မနာလိုစိတ်ဖြင့်ပြုစားခံရသူ

ငါ့သားကရော တွေးမိတာလား”

“ဟုတ်တယ်အမေ…ကျုပ်တော့
ဆရာလေးဘာလေးရှာပြီး အစ်မကိုစမ်းကုပေးရင်ကောင်းမလားလို့ဗျာ ”

“အေးပါသားရယ်…မင်းစုံစမ်းပြီးသာပင့်ခဲ့စမ်းပါ…။
အမေ မင်းအဖေကိုပြောထားပေးမယ်”

“ဟုတ်ပြီအမေ…ဒါဆို ကျုပ်ရှာပင့်ခဲ့မယ်ဗျာ…”

“အေး…အေး…သား…ပင့်သာပင့်ခဲ့နော်”

မိနွယ်၏မိဘများ မိနွယ်အား ဆရာများနှင့်ခေါ်ကာ မေးကြမြန်းကြဖြင့် ကုသကြသည်။
သို့သော် အကြောင်းမထူးခဲ့။

တစ်နေ့မှာတော့ဖိုးသော်တစ်ယောက် သူငယ်ချင်းတစ်ဦးပေးသော သတင်းကြောင့်…”သောင်ထွန်းရွာ”ဆီသို့
ခရီးထွက်လာခဲ့တော့လေသည်။
ထိုခရီးသည် မိနွယ်အတွက်ပင်ဖြစ်ပေသည်။

“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိလားခမျ”

“ရှိတယ်ဝေ့…ဝင်ခဲ့လေဝိုင်းထဲကို”

“ဟုတ်ကဲ့ဗျ”

ဒေါ်ဝင်း ခြံအပြင်မှအော်သံကြောင့် မည်သူမှန်းမသိ၍ ဝိုင်းထဲသို့ဝင်လာခိုင်းလိုက်သည်။
ဝိုင်းထဲဝင်လာသော လူရွယ်အား ဒေါ်ဝင်းမျက်မှောင်ကျုံ့ကြည့်လိုက်၏။
ထိုလူငယ်အားသူတစ်ခါမျှမမြင်ဘူးပေ။

“ဘယ်သူများတုန်းကွဲ့”

ဒေါ်ဝင်း၏အမေး​ကြောင့် ဒေါ်ဝင်းထိုင်နေသောကွပ်ပျစ်အနီးဆီသို့ရောက်လာခဲ့သည့်လူရွယ်သည်…

“ကျုပ်အမည်ကဖိုးသော်ပါ…မကျီးတောရွာကလာတာပါ။
အရီးကဘွားမယ်စိန်လားဗျ”

“ဟမ်…ဘွားမယ်စိန်ဆိုတာ အရီးအမေပါကွဲ့ကောင်လေးရဲ့…”

“သြော်…ကန်တော့ပါနော်…ကျုပ်မသိလို့ပါ”

“အေး…နေပါဦး မကျီးတောဆိုတာ ဟိုးအရှေ့ဘက်ကရွာမလား…တို့ရွာနဲ့ဝေးသားပဲ…။မောင်ရင်က ဘာကိစ္စရှိလို့တုန်းကွဲ့”

“ကျုပ်… အစ်မရဲ့ဝေဒနာကို ကုသပေးချင်လို့ပါ…။အသိတွေက ဒီရွာကဘွားမယ်စိန်က ကုသပေးတယ်ဆိုလို့ ကျုပ်အဘွားဆရာမကိုလာပင့်တာပါဗျာ”

“အေး…ကုတာတော့ကုပေးတယ်လေ…
မောင်ရင်တို့ရွာကဝေးတော့ အရီးအမေသွားလာရအဆင်ပြေပါ့မလားလို့”

“မပူနဲ့ဗျ…ကျုပ်မှာလှည်းပါလာတယ်…ဟိုးကွင်းပြင်က မန်ကျည်းပင်ရိပ်မှာလှည်းချွတ်ထားခဲ့တာ”

ဖိုးသော်က သူ၌လှည်းပါလာကြောင်းပြောလေရာ…

“မောင်ရင်လှည်းပါလာတာအကြောင်းမဟုတ်ပါဘူးကွယ်။
အရီးအမေကအသက်ကြီးတော့ခရီးပင်ပန်းမှာဆိုးတာပါ”

“​သြော်…ဟုတ်ကဲ့…။
ကျုပ်တို့ဆီမလိုက်နိုင်ခဲ့ရင်လည်း
ဘွားမယ်စိန်နဲ့တော့ ကျုပ်တွေ့သွားပါရစေဗျာ”

“အေးပါကွယ်…။ခဏတော့စောင့်ပေးဦး
အရီးအမေ ရွာဘုန်းကြီးကျောင်းကိုသွားလို့ တော်နေပြန်လာလိမ့်မယ်…။
ဒါနဲ့ ခရီးဝေးကလာတာဆို​တော့ ထမင်းကောစားပြီးပြီလား…
မစားရသေးရင် အရီးခူးလိုက်မယ်လေ”

“နေပါစေဗျ…ကျုပ်ထမင်းထုပ်ပါလာတာအစောကမှ
စားထားတာပါ”

“အေး…အေး…ဒါဆိုလည်း လက်ဖက်လေးရေနွေးကြမ်းလေးတော့သောက်နော်…”

“ဟုတ်ကဲ့”

ဖိုးသော်တစ်ယောက် ဒေါ်ဝင်း၏စကားများအားပြန်ဖြေရင်း ဘွားမယ်စိန်ပြန်အလာအားစောင့်မျှော်နေမိခဲ့သည်။
သူ၏စိတ်ထဲ၌တော့ ဘွားမယ်စိန်တစ်ယောက်သူတို့ ရွာဆီကိုလိုက်လာပါစေဟု ဆုတောင်းနေရရှာသည်။

ဘွားမယ်စိန် ပြန်လာလေတော့ ဒေါ်ဝင်းကအကျိုးအကြောင်းပြောပြလေသည်။
ထိုအခါ ဘွားမယ်စိန် ဖိုးသော်အား တစ်ချက်စူးစိုက်ကြည့်လိုက်သည်။

“အမေခရီးပင်ပန်းမှာကြောင့် ကျုပ်ကမလိုက်နိုင်တာကိုပြောထားတယ်အမေ…”

ဒေါ်ဝင်းပြောလေတော့ဘွားမယ်စိန်က…

“လိုက်မယ်မောင်ရင်…ဘွားလိုက်ခဲ့မယ်…။ဘွားသာမလိုက်ရင် မောင်ရင်အစ်မအတွက် အသက်ရှင်ဖို့လမ်းမရှိတော့ဘူး…မောင်ရင်တို့မှာ မကောင်းတဲ့အမှောင်ဓာတ်တွေတော်တော်များနေတယ်”

“ဗျာ…”

“ကဲ…မိဝင်း ညည်းရောလိုက်ခဲ့…အိမ်ကိုညည်းမောင်တွေကိုသာ
လာစောင့်ခိုင်းထားလိုက်…။
သွား ပြင်စရာရှိတာ သွားပြင်တော့အေ”

“ဟုတ်…ဟုတ်ကဲ့ပါအမေရယ်…အမေ့သဘောပါပဲ”

ဒေါ်ဝင်းမိခင်ဖြစ်သူစကားအားမလွန်ဆန်တော့ပေ။
တစ်ဖက်ကဖိုးသော်သည်လည်း ဘွားမယ်စိန်လိုက်လာမည်ဆိုသောကြောင့်
ဝမ်းသာပီတိ​ဖြစ်နေရှာ၏။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့သားအမိနှစ်ယောက် ဖိုးသော်၏လှည်းဖြင့် ခရီးထွက်လာခဲ့ကြလေသည်။

**********

ဘွားမယ်စိန်တို့လိုက်ပါလာသော လှည်းလေးသည် မကျီးတောရွာသို့ရောက်ရှိလာခဲ့သည်။
မကျီးတောရွာ၏ ခြံဝန်းကျယ်ကြီးတစ်ခုဆီသို့ ဖိုးသော်လှည်းအားမောင်းဝင်လာခဲ့လိုက်သည်။
ထိုအိမ်သည်ဖိုးသော်တို့၏ အိမ်ပင်ဖြစ်၏။
ဖိုးသော်တို့လှည်း ဝိုင်းထဲသို့ဝင်လာသည်ကိုမြင်သည်နှင့် မိဘမောင်ဘွားများကအိမ်ထဲမှထွက်လာ ကြိုဆိုကြသည်။
ပြီးလေတော့
ဘွားမယ်စိန်တို့အား လှည်းအထက်မှတွဲကူ ချပေးကြရင်း
ဖိုးသော်၏မိခင် ဒေါ်သိန်းက…

“ဘွားတို့်လည်းခရီးပန်းလာကြမှာပဲ
အရင်ထမင်းစားပြီး အနားယူကြပါဦး”

“နေနေ…ကလေးမလေးအခြေအနေ
ဘယ်လိုရှိသလဲဆိုတာသာ ဘွားကိုအရင်ပြောပြ”

ဘွားမယ်စိန်က လှည်းအထက်မှဆင်းကာ အိမ်ထဲသို့လျှောက်လှမ်းဝင်လာရင်းဒေါ်သိန်းအားမေးလေသည်။

“သမီးအ​ခြေအနေကတော့ မသက်သာပါဘူးဘွားရယ်…။ကျုပ်တို့လည်း သားနှစ်ယောက် သမီးတစ်ယောက်ရှိတာ…
တစ်ယောက်ထဲပါလာတဲ့သမီးကျမှ
အခုလိုတွေဖြစ်နေရတယ်လို့တော်…”

“အင်း…ကလေးမဆီကို ဘွားသွားချင်တယ် လိုက်ပို့ပေးပါ”

“ဟုတ်ကဲ့ဘွား…လာပါ လိုက်ပို့ပေးပါ့မယ်…။
ကျွန်မတို့ ဘွားကိုပဲ အားကိုးပါတယ်ဘွားရယ်”

“အေး…အေး…မပူပါနဲ့…ဘွားတို့
ဒီထိတောင်လိုက်လာခဲ့ပြီပဲကွယ်”

ဒေါ်သိန်းသည်ဘွားမယ်စိန်နှင့်အတူ မိနွယ်ရှိသောအခန်းဆီသို့ခေါ်ဆောင်သွားလေသည်။
သူတို့၏နောက်ပါးမှ ဒေါ်ဝင်းနှင့်ဖိုးသော်တို့လူစုလိုက်ပါလာခဲ့ကြ၏။

မိနွယ်သည် အခန်းအတွင်းလှဲလှောင်းနေ၏။
သူ၏ခါးအောက်၌ အဝတ်အခင်းများခု၍ နေနေရရှာသည်။
လူသည်လည်း ဝေဒနာကြောင့်အစားပင်မစားနိုင်ရှာ၍ ခန္ဓာကိုယ်သည်လည်း ပိန်ပိန်ပါးပါးသာရှိနေခဲ့သည်။
ဘွားမယ်စိန်ဝင်လာလေတော့ မိနွယ် မျက်လုံးလေးဖြင့်သာ လှမ်းကြည့်နိုင်ရှာ၏။
မိနွယ်၏ နံဘေးသို့ ဝင်ထိုင်လိုက်သော ဘွားမယ်စိန်သည်
မိနွယ်၏အဖြစ်ကိုကြည့်ရင်း
စိတ်မကောင်းဖြစ်မိလေသည်။

“ကဲ…သမီး ဘွားလာပြီ စိတ်ကိုအေးအေးသာထား…
သမီးရဲ့ဝေဒနာတွေကို
ပျောက်ကင်းအောင်ကုသပေးမယ်နော်”

မိနွယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်ရည်ကျလာသည်။

ဘွားမယ်စိန် မိနွယ်၏ခေါင်းအား သူ၏ဘယ်ဘက်လက်ကိုတင်၍ မျက်လုံးအားမှိတ်ချလိုက်သည်။
မျက်လုံးမှိတ်ထားရင်းလည်း နှုတ်မှတဖွဖွရွတ်ဆိုနေပြန်၏။
ထိုသို့နေနေရင်းခဏမျှကြာလေတော့…

“အင်း…သမီးရဲ့ရောဂါအစကိုဘွားသိပြီ။
ဒါ သာမာန်ရောဂါတစ်ခုမဟုတ်ဘူးသမီး…။သမီးကိုမနာလိုသူက အောက်လမ်းကိုငွေပေးပြီး တမြေ့မြေ့နဲ့သမီးကို ခံစားရအောင်လုပ်ထားတာပဲ…”

“ရှင်…ကျွန်မသမီးလေးကို”

“သမီးနဲ့မတည့်တဲ့သူတွေဘာတွေများရှိသလား”

“ဘွားရယ်…ကျွန်မသမီးလေးကရွာကအချစ်ခံလေးပါ…
ရပ်ရွာကိစ္စတိုင်းအမြဲကူညီပေးတတ်လွန်း၊သိတတ်လွန်းလို့ မတည့်သူမရှိပါဘူးရှင်”

“အင်း…ဒါဆိုရင်တော့ ဘွားဘက်ကပဲစီမံပေးတော့မယ်…ညည်းသမီးကို အသေလုပ်ထားတာ…
ဒါတော်တော်မလိုမုန်းတီးနေတဲ့သူမို့ပဲအေ့…”

“ကူညီပါဦးဘွားရယ်…ကျုပ်သမီးလေးကို ကယ်ပါဦးရှင်”

“ကဲ…ဒီလောက်သိရရင်ရပြီ…ဘွားဆက်စီမံမယ်…
တိတ်တိတ်နေကြ”

ဘွားမယ်စိန်ပြောလိုက်သည်ကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။

“နင်တို့ပြုတဲ့ကံ နင်တို့ဆီပြန်ရောက်…
နင်တို့ဒဏ်နင်တို့ခံစမ်း…။မကောင်းတဲ့အတတ်နဲ့ ပြုတဲ့ဆရာကော အသပြာပေးခိုင်းတဲ့အမိုက်မရော…ခံကြ…ခံကြ…
ကိုယ်ပြုသမျှကိုယ်ခံကြတော့…………..”

စကားအဆုံး၌ နှုတ်မှတဖွဖွရွတ်ဆိုပြန်သည်။
ရွတ်ဆိုမှုပြီးလေတော့…

“ရေတစ်ခွက်ခပ်ပေးကြ….”

ဘွားမယ်စိန်ရေတစ်ခွက်တောင်းလေသည်။
ရေခွက်ရသည်နှင့် သူ၏လက်ဖဝါးထဲသို့ထိုရေများထည့်ကာ…

“ကဲ…ပြယ်စမ်း…အမှောင်တွေဖယ်တော့…
ဘုရား…တရား..သံဃအစွမ်းကြောင့် ဒီသမီးလေးပြန်လည်ကျန်းမာပါစေကွယ်”

မိနွယ်၏ကိုယ်ပေါ်တစ်လျှောက် ရေမှုန်များပတ်ဖြန်းပေးလိုက်တော့၏။

“ကိစ္စကတော့ပြီးပါပြီ…။အစားအသောက်လေးပြန်စားသမီး…ဒါဆို ပြန်ပြီးထူထူထောင်ထောင်ဖြစ််လာမှာပါကွယ်…။
ဟိုမကောင်းပြုသူတွေကတော့စောင့်ကြည့်ကြပေါ့…
ဘွားသူတို့ရဲ့မကောင်းတာတွေ
သူတို့ဆီပြန်ပေးထားပါတယ်…”

“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဘွားရယ်…”

” ကျေးဇူးတင်ပါတယ်ဗျာ…”

မိနွယ်တို့မိဘမောင်ဘွားများသည် ဘွားမယ်စိန်အားထိုင်ကန်တော့ကြ၏။
မိနွယ်သည်လည်း လက်အုပ်လေးချီကာ ကန်တော့ရှာသည်။

ထို့နောက်..
ဘွားမယ်စိန်တို့ရေမိုးချိုးကြပြီးလေတော့ထမင်းဝိုင်း
ပြင်ဆင်ပေးကြသည်။
ဘွားမယ်စိန်တို့ထမင်းစားနေရင်း…

“အမေ…အစ်မ…အစ်မ….”

“ဟဲ့…ဖိုးသော် မိနွယ်ဘာဖြစ်လို့တုန်း”

ဘွားမယ်စိန်တို့အနီးယက်ခတ်ပေးနေသော ဒေါ်သိန်း ဖိုးသော်အော်သံကြောင်းအလန့်တကြားဖြစ်သွားသည်။

“အမေရေ…အစ်မ ထနိုင်ပြီဗျ…ခါးမနာတော့ဘူးတဲ့ဗျို့”

“ဟင်…အမလေး…လေး… ဝမ်းသာလိုက်တာဟယ်…
လာလာသမီးရေ…ဒီကိုလာခဲ့”

ဒေါ်သိန်းသမီးဖြစ်သူအားဝမ်းသာအားရခေါ်လေသည်။
မိနွယ်သည်လည်အခန်းထဲမှအပျော်များဖြင့်လျှောက်လာခဲ့၏။

“သမီးရေ…ဘယ်သူမှမကုနိုင်တဲ့အမေ့သမီးကို…ဘွားကကုပေးတာ…ဘွားကိုကန်တော့သမီး…
ဘွားသာမကယ်ရင် အမေတို့တော့ရင်ကျိုးရမှာပဲကွယ်”

မိနွယ် ထမင်းဝိုင်း၌ရှိသောဘွားမယ်စိန်အား ကန်တော့ရှာသည်။

“သမီးကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဘွားရယ်…။မဟုတ်ရင်ဒီဝေဒနာနဲ့ပဲသမီးသေရတော့မှာ…”

“မပူပါနဲ့တော့သမီး…။အခု
သမီးသက်သာလာပြီဆို​တော့
သမီးကိုဒဏ်ပေးထားတဲ့သူတွေဆီကို
အဲ့ဒဏ်ကပြန်ရောက်သွားပြီ…။
နားထောင်ကြပေါ့…
ဘယ်သူတွေဘယ်လိုဖြစ်ကြသလဲဆိုတာကို”

ထိုနေ့က ဘွားမယ်စိန်ပြောသကဲ့သို့ပင် မိနွယ်တို့ မကျီးတောရွာ၌အဖြစ်အပျက်များကဖြစ်ပျက်ခဲ့တော့၏။
အမျိုးသမီးငယ်တစ်ဦး ခြံဝိုင်းအတွင်း၌ရှိနေစဥ် မည်သည်ကလာမှန်းမသိသော နွားကြီးသည် ထိုအမျိုးသမီးငယ်အား ခွေ့သတ်သွားခဲ့၏။
နောက်တစ်ဖန် ဆေးဆရာဟုသာအများသိသော လူတစ်ဦးသည်လည်း အမျိုးသမီးငယ်နည်းတူစွာ နွားအခွေ့ခံရ၍သေဆုံးသွားခဲ့ရပြန်သည်။
မိနွယ်တို့အတွက်စိတ်မကောင်းစရာသည်က သေဆုံးသွားသူသည် မိနွယ်၏တစ်ဝမ်းကွဲညီမသာဖြစ်နေခဲ့ခြင်းဖြစ်၏။
ဘွားမယ်စိန်ပြောသော သူတို့ဒဏ်များသူတို့ထံသို့တန်းမတ်စွာရောက်ရှိသွားခြင်း
ဖြစ်သည်။
နောက်တစ်ဖန်ထူးဆန်းသည်က လူနှစ်ဦးအားခွေ့သတ်သွားသည့်နွားကြီးအား မည်သူမျှမတွေ့ရှိခဲ့ကြခြင်းပင်။
မနာလိုမုန်းတီးခြင်းသည် လူတစ်ဦး၏အသတ်ကိုသတ်စေနိုင်၏။

သူတပါးအပေါ်မနာလိုဝန်တိုစိတ်များကင်းရှင်းကြပါစေ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)