ငရဲလမ်းကလာသူ

ဟေ့ကောင် ငထွန်း ငြိမ်ငြိမ်နေစမ်းပါကွာ။ မင်းကိုကြည့်ရတာ ခေါင်းမူးနေပြီ”

“ ငြိမ်ငြိမ်နေလို့ရမလား အထဲမှာ ခင်မေ အော်နေတာ ငါဘယ်လိုနေရမလဲ”

“ ကလေးမွေးတာ ဒီလောက်တော့ရှိတာပေါ့ကွ၊ ငါ့မိန်းမမွေးတုန်းကဆိုရင် လက်သည်ဆံပင်တောင်အထွေးလိုက်ကျွတ်အောင်ဆွဲခဲ့တာကွ”

ကျော်ကြီး စကားကြောင့် ထွန်းတောက် ရယ်ကျဲကျဲနဲ့ အိမ်ရှေ့ကခုံပေါ်ထိုင်ချလိုက်တဲ့အချိန်

“ အူငဲ အူငဲ အူငဲ”ဆိုတဲ့အသံက အိမ်ထဲကနေ ထွက်လာခဲ့တယ်”

“ မွေး မွေးပီဟ …”

ထွန်းတောက်ကပြောရင်းဆိုရင်း အိမ်ပေါ်တက်ဖို့အလုပ် ကျော်ကြီးက အနောက်ကနေလှမ်းဆွဲပြီး

“ ဟေ့ကောင် အခုချိန်က တက်လို့မရဘူးလေကွာ ။ မင်းနဲ့တော့ ငါအတော်ညစ်နေပြီ”

ထွန်းတောက်ကတော့ လှေကားပေါ် တက်ရမလိုလို ဆင်းရမလိုလိုဖြစ်နေတဲ့အချိန် အိမ်ထဲကနေ လက်သည်မိန်းမထွက်လာပြီး

“ ငထွန်း နင့်မိန်းမက သားယောင်္ကျားလေးမွေးတယ်ဟဲ့”

“ ဟား ကျော်ကြီး ငါ အဖေ ဖြစ်ပီကွ မွေးတာကလဲ ယောင်္ကျားလေးတဲ့ အဟား ပျော်လိုက်တာကွာ”

ထွန်းတောက်က ကျော်ကြီးကို ဝမ်းသာအားရပြောနေတဲ့အချိန် လက်သည်မိန်းမကြီးထွက်လာပြီး

“ ငထွန်း အိမ်ထဲခဏလာဦး”

“ ဘာဖြစ််လို့လဲ အရီးသိန်း”

“ စကားရှည်လိုက်တာ လာဆိုလာခဲ့ပေါ့”

ထွန်းတောက် အိမ်ထဲရောက်သွားတဲ့အချိန်မှာတော့ ခင်မေက အနှီးထုပ်ထားတဲ့ကလေးကိုဖက်ပြီး တစ်ရှုံ့ရှုံ့နဲ့ငိုနေတာမြင််လိုက်ရတယ်။

“ခင်မေ ဘာဖြစ်လို့ ငိုနေတာလဲ ကလေးဘာဖြစ်လို့လဲ”

ထွန်းတောက်စကားကိုကြားတော့ ခင်မေက အနှီးကိုဖြည်ပြလိုက်ရာ တစ်ကိုယ်လုံး ဓါးခုတ်ရာလိုအမှတ်တွေပါနေတာကိုမြင်လိုက်ရတယ်။

“ ကလေးက ကျုပ်အိမ်မက်ထဲကအတိုင်းဖြစ်နေပီလားမသိဘူးနော်”

ခင်မေစကားကြောင့် ထွန်းတောက်က ကလေးကိုပွေ့ချီကာ
“ ဘယ်လိုဖြစ်ဖြစ်လေ တို့ဆီရောက်လာတော့ တို့ကလေးပေါ့ ။ အခြားဘာမှစိတ်ထဲမထားနဲ့ ဟော ကြည့်စမ်း မျက်နှာပေါက်က ငါ့မိန်းမနဲ့တူသလိုပဲ”

ထွန်းတောက်စကားကြောင့် ခင်မေ ငိုနေတာကိုရပ်လိုက်ပြီး နုနယ်နေတဲ့ကလေးရဲ့ပါးပြင်ကို ဖြေးညှင်းစွာနမ်းလိုက်ပါလေရော။
++++++++++

ထွန်းတောက်နဲ့ခင်မေလဲ မွေးလာတဲ့ကလေးကို လင်မယားနှစ်ယောက်လုံးနာမည်ပါအောင် ထွန်းခင်လို့ အမည်သညာပေးခဲ့ကြတယ်။

ထွန်းခင် ကိုယ်ပေါ်မှာပါလာတဲ့ အမာရွတ်တွေက လပြည့်လကွယ်နေ့တွေဆိုရင် ယောင်ယမ်းပြီးကိုက်ခဲလာတာကို လင်မယားနှစ်ယောက်လုံး သတိထားမိခဲ့ကြတယ်။ လူမှန်းသိတတ်စအရွယ်ရောက်တော့ ရွာအနောက်ဖက်ကိုင်းတောဘက်ကို လက်ညိုးထိုးပြီး“ ကြောက် ကြောက် “လို့ပြောပါလေရော။ တစ်ခါတစ်ရံ ကိုင်းတောဘက်ကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုတာကိုလဲကြုံတွေ့ခဲ့ရတယ်။

ထွန်းခင် အသက် လေးနှစ်အရွယ်ရောက်တော့ ရွာထဲကို ဆွမ်းခံကြွလာတဲ့ရသေ့တစ်ပါးက
“ ဒီကလေးရဲ့ ကံကြမ္မာက အဆိုးဘက်ရော အကောင်းဘက်ကိုရောသွားနိုင်တယ်။ အသက်၁၆နှစ်ပြည့်တဲ့နေ့ကို သတိထားကြပါ”လို့ထူးဆန်းစွာမိန့်ကြားခဲ့တယ်။

ထွန်းတောက်တို့လင်မယားလဲ ရသေ့ပြောတဲ့စကားကို အမှုမဲ့အမှတ်မဲ့နဲ့နေလာခဲ့တာ ထွန်းခင်အသက် ၁၆နှစ်ပြည့်ခါနီးအချိန်ကိုရောက်လာခဲ့တယ်။

“ ထွန်းခင် ထစမ်း …. မြန်မြန်ထစမ်း”

အိမ်ပေါက်ဝကနေ လှမ်းခေါ်လိုက်တဲ့အသံကြောင့် အိပ်ပျော်နေတဲ့ထွန်းခင် လန့်နိုးလာပြီးကြည့်လိုက်ရာ သူနဲ့လုံးဝခွဲမရအောင်တူတဲ့ လူတစ်ယောက်က အနက်ရောင်ဝတ်စုံကိုဝတ်ကာမတ်တပ်ရပ်နေတာကိုလရောင်အောက်မှာမြင်လိုက်ရတယ်။

“ မင်း မင်းက ဘယ်သူလဲ၊ ဘာလို့ ငါနဲ့ချွတ်စွတ်တူနေရတာလဲ”

“ အောင်မာ မင်းကအခုတော့ ငါ့ကိုမေ့ပြီပေါ့။ ဘာလဲ မင်းကိုယ်ထဲမှာရှိတဲ့ကောင်က ငါ့အကြောင်းတွေမေ့အောင် လုပ်ထားပြီနဲ့တူတယ်”

“ မင်း ဘာတွေပြောနေတာလဲ ငါ့ကိုယ်ထဲမှာ ဘာမှမရှိဘူး”

ထွန်းခင်စကားအဆုံးမှာ သူ့ကိုယ်ထဲကနေ အရိပ်လိုလိုအဖြူရောင်သဏ္ဍာန်တစ်ခုထွက်လာခဲ့တယ်။

သူနဲ့ထပ်တူနီးပါးတူတဲ့လူရိပ်နှစ်ခုက ဘေးချင်းယှဉ်ရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံအောင်ကြည့်ကာ

“ သူ့ဘဝကို အေးချမ်းစွာလျောက်လှမ်းခွင့်ပြုဖို့ သင့်အတွက်ခက်ခဲနေတာလား”

“ ဟားဟားဟား ဒီကောင်က အေးချမ်းစွာနေရမယ့်ကောင်မဟုတ်ဘူးလေ။ ထွန်းခင် ဒီမှာကြည့်စမ်း”

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပုံရိပ်အချို့က ရုပ်ရှင်ပြသလို ပီပီပြင်ပြင်ပေါ်လာခဲ့တယ်။

ပုံရိပ်ထဲမှာတော့ သူများသားပျိုသမီးပျိုတွေကို ဖျက်စီးနေတဲ့ပုံတွေအပြင် လူအချို့ကိုရက်ရက်စက်စက်သတ်ဖြတ်ပြီး ပစ္စည်းတွေကိုလုယက်ယူငင်နေတဲ့ပုံတွေကိုမြင်လိုက်ရတယ်။

“ကြည့်စမ်း ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲကို ချွန်ထက်နေတဲ့ဓါးသွားနဲ့ ဖြေးဖြေးချင်းထိုးချလိုက်တဲ့အရသာကိုမင်းပဲ ကြိုက်ခဲ့တာမဟုတ်လား”

အနက်ရောင်ဝတ်စုံနဲ့လူရဲ့စကားကြောင့် ထွန်းခင်မျက်လုံးအိမ်တွေတစ်ဖြေးဖြေးကျဉ်းလာပြီး နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးကာ

“ ဟုတ်တယ် လူသတ်ရတာ အရမ်းကိုပျော်ဖို့ကောင်းတယ်။ သူတို့ရဲ့ကြောက်လန့်မှုတွေက ငါ့အတွက်ခွန်အားတွေပဲ ဟက်ဟက် “

ထွန်းခင်က ခနဲ့တဲ့တဲ့ရယ်မောနေတဲ့အချိန် နားထဲမှာ ကယ်ပါယူပါတဆာဆာနဲ့ အော်နေတဲ့သူ့အသံကို ကြားလိုက်ရတယ်။

“ ထွန်းခင် ဒီဘက်ကို ကြည့်စမ်း၊ မင်းနဲ့အပေါင်းအပါတွေ ဘယ်လိုဖြစ်ခဲ့လဲ ပြန်ဆင်ခြင်ဦး” ဆိုတဲ့အသံကြောင့် ဘေးကိုကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ထွန်းခင်ရဲ့အနောက်မှာတော့ ကြောက်မက်ဖွယ်လူ့ဘီလူးတွေရဲ့ ခုတ်ထစ်သတ်ဖြတ်မှုကြောင့် ခြေဦးတည့်ရာအော်ဟစ်ပြေးလွှားနေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

“ ဟင် ပြေးနေတဲ့သူတွေထဲမှာ ငါထိပ်ဆုံးကဖြစ်နေပါလား”

“ ဒီမြင်ကွင်းကို အရင်က မြင်ဖူးခဲ့တယ်မဟုတ်လား။ အေး မင်းမေ့နေရင် ငါပြောပြမယ်။ ဒီမြင်ကွင်းက ကံ့ဘလူရွာပြင်လယ်ကွင်းထဲမှာ သွေးသံတရဲရဲနဲ့မေ့မျောနေတဲ့အချိန် မင်းမြင်ခဲ့ရတဲ့ နမိတ်အမြင်ပဲ”

“ကံ့ဘလူရွာ ဟုတ်လား ဒီနာမည်ကိုကြားဖူးသလိုပဲ…”ဆိုပြီးရေရွတ်နေတဲ့အချိန် မြင်ကွင်းအချို့က အာရုံထဲမှာ ထင်ရှားစွာပေါ်လာခဲ့တယ်။

တုတ်ဓါးလက်နက်တွေကိုင်ထားတဲ့ လူအချို့ရဲ့ အငြိုးကြီးစွာထုရိုက်နေတဲ့ဟန်တွေအပြင် “ကံ့ဘလူသားတွေကိုမှလာစမ်းတဲ့ ဓါးပြကောင် သေပေတော့”ဆိုတဲ့အသံနက်တွေက နားစည်ထဲကို ဝင်လာခဲ့တယ်။ ခဏနေတော့ ဆူညံနေတဲ့အသံတွေပျောက်သွားပြီး တရားရွတ်ဖတ်သံသဲ့သဲ့ကိုကြားလို့ကြည့်လိုက်တော့ သစ်ခေါက်ဆိုးသင်္ကန်းကိုဝတ်ထားတဲ့ ရဟန်းတစ်ပါးရဲ့ပုံရိပ်က အရှင်းသားပေါ်လာခဲ့တယ်။

ထွန်းခင်လဲ ရဟန်းတော်ရဲ့ပုံရိပ်ကိုမြင်တော့မှ သေခါနီးဆဲဆဲ ငါးပါးသီလခံယူခဲ့ပုံတွေကို ဝိုးတိုးဝါးတားမြင်လာခဲ့တော့တယ်။

“ ထွန်းခင် ဒီကောင်ပြောတာမယုံနဲ့ … မင်းလုပ်ခဲ့တဲ့အကုသိုလ်တွေက ငါးပါးသီလခံယုံနဲ့မကျေဘူး။ လာခဲ့ ငါနောက်ပြန်လိုက်ခဲ့…အရင်လိုဆိုးမိုက်ပြီး ဘဝကိုပျော်ပျော်နေသွားရအောင်”

အနက်ရောင်ဝတ်စုံနဲ့လူရဲ့စကားအဆုံးမှာ အဖြူရောင်ဝတ်စုံနဲ့လူက

“ အတိတ်ကအစွဲတွေကိုအဆုံးသတ်လိုက်တော့ ဘယ်အရာကမှန်လဲမှားလဲ သင်ကိုယ်တိုင်ဆုံးဖြတ်မယ့်အချိန်ရောက်နေပြီ။ ငါ့နဲ့လိုက်ခဲ့စမ်းပါ အရင်ကလုပ်ခဲ့တဲ့ အကုသိုလ်တွေကို အတူတူချေဖျက်လိုက်ကြရအောင်”

အိမ်ပေါက်ဝမှာရပ်ပြီး သူ့ဘက်ကိုယ့်ဘက်ဆွဲနေကြတဲ့ သူတွေကြောင့် ထွန်းခင် ခေါင်းကိုလက်နဲ့ဖိပြီး

“ သွား သွားကြ ထွက်သွားကြ တစ်ယောက်မှ ငါ့ဆီမလာနဲ့တော့” လို့အော်ဟစ်လိုက်တော့မှ ပျောက်ကွယ်သွားခဲ့တယ်။

ထွန်းခင်အနေနဲ့ ဒီလိုပြဿနာတွေကို လပြည့် လကွယ်နေ့တွေတိုင်းကြုံတွေ့လာခဲ့တယ်။ ဒီလိုဖြစ်ရပ်တွေပေါ်လာတဲ့အခါ တစ်ခါတစ်လေ မကောင်းမှုအကျင့်စရိုက်တွေကအနိုင်ရပြီး တစ်ခါတစ်လေကျတော့လဲ ကောင်းတဲ့စရိုက်တွေကအနိုင်ရခဲ့တယ်။

++++++++++

လူခြေတိတ်ဆိတ်တဲ့ညချမ်းအချိန်အခါမှာ အောင်မြတ်သာတို့ဆရာတပည့်တွေ အင်းဆွဲခြင်း၊ အင်းဆံချခြင်းအမှုကို ပြုနေခဲ့ကြတယ်။

အင်းကွက်ဆွဲနေတဲ့အချိန် နောက်ကျောဘက်ကနေ လူတစ်ယောက်တက်လာတဲ့အသံကို အောင်မြတ်သာကြားလိုက်ရပေမယ့် အင်းမပေါက်စေရန်အတွက် လှည့်မကြည့်ပဲ အင်းဆံကိုသာ စနစ်တကျထည့်သွင်းနေခဲ့တယ်။

အားလုံးပြီးစီးတဲ့အချိန်ရောက်တော့မှ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်ကျင်စွယ်တွေအပြည့်နဲ့ ရသေ့တစ်ပါးကိုမြင်တွေ့လိုက်ရတယ်။

“ ဘာအရေးကိစ္စများလဲ ရသေ့ကြီး”

အောင်မြတ်သာစကားကိုကြားတော့ရသေ့ကြီးက
“ ကုသိုလ်နဲ့အကုသိုလ် လွန်ဆွဲနေတဲ့ ကြိုးက အခုဆိုရင် အကုသိုလ်ဘက်ကိုအလေးသာနေခဲ့ပြီဆရာလေး”

“ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကျုပ်အနေနဲ့ ဘယ်လိုများဝင်စွက်ဖက်နိုင်ပါ့မလဲ”

“ ဆရာလေးတို့ ဝင်ပါခဲ့ရင် ကြိုးစက ကုသိုလ်ဘက်ကို ပြနါပါလာမှာအသေအချာပါပဲ”

“ ကျုပ်တို့ဘာကြောင့် ဝင်ပါရမယ်ဆိုတဲ့အကြောင်းပြချက်လေး တစ်ခုလောက်ပေးပါ ဘရသေ့”

“အဓိက အကြောင်းပြချက်က ဆရာလေးတို့ကူညီပေးနိုင်ခဲ့ရင် လာမယ့်သုံးဘဝအတွင်း ပထမပန်းတိုင်ကို သူေးာင်ပါလိမ့်မယ်”

ဘရသေ့စကားကိုကြားတော့ အောင်မြတ်သာ ဘာမှဆက်မပြောတော့ပဲ လွယ်အိတ်ကိုကောက်လွယ်ကာ

“ အကြောင်းပြချက် ခိုင်လုံတဲ့အတွက် ကမ်းလှမ်းမှုကို ကျုပ်လက်ခံပါတယ်”လို့ပြောကာ သက်ခိုင်နဲ့ တောက်ရကိုခေါ်ပြီး နေထိုင်ရာဇရပ်ထဲကနေ ညတွင်းချင်းထွက်လာခဲ့လိုက်တယ်။

အောင်မြတ်သာတို့ထွက်သွားတော့ ဇရပ်ပေါ်ကနေ ကြည်လင်အေးမြတဲ့ကြေးစည်သံနဲ့အတူ သာဓုခေါ်သံအချို့ပေါ်ထွက်လာခဲ့တယ်။
+++++++++++++++

နေ့လည်ခင်းနေကအရမ်းပြင်းတဲ့အတွက် ကံ့ကော်တောရွာမှာရှိတဲ့ ကလေးသူငယ်တွေက အရိပ်ရတဲ့အပင်တွေအောက်မှာ ပြေးလွှားဆော့ကစားနေခဲ့ကြတယ်။ ကလေးတွေနဲ့မလှမ်းမကမ်းမှာရှိတဲ့ ဇီးပင်အောက်မှာတော့ ဖျင်ကြမ်းအကျီကိုဝတ်ထားပြီး လွယ်အိတ်တစ်လုံးကိုလွယ်ထားတဲ့ အသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ဦးထိုင်နေခဲ့တယ်။

ရွာခံလူတွေကတော့ မျက်နှာစိမ်းလူကြီးကို ခရီးတစ်ထောက်နားနေတဲ့သူလို့ပဲမှတ်ယူပြီး ဘာသိဘာသာနေခဲ့ကြတယ်။ ရွာသားတွေသတိမထားမိကြပေမယ့် မျက်နှာစိမ်းလူကြီးကတော့ အိမ်ရှေ့ကွပ်ပြစ်မှာလဲအိပ်နေတဲ့ ထွန်းခင်ကို မျက်တောင်မခတ်တမ်း စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။ အတန်ကြာကြည့်ပြီးတဲ့အချိန် လက်နှစ်ဖက်ကိုပါးစပ်နဲ့တေ့ပြီးမှုတ်လိုက်ရာ အိပ်ပျော်နေတဲ့ ထွန်းခင် တစ်ယောက် ဆတ်ခနဲကောက်ထပြီး အသံကြားရာဘက်ကို လမ်းလျောက်လာခဲ့လိုက်တယ်။

ထွန်းခင်လဲ ဇီးပင်အောက်မှာထိုင်နေတဲ့လူကြီးအရှေ့ကိုရောက်တော့
“ ဟားဟားဟား ဘဝတွေဘယ်လိုပြောင်းပြောင်း ငါ့ရဲ့အချက်ပေးသံကို မှတ်မိနေတုန်းပါလား”

“ အဘက ဘယ်သူလဲ ဒီအသံကို ကျုပ်ရင်းရင်းနှီးနှီးကြားဖူးနေတယ်လို့ခံစားရတယ်”

ထွန်းခင်အမေးကို မျက်နှာစိမ်းလူကြီးက မဖြေပဲ လွယ်အိတ်ထဲကနေ ဆင်စွယ်အရိုးတပ်ထားတဲ့ဓါးမြောင်တစ်ချောင်းကိုထုတ်ကာ ကမ်းပေးလိုက်ပြီး

“ ဒီဓားမြောင်ကိုကိုင်ကြည့်ပါဦး”

ထွန်းခင်လဲကမ်းပေးတဲ့ဓါးမြောင်ကိုကိုင်လိုက်တဲ့အချိန် အသွေးအသားထဲကနေစိမ့်ခနဲဖြစ်သွားပြီး တစ်ခါမှမမြင်ဖူးတဲ့ပုံရိပ်ယောင်တွေအတွေးထဲမှာပေါ်လာခဲ့တယ်။

“ ဦးမန်းသာ ….”

“ ဟက်ဟက် ငါ့နာမည်ကို မင်းမှတ်မိသေးပါလား”

“ ကျွန်တော်က ဘယ်သူလဲ… နောက်ပြီး အဘကရော ဘယ်သူလဲ”

ထွန်းခင်စကားအဆုံးမှာ အနောက်ဘက်ကနေ

“ လူလေး ဘာလုပ်နေတာလဲ … လက်ထဲမှာလဲ ဓါးနဲ့ပါလား”ဆိုတဲ့အသံကြောင့်လှည့်လိုက်ရာ အလုပ်ကနေ ပြန်လာတဲ့ ဖခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ ကဲ မင်းသိချင်တာတွေရှိရင် မနက်ဖြန်ရွာအပြင်က ဇရပ်ကိုလာခဲ့ အဲဒီမှာငါရှိနေမယ်”

ထွန်းခင်လဲ မျက်နှာစိမ်းလူကြီးစကားကိုဘာမှပြန်မပြောပဲ ကိုင်ထားတဲ့ဓါးမြောင်ကိုပြန်ပေးကာ ဖခင်ဖြစ်သူထံ ထွက်လာခဲ့လိုက်တယ်။

“ ခုနက လူက ဘယ်သူလဲ လူလေး”

“မသိဘူးအဖေ ဒီတိုင်းလမ်းကြုံလို့ စကားစမြည်ပြောနေတာပါ”

“ အေးအေး နောက်ဆို ကိုယ်မသိတဲ့လူဆိုခပ်ဝေးဝေးနေဦး.. အော် ဒါနဲ့ နောက်နှစ်ရက်ဆိုရင် လူလေးအသက် ၁၆နှစ်ပြည့်ပီနော်။ အဲဒါ မင်းအမေက ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်ပေးဖို့စီစဉ်ထားတယ်”

ဖခင်ဖြစ်သူရဲ့စကားကို ထွန်းခင် အလိုက်သင့်ပြန်ပြောခဲ့ပေမယ့် စိတ်ကတော့ ရွာအပြင်ကိုထွက်သွားတဲ့သူဆီကိုရောက်နေခဲ့တယ်။

နောက်တစ်နေ့ အိမ်ကလူကြီးတွေ အလုပ်သွားတဲ့အချိန် ထွန်းခင်တစ်ယောက်ထဲ ရွာအပြင်ကဇရပ်ကိုထွက်လာခဲ့လိုက်တယ်။ ဇရပ်ပေါ်ကိုရောက်တော့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့လူကြီးက လက်ဖက်ရည်ကို နို့ဆီဘူးနဲ့ထည့်ပြီး

“ ရော့ မင်းအရမ်းကြိုက်တဲ့ လက်ဖက်ရည် သောက်လိုက်ဦး”

ထွန်းခင်လဲ မျက်နှာစိမ်းလူကြီးကမ်းပေးတဲ့လက်ဖက်ရည်ကို မော့သောက်လိုက်ပြီး
“ အဘက ကျုပ်ကိုပြောပြမယ်ဆိုတဲ့အကြောင်းက ဘာများလဲ”

“ ငါ့ကို အဘ အဘနဲ့မခေါ်ပါနဲ့ သူငယ်ချင်းရာ၊ မင်းမရှိတော့ ငါတို့အဖွဲ့တွေအကုန် တစ်ကွဲတစ်ပြားဖြစ်ကုန်တယ်။ မင်းကို ကံ့ဘလူရွာကလူတွေဖမ်းမိတယ်ကြားတော့ ငါတို့အမှီလာခဲ့သေးတယ်။ ဒါပေမယ့် မင်းအသက်ကို မမှီလိုက်ဘူးကွာ၊ ငါတို့လဲ မင်းကိုသတ်ခဲ့တဲ့ရွာကို မီးတင်ရှို့ပြီး လက်စားချေပေးခဲ့တယ်”

“ မဟုတ်သေးဘူးနော် အဘ ပြောနေတာတွေ ကျုပ်ဘာတစ်ခုမှနားမလည်ဘူးဖြစ်နေတယ်”

“ ဟုတ်သားပဲ မင်းကဘဝပြောင်းသွားတော့ အတိတ်ကအကြောင်းအရာတွေကို အကုန်ဘယ်သိနိုင်ပါတော့မလဲ၊ မင်းရဲ့ ကျောကုန်းမှာ စက်ဝိုင်းပုံစံအင်းကွက်တွေရှိသေးတယ်မဟုတ်လား”

“ အင်းကွက်တော့မဟုတ်ဘူး မွေးရာပါအမှတ်လို့တော့ အမေပြောဖူးတယ်”

“ အဲဒီအမှတ်ဆိုတာ ငါကိုယ်တိုင်မင်းကိုထိုးပေးခဲ့တဲ့ ကိုယ်လုံအင်းပဲ၊ မင်းကိုယ်ထဲမှာ ငါထည့်ပေးထားတဲ့အစောင့်တစ်ယောက်ရှိနေတာကိုရောသတိထားမိလား”

“ အစောင့် ဟုတ်လား…. လပြည့် လကွယ်နေ့တွေဆိုရင် ကျုပ်ဆီလာလာတတ်တဲ့သူနှစ်ယောက်ကိုပြောတာလား”

ထွန်းခင်စကားကိုကြားတော့ မျက်နှာစိမ်းလူကြီးက ကျောကုန်းကိုလှန်ကြည့်ပြီး

“ ငါ့အစီအရင်ထဲကို အဖျက်အင်းတစ်ခုထည့်ထားပါလား၊ ဒါကြောင့် မင်းရဲ့အသိစိတ်တွေက ထင်သလောက်မမာထန်တော့တာကိုး”

မျက်နှာစိမ်းလူကြီးက လွယ်အိတ်ထဲကနေ စာအုပ်အသေးတစ်အုပ်ကိုထုတ်ပြီးကြည့်ကာ
“ လာမယ့် နှစ်ရက်မြောက်နေ့က စန်းနက္ခတ်တွေစုံလင်မယ့်နေ့ပဲ၊ အဲဒီနေ့ညသန်းခေါင်အချိန်ရောက်ရင် မင်းကိုငါလာခေါ်မယ်”

“ ဘာလုပ်မလို့ ကျုပ်ကိုလာခေါ်မှာလဲ အဲဒီနေ့က ကျုပ်မိဘတွေနဲ့ဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖို့ရှိတယ်”

“ မင်းဘာသာအလှူလုပ်လုပ် ဘာလုပ်လုပ် ငါတို့အဖွဲ့ပြန်လည်ပေါင်းစည်းဖို့မင်းလာကိုလာရမယ်”

မျက်နှာစိမ်းလူကြီးရဲ့စကားအဆုံးမှာ ထွန်းခင်ရဲ့နာမည်ကို အော်ခေါ်နေတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

“ မင်းကိုအိမ်ကလူတွေလာရှာကြပီထင်တယ်၊ နောက်နှစ်ရက်ညသန်းခေါင်မင်းကိုဒီကနေစောင့်နေမယ်၊ သွားတော့”

မျက်နှာစိမ်းလူကြီးက ထွန်းခင်ကိုပြောပြီး လျင်မြန်တဲ့အရှိန်နဲ့ ဇရပ်ဘေးဘောင်ကိုလွှားခနဲခုန်ကျော်ကာ သစ်ပင်တွေကြားထဲကိုတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ထွန်းခင်လဲအိမ်ကလာရှာတဲ့သူတွေကို ပျင်းလို့လျောက်သွားနေတာပါဆိုပြီးလိမ်ပြောခဲ့တယ်။ ထွန်းခင်မွေးနေ့ရောက်တော့ ရွာဦးကျောင်းမှာရှိတဲ့ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူခဲ့တယ်။ ဆွမ်းကပ်ပြီးတဲ့အချိန် ဆရာတော်က ထွန်းတောက်တို့မိသားစုကိုခေါ်ပြီး

“ သူတို့က ဆရာတော်ပြောနေတဲ့ မိသားစုပဲကွဲ့”

ဆရာတော်စကားကြောင့် ဘေးမှာထိုင်နေတဲ့ လူသုံးယောက်က ပြုံးပြကာပြန်နှုတ်ဆက်ခဲ့တယ်။

“ငထွန်း ဒါကတော့ ငါရဲ့ဆရာဘဘုန်းရဲ့မိတ်ဆွေတွေပဲ၊ မင်းရဲ့သားအရေးနဲ့ပတ်သတ်ပြီး သူတို့ကိုတိုင်ပင်လို့ရတယ်”

“ တင်ပါဘုရား … တပည့်တော်တို့ သေချာပြောပြလိုက်ပါ့မယ်”

“ အေးအေး စကားအေးဆေးပြောကြဦး။ ဟဲ့မောင်ထွန်းခင် ကျောင်းအနောက်မှာ ကိုရင်တွေမနက်ဖြန်အတွက် ထင်းတွေခွဲနေတာ ကုသိုလ်ဝင်ယူလိုက်ဦး”

ဆရာတော်က ထွန်းခင်ကိုခေါ်သွားတဲ့အချိန် ကိုထွန်းတောက်က

“ ဆရာတော်မိတ်ဆွေဆိုတော့ ကျုပ်တို့ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့”

“ ရပါတယ် ကျုပ်တို့ကို မိသားစုလိုသဘောထားပြီး တိုင်ပင်လို့ရပါတယ်။ ကလေးက ဘာများဖြစ်နေလို့လဲ”

“ ဒီလိုပါဆရာ ကျွန်တော့်သားက မမွေးခင်ထဲက အိမ်မက်ထဲမှာ သွေးသံတရဲရဲနဲ့လူတစ်ယောက်အဖြစ်နဲ့ရောက်လာပါတယ်။ အဲဒီလူက … အဲဒီလူက..”

ကိုထွန်းတောက်က စကားပြောနေရင်း မခင်မေကိုလှမ်းကြည့်ကာ
“ အဲဒီအိမ်မက်ထဲကလူက ကျုပ်ရဲ့ဇာတိရွာဖြစ်တဲ့ ကံ့ဘလူရွာကို ဓါးပြဝင်တိုက်စဉ် ဖမ်းမိခဲ့တဲ့ ဓါးပြဗိုလ်စိန်သောင်း ဖြစ်နေခဲ့တယ်”

“ ကိုထွန်းတောက် ရှင်ဘာတွေပြောနေတာလဲ… ကျွန်မသားလေးက အဲဒီလူယုတ်မာ ဝင်စားတာမဖြစ်နိုင်ဘူး”

“ ခင်မေ စိတ်ကိုအေးအေးထားပါ၊ မင်း ကိုယ်ဝန်ဆောင်တုန်းက မက်ခဲ့တဲ့အိမ်မက်ကို ငါလဲမက်ခဲ့တယ်။ မင်းစိတ်ထိခိုက်မှာစိုးလို့မပြောပြခဲ့တာ။ နောက်ပြီး အခုဘဝမှာလူသစ်စိတ်သစ်ဖြစ်မလားဆိုပြီး စောင့်ကြည့်နေခဲ့တာ။ ဒါပေမယ့်…”

“ ပြောပါ ကိုထွန်းတောက် ဒါပေမယ့် ဘာဖြစ်လဲ”

“ အခုသူ သွားသွားတွေ့နေတဲ့သူကလဲ ဓါးပြအဖွဲ့ထဲက တစ်ယောက်ပဲ ကျုပ်တို့ဒေသကလူတွေကတော့ နတ်ဆရာလို့ခေါ်တယ်။ သူက ဓါးပြတိုက်ရမယ့်ကိစ္စအဝဝကို စီရင်ပေးတဲ့သူဖြစ်တဲ့အပြင် အင်းအိုင်လက်ဖွဲ့တွေဘက်မှာလဲ ဆရာတစ်ဆူဖြစ်တယ်လို့ ကြားဖူးခဲ့တယ်။ အခု သူက ကျုပ်သားကို မြူစွယ်ပြီး အတိတ်ကပုံရိပ်တွေပြန်သတိရအောင်လုပ်ဖို့ကြိုးစားနေတာကျုပ်သိတယ်”

“ နေပါဦး ဒီအကြောင်းအရာတွေသိတာ ဘာလို့ရွာကလူတွေကို အကူအညီမတောင်းရတာလဲ”

“ အခုချိန်ကျုပ်ပြောလိုက်ရင် သားလေးကို အန္တရာယ်ပြုမှာစိုးလို့ပါ။ နောက်ပြီး ကျုပ်က ကံ့ဘလူရွာသားတစ်ယောက်ဖြစ်တယ်ဆိုတာလဲ ဘယ်သူမှမသိစေချင်ဘူး”

ကိုထွန်းတောက် စကားကိုကြားတော့ မခင်မေက
“ ကံ့ဘလူတစ်ရွာလုံးကို ရက်ရက်စက်စက်သတ်ပြီး မီးတင်ရှို့ခဲ့တဲ့ဓါးပြအဖွဲ့ခေါင်းဆောင်က ကျုပ်သားလို့ ရှင်ပြောချင်နေတာလား၊ ကလေးက အတိတ်ဘဝမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုသူလိမ်မာနေပြီလေ၊ ဘာလို့အတိတ်ကိုပြန်တူးဆွချင်နေရတာလဲ”

မခင်မေရဲ့ ရှိုက်ကြီးတငင်ငိုကြွေးပြီးပြောတဲ့စကားအဆုံးမှာ
“ ဆရာတော် ဘုရား ဆရာတော်ဘုရား ထွန်းခင် ထွန်းခင် လူသတ်တော့မယ်ဘုရား” ဆိုတဲ့အသံကြောင့် ကိုထွန်းတောက်တို့လင်မယား ကျောင်းအနောက်ကိုပြေးသွားခဲ့တယ်။

အနောက်ကိုရောက်တော့ ထင်းခွဲတဲ့ဓါးမကို ကိုင်ပြီး လဲကျနေတဲ့ ကျောင်းသားတစ်ယောက်ကို ခုတ်ဖို့ဟန်ပြင်နေတဲ့ ထွန်းခင်ကိုမြင်လိုက်ရတယ်။ လဲကျနေတဲ့ ကျောင်းသားကတော့ ထွန်းခင်ကို ကြောက်လန့်တကြားမော့ကြည့်နေပြီး ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။

“ ဘယ်သူမှအနားမကပ်ကြနဲ့”

ဧည့်သည်တွေထဲက တစ်ယောက်က လှမ်းအော်ပြီး ဓါးမနဲ့ခုတ်ဖို့ပြင်နေတဲ့ ထွန်းခင်ရဲ့ကျောပြင်ကို လက်ဝါးနဲ့အားကုန်ရိုက်ချလိုက်တော့မှ သတိပြန်လည်လာခဲ့တယ်။

“ သက်ခိုင် ဒီကောင်လေးကို ကျောင်းပေါ်ခေါ်လာခဲ့”

ကျောင်းပေါ်ကိုရောက်တော့ ဆရာတော်က
“ ဒကာလေးတို့ပြောထားတဲ့အတိုင်း ဖြစ်လာတာပဲနော် ၊ ဟဲ့ ထွန်းတောက် ဒီကဆရာလေးတို့လက်ထဲအပ်လိုက် နင့်သားဖြစ်နေတာတွေပျောက်သွားလိမ့်မယ်”

“တင်ပါဘုရား အပ်ပါတယ် ယုံလဲယုံကြည်ပါတယ်”

“ ကဲ ဒကာလေးတို့ လုပ်စရာရှိတာလုပ်ကြ”

ဆရာတော်စကားအဆုံးမှာ ဧည့်သည်သုံးယောက်က ထွန်းခင်ကိုအလယ်မှာထားပြီး ဖိုခနောက်ဆိုင်ထိုင်ကာ ပတ်ပတ်လည်ကိုလက်ညိုးထိပ်နဲ့စည်းချလိုက်တယ်။

“ အခုချိန်ကစပြီး ကျုပ်အမိန့်မရပဲ စည်းဝိုင်းထဲကိုမည်သူမှ မဝင်ရ” လို့ပြောပြီး နှုတ်ကနေ ဂါထာတစ်ခုကို တီးတိုးရွတ်ဖတ်နေခဲ့တယ်။

ဂါထာရွတ်ဖတ်သံကျယ်လာတာနဲ့အမျှ ထွန်းခင်တစ်ကိုယ်လုံး လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လည်ပင်းကြောတွေထောင်တဲ့အထိ အော်ပါလေရော။ ခဏနေတော့ ပျို့တက်လာပြီး နီညိုရောင်အရည်တွေနဲ့အတူ စက္ကူလိပ်တစ်ခုအန်ထွက်လာခဲ့တယ်။

အဲဒီတော့မှ ထွန်းခင်တစ်ကိုယ်လုံးငြိမ်သက်သွားပြီး ပုံမှန်အတိုင်းဖြစ်သွားခဲ့တယ်။

“ ဆရာ ကျွန်တော်သားက ဘာဖြစ်တာလဲ”

“ သူ့ကိုစိတ်ရိုင်းဝင်ပြီးအသိစိတ်ပျောက်အောင် ပြုစားခဲ့တာ၊ ကျုပ်တို့သာမရှိရင် ဒီကလေး လူသတ်တရားခံဖြစ်ပြီ”

“ ကျုပ်သားကို သူတို့ဘက်ပြန်ပါအောင်လုပ်နေကြပြီထင်တယ်”

“ အခုတော့ဘာမှမဖြစ်တော့ပါဘူး ဒါပေမယ့် ကလေးရဲ့ကျောမှာပါတဲ့ မွေးရာပါအင်းကွက်ကိုတော့ အပြီးတိုင်ဖျက်စီးပစ်မှရမယ်။ ဒီအင်းကွက်ကိုစောင့်တဲ့ ပုဂ္ဂိုလ်က အဆိုးဘက်ကိုသွားတဲ့အတွက် မကောင်းမှုတွေလုပ်ချင်အောင် လှုံ့ဆော်နေလိမ့်မယ်”

“ ကျွန်တော်တို့ဘာလုပ်ပေးရမလဲ ပြောပါ”

“ ကလေးကို ဒီတစ်ညတော့ ကျုပ်တို့ဆီအပ်ခဲ့ပါ။ သူ့ကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေကို ဖယ်ရှားမှ နောင်ရေးစိတ်အေးရမယ်။ ဒီလိုမှမဟုတ်ရင် သင်တို့သားက ထိန်းမနိုင်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်”

“ ဆရာတို့ကိုယုံကြည်ပါတယ်။ ကျုပ်တို့သားလေး အခုလိုဖြစ်နေတာတွေပျောက်ကင်းအောင်ကုပေးပါဦးဗျာ”

“ ကဲ ဒါဖြင့်ရင် နောက်တစ်နေ့မှ ပြန်တွေ့ကြရအောင် ကျုပ်တို့လဲကလေးအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပါဦးမယ်”

“ ဒါဖြင့် ကျုပ်တို့ကိုခွင့်ပြုပါဦး၊ လူလေး ဆရာတို့ပြောတာနားထောင်နော်”

ကိုထွန်းတောက်တို့လင်မယားလဲ မောင်ထွန်းခင်ကိုမှာကြားပြီး နှုတ်ဆက်ကာပြန်သွားခဲ့ကြတယ်။

အဲဒီအချိန် အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကိုခေါ်ပြီး တာဝန်တစ်ခုကိုပေးအပ်ခဲ့တယ်။

+++++++++

ညလူခြေတိတ်ချိန်ဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းဝင်း တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသလို တစ်ရွာလုံးလဲ အပ်ကျသံပင်မကြားအောင် ခြောက်ကပ်နေခဲ့တယ်။

အဲဒီအချိန် ဘုန်းကြီးကျောင်းအနောက်ဘက်မြေကွက်လပ်ပေါ်မှာ ဖယောင်းတိုင်မီးအလင်းရောင်အချို့ပေါ်ထွက်လာခဲ့တယ်။

လေးထောင့်သဏ္ဍာန်ဖယောင်းတိုင်မီးရဲ့အလယ်မှာတော့ ထွန်းခင်က ငြိမ်သက်စွာထိုင်နေခဲ့တယ်။ မီးတိုင်တွေရဲ့အပြင်မှာတော့ အောင်မြတ်သာက မလှုပ်မယှက်ထိုင်ပြီး ကောင်းကင်ကိုမော့ကြည့်ကာ အချိန်တစ်ခုကိုစောင့်ဆိုင်းနေခဲ့တယ်။

ညတစ်ချက်ထိုးလောက်ရောက်တော့ စည်းဝိုင်းထဲမှာရှိနေတဲ့ ထွန်းခင်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

“ သူတို့ခေါ်နေပြီ ကျွန်တော်သွားမှဖြစ်မယ်”

“ ဒီစည်းအပြင်ဘက်ကို ထွက်လို့ရရင် သွားခွင့်ပြုပါတယ်”

အောင်မြတ်သာစကားကြောင့် ထွန်းခင်က ဖယောင်းတိုင်မီးတွေထွန်းထားတဲ့စည်းထဲကနေအပြင်ကို ကျော်ခွပြီးထွက်ဖို့အလုပ် မီးညွန့်တွေက လူတစ်ရပ်လောက်အထိမြင့်တက်လာခဲ့တယ်။

“ ငါတို့ပညာရပ်က မင်းကိုထွက်ခွင့်မပြုဘူးဖြစ်နေတယ်။ ဒီတော့ စည်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေပါ”

ထွန်းခင်လဲ ထွက်မရတဲ့အဆုံး စည်းထဲမှာထိုင်ချလိုက်ရာ ကျောဘက်ကနေ အသားကိုဓားနဲ့မွှန်းသလို ဖြစ်ပြီး မြေကြီးပေါ်လူးလိမ့်ပါလေရော။

“ ကျောပြင်တစ်ခုလုံး စပ်ဖြန်းဖြန်းနဲ့ နာနေတယ် အား ကျွတ်ကျွတ်”

“ မင်းအခုဝတ်ထားတဲ့င်္အကျီကိုချွတ်ပြီး ကျောကိုလှည့်ပြပါဦး”

အောင်မြတ်သာစကားကြောင့် ထွန်းခင်က အင်္ကျီကိုချွတ်ပြီးလှည့်ပြလိုက်ရာ မွေးရာပါအမာရွတ်တွေက ရောင်ကိုင်းပြီး ပြည်တွေပါတည်နေတာကိုမြင်လိုက်ရတယ်။

“ ဟိုဘက်ကလဲ မင်းစိတ်ကိုချုပ်ကိုင်ဖို့ ကြိုးစားနေပြီထင်တယ်”

အောင်မြတ်သာစကားအဆုံးမှာ ထွန်းခင်ရဲ့မျက်လုံးတွေ နီရဲလာပြီး မေးကြောတွေထောင်တဲ့ထိဖြစ်လာခဲ့တယ်။

“ အား အီး ဆရာ ကျွန်တော်မထိန်းနိုင်တော့ဘူး။ နားထဲမှာ ကျွန်တော်ကိုခေါ်တဲ့အသံကိုပဲကြားနေရတယ်”

“ အရမ်းကြီးကြောက်စိတ်မဝင်နဲ့ဦး၊ စိတ်ကိုတင်းထား”

အောင်မြတ်သာက ပြောနေရင်း ကောင်းကင်ကိုမော့ကြည့်လိုက် ထွန်းခင်ကိုကြည့်လိုက်နဲ့ ဖြစ်နေတဲ့အချိန် ခုနှစ်စင်ကြယ်တန်းနားမှာ ဖြတ်ခနဲပေါ်လာတဲ့ ကြယ်တစ်လုံးကိုမြင်လိုက်ရတယ်။

“ နက္ခတ်စုံတဲ့အချိန်ရောက်ပီမို့ ကိုယ်ထဲမှာရှိတဲ့ အင်းစောင့်တွေအကုန်ထွက်လာစေ” လို့ပြောလိုက်တဲ့အချိန် ထွန်းခင် ကျောကုန်းထဲကနေ အဖြူရောင်နဲ့ အမဲရောင် အခိုးငွေ့တွေ တိုးထွက်လာခဲ့တယ်။

တိုးထွက်လာတဲ့အခိုးငွေ့တွေက တစ်ခုနဲ့တစ်ခုမရောပဲ သီးခြားဖြစ်တည်နေတာကိုလဲ အံ့ဩဖွယ်ကောင်းအောင် မြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ အခိုးငွေ့တွေထွက်လာတာမြင်တော့ အင်းစမတွေရေးဆွဲထားတဲ့ ဘူးသီးခြောက်ရေဘူးကိုထုတ်လိုက်တဲ့အချိန် စည်းဝိုင်းထဲမှာရှိနေတဲ့ အမဲရောင်အခိုးငွေ့တွေက မီးညွန့်တွေကိုဖြတ်ဖို့ကြိုးစားပါလေရော။

မီးညွန့်တွေကလဲ အခိုးငွေ့ထိတာနဲ့ အဆမတန်ကြီးမားလာပြီး ထွက်ပေါက်လုံးဝမရှိအောင်ပိတ်ထားတော့ သူ့ခဗျာ စည်းဝိုင်းအတွင်းမှာလှည့်ပတ်ပျံသန်းကာ ထွက်ပေါက်ကိုလိုက်ရှာနေခဲ့တယ်။

အဲဒီအချိန် အောင်မြတ်သာက မီးညွန့်အချို့ကိုလက်ညိုးနဲ့မသိမသာဖယ်ရှားလိုက်ရာ အမဲရောင်အခိုးငွေ့တွေက ထွက်ပေါက်တွေ့ပြီအထင်နဲ့တိုးဝင်လာခဲ့တယ်။

အောင်မြတ်သာကလဲ ဖွင့်ပေးလိုက်တဲ့ လမ်းကြောင်းအဝမှာ အင်းစမတွေနဲ့စီရင်ထားတဲ့ဘူးသီးခြောက်ရေဘူးအဝကိုခံထားလိုက်ရာ အမဲရောင်အခိုးငွေ့တွေအားလုံး ရေဘူးထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားခဲ့တယ်။ အဲဒီတော့မှ ဘူးအဝကို ခုနှစ်ခွေနဂါးပတ်အင်းနဲ့အသေပိတ်ပြီး လက်နဲ့ဖိထားခဲ့တယ်။

ဘူးသီးခြောက်ရေဘူးထဲမှာ အနက်ရောင်အခိုးငွေ့တွေပိတ်မိပြီဆိုတာနဲ့ စည်းထဲမှာရှိတဲ့ထွန်းခင်ရဲ့ကျောပြင်ကနေ ညိုညစ်ညစ်သားရည်ပြားတစ်ခုအချပ်လိုက်ကွာကျလာခဲ့တယ်။

အဲဒီတော့မှ အောင်မြတ်သာက စည်းကိုလက်နဲ့သပ်ကာ ဖျက်ပေးခဲ့တယ်။ အဲဒီအချိန် ထွန်းခင်ရဲ့ ဦးခေါင်းပေါ်မှာဝေ့နေတဲ့ အဖြူရောင်အခိုးငွေ့တွေထဲကနေ ဒေါက်ချာဆောင်းထားတဲ့ ရသေ့တစ်ပါးရဲ့မျက်နှာတစ်ခုဖျတ်ခနဲပေါ်လာကာ ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီအချိန် ဘူးသီးခြောက်ရေဘူးက တဆတ်ဆတ်တုန်ခါလာတဲ့အတွက် ကိုးသိမ်ဝင်ပရိတ်ကြိုးနဲ့ ထပ်မံရစ်ပတ်ထားခဲ့ရတယ်။

“ ဆရာ ဆရာ ….”

ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ သက်ခိုင်နဲ့တောက်ရတို့ကိုမြင်လိုက်ရတယ်။

“ ဆရာပြောတာမှန်တယ် … အဲဒီလူကြီးက သူ့ပညာတွေအားလုံးကို ဒီကောင်လေးကိုယ်ပေါ်က အင်းကွက်ထဲထည့်ထားတာ”

“ ဒါဆို သူအခုဘာဖြစ်သွားလဲ”

“ ကျွန်တော်တို့ကြည့်နေတုန်း ဗိုင်းခနဲလဲကျသွားတာပဲ။ ဆရာက သူ့စည်းထဲမဝင်နဲ့ဆိုလို့သာ ကျွန်တော်တို့ပြန်လာခဲ့တာ”

“ မင်းတို့မြင်ခဲ့တဲ့သူရဲ့ ဝိဥာဉ်က ဒီဘူးထဲမှာပဲ၊ ဒါကြောင့် ဒီကောင်လေးကို သူ့မိဘတွေဆီ မင်းတို့ပဲပြန်ပို့လိုက်ကြ၊ ငါကတော့ ဒီဘူးကို အန္တရာယ်မရှိတဲ့နေရာမှာမြုပ်ဖို့လုပ်ရဦးမယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရက ထွန်းခင်ကိုတွဲခေါ်ကာ အိမ်ပြန်ပို့ပေးဖို့ထွက်သွားခဲ့ကြတယ်။ အဲဒီအချိန် ဘုန်းကြီးကျောင်းအနောက်ဘက် မြေနီလမ်းထဲကနေ ထွက်လာတဲ့ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။

“ ဘယ်လိုလဲ ဘရသေ့ ကျုပ်တို့တာဝန်ကျေတယ်မဟုတ်လား”

“ ဟက်ဟက် မင်းတို့ပဲဒီကိစ္စကို နိုင်နင်းတယ်ဆိုတာ ဝိဇ္ဇာချုပ်တွေကသိတယ်လေ။ ဒါကြောင့် ငါ့ကိုအိမ်မက်ပေးပြီး ပြောခိုင်းလိုက်တာပဲ”

“ ဒါနဲ့ ဒီလူငယ်ရဲ့အတိတ်က အကုသိုလ်တွေအရမ်းများတာ ဘယ်လိုကြောင့် လူဘဝပြန်ရောက်လာတာလဲ”

“ တကယ်တော့ ဒီဘူးထဲမှာရှိတဲ့သူကပဲ အားလုံးကိုထိန်းချုပ်သွားတာ၊ ရှင်းရှင်းပြောရရင် စိတ်ကိုအကုသိုလ်နဲ့ယဉ်ပါးအောင် တစ်ဖြေးဖြေးလုပ်ယူခဲ့တာပဲ။ ဓါးပြအဖွဲ့ခေါင်းဆောင်ကိုလိုသလိုခိုင်းစေနိုင်မှတော့ ရတဲ့ဝေစုကလဲ သူ့အတွက်မနည်းဘူးလေ။ ဒီလိုနဲ့ သူ့ကျောပြင်မှာရှိတဲ့အင်းအစွမ်းကို ပျက်ပြယ်အောင် ကံ့ဘလူရွာခံတွေက အခြားဆရာတစ်ယောက်နဲ့စီရင်ပြီး အမိဖမ်းခဲ့ကြတာ။ဒီကောင်လေးဖမ်းခံထိတော့ ရွာခံတွေက စိမ်ပြေနပြေထုရိုက်ပြီး သေပြီအထင်နဲ့ပစ်ထားတဲ့အချိန် ကံကောင်းချင်တော့ ကျုပ်နဲ့တွေ့ခဲ့တာ။ သွေးသံတရဲရဲနဲ့သေလုဆဲဆဲအချိန်မှာ ကုသိုလ်ရသလောက်လေးရသွားလဲ သူ့အတွက်အကျိုးမယုတ်ဘူးဆိုပြီး ငါးပါးသီလလေးတိုင်ပေးခဲ့တယ်။ အဲဒီအကျိုးကြောင့်ငရဲသွားရမယ့်သူက လူ့ဘဝပြန်ရောက်လာခဲ့တာပဲ၊ သူလူ့ဘဝပြန်ရောက်တယ်ဆိုတာသိတော့ ဒီလူပြန်ရောက်လာပြီး ဒုတိယအကြိမ်ခိုင်းစားဖို့ကြိုးစားခဲ့တာ၊ ဒါပေမယ့် သူမသိတာက သူပြုစားထားတဲ့အင်းထဲမှာ ငါ့ရဲ့တန်ပြန်အင်းရှိနေတယ်ဆိုတာပဲ”

“ ဘရသေ့က သေလုဆဲဆဲအချိန်မှာ တန်ပြန်အင်းထည့်ပေးခဲ့တာ ဒါကြောင့်ကိုး”

“ကဲကဲ စကားတွေများနေတာနဲ့ အကုသိုလ်ကောင်ကို ဘယ်လိုလုပ်ရမယ်ဆိုတာမေ့နေပါဦးမယ်”

“ မမေ့ပါဘူး ဘရသေ့ရယ် ဒီကောင်ရဲ့ဝိဥာဉ်ကို စတုမဟာရာဇ်အောက်ဘုံက နတ်ဘီလူးတွေဆီအပ်ပြီး ထိန်းသိမ်းခိုင်းထားလိုက်ပါမယ်”

“ မင်းတို့က အလုပ်ကိစ္စနောက်တစ်ခုဆက်လုပ်ရဦးမှာဆိုတော့ ငါပဲထိန်းသိမ်းခိုင်းလိုက်ပါ့မယ်”

ဘရသေ့စကားကြောင့် အောင်မြတ်သာလဲ လက်ထဲကိုင်ထားတဲ့ဘူးကိုကမ်းပေးလိုက်တဲ့အချိန် သက်ခိုင်နဲ့တောက်ရတို့ပြန်ရောက်လာခဲ့တယ်။

“ မင်းတပည့်တွေပြန်ရောက်လာပြီဆိုတော့ ကျောက်ဖားနှစ်ကောင်ရှိတဲ့နေရာကိုဆက်သွားကြပေတော့”

ဘရသေ့ရဲ့ထူးဆန်းတဲ့စကားအဆုံးမှာ အောင်မြတ်သာက ညင်သာစွာပြုံးလိုက်ပြီး ဘုန်းကြီးကျောင်းထဲကနေ ထွက်လာခဲ့လိုက်တယ်။

ခရီးဆက်လာရင်း ရွာအပြင်ဇရပ်နားကိုရောက်တော့ ဇရပ်ပေါ်မှာ လဲကျအသက်ပျောက်နေတဲ့ နတ်ဆရာရဲ့အလောင်းကို မြင်တွေ့လိုက်ရတယ်။

“ ဆရာ ကျွန်တော်တို့တစ်ခုလောက်မေးချင်လို့”

“ ဘာတွေများ စိတ်ထဲမတင်မကျဖြစ်နေတာလဲ ပြောကြပါဦး”

“ ခုနက ကောင်လေး ဒီဘဝကသေရင် ဘယ်ကိုရောက်နိုင်မလဲဆရာ”

သက်ခိုင်တို့အမေးကိုအောင်မြတ်သာက ချက်ချင်းမဖြေပဲ စဉ်းစားပြီးမှ
“ သေလုဆဲဆဲ ရခဲ့တဲ့ကုသိုလ်တစ်ပဲခြောက်ပြားရဲ့အရှိန်ကုန်ရင် လုပ်ခဲ့တဲ့အပြစ်တွေကို တစ်ဝကြီးပေးဆပ်ရဦးမှာ အသေချာပဲ”လို့ပြောကာ ထွက်သွားခဲ့တယ်။
.
အနောက်မှာကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ အတွေးကိုယ်စီနဲ့စဉ်းစားရင်း အောင်မြတ်သာအနောက်ကို ပြေးလိုက်သွားခဲ့ကြတယ်။

နောက်ဝတ္တုမှာတော့ ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့မိတဲ့ပြဿနာကို အောင်မြတ်သာတို့ဘယ်လိုကူညီကြဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် သိုက်စောင့်ကျောက်ဖားညီနောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)