နတ်လေချွန်

သူမသိချင်တာတွေ သိရတော့မည်။
မေးချင်တာတွေ မေးမြန်းရတော့မည်။

ထိုဆန္ဒတွေ အကောင်အထည်ဖော်ရန်
ရက်ပေါင်းများစွာ သူမကြိုးစားခဲ့ရသည်
မဟုတ်ပါလား။ မျှော်လင့် မဟုတ်ပါလား။

“ထိုင်ပါ သမီး”

မိန်းမအိုကြီးဆီမှအသံ။
ကြည်လင်အေးမြသော ဂရုဏာတရားတွေ
ထုံမွှန်းနေသည်ဟု ခံစားရသည်။

ရင်ထဲမှာ စိတ်သက်သာရာသွားကာ
စောစောပိုင်းက ခံစားနေရသည့်
မွန်းကြပ်မှုများသည် လွင့်စင်သွားသည်။

ဦးနှောက်ထဲမှာ ပေါ့ပါးသွားသည့်အလျောက်
အဘွားကြီး၏ ရှေ့တည့်တည့် သင်ဖြူးဖျာချောပေါ်တွင်
အသာအရာပင် ဝင်ထိုင်လိုက်မိသည်။

အခန်းသည် ကျယ်ဝန်းလှသော်လည်း
အမှောင်ဘက်ဆီသို့ အင်အားများနေကာ
အရာဝတ္ထုများသည် မှုန်ဝါးဝါးအလင်းရောင်
အောက်ဘက်တွင် ငြိမ်သက်တိတ်ဆိတ်ပိပြားလျက်ရှိသည်။

ငြိမ်သက်လျက်ရှိနေခြင်းသည်
အနက်အဓိပ္ပာယ်တစ်မျိုးဖြင့်
ညွှန်းဆိုဖော်ပြခြင်းဟု ခံစားရသည်။
ဆံပင်ဖြူဖြူတွေကို သေသပ်စွာ
ထုံးနှောင်ဖွဲ့ကာ အင်္ကျီအဖြူရောင်
ယောဂီရောင် ထဘီဝတ်ဆင်ထားသော
မိန်းမအိုကြီးသည် ယခုအချိန်မှာတော့
သူမနဲ့ မျက်နှာချင်းဆိုင်တွင်
ရောက်ရှိနေပြီ။ မေးခွန်းများကို ဖြေဆိုရန်
အသင့်ဖြစ်နေလောက်ပေပြီ။

သူမတွေ့ချင်နေသော ရက်ပေါင်းများစွာ
မျှော်လင့်နေခဲ့ရသော လိုအင်ဆန္ဒတစ်ခုသည်
ယခု ပြည့်ဝတော့မည်တကား။

မုချမသွေ သိရှိလိုသော ရင်ထဲမှာ
မွန်းကြပ်စွာ ခံစားနေရသည့်ဆန္ဒများသည်
တကား။

သူမသည် ခေတ်ပညာတတ်မိန်းကလေးဖြစ်သည်။
မဟာသိပ္ပံဘွဲ့ကို ပူပူနွေးနွေးရရှိထားသည်မှာ
ခြောက်လသာ ကြာမြင့်သေးသည်။

ခေတ်မီသိပ္ပံပညာရပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော
မမြင်ရသည့်ကိစ္စများ ဝိညာဉ်များ ပရလောကသားများကို
ယုံကြည်သူ မဟုတ်။

သို့သော် အယူသီးသူလည်း မဟုတ်ပေ။

သို့သော် ထိုအရာများနှင့် အကြောင်းတိုက်ဆိုင်စွာ
မလွဲမသွေ ရင်ဆိုင်တွေ့ကြုံလာရသောအရာသည်
ယုံကြည်ရန် သဘောထားပျော့ပျောင်းလာရတော့သည်။

ညသည်မှုန်အေးစက်လာသည်။
တစ်စတစ်စ နက်ရှိုင်းလာသည်။

ပတ်ဝန်းကျင်တွင် ရံဖန်ရံခါ တိုးတိတ်စွာ
အော်မြည်နေသည့်ပုရစ်သံများမှအပ
တိတ်ဆိတ်နေသည်။ညဉ့်ငှက်တွေ
မကြာခဏ ဖြတ်ပျံသွားသည်ကို ကြားနေရသည်။

မိန်းမအိုကြီးနှင့် သူမကြားရှိ ဧရာမရေနံဆီမီးခွက်ကြီးသည်
ဝါကျင်ကျင် အဆင်းဖြင့် ပတ်ဝန်းကျင်ကို
အလင်းပေးနေသော်လည်း အလင်းရောင်
ပြည့်ပြည့်ဝဝရနေသည့်မဟုတ်။

မီးညွန့်ဝါဝါများ တလူးလူး တလွန့်လွန့်လွင့်တက်နေရာ
ဝိညာဉ်တစ်ကောင် ပူးဝင်ကာ
ကခုန်နေသယောင် ရှိသည်။ မီးညွန့်နှင့်မီးစာထိစပ်နေသည့်
လောင်စာဆီပို့နေရာတွင် ငရုပ်ကောင်းစေ့နီးပါးရှိ
မှိုင်းသီးများ သီးထနေပုံမှာ သန်စွမ်းလှသော
ခရမ်းချဉ်ပင်မှ ခရမ်းသီးတွေသီးပုံနှင့်တူသည်။

မှိုင်းသီးတွေ ပွတ်သိပ်ထနေသည်။
သူမကြောင်ငေးကာ လှုပ်ရှားကခုန်သော
မီးညွန့်ဝါဝါကို စိုက်ကြည့်နေရာမှ
မီးညွန့်ငြိမ်သက်ကာ မှိုင်းမီးခိုးမည်းမည်းများသည်
အထက်သို့ တလူလူလွင့်တက်နေသည်မှာ
အနက်ရောင် ခြုံလွှာဝတ်ထားသော
စုန်းကဝေတွေ ကခုန်နေသည်နှင့်တူသည်။

သူမတစ်ချက် ငေးကြည့်နေဆဲမှာပင်…

“သမီး …ဘာမေးချင်တာလဲ”

မိန်းမအိုကြီးဆီမှ တိုးငြိမ်သောစကား…

ထိုအခါ သူမရောက်လာရခြင်း၏
အကြောင်းရင်းအတွက် ရုတ်တရက်
နိုးထသွားကာ ပုဆစ်တုတ်ထိုင်ရင်းမှ…

“သေသူအတွက် မေးစရာလေးတွေ
လုပ်ပေးစရာလေးတွေ ရှိနေလို့ပါအမေ”

သူမ၏ ဆန္ဒကို ထုတ်ဖော်ရင်း အမေပဲဟု
တရင်းတနှီးခေါ်လိုက်မိသည်။

“မေးပါ သေဆုံးသူနဲ့ ဘာတော်သလဲ သမီး”

မေးသည့်အသံက ဂရုဏာသံပါသည်။
သားသမီးချင်း ကိုယ်ချင်းစာနာသည့်အသံဟု
ခံစားရသည်။မိန်းမအိုကြီး၏ မျက်ဝန်းများတွင်
ကြင်နာမှုတရားကို သိသာထင်ရှားစွာ
မြင်နေရသည်ဟု သူမအတွက် အားတက်စရာဟု
ထင်သည်။ ရုတ်တရက် ညဉ့်ငှက်တစ်ကောင်၏
စူးစူးဝါးဝါး မြည်သံတစ်ချက် ကြားလိုက်ရပြီး
မြောက်ဘက်စူးစူးအရပ်သို့ ပျံသန်းသွားသည်။

“သေသူရဲ့ဇနီးပါအမေ”

မိန်းမအိုကြီးက ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“သမီးအမျိုးသားနဲ့ အိမ်ထောင်ကျတာ
တစ်လကျော်ကျော်ပဲ ရှိပါသေးတယ်။
ခင်ပွန်းသည် ရုတ်တရက် ရေနစ်သေဆုံးတဲ့ အတွက်
ဒီကိုလာမေးရတာပါ။ ရန်ကုန်ကနေ
အဝေးကြီးလာမေးရတာပါ။
ခင်ပွန်းသည သေဆုံးတာကတော့
ရန်ကုန်မှာ မဟုတ်ပါဘူး။
ဧရာဝတီတိုင်း မြို့တစ်မြို့မှ တာဝန်ထမ်းဆောင်ရင်း
ထမ်းဆောင်ရင်း…”

စကားပြောရင်း ရင်ထဲမှာ ဆို့ကြပ်လာသည်။
ကြေကွဲမှု နှမြေတသမှုတို့ဖြင့် တန်ဆာဆင်ထားသော
စကားလုံးများသည် ရင်ညွှန့်တွင် စုံပြုံကျရောက်
တိုးဝှေ့နေပေရာ နှုတ်ခမ်းမှ ပြင်ပလေထုထဲသို့
တိုးထွက်ဖို့ရန် ရုတ်တရက် မထွက်နိုင်ဘဲ
တစ်ဆို့နေခြင်းဖြစ်သည်။

ဝေဒနာ၏ ကိုယ်စား စကားလုံးများသည်
နှုတ်ဖျားမှ မပျံသန်းနိုင်ခဲ့။

လွန်ခဲ့ပြီဖြစ်သော တစ်လကျော်ကျော်ခန့်
နာတရှည်ညများသည် အသစ်တဖန်
ပြန်လည်နိုးထလာပြန်သည်။
ဝေဒနာအနွမ်းများသည် တောက်လောင်နေသော
မီးလျှံများပမာ ပြန်လည်ရုန်းကြွလာသည်။

ဝဲဝေ့လာသော မျက်ရည်စများကို ပုတ်ခတ်
ပုတ်ခတ်လုပ်ရင်း အမြန်သိမ်းပစ်မိသည်။
ဝိညာဉ်နှင့် ပတ်သက်သောမေးခွန်းတွေ
မေးလျှင် မငိုရဟူသော စည်းကမ်းရှိသည်။

“ဖြည်းဖြည်းပြောပါ သမီး”

“ဟုတ်ကဲ့”

သူမအသံက ကြေကွဲမှုဖြင့်
တိုးတိတ်လျက်ရှိသည်။အားယူ၍…

“ရေနစ်သေဆုံးခဲ့တာပါ။
သူက ရေကူးကျွမ်းကျင်တဲ့ လူတစ်ယောက်ပါအမေ။
သေတော့ ရေနစ်သေဆုံးတယ်ကြားရတော့
တုန်လှုပ်အံ့သြမိပါတယ်။သူ့အလောင်း
ရရချင်း ကြည့်လိုက်တော့ လည်ပင်းမှ
ဒဏ်ရာတစ်ချက်တွေ့တယ်။ဆရာဝန်ရဲ့
ဆေးစစ်ချက်ကတော့ လည်ပင်းမှာ ရရှိတဲ့
သေလောက်တဲ့ ဒဏ်ရာကြောင့် သေရတာလို့
ပြောတယ်ဆိုတယ်ပေါ့အမေ။
ကျမထင်တာတော့ သေဆုံးတာ ရိုးရိုးမဟုတ်ဘဲ
အသတ်ခံရတယ်လို့ထင်တယ်။
လုပ်ကြံခံရတယ်ထင်တယ်။
ရာဇဝတ်မှုခင်းဖြစ်လို့ တိုင်ချက်ဖွင့်ထားတယ် အမေ”

မိန်းမအိုကြီးသည် အနည်းငယ်တွေ၍နေသည်။

“ကောင်လေးမှာ ရန်ငြှိုးရန်စရှိသလား”

မီးခွက်ဆီမှ ယိမ်းယိုင်နေသော
မီးညွန့်ဝါနောက်နောက်တွေကို
တစ်ချက်မျှ ကြည့်မိသည်။မီးညွန့်တွေထဲမှ
ဇော်ဇင့်ဝိညာဉ်များ ခုန်ထွက်လာလေမလား။

“ကျမသိရသလောက်ကတော့
ဘယ်ရန်ငြှိုးရန်စမှ မရှိဘူး ထင်ပါတယ်ရှင်။
ဒါပေမယ့် အမေ လူ့စိတ်ဆိုတာ
ခန့်မှန်းရခက်တယ်လေ။
ကိုယ့်ကို မကျေနပ်တဲ့လူ ရှိချင်ရှိနေမှာပေါ့။
ပြောလို့ မရပါဘူး။ရဲကတော့ မှုခင်းတွေ အစအဆုံး
ခြေရာခံ စစ်ဆေးနေတယ်။
သူက အစိုးရရုံးတစ်ရုံးမှာ ဌာနစိတ်မှူး တာဝန်နဲ့ပါအမေ။
ရင်းနှီးတဲ့ လူတွေရော စစ်ဆေးနေပါတယ်။
အမှုနဲ့ မပတ်သက်တဲ့လူတွေကို မေးမြန်းနေမယ်ဆိုရင်
အားနာစရာပေါ့ ။ဒါပေမယ့် မတတ်နိုင်ဘူးလေ။
တာဝန်အရပေါ့။အခုထိတော့ အမှုနဲ့ပတ်သက်လို့
အကြောင်းမထူးသေးပါဘူး။
ကျမလူသတ်တရားခံကို သိချင်တယ်။
ဘာဖြစ်လို့ ကျမခင်ပွန်းကို
သတ်သလဲဆိုတာ သိချင်တယ်အမေ။
ဒါကြောင့် အမေ့ဆီကို ဟိုးအဝေးကြီးကနေ
တကူးတကာ လာရတာပေါ့အမေ။
ကျမကို တတ်နိုင်သလောက်
အမေ့ပညာနဲ့ ကူညီပါနော်”

မိန်းမအိုကြီးဆီမှ ခပ်ငွေ့ငွေ့အပြုံးကို တွေ့လိုက်ရသည်။

“အမေ့ပညာလို့ ဆိုလို့မရပါဘူးကွယ်။
အမေက ကြားခံဆက်သွယ်ပေးတဲ့ကိစ္စပါ။
သေသူ့ဝိညာဉ်နဲ့ မကျွတ်မလွတ်တဲ့ ပုဂ္ဂိုလ်နဲ့
ကာယကံရှင်ကို အမေက ဆက်သွယ်ပေးရတာပါ။
သေသူဝိညာဉ်လိုအပ်တာတွေ ။
ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖြစ်နိုင်တဲ့ဘက်က
အမေက ဆောင်ရွက်ပေးရတာပါ။
ကြားခံပါ။ကဲ…သမီးခင်ပွန်းသည်ရဲ့
ဝိညာဉ်နဲ့ တွေ့ကြရအောင်ကွယ်။
သူဘယ်လိုသေရတာလဲ။
လက်ရှိ ဘယ်ဘဝရောက်နေတယ်ဆိုတာ
စစ်တမ်းထုတ်လိုက်ရအောင်ကွယ်။
အခု ဘယ်ဘုံဘဝသားဖြစ်နေတယ်ဆိုတာ
မေးကြည့်ရအောင်ကွယ် သမီး”

သူမ ခေါင်းညိတ်လိုက်မိသည်။

“ဟုတ်ကဲ့အမေ”

XXXXX

အခန်းကလေးသည် တဖြည်းဖြည်း
နက်ရှိုင်းလာသော အမှောင်အောက်တွင်
ရုတ်ခြည်းရင့်ရော်သွားလေသည်။
အခန်းတွင်းရှိ အရာဝတ္ထုအားလုံးသည်
မလှုပ်မယှက်ငေးငြိမ်သောကြည့်များဖြင့်
သူမကို ကြည့်နေကြသည်ဟု ခံစားမိသည်။

“ကဲ …အမေမေးမယ့် မေးခွန်းတွေကို
တိတိကျကျမှန်မှန်ကန်ကန် ဖြေပေးတော့…

“ဟုတ်ကဲ့ ”

အခန်းကလေးသည် ရုတ်တရက်တိတ်ဆိတ်သွားသည်။
မိန်းမအိုကြီးသည် သူရှေ့ရှိ ဝါကျင်ကျင်မီးတောက်လူးလွန့်
ရေနံဆီမီးခွက်ကြီးကို ဟုပ်ခနဲမြည်အောင်မှုတ်၍
ငြှိမ်းလိုက်လေသည်။

အခန်းသည် ရုတ်တရက်မှောင်သွားသည်။
အရာဝတ္ထုအားလုံးသာမက သူမတို့နှစ်ယောက်စလုံးပင်
အမှောင်ထုထဲတွင် နစ်မြှုပ်ကျွံဝင်သွားခဲ့သည်။

သူမရင်ထဲတွင် ရုတ်တရက်ဝင်ရောက်လာသည်က
ကြောက်ရွံ့မှု။ ထိုကြောက်ရွံ့မှုသည် သူမ၏
အသိဥာဏ်တစ်ဝက် မှိန်တစ်ဝက်ကို တူးဆနေသည်။

သူမဘာကို ကြောက်လန့်စိုးထိတ်နေရပါသလဲ။
အခုလာတာ မောင့်အတွက်ပဲ မဟုတ်လား။
မောင်နဲ့ တွေ့ချင်တယ်ဆို။
မောင့်ဝိညာဉ်နွမ်းပါးပါးနှင့် တွေ့ချင်တယ်ဆို။
ခုတွေ့ရတော့မယ်လေ။

အခန်းတစ်ခုလုံး အမှောင်ထုထဲတွင်
စီးပျော်ဝင်သွားသည်။တိတ်ဆိတ်မှုတွင် အသံရှိသည်။
ကြောက်မက်ဖွယ် အသံ။ထိတ်လန့်ဖွယ်အသံ။
ထိုအသံများသည် အခန်းတွင်းသို့
မြွေတစ်ကောင်လို တိတ်တဆိတ်တဖြည်းဖြည်း
တွားလာလေပြီတကား။တိတ်ဆိတ်မှုသည်
အလင်းဖျော့လွှာတစ်ခုလို ဖျက်ခနဲကွဲကြေတော့မည်ကဲ့သို့
ဖြစ်နေသည်။

XXXXXXX

ဇော်ဇင်(ခေါ်)ကိုကိုလတ်သည် သူမထက်
တစ်နှစ်ကျော်ကျော်ခန့်ငယ်သည်။
ဇော်ဇင်သည် ငယ်ရွယ်သော်လည်း
လူကြီးဆန်သည်။

စကားပြောလျှင် လေသံအေးအေးနှင့် ပြောတတ်သည်။
ဇော်ဇင်ထံတွင် သူမငြင်းပယ်ရလောက်သည့်
အပြစ်အနာအဆာများ မတွေ့ရသလောက်ဖြစ်သဖြင့်
ဇော်ဇင်က လက်ထပ်ခွင့်တောင်းသော်အခါ
အသာတကြည် ခေါင်းညိတ်လက်ခံခဲ့ရခြင်းကပင်
ဇော်ဇင့်အပေါ် အချစ်တွေ သံယောဇဉ်တွေဖြင့်
လွှမ်းမိုးချုပ်ကိုင်ထားသောကြောင့်ပင်
မဟုတ်လား။

တကယ်တော့ သူမနှင့်ဇော်ဇင် တွေ့ဆုံရခြင်း။

ချစ်သူသက်တမ်း အချစ်တွေဖြင့် နှောင်ဖွဲ့ရခြင်းသည်
ကာလတိုလှသည်။တကယ်တော့
ရယ်စရာလည်း ကောင်းလှသည်။

“မမ မောင်တို့လက်ထပ်ကြရအောင်နော်”

“ကောင်းသားပဲ မောင်ရေ ခုလားဟင်”

သူမရယ်စရာအဖြစ် ဇော်ဇင်၏မျက်ဝန်းများ
ရုတ်တရက် ရွှန်းလက်တောက်ပလာသည်။

သူမခစ်ခနဲ တစ်ချက်ရယ်လိုက်သည်။
ရယ်သံသည် ပေါ့ပါးစွာဖြင့် ပတ်ဝန်းကျင်လေထုထဲသို့
စိုက်ဝင်သွားသည်။

ဇော်ဇင်သည် သူမ၏ လက်ဖျားကလေးတွေကို
မြတ်နိုးစွာ ဖျစ်ညစ်ကိုင်းရင်း ကလေးတစ်ယောက်လို
မြူးကြွစွာဖြင့် မြောက်ခနဲခုန်ကာ…

“ဟေး…ပျော်လိုက်တာ။ဒါဆိုမောင်အမြန်ဆုံး
စီစဉ်လိုက်မယ်နော် မမ”

“ကောင်းပါရဲ့ မောင်”

ဒီလိုနဲ့ ဇော်ဇင်နှင့် သူမ ရန်ကုန်မြို့တရားရုံးတွင်
အကျဉ်းချုံးကာလက်ထပ်ဖြစ်သည်။

မိဘဆွေမျိုးများ သူငယ်ချင်းအပေါင်းအသင်းများကို
ဖိတ်ကြားကာ ဧည့်ခံပွဲကလေး လုပ်ကြသည်။

ဇော်ဇင်နှင့်သူမသည် ချစ်သူဘဝရောက်ကတည်းက
နာမည်အရင်းတွေကို ဘယ်တော့မှမခေါ်
မသုံး။ သူမနာမည်ရင်း မြနှင်းဆီဖြစ်သော်လည်း
မြနှင်းဆီဟု ဘယ်သောအခါမှ မခေါ်ခဲ့။

မသုံးနှုန်းခဲ့သော ဇော်ဇင် ။
သူမလည်း ဇော်ဇင်နာမည်ကို ဘယ်သောအခါမှ
မခေါ်ဘဲ မောင်ဟုသာ ခေါ်သည်။
ဇော်ဇင်ကလည်း မမဟုသာ ခေါ်သည်။

လက်ထပ်ပြီး အပျော်ရက်ကလေးတွေ
အနည်းငယ်သာ ကြာလိုက်သည်။

ကြောက်မက်ဖွယ် ကံကြမ္မာဆိုးကြီးက
နှစ်ယောက်တစ်လောကထဲသို့ တိတ်တဆိတ်
ဝင်ရောက်လာခဲ့သည်။

ဇော်ဇင်နှင့် လက်ထပ်ပြီး ရက်ပေါင်း၄၀ခန့်တွင်
ကံကြမ္မာမိုးမှောင်ကျခဲ့ခြင်းဖြစ်ပေတော့တကား။

ဇော်ဇင်သည် ရေကူးကျွမ်းကျင်သော
ဧရာဝတီတိုင်းသား တစ်ယောက်ဖြစ်သည်။
ရွာကလေးတစ်ရွာသို့ လုပ်ငန်းတာဝန်နှင့်
သွားရောက်ခဲ့ရာမှ ညနေဘက်
ရေဆင်းကူးစဉ် ရေနစ်သေဆုံးခဲ့ရခြင်းတွင် ဖြစ်သည်။
နှစ်ရက်ကြာမှ အလောင်းပေါ်လာသောအခါ
လည်ပင်းတွင် ဒဏ်ရာပါလာသည်။

ဆရာဝန် ဆေးစစ်ချက်အရ ရေနစ်သည့်အကြောင်းတရားဖြင့်
သေဆုံးရခြင်း မဟုတ်ဘဲ လည်ပင်းရှိ ဒဏ်ရာကြောင့်
သေဆုံးရသည်ဟု မှတ်ချက်ပြုသည်။

သို့သော် အမှုအတွက် မည်သို့မျှ
တရားခံရှာဖွေမရဘဲလက်စ ပျောက်နေသည်။

ပြီးတော့ သူမသည် ဇော်ဇင်လုပ်ငန်းနှင့်
ပတ်သက်သည့်ဝန်းကျင်နှင့် စိမ်းသည်။

မရင်းနှီးပေ။ဒီတော့ ပတ်ဝန်းကျင် အခြေအနေကို
မသိနားမလည်။

လူသတ်တရားခံ ဘယ်သူလဲဆိုတာမသိ။

ထိုအရာသည် အကြီးမားဆုံးသော
အခက်အခဲဖြစ်နေခဲ့သည်။

ဒီတော့ မိန်းမသားပီပီ အားကိုးရာကို ရှာမိသည်။
ဆွဲမိဆွဲရာ ကောက်ရိုးပင်ခလေးတစ်ပင်ကလည်း
အားကိုးရာ အင်အားတစ်ရပ် မဟုတ်လား။

ဒီလိုနှင့်…

“နတ်မေးပါလား”

“မြနှင်းဆီရယ် ဗေဒင်မေးကြည့်”

“သေသူနဲ့ ဝိညာဉ်ချင်း ဆက်သွယ်လို့ရတဲ့
ပုဂ္ဂိုလ်တွေရှိတယ်”

ဒီလိုနှင့် တစ်ယောက်တစ်မျိုးစီ
အသံတွေထွက်လာလေသည်။

တချို့က တတ်သမျှ။ကြားရသမျှ
အကူအညီတွေပေးကြသည်။

သတင်းစာ ဂျာနယ်များပါ နာမည်ကျော်
နက္ခတ္တဟောပြောသူများ
ခေါင်းစွဲများနှင့် တွေ့ဆုံမေးမြန်းကြရန်
အကြံဥာဏ်တွေ ပေးကြလေသည်။

“မြနှင်းဆီရေ သေတဲ့ဝိညာဉ်နဲ့ တွေ့ဆုံမေးမြန်းလို့ရတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ရှိတယ်။
ပဲခူးတိုင်းထဲမှာတဲ့။အဲဒီမှာ နင့်ယောင်္ကျား
ဘယ်လိုသေတယ်။သူများသတ်တယ်ဆိုရင်လည်း
သတ်တယ်ပေါ့ဟာ။မေးလို့ရတာ ရှိတယ်။
တရားခံကို ပြောလိမ့်မယ်”

အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က
အားတက်သရော အကြံပြုသည်။

သူမသည် ဇဝေဇဝါအတွေးဖြင့်…

“ငါမသိဘူးလေ။ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”

“ဒီလိုဟယ် မကျွတ်မလွတ်ဖြစ်နေတဲ့
ဝိညာဉ်နဲ့ ဆက်သွယ်ပြောကြားပေးတဲ့
ကြားခံပုဂ္ဂိုလ်ကို ပြောတာဟယ်။
ဒီလောက်နာမည်ကြီးနေတာ မသိဘူးလား
မြနှင်းဆီရယ်”

သူမအရိုးခံအတိုင်း ခေါင်းခါမိသည်။
တကယ်မသိရိုး အမှန်ပင်။

“မသိဘူး”

“မသိရင် မှတ်ထား …နတ်လေချွန်”

သူမမျက်မှောင်ကုတ်လိုက်သည်။

နာမည်က ဆန်းပြားသည်။

“ဘာရယ် နတ်လေချွန်ဟုတ်လား”

“ဟုတ်တယ် တချို့ကလည်း လေချွန်နတ်လို့လည်းခေါ်တယ်”

XXXXXXX

ဤသို့ဖြင့် နတ်လေချွန်အကြောင်းကို စေ့ငုမိတော့သည်။

စုံစမ်းမေးမြန်းရတော့လေသည်။

နတ်လေချွန်ဆိုသည်မှာ လေချွန်၍ဝင်လာတတ်သော
ပရလောကသားတစ်ဦးဟု ယေဘုယျပြောနိုင်ပေသည်။

တချို့က သရဲလေချွန်ဟု ပြောကြသည်။

ဘာပဲဖြစ်ဖြစ် အထက်နတ်မဟုတ်သည်ကတော့
သေချာပေသည်။

မြန်မာပြည်တစ်ဝန်းတွင် နတ်လေချွန်ဟု
ကျော်ကြားသော ပုဂ္ဂိုလ်ပေါင်း မြောက်များစွာ
ရှိကြသည်ဟု ဆိုကုန်သည်။

မမြင်ရသော ပုဂ္ဂိုလ်က လေချွန်သံပြုကာ
ကြားခံပုဂ္ဂိုလ်မှနေ၍ ဖြစ်ခဲ့သမျှကို
မချွင်းမချန် ပြောပြတတ်ရာ ရာနှုန်းပြည့်နီးပါး
မှန်ကန်သည်ဟု လူပြောများသည်။

စင်စစ် နတ်လေချွန်(သို့မဟုတ်)လေချွန်နတ်ဟူသည်
အပါယ်ဘုံသားနွယ်ဝင် ပြိတ္တာမျိုးနွယ်သာဖြစ်သည်။

တစ်နည်းအားဖြင့် ကမ္မဇိဒ္ဓိအတန်အသင့်ရှိသော
ပရလောကသားဟု ဆိုရပေမည်သာ။

အဆိုပါ လေချွတ်နတ်သည် ကွယ်လွန်ပြီး
မကျွတ်မလွတ်သူနှင့် ကျန်ရစ်သူတို့ကို
ဆက်သွယ်မှုပေးရာတွင် တိကျသေချာမှုရှိခြင်း
ဘဝတစ်ပါးသို့ ရောက်ရှိသွားသူက
သူ၏လိုအပ်ချက် ရယူလိုသည့် ဆန္ဒများကို
တောင်းဆိုတတ်ပေရာ လေချွန်နတ်က
ကိုယ်စားလှယ်သဘောမျိုး
ကြားဝင်ဆောင်ရွက်ပေးတတ်သည်။

ထိုအခါ လာရောက်တွေ့ဆုံမေးမြန်းသူတိုင်း
စိတ်ကျေနပ်မှုရှိကြသည်ကို လေ့လာတွေ့ရှိရပေသည်။

ဘဝခြားလေသူ တမလွန်ဘဝမှ မကျွတ်မလွတ်သူက
ကာယကံရှင်သာ သိသည့် အကြောင်းအရာများ
လျှို့ဝှက်ချက်များကို မှန်ကန်စွာ
ဟောပြောနိုင်ပေရာ ထူးဆန်းအံ့သြစရာ
ကောင်းလှသည်။

ထိုသို့ မေးမြန်းရာတွင် ညဘက်တွင်သာ
တွေ့ဆုံမေးမြန်းလေ့ရှိသည်ကို တွေ့ရသည်။
လေချွတ်နတ်ရောက်လာလျှင် နတ်ဝင်သည်က
မြန်မာစကားနှင့်ပင် ဘာသာပြန်ခြင်းအဓိပ္ပါယ်
ဖွင့်ဆိုခြင်းများကို ကြားခံဆောင်ရွက်ပေးပေသည်။

အချို့က လေချွန်နတ်သည် ပရဘုံသား
သရဲတစ္ဆေကြီးအား တစ်ပတ်တစ်ကြိမ်
သားစိမ်း ငါးစိမ်းများ ကျွေးမွေးရသည်ဟု
ဆိုသည်။

လေကလေး တချွန်ချွန်နှင့် ရောက်လာတတ်သော
ပရလောကသားသည် ဘဝခြားလေသူ၏
အမည် နေရပ် မိသားစုအကြောင်းကို
နှိုက်နှိုက်ချွတ်ချွတ် တိကျမှန်ကန်စွာ
ပြောနိုင်သည်မှာ ထူးခြားသော
ဖြစ်ရပ်စိတ်နယ်လွန်ဖြစ်ရပ်ပင်။

ဘာပဲဖြစ်ဖြစ် ရုတ်တရက် သေဆုံးခဲ့ရသည့်
ရင်နာဖွယ်ဇော်ဇင့်ဖြစ်ရပ်သည် မည်သူမျှ
ကယ်နိုင်လိမ့်မည်မထင်။

ထူးဆန်းသော နတ်လေချွန် သို့မဟုတ် လေချွန်နတ်
သို့မဟုတ် သရဲလေချွန်ပုဂ္ဂိုလ်သာ
ကယ်နိုင်တော့မည်တကား။

ပဟေဠိကို ဖော်ထုတ်နိုင်တော့တကား။

သွားရမည်။လေချွန်နတ်ရှိရာကိုသွားရမည်။
ရင်ထဲမှ အစိုင်အခဲတွေကိုလဖြေလျှော့ရမည်။

ဒီလိုနှင့် …ရောက်လာခဲ့တာ…

XXXCX

မိန်းမအိုကြီးဆီမှ မည်သည့်အသံမျှ မကြားရတော့ချေ။
စက္ကန့်ပေါင်းများစွာ ကြာမြင့်သွားသည်။
သူမ၏အသက်ရှူသံကိုပင် သူမပြန်ကြားနေရသည်။

တဝီဝီမြည်သော ပိုးပုရွက်များအသံ။
အခန်း၏အပြင်ဘက်တွင် သူမလိုပင်
မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေသူအချို့၏
ချောင်းဟန့်သံ တစ်ခါတစ်ရံ တီးတိုးစကားပြောသံကို
တစ်ချက်တစ်ချက် ကြားနေရသည်။

“သမီး ”

“ရှင် အမေ”

“သမီးအမျိုးသား သေဆုံးသူရဲ့နာမည်ပြောပါ”

သူမထံမှ တိုးသဲ့ကြေကွဲသောအသံ ထွက်ပေါ်လာသည်။

“ကိုဇော်ဇင်ပါ”

မိန်းမအိုကြီးက…

“ဟုတ်ပြီ…မောင်ဇော်ဇင်”

သူမ မိန်းမအိုကြီးရှိရာသို့ မှန်းဆပြီး ကြည့်နေမိသည်။
ပိန်းပိန်း ပိတ်မှောင်နေသောအမှောင်။
သူဒို့နှစ်ယောက်စလုံး အမှောင်ထုထဲတွင်
နစ်မြှုပ်နေကြခြင်းဖြစ်သည်။

မည့်သည်အလင်းစက်တစ်စက်တလေမျှ
အခန်းထဲသို့ ယောင်မှား၍ဝင်မလာပေ။

မိန်းမအိုကြီး ထိုင်နေရာမှသာ အသံတွေ
တည်ငြိမ်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။

“ပြီးတော့ သူ့အသက်”

“၂၃ နှစ်”

အခန်းသည် အမေးအဖြေအသံများဖြင့်
ဆက်လက်ရွေ့လျားနေလေသည်။

“သေတဲ့ရက်ကိုပြောပါ”

သူမအသံက တိုးခိုက်စွာ ထွက်ပေါ်လာသည်။
တစ်ကိုယ်လုံး အဖျားဝင်သလို တဆတ်ဆတ်တုန်လာသည်။

သူမ မဖြေချင်ဆုံး မေးခွန်းတွေဖြစ်သည်။

“နိုဝင်ဘာလ(၃)ရက်”

သူမအားယူ၍ ကြိုးစားပြောသည်။

“ဟုတ်ပါပြီ မြှုပ်နှံတဲ့ သင်္ချိုင်း”

“ဧရာဝတီတိုင်း ဖျာပုံခရိုင် ရှမ်းကွင်းကြီးကျေးရွာကသုသာန်”

သူမလေးပင်နွမ်းရိစွာ သက်ပြင်းချလိုက်သည်။

“အဟမ်း”

မိန်းမအိုကြီးဆီမှ ချောင်းဟန့်လိုက်သံ…

တိတ်ဆိတ်သည့်ညယံတွင် ချောင်းဟန့်သံက
ကျယ်လောင်လွန်းလှသည်။

“သင်္ချိုင်းမှာ အလောင်းကို မြေမြှုပ်သလား
ဒါမှမဟုတ် မီးသင်္ဂြ ိုဟ်သလား”

သူမ ရုတ်တရက် ကြောင်ငေးသွားမိသည်။

ဆွံ့အသလို ဖြစ်သွားခြင်းဖြစ်သည်။
ထို့နောက်အားယူ၍ ဖြေလိုက်သည်။

“မြေ… မြေမြှုပ်”

ရင်ထဲမှ စွမ်းအားတွေကို တစ်စုံတစ်ခုက
ဆွဲယူသလို ခံစားရသည်။
ဖြေရမှာ ဝန်လေးနေမိသည်။

“ရပါပြီ”

အမေးအဖြေသံများ ရေငုံနှုတ်ပိတ်တိတ်တဆိတ်ခြင်းသည်
တစ်စတစ်စ နက်ရှိုင်းသထက် နက်ရှိုင်းလာ
အလင်းစက်သည် ကျဆုံးရင်းကျဆုံး။

နှစ်ဦးကြားရှိ တိတ်တဆိတ်ခြင်းနှင့်
အမှောင်သည် စိတ်ချောက်ချားစရာကောင်းလာသည်။
အစခရီးသို့ တဖြည်းဖြည်းဝင်ရောက်စပြုလာပြီ။

တိတ်တဆိတ်မှုသည် ရုတ်တရက်ပြိုကွဲသွားသည်။

အသံတစ်သံ…

ထူးခြားသော အသံတစ်သံ…

မြွေတွန်သံကဲ့သို့ တရွှီရွှီမြည်လာသော
လေချွန်သံဖြစ်သည်။

“ရွှီ…ရွှီ…ရွှီ”

“ရွှီ…ရွှီ…ရွှီ”

သိသာထင်ရှားသည့် တရွှီရွှီမြည်သော
လေချွန်သံသည် မှောင်မိုက်လှသော
ပတ်ဝန်းကျင်တွင် ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။

အိမ်ခေါင်မိုးဆီမှ ထွက်ပေါ်လာခြင်းပင်တကား
လေချွန်သံသည် ငှက်ကလေးတစ်ကောင်လို
ဝဲဆင်းကျလာသည်။

“ရွှီ…ရွှီ…ရွှီ’

“ရွှီ…ရွှီ”

လေချွန်သံသည် အိမ်အပြင်ဘက်ခေါင်မိုးဆီမှ
ထွက်ပေါ်လာပြီး ပြတင်းပေါက်တစ်ဆင့်
အိမ်ထဲသို့ ဝင်လာလေပြီကော။

ဖွင့်ထားသော ပြတင်းပေါက်မှ အိမ်ထဲသို့
တရွှီရွှီလေချွန်ရင်း ဝင်ရောက်လာခြင်းပင်။

ပတ်ဝန်းကျင်သည် ရုတ်တရက်ငြိမ်သက်တိတ်ဆိတ်သွားသည်။
အခန်း၏ အပြင်ဘက်တွင်ရှိသော ဧည့်သည်များဆီမှ
အသံသည်လည်းကောင်း ပတ်ဝန်းကျင်ပြင်ပမှ
အသံသည်လည်းကောင်း တိခနဲပြတ်ကာ
ဝင်လာသော လေချွန်သံကို
နားစိုက်ရင်း ငြိမ်သက်သွားကြခြင်းပင်။

လေချွန်သံသည် တဖြည်းဖြည်းနိမ့်ဆင်းလာရာမှ
မိန်းမအိုကြီးနှင့် သူမတို့အနီးသို့ရောက်လာလေပြီ။

“ရွှီ”

“ရွှီ”

“ရွှီ”

အသံသည် သူမတို့နှင့် မဝေးကွာလှသော
နေရာမှာ ရပ်တန့်သွားသည်။

သို့သော် တရွှီရွှီလေချွန်သံကား
အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။

သူမ ရင်ထဲမှာ တထိတ်ထိတ်ခုန်လျက်ရှိသည်။

ပတ်ဝန်းကျင်ကား မှောက်မိုက်လှသည်။

သူမသည် မိန်းမအိုကြီးရှိမည်ထင်ရသည့်
နေရာဆီသို့ မှန်းဆကာ ကြည့်နေမိသည်။

အချိန်ကာလက အေးခဲငြိမ်သက်လျက်ရှိဆဲ။

အပြင်ဘက်တွင်တော့ သုံးရက်လသည်
ခေါင်မိုးအစွန်းနှင့် တွယ်ငြိနေပေလိမ့်မည်။

တိတ်တဆိတ်ငြိမ်သက်နေသော
အခန်းထဲတွင်တော့ လေချွန်သံမှအပ
အရာအားလုံးသည် ဒဏ်ရာရနေသော
ရေအိုးတစ်အိုးလုံးနှင့် သဏ္ဍာန်တူသည်။

အသက်ရှူသံပြင်းပြင်းအောက်မှာပင်
ကျိုးပဲ့ပျက်စီးသွားနိုင်သည်။

“ရွှီ…ရွှီ”

ထူးဆန်းသော လေချွန်သံက အဆက်မပြတ်…

လေချွန်သံသည် တခြားတစ်နေရာဆီသို့
ရွေ့လျားသွားလာခြင်းမရှိတော့ဘဲ
သူမတို့နှစ်ယောက်အနီးတွင် ရပ်တန့်ကာ
အော်မြည်လျက်ရှိနေသောတကား။

လိပ်ပြာကလေးတစ်ကောင်လို
ဟိုသည်ဝဲပျံနေလေတကား။

“မေးခွန်းမေးတော့”

မိန်းမအိုကြီးဆီမှ တိုတောင်းပြတ်သားသည့်အသံကို
ပထမဦးဆုံး စတင်ကြားလိုက်ရလေသည်။

ရင်တွေတထိတ်ထိတ် အခုန်မြန်လာသည်။

သူမ မည်သည့်မေးခွန်းရမည်မသိဘဲ
ရုတ်တရက်ကြောင်အသွားသည်။

သို့သော် အသိစိတ်နှင့် ခန္ဓာကိုယ်ကို
လွင့်စင့်မသွားအောင် ထိန်းချုပ်နေမိသည်။

သူမထံမှ စကားတစ်ခွန်း ထွက်ကျသွားသည်။

“ခု ဘယ်သူလဲ”

“ရွှီ…ရွှီ…ရွှီ”

လေချွန်သံ ထွက်ပေါ်လာသည်။
တစ်ဆက်တည်းမှာပင် မိန်းမအိုကြီးဆီမှ
အသံထွက်ပေါ်လာသည်။
သူမ ရုတ်တရက် လေဖြတ်ခံသူလို
ကြောင်အသွားသည်။
ဘုရား…ဘုရား…ဘုရား။

“မောင်လေ”

ဘုရားရေ …မောင်တဲ့။
အလို မောင့်အသံပါလား။
မောင် ရောက်နေပြီလားဟင်။

မီးခွက်ရောင်ဖြင့် နှစ်ဦးစကားပြောနေကြစဉ်
ကြားရသည့် မိန်းမအိုကြီး၏အသံမဟုတ်တော့။

မှောင်မိုက်လှသော်လည်း မိန်းမအိုကြီး၏
အဖြူရောင် အင်္ကျီအရိပ်စွန်းကိုတော့
ဝိုးတဝါးမြင်နေသေးသည်။

အံ့သြစရာ မောင်အသံကို
နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်။

ထူးခြားသည်က အသံဖြစ်သည်။
မိန်းမအိုကြီး အသံမဟုတ်တော့။
မောင်အသံစစ်စစ် ဖြစ်နေပေသည်တကား။
ကြည့်စမ်းကွယ် မောင်တဲ့။

‘မောင်’ဆိုသော စကားသည် သူနှင့်ဇော်ဇင်
သုံးနေကျ စကားလုံးသာ ဖြစ်သည်။

မိန်းမအိုကြီး ဘယ်လို မသိနိုင်။

ယခုတော့ မိန်းမအိုကြီးဆီမှ မောင်အသံထွက်ပေါ်လာပေပြီ။

သူမ ရင်ထဲမှ ဖြန်းခနဲ ပြိုကွဲသွားသည်။
နှမြောတသစိတ် ကြေကွဲစိတ် မောင်နှင့်ပက်သက်သည့်
နှလုံးကြေကွဲလွမ်းဆွတ်စိတ်သည် တဖန်ဝင်ရောက်လာပေပြီ။

ပြီးတော့ ‘မောင်လေ’ဟူသော အသံစစ်စစ်
ဖြစ်နေပေသည်တကား။

မိန်းမအိုကြီးသည် လူယောင်ဖန်ဆင်းထားသော
နတ်မိစ္ဆာကြီးပေလော။

ရင်ထဲမှာ ရုတ်တရက် ဆို့နင့်သွားမိသည်။

မောင့်အရိပ် ဇော်ဇင့်အရိပ်ကို မြင်လိုမြင်ငြား
ကြိုးစားကြည့်သေးသည်။

မိန်းမအိုကြီး၏ မှုန်ဝါးဝါးအဖြူရိပ်သဏ္ဍာန်မြင်နေရသည်။
ရက်ပေါင်းများစွာ ကြာမြင့်စွာ မကြားရကြာပြီဖြစ်သော
နောင်သည်ဘဝမှာ ဘယ်တော့မှ
ပြန်လည်ဆုံတွေ့ရန် နောက်ထပ်တွေ့ရှိရန်
မဖြစ်နိုင်တော့သော မောင့်အသံ။

ကြေကွဲကောင်းလှသည်။သူမနောက်ထပ်မေးခွန်းတစ်ခုမေးရန်
ကြိုးစားလိုက်ရသည်။

“မောင် ဘာကြောင့် ရုတ်တရက် သေရတာလဲ”

“ရွှီ …ရွှီ…ရွှီ”

“ရွှီ…ရွှီ”

လေချွန်သံထွက်ပေါ်လာပြန်သည်။

ထို့နောက် မိန်းမအိုကြီးဆီမှ အသံ။

“မောင် ရေနစ်သေတာလေ မမ”

အို မောင်အသံမှ မောင့်အသံစစ်စစ်။
ဘုရား…ဘုရား…မောင်ရေနစ်သေတာတဲ့။
မောင် အသတ်ခံရတာ။
ပြီးတော့ ‘မမ’တဲ့ ။
သူမနှင့် ဇော်ဇင်ကြားရှိ အသုံးအနှုန်းတွေကို
မိန်းမအိုကြီးမသိနိုင်။
ဘယ်လိုမှ မသိနိုင်သော အသုံးအနှုန်း။

သူမ၏ ခန္ဓာကိုယ်မှ ထိန်းချုပ်ရမည့်
အသိတရားတစ်ခု ခန္ဓာကိုယ်မှ
ရုတ်တရက်လွင့်စဉ်သွားသည်။

ငိုချင်သောစိတ်ကို တားဆီးမရတော့။
ရင်ထဲမှာ ဆို့နင့်လာသည်။
‘ဟင့်’ခနဲ တစ်ချက်ရှိုက်လိုက်မိသည်။

ရုတ်တရက် လေချွန်သံတိခနဲရပ်သွားသည်။

“ဟယ် …မရတော့ဘူး။ထွက်သွားပြီ”

မိန်းမအိုကြီးဆီမှအသံ။စိတ်ပျက်လက်ပျက်
ဖြစ်သွားသည့်အသံ။

လေချွန်သံကား ပျောက်ကွယ်သွားလေပြီ။

မိန်းမအိုကြီးဆီမှ မီးခြစ်ခြစ်သံ ထွက်ပေါ်လာပြီး
အခန်းသည် ဝါကျင်ကျင် မီးရောင်ဖြင့်
ပြန်လည်လင်းလက်လာပြန်သည်။

“ဒီလို ဝိညာဉ်ဝင်ပူးပြီး မေးမြန်းနေချိန်မှာ
မငိုရဘူး သမီးရယ်။ငိုရင် ဝိညာဉ်ကမကြိုက်ဘူး။
ပြန်ထွက်သွားရော။ဘာဖြစ်လို့လဲဆို
သူတို့ခမျာ နောက်ဆန့်တင်းတယ်
ဒါကြောင့် မငိုပါနဲ့”

သူမရင်ထဲမှ စိုးရိမ်စိတ်ဖြစ်ပေါ်လာသည်။
သတိလက်လွတ်ဖြစ်သွားခြင်းပင်။

“ဒါဆို ဝိညာဉ်ကို ပြန်ခေါ်လို့မရတော့ဘူးပေါ့”

“ပြန်ခေါ်လို့ ရပါတယ် ။ စောစောကလိုပဲ
ထပ်ပြီး စောင့်ကြတာပေါ့ကွယ် ။
ဒီတစ်ခါ ဝိညာဉ်လာရင် မငိုပါနဲ့”

သူမခေါင်းတစ်ချက်ညိတ်လိုက်မိသည်။

“စိတ်ချပါအမေ ကျမ မငိုမိအောင် ထိန်းပါ့မယ်”

မိန်းမအိုကြီးသည် မီးခွက်ကို တစ်ဖန်ပြန်မှုတ်လိုက်သည်။
အခန်းသည် ရုတ်တရက် အမှောင်အောက်တွင်
နစ်ဝင်သွားပြန်သည်။

စက္ကန့်ပေါင်းများစွာ ကြာသွားသည်။

လေချွန်သံ တရွှီရွှီကြားလာရပြန်လေပြီ။
တစ်စတစ်စ နီးကပ်လာသည်။

တော်ပါသေးရဲ့။မောင်ပြန်လာပြီ။

သူမသည် ကြေကွဲစိတ်ဖြင့် ကျောက်တုံးတစ်တုံးကို
ငြိမ်သက်နေမိသည်။

“ရွှီ…ရွှီ…ရွှီ”

“ရွှီ…ရွှီ…ရွှီ”

လေချွန်သံသည် အိမ်ခေါင်မိုးမှတစ်ဆင့်
ပြတင်းပေါက်မှ ဝင်လာပြန်လေပြီ။
ထို့နောက် လေချွန်သံသည် တရွှီရွှီမြည်ကာ
သူတို့နှစ်ယောက်ကြားသို့ ဝင်လာသည်။

“ရွှီ…ရွှီ…ရွှီ”

“ရွှီ…ရွှီ”

သူမမေးခွန်းတွေမေးရန် သတ္တိကိုမွေးလိုက်သည်။

“ဆရာဝန်ဆေးစစ်ချက်အရ မောင်ရေနစ်သေတာ
မဟုတ်ဘူးလို့ ပြောတယ်”

မိန်းမအိုကြီးနှုတ်မှ ဇော်ဇင်အသံထွက်ပေါ်လာသည်။

“မောင်ရေထဲကို ဒိုင်ဗင်ထိုးချလိုက်ချိန်မှာ
ရေအောက်က ကျောက်ဆူးငုတ်နဲ့
လည်ပင်းကို ထိုးမိသွားတယ်။
မောင်ရေပေါ်ကို ပြန်မတတ်နိုင်တော့ဘူး။
အဲဒီဒဏ်ရာနဲ့ပဲ မောင်သေသွားရတာပါ…
မမ ဘယ်သူ့ ပယောဂမှ မပါပါဘူး”

သူမ တစ်ချက်တွေဝေသွားမိသည်။
မမတဲ့။
ရင်ထဲမှာ ဖြန်းခနဲ ဖြစ်သွားသည်။

“ဒါဆို မောင့်ကိုသူများလုပ်ကြံသတ်ဖြတ်တာ
မဟုတ်ဘူးပေါ့။မောင့်ဘာသာမောင်
ထိခိုက်မိပြီး သေတာပေါ့ဟုတ်လားမောင်”

“ရွှီ .…ရွှီ……ရွှီ”

မိန်းမအိုကြီးဆီမှအသံ

“ဟုတ်ပါတယ်။ဘယ်သူ ပယောဂမှ မပါပါဘူး။
မောင့်လုပ်ဖော်ကိုင်ဖက်တွေကို အထင်မလွဲပါနဲ့မမ။
အမှုကို ပြန်ရုတ်သိမ်းခိုင်းလိုက်ပါ”

သူမ ဘာဆက်ပြောရမှန်းမသိအောင် ကြေကွဲနေမိသည်။

ဇော်ဇင်အသံကို ရှင်လျက်နှင့် နားနှင့်ဆတ်ဆတ်မလွဲ
ကြားနေရသကဲ့သို့ ခံစားရသည်။

ယခု ချက်ချင်းပင် မျက်နှာချင်းဆိုင်
စကားပြောနေရဘိသကဲ့သို့ ရှိသည်။

သို့သော် ဇော်ဇင်၏ဘဝသည် မကျွတ်မလွတ်
အပ္ပါယ်ဘုံသားဘဝ။တစ်ဆင့်ကြားခံပုဂ္ဂိုလ်မှ
ပူးကပ်ကာ ပြောဆိုနေရသည့်ဘဝ။
ပြီးတော့ မှောင်နှင့်မည်းမည်းကြီးထဲမှာ
အသံသာကြားနေရသည်။

ထူးခြားဆန်းကြယ်လှသည့် အခြေအနေ။
ဒါပေမယ့် ဇော်ဇင့်အသံက အက်ကွဲတုန်ရီနေသည်ဟု
သူမ ခံစားရသည်။ယခုတော့
မှောင်နှင့်မည်းမည်းထဲမှာ ဇော်ဇင့်အသံတွေက
သူမ၏အူ အသည်းနှင့် သွေးသားနံရံတွေကို
မီးလျှံလက်သည်းတွေနဲ့ ကုတ်ခြစ်နေတာနှင့်တူသည်။

သူမ အံကြိတ်ထားမိသည်။
မငိုမိအောင် ရှိုက်သံမထွက်မိအောင် ထိန်းချုပ်နေမိသည်။

ထိန်းချုပ်ရသော အလုပ်သည် တောင်တစ်လုံးကို
နေရာရွှေ့ရသည့်နှင့် တူသည်။

လွန်မင်းစွာ ပင်ပန်းလှပါသည်။

မောင်ဝိညာဉ် မမြင်ရသည့်ဇော်ဇင့်ဝိညာဉ်။
သက်သောင်သက်သာ ရှိပါစေ။
သွားလမ်းလာလမ်းဖြောင့်ပြီး မွန်မြတ်တဲ့ဘုံဘဝ
ရောက်ပါစေ ။

နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ။

“မောင်အတွက် ဘာလုပ်ပေးရမလဲ ပြောပါ”

“ရွှီ…ရွှီ…ရွှီ”

“ရွှီ…ရွှီ…ရွှီ”

“မောင့်အတွက်ရည်စူးပြီး
ဘုန်းကြီးငါးပါးပင့် ဆွမ်းကပ်ပြီး သင်္ကန်းလှူပါ မမ”

“စိတ်ချ လုပ်ပေးမယ်မောင်
မောင်အခု ဘယ်မှာရောက်နေသလဲဟင်’

ရွှီ …ရွှီ…ရွှီ

ရွှီ ရွှီ ရွှီ

လေချွန်သံ အဆက်မပြတ်ထွက်ပေါ်လာပြန်သည်။

ညအမှောင်ကား ဆက်လက်စီးမျောနေဆဲပင်။

မိန်းမအိုကြီးဆီမှ အသံထွက်ပေါ်လာသည်။

“အဝေးကြီးကနေ မောင်လာရတာ
မောလိုက်တာ မမရယ်
မောင် ပြန်ချင်လှပြီ”

ထိုအခါ သူမပျာပျာသလဲ တောင်းပန်မိသည်။

“မောင်ရယ် နေပါဦး မောင်အခု ဘယ်မှာနေလဲ”

ရွှီ …ရွှီ

“မောင်အခု ရေနစ်တဲ့ ကမ်းပါးထိပ်က
လမုပင်ကြီးဆီမှာနေတယ်။
မောင်တစ်ယောက်တည်းမဟုတ်တော့ မဟုတ်ဘူး။
မောင်ထက်က အကြီးအကဲနဲ့ နေတယ်မမ
သူ့ခွင်ပြုချက်နဲ့ လာရတယ်။
သူ့အမိန့် မရဘဲ ဘယ်မှသွားလို့မရဘူး မမ။
မမ မောင်ပြန်ချင်လှပြီ မောတယ် ။ ခရီးဝေးတယ်”

“မောင့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ
လုပ်ပေးပါ့မယ်။သာဓုခေါ်နိုင်အောင် ကြိုးစားပါမောင်”

“စိတ်ချ မမရေ…မောင်သွားပြီ”

လေချွန်သံ ရပ်တန့်သွားသည် ။
သူမရင်ထဲမှာ ကွက်လပ်ကြီးတစ်ခုလို
လစ်ဟာ၍ ကျန်ရစ်ခဲ့သည်။

ရင်ထဲမှာ ပြောချင်သည့် စကားတွေ
ပြွတ်သိပ်ကြပ်ခဲနေသဖြင့်
ပါးစပ်ပေါက်မှ ထွက်မလာဘဲ
လည်ချောင်းထဲသို့ စကားလုံးတွေ
နောက်ပြန်လှည့်သွားခဲ့ပြီထင်သည်။

မိန်းမအိုကြီး၏ပတ်ဝန်းကျင်တွင်တော့
မူလအတိုင်း ပိန်းပိတ်ထူသည့်အမှောင်သာ
ဝန်းရံဖိပိုးထားသည်။

“မောင်ဇော်ဇင် ပြန်သွားပြီသမီး”

စကားသံနှင့် အတူ မိန်းမအိုကြီး၏
နွေးထွေးတည်ငြိမ်သော
မူလအသံထွက်ပေါ်ပြီး
မီးခြစ်ခြစ်သံ။

မီးခွက်ဝါဝါ လင်းလက်လာကာ
အခန်းသည် ပြန်လည်နိုးကြား၍
လာလေသည်။

ဇော်ဇင်နှင့် ယူဇနာပေါင်းများစွာ
ကွာဝေးသွားရပြီဟု ခံစားရသည်။

ဇော်ဇင်ဝိညာဉ် လွင့်စင်ထွက်သွားသည့်နှင့်
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အလွမ်းများ
ကြေကွဲမှုများဖြင့် ပြန်လည်အသက်ဝင်လာသည်။

ပန်းတစ်ပွင့်ကို မြားနှင့်အပစ်ခံရသကဲ့သို့
ခံစားရသည်။

“မောင် ပြန်သွားပါပြီကွယ်”

ထိုအခါမှပင် သူမ၏ပါးပြင်ပေါ်သို့
မျက်ရည်ပူတွေ တရဟော သွန်ကျလာတော့သည်။

အပြင်ဘက်တွင် ဆောင်းကောင်းကင်သည်
မိုးတိမ်များဖြင့် ဆိုင်းဖွဲ့အီနေပေသည်။

စူးရှလှသော နှင်းလေကြမ်းက
သစ်သားပျဉ်ချပ်တွေကြားမှ
ထိုးဖောက်စိမ့်ဝင်လာပြီး
လေ၏ အနံ့အသက်မှာ
လတ်ဆတ်မှုမရှိဘဲ ငြီးစီစီရနံ့မျိုး ဖြစ်နေပေသည်။

သေကွဲ ကွဲရခြင်းကို ရင်ဆိုင်ရန်
အဆင့်သင့်မဖြစ်သေးသော
သူမအဖို့ ဇော်ဇင်၏ အသံ။

အရိပ်များသည် ကြေကွဲဆိုနင့်စရာများချည်းပင်။

လွမ်းစရာများချည်းပင်တည်း။

သာယာလှပမည်ဟု ထင်ခဲ့ရသော
ချစ်ခရီးသည် ပန်းမဝင်ခင် မတိုင်မီ
လမ်းခုလတ်မှာပင် အရှုံးနှင့် လဲကျခဲ့ရသည်။

အရှုံးသည် နာလန်မထူနိုင်တော့။

မောင် ကောင်းရာမွန်ရာ ရောက်ပါစေ

XxXXX

ဇော်ဇင်တစ်စုံတစ်ယောက်၏
လုပ်ကြံခြင်း ခံရခြင်းဖြစ်မည်ဟု
ထစ်ထစ်ချ ယုံကြည်နေသော
သူမသည် ဇော်ဇင် ကွယ်လွန်နေရာသို့
သက်သေခိုင်ခိုင်မာမာ ရရန်
သွားခဲ့သေးသည်။

ရေကူးကျွမ်းကျင်သော လူတစ်ယောက်ကို
ရေငုပ်၍ဆင်းစမ်းစေရာ တံငါလှေပျက်
တစ်စီးကို ရေအောက်၌ တွေ့လိုက်ရသည်

လှေပျက်၏ ပတ်ပတ်လည်တွင် သစ်ငုပ်ချွန်းများ
သံဖြင့်ပြုလုပ်ထားသည့် ကျောက်ဆူးပျက်အဆွေးများ
ထိုးထိုးထောင်ထောင် ဖြစ်နေသည့်
သံတိုသံစများကို တွေ့လိုက်ရခြင်းဖြင့်
မမြင်ရသော ရေအောက်နစ်မြှုပ်နေသည့်
သံတိုသံစအငုတ်များ ။သစ်သားဆွေးစများက
ဇော်ဇင်၏အသက်ကို နုတ်ယူသွားဟန်ရှိသည်။

ရေကူးကျွမ်းကျင်သော ဇော်ဇင်သည်ရေနစ်မသေဘဲ
ဒိုင်ဗင်ထိုးစဉ် ရေအောက်ရှိ ပစ္စည်းတစ်ခုခုနှင့်
ပြင်းထန်စွာ ထိခိုက်ပြီး ရုတ်တရက်
သေဆုံးခြင်းမှတစ်ပါး အခြားမဖြစ်နိုင်တော့။

ဤသို့ဖြင့် ဇော်ဇင်၏အမှုသည်လည်း
ပိတ်သိမ်းလိုက်သည်။

XXXXXX

လောကတွင် ထူးဆန်းသောအရာများနှင့်
ပြည့်နှက်နေတတ်သည်။

နတ်ဝင်သည်(သို့မဟုတ်)နတ်လေချွန်၏
အကူအညီဖြင့် ဝိညာဉ်ပူးကပ်လာသောအခါ
မိန်းမအိုကြီး၏မူလအသံပြောင်းလဲခြင်း
တမလွန်သူနှင့် ပတ်သက်သည့်
ဖြစ်ရပ်များ ။ အမည် နေရပ် စသည့်တို့သည်
မယုံကြည်နိုင်လောက်ဖွယ်
တူညီနေခြင်းသည် မည်သို့ဖြင့်
အဖြေရှာမရသော အချင်းအရာများသာ
ဖြစ်နေပေသည်။

နတ်လေချွန်သည် နတ်အနွယ်ဝင်ပုဂ္ဂိုလ်လော။

ဒါမှမဟုတ်…

သရဲတစ္ဆေ ပတလောကမှ ပုဂ္ဂိုလ်လော…။

ယနေ့ ထက်တိုင် မည်သူမျှ တိတိကျကျအဖြေ
မထုတ်နိုင်သေးပေ။

ပြီးပါပြီ

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ