အင်းအတိုက်

နေအိမ်ရောက်တော့
ဒေါ်ရွှေကြည်နဲ့ဦးမောင်မြတို့လင်မယားနဲ့အတူ
သားနှစ်ယောက်၊ချွေးမနှစ်ယောက်ရယ်ကလည်း
ဘွားမယ်စိန်တို့ကိုဝမ်းသာအားရပင်ကြိုဆိုကြ၏။
သားနှစ်ယောက်နဲ့ချွေးမနှစ်ယောက်ကတော့
အချင်းချင်းကြည်ပုံမရသော်လည်း
ဘွားမယ်စိန်ကိုတော့အားကိုးကြပုံရ၏။
“ဘွား…ဒါကျုပ်သားအကြီးနဲ့သူ့မိန်းမ…
ဒါကအငယ်ကောင်နဲ့သူ့မိန်းမပါ…”
ဟု…ဒေါ်ရွှေကြည်ကဘွားမယ်စိန်ကို
မိတ်ဆက်ပေးလေသည်။
“ကဲ…ဘယ်လိုတွေဖြစ်ကြတာလဲ…
မျက်နှာတွေကလည်းမကြည်မလင်နဲ့ပါလား…”
ဟုဘွားမယ်စိန်ကဆိုလေတော့ ဒေါ်ရွှေကြည်မှ…
“ဘွားကိုကျုပ်ပြောပါရဲ့…
အိမ်သားတွေလည်း အကြောင်းမဟုတ်တာလေးနဲ့
ရန်တွေဖြစ်နေကြတယ်ဆိုတာလေ…”
ဟု…ပြောသောဒေါ်ရွှေကြည်စကားကို
ဘွားမယ်စိန်ကခေါင်းလေးညိတ်လိုက်ရင်း…
“အင်း…ဒါဆိုဘွားဒီအိမ်ကိုသေချာစစ်ကြည့်ပေးမယ်…
ဆန်ကိုပန်ကန်းပြားထဲထည့်ပြီးယူလာပေး…
ဆန်မန်းနဲ့အရင်ဆုံးပတ်ကြည့်ဦးမယ်အေ့…”
“ဟုတ်ကဲ့ဘွား…”
ဒေါ်ရွှေကြည်ကဆန်များအပြည့်ထည့်ထားသော
ပန်းကန်တစ်ချပ်ကိုဘွားမယ်စိန်ကိုပေး၏။
“အိမ်တံခါးတွေအကုန်ဖွင့်ထားပေးကြ….
ပရိတ်ကြိုးတွေအိမ်ပတ်ပတ်လည်မှာ ချည်ထားမိရင်လည်း
ဖြုတ်ပေးကြဦးကွဲ့…”
ဟု…ဘွားမယ်စိန်ကမှာကြားလေတော့ ဒေါ်ရွှေကြည်၏
သားနှစ်ယောက်က ချက်ချင်းပင်ပြတင်းတံခါးများကို
ဖွင့်လို့ထားပေးကြ၏။
ဘွားမယ်စိန်ကဆန်ပန်းကန်ကိုကိုင်ကာမန်းမှုတ်လေသည်။
မောင်တိုးကတော့ဘွားမယ်စိန်၏အနောက်၌
ရပ်ကာကြည့်နေသည်။
ယခုတစ်ခေါက်မောင်အုန်းလိုက်ပါမလာနိုင်ပေ။
အကြောင်းက မောင်အုန်းမှာမိဘများနဲ့အတူ
မြို့သို့စျေးဝယ်လိုက်သွားခြင်းကြောင့်ပင်။
ဘွားမယ်စိန်မန်းမှုတ်ပြီးလေတော့ အိမ်အပေါ်ထပ်မှစ၍
မန်းထားသောဆန်များကိုပစ်ကြဲတော့၏။
အပေါ်ထပ်၌
တစ်ခန်းဝင်တစ်ခန်းထွက်ပစ်ကြဲပြီး၍
အောက်ထပ်သို့ဆင်းလာကာနေရာလွတ်မကျန်
ဆန်မန်းများကိုပစ်ကြဲလေသည်။
အိမ်တစ်ခုလုံးဆန်မန်းများကြဲပြီးလေတော့…
“အိမ်ထဲမှာတော့ဘာအတိုက်..ဘာပယောဂမှာမရှိဘူးကွဲ့…
ဒီတော့ခြံဝိုင်းထဲမှာဆက်ရှာကြတာပေါ့…”
ဘွားမယ်စိန်ကအောက်ထပ်ဧည့်ခန်းမှာထားခဲ့သော
သူ၏တောင်ဝှေးကြီးကိုယူလိုက်သည်။
ပြီးနောက်ဆန်မန်းပန်းကန်ကိုမောင်တိုးကိုပေး၍
ခြံဝိုင်းထဲသို့တောင်ဝှေးကြီးကိုထောက်၍
ဆင်းလျှောက်လာခဲ့၏။
ဒေါ်ရွှေကြည်တို့မိသားစုကဘွားမယ်စိန်နှင့်
မလှမ်းမကမ်းမှလိုက်ကြည့်ကြသည်။
ဒေါ်ရွှေကြည်တို့ခြံဝိုင်းကအတော်ကျယ်လှသည်။
ခြံကျယ်ကြီးကိုကြည့်နေရင်းမှ ဘွားမယ်စိန်သည်
မောင်တိုးထံမှ ဆန်မန်းတစ်ဆုပ်ကိုလှမ်း၍ယူလိုက်ပြီး…
“ဥုံ………………”
ဟု…အစချီ၍ဂါထာမန်းပြန်သည်။
မန်း၍ပြီးလေတော့ ထိုမန်းထားသောဆန်မန်းများကို
မြေပေါ်သို့ပစ်ကြဲကာချလိုက်၏။
ထိုအချိန်ခဏအတွင်းမောင်တိုးတင်မက ဒေါ်ရွှေကြည်တို့မိသားစုပါ အလွန်အံ့သြသွားကြရသည်။
အကြောင်းကဘွားမယ်စိန်ပစ်ကြဲလိုက်သော
ဆန်မန်းများသည် တရွေ့ရွေ့ဖြင့်တစ်စုတစ်စည်းထဲ
နေရာတစ်ခုဆီကိုရွေ့လျားသွားနေသောကြောင့်ပင်။
ဆန်များနောက်ကိုဘွားမယ်စိန်က
တောင်ဝှေးကြီးထောက်၍လိုက်သွားသည်။
မောင်တိုးနဲ့ဒေါ်ရွှေကြည်တို့မိသားစုကလည်း
ဘွားမယ်စိန်၏အနောက်မှလိုက်၍သွားကြ၏။
ဆန်များကခြံထောင့်တစ်နေရာရှိ
ငှက်ပျောပင်အုပ်ဆီကို
တန်းမတ်စွာပင်သွားလာနေခဲ့သည်။
ငှက်ပျောပင်များရှေ့သို့ရောက်မှ ဆန်များကရပ်တန့်၍
သွားသည်ကြောင့်…
“ဆန်တွေရှိတဲ့နေရာကိုတူးကြည့်လိုက်တော့…”
ဟု…ခိုင်းတော့ ဒေါ်ရွှေကြည်သားနှစ်​ယောက်က
အိမ်ထဲသို့ပေါက်တူးများပြေးကာယူကြသည်။
ပေါက်တူးယူပြီးမှမြေကိုတူးလေတော့…
“ခပ်ဖွဖွပဲတူး…”
ဟု…ဘွားမယ်စိန်ကခိုင်းတော့ပေါက်တူးများကိုချ၍
လက်ဖြင့်ယက်ကာဖော်ကြတော့သည်။
မြေလေးအသာဖော်ယုံမျှရှိသေး အဝတ်စုတ်တစ်ခုနဲ့အတူ
အင်းပြားတစ်ချပ်ကိုတွေ့ရှိခဲ့ကြ၏။
အင်းပြားကိုဘွားမယ်စိန်အားပေးလိုက်လေတော့…
“ဒီအင်းက ဒီမိသားစုကိုတိုက်ထားတဲ့အင်းပဲကွဲ့…”
ဟု…ပြောလေသောအခါ ဒေါ်ရွှေကြည်မှာ…
“ကျုပ်ထင်သလိုဖြစ်နေပါလားဘွားရယ်…
ကျုပ်တို့ဘယ်လိုလုပ်ရပါ့တော်…”
ဟုပြောလေတော့…
“မနာလိုလို့တိုက်ထားတဲ့အင်းမလို့…
ဘွားဖျက်ဆီးပေးပါ့မယ်…”
“ကူညီပေးပါဦးဘွားရယ်…
ကျုပ်တို့သူများအပေါ်လည်းမဟုတ်မမှန်တာမလုပ်ဖူးသလို…
ဒီလိုကိစ္စမျိုးတွေလည်းမကြုံဖူးပါဘူးတော်…”
“အေးပါအေ…ဘွားစီရင်ပေးပါ့မယ်
ဘာမှစိတ်မပူလေနဲ့တော့…”
ဘွားမယ်စိန်ပြောသောစကားကြောင့်
ဒေါ်ရွှေကြည်စိတ်အေးသွားခဲ့သည်။
ဘွားမယ်စိန်နဲ့တူးဖော်ရရှိခဲ့သည့်အင်းပြားနဲ့
အဝတ်စုတ်တို့ကိုမီးရှို့၍ဖျက်စီးပစ်၏။
ပြီးနောက်ဒေါ်ရွှေကြည်တို့အိမ်၏
ဘုရားခန်း၌ အားလုံးကိုစုဝေးထိုင်စေပြီး…
“ရွှေကြည်…”
“ရှင် ဘွား…”
“ရော့…ဒီအမွှေးတိုင်တွေကိုယူ…”
“ဟုတ်ကဲ့…”
ဘွားမယ်စိန်ပေးသောအမွှေးတိုင်များကိုဒေါ်ရွှေကြည်က
ရိုသေစွာလှမ်းလို့ယူသည်။
“ဒီအမွှေးတိုင်ကိုအိမ်သားတိုင်း
ညရောက်လို့ဘုရားကန်တော့ရင်အလှည့်ကျထွန်းကြ…
ညည်းကိုယ်တိုင်သူတို့ခေါင်းအစ​ခြေအဆုံးက်ို
သူတို့ထွန်းမယ့်အမွှေးတိုင်နဲ့သပ်ချပေးပြီး
ဒီကလေးဆီမှာရှိတဲ့မကောင်းတဲ့အတိုက်မကောင်းတဲ့အရာများအားလုံးဤအမွှေးတိုင်လောင်ကျွမ်းသကဲ့သို့
လောင်ကျွမ်းပျက်စီးပါစေသား လို့ရွတ်ဆိုပေးအေ့…”
“ဟုတ်ကဲ့…ဒါတင်ပဲလားဘွား”
“အင်း…ညည်းတို့အဲ့သည်လိုလုပ်ပြီးရင်
ကိုယ့်ရပ်ရွာထဲကလူတွေကိုသတိထားကြည့်ပေတော့
ညည်းတို့အပေါ်မကောင်းတာလုပ်ထားတဲ့မိသားစု
သိသိသာသာကြီးပေါ်လာလိမ့်မယ်…”
“အမယ်လေး…ဒီလိုသာဆိုရင်တော့ကျုပ်တို့အတွက်
အကျိုးရှိတာပေါ့ဘွားရယ်…”
“အေး…ဒါပေမယ့်…လာပြီး​တောင်းပန်ရင်လည်း
ခွင့်လွှတ်ပေးလိုက်ကြအေ့…
အင်းကလူအသတ်ကိုသေစေတဲ့အထိတော့
မပြင်းဘူးရွှေကြည်ရဲ့…”
“ဟုတ်ကဲ့ဘွား…ကျုပ်တို့အိမ်မှာဖြစ်နေတဲ့
အတိုက်အခိုက်တွေကိုရှင်းပေးတာနဲ့တင်
ကျုပ်တို့ကဘွားကိုကျေးဇူးတင်နေတာပါ…
စိတ်ချပါ…ဘွားပြောသလိုခွင့်လွှတ်ပေးပါ့မယ်တော်…”
“အေး…အေး…အေး…”
ဒေါ်ရွှေကြည်တို့မိသားစုကဘွားမယ်စိန်ကိုကန်တော့ကြသည်။
ကျေးဇူးတင်လှ၍ငွေကြေးကန်တော့ချင်ပါသော်လည်း
ဘွားမယ်စိန်ကလက်မခံ၍…
ဆန်များ၊ဆီများကို ပိဿာလိုက်…တင်းလိုက်
ကန်တော့လိုက်ကြသည်။
မောင်တိုးကိုလည်းဒေါ်ရွှေကြည်၏သားများက
သူတို့ဝတ်ဖို့ဝယ်ထားသောပုဆိုးသစ်သုံးထည်နဲ့
မုန့်ဖိုးများကိုပေးလေတော့ မောင်တိုးမှာပျော်၍
မဆုံးဖြစ်လို့နေရှာသည်။
ကိစ္စများပြီးလေတော့ ဘွားမယ်စ်ိန်နဲ့မောင်တိုးတို့လည်း
သောင်ထွန်းရွာကိုပြန်လာခဲ့ကြ၏။
**********************************
တစ်လမျှကြာလေတော့ ဒေါ်ရွှေကြည်နဲ့
ချွေးမကြီးဖြစ်သောမစံပယ်တို့
သောင်ထွန်းရွာကဘွားမယ်စိန်၏နေအိမ်ဆီကို
ရောက်ချလာခဲ့သည်။
“ဘွားရှိလား…”
ဟု…အသံလှမ်းကာပြုလေတော့…
“ဝင်ခဲ့ကြကွဲ့….မိဝင်း​ရေ…
ခြံရှေ့မှာဧည့်သည်ထင်ပါရဲ့”
ကွပ်ပျစ်ခင်းမှာထိုင်နေသောဘွားမယ်စိန်သည် ခြံပြင်ကို
လှမ်းကာပြောရင်း မီးဖိုထဲ၌ရှိနေသော ဒေါ်ဝင်းကိုလည်း
သတိပေးလိုက်၏။
ဒေါ်ရွှေကြည်တို့ခြံဝိုင်းထဲဝင်လာတော့
ဒေါ်ဝင်းကလည်းမီးဖိုထဲမှထွက်လာခဲ့သည်။
“သြော်…ဟိုအစ်မပဲ…”
“ဟုတ်ပါ့ညီမ…”
ဒေါ်ရွှေကြည်ကိုဒေါ်ဝင်းကမှတ်မိသွား၏။
“လာအစ်မ…ကွပ်ပျစ်မှာပဲထိုင်ကြပါ…”
ဒေါ်ဝင်းကဒေါ်ရွှေကြည်တို့ကိုကွပ်ပျစ်ခင်း၌
ထိုင်စေသည်။
“ဘွား…နေကောင်းတယ်နော်…”
“ကောင်းပါ့အေ…ဘယ်လိုများရောက်လာတာလဲအေ့…”
“ဘွားဆီကိုပဲလာတာပါ…
ဒါကခြံထွက်အသီးလေးတွေ…ဘွားတို့စားဖို့
ယူလာပေးတာပါ…”
“အေး…အေး…အေး…ကျေးဇူးပါပဲအေ…”
ဒေါ်ရွှေကြည်က သ​င်္ဘောသီးများ၊ငှက်ပျောသီးများကို
ဘွားမယ်စိန်အတွက်ကြိမ်ခြင်းကြီးထဲထည့်ကာ
ယူလာပေးရှာသည်။
“တလောက ကိစ္စလေ…အဲ့အကြောင်းလေးဘွားကို
ပြောချင်တာနဲ​ရောက်လာတာပါ…”
“အေး…ပြောပါဦး…ဘယ်လိုရှိသလဲအေ့…”
“ဘွားပြောသလိုပဲ…
ကျုပ်တို့မိသားစုအားလုံး ဘွားပေးခဲ့တဲ့
အမွှေးတိုင်တွေကို နေ့တိုင်း
ဘုရားကန်တော့တိုင်းထွန်းပါတယ်…
အဲ့သည်လိုနဲ့နေရင်းကနေ
ကျုပ်တို့ခေါင်းရင်းဘက်ခြံက ဒေါ်သေးမိတို့
မိသားစုရန်တွေဖြစ်ကြ၊ဖျားကြ၊နာကြနဲ့အတော်လေး
အခြေအနေဆိုးလာတယ်…
အစကတော့သာမန်လို့ပဲ ကျုပ်တို့ထင်မိသေးတယ်တော်…
တဖြေးဖြေးနဲ့သူတို့မိသားစုခိုက်ရန်ဖြစ်တာများလာပြီး
အော်ကြ…ဆဲကြနဲ့အတော်လေးဆိုးလာတယ်ဘွားရယ်…
သူကြီးကခေါ်ပြီးဆူပြောတဲ့အထိဖြစ်လာတဲ့
နောက်ပိုင်းကြတော့
ဒေါ်သေးမိက ကျုပ်အိမ်ကိုရောက်လာတယ်တော့်…
ကျုပ်ကိုမျက်နှာငယ်လေးနဲ့သူအမှားလုပ်မိတာကို
တောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါလို့ပြောတုန်းက
ကြားကြားခြင်း ကျုပ်ဒေါသဖြစ်မိပါသေးတယ်…
ဒါပေမယ့် ကျုပ်ကိုဘွားမှာထားခဲ့တော့
ဘွားစကားအတိုင်းပဲခွင့်လွှတ်ပေးလိုက်ပါတယ်တော်…”
“အင်းလေ…သူ့အမှားကိုသူလာဝန်ချတောင်းပန်ရင်တော့
ခွင့်လွှတ်ပေးတာကောင်းပါတယ်အေ…”
“ဟုတ်ကဲ့ဘွား…”
ဒေါ်ရွှေကြည်က သူ့အပေါ်မနာလိုတဲ့ဒေါ်သေးမိကြောင့်
မိသားစုတွေအခက်တွေ့ခဲ့ကြရသော်လည်း
ဘွားမယ်စိန်စကားကြောင့်ခွင့်လွှတ်ပေးခဲ့ရှာသည်။
ခွင့်လွှတ်ပေးလိုက်သည်နှင့် အမွှေးတိုင်ထွန်းပြီး
ရွှတ်ဆိုခြင်းကိုလည်း ဆက်မလုပ်တော့ပေ။
ဘွားမယ်စိန်ကိုလည်းသူတို့မိသားစုယခင်ကဲ့သို့
ချစ်ချစ်ခင်ခင်နဲ့အဆင်ပြေကြောင်း၊
ရွာသစ်ကိုရောက်လျှင်လည်းသူတို့အိမ်ကိုမမေ့ပဲ
လာလည်စေချင်ပါကြောင်းများပြောပြီးနောက်
သူတို့ရွာသို့ပြန်ကာသွားကြတော့၏။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့် အင်းအတိုက်စာမူလေး
ပြီးဆုံး၍သွားပါပြီ။
ယဥ်မင်း(ကန့်ဘလူ)