ဝဋ်ကြွေးဟုဆိုရမည်

သည်

ဤနေရာတွင် အောင်မိုး၏အကြောင်းကိုပြောရဦးမည်။
အောင်မိုးသည် ဤခြံဝိုင်းပိုင်ရှင်ဖြစ်သည်။
၎င်းသည် မျက်စိကွယ်၊ခြေထောက်လေဖြတ်ပြီး..အနာရောဂါထူပြောသည့်ကိုမြကြီးကို အိမ်မနောက်ဖက်ရှိ ဤနေရာ၌ တဲကလေးဆောက်ပေးကာ နေထိုင်စေခဲ့သူဖြစ်သည်။

ပြီးလျှင် တစ်ကိုယ်လုံးအနာစိမ်းတွေပေါက်..ပြည်တွေကျနေသည့်ကိုမြကြီးကို မရွံမရှာထမ်းပိုးပြီး လှည်းပေါ်သို့တင်ကာ
တတ်နိုင်သမျှအကုန်ကျခံ၍ဆေးခန်းသို့လိုက်ပို့ပေးခြင်း၊အနာတွေကိုလည်း ဖန်ရေဆေးပေးခြင်း၊လူမမာ၏ချေး သေး စသည်တို့ကိုသန့်ရှင်းရေးလုပ်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးနေသူဖြစ်သည်။

သို့သော် သူကလည်း သူ့မိသားစုနှင့်သူဖြစ်ကာ လယ်ထဲသို့လည်း ဆင်းနေရပြန်သည်မို့ ကိုမြကြီး၏ဝေယျာဝစ္စတွေကိုအချိန်ပြည့်လုပ်မပေးနိုင်ချေ။
ပြီး ထိုစဥ်က ကာဗစ်ကာလကြီးဖြစ်နေပြန်သည်မို့ စီးပွားရေးက အတော်ယိုင်နဲ့နေခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းတွင် ကိုမြကြီးကိုဆေးခန်းပြတာတွေရပ်နားထားလိုက်ပြီး အခြားဝေယျာဝစ္စတွေသာ ပြုလုပ်ပေးနိုင်လေတော့သည်။
အောင်မိုးလယ်ထဲဆင်းချိန်တွင် ကိုမြကြီးအခက်အခဲဖြစ်နေချိန်ဆိုလျှင် ဝင်းကိုက လာရောက်ကူညီပေးပြန်သည်။
ဝင်းကိုဆိုသူကတော့ အနည်းငယ်ဆင်းဆင်းရဲရဲဖြစ်သည်။

ပြီး ၎င်း၏အိမ်သည်ကိူမြကြီးနေထိုင်သည့်တဲနှင့်အနည်းငယ်သာခြားသည်။
သို့သော် သူလည်း မိသားစုစားဝတ်နေရေးအတွက်အချိန်ပြည့်လုံးပမ်းနေရသူမို့ ကိုမြကြီးကိုအချိန်ပြည့်ဂရုမစိုက်နိုင်ဘဲ အားလပ်ချိန်မှသာ လာရောက်ကူညီနိုင်လေသည်။

အိမ်တွင်သမီးတွေရှိသော်လည်း ကိုမြကြီး၏တဲသို့မသွားလိုကြပေ။
အဘယ်ကြောင့်ဆိုသော် ကိုမြကြီးသည် ရံဖန်ရံခါ၌အောက်ပိုင်းတွင်ပုဆိုးကင်းမဲ့လျက်ရှိနေသောကြောင့် အမျိုးသမီးငယ်တွေအတွက်သိပ်အဆင်မပြေလှချေ။
ရေနွေးအိုးတည်ပြီးသည့်နောက် ဝင်းကိုသည် ဇလုံထဲသို့လှယ်ထည့်ပြီး အနည်းငယ်နွေးအောင်ထားလိုက်သည်။

ပြီးနောက် အဝတ်သန့်သန့်တစ်ခုကိုယူကာ ကိုမြကြီး၏တဲထဲသို့ဝင်၍ အနာများကိုဖန်ရေဆေးပေးသည်။
ပြီးလျှင် ကြမ်းခင်းကိုဆေးကြော၊အိပ်ရာခင်းကိုသေချာလျှော် ၊ကိုမြကြီးအတွက် အဝတ်တစ်ထည်ပြန်လဲပေး စသည်တို့ကိုတရစပ်ပြုလုပ်ပေးသည်။
အားလုံးပြီးစီးသည့်နောက် ဝင်းကိုက
“ကဲ ကိုမြကြီး ကျုပ်လယ်ထဲသွားလိုက်ဦးမယ်။ညကျမှထပ်လာခဲ့မယ်”
“အေးပါကွာ”
ဝင်းကိုပြန်ထွက်သွားသည်။
ကိုမြကြီးလည်း အိပ်ရာထက်တွင်သာလှဲလျက်အနေအထားဖြင့်ကျန်ခဲ့သည်။
++++++++++++++++++++++
ရက်အနည်းငယ်ကြာလာခဲ့ပြီဖြစ်သည်။
တစ်ညနေတွင်တော့ မိုးကသည်းထန်စွာရွာလေသည်။
ယင်းအချိန်၌ ကိုမြကြီး၏
တဲပတ်လည်တွင်ငှက်ဆိုးတွေကတရစပ်ထိုးကြသလို၊ခွေးတွေကလည်းအူကြဟောင်ကြသည်။
ထို့အတူ တဲထဲမှ ကိုမြကြီးလည်းရောဂါကဖောက်လာသည်မို့ အဆက်မပြတ်အော်ဟစ်အကူအညီတောင်းနေလေသည်။
“ဝင်းကိုရေ လာပါဦး..ငါ့ကိုကူညီပါဦးကွာ..ဝင်းကိုရေ..ဝင်းကို”
ယင်းသို့အော်ဟစ်အကူအညီတောင်းရာ၌ ဝင်းကိုလည်း ရောက်လာသည်။
“ကိုမြကြီး.. ဘာဖြစ်လို့လဲ..ပြောလေ”
ဝင်းကိုကမေးသော်လည်း ကိုမြကြီးက မဖြေဘဲ တရစပ်အော်ခေါ်နေပြန်သည်။
“ဝင်းကိုရေ ဝင်းကို”
ဝင်းကို၏အမည်ကိုအော်ခေါ်ရင်းမှ အခြားအမည်တွေကိုခေါ်နေပြန်သည်။
“အောင်မိုး..အောင်မိုးရေ.. လာပါဦး..မင်းတို့ငါ့ကိုပစ်ထားကြတယ်။ဟိုဘက်ကအပျိုကြီး ဒေါ်မာမာ ..လာပါဦး နင်တို့ငါ့ကိုပစ်ထားကြတယ်။ငါမကျေနပ်ဘူး”
ယင်းအချိန်၌ အောင်မိုးလည်းရောက်လာပြီး အကျိုးအကြောင်းမေးပြန်သော်လည်း ကိုမြကြီးက ပြန်မဖြေဘဲ အမည်တွေကိုသာ တရစပ်အော်ခေါ်နေလေသည်။
ဝင်းကိုက
“ငါတော့စိတ်ညစ်တယ်အောင်မိုးရာ။သေခါနီးမို့ ကယောင်ကတန်းအော်နေတာလားမသိဘူး”ဟုပြောလေရာ အောင်မိုးက
“ငါကတော့စိတ်ညစ်ရုံတင်မကဘူး။ကြောက်တောင်ကြောက်လာပြီ”ဟုပြောလိုက်သည်။
ဟုတ်လည်းဟုတ်သည်။
မိုးတွေကရွာ၊ငှက်ဆိုးတွေကထိုး၊
၊ခွေးတွေကအူကြ၊ဟောင်ကြနှင့် လူမမာကိုမြကြီး၏အော်ဟစ်အကူအညီတောင်းသံတွေက ကြားရသူတွေအဖို့ ကြက်သီးထ
ကြောက်လန့်စရာပင်ဖြစ်နေသည်။
သို့ဖြင့် ညနေကတည်းက တရစပ်အော်ခေါ်နေသည့်ကိုမြကြီးသည် မနက်လေးနာရီလောက်ကျမှ လုံးဝငြိမ်သက်သွားလေတော့သည်။
ခေါ်သော်လည်းမထူးတော့ချေ။
ထိုအခါမှ အောင်မိုးက သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
“ဟင်း သေသွားပြီနဲ့တူတယ်..အင်းပေါ့လေ။သူလည်း ဝဋ်ကျွတ်သွားတာပေါ့”ဟုဆိုကာ နှစ်ယောက်သား အလွန်အမင်းနံစော်လျက်ရှိနေသည်မို့ ကိုမြကြီး၏အလောင်းကိုအသက်အောင့်ကာ
စောင်တွေနှင့်ပတ်ပေးလိုက်ကြသည်။
ပြီးနောက် ရွာလူကြီးကိုအကျိုးအကြောင်းသွားပြောကြသည်။
ထိုအခါရွာလူကြီးလည်း ကိုဗစ်ကာလမို့ အလောင်းကိုချက်ချင်းသင်္ဂြိုဟ်လိုသောကြောင့် ဆရာတော်ကိုပင့်ကာ အားချင်းစီစဥ်လေသည်။
ဆရာတော်ရောက်လာသည့်အခါတွင်တော့
တရားမနာခင် အလောင်းထည့်ရန်အတွက်အခေါင်းကိုရိုက်ကြသည်။
ပြီးနောက် အလောင်းကိုအခေါင်းထဲသို့ထည့်ရန်အတွက်မ မည်ပြုကြစဥ် အလောင်းက ငုတ်တုတ်ကြီးထိုင်နေသည်ကိုတွေ့လိုက်ကြရသည်။
“အား..”
“အမလေး”
အားလုံးထိတ်လန့်ကာ ဝရုန်းသုန်းကားဖြစ်သွားကြသည်။
ယင်းအခိုက်တွင် ကိုမြကြီးက
“နင်တို့က ဘာလုပ်နေကြတာလဲ။ငါသေပြီဆိုပြီး လုပ်နေကြတာလား.. ငါမသေသေးဘူး..အသက်ရှိသေးတယ်။နင်တို့ကလုပ်ချင်တာလုပ်နေတော့တာပဲ”
ယင်းသို့ပြောရင်းဖြင့်ငိုပြန်သည်။
“အီးဟီးဟီး.. နင်တို့ကငါ့ကိုပြုစုရတယ်ဆိုတော့ ငြီးငွေ့နေကြပြီပေါ့။မြန်မြန်သေစေချင်ကြပြီပေါ့။အေးပေါ့လေ။ငါလည်းကြာကြာမနေရတော့ပါဘူး အီးဟီးဟီး ”
မထင်မှတ်သည့်ဤအဖြစ်အပျက်ကြောင့် လူတွေကလည်း ငိုအားထက်ရယ်အားသန်သွားကြရတော့သည်။
ထို့နောက် အောင်မိုးက
“မဟုတ်ပါဘူးကိုမြကြီးရယ်။ကျုပ်တို့ကခင်ဗျားတကယ်သေသွားတယ်မှတ်လို့ပါဗျာ”
“နင်တို့ငါ့ကိုတကယ်သေစေချင်နေတာငါသိပါတယ်ဟာ..အီးဟီးဟီး ”
ကိုမြကြီး ငိုနေခိုက်တွင် ဆရာတော်ကြီးက
“သူတို့လည်းတကယ်မသိလို့ပါဒကာမြကြီးရယ် ခွင့်လွှတ်လိုက်ပါ ”
ယင်းသို့မိန့်ကြားပြီးနောက်
“ကဲကဲ ရောက်တုန်းတော့ တရားနာလိုက်ကြပေါ့”
ဟုမိန့်ကြားလိုက်ရာ ကိုမြကြီးလည်း
“အင်းပေါ့ မသေခင်လေးတော့တရားနာလိုက်ပါမယ်”ဟုဆိုကာ ထိုနေရာ၌ပင်ငုတ်တုတ်ထိုင်ရင်း တရားနာလေသည်။
ယင်းအချိန်၌မိုးကလည်းတိတ်နေပြီဖြစ်သည်။
တရားဟောပြီးပြီမို့ဆရာတော်ကြီးလည်းပြန်ကြွသွားသည်။
ထိုအခါမှရွာလူကြီးက
“ကဲ မြကြီးမသေဘူးဆိုပေမယ့်လည်း အခေါင်းကိုဒီအတိုင်းထားလိုက်ပါဦး။သိပ်လည်းကြာမယ်မထင်ပါဘူး”ဟုပြောလေရာ အောင်မိုးတို့လည်း ထိုအခေါင်းကို တဲဘေးတွင်သာကပ်ထားလိုက်ကြတော့သည်။
+++++++++++++++++++++++++
ယင်းသို့ဖြစ်ပြီး နောက်တစ်နေ့ရောက်သောအခါ၌ကိုမြကြီးသည် တရစပ်အော်နေပြန်သည်။
“အောင်မိုးရေ.. လာပါဦး..ငါ့ကိုကယ်ပါဦး..အောင်မိုးရေ..”
အောင်မိုးကိုခေါ်ပြီးနောက် ဝင်းကို ကိုလည်းမနားတမ်းခေါ်နေပြန်သည်။
“ဝင်းကိုရေ ဝင်းကို လာပါဦး..ငါ့ကိုကယ်ပါဦး..”
တဖန်.. ခြံရှေ့မှလူတွေကိုလည်း အော်ခေါ်နေပြန်သည်။
“ဒေါ်စိန်တင်ရေ..လာပါဦး..အပျိုကြီးမသင်းခိုင်ရေ…ငါ့ကိုလာကယ်ပါဦး..”
ယင်းသို့အော်ဟစ်အကူအညီတောင်းပြီးငိုယိုနေလေရာ စိတ်မချမ်းသာသည့်ပတ်ဝန်းကျင်မှလူတွေလည်းကိုမြကြီးဆီသို့သွားကြသည်။
တဲထဲသို့ရောက်တော့ ကိုမြကြီးက
“လာပါဦးဟ..နင်တို့အသားလေးတွေထိရရုံနဲ့ငါကျေနပ်နေပါပြီ”ဟုဆိုကာ လက်မောင်းတွေကိုကိုင်လေ့ရှိသည်။
သို့သော် ၎င်း၏ကိုယ်မှ အလွန်နံစော်လျက်ရှိနေသည်မို့ မည်သူမှကြာကြာမနေဘဲ ပြန်ထွက်သွားတတ်ကြသည်။
သို့ဖြင့်သုံးရက်ခန့်ကြာလာခဲ့သည်။
လူမမာကိုမြကြီးသည် အစာလည်းမစား၊ရေလည်းမသောက်ဘဲ ထိုမျှအထိအသက်ရှင်နေသည်မို့ အားလုံးက ဖုတ် သရဲဝင်ပူးလေသလားအဘယ့်ကြောင့်နည်းဟူ၍
သို့လောသို့လောဖြစ်နေကြသည်။
တစ်ရက်သောညနေခင်းတွင်တော့ ကိုမြကြီး၏တဲပတ်ပတ်လည်တွင်ငှက်ဆိုးထိုးသံတွေကဆူညံလျက်ရှိနေပြီး ခွေးတွေကလည်း အူကြဟောင်ကြပြန်သည်။
ကိုမြကြီးကလည်းတရစပ် အော်ဟစ်နေပြန်သည်။
“လာကြပါဦး။ကယ်ကြပါဦး။ငါမသေသေးဘူး။ငါ့ကိုပစ်ထားကြတယ်။အစာလေးတောင်လာမကျွေးကြဘူး။ရေလေးတောင်လာမတိုက်ကြဘူး။နင်တို့ကိုမကျေနပ်ဘူး။ငါတိုင်မယ်..တစ်ရွာလုံးကိုငါမကျေနပ်ဘူး”
ဟုအော်ဟစ်ပြောဆိုနေရင်း ငိုလိုက်ရယ်လိုက်လုပ်နေလေသည်။
အချို့ကလည်းသနားသဖြင့် အစားအသောက်များကိုယူကာ ကိုမြကြီးဆီသို့သွားကြသည်။
သို့သော် ထိုအစားအသောက်တွေကို ကိုမြကြီးက မစားချေ။
ထို့အပြင် တစ်ညလုံးလိုလိုငှက်ဆိုးတွေကထိုးလိုက်၊ခွေးတွေကအူလိုက်၊ကိုမြကြီးက
မရပ်မနားအော်လိုက်မို့မည်သူမှကောင်းစွာမအိပ်စက်ရချေ။
သို့ဖြင်ညနေကတည်းက အော်ဟစ်နေသည့်ကိုမြကြီးသည် မနက်လေးနာရီခန့်ကျမှ ငြိမ်ကျသွားသည်။
ထိုအခါမှ အားလုံးလည်း ပြိုင်တူမှတ်ချက်ပြုကြသည်။
“အင်း..ဒီတစ်ခါတော့တကယ်​ေဥွားပြီထင်ပါရဲ့”
သို့သော် ပြီးခဲ့သည့်တစ်ခေါက်ကလိုဖြစ်မည်စိုးသောကြောင့် တကယ်သေဆုံးခြင်းဟုတ်မဟုတ်..သေသေချာချာစစ်ကြသေးသည်။
တကယ်သေချာတော့မှသာ သင်္ဂြိုဟ်ဖို့စီစဥ်ကြသည်။
ဤနေရာတွင် ကိုမြကြီး၏အလောင်းသည်
အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်နေသည်ကိုတွေ့ရသည်။
ခန္ဓာကိုယ်က အရိုးပေါ်အရေတင်နေပြီး
ပါးပြင်နှစ်ဖက်လည်း အတွင်းဘက်သို့အလွန်အမင်းချိုင့်ဝင်လျက်ရှိနေသလို၊မျက်လုံးနှစ်လုံးကလည်း အအြင်ဘက်သို့ ငေါထွက်နေသည်။
ထို့အပြင် သွားတွေကိုလည်းခပ်တင်းတင်းကြိတ်ထားလေသည်။
ထို့နောက် မနက်အရုဏ်လင်းသည်နှင့်တပြိုင်နက်အလောင်းကို အခေါင်းထဲသို့ထည့်ကာ ရွာအပြင်သယ်၍ မီးသင်္ဂြိုဟ်လိုက်ကြတော့သည်။
ကိုမြကြီးမွေးထားသည့်ခွေးမကြီးကလည်း သင်္ချိုင်းအထိလိုက်လာပြီး..အလောင်းကိုမီးသင်္ဂြိုဟ်ပြီးသည့်အခါမှ ရွာထဲသို့ပြန်ဝင်သွားသည်။
သခင်အပေါ်၌အလွန်သိတတ်လိမ္မာသည့်ခွေးမကြီးရယ်ပင်။
အလောင်းသင်္ဂြိုဟ်ပြီးရက်လည်ဆွမ်းသွပ်ရာတွင် အားလုံး၏သဘောတူညီမှုအရ
သင်္ချိုင်းတွင်သာဆွမ်းသွပ်ကြသည်။
ယင်းကိစ္စတွေပြီးစီးသည့်နောက်ကိုမြကြီး နေထိုင်ခဲ့သည့်တဲထဲမှ ကောင်းရာနိုးနိုးပစ္စည်းတွေကို ဆွေမျိုးတွေကလာကြသည်။
အားလုံးကုန်သလောက်ဖြစ်သွားတော့မှ တဲကိုဖျက်ပြီး ပိုးသတ်ဆေးတွေဖြန်းကာမီးရှို့ပစ်လိုက်ကြသည်။
ပြီး..ကိုမြကြီး သက်ရှိစဥ်က အနီးကပ်နေလေသည့်ခွေးမကြီးကိုလည်းမောင်းထုတ်လိုက်ကြသည်။
သို့သော် ခွေးမကြီးကလည်းမောင်းထုတ်လည်းခဏသာထွက်သွားသည်။
ပြီးလျှင် သခင်နေထိုင်ခဲ့သည့်နေရာကိုသာပြန်ရောက်လာလေတော့သည်။
++++++++++++++++++++++++++
ည။ဝင်းကို၏ဇနီးအေးပွင့်သည်အပေါ့အပါးသွားရန်အတွက်ထွက်လာခဲ့သည်။
သို့ဖြင့်အိမ်သာအနားသို့ရောက်လာခိုက်တွင်
“အဟမ်း”
ချောင်းဟန့်သံကြောင့် အေးပွင့်လည်း အသံလာရာဖြစ်သည့် ကိုမြကြီး၏ယခင်နေထိုင်ခဲ့သည့်နေရာသို့လှမ်းကြည့်လိုက်ရာ သစ်ငုတ်တိုပေါ်၌ ဆေးပေါ့လိပ်ဖွာနေသည့် ၎င်းကိုတွေ့လိုက်ရသည်။
“ဟယ် ဒုက္ခပါပဲ ကိုမြကြီးတော့ငါ့ကိုခြောက်နေပြီ”
ယင်းသို့ရေရွတ်ပြီးပြီးသည့်နောက်
“အမလေးကိုမြကြီးရယ်။ကျွန်မကိုမခြောက်ပါနဲ့”ဟုအော်ဟစ်ပြောဆိုကာ အိမ်ဘက်သို့ပြန်ပြေးလာခဲ့သည်။
အိမ်ပေါ်သို့ရောက်တော့ ဝင်းကိုအား အကျိုးအကြောင်း​ပြောပြလေရာ ဝင်းကိုက
“နင်ကလည်း ဘာမှကြောက်စရာမရှိပါဘူး။ခြောက်လှန့်တယ်ဆိုပေမယ့် လူကိုဘာမှမလုပ်နိုင်ပါဘူးဟ”
ယင်းသို့ပြောသော်လည်း အေးပွင့်ခမျာ နောက်နောင်တွင် ညဘက်ဆို အိမ်နောက်ဖေးဘက်သို့မသွားရဲတော့ချေ။
တစ်ညတွင်တော့ အောင်မိုးသည် ဝင်းကို၏အိမ်သို့ရောက်လာကာ စကားသမြည်ပြောလေသည်။
ယင်းသို့ပြောရင်းမှ ကိုမြကြီးနေခဲ့သည့်နေရာသို့လှမ်းကြည့်လိုက်ရာ သစ်ငုတ်တိုပေါ်၌ ဆေးပေါ့လိပ်သောက်နေသည့်လူတစ်ယောက်ကိုတွေ့နေရသည်။
“ဟား..ကိုမြကြီးတော့ခြောက်ပြီထင်တယ်”ဟုဆိုကာ ဓာတ်မီးဖြင့်ဆတ်ခနဲထိုးကြည့်လိုက်ရာ ခွေးမကြီးဖြစ်နေသည်ကိုတွေ့ရသည်။
လှည့်စားသွားလေသလား..ဘာလားဆိုတာ အောင်မိုးတို့လည်းမစဥ်းစားတတ်တော့ချေ။
သို့သော်လည်းခွေးမကြီးကိုသနားသဖြင့်လှမ်းခေါ်ကာ အစာကျွေးသည်။
ခွေးမကြီးကလည်း စားပြီးသည့်နောက် ထိုသစ်ငုတ်တိုပေါ်တွင်သာပြန်ထိုင်လေသည်။
သခင်ကိုလွမ်းနေတာလည်းဖြစ်ကောင်းဖြစ်လိမ့်မည်။
ဝင်းကိုတို့က အိမ်တွင်ခေါ်ထားသော်လည်းမနေချေ။
ထိုသစ်ငုတ်တိုပေါ်တွင်သာမချိန်ပြည့်ရှိနေလေသည်။
++++++++++++++++++++++++++++++
“ပဲပြုတ်…”
မနက်လေးနာရီ ထိုးသည်နှင့်တပြိုင်နက် ပဲပြုတ်သည်အမျိုးသမီးကြီးသည် ပဲပြုတ်တောင်းကိုရွက်ကာ ရွာထဲသို့လှည့်လည်အော်ဟစ်ရောင်းချနေလေသည်။
တစ်နေရာသို့အရောက်တွင် သူမ၏စိတ်ထဲမသင်္ကါသဖြင့်ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်ရာ ကိုမြကြီးကိုတွေ့လိုက်ရသည်။
ကိုမြကြီးက
“ပဲပြုတ်သည် လာဦး”
ယင်းသို့လက်ယက်ပြီးခေါ်တော့ ပဲပြုတ်သည်က
“ဟဲ့ နင်က သေပြီးသားလူ။နင့်ကိုငါမရောင်းဘူး”
ပြောပြီးရှေ့ဆက်လျှောက်လာရာ ကိုမြကြီးကလည်းအနောက်မှလိုက်လာလေသည်။
ထိုအခါပဲပြုတ်သည်လည်း တစ်ချက်လှည့်ကြည့်မိပြီး”အမလေးတော့”ဟုအော်ဟစ်ပြီး ပြေးလေရာ ချော်လဲပြီး ပဲပြုတ်တောင်းမှောက်ကျလေတော့သည်။
ထိုအခိုက်တွင် အိမ်ထဲမှလူတွေလည်းအသီးသီးထွက်လာကြပြီးအကျိုးအကြောင်းမေးရာ၌ အဖြစ်မှန်ကို သိရတော့ ငိုအားထက်ရယ်အားသန်ရတော့သည်။
သို့သော်လည်း ပဲပြုတ်သည်ခမျာ
အရင်းပြုတ်သွားပြီမို့..၎င်းဆို့လည်း
အကုန်စုပေါင်းပြီး အရင်းပြန်တည်ပေးလိုက်ကြတော့သည်။
နောက်တစ်နေ့ မနက်တွင်လည်း ထိုအမျိုးသမီးကြီးသည်ပဲပြုတ်ထွက်ရောင်းရာ၌ အောင်မိုး( ကိုမြကြီးနေထိုင်ခဲ့သည့်) ခြံရှေ့သို့ရောက်တော့ လှမ်းကြည့်လိုက်ရာ ဝါးရုံပင်တွေအောက်ရှိသစ်ငုတ်တိုပေါ်၌ထိုင်နေသည့် ကိုမြကြီးကိုတွေ့လိုက်ရသည်။
သည်တစ်ခါတော့ သူမက
“ကဲ မြကြီးရေ။နင်စားချင်တယ်ဆိုတော့ ငါထုပ်လာခဲ့ပါတယ်။ငါ့ကိုတော့မနှောင့်ယှက်ပါနဲ့ဟယ်”
ယင်းသို့ပြောပြီး အသင့်ထုပ်ထားသည့်ပဲပြုတ်ထုပ်လေးကိုလမ်းဘေးတွင်ချထားပေးပြီး ဆက်လျှောက်လာခဲ့တော့သည်။
++++++++++++++++++++++++
ကိုဗစ်ကာလရောက်တော့ ရန်ကုန်မှကုမ္ပဏီလည်းပိတ်ထားသည်မို့ ကျွန်တော်သည် ဇနီးဖြစ်သူ၏ရွာသို့လိုက်ပါနေထိုင်
ခဲ့သည်။
ယောက္ခမ၏အိမ်နှင့်မျက်စောင်းထိုးမှ လူတစ်ယောက်၏အချိန်ပြည့်အော်ညည်းသံကြောင့်ကျွန်တော်လည်း မေးမြန်းကြည့်ရလေသည်။
ယောက္ခမက
“အဲဒီလူမမာနာမည်က မြကြီးတဲ့။(ထိုစဥ်က ကိုမြကြီးမကွယ်လွန်သေးပါ)
ခြံဝိုင်းပိုင်ရှင်က အောင်မိုးလေ..မြကြီးဒုက္ခရောက်နေတာကိုမကြည့်ရက်လို့ နောက်ဖေးဘက်မှာ ထားပေးထားတာ”
“သြော်..ကိုမြကြီးမှာ ဆွေမျိုးတွေမရှိဘူးလား”
“ရှိတယ်။ဒါပေမယ့် ဘယ်သူမှလာမကြည့်ကြဘူး။မြကြီးကလည်း ဝဋ်ကြွေးတွေဆပ်နေရတယ်ထင်ပါတယ်။
သူကအသက်လေးဆယ်ရှိနေပြီ။လူပျိုကြီး။အရင်က လယ်စာရင်းငှားလုပ်တာ။ငွေလည်းတော်တော်စုမိတယ်။ကိုယ်ပိုင်အိမ်နဲ့ဝိုင်းနဲ့တင့်တောင့်တင့်တယ်နေနိုင်ခဲ့တာ။
လူကအရမ်းနုံလွန်းတော့ ဆွေမျိုးတွေက သူ့ဆီကနေ ပိုက်ဆံတွေချေးကြတယ်။ပြန်လည်းမဆပ်ကြဘူး။
အဲ မြကြီးက စိတ်ရင်စလေးကောင်းပေမယ့် သူ့မှာစရိုက်တစ်ခုရှိတယ်။အဲဒါက ဖားသတ်ငါးသတ်တာကိုအရမ်းဝါသနာပါတာ။
ဖားတွေငါးတွေကိုသတ်ရင်တောင် ရိုးရိုးမသတ်ဘူး။မျက်လုံးတွေကိုအရင်ဆုံး
ကလော်ထုတ်ပစ်တာ။
မျက်လုံးတွေကိုသူအူယားလို့တဲ့။အဲဒါကြောင့်သူအခုလိုမျက်စိကန်းနေရတာထင်ပါတယ်။
မျက်လုံးကိုကလော်ထုတ်ပြီးရင် သူကအဲဒီဖားတွေကို ကိုင်ပေါက်ပစ်တာ။ဟော..နောက်ပိုင်းတော့ သူရောဂါတွေဖြစ်လာတာပဲ။အနာစိမ်းတွေပေါက်တယ်။မျက်လုံးတွေက ကန်းတယ်။ခြေထောက်နှစ်ဖက်စလုံးလည်းလေဖြတ်ထားတယ်။
ဒီတော့ သူဆွေမျိုးတွေက အိမ်ပေါ်တက်ပြီး ပစ္စည်းတွေကို စိတ်ကြိုက်မွှေကြ။ယူကြတာပေါ့။
မြကြီးကလည်း အဲဒီအိမ်ကြီးပေါ်မှာ ပက်လက်ကြီး။ထမင်းကျွေးမယ့်လူလည်းမရှိ။ရေတိုက်မယ့်လူလည်းမရှိ။လူကလည်းမလှုပ်နိုင်။ချေးတွေသေးတွေကလည်း အိပ်ရာခင်းမှာပေကျံနေတာ။ဘယ်သူမှလာလုပ်မပေးကြဘူး။ဒါနဲ့ပဲ အောင်မိုးကသနားတာနဲ့ မြကြီးဆီကိုသွားပြီး ဝေယျာဝစ္စတွေလုပ်လုပ်ပေးပါတယ်။
မြကြီးရဲ့အမျိုးတွေကလည်း တော်တော်ဆိုးဆိုးပဲ။မြကြီးရဲ့အိမ်ကိုပါ အပိုင်သိမ်းကြတော့တာ။
ဒါနဲ့ပဲနေစရာမရှိတော့ အောင်မိုးကပဲ
မြကြီးကိုရွှေ့ပြောင်းပြီးသူ့အိမ်နောက်ဖေးဘက်မှာ တဲလေးထိုးပေးပြီး နေခိုင်းထားတာ။ တတ်နိုင်သလောက် ဆေးခန်းတွေလည်းပြပေးပါတယ်။
ဒါပေမယ့်အခုငါ့သားကြားနေရတဲ့အတိုင်းပဲ။မြကြီးက မသက်သာဘူး။သူ့ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကိုရောက်တော့မယ်ထင်ပါရဲ့”
ဒါကျွန်တော့်ယောက္ခမကြီး ပြောပြသည့် လူမမာကိုမြကြီးအကြောင်းပဲဖြစ်သည်။
++++++++++++++++++++++
ကွယ်လွန်သွားခဲ့သည့် ကိုမြကြီး၏ခြောက်လှန့်မှုတွေက တစ်နေ့တစ်နေ့ပိုဆိုးလာသည်။
ညနေလယ်ခင်းမှပြန်လာသည့်လူတွေကို ကိုယ်ထင်ပြခြောက်လှန့်သလို၊၎င်းနေထိုင်ခဲ့သည့် ဝါးရုံတောလေးထဲတွင်လည်း ဝါးပင်များကိုချိုးပြ၊ကိုင်းများကိုလှုပ်ပြ..စသည်တို့ကိုရွာသားများမှာနေ့စဥ်မြင်တွေ့နေရသည်။
နောက်ပိုင်းတွင်တော့ ရွာလူကြီးက
“ကဲ ဒီအတိုင်းဆိုရင်တော့ ရွာတော့နာတော့မှာပဲ။ကမ္မဝါရွတ်ဖတ်ပြီး နှင်မှရတော့မယ်”ဟုဆိုကာ ဆရာတော်တွေကိုပင့်ပြီး ရွာလမ်းမပေါ်၌ကမ္မဝါရွတ်ဖတ်ကြသည်။
တစ်ဖန်..ကိုမြကြီးနောက်ဆုံးနေထိုင်ခဲ့သည့် အနောက်ဘက်ဝါးရုံတောလေးထဲတွင်လည်း ကမ္မဝါရွတ်ဖတ်ကြပြန်သည်။
ပြီး..ပရိတ်ရေမန်း စသည်တို့ကိုလည်းပက်ဖျန်းကြသည်။
ထိုအခါမှ ကိုမြကြီး၏ ခြောက်လှန့်မှုတွေက အပြီးတိုင်ပျောက်ကွယ်သွားတော့သည်။
သို့သော် ကိုမြကြီးမွေးခဲ့သည့်ခွေးမကြီးကမူ ထိုနေရာ၌သာနေရှာလေသည်။
အချို့ကသနားသဖြင့်အိမ်၌ခေါ်မွေးလိုသော်လည်း မလိုက်ချေ။
အစာခေါ်ကျွေးလျှင်တော့ လာစားသည်။
ပြီးလျှင် ထိုနေရာလေး၌သာပြန်နေသည်။
ယင်းမှာ ကျွန်တော်တို့လင်မယားနှစ်ယောက် ရန်ကုန်သို့မပြန်ခင်အချိန်ထိဤအတိုင်းမြင်တွေ့နေရခြင်းဖြစ်ပါတော့သည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
ဤအဖြစ်အပျက်အားပြန်လည်ပြောပြသည့်လုပ်ငန်းခွင်မှတာဝန်ခံအားကျေးဇူးတင်ပါသည်။
ကျန်းမာရေးကြောင့် မန့်တွေကိုမပြန်နိုင်ရင်လည်း နားလည်ပေးကြပါခင်ဗျာ။