မင်းအောင်နှင့်ဆေးသူယောင်

ဝေါ..ဝေါ…ဝေါ. “

ဟူသောအသံများဖြင့်အတူ ကောင်းကင်ထက်၌ တိမ်စိုင်တို့သည်လည်း မိုးရိပ်မိုးငွေ့တို့ဖြင့် ဖုံးအုံးလျက်ရှိပြီး မဲမှောင်လာကာ မိုးများသည်လည်း သည်းထန်စွာရွာသွန်းလာ၏။၎င်းမိုးများရွာသွန်းနေသော စနေနေ့မနက်ခင်းတစ်ခု၌….

” အမယ်လေး သေပါပြီတော် “

” ညှစ်ထား ညှစ်ထားငွေပုရေ ကလေးကခေါင်းထွက်နေပြီ “

” အူဝဲ အူဝဲ အူဝဲ “

” မွေးပြီတော့ မွေးပြီ “

လက်သည်ဒေါ်စောမှ ကလေးမွေးပြီဟု ပြောသောအသံကို  မီးဖွားခန်းအပြင်မှစောင့်နေသော ကိုသန်းဇော်မှကြားလိုက်ရသဖြင့်…

” ဘာလေးမွေးလည်း မစောရေ “

” ယောက်ျားတော့ ယောက်ျားလေး “

” ဟုတ်လား ဝမ်းသာလိုက်တာဗျာ ကျုပ်လည်း သားယောက်ျားလေးလိုချင်နေတာဗျ ဒါနဲ့ကျုပ်မိန်းမငွေပုရောဗျ “

ကိုသန်းဇော်တစ်ယောက်လည်း ဇနီးဖြစ်သူဒေါ်ငွေပု၏အသံမကြားလိုက်ရသဖြင့် စိတ်ပူကာ လက်သည်ဒေါ်စောအား မေးလိုက်ခြင်းပင်ဖြစ်လေသည်။

” ရှင့်မိန်းမ ငွေပုလည်းနေကောင်းပါ့တော်ရေကလေးမွေးထားရတာ ပင်ပမ်းလို့မှိန်းနေတာ ဘာမှစိတ်မပူနဲ့ “

” ဒေါ်စောရေ ကျုပ်သားလေးက အင်္ဂါရောစုံရဲ့လားဗျ “

” အင်္ဂါစုံပါ့ကိုသန်းဇော်ရေ ရှင့်သားရွှေပန်းက အတော်လန်းနေတာ ဟား ဟား “

ကိုသန်းဇော်ရဲ့အမေးကို လက်သည်ဒေါ်စောမှ ရွှတ်နောက်နောက်ပြန်ဖြေလိုက်ချင်းပင် ဖြစ်လေသသည်။ ကိုသန်းဇော်နှင့်မငွေပုတို့ ဇနီးမောင်နှံနှစ်ယောက်တို့သည်လည်း ကလေးမီးထွက်ပြီးနောက် အမည်ပေးကင်ပွန်းတပ်ရန်နှင့် ကလေးဇာတာခွင်တွက်ရန်အတွက် ရွာဦးကျောင်းဆရာတော် ဦးတိဿထံသို့ သွားရောက်ခဲ့သည်။ ထိုအခါ ရွာဦးကျောင်းဆရာတော်ဦးတိဿမှ   ၎င်းကလေးအား ဇာတာခွင်တွက်ကြည့်ရာ…

   ” ဒကာကြီးသန်းဇော်ရဲ့ကလေးဟာ သိုက်ဖွားပဲ နတ္ခက်ကတော့ နတ်နတ္ခက်ပဲကွဲ့ “

  ” တင့်ပါ့ဘုရား တပည့်တော်သားလေးကို အရှင်ဘုရားပဲ သင့်တော်ရာအမည်ကိုမှည့်ပေးပါဘုရား “

” ဒကာကြီးရဲ့သားက စနေသားလည်းဖြစ်ပြန် သူ့ကိုမွေးဖွားတဲ့အချိန်က ရေတက်မြေတက်လည်းဖြစ်နေတော့က ဘုန်းကြီးအနေနဲ့တော့ မောင်ထွန်းလို့ အမည်ပေးချင်တယ်
ဒကာကြီးတို့ရဲ့သဘောရော “

  ” တပည့်တော်တို့ကတော့ အရှင်ဘုရားပေးတဲ့အမည်ကို သဘောကျပါတယ်ဘုရား “

” အိမ်းကွဲ့ ဒကာကြီးတို့သားရဲ့ ဇာတာအရဆိုရင် ဒီကလေးဟာကြီးလာရင် ဘုန်းကြီးသို့မဟုတ် အကြီးအကဲ ဆရာသမားတစ်ယောက်ယောက်ဖြစ်လိမ့်မယ်ကွဲ့ ဒကာကြီးတို့အနေနဲ့ ဒီကလေးကိုသေချာပြုစုပျိုးထောင်ပေးစေချင်တယ် “

” တင်ပါ့ဘုရား တပည့်တော်တို့သားလေးမောင်ထွန်းကို သေချာပြုစုပျိုးထောင်မှာပါဘုရား တပည့်တော်တို့လင်မယားနှစ်ယောက်မှာလည်း သားသမီးရတနာဆိုလို့ သားလေးမောင်ထွန်းတစ်ယောက်ပဲ ရှိပါတယ်ဘုရား “

ကိုသန်းဇော်နှင့်မငွေပုတို့ လင်မယားနှစ်ယောက်လည်း ဆရာတော်ဦးတိဿအား ကန်တော့၍ မိမိနေအိမ်သို့ပြန်လာခဲ့လိုက်သည်။ ဤသို့ဖြင့် ရက်ကိုလစား လကိုနှစ်စားဖြင့် မောင်ထွန်းလေးသည် ၇နှစ်သားအရွယ်သို့ပင် ရောက်လာခဲ့လေသည်။ မောင်ထွန်းလေးသည် တစ်ခြားကလေးများလို အစားမက်ခြင်း၊ ကစားမက်ခြင်းများမရှိပေ။ လူမှန်းသိတတ်စအရွယ်၌ပင် တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်းများပြုလုပ်ကာ အရွယ်ဖြင့်မလိုက်အောင်ပင် ဘာသာရေးကိုင်းရှိုင်းပြီး
ယဉ်ကျေးလိမ္မာ၏။
ကိုသန်းဇော်နှင့်မငွေပုတို့လင်မယားနှစ်ယောက်သည်လည်း ယဉ်ကျေးလိမ္မာနေသော သားဖြစ်သူ မောင်ထွန်းလေးအားကြည့်ကာ ပီတီများဖြာနေ၏။ ဒေါ်ငွေပုမှ…

” ကိုသန်းဇော်ရေ တို့သားလေးက ရှေ့ရက်ထဲဆို ၇နှစ်ပြည့်ပြီနော် “

” အေးလေငွေပုရ နောက်ရက်ဆိုငါတို့သားလေး ၇နှစ်ပြည့်ပြီလေ “

” ကျုပ်ပြောချင်တာကဒီလိုတော့ သားလေးမောင်ထွန်းကို ကိုရင်စည်းပေးမလားလို့
သားကကျုပ်ကို ကိုရင်ဝတ်ချင်ကြောင်း ခနခနပူဆာနေတာတော့ “

” အေးကွ မင်းပြောမှငါလည်းသတိထားမိတယ် ငါတို့သားလေးက သူများကလေးတွေလို အဆော့မက်အစားမက်တာတွေမရှိဘူး ဘာသာရေးလည်းကိုင်းရှိုင်းတယ် အဲဒီတော့သားလေးမောင်ထွန်းစိတ်တိုင်းကျ ကိုရင်စည်းပေးလိုက်တော့မယ် မိန်းမရေ “

ထိုသို့ဖြင့် ကိုသန်းဇော်တို့ လင်မယားနှစ်ယောက်လည်း သားဖြစ်သူမောင်ထွန်းအား ရွာဦးဆရာတော်ဦးတိဿထံ၌ ကိုရင်စည်းပေးလိုက်၏။ ဆရာတော်ဦးတိဿမှ မောင်ထွန်းလေးအား နန္ဒမာလာဟူသောဘွဲ့အမည်ပေးပြီး စာပေများအားသင်ကြားပေးလျက်ရှိလေသည်။ကိုရင်လေးနန္ဒမာလာသည် တစ်ခြားကိုယ်ရင်များထက် ဥာဏ်ပညာထက်ပြီး စာပေအရာမှာအလွန်ပင်ထူးချွန်လေ၏။ သို့ပေမဲ့ ကိုရင်လေးနန္ဒမာလာသည် ဗုဒ္ဓစာပေများသင်ရာတွင် ဝါသနာနည်းပြီး လောကီစာပေများသင်ယူနိုင်ရန်သာ အားသာလေသည်။
ထိုသို့ဖြင့် အသက်၁၂နှစ်အရွယ်သို့ရောက်သောအခါ ကိုရင်လေးသည် ဆရာတော်ဦးတိဿအား ဗေဒင်ပညာရပ်များကို မိမိအားသင်ကြားပေးရန် ပူဆာလေသည်။ ဆရာတော်ဦးတိဿလည်း မိမိတပည့်ဖြစ်သော ကိုရင်လေးနန္ဒမာလာ၏ ရှေ့ရေးအားမျှော်တွေးကာ ဗေဒင်ပညာများအား မိမိတတ်ကျွမ်းထားသော မဟာဘုတ်တိုင်ထခြင်း၊ဇာတာဖွဲ့ခြင်း၊ ယတြယာပေးခြင်း၊ သက္ကင်းထည့်ခြင်း၊ ဓာတ်ဆင်ခြင်းများပါမက အင်္ဂဝိဇ္ဇာပညာရပ်များပါမကျန် ဆရာစားမချန်ပဲ တပည့်ဖြစ်သူကိုရင်လေး နန္ဒမာလာအား သင်ကြားပေးလေသည်။

ကိုရင်လေးနန္ဒမာလာသည်လည်း မိမိဝါသနာပါရာ နှစ်သက်သောပညာရပ်များအား ဆရာတော်ဦးတိဿထံမှ လေ့လာသင်ယူနေရသဖြင့် အပျော်ကြီးပျော်နေ၏။ ဒီလိုဖြင့် ရက်ကိုလစား လကိုနှစ်စား၍ ကိုရင်လေးနန္ဒမာလာ၏အသက်ပင် ၁၆နှစ်ထဲသို့ဝင်လာသည်။

နေ့တစ်နေ့၏ညတစ်ည၌ ကိုရင်လေးသည် အိမ်မက်ဆန်းတစ်ခုအား မြင်မက်ခဲ့လေသည်။ ၎င်းအိမ်မက်မှာ ဝတ်ဖြူစင်ကြယ်နှင့်အဖိုးအိုတစ်ဦးသည် ကိုရင်လေးအား မိမိတို့နှင့်လာနေ၍တရားအားထုတ်ရန် လာရောက်ခေါ်ဆိုသော အိမ်မက်ပင်ဖြစ်လေသည်။
ထို့နောက်ကိုရင်လေးသည် အလားတူအိမ်မက်မျိုးကိုပင် ညစဉ်ဆက်တိုက်ဆိုသလို မြင်မက်လာလေသည်။တစ်ချို့အိမ်မက်များတွင် ကိုရင်လေး၏ အတိတ်ဘဝဇာတ်ကြောင်းများပင်ဖြစ်၍ ကိုရင်လေးသည် မိမိအတိတ်ဘဝက လောကီအထက်လမ်းဆရာတစ်ယောက်ဖြစ်ခဲ့ကြောင်း သမထတရားများကျင့်ကြံခဲ့ပုံများအကြောင်း မြင်မက်လာ၏။ကိုရင်လေးသည်လည်း မိမိ၏အတိတ်ဘဝ၏အကြောင်းအရာများအား တစ်စိတ်တစ်စသိမြင်လာလေသည်။
ထို့နောက် ကိုရင်လေး၏သက်တော်သည် ၁၆နှစ်ပြည့်ရန် ရက်ပိုင်းသာလိုတော့သည်။

ကိုရင်လေးသည် ဆရာတော်ဦးတိဿအား မိမိအိမ်မက်များအကြောင်း မိမိအတိတ်ဘဝမှ ဖြစ်ရပ်များအကြောင်းရှင်းပြ၍ မိမိအားအိမ်မက်ထဲ၌ လာလာခေါ်နေသော ပိတ်ဖြူဝတ်အဖိုးအိုနှင့်လိုက်သွားပြီး သမထတရားများ ကျင့်ကြံအားထုတ်လိုသဖြင့် လူဝတ်လဲရန်အတွက် ဆရာတော်အားလျောက်ထားလေ၏။
ဆရာတော်လည်း မိမိတပည့်ဖြစ်သူ ကိုရင်လေးနန္ဒမာလာ၏ပဋ္ဌာန်းဆက်ကိုသိသဖြင့် ကိုရင်လေးအား ရှင်သာမဏေဘဝမှ လူဝတ်ကြောင်မောင်ထွန်းဘဝသို့ လူဝတ်လဲပေးလိုက်လေသည်။်

” အမေရေ အမေ ..အမေ “

” ဟာ ကိုရင်လေးအိမ်ကြွလာတယ် မဟုတ်ပါဘူး သားအိမ်ပြန်လာတယ် သားမောင်ထွန်းဘယ်လိုဖြစ်လို့ လူထွက်လာတာလည်း “

” သားမှာ လုပ်စရာတာဝန်တွေရှိသေးလို့ လူထွက်လာတာပါအမေ “

” ငါ့သားက ဘာတာဝန်တွေတုံးကွဲ့ အမေတို့လည်းဘာမှမသိရပါလား အမေကိုပြောပြပါအုံးကွယ် “

  ” အဲဒါကိုတော့ အမေ့ကိုသားအသိပေးလို့အဆင်မပြေဘူး  သားအသက်၁၆နှစ်ပြည့်တဲ့နေ့မှာ နေရာတစ်ခုဆီကို ခရီးထွက်ရလိမ့်မယ်အမေ “

ဒေါ်ငွေပုတစ်ယောက်လည်း အခုမှလူထွက်လာ၍ မိမိ၏မေတ္တာအရိပ်အောက်သို့ ပူပူနွေးနွေးခိုဝင်လာသော သားဖြစ်သူမောင်ထွန်းမှ မိမိနှင့်ဝေးကွာသော ခရီးတစ်ခုအားသွားရမယ်ဆိုသော စကားကြောင့်ပင် ရင်ထဲ၌တလပ်လပ်တုန်ရီလာကာ မျက်ဝန်းထက်၌မျက်ရည်များပင် စီးကျလာလေသည်။ မောင်ထွန်းလေးသည်လည်း
မိခင်ဖြစ်သူဒေါ်ငွေပု ဝမ်းနည်းနေကြောင်း သိလိုက်ရသဖြင့်…

  ” ခရီးထွက်ရမှာက သိပ်မကြာပါဘူးအမေရာ  သားကိစ္စတွေပြီးတာနဲ့ အမေ့ဆီသားပြန်လာမှာပါ ဒါနဲ့အဖေရောအမေ “

” သား အဖေကလယ်ထဲသွားတယ် ဘာပဲဖြစ်ဖြစ်သားခရီးထွက်မှာ အမေစိတ်မချဘူးသားရယ်  အမေ့သားကအခုမှ ငယ်ငယ်လေးပဲရှိသေးတာကို ”
ဟုပြောကာ ဒေါ်ငွေပုတစ်ယောက်လည်း သားဖြစ်သူအား ဖက်ကာငိုကြွေးလေသည်။
။ထို့နောက်ဒေါ်ငွေပုသည် ယောက်ျားဖြစ်သူဦးသန်းဇော်နှင့်တိုင်ပင်ကာ သားဖြစ်သူခရီးထွက်မည့်ကိစ္စအား အမျိုးမျိုးဖျက်လေသည်။သို့ပေမဲ့ တစ်နေ့၌….

သူရိယနေမင်းကြီး၏ အလင်းရောင်တို့သည်ကား အုံဆိုင်းနေသောသစ်ပင်များအား ဖြတ်ကျော်၍ ဖြောင့်ဖြူးနေသော ရွာမြေနီလမ်းမကြီးပေါ်သို့ ကျရောက်နေလျက်ရှိလေ၏။ ၎င်းမြေနီရွာလမ်းမကြီးပေါ်သို့ လျှင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် အသက်ငယ်ငယ်လူရွယ်တစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရလေသည်။
ရွာပတ်ဝန်းကျင်တို့သည်ကား အိပ်ငွေ့ချထားသည့်ပမာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။ ၎င်းတိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ အသံတစ်ခုပေါ်လာ၏။

” လူလေး ရောက်လာပြီကို သွားကြစို့ “

” ဟုတ်ကဲ့အဘ “

ရွာထိပ်တွင်ရပ်စောင့်နေသော ပိတ်ဖြူဝတ်အဖိုးအိုမှမောင်ထွန်းအား နေရာတစ်ခုဆီသို့ဦးတည်၍ ခေါ်ဆောင်သွားလေသည်။
မောင်ထွန်းလည်း အဖိုးအိုနောက်မှထပ်ချပ်မကွာလိုက်ခဲ့ရာ ခဏအကြာတွင်တောင်ခြေတစ်ခုဆီသို့ ရောက်ရှိလာ၏။ မောင်ထွန်းလည်း နားမလည်နိုင်သဖြင့် ပိတ်ဖြူဝတ်အဖိုးအိုအား..

” အဘ ကျွန်တော်တို့လမ်းလျှောက်လာတာ ခနလေးပဲရှိသေးတယ် ဘယ်လိုလုပ်ပြီး ဒီတောင်ခြေကို ရောက်လာတာလည်းဗျ “

” ဟား ဟား လူလေးရေ အဲဒါဝိဇ္ဇာပညာပဲကွဲ့ အဘကမြေလျှောက်ဝိဇ္ဇာတစ်ဦးပဲကွဲ့ လူလေးကိုဒီနေရာကိုခေါ်လာရတဲ့ အကြောင်းအရင်းက အဘတို့ကိုယ်စား၇ရက်သားသမီးတွေကို ကယ်တင်နိုင်အောင် အထက်လမ်းပညာရပ်တွေကို သင်ကြားပေးဖို့ပဲ “

” ဒါဆိုအဘက ကျွန်တော်ကိုဝိဇ္ဇာဖြစ်အောင် သင်ပေးမှာလား “

” ဟားဟား  လူလေးက တယ်လည်းရယ်စရာပြောတတ်တာကို ဝိဇ္ဇာဖြစ်အောင်သင်ပေးလို့မရဘူးကွဲ့ ဝိဇ္ဇာဖြစ်ချင်ရင် ကိုယ်ကိုတိုင်ကျင့်ကြံအားထုတ်ရတယ် တစ်ခုတော့ရှိတယ် အဘတို့ကလူလေးကို ဘယ်လိုကျင့်ကြံ အားထုတ်ရမလည်းဆိုတာကိုတော့သင်ပေးလို့တော့ရတယ် “

” ဟုတ်ကဲ့အဘ ကျွန်တော်နားလည်ပါပြီ “

၎င်းတောင်ခြေလေးတွင်  ပိတ်ဖြူဝတ်အဖိုးအိုမှ မောင်ထွန်းအား အထက်လမ်းပညာရပ်များဖြစ်သော အင်းစီရင်နည်း စမစီရင်နည်းများ သမထကျင့်စဉ်များအား သင်ကြားပေးလျက်ရှိလေသည်။ ဤသို့ဖြင့် ထို့တောင်ခြေ၌ မောင်ထွန်းရောက်ရှိနေသည်ကား အချိန်ကာလဖြင့် ၃နှစ်တာပင် ကုန်လွန်ခဲ့လေသည်။တစ်နေ့၌…

  ” လူလေးလည်း အခုတတ်ထားတဲ့ပညာရပ်တွေနဲ့ဆို လောကီနယ်ပါယ်မှာ စေတစ်လုံးပိုင်ဖြစ်နေပြီကွဲ့….. လူလေးကို ဘယ်အောက်လမ်းပညာသည်ကမှ ထိခိုက်အောင်မလုပ်နိုင်တော့ဘူး အဲဒီတော့ လူလေးရပ်ရွာကိုပြန်ပြီး ၇ရက်သားသမီးတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီး ကုသကယ်တင်ပေးကွဲ့ “

  ” ကျွန်တော့်ကို အဘသင်ပေးထားတဲ့ ပညာရပ်တွေနဲ့ ၇ရက်သားသမီးတွေကို ကူညီကုသကယ်တင်ပါ့မယ်လို့ ကတိသစ္စာပြုပါတယ်အဘ “

   ” သာဓု သာဓု သာဓု လူလေးရေ  လူလေးကိုအဘအရေးကြီးတာ တစ်ခုမှာချင်တယ် အဲဒါကတော့  ၇ရက်သားသမီးတွေကို ကုသကယ်တင်တဲ့နေရာမှာ အတ္တနဲ့အနတ္တကိုခွဲခြားပြီး ကယ်တင်ပါလို့အဘမှာချင်တယ် “

   ” ဟုတ်ကဲ့ပါအဘ ကျွန်တော်အဘမှာတဲ့အတိုင်း တစ်သွေမသိမ်းလိုက်နာပါ့မယ် “

” လူလေးဆီက ဒီလိုစကားမျိုးကြားရတာ အဘဝမ်းသာပါတယ် လူလေးကိုအဘပြန်ပို့ပေးမယ် အဘနောက်ကနေထပ်ချပ်မကွာလိုက်ခဲ့ပေတော့ “

” ဟုတ်ကဲ့အဘ “

ပိတ်ဖြူဝတ်အဖိုးအိုသည် အသက်ရွယ်နှင့်မလိုက်အောင်ပင် သူ၏သွက်လက်မြန်ဆန်နေသော ခြေလှမ်းများဖြင့်နေရာတစ်ခုဆီသို့ ဦးတည်၍လျှောက်သွားလေသည်။ ၎င်းအဖိုးအို၏နောက်တွင်တော့ အသက်၂၀အရွယ်ခန့်ရှိ လူရွယ်တစ်ယောက်သည် တက်ကြွလျင်ြမြန်နေသော သူ၏ခြေလှမ်းများဖြင့် အဖိုးအို၏အနောက်သို့ အမှီလိုက်လျှောက်လေသည်။ ၎င်း အဖိုးအိုနှင့်လူရွယ်တို့သည် ခနအကြာတွင် ပန်းတနော်ဟုအမည်ရသော ရွာလေး၏ရွာထိပ်သို့ပင် ရောက်ရှိလာလေသည်။
ထိုအခါ လူရွယ်မှ အဖိုးအိုအား..

  ” ကျွန်တော်တို့တွေလျှောက်လာတာ ခနလေးပဲရှိသေးတယ် ကျွန်တော်နေတဲ့ ရွာထိပ်ကိုရောက်လာတယ်နော်အဘ  အဲဒါဘယ်လိုအတတ်ပညာမျိုးလည်း “

  ” ခရီးဘယ်လောက်ဝေးဝေး ခနအတွင်းသွားနိုင်တဲ့ အတတ်ပညာကတော့ မြေကြောရှုံ့နိုင်တဲ့ပညာပဲကွဲ့  မြောကြောရှုံ့နိုင်ပြီဆို မြေလျှောက်ဝိဇ္ဇာဖြစ်ပြီပေါ့ကွယ် “

” သြော် …ဟုတ်ကဲ့အဘ ” ဆိုပြီး

မောင်ထွန်းတစ်ယောက်လည်း အဖိုးအိုအား မြေပြင်ထက်တွင်ဒူးထောက်ပြီး ထိခြင်းငါးပါးဖြင့် ကန်တော့လိုက်လေသည်။ ထို့နောက် အဖိုးအိုသည်လည်းမောင်ထွန်းအား ဆုပေးပြီး အရှေ့ဘက်အရပ်စူးစူးသို့ ဦးတည်၍ ထွက်ခွာသွားလေသည်။
မောင်ထွန်းတစ်ယောက်လည်း မိမိအရှေ့မှထွက်ခါသွားသော ဆရာဖြစ်သူအဖိုးအို၏ ကျောပြင်အားငေးမောကြည့်ပြီး မျက်လုံးအိမ်၌ပင် မျက်ရည်စလေးများဝဲလာ၍ ရင်ထဲ၌ဝမ်းနည်းခြင်းများပင် ဖြစ်ပေါ်လာလေသည်။ အဘယ့်ကြောင့်ဆိုသော် ၃နှစ်တာမျှ အတူနေထိုင်လာသော ဆရာတပည့် သံယောဇဉ်ကြောင့်ပင်ဖြစ်လေသည်။ မည်သို့ပင် သမထတရားများအားထုတ်နေကာမူ ပုထုဇဉ်လူသားများမို့ ချစ်ခြင်း၊မုန်းခြင်း၊ဆုံစည်းခြင်း ခွဲခွါခြင်းဟုသောအရာများအား ပါယ်သတ်နိုင်ခြင်းမရှိသေးပေ။

စေတစ်လုံးပိုင်ဆရာထွန်း ဟူသောအမည်သည် ပန်းတစ်နော်ရွာလေးတွင်သာမကပဲ ဘေးရွာများထိပါ နာမည်ကျော်လေသည်။ အဘယ့်ကြောင့်ဆိုသော် မောင်ထွန်းလေးသည် မိမိထံရောက်လာသော အနှောက်ပရောဂါများ၊စုန်းတိုက်၊နတ်တိုက်၊ ကဝေတိုက် အောက်လမ်းမိစ္ဆာအတိုက်ခိုက်များဖြင့် ပြုစားခံရသော လူနာများအား ထိုင်ရာမထပဲ အာဏာစက်ပြင်းပြင်းဖြင့်သာ ကုသသောကြောင့်ပင် ဖြစ်လေသည်။ အနှောက်ပရောဂါများကုသခြင်းအပြင် မြွေကိုက်ခံရခြင်း ကင်းကိုက်ခံရခြင်း အဆိပ်ရှိသတ္တဝါအမျိုးမျိုးတို့၏အကိုက်ခံရသောလူနာများပါ ကုသလေသည်။ ၎င်းလူနာများအား ကုသရာတွင်လည်း အကိုက်ခံရသောလူနာအား လက်ဖြင့်သပ်ချရုံဖြင့် အဆိပ်များပျောက်ကင်းလေသည်။
သို့ဖြစ်ပါသောကြောင့် မောင်ထွန်းအမည်မှ စေတစ်လုံးပိုင်ဆရာထွန်းဟု အမည်တွင်လေသည်။

ဆရာထွန်းတစ်ယောက်လည်း ဤသို့ဖြင့် ရွာစဉ်လှည့်လည်၍ ၇ရက်သားသမီးများအား ကယ်တင်ကုသလေသည်။ ထိုသို့၇ရက်သားသမီးများအား ကယ်တင်ကုသရင်း ရွာစဉ်လှည့်လည်ရာ  မယဉ်လှအမည်ရသော မိန်းကလေးနှင့်အကြောင်းပါခဲ့လေသည်။ ဆရာထွန်းတစ်ယောက်လည်း မယဉ်လှနှင့်အိမ်ထောင်ကြပြီးနောက် ခရီးဝေးကပရောဂါကုလူနာများပင့်လျှင် အရင်လိုမလိုက်နိုင်တော့ပေ ။မိမိအိမ်မှာပင် အထိုင်သဘောဖြင့်ကုသလေသည်။ မယဉ်လှသည်လည်း မိမိအမျိုးသားဖြစ်သူ ဆရာထွန်းအလုပ်နှင့်ပတ်သတ်၍ အင်မတန်နားလည်မှုရှိလေသည်။ ဆရာထွန်းအဓိဋ္ဌာန်ဝင်သောရက်များတွင် သတ်သတ်လွတ်ဟင်းလျာများအား၎င်း တစ်ခြားလိုအပ်သော ကိစ္စအဝဝများအားလည်းကောင်း မယဉ်လှတစ်ယောက်သည် မညည်းမငြူပင် လုပ်ကိုင်ပေးလေသည်။ တနည်းအားဖြင့်မယဉ်လှသည် ဆရာထွန်းအတွက် ပါရမီဖြည့်ဖက်တစ်ဦးဟု ဆိုနိုင်လေသည်။ ဤသို့ဖြင့် နွေ့နှင့်မိုးဆောင်းရာသီတွေ အလီလီပြောင်းလာ၍ ဆရာထွန်းနှင့်မယဉ်လှဇနီးမောင်နှံတို့တွင် သားကြီးမိုးထက်မြင့်နှင့် သမီးငယ်မိုးသူဇာတို့သားသမီးရတနာနှစ်ဦး ထွန်းကားခဲ့သည်။ ဆရာထွန်းသည် မိမိသားကြီးမိုးထက်မြင့်အား မိမိလိုလောကီဆရာတစ်ဦးဖြစ်စေရန်အတွက် မိုးထက်မြင့်လေးငယ်ရွယ်စဉ်အချိန်ကပင်စ၍ တရားထိုင်ခြင်းများ ပုတီးစိပ်ခြင်းများအား သင်ကြားပေလေသည်။ သို့ပေမဲ့ မိုးထက်မြင့်လေးသည် ဖခင်ဖြစ်သူသင်ပေးသောအရာများအား စိတ်ဝင်စားခြင်းမရှိပေ ။
ဤသို့ဖြင့် ရက်ကိုလစား လကိုနှစ်စား၍ ရာသီတွေအလီလီပြောင်းခဲ့ရာ  မိုးထက်မြင့်လေး၏အသက်ပင် ၂၅နှစ်ထဲသို့ရောက်ရှိလာလေသည်။ဆရာထွန်း၏အသက်ကား ၆၀ နားသို့ပင်ကပ်လာလေသည်။

ကောင်းကင်ထက်၌ မိုးရိပ်မိုးငွေ့တို့ဖြင့်ဖုံလွှမ်းကာ မဲမှောင်နေလျက်ရှိလေသည်။ ၎င်း အချိန်၌…

   ” ဆရာထွန်းရေ ဆရာထွန်း  ဆရာထွန်းရှိလားဗျို့ “

   ” အဖေမရှိဘူးဗျ ရွာတောင်ပိုင်းဆေးကုသွားတယ် “

မိုးထက်မြင့်လည်း ခြံရှေ့မှအသံတစ်စာစာဖြင့် ဖခင်ဖြစ်သူနာမည်အားခေါ်နေသောသူအားကြည့်လိုက်ပြီး ..

” ရွာမြောက်ပိုင်းကကိုတာတီးကိုး… လာလေဗျာ အိမ်ပေါ်တက်ခဲ့ “

မိုးထက်မြင့်လည်း တစ်ရွာတည်းနေသူ ကိုတာတီးအား ရင်းနှီးစွာဖြင့်အိမ်ပေါ်သို့တက်ရန် ဖိတ်ခေါ်လိုက်လေသည်။
ကိုတာတီးတစ်ယောက်လည်း အိမ်ရှင်ဖြစ်သူမိုးထက်မြင့်ဖိတ်ခေါ်လိုက်သဖြင့် အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။ အိမ်သည်ကား ၅ပတ်လည်ပျဉ်းကတိုးတိုင်များဖြင့်ဆောက်လုပ်ထားပြီး ၅ပင်လေးခန်းတွဲ ခြေတံရှည်အိမ်မျိုးဖြစ်လေသည်။ ၎င်းအိမ်အတွင်း၌ ၉ပေပတ်လည်အခန်းပေါင်း ၁၆ခန်းခန့်မျှရှိလေသည်။ ထိုအိမ်ကြီး၏ ဘုရားခန်း၏ဘုရားဆောင်ထက်၌ ဥာဏ်တော်တစ်တောင်ကျော်မျှရှိသော ဂေါတမမြတ်စွာဘုရားကြေးဆင်းတုတော်အား တည်ထားကိုးကွယ်ထားသည်ကို တွေ့လိုက်ရလေသည်။ ထိုဘုရား၏ လက်ယာဘက်တွင်တော့ အထက်ဝိဇ္ဇာဆရာကြီးများရဲ့ရုပ်ထုများအားတွေ့လိုက်ရပြီး ဘုရား၏လက်ဝဲဘက်တွင်တော့ နတ်မင်းကြီးလေးပါး ရုပ်ထုများအား ထားရှိကာပူဇော်ထားလေသည်။ ထိုရုပ်ထုများအရှေ့တွင်တော့ ပူဇော်ကန်တော့ပွဲများအား ထိုးထားသည်ကိုတွေ့လိုက်ရလေသည်။

” ကိုတာတီးလာထိုင်ဗျာ အကြမ်းရေလေးလည်းသောက်အုံး ”
. တာတီးတစ်ယောက်လည်း ဧည့်ခန်း၌ခင်းထားသော ဖျာပေါ်သို့ဝင်၍ထိုက်လိုက်ပြီး ရေနွေးခရားမှ အကြမ်းရည်များအား ခွက်အတွင်းသို့ငှဲ့ချလိုက်ပြီး တကြိုက်ကြိုက်ဖြင့်သောက်ချလိုက်ပြီးမှ

” ဒီလိုကွ မိုးထက်မြင့်ရ ငါတို့ရွာမြောက်ပိုင်း ကာလဝမ်းရောဂါတွေဖြစ်နေတာကွ လူသေတာပဲ ၅ယောက်ရှိပြီ အဲဒါကြောင့်မင်းအဖေ ဆရာထွန်းကိုငါလာပင့်တာ “

  ” အဖေက ရွာတောင်ပိုင်းဆေးကုသွားတယ်ဗျ ဒါနဲ့ကာလဝမ်းသွားတာ လူ၅ယောက်တောင်သေပြီဆိုတော့ ကိုတာတီးတို့ရွာမြောက်ပိုင်းမှာ တိုင်းရင်းဆေးဆရာဦးသာမောင်ကြီးတို့ အနောက်တိုင်းဆေးဆရာမစ္စတာဗားမက်တို့ ရှိတယ်မဟုတ်လား သူတို့က မကုကြဘူးလား”

  ” ကုတယ်ကွ မိုးထက်မြင့်ရ အနောက်တိုင်းဆေးနဲ့ရော တို့မြန်မာ့တိုင်းရင်းဆေးနဲ့ရော မရတာကွ မရတာမှရိုးရိုးမရတာမဟုတ်ဘူး ကာလဝမ်းသွားတဲ့လူနာကို ငါတို့ဆေးတိုက်လိုက်တာနဲ့ နာရီပိုင်းတွင်းသေရောဟေ့ သေသွားတဲ့လူနာတွေအားလုံး မျက်ဖြူလန်ပြီးတော့ကိုသေတာကွ ပြီးတော့လည်း သေသွားတဲ့သူတွေက ထူးဆန်းတယ်ကွ  “

” ဘယ်လိုထူးဆန်းတာလည်းဗျ ကိုတာတီးရ “

” ဒီလိုမိုးထက်မြင့်ရ သေသွားတဲ့သူနာမည်တွေကြည့်လေ ပထမဆုံးသေတာဦးကောင်းပြီးတော့ ဒေါ်စန်းမြင့်၊ဦးဝင်းအောင်၊ဒေါ်မိုး၊ဦးသီဟအောင်ကွ နေ့နာမ်အလိုက်ကြည့်ရင် တနင်္လာကနေသောကြာထိ အစဉ်လိုက်ကိုသေတာကွာ မထူးဆန်းဘူးလား “

” ဟုတ်တယ်ဗျကိုတာတီးရ ခဗျားပြောပုံအရဆို ဒီကိစ္စကမလွယ်ဘူးဗျ အဖေလာမှပဲ ဆက်ပြောကြတာပေါ့ဗျာ “

ဒီလိုဖြင့် တာတီးနှင့်မိုးထက်မြင့်လည်း ၎င်းကိစ္စနှင့်ပတ်သတ်၍ စဉ်းစားမရပဲအကြံအိုက်နေသဖြင့် တခြားအကြောင်းအရာများသာရောက်တတ်ပေါက်ရာပြောရင်း ဆရာထွန်းပြန်အလာအားစောင့်နေလိုက်၏။ သည်လိုဖြင့် အချိန်အားဖြင့် သူရိယနေမင်းကွယ်ဆင်းခါနီး နေဝင်ချိန်သို့ပင်ရောက်ရှိလာ၏။ ထိုအချိန်တွင်  အရပ်အမောင်းကောင်းကောင်း လူကြီးတစ်ယောက်သည် မိုးထက်မြင့်ခြံဝင်းထဲသို့ သွက်လက်သောခြေလှမ်းများဖြင့် ဝင်လာလေသည်။ ၎င်း လူကြီး၏ပုခုံးထက်တွင်ကား ကြီးမားသော လွယ်အိတ်အားလွယ်ထားလေသည်။ ထိုလူကြီးသည် မိုးထက်မြင့်၏အိမ်ပေါ်သို့ တန်းတက်လိုက်ပြီး ဧည့်ခန်းသို့တစ်ချက်ကြည့်လိုက်ပြီးသောအခါ

” သြော် မောင်တာတီးရောက်နေတာကို “

” ဟုတ်တယ်ဆရာထွန်းရေ ကျွန်တော်နေ့လည်ထဲကရောက်နေတာဗျ …ဆရာထွန်းရွာတောင်ပိုင်းမှာ ဆေးသွားကုနေတယ်ဆိုလို့ ကျွန်တော်ဆရာထွန်းပြန်အလာကို စောင့်နေတာဗျ “

” အေး မောင်တာတီးရေ မင်းငါ့ဆီလာတာက အန္တာရယ်တစ်ခုနဲ့ရင်ဆိုင်နေရလို့မဟုတ်လား “

” ဟုတ်ပါ့ ဆရာထွန်းရေ ကျွန်တော်တို့ရွာမြောက်ပိုင်းမှာကာလဝမ်းတွေသွားပြီးလူသေတာ ၅ယောက်ရှိပြီဗျ  “

တာတီးတစ်ယောက်လည်း ဆရာထွန်းအားဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်၏။

” ဒါဆိုမောင်တာတီးရေ မင်းတို့ရွာမြောက်ပိုင်းမှာဖြစ်နေတဲ့ ကာလဝမ်းရောဂါက သာမန်သွေးရိုးသားရိုး မဟုတ်ဘူးကွ အခုဟာကတနင်္လာနာမ်ကနေ သောကြာနာမ်ထိ ၅ဦးသေပြီးပြီဆိုတော့ နောက်ထက် စနေသားသမီးတနင်္ဂနွေသားသမီး နေ့နာမ်နှစ်ဦးသာသေပြီးသွားရင် မလွယ်တော့ဘူးကွ အဲတာက ၇စဉ်အတိုက်ကွ “

” ဆရာထွန်း ၇စဉ်အတိုက်ဆိုတာ ဘယ်လိုအတိုက်လဲဗျ…”

” ခုနှစ်စဉ်အတိုက်ဆိုတာ ရွာလုံးကျွတ်အတိုက်ပေါ့ကွာ ဒီလိုရက်စက်တဲ့အတိုက်မျိုးကိုသုံးတာက တစ်ဘဝစံအောက်လမ်းဆရာတွေသုံးတာကွ သေတဲ့သူနေ့နာမ်၇ခုစုံသွားရင် ကယ်ဖို့မလွယ်တော့ဘူးကွ အဲဒီတော့မောင်တာတီးက မနက်ဖြန်မနက်ပိုင်းကို ကာလဝမ်းရောဂါခံစားနေရတဲ့သူတွေအားလုံးကို ငါ့အိမ်ကိုခေါ်လာခဲ့ “

” ဟုတ်ကဲ့ ဆရာထွန်း “

တာတီးတစ်ယောက်လည်း ဆရာထွန်းအားနှုတ်ဆက်၍ ပြန်လာခဲ့လိုက်သည်။ ဤသို့ဖြင့် မနက်မိုးသောက် အလင်းရောက်သောအခါ ဆရာထွန်းခြံထဲတွင်ကာလဝမ်းရောဂါခံစားနေရသောလူနာများဖြင့် ပြည့်ကျပ်နေသည်။ လူနာများမှာ ကာလဝမ်းရောဂါများခံစားရနေသဖြင့် မျက်တွင်းများချောင်ကာမျော့မျောပင်ရှိတော့သည်။ ၎င်းအချိန်၌ ၅ပင်လေးခန်းတွဲ ခြေတံရှည်အိမ်ကြီးအပေါ်မှ အရပ်အမောင်းထောင်ထောင်မောင်းမောင်း လူကြီးတစ်ယောက်ဆင်းလာ၏။ ၎င်းလူကြီးမှာ ဆရာထွန်းပင်ဖြစ်လေသည်။ ဆရာထွန်းသည် အိမ်ပေါ်မှဆင်းလာကာ..

” မိုးထက်မြင့်ရေ အိမ်ရှေ့ကရာဝင်အိုးသုံးလုံးကို ရေအပြည့်ဖြည့်စမ်း “

  ” ဟုတ်ကဲ့ အဖေ “

မိုးထက်မြင့်တစ်ယောက်လည်း ဖခင်ဖြစ်သူဆရာထွန်းခိုင်းသည့်အတိုင်း မိမိအိမ်ရှေ့၌ရှိသော ရာဝင်အိုးသုံးလုံးအား ရေအပြည့်ဖြည့်လိုက်လေသည်။ ထို့နောက် ဆရာထွန်းသည် ရေအိုးများရှိရာဆီသို့ လျှောက်လာလိုက်ပြီး မိမိ၏ညာဘက်လက်ခလယ်ဖြင့် ရေအိုးနှုတ်ခမ်းအားထိထားလိုက်ပြီး နှုတ်မှမန္တာန်တစ်ပုဒ်အား ရွတ်ဆိုလိုက်ရာ ရေအိုးသုံးလုံးအတွင်းမှ ရေတို့သည်ဆူပွက်၍လာ၏။ ထို့နောက် ၎င်းရေအိုးထဲကရေများအား မိမိခြံထဲတွင်ရောက်ရှိနေသော လူနာများအား သောက်စေ၏။ ထိုလူနာများသည်လည်း ဆရာထွန်းတိုက်သော ရေမန်းများအား သောက်သုံးပြီးသောအခါ ၎င်းတို့ခံစားနေရသော ရောဂါဝေဒနာများမှာ ယူပြစ်သလိုပျောက်ကင်းကုန်၏။ ထိုအချိန်မှစ၍ ကျေးရွာရှိလူများသည် ဆရာထွန်းအား ဘိုးတော်ထွန်းဟု တင်စားခေါ်ဝေါ်ကြလေသည်။ဤသို့ခေါ်ဝေါ်ခံရသည်ကို ဆရာထွန်းသည်လည်း သဘောအကျကြီးကျနေ၏။မိမိကိုယ်ကို မိမိလည်းအထင်ကြီးနေ၏။

    ပန်းသတင်းပန်းခြင်းဆောင်သလို လူသတင်းလူခြင်းဆောင်၏။ ဆရာထွန်း၏ ကောင်းသတင်းများသည်လည်း ပန်းတနော်ရွာလေးတွင်သာမကပဲ အနီးနားရှိရွာများပါ ကျော်ကြားလေသည်။ ထိုသို့ဆရာထွန်းအမည်ကျော်ကြားနေသည်ကို မနှစ်မြို့သူတစ်ဦးရှိလေသည်။ ထိုသူမှာ ယောပြန်အောင်ကြီးပင်ဖြစ်လေသည်။ ယောပြန်အောင်ကြီးသည် အောက်လမ်းပညာရပ်မှာ အထွဋ္ဋ်အထိပ်သို့ရောက်ရှိနေသော ဆရာတစ်ဆူပင်ဖြစ်လေသည်။ ၎င်းယောပြန်အောင်ကြီးသည် မိမိဖာသာ သူတစ်ပါးကိုပြုစား၍ မိမိဖာသာပြန်ကုစားသော ဆရာမျိုးပင်ဖြစ်လေသည်။ ပန်းတနော်ကျေးရွာမြောက်ပိုင်းမှာ ဖြစ်ပေါ်လာသောကာလဝမ်းရောဂါသည် ယောပြန်အောင်ကြီး၏ လက်ချက်ပင်ဖြစ်လေသည်။ ထိုသို့ ကြံစည်ရသည်မှာ ယောပြန်အောင်ကြီးသည် ပန်းတနော်ရွာလေးတွင် ဆရာထွန်းနာမည်ကြီးနေသဖြင့် ပညာစမ်းလိုသည်ကတစ်ကြောင်း ဆရာထွန်းကုမရလျှင် သူမှဝင်ကုပြီး ကယ်တင်ရှင်ဘွဲ့ထူးခံယူလိုသဖြင့် ထိုသို့ကြံစည်ရခြင်းဖြစ်လေသည်။၎င်း အကြံစည်များအထမမြောက်သဖြင့်…

” တောက်… ဆရာထွန်း… ဆရာထွန်း ခဗျားမိုးကောင်းတုံး ရွားထားအုံးပေါ့ဗျာ တစ်နေ့ကျုပ်အကြောင်းကောင်းကောင်း သိစေရမယ် ”
ယောပြန်အောင်ကြီးတစ်ယောက်လည်း ဆရာထွန်းအပေါ် မနာလိုဝန်တိုစိတ်ဖြင့် အကြီးကြီးမုန်းနေ၏။ ကာလဝမ်းရောဂါအား ဆရာထွန်းကုသ၍ ပျောက်ကင်းသွားသည်မှာ အောင်ကြီးအတွက်မိမိဆင်ထားသောဂွင်ပျက်သွား၏။ တစ်နည်းအားဖြင့်ခပ်ရိုင်းရိုင်းပြောရလျှင် စားကျက်ပျောက်သွားခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့် ယောပြန်အောင်ကြီးသည် ဆရာထွန်းအား မကောင်းကြံစည်ရန် မြေခွေးချောင်းနည်းချောင်းနေ၏။ အဘယ်ကြောင့်ဆိုသော် အောက်လမ်းပညာသယ် မည်သို့ပင်ထက်နေပါစေ အထက်လမ်းပညာသယ်အား ထိခိုက်ဖို့အတွက် ပြုလုပ်ရန်မလွယ်ကူချေ။

ဤသို့ဖြင့် လအနည်းငယ်ကြာသောအခါ ယောပြန်အောင်ကြီးမျှော်လင့်နေသော နေ့တစ်နေ့သို့ ရောက်ရှိလာလေသည်။ ထိုနေ့မှာ ဆရာထွန်းသည် တစ်ခြားရွာသို့ဆေးကုသွားသောနေ့တစ်နေ့ဖြစ်လေသည်။ အောင်ကြီးသည် ဆရာထွန်းမရှိသည်ကိုအခွင့်ကောင်းယူကာ ဆရာထွန်းခြံ၏စနေဒေါင့်တွင် အတိုက်အင်းတစ်ချပ်အား မည်သူမှမသိအောင်သွား၍ မြှုပ်ထားလိုက်၏။ ထိုသို့မြှုပ်ပြီးသိပ်မကြာခင်ပင် ဆရာထွန်း၏ဇနီးဖြစ်သူ ဒေါ်ယဉ်လှတစ်ယောက်လည်း မျက်ဖြူများလန်ပြီး
“အား ”
ဟုတစ်ချက်သာအော်နိုင်ပြီး အသက်ဆုံးရလေသည်။ ဆရာထွန်းတစ်ယောက် ဆေးကုပြီးအပြန် ( ပယောဂါ ကုသခြင်းအား ဆေးကုသည်ဟု သုံးနှုံးခေါ်ဝေါ်ကြသည် ) အိမ်ရောက်သောအခါ မထင်မှတ်ထားသော မြင်ကွင်းအားမြင်လိုက်ရလေသည်။ ၎င်းမြင်ကွင်းမှာ မျက်ဖြူများလန်ကာ
အသက်မဲ့နေသောဇနီးဖြစ်သူ ဒေါ်ယဉ်လှအား မြင်တွေ့လိုက်ရခြင်းပင်ဖြစ်လေသည်။ ဆရာထွန်းလည်း ဇနီးဖြစ်သူရဲ့သေဆုံးမှုမှာ သမားရိုးကြဖြစ်စဉ်မဟုတ်သဖြင့် ၎င်းသေဆုံးမှုအားပညာဖြင့်ကြည့်ရာ ခြံအတွင်းရှိစနေဒေါင့်တွင် အတိုက်အင်းမြှုပ်ထားသည်ကို သိလိုက်ရ၏။ ထိုအတိုက်အင်းအားဖော်ယူပြီး လက်ဝါးပေါ်သို့တင်၍ အာရုံခံကြည့်ရာ ယောပြန်အောင်ကြီး၏ လက်ချက်မှန်းသိလိုက်ရလေသည်။ ထိုအခါ ဆရာထွန်းတစ်ယောက်လည်း အကြီးအကျယ် ဒေါသထွက်သွား၏။

” တောက်… အောင်ကြီး …အောင်ကြီး မင်းလိုအောက်လမ်းဆရာက ငါလိုအထက်လမ်းဆရာတစ်ယောက်ကို တိုက်ခိုက်ရဲတယ်ပေါ့ ငါ့မိန်းမသေသလို မင်းသေစေရမယ်ကွ စေတစ်လုံးပိုင်ဆရာထွန်းကွ… တစ်ထွန်းပဲရှိတယ်… မင်းငါ့အကြောင်းသိစေရမယ် “

ဟုပြောကာ ဆရာထွန်းတစ်ယောက်လည်း အောင်ကြီးအားသေစေလိုစိတ်ဖြင့် တန်ပြန်အင်းချပ်၏ အလယ်ကွက်တွင်အောင်ကြီးရဲ့နာမ်အားထည့်လိုက်ပြီး ၎င်းအင်းချပ်ပေါ်တွင်ဖယောင်းတိုင်အား ဇောက်ထိုးထွန်းလိုက်လေသည်။
နောက်တစ်နေ့ရောက်သော် ယောပြန်အောင်ကြီးတစ်ယောက် မျက်ဖြူလန်၍ ပါးစပ်၌သွေးများအန်ကာ သေဆုံးနေပြီဟူသောသတင်းမှာ ပန်းတနော်ရွာလေး၌ ဟိုးဟိုးကျော်နေ၏။ ထိုးသတင်းအား ဆရာထွန်းကြားသောအခါ ဝမ်းသာအားရဖြစ်နေ၏။ ဆရာထွန်းတစ်ယောက်သည် ငယ်စဉ်မှစ၍ ဒေါ်ယဉ်လှမသေဆုံးခင်ထိတိုင်အောင် ၇ရက်သားသမီးများအားကယ်တင်၍ သူတော်ကောင်းတရားများအား ကျင့်ကြံပွားများအားထုတ်ခဲ့ပြီး ယခုမူဇနီးသည်သေဆုံးသည်နှင့်ပက်သတ်၍ သူတော်ကောင်းတရားနှင့်ဆန့်ကျင်ဘက်ဖြစ်သော အလုပ်အားလုပ်မိလေသည်။ ဆရာထွန်းသည် ထိုကိစ္စနှင့်ပတ်သတ်၍ အနတ္တဟူသော အမြဲမရှိခြင်း မတည်မြဲခြင်း ဖြစ်ပြီးရင်ပျက်ဟူသော တရားအားမေ့လျော့ကာ အတ္တဟူသော ငါ့အိုးငါ့အိမ် ငါ့သား ငါ့မယား ငါဟူသော သက္ကယအားစွဲကပ်ကာ မလုပ်သင့်သော သူ့အသက်သက်ခြင်းဟူသော ဒုစရိုက်အားကျူးလွန်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်ပါ၍ အထက်ဆရာသခင်များသည် ဆရာထွန်းအား အထက်လမ်းဆရာများ၏ အဓိကစည်းသုံးချက်ဖြစ်သော

၁။ သူ့အသက်သက်ခြင်း

၂။ အရက်သေစာ မူးယစ်ဆေးဝါးများစားသုံးခြင်း

၃။ သူများအိပ်ယာကျော်နင်းခြင်း(လင်ရှိမယား လင်ရှိယောက်ျားများအား ဖောက်ပြန်ခြင်း )

စသော စည်းသုံးချက်မှ သူ့အသက်သတ်ခြခင်းဆိုသော ပထမစည်းအားဖောက်ဖျက်မိသဖြင့်  ဒဏ်ခဏ်လေ၏။

   ဤကိစ္စများဖြစ်ပွားပြီးနောက် လအနည်းငယ်ကြာသောအခါ ဆရာထွန်းတစ်ယောက်သည် လေဖြတ်လေသောဝေဒနာအား ခံစားရလေသည်။ ဆရာထွန်းသည် မိမိဘဝ၏ နေဝင်ချိန်ရောက်ခါနီးပြီဖြစ်သဖြင့် သားဖြစ်သူမိုးထက်မြင့်နှင့်သမီးဖြစ်သူမိုးသူဇာအား စိတ်မချနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဇနီးဖြစ်သူဒေါ်ယဉ်လှသည် ယောပြန်အောင်ကြီး၏အောက်လမ်းအတက်ဖြင့်အတိုက်ခံရသောကြောင့် အသက်ဆုံးခဲ့ရခြင်းမဟုတ်ပါလား။ ထို့ကြောင့်  ဆရာထွန်းသည် မိမိဘဝနေဝင်ချိန်ခါနီးသို့ ရောက်နေပါသော်လည်း သင်္ခါရတရားများအားမမှတ်နိုင်ပဲ သားသမီးများအားစွဲသော အစွဲနဲ့သာရှိလေ၏။ ဤသို့ဖြင့် ရက်အတော်အတန်ကြာသောအခါ ဆရာထွန်းတစ်ယောက် ဘဝတစ်ပါးသို့ကူးပြောင်းသွားလေ၏။

  တစ်နေ့၏ညတစ်ည၌ မိုးထက်မြင့်တစ်ယောက် ဖခင်ဖြစ်သူအားအိမ်မက်မြင်မက်လေ၏။ အိမ်မက်ထဲ၌ ဖခင်ဖြစ်သူသည် အညိုယောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး မိမိအား
” သား ကန်တော့ပွဲတွေပြန်ထိုးလေကွာ မင်းပုတီးတွေပြန်စိပ်အုံး မနက်ဖြန်ကြရင်ဗေဒင်မေးမဲ့သူတွေလာလိမ့်မယ် အဲဒီကြရင် #&&&&&&&&&  အဲသလိုဟော “

အစရှိသည့် ဗေဒင်ဟောရမည့်အကြောင်းအရာများ၎င်း အိမ်မက်ထဲ၌ သင်ကြားပေးလေသည်။ မနက်မိုးသောက်အလင်းရောက်သော် မိုးထက်မြင့်ခြံဝင်းထဲသို့ ညကအိမ်မက်ထဲကအတိုင်း ဗေဒင်မေးရန်လူများရောက်လာလေသည်။ မိုးထက်မြင့်လည်း အိမ်မက်ထဲကဖခင်ဖြစ်သူသင်ကြားပေးထားသည့်အတိုင်း ဟောလိုက်ရာ အကုန်မှန်နေ၏။ ဒီလိုဖြင့် ညရောက်တိုင်း မိုးထက်မြင့်အိမ်မက်ထဲသို့ ဖခင်ဖြစ်သူမှာရောက်လာတတ်ပြီးမိုးထက်မြင့်အားဗေဒင်ဟောရန် ပရောဂါကုရန်ပါ စေခိုင်းလေ၏။ မိုးထက်မြင့်လည်း ဖခင်၏စေခိုင်းမှုအား မလွန်ဆန်နိုင်၍ လိုက်လုပ်လေခြင်းသာဖြစ်လေသည်။ မိမိမှာ ထိုသို့အလုပ်များမှာမူ ဝါသနာမပါချေ။ ဆရာထွန်းတစ်ယောက်သည် မိမိဘဝတစ်လျောက်လုံး ကောင်းမှုများပြုလုပ်ခဲ့ပေမဲ့ မမျှော်လင့်သောအမှားတစ်ခုရယ် နောက်ပြီးသားသမီးများအပေါ် စိတ်မချပဲ ပယောဂကုခြင်းများ ဆေးကုခြင်းများအပေါ်စွဲလမ်းတပ်မက်မှုတို့ကြောင့် ဆေးသူယောင်ဘဝသို့ရောက်ရှိနေ၏။ ဆေးသူယောင်ဆိုသည်မှာ အသုရာကယ်ဘုံသားတစ်ဦးပင်ဖြစ်ပေသည်။ အသုရာကယ်ဘုံသားတစ်ဦးဆိုပေမဲ့ လူဘဝတုံးက ကောင်းမှုတွေကြောင့်အစားအသောက် နေရာထိုင်ခင်းများအတွက် ပူပန်စရာမလိုပေ။ နောက်ပြီးလူဘဝတုံးက ဆရာဖြစ်ခဲ့သည့်အတွက် ဆေးစွမ်းအင်းစွမ်းတို့နှင့် မိမိကျင့်ကြံခဲ့သောသမထတရားတို့၏ အကျိုးကြောင့် ကာမာသိဒ္ဓိအစွမ်းမှာ မြင့်မားလေသည်။ ကာမာသိဒ္ဒိအစွမ်းမှာ တစ်စက္ကန့်လျှင် ပုံရိပ်၆၀ထိ ဖန်ဆင်းနိုင်ပြီး အပြင်၃၇မင်း အတွင်း၃၇မင်း ဝင်း၃၇မင်း ပေါင်း၁၁၀ပါးသော ရိုးရာနတ်များပါ လိုရာစေခိုင်းနိုင်သည်။ ၎င်းဆေးသူယောင်သည် ရွာတော်ရှင် နယ်တော်ရှင် အဘိုးကွင်းပိုင် အစရှိသည့် အောက်နတ်များအားလည်း လိုသလိုစေခိုင်းနိုင်သည်။

မိုးထက်မြင့်တစ်ယောက်သည်လည်း ဖခင်ဖြစ်သူက ညစဉ်အိမ်မက်ပေးလိုက် မနက်ကြဗေဒင်ဟောလိုက် ပရောဂါကုလိုက်ဖြင့် ကြာလာတော့ ဤသို့ပြုမူရနေသည်ကို ငြီးငွေ့လာ၏။ သို့ဖြစ်ပါ၍ စီးပွားရေးတစ်ခုလုပ်ရန် ငယ်သူငယ်ချင်းဖြစ်သူ ကိုအောင်သူအားခေါ်ယူ၍တိုင်ပင်လေသည်။ ကိုအောင်သူလည်း ယခုကာလတွင် ဝက်မွေးမြူလျင်ကိုယ့်အတွက် အကျိုးများစွာရှိသည်ဟု အကြံပြု၏။ မိုးထက်မြင့်လည်း သူငယ်ချင်းဖြစ်သူကိုအောင်သူ၏ အကြံပြုချက်အားလက်ခံကာ ကိုအောင်သူနှင့်အတူ ဝက်မွေးမြူရန်ဆုံးဖြတ်ချက်ချလိုက်လေသည်။ ထို့နောက် မိုးထက်မြင့်လည်း ညီမဖြစ်သူမိုးသူဇာအား ဝက်မွေးမည့်အကြောင်းပြောပြကာ အရင်းအနှီးအဖြစ်မိခင်ဖြစ်သူမကွယ်လွန်မီကျန်ရစ်ခဲ့သော  အတွင်းပစ္စည်းများဖြစ်သော လက်ဝတ်ရတနာများအား ထုခွဲရောင်းချကာ ဝက်ခြံများအားဆောက်လုပ်လေသည်။ မိုးထက်မြင့်၏ လုပ်ရပ်အား အကြီးအကျယ်ဒေါသွက်နေသည်မှာ ဆရာထွန်းတဖြစ်လဲဆေးသူယောင်ကြီးပင်ဖြစ်လေသည်။

မိုးထက်မြင့်သည်လည်း မနက်ပိုင်းဝက်ခြံဆောက်သည်မှာ အလုပ်သမားများနှင့်အတူဝိုင်းလုပ်ပေးရသဖြင့် ပင်ပမ်းကာ အိပ်ယာပင် စောစောဝင်ခဲ့လေသည်။

    ” မိုးထက်မြင့် မိုးထက်မြင့် ထစမ်း”

” ဗျာ   အဖေ “

” အဖေလုပ်မနေနဲ့ မင်းဘာတွေလုပ်နေတာလဲ မင်းအခုဝက်မွေးမဲ့ကိစ္စကိုဖျက်လိုက်စမ်း ”

” ဟာ အဖေကလည်း သားအကုန်စီစဉ်ပြီးပြီ နောက်ပြီး အဖေခိုင်းတဲ့ကိစ္စတွေလည်း သားမလုပ်ချင်ဘူး သားဖာသာအေးအေးဆေးဆေးနဲ့ သာမန်လူတွေလိုပဲ ဘဝကိုဖြတ်သန်းချင်တယ် “

” တောက်… ငါ့စကားနားမထောင်တဲ့ကောင်ငါ့အကြောင်း မင်းသိစေရမယ်  “

” အဖေ အဖေ ”
ဟုအော်ခေါ်ကာ မိုးထက်မြင့်တစ်ယောက်အိပ်ယာမှလန့်၍ နိုးလာ၏။ ထိုနေ့မှစ၍ မိုးထက်မြင့်တစ်ယောက်လည်း ဖခင်ဖြစ်သူအား အိမ်မက် မမက်တော့ပေ။ ထိုသို့ဖြင့် မိုးထက်မြင့်နှင့်အောင်သူတို့သူငယ်ချင်းနှစ်ယောက်သည် ဝက်မွေးမြူရေးအား ဂရုတစိုက်ဖိဖိစီးစီးကြိုးစား၍ လုပ်ဆောင်ကြ၏။ ဤသို့ဖြင့်လအနည်းငယ်ကြာလာသောအခါ မိုးထက်မြင့်တို့မွေးမြူထားသော ဝက်များသည်ဝဝတစ်တစ်များဖြင့်ရောင်းတန်းဝင်သော အရွယ်သို့ပင် ရောက်ရှိလာ၏။

တစ်နေ့သော မနက်ခင်းတစ်ခု၌….

  ” ကိုကြီးးရေ… ကိုကြီး..လာကြည့်ပါအုံး ဝက်တွေ ဝက်တွေ “

မိုးထက်မြင့်လည်း ညီမဖြစ်သူမိုးသူဇာ၏ အလန့်တစ်ကြားအော်ခေါ်သံကြားသဖြင့်အိမ်နောက်ဖေးရှိ ဝက်ခြံသို့ပြေး၍ဆင်းကြည့်ရာ

” ဟာ ”
ဟူသော အာမေဋိတ်အသံတစ်ခုသာ ပြုနိုင်တော့၏။ အကြောင်းမှာ ဝက်ခြံအတွင်းရှိ ဝက်များအားလုံးသည် ပါးစပ်မှအမြှုပ်များထွက်ကာ သေဆုံးနေသည်ကို ထူးဆန်းစွာတွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေသည်။
ထိုကိစ္စများဖြစ်သွားပြီးနောက် မိုးထက်မြင့်လည်း စိတ်ဓာတ်ကျကာ သူငယ်ချင်းဖြစ်သူအောင်သူနှင့်အတူ ရွာအရှေ့ပိုင်းကကိုသာလှထန်းရည်ဆိုင်၌သာ ထန်းရည်သောက်ရင်း
အချိန်များကုန်ဆုံးလေ၏။ မွေးမြူထားသောဝက်များသေဆုံးရသည်မှာ မိုးထက်မြင့်နှင့်အောင်သူတို့အဖို့ အရင်းအနှီးကြီးမားစွာဆုံးရှုံးစေသည် မဟုတ်ပါသလော။

  သူရိယနေမင်းကြီးကွယ်ဆင်းလို့ မှောင်ရီပျိုးစအချိန်၌ ယိုင်နဲ့သောခြေလှမ်းများဖြင့် မိုးထက်မြင့်တစ်ယောက်အိမ်သို့ပြန်လာ၏။ အိမ်ပေါ်သို့အတက်
” တောက် ”
ဟူသော တောက်ခေါက်သံသည် ကျယ်လောင်စွာထွက်ပေါ်လာ၏။ ထို့နောက် ညရောက်သော် မိုးထက်မြင့်၏အိမ်မက်ထဲ၌ ဖခင်ဖြစ်သူသည်မိမိအား မျက်ထောက်နီကြီးများဖြင့်ကြည့်ကာ ဆူပူကြိမ်းမောင်းပြီး မိုးထက်မြင့်၏နားရင်းအား လက်ဝါးစောင်းဖြင့်ရိုက်ချလေသည်။ မနက်မိုးသောက် အလင်းရောက်သောအခါ မိုးထက်မြင့်တစ်ယောက်သည် အိပ်ယာမှနိုးထလာ၏။ အိပ်ယာမှထသော် မိမိဇာတ်မှာနာနေပြီး မျက်နှာတစ်ခြမ်းမှာယောင်ကိုင်းနေလေသည်။ ဤသို့ဖြင့် မိုးထက်မြင့်တစ်ယောက်သည် ကွယ်လွန်သွားရှာပြီဖြစ်သော ဖခင်၏နှောက်ယှက်ခြင်း နှိပ်စက်ခြင်းများခံရသဖြင့် စိတ်ရောလူရောဆင်းရဲလာ၏။ သို့ဖြစ်ပါ၍ မိုးထက်မြင့်လည်း မိမိအဖြစ်ကို သူငယ်ချင်းဖြစ်သူအောင်သူအား  အလုံးစုံရှင်းပြ၍ တိုင်ပင်လေသည်။ အောင်သူသည်လည်း မိမိသူငယ်ချင်းဖြစ်သူမိုးထက်မြင့်၏အခက်အခဲအား ဤသို့အကြံပေးလေ၏။

  ” မိုးထက်မြင့် မင်းပြောပုံအရဆို  ဆရာထွန်းကဝိဇ္ဇာမဖြစ်နိုင်ဘူး ဝိဇ္ဇာမဖြစ်ခင်တခြားဘုံတစ်ခုခုကဖြစ်မယ်ထင်တယ်ကွ ဒီကိစ္စကို ဒီအတိုင်းထားလို့မဖြစ်ဘူး ကြာရင်မင်းတို့မောင်နှစ်မနှစ်ယောက်လုံး ဒုက္ခရောက်ကုန်လိမ့်မယ် “

” အေးကွ.. ငါလည်းစဉ်းစားရကြပ်နေတာ အဖေကအခုဆို တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ် ငါ့ကိုလည်းညတိုင်းအိမ်မက်ထဲမှာ ဆူပူကြိမ်းမောင်းနေတာ ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူးကွာ အောင်သူရာ “

  ” ဒီလိုလုပ်ကွာ မင်းအဖေမင်းတို့ကိုနှောက်ယှက်လို့မရအောင်ရယ် မင်းအဖေလည်းလမ်းမှန်ပြန်ရောက်အောင် မင်းအဖေကိုဆုံးမချေချွတ်ပေးနိုင်မဲ့ အထက်လမ်းဆရာတွေကို ပင့်ကြည့်ရင်မကောင်းဘူးလား “

  ” အေးကွ အောင်သူရ မင်းပြောတဲ့အကြံမဆိုးဘူး ဒီအတိုင်းပဲလုပ်ကြတာပေါ့ကွာ “

အောင်သူတစ်ယောက်လည်း သူငယ်ချင်းဖြစ်သူမိုးထက်မြင့်၏အခက်ခဲအား ကူညီနိုင်ရန်အတွက် အထက်လမ်းဆရာ ရှာပုံတော်ဖွင့်လေတော့သည်။ ထို့နောက် အထက်လမ်းဆရာများအား ရှာတွေ့သောအခါ ၎င်းဆရာများအား မိုးထက်မြင့်အိမ်သို့ပင့်သွားလေသည်။ ၎င်းဆရာများအား မိုးထက်မြင့်အိမ်သို့ပင့်သွားလေသည်။ ထိုဆရာများသည်လည်း ဆေးသူယောင်ဆရာထွန်းအား ချေချွတ်ဆုံးမဖို့နေနေသာ ဆရာထွန်း၏လက်ချက်ဖြင့် အိမ်ပေါ်ကနေပုဆိုးစလွယ်သိုင်းကာ ထွက်သွားရလေသည်။ ဤသို့ဖြင့် ထက်ပါတယ်ဆိုတဲ့ ဆရာများပင် ပင့်ခဲ့သော်လည်းဆရာထွန်း၏ လက်ချက်ဖြင့်ပင် ထွက်ပြေးရလေသည်။
ထို့သို့ဖြစ်ရပ်များကြောင့် မိုးထက်မြင့်နှင့်အောင်သူတို့၏ ဆရာရှာခြင်းလုပ်ငန်းအား ရပ်ဆိုင်းလိုက်လေသည်။ မိုးထက်မြင့်သည်လည်း ဖြစ်လေသမျှဝဋ်ကြွေးဟုသာ သတ်မှတ်၍ စိတ်ပျက်လက်ပျက်ဖြင့်သာ နေလေတော့သည်။ အောင်သူသည်လည်း သူငယ်ချင်းဖြစ်သူမိုးထက်မြင့်၏ ဖြစ်နေပုံအားကြည့်ကာ စိတ်မကောင်းစွာဖြင့် ရွာပြင်သို့ထွက်လာကာ ရွာပြင်ရှိဇရပ်၌ထိုင်ကာ နဂါးဆေးပေါလိပ်လေးအား မီးငြှိပြီးဖွာရှိုက်ရင်း ဆရာထွန်းအကြောင်းစဉ်းစားခန်း ဖွင့်လေသည်။

  မင်းအောင်နှင့်ပြည်ံဖြိုးလည်း အထက်ဆရာသခင်များ၏ညွှန်ကြားချက်အတိုင်း ဆေးသူယောင်အား ဆုံးမချေချွတ်ရန်အတွက် ပန်းတနော်ရွာလေးသို့ ရောက်ရှိလာ၏။

သူရိယနေမင်းပူပြင်းနေသော နေ့အခါ၌ ဖုန်တထောင်းထောင်းထနေသော ရွာပြင်လမ်းမကြီးထက်၌ ယောကီယောင်လွယ်အိတ်များအား ကိုယ်စီလွယ်ထားကြသော လူရွယ်နှစ်ယောက်တို့သည် ရွာပြင်တွင်တည်ရှိသော ဇရပ်ဆီသို့ ဦးတည်၍လျှောက်လာလေသည်။ ၎င်းလူရွယ်နှစ်ယောက်တို့သည် ဇရပ်အနီးသို့ရောက်သောအခါ…

” ပြည့်ဖြိုး ဇရပ်ထဲမှာထိုင်နေတဲ့ လူကိုတွေ့လား “

” တွေ့တယ်ဆရာ အဲဒီလူပုံစံကြည့်ရတာ စိတ်ရှုပ်နေပုံပဲ “

” ဟုတ်တယ်ပြည့်ဖြိုးရ အဲဒီလူကအပူသည်ကွ သူ့အတွက်မဟုတ်ပဲတစ်ခြားလူအတွက် စိုးရိပ်ပူပန်နေရတာကွ “

” ဆရာက အဒီလူရဲ့အကြောင်းကို ဘယ်သိတာလည်း အာရုံခံကြည့်တာလား “

” မဟုတ်ဘူးပြည့်ဖြိုးရ အာရုံခံတယ်ဆိုတာ လိုအပ်မှသုံးရတာ နေရာတစ်ကာသုံးရတာမျိုးမဟုတ်ဘူးကွ အဲဒီလူရဲ့အကြောင်းကိုဘယ်လိုသိတာလည်းဆိုတော့ အင်္ဂဝဇ္ဇာပညာရပ်ထဲက နမိတ်တိုင်ထောင်ကြည့်လိုက်တာပေါ့ ကွာ တစ်နေ့တာမှာအချိန်နဲ့ပိုင်းရင်၁၆ချိန်ရှိတယ် မနက်ပိုင်း၈ချိန် ညပိုင်း၈ချိန်ကွ ဘယ်အချိန်ဘယ်နေ့မှာ ဘာတိုင်ဆိုပြီးရှိတယ် အဲဒီတိုင်ကိုထောင်လိုက်ရင် နမိတ်တိုင်ဆိုတာဖြစ်လာတာပေါ့ကွာ “

  ” ဟုတ်ကဲ့ဆရာ ဗေဒင်ပညာက ဆန်းကျယ်တယ်နော် “

” ဒါပေါ့ကွာ မြတ်စွာဘုရားရဲ့တရားတော်တွေတောင် ကျမ်းသုံးပုံပဲရှိတာ ဗေဒင်ပညာရပ်က ကျမ်းလေးပုံရှိတယ်ကွ “

ကျွန်တော်လည်းပြည့်ဖြိုးအား ဗေဒင်ပညာနဲ့ပတ်သတ်သော အကြောင်းအရာတစ်ချို့အား ရှင်းပြလိုက်ပြီး ဇရပ်အတွင်းရှိလူငယ်၏ အနားသို့သွားလိုက်သည်။ ဇရပ်အတွင်းရှိလူငယ်သည် ကျွန်တော်တို့ဇရပ်အတွင်းသို့ ရောက်ရှိနေသည်ကိုပင် သိဟန်မပေါ်ချေ။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်မှစတင်၍

” နောင်ကြီး ဘာတွေများစဉ်းစားနေတာတုံးဗျ “

” ဗျာ… ဒီလိုပါပဲ ခဗျားတို့ကဘယ်သူတွေလည်း ခဗျားတို့ကိုဒီရွာမှာတစ်ခါမှ မတွေ့ဖူးဘူး ”
အောင်သူလည်း မိုးထက်မြင့်ကိစ္စဖြင့်စိတ်ရှုပ်ကာ ဇရပ်၌ထိုင်နေစဉ်အတွင်း သူစိမ်းလူနှစ်ယောက်မှ စကားလာပြောသဖြင့် ဂျွတ်ဆက်ဆက်ဖြင့် ပြန်ပြောလိုက်လေသည်။

” ကျွန်တော်တို့ကခရီးသွားတွေပါ ဒီကနောင်ကြီးကိုကြည့်ရတာ သူများအပူကိုယ့်အပူလုပ်ပြီး ပူပန်နေရတာပါလား “

” ခဗျားတို့က ကျုပ်ပူပန်နေရတာကို ဘယ်လိုသိတာလည်း ဆရာတွေလား “

”  ကျွန်တော်တို့က ခုနှစ်ရက်သားသမီးတွေရဲ့အခက်အခဲတွေကိုကူညီကယ်တင်နေတဲ့ အထက်လမ်းဆရာတွေ ဆိုပါတော့ဗျာ “

” သြော် အထက်လမ်းဆရာလေးတွေကို ကျွန်တော်က ဆရာတွေမှန်းမသိလို့ မချေမငံပြောမိရင် ခွင့်လွှတ်နော်ဆရာလေးတို့ ဒါနဲ့ဆရာလေးတို့အမည်က ဘယ်လိုခေါ်လည်းဗျ “

” ကျွန်တော်နမည်ကတော့ မင်းအောင်ပါ ကျွန်တော်ဘေးကလူနာမည်ကတော့ ပြည့်ဖြိုးလို့ခေါ်ပါတယ် ဒါနဲ့နောင်ကြီးအမည်ကရော “

” ဟုတ်သားပဲ ကျွန်တော်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့မေ့နေတာ ကျွန်တော်နမည်က အောင်သူပါ ဒီပန်းတနော်ရွာသားပဲဆရာလေးရေ ”

” ဒါနဲ့ ဒီကကိုအောင်သူ ကြုံနေရတဲ့အခက်ခဲလေး ကျွန်တော်တို့ကိုပြောပြပါလား ကျွန်တော်တို့ကူညီလို့ရရင် ကူညီပေးခြင်ပါတယ် “

” ဒီလိုဆရာရေ ကျွန်တော်ပူပန်နေရတာက ကျွန်တော်သူငယ်ချင်းမိုးထက်မြင့်ကိစ္စဗျ ဖြစ်ပုံကဒီလိုဗျ်် “

အောင်သူလည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား သူငယ်ချင်းဖြစ်သူမိုးထက်အားသူ၏ဖခင်ဖြစ်သူ ဆရာထွန်းနှောက်ယှက်ဒုက္ခပေးသည်ကို အစအဆုံးရှင်းပြလိုက်လေသည်။

  ” ရပါတယ်ဗျာ ကျွန်တော်တို့ကူညီပေးပါ့မယ် ကျွန်တော်တို့ကိုခဗျားသူငယ်ချင်း မိုးထက်မြင့်အိမ်ကိုသာ လိုက်ပို့ပေး “

” ကျေးဇူးတင်ပါတယ် ဆရာလေးတို့ရေ “

  မြေနီရောင်လမ်းမကြီးထက်၌ သွက်လက်မြန်ဆန်သောခြေလှမ်းများဖြင့် လူရွယ်သုံးယောက်တို့သည် ပန်းတနော်ရွာလေးအတွင်းသို့ ဝင်လာ၏။ ၎င်းလူရွယ်သုံးယောက်တို့သည် ရေနံချေးများဝအောင်သုတ်ထားသော ခြေတံရှည်အိမ်ကြီး အရှေ့ရောက်သော်  ၎င်းတို့၏ခြေလှမ်းများအား ရပ်တန့်လိုက်လေသည်။ ထို့နောက် လူရွယ်သုံးယောက်တို့သည် ထိုခြေတံရှည်အိမ်ကြီးပေါ်သို့တက်လာလိုက်သည်။ ထို့နောက်…

” မိုးထက်မြင့်ရေ မိုးထက်ရေ ဒီမှာငါဆရာလေးတွေ ပင့်လာတယ်ကွာ “

” အေး အောင်သူရေ လာပြီ ”
ဟုအသံကြားလိုက်ရပြီး အိမ်အတွင်းပိုင်းမှ ငြှိုးငယ်သောမျက်နှာများဖြင့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် အသက်ငယ်ဟန်တူသော အမျိုးသမီးတစ်ဦးတို့ထွက်လာ၏။

ထို့နောက်ကိုအောင်သူလည်း ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်နှင့် မိုးထက်မြင့်တို့မောင်နှစ်မနှစ်ယောက်အား မိတ်ဆက်ပေးလေသည်။ ထို့နောက် …
ဘုရားစင်၌ ဘုရားမီးအားတင်လိုက်ပြီး လူနာဖြစ်သူအား

” ကဲ ကိုမိုးမြင့်ထက် အကို့အသက်နဲ့ခန္တာရယ် အကို့အိမ်ခြံတွေပါ ကျွန်တော်တို့ကိုအပ်ပါသလား “

” အပ်ပါတယ် ဆရာ ”
ကျွန်တော်လည်း လူနာအားထိုသို့သုံးကြိမ်မေးလိုက်ပြီးနောက် … ဆေးကုသခြင်းလုပ်ငန်းအား စတင်လေသည်။

” အရဟံအစဘဂဝါ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား တပည့်တော်ကြသပတေးသားမှ ရိုသေမြတ်နိုး လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား််”

ကျွန်တော်လည်း ဘုရားရှိခိုးခြင်း ငါးပါးသီလခံယူခြင်း ကျွန်တော်အသက်နှင့်ခန္တာအား၎င်း လူနာများ၏အသက်နှင့်ခန္တာအား၎င်း မြတ်စွာဘုရားထံ၌လှူဒါန်းလိုက်ပြီး အထက်ဆရာသခင်များအားပင့်ဖိတ်ကာ မြတ်စွာဘုရားထံလှူဒါန်းထားသော လူနာ၏အသက်နှင့်ခန္တာအား အထက်ဆရာသခင်များထံသို့ ပြန်လည်အပ်နှံလှုဒါန်းလိုက်လေသည်။ ထို့နောက် လူနာဖြစ်သူမိုးထက်မြင့်အား ဘုရားစဉ်အရှေ့၌တပ္ပလင်လွှဲထိုင်စေသည်။ထို့နောက်..

” ပြည့်ဖြိုးရေ မီးစက်သုံးခုချကွာ “

” ဟုတ်ကဲ့ ဆရာ ”
ပြည့်ဖြိုးလည်း ဆရာဖြစ်သူမီးစက်ချခိုင်းသဖြင့် လူနာ၏လက်ယာစည်း လက်ဝဲစည်း အနောက်စည်းဟု၍ မီးစက်သုံးတိုင်အား မီးထွန်းငြှိကာ အထက်ဆရာသခင်များအား တိုင်တည်ကာ မီးစက်စည်းအား ချလိုက်လေသည်။

ပြည့်ဖြိုးမီးစက်ချပြီးတော့ ကျွန်တော်လည်းလွယ်အိတ်အတွင်းမှ ပဋ္ဌမံစမတစ်ချက်အား ထုတ်ယူလိုက်ပြီး ရေခွက်ငယ်အတွင်းသို့ထည့်လိုက်ကာ အထက်ဆရာသခင်များအား..

” လက်ယာကိုးသိန်း လက်ဝဲကိုးသိန်း အထက်ဆရာသခင်ဝိဇ္ဇာများသည်လည်း သားတော်လူဆရာ ကြာသပတေးသား၏ ဦးခေါင်းထက်သော်၎င်း လက်ယာလက်ဝဲပခုံးများထက်သော်၎င်း နာရီမဆိုင်းမိနစ်မဆိုင်း စုံလင်စွာကြွရောက်ပြီး တည်ရှိပါစေသား အဘဆရာများစုံလင်စွာ ကြွရောက်ပြီးပါက အဘဆရာများထံသို့ အပ်နှံလှူဒါန်းထားသော ကြာသပတေးသားမိုးထက်မြင့်မိသားစုအား နှောက်ယှက်ထားသော ပုဂ္ဂိုလ်သည် ပဋ္ဌမံမီးစက်အတွင်းသို့ချုပ်ပြီးတုပ်ပြီး ရောက်ရှိပါစေသား “

ကျွန်တော်လည်း ဆရာကြီးတွေအားတိုင်တည်ပြီးသောအခါ ဘုရားစင်ရှေ့တွင်လက်အုပ်ချီ၍တပ္ပလင်လွှဲထိုင်နေသော မိုးထက်မြင့်သည် ရုတ်တရက်တပ္ပလင်ခွေသို့ပြောင်းထိုင်လိုက်ပြီး ခက်ထန်သောအသံဖြင့်..

” ငါ့ကိုခေါ်တာ ဘာကိစ္စလည်း “

သူယောင်များဝင်ပူးလျှင် တစ်ခြားပုဂ္ဂိုလ်များလို ကြမ်းတမ်းခြင်းမရှိပဲ လူအကောင်းတိုင်းကဲ့သို့ ပြုမူတတ်သည်။ သူယောင်အား ပရောဂါဖမ်းလျှင် အင်မတန်ခက်၏။သူယောင်များသည် အင်မတန်အစွမ်းထက်သလို အင်မတန်လည်း မာယာများ၏။

” ခဗျားကိုခေါ်ရတာက ဒီမိသားစုကိုမနှောက်ယက်ဖို့ ကတိသစ္စာရေသောက်ခိုင်းဖို့အတွက်ပါပဲ “

ကျွန်တော်လည်း မိုးထက်မြင့်တစ်ဖြစ်လဲ ဆေးသူယောင်ဦးထွန်းအား ထိုသို့ပြောလိုက်ရာ…

” မင်းသောက်ခိုင်းတိုင်း ငါကသောက်ရမှာလား မင်းလိုဆရာပေါက်စ စကားကိုငါကနာခံရမှာလား ဒီမိသားစုကငါ့မိသားစု မင်းနဲ့မဆိုင်ဘူး မင်းဝင်မရှုပ်နဲ့ “

ဆိုပြီးမက်တပ်ရပ်ဖို့အလုပ်

” ဘုန်း “

ခနဲအသံနဲ့အတူ မိုးထက်မြင့်တဖြစ်လဲ ဆေးသူယောင်ဦးထွန်းသည် အောက်သို့ပြန်ကြလာ၏။ ကျွန်တော်လည်း အခြေနေကို ရိပ်စားမိပြီး…

” လက်ဝဲလက်ယာ ဂုမ္ဘာန်ကြီးများ အဲဒီပုဂ္ဂိုလ်ကို နင်းချထားပေး မာန်မလျှော့မခြင်း ဦးခေါင်းကိုပြန်မထောင်ပေးနဲ့ ကြမ်းပြင်နဲ့နှဖူးနဲ့ကပ်နေအောင် နင်းချထားပေးဂုမ္ဘာန်ကြီးများ “

ဟုပြောလိုက်ရာ မိုးထက်မြင့်တဖြစ်လဲဆေးသူယောင်ဦးထွန်း၏ ဦးခေါင်းသည်ကြမ်းပြင်နှင့်ထိကပ်နေ၏။ ၎င်းဦးထွန်းသည် ဦးခေါင်းကိုပြန်ထူရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ချေ ။အဘယ့်ကြောင့်ဆိုသော် ဦးထွန်းအားနင်းချထားသော ဂ္ဘုမာန်ကြီးများသည် သာမန်ဂုမ္ဘာန်များမဟုတ်ပေ။ ပဋ္ဌမံဂိုဏ်းတော်ကြီး၏အစောင့် အထက်နတ်ဂ္ဘုန်မာန်များဖြစ်လေသည်။၎င်းဂုမ္ဘာန်များသည် စတုမဟာရဇ်နတ်ဘုံတွင် နေထိုင်သော နတ်စစ်သူကြီးများပင်ဖြစ်လေသည်။
ဤသို့ဖြင့် ကွမ်းတစ်ရာညှပ်လောက် အချိန်ကြာလာသောအခါ ဦးထွန်းမှာခေါင်းမထောင်နိုင်တော့ပေ။

” ကျုပ်အရှုံးပေးပါတယ် ကျုပ်ကိုနင်းထားတာဖယ်ပေးပါအုံး ကျုပ်ခေါင်းတွေနာလှပြီ “

ဦးထွန်းမှထိုသို့ပြောတော့ ကျွန်တော်လည်းဂုမ္ဘာန်ကြီးများအား နင်းချခိုင်းထားတာကိုဖယ်လိုက်တယ် ပြီးတော့

” ကျုပ်လည်းခများကို ဒီလိုတွေမလုပ်ချင်ပါဘူး ခဗျားဘက်ကခေါင်းမာလို့သာ ဒီလိုပြုမူရတာ ခဗျားနဲ့ကျုပ်တို့ကရန်သူတွေလည်းမဟုတ်ပါဘူး ကျုပ်တို့ကမေတ္တာနဲ့ပြောတာကို ခဗ်ားဘတ္က မေတ္တာနဲ့ပဲပြန်လည်တုန့်ပြန်ပေးပါ “

ကျွန်တော်လည်း ဦးထွန်းအားထိုသို့ပြောလိုက်ရာ

”  ကျုပ်သားသမီးတွေကို နှောက်ယှက်တာမဟုတ်ပါဘူး ကျုပ်ကစောင့်ရှောက်တာပါ ဒါကိုဒင်းတို့ကကျုပ်မကြိုက်တာတွေလုပ်တယ် “

” ကျုပ်တစ်ခုပြောမယ်ဦးထွန်း ခဗျားလည်းခဗျားဘဝနဲ့ခဗျား ကျုပ်လည်းကျုပ်ဘဝနဲ့ကျုပ် သူတို့လည်းသူတို့ဘဝနဲ့သူတို့လေ သူတို့ကြိုက်ရာလုပ်ကြမှာပဲလေ ဒါကိုခဗျားထိန်းချုပ်လို့ရပါ့မလား နောက်ပြီးခဗျားအခုရောက်နေတဲ့ ဘဝကြီးကရောမလွတ်မြောက်ချင်ဘူးလား “

” ကျုပ်ကငရဲရောက်နေတာမှမဟုတ်တာ ဆရာကြီးတွေနဲ့အတူ တရားကျင့်နေတာ ကျုပ်အခုဆို အစွမ်းတွေတောင်တိုးလာပြီ “

” အဲဒါခဗျားလွဲနေတာ ခဗျားအခုရောက်နေတဲ့ဘုံက အသုရာကယ်ဘုံဗျ…ခဗ်ားလူဘဝတုံးက ၇ရက်သားသမီးတွေကို ကယ်ခဲ့တဲ့ကုသိုလ်အရှိန်တို့ကြောင့် အစားဆင်းရဲခြင်း အနေဆင်းရဲခြင်းဒုက္ခကို ခဗ်ားမခံစားရေသးတာ ခဗျားကုသိုလ်အရှိန်ကုန်သွားရင် ငရဲဆင်းရမှာဗျ လူကလည်းလူဘဝမှာပျော်တယ် နွားကလည်းနွားဘဝမှာပျော်တယ် ခွေးကလည်းခွေးဘဝမှာခွေးပျော်တယ် တကယ်တော့အားလုံးက ကိုယ်ရောက်တဲ့ဘဝကို ကိုယ်ပျော်နေကြတာပဲ ဘဝတွေရဲ့ဆင်းရဲခြင်းတွေကို အဝိဇ္ဇာတွေဖုံးလွှမ်းနေလို့သာ မသိနိုင်ကြတာ ဦးထွန်း…ခဗျားက အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲဗျာ ကျုပ်ပြောတာတွေ မှန်လားမှားလားစဉ်းစားကြည့်ပေါ့  “

ကျွန်တော်လည်းအဲဒီလိုပြောလိုက်တော့ မိုးထက်မြင့်ခန္တာအား ဝင်ပူးနေသောဦးထွန်းသည်ဦးခေါင်းအနည်းငယ်အောက်သို့စိုက်သွားကာ တွေဝေသွား၏။ ကျွန်တော်လည်း အခွင့်ရေးကိုအသုံးချကာ ဦးထွန်းအား..

” ခဗျားသေချာစဉ်းစားကြည့် မြတ်စွာဘုရားကအတ္တတရားဟောခဲ့တာမဟုတ်ဘူး အနတ္တတရားဟောခဲ့တာ ခဗျားဆိုတာလည်းမတည်မြဲဘူး ကျုပ်ဆိုတာလည်းမတည်မြဲဘူးသတ္တဝါတိုင်းဟာ တည်မြဲခြင်းမရှိဘူး ခဗျားကိုယ်ခဗျားရော တည်မြဲခြင်းမရှိတဲ့အနတ္တတရားကိုလွန်ဆန်နိုင်လား “

ကျွန်တော်လည်း ထိုသို့မေးလိုက်ရာ မိုးထက်မြင့်ခန္တာကိုယ်အား ဝင်ပူးနေသောဆေးသူယောင်ဦးထွန်းမှ..

” ကျုပ်လည်း အနတ္တတရားကို မလွန်ဆန်နိုင်ပါဘူးဗျာ “

” ဟုတ်ပြီ ခဗျားကိုယ်ခဗျားတောင် တည်မြဲခြင်းမရှိတဲ့ဟာကို သူများကိုပူပန်နေတော့ရောအကျိုးရှိပါ့မလား ကျွန်တော်ခဗျားကို နောက်တစ်ခုထပ်ပြောမယ် ဦးထွန်း ခဗ်ားဟာ လူဘဝထဲကသမထတရားတွေ ကျင့်ကြံခဲ့တာပဲ အခုဘယ်လိုဘဝကိုရောက်နေလည်း “

ကျွန်တော်လည်းဦးထွန်းအား ထိုသို့ထပ်မံမေးလိုက်ရာ

” ကျူပ် ဝေမာနိကပြိတ္တာအနွယ်ဝင် အသုရကယ္ဘုံဘဝမွာ ရောက်နေတယ် “

” ခဗ်ားအခုလို ဝေမာနိကပြိတ္တာအနွယ်ဝင် အသုရကယ္ဘုံဘဝကို ရောက်ရခြင်းအကြောင်းရင်းက ငါဆိုတဲ့သက္ကာရကိုမဖြုတ်လို့ပဲ ငါဆိုတဲ့ဆရာအစွဲတွေကြောင့်ပဲ သမထတရားဘယ်လောက်အားထုတ်ထုတ် ဖြစ်ပျက်မရှုနိုင်ရင်လမ်းလွဲမှာပဲ ဖြစ်ပျက်ရှုမှ ဖြစ်ပျက်သိမယ် ဖြစ်ပျက်သိမှဖြစ်ပျက်မုန်းမယ် ဖြစ်ပျက်မုန်းမှ ဖြစ်ခြင်းပျက်ခြင်းမရှိတော့တဲ့ နိဗ္ဗာန်ကိုရောက်မယ် အဲဒီတော့က မိမိကိုယ္ကိုမိမိ အစိုးမရတဲ့အနတ္တတရားကြီးကို သိနေမှတော့ ငါ့သားသမီး ငါ့အိမ် ငါ့ပစ္စည်းအစရှိသည့် ငါစွဲကြီးကို ဆရာထွန်းအနေနဲ့ စွန့်လွှတ်လိုက်ပါလို့ ကျုပ်အနေတော့ ငါ့သားသမီး ငါ့အိမ် ငါ့ပစ္စည်းအစရှိသည့် ငါစွဲကြီးကို ဆရာထွန်းအနေနဲ့ စွန့်လွှတ်လိုက်ပါလို့ ကျုပ်အနေနဲ့မေတ္တာရပ်ခံပါတယ် “

” ဆရာလေးပြောတာမှန်ပါတယ် ကျုပ်မှားသွားတယ် ကျုပ်ဘဝတစ်လျောက်လုံးကောင်းမှုတွေလုပ်ခဲ့ပေမဲ့ ငါဆိုတဲ့သက္ကာရကို မဖြုတ်နိုင်တဲ့အတွက် ဒီလိုဘဝမျိုးကိုရောက်ရတာ အတ္တသဘောကိုဖယ်ပြီး အနတ္တသဘောနဲ့ရှေ့ဆက်ပြီးနေသွားပါမယ်လို့ ဆရာလေးကိုကတိပေးပါတယ် နောက်နောင်ကိုလည်း ဒီမိသားစုကိုမနှောက်ယှက်တော့ပါဘူးဟု ကတိသစ္စာရေသောက်ပါ့မယ်
ကျုပ်အနေနဲ့ တစ်ခုတော့တောင်းဆိုပါရစေ ကျုပ်သားလေးမိုးထက်မြင့်ကို ဘုန်းကြီးဝတ်လေးနဲ့ မြင်သွားချင်တယ် “

” အဖေ ဖြစ်စေခြင်တဲ့အတိုင်း သမီးတို့အကုန်ဖြည့်စီးပေးပါ့မယ် အကိုကြီးကိုလည်းဘုန်းကြီးဝတ်ပေးပါ့မယ် အဲဒီကြရင်အဖေသာဓုခေါ်ပါနော် “

မိုးထက်မြင့်၏ညီမဖြစ်သူ မိုးသူဇာလည်း ဖခင်ဖြစ်သူ ထိုဘဝသို့ရောက်ရှိနေကြောင်း သိရှိရသဖြင့် ဝမ်းနည်းလျက်မျက်ဝန်းထက်မှ မျက်ရည်များစီးကျကာ ထိုသို့ဝင်ပြောလိုက်ခြင်းဖြစ်လေသည်။

ထို့နောက် ကျွန်တော်နဲ့ပြည့်ဖြိုးလည်း မိုးထက်မြင့်ခန္တာအားဝင်ပူးနေသော ဆရာထွန်းအား ကတိသစ္စာရေများတိုက်ကြွေးပြီး ပရောဂါကုခြင်းလုပ်ငန်းအား အဆုံးသတ်လိုက်၍ မိမိနေထိုင်ရာဒေါ်ငြိမ်းရွာလေးသို့ ပြန်လာခဲ့လိုက်သည်။

ထိုကိစ္စများဖြစ်ပွားပြီး လအနည်းငယ်ကြာသောအခါ ပန်းတနော်ကျေးရွာအတွင်းရှိ မြေနီလမ်းမကြီးပေါ်သို့ သစ်ခေါက်ရည်ဆိုး၍နီမြန်းသော သင်္ကန်းတော်တို့အားဝတ်ဆင်ထားသော ဦးဇဉ်းငယ်လေးကြွချီလာသည်ကို ကြည်ညိုဖွယ်ရာ တွေ့မြင်လိုက်ရ၏။၎င်း ဥူးဇင်းလေးသည် အခြားသူမဟုတ်ပေ မိုးထက်မြင့်တဖြစ်လဲ ဦးပညာဝံသ ပင်ဖြစ်လေသည်။ ထို့နောက် ဝိဇ္ဇာစာရင်းတွင် ဆရာထွန်း ဟူသောအမည်အား ရွှေရောင်စာသားများဖြင့် ပေါ်ပေါက်လာလေသည်။

# ပြီး # စာရေးသူပိုင်လေး (မအူပင်မြေ)

ဤဇာတ်လမ်းလေးသည် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအားမှီမြန်း၍ လိုအပ်သည်များအား ဖြည့်စွက်ရေးသားထားကာ ပုံဖော်ထားခြင်းဖြစ်လေသည်။သို့ဖြစ်ပါ၍ အဖြစ်အပျက်တူခြင်း အမည်များတူခြင်း အကြောင်းအရင်းတိုက်ဆိုင်ခြင်းများရှိခဲ့ပါက ဒီနေရာကနေကျွန်တော်စာရေးသူ ပိုင်လေးမှ 🙏တောင်းပန်အပ်ပါသည် 🙏

(မှတ်ချက် ) ကျွန်တော် ပိုင်လေးသည် စာရေးဆရာတစ်ဦးမဟုတ်ပေ ဝါသနာရှင် စာရေးသူ တစ်ဦးသာဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဤဇာတ်လမ်းနှင့်ပတ်သက်၍ စကားလုံးအထားအသိုများ မမှန်ခြင်း စာလုံးပေါင်းသဏ္ဍာန်ပုံများမှားခြင်းများရှိခဲ့ပါက စာဖတ်သူများအနေနှင့် ဖြည့်စွက်၍ဖတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။

စာဖတ်သူများအားလုံး စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခများနှင့်ပြီးပြည့်စုံကြပါစေလို့
ကျွန်တော် စာရေးသူပိုင်လေး (မအူပင်မြေ) မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏