သင်္ခပါရတံခါးပေါက်

*******

‘ ကိုညိုမောင်…တော် ဘာဖြစ်တာလဲ…’

‘ ခင်တင့်…ငါ့ အိပ်မက်မက်တာ။ အိပ်မက်ထဲမှာ အကိုကြီးက လာပြောတယ်…’

‘ ဟင်…ဘာတွေပြောသွားတာလဲ…’

‘ သမီးလေး…သဘာဝလွန်တံခါးတစ်ခုထဲကို ဝင်ရောက်သွားမိတာတဲ့။ အဲ့ဒါကြောင့် ဒီအတိုင်းလိုက်ရှာနေတာထက် တံခါးကို ရှာဖွေနိုင်သူ၊ ဖွင့်နိုင်သူကို အကူအညီတောင်းပြီး ရှာပါတဲ့။ ပြီးတော့ ဒီလိုဖြစ်မှာတွေ ကြိုမြင်မိလို့ မင်းတို့ကို အိမ်မက်ပေးပြီး နေပြာင်းစေချင်နေတာလို့လည်း ပြောတယ်…’

ကျုပ်စကားအဆုံး ကျုပ်မိန်းမ ခင်တင့် ငိုတော့တာရော။

‘ ကျုပ်တို့ကို အကိုကြီးက ပြောနေတာ ကြာပြီလေ။ အခုတော့…အီး ဟီး ဟီး။ အကိုကြီးရယ် သမီးလေးကို ကူညီကယ်တင်ပေးပါဦးနော်…’

ခင်တင့်က ငိုတော့ သမီးလတ်ကပါ ထငိုတယ်။

ညဉ့်နက်ကြီးမှာ သူတို့ငိုသံက စီခနဲ ထွက်လာတာပေါ့။

‘ ခင်တင့်…အကိုကြီးက ပြောတယ်။ သူ မတတ်နိုင်ဘူးတဲ့။ ကူညီနိုင်သူကို ရှာပါတဲ့။ မနက်ဖြန်တော့ ငါ အဲ့ဒီသူကို လိုက်ရှာမှ ထင်တယ်…’

‘ မြန်မြန်ရှာပါတော်…’

ကျုပ် နောက်တစ်နေ့ မနက်ကျတော့ အိမ်ကနေ ဆရာရှာဖို့ ထွက်လာခဲ့တယ်။

ပထမ မြို့ထဲက ဆရာတစ်ယောက်ကို ပင့်ခဲ့လိုက်တယ်။

အဲ့ဒီ့ဆရာက အိမ်နဲ့ ခြံကို စစ်ဆေးပြီး ကြည့်ရှုပေးတယ်။ နေ့တစ်ဝက်ကျိုးသွားပေမယ့် အခြေအနေက မထူးဘူး။

‘ ကိုညိုမောင်…ကျုပ် စိတ်မကောင်းပါဘူးဗျာ။ ကျုပ်ပညာက ပယောဂလောက်ပဲ ကုသနိုင်တာဗျ။ ခင်ဗျားပြောသလို အဖြစ်မျိုးဆိုရင်တော့ ကျုပ် တကယ် မတတ်နိုင်ဘူးဗျာ…’

အဲ့ဒီ့ဆရာ ပြန်သွားတယ်။

သူ့ဆရာဆိုတဲ့ တခြားဆရာကြီးတစ်ယောက်ကို ချိတ်ဆက်ပေးခဲ့တယ်။ ဒါပေမဲ့လည်းလည်း ဒီဆရာကြီးလည်း ရှေ့နည်းတူတူပဲ။ ရေရာတဲ့အဖြေကို ရှာမရခဲ့ပါဘူး။

ဒီနေ့ဆို သမီးလေးပျောက်ခြင်းမလှပျောက်သွားခဲ့တာ သုံးရက်မြောက်ပဲ။ ကျုပ်လည်း ဆရာထပ်ရှာပေမယ့် သူတော်ချင်း သီတင်းလွေ့လွေ့ဆိုတော့ မြို့ထဲက ဘယ်ဆရာကိုမှ ကျုပ် ထပ်ပင့်လို့မရတော့ဘူး။

ကျုပ် စိတ်ပျက်ပျက်နဲ့ မြို့အပြင်ကို ထွက်ခဲ့မိတယ်။

မြို့ပြင်ရောက်တော့ ညနေစောင်းပြီ။

မြို့ပြင်က ကိုးနဝင်း ဆုတောင်းပြည့်စေတီလေးကို ခပ်ဝေးဝေးကနေ လှမ်းပြီး ဖူးမြင်မိတာမို့ အဲ့ဒီ့ကို သွားချင်စိတ်က တားမရလောက်အောင် ဖြစ်လာတယ်။

ကျုပ် ခြေလှမ်းတွေက ကျုပ်ကိုယ်တိုင်သတိမထားမိနိုင်သေးခင် စေတီကလေးဆီကို ဦးတည်မိနေပြီ။

စေတီကလေးဆီကိုရောက်တော့ ကျုပ် ဦးခိုက်ကန်တော့်မိတယ်။ ကျုပ်ရင်ထဲမှာ သမီးလေးအတွက် စိုးရိမ်ပူပန်မှုတွေက ပြင်းပြလွန်းနေတာမို့ ဆုတောင်းတွေ အထပ်ထပ်ပြုမိနေတာပါပဲ။

‘ အံမယ်…ငှက်စိမ်းလေး။ လာခဲ့…လာခဲ့ ငါသူတော်လေးဆီမှာ အချိုခဲလာစားဦး…’

ကျုပ်အနောက်ပါးက ထွက်လာတဲ့ အသံ။ အသံဆီမှာ မမြင်နိုင်တဲ့စွမ်းအားတစ်ခုပါနေသလို ကျုပ်ခံစားမိရတယ်။ ကျုပ်လှည့်ကြည့်မိလိုက်တော့ ကျုပ်အနောက်ပါး မလှမ်းမကမ်းမှာ ပက်လက်လှန်အိပ်နေတဲ့ သူရူးတစ်ယောက်။

သူရူးရဲ့ မျက်နှာ အပေါ်ဘက်မှာတော့ အစိမ်းရောင်၊ အဝါရောင်၊ အမည်းရောင် စတဲ့ငှက်ကလေးတွေက ဝေ့ဝဲနေတယ်။

မြင်ကွင်းက ကျုပ်အတွက်တော့ စိတ်ဝင်စားစရာကောင်းလွန်းနေတယ်ဗျာ။ ဒါနဲ့ အမှတ်တမဲ့ကိုပဲ ငေးကြည့်နေမိကော။

သူရူးက ငှက်ကလေးတွေကို တို့လိုက်ထိလိုက်၊ စကားတွေပြောလိုက်နဲ့ ရှိနေတယ်။ တစ်ခါတစ်ခါ သူ့ကိုယ်သူလည်း နတ်သားလေးလို့ ပြောနေတာကို ကျုပ်ကြားမိတယ်။

အစကတော့ ကျုပ်စိတ်ထဲ ဒီငှက်ကလေးတွေကို သူမွေးထားတယ်ပဲ ထင်မိတာ။ မဟုတ်ဘူးရယ်။ ငှက်ကလေးတွေက နံဘေးသစ်ပင်တွေဆီကနေ ဆင်းသက်လာကြတာရယ်။ ကျုပ်ကြည့်နေတုန်းမှာပဲ ထပ်ထပ်ပြီးဆင်းလာလိုက်ကြတာများ သူရူးအနားမှာ အရွယ်စုံအရောင်စုံ ငှက်တွေ တစ်အုပ်တစ်မကြီး ဖြစ်လာတယ်။

ငှက်တွေအကြားမှာ သူရူးက ပျော်ရွှင်နေပုံပါပဲ။

အချိန်အတော်လေးကြာတော့…။

‘ ကဲ…ငါသူတော်နတ်သားလေးဆီမှာ အလုပ်ပေါ်လာပြီ။ နင်တို့အားလုံး သွားကြတော့…’

သူရူးက ငှက်ကလေးတွေကို ပြောလိုက်တာ။ အံ့သြစရာပါပဲ။ ငှက်တစ်အုပ်တစ်မကြီးက သူရူးစကားကို တစ်သွေမတိမ်းနာခံပြီး အလျိုလျို ပျံထွက်သွားကုန်ကြတယ်။

‘ ဟူး….’

သူရူးက လှဲအိမ်နေရာကနေ ထထိုင်ပြီး သူ့နံဘေးကို ကြည့်လိုက်တယ်။ ဘယ်သူမှမရှိပေမယ့် ကျုပ်သူ့ကို ကြည့်ရတာတော့ တစ်ယောက်ယောက်နဲ့ စကားပြောနေပုံပဲ။ ဒါပေမယ့်လည်း သူက သူရူးတစ်ယောက်ဆိုတာကို ကျုပ်သတိရမိတာမို့ ဒီအတွက် အံ့သြမနေတော့ပါဘူး။

ကျုပ် သူရူးဆီက အာရုံကိုခွာလိုက်တယ်။

ပြီးတော့ ကိုးနဝင်းစေတီကလေးဆီကို ပြန်လှည့်ပြီး ဥိးခိုက်ကန်တော်မိပြန်ကာ…။

‘ အရှင်ဘုရား…ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့တဲ့ တပည့်တော်ရဲ့ သမီးငယ် ဗုဒ္ဓဟူးသမီး မရွှေရည်လေးအား မြန်မကြာ ပြန်လည်လို့ ရှာဖွေတွေ့ပါရစေဘုရား။ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကို သစ္စာပြုပြီး တောင်းဆုပြုပါတယ်ဘုရား။ လောကပါလနတ်များကလည်း ဒီဆုတောင်းလေးအပေါ် စောင်မပေးပါစေ…’

‘ ပြည့်စေ…ပြည့်စေ…’

‘ ဟင်…’

အနီးကပ် ထွက်လာတဲ့ အသံကြောင့် ကျုပ် လန့်ဖျပ်သွားမိတယ်။

ကြည့်မိတော့ အခုနက သူရူးရယ်လေ။ ကျုပ်အနားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘူး။ မျက်နှာက ပြုံးဖြဲဖြဲနဲ့ ကျုပ်ကို ကြည့်နေတယ်။

‘ ခင်…ခင်ဗျား ဘယ်တုန်းက ရောက်နေတာလဲ…’

‘ အခုလေးပဲ ရောက်တာ…’

‘ ဘာ လုပ်ဖို့လဲ…’

‘ အို အမောင်လူသားရဲ့။ နင် အခုနကပြုတဲ့ ဆုတောင်းကြောင့် ရာဇာအရှင် ဘိုးဝယ်တေဇ အာဏာစက်ရှင် နတ်တို့သနှင်း သိကြားမင်းရဲ့ သိန္နီမည်ပ မြကျောက်ဖျာဟာ မာရည်ကြောနှင်းလာတာကြောင့် ငါသူတော်နတ်သားလေးကို ကူညီပါဟဲ့လို့ အမိန့်စေလာပါတယ်လေ။ ဒါကြောင့် ငါသူတော် နတ်သားလေး ရောက်ရှိလာတာပါ…’

သူရူးစကားက ကျုပ်ကို မျက်စိလည်သွားစေတယ်။

‘ ဒါ့တင်မကသေးဘူး မောင်လူသားရဲ့။ အခုနကလေးကတင် ငါသူတော်လေးကို ချမ်းသာလို့နာမတွင်တဲ့ နမ်လောသားတစ်ယောက်ကလည်း နင်နဲ့ ပက်သက်ပြီး ကူညီပေးပါလို့ လာပြောသွားခဲ့သေးတယ်…’

‘ ဟင်…’

ချမ်းသာဆိုတာက ကျုပ်ကို အကြီးလေ။ ကျုပ် အလွန်ပဲ အံ့အားသင့်သွားရတယ်။ ချက်ချင်းကိုပဲ စိတ်ထဲမှာလည်း သူရူးဟာ နယ်နယ်ရရလူမဟုတ်ဘူးဆိုတာ ကျုပ် သတိထားမိသွားရတယ်။ မြေလျှောက်ဝိဇ္ဇာတို့ဘာတို့ဆိုတာ သူရူးလိုမျိုးလည်း နေတတ်ကြတယ်လို့ ကျုပ်သိထားဖူးတယ်။

‘ ခင်…ခင်ဗျားက…သာမန်လူတော့မဟုတ်ဘူး။ ခင်ဗျား ဘယ်သူလဲ။ ဝိဇ္ဇာလား ဘာ ဘာကြီးလဲ…’

ကျုပ်စကားအဆုံး သူရူးက တဟီဟီနဲ့ ရယ်လိုက်တယ်။ ပြီးတော့ မတ်တပ်ထရပ်ပြီး လက်ကို ခါးဆီဟန်ပါပါထောက်လိုက်လို့…။

‘ ငါသူတော်က ဣဆာသရ နတ်သားလေးပါလေ…’

‘ အဲ…’

ကျုပ် ဘာပြောရမယ်မသိတတ်တော့ဘူး။

သူရူးက အခုနက ှူလှဲအိပ်နေရာဆီမှာ ကျန်ရစ်တဲ့ သူ့လွယ်အိတ်ကြီးကို သွားယူပြီး လွယ်လိုက်တယ်။ ပြီးတော့ ကျုပ်ဆီကို ပြန်ရောက်လာခဲ့ပြီး…။

‘ ကဲ မောင်လူသား။ ငါသူတော်တို့ သွားကြစို့…’

‘ ဘယ်ကို သွားရမှာလဲ…’

‘ သင်္ခါပါရ တံခါးဆီကို သွားကြရမှာ။ အဲ့ဒီ့တံခါးကနေ နင့်ရဲ့ ဗုဒ္ဓဟူးသမီးလေးကို သွားပြန်ခေါ်ရမယ်လေ။ ဘိုးသိကြားက ပြောတယ်။ တံခါးဖွင့်ချိန်နဲ့ ကလေးက ဆော့ပြေးပြေးမိတဲ့အချိန် တိုက်ဆိုင်ပြီး အထဲကို ရောက်သွားရတာလို့ ပြောတယ်။ ကဲ…သွားကြစို့…’

သူရူးက ပြောပြီး ထွက်သွားတယ်။

ကျုပ်မှာတော့ တဒင်္ဂ ကြောင်အမ်းအမ်းဖြစ်ပြီး ကျန်ရစ်ခဲ့ရတာပေါ့။ ပြီးတော့မှ သတိရပြီး အတင်းပြေးလိုက်ရတော့တာပါပဲ…။

******

ကျုပ်အိမ်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သူရူးက အိမ်အနောက်ဘက်ကို တန်းပြီးသွားတယ်။

ကျုပ်လည်း သူရူးအနောက်ကို မလိုက်ခင် အိမ်ပေါ်က ကျုပ်မိန်းမနဲ့ သားသမီးတွေကို သမီးငယ်အတွက် ဆရာခေါ်လာပြီ မြန်မြန်ဆင်းခဲ့ကြဖို့ ပြောလိုက်တယ်။

ဆရာခေါ်လာတယ်အသံကြားလို့လားတော့မသိဘူး။

သမီးငယ်အပေါ် ဇောစိတ်ကဲပြီး အိပ်ရာထဲ လဲနေတဲ့ ကျုပ်မိန်းမလည်း ထူထောင်ပြီး ဆင်းလာတယ်။ ကျုပ်တို့ကိစ္စကို အားလုံးက စိတ်ဝင်စားနေကြတာမို့ သတင်းကြားတဲ့ လူတွေလည်း ချက်ချင်း ရောက်လာကြတယ်။

ကျုပ်တို့ အိမ်အနောက်ဘက်ကိုရောက်တော့ သူရူးက ခြံထဲကနေရာတွေကို ဟိုဟိုဒီဒီ လျှောက်သွားပြီး ကြည့်နေတယ်။

နောက်တော့ သားကြီးပြောပြတဲ့ သမီးငယ်လေးပျောက်သွားတယ်ဆိုတဲ့ ကွက်လပ်နေရာကို ပြန်ရောက်လာပြီး မြေပြင်ကို စူးစူးစိုက်စိုက်ကြည့်နေပြန်တယ်။

ပြီးလည်းပြီးရော သူ့လွယ်အိတ်ကြီးထဲကနေ ခပ်စိမ်းစိမ်း ဝါးချောင်းလေးကို ထုတ်ယူပြီး အဲ့ဒီ့နေရာတစ်ပတ်လည်ကို ဆယ်ပေလောက်ကျယ်မယ့် စည်းဝိုင်းတစ်ခု ဝိုင်းတယ်။ စည်းဝိုင်း ဝိုင်းချိန်မှာလည်း ပါးစပ်က တတွတ်တွတ်ရွတ်နေတာကို ကျုပ်သတိထားမိတယ်။

အချိန်က မှောင်ရီဝိုးတဝါးဖြစ်နေပြီ။

‘ အားလုံး ဒိနေရာနဲ့ ခပ်ဝေးဝေးမှာ နေကြနော်။ ငါသူတော်လေး ပျောက်သွားခဲ့ရင်လည်း စိတ်မပူနဲ့။ စည်းဝိုင်း အနားကိုလည်း ကပ်မလာခဲ့ကြနဲ့…’

သူရူးက ကျုပ်တို့ကိုပြောတာမို့ အနောက်ကို ဆုတ်မိကြရတယ်။

သူရူးက စည်းဝိုင်းထဲရပ်နေပြီး သူ့အိတ်ထဲက ကျုပ်စိတ်ထင်တော့ အင်းချပ်တစ်ခုထင်ပါရဲ့။ ခပ်သေးသေး ခပ်ပြားပြားအရာတစ်ခုကို ထုတ်ပြီး မြေပြင်ကို ပစ်ပေါက်ချလိုက်တယ်။

မြေပြင်ဆီက မီးခိုးလုံးကြီးတစ်ခု ဝုန်းခနဲ လှိုက်တက်လာပြီး သူရူးကို ဖုံးလွှမ်းသွားတယ်။

မြင်ကွင်းပြန်ရှင်းလို့ ကြည့်မိတော့ စည်းဝိုင်းအထဲမှာ သူရူးကို မတွေ့ရတော့ဘူး။

ဒါပေမယ့် သူရူးက စည်းအနားကို ကပ်မလာဖို့ပြောထားတာဆိုတော့ ကျုပ်တို့လည်း နေနေကြအတိုင်း နေရင်း စောင့်ကြည့်နေမိကြတယ်။

အချိန်တွေက နာရီဝက်လောက် ကြာလာခဲ့ပြီ။

သူရူးကတော့ အခုထိ ပြန်ပေါ်မလာသေးဘူး။

ကျုပ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတယ်။

‘ ကိုညိုမောင်…ဆရာကော သမီးလေးရော အခုထိ ပြန်ပေါ်မလာသေးပါလားတော်…’

ခင်တင့်က ငိုပြန်ပြီလေ။

ကျန်းမာရေးက မကောင်းဖြစ်နေတော့ ကျုပ်မှာ သူ့ကို ဖေးကူပေးထားရတယ်။

‘ နည်းနည်းတော့ ထပ်စောင့်ကြည့်ပါဦး ခင်တင့်ရယ်။ ဒီဆရာက အရ်ွဆရာတွေလိုမဟုတ်ဘူးဆိုတာ မင်းအမြင်ပဲမို့ ဆရာ့ကို ယုံကြည်ပေးလိုက်ပါဟာ…’

ကျုပ် ခင်တင့်ကို နှစ်သိမ့်ပြောပြောလိုက်မိတယ်။

ကျုပ်စိတ်ထဲမှာလည်း သူရူးဆရာကို ယုံကြည်စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေမိတယ်လေ။

နောက်တော့ ကျုပ်တို့အားလုံး အသံတောင်မပြုမိလောက်တဲ့အထိ သူရူးဆရာပျောက်သွားတဲ့နေရာကို စူးစိုက်ကြည့်နေမိကြတယ်။

‘ မေမေ…’

‘ ဟင်…’

ရုတ်တရက် ကျုပ်နားထဲမှာ ကြားမိလိုက်တဲ့ သမီးလေးရဲ့အသံ။

‘ ကို ကိုညိုမောင်၊ တော်…ကြား ကြားမိသလား’

ခင်တင့်က လှုပ်လှုပ်ခတ်ခတ် မေးလာတယ်။ ကြည့်နေကြသူတွေလည်း သမီးလေးရဲ့ အသံကြောင့် လှုပ်ယွဆူပွက်ကုန်တယ်။

‘ စိတ်ထင်တာ မဟုတ်ဘူး။ တကယ်ကြားရတာ…’

‘ ဖေဖေ…’

‘ ဟာ…’

အသံက ကျုပ်တို့အားလုံးရဲ့ အနောက်ကနေ ထပ်ပြီး ထွက်လာတယ်။

ဒီတစ်ခါ ကျုပ်ကို ခေါ်တာ။

‘ ကိုညို…ဒီမှာ ခင်ဗျား သမီးက ဒီမှာ…’

လူအုပ်အနောက်ဘက်က အသံ။

ကျုပ်လည်း လူအုပ်ထဲကနေ အတင်း တိုးထွက်သွားလိုက်မိတယ်။

‘ ဟာ…သမီးလေး…’

ကျုပ်တို့အားလုံးရဲ့ အနောက်မှာ သမီးလေးက မတ်တပ်ရပ်နေတယ်။

ကျုပ်လည်း ဝမ်းသာအားရနဲ့ သမီးလေးကို အပြေးပွေ့ချီလိုက်မိတော့တာပေါ့…။

*******

အဖြစ်အပျက်ကတော့ ဒါပါပဲဗျာ…။

သူရူးဆရာကတော့ အဲ့ဒီ့ညနေ စည်းဝိုင်းထဲကနေ ပျောက်သွားပြီးကတည်းက ဒီကနေ့အထိ ပြန်ပေါ်မလာတော့ဘူး။

သမီးလေးကို မေးကြည့်တော့…။

မောင်နှမတွေ ကစားနေကြရင်းက တံခါးပေါက်ကြီးတစ်ခုထဲကို တိုးဝင်မိသွားပြီး ပန်းတွေအများကြီးရှိတဲ့ ပန်းခင်းကြီးတစ်ခုထဲကို ရောက်သွားရတယ်တဲ့။

ပန်းတွေကြားမှာ လိပ်ပြာတွေကလည်း အများကြီးပဲတဲ့လေ။

အကိုတွေအစ်မတွေ လိုက်လာမယ်ထင်လို့ သမီးလေးက စောင့်နေရင်း လိပ်ပြာလေးတွေနဲ့ ထိုင်ဆော့နေမိတုန်း သူတော်ဆိုတဲ့ ဦးဦးက ရောက်လာပြီး အိမ်ပြန်ပို့ပေးမယ်လို့ ပြောပြီး အိမ်ရှေ့အထိ လိုက်ပို့ပေးတာလို့ ပြောပြတယ်။ သမီးလေးပြောပုံအရတော့ အဲ့ဒီမှာ ခဏလေးပဲ နေရသေးတယ်တဲ့။ အဲ့ဒီ့အထဲနဲ့ အပြင်နဲ့က အချိန်ကာလကွာဟနေတာဖြစ်မယ်။

ကျုပ်က သမီးကို လာခေါ်တဲ့ ဦးဦးက ဘယ်လိုပုံစံလဲလို့ မေးမိတော့ သမီးလေးက မေမေဘုရားစာရွတ်ရင် ဝတ်ထားတဲ့ အညိုရောင်အဝတ်ကို ဝတ်ပြီး သိပ်ကို ချောတာပဲလို့ ပြောတယ်။

ဒီအဖြေစကားကြောင့် ကျုပ်တို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကြရတယ်။

ဘာလို့လဲဆိုတော့ ခင်ဗျားတို့ပဲ အသိလေ။

ကျုပ်တို့ဆီကနေ သမီးလေးကို ပြန်ခေါ်ပေးမယ်ဆိုပြီး စည်းဝိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့တာက သူရူးဆရာ။

အခု သမီးလေးကပြောတော့ကျ သူ့ကို လာခေါ်တာ ယောဂီဝတ်နဲ့ သိပ်ချောတဲ့ဦးဦးသူတော်တဲ့။

သူရူးဆရာကလည်း သူတော်၊ သမီးလေးပြောတာကလည်း သူတော်၊ နာမည်ကတော့ တူနေတယ်။ ဒါပေမယ့် လူကကျ ကွဲလွဲနေတာရယ်။

ဒါက ဘယ်လိုကြောင့်လဲ အသေအချာ မသိတတ်ဘူး။

ဒါပေမယ့် ဖြစ်နိုင်တာကတော့ သူရူးဆရာက သမီးလေးလန့်မှာစိုးလို့ အသွင်ပြောင်းလိုက်တာပဲ ဖြစ်မယ်ထင်မိတယ်။

ဘယ်လိုဖြစ်ဖြစ်ဗျာ။

သူရူးဆရာကြောင့် ထူးထူးဆန်းဆန်းအဖြစ်အပျက်နဲ့ တစ်ပါတ်နီးနီးပျောက်သွားခဲ့ရတဲ့ ကျုပ်သမီးလေးကိုတော့ ပြန်ပြီး တွေ့ခဲ့ရပါပြီ။

အရှေ့မှာ ပျောက်သွားတယ်ဆိုတဲ့ ကလေးတွေကတော့ အခုသမီးလေးလိုပဲ ပျောက်သွားတာလား၊ သူရူးဆရာကပဲ ကယ်တင်ပေးခဲ့သလားဆိုတာတော့ ကျုပ်တကယ် မပြောတတ်ဘူး။

အခုတော့ ဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီကြားထဲမှာတော့ ကျုပ်ရဲ့ အကိုကြီးချမ်းသာအတွက်ကိုလည်း ဆွမ်းသွတ်အလှူတစ်ခု ထပ်လုပ်ပေးဖြစ်ပြီး အမျှအတန်းပေးဝေဖြစ်လိုက်ပါသေးတယ်။

တကယ်လို့များ ဒိအဖြစ်အပျက်ကြောင့် ခင်ဗျားတို့ စိတ်ဝင်စားမိပြီး ကျုပ်အိမ်ကို လာကြည့်မယ်ဆိုရင်တော့…။

သူရူးဆရာ စည်းဝိုင်း ဝိုင်းထားခဲ့တဲ့ နေရာဆီမှာ ကျုပ်ကာရံပေးထားတဲ့ ရာဇမတ်ကွက် ဖြူဖြူလေးတွေနဲ့ ကျုပ်ကိုယ်တိုင် စိုက်ထူထားတဲ့ ‘ သင်္ခါပါရတံခါးနေရာ၊ မဝင်ရ’ ဆိုတဲ့ ဆိုင်းဘုတ်လေးကို အခန့်သား မြင်ကြရပါလိမ့်မယ်။

ပြီးပါပြီ။

နောင်ရိုး( ဆေးတပ်)