“လာထိုင်ကွဲ့…”
“ဟုတ်ကဲ့ခင်ဗျ…”
“နေကပူပါဘိနဲ့ကွယ်…
ဘယ်ကနေများလာခဲ့ရတာလဲ”
“ကျုပ်က ပူကင်းရွာကလာတာပါ…”
ဟုပြောရင်းဝါးခမောက်ကိုချွတ်လိုက်သည်။
“ဟူးး…”
နဖူးမှချွေးများကိုလက်ဖြင့်သပ်ချရင်းဝါးခမောက်ကို
ယပ်တောင်သဖွယ်ခတ်လေတော့…
“မိဝင်း…ဒီကလေးကိုယပ်တောင်ပေးလိုက်စမ်းဟဲ့…”
“ဟုတ်ကဲ့အမေ …ငါ့တူ…ဒီယပ်တောင်ယူပြီးခတ်”
“ဟုတ်ကဲ့”
ဒေါ်ဝင်းကသူကိုင်ထားသော နှီးယပ်တောင်လေးကို
ပေးလိုက်သည်။
“ကဲ…ရေနွေးလေးလည်းသောက်ဦးကွဲ့…
လာရင်းကိစ္စကနောက်မှပြော…
အခုတော့အရင်အမောဖြေဦး…”
“ဟုတ်ကဲ့”
ဘွားမယ်စိန်က ဧည့်သည်ကိုရေနွေးပန်းကန်ပေးလိုက်သည်။
အညာသူ…အညာသားတို့၏ထုံးစံအတိုင်း
နေပူထဲမှလာသူကိုရေအေးမတိုက်ဘဲ
ရေနွေးပူပူကိုသောက်စေသည်။
ဒါမှလည်းနေသာထိုင်သာရှိကြပုံရ၏။
အမောဖြေပြီးလေတော့လည်း…
“ပူလိုက်တာဗျာ…”
ဟုငြီးတွားပြန်သည်။
“ပူတာကတော့ပြောမနေနဲ့ကွယ်…
လယ်ကွက်တွေထဲမှာမြေကြီးတွေတောင်ခြောက်ပြီးကွဲတောင်နေပါပေါ့လား…”
“ဟုတ်ပါ့ဗျာ…အယ်ဗျာ…
အမောဖြေရင်းနဲ့လာရင်းကိစ္စကိုတောင်မေ့နေလိုက်တာ…”
“အခုသတိရရင်ပြောပေါ့…
ဘွားတို့ကမောင်ရင်အမောပြေတာကို
စောင့်နေတာကွဲ့”
“ဟုတ်ကဲ့…ကျုပ်နာမည်ကထွေးမောင်လို့ခေါ်ပါတယ်ခင်ဗျာ…
အခုလာရတာကလည်းအရေးကြီးပါတယ်…
မိသားစုအရေးလို့ပဲဆိုရမှာပေါ့ဗျာ…”
“ဘယ်လိုမိသားစုအရေးဟုတ်လား…”
“ဟုတ်ပါတယ်ခင်ဗျာ…
ဒီလိုပါ…ကျုပ်မှာအစ်မတစ်ယောက်ရှိပါတယ်…
ကျုပ်အစ်မနာမည်က မခင်ချစ်လို့ခေါ်ပါတယ်…
အခုလာရတာကလည်း မခင်ချစ်ကြောင့်လာရတာပါခင်ဗျာ…”
ထွေးမောင်၏စကားကိုဘွားမယ်စိန်သည်
စိတ်ဝင်တစားဖြင့်နားစိုက်ထောင်နေရာမှ…
“မောင်ရင့်အစ်မ မခင်ချစ်က
ဘာများဖြစ်လို့လဲကွဲ့…”
ဟုမေးတော့ ထွေးမောင်၏မျက်နှာထားက
ပြောင်းလဲသွားသည်။
တစ်စုံတစ်ခုကိုတွေးရင်းဝမ်းနည်းသွားပုံရပေသည်။
“ဒီလိုပါဗျာ…ကျုပ်အစ်မ မခင်ချစ်က
မခင်ချစ်ဟုတ်မနေဘဲ…မမြကြည်ဖြစ်နေတယ်ခင်ဗျ…”
“ဘယ်လို…ဘယ်လို…”
ထွေးမောင်စကားကြောင့် ဘွားမယ်စိန်တင်မက
နံဘေး၌ထိုင်နေကြသော ဒေါ်ဝင်းနှင့်နန်းကြိုင်တို့ပင်
နားမလည်ဖြစ်ကုန်ကြသည်။
“နေပါဦးဟဲ့…နင့်အစ်မ မခင်ချစ်က
မခင်ချစ်မဟုတ်ဘဲ…မမြကြည်ဖြစ်နေတယ်ဆိုတာ
ဘာကိုပြောတာလဲ…”
“ဟုတ်သားကွယ်…မောင်ရင့်စကားကလည်း
ဘွားတို့နားထောင်နေရင်းတောင်မှပိုပြီး
နားရှုပ်သွားရတယ်…”
“ဒီလိုဆိုရင်တော့ ကျုပ်အကြောင်းစုံပြောမှပဲ
ဘွားတို့နားရှင်းတော့မယ်ထင်ပါရဲ့ဗျာ…
ကျုပ်ပြောပြပါ့မယ်…”
“အေး…အေး…အေး…”
ထိုသို့ဖြင့်ထွေးမောင်ကလည်းသူ့အစ်မ၏အဖြစ်ကို
အစမှပြန်လည်ရှင်းပြလေတော့သည်။
*****************************
ပူကင်းရွာ၌ ဦးသိုက်နဲ့ဒေါ်အေးဆိုသည့်လင်မယားတွင်
သမီးမခင်ချစ်နှင့် ငါးနှစ်ကျော်ကွာသော
သားဖြစ်သူ ထွေးမောင်တို့ရှိပေသည်။
ဦးသိုက်နှင့်ဒေါ်အေးတို့က
တောင်သူလယ်သမားများဖြစ်ပြီး သူတို့၏
သားနှင့်သမီးကလည်း လယ်ယာလုပ်ငန်း၌ဝိုင်းကူကြရသည်။
“အစ်မ…ဒီမနက်ဘာချက်မှာလဲ”
“ဟဲ့…အခုမှမိုးလင်းတယ်…
မျက်နှာတောင်မသစ်ရသေးဘူး
စားဖို့သောက်ဖို့ကိုပဲအရင်ဆုံးမေးရသလားထွေးမောင်ရဲ့…”
“ဟာဗျာ…ကျုပ်ကမန်ကျည်းရွက်ထောင်းလေးစားချင်တယ်
ပြောမလို့ပါအစ်မရာ…”
“အမယ်…ဒီနေ့ဟိုကောင်မ မိစံ
လယ်တောလိုက်မှာမဟုတ်လား”
“မိစံကသူ့အလုပ်သူလုပ်တာလေဗျာ…
ဘာထူးဆန်းသတုန်းအစ်မရဲ့…”
“ဟဲ့…ထွေးမောင်ငါကနင့်အစ်မ…
နင့်ပါးစပ်ကထွက်တဲ့စကားက
ဘယ်စကား …ဘာဆိုတာငါသိပြီးသားပါဟယ်…”
အစ်မဖြစ်သူမခင်ချစ်ပြောလည်းပြောစရာပင်
ထွေးမောင်နှင့်မိစံတို့ကတစ်ဦးနှင့်တစ်ဦးရည်ငံနေကြ၏။
တစ်နေ့က မိစံကမန်ကျည်းရွက်ထောင်းလေးစားချင်သည်
ပြော၍ ထွေးမောင်ကအစ်မဖြစ်သူကိုပြောနေခြင်းပင်။
မခင်ချစ်ကလည်းမောင်ဖြစ်သူကိုအတော်ချစ်၏။
စကားအရသာပြောနေသော်လည်းထိုနေ့က
လယ်တောသို့ထမင်းပို့ရာတွင်
မန်ကျည်းရွက်ထောင်းကိုလည်း ထည့်ပေးထားရှာသည်။
ထိုသို့သူ့အပေါ်၌ချစ်ခင်ပေးသော အစ်မဖြစ်သူကို
ထွေးမောင်ကလည်းအလွန်ချစ်သည်။
အစ်မထိဓားကြည့်ဆိုသောလူစားပင်ဖြစ်၏။
ထိုသို့တစ်ဦးနှင့်တစ်ဦးချစ်ခင်ကြသော
မောင်နှမနှစ်ယောက်ကြောင့် မိဘများကလည်း
စိတ်ချမ်းသာကြပေသည်။
တစ်ရက်မှာတော့ မခင်ချစ်တစ်ယောက်
အဖျားကြီးဖျားရှာသည်။
မိဘများနှင့်ထွေးမောင်ခမျာ မခင်ချစ်ကိုအလွန်စိတ်ပူပြီး
အနီးကပ်ပြုစုပေးကြ၏။
မခင်ချစ်ကလည်းကိုယ်ပူများကြီးလွန်းပြီး
သတိရတစ်ချက်မရတစ်ချက်ဖြစ်လို့နေခဲ့သည်။
ဆေးဆရာပင့်၍ကုသပါသော်လည်း မခင်ချစ်မှာ
မသက်သာပေ။
“အမေ…အစ်မကိုမြို့တက်ကုပေးမှ
ဖြစ်တော့မယ်ထင်တယ်”
“ငါ့သားရယ်…အမေတို့လည်း
ဘာလုပ်ရမလဲမသိတော့ပါဘူး…
မင်းအစ်မသက်သာဖို့သာအရေးကြီးတာပါကွယ်”
“ဟူးးး…ခက်တယ်ဗျာ…
ကျုပ်ကတော့မြို့မှာပိုပြီးများအဆင်ပြေမလားလို့ပါ…
ဒီမှာနေရင်းကုနေတာသက်သာလာတယ်လို့ကို
မရှိဘူးလေ”
မိဘတွေနဲ့ထွေးမောင်တို့တိုင်ပင်နေကြသည်။
နှစ်ရက်မျှနေတော့ မခင်ချစ်သည်
သတိရလိုက်မရလိုက်ဖြစ်နေရာမှ
မျက်လုံးပွင့်လာခဲ့သည်။
ထွေးမောင်တို့ကတော့မခင်ချစ်သက်သာလာခြင်းကို
အတော်လေးဝမ်းသာနေကြသည်။
သို့သော်မခင်ချစ်ကစကားပြောဖို့ပင်အားယူနေရ၏။
“ဘယ်…ဘယ်သူ…တွေလဲ”
မခင်ချစ် နှုတ်မှ ဦးဆုံးပြောလိုက်သောစကားကြောင့်
ထွေးမောင်တို့အံ့သြသွားသည်။
သို့သော် မခင်ချစ် ကောင်းကောင်းမကျန်းမာသေး၍
ပြောသည်ဟုသာ မှတ်ယူကြသည်။
တစ်ရက်မှနှစ်ရက်…နှစ်ရက်မှတစ်ပတ်ကြာလေတော့
မခင်ချစ်လည်းထူထူထောင်ထောင်ဖြစ်လာသည်။
သို့သော်မခင်ချစ်မျက်ဝန်းများက
ယခင်မခင်ချစ်နှင့်လားလားမှမတူ…။
မိဘတွေနဲ့မောင်ဖြစ်သူထွေးမောင်ကို မသိဟန်ဖြင့်
ခပ်စိမ်းစိမ်းကြီးကြည့်တတ်သည်။
လူမမာလာမေးသော သူငယ်ချင်းများကိုလည်း
မခင်ချစ်ကစကားပင်မပြော။
“အစ်မ…အစ်မ မခင်ချစ်…”
“ငါ့နာမည်မခင်ချစ်မဟုတ်ဘူးလို့ပြောထားတယ်လေ…
ငါ့ကိုပြန်ပို့ပေးကြစမ်းပါ…
ငါ့အမေတစ်ယောက်ထဲငါ့ကိုမျှော်နေတော့မယ်…”
“ဘယ်ကအမေလဲ…အမေကဟောသည်မှာလေသမီးရဲ့”
“အို…တော်က ကျုပ်အမေမဟုတ်ဘူး…
ကျုပ်အမေနာမည်က ဒေါ်ညို…
ကျုပ်ဘာလို့ဒီကိုရောက်လာတာလဲ…
ကျုပ်ကိုပြန်ပို့ပေးကြစမ်းပါတော်…”
“ခက်တာပဲသမီးရယ်…
သမီးကိုအဖေတို့ကမကျန်းမာလို့ပြောတယ်ထင်နေတာ
အဖေတို့ကိုဘာများစိတ်ဆိုးနေတာလဲသမီးရယ်…”
“ဟုတ်ပါတယ်အစ်မရာ…
နင်ဒီလိုကြီးလုပ်နေရင်မကောင်းဘူးနော်
အမေလည်းငဲ့ပါဦးဟာ…
အမေ့မှာလည်းနင့်စိတ်နဲ့ငိုနေရရှာတာ…”
“ကျုပ်ဘာကိုမှစိတ်မဆိုးဘူး…
ကျုပ်အမေရှိတဲ့ သပြေတန်းရွာကိုသာပြန်ပို့ပေးကြပါ…
ကျုပ်အမေက ကျုပ်ကိုမျှော်နေတော့မယ်…
အီးးးးဟီးးးးး…ဟီးးးးးးးးးးးးးးးးးးးး”
မခင်ချစ်ကလည်းပြောပြောပြီးငိုနေသလို
မခင်ချစ်အမေကလည်းသမီးဖြစ်သူကိုကြည့်ရင်း
စိတ်မကောင်းဖြစ်လွန်း၍ငိုနေရှာသည်။
ဖခင်ဖြစ်သူနှင့်ထွေးမောင်တို့ကတော့
သက်ပြင်းတွေသာချနေကြတော့သည်။
ဘယ်လိုပဲချော့၍ပြောပါစေမခင်ချစ်ကသူ့ကိုယ်သူ
မမြကြည်ဟုပြောသည်။
သူနေသည်ကသပြေတန်းရွာဖြစ်ပြီး
မိခင်အိုကြီးဒေါ်ညိုဆီကိုပြန်ချင်ကြောင်းပြောပြန်သည်။
ငိုလိုက်ရယ်လိုက်ဖြင့်သူ့အားပြန်ပို့ပေးကြပါဟု
နေ့စဥ်ပြောလေသည်။
“ကြီးတော်ရယ်…
ကျုပ်ကိုအမေ့ဆီပို့ပေးပါတော်…
ကျုပ်အမေ့ဆီကိုပြန်ချင်လို့ပါ…”
“ငါ့သမီးရယ်…ရော့…ရော့…
ဒီမှန်ကိုကြည့်လိုက်စမ်းပါ…
ညည်းဟာငါ့သမီးမခင်ချစ်မှမခင်ချစ်ဆိုတာ
သေချာပါတယ်အေ…”
မခင်ချစ်အမေက မှန်တစ်ချပ်ကိုယူကာပေးလိုက်သည်။
မခင်ချစ်ကမှန်ထဲမှသူ့ပုံရိပ်ကိုကြည့်ရင်းအံ့သြသင့်သွားသည်။
ခေါင်းကိုခါရမ်းပြီး…
“မဟုတ်ဘူး…ဒါကျုပ်မဟုတ်ဘူး…
အမယ်လေး…အမေရဲ့…
ကျုပ်ကိုကယ်ကြပါဦးတော့်….
အီးးးးးးဟီးးးးးဟီးးးးးးးးး”
မခင်ချစ်ကအော်ကာငိုပြန်သည်။
ပူကင်းတစ်ရွာလုံးလည်း မခင်ချစ်အကြောင်းကို
သိသွားကြပြီးစိတ်မကောင်းဖြစ်ကြရှာသည်။
မောင်ဖြစ်သူထွေးမောင်ကတော့ အစ်မဖြစ်သူအကြိုက်ကို
လိုက်ပြီး …
“အစ်မ…မမြကြည်…”
“ဟင်…”
မမြကြည်ဟုခေါ်လိုက်၍မခင်ချစ်အံသြသွားသည်။
“အစ်မ မမြကြည်…
ထမင်းလေးတော့စားပါအစ်မရယ်…
ထမင်းသာစားရင်လေ…
အစ်မဖြစ်ချင်တာကိုလည်းကျုပ်ကူညီပေးပါ့မယ်…”
“နင်တကယ်ပြောတာလား”
ထွေးမောင်ကခေါင်းကိုညိတ်ပြီး…
“ကျုပ်တကယ်ပြောတာပါအစ်မ…
အစ်မသာကျုပ်စကားလေးကိုနားထောင်ပေးပါဗျာ…
အဘနဲ့အမေတို့ကိုလည်းအစ်မ
စိတ်ချမ်းသာအောင်ထားပေးပါ…
အဲ့သည်လိုထားရင်တော့ အစ်မဖြစ်ချင်တာ
ကျုပ်လုပ်ပေးမှာပါ…”
ဟုပြောလေတော့မခင်ချစ်ပြုံးသွားသည်။
သူ၏မျက်ဝန်းမှလည်းမျက်ရည်များက
ကျဆင်းလာခဲ့ပြန်သည်။
ထိုနေ့မှစပြီး မခင်ချစ်က ထမင်းပုံမှန်စားလာသည်။
မိဘတွေကိုလည်း ရန်စကားပင်မပြောတော့ဘဲ
ပြောသမျှကိုပြုံးပြုံးလေးဖြေရှာသည်။
မခင်ချစ်၏အပြုအမှုပြောင်းလဲလာမှုကြောင့်
မိဘများမှာအလွန်ဝမ်းသာသွားကြသည်။
သို့သော်…
ထွေးမောင်တစ်ယောက်တော့အစ်မဖြစ်သူ
မခင်ချစ်အတွက်စိတ်ပူနေမိသည်။
မခင်ချစ်ပြောသော သပြေတန်းရွာကိုလည်းစုံစမ်း၏။
နောက်ဆုံး၌ သောင်ထွန်းရွာရှိ
ဘွားမယ်စိန်ထံသို့ထွေးမောင်တစ်ယောက်
နွားလှည်းဖြင့်ရောက်လာခဲ့တော့သည်။
ထွေးမောင်ပြောသမျှကိုနားထောင်အပြီး
ဘွားမယ်စိန်တစ်ယောက် မည်သည််စကားမှ
ဝင်မပြောသေးဘဲငြိမ်နေခဲ့သည်။
ယပ်တောင်လေးတဖျတ်ဖျတ်ခတ်နေသောဒေါ်ဝင်းမှ…
“ဒီလိုဆိုရင်မခင်ချစ်ပြောတဲ့သပြေတန်းရွာဆိုတာကရော
အပြင်မှာတကယ်ရှိရဲ့လား”
ဟုမေးလေတော့ ထွေးမောင်က
ခေါင်းညိတ်သည်။
“ကျုပ်စုံစမ်းခဲ့တာတော့သပြေတန်းရွာဆိုတာအမှန်ရှိတယ်ဗျ…
နောက်ပြီးသပြေတန်းရွာမှာ
ဒေါ်ညိုနဲ့မမြကြည်ဆိုတာရှိသလားဆိုတာကအစသိချင်လို့
ကျုပ်ကိုယ်တိုင်သွားကြည့်ခဲ့ပါသေးတယ်…
ထူးတော့ထူးဆန်းတယ်ဗျ…
သပြေတန်းရွာမှာ ဒေါ်ညိုနဲ့မမြကြည်ဆိုတဲ့
သားအမိအမှန်ရှိခဲ့တယ်…
ဒေါ်ညိုဆိုတဲ့အမျိုးသမီးကြီးကိုလည်းကျုပ်တွေ့ခဲ့တယ်
ဒါပေမယ့်…သူ့သမီးမမြကြည်ဆိုတာကတော့
ဆုံးသွားပြီလို့ပဲသိရတယ်ခင်ဗျာ…”
“ဟင်…ဘယ်လိုကြီးတုန်း”
“ကျုပ်လည်းအံ့သြနေတာခင်ဗျ…
မမြကြည်ဆုံးတာတစ်လလောက်ရှိပြီလို့သိရတယ်…
ဆုံးတာကလည်းကျုပ်တို့ပူကင်းရွာလမ်းခွဲမှာတင်
နွားလှည်းပေါ်ကပြုတ်ကျပြီးဆုံးတာတဲ့လေ”
“ဘယ်လိုများဖြစ်ရတာလဲ…
ငါ့တူတို့ပူကင်းရွာနဲ့ မမြကြည်တို့
သပြေတန်းရွာနဲ့ကနီးများနီးတာလား”
“အဲ့သည်လိုလည်းမဟုတ်ဘူးအရီးရဲ့…
မမြကြည်က လယ်တွေ…ယာတွေမှာအငှားလိုက်တဲ့သူခင်ဗျ…
ဖြစ်ချင်တော့ကျုပ်တို့ရွာဘက်က သခွားခြံမှာ သူတို့ရွာသူတွေနဲ့
အလုပ်လာလုပ်တယ်တဲ့လေ…အလုပ်လည်းပြီးလို့သူတို့ရွာကိုလှည်းနဲ့အပြန် နွားလှည်းပေါ်မှာလည်းလူတွေများတော့
လှည်းမနိုင်ဘဲ ဝင်ရိုးကျိုးသွားယုံတင်မကဘူး
လှည်းဘီးပါပြုတ်ထွက်တာတဲ့ခင်ဗျာ…
ဖြစ်ချင်တော့လှည်းနောက်မြှီးမှာလိုက်လာတဲ့
မမြကြည်တစ်ယောက် လှည်းပေါ်ကပြုတ်ကျသွားခဲ့ရှာတယ်…
အကျမတော်လို့ထင်ပါရဲ့ဗျာ…
သူ့ခေါင်းကျတဲ့နေရာတည့်တည့်မှာကျောက်ခဲကြီးတစ်လုံး
ခံနေရှာသတဲ့….ကျောက်ခဲပေါ်ခေါင်းကျပြီးတဲ့နောက်
မမြကြည်နေရာမှာတင်ဆုံးသွားရှာတယ်တဲ့လေ…
ဒီအကြောင်းတွေကိုကျုပ်သိရတော့
ကျုပ်အစ်မမခင်ချစ်ကိုယ်ထဲမှာ မမြကြည်ရဲ့ဝိညာဥ်
ဝင်နေတယ်ဆိုတာသိလိုက်တော့တာပေါ့…
သူ့လည်းမပြောရက်ပေမယ့်ကျုပ်အစ်မအတွက်
ကျုပ်ကိုယ်တိုင်နည်းလမ်းရှာရဦးမှာမဟုတ်လား…
ဒါကြောင့်ဘွားဆီကိုရောက်လာခဲ့ရတာပါ…
ကျုပ်မိဘများကိုတော့အရိပ်အမြွက် လောက်တော့
ပြောပြထားခဲ့ပါတယ်…”
ထွေးမောင်ပြောပြသောမမြကြည်၏အကြောင်းကို
နားထောင်ပြီးဒေါ်ဝင်းမှာစိတ်မကောင်းစွာဖြင့်
စုတ်သပ်နေရှာသည်။
“အင်း…မောင်ရင်ပြောပြတဲ့မမြကြည်အကြောင်းကိုလည်း
သိပြီးပြီဆိုတော့…မောင်ရင်လာရတဲ့အကြောင်းက
မောင်ရင့်အစ်မကိုယ်ထဲမှာရှိတဲ့ မမြကြည်ရဲ့
ဝိညာဥ်ကိုဖယ်ရှားချင်တာမဟုတ်လား…”
“ဟုတ်ပါတယ်ခင်ဗျာ…”
“အေးကွယ်…
ဒါပေမယ့်ဘွားတစ်ခုလောက်တော့အကြံပေးမယ်…”
“ဟုတ်ကဲ့ပြောပါခင်ဗျာ…”
“မမြကြည်က သူ့ကိုယ်သူသေလို့သေမှန်းမသိရှာသေးဘူး…
ရုတ်တရက်သေဆုံးသွားတော့ သူ့စိတ်ထဲမှာ
သူ့အမေကိုစွဲလမ်းနေရှာတာ…
ဒီတော့ကွယ်…မောင်ရင့်အစ်မကိုလည်းပြန်ရမယ်…
မမြကြည်ရဲ့အစွဲအလမ်းကိုလည်းချွတ်ပေးနိုင်မယ်ဆိုရင်
မကောင်းပေဘူးလား…”
“ဘွားပြောတာကျုပ်လက်ခံပါတယ်…
ဒါပေမယ့်ကျုပ်ဘက်ကဘယ်လိုများလုပ်ပေးရမလဲ”
“ဒါကတော့ကွယ်…သပြေတန်းရွာကမမြကြည်ရဲ့
အမေကိုပူကင်းရွာကိုခေါ်လာခဲ့ပေါ့…
မမြကြည်အမေ အတူပါလာတဲ့အချိန်ကျရင်တော့
ဘွားဘက်က လုပ်သင့်တာကိုလုပ်ပေးမှာပေါ့…”
“ဟုတ်ကဲ့…”
“အေး…အေး…အေး…”
“ဘွားတို့မနက်အစောကြီး ပူကင်းရွာကိုလာခဲ့ပါ့မယ်…
မောင်ရင်ကတော့မမြကြည်အမေကိုသွားခေါ်ထားလိုက်ပေါ့”
“ဟုတ်ကဲ့”
ထွေးမောင်တစ်ယောက် စိတ်ကျေနပ်သွားသည်။
နေအေးလေမှ သူ၏နွားလှည်းဖြင့်ပြန်သွားတော့၏။
နောက်တစ်နေ့နံနက်စောစော၌
ဘွားမယ်စိန်သည် မောင်တိုးနဲ့မောင်အုန်းကိုခေါ်၍
ပူကင်းရွာသို့ထွက်လာခဲ့ကြတော့သည်။
ပူကင်းရွာရှိ ထွေးမောင်တို့အိမ်ကိုမေးမြန်းပြီး
ရောက်လာခဲ့ကြသည်။
ထွေးမောင်မိဘများကလည်းထွေးမောင်ပြောထား၍
ဘွားမယ်စိန်တို့အတွက်နေရာထိုင်ခင်းများ
ပြင်ဆင်ပေးထားရှာသည်။
သစ်ရိပ်ဝါးရိပ်ဖြင့်အေးမြနေသော ထွေးမောင်တို့၏
ခြံဝိုင်းကျယ်အတွင်း၌ ထန်းလက်ခုံများ…
သစ်သားခုံတန်းရှည်များ…စားပွဲများကိုချထားသည်။
ထိုနေရာ၌ဘွားမယ်စိန်တို့ကိုထိုင်စေပြီး
လက်ဖက်ပန်းကန်…ငှက်ပျောသီးပန်းကန်…
ပေါက်ပေါက်စုပ်…တို့အပြင်…ငါးရံ့ခြောက်ဖုတ်ကိုပါ
ဆီရွဲရွဲလေးဖြင့် ဧည့်ခံထားကြသည်။
ဘွားမယ်စိန်တို့က ထွေးမောင်မိဘများနှင့်စကားပြောနေချိန်
မခင်ချစ်က ကွပ်ပျစ်ခင်း၌ထိုင်၍
ဆန်ရွေးနေခဲ့သည်။
မခင်ချစ်တစ်ခါမှမလုပ်ဖူးသောဆံပင်ကို
ကျစ်စမြီးလေးကျစ်လို့ထားပြီး
ပါး၌လည်းသနပ်ခါးပါးကွက်ကြားကြီးကွက်လို့လိမ်းထား၏။
မကြာခဏလည်းဘွားမယ်စိန်တို့ကို
စူးစမ်းသလိုကြည့်နေခဲ့သေးသည်။
ခဏကြာတော့ခြံဝိုင်းထဲသို့နွားလှည်းတစ်စီးဝင်လာသည်။
ထိုနွားလှည်းဝင်လာကတည်းက မခင်ချစ်သည်
မျက်လုံးအပြူးသားဖြင့်ကြည့်နေခဲ့၏။
လှည်းပေါ်ပါလာသောအမျိုးသမီးကြီးကိုသေချာကြည့်ပြီး
ရွှေးနေသောဆန်ဘန်းကို ပစ်ချ၍…
“အမေ…”
ဟု…အော်ခေါ်ကာပြေးလေသည်။
နွားလှည်းပေါ်၌ထွေးမောင်အပြင်
အမျိူးသမီးကြီးနှစ်ဥိီးအတူပါလာခဲ့သည်။
လှည်းပေါ်မှဆင်းလာလာခြင်း
မခင်ချစ်ကအပြေးလာ၍
အသက်ကြီးသောအမျိုးသမီးကြီးကိုပွေ့ဖက်လိုက်သည်။
အမျိုးသမီးကြီးကတော့ မျက်ရည်အဝဲသားဖြင့်
ပြန်လည်ပွေ့ဖက်ထားရှာသည်။
“အမေ…ကျုပ်ကအမေ့ကိုတွေ့ချင်နေတာ…
ကျုပ်ကိုဘာလို့လာမခေါ်တာလဲအမေရယ်…”
“သမီးမြကြည်…”
နံဘေးရှိသော မခင်ချစ်ထက်အသက်ကြီးပုံရသည့်
အမျိုးသမီးကတော့မျက်ရည်များကိုသုတ်၍
ကြည့်နေခဲ့သည်။
“ကဲ…အစ်မ မမြကြည်…
ကြီးတော်တို့ကိုခုံမှာထိုင်ပါစေဦး…”
ထွေးမောင်စကားကြောင့် ဘွားမယ်စိန်တို့ထိုင်နေသော
ခုံတန်းဆီကိုရောက်လာကြသည်။
“ထိုင်ကြပါခင်ဗျ…”
ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်ခုံတန်းရှည်၌
ဝင်ထိုင်ကြလေသည်။
မခင်ချစ်ကတော့အတော်လေးပျော်နေပုံရသည်။
မိခင်ဖြစ်သောဒေါ်ညိုကို လက်မလွှတ်တန်း
ပွေ့ဖက်ထားရှာသည်။
“မမြကြည်…”
ဘွားမယ်စိန်ကခေါ်လိုက်သည်။
မခင်ချစ်ကဘွားမယ်စိန်ကိုကြည့်လိုက်သည်။
“ညည်းနာမည်က မမြကြည်နော်…”
“ဟုတ်ပါတယ်…”
“ဒီကညည်းနဲ့ဘာတော်သလဲ…”
“ကျုပ်အမေပါ…”
“ဟောဒီဘက်ကရော…”
“ဒါကျုပ်ရဲ့ဝမ်းကွဲအစ်မ…မဝေပါ…”
“ဒါဆိုရင်ဒီဘက်ကရော…”
“ကျုပ်နဲ့ဘာမှမတော်ပါဘူး…”
မခင်ချစ်ကသူ၏မိဘများကို သူနှင့်ဘာမှမတော်စပ်ကြောင်းပြောလိုက်သည်။
မခင်ချစ်အမေကတော့မျက်ရည်များကျပြီး
မခင်ချစ်ကိုဝမ်းနည်းစွာကြည့်နေရှာသည်။
“မမြကြည်…ဟောဒါကညည်းအမေဆိုရင်…
အခုညည်းရောက်နေတဲ့ခန္ဓာကိုယ်ရဲ့အမေဟာ…သူပဲအေ့…
ဒီလိုဆိုရင်ညည်းရဲ့ခန္ဓာကိုယ်အစစ်ကရော
ဘယ်ဆီမှာဖြစ်နိုင်လဲ”
ဘွားမယ်စိန်စကားကြောင့်မခင်ချစ် ကြောင်အမ်းသွားသည်။
ခဏမျှစဥ်းစားနေပြီးခေါင်းကိုတသွင်သွင်ခါရမ်း၍…
“ကျုပ်မသိဘူး…
ကျူပ်ဘာမှမသိဘူး….”
ဟုအော်ဟစ်၍ပြောသည်။
ဒေါ်ညိုကတော့ငိုရှိုက်၍…
“အမေ့သမီး…မြကြည်…
အမေ့သမီးကိုအမေသိပ်ချစ်တာပေါ့အေ…
အမေ့သမီးလေးအခုလိုဖြစ်နေပါတယ်လို့
ဟောသည်က ကောင်လေးလာပြောတုန်းက
အမေမယုံကြည်ခဲ့ဘူး…
အခုလိုမြင်မှယုံမိတယ်သမီးရယ်….”
“အမေ…အမေဘာတွေပြောနေတာလဲ…
ကျုပ်ဘာဖြစ်လို့လဲအမေ”
“သမီးမြကြည်…
အမေ့သမီးလေးကံဆိုးမလေး….အီးးးးဟီးးးးဟီးးးးးးး
အမေသာငါ့သမီးကိုဒီလိုအလုပ်တွေမခိုင်းခဲ့ရင်
အမမေ့သမီးလေးအခုဆိုအမေနဲ့အတူတူရှိနေနိုင်ဦးမှာ…
အခုတော့…အခုတော့…………”
ဟု…ဒေါ်ညိုကပြောရင်းငိုရှာသည်။
ထွေးမောင်တို့လည်းစိတ်မကောင်းစွာဖြင့်
တစ်ဖက်ကိုလှည့်၍မျက်ရည်များကိုသုတ်ကြရ၏။
“အမေ…ကျုပ်က…ကျုပ်ကဘာဖြစ်လို့လဲဟင်…”
“အမေ့နှုတ်ကပြောမထွက်လို့ပါသမီးရဲ့…”
ဒေါ်ညိုက မခင်ချစ်ကိုဖက်၍ငိုပြန်သည်။
“ဟင်း…ကဲ…မမြကြည်…
တကယ်တော့ညည်းဟာနွားလှည်းပေါ်ကပြုတ်ကျပြီး
သေဆုံးသွားခဲ့ရရှာတယ်…
အခုညည်းဝင်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကလည်း
အဖျားရောဂါကြောင့်သူ့ရဲ့ လိပ်ပြာလွှင့်နေချိန်မှာ
ညည်းဝင်လာခဲ့တာပဲ…
ညည်းအမေအပေါ်မှာထားတဲ့ စွဲလမ်းစိတ်ကြောင့်
ကိုယ်သေလို့သေမှန်းမသိဖြစ်နေတာပဲအေ့…”
ဟုဘွားမယ်စိန်ကပြောလိုက်သည်။
ထိုအခါမခင်ချစ်သည်
ပါးစပ်ကြီးအဟောင်းသားဖြင့်တွေဝေသွားသည်။
သူ၏အတွေးအာရုံ၌လည်းအဖြစ်အပျက်အစုံကို
ပြန်မြင်ယောင်နေခဲ့သည်။
ဒေါ်ညိုကိုလည်းဝမ်းနည်းစွာစိုက်ကြည့်ပြီး
“အမေ…..”
ဟုအော်ကာငိုပြန်သည်။
ဒေါ်ညိုကလည်းမခင်ချစ်ကို ပွေ့ဖက်ထားရှာသည်။
“အခုညည်းဘဝကိုညည်းသိပြီဆိုရင်တော့
ညည်းအခုဝင်ထားတဲ့ကလေးမရဲ့ကိုယ်ထဲကနေ
ထွက်ခွာပေးမှရလိမ့်မယ်…
ဒီလိုမှမဟုတ်ရင်ဒီကလေးမလည်းညည်းနည်းတူပဲ
သေဆုံးသွားရလိမ့်မယ်အေ့…”
ဘွားမယ်စိန်စကားကြောင့် မခင်ချစ်ခေါင်းညိတ်သည်။
“ကျုပ်…ကျုပ်လိုတော့မဖြစ်စေချင်ပါဘူး…
ဒီခန္ဓာကိုယ်ထဲကထွက်ဖို့ကျုပ်ကိုကူညီပေးပါတော်…”
“ဒီအတွက်မပူပါနဲ့အေ…
ညည်းကိုယ်တိုင်လည်းအစွဲအလမ်းကိုဖျက်တောက်ပြီး
အမျှအတန်းပေးဝေတဲ့အခါသာဓုခေါ်ပါ…
ဒါမှညည်းအတွက် ဘဝကောင်းတစ်ခုရမှာ…”
“ဟုတ်ကဲ့…မမဝေ…ကျုပ်အမေကိုစောင့်ရှောက်ပေးပါနော်…
အမေ…ကျုပ်ဒီဘဝမှာ အမေ့အပေါ်တာဝန်မကျေခဲ့ဘူးအမေ…
ဒါပေမယ့်ကျုပ်အမေ့ဆီကိုပြန်လာမှာပါ…
ကျုပ်ကိုစောင့်ပေးပါနော်အမေ…”
မခင်ချစ်ပြောတာကိုဒေါ်ညိုကခေါင်းညိတ်၍…
“အမေ့သမီးလေးအမေ့အပေါ် တာဝန်ကျေပါတယ်…
အမေ့သမီးလေးကိုအမေမျှော်နေမယ်နော်..”
မခင်ချစ်ကခေါင်းညိတ်သည်။
ပြီးနောက်ဘွားမယ်စိန်ထိုင်နေသောခုံတန်းရှည်အရှေ့၌
ဒူးလေးထောက်ပြီးမြေပေါ်သို့ထိုင်ချပေးသည်။
ဘွားမယ်စိန်က မခင်ချစ်၏ခေါင်းကိုလက်ဖြင့် ကိုင်၍
မျက်လုံးကိုမှိတ်သည်။
နှုတ်မှလည်းဂါထာများရွတ်ဆိုနေပြန်၏။
ထိုမြင်ကွင်းကိုကြည့်ပြီးအားလုံးမှာမျက်ရည်မဆည်နိုင်ဖြစ်
နေကြရှာသည်။
ခဏကြာတော့ မခင်ချစ်၏ခန္ဓာကိုယ်သည်မြေပေါ်သ်ို့
လဲကျသွားခဲ့သည်။
“ကဲ…သူအိပ်တဲ့နေရာကိုသွားပို့လိုက်တော့…
မခင်ချစ်လည်းအားနည်းနေရှာတယ်…
အားယူပါစေဦးကွယ်…”
“ဟုတ်ကဲ့ဘွား”
ထွေးမောင်ကအစ်မဖြစ်သူကိုပွေ့ထူပြီးခေါ်သွားသည်။
မိဘများကလည်းလိုက်သွားကြ၏။
ဘွားမယ်စိန်ကတော့ဒေါ်ညိုနှင့်စကားများပြောပြီး
နှစ်သိမ့်ပေးနေခဲ့သည်။
ဒေါ်ညိုကလည်းခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်ရှာသည်။
ခဏကြာတော့ ထွေးမောင်တို့ပြန်ရောက်လာကြပြီး
ဘွားမယ်စိန်တို့နှင့်စကားပြောကြသည်။
မမြကြည်အတွက်လည်းကုသိုလ်ကောင်းမှုများ
လုပ်ပေးချင်ကြောင်း…
ကိုယ့်သမီးလေးကဲ့သို့သံယောဇဥ်ရှိကြောင်းများ
ထွေးမောင်မိဘများကပြောလေတော့
ဒေါ်ညိုမှာဝမ်းသာနေရှာသည်။
ထိုနေ့ညနေမှာပင်မခင်ချစ်သတိရလာသည်။
မခင်ချစ်က မိဘများနှင့်မောင်ဖြစ်သူကိုစကားများပြောပြီး
ဧည့်သည်တွေရောက်နေတာလားဟုမေးသည်။
ထိုအခါမှထွေးမောင်တို့လည်းသက်ပြင်းချနိုင်ကြ၏။
မခင်ချစ်သိစေရန်လည်းအကြောင်းစုံကို
ပြောပြလေတော့မခင်ချစ်မှာအံ့သြ၍မဆုံးဖြစ်နေခဲ့သည်။
မခင်ချစ်တို့အိမ်၌ဘွားမယ်စိန်တို့တစ်ညတာတည်းခိုခဲ့ကြပြီး
နောက်ရက်၌သောင်ထွန်းရွာကိုပြန်လာခဲ့ကြသည်။
ဒေါ်ညိုကတော့မပြန်သေးပေ။
မခင်ချစ်မိဘများက မမြကြည်သေဆုံးသောနေရာ၌
သံဃာများပင့်ဖိတ်၍ကုသိုလ်ကောင်းမှုပြုလုပ်ပြီး
အမျှအတန်းပေးဝေကြမည်ဖြစ်၍မပြန်သေးခြင်းဖြစ်ပေသည်။
မမြကြည်လည်းပြုသမျှကုသိုလ်ဖြင့်သာဓုခေါ်ပြီး
ကောင်းမွန်သောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်သလို
ဒေါ်ညိုကလည်းသမီးဖြစ်သူပြန်အလာကို
သူ၏နေ့ရက်များမကုန်ဆုံးခင်အထိ
စောင့်မျှော်နေရှာတော့မည်ဖြစ်သည်။
ပြီးပါပြီ။
စာရေးသူ ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်
Leave a Reply