရိုက်ချင်ရင် သူ့ကျေးဇူးရှင်၊ သူကိုယ်တိုင် ရိုက်လို့၊ ငါက ပြန်မလုပ်ပါဘူး၊ ငုံ့ခံပါ့မယ်”လို့ ကိုသိန်းက ဘခိုင်ကို ပြောလိုက်တယ်။

ကိုသိန်းဟာ အလုပ်ကပြန်လာပြီး မခင်မေနဲ့ စကားပြောနေတုန်း သားကလေး မောင်မြင့်ဆွေကအနားလာပြီး “ဖေဖေ စာရေးမကလေး မခင်ဆုံ သေ
တော့ ကိုယ်ဝန်ကြီးနဲ့လို့ ပြောတယ်၊ အဲဒီကိုယ်ဝန်ဟာ ဖေဖေနဲ့ရတဲ့ ကိုယ်ဝန်လို့ ကျွန်တော့်ကို အတန်းသားတွေက ဝိုင်းပြီး ပြောင်ကြတယ်၊ သူတို့ပြောတာ ဟုတ်လားဖေဖေ”လို့ မေးတယ်။ ကိုသိန်းဟာ အူတက်အောင် ရယ်ပြီး စက်ဖက်မှာတုန်းက ဘခိုင်ပြောသမျှ မယားနဲ့ သားကို အကုန်ပြောပြပါတယ်။ အဲဒီလိုပြောတဲ့အခါ အမေလုပ်သူက သူ့သားကို ကြည့်ပြီး “မိန်းကလေးတွေဟာ သိပ်သနားစရာကောင်းတာပဲ၊ လူကြီး တယောက်လုပ်နေတဲ့သူဟာ ကိုယ့်ထက်ငယ်ကလေးတွေကို ဒီလို ငွေနဲ့ ရွှေနဲ့ ဖြားယောင်းပြီး ဖျက်ဆီးဖို့ မဆိုထားနဲ့၊ မိန်းကလေးတွေကမိုက်မဲပြီး မသိမလိမ္မာပြီး ဆင်ခြင်စဉ်းစားဉာဏ်နည်းပြီး ကိုယ့်ကို အတင်းသွေးဆောင် ရင်တောင်မှ လူကြီးလုပ်သူမှာ ငြင်းနိုင်လောက်အောင် သနားတဲ့စိတ် ရှိရမယ်၊ ငြင်းနိုင်လောက်အောင် သီလရှိရမယ်၊ ငြင်းနိုင်လောက်အောင် ဟီရိနဲ့ သြတ္တပ္ပဆိုတဲ့ အရှက်အကြောက် ရှိရမယ်။

“ခဏကလေး ခံစားလိုက်ရတဲ့ အတွေ့ကို မက်ပြီး မိန်းကလေး တယောက်ကို ဖျက်ဆီးမိရင် ဒီမိန်းကလေးမှာလဲ ပြန်ပြီး အဖတ်ဆယ် မရတော့ဘူး၊ ပျက်ဆီးသွားပြီ၊ အပျိုရည်ပျက်သွားပြီ၊ ကိုယ့်မှာလဲ လူမှန်ရင် အနည်းဆုံး ကျင့်ရမယ်လို့ မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့တဲ့ ငါးပါးသီလထဲက ကာမတို့မှာ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ပါ့မယ် ဆိုတဲ့ သိက္ခာပုဒ်ကို ကျူးလွန်ဖျက်ဆီးရာရောက်သွားပြီ၊ အဲဒါကြောင့် မေမေ့သားဟာ မေမေ့ဆန္ဒအတိုင်း ရဟန်းမပြုနိုင်လို့ လူဝတ်ကြောင်နဲ့များ နေမယ်ဆိုရင် ကိုယ့် ကာမပိုင်မယားကလွဲပြီး ဘယ်မိန်းမကိုမဆို ပျိုပျို အိုအို၊ ကြီးကြီးငယ်ငယ် ကျူးလွန်ဖျက်ဆီးခြင်းကို အသက်ထက်ဆုံး ရှောင် ကြဉ်ပါ့မယ်လို့ မေမေ့ကို ကတိပေးနိုင်ပါ့မလား”လို့ မေးတယ်။ “ပေးနိုင် ပါတယ် မေမေရယ်၊ သားလဲ ကိုယ်ချင်းစာတတ်ပါတယ်၊ ကိုယ့်သမီးကလေးကို ဒီလို ဖျက်ဆီးရင် ကြိုက်မလား၊ ကိုယ့်နှမကလေးကို ဒီလိုဖျက်ဆီးရင် ကြိုက်မလား၊ ကိုယ်မကြိုက်ရင် သူများကိုလဲ ဘာဖြစ်လို့ ဖျက်ဆီးရမလဲ မေမေ”လို့ သားက ပြန်ဖြေတယ်။ မခင်မေက သာဓု သုံးကြိမ်ခေါ်တယ်။

အဲဒီလို သာဓုသုံးကြိမ်ခေါ်ပြီးတော့မှ အမေလုပ်သူက “လူကလေး ပြောလက်စနဲ့ ပြောရဦးမယ်၊ လူကလေးနဲ့ မခင်လှဟာ ငယ်ငယ်ကလေး က သူငယ်ချင်း ဖြစ်လာကြတယ်၊ အခုဆိုရင် နှစ်ယောက်စလုံးဟာ အရွယ်ကလေးတွေ ရောက်လာကြပြီ၊ အဲဒီတော့ ရှေ့ကို လူကလေးဟာ ဒီမခင်လှ ကလေးကို ကိုယ့် ညီမ အရင်းကလေးလိုပဲ ဆက်ပြီး စောင့်ရှောက်သွားနိုင်ပါ့မလား” လို့ မေးတယ်။ “စိတ်ချပါ မေမေ”လို့ မောင်မြင့်ဆွေ က ဖြေတယ်။

_____________
ဆက်ရန်>>>>

#ချစ်ခြင်းများစွာဖြင့်
#ပြည်သူ့စာကြည့်တိုက်
&
#ဝတ္ထုတို ဝတ္ထုရှည်များ