ခင်ထားလည်းဖဲဝိုင်းထဲသို့ ဝင်ထိုင်လိုက်ပါတော့တယ်။ ခင်ထားရောက်သည်နှင့်ဖဲဝိုင်းကို စတင်လိုက်ကြပါတော့တယ်။ ပါလာတဲ့ငွေ၅၀၀၀ကိုအရင်းပြုပြီး ဆော့ကစားလိုက်တာ ခင်ထားတစ်ယောက် သောင်းဂဏန်းအထိအနိုင်ရနေပါတယ်။
ငွေလေးလက်ထဲရွှင်လာတော့ ခင်ထားလည်းဆော့ရတာအားရှိလာပါတယ်။
ဖဲကစားချိန်ကြာလာသည်နှင့် အလျောက်ခင်ထားတစ်ယောက် နိုင်ထားသည့်ငွေလေးတွေဆုံးဆုံးမြှုပ် ကုန်ဆုံးသွားပါတော့တယ်။ ဆက်ကစားဖို့ငွေမရှိတော့သဖြင့် မခင်ထားလည်းဖဲဝိုင်းကနေထပြီး ပြန်လာပါတော့တယ်။
===================
“ဪ,ပြန်လာပြီလား မယ်မင်းကြီးမ ဟမ်၊ထမင်းဟင်းမချက်ပဲ နင့်လင်ရှိတဲ့ဖဲဝိုင်းကိုပဲသွားမနေနဲ့။ အလုပ်ကပြန်လာရင် နင့်လင်ငါနဲ့ နင့်သားစားဖို့ထမင်းဟင်းချက်ရမယ် ဆိုတာလည်း နင်စဥ်းစားအုံး”
အိမ်ထဲဝင်ဝင်ချင်း ကြိမ်းမောင်းလိုက်
သည့် ကိုတက်တိုး အသံကပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်လာပါတော့တယ်။
“ဒီမှာကိုတက်တိုး ကျွန်မညစ်လာတာနော်၊စိတ်တိုအောင် လာမလုပ်နဲ့။ ရှင့်ဟာရှင်မြိုချင်ရင် ရှင့်ဟာရှင်ချက်ပေါ့ ကျွန်မကိုလာပြောမနေနဲ့၊ဒင်းတို့ကြောင့် ငါလက်ကီးကိုမကောင်းတာ။ အိမ်ရောက်တာနဲ့တပြစ်တောက်တောက် လိုက်ပြောနေတာ ကျက်သရေကယုတ်ပြီပေါ့”
“အောင်မာ,မင်းကပြောရတယ်ရှိသေး မင်းအသုံးမကျတာကို ပြောသင့်လိုကိုပြောနေတာ။ မင်းလုပ်တာမှန်နေရင် ငါကပြောစရာ ဘာအကြောင်းမှမရှိဘူးကွ။ ကိုယ်ကမှန်အောင်လည်းမနေဘူး ပြောပြန်တော့လည်း အောင်မင်းလွန်ရာကြအုံးမယ် သွားမီးဖိုချောင်ထဲမှာ ချက်လက်စဟင်းတွေသွားပြီးချက်ချေ”
“ဟင်း😒😒”
မခင်ထားလည်းဆောင့်အောင့်ကာ မီးဖိုထဲဝင်လာပြီး ချက်လက်စဟင်းကိုယောက်မနဲ့ နာနာခေါက်လိုက်ပါတော့တယ်။
“ဒေါက် ဒေါက် ဂေါက်”
“ခရမ်းချဥ်သီးချေတာ ဖြည်းဖြည်းချေဟေ့၊ဒယ်အိုးပေါက်ကုန် မယ်ဟ။
“ကျွန်မသိပါတယ်တော် ရှင်လျာမရှည်ပါနဲ့ “
“သိပြီးရောကွာ ဒယ်အိုးတစ်လုံးဘယ်လောက်မှတ်နေလဲ:
ကိုတက်တိုးလည်းမခင်ထားမခံ ချင်အောင်တမင်စနောက်ပြီးပြောလိုက် ပါတယ်။
==================
“ခင်ထားရေ ခင်ထား”
“ဘယ်သူလဲ”
“ဘယ်သူလဲမနေနဲ့ ငါ့အသံကိုတောင် မမှတ်မိဘူးလား”
“သြော်,မမိုးမိုးပါလား ဘာကိစ္စရှိလို့လဲမသိဘူး”
“နင်အခုမှအူကြောင်ကြောင်လုပ်မနေနဲ့ နင်ငါ့ဆီကနေချေးသွားတဲ့ပိုက်ဆံ၅၀၀၀ ၇ရက်ပြည့်ရင်ပေးပါ့မယ်လို့ နင်ကတိပေးထားတယ်။ အခု၇ရက်ပြည့်ပြီ ဘယ်မလဲပိုက်ဆံ၅၀၀၀”
“ဟိုလေ ဟို အဲ”
“တဟိုဟိုလုပ်မနေနဲ့ ပေးစရာရှိတာပေး ချေးတုန်းကပြုံးပြုံး တောင်းတော့မုန်းမုန်းလုပ်မနေနဲ့။ ငါလည်းဒီငွေကိုအလကားရထားတာမဟုတ်ဘူးအေ့၊ချွေးနဲ့ရင်းပြီးရှာထားရတာ။ အဲဒီနေ့ကနင့်သားနေမကောင်းတာ ဆေးခန်းပြချင်လို့ဆိုပြီးလာချေးသွားတာနော်၊သားသမီးချင်းကိုယ်ချင်းစာလို့ နင့်ကိုချေးလိုက်တာ အခုပြန်ပေးရမယ့် ရက်ရောက်မှဝှေ့လည်ကြောင်ပတ် လုပ်မနေနဲ့ အခုပေး”
“ပေး ပေးပါ့မယ် တစ်ရက်နှစ်ရက်လောက်တော့ စောင့်ပါအုံးမမိုးမိုးရယ်”
“မစောင့်နိုင်ဘူး မစောင့်နိုင်ဘူး ညည်းကိုငါကအတိုးမဲ့ချေးလိုက်တာ ဒီမျက်နှာကိုတော့ညည်းထောက်သင့်ပါ တယ်အေ။
“ဘာဖြစ်နေတာလဲ “
“ဘာမှမဖြစ်ပါဘူး ကိုတက်တိုးရဲ့”
“ဘာ ဘာမှမဖြစ်ရမှာလဲ ဒီမယ် တက်တိုး မင်းမိန်းမလွန်ခဲ့တဲ့ ၇ရက်က သူ့သားလေးနေမကောင်းလို့ ဆေးခန်းပြချင်လို့ဆိုပြီး ငါ့ဆီကနေ ငွေ၅၀၀၀ချေးသွားတယ်။ တစ်ပတ်ပြည့်ရင်ဆပ်ပါ့မယ်တဲ့ အခုတစ်ပတ်ပြည့်တော့ချေးထားတဲ့ ပိုက်ဆံပြန်မဆပ်ချင်တော့ အူကြောင်ကြောင်လုပ်နေတယ်လေ မင်းမိန်းမ”
“ဟင်,ခင်ထား သားကဘယ်တုန်းကဖျားလို့မင်းက ငွေသွားချေးတာတုန်းကွ။ ဪ,သိပြီမင်းဖဲရိုက်စရာမရှိလို့ မမိုးမိုးဆီကလိမ်လည်ပြီးချေးလာတာမလား”
“တိုးတိုးပြောပါ ကိုတက်တိုးရယ် ပတ်ဝန်းကျင်ကကြားသွားပါ့မယ်”
“ဘာအခုမှတိုးတိုးပြောပါလဲ ညည်းချေးထားတုန်းကဒီအသံလား ဟမ်”
“မမိုးမိုးရယ် သူချေးထားတဲ့ ပိုက်ဆံကိုကျွန်တော်ပေးပါ့မယ် ခဏလေးစောင့်ပါဗျာ”
“အေးပြီးရော”
ကိုတက်တိုးလည်းအိမ်ထဲဝင်သွားပြီး ခဏအကြာ၅၀၀၀တန်တစ်ရွက်ကို ကိုင်ပြီးထွက်လာပါတယ်။
“ရော့ ဒီမှာ၅၀၀၀ နောက်တစ်ခါသူ့ကိုပိုက်ဆံမချေးပါနဲ့ မမိုးမိုး”
“အေး,မင်းမိန်းမက တစ်ခါသုံးပဲ နောက်ဘယ်တော့မှ ငါ့ဆီလာမချေးနဲ့ သွားပြီ ဟွန်း”
“ကြွ ကြွ မြန်မြန်ကြ အဘွားကြီး သေမသေနိုင်ဘူး”
“ခင်ထား နင်သူများကိုအလကားနေရင်း သွားပြီးကျိန်ဆဲမနေနဲ့၊နင်လေအရှက်ကို မရှိဘူး။ သားသမီးမဖျားတာတောင် ဖျားပါတယ် ဆိုပြီးဖဲရိုက်ဖို့ငွေသွားချေးတယ်၊အံ့ပါရဲ့ဗျာ အံ့ပါရဲ့။ နင်အဲဒီဖဲကြပ်ကြပ်ရိုက် တစ်နေ့ဒုက္ခရောက်မယ်သိလား”
“ရောက်ရောက် ရောက်ပါစေ”
“ဒီမိန်းမပြောလေကဲလေပါလား ငါလက်ပါရင်နင်နာတော့မယ်”
မခင်ထားလည်းကိုတက်တိုးအား မျက်စောင်းထိုးပြီး အိမ်ထဲဝင်လာခဲ့ ပါတယ်။
=================
“ဟာအဖေ ပြန်လာပြီ လက်ထဲမှာလည်းစုဘူးအိုးကြီးနဲ့”
“ဟုတ်တယ်သားရဲ့ သားမွေးနေ့က မကြာခင်ရောက်လာတော့မှာဆိုတော့ သားအတွက်မွေးနေ့လေးလုပ်ပေးချင်လို့ ဆိုပြီး စုဘူးအိုးဝယ်လာသားရဲ့။ တစ်နေ့ကိုနည်းနည်း နည်းနည်း ထည့်သွားတာနဲ့ သားမွေးနေ့မရောက်ခင် ပြည့်သွားမှာကွ”
“ဟုတ် သားမွေးနေ့ကြရင် မွေးနေ့ကိတ်ကြီးရောခွဲမှာနော် အဖေ”
“ခွဲရမှာပေါ့သားရဲ့”
“အမယ်လေး ပလီနေလိုက်ကြတာ ပြောမပြောချင်ပါဘူး။
“သားမေမေကမနာလိုနေတာ ကြည့်ပါအုံး “
“အမယ် မနာလိုစရာလား”
“ငါ့မိန်းမအတွက်လည်း လက်ဆောင်ပါပါတယ်ကွာ ရော့”
“ဟယ်,ထဘီလေးပါလား ဒါကျွန်မအတွက်ဝယ်လာတာလား”
“အေးဟုတ်တယ်ငါ့လုပ်အားခလေးထဲကနေ မင်းကိုအပ်ပြီးပိုတဲ့ငွေလေးကို စုပြီးမင်းအတွက်ဝယ်လာတာ။ မင်းကြိုက်ရဲ့လား”
“ကြိုက်ပါတယ် မဆိုးပါဘူး ရွေးတတ်သားပဲရှင်က”
“ငါ့မိန်းမအတွက်ပဲ သေချာရွေးလာတာပေါ့ကွာ”
မခင်ထားလည်းထဘီအသစ်လေးကို ဖြန့်မကြည့်တော့ပဲ သေတ္တာထဲသို့ ထည့်ပြီးသိမ်းထားလိုက်ပါတော့တယ်။
===================
“ခင်ထား နင်တောင်ဝိုင်းမလာတာကြာပေါ့ မလုပ်တော့ဘူးလားဟ”
“အင်း,အခုရက်ပိုင်းငါ့လက်ထဲ ငွေမရှိလို့မလာဖြစ်တာပါအေ။ ဘယ်သူ့ဆီကမှလည်းချေးလို့ငှားလို့က ရတာမဟုတ်ဘူးအေ့။ အဲဒါကြောင့်အသာငြိမ်နေရတာ စိတ်ထဲရှိတဲ့အတိုင်းတိုဝိုင်းကိုနေတိုင်းလာချင်နေတာပါအေ”
“အခုဝိုင်းကတော်တော်မိုက်နေတာနော် နင်ညနေလာခဲ့ပါလားဟ။ နင့်အတွက်ကံကောင်းမှာပါဟ နင်ကအကျိုးပေးတယ်လေ”
“အေးဟယ် နင်ပြောမှငါစိတ်ဝင်စားလာပြီ ဘာပဲဖြစ်ဖြစ်ညနေတော့ ငါရောက်အောင်လာခဲ့မယ်အေ”
“အေးအေး ငါလည်းရှိနေမယ်သိလား”
မခင်ထားလည်းအိမ်ထဲဝင်ပြီး ဖဲဝိုင်းသွားရန်ငွေရဖို့အကြံထုတ်နေပါတော့တယ်။
“အင်း,ဟုတ်ပြီ”
မခင်ထားတစ်ယောက် အဝတ်သေတ္တာ အနီးသို့ရောက်လာပြီး သေတ္တာကို ဖွင့်လိုက်ပါတယ်။ ထို့နောက်ကိုတက်တိုးဝယ်ပေးထားတဲ့ ထဘီအသစ်လေးအားသေတ္တာထဲမှ ထုတ်ယူလိုက်ပါတယ်။
“အင်း,ဒီထဘီလေးတစ်ထည်တည်းနဲ့ ဝိုင်းကြေးကလောက်မှာမဟုတ်ဘူး။ ငါဘယ်လိုလုပ်ရပါ့”
“ဟာဟုတ်ပြီ”
မခင်ထားရဲ့ခြေလှမ်းများက စုဘူးအိုးဆီသို့ဦးတည်ပြီးလျှောက်လှမ်း လာပါတယ်။ စုဘူးအိုးကိုဖင်ဖောက်ပြီးအထဲမှ ပိုက်ဆံခေါက်လေးများကိုတစ်ရွက်ချင်း ဖြန့်ပြီးရေတွက်နေလိုက်တယ်။
“အမေ အဲဒါဘာလုပ်တာလဲ သားစုဘူးအိုးကြီးလေ”
“ငါ့ဟာငါဘာလုပ်လုပ် နင်လျာမရှည်နဲ့” “အမေ့ အဲဒါသားမွေးနေ့ကြရင် အဖေကကိတ်မုန့်လုပ်ပေးဖို့ စုထားတဲ့ ပိုက်ဆံတွေ အမေဖဲရိုက်ပစ်မလို့လား”
“ဟုတ်တယ်ဟေ့ ဟုတ်တယ် နင့်မွေးနေ့ကအရေးကြီးသလား ငါ့အလုပ်ကအရေးကြီးလားပြော။ မွေးနေ့ကမသေမခြင်းလုပ်ရတယ် ဖဲကပိုက်ဆံရှိမှရိုက်လို့ရတာဟဲ့ သဘောပေါက်”
“အမေ မလုပ်ပါနဲ့သားပိုက်ဆံတွေ ပြန်ပေးပါ အမေပြန်ပေးပါဗျာ”
“မပေးဘူးဟယ် ဖယ်စမ်း ငါ့ရှေ့က”
“အမေမလုပ်ပါနဲ့ နော် နော် ပြန်ပေးပါ” “ဒီခွေးကောင်လေး ပြောနေမရဘူး”
“ကဲ,ဟယ်”
“ဘုံး” “အား,
ကျွတ်ကျွတ်ကျွတ်”
မခင်ထားကသားဖြစ်သူကို ဆောင့်တွန်းလိုက်သဖြင့် ကြမ်းပြင်နဲ့ တံတောင်ဆစ်ရိုက်မိပြီး အထိနာသွား ပါတယ်။ သားဖြစ်သူလည်းလဲကျသည့် ဒဏ်ကြောင့်နာရသည်ကတစ်မျိုး မွေးနေ့အတွက်စုထားသည့် ပိုက်ဆံလေးကိုမိခင်ဖြစ်သူက အတင်းလုယူသွားသည့်အတွက်ကြောင့် ဝမ်းနည်းသည်ကတဖုံ မျက်ဝန်းထဲမှ မျက်ရည်များပင်ကျဆင်းလာပါ တော့တယ်။
=================
“မမြင့်တင် မမြင့်တင်”
“ဘယ်သူလဲဟေ့”
“ကျွန်မခင်ထားပါ”
“အိမ်ထဲဝင်ခဲ့လေ”
“ဟုတ်”
မခင်ထားလည်းမမြင့်တင်အိမ်ထဲ ဝင်လာခဲ့ပါတယ်။
“လက်ထဲမှာလည်းထဘီအသစ်ကြီးနဲ့ ဘာကိစ္စရှိလို့လဲ ခင်ထားရဲ့”
“ကျွန်မအရေးတကြီးငွေလိုနေလို့ ဒီထဘီလေးလာရောင်းတာပါမမြင့်တင်ရယ်။
“ဟဲ့,ညည်းကဘယ်လောက်နဲ့ ရောင်းချင်တာတုန်း”
“ကျွန်မမပြောတတ်ဘူးမမြင့်တင် မမြင့်တင်သင့်တော်သလိုသာပေးပါ ဒီထဘီကတစ်ခါမှမဝတ်ရသေးပါဘူးရှင်”
“အေးလေ,ညည်းကငွေလိုနေတယ်ဆိုတော့လည်း၊ငါကူညီရတာပေါ့ဟာ။ ထဘီလေးကမဆိုးဘူးအေ့ ငါလည်းသဘောကျလို့ဝယ်လိုက်ပါ့မယ် ၇၀၀၀ပဲပေးမယ်အေ ဘယ်လိုလဲ”
“ရ ရပါတယ်ရှင် အဆင်ပြေသလိုပေါ့” “ရော့၇၀၀၀ ငါလည်းသိပ်အဆင်ပြေတာမဟုတ်ဘူးအေ့”
“ကျေးဇူးပါရှင် ကျွန်မသွားအုံးမယ်နော်” “အေးအေး”
မခင်ထားလည်းငွေ၇၀၀၀ရသည်နှင့် အားရဝမ်းသာပြေးထွက်လာခံပါတယ်။ မခင်ထားရဲ့ခြေလှမ်းများက ဖဲဝိုင်းဆီသို့ ဦးတည်နေပါတော့တယ်။ ထဘီရောင်းရတဲ့ငွေများသားဖြစ်သူ စုဘူးအိုးထဲမှငွေများဖြင့် ဖဲရိုက်ရန် ထွက်လာခြင်းဖြစ်ပါတယ်။
“ဟဲ့,စကြတော့မလို့လား”
“သြော်,ခင်ထားလာ ညည်းမလာတော့ဘူးထင်လို့ ငါတို့က စကြတော့မှာအေ့။ ဒီမှာတခြားရပ်ကွက်ကလူသစ်တွေရော ပါတယ်အေ့၊သူတို့ကဆော့ချင်လွန်းလို့ ငါတို့ဝိုင်းကိုဟိုဘက်ရပ်ကွက်ကနေ ဒီအထိလာခဲ့ကြတာတဲ့”
“အင်း,လူများတော့ရေလျှံတာပေါ့အေ” “ကျွန်တော်တို့က ဝါသနာပါတယ်ဗျ ခက်တာကကျွန်တော်တို့ရပ်ကွက်မှာက ဒီလိုဝိုင်းကောင်းကောင်းမရှိဘူးဗျ။ ဒါကြောင့်ဒီကိုရောက်လာကြတာ”
“ကဲ,လူစုံပြီဆိုတော့စကြတာပေါ့ဗျာ” “ကဲ,လက်မနှေးပဲထိုးထားကြတော့” “လာပြီရော့ “
“ခင်ထားတို့ကတော့ ဒီနေ့တက်ကြွနေတယ်ပေါ့”
“ဟီးဟီး တက်ကြွဆို လက်ထဲမှာ ငွေရှိနေလို့လေ ဟားဟား”
မခင်ထားလည်းလက်ထဲငွေလေး ရှိနေသဖြင့်ကစားရသည်မှာ တက်ကြွ လန်းဆန်းနေပါတော့တယ်။ ===================
“သားရေ သား”
“အဖေပြန်လာပြီလား”
“အေးပြန်လာပြီ မင်းအမေရောဘယ်သွားလဲ”
“ဟို ဟို😔😔😔”
“သားဘာဖြစ်လို့လဲ မျက်ဝန်းထဲမှာလည်းမျက်ရည်စတွေနဲ့ ဘာဖြစ်လို့လဲကွ”
“အမေ အမေလေ သားအတွက်အဖေစုထားတဲ့ စုဘူးအိုးထဲကပိုက်ဆံတွေကိုယူပြီး ဖဲသွားရိုက်တယ်။ သားကတားတော့သားကိုတွန်းတယ် ဒီမှာအမေကြောင့်သားလက်ကအနာ”
“ဟင်,တောက်”
“တော်တော်အကြင်နာတရား ကင်းမဲ့တဲ့မအေပဲ။ သူမို့လို့လုပ်လည်းလုပ်ရက်တယ် သားသမီးအတွက်ရည်ရွယ်ထားတဲ့ စုဘူးအိုးထဲကပိုက်ဆံကိုမှ ဖင်ဖောက်ပြီး ဖဲရိုက်ရတယ်လို့ကွာ။ ပြန်လာရင်တော့ငါ့အကြောင်းသိကြ သေးတာပေါ့ကွာ”
ကိုတက်တိုးလည်းသားဖြစ်သူကို ပွေ့ဖက်ရင်းဒေါသဖြစ်နေပါတော့တယ်။ ==================
“ဟာ,ဒီနေ့တော့ခင်ထားပဲ စားနေရတယ်ဟေ့၊ကံဇာတာတွေတက်နေပြီခင်ထားတော့”
“ဟင်းဟင်း,ခင်ထားလေ ခင်ထား ခင်ထားကံကောင်းပြီဟေ့ဆိုရင် ဘယ်သူမှလိုက်လို့မမှီဘူးအေ့”
“ကဲ,ကံကောင်းတဲ့မခင်ထားကို လက်ထိပ်ခက်လိုက်ပါအုံး”
“ဟင်”
“ဟာ”
“ရဲ ရဲ တွေပါလား”
“တစ်ယောက်မှထွက်မပြေးပါနဲ့ ကျုပ်တို့ကတာဝန်အရလုပ်ဆောင် နေတာပါ။ ထွက်ပြေးဖို့မစဥ်းစားပါနဲ့”
“ဟဲ့,ညည်းပြောတော့ ဟိုဘက်ရပ်ကွက်ကလူတွေဆို အခုတော့ရဲတွေဖြစ်နေပါလား”
“ငါလည်းမသိဘူးလေသူတို့က ဟိုဘက်ရပ်ကွက်ကလို့ပြောတာကိုး ရဲတွေမှန်းငါမှမသိတာ”
“ကဲ,အပိုတွေပြောမနေကြနဲ့ ငြိမ်ငြိမ်စိမ်စိမ်နဲ့အဖမ်းခံပြီးစခန်းလိုက်ခဲ့ကြပါ”
မခင်ထားနှင့်အတူဖဲဝိုင်းအတွင်းမှာ ဆော့ကစားနေကြသည့်လူများ အရပ်ဝတ်နဲ့ဖဲသမားယောင်ဆောင်ပြီး လာဖမ်းခြင်းခံလိုက်ရပါတော့တယ်။
==================
“ဒီမိန်းမအခုထိပြန်မလာသေးဘူးကွာ ဘယ်များသွားသေနေသလဲမသိဘူး”
“တက်တိုးရေ တက်တိုး”
“ကိုခင်သိန်း အမောတကောနဲ့ ဘာဖြစ်လာတာလဲဗျ”
“မင်းမိန်းမ ခင်ထားလေ ခင်ထား”
“ခင်ထားဘာဖြစ်လို့လဲဗျ”
“ခင်ထားတို့ဖဲဝိုင်းကိုရဲတွေဖမ်းသွားကြပြီကွ။ခင်ထားလည်းအဖမ်းခံလိုက်ရတယ်ကွ”
“ဗျာ”
“ဟင်,အမေ့ကိုရဲဖမ်းသွားပြီဟုတ်လား အဖေ”
“သားလေးရယ်”
“ကျေးဇူးပါပဲ ကိုခင်သိန်းရယ် ကျုပ်စခန်းလိုက်သွားလိုက်ပါအုံးမယ်”
“အေးအေး ငါသွားတော့မယ်နော်” “ဟုတ်ကဲ့”
“သားအိမ်မှာနေခဲ့အုံးနော် သားတစ်ယောက်တည်းအိမ်မှာ မနေရဲရင်သားဘဘအိမ်ကိုသွားနေလိုက် နော်။ အဖေစခန်းလိုက်သွားလိုက်အုံးမယ်နော် သား”
“သားရောအဖေနဲ့လိုက်လို့မရဘူးလားဟင် “
“ရဲစခန်းဆိုတာက ကလေးတွေလိုက်ဖို့ မသင့်တော်ဘူးသားရဲ့ အိမ်မှာပဲနေခဲ့နော် သားကလိမ္မာပါတယ်သားရဲ့။
“ဟုတ်ကဲ့ ဒါတိုသားအိမ်မှာပဲ နေခဲ့ပါ့မယ်”
ကိုတက်တိုးလည်း သားကိုအိမ်မှာထားခဲ့ပြီး စခန်းကို ထွက်လာပါတော့တယ်။
===================
“ဆရာကြီး ကျွန်တော့်မိန်းမခင်ထားနဲ့ ခဏလောက်တွေ့ချင်လို့ ခွင့်ပြုပါဆရာ”
“ခင်ထားကမင်းမိန်းမကိုး မင်းမိန်းမအချုပ်ထဲမှာဖမ်းထားတယ် မင်းတွေ့ချင်ရင်ခဏတော့တွေ့လို့ရမယ် အချိန်တော့သိပ်မပေးနိုင်ဘူး။
“ဆရာမသိလို့မေးပါရစေ ကျွန်တော့်မိန်းမကိုအာမခံနဲ့ထုတ်လို့ ရမလားဆရာ။
“မရဘူးငါ့ညီရဲ့ မင်းမိန်းမကခိုက်ရန်ဖြစ်ပွားလို့ ဖမ်းထားတာမှမဟုတ်တဲ့အတွက် သူ့ကိုအာမခံပေးလို့မရဘူး။ ပိုဆိုးသွားတာက လောင်းကစားမှုလည်းဖြစ်တာက တစ်ကြောင်း၊ပြီးတော့အခုအချိန်က ရဲတွေအလုပ်ရှုပ်တဲ့အချိန်ကွ။ အထက်ကိုနှစ်ချုပ်အမှုတွေတင်ပြနိုင်ဖို့ ရှောင်တခင်ဖမ်းဆီးရေးတွေစနေပြီလေ ဒါကြောင့်မင်းမိန်းမကံဆိုးပြီး ပါသွားတာကွ”
“ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါပဲဆရာရယ် ဒါဖြင့်ကျွန်တော့်မိန်းမကိုသွားတွေ့လိုက်ပါဦးမယ်ဗျာ။
“အေးအေး”
ကိုတက်တိုးလည်း အချုပ်ခန်းအနီးကို ရောက်လာပါတော့တယ်။
“ခင်ထား ခင်ထား ဘယ်လိုဖြစ်ရတာလဲဟာ”
“ကိုတက်တိုးရှင်လိုက်လာတယ်နော်”
“မိန်းမအဆင်ပြေရဲ့လားလို့ငါမမေးတော့ဘူး၊အဆင်ပြေအောင်သာနေလို့ပဲ ငါပြောချင်တယ်ကွာ။
“ကိုတက်တိုး ကျွန်မဒီထဲမှာမနေချင်ဘူး ကျွန်မကိုထုတ်ပေးပါရှင်။ ကျွန်မနောင်တရပါပြီ အဟင့်အဟင့်ဟင့်
“မင်းအခုမှနောင်တရနေလည်း သိပ်နောက်ကျသွားပြီကွာ။ ဒါပေမယ့်မင်းပြန်ထွက်လာတဲ့အခါကြ လူသစ်စိိတ်သစ်နဲ့ ပြုပြင်နေထိုင်လို့ရတာပေါ့ကွာ။ သားလေးအတွက်ဘာမှစိတ်ပူမနေနဲ့ မင်းထက်ငါကငါ့သားလေးကို ပိုချစ်ပြီးပိုဂရုစိုက်ပါတယ်ကွာ”
“ကျွန်မလေ ရှင်တို့သားအဖအပေါ်ကို မိခင်တန်ပဲ ဆိုးသွမ်းခဲ့မိပါတယ်။ ကျွန်မကိုခွင့်လွှတ်ကြပါနော်”
“ခွင့်လွှတ်ပြီးသားပါမိန်းမရာ မင်းသာကိုယ့်ကိုယ်ကိုယ်ပြုပြင်နိုင်ရင် မင်းပြန်လာတဲ့အခါကြ ငါတို့မိသားစုလေးကသိပ်ကိုပျှော်ဖို့ ကောင်းမှာကွသိလား”
“ကျွန်မဆုံးဖြတ်ပြီးပါပြီရှင် နောင်ကိုဖဲလုံးဝမရိုက်တော့ပါဘူးလို့ ရှင့်ကိုကတိပေးပါတယ်ရှင်။
“ကောင်းပါပြီကွာ ငါမင်းဆီကိုမကြာမကြာလာခဲ့မယ် မင်းကြိုက်တတ်တဲ့ဟင်းလေးတွေလည်း ငါပို့ပေးမယ်နော်။
“အဟင့်အဟင့် ကိုတက်တိုးရယ် ကျွန်မဘာပြောလို့ပြောရမှန်း မသိတော့ပါဘူးရှင်၊ဒီအမိုက်မကြီးကို ခွင့်လွှတ်ကြပါလို့ နော်”
“အေးပါကွာ “
“ငါပြန်တော့မယ် ခင်ထား ဂရုစိုက်နော်”
“အင်းပါ”
အချုပ်တိုင်များကြားက မျက်ရည်များနဲ့ မခင်ထားတစ်ယောက် တရိပ်ရိပ်ထွက်သွားတဲ့ ကိုတက်တိုးကို ကြည့်ကာငိုနေပါတော့တယ်။ ====================
မခင်ထားတစ်ယောက်ကံမကောင်းစွာပဲ ထောင်၇လကျခဲ့ပါတယ်။
ထောင်ကျနေ
စဥ်ကာလအတွင်း ခင်ပွန်းဖြစ်သူကိုတက်တိုးက မခင်ထားကြိုက်တတ်သည့် စားသောက်ဖွယ်ရာများ ပင်ပင်ပန်းပန်းနှင့်သွားရောက်ပို့ဆောင် ခဲ့ပါတယ်။ အလုပ်တစ်ဖက် သားတစ်ဖက်နှင့်မို့ အမြဲမလာနိုင်ကြောင်းလည်း မခင်ထားကိုပြောပြပါတယ်။ မခင်ထားကလည်းသားအဖနှစ်ယောက်ကျန်းမာရေးကိုသာဂရုစေရန်မှာကြားပြီး မိမိအတွက်စိတ်ပူရန်မလိုကြောင်း ထပ်လောင်းပြောလိုက်ပါတယ်။ ကိုတက်တိုးလည်းကျန်းကျန်းမာမာ ရှိနေတဲ့ဇနီးကိုမြင်ရတော့ ဝမ်းသာနေပါ တော့တယ်။ ရက်မှလတို့တဖြည်းဖြည်းကုန်ဆုံး ခဲ့ပါပြီ၊မခင်ထားလည်းထောင်မှလွတ် လာပြီးမိသားစုနှင့်ပျော်ပျော်ရွှင်ရွှင် နေထိုင်ကာအရင်လိုလောင်းကစား မလုပ်တော့ပဲမိမိဘဝကိုပြောင်းလဲခဲ့ပါ တော့တယ်။ ပတ်ဝန်းကျင်လည်းမခင်ထားအပေါ် အမြင်ပြောင်းလဲလာခဲ့ပြီး၊မခင်ထား အဆင်မပြေရင်ကူညီမယ့်သူတွေ တဖြည်းဖြည်းနဲ့ပေါများလာပါတော့ တယ်။ ဟိုယခင်ကဆိုမည်သူကမှ မခင်ထားကို လွယ်လင့်တကူမညီရဲကြပါ။ အဘယ်ကြောင့်ဆိုသော် မခင်ထား၏ တစ်ခါသုံးစရိုက်ကြောင့်ဖြစ်ပါတယ် ချေးငှားပြီးရင်ပြန်မဆပ်တတ်တဲ့ မခင်ထားတစ်ယောက် ယခုတော့ အပြောင်းလဲကြီးပြောင်းလဲသွားပြီး လူရာဝင်လာပါတော့တယ်။ ဟိုယခင်ကမိမိပြလုပ်ခဲ့တဲ့လုပ်ရက်တွေကိုနောင်တရပြီးအချိန်မှီပြုပြင်နိုင်ခဲ့တာဟာမခင်ထားအတွက် ကောင်းမွန်သည့် ရလဒ်တစ်ခုကိုရခဲ့ပါတော့တယ်။
စာဖတ်သူများလည်း မိမိအမှားကို အချိန်မှီပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းကျွန်တော်အောင်ဓူဝံက ဒီဇာတ်လမ်းလေးကိုအဆုံးသတ်လိုက် ပါရစေခင်ဗျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
Leave a Reply