မြွေမှော်

တွေကို နှိမ်နင်းတဲ့အခါသူတို့အကူအညီကိုယူလို့ရပြီပေါ့ကွ”
“ဒါဆိုရင် ယက္ခမှော်ကရော”
“ဒါက ကာယာသိဒ္ဓိအတွက်ကွ လက်တွေ့ပြမယ်”
ဘကြီးခိုင်လည်းပြောပြောဆိုဆိုနဲ့ အိမ်တိုင်ဘေးက ဓားမကိုယူပြီး မြတ်စံထွန်းလည်ပင်းကိုလှီးချလိုက်တယ်။ အမှတ်တမဲ့လန့်ပြီးဇာတ်ကိုပုပေးလိုက်ရော
ပြီးမှအဆင့်ပေါ်ကခုန်ချ၊ ကပြာကယာလည်ပင်းကိုလက်နဲ့ပြန်စမ်းတော့ အကောင်းကြီးဘာမှမဖြစ်ဘူး။ဘကြီးခိုင်က ထင်းစနဲ့ခေါင်းကိုကောက်ရိုက်ပြန်တယ်။ ထင်းသာပိုင်းပိုင်းကျိုးသွားတယ် ခေါင်းကဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ပေမယ့် မြတ်စံထွန်းစိတ်တိုသွားတယ်။ဘကြီးခိုင်နောက်တစ်ချက်ရွယ်လိုက်တဲ့ဓားသွားတည့်တည့်ကို လက်ဝါးစောင်းခုပ်ချလိုက်တာ မီးတစ်ချက်ပွင့်ပြီးဓားမှာ လက်တစ်လုံးလောက်ပဲ့သွားပါလေရော။
“သွားပါပြီကွာ..ယက္ခမှော်အောင်ပြီးထဲက မင်းကိုစိတ်ကိုထိမ်းနှုတ်ကိုထိမ်းလို့ငါသတိပေးထားပါတယ်။အခုတော့ငါ့ဓားပဲ့ပြီ”
မြတ်စံထွန်းကပြုံးကျဲကျဲနဲ့
“ဟဲဟဲ…ဘကြီးကလက်တွေ့ပြတော့ ဆေးကလည်းလက်တွေ့အစွမ်းပြတာပေါ့ဗျ”
“ကောင်းရော..”
“ဒါနဲ့ ကြောင်မှော်ကရော”
“လာ…ဒီထဲဝင်လိုက်”
ဘကြီးခိုင်က မြတ်စံထွန်းကိုရာဝင်အိုးထဲဝင်ခိုင်းပါလေရော။ ပြီးတော့ အလယ်မှာပေါက်နေတဲ့ ဆန်ကောတစ်ချပ်နဲ့ ရာဝင်အိုးကိုဖုံးလိုက်တယ်။ ပြီးတော့အိမ်ထဲပြန်ဝင်သွားပြီး မီးဖိုပေါ်ကကျိုက်ကျိုက်ဆူနေတဲ့ရေနွေးအိုးကြီးမလာပြီး မြတ်စံထွန်းဝင်နေတဲ့ ရာဝင်အိုးအဖုံးဆန်ကောပေါက်ပေါ်ပစ်တင်လိုက်တယ်ဆိုရင်ပဲ…
“ဟိတ်…”
ရာဝင်အိုးကြီးထဲက “ဟိတ်”ဆိုတဲ့အသံနဲ့အတူအိုးအပြင်ကိုမြတ်စံထွန်းထွက်လာတယ်။ ဆန်ကောကနေရာတောင်မပျက်ဘူး။ အမှန်ဆို ဆန်ကောအလယ်ကအပေါက်ကကြောင်တစ်ကောင်ဝင်စာလောက်ပဲကျယ်တာ။ မြတ်စံထွန်းအဲ့ဒီ့အပေါက်ကထွက်လာလို့သူ့ကိုသူမယုံနိုင်ဖြစ်နေတယ်။
“အတော်စွမ်းသားဘကြီးရ…နော်”
“ဒါတင်ဘယ်ကမလဲ…ကြိုးလည်းတုတ်လို့မရဘူး၊မီးလည်းမလောင်ဘူး၊ရေလည်းမနစ်ဘူး ခန္တာကိုယ်ကလည်း ငှက်ပျောရွက်ပေါ်တက်အိပ်လို့ရအောင်ကိုပေါ့ပါးတယ်ကွ”
“ကြောင်မှော်အစွမ်းတော့သိရပြီဗျ…သင်္ချိုင်းမှော်ကဘာစွမ်းသလဲ”
“မင်း ပညာတွေအကုန်တတ်မြောက်လို့ သင်္ချိုင်းထဲမှာအစီအရင်လုပ်ရတဲ့အခါမျိုးဖြစ်ဖြစ်၊ သင်္ချိုင်းကတစ်ဆင့်အတိုက်ပြုထားတာတွေကိုဖြစ်ဖြစ် နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပြီပေါ့ကွာ”
“ဘယ်ဆိုးလို့လဲဗျ…အခုမြွေမှော်ဆိုတာကရော…”
“မြွေမှော်ဆိုတာ မြွေမကိုက်ဘူးလို့သာအလွယ်မှတ်လို့ရပေမယ့် မြွေတွေအကြောင်းမင်းကိုပြောရအုံးမယ်ကွ…ပညာခန်းအရတော့ ရိုးရိုးမြွေနဲ့ တိုက်မြွေဆိုပြီးရှိတယ်။ ရိုးရိုးမြွေဖြစ်တဲ့ မြွေပွေးမြွေဟောက်အပြင်ငန်းပုပ်၊ငန်းကြားစတဲ့ငန်းလေးပါးကိုတော့ ခန္တာကိုယ်မှာဆေးတစ်မျိုးပေါက်ထားရင်နိုင်တယ်ကွ”
“ဘယ်လိုဆေးမျိုးလဲ ဘကြီး”
ဘကြီးခိုင်က ခေါင်းရင်းမှာထားတဲ့ဆေးအိုးတွေထဲက မြေနဲ့လုပ်ထားတဲ့အိုးလေးတစ်လုံးကိုယူပြီးအဖုံးဖွင့်လိုက်တယ်။
“အလွယ်မှတ်ထား…စိန်၊ဆေး၊ကန့်၊ဝက်၊ဒုတ်၊ဟင်း၊လက် တဲ့ကွ။ စိန် ရတနာကိုပြောတာနော်…ရွှေပန်းထိမ်သည်တွေဆီမှာရနိုင်တယ်။စိန်မှုံလေးတွေကိုပြောတာ။ဆေးဆိုတာက ဆေးဒန်း၊ကန့်ဆိုတာကတော့
အဂ္ဂိရတ်သမားတွေအများဆုံးသုံးတယ်ကွ….ဝက်ဆိုတာက ဇဝက်သာကိုပြောတာ တိုင်းရင်းဆေးတွေမှာပါတယ်လေ…ဒုတ်ဆိုတာကဒုတ္ထာ၊ဟင်းဆိုတာ ဟင်္သာပြဒါး၊လက်ကတော့ လက်ချားပေါ့ကွာ…ဒါကရိုးရိုးမြွေကိုအသာလေးနိုင်တယ်။ အေး…တိုက်မြွေဆိုတာက ပညာစက်အစီအရင်တွေနဲ့ဖန်တီးထားတဲ့ မြွေဆိုးကွ ဒါကိုတော့ရိုးရိုးဆေးနဲ့မရဘူး ဒီဆေးကိုသိဒ္ဓိတင်ပြီး ညာလက်ဖျံမှာထိုးထားရတယ်ကွ…အဲ့ဒါမြွေမှော်သွင်းတာပဲ”
ဘကြီးခိုင်းကရှင်းပြလိုက်၊ မြတ်စံထွန်းကသိချင်တာတွေမေးလိုက်နဲ့ မိုးကိုချုပ်ပါလေရော။ ဒီနေ့တော့ ထမင်းတွေဘာတွေမချက်ရဘူး။ မြွေကထမင်းမစားဘူးထင်ပါရဲ့။ ထုံးစံအတိုင်း ညသန်းခေါင်လောက်မှာမြစ်ဆိပ်ကိုဆင်းကြတယ်။ သဲသောင်ပြင်ပေါ်မှာပဲ ပွဲထိုးလိုက်ကြတယ်။ ဘကြီးခိုင်ကတော့ ပွဲတွေရှေ့မှာရွတ်ဖတ်နေလေရဲ့။
ခဏနေတော့ မြတ်စံထွန်းကိုပွဲရှေ့မှာထိုင်ခိုင်ပြီး ဆေးထိုးရမယ့်အချိန်ရောက်လာပြီ။
ဘကြီးခိုင်က “ဝိရူပက္ခေ ဟိမေမေတ္တံ “ကနေစပြီး
ခန္တသုတ်ပရိတ်တော်ကိုရွတ်ဖတ်ရင်း လက်ကောက်ဝတ်ကနေ မှော်စသွင်းတယ်။ ဆေးပေါက်တယ်ဆိုပါတော့။ အထက်ကပြောခဲ့တဲ့ဆေးကိုပေါက်ပေးပြီးတော့ လွယ်အိပ်ထဲက အသင့်ပါလာတဲ့ အင်းတစ်ချပ် ကိုထုတ်ပြီး လက်ဝါးပေါ်တင် ဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ မြစ်ထဲကနေ တစ်ကိုယ်လုံးရေတွေစိုရွှဲနေတဲ့လူတစ်ယောက် ကမ်းပေါ်တက်လာတယ်။အဲ့ဒီအချိန် ကောင်းကင်မှာ တိမ်တွေဖုံးလာပြီး လရောင်မပေါ်လောက်အောင်မှောင်မိုက်သွားခဲ့တယ်။
ကမ်းခြေခပ်လှမ်းလှမ်းကနေ သူ့တို့နားကိုဖြည်းဖြည်းချင်းကပ်လာတဲ့လူက အမှောင်ထဲမှာရုပ်လုံးမပေါ်ပေမယ့် နန်းဝတ်နန်းစားနဲ့ဆိုတာတော့ သေခြာမြင်လိုက်ရတယ်။
“အဘယ် အတွက်ကြောင့် ဘောဂဝတီသိုက်တံခါးကို
ဖွင့်ရပါသနည်းအသင်လူသား”
“သိုက်တံခါးဖွင့်ခြင်းမဟုတ်ပါ… ဤမှော်ဆေးကို စီရင်အပ်နှံဖို့ရာ နဂါးတို့၏သွေးကိုအလိုရှိသော
ကြောင့် ခေါ်ဆောင်ခြင်းဖြစ်ပေတယ်.. အသင်နဂါးမင်း”
“နဂါးတို့၏သွေးကို အလွယ်တကူမရနိုင်ခြင်းအားအသင်လူသားသိရှိပါ၏လော”
“အဘယ်သို့သောကိစ္စကိုပြုလျင်ရနိုင်ပါအံ့နည်း။”
“ကျွန်ုပ်၏သားတပည့်ဖြစ်သော ကင်္ကမုခနဂါးငယ်နှင့်ပွဲရှေ့မှသင့်တပည့်ငယ်တို့သည် အရွယ်ချင်းမျှတသောကြောင့် တိုက်ခိုက်ပါ၊ တိုက်ခိုက်အောင်မြင်မှသာ ရနိုင်မည်။”
နဂါးမင်းက သူ့လက်အောက်ငယ်သားဖြစ်တဲ့ ကင်္ကမုခနဂါးကိုချက်ချင်းရှေ့တော်ရောက်ခေါ်သွင်းပြီး
မြတ်စံထွန်းနဲ့တိုက်ခိုင်းပါတော့တယ်။ ဘာလုပ်ရမှန်းမသိပေမယ့် မြတ်စံထွန်းကလည်းမြွေမှော်အောင်ဖို့ဆိုရင်ဘာမဆိုလုပ်မယ့်ပုံ။ဘကြီးခိုင်ကဒီတိုင်းကြည့်နေလိုက်တယ်။နဂါးငယ်ကလူအသွင်နဲ့မြတ်စံထွန်းကိုစ
ပြီးတိုက်ခိုက်ပါတော့တယ်။ မြတ်စံထွန်းလည်း မှိုင်းဝေနဲ့အတူ သတ်ပုတ်ကစားဖူးတော့တတ်သ၍မှတ်သ၍ပြန်တိုက်တယ်။ အဝေးကကြည့်လိုက်ရင် သူတို့လက်တွေကမြွေတစ်ကောင်နဲ့ကြောင်တစ်ကောင်တိုက်ခိုက်နေသလားထင်ရတယ်။
နဂါးငယ်ရဲ့ အလှည့်တစ်ချက်မှာ ပါးကိုမြတ်စံထွန်းကပိုင်ပိုင်နိုင်နိုင်ကုတ်ချလိုက်တယ်။ တိုက်ခိုက်စထဲက လက်သည်းတွေရှည်ထွက်နေတာကြောင့်နဂါးငယ်ရဲ့ပါးမှာဒဏ်ရာရသွားတယ်။ သူ့လက်အောက်ငယ်သားတစ်ချက်ခံလိုက်ရတော့ နဂါးကြီးမျက်နှာပျက်သွားပါလေရော။ သူ့ရဲ့တပည့်ကင်္ကမုခနဂါးကို အာခံတွင်းကလာတဲ့ မီးတောက်မီးလျှံစက်ကြိုးတွေနဲ့ ကူညီပါတော့တယ်။ ဒါကိုမြင်တဲ့ဘကြီးခိုင်ကလည်း မတရားတဲ့တိုက်ပွဲကိုဝင်ကူဖို့ နဂါးမင်းရဲ့စက်ကြိုးတွေကို ကြားကဝင်ကာပြီး ဆေးနည်းနည်းကိုလက်ဝါးမှာထည့်လို့ တွန်းထုတ်လိုက်ပါတော့တယ်။
တပည့်နှစ်ယောက်တိုက်ခိုက်နေရာက ဆရာတွေပါ
ပြဿနာဖြစ်ပြီး တစ်ဖက်နှစ်ယောက်စီ အားပြိုင်တိုက်ခိုက်ကြတော့ မြစ်ကမ်းပါးသောင်ပြင်တစ်ခုလုံးမှာဆူညံသွားပါလေရော။ တစ်ချက်တစ်ချက်ကိုလည်း အလင်းရောင်တွေဖြာပြီးထွက်လာသေးတယ်။
အဲ့ဒီအချိန် လူအသွင်နဲ့နဂါးနှစ်ကောင်က မူလအသွင်ကိုပြောင်းပြီး ပါးပြင်းကြီးတွေမိုးလို့ အဆိပ်ငွေ့တွေကိုမှုတ်ထုတ်တော့မယ့်အချိန် ကောင်းကင်ယံတစ်ခုလုံးမှာ ထိန်ထိန်လင်း သွားပြီး နတ်တစ်ပါးပေါ်လာခဲ့တယ်။
နဂါးတွေလည်း လူအသွင်နဲ့ ဒူးထောက်အရိုအသေပေးကြပြီးခေါင်းတွေမဖော်ရဲကြတော့ဘူး။အဲ့ဒီအချိန် ကောင်းကင်ယံကနတ်မင်းကြီးဟာ တကယ့်ကိုပြည့်စုံတဲ့အသံသြဇာနဲ့
“နဂါးငယ်တို့…ဒီပုဂ္ဂိုလ်သည်နောင်တစ်ချိန်၌ သာသနာပြုနိုင်သော ပါရမီထူးရှိသူမို့ ယခုအခါ သူအလိုရှိသည့် အရာကိုပရမီဖြည့်လိုက်ကြပေတော့”
ဒီလိုပြောလိုက်တော့ ဘကြီးခိုင်က ဘာမှမပြောဘဲ မြတ်စံထွန်းက လှမ်းမေးလိုက်တယ်။
“အသင် မည်သူနည်း..အဘယ်မျိုးနွယ်ဝင်ပါနည်း”
“ငါသည် စတုမဟာရာဇ်ဘုံမှ ဝိရူပက္ခမည်သော နဂါးအပေါင်းတို့၏အချုပ်နတ်မင်းကြီးပေတည်း”
ဒီလိုပြောပြီး ပြန်ပျောက်ကွယ် သွားတဲ့အခါ နဂါးမင်းက သူ့ရဲ့လက်မောင်းကအကြေးခွံကိုဆွဲနှုတ်ပြီး ထွက်လာတဲ့သွေးကို ခရုခွံဖြူဖြူကြီးထဲထည့်ပြီး ပွဲရှေ့မှာတင်ထားခဲ့တယ်။
ဘကြီးခိုင်လည်း ခရုခွံဖြူဖြူကြီးထဲက သွေးနဲ့ အထက်ကပြောခဲ့တဲ့ဆေးကိုရောပြီး မြတ်စံထွန်းရဲ့ညာလက်ဖျံမှာဆေးအပ်ပေးလိုက်ပါတော့တယ်။
လက်ဖျံက စာတမ်းနီနီလေးမှာ အလင်းရောင်တွေဖြာထွက်သွားတော့..
“ကဲ…ဒီနေ့ဒီချိန်ကစပြီး….အစွယ်ကထွက်တဲ့အဆိပ်မှန်သမျှ မင်းရဲ့ကိုယ်မှာသက်ရောက်မှုမရှိတော့ဘူးကွ…နောက်နေ့မှာ နောက်မှော်တစ်မျိုးသွင်းဖို့ ဒီညအိမ်ပြန်နားကြစို့”
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)