*************************
“ဘွားရှိလားဗျို့……”
“ဟဲ့…မောင်တိုး ခြံပြင်ကနေအော်ဟစ်မနေနဲ့…….
ဟောသည်မှာကျုပ်တစ်ယောက်လုံးထိုင်နေတာ…
မမြင်ဘူးလားကွဲ့”
“အဟဲ…ကျုပ်ကအသံနဲ့အရင်မေးလိုက်တာပါဘွားရယ်…
ကျုပ်တို့ဘွား ကွပ်ပျစ်ပေါ်မှာထိုင်နေတာကိုကျုပ်
မျက်လုံးကအခုမှပဲမြင်မိတယ်ဗျို့………..”
မောင်တိုးတစ်ယောက် ခြံဝိုင်းထဲသို့ဝင်လာပြီး
ကွပ်ပျစ်နံဘေးရှိ ထန်းလက်ခုံတွင်ဝင်ထိုင်လိုက်သည်။
ဘွားမယ်စိန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်းမောင်တိုးကိုအကဲခတ်နေ၏။
မျက်နှာ၌သနပ်ခါးကအဖွေးသား၊
ဆံပင်ကိုအုန်းဆီများစိုရွဲအောင်လိမ်းထားပြီး နဖူးထိပ်ရှိ
ဆံပင်တစ်ထွာလောက်ကိုစုစည်းထားသော မောင်တိုးသည်
ဘွားမယ်စိန်၏အကြည့်ကိုအနေခက်စွာဖြင့်
တဟဲဟဲရယ်မောနေလေသည်။
“ဟဲ…ဟဲ….ဘွားကကျုပ်ကိုကြည့်လှပါလားဗျ”
“အလိုလေး…ဒီနေ့ကျမှပြဇာတ်မင်းသားရှူံးအောင်
ပြင်ဆင်ထားလို့ မမြင်ဖူးလို့ပါတော်….”
“ကျုပ်ကအဲ့သလောက်တောင်ချောမောနေသလား ဘွားရဲ့”
“ချောပါ့တော် သင်္ချိုင်းကုန်းက မသာကြီးကို
သနပ်ခါးလိမ်းပေးထားသလိုပဲ
ချောချော ချောချောကိုမြည်လို့”
“ဟာဗျာ…ဘွားကလည်း”
ဘွားမယ်စိန်သည် မောင်တိုးတစ်ယောက်
မျက်နှာရှုံ့သွားလေတော့ သဘောကျဟန်ဖြင့်ပြုံးလေသည်။
“ဘွားက ငါ့သားကိုချစ်လို့စတာပါကွယ်…
ဒီလောက်နေပူပြင်းနေတာကို…
ဘယ်ကနေပြန်လာတာတုန်းကွဲ့…..လူကလည်းသန့်လို့ပြန့်လို့”
“ဘုန်းကြီးကျောင်းမှာ မြို့ကအလှူရှင်တွေ
လာလို့…သွားဝိုင်းကူပေးနေတာပါဘွားရာ”
“ဟေ…မြို့ကအလှူရှင်တွေလာတယ်…ဟုတ်သလား…”
“အယ်…ဟုတ်သားဗျ…ကျုပ်ကိုဘွားက စနေတာနဲ့
လာရင်းကိစ္စတောင်မပြောရသေးဘူးပဲဗျ…..”
“ဘာများတုန်းကွဲ့”
“ဆရာတော်ကဘွားကိုကျောင်းလိုက်ခဲ့ဖို့
ခေါ်ခိုင်းလိုက်တာဗျ…သူ့တကာတွေနဲ့
မိတ်ဆက်ပေးချင်လို့ထင်ပါရဲ့”
“သြော်…ဒီလိုဆိုရင်လည်းခဏစောင့်ကွယ်…
ရာသီဥတုကပူပူနဲ့အဝတ်အစားတွေကချွေးစိုနေတော့
ဘွားသွားလဲလိုက်ဦးမယ်”
“ဟုတ်ကဲ့ဘွား….ဒါနဲ့အရီးနဲ့ညီမလေးနန်းကြိုင်တို့ကော
မတွေ့ပါလားဗျ…”
“မတွေ့ဆို…သူ့မောင်အိမ်ဆီကိုအလည်သွားကြတယ်လေ”
“သြော်…ဟုတ်ကဲ့…”
ဘွားမယ်စိန်သည် အိမ်ပေါ်သို့တက်၍
အဝတ်အစားလဲတော့၏။
မောင်တိုးတစ်ယောက် ထန်းလက်ခုံ၌ထိုင်စောင့်နေခဲ့ရသည်။
ဘွားမယ်စိန်အဝတ်အစားလဲပြီးနောက်
ဘုန်းကြီးကျောင်းသို့ အတူသွားကြတော့သည်။
ဘုန်းကြီးကျောင်း၌ မောင်တိုးပြောသည့်အတိုင်း
မြို့မှအလှူရှင်ဧည့်သည်တို့ရောက်ရှိနေသည်။
မောင်အုန်းတို့ကာလသားအုပ်စုနှင့်ရွာရှိအပျိုချောတို့မှာလည်း
ထင်းခွဲရေခပ်ဖြင့်ဘုန်းကြီးကျောင်း၌ ကူညီပေးနေကြသည်။
ဆရာတော်တို့ရှိသော နေရာသို့ဘွားမယ်စ်ိန်ရောက်လေတော့
ဧည့်သည် အမျိုးသားကြီးသုံးဦးနှင့်အမျိုးသမီးကြီးနှစ်ဦးကို
လည်းဘွားမယ်စိန်တွေ့ရလေသည်။
ထိုသူတို့ကလည်း ယောဂီထဘီနှင့်ဖျင်အင်္ကျီကိုဝတ်ဆင်ထားပြီး ခါးကိုင်းကိုင်းဖြင့်ရောက်လာသော
ဘွားမယ်စ်ိန်ကိုကြည့်နေကြပြန်သည်။
“လာ တကာမကြီး…ထိုင်”
အရင်ဦးဆုံးဘွားမယ်စိန်သည်
ဆရာတော့်အားဦးချကန်တော့လိုက်သည်။
ပြီးလေမှ…
“ဒါ ကျုပ်တို့ရွာက ဘွားမယ်စိန်တဲ့ဗျာ…
ဘွားမယ်စိန်အကြောင်းကတော့ ဘုန်းဘုန်းပြောပြထားလို့
တကာတို့သိပြီးကြပေါ့…အခုက ကိုယ်တိုင်မြင်ဖူးအောင်
ဘုန်းဘုန်းကမိတ်ဆက်ပေးတာ”
“တင်ပါ့ဘုရား…ဘွားနဲ့ဆုံတွေ့ခွင့်ရတာဝမ်းသာပါတယ်”
“ကျုပ်တို့ကဘွားနာမည်ကိုကြားဖူးနေတာကြာပါပြီ…
အခုလိုအားတဲ့ရက်လေးဆရာတော့်ကျောင်းအတွက်လိုအပ်တာလေးဝယ်ပေးရင်းရောက်လာတာပါဘွားရယ်……”
“အေးကွယ်…အခုလို ဘွားတို့ရဲ့ရွာဦးဘုန်းကြီးကျောင်းလေးမှာ
မကြာမကြာလာရောက်ပြီးလှူဒါန်းပေးနေလို့
ဘွားတို့ရွာရဲ့ကိုယ်စား ဘွားကနေပဲကျေးဇူးတင်ပါတယ်လို့
ပြောပါရစေ…”
“ရပါတယ်ဘွားရယ်…”
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်အလှူရှင်တို့စကားကောင်းနေကြတော့သည်။
*****************************
နောက်တစ်နေ့နံနက်၌ ဘွားမယ်စိန်
ပုတီးစိပ်၊တရားထိုင်ပြီး၍
ဘုရားခန်းမှ အိမ်အောက်ရှိကွပ်ပျစ်ဆီသို့ဆင်းလာခဲ့လေသည်။
ကွပ်ပျစ်၌ ခရမ်းသီးများကို ချက်ဖို့ရန်ဓားဖြင့်လှီးနေသော
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့က ဘွားမယ်စိန်အတွက်နေရာဖယ်ပေးကြရသည်။
“အမေ…ဒီနေ့ တရားထိုင်တာအရင်ရက်တွေထက်
ကြာတယ်နော်…”
ဟုမေးလေတော့ ဘွားမယ်စိန်သည် ရေနွေးကြမ်းအိုးကိုငှဲ့ရင်း…
“အင်းးး…….ဒီရက်ပိုင်းထဲ အဖျက်တစ်ခုခုဝင်မယ်
ထင်ပါတယ်အေ…ငါ့စ်ိတ်တွေလေးနေတယ် မိဝင်းရဲ့”
“ဟင်…အမေ့စိတ်တွေလေးနေတယ်ဟုတ်လား…
ဘာလို့လဲအမေရယ်……….”
“အဖျက်အစီးတစ်ခုခုလာနေပြီဆိုတာတော့
အမေသေချာသိတယ်အေ့…
ဒီအတွက်ကြိုတင်ပြင်ဆင်ဖို့ အမေ့စိတ်ကနေကို
အသိပေးနေတာ…..”
“ဘုရား…ဘုရား….အမေ့စိတ်ကထင်နေရင်တော့
ဖြစ်လာမှာမို့ပဲတော့်…ကျုပ်တော့စိတ်ပူနေပြီအမေရယ်…….”
“အေး…..စိတ်ပူနေရတာထက်…
လာမယ့်ဘေးကိုပဲမယ်စိန်ကပြေးတွေ့လိုက်ချင်တော့တယ်အေ”
“ဟူးးးးးးးး”
ဘွားမယ်စိန်သည် မသိစိတ်အတွင်းဖြစ်ပေါ်နေသော
အဖျက်အစီးတစ်ခုလာတော့မည်ဆိုသော အကြောင်းအရာကို
မကျေမနပ်ဖြစ်နေပုံရသည်။
ဒေါ်ဝင်းမှာတော့သက်ပြင်းလေးချနေရှာ၏။
“ဘွားရေ….ဘွားရှိလားဗျို့…ကျုပ်ငသွင်ပါဗျ…….”
“ဟဲ့ကောင်လေး…ဝင်ခဲ့လေ”
ငသွင်ဆိုသော ဘုန်းကြီးကျောင်းသားလေးသည်
ပုဆိုးကိုခေါင်းမှခြုံ၍ ဘွားမယ်စိန်တို့အနီးရောက်လာခဲ့သည်။
“မောင်ကျောင်းသား…ဆရာတော်ကခေါ်ခိုင်းလိုက်လို့လားကွဲ့”
ဟု…ဘွားမယ်စိန်မှမေးလေတော့ ငသွင်သည်
ခေါင်းမှပုဆိုးကို
ဖယ်၍ ကွပ်ပျစ်ပေါ်ဝင်ထိုင်လေသည်။
ပြီးလေမှ ခေါင်းကိုခါရမ်းပြီး…
“မဟုတ်ဘူးဗျ…ကျုပ်လာတာက
ဘွားကိုအရေးကြီးကိစ္စပြောချင်လို့……..”
“အလိုလေး….ဘာအရေးကြီးကိစ္စများတုန်း
မောင်ကျောင်းသားရဲ့”
“ကျုပ်မနေ့က ဘွားကိုဘုန်းကြီးကျောင်းမှာ
တွေ့လိုက်ကတည်းကပြောပြချင်နေတာ…
ကပ္ပိယကြီးက ရွာထဲခိုင်းတာနဲ့
ကျုပ်မပြောလိုက်ရလို့ အခုဘွားဆီကိုလိုက်လာရတာဗျ…”
“အေး….ပြောစမ်းပါဦးဟဲ့…ဘာကိစ္စလဲဆိုတာ”
ဘွားမယ်စိန်သည် ဘုန်းကြီးကျောင်းသားငသွင်ကို
မေးလေသည်။
နံဘေးရှိ ဒေါ်ဝင်းတို့သားအမိမှာလည်းသိချင်နေပုံရ၏။
“ဒီလိုဗျ…ကျုပ်တို့ရွာသင်္ချိုင်းမှာ ဓားဘသောင်းဆိုတဲ့လူရောက်နေတယ်………”
“ဓားဘသောင်း ဟုတ်လား”
“ဟုတ်တယ်ဗျ…သူ့ကိုယ်သူတော့
ဓားဘသောင်းလို့ပြောတယ်…”
“သူကသင်္ချိုင်းမှာဘာလာလုပ်တာလဲ”
“ကျုပ်တို့လည်းအစကသေချာမသိဘူးဗျ….
ဒီညကမှသူဘာလာလုပ်သလဲဆိုတာ
သေချာသိလိုက်ရတာဘွားရဲ့……….”
******************************
ငသွင်နှင့်အောင်ဘုတို့ ကျောင်းအနောက်ဘက်တွင်
ကျောက်ဒိုးပစ်တမ်းဆော့ကစားနေကြသည်။
ကျောင်းအနောက်သည် သင်္ချိုုင်းကုန်းကိုတန်းမတ်စွာမြင်ရ၏။
ထိုနေရာ၌အချိန်အတော်ကြာဆော့ကစားနေကြစဥ်…
“ဟိတ်…ကောင်လေးတွေ…ဒီကိုခဏ…..”
ဟူသောအသံကိုကြား၍လှမ်းကြည့်လိုက်ရာ…
သင်္ချိိုင်းဇရပ်ပေါ်၌ လူတစ်ယောက်ကိုမြင်လိုက်ကြလေသည်။
“ငသွင်…ဟိုလူကတို့ကိုခေါ်နေတာဟ”
“ဘယ်ကလူမှန်းမသိဘဲ မသွားချင်ပါဘူးကွာ…”
ငသွင်နဲ့အောင်ဘု ထိုလူ့ကိုကြည့်ရင်းပြောနေကြတော့
ထိုလူမှစိတ်မရှည်ဟန်ဖြင့်….
“ကောင်လေးတွေ…ဒီကိုခဏလာကြပါကွ…
လာကြပါ…”
ဟု…ထပ်မံခေါ်နေတော့ ငသွင်နှင့်အောင်ဘုတို့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
ထိုလူရှိသော သင်္ချိုင်းဇရပ်ဆီသို့ရောက်လာခဲ့ကြသည်။
ထိုလူ့ပုံစံကိုကြည့်တော့ ရုပ်ရည်သန့်ပြန့်ပြီး
အဝတ်အစားတောက်ပြောင်နေ၍ ငသွင်တို့စိတ်ထဲ
မကောင်းသောသူမဖြစ်တန်ဟု ယူဆလိုက်ကြသည်။
“လာ..ထိုင်ကြကွာ…မင်းတို့က
ဘုန်းကြီးကျောင်းသားတွေထင်တယ်”
“ဟုတ်တယ်…ခင်ဗျားကကော ဘယ်သူလဲ…
ကျုပ်တို့ကိုဘာလုပ်ဖို့ခေါ်တာလဲ”
“ငါကခရီးသွားပါကွ…ဒီမှာတစ်ယောက်ထဲပျင်းတာနဲ့
မင်းတို့ကိုခေါ်လိုက်တာ…”
“ခင်ဗျား ပျင်းတာကျုပ်တို့နဲ့ဘာဆိုင်လဲ…
ပြီးတော့ခရီးသွားဆိုရင်ဘာလို့သင်္ချိုင်းဇရပ်မှာတည်းတာလဲ
ဘုန်းကြီးကျောင်းမှာလာတည်းလို့ရရဲ့သားနဲ့”
ငသွင်သည်.ထိုလူ့ကိုဒိုင်ခံမေးနေတော့၏။
ထိုလူကလည်းငသွင်ကိုသဘောကျဟန်ဖြင့်
ပြုံးလိုက်ပြီး…
“ငါ့နာမည်ကဓားဘသောင်းကွ…ငါက
ဒီလိုသင်္ချိုင်းတွေမှာလာပြီးဓားသိုင်းကျင့်တတ်တာ…
အဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာမတည်းဘဲ
ဒီမှာပဲလာနေတာ…….”
“ဓားဘသောင်း…ဒါဆိုရင်ခင်ဗျားက
ဓားသိုင်းတွေကျွမ်းတာပေါ့…”
“ဒါပေါ့ကွ”
ဓားဘသောင်းစကားကြောင့်ငသွင်နဲ့အောင်ဘုတို့နှစ်ယောက်
ထိုလူ့အားအထင်ကြီးသွားကြသည်။
“ဒါဆို ကျုပ်တို့ကိုရော ဓားသိုင်းသင်ပေးလို့ရမလား”
“မင်းတို့ကတကယ်သင်ချင်စိတ်ရှိလို့လား”
“ရှိတာပေါ့ဗျာ…ခင်ဗျားဘက်ကကောသင်ပေးမှာလား”
“အေး…သင်တော့သင်ပေးပါ့မယ်ကွာ…
ဒါပေမယ့်ငါ့ကိုမင်းတို့အရင်ကူညီပေးရလိမ့်မယ်….
ငါ့ကိစ္စပြီးမှမင်းတို့ကိုဓားသိုင်းသင်ပေးမယ်ကွာ ဘယ့်နဲ့လဲ”
“ခင်ဗျားကိုဘာကူညီရမှာလဲ…အဲ့တာကိုအရင်ပြောပြဦး…
ဒါမှ ကျုပ်တို့ကူညီသင့်လား မကူညီသင့်လား
ဆုံးဖြတ်မယ်ဗျာ…….”
“အမယ်…တယ် လည်တဲ့ကောင်တွေပါလားကွဟေ…
ဟားးးး…ဟားးး…ဟားးး…ဟားးးးးးး………”
ဓားဘသောင်းသည် အားရပါးရ ရယ်မောတော့၏။
ပြီးလေမှ…
“ငါ့ကိုကူညီရမှာအခြားမဟုတ်ပါဘူးကွာ…
ဒီရွာကမင်းတို့ရွာဆိုတော့ ငါ့အတွက်လိုအပ်တဲ့
ဆန်၊ဆီ၊ဆား ဘာညာဝယ်ပေးခိုင်းမလို့ပါကွ…
ဒီ့အတွက်လည်းငါမင်းတို့ကိုမုန့်ဖိုးပေးမှာပါ……”
“အင်းဗျာ…ဒီလောက်ဆိုရင်တော့ကျုပ်တို့ကူညီနိုင်ပါတယ်…
ဒါပေမယ့်မုန့်ဖိုးလိုချင်လို့တော့မဟုတ်ဘူးနော်…
ကျုပ်တို့ကဓားသိုင်းသင်ချင်တာ…”
“အေးပါကွာ…စိတ်ချစမ်းပါ”
ဓားဘသောင်းနှင့်ငသွင်တို့ အဆင်ပြေသွားတော့သည်။
သို့သော် ငသွင်တို့ပြန်တော့ ဓားဘသောင်းက…
“ကောင်လေးတွေ…ငါဒီမှာနေတာ
ဘယ်သူ့ကိုမှမပြောကြနဲ့နော်…
မင်းတို့ရွာကသူစိမ်းဆိုသိပ်ကြိုက်ပုံမရဘူး…
မဟုတ်ရင်မင်းတို့ဓားသိုင်းမသင်ရဘဲဖြစ်နေလိမ့်မယ်…”
“စိတ်ချပါဗျာ…ကျုပ်တို့ဘယ်သူ့ကိုမှမပြောပါဘူး”
ငသွင်တို့လည်းဓားဘသောင်းအတွက်လိုအပ်သော
ပစ္စည်းများကိုရွာထဲ၌သွားဝယ်ပေးကြသည်။
နောက်တစ်နေ့၌ ဘုန်းကြီးကျောင်း၌ဧည့်သည်များလာသည်မို့
လူများရှုပ်၍ငသွင်တို့လည်းအလုပ်များနေကြ၏။
“ဟား…ငသွင်ရေ…ဟိုမှာဘွားလာတယ်ကွ”
ငသွင်လှမ်းကြည့်လိုက်တော့ မောင်တိုး၏နောက်၌လိုက်ပါလာသော ဘွားမယ်းစိန်ကိုမြင်လိုက်လေသည်။
ဓားဘသောင်းအကြောင်းကို ဘွားမယ်စ်ိန်အားပြောပြချင်သော်လည်း ဓားဘသောင်း၏အမှာစကားကိုကြားမိလေတော့
မပြောဖို့ရန် ငသွင် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် ကပ္ပိယကြီးမှရွာထဲသွားခိုင်း၍
ငသွင်ပြေးရပြန်သည်။
**************************
“အဲ့သည် ဓားဘသောင်းက သင်္ချိုင်းမှာ
သိုင်းလာကျင့်တယ်ဆိုတာသေချာလို့လား
မောင်ကျောင်းသားရဲ့”
“ကျုပ်တို့ရှေ့မှာတော့ သိုင်းကျင့်တာတွေ့ဖူးပေါင်ဗျာ…”
“သူ့ပုံစံကဘယ်လိုမျိုးလဲ…နောက်ပြီးသူနဲ့အတူ
ဘယ်လိုပစ္စည်းတွေကို မောင်ကျောင်းသားတို့မြင်မိကြသလဲ”
“သူ့ပုံစံက ခပ်သန့်သန့်ပဲဗျ…
အရွယ်က ကိုကြီးတိုးတို့လိုပဲ…
အရပ်ကတော့အတော်ရှည်တာ…
အယ်နောက်ပြီးတော့
သူနဲ့အတူတွေ့မိတာဆိုလို့ သူ့ရဲ့ချည်လွယ်အိတ်တစ်လုံးရယ်
ဓားရှည်တစ်လက်ရယ် ဒါပဲဘွားရဲ့”
“ဓားရှည်…အဲ့သည်ဓားရှည်ကဘယ်လိုပုံစံဗျိုးရှိလဲ”
“အင်းးးးးးးဓားရှည်က အရိုးကဝါးနဲ့လုပ်ထားပုံပဲဗျ….
ကျုပ်မြင်မိသလောက်အဲ့လူကအဲ့သည်ဓားကို
တသသဖုန်သုတ်နေတာ…ဒါပေမယ့်
ဓားအိမ်ထဲကတော့ထုတ်တာမမြင်မိဘူး”
ဘွားမယ်စိန်ဓားဘသောင်းအကြောင်းစဥ်းစားနေတော့သည်။
“ကျုပ်ပြောစရာက ဒါတင်မပြီးသေးဘူးဗျ…ကျန်သေးတယ်”
“မောင်ကျောင်းသားရယ် …ဒါဆိုရင်လည်း
ပြောစရာရှိတာကိုဆက်ပြောလေကွယ်….”
ဘုန်းကြီးကျောင်းသား ငသွင်တစ်ယောက်
ဓားဘသောင်းအကြောင်းအား
ဘွားမယ်စ်ိန်ကိုဆက်၍ပြောပြတော့သည်။ထိုနေ့တစ်နေကုန်လုံး ဘုန်းကြီးကျောင်း၌
အလုပ်များနေသောကြောင့်ငသွင်နှင့်အောင်ဘုတို့နှစ်ယောက်
ဓားဘသောင်းထံသို့မသွားနိုင်ခဲ့ကြပေ။
“ငသွင်…တို့ ဒီည ဓားဘသောင်းဆီသွားကြရအောင်လေ”
“ဖြစ်ပါ့မလား အောင်ဘုရာ…တော်နေ
ဘုန်းဘုန်းသိသွားရင်ငါတို့ကြိမ်လုံးနဲ့
အတွယ်ခံနေရပါဦးမယ်ကွာ”
“ဒီနေ့တနေကုန်လုံးတို့နှစ်ယောက်အဲ့လူဆီကို
မရောက်သေးဘူးလေကွာ…တော်နေ တို့ကိုညာခိုင်းပြီး
လစ်များပြေးသွားရင်တို့ အ ရာကျမှာပေါ့ငသွင်ရ”
“အေး…ဒါလည်း ဟုတ်တာပဲ…ဒါဆိုရင်
ဒီည လူခြေတိတ်ချိန်ကျမှ တို့သွားကြတာပေါ့ကွာ”
“ညဘက်လူခြေတိတ်ချိန်ကျမှဆိုတော့
မင်းကသွားရဲလို့လားကွ”
“အမယ်…ငသွင်ပါကွ…ဟောဒီမှာ ဆရာတော်ပေးထားတဲ့
ပရိတ်ကြိုး…ဒါရှိရင်ဘာများလိုသေးလို့လဲအောင်ဘုရ”
“အေးပါကွာ…အေးပါ………”
ငသွင်နှင့်အောင်ဘုတို့ ထိုညက ကပ္ပိယကြီးနှင့်ကိုရင်ငယ်တ်ို့
အိပ်ပျော်သွားချိန်ကိုစောင့်စားနေကြသည်။
အကုန်လုံးအိပ်ပျော်တာ သေချာလေမှ ခြေကိုဖော့၍
သင်္ချိုင်းကုန်းဘက်သို့ထွက်လာခဲ့ကြ၏။
“ရှက်…ရှက်….ရှက်…ရှက်……”
သင်္ချိုင်းကုန်းထဲ၌ သူတို့နှစ်ဦး၏
ခြေသံများထွက်ပေါ်နေခဲ့သည်။
ဖယောင်းတိုင်တစ်တိုင်ဆီကိုင်ထွန်း၍
ဘေးဘီကိုကြည့်ရင်း လာခဲ့ကြ၏။
သင်္ချိုင်းဇရပ်သို့ရောက်လေတော့
ဓားဘသောင်းကိုအောင်ဘုတို့မတွေ့ကြ။
“ဟေ့ကောင်……ဟိုဘိုးတော်ဘယ်များရောက်သွားတာလဲ…
မင်းပြောသလိုများတို့တွေကို ညာခိုင်းပြီး
ပြန်သွားပြီထင်တယ်ကွ”
ငသွင်စိတ်ပျက်စွာပြောလေတော့ အောင်ဘုသည်ဘေးဘယ်ညာကို လှည့်ပတ်ကြည့်ရင်း…
“ရှုးးးးး…..တိုးတိုး ငသွင်…ဟိုမှာမီးရောင်မြင်ရတယ်…
လာ…လာ တို့တွေသွားကြည့်ကြရအောင်…”
အောင်ဘု ညွှန်ပြသောနေရာသည် သစ်ပင်ကြီးများထူထပ်နေသော သင်္ချိုင်းကုန်း၏အနောက်ဘက်ဖြစ်နေသည်။
ထိုနေရာသည် နေ့ဘက်တောင်မှ အရိပ်ရလွန်းသောကြောင့်
တော်ယုံလူမသွားလာရဲ။
အောင်ဘု ညွှန်သည့်နေရာကို ငသွင်လှမ်းကြည့်လိုက်တော့
မီးရောင်ကိုမြင်လိုက်ရသည်။
သင်္ချိုင်းကုန်းမှာအတော်ကျယ်ဝန်း၍
ဘုန်းကြီးကျောင်းမှဆိုလျှင်ထိုမီးရောင်ကို မမြင်နိုင်။
ငသွင်နှင့်အောင်ဘုတို့လည်း မီးရောင်မြင်ရသော နေရာသို့
တိုးတိတ်စွာလျှောက်လှမ်းလာကြ၏။
မိမိတို့ဖယောင်းတိုင်များကိုလည်းငြိမ်းသက်လိုက်ကြသည်။
သစ်ပင်ကြီးတစ်ပင်ကိုအကွယ်ယူ၍
မီးရောင်ရှိရာကို ငသွင်တို့လှမ်းကြည့်လိုက်တော့
ရေညှိ့များကပ်တွယ်နေသော အုတ်ဂူကြီးတစ်လုံးပေါ်တွင်
ထွန်းညှိ့ထားသော ဖယောင်တိုင်သုံးတိုင်ကို
ဦးစွာမြင်လိုက်ကြရ၏။
ပြီးလေတော့မှသူတို့နှင့်မျက်နှာချင်းဆ်ိုင်နေအထားရှိ
ထိုအုတ်ဂူကြီး၏အရှေ့တည့်တည့်၌ တင်ပုလ္လင်ခွေကာ
ထိုင်နေသော ဓားဘသောင်းကို ငသွင်တို့မြင်လိုက်ကြသည်။
ဓားဘသောင်း၏အသွင်မှာ မျက်စိများကိုမှိတ်ထားပြီး
မျက်နှာကြီးမှာတည်တင်းလွန်းလှ၏။
ဓားဘသောင်း၏အခြေအနေကို ငသွင်တို့မှာ
သစ်ပင်အကွယ်မှအသာငြိမ်၍ ချောင်းကြည့်နေကြသည်။
သူတို့ကြည့်နေစဥ်မှာပင် ဓားဘသောင်းသည်မျက်လုံးများပွင့်လာခဲ့ပြီးသူ၏ရှေ့၌ချထားသောဓားကြီးကိုဇက်ခနဲ
ဆွဲယူလိုက်၏။
ပြီးလေတော့ ဓားကြီးကို ပြုံးပြုံးကြီးစိုက်ကြည့်နေပြန်သည်။
ပြုံးပြုံးကြီးစိုက်ကြည့်နေရင်းမှ ဓားကိုဓားအိမ်မှမချွတ်ဘဲ
မြေပေါ်သို့.ထိုးစိုက်၍…
“ကိုးသင်္ချိုင်းဓားအရှင် ဓားဘသောင်းတဲ့ဟေ့…
ငါလုပ်တဲ့ကိစ္စမှာဝင်နှောက်ယှက်မယ့် သရဲ…တစ္ဆေ…ပြိတ္တာ…သဘက်…ဘယ်အဆင့်ကိုမဆို
ဟောသည် ကိုးသင်္ချိုင်းဓားနဲ့အပြတ်ဖြတ်ပစ်မယ်ကွ
ဝင်ရဲတဲ့ကောင်ဝင်ကြည့်….ကိုးသင်္ချိုင်းဓားအရှင်
ဓားဘသောင်းတဲ့ကွ………”
ဟူသော အသံဟိန်းဟိန်းကြီးဖြင့်အော်ကာပြောလေသည်။
ဓားဘသောင်း၏အသံကြောင့်အိပ်တန်းတက်နေသော
ဗျိုင်းငှက်များပင်လန့်ဖြန့်ကာဖြင့်ထ၍ပျံကုန်ကြသည်။
ငသွင်နဲ့အောင်ဘုတို့မှာတစ်ယောက်မျက်နှာ
တစ်ယောက်ပြိုင်တူကြည့်မိကြသည်။
ပြီးလေတော့ ဓားဘသောင်းဘက်ကိုပြန်ကြည့်ကြ၏။
ဓားဘသောင်းမှာက တူရွှင်းတစ်လက်ကို ကိုင်၍
အုတ်ဂူကိုဖြိုဖျက်နေသည်။
ထိုသို့ဖြိုဖျက်ရင်းဘေးဘီကိုလည်းကြည့်လေတော့
ငသွင်တို့မှာခေါင်းကိုငုံ့၍ ပုန်းကြရလေသည်။
သို့သော်ဓားဘသောင်းတစ်ယောက် ငသွင်တို့ကိုမမြင်ခဲ့ပေ။
အုတ်ဂူကိုအပေါက်တစ်ခုဖြစ်အောင်တူးဖော်ပြီးနောက်
ဓားဘသောင်းသည်ဓားကြီးကိုကိုင်ရင်း
အုတ်ဂူထဲသို့ဝင်သွားလေသည်။
ဓားဘသောင်းအုတ်ဂူအတွင်းဝင်သွားလေတော့
ငသွင်တို့မှသစ်ပင်အကွယ်မှ ခေါင်းများထောင်ကာ
ကြည့်ကြတော့၏။
သို့သော် ဓားဘသောင်းသည် အုတ်ဂူထဲမှ
ပြန်ထွက်လာသောကြောင့် ငသွင်တို့လည်း
အလျင်အမြန်ပြန်ငုံ့ကြရလေသည်။
အုတ်ဂူအပြင်ပြန်ထွက်လာသော ဓားဘသောင်းသည်
သူ၏လက်အတွင်းမှပါလာသော အရာကိုကြည့်၍
မျက်နှာကြီးပြုံးရွှင်နေခဲ့သည်။
နှုတ်မှလည်း…
“ကဲ…သေတဲ့သူကတော့ဒီပစ္စည်းအကျိုးကိုမခံစားရရှာဘူး
ငါဓားဘသောင်းကတော့ ချမ်းသာပြီပေါ့ကွာ….
ဟားးးး…ဟားးး…ဟားးး…ဟားးးး…ဟားးးးးးးးးးးး”
ဟုပြောရင်းအားရဝမ်းသာစွာရယ်မောလေသည်။
ငသွင်တို့ကြည့်မိတော့ ဓားဘသောင်း၏လက်အတွင်းရှိသောပစ္စည်းမှာအလွန်တောက်ပသော
အနီရောင်ပတ္တမြားလက်စွပ်ကြီးဖြစ်နေခဲ့၏။
“ကဲ…သောင်ထွန်းရွာက တရုတ်အုတ်ဂူတော့ဖွင့်ပြီးပြီ…
နောက်ရွာသစ်ရွာအလှည့်ပေါ့ကွာ…….”
ဟုပြောရင်းအုတ်ဂူကိုပြန်ပိတ်တော့၏။
ထိုအခါမှာငသွင်လည်းအောင်ဘုကို လက်ကုပ်၍
ပြန်ဖို့ခေါ်တော့သည်။
သူတို့နှစ်ဦးလည်း ဓားဘသောင်းမရိပ်မိစေရန်
တိတ်တိတ်လေးပြန်လာခဲ့ကြ၏။
***********************
“သြော်…သြော်…ဒါဆိုရင် ဒီအကောင်က အုတ်ဂူတွေဖွင့်ပြီး
သေသူပိုင်တဲ့ပစ္စည်းတွေကိုယူတဲ့ သူခိုးပေါ့လေ…
အင်း…အင်း…အင်း…ဒါဆိုရင်တော့ ဒင်းကမယ်စ်ိန့်ကို
လာစမ်းတာပေါ့…ဟင်း…ငါ့နယ်ကိုဝင်ပြီး
အဲ့သည်လို လုပ်လို့ရရိုးရလား…
တွေ့ကြတာပေါ့ ဓားဘသောင်းရေ…
မယ်စိန့်အကြောင်းသိစေရမယ်ဟဲ့………”
ဘွားမယ်စိန်သည် ငသွင်ပြောပြသော အကြောင်းအရာကို
နားလည်သွားသောအခါ ဓားဘသောင်းအား
ဒေါသထွက်နေတော့၏။
“ကျုပ်တို့ဘာဆက်လုပ်ကြမလဲဘွား…
ဒီလူက မနက်ကပဲရွာကထွက်သွားပြီဗျ…
ကြည့်ရတာ ရွာသစ်ရွာကို ခရီးဆက်ပုံရတယ်…”
“ရွာသစ်ရွာသွားတယ်ဆိုရင်လည်း ဒင်းနောက်ကို
လိုက်ပြီးရှင်းရတာပေါ့ကွယ်…
ဒင်းက ကိုးသင်္ချိုင်းဓား အားကိုးနဲ့ ဂူတွေဖောက်…
ပစ္စည်းတွေယူနဲ့ အတော်ကိုရဲတင်းနေတာ…
ဒင်းမှာအဲ့သည်ဓားသာမရှိရင်ဒင်းဘာမှမလုပ်ရဲပါဘူး…
ဟဲ့ မိဝင်း…ညည်းတူမောင်တိုးနဲ့မောင်မောင်အုန်းတို့ကို
သွားခေါ်ခဲ့ချေ…”
ဘွားမယ်စိန်သည် သမီးဖြစ်သူဒေါ်ဝင်းကို
မောင်တိုးတို့အား သွားခေါ်စေသည်။
ဒေါ်ဝင်းမှာလည်းပြာပြာသလဲ ထွက်သွားရှာ၏။
ကျန်ရစ်သော ဘွားမယ်စိန်သည်က မည်သည့်စကားမှ
ဆက်မပြောတော့ဘဲ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ
ဖွာရှိုက်၍နေတော့သည်။
ငသွင်လည်း ဘွားမယ်စိန်မည်သို့ဆက်လုပ်လေမလဲဟူသော
သိချင်စိတ်ကြောင့် ဘုန်းကြီးကျောင်းသို့ပင်မပြန်နိုင်သေးပေ။
ခဏမျှကြာတော့ မောင်တိုးနဲ့မောင်အုန်းရောက်လာကြသည်။
နှစ်ယောက်စလုံး မှာဘွားမယ်စိန်ခေါ်သည်ဆို၍
ပြာပြာသလဲ လိုက်လာကြဟန်တူ၏။
ဒေါ်ဝင်းကတော့ သူတို့၏နောက်မှ ခြံအတွင်းသို့ဝင်လာခဲ့ရှာသည်။
“ဘွား…ကျုပ်တို့ကိုခေါ်တာ အရေးကြီးကိစ္စပေါ်လာလို့လား”
မောင်တိုးကမေးတော့ဘွားမယ်စိန်သည် ဆေးလိပ်ငွေ့များကို
မာန်ပါပါ မှုတ်ထုတ်လိုက်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဆေးလိပ်ခွက်အတွင်း ချထားလိုက်သည်။
ပြီးလေမှ…
“ဒါပေါ့ကွယ်…ဒီနေ့ညဘွားတို့တတွေ ရွာသစ်ရွာ
သင်္ချိုင်းကုန်းကိုသွားရလိမ့်မယ်…အခုချိန်သွားလို့တော့မဖြစ်ချေသေးဘူး…ဟိုအကောင်ဓားဘသောင်းကို
လက်ရမိမှရှင်းစရာရှိတာရှင်းရမယ်”
“ဓားဘသောင်း…ဓားဘသောင်းဆိုတာဘယ်သူလဲဗျ”
“မောင်အုန်းရယ်…မောင်ရင်ကတို့ရွာကာလသားခေါင်းဆောင်ဖြစ်ပြီး ဘာကြောင့်ဒီအရေးကိုမသိခဲ့ရတာတုန်း…
ရွာထဲလူစိမ်းအဝင်အထွက်ကိုတောင်မသိဘူးလားကွဲ့”
“ဗျာ…….”
ရွာကာလသားခေါင်းဆောင်မောင်အုန်းကို
ဘွားမယ်စိန်ဆူလေတော့ မောင်အုန်းမှာခေါင်းလေးကုပ်ရင်း
ငသွင်ကိုလှမ်းကြည့်ရှာသည်။
“ကဲ…မောင်ကျောင်းသား
မင်းအစ်ကိုတွေကိုဓားဘသောင်းအကြောင်း
ပြောပြလိုက်ပါဦး”
ဘွားမယ်စ်ိန်သည်ငသွင်ကိုဓားဘသောင်းအကြောင်းများ
ရှင်းပြခိုင်းလိုက်လေတော့မှ မောင်တိုးနဲ့မောင်အုန်းတို့နားလည်သွားကြတော့သည်။
“ဒါကျုပ်အပြစ်တော့မဟုတ်ပါဘူးဘွားရယ်…
ဒီကောင်ဓားဘသောင်းက သင်္ချုင်းထဲခိုးဝင်နေတာ…
ဒီကောင်စားဖို့လိုရင်ရွာထဲဝင်ရမှာလေ
ဒါဆိုရင်ကျုပ်သိတာပေါ့ဗျ…
အခုက ငသွင်တို့ကဒင်းကိုကူညီပေးနေတော့ ကျုပ်တို့မသိလိုက်တာပါဗျာ…ဒါရွာခံမကောင်းလို့ဗျ”
“ဟာ…ကိုကြီးအုန်းကလည်း ကျုပ်ကိုချောက်ထဲချပြန်ပြီ”
“ဟားးး…ဟားး…ဟားး…ဟားး…တော်ကြပါတော့ဗျာ…
ဘွားအဆူခံမထိအောင်သူ့လှည့်ငါ့လှည့်လုပ်မနေကြပါနဲ့တော့…
ဓားဘသောင်းကိစ္စကို
ဘွားကဘယ်လိုဆက်လုပ်ချင်လို့လဲ”
မောင်တိုးသည် မောင်အုန်းနှင့်ငသွင်ကိုကြည့်၍
ရယ်မောလိုက်သည်။ပြီးလေမှဘွားမယ်စိန်ဘက်ကို
လှည့်၍မေးလိုက်၏။
“ဘာဆက်လုပ်ရမှာလဲကွယ်…ဘွားတို့မှာလုပ်စရာတစ်နည်းပဲရှိတော့တယ်…အဲ့တာဘာလဲဆိုတော့
ဒင်းကိုထပ်တိုက်ရင်ဆိုင်ရုံပဲပေါ့…
ဒါကြောင့် ဒီညရွာသစ်ရွာသင်္ချိုင်းကုန်းမှာ
ဒင်းကိုလိုက်ပြီးစာရင်းရှင်းရမယ်ကွဲ့”
“ဟုတ်ပြီဘွား…ကျုပ်တို့ဘက်ကတော့လိုက်ဖို့အသင့်ပါဗျာ…”
“ကျုပ်ကောလိုက်လို့ရမလားဘွား”
“မောင်ကျောင်းသားလိုက်ချင်ရင်လည်း လိုက်ခဲ့ပေါ့ကွယ်…”
“ဆရာတော်ကထည့်ပေးပါ့မလားငသွင်ရဲ့”
“ဒါတော့ကိုကြီးတိုးတို့လိုက်ပြောပေးပေါ့ဗျာ…နော်ပါ
ကျုပ်လိုက်ချင်လို့ပါဗျာကိုကြီးတိုးရဲ့”
“အေးပါကွာ…မင်းလိုက်ချင်သပဆိုလည်း ငါလိုက်ခွင့်တောင်းပေးပါ့မယ်…”
“ဝေးးးး….ပျော်လိုက်တာ…”
ထိုသို့ဖြင့်မောင်တိုးတစ်ယောက်ငသွင်ကိုခေါ်သွားနိုင်ဖို့
ဘုန်းကြီးကျောင်းသို့သွား၍ဆရာတော့်ထံခွင့်တောင်းပေးရသည်။ဆရာတော်ကလည်းဘွားမယ်စိန်ပါမည်ဆို၍
အသာတကြည်ပင်ထည့်ပေးလိုက်၏။
ညမှောင်ရီပျိုးသောအခါ မောင်တိုးမောင်းနှင်လာသော
နွားလှည်းလေးအထက်၌ ဘွားမယ်စိန်၊မောင်အုန်းနှင့်ငသွင်တို့လိုက်ပါလာကြသည်။
ရွာသစ်ရွာမှာသောင်ထွန်းရွာနှင့်မဝေးသည်မို့
ညနေအချိန်မှထွက်လာခြင်းပင်။
(မကျွတ်မလွတ်ဒေါ်နှင်းမြိုင်စာမူတွင်ရွာသစ်ရွာပါရှိ၏)
ဘွားမယ်စိန်သည်နွားလှည်းအားရွာထဲသို့မဝင်စေဘဲ
ရွာကိုပတ်၍သင်္ချိုင်းကုန်းဆီသို့မောင်းနှင်စေသည်။
“ရွာနောက်ဘက်သင်္ချိုင်းကိုသာတန်းမောင်းကွဲ့…
ရွာထဲကဖြတ်ရင်ဟိုလူကမေးဒီလူကမေးနဲ့
အချိန်တွေကြာနေမယ်…”
“ဟုတ်ကဲ့ဘွား…”
တမာပင်ကြီးငယ်တို့အုပ်ဆိုင်းနေသော
ရွာနောက်ဘက်သင်္ချိုင်းကုန်းဆီသို့
ရောက်လာကြသောအခါ
မိုးပင်အတော်ချုပ်နေပြီဖြစ်သည်။
နွားလှည်းအားသင်္ချိုင်းအပြင်ချုံကွယ်တစ်ခု၌
လှည်းချွတ်စေပြီးသင်္ချိုင်းအတွင်းရှိ
အခြေအနေကိုအကဲခတ်၍ တိတ်တဆိတ်ဝင်လာခဲ့ကြသည်။
ဘွားမယ်စ်ိန်သည်မောင်တိုးတို့ကို မည်သည့်အလင်းကိုမှ
မထွန်းခိုင်း၍အမှောင်ထဲ၌စမ်းတဝါးဝါးဖြင့်လာကြရသည်။
ထိုသို့လာကြရင်းမြေပုံမို့မို့များကို
ငသွင်နှင့်မောင်တိုးတို့မကြာခဏဆိုသလို ခလုတ်တိုက်ကြ၏။
သို့သော်အသံထွက်၍ပင် မအော်ရဲကြရှာ။
ရွာသစ်ရွာသင်္ချိုင်းကုန်းသည် အုတ်ဂူနည်းပြီး
မြေပုံမို့မို့များသာများ၏။
အုတ်ဂူများကိုတော့ ငွေကြေးရှိသော
လူများကသာပြုလုပ်နိုင်ကြသည်။
ထိုအုတ်ဂူတို့မှာ မန်ကျည်းပင်ကြီးတစ်ပင်အောက်တွင်
စီတန်းစွာရှိနေ၏။
မြေပုံတို့နှင့်အုတ်ဂူတို့ကြားတွင်ထိုမန်ကျည်းပင်ကြီးက
ကြီးမားစွာခြားနားထားလေသည်။
ဘွားမယ်စိန်သည် မန်ကျည်းပင်ကြီးအောက်သို့
ခပ်မြန်မြန်လျှောက်လာခဲ့၏။
ကျားတစ်ကောင်အလားဖျက်လတ်ပေါ့ပါး
လှသောဘွားမယ်စိန်ကို မောင်တိုးတို့အနောက်မှအမှီ
လိုက်လာကြရသည်။
မန်ကျည်းပင်ကြီးကိုကွယ်၍ တခြားတစ်ဖက်ကို
ကြည့်လေတော့ဖယောင်းတိုင် များကိုအုတ်ဂူကြီးတစ်ခုပေါ်၌ ထွန်းညှိနေသောလူတစ်ယောက်ကိုမြင်လိုက်ကြသောအခါ
ငသွင်သည်ဘွားမယ်စိန်အနီးသို့ကပ်၍
ထိုလူ့အားလက်ညိုးထိုးပြရင်း…
“အဲ့လူက ဓားဘသောင်းပဲ ဘွား”
ဟုပြောသောအခါ ဘွားမယ်စိန်သည်ခေါင်းတညိတ်ညိတ်ဖြင့်
ဓားဘသောင်းကိုကြည့်နေ၏။
ဓားဘသောင်းကတော့သူလုပ်ကိုင်စရာများကို
လုပ်နေခဲ့ပြီးမန်ကျည်းပင်ကြီးအကွယ်၌
ဘွားမယ်စိန်တို့ရောက်ရှိနေသည်ကိုမသိရှာပေ။
ဓားဘသောင်းသည် အမှုန့်ဖြူဖြူများကို
အုတ်ဂူပတ်ပတ်လည်တွင်ဖြူး၏။
ထိုအမှုန့်တို့ကိုစည်းတစ်ခုအဖြစ်ပြုလုပ်နေပုံရသည်။
ပြီးနောက်ထိုစည်းအတွင်း၌ တင်ပုလ္လင်ခွေကာထိုင်လိုက်ပြီး
သူ၏မျက်စိများကိုမှိတ်ထားလေသည်။
မျက်စိများကိုခဏမျှကြာအောင်မှိတ်ထားပြီးနောက်
ပြန်လည်ပွင့်လာခဲ့၏။
“ကိုးသင်္ချိုင်းဓားအရှင် ဓားဘသောင်းတဲ့ဟေ့…
ငါလုပ်မယ့်အလုပ်မှာ ဝင်နှောက်မယ့်အကောင်တွေ
ဟောသည်ကကိုးသင်္ချိုင်းဓားနဲ့အသေခုတ်ပစ်မယ်ကွ…
ဝင်ရဲဝင်…တားရဲတားကြည့် ဓားဘသောင်းကသက်ညှာမယ်
မထင်လေနဲ့”
ဟူသောအသံကြီးမှာ ဟိန်းခနဲထွက်ပေါ်လာခဲ့သည်။
ဘွားမယ်စိန်သည် ဓားဘသောင်းကိုပြုံးပြုံးကြီးပင်
ကြည့်နေလေသည်။
သူ၏တောင်ဝှေးကိုလည်းမြေပေါ်သို့ဆောင့်ချပြီး…
“သင်္ချိုင်းထဲမှာနေတဲ့ သရဲ..တစ္တေ….မြေဖုတ်…ပြိတ္တာ…
အပေါင်းတို့သင်တို့သင်္ချိုင်းမှာလာရောက်နေတဲ့
ဓားဘသောင်းဆိုတဲ့အကောင်ကို
ငါ မယ်စိန်ရှင်းလင်းဖယ်ရှားပေးမယ်…
သင်တို့အားလုံးဝင်မပါကြနဲ့…
သင်တို့အားလုံးဘေးလွတ်ရာကနေသာကြည့်ကြပါ….”
ဟု…ပြောလိုက်သည်။
ဓားဘသောင်းကတော့အုတ်ဂူကိုစတင်ဖြိုဖျက်နေ၍
ဘွားမယ်စိန်အသံကိုကြားပုံမရ…။
“ကဲ…မောင်ရင်တို့သုံးယောက်က
ဟောသည်နေရာမှာပဲနေခဲ့ကြနော်
ဘွားဒင်းနဲ့စာရင်းရှင်းစရာရှိတာ သွားရှင်းလိုက်ဦးမယ်…”
“ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်သည် တောင်ဝှေးကိုမာန်ပါပါထောက်၍
ဓားဘသောင်းတူးစွနေသော အုတ်ဂူနှင့်မလှမ်းမကမ်းသို့
သွားလေသည်။
ဓားဘသောင်းမှာလောဘဖြင့်တူးစွနေ၍
ဘွားမယ်စိန်ရောက်လာသည်ကိုပင်မသိ…။
“ဟဲ့အကောင်…လောဘတွေတက်ပြီး
ငါရောက်လာတာက်ိုတောင်မသိဘူးလား”
ဘွားမယ်စိန်အသံကြောင့်ဓားဘသောင်းတစ်ယောက်
တူရွှင်းကိုလွှတ်ချ၍ ကိုးသင်္ချိုင်းဓားကို
အလျင်အမြန်ကောက်ယူလိုက်ပြီးနေရာမှ
မတ်တပ်ထရပ်လိုက်သည်။
“ခင်ဗျားကဘယ်သူလဲ”
“ငါ့နယ်ကိုဝင်ပြီး ငါ့ကိုမသိဘူးဆိုတော့
နင်ကတော်တော်အသုံးမကျတဲ့အကောင်ပဲဟဲ့”
“ဘာ…အမယ်…ခင်ဗျားဟာ ခင်ဗျားဘာကောင်မပဲဖြစ်ဖြစ်
ဓားဘသောင်းဆိုတဲ့ကျုပ်က ကိုယ့်ကိစ္စမဟုတ်ဘဲ
ဝင်ရှုပ်ရင်ဘယ်တော့မှခွင့်မလွှတ်ဘူး”
“အမယ်လေးးးး….ဟားး…ဟားး…ဟားး…ဟားး..
ဟားးး…..မယ်စိန်တို့ကအဲ့သည်လိုကိုရယ်လိုက်ချင်တာဟဲ့…
ဓားဘသောင်းဟုတ်သလား…နင့်မှာဘာပညာ…
ဘာအဆင့်ရှိသတုန်း…ကိုးသင်္ချိုင်းဓားအားကိုးနဲ့
ငါ့နယ်ထဲကိုဝင်လာခဲ့တာကိုက
နင့်သေတွင်းနင်တူးလိုက်တာပဲအကောင်ရဲ့…..”
“တောက်…ဓားဘသောင်းဆိုတဲ့နာမည်ကလွယ်လွယ်ရတယ်
လို့ခင်ဗျားထင်နေတာလား…စမ်းကြည့်လိုက်လေ…”
ဓားဘသောင်းသည် သူ၏စည်းအတွင်းမှ
အပြေးထွက်လာပြီး
ဘွားမယ်စိန်ကို ဓားဖြင့်ခုတ်တော့သည်။
ဘွားမယ်စိန်ကလည်းပေါ့ပါးစွာရှောင်ရှားလိုက်၏။
“ဟဲ့…ဒါ မယ်စိန့်ရဲ့ခြေကန်ချက်လေးမြည်းကြည့်လိုက်ပါဦး”
“ဘုန်း…”
“အင့်”
ဓားဘသောင်းတစ်ယောက်ဘွားမယ်စိန်ကိုဓားဖြင့်မခုတ်နိုင်ခင်
သူ၏ဝမ်းဗိုက်ဆီသို့ ဘွားမယ်စိန်က ခြေဖဝါးဖြင့်ဆောင့်ကန်လိုက်လေသည်။
မောင်တိုးတို့မှာလည်းရင်တထိပ်ထိပ်ဖြင့်ကြည့်နေကြရ၏။
“ကိုကြီးတိုး ဟိုမှာမည်းမည်းကြီးတွေတလှုပ်လှုပ်နဲ့”
ငသွင်ပြောသောနေရာသို့ကြည့်လိုက်တော့ အမှန်ပင်
မည်းမည်းပုံပန်းသဏ္ဌာန်တို့မှာ ဓားဘသောင်းနှင့်ဘွားမယ်စိန်တို့၏မလှမ်းမကမ်း၌ရှိနေကြ၏။
“ဟ..အဲ့တာဒီသင်္ချိုင်းကအကောင်တွေပဲဖြစ်ရမယ်…
ဓားဘသောင်းကသူလုပ်နေတဲ့ကိစ္စမပြီးခင်စည်းထဲက
ထွက်တိုက်တော့စည်းပေါက်နေပုံပဲကွ…
ဟိုကောင်တွေကလည်းစည်းပေါက်သွားတော့
ဝင်တီးချင်ပုံရတယ်…ဒါပေမယ့်ဓားဘသောင်းမှာ
ကိုးသင်္ချိုင်းဓားရှိတာကြောင့်ကော
ဘွားကတားထားတာကြောင့်ကော
သူတို့မှာကြိတ်မနိုင်ခဲမရဖြစ်နေပုံရတယ်…”
ထိုသို့ပြောနေစဥ်မှာပင်ဓားဘသောင်းသည်လဲကျနေရာမှ
ဝုန်းခနဲထရပ်ပြီး ဘွားမယ်စိန်ကိုခုခံရန်ပြင်လိုက်သည်။
ဘွားမယ်စိန်ကလည်း ဓားဘသောင်းထံအလျင်ပြေးဝင်၍
သူ၏တောင်ဝှေးဖြင့်ရိုက်ချလေတော့ ဓားဘသောင်းကလည်း
မခေပေ။
သူ၏ကိုးသင်္ချိုင်းဓားဖြင့် ပြန်၍ကာထား၏။
ဘွားမယ်စိန်၏နဂါးတောင်ဝှေးနှင့်ကိုးသင်္ချိုင်းဓားတို့
ပွတ်တိုက်သောအခါ မီးများပင်ပွင့်ထွက်သွားလေသည်။
ဓားနဲ့တောင်ဝှေးတွန်းကန်နေစဥ် ဓားဘသောင်းသည်
သူ၏ညာခြေကိုအားပြု၍ ဘွားမယ်စိန်ကို ဆောင့်ကန်ပြန်တော့
ဘွားမယ်စိန်သည်ပေါ့ပါးစွာရှောင်ရှားလိုက်ပြီး
ဓားနှင့်တောင်ဝှေးမှာလည်း ကွဲကွာသွားတော့၏။
ပြီးနောက် ဘွားမယ်စိန်သည် တောင်ဝှေးကိုမြေပေါ်သို့
ဆောင့်ချပြီး ဂါထာတစ်ပုဒ်ကိုရွတ်ဆို၏။
ထိုသို့ရွတ်ဆိုအပြီး၌
သင်္ချိုင်းမြေအတွင်းမှ မည်းမည်းအလုံးများထွက်ပေါ်လာကာ
ဓားဘသောင်းထံသို့ပြေးဝင်သွားကြသည်။
ထိုမည်းမည်းအလုံးများမှာ လူဦးခေါင်းခွံများပင်ဖြစ်၏။
ဓားဘသောင်းလည်းသူ့ဆီသို့အဆက်မပြတ်ဝင်လာသော
ဦးခေါင်းခွံများကို ရှောင်ရှားနေရင်း ကိုးသင်္ချိုင်းဓားပင်
သူ၏လက်အတွင်းမှပြုတ်ကျသွားလေသည်။
ထိုသို့ဦးခေါင်းခွံများမှာလည်း အဆက်မပြတ်ဓားဘသောင်းထံဝင်လာနေကြ၏။
“အားးးးးးးးး………”
နောက်ဆုံး၌ဓားဘသောင်း၏အော်သံကြီးထွက်ပေါ်လာလေမှ
ဦးခေါင်းခွံတို့မှာ လာရာအတိုင်းပြန်လည်
ပျောက်ကွယ်သွားကြတော့သည်။
ဓားဘသောင်းသည်လည်းနေရာမှပျောက်ကွယ်သွားသည်ကို
မြင်လေတော့…
“မောင်ရင်တို့ လာကြဦး…”
“လာကြ…ဘွားခေါ်နေပြီ သွားရအောင်”
ဘွားမယ်စိန်သည်မောင်တိုးတို့ကိုခေါ်လိုက်၏။
“မီးတုတ်တွေထွန်းကြတော့…ဓားဘသောင်းဘယ်ဆီကို
ပျောက်သွားသလဲရှာကြဦးကွဲ့”
“ဟုတ်ကဲ့ဘွား”
မောင်တိုးတို့လည်းနွားလှည်းဆီကိုပြန်၍
မီးတုတ်များယူကာထွန်းရသည်။
ပြီးလေတော့ဓားဘသောင်းကိုရှာဖွေကြ၏။
ရှာဖွေသောအခါ…
“ဟာ…ရေတွင်းပျက်ကြီးပါလား”
“ဟာ…ဟိုမှာဓားဘသောင်းဗျ”
ရေတွင်းပျက်ထဲကျနေသော ဓားဘသောင်းကို
မောင်တိုးတို့မြင်လိုက်ကြသည်။
ဓားဘသောင်းမှာရေတွင်းပျက်အတွင်းမှောက်ရက်သားအနေအထားရှိ၏။
“ကဲ…မောင်အုန်း…ရွာသစ်ကသူကြီးဦးမျိုးသစ်တို့ကို
အကျိုးအကြောင်းပြောပြပြီးသွားခေါ်ခဲ့ချေ…”
“ဟုတ်ကဲ့ဘွား”
မောင်အုန်းကိုရွာသစ်ရွာသူကြီးကိုသွားခေါ်စေသည်။
ဘွားမယ်စိန်တို့ကတော့ထိုရေတွင်းပျက်အနားထိုင်နေကြ၏။
ထိုင်နေရင်း…
“ဟဲ့…အကောင်တွေ ငါကဝင်မပါနဲ့လို့ပြောနေတာကို
နင်တို့က လှုပ်ရွနေကြတာ
ဘာလဲမယ်စိန့်အကြောင်းသိချင်တာလား…”
ဟု..မလှမ်းမကမ်းမှမည်းမည်းကောင်များကို
ဘွားမယ်စိန်ပြောလိုက်လေတော့ ထိုမည်းမည်းပုံပန်းသဏ္ဌာန်များမှာချက်ချင်းပင်ပျောက်ကွယ်သွားကြသည်။
အချိန်အတော်ကြာသင်္ချိုင်းကုန်း၌ထိုင်နေကြရသည်။
မောင်အုန်းနှင့်အတူ သူကြီးဦးမျိုးသစ်တို့အဖွဲ့ရောက်လာလေတော့…
“ဘွားရေ..ဒီရေတွင်းပျက်က လူမပြောနဲ့ဗျာ…
နွားတောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးဗျ”
“ဟဲ့…မျိုးသစ်ရဲ့ ဘာကြောင်းရှိလို့လဲဒီရေတွင်းက”
“အောက်မှာမြွေတွေရှိတယ်ဘွား…အသိုက်လိုဖြစ်နေတာ…”
“ဟေ…”
သူကြီးဦးမျိုးသစ်စကားကြောင့်
ဘွားမယ်စိန်သည်မီးတုတ်ကိုယူ၍ကြည့်လိုက်လေတော့…
“အလို…အဟုတ်ပါလား..အခုမှသေချာကြည့်မိတယ်…
နည်းတဲ့အကောင်တွေလားဟဲ့”
ရေတွင်းပျက်အတွင်းလှုပ်ရှားနေသောမြွေများကို မြင်လေတော့ ဘွားမယ်စိန်သိရှိသွားတော့သည်။
“အေးလေ…ဒီလိုဆိုရင်ဓားဘသောင်းတစ်ယောက်တော့
အသက်မရှင်နိုင်တော့ဘူး…ကဲ…
ဒါဆိုသူဖောက်ထားတဲ့ဂူကိုပြန်ပိတ်ပြီး သူယူထားတဲ့ပစ္စည်းတွေကိုပိုင်ရှင်တွေဆီအပ်ကြတာပေါ့”
“ဘွားသဘောပါဗျာ….”
“အေး…အေး ဒါဆိုလည်း အဲ့သည်လိုပဲလုပ်ကြမယ်…
ကဲ…ရေတွင်းထဲကသတ္တဝါတွေ သင်တို့လည်းသင်တို့လိုသောအရပ်ကိုသွားကြပါ…လူတွေကိုဘေးရန်မပြုကြပါနဲ့……..”
ဟု…ရေတွင်းဘက်ကိုကြည့်၍ပြောလိုက်သည်။
“ဒီရေတွင်းကိုသဘက်ခါကျရင်ပြန်ဖို့လိုက်ပါ…
လူတွေ၊တိရိစ္ဆာန်တွေဘေးမတွေ့ရအောင်ဒီရေတွင်းကို
ဖို့ပစ်တာပဲကောင်းပါတယ်ကွယ်…
မြွေတွေကိုလည်းသူတို့လိုရာကိုသွားကြဖို့
ဘွားမေတ္တာပို့ထားတယ်။
ဒီတော့မောင်ရင်တို့ဘက်ကရဲရဲသာလုပ်ကြပါ”
“ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်သည် သူကြီးဦးမျိုးသစ်တို့ကိုမှာစရာမှာအပြီး
ဓားဘသောင်း၏ကိုးသင်္ချိုင်းဓားကိုယူဆောင်ကာ
သောင်ထွန်းရွာကိုပြန်လာခဲ့ကြသည်။
ဓားဘသောင်းတစ်ယောက်
သောင်ထွန်းရွာရှိဂူကိုဖော်ထားသော ပတ္တမြားကိုလည်း
ကျန်ရစ်သောပိုင်ရှင်များကိုပေးစေသည်။
ဓားဘသောင်းသည်ကတော့ရေတွင်းပျက်နှင့်အတူ
မြေဖို့ခြင်းခံရတော့မည်ဖြစ်၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply