ရောင်းမှားဝယ်မှား

ရောက်ရန်အတွက်အသော့နှင်လိုက်ပါတော့သည် ။

    ◾အခန်း (၂)

     “တန်မှတန် “

    ထိုနာမည်သည် မြိုင်တောမြို့သို့ သွားသည့်လမ်းမှ ထမင်း ဆိုင်တဆိုင်၏ နာမည် ဖြစ်သည်။တန်မှတန် ‌ထမင်းဆိုင်လေးသည် ယခုအချိန်တွင် စားသုံးသူအနည်းငယ်နှင့် တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်။မြင်းလှည်းလေးတစီး ထိုဆိုင်ရှေ့သို့ ရပ်လာ၏။ မြင်းလှည်းသမားမှာ ကိုငြိမ်းမောင်ဖြစ်ပြီး  မြင်း လှည်းပေါ်မှ ဆင်းလာသောလူနှစ်ယောက်မှာ ဦးကျော်လှိုင်နှင့် ပေတူး ဖြစ်သည်။ပေတူးသည် တိတ်ဆိတ်နေသော ထိုထမင်း ဆိုင်ကို တလှည့် ယခုဆိုင်နှင့် မျက်နှာချင်းဆိုင်နေရာတွင်ရှိသော လမ်းတဖက်ခြမ်းမှ လူများစည်ကားနေသော ဆိုင်ကို တလှည့်ကြည့်ကာ ဆိုင်လေးထဲသို့ ဝင်လာလေသည်။ထို့နောက် ကိုငြိမ်းမောင်သည် စားပွဲခုံတန်းလျားတွင် ဦးကျော်လှိုင်နှင့် ပေတူးအား ထိုင်စေပြီး

    “ထမင်းစား‌မယ်ဟေ့ သုံးယောက် “

    “ခဏ လာပြီ “

    “ဗိုက်ဆာနေပြီဟေ့ မြန်မြန်လေး “

    “အချိန်မရှိမှ လာပြီး လောနေလို့ မရဘူး အချိန်တန်ရင် စား ရ‌မှာပေါ့ “

    ပေတူးသည် ပြေပြစ်မှုမရှိ မလိုအပ်ပဲ ဘုကလန့်ပြောလာ သော အသံရှင်မိန်းမကြီးကို ကြည့်လိုက်သည်။ထိုမိန်းမကြီးသည် စားပွဲခုံတခုံတွင် ထိုင်နေပြီး ခေါင်းဖြီးနေသေး၏။ထိုလုပ် ရပ်သည် အင်မတန် ရိုင်းသည့်လုပ်ရပ်ဟု ပေတူးထင်မိသည်။ မကြာသောအချိန်တွင် ပျင်းရိနေသောဟန်ဖြင့် မိန်းကလေးနှစ်ယောက်သည် သူတို့ဆီသို့ အရံဟင်းလျာတချို့ လာချပေးလေသည်။ကိုငြိမ်းမောင်သည် အရံဟင်းလာချပေးသော မိန်း ကလေးများအား

      “ကလေးမ ငါ့က ဝက်သားနဲ့ စားမယ်  ဆရာကြီး နဲ့ ပေတူးရော ဘာနဲ့ စားမလဲ “

    “အေး ခဏလေး ငြိမ်းမောင် ဘာနဲ့ စားရင် ကောင်းမလဲလို့ စဉ်းစားလိုက်ဦးမယ် မောင်ပေတူး မင်းရော ဘာနဲ့ စားမလဲ “

    ဦးကျော်လှိုင်မှ ပေတူးအား မေးလိုက်သည်။ထိုအခါ ပေတူး သည် ရှေ့တွင် ပျင်းရိဖွယ်ရပ်နေသော မိန်းကလေးအား

    “အမတို့ ဆိုင်မှာ ဘာဟင်းတွေ နဲ့ ရလဲ “

    “ရှင် စားချင်တာသာ ပြောစမ်းပါ အကုန်ရှိတယ် “

    “ဟ ခင်ဗျားက ဘယ်လိုလဲဗျ ဈေးရောင်းတာကလည်း ပြတ်လှချည်လား “

    “စားချင် စား၊မစားချင်နေ “

    ခပ်ပြတ်ပြတ်ပြောနေသော စားပွဲထိုးမိန်းကလေးအား ပေတူး ပြန်၍ ရန်တွေ့မည်ဟု တွေးလိုက်စဉ် မြင်းလှည်းသမား ကိုငြိမ်းမောင်သည် ပေတူး၏ ပုခုံးကိုဖက်ကာ

    “‌ပေတူး စိတ်လျော့ပါကွာ ပြီးမှ ငါရှင်းပြပါ့မယ် အခု ဘာနဲ့ စားမလဲ “

    “ကြက်သားပဲ ပေးတော့ဗျာ “

    “ဆရာကြီးကရော “

    “ငါးလေးချက်ရရင် ငါးလေးချက်နဲ့ စားမယ် “

    ဦးကျော်လှိုင်၏ စကားဆုံးသည်နှင့် စားပွဲထိုး မိန်းကလေး နှစ်ယောက်သည် ပေတူးအား မကြည်သလို မျက်စောင်းထိုးကြည့်ကာ ထွက်သွားလေ၏။ပေတူးသည် စိတ်က သိပ်မကြည်သေးပေ။ကိုငြိမ်းမောင်သည် ပေတူး၏ပခုံးကို ပုတ်လိုက်ကာ

    “ပေတူးရေ ဒီဆိုင်မှာ ဘာဖြစ်နေတယ်ဆိုတာ မင်း မကြာခင်သိမှာပါ ဆရာကြီး ဒီဆိုင်ရဲ့ပြဿနာကို ကျုပ် ပြောပြပါ့မယ် “

    ကိုငြိမ်းမောင်သည် ဘေးပတ်ဝန်းကျင်ကို တချက်ကြည့်ကာ ဦးကျော်လှိုင်နှင့် ပေတူးအား အသံတိုးတိုးဖြင့် ပြောပြနေလေ ၏။ထိုအခါမှ သူတို့နှစ်ယောက်သည် ခေါင်းညိတ် နားထောင်လိုက်ပြီးနောက် ဦးကျော်လှိုင်မှ စကားဆိုလိုက်လေသည်။

    “အဲ့တာဆိုရင်တော့ ရိုးပုံမပေါ်ဘူးနော် ငြိမ်းမောင်”

    “ကျုပ်လည်း မေသူလေးကို သနားလို့ ဆရာကြီး‌တို့ကို ဒီဆိုင်  ခေါ်လာတာ “

    “ဒါနဲ့ အဲ့ဒီကလေးမ နဲ့ သူ့အဖေရော “

    “ကလေးမက ဆိုင်နောက်မှာ ထမင်း၊ဟင်းချက်နေတယ်လေဗျာ သူ့အဖေကတော့ အိပ်ယာထဲမှာပဲ “

   “ထမင်းစားပြီးရင် ကျုပ် ဆိုင်ရှင်ကို တချက်လောက်ကြည့်ချင်တယ် ရမလား “

    “မရ ရအောင် လုပ်ရမှာပေါ့ဗျာ “

    အတန်ကြာ စကားပြောပြီးသောအခါမှ စားပွဲထိုးပေးသည့် မိန်းကလေးနှစ်ယောက် ပြန်ရောက်လာကာ ထမင်း၊ဟင်းများချ ပေးလေ၏။ထို့နောက် မည်သည့်စကားမှမပြောပဲ မိန်းကလေး နှစ်ယောက်သည် ခေါင်းဖြီးနေသော အမျိုးသမီးကြီး၏အနားသို့သွားကာ ရယ်ရယ်မောမော စကားဖောင်ဖွဲ့ နေကြသည်။

    ပေတူးလည်း ထိုအမျိူးသမီးများအား ထပ်ပြီး ဂရုမပြုတော့ ပဲ ထမင်းဆက်စားလိုက်သည်။ဟင်းချက်လက်ရာမှာ အတော် ကောင်းသည်။သို့သော်လည်း လူများမလာကြသည်က သံသယ ဝင်စရာကောင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ယခု မြင်နေရသော မိန်းမကြီးသည် ဆိုင်ကို မလုပ်ချင် လုပ်ချင်နှင့် အလုပ်ကို လုပ်နေရပုံပေါ်၏။ထို့ကြောင့် သူတို့၏ အကြံအစည်သည် အခြားတခု ရှိလိမ့်မည်ဟုတွေးမိရင်း ထမင်းကိုသာ အားရပါးရ ဆက်စားနေလိုက်ပါတော့သည်။

    ◾အခန်း (၃)

    မြင်းလှည်းသမားကိုငြိမ်းမောင်သည် ထမင်းစားပြီး၍ ထမင်း ဖိုးရှင်းရန် ခေါ်လိုက်သည်။ထမင်းဖိုးကျသင့်ငွေသည် လိုတာထက်ပိုများနေပေမဲ့ ကိုငြိမ်းမောင် စောဒကမတက်ပဲ ရှင်းပေး လိုက်ပြီး တခု ခွင့်တောင်းလေ၏။

    “ကလေးမ နင်တို့ အရီးကို သွားပြောစမ်းပါ ငါ ဆိုင်ပိုင်ရှင် ကိုသောင်း နဲ့ တွေ့ချင်တယ်လို့  “

    “အရီးကြည်သန်းက ‌ဘယ်သူနဲ့မှ မတွေ့ခိုင်းဘူး “

    “ဟဲ့ ကလေးမ ကိုသောင်းက ငါ့မိတ်ဆွေ၊ပြီးတော့ မေသူဆိုတာလည်း ငါ့တူမအရင်းလိုနေလာခဲ့တာ နင်တို့က အရင်က တည်းက ဒီမှာရှိနေတဲ့သူတွေပါ အခုမှ ဘာအချိုး ချိုးတာလဲ “

    “ကျမတို့ကို ဘာမှလာမပြောနဲ့ စားစရာရှိတာ စားပြီးရင် ပြန်ကြတော့ “

    ကိုငြိမ်းမောင်အား ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောနေသော မိန်းက လေးနှစ်ယောက်အား ပေတူး အမြင်ကတ်စွာ ကြည့်လိုက်သည် ။ထို့နောက် ကိုငြိမ်းမောင်ဘက်သို့ လှည့်ကာ

    “ဦးလေး ဆိုင်ရှင်တွေရှိတဲ့နေရာက ဘယ်မှာလဲ “

    “ဒီနောက်တန်းတန်း သွားရင် အိမ်ရှိတယ် “

    “ဒါများ ဘာလို့ သူတို့ကို ခွင့်တောင်းနေသေးလဲ “

    ပေတူးသည် ပြောပြောဆိုဆို ဆိုင်အနောက်ဘက်သို့ ဝင်သွားရာ ဒေါကြည်သန်းဆိုသော အမျိုးသမီးကြီး၏ ကျယ်လောင် သောအသံမှာ နောက်မှ ပေါ်ထွက်လာလေသည်။

    “ဟဲ့ ဟဲ့ ကောင်လေး ဘယ်သွားမှာလဲ “

    ပေတူး သူ့ကို ဂရုမစိုက်ဘဲ ဆိုင်အနောက်ထဲသို့သာ ခပ်တည်တည်နှင့် ဝင်သွားလေ၏။နောက်မှလိုက်လာသော မိန်းကလေး နှစ်ယောက်သည်  ပေတူး၏လက်အား ဆွဲပြီးတားမည့်ဟန်ပြင်ရာ ပေတူးသည် ဆိုင်ထောင့်တွင်တွေ့ ရသော  ဝါးရင်းတုတ်အား ကောက်ကိုင်လိုက်ပြီး

    “ဘယ်သောက်ကမြင်းမတွေ ငါ့ကို တားမလဲ ကြီးတာ၊ငယ် တာတွေ သောက်ဂရုမစိုက်ဘူးနော် နောက်စိပါပွင့်အောင် ရိုက်ပစ်လိုက်မယ် “

    ပေတူးသည် ပြောပြောဆိုဆို ဆိုင်တိုင်ကို ဝါးရင်းတုတ် နှင့် ရိုက်လိုက်ရာ ဝုန်းကနဲ မြည်သွား၍ ဒေါ်ကြည်သန်းဆိုသောအမျိုးသမီးသည် တုန်သွားပြီး မိန်းကလေးနှစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။

    “မိဖြူ နဲ့ မိဆုံ လာခဲ့ အဲ့ဒီအရူးက တကယ်လုပ်မဲ့ပုံပဲ ပြီးမှ  ပုလိပ်ကို တိုင်ကြမယ် “

    အခြေအနေမကောင်းသောကြောင့် ဒေါ်ကြည်သန်းသည် ပေတူးအား လွှတ်ပေးလိုက်ရသည်။ထိုအခါမှ ကိုငြိမ်းမောင် နှင့် ဦးကျော်လှိုင်တို့ ပြုံးလိုက်ကာ ပေတူး၏နောက်သို့ လိုက်သွားတော့သည်။

    သရက်ပင်နှင့် နှစ်ရှည်ပင်များ ပြည့်နေသောဆိုင် အနောက် ဘက် ခြံဝန်းထဲတွင် ပေတူးသည် ယောင်လည်လည် နှင့် လမ်း လျှောက်နေစဉ် အိမ်ထဲမှ အမျိုးသမီးလေးတယောက် ထွက်လို့လာသည်။ထိုမိန်းကလေးသည် ရိုးရိုးယဉ်ယဉ်လေးနှင့် လှပ ကျော့ရှင်းနေကာ ပေတူးအား ဝိုင်းစက်နေသော မျက်လုံးလေးနှင့် ကြည့်ပြီး

    “အကို ဘာကိစ္စရှိလို့လဲရှင့် “

    “ဟို ဟို “

    ပေတူးသည် မိန်းကလေးအား သေချာမကြည့်ရဲသလို ဘာပြောလို့ ပြောရမည်မှန်းလည်း မသိ‌ ဖြစ်နေ၏။မိန်းကလေးသည် ဆက်လက်၍ စကားဆိုလေပြန်သည် ။

    “‌ကျမ ဘာကူညီရမလဲ အပေါ့အလေးများ သွားချင်လို့လား အဲ့တာဆို ဒီဘက်မဟုတ်ဘူးရှင့် “

    “မဟုတ်ပါဘူး “

    သွက်လက်လှသော ပေတူးတယောက် ယခု မိန်းကလေးနှင့် တွေ့သောအခါမှ ကြောက်သလိုလို လန့်သလိုလို ဖြစ်နေပြီး မိန်းကလေးအား သေချာကြည့်ဖို့ပင် မရဲဖြစ်လို့နေသည်။ထိုစဉ် ပေတူး၏ နောက်မှ ကိုငြိမ်းမောင်၏အသံ ပေါ်လာလေသည်။

    “တူမကြီးမေသူရေ ဦးလေးတို့ ဒီဘက်လာချင်တာ သိတဲ့ အတိုင်း ဟိုတယောက်က တားတယ်လေ အဲ့တာ ပေတူးက ကြမ်းပြပြီး ရှေ့က ဝင်လာတာ “

    “ဟုတ်လား  ကျမလည်း ထူးဆန်းနေတာ ဦးလေးရေ ဒီဘက်ကို ဒေါ်ကြည်သန်းက ဘယ်သူမှ မလာခိုင်းပါဘူး ဘယ်လိုလုပ် ရောက်လာတာလဲပေါ့  မေးတော့လည်း ဦးလေးလူက ဘာမှမပြော‌နိုင်ဘူး “

   မေသူ၏ စကားအားကြားသောအခါ ပေတူးတယောက် မနေတတ် မထိုင်တတ် ဖြစ်လို့နေသည်။ထိုအခါ ဦးကျော်လှိုင်သည်

    “တူမကြီး ဦးကြီးနာမည် ဦးကျော်လှိုင်တဲ့ တူမကြီးရှေ့က ဦးကြီးရဲ့တပည့် ပေတူးတဲ့ ငြိမ်းမောင်ပြောပုံအရ တူမကြီးတို့ ဆိုင် ဖြစ်နေတဲ့ပြဿနာက သိပ်ပြီးမရိုးလှဘူး အဲ့တာကြောင့် ဦးကြီးတတ်တဲ့ ပညာနဲ့ ကူညီချင်လို့ပါ “

    “ကျေးဇူးတင်လိုက်တာ ဦးကြီးရယ် ကျမလည်း ကူညီမဲ့သူကိုမျှော်နေတာပါ ကြွပါ ကြွပါရှင် အဖေ့ကို လိုက်ကြည့်ပေးကြပါဦး”

    မေသူဟု အမည်ရသော မိန်းကလေးသည် ဝမ်းသာအားရ ဖြင့် ရှေ့မှ ဦးဆောင်ပြီး ဦးကျော်လှိုင်တို့ကို ခေါ်ကာ အိမ်ထဲသို့ ဝင်သွားပါတော့သည်။

    ◾အခန်း (၄)

    လူတယောက် ပက်လက်အနေအထားဖြင့် ထန်းသားနှင့်ပြု လုပ်ထားသော ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။ထိုသူ၏ မျက်လုံးတို့သည် ရီဝေလျက်ရှိပြီး အသားအရည်တို့မှာလည်း မွဲခြောက်ခြာက်နှင့် ဖြစ်သည်။ထိုသူမှာ အခြားမဟုတ် တန်မှတန်ထမင်းဆိုင်ပိုင်ရှင် ကိုသောင်းဖြစ်သည်။သူသည် အိမ်ပေါ်တွင်သာ အမြဲနေပြီး အပေါ့အလေးသွားချိန်မှသာ အောက်သို့ ဆင်း‌၏။

    “အဖေ ဧည့်သည်တွေ ရောက်နေတယ် “

    “ဘယ်က ဧည့်သည်တွေလည်း မတွေ့ချင်ဘူး ပြန်ခိုင်းလိုက် “

    “မြင်းလှည်းဆရာ ဦးငြိမ်းမောင်လေ အဖေရဲ့ “

    “ဘယ်သူဖြစ်ဖြစ် ငါ မတွေ့ချင်ဘူး ”

    “အဖေ ဘာဖြစ်နေတာလဲ ဒေါ်ကြည်သန်းကလွဲပြီး ဘာလို့ ဘယ်သူမှ မတွေ့ ချင်တာလဲ “

    “ဟဲ့ မေသူ နင် ငါ့ကို အိပ်ယာထဲ လဲနေစေချင်တာလား”

    ဖခင်ဖြစ်သူမှ ထိုသို့ပြောသောအခါ မေသူသည် မည်သို့ပြန် ပြောရမည်မှန်းမသိအောင် ဖြစ်နေမိ၏။ထိုစဉ်

    “ကိုသောင်း အချိုးတွေ ပြောင်းနေပါလား ခင်ဗျာမတွေ့ချင်လည်း ကျုပ်တို့ကတော့ တွေ့ ရမှာပဲ “

    “ဟေ့ကောင် ငြိမ်းမောင် မင်းငါ့အခွင့်မရှိပဲ ဘာလို့အိမ်ပေါ်တက်လာတာလဲ အခု ဆင်းစမ်း “

    “အဖေ ဧည့်သည်တွေကို အဲ့လိုမပြောနဲ့လေ အားနာစရာကြီး “

    မေသူသည် ဦးကျော်လှိုင်တို့အား ရန်လိုသောမျက်လုံးတို့ဖြင့် ကြည့်ကာ အိမ်ပေါ်မှဆင်းရန်ပြောနေသော ဖခင်ဖြစ်သူအား မပြောရန် တားနေခြင်းဖြစ်သည်။သို့ပေမဲ့ ကိုသောင်းသည် ပို၍ ပင် စိတ်ဆိုးဒေါသထွက်ကာ ထိုင်နေရာမှာ ထရပ်လိုက်ပြီး

    “မင်းတို့ကို ပြန်တော့လို့ ပြောနေတာ မကြားဘူးလား သူများ အိမ်ပေါ်ကို အိမ်ရှင်ခွင့်ပြုချက်မရပဲ ဘာလို့ အတင်းတက်လာကြတာလဲ “

    “ခင်ဗျားသမီး မေသူကလည်း အိမ်ရှင်ပဲလေ “

    “ဘာအိမ်ရှင်လဲ ငါပြီးရင် မကြည်သန်းကပဲ အိမ်ရှင် မေသူတွေ ဘာတွေ ငါနားမလည်ဘူး “

    “အဖေ ‌ဘယ်လိုပြောနေတာလဲ သမီးတို့ ဒေါ်ကြည်သန်းရဲ့အိဝိုင်းကို ပေါက်ဈေးထက် ပိုပေးပြီး ၀ယ်ထားတာလေ သူနေစရာမရှိလို့ သမီးတို့ အိမ်ပေါ်ခေါ်တင်ထားတာ သူက ဘယ်လိုလုပ်ပြီး အိမ်ရှင် ဖြစ်ရတာလဲ “

    “တော်စမ်း မေသူ နင်ဘာမှဝင်မပြောနဲ့ ထမင်းဆိုင်ကိုလည်းပိတ်တော့ ပြီးရင် ဒီဝိုင်းကိုလည်း ရောင်းမယ် “

    “အဖေ ဘာတွေပြောနေတာလဲ အဖေ ကြိုးစားပန်းစား တည် ထောင်ခဲ့ရတဲ့ ထမင်းဆိုင်ကို အဖေ ဘယ်တော့မှ မပိတ်ဘူးဆို အခု ဘယ်လိုတွေ ဖြစ်ကုန်တာလဲ “

    “တော်စမ်း ဘာမှ လာမပြော‌နဲ့ ဟေ့ကောင်တွေ ငါ့အိမ်ပေါ်က ဆင်းစမ်း  “

    ကိုသောင်းသည် ပြောပြောဆိုဆို  အိမ်တိုင်တွင် ချိတ်ထားသော လေးကင်းဓားကို သွားဖြုတ်မည်ပြုစဉ်  ဦးကျော်လှိုင်မှ

    “ငြိမ်းမောင် နဲ့ ပေတူး သူ့ကို ချုပ်ထားလိုက်စမ်း “

    ဦးကျော်လှိုင် ပြောလိုက်သည် နှင့် လျင်မြန်သော ပေတူး သည် ကိုသောင်းအားပြေး၍ ခါးမှပွေ့ကာ ထိုင်ခုံပေါ် ပြန်ထိုင်ခိုင်းလိုက်လေသည် ထို့နောက် ကိုငြိမ်းမောင်သည်လည်း ကိုသောင်းအား လက်မှ ချုပ်လိုက်၍ ရုန်းကန်နေသော်လည်း လွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ဖြစ်နေ၏။ထိုအခါ ဦးကျော်လှိုင်သည်

    “တူမကြီး  ဘုရားသောက်တော်ရေ တင်ထားတာ ရှိတယ် မဟုတ်လား “

    “ရှိတယ် ဦးကြီး “

    “မြန်မြန် သွားယူစမ်းပါကွယ် “

    မေသူသည် အလျင်အမြန်ပင် ဘုရားစင်မှ သောက်တော်ရေ ကို ယူပေးလိုက်သည်။ထို့နောက် ဦးကျော်လှိုင်သည် သောက် တော်ရေခွက်ကို နဖူး‌တွင်တည်လိုက်ပြီး

    အသံခပ်တိုးတိုးဖြင့် မန္တန်ကို ရွတ်လိုက်ကာ

    “ပေတူး သူ့ကို ပါးစပ်ဟအောင် လုပ်ပေးစမ်း “

    “ဟုတ်ကဲ့ ဦးကြီး “

    ပေတူး ကြိုးစားပြီး ပါးစပ်ကို ဆွဲဟလိုက်သည်။သို့ပေမဲ့ ကိုသောင်းသည် သွားကို စေ့ထားပြီး ပါးစပ်မဟနိုင်ရန် ပြုလုပ်နေလေသည်။အတန်ကြာသည်အထိ ပါးစပ်ဟအောင် လုပ်၍ မရသောအခါ ပေတူးသည် မေသူကို တချက်ကြည့်ကာ ပြုံးပြလိုက်ပြီး  ကိုငြိမ်းမောင်အား

    “ဦးလေး သေချာ ချုပ်ထားနော် “

    “အေးပါဟ”

    ထို့နောက် ပေတူးသည် ကိုသောင်း၏ဝမ်းဗိုက်အား တံတောင် နှင့် ခပ်ပြင်းပြင်းလေး တိုက်လိုက်ရာ

    “အွင့် “

    ကိုသောင်း ပါးစပ်ဟသည်နှင့် လက်နှစ်ဖက်ဖြင့် ပါးစပ်ကိုဆွဲ ဖြဲလိုက်လေ၏။မေသူသည် ပေတူး၏လုပ်ရပ်အား မျက်လုံးအဝိုင်းသားလေးနှင့်သာ ကြည့်နေရှာသည်။ပေတူးသည် မေသူနည်းတူ သူ့အားငေးနေသော ဦးကျော်လှိုင်အား

    “ဦးကြီး ဘာငေးနေတာလဲ လုပ်စရာရှိတာ လုပ်လေဗျာ”

    “ဪ အေး အေး “

    ပေတူး သတိပေးလိုက်မှ ဦးကျော်လှိုင်သည် သူမန္တန်ရွတ်ထားသော ဘုရားသောက်တော်ရေအား ကို‌သောင်း၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်ချိန် ကိုသောင်းသည် စူးစူး၀ါးဝါးအော်ဟစ်ပြီးနောက် ငြိမ်သက်သွားလေ‌တော့သည် ။

    ◾အခန်း (၅)

    “အဖေ အဖေ သတိရလာပြီလား “

    “အင်း သမီး အဖေဘာဖြစ်သွားတာလဲ အဖေ့ဗိုက်ကလည်း အောင့်လိုက်တာ “

    သတိရလာသောကိုသောင်း၏ ပြောစကားကြောင့် မေသူသည် ဘေးတွင်ရှိသော ပေတူးအား ကြည့်လိုက်သည်။ထိုအခါ ပေတူးသည် မသိကျိုးကျွန်ပြုကာ မျက်နှာလွှဲလို့နေလေ၏။ကိုသောင်းသည် သူ၏ရှေ့တွင် ရှိနေသော ဦးကျော်လှိုင်အပါ အဝင် ကျန်သူများကို ကြည့်ကာ

    “ကိုငြိမ်းမောင်ရော ဧည့်သည်တွေပါ ရောက်နေတာပဲ သမီး ဘာမှလည်း ဧည့်ခံမထားပါလား “

    ကိုသောင်း၏ ပြောစကားကို ကြားသောအခါ မေသူသည် ဖခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ

    ” အဖေ အဖေ  သတိဝင်လာပြီပေါ့ “

    “သမီး ဘာလို့ ငိုနေတာတုန်း အဖေက ကျန်းကျန်းမာမာကြီး ပါကွယ်။ဒါနဲ့ ထမင်းဆိုင်မှာ ဘယ်သူတွေ ရှိတုန်း၊ဆိုင်ကို သေချာရော ဂရုစိုက်ရဲ့လား အဖေတို့ဝယ်ထားတဲ့ ခြံနောက် ဘက်က မကြည်သန်းခြံကို  စိုက်ခင်းလုပ်ဖို့ရော  လူငှားပြီးပြီလား သူရော အဖေတို့အိမ်ကနေ ဘယ်နေ့ပြောင်းမယ်လို့ ပြောတုန်း “

    သတိအမှန်၊အမူအကျင့်အမှန် ကိုပြန်ရသော ကိုသောင်းတင်ကြုံနေသည့် ပြဿနာများကို သိပုံမပေါ်။ထိုအခါ မေသူသည် ဖြစ်ပျက်ခဲ့သမျှများကို ကိုသောင်းအား ပြောပြလေ၏၊

    ကိုသောင်း နှင့် သမီးဖြစ်သူ မေသူတို့၏ ဦးဆောင်မှုဖြင့် တန်မှတန် ထမင်းဆိုင်လေးသည် အတော်ကို ရောင်းကောင်းလှ၍ သူတို့၏ခြံ အနောက်ဘက်ကပ်လျက်အိမ်ဝိုင်းမှ ဒေါ်ကြည်သန်း၏ တူမနှစ်ယောက်ကိုပင် ထမင်းဆိုင်တွင် ခန့်ထားရသည်အထိ အဆင်ပြေပေသည်။မေသူ၏ ဟင်းချက်လက်ရာကောင်းခြင်း၊စေတနာကောင်းခြင်းတို့ကြောင့် ဆိုင်လေးသည် အမြဲပင်လူစည်ကားလျက်ရှိသည်။ထို့နောက် ကိုသောင်းသည် ဆိုင်အတွက် လိုအပ်သည့်အပင်များအား စိုက်မည်ဟု အတွေးဖြင့် သူ၏အိမ်ဝိုင်းအနောက်ဘက်ရှိ အကြွေးပတ်လည်ဝိုင်းနေသော ဒေါ်ကြည်သန်း၏ အိမ်ဝိုင်းအား ပေါက်ဈေးထက် ပိုပေးပြီး ဝယ်လိုက်သည်။ထို့နောက် နေစရာမရှိတော့သော ဒေါ်ကြည်သန်းအား သူ၏ ထမင်းဆိုင်တွင်ပင် ခေတ္တအလုပ်ပေးကာ နေစေ၏။ကိုသောင်းတို့ စီးပွားဖြစ်သည်ကို မနာလိုသော ဒေါ်ကြည်သန်းသည် ကိုသောင်းအား သူတတ်ထားသော အောက် လမ်းပညာဖြင့် ထိန်းချုပ်ကာ အိမ်ဝိုင်းကို ရောင်းဖို့ ကြံနေ သည်။သို့ပေမဲ့ မေသူသည် ထမင်းဆိုင်ကို မဖြုတ်နိုင်ကြောင်း အထိန်းချုပ်ခံထားရသော ဖခင်ဖြစ်သူနှင့်ပါ အတိုက်အခံလုပ်၍ ဆိုင်ဆက်ဖွင့်နေသည်။ထမင်းဟင်း ချက်ရသောမေသူသည် ဆိုင်ကို ဂရုမစိုက်နိုင်ပေ။ထိုအခါ ဒေါ်ကြည်သန်းနှင့် သူမ၏တူမနှစ်ယောက်တို့သည် ဆိုင်အား ပျက်စီးရာ ပျက်စီးစေကြောင်း ကြံစည်ရာ အချိန်ခြောက်လဝန်းကျင်အကြာမှာပင် သူမ၏ ဆိုင်သည် မရောင်းရ‌တော့ပဲ ပိတ်လုနီးပါးအခြေအနေအထိ ဖြစ်လာသည်။ဖခင်ဖြစ်သူမှာ ဒေါ်ကြည်သန်း သဘောသာဆောင်နေရာ အိမ်တွင် နေဖို့အတွက်ကိုပင် အားတင်းပြီးနေ နေရသည်အထိ ဖြစ်သည်ဟု မေသူမှ သူမ၏ဖခင်ကြီးကို မျက်ရည်လည်ရွှဲဖြင့် ပြန်ပြောပြလာရာ ဖခင်ကြီးကိုသောင်းမှာ မေသူ၏ ဦးခေါင်းကိုပုတ်၍ သက်ပြင်းချလိုက်ပြီး

    “သမီးလေး တော်တော်ဒုက္ခရောက်ခဲ့ရတာပဲ ကျုပ်တို့ကို ကူညီပေးတဲ့ ဆရာကြီး နဲ့ ကိုငြိမ်းမောင်တို့ကို  ကျေးဇူးတင်လိုက်တာဗျာ  “

    “ကျေးဇူးတင်ရမှာ ကျုပ်ကိုမဟုတ်ဘူးဗျို့ ဟိုက မောင်ရင်ကို ကျေးဇူးတင်ရမှာ ခင်ဗျား သနားလို့ အိမ်ပေါ် ခေါ်တင်ထားတဲ့ ဒေါ်ကြည်သန်းက ခင်ဗျားတို့အိမ်ဘက် ဘယ်သူမှ မသွားရဘူး  ပြောလို့ ဒီကောင်ပေတူးက ပွဲကြမ်းပြီး ဝင်လာလို့ ကျုပ်တို့ရောက်လာတာ “

    “ဒီဟာမတွေက အဲ့ဒီလောက်တောင် ဆိုးတာလား အခု အဲ့ဒီဟာမတွေ ဘယ်မလဲ “

    “ဒေါ်ကြည်သန်းက အတော်ရိုင်းတယ် အဖေ အခုလည်း ဘယ်လိုပြဿနာထပ်ပေးမလဲ မသိဘူး “

    မေသူမှ ကြောက်လန့်သည့်ဟန်နှင့် စကားဆိုနေသောအခါ ဦးကျော်လှိုင်သည် သူ၏လွယ်အိတ်ထဲမှ တမာကိုင်းအဆစ်လေး ကို အပ်ချည်ဖြင့် အထပ်ထပ်ချည်ထားသော အဆောင်နှစ်ခုအား ထုတ်လိုက်ကာ

    “ကဲ တူမကြီး နဲ့ ကိုသောင်း ဒီလက်ဖွဲ့ကို ကိုယ်နဲ့မကွာ ဆောင်ထား ဘယ်စုန်းကဝေမှ မတိုက်နိုင် မပြုစားနိုင်ဘူး “

    “ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်  ကျုပ်တို့ ဘယ်လိုတောင် ကျေးဇူးဆပ်ရမယ်မှန်း မသိပါဘူး “

    ကိုသောင်းတို့ သားအဖသည် လက်အုပ်လေးချီရင်း ဦးကျော် လှိုင်ပေးသော လက်ဖွဲ့ကို ယူလိုက်သည်။ထို့နောက် ကိုသောင်းသည်

    “သမီး မေသူ ဆရာကြီးကို ကန်တော့ဖို့ အဖေ့သေတ္တာထဲက ငွေသွားယူပေးပါဦး “

    “ဘယ်လိုလဲ ကိုသောင်းရ ကျုပ်စေတနာကို ငွေနဲ့ တန်ဖိုးဖြတ်တော့မလို့လား “

    ဦးကျော်လှိုင်၏ အေးဆေးတည်ငြိမ်သည့် စကားသံကြောင့် ကိုသောင်း ပြာပြာသလဲ ဖြစ်သွားကာ

    ” အဲ့လို သဘောမျိုး မဟုတ်ရပါဘူးဗျာ ကျုပ်ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ် “

    “ရပါတယ်ဗျာ ကျုပ်နားလည်ပါတယ် ကဲ ကျုပ်တို့လည်း ခရီးဆက်စရာ ရှိသေးတယ်။ခင်ဗျားလည်း ကျန်းမာလာပြီဆိုတော့ ကျန်တဲ့ကိစ္စကတော့ ကို့ယ်ဘာသာပဲ ရှင်းတော့ဗျာ “

    ဦးကျော်လှိုင် နှင့် ကိုသောင်းစကားပြောနေစဉ် မေသူသည် ပေတူးအား ကြည့်ကာ

    “ဒီက အကို ကိုလည်း ကျေးဇူးတင်ပါတယ်ရှင် နောက်များလမ်းကြုံရင် ဆိုင်ကို အမြဲဝင်ပါထွက်ပါနော်။ထမင်းလည်း အမြဲတမ်း အခမဲ့ စားနိုင်ပါတယ် “

    “ဟာ မဟုတ်တာ အဘိုး ပေးမှာပါဗျ “

    ယခုထိ ရှက်ကိုးရှက်ကမ်း ‌ဖြစ်နေသောပေတူးအား ကိုငြိမ်းမောင်သည် စနောက်ချင်လာ၍ မေသူကိုကြည့်ကာ

    “‌တူမကြီး ဒီကပေတူးကို တူမကြီးတို့ ဆိုင်မှာ အလုပ်လေး ဘာလေး လိုရင် ခန့်ထားပါလား “

    “သူက တကယ် အလုပ်လိုနေတာလား ဦးလေး “

    မေသူမှ တကယ်ထင်နေသောအခါ ပေတူးသည်

    “မဟုတ်ပါဘူးဗျာ မြင်းလှည်းဆရာလျှောက်ပြောနေတာ ကျုပ်တို့ သွားတော့မယ် “

    ပေတူးသည် အိမ်ပေါ်မှ အရင်ဆင်းလိုက်သည်။ထို့နောက် ကျန်သူများလည်း ပေတူး နောက်မှ လိုက်၍ ဆင်းလိုက်ကြပါ တော့သည် ။

    ◾အခန်း (၆)

    တန်မှတန် ထမင်းဆိုင်လေး ရှေ့တွင် ဒေါ်ကြည်သန်း တယောက် ထမိန်စွန်တောင်ဆွဲကာ ဆိုင်ထဲတွင်ရှိသော ကိုသောင်းတို့လူစုအား ဆဲရေးတိုင်းထွာနေသည်။မိန်းကလေးတယောက် အတွက် မကြားဝံ့မနာသာများအထိ မေသူကို နာမည်တပ်ပြီး ဆဲနေသောကြောင့် သူမ၏မျက်နှာတွင် ရှက်သွေးဖျာ‌လျက်ရှိသည်။ဆိုင်တွင် ခိုင်းဖို့ခေါ်ထားသော မိန်းကလေးနှစ်ယောက်မှလည်း သူမတို့၏အဒေါ် ဖြစ်သူနည်းတူ အော်ဟစ်ဆဲဆိုနေသော ကြောင့် ဘေးဆိုင်မှ လူများသည် မလှမ်းမကမ်းမှ နေ၍ စပ်စုကာ အကဲခတ်နေလေသည်။မေသူမှာဖြင့် မျက်နှာမထားတတ်အောင် ရှက်သွေးဖျာနေရာ မေသူအားခိုးကြည့်နေသော ပေတူးတယောက် ဘာမဆိုင်ညာမဆိုင်နှင့် ဒေါသထောင်းထောင်းထွက်လျက် ရှိသည်။ထို့နောက် ပေတူးသည် ဦးကျော်လှိုင်နှင့် ကိုငြိမ်းမောင်၏အနားကပ်က အသံတိုးတိုးဖြင့်

    “ဦးကြီး နဲ့ ဦးလေး ဒီကိစ္စကိုလည်း ရှင်းပေးလိုက်ဦးလေဗျာ “

    “မောင်ပေတူးရ ငါက သူတို့ပညာနဲ့ လုပ်မှ ကုတက်တာကွ ဒါက လူကိုယ်တိုင်ကြီး ကြမ်းနေတာ အခုတောင် ငါတို့ကို ထည့်ထည့် ဆဲနေတာ ကြည့်ပါလား “

    “အေးလေ ကိုသောင်းကလည်း သူတို့အဝတ်အစားထုတ်တွေ ‌ထုတ်ပေးထားတာကို သူတို့ဘာသာ မယူပဲဆိုင်ကိုချည်းဆဲနေတာ ဘယ်လို တတ်နိုင်မလဲ “

    “မတတ်နိုင်လို့ မရဘူး ဟိုမှာ မမေသူမျက်နှာ ငယ်နေပြီ ဦးကြီးတို့က အသုံးမကျပါဘူးဗျာ “

    “ဟေ “

    ပေတူးသည် ဦးကျော်လှိုင် နှင့် ကိုငြိမ်းမောင်တို့အား စကား ပြောပြီးနောက် ဒေါ်ကြည်သန်းတို့၏ အဝတ်ထုတ်များကို ယူကာ ဆိုင်ရှေ့သို့ထွက်သွားပြီး သူတို့၏ရှေ့ကို ပစ်ချလိုက်ကာ

    “ရော့ မိမဆုံးမ ဖမဆုံးမ မကောင်းဆိုးဝါးမကြီးနဲ့ အမျိုးတွေ ရုပ်နဲ့ရည်နဲ့လည်း လိုက်ပါ့ စုန်းအိုမရုပ်ကြီးနဲ့ သူများဆိုင်ရှေ့ဆဲနေတာ နွားမကြီးဆော့ချင်လို့ အော်နေတဲ့အတိုင်းပဲ ကျန်တဲ့နှစ်ယောက်ကလည်း အပျိုတဲ့ ရုပ်တွေကြည့်တော့ သင်္ချိုင်းက အရိုးစုကို အင်္ကျီ နဲ့ ထမိီဝတ်ပေးထားတဲ့ပုံနဲ့ မသာမတွေ နင်တို့ကို စေတနာထားပေးတဲ့ လူတွေကို စော်ကားပြီး ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးလို့ပြောရင်လည်း ခွေးတွေက ကျေနပ်မှာ မဟုတ်ဘူး နင်တို့ကို တိရစ္ဆာန်နဲ့ နှိုင်းရင် တိရစ္ဆာန်တွေက ပုလိပ်ရုံးတိုင်ပြီး ငါတို့ကို ဖမ်းခိုင်းလောက်တဲ့ အဆင့်တွေ၊မသာမသေချင်းဆိုးမတွေ သူ‌တောင်းစားမတွေ လို့ဆဲ ပြန်ရင်လည်း သူတောင်းစားတွေက နင်တို့ထက် အဆင့်ရှိသေးတယ် “

    ပေတူး၏ တရပ်စပ် ဆဲရေးတိုင်းထွာပြောဆိုသံများကြောင့် ဒေါ်ကြည်သန်း နှင့် သူမ၏တူမနှစ်ယောက်အပါအဝင်ထမင်း ဆိုင်လေးထဲမှ မေသူနှင့် ကျန်သူများပင် မျက်လုံး ပြူးကျယ်ရသည်အထိ ဖြစ်သွားကြသည်။ထို့နောက် ပေတူးသည် ဆဲဆို နေရာမှ အားမရဖြစ်လာကာ ခါးတောင်းကျိုက်လို့ ကိုယ်ငြိမ်းမောင်၏ မြင်းလှည်းမှ စင်္ကြာတံကိုသွားယူကာ ဒေါ်ကြည်သန်းတို့ဘက် တဖြည်းဖြည်းကပ်သွားချိန် ဒေါ်ကြည်သန်းသည် သူတို့၏ အဝတ်ထုတ်လေးများကို ကောက်ကာ

    “ဟိုကောင်မနှစ်ယောက် မြန်မြန် နင့်တို့သောက်အထုတ်တွေ ကောက်တော့ အဲ့ဒီမသာလေးက တကယ်လုပ်မဲ့ရုပ် ငါတို့ကို နှစ်ပြားမတန်အောင် ပြောနေတာ ရပ်ပြီး ကြည့်မနေနဲ့ ဒီသေနာလေး နဲ့ တွေ့မှ သောက်ရှက်တွေလည်းကွဲကုန်ပြီ မြန်မြန် လိုက်ခဲ့ ရွာပြန်မယ် “

    ဒေါ်ကြည်သန်းတို့ ပြေးသွားသည်ကိုပင် ပေတူးသည် နောက် မှ လိုက်ဟန်ပြလိုက်သေး၏။သူမတို့ ဝေးသွားမှ ပေတူးသည် ဆိုင်ထဲ ပြန်ဝင်လာရာ မေသူအပါအဝင် ကျန်သူများမှာ ပြုံးစိစိ ဖြင့် ကြည့်နေ၍ သူ့အဖြစ်ကို တွေးမိသွားပြီး

    “ဦးကြီးနဲ့ ဦးလေး မြန်မြန်မြင်းလှည်းကောက်တော့ မြိုင်တောမှာ ပင့်ထားတဲ့သူက စောင့်နေလောက်ပြီ “

    “နေပါဦး ကိုပေတူးရယ် ဆိုင်ထဲဝင်ပြီး ရေနွေးလေးသောက်ပါဦး “

    “ရပါတယ် မသောက်တော့ဘူး ဦးကြီး မြိုင်တောကို သွားတာ ဒီလမ်းအတိုင်းပဲ မဟုတ်လား ကျနော်သွားနှင့်ပြီ “

    ပေတူးသည် ပြောပြောဆိုဆို မြိုင်တောသွားသည် လမ်းအတိုင်း အလျင်အမြန် ခြေလျင်လျှောက်ပြီး ထွက်သွားရာ ကိုငြိမ်းမောင်လည်း မြင်းလှည်းကို မြန်မြန်ကောက်လိုက်ပြီး ဦးကျော်လှိုင်ကို တက်စေကာ ကိုသောင်း နှင့် မေသူတို့ကို နှုတ်ဆက်၍  ပေတူးနောက်သို့ လိုက်သွားပါတော့သည် ။

    🔸ဘိုးတော် ပေ နှင့် ရောင်းမှားဝယ်မှား သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း