သုဇာတာ

မည်မျှကြာမည်ကို လူကြီးမင်း ခန့်မှန်း နိုင်ပါသည်။

ဖခင်ကြီးသည် ရေနွေးကြမ်းနှင့် စီးကရက်ကို မွေးကင်းစ ကလေးအား လက်ကမချနိုင်သော မိခင်ကဲ့သို့ ချစ်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ အိမ်သာတက်သောအခါတွင် ရေနွေးကြမ်း အိုးကိုပါ အိမ်သာထဲသို့ ယူသွားလေ့ရှိသည်။ ကျွန်တော်တို့ အိမ်သာသည် ကမ္ဘာပေါ်တွင် မရှိသော အိမ်သာ ဖြစ်ပါသည်။ အိမ်သာထဲတွင် ရေနွေးကြမ်းအိုးတင်သော စင်တစ်ခုကို ရိုက်ထား သောကြောင့် ဖြစ်ပါသည်။

ကောင်းပြီ… ဤမျှ အအား မနေတတ်သော ဖခင်ကြီး ၏ မန်နေဂျာ ဦးသက်ပြင်းမှာ မည်မျှ အလုပ်ဒဏ်အပိခံရမည်ကို စဉ်းစားကြည့်နိုင်ပါသည် မဟုတ်ပါလား။

သို့ရာတွင် ဦးသက်ပြင်းသည် ဖခင်ကြီး ခိုင်းသမျှကွက်တိ လုပ်နိုင်ကိုင်နိုင်၊ နောက်မှလိုက်နိုင်ရုံမက အားလပ်ချိန်မှာပင်လျှင် လိုအပ်သည် ထင်သမျှကို သူ့သဘောဖြင့် သူ လုပ်နေတတ်သူဖြစ်သည်။
သည်ကြားထဲက သူ့မိသားစု၏ အရေးအခင်း မှန်သမျှကိုလည်း ခရေစေ့တွင်းကျ လုပ်ပေးနိုင်စွမ်းရှိသူဖြစ်လေ သည်။ ကုန်ကုန်ပြောကြကြေးဆိုလျှင် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုသောစကားအတိုင်း သူ့အိမ်နောက်ဖေး ကွက်လပ်မှာ ပင်လျှင် ဘူးပင်၊ ချဉ်ပေါင်ပင်၊ ငရုတ်ပင် စသဖြင့် ကိုယ်တိုင် စိုက်ပျိုးထားလေသည်။

ကျွန်တော်အထက်တွင် ပြောပြခဲ့သောကာလ (ကျွန်တော် ချာတိတ်ဘဝ)သည် ရပ်ကွက်တိုင်း၌ အဖွဲ့အစည်းအသင်း အပင်း အလွန်ပေါများသောခေတ် ဖြစ်ပါသည်။

ဆိုပါစို့၊ မြန်မာ့ရိုးရာ အားကစားဖြစ်သော၊ ဆယ်ပေပတ် လည်လောက် မြေကွက်ရှိလျှင် အချိန်မရွေး ကစားနိုင်သော လူကြီးလူငယ်မဟူ တစ်ယောက်တည်းမှ ငါးယောက်အထိ ရှိလျှင်ပင် ကစား၍ ရနိုင်သော၊ ငွေကြေးအကုန်အကျလည်း သက်သာသော ခြင်းလုံးကစားခြင်းကိစ္စ၌ပင်လျှင် ရပ်ကွက်ခြင်းလုံး ဆပ်ကော်မတီဟူ၍ ဖွဲ့သည်အထိ။

ဤတွင် ကျွန်တော် ပြောချင်သည်မှာ အလွန်အလုပ်လုပ်သော ဦးသက်ပြင်း (ကိုသက်ပြင်း) ကို ထိုစဉ်က ရပ်ကွက်လူကြီးများ မျက်စိကျသွားခြင်းအကြောင်းပင် ဖြစ်ပါသည်။

ဟုတ်သားပဲ။ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင် အဆိုင် နိုင်ငံအတွက် အလုပ်လုပ်ပြကြရာ၌ ကိုယ့်ရပ်ကွက်တွင်း ရှိ အလွန်ကြိုးစားသော၊ အလွန်ဖျတ်လတ်သော အလွန်အလုပ် လုပ်သော လူငယ်လူရွယ်များ လိုအပ်နေသည်မဟုတ်ပါလား။

ထိုစဉ်က ကျွန်တော်တို့ နိုင်ငံသည် တစ်ဦးကောင်းတစ် ယောက်ကောင်းမဟုတ်ဘဲ လူကောင်းလူတော်ကောင်းများစွာကို စုပေါင်းစေ၍ အလုပ်ကို သဲကြီးမဲကြီး အဖွဲ့ အစည်းနှင့်လုပ်ရန် စတင် ခြေလှမ်းပြင်နေရသောအချိန် ဖြစ်ပါသည်။

သဘောကတော့ ကိုသက်ပြင်းလို လူငယ်လူရွယ်များ အလွန်လိုအပ်နေသော အချိန်၊ စတင်နေချိန်ကို ဆိုလိုပါသည်။

ဤတွင် ကျွန်တော်တို့ရပ်ကွက်မှ လူကြီးများသည် အလွန် ရိုးသားပြီး အလွန်ကြိုးစားသော ကိုသက်ပြင်းကို မျက်စိကျသွား လေတော့သတည်း။

တစ်နေ့တွင် ရပ်ကွက်လူကြီးများ ကျွန်တော့်ဖခင်ထံ ရောက်ရှိလာကြပါသည်။

“ဆရာကြီးခင်ဗျား၊ အကြောင်းကတော့ ဆရာကြီးဟာ အလွန်အလုပ်များသလို ဆရာကြီးတပည့် မောင်သက်ပြင်းဟာ လည်း အလွန်အလုပ်များပြီး အလွန်အလုပ်လုပ်တဲ့ လူ ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ သိထားကြပါတယ်။ ဒီတော့ဆရာကြီး ကိုလည်း ပြောရမှာ အားတော့ နာပါတယ်။ ဒါပေမယ့် ခု ကျွန်တော်တို့မှာ ပြဿနာတစ်ခု ပေါ်နေလို့ ဆရာကြီးဆီ လာပြီး အကူအညီတောင်းရတာပါပဲ”

“ကျွန်တော် ဘာကူညီရမလဲခင်ဗျာ”

“ဒီလိုပါဆရာကြီး မောင်သက်ပြင်းဟာ ငယ်စဉ် ကတည်းက သိုင်းပညာကို ကောင်းကောင်းတတ်ခဲ့တယ်လို့ ကျွန်တော်တို့ သိထားကြပါတယ်။ အခု ပြဿနာက လာမယ့်လ မှာ မြို့နယ်တစ်မြို့လုံး သိုင်းပြိုင်ပွဲကျင်းပဖို့ ရှိနေတဲ့အတွက် ရပ်ကွက်ထဲက သိုင်းဝါသနာရှင် လူငယ်လေးတွေကို မောင်သက်ပြင်းက သိုင်းပညာ သင်ပေးဖို့ ဆရာကြီးရဲ့ အချိန်ထဲက တတ်အားသရွေ့ ဖဲ့ ပြီး လိုချင်တဲ့သဘောပါပဲ”

“ဪ… မောင်သက်ကို အားတဲ့အချိန်လေးတွေမှာ လူကြီးမင်းတို့ဆီ လွှတ်ပေးဖို့ဆိုပါတော့”

“ဟုတ်ကဲ့ပါခင်ဗျာ၊ ဟုတ်”

“ဟာ… ဒါရပ်ကွက်ကိစ္စပဲ၊ ကျွန်တော် ကူညီရမှာပေါ့။ အားတဲ့အချိန်ရယ် မဟုတ်ပါဘူး။ လူကြီးမင်းတို့ကသာ အချိန် အတိုင်းအတာ သတ်မှတ်လိုက်ကြပါ။ အဲဒီအချိန်မှာ မောင်သက် ကို ကျွန်တော် ဘာမှ မခိုင်းဘူး”

ထိုအချိန်မှစ၍ ကိုသက်ပြင်းသည် အလိုလိုနေရင်း ကျွန်တော်တို့ ရပ်ကွက်၏ သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဖြစ်လာ လေတော့သည်။

ဤသည်၏ နောက်ဆက်တွဲဖြစ်ရပ်တို့သည်ကား ကိုသက်ပြင်းသည် ကျွန်တော်တို့ ရပ်ကွက်တွင်

အားကစား ကော်မတီဥက္ကဋ္ဌ။

လူမှုရေးဆပ်ကော်မတီဥက္ကဋ္ဌ။

ရွှေနားပန်ဘုရား ဝေယျာဝစ္စဥက္ကဋ္ဌ။

ရပ်ကွက် သာရေး၊ နာရေးဥက္ကဋ္ဌ…

စသဖြင့် ကြီးမားသော တာဝန်များကို နေ့မအား ညမအား ထမ်းဆောင်ရှာလေတော့သည်။

အထက်ပါ တာဝန်များကို ထမ်းဆောင်ရသည်မှာ မည်မျှ ပင်ပန်းမည်ကို လူကြီးမင်းများ သိနိုင်ပါလိမ့်မည်။ တစ်ဖက်ကလည်း စောစောက ပြောသလို အလွန်အလုပ်လုပ်သော ကျွန်တော့် ဖခင်ကြီး၏ လုပ်ငန်းတာဝန်များကလည်း လစ်ဟင်း၍ မဖြစ်ပြန်ပါချေ။

နောက်ဆုံးတွင် ကိုသက်ပြင်းသည် အသက်ကို ပြင်းပြင်း မရှူနိုင် ဆိုရလောက်အောင် ပင်ပန်းနွမ်းနယ်ရသော အခြေအနေသို့ ရောက်ရှိသွားပါတော့သတည်း။

ရက်မှလ၊ လမှ နှစ်သို့ ကူးပြောင်းလာခဲ့ရာ…။

တစ်နေ့သော နံနက်ခင်းတွင် ကိုသက်ပြင်းသည် ဘာစိတ် ကူးပေါက်သည်မသိ။ မြို့ထဲမှအပြန် သင်္ကန်းပရိက္ခရာရှစ်ပါး အစုံကို ဝယ်လျက် ကျွန်တော်တို့ ခြံရှေ့မှ ဒက္ခိဏာရုံဆရာတော် ဘုရားထံ တန်းတန်းကြီး ဝင်သွားလေသည်။

“ဟဲ့… မောင်သက်မဟုတ်လား”

“တင်ပါ့ဘုရား..”

”ပရိက္ခရာတွေ ဘာတွေနဲ့ ဘာများ ကိစ္စထူးလာသတုံး”

ဤတွင် ကိုသက်ပြင်းသည် မိမိလက်ရှိ ထမ်းဆောင်နေရ သော တာဝန်များကြောင့် အလွန်ပင်ပန်း နွမ်းနယ်နေပြီဖြစ်ပါ ၍ ဝါတွင်းသုံးလလောက် တရားဘာဝနာ စီးဖြန်းရင်း ကိုယ်ရောစိတ်ပါ အနားယူလိုသောသဘော၊ အေးမြသော တရားရိပ် ကိုလည်း ခိုလှုံချင်သော သဘောကြောင့် ရဟန်းဘောင်သို့ ခေတ္တသွတ်သွင်းပေးပါမည့်အကြောင်း လျှောက်ထားလေတော့သည်။

ထိုအခါ ဆရာတော်ဘုရားကြီးက

“ဟဲ့… မောင်သက်၊ မင်းသဘောကဖြင့် ကောင်းပါရဲ့ ကွယ်။ ဒါပေမယ့် မင်းဇနီးသည်က သဘောတူမှ ရဟန်းပြုလို့ ဖြစ်မှာကွ”

“တင်ပါ။ ဒီအကြံကိုလည်း သူပေးလိုက်တာပါပဲဘုရား”

ထိုအခါ ဆရာတော်ဘုရားကြီးသည် ပြုံးရယ်တော်မူ ၍

“ကိုင်း… ဘယ်တော့ ပြုချင်တာတုံး”

ဟူ၍ မေးမိန့်လေ၏။

“ခုပါဘုရား…”

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ရဟန်းဘောင်သို့ မဝင်မီ ရှင်သာမဏေ အရင်ပြုရ၏။ (အသက်အရွယ်ကြီးငယ် မဟူ)

ကိုသက်ပြင်းကား ရှင်သာမဏေ ဘဝသို့ ပထမဆင့် ရောက်သွားချိန်တွင်…

“အင်း… မင်း ရှင်သာမဏေ ဖြစ်သွားပြီ မောင်သက်၊ ဒီတော့ ကိုရင်ကို ဘွဲ့ပေးရတော့မယ်။ အင်း မောင်သက်ပြင်း သဟာသောကြာဆိုတော့ကွယ် ..ကိုင်း ကိုရင်သောမဏ”

ဆရာတော်က မိန့်လိုက်ချိန်တွင် ကိုသက်ပြင်းသည် ချက်ချင်း ဆိုသလိုပင် ဆရာတော်ကြီးအား ပျာပျာသလဲ ပြန်လျှောက်လေ ၏။

“မဟုတ်သေးဘူး ဘုရား၊ သက်ပြင်းဆိုတာက တပည့် တော်ရဲ့ ဆရာက ရုပ်ရှင်မင်းသားလုပ်ရင် သုံးဖို့ ပေးထားတဲ့ နာမည်ပါ။ တပည့်တော် နာမည်ရင်းက အောင်စိုးပါဘုရား။ တပည့်တော် တနင်္ဂနွေသားပါဘုရား”

ဆရာတော်ဘုရားသည် ပြုံးရယ်ခြင်း အမှုကိုလည်းမပြု၊ အံ့ဩခြင်းအမှုကိုလည်း မပြု။ ရိုးသားတည်ငြိမ် အေးဆေးသော အသံဖြင့် အောက်ပါအတိုင်း မိန့်ကြားလိုက်လေတော့သတည်း။

“အေး… ဒါဖြင့်လည်း လွယ်ပါတယ်ကွယ်၊ အင်း ကိုရင်ဥက္ကဋ္ဌ”

မှတ်ချက်။ ။ အထက်ပါ ဝတ္ထုသည် တကယ့်ဖြစ်ရပ်မှန်ဝတ္ထု ဖြစ်ပါသည်။ ကျွန်တော့် ဇာတ်လိုက်ဦးသက်ပြင်း(ကိုသက်ပြင်း) ဆိုသူကား အခြားဟုတ်ပါရိုးလား။ ယနေ့နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ကျွန်တော်၏ဆရာ ဦးသက်နောင်ပင် ဖြစ်ပါကြောင်း။