မင်းအောင်နှင့်ဘိုးသစ္စာ

လိုက်သည်။

” အဘ ကျွန်တော်အိမ်မှာပဲ နေပါလားဗျာ ”

” ဟေ့ကောင်ဂွတို အဘကို ငါ့အိမ်မှာထားမှာကွ ”

” ဟေ့ကောင်တောက်ထွန်း အဘကို ငါအရင်ပင့်ခဲ့တာနော် ”

” ကဲပါ လူလေးတို့ရယ်… အဘကြောင့် စကားမများကြပါနဲ့၊ နှစ်ယောက်လုံးရဲ့အိမ်မှာ တစ်လှည့်စီနေပါ့မယ် ”

ဟု ဘိုးသစ္စာက ဝင်ပြောလိုက်တော့မှ ဂွတိုနဲ့တောက်ထွန်းလည်း ငြိမ်သွားတော့သည်။

+++++

ထိုသို့ဖြင့် ရက်အနည်းငယ်ကြာသော် ဂွတိုအိမ်၌ လူအများပြား စုရုံးနေကြ၏။

” အဘ သမီးတို့ကို အဆောင်တစ်ခုလောက် ချီးမြှင့်ပါအုံး ”

” ကျွန်​တော့်တို့ကိုလည်း အဆောင်တစ်ခုလောက် ချီးမြှင့်ပါအုံး ”

ဆိုသောအသံများသည် ဂွတို၏အိမ်အတွင်းကနေ အပြင်ဘက်သို့ပင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။ ထိုအိမ်အတွင်းရှိဘုရားခန်း၌ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဘိုးသစ္စာသည် အဖြူရောင်ခေါင်းပေါင်းကို အကျအနပေါင်းထားကာ ခံညားထည်ဝါစွာဖြင့် တပ္ပလင်ခွေထိုင်နေလေတယ်။ ဘိုးသစ္စာ၏အရှေ့တွင်တော့ ပဆစ်တုပ်ထိုင်နေသော ရွာသူရွာသားအများအပြားရှိနေလေတယ်။

” ကဲ..ကဲ.. မဆူကြပါနဲ့… သားတို့သမီးတို့အားလုံးကို အဘ အဆောင်ပေးမှာပါ ”

ဟုပြောကာ ဘိုးသစ္စာလည်း မိမိလွယ်အိတ်အတွင်းမှ စက္ကူပါးတစ်ချပ်ကို ထုတ်ယူလိုက်ပြီး ၎င်းစက္ကူပါးပေါ်သို့ အင်းဂဏန်းများကို မြင်းခုန်စီရင်၍ရေးဆွဲလိုက်သည်။ ဘိုးသစ္စာရေးစွဲနေသော အင်းချပ်အား ရနိုးနိုးဖြင့် ရွာသူရွာသားများသည်လည်း လည်တံတမျှော်မျှော်ဖြင့် ကြည့်ရှုနေခိုက်

” ဟာ ” ဆိုသော အာမေဋိတ်အသံမှာ ရွာသူရွာသားများထံမှ ကျယ်လောင်စွာထွက်ပေါ်လာ၏။ အကြောင်းမှာ ဘိုးသစ္စာသည် ၎င်းအင်းချပ်အား လုံး၍ချေလိုက်သောကြောင့်ပင်ဖြစ်သည်။ ထို့နောက် ဘိုးသစ္စာမှ

” ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့အား ပင့်ဖိတ်ပါ၏၊ ဤနေရာဤဋ္ဌာနသို့ မြန်မကြာကြွရောက်ပေးပါ.. ဝိဇ္ဇာကြီးများကြွရောက်ပြီးပါက တပည့်ကြီးဖြစ်သူ အကျွန်ုပ်ဘိုးသစ္စာမှ သစ္စာပြုပါသည်၊ အကျွန်ုပ်ဘိုးသစ္စာသည် ၎င်းရွာသူရွာသားအား ဘေးရန်ကင်းရှင်းစေရန်အတွက် မေတ္တာဓာတ်ဖြင့် မနောမယသိဒ္ဓိအင်းအား စီရင်ခဲ့ပါသည်၊ ထိုမေတ္တာဓာတ် မှန်ကန်ခဲ့သည်ရှိသော် ၎င်းအင်းမှ မီးထတောက်ပါစေသား ”

ဟု သစ္စာပြုကာ လုံးချေထားသောအင်းချပ်အား ရေခွက်အတွင်းသို့ ပြစ်ထည့်လိုက်ရာ

” ဝုန်း ” ခနဲဖြစ်ကာ မီးခိုးလုံးများပေါ်ထွက်လာပြီး အင်းချပ်မှ မီးတောက်များထတောက်လာ၏။

” အဘဆရာကြီး အင်းချပ်က မီးတွေတောက်နေတဲ့ဟေ့… ရေခွက်ထက်မှာရှိတဲ့ အင်းချပ်က မီးတွေတောက်နေတယ်ဟေ့ ”

ဆိုသော ရွာသူရွာသားများ၏အသံများဖြင့် ဂွတိုအိမ်၌ ဆူညံ့ပွံလောရိုက်သွားတယ်။ ထိုအချိန်၌ပင်

” ဝုန်းခနဲ ” ဖြင့် အုန်းသီးပေါ်၌တည်ထားသော ဖယောင်းတိုင်မှ သူ့အလိုလျောက် မီးများထတောက်လာပြန်တယ်။

” ဆရာကဘုန်းကြီးတော့ အုန်းသီးက မီးထတောက်နေပြီဟေ့.. ”

ဆိုသော ကြွေးကြော်သံနှင့်အတူ ရွာသူရွာသားများသည်လည်း ဘိုးသစ္စာအား ရိုသေစွာဖြင့်ကန်တော့ကြပြီးနောက် အဆောင်လက်ဖွဲ့များ တောင်းကြလေတယ်။ ဘိုးသစ္စာလည်း ရွာသူရွာသားများအား အဆောင်လက်ဖွဲ့၊လိပ်ပြာချုပ်များကို ပြုလုပ်ပေးလိုက်တယ်။
++++++

*****ဤနေ့သည်ကား တောက်ထွန်းအိမ်မှာနေရမည့် အလှည့်ကြသဖြင့် ဘိုးသစ္စာလည်း တောက်ထွန်းအိမ်၌နေ၍ ရေနွေးကြမ်းသောက်ခါ စကားပြောနေခိုက်

” အဘဆရာကြီးရှိလား.. အဘဆရာကြီးရှိလားရှင့် ”

ဆိုသောအသံနှင့်အတူ အသက်(၄၀)ဝန်းကျင်ခန့်ရှိသော အမျိုးသမီးတစ်ဦးသည် တောက်ထွန်းအိမ်ပေါ်သို့ အမောတကော တက်လာလေတယ်။

” ငါ့သမီးကြီးက တယ်လဲအပူပင်ကြီးပါသကော.. သားသမီးတွေကြောင့် သောကရောက်နေပြီထင်ပါ့ ”

ဟု ဘိုးသစ္စာမှ ထိုအမျိုးသမီးအား ဆီးကြို၍ပြောလိုက်ရာ

” မှန်လိုက်တာ အဘဆရာကြီးရယ်၊ သမီးတော်တို့ကို ကယ်ပါအုံးရှင် ”

ဟုပြောလိုက်ပြီး ခေါင်တွင်ပေါင်းထားသော သဘက်ကိုဖြေချကာ ဘိုးသစ္စာအား ဦးခိုက်ကန်တော့လိုက်တယ်။ ထို့နောက် ၎င်းအမျိုးသမီးမှ ဘိုးသစ္စာအား သူမ၏အိမ်သို့ ပင့်သွားလေသည်။
++++

” အဘဆရာကြီးရယ် အဘဆရာကြီးရဲ့မြေးမလေးကိုကယ်ပါအုံးရှင် ”

” စိတ်ချပါကွယ် အဘကယ်ပါ့မယ်၊ ဒါနဲ့ မြေးမလေးက ဘာဝေဒနာဖြစ်နေတာလဲကွဲ့ သမီးကြီးရဲ့ ”

” အကောင်းကြီးကနေ ဗိုက်အောင့်တယ်ဆိုပြီး လူးလိမ့်အော်ဟစ်နေတာပါပဲ အဘဆရာကြီးရယ် ”

ဟု မမြရင်လည်း အားငယ်သော လေသံဖျော့ဖျော့လေးဖြင့် ဘိုးသစ္စာအား ပြောလိုက်ရာ

” အဘ ကုသပေးပါ့မယ်ကွယ်.. မြေးမလေးကိုသာ ဘုရားခန်းကိုခေါ်ခဲ့ ”

” ဟုတ်ကဲ့ အဘဆရာ ”

ဟုပြောလိုက်ပြီး မမြရင်လည်းအိပ်ခန်းထဲတွင် ဝမ်းဗိုက်အားလက်ဖြင့်ဖိကာ အော်ဟစ်နေသော သမီးဖြစ်သူဖူးငုံအား ဘုရားခန်းသို့ တွဲခေါ်လာလိုက်တယ်။ ဘိုးသစ္စာလည်း ဘုရားကျောင်းဆောင်၌ဆီမီးတစ်တိုင်ပူဇော်လိုက်ပြီး သောက်ရေတစ်ခွက်အားယူ၍ ဥုံခံသောမန္တာန်တစ်ပုဒ်ကိုရွတ်ကာ မန်းလိုက်တယ်။ ပြီးနောက် လွယ်အိတ်ထဲကနေ ဆေးတစ်ချို့အား ထုတ်ယူလိုက်ပြီး

” ကဲ မြေးမလေး.. ဒီဆေးကို ဟောဒီကရေမန်းနဲ့သောက်လိုက် ငါ့မြေးခံစားနေတဲ့ဝေဒနာတွေပျောက်သွားလိမ့်မယ်ကွဲ့ ၊ ဒီဆေးက နယ်နယ်ရရဆေးမဟုတ်ဘူး သာသနာငါးထောင်ဆေးပဲကွဲ့ ”

ဟုပြောကာ ဖူးငုံအားတိုက်လိုက်ရာ အချိန်ခနအကြာတွင် ဖူးငုံရဲ့​ဗိုက်အောင့်နေတဲ့ရောဂါဝေဒနာမှာ သက်သာပျောက်ကင်းသွားတယ်။

” မြေးလေးရဲ့ရောဂါက ပျောက်သွားပေမဲ့ ဒီအိမ်မှာ မကောင်းတဲ့အတိုက်အခိုက်တွေ ရှိနေသေးတယ်ကွဲ့ ”

” အဘဆရာကြီးရယ် အဲဒီမကောင်းတဲ့အတိုက်အခိုက်တွေအကုန်လုံးကို ရှင်းပေးပါနော် ”

ဟု မမြရင်တို့လည်း ဘိုးသစ္စာအား အားကိုးတကြီးတောင်းဆိုလိုက်ရာ

” စိတ်ချပါကွယ်.. သမီးကြီးတို့အိမ်မှာရှိတဲ့ မကောင်းတဲ့အတိုက်အခိုက်တွေကို ရှင်းလင်းပေးမှာပါ၊ သမီးကြီးတို့ကို ကယ်တင်ဖို့အတွက် အဘကြွလာခဲ့တာပါ ”

ဟု ပြောလိုက်ပြီး ဘိုးသစ္စာလည်း မမြရင်ထံမှဆန်တစ်ပန်းကန် တောင်းလိုက်တယ်။ မမြရင်ယူလာပေးသော ဆန်ပန်းကန်အား ဘိုးသစ္စာမှညာဘက်လက်ဝါးဖြင့်အုပ်လိုက်ကာ နှုတ်မှမတိုးမကျယ်သောလေသံဖြင့် မန္တာန်တစ်ပုဒ်အားရွတ်လိုက်ပြီးနောက် ဆန်ပန်းကန်အားကြမ်းပြင်ပေါ်သို့ချလိုက်ပြီး

” ဒီအိမ်မှာရှိတဲ့ မကောင်းသောအတိုက်အခိုက် အနှောက်ယှက်မှန်သမျှ ပျယ်ပျက်စေသား…အာခံသောအတိုက်မှန်သမျှ ပြာအတိကျစေသား ”

ဟု ဘိုးသစ္စာမှ ဋ္ဌာန်ကရိုင်းကျကျပြောလိုက်ကာ ကြမ်းပြင်ပေါ်တွင်ချထားသော ဆန်ပန်းကန်အား ရေဖြင့်တောက်လိုက်ရာ

” ဝုန်း ” ဆိုသောအသံနှင့်အတူ မီးခိုးများလုံးတက်လာကာ ဆန်ပန်းကန်အတွင်းမှဆန်များသည် မီးများထတောက်လေသည်။

” ဟာ… ဆန်တွေကမီးတောက်နေတယ် မီးတောက်နေတယ် ”

ဟု ဆိုကာ မမြရင်တို့သားအမိနှစ်ယောက်လည်း တအြံတသြဖြစ်သွားကြတယ်။ ထိုအခါ ဘိုးသစ္စာမှ

” ကဲ သမီးကြီးတို့အိမ်မှာရှိတဲ့ မကောင်းတဲ့အတိုက်အခိုက်တွေကို အဘရှင်းပြီးပြီကွဲ့၊ အခုအချိန်ကစလို့ ငါ့သမီးကြီးတို့ စိတ်ချမ်းသာလက်ချမ်းသာတာ နေပေတော့… ”

” အခုလို သမီးတော်တို့ကိုကယ်တင်ပေးတဲ့အတွက် အဘဆရာကြီးကို ကျေးဇူးဆပ်ပါရစေ”

ဟု ဆိုကာ မ​မြရင်တို့လည်း ဘိုးသစ္စာအား ဥာဏ်ပူဇော်ခအမြောက်အမြားဖြင့် ကန်တော့လေရာ

” သမီးကြီး အဘအတွက်ငွေမလိုပါဘူးကွယ်၊ ဒီငွေတွေကို လိုအပ်တဲ့နေရာတွေမှာ လှုဒါန်းလိုက်ပါ ”

ဟုပြောကာ ဘိုးသစ္စာလည်း မမြရင်အိမ်ပေါ်မှဆင်းကာ တောက်ထွန်းအိမ်ဘက်သို့ ထွက်ခွာသွားလေတယ်။ ထွက်ခွာသွားသော ဘိုးသစ္စာ၏ကျောပြင်အား မမြရင်​တို့လည်းငေးမောကြည့်ကာ ဘိုးသစ္စာအား အင်မတန်ကြည်ညိုလေးစားနေ၏။
++++++

ဘိုးသစ္စာတစ်ယောက်လည်း ဗေဒင်ဟောလိုက်၊အတိုက်ပယောဂါကုသပေးလိုက်ဖြင့် ဘုရားသုံးဆူရွာမှာ သောင်တင်နေလေသည်။ ဘိုးသစ္စာ၏ပညာခန်းမှာလဲ ရွာသူရွာသားများအဖို့ ဟာခနဲ ဟင်ခနဲ ဖြစ်လောက်သည်ထိ ထူးခြားလေသည်။ သို့ဖြစ်ပါသောကြောင့် ဘိုးသစ္စာ၏ဂုဏ်သတင်းမှာ ဘုရားသုံးဆူရွာသာမကပဲ တစ်ခြား​ရွာအထိပါ ကျော်ကြားသွားလေတယ်။

တစ်နေ့သ၌ မမြရင်အိမ်တွင် ရွာသူရွာသားများ စုရုံးနေ၏။ ဘုရားခန်း၌မူ အပေါ်ဖြူအောက်ဖြူဝတ်ဆင်ထားသော ဘိုးသစ္စာတစ်ယောက် တပ္ပလင်ခွေလျှက်အကျအနထိုင်နေ၏။ ဘိုးသစ္စာ၏ အရှေ့တွင်တော့ ရွာသူရွာသားများစုရုံးကာ ငြိမ်သက်စွာဖြင့် ပဆစ်တုပ်ထိုင်နေလေသည်။

” အဟွတ်….အဟွတ် ” ​ဖြင့် ဘိုးသစ္စာလည်း ချောင်းဟန့်လိုက်ပြီး

” အဘ ပြောစရာရှိလို့ကွဲ့ … ”

” ဟုတ်ကဲ့ အဘဆရာ အမိန့်ရှိပါ ”

” ဒီလိုကွဲ့ ..အဘ အဓိဋ္ဌာန်ဝင်စရာတစ်ခုရှိတယ်၊ အဲဒီအဓိဋ္ဌာန်ကို စိတ်အေးလက်အေးနဲ့ ကျင့်ကြံနိုင်အောင်လို့. အဘနေဖို့ သီးသန့်အိမ်ငယ်တစ်လုံးလိုတယ်ကွဲ့ ”

” အဲဒီအိမ်အတွက်တော့ ကျွန်တော်တို့တာဝန်သာထားပါ၊ အဘဆရာအနေနဲ့က ဘယ်နေရာမှာ အိမ်ဆောက်ချင်လဲသာ အမိန့်ရှိပါ ”

ဟု ဂွတိုမှပြောလိုက်ရာ

” ဟုတ်ပါတယ် အဘဆရာကြီး …အဘဆရာကြီးအတွက်ဆို ကျွန်တော်တို့ကလည်း အိမ်တစ်လုံးဆောက်ပေးဖို့အသင့်ပါပဲ ”

” ကျမတို့ကလည်း အဘဆရာကြီးအတွက်ဆို လိုအပ်တာမှန်သမျှလှူဒါန်းမှာပါ ”

ဟု ရွာသူရွာသားများမှ အသီးသီးပြောကြလေသည်။

” ဒီရွာကလူတွေက အဘအပေါ် အခုလိုစေတနာထားတာတွေ့ရတော့ အဘဝမ်းသာပါတယ်ကွယ်၊ အဘအဓိဋ္ဌာန်အောင်ရင် ဒီရွာသူရွာသားတွေကို မစမယ်ကွဲ့ ၊ အဘအဓိဋ္ဌာန်ဝင်ရမယ်နေရာက ဒီရွာရဲ့အစွန်မှာရှိတဲ့ စေတီပျက်ပဲကွဲ့ ”

” ဒါဆို ကျွန်တော်တို့မနက်ဖြန်ပဲ စေတီပျက်နားမှာ အဘအတွက်သစ်အိမ်တစ်လုံးဆောက်ပေးပါ့မယ် ”

ဟု ရွာသားများမှာ ပြောလေရာ

” သာဓု သာဓု သာဓုပါကွယ် ”

ဆိုသော တည်ငြိမ်အေးချမ်းသောအသံမှာ ဘိုးသစ္စာထံကနေထွက်ပေါ်လာလေတယ်။

သာယာသောမနက်ခင်းတစ်ခု၌ ရွာသူရွာသားများသည် ရွာအစွန်ရှိ စေတီပျက်နားတွင် သစ်အိမ်တစ်လုံးအား ဆောက်လုပ်ကြလေသည်။ ၃ရက်ခန့်မျှ​ ဆောက်လုပ်လိုက်သောအခါ ဘိုးသစ္စာအတွက် တောင့်တင်းခိုင်မာသော သစ်အိမ်တစ်လုံးကို ဆောက်လုပ်၍ ပြီးစီးသွား၏။ ၎င်းအိမ်၌ ဘိုးသစ္စာတစ်ဦးတည်းသာ နေထိုင်လေသည်။ ဘိုးသစ္စာစားဖို့အတွက် ထမင်းဟင်းများအား ရွာသူရွာသားများမှ ချိုင့်များဆွဲ၍ ပို့ပေးကြ​လေတယ်။ ဘိုးသစ္စာသည်လည်း သမထနှင့်ပတ်သက်သော ကျင့်စဥ်များအား ကျင့်ကြံနေလေ၏။
+++++

 

ညသည်နက်သည်ထက်နက်ကာ မှောင်မိုက်လာ၏။ ထိုညသည်ကား လမိုက်ညဖြစ်သဖြင့် ကောင်းကင်ထက်၌မဲမှောင်နေကာ ကြယ်ရောင်ပင်ပျောက်နေ၏။ ဘုရားသုံးဆူရွာစွန်ရှိ စေတီပျက်လေးအနားသို့ လူနှစ်ဦးသည်အမှောင်ထုကိုအားယူကာ မြန်ဆန်သောခြေလှမ်းများဖြင့် လျှောက်လှမ်းလာလေသည်။ ၎င်းလူတို့သည် ပုခုံးထက်၌ ကြီးမားသောလွယ်အိတ်ကို ကိုယ်စီလွယ်လာ၏။ ထိုလူတို့သည် ဘိုးသစ္စာနေသော သစ်သားအိမ်အနားသို့ ရောက်သောအခါ

” မင်းတို့ရောက်လာကြပြီကို ”

ဟူသောအသံမှာ တိတ်ဆိတ်ခြင်းကို ဖောက်ထွင်းကာ သစ်သားအိမ်အတွင်းမှ ထွက်ပေါ်လာသည်။

” ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်တို့ရောက်လာပါပြီ ”

ဟု ၎င်းလူနှစ်ယောက်မှ ပြောလိုက်ရာ သစ်အိမ်အတွင်းမှ လူတစ်ယောက်ဆင်းလာပြီး ထိုလူနှစ်ယောက်အား အရေးကြီးကိစ္စတစ်ခုကို တီးတိုးစွာဖြင့် ပြော​လိုက်သည်။ ညအမှောင်ထုထဲ၌ ၎င်းလူသုံးယောက်တို့သည် အသံကိုအုပ်၍ပြောနေသည့်တိုင်အောင် ရံဖန်ရံခါ၌ စကားသံတချို့သည် တိုးညင်းစွာဖြင့်ထွက်ပေါ်လာသေး၏။ ၎င်းလူတိုနှင့်မလှမ်းမကမ်းရှိစေတီပျက်ပေါ်၌ လူနှစ်ဦးရောက်ရှိနေပြန်၏။ ထိုလူနှစ်ဦးသည် ၎င်းလူသုံးဦးတို့၏အရိပ်အခြေအား စောင့်ကြည့်နေလေ၏။
ခနအကြာတွင် အ​မှောင်ထုထဲတွင်စကားပြောနေသော လူသုံးဦးအနက် နှစ်ဦးမှာ ရွာပြင်ဘက်သို့ပြန်လည်ထွက်ခွါသွားပြီး ကျန်တစ်ဦးမှာ သစ်သားအိမ်အတွင်းသို့ ပြန်လည်ဝင်သွား၏။

+++++

ဤသို့ဖြင့်မနက်မိုးသောက်အလင်းရောက်သော်

” ဆရာ ညကလူတွေကိုကြည့်ရတာ ကျွန်တော် သိပ်မသင်္ကာဘူး ”

” ဟုတ်တယ်ပြည့်ဖြိုး ဒီလူတွေရဲ့သွားပုံလာပုံကြည့်ရတာ လူကောင်းတွေနဲ့မတူဘူးကွ၊ ငါတို့ဒီရွာမှာနေပြီး အခြေအနေတစ်ခုကို စောင့်ကြည့်ရမယ်ထင်တယ် ”

” ဒါဆိုရင် ကျွန်တော်တို့ရွာထဲဝင်ပြီး စုံးစမ်းကြည့်ရင် ကောင်းမလားဆရာ ”

” ငါတော့ ရွာထဲမဝင်ချင်သေးဘူး၊ ဒီလိုလုပ် မင်းရွာထဲဝင်ပြီး အဲဒီသစ်အိမ်မှာနေတဲ့လူအကြောင်း စုံစမ်းကြည့်ကွာ ”

” ဟုတ်ကဲ့ဆရာ.. ဒါဆို ကျွန်တော်ရွာထဲသွားလိုက်အုံးမယ် ”

ဟုပြောကာ ပြည့်ဖြိုးတစ်ယောက်လည်း ရွာထဲသို့လျှောက်လာလိုက်တယ်။ အတန်ကြာ လျှောက်လာလိုက်ပြီးနောက် ရွာလယ်ဟုထင်ရသောနေရာတစ်ခု၌ ထမင်းဟင်းများရောင်းချသော ထမင်းဆိုင်တစ်ခုအား တွေ့လိုက်ရတယ်။ ပြည့်ဖြိုးလည်း ၎င်းထမင်းဆိုင်သို့ဝင်လိုက်ပြီး

” အမ ဘာဟင်းတွေရလဲဗျ ”

ဟု ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးအားမေးလိုက်ရာ

” ကြက်သား၊ဝက်သား၊ဆိတ်သား၊အသီးအရွက် အစုံရတယ်မောင်လေး စားမှာလား ပါဆယ်ထုတ်မှာလား ”

” ဒီလိုလုပ်အမ ကျွန်တော့်ကိုကြက်သားနဲ့တစ်ပွဲ၊အသီးအရွက်နဲ့တစ်ပွဲ ပါဆယ်ထုပ်ပေးပါလား ”

” အွန်း မောင်လေး ”

ဟုပြောကာ ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးလည်း ပြည့်ဖြိုးမှာထားသော ထမင်းဟင်းများအား ကြာဖက်ဖြင့်ထုပ်ကာ သင်အူကြိုးနဲ့ချည်နေခိုက်

” မလှမေရေ .. ကျမကို မြင်းခွာရွက်သုပ်ရယ်၊ခရမ်းချဥ်သီးသုပ်ရယ်၊ ရှောက်သီးသုပ်ရယ် ပါဆယ်လုပ်ပေးပါအုံး ”

ဆိုသော အသံနှင့်အတူ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် ငါးဆင့်ချိုင့်အားဆွဲလာကာ ထမင်းဆိုင်အတွင်းသို့ဝင်လာ၏။ထိုအခါ ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးမှ

” မမြရင် အဘဆရာကြီးအတွက်လားအေ့…အဘဆရာကြီးအတွက်ဆိုရင် ကျမလှူလိုက်မို့ ”

” ဟုတ်တယ်မလှမေရေ အဘဆရာကြီးအတွက် လာဝယ်တာ၊ ဒီနေ့က အဘဆရာကြီးရဲ့အဓိဋ္ဌာန်နောက်ဆုံးနေ့လေ ”

” ဟုတ်လား ဒါဆိုကျမလဲ မနက်ဖြန်ဆိုင်ပိတ်ပြီး အဘဆရာကြီးဆီသွားရမယ်၊ အဆောင်လေးဘာလေးရအောင်တောင်းရမယ် ”

ဟု ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးမှပြောကာ ငါးဆင့်ချိုင့်အတွင်းသို့ သားသတ်လွတ်ဟင်းလျာများအားထည့်လိုက်ပြီး ချိုင့်အားပြန်ဆင့်၍ မမြရင်​ဆိုသောအမျိုးသမီးထံသို့ ပေးလိုက်တယ်။

မမြရင်ဆိုသောအမျိုးသမီးလည်း ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူမလှမေအား နှုတ်ဆက်လိုက်ပြီး ငါးဆင့်ချိုင့်ကိုဆွဲကာ ထမင်းဆိုင်အတွင်းမှထွက်ခွာသွားလေတယ်။

” မောင်လေးမှာထားတဲ့ ထမင်းထုပ်တွေရပြီ.. ရော့.. ”

ဆိုသော စကားသံကြောင့် ပြည့်ဖြိုးလည်း ဆိုင်ပိုင်ရှင်အမျိုးသမီးပေးသော ထမင်းထုပ်ကိုလှမ်းယူလိုက်ပြီး ကျသင့်အဖိုးငွေကိုရှင်းပေးလိုက်တယ်။

” အမ ကျွန်တော်တစ်ခုလောက်မေးချင်လို့ဗျ ”

ပြည့်ဖြိုးတစ်ယောက် စကားစလိုက်ရာ

” မေးလေ ငါ့မောင်ကဘာသိချင်လို့လဲ ”

” ခုနက အမတို့ပြောနေတဲ့ အဘဆရာကြီးအကြောင်း ကျွန်တော်စိတ်ဝင်စားလိုပါ ”

” သြော် ငါ့မောင်က အဘဆရာကြီးအကြောင်း စိတ်ဝင်စားလို့ကို… အဘဆရာကြီးနာမည်က ဘိုးသစ္စာလို့ခေါ်တယ် အဘဆရာကြီး အမတို့ရွာကိုစရောက်လာတဲ့နေ့ကဆို &&&&&&&&&&&&&& အဲသလိုကို စွမ်းတာကွဲ့ ”

ဟု ထမင်းဆိုင်ပိုင်ရှင်မလှမေလည်း အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ဘိုးသစ္စာအကြောင်းအား ပြည့်ဖြိုးကို အစအဆုံး​ရှင်းပြလိုက်သည်။ ပြည့်ဖြိုးလည်း

” အမပြောတဲ့ အဘဆရာကြီးက သိပ်စွမ်းတာပဲနော်၊ ကျွန်တော့်ကို အဘရာကြီးနဲ့မိတ်ဆက်ပေးပါလားဗျ ကျွန်တော်က နယ်လှည့်ပြီးစျေးရောင်းရတာဆိုတော့ အန္တာရယ်ကင်းအဆောင်လေးဘာလေး တောင်းချင်လို့ဗျ ”

” စိတ်ချ ငါ့မောင်နဲ့အဘဆရာကြီးကို မိတ်ဆက်ပေးမယ်၊ မနက်ဖြန် ဆွမ်းခံပြန်ချိန်(၉:၃၀)လောက်ကျရင် ရွာအစွန်ဘုရားပျက်တွေနားမှာ သစ်အိမ်တစ်လုံးရှိတယ် အဲဒီကိုငါ့မောင်လာခဲ့ ”

” ဟုတ်ကဲ့အမ အဲဒီအချိန်လောက်ကျရင် ကျွန်တော်လာခဲ့ပါ့မယ်၊ အခုတော့ ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး ”

” ကောင်းပါပြီ ကွယ် ”

ပြည့်ဖြိုးလည်း ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူ မလှမေအားနှုတ်ဆက်ကာ ထမင်းထုပ်နှစ်ထုပ်အားဆွဲ၍ ရွာအစွန်ဘက်သို့ထွက်လာခဲ့လိုက်တယ်။
.
ရွာလမ်းမကြီးအတိုင်း အတန်ကြာလျှောက်လှမ်းပြီးတဲ့အခါမှာတော့ မင်းအောင်ရှိရာ ဘုရားပျက်များနေရာသို့ ရောက်လာ၏။ ထို့နောက် မိမိစုံစမ်းသိရှိလာသော ဘိုးသစ္စာ၏အကြောင်းအရာများအား ဆရာဖြစ်သူကို ပြန်လည်ပြောပြလိုက်သည်။

” ဒါဆို အဲဒီသစ်အိမ်မှာနေတဲ့သူက တစ်ရွာလုံးကကိုးကွယ်ထားတဲ့ ဘိုးတော်ဘိုးသစ္စာပေါ့ ”

” ဟုတ်တယ်ဆရာ ”

” ဒါဆို မနက်ဖြန်ကြရင် မင်း ဘိုးသစ္စာဆီကို သွားမှာပေါ့ ”

” ဟုတ်တယ်ဆရာ ကျွန်တော်အနေအထားတစ်ခုကိုသိချင်လို့ သွားကြည့်မလားလို့ ”

” အေး ကောင်းတယ်ပြည့်ဖြိုး ငါလည်းအဝေးကနေအခြေအနေကို စောင့်ကြည့်နေမယ် ”

ထို့နောက် ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ဝယ်လာသောထမင်းထုပ်အား ဖြေ၍စားလိုက်သည်။

++++++

” အောက်.. အီး အွတ် ” ဆိုသော သန်း​​ခေါင်ယံ
ကြက်တွန်သံနှင့်အတူ

” ဒုန်း.. ဒုန်း ” ဆိုသောအသံမှာ တိတ်ဆိတ်နေသောပတ်ဝန်းကျင်အား ဖောက်ထွင်းကာထွက်ပေါ်လာ၏။ ထိုအသံကြောင့် ဘုရားပျက်များကြားတွင် အိပ်ပျော်လုဆဲဖြစ်နေသော မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း နိုးထလာပြီး

” ဆရာ ကြားလိုက်လား ဘာသံကြီးလဲမသိဘူး ”

” ကြားတယ်ပြည့်ဖြိုး အသံက ဟိုသစ်အိမ်ဘက်လောက်ကလာတာ ”

ဟု ကျွန်တော်လည်း ပြည့်ဖြိုးကိုပြောလိုက်ပြီး အသံကြားရာဘက်သို့ ငြိမ်သက်သောခြေသံများဖြင့် လျှောက်လာလိုက်တယ်၊ ကျွန်တော်နောက်မှာတော့ ပြည့်ဖြိုးတစ်ယောက် လိုက်လာတယ်ဗျ ၊ ခနအကြာတွင်တော့

” ဆရာ ဟိုလူတွေ အုန်းပင်အောက်ခြေကို ဘာလုပ်နေတာလည်းမသိဘူး ”

ပြည့်ဖြိုးစကားကြောင့် ကျွန်တော်လည်းကြည့်လိုက်တော့ လူသုံးယောက်က အုန်းပင်အောက်ခြေကို သံချွန်ကြီးတစ်ချောင်း ရိုက်ထည့်နေတာကို တွေ့လိုက်ရတယ်။

” ငါလည်းသေချာမသိဘူးကွ အခြေနေ​ကိုစောင့်ကြည့်ရမှာပဲ၊ ဒီကိစ္စက ကြာလေရှုပ်ထွေးလာလေပဲ ပြည့်ဖြိုးရေ ”

” ဟုတ်တယ်ဆရာရေ ကျွန်တော်ဆို စဥ်းကိုမစဥ်းစားတက်တော့ဘူး ”

ကျွန်တော်နဲ့ပြည့်ဖြိုးလည်းစောင့်ကြည့်နေရာ ခနအကြာတွင် ၎င်းလူတို့သည် သံချွန်အားဆွဲနှုတ်လိုက်ပြီး အုန်းပင်အောက်ခြေသို့ အရာဝတ္ထုတစ်ခုအား လောင်းထည့်လိုက်တာကို တွေ့လိုက်ရတယ်။ ပြီးနောက် ၎င်းလူသုံးယောက်တို့သည် သစ်အိမ်အတွင်းသို့ဝင်သွားလေတယ်။ ကျွန်တော်တို့လည်း မိမိနေရာသို့ပြန်လာလိုက်ပြီး အိပ်ယာဝင်လိုက်တော့တယ်။
+++++

​ မနက်မိုးသောက်အလင်းရောက်သော် မင်းအောင်နဲ့ပြည့်ဖြိုးလည်း အိပ်ယာမှနိုးလာ၏။ ပြည့်ဖြိုးတစ်​ယောက်လည်း ဘိုးသစ္စာအိမ်သွားရန်အတွက် အချိန်ကိုသာစောင့်နေလေတယ်။ ထိုသို့ဖြင့် ​ဘုန်းကြီးဆွမ်းစားပြန်ချိန်လောက်ရောက်တော့ ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်နှင့်အတူ ဘိုးသစ္စာအိမ်ဘက်သို့ထွက်လာခဲ့လိုက်တယ်။ ဘိုးသစ္စာအိမ်နားရောက်တော့

” ပြည့်ဖြိုး မင်းတစ်ယောက်ထဲပဲဝင်သွားတော့၊ငါအဲဒီခြုံအကွယ်ကနေ အခြေနေစောင့်ကြည့်လိုက်အုံးမယ် ”

” ဟုတ်ကဲ့ဆရာ ဒါဆိုကျွန်တော်သွားလိုက်အုံးမယ် ”

ပြည့်ဖြိုးလည်းဘိုးသစ္စာအိမ်ဝိုင်းထဲသို့ဝင်လာလိုက်တယ်။ အိမ်ဝိုင်းထဲရှိ မြေကွက်လပ်တွင်တော့ ရွာသူရွာသားများရောက်ရှိနေ၏။ ပြည့်ဖြိုးလည်း ဟိုဒီကြည့်နေတုံး

” မောင်လေးရောက်လာပြီကို… အမကမောင်​လေးကို မလာတော့ဘူးလို့တောင်ထင်နေတာ ”

ဆိုသောအသံနှင့်အတူ လူအုပ်ကြားထဲကနေ အမျိုးသမီးတစ်ဦးထွက်လာလေတယ်။ ထိုအမျိုးသမီးသည်ကား ထမင်းဆိုင်ပိုင်ရှင်မလှမေပင်ဖြစ်သည်။

” လာရတာပေါ့အမရယ် ကျွန်တော်က ဆရာကြီးဆီကနေ အဆောင်လိုချင်နေတာလေဗျ၊ အမဆရာကြီးနဲ့ကျွန်တော့်ကို မိတ်ဆက်ပေးရမယ်နော် ”

” စိတ်ချပါ ငါ့မောင်ရဲ့ ”

ပြည့်ဖြိုးနှင့်မလှမေစကားပြောနေခိုက်

” အဟွတ်..အဟွတ် ”

ချောင်းဟန့်သံနှင့်အတူ သစ်အိမ်အတွင်းမှ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အဖြူရောင်ခေါင်းပေါင်းကိုပေါင်းထားသော အသက်ကြီးကြီးလူတစ်ယောက်ဆင်းလာလေတယ်။ ၎င်းလူကြီးရဲ့မရှေ့မနှောင်းပင် ယောဂီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အသက်လတ်ပိုင်းလူရွယ်နှစ်ယောက်ပါ ထိုအိမ်ပေါ်ကနေ ဆင်းလာလေသည်။

” ကဲ.. ဒီရွာသူရွာသားတွေကို အဘ ပြောစရာရှိတယ်ကွဲ့ ၊ ဒီနေ့ဟာ အဘအဓိဋ္ဌာန်အောင်တဲ့နေ့ပဲ ..ပြီးတော့ အဘကိုအထက်ဝိဇ္ဇာဆရာကြီးတွေက အမိန့်တစ်ခုချလိုက်တယ် ဒီရွာမှာရှိတဲ့ဘုရားပျက်ကိုငုံပြီး ၉တောင်ပြည့်စေတီတည်ဖို့ပဲကွဲ့ ၊ စေတီတည်ရာမှာ ကူညီဖို့လည်း ရပ်ဝေးကနေ အဘရဲ့တပည့်တွေဖြစ်တဲ့ မိုးညိုနဲ့စိုးသူတို့လည်း ရောက်လာကြပြီကွဲ့ ”

ဟုပြောကာ သူ၏တပည့်များနှင့်ရွာသူရွာသားများကို မိတ်ဆက်ပေးလေတယ်။

” ဒါဆို အဘဆရာကြီးက ကျွန်တော်တို့ရွာမှာဘုရားတည်မှာပေါ့နော်၊ စေတီရဲ့ဘွဲ့ကိုရော ဘယ်လိုပေးမှာလည်း အဘဆရာကြီး ”

ဟု ရွာသားတစ်ယောက်က ဝင်မေးလိုက်ရာ ဘိုးသစ္စာဆိုသူမှ

” စေတီဘွဲ့ကိုတော့ လာဘမုနိစေတီတော်လို့ သမုတ် ( ခေါ်တွင်ရမည် )မယ်လို့ အထက်ဝိဇ္ဇာကြီးတွေကအမိန့်ရှိတယ်ကွဲ့၊ နောက်ပြီး ဒီစေတီတည်ဆောက်ရာမှာ ပါရမီထူးသူတွေပဲလှူဒါန်းခွင့်ရကြရမှာ.. စေတီတည်ဆောက်ရာမှာ ဘီလူးသိုက်၊နဂါးသိုက် တို့ကစောင့်ကြပ်ကြလိမ့်မယ်ကွဲ့ ၊ ကဲ ရွာသူရွာသွားတွေကို အဘတစ်ခုပြမယ် ”

ဟုပြော အိမ်ပေါ်သို့တက်သွားပြီး ကြေးစည်နှင့်ထုတံအားယူ၍ အောက်ဆင်းလာကာ ခြံဝိုင်းဒေါင့်ရှိအုန်းပင်နားသို့သွားလိုက်ပြီး

” ဒီဘုရားသုံးဆူရွာ၌ လာဘမုနိစေတော် တည်ဆောက်ရာ အချိန်အခါကျပြီဆိုပါက ဆိုင်ရာပုဂ္ဂိုလ်အပေါင်းတို့က ရွာသူရွာသားများသိအောင် နိမိတ်များပြကြလော့… ”

ဟု ဘိုးသစ္စာမှပြောလိုက်ပြီး ကြေးစည်အား

” နှောင်… ဒူ… ​နှောင် ….ဒူး…. ”

ဖြင့် ထုခတ်လိုက်ရာ လေမတိုက်ပဲ အုန်းပင်မှလှုပ်ခတ်လာပြီး

” ဘုတ်.. ဘုတ် ”

ဆိုသောအသံနှင့်အတူ အုန်းသီးများကြွေကြလာလေသည်။

” ဟာ အုံးသီးတွေ အလိုလျောက်ကြွေလာတာတော့…”

” ဟုတ်ပါ့နော် အဘဆရာကြီးက စွမ်းလိုက်တာရှင် ”

” ဟေ့ ဒို့ရွာတော့ ကံကောင်းတာပဲ ဒီလိုအဘဆရာကြီးမျိုးကြွလာတာ ”

ဟူသော ဘိုးသစ္စာအား ချီးမွမ်းထောပနာပြုကြလေသည်။ ထိုအချိန်၌

” အဘဆရာ ကျွန်တော်တို့ကိုလည်း လာဘမုနိစေတီတည်တဲ့နေရာမှာ ကုသိုလ်ပြုခွင့်ပေးပါ ”

ဟု ဘိုးသစ္စာ၏ရပ်ဝေးကတပည့်ဆိုသော ယောဂီဝတ်လူရွယ်နှစ်ဦးမှ အနီရောင်ကတီပါစဖြင့်ထုပ်ထားသော အထုပ်တစ်ထုပ်အား ဘိုးသစ္စာထံသို့လှူလိုက်လေသည်။ ဘိုးသစ္စာလည်း ထိုအထုပ်ကိုလက်ခံလိုက်ပြီး အထုပ်အားဖြေလိုက်ရာ အရောင်များတဝင်းဝင်းတလက်လက်ဖြင့်တောက်နေသော လက်ဝတ်ရတနာများပင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ရတနာများအားမြင်လိုက်ရသော ရွာသူရွာသားများသည်လည်း အံသြသွားပြီး လာဘမုနိစေတီတော်တည်ရန်အတွက် မိမိတို့ လက်ဝတ်လက်စားများအားချွတ်ကာ ဘိုးသစ္စာထံ အလုအယက်လှူကြလေတယ်။ ပြည့်ဖြိုးတစ်ယောက်လည်း ယောင်ပေယောင်ပေဖြင့်သာ ကြည့်နေလိုက်သည်။

ဤသို့ဖြင့် အချိန်အတန်ကြာသော် လူရှင်းသွား၏။ ထိုအချိန်၌ ပြည့်ဖြိုးလက်ပေါ်သို့ နွေးထွေးသောအရာတစ်ခုကျရောက်လာ၏။

” မောင်လေးလာ အဘဆီသွားပြီးအဆောင်သွားတောင်းမယ် ” ဟုပြောကာ မလှမေလည်း ပြည့်ဖြိုးလက်ကာဆွဲကာ ဘိုးသစ္စာအနားသို့သွားလိုက်ပြီး

” အဘဆရာကြီး ဒါကသမီးရဲ့မောင်လေးပါ သူကစျေးရောင်းပါတယ် အဲဒါအဆောင်လေးချီးမြှင့်ပါအုံး ”

ဟုပြောလေရာ ဘိုးသစ္စာမှ လွယ်အိတ်ထဲကနေ အဆောင်တစ်ခုအားထုတ်ယူလိုက်ပြီး ပြည့်ဖြိုးအားပေးလိုက်၏။

” ကဲလူလေးရေ အဘပေးတဲ့အဆောင်လေးကို ရိုရိုသေသေသုံးနော် လူလေးအတွက်အန္တာရယ်ကင်းပြီးအရောင်းအဝယ်ကောင်းလိမ့်မယ် ”

” ဟုတ်ကဲ့ပါ အဘဆရာကြီး ”

ဟု ပြည့်ဖြိုးလည်း ရိုသေစွာပြောလိုက်ပြီးနောက် မလှမေအားနှုတ်ဆက်ကာ ဘိုးသစ္စာအိမ်ဝိုင်းထဲကနေထွက်လာခဲ့လိုက်တယ်။ နေရာတစ်ခုအရောက်

” အဲတာ မျက်လှည့်နည်းတွေနဲ့လိမ်နေတာကွ ”

ဆိုသောအသံကြောင့် ပြည့်ဖြိုးတစ်ယောက်လှည့်ကြည့်လိုက်ပြီး

” လိမ်နေတာ ဟုတ်လားဆရာ ”

” ဟုတ်တယ်ပြည့်ဖြိုး.. ညက အုန်းပင်အောက်ခြေကို သံချွန်ရိုက်ထည့်နေတာ မင်းတွေ့တယ်မဟုတ်လား ”

” တွေ့တယ်ဆရာ အဲတာဘာလုပ်တာလဲ ”

” ဘာလုပ်ရမှာလည်းကွာ အုန်းပင်အောက်ခြေကိုသံချွန်ရိုက်ထည့်၊ပြီးရင်ပြန်နှုတ် အဲဒီအပေါက်ထဲကို ပြဒါးလောင်းထည့်ထားလိုက်ရော နောက်နေ့ရောက်တော့ အုန်းပင်နားမှာ ကြေးစည်တည်းလိုက်တော့ အုန်းသီးကြွေရောပေါ့ကွာ ”

” ဆရာပြောတာ ကျွန်တော်သိပ်သဘောမပေါက်ဘူးဗျ ” .

” ဒီလိုကွပြည့်ဖြိုးရ ပြဒါးက ကြေးစည်သံနဲ့အပူကိုကြောက်တယ်ကွ၊ ကြေးစည်သံကြားရတဲ့အခါ အုန်းပင်ထဲကပြဒါးက လူးလွန့်နေပြီးလျှောက်သွားတာပေါ့ကွာ အဲဒီတော့ အုန်းပင်ကခါရမ်းပြီး အုန်းသီးတွေ ကြွေတာပေါ့ကွာ ”

ဟု ကျွန်တော်လည်း ပြည့်ဖြိုးကိုရှင်းပြလိုက်ရာ

” အော် အဲသလိုကို… ဒါဆိုရင် ဘိုးသစ္စာဆိုတဲ့လူကြီးက ရိုးသားတဲ့ရွာသူရွာသားတွေရဲ့လက်ဝတ်ရတနာတွေကိုလိမ်ယူဖို့လုပ်နေတာပဲ ”

” ငါ့အထင်တော့ ရွာသူရွာသားတွေရဲ့လက်ဝတ်ရတနာတွေ လိမ်ယူဖို့လောက်တင်မကဘူးကွ၊ တခြားရည်ရွယ်ချက် ရှိလောက်အုံးမယ် ”

” ဆရာ ဒါဆိုဘယ်လိုလုပ်ကြမလဲ ”

” အခြေနေစောင့်ကြည့်ရတာပေါ့ကွာ ဒီလူတွေကိုမျက်ခြေပျက်လို့မရဘူးကွ ”

ဤသို့ဖြင့် တစ်နေဝင်လို့တစ်မိုးပင်ချုပ်ခဲ့လေသည်။ မှောင်မိုက်ကာ တိတ်ဆိတ်နေသောညအချိန်တွင် သစ်သားအိမ်အတွင်း၌မူ မှိတ်တုတ်တုတ်ဆီမီးခွက်အလင်းရောင်နှင့်အတူ လူသုံးယောက်သည် ဖိုခနောက်ဆိုင်၍တီးတိုးစကားပြောနေကြလေသည်။

” ဆရာကြီး ကျွန်တော်တို့တွေ ဒီရွာကလစ်ကြရအောင် ”

” ဟေ့ကောင်မိုးညို မင်းရူးနေလား… မဖြစ်စလောက်လက်ဝတ်ရတနာလေးရတာကို၊ ငါတို့ဒီရွာကိုလာတဲ့ အဓိကရည်ရွက်ချက်ကဘာလဲ မင်းသိလား ”

” သိပါတယ်ဆရာကြီး ဋ္ဌာပနာဖောက်ဖို့ပါ..ဒါပေ မဲ့ ကျွန်တော့်စိတ်တွေလေးနေလို့ပါ ”

ဟူသော မိုးညို၏စကားကြောင့် ဘိုးသစ္စာလည်း စိတ်တိုသွားကာ

” ထွီ… ” ဟု တံတွေးတစ်ချက်ထွေးလိုက်ပြီး

” မင်းကြောက်နေရင် ဒီရွာကနေထွက်သွားလိုက် ..ငါနဲ့စိုးသူ နှစ်ယောက်ထဲ ဋ္ဌာပနာသွားဖောက်မယ် ”
ဟု ခက်ထန်သောလေသံဖြင့်ပြောလိုက်ရာ မိုးညိုတစ်ယောက် ဇက်ကလေးပုသွားပြီး

” မကြောက်ပါဘူးဆရာကြီးရယ် ကျွန်တော်ဆရာကြီးတို့နဲ့အတူ ဋ္ဌာပနာလိုက်ဖောက်မှာပါ ”

” အဲဒါဆိုလဲပြီးတာပဲ .. မင်းတို့တွေ လိုအပ်တဲ့ပစ္စည်းတွေသွားယူ ဒီညပဲဋ္ဌာပနာဖောက်မယ်အချိန်သိပ်ဆွဲလို့မကောင်းဘူး၊ မနက်က မလှမေခေါ်လာတဲ့ မျက်နှာစိမ်းဧည့်သည်ကို ငါသိပ်မသင်္ကာဘူး အဲဒီဧည့်သည်မျက်လုံးက ကျီးကန်းတောင်းမှောက်အတိုင်းပဲ ဒီနေရာတစ်ခုလုံးကိုလိုက်ပတ်ကြည့်နေတာ ငါတို့ကိစ္စကိုဖော်ကောင်လုပ်နိုင်တယ် ”

” ဟုတ်ကဲ့ပါ ဆရာကြီး ”

ဘိုးသစ္စာ၊မိုးညို၊စိုးသူတို့သုံးယောက်သည် ပေါက်တူးများ၊သံတူရွင်းများ၊သံစို့များကိုင်လာကာ စေတီဘက်သို့လျှောက်လာ၏။ ဘိုးသစ္စာ၏လက်အတွင်းမှာတော့ မှိိန်ပျပျရေနံဆီမီးအိမ်ငယ်တစ်လုံးကို ကိုင်ဆောင်လာလေတယ်။

++++++

” ဆရာရေ ဟိုလူတွေစေတီဘက်လာနေပြီ ”

” အေး ပြည့်ဖြိုး ”

ဟု ကျွန်တော်လည်းပြောလိုက်ပြီး ကျွန်တော်နှင့်ပြည့်ဖြိုးလည်း ခြုံတစ်ခုကို အကာအကွယ်ယူ၍ပုန်းလိုက်သည်။ ထို့နောက် ဘိုးသစ္စာတို့လူတစ်စုသည် စေတီပျက်တစ်ခု၌ ဋ္ဌာပနာဖောက်ခြင်းလုပ်ငန်းအားစတင်လေသည်။
ထိုလူတို့ ဋ္ဌာပနာဖောက်နေပုံမှာ ကျွမ်းကျင်ပိရိလှ၏။ ရေနံဆီမီးအိမ်အား လင်းအားများမှာစိုးသဖြင့် မီးစအားတမင်တာ သေးထားခြင်းဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ၎င်းတို့ဋ္ဌာပနာဖောက်နေသည်ကို အဝေးကနေမမြင်နိုင်ပေ။ နောက်ပြီး တူထုသံများမျာလဲ မကြားရ ။

” ပြည့်ဖြိုး ဒါသူတို့ရဲ့သရုပ်အမှန်ကိုပြလို့ရတဲ့အခွင့်အရေးပဲ…မင်းအခုချက်ချင်း ဒီအကြောင်းတွေကို ရွာသူရွာသားတွေကိုပြောပြပြီး ဒီစေတီပျက်ကိုလာခဲ့ ဒီလူလိမ်လူယုတ်မာတွေကို အမိအရဖမ်းရမယ် ”

” ဟုတ်ကဲ့ ဆရာ ” ဟုပြောကာ ပြည့်ဖြိုးတစ်ယောက်လည်း ရွာထဲသို့ခြေသံအုပ်ကာ ပြေးသွားတယ်။ ကျွန်တော်လည်း ဘိုးသစ္စာတို့ထွက်မပြေးသွားအောင် စောင့်ကြည့်နေလိုက်တယ်။ တစ်နာရီလောက်ကြာတော့ ပြည့်ဖြိုးနဲ့ရွာသားတွေ မီးတုတ်တွေကိုင်ပြီး စေတီဘက်ကိုတက်လာတာ လှမ်းတွေ့လိုက်ရတယ်။ ထိုမြင်ကွင်းကြောင့် ဘိုးသစ္စာတို့လူတစ်စုလည်း အခြေနေမဟန်မှန်းသိသဖြင့် ပြေးဖို့အလုပ် ကျွန်တော်လည်း

” ဒီဘုရားပျက်ဝန်းကျင်၌ရှိကုန်သော ပုဂ္ဂိုလ်အပေါင်းတို့ ဒီလူယုတ်မာတွေထွက်မပြေးနိုင်အောင် တားထားကြကုန်လော့ ”

ဟု အမိန့်ပေးလိုက်ရာ

” ဝုန်း ” ” ဝုန်း” ဆိုသော အသံများထွက်ပေါ်လာပြီး မြေကြီးထဲကနေ မဲနက်နေသောလက်များထွက်လာကာ ဘိုးသစ္စာတို့၏ခြေထောက်များအား လှမ်းဆွဲထားလေသည်။ ဘိုးသစ္စာတို့လည်း မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် ကြောင်အမ်းအမ်းဖြစ်သွား၏။ ထိုအချိန်၌ ပြည့်ဖြိုးနှင့်မီးတုတ်များကိုင်လာသော ရွာသားများသည် ဘုရားပျက်ကုန်းပေါ်သို့ရောက်လာ၏။ ကျွန်တော်လည်း

” ခဗျားတို့ အဘဆရာကြီးဆိုပြီး ကိုးကွယ်နေတဲ့သူက တကယ်တော့ ဘုရားဋ္ဌာပနာဖောက်တဲ့လူလိမ်ကြီးပဲ”

ဟုလိုက်ပြီး ဋ္ဌာပနာဖောက်နေသော ဘိုးသစ္စာတို့အား လက်ညှိုးထိုးပြလိုက်တယ်။ ဘိုးသစ္စာတို့လည်း ရွာသားတွေတွေ့မှ သတိဝင်လာကာ ပြေးဖို့အလုပ်

” ကဲ အဲဒီလူလိမ်တွေကို ဖမ်းလိုက် ” ဆိုသော သူကြီးရဲ့အသံက ထွက်ပေါ်လာတယ်။ ၎င်းအသံကြားပြီးသည်နှင့် ရွာသားများလည်း ဘိုးသစ္စာတို့အားဖမ်းလိုက်ကာ ကြိုးဖြင့်တုပ်ထားလိုက်တယ်။

ကျွန်တော်လည်း သူကြီးနှင့်ရွာသားများအား ဘိုးသစ္စာတို့လိမ်ပုံလိမ်နည်းမှာ မျက်လှည့်ပညာများဖြစ်ကြောင်း ရှင်းပြလိုက်တယ်။

” ဒါဆို အင်းချပ်ကနေ မီးတောက်ကရောဗျ ”

ဟု ရွာသားတစ်ယောက်မှ မေးရာကျွန်တော်လည်း

” ဒီလိုဗျ အင်းချပ်ကမီးတောက်တဲ့နည်းက အနောက်တိုင်းကလာတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်ကြောင့်ပဲ၊ ဆိုဒီယမ်ဆိုတဲ့ ဓာတုပစ္စည်းက ရေနဲ့ထိရင် မီးတောက်တတ်တဲ့ ဂုဏ်သတ္တိရှိတယ်ဗျ… စက္ကူရွက်အပေါ်မှာ ကိုယ်ကြိုက်တာတစ်ခုခုရေးလိုက် ပြီးရင်ဆိုဒီယမ်အခဲလေးတွေကို စက္ကူအပေါ် လူမမြင်အောင်တင်လိုက်..ပြီးရင် လုံးချေပြီး ရေခွက်ထဲပြစ်ထည့်လိုက်ရင် မီးတောက်ရောဗျို့ ”

ဟု ရှင်းပြလိုက်ရာ

” ဒါဆိုရင် ဆန်မှာမီးတောက်တာရော ”

ဟု ကျန်ရွာသားတစ်ယောက်က မေးပြန်လေသည်။

” ဒါကလည်း ဆန်စေ့တွေကြားထဲ ဆိုဒီယမ်အခဲလေးတွေကိုထည့်ထားပြီး ရေလောင်းလိုက်တာပါပဲဗျာ ”

ဟု ထပ်မံရှင်းပြလိုက်တယ်။ ထိုနောက် ဘိုးသစ္စာတို့အား သူကြီးအိမ်သို့ ခေါ်လာခဲ့လိုက်တယ်။ လမ်းတွင်တော့

” ဆရာ ကျွန်တော်တို့ရောက်လာတော့ ဘိုးသစ္စာတို့ကထွက်မပြေးပဲ ဘာလို့ကြောင်အမ်းအမ်းဖြစ်နေရတာလဲဗျ ”

ဟု ပြည့်ဖြိုးမှ ကျွန်တော်အားမေးလေရာ

” ဒါကတော့ရှင်းပါတယ်ကွာ ငါဆိုင်ရာပုဂ္ဂိုလ်တွေကိုပင့်ဖိတ်ပြီးတော့ ဘိုးသစ္စာတို့ကိုချုပ်ခိုင်းထားတာကို ” .

” သြော် …အဲသလိုကို ”

ဤသို့ဖြင့် သူကြီးအိမ်သို့ရောက်သောအခါ ဘိုးသစ္စာတို့အား သူကြီးမှထိပ်တုံးခတ်ထားလိုက်သည်။ ကျွန်တော်လည်း သူကြီးနဲ့ရွာသူရွာသားတွေကို ဘိုးသစ္စာ၏လိမ်စဥ်များအား အသေးစိပ်ရှင်းပြလိုက်ရ၏။ ရွာသားတွေလည်း ဘိုးသစ္စာတို့၏လွယ်အိတ်များအားရှာဖွေရာ ဆိုဒီယမ်ဓာတုဆေးပုလင်းများသော်လည်းကောင်း၊ပြဒါးများသော်လည်းကောင်း၊အနောက်တိုင်းဆေးဝါးများသော်လည်းကောင်း၊ရွာသူရွာသားများ၏လက်ဝက်စားများသော်လည်းကောင်း၊ ကတ္တီပါစဖြင့်ထုပ်ထားသော လက်ဝတ်ရတနာများသော်လည်းကောင်း တခြားအမျိုးအမည်မသိသောပစ္စည်းများသော်လည်းကောင်း တွေ့ရလေသည်။ ကတ္တီပါစဖြင့်ထုပ်ထားသော လက်ဝတ်ရတနာတွေကို သေချာစစ်ကြည့်လိုက်တော့ အတုတွေဖြစ်နေတာကိုသိလိုက်ရတယ်။ ကျွန်တော့် စိတ်ထဲကလည်း

” ဘိုးသစ္စာ ဘိုးသစ္စာ နာမည်နဲ့တခြားစီပါလား ကလိမ်ကကျစ်ကျတဲ့နေရာမှာ တယ်လည်းစေ့စပ်သေချာပါလား ”

လို့ မှတ်ချက်ပေးလိုက်တယ်။

နောက်နေ့ရောက်သော် ဘိုးသစ္စာတို့အား ဘုရားဋ္ဌာပနာဖောက်မှုနဲ့ မြို့ဂါတ်ကိုပို့လိုက်တယ်။ မြို့ဂါတ်ရောက်မှသိလိုက်ရတာက ဘိုးသစ္စာဟာ လိမ်လည်မှုနဲ့ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ မစ္စတာဒေးဗစ်တဲ့ဗျာ…

# ပြီး #

ရေးသားသူ = ပိုင်လေး(မအူပင်မြေ )

# သတ္တဝါတစ်ခုကံတစ်ခု #