တာပေါ့ကွာ ”
“ဟာ ကောင်းတာပေါ့ ကိုဂျာအေးရာ၊
သိပ်ကောင်းတာပေါ့ဗျာ၊ နို့ အိမ်ထောင်ရက်သားရော
ကျပြီလားဗျ”
“မကျပါဘူးကွာ၊ ငါက အေးအေးဆေးဆေးပဲ
နေချင်တာကွ”
“နေပါဦးဗျ၊ ကိုကြီးဂျာအေးရ၊ ရန်ကုန်မြို့မှာ
အလုပ်တစ်ခုကို တည်ထောင်ဖို့ ဆိုတာ
လွယ်တာ မဟုတ်ဘူးဗျ။ ကိုကြီးဂျာအေးက
ဘာအလုပ်တွေလုပ်လို့ ဒီလောက်ကြီးပွား
သွားတာတုံးဗျ”
“အေး အဲဒါကို ပြောပြချင်တာကွ၊
ဒါကလည်း မင်းလိုသူကိုပဲ ပြောလို့ရမှာ၊
တခြားသူဆိုရင်တော့ ဘာမှကို နားလည်မှာ
မဟုတ်ဘူးကွာ ”
“ကိုကြီးဂျာအေး ပြောတာ ဘယ်လိုတုံးဗျ”
“ဒီလိုကွ၊ ငါရွာက ထွက်သွားတော့ ပထမဆုံး
ငါ့ရဲ့ဘကြီး ဘုန်းကြီးဆီကို အရင်သွားတယ်၊
ဘကြီးဘုန်းကြီးက မန္တလေးက ဘုရားကြီးတိုက်မှာ
သတင်းသုံးတာကွ”
“သြော်…ကျုပ် သိတယ် ကိုကြီး ဂျာအေး၊
ဘုန်းကြီး ဦးတိဿကို ပြောတာမို့လား ”
“အေး ဟုတ်တယ်၊ ဘကြီးဘုန်းကြီးကို
မင်း ဘယ်လိုသိတာတုံးကွ ”
“ကျုပ် ဆယ်နှစ်သားလောက်က အဘတို့
အမေတို့နဲ့ မန္တလေးကို ရောက်တော့
ဦးတိဿကျောင်းမှာ တည်းလာတာလေဗျာ”
“သြော် …အေး အေး ”
“ငါ အဲဒီကိုသွားတာကွ၊ အဲဒီမှာ နေပြီး
မန္တလေးက လက်သမားတွေနဲ့ လိုက်ပြီး
လက်သမားလုပ်သေးတယ်၊ အဲဒီလို
နေရင်း တစ်နေ့ကျတော့ ငါ့ဘကြီးဘုန်းကြီး
ငါ့ကို အင်းတစ်ချပ်ပေးတယ်ကွ ”
“ဘာ …အင်း၊ ဟုတ်လား ကိုကြီးဂျာအေး ”
“အေး ဟုတ်တယ်၊ အဲဒီအင်းက
ပစ္စည်းဟောင်းရှာလို့ ရတယ်ကွ ”
“ဗျာ ပစ္စည်းကောင်း ဟုတ်လား
ဘယ်လိုတုံးဗျာ ”
“ဒီလိုကွ တာတေရ၊ တချို့က သူတို့ပိုင်တဲ့
ရွှေငွေရတနာတွေကို မြေအောက်မှာ မြှုပ်ကြတယ်။
လူဆိုး သူခိုးရန်က ကာကွယ်ဖို့ပေါ့ကွာ၊
အေး သေတဲ့အခါကျတော့ အဲဒီပစ္စည်းတွေကို
စိတ်စွဲပြီး ကိုယ့်ပစ္စည်းတွေကိုယ်
ပြန်စောင့်နေရတော့တာပေါ့ကွာ ”
“ဟာ ဟုတ်လားဗျ၊ ကြောက်စရာကြီးပါလားဗျာ ”
“အေးကွ တာတေရ၊ လူ့ဘဝကကြီးက
နည်းနည်းတော့ ရှုပ်ထွေးသားကွ၊
ငါ့ကို ဘကြီးဘုန်းကြီး ပေးတဲ့အင်းက
သိမ်ဝင်သပိတ်ကွဲမှာ ချထားတာ၊
အဲဒီအင်းပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး
ရေဇလုံထဲကို ထည့်ရတာ၊
အင်းကတော့ ရေထဲမှာပေါ့ကွာ၊
ဖယောင်းတိုင်ကတော့ ရေပေါ်မှာ
တောက်နေတာပေါ့၊ အဲဒီဖယောင်းတိုင်
အလင်းအောက်မှာ ရေကို ကြည့်ရတာဟေ့၊
မှန်ကြည့်သလိုပေါ့ကွာ၊ ပစ္စည်းရှိရင်
အဲဒီ ရေထဲမှာ မှန်ထဲပေါ်လိုလို
ပေါ်လာတာကွ ”
“ဟာ ဟုတ်လားဗျ”
“အေး ငါတူးတဲ့အဖွဲ့ကို ဟိုဘက်တိုး
ဒီဘက်တိုး၊ အဲဒီနေရာတူးလို့ ထိုင်ပြောပေးရုံပဲကွ၊
အဲဒီလို တူးလို့ရရင် ရတဲ့ပစ္စည်းကို
သုံးပုံ ပုံရတယ်၊ တစ်ပုံက ပစ္စည်းပိုင်ရှင်ကို
ရည်စူးပြီး အလှူအတန်း လုပ်ရတယ်။
ကျန်တဲ့နှစ်ပုံကို တစ်ဝက်စီခွဲပြီး ငါက တစ်ပုံ၊
တူးခိုင်းတဲ့ ဆွေမျိုးတွေက တစ်ပုံပေါ့ကွာ၊
ငါက ငါရတဲ့အစုထဲကနေ တူးပေးတဲ့
ငါ့ရဲ့လူတွေကို ကြည့်ရှုပေးရတာပေါ့ကွာ”
“ဟာ တယ်ဟုတ်ပါလားဗျ”
“အေး အဲဒီရတာသိုက်အင်း ရပြီးမှ
နှစ်ခါတူးပြီးပြီ၊ ငါတော်တော်လေး ရလိုက်ပါတယ်၊
အဲဒီပစ္စည်းတွေကို ထုခွဲပြီး ရန်ကုန်မှာ
ပရဘောဂတိုက် တည်လိုက်နိုင်တာပေါ့ကွာ”
“သြော် ဒီလိုလား၊ ဝမ်းသာတယ်၊ ကိုကြီးဂျာအေးရာ”
“အေး …ငါ အခု မင်းဆီကို လာတာက
အဲဒီကိစ္စပဲကွ၊ ငါ ရုံးတောမှာ ပစ္စည်းဟောင်း
ရှာမလို့ကွ တာတေရ”
“ဟင် ဘယ်နေရာမှာတုံးဗျ”
“မင်းတော့ သိမှာ မဟုတ်ဘူးကွ၊ ငါတို့ သူငယ်ချင်း
တစ်ယောက်ပဲကွ၊ နာမည်က ကျင်သောင်းလို့
ခေါ်တယ်၊ သူတို့ဝိုင်းထဲမှာ သူတို့ဘိုးဘွားတွေ
မြှုပ်ခဲ့တဲ့ ပစ္စည်းတွေ ရှိတယ်လို့ ပြောတယ်၊
ဒါပေမဲ့ သူ့အဖေတွေ ၊ ဦးလေးတွေ လက်ထက်မှာ
ရှာမသွားနိုင်ဘူးကွ၊ အဲဒါ ငါ့ကို လာပြောတာနဲ့
ငါ လိုက်လာတာကွ ”
“ဟာ ဟုတ်လား ”
“အေး ဒီကိစ္စကို သိပ်ကျယ်ကျယ်ပြန့်ပြန့်ကြီး
လူသိရှင်ကြား လုပ်လို့ရတာ မဟုတ်ဘူးကွ
ဒါကြောင့် မင်းကို လာခေါ်တာ၊ကျင်သောင်းနဲ့
မင်းနဲ့က တူးပေါ့ကွာ၊ ငါက အင်းကြည့်ပြီး
ပြောပြမှာပေါ့၊ ပစ္စည်းတွေရရင် မင်းလည်း
ရမှာပေါ့ကွ”
“ကျုပ် စိတ်ဝင်စားတယ်ဗျာ။ အဲ…ကျုပ်ပြောတာက
ပစ္စည်းတွေကိုပြောတာ မဟုတ်ဘူးဗျ။
ကိုကြီးဂျာအေးရဲ့ အင်းကို ပြောတာ ”
“အေး အေး မင်းတွေ့ရမယ်၊ ဒါဆိုရင် မနက်ဖြန်
မင်း ဆရာမနိုင်ကို စောစောလာခဲ့၊ ငါ အဆင်သင့်
စောင့်နေမယ်၊ ပြီးရင် လှည်းနဲ့သွားမယ်၊
ဆရာမနိုင်နဲ့ ရုံးတောက နှစ်တိုင်ပဲ ဝေးတာပါ၊
ဒါပေမဲ့ တူရွင်းတွေ ပေါက်တူးတွေကို
ထမ်းပိုးမသွားချင်လို့ လှည်းနဲ့သွားမှာပါ”
“ကောင်းပြီ၊ ကိုကြီးဂျာအေး၊ ကျုပ် ဆက်ဆက်လာခဲ့မယ်”
ဒီတော့မှ ကိုကြီးဂျာအေး စိတ်ချသွားပြီး
သူ့နှုတ်ခမ်းမွှေးကြီးကို ပွတ်ပြီး ပြုံးနေတာဗျ။
နောက်တစ်နေ့ အစောကြီး ကျုပ်ထသွားတာပေါ့ဗျာ။
ဆရာမနိုင်ကို ရှစ်နာရီလောက် ရောက်တယ်။
ကိုကြီးဂျာအေးက ကျုပ်ကို စောင့်နေ့တာဗျ။
လှည်းတောင် ကောက်ထားပြီ။ကျုပ်ရောက်တာနဲ့
တန်းထွက်တာဗျို့။ ရုံးတောကို မကြာပါဘူး
ကျုပ်တို့ ရောက်သွားတာ။ ကိုကြီးဂျာအေးရဲ့
သူငယ်ချင်း ကိုကျင်သောင်း ဆိုတဲ့လူက
အဆင့်သင့်စောင့်နေတာဗျ။ကိုကျင်သောင်းက
အရပ်ပုပြတ်ပြတ်နဲ့ တော်တော်ကို ရိုးသားတဲ့ပုံပါ။
သူတို့နေတာက အိမ်ဝိုင်းမဟုတ်ဘူးဗျ။
ခြံကြီး အတော်ကို ကျယ်တာ။
ခြံထဲမှာ သရက်ပင်တွေ၊ သစ်ကြားပင်တွေ၊
သစ်ဆိမ့်ပင်တွေ အတော်ကို စုံတာဗျို့။
ကိုကြီးဂျာအေး ဆိုတဲ့လူက လုပ်စရာရှိရင်
အချိန်ဆွဲတတ်တဲ့ လူမဟုတ်ဘူးဗျ။
ဒါကြောင့်လည်း ဒီလူ ကြီးပွားတာ။
အခုလည်း ရောက်တယ်ဆို သိပ်ကြာကြာ
ထိုင်တာ မဟုတ်ဘူးဗျ။
“ကဲ ကျင်သောင်း ကန်တော့ပွဲပြင်ကွာ”
“ဟာ ဂျာအေးကလည်း မင်းက ဆရာလေကွာ၊
မင်း ပြင်မှာပေါ့ကွ”
“ဟာ ရပါတယ်ကွာ ဘယ်သူပြင်ပြင်ပါ
ကဲ မင်းပဲ ပြင်လိုက် ”
ကိုကျင်သောင်းက အဆင်သင့်လုပ်ထားတဲ့
အုန်းသီးငှက်ပျောသီးတွေကို ရေဆေးပြီး
ကြွေရည်သုတ်ဇလုံကြီးထဲမှာ ပွဲပြင်တယ်ဗျ။
ပြီးတော့ ခြံကြီးထဲမှာ ခုံတစ်လုံးနဲ့ ပွဲတင်ထားတယ်။
ကိုကြီးဂျာအေးက ကန်တော့ပွဲပေါ်မှာ
ဖယောင်းတိုင်မီးထွန်းတယ်။ ပြီးတော့
ဇလုံကလေးထဲမှာ ရေထည့်တယ်။
ရေကို သူလိုချင်သလောက် တိုင်းထည့်တယ်ဗျ။
ပြီးတော့ သူ့လည်ပင်းမှာ ကတ္တီပါအိတ်အနီကလေးနဲ့
ဆွဲထားတဲ့ ရတနာလိုက်အင်းကို အင်္ကျီအောက်က
ဆွဲထုတ်လိုက်တယ်။ အင်းက သပိတ်ကွဲပေါ်မှာ
ချထားတာဆိုတော့ မည်းနက်နက်ကလေးပေါ့ဗျာ။
ကိုကြီးဂျာအေးက ဖယောင်းတိုင်တစ်တိုင်ကို
မီးထွန်းပြီး အင်းပေါ်မှာ စိုက်တယ်။
ပြီးတော့ အင်းကို ရေဇလုံထဲ ထည့်လိုက်တယ်။
ရေပေါ်မှာ မီးလင်းနေတာပေါ့ဗျာ။
ရေဇလုံကလေးကို မြေကြီးပေါ်မှာ ချပြီး
ကိုကြီးဂျာအေးက ပါးစပ်ကနေ ဂါထာရွတ်တယ်ဗျ။
ပြီးတော့ သူ့နှုတ်ခမ်းမွှေးကြီးကို ဟန်ပါပါသပ်ပြီး
ရေထဲကိုကြည့်တယ်။ ဘာမှမြင်ရပုံ မပေါ်ဘူးဗျို့။
လက်အုပ်ချီပြီး ဂါထာကို ထပ်ကာ ထပ်ကာ
ရွတ်နေတယ်။
ပြီးတော့ ရေထဲကို ခပ်ဖြည်းဖြည်း ကြည့်တယ်။
ဟော မြင်သွားပြီ ထင်တယ်ဗျ၊ ကိုကြီးဂျာအေးက
ကျုပ်ကို အဆင်သင့် ခိုင်းထားလို့ တစ်ဖက်ချွန်ထားတဲ့
သစ်သားချောင်းတစ်ချောင်းကို ကျုပ်က
ကိုင်ထားရတယ်။ ပြီးတော့ ညဘက်လက်မှာ
တူတစ်လက် အဆင်သင့်ကိုင်ထားရတယ်။
“တာတေ၊ မင်းပုဆိုးကို ခါးတောင်းကျိုက်ထားစမ်းကွ၊
ငါ ရိုက်ခိုင်းတဲ့နေရာကို အမြန်ဆုံးရိုက်နော်၊ မြန်ပစေဟေ့ ”
ကျုပ်က ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဘယ်ဘက်လက်က
ချွန်ထားတဲ့ သစ်သားချောင်း၊ ညဘက်က တူကိုကိုင်ပြီး
ကိုကြီးဂျာအေးကို ကြည့်နေရတာပေါ့ဗျာ။
ကိုကြီးဂျာအေးက ပါးစပ်ကလည်း ဂါထာရွတ်၊
မျက်စိလည်း ရေထဲကို ကြည့်တယ်ဗျ။ ရေဇလုံ
ဘေးမှာ မုဆိုးဒူးထောက်ကြီး ထိုင်လို့ဗျ။
“ဟော တွေ့ပြီဟေ့၊ တွေ့ပြီ၊ တာတေ အဆင်သင့်ပြင်ထား၊
မင်း ရပ်နေတဲ့နေရာရဲ့ တောင်ဘက်ကိုလျှောက်၊
တစ်လှမ်းချင်း လျှော်နော်၊ ခပ်မှန်မှန်လျှောက်၊
ဟုတ်ပြီ၊ ဟုတ်ပြီ၊ နည်းနည်းလျှောက်ဦး၊
လျှောက်ဦး၊ အေး ရပ်တော့၊ မင်းရဲ့တောင်ဘက်ကို
လှည့်လိုက်၊ အေး အဲဒီတည့်တည့်ကို လျှောက်၊
ဟုတ်ပြီလျှောက်၊ နည်းနည်းလျှောက်လိုက်ဦး၊
ဟုတ်ပြီဟေ့၊ အဲဒီနေရာမှာ ရပ်လိုက်၊ ပြီးရင်
မြောက်ကိုလှည့်လိုက်၊ ခြေလှမ်း နှစ်လှမ်းပဲလှမ်း
တာတေ၊ ဟုတ်ပြီ၊ တစ်လှမ်း နောက်တစ်လှမ်း၊
အေး အဲဒီမှာရပ်၊ မင်း ရှေ့ဘက်တစ်တောင်
အကွာ တိုင်းလိုက်စမ်း၊ ဟုတ်ပြီ၊ အဲဒီနေရာပဲ
ရိုက် ရိုက် မြန်မြန်ရိုက် တာတေ”
တာတေဆိုတဲ့ကောင်က လျင်ပြီးသားဗျာ။
“ဒုတ် ဒုတ် ဒုတ် ”
မြေကြီးထဲကို သစ်သားချွန်ပြီးသားကို
ထိုးစိုက်ပြီး တူနဲ့ ဆက်တိုက်ရိုက်လိုက်တယ်
သစ်သားချောင်းက မြေကြီးထဲကို
စိုက်ဝင်သွားတာပေါ့ဗျာ။
“တာတေ ငါတို့ယူလာတဲ့ ဘန်ချည်ကြိုး ယူလိုက်၊
အေး အဲဒီဘန်ချည်ကြိုးကို နှစ်တောင်တိုင်းဖြတ်လိုက်၊
ပြီးရင် ထိပ်မှာလေးလက်မသံကို ချည်လိုက်၊
တစ်ဖက်ကို မင်းစိုက်ထားတဲ့ သစ်သားတိုင်မှာ
ချည်လိုက်၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ မင်းကျောင်းမှာတုန်းက
သင်တဲ့ ဂျီသြမေထရီလိုပေါ့ကွာ၊ ကြိုးကို
တင်းနေအောင် ဆွဲပြီး စက်ဝိုင်း ဝိုင်းလိုက်။
အဲဒီသံချောင်းနဲ့ ဘန်ချည်ကြိုးကို
ပြန်ဖြုတ်လိုက်တော့ ကဲ မင်းနဲ့ ကျင်သောင်းနဲ့
အဲဒီစက်ဝိုင်းထဲမှာ တူးပေတော့ ”
ကိုကျင်သောင်းနဲ့ ကျုပ်နဲ့ ပေါက်တူး
တစ်ယောက်တစ်လက်ကိုင်ပြီး တူးကြတာပေါ့ဗျာ။
ကိုကြီးဂျာအေးကတော့ ရေဇလုံကိုပဲ စောင့်ကြည့်နေတာဗျို့
ပါးစပ်ကလည်း ဂါထာကို မရပ်မနား ရွတ်နေတာဗျ။
“အေး ရပြီ ပေါက်တူးတွေရပ်တော့၊
တူရွင်းတွေ ကိုင်ကြ၊ တူးရွင်းနဲ့ပဲ တူးတော့
နီးလာပြီကွ”
ကျုပ်နဲ့ ကိုကျင်သောင်းလည်း တူရွင်း တစ်ယောက်
တစ်လက်နှင့် တူးတာပေါ့ဗျာ၊ တော်တော်ကလေး
တူးပြီးတော့ ရေတွင်းကလေးလို တွင်းဝိုင်းဝိုင်းကလေးက
ကျုပ်တို့ ခါးစောင်းလောက်အထိ နက်လာပြီဗျ။
“ဟုတ်ပြီ၊ ဖြည်းဖြည်းတူးကြ၊
နီးနေပြီ၊ နီးနေပြီ ”
“ဒုတ်”
ဟော ကျုပ်တူရွင်းအောက်မှာ မာမာတစ်ခုကို
သွားထိတဲ့အသံဗျ။
“ဟာ ထိနေပြီ၊တာတေ၊ မင်း တူရွင်းတည့်တည့်မှာဟေ့ ”
“ဟုတ်တယ်ဗျ၊ ကိုကြီးဂျာအေးရဲ့၊
ဒုတ်ကနဲ မြည်သွားတယ် ”
“အေး ဖြည်းဖြည်းတူးတော့ဟေ့ တာတေ”
ဟာ ပေါ်လာပြီဗျို့၊ စဉ့်အိုးဗျ၊ ကျုပ်တို့အိမ်တွေဘေး
ငါးပိတွေ ဘာတွေ သိပ်တဲ့ အိုးလောက်ရှိတယ်ဗျ၊
သိပ်သေးသေးလေး မဟုတ်ဘူးဗျ။
သရက်ခြောက်သိပ်တဲ့ အိုးလောက်ရှိမှာ။
ကျုပ်က အိုးဘေးကပတ်ပြီး တူးတယ်။
စဉ့်အိုးအထိ ပေါ်လာပြီဗျ။
ဒီမှာတင် မထင်ထားတဲ့ကိစ္စ
ဖြစ်တော့တာပဲဗျ။
“ဂီး ဂီး ဂီး အဲ ဂီး ”
ဟာ ခွေးနက်ကြီးနှစ်ကောင်ဗျို့။ နည်းတဲ့ကောင်ကြီးတွေ
မဟုတ်ဘူးဗျ။ ကျုပ်စိတ်ထင် နွားမတန်းလောက်
ရှိမယ်ထင်တယ်။ ဘယ်ကဘယ်လို ရောက်လာတာလဲ
မသိဘူးဗျ။ သရက်ကြီးအောက်မှာရပ်ပြီး ကျုပ်တို့ကို
စိုက်ကြည့်နေတာဗျို့။
“ဂီး ဂီး ဂီး ဂီး ဂီး ”
အောင်မယ်လေး မာန်ဖီနေတဲ့ အသံကြီးက
ကြောက်စရာဗျာ။ ကျုပ်ဖြင့် ကျောထဲကို
စိမ့်ကနဲ စိမ့်ကနဲ ဖြစ်နေတာဗျို့ ။ ပါးစပ်ကြီးတွေ
ဟထားလိုက်တာမှ အစွယ်ကြီးတွေကို
ဖွေးနေတာဗျ။လျှာနီနီကြီးတွေက တွဲကျနေတယ်။
ကိုကြီးဂျာအေးကို ကြည့်လိုက်တော့
မျက်စိမျက်နှာ ပျက်နေပြီဗျို့။ ကျုပ်နဲ့
ကိုကျင်သောင်းလည်း ဘာဆက်လုပ်ရမှန်း
မသိတော့ဘူးပေါ့ဗျာ။
“ကျင်သောင်းနဲ့ တာတေ ကျင်းပေါ်တက်ကြတော့ ”
ကျုပ်နဲ့ ကိုကျင်သောင်းကြီးလည်း
ပုဆိုးခါးတောင်းကျိုက်ကြီးတွေနဲ့
ကျင်းပေါ်တက်လာကြရတာပေါ့ဗျာ။
“နောက်ဆုတ်သွား၊ အိမ်ရှေ့အထိ သွားကြ”
ကိုကြီးဂျာအေးက ကျုပ်ကို ပြောတယ်
ကျုပ်တို့လည်း နောက်ဆုတ်၊ နောက်ဆုတ်နဲ့
အိမ်ရှေ့အထိ သွားကြရတာပေါ့ဗျာ။
ကိုကြီးဂျာအေးက ရေဇလုံထဲက ဖယောင်းတိုင်
မီးကို မှုတ်ပြီး ငြိမ်းလိုက်တယ်။ ပြီးတော့မှ
သူ့အင်းချပ်လေးကို ရေထဲက ထုတ်ယူပြီးတော့
ကတ္တီပါအိတ်ထဲကို ထည့်တယ်။သူလည်း
ကျုပ်တို့လိုပဲ နောက်ဆုတ်လာတာဗျို့။
“ဂီး ဂီး ဂီး ဂီး ”
ကျုပ်တို့အိမ်ရှေ့ကို ရောက်တော့မှ
ခွေးနက်ကြီးနှစ်ကောင်က သရက်ပင်အောက်က
ထွက်လာပြီး ကျုပ်တို့ တူးထားတဲ့ ကျင်းအပေါ်မှာ
ခွပြီး ရပ်နေတယ်ဗျ။ နွားမတန်းလောက်ရှိတဲ့
ခွေးနက်ကြီးနှစ်ကောင်က ကျင်းကို ခွရပ်ပြီး
မျက်လုံးပြူးကြီးတွေနဲ့ ဟိုကြည့် ဒီကြည့်
လုပ်နေတယ်ဗျ။ ခဏနေတော့မှ နောက်ဘက်ကို
လှည့်ပြီး သရက်ပင်တွေအောက်ကို ဝင်သွားတယ်။
ဟာ ပျောက်သွားပြီဗျို့၊ ကျုပ်တို့ ကြည့်နေတဲ့
ကြားကတင် ဗြုန်းကနဲ ပျောက်သွားတာဗျ။
“မရတော့ဘူး ကျင်သောင်းရေ၊ မင်းတို့
ဘိုးဘွားပိုင်ပစ္စည်းတွေကို သိုက်က
သိမ်းသွားပြီကွ”
“ဟင် ဟုတ်လား ဂျာအေး ဘယ်လိုဖြစ်လို့တုံး
သူငယ်ချင်းရ”
“ဒီနေရာမှာကို သိုက်ကြီးတစ်ခုရဲ့
သိုက်ကျောကြီး ရှိနေပုံပဲကွ၊ သိုက်မလွတ်တဲ့
နေရာဆိုတော့ သူတို့သိုက်က ပိုင်တဲ့ပစ္စည်းတွေထဲ
ရောပါသွားတာပေါ့ကွာ၊ စောစောက ငါတို့သာ
နောက်မဆုတ်ဘဲ ဆက်တူးနေရင် သေချာပေါက်
ကိုက်သတ်မှာကွ”
“ဟာ ကိုကြီးဂျာအေးကလည်း အိုးကဖြင့်
ပေါ်နေမှပဲဗျာ ”
“ဟား၊ဟား၊ဟား တာတေကလည်း
ဘယ်ရှိတော့မှာလဲကွာ၊ သွားလည်း
ကြည့်စမ်းပါဦးကွ”
ကျုပ် ချက်ချင်းထွက်လာပြီး မြေကျင်းကို
ငုံ့ကြည့်တယ်။ ဟာ မရှိတော့ဘူးဗျို့။
စောစောက လည်ပင်းပေါ်အောင်
တူးထားတဲ့စဉ့်အိုး မရှိတော့ဘူးဗျို့။
တယ်လည်း ထူးဆန်းပါလားဗျာ။
“ဘယ့်နှယ်တုံး တာတေ၊ မင်းတူးထားတဲ့စဉ့်အိုး
တွေ့သေးလား ”
“မရှိတော့ဘူးဗျ၊ စဉ့်အိုးရာကြီးပဲ
ကျန်ရစ်ခဲ့တော့တာဗျို့”
“သိမ်းသွားပါပြီဆိုကွာ၊ အဲဒါ သိုက်က
သိမ်းသွားတာကွ၊ သိုက်မလွတ်တဲ့နေရာမှာ
မြှုပ်လိုက်တော့ သိုက်ထဲ ပါသွားတာပေါ့ကွာ”
ကိုကျင်သောင်းလည်း မျက်နှာပျက်သွားပြီပေါ့ဗျာ၊
တူးထားတဲ့ ကျင်းကို ကျုပ်ပဲ ပြန်ဖို့ ပေးလိုက်ပါတယ်ဗျာ။
ပွဲက အစောကြီး ပြတ်သွားတာပေါ့ဗျာ။
ကျုပ်နဲ့ ကိုကြီးဂျာအေးလည်း လှည်းပြန်
ကောက်ပြီး ပြန်ချလာခဲ့ကြတာပေါ့ဗျာ။
ကိုကြီးဂျာအေး ဆွဲထားတာနဲ့ ဆရာမနိုင်မှာ
ကျုပ် နှစ်ညအိပ်ခဲ့ရသေးတယ်ဗျ။
မနေ့ကမှ ရွာကို ပြန်ရောက်တာလေဗျာ။
ဒီနေ့တော့ ကျုပ် ဘယ်မှမသွားဘူးဗျို့။
ထမင်းစားပြီးကတည်းက နေပူအားကြီးကြောက်တဲ့
ကျုပ်၊ ဘယ်မှမသွားဘဲ မန်ကျည်းပင်ကြီး
အောက်က ကွပ်ပျစ်မှာ ဆေးလိပ်ထိုင်ဖွာနေတာဗျို့။
တဖြည်းဖြည်းနဲ့ မျက်စိလေးလာတော့
ကျုပ် ဝါးဘိုးခြမ်းခေါင်းအုံးကလေးပေါ်မှာ
ပုဆိုးဟောင်းကလေးတစ်ထည်ခင်းပြီး
လှဲလိုက်တယ်။
ကျုပ်စိတ်ထဲမှာတော့ ရုံးတောမှာ
ပစ္စည်းဟောင်းတူးနေတုန်း ဗြုန်းကနဲ ပေါ်လာတဲ့
သိုက်စောင့်ခွေးကြီးနှစ်ကောင်ပဲ မြင်နေတော့တာဗျို့။
ကျုပ် မြင်ဖူးနေတဲ့ မဖဲဝါရဲ့ ခွေးကြီးထက်
နှစ်ဆလောက် ပိုကြီးမယ်ဗျ။ ပြီးတော့
တစ်ကောင်တောင် မဟုတ်ဘူးဗျို့။
နှစ်ကောင်တောင် ရောက်လာတာ။
ကျုပ်ဖြင့် ပြန်တွေးမိတိုင်း ကြက်သီးထတုန်းပါပဲဗျာ။
ဒီနေ့လောက်ဆိုရင်တော့ ကိုကြီးဂျာအေးလည်း
ရန်ကုန်ကို ပြန်ပြီထင်ပါရဲ့။ ကျုပ်ဖြင့် ဒီလိုမျိုး
ပစ္စည်းဟောင်းရှာတာ ဒီတစ်ခါပဲ တွေ့ဖူးတာဗျ။
ကိုယ့်ပစ္စည်းကိုယ် မြှုပ်တာပေမဲ့ သိုက်ကြော
မလွတ်တဲ့ နေရာမှာ မြှုပ်မိရင် ချက်ချင်းတော့
မဟုတ်ပါဘူးပေါ့ဗျာ။
နှစ်တွေ အကြာကြီး မဖော်ဘဲထားလိုက်တဲ့အခါ
သိုက်က ဒီပစ္စည်းတွေကို
သိုက်ထဲကပစ္စည်းလို့ သတ်မှတ်လိုက်ရောတဲ့ဗျာ။
ဥစ္စာစောင့်တွေမှာလည်း ဒီလိုစည်းမျဉ်းတွေ
ဥပဒေတွေ ရှိနေတာကို ကျုပ်ဖြင့် တစ်ခါမှ
မကြားဖူးပါဘူးဗျာ။
ပစ္စည်းမြှုပ်တဲ့ လူတွေအတွက်တော့
ကျုပ်တော်တော် စိတ်ပူသွားတယ်ဗျို့။
ကျုပ်အတွက်တော့ မပူပါဘူးဗျာ။
ဘာဖြစ်လို့လဲဆိုတော့ တာတေဆိုတဲ့
ကျုပ်မှာ မြှုပ်စရာဆိုလို့ ဘာမှရှိတာ မဟုတ်တာ။
ကျုပ်လည်း ဟိုတွေး သည်တွေးနဲ့ မှေးကနဲ
အိပ်ပျော်သွားတယ်ဗျို့။ ဒါတောင်
နေ့ခင်းကြောင်တောင်ကြီး အိပ်မက်က
မက်နေသေးတာ၊ သိုက်စောင့်ခွေးကြီးတွေ
ကျုပ်ကို ဝိုင်းလိုက်လို့ဗျို့။
ကျုပ်မှာ ခါးတောင်းကျိုက်ကြီးနဲ့
ကျုပ်တို့ ထနောင်းကုန်းရွာထဲမှာ
ပတ်ပြေးနေလိုက်ရတာဗျာ။
လူဆိုတာ မောပြီးဟတ်ထိုးကို
လိုက်ရောဗျို့။
“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ဟင် တော်ပါသေးရဲ့ဗျာ၊ ကျုပ် လန့်နိုးသွားပေလို့ပေါ့။
ဝိုင်းဝက ကျုပ်ကိုခေါ်တဲ့ အသံကို ကျုပ် ကြားပြီး
လန့်နိုးသွားတာဗျို့။
ကျုပ်လည်း ကပျာကယာထပြီး ကြည့်လိုက်တယ်။
ဟာ ကျောက်ဒိုးပါလား။ ဘန့်ဘွေးကုန်းက
လှယဉ်ရဲ့မောင် အငယ်ကောင်လေဗျာ။
ခင်ဗျား မှတ်မိမှာပါ။ ကျုပ်ရေးခဲ့တဲ့
‘ကဝေပျိုရဲ့ အချစ်’မှာ လှယဉ်နဲ့ ကျုပ်နဲ့
သမီးရည်းစားဖြစ်ခဲ့ကြတာတွေ၊လှယဉ်ကို
သူ့အဘွား ကဝေမကြီး ဒေါ်ဆုံက
ပညာအမွေပေးခဲ့တာတွေ။
ကျုပ်က လှယဉ်ကို ကဝေမှန်း လုံးဝမသိခဲ့တာတွေ၊
နောက်ဆုံးမှာ လှယဉ်နဲ့ အောက်လမ်းဆရာကြီးတစ်ယောက်နဲ့
ပညာပြိုင်ရင်း လှယဉ်ရော အောက်လမ်းဆရာကြီးပါ
သေသွားတာလေဗျာ။
လှယဉ်မှာ ကျောက်ဒိုးနဲ့ သံခဲဆိုတဲ့ မောင်နှစ်ယောက်
ရှိတာတွေ အားလုံး ကျုပ်ရေးခဲ့ပါတယ်
လှယဉ်ဆုံးပြီးကတည်းက ဘန့်ဘွေးကုန်းကို
ကျုပ် မရောက်တော့ဘူး။ ဘန့်ဘွေးကုန်းက
သူငယ်ချင်းတွေတောင် တွေ့ချင်ရင် ကျုပ်ဆီကို
လာကြတာဗျ။လှယဉ် ဆုံးတော့ ကျုပ်ရင်ထဲမှာ
ကျန်ခဲ့တဲ့ ဝေဒနာအတွက် ကျုပ်ကိုယ်တိုင်
အချိန်ယူပြီးတော့ ကုခဲ့ရတာ။
အခု ကျုပ်ဆီကို ကျောက်ဒိုး ရောက်လာတယ်
“ကျောက်ဒိုး လာလေ”
ဝိုင်းဝမှာ မတ်တတ်ကြီးရပ်နေတဲ့ ကျောက်ဒိုးကို
ကျုပ် လှမ်းခေါ်လိုက်တယ်။ ဒီတော့မှ ကျောက်ဒိုးက
ဝိုင်းထဲ ဝင်လာတာဗျ။ကျောက်ဒိုးတောင် တော်တော်
ထွားလာတာပဲ။ မတွေ့တာတောင် ကြာပြီကိုး။
“လာဟေ့ ကျောက်ဒိုး၊နေပူကြီးထဲမှာ ဘယ်ကို
သွားမလို့တုံး”
ကျောက်ဒိုးက သစ်သားကွပ်ပျစ်မှာ ဝင်ထိုင်တယ်
ခေါင်းက ဝါးဖတ်ခမောက်ကလေးကို ချွတ်လိုက်တယ်
ပြီးမှ ကျောက်ဒိုးက ပြောတယ်ဗျ။
“ကိုကြီးတာတေ ကျုပ်တို့ရွာမှာ
အောက်လမ်းဆရာတစ်ယောက်
ရောက်နေပြန်ပြီဗျ”
“ဟေ ဘယ်ကလူတုံး”
“မသိဘူးဗျ၊ ရွာထဲဝင်တာတော့ မဟုတ်ဘူး၊
သင်္ချိုင်းက ဇရပ်မှာပဲ နေတယ်၊ သူ့မှာ အိုးကလေး၊
ခွက်ကလေးတွေ ပါလာတယ်ဗျ၊ အဲဒီမှာပဲ
ချက်ပြုတ်စားတာ၊ သင်္ချိုင်းကုန်းမြောက်ဘက်က
စမ်းချောင်းကလေးနားမှာ သွားပြီးချက်တာဗျ၊
ရွာထဲတော့ မဝင်ဘူးဗျ၊ နွားကျောင်းသွားတဲ့
ခွေးပုတို့ ညီအစ်ကိုကို ပိုက်ဆံပေးပြီး
ရွာထဲကို စျေးဝယ်ခိုင်းတယ်၊ ခွေးပုတို့
ပြောတာကတော့ ဒီလူက သင်္ချိုင်းကုန်းမှာ
အဓိဋ္ဌာန် လာလုပ်တာလို့ ပြောတာပဲဗျ။
ဇရပ်ပေါ်မှာ ပုတီးထိုင်ထိုင်စိမ်နေတယ်ဆိုပဲ၊
သူပုတီးစိပ်နေရင် မြွေဟောက်ကြီးတွေရော၊
မြွေပွေးကြီးတွေရောတဲ့ဗျာ၊ နည်းတဲ့
အကောင်ကြီးတွေ မဟုတ်ဘူးတဲ့၊
သူ့ဘေးမှာ ဝိုင်းပြီး သူ့ကို စောင့်ရှောက်
နေတာဆိုပဲဗျ”
“ဒါဆိုရင်တော့ တော်တော်ကို အစွမ်းထက်တာပဲကွ ”
“ဟုတ်တယ် ကိုကြီးတာတေ၊ ရွာကလူတွေလည်း
တော်တော်ကို ကြောက်နေကြတာဗျ။မနေ့က
ခွေးပုတို့ကို ကြက်ဖတစ်ကောင် ဝယ်ခိုင်းတယ်တဲ့ဗျ၊
ပြီးတော့ ကြက်ကို လည်လှီးပြီး သွေးကို
ခွက်ကြီးနဲ့ ခံတာတဲ့ဗျ၊ ပြီးတော့မှ အဲဒီ
သွေးခွက်ကြီးကို ဂူပေါ်မှာတင်ပြီး တစ်ယောက်
ယောက်ကို ခေါ်တိုက်နေတာတဲ့ဗျို့”
“ဟာ ဒါဆိုရင် ဒီလူ တစ်ခုခုကို လုပ်ဖို့
အကြံရှိနေတာကွ၊ ကျောက်ဒိုးရ၊
အလကားလာတာ မဟုတ်ဘူး ”
“အခု အဲဒီအကြံကို ကျုပ်တို့သိပြီး
ကိုကြီးတာတေ၊ အဲဒါကြောင့် ခင်ဗျားဆီကို
ကျုပ်လာခဲ့တာလေဗျာ ”
“ဟေ ဟုတ်လား၊ မင်းတို့ ဘာတွေ သိလာတာတုံး ”
“မနေ့က ခွေးပုတို့ကို ပြောတယ်တဲ့ဗျ။
သူ့နာမည်က တာနောတဲ့ဗျ၊
ဘီလူးမှော်အောင်ပြီးသားဆိုပဲ။
ဒီလူက ခွေးပုကို မေးတယ်တဲ့ ကိုကြီးတာတေ”
“ဟေ ဘာမေးတာတုံးကွ”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒီရွာအောက်လမ်းဆရာကြီး
တစ်ယောက်နဲ့ ကဝေမငယ်ငယ်ချောချော
လေးတစ်ယောက်နဲ့ တိုက်ကြခိုက်ကြပြီး
နှစ်ယောက်စလုံး သေသွားတာ မင်းသိသလားလို့
မေးတယ်တဲ့၊ ခွေးပုက ဟာ သိတာပေါ့ဗျ၊
အဲဒါ အစ်မလှယဉ်ပဲဗျ၊ သေသွားတဲ့ဆရာကြီးက
သျှောင်ထုံးကြီးနဲ့ဗျလို့ပြောတော့ ဒီဆရာက
ပြောသတဲ့၊ အေး ငါက အဲဒီဆရာကြီးရဲ့တပည့်ပဲ၊
အခု ဒီလိုလာတာ သေသွားတဲ့ အဲဒီ
ကဝေမရဲ့ အလောင်းကိုဖော်ပြီး
ခေါင်းခွံကို စီရင်မလို့တဲ့ဗျ၊ ပြီးရင်
ဒီကောင်မကို တစ်သက်လုံး ခိုင်းစားမယ်လို့
ပြောတယ်တဲ့ ”
“ဘာကွ ကျောက်ဒိုး၊ တောက်၊
ဒီကောင် တော်တော်လူပါးဝပါလားကွ
ဒီကောင့်ကို ငါ အခုသွားသတ်မယ်
ဒီကောင် မင်းတို့ ရွာက သင်္ချိုင်းဇရပ်မှာပဲ
ရှိနေတာမို့လား ”
ကျုပ် ဘာမှမမြင်တော့ဘူးဗျာ၊ ကွပ်ပျစ်ပေါ်မှာ
ဝုန်းကနဲ ထရပ်လိုကိမိတယ်၊ လှယဉ်နဲ့ ပတ်သတ်လာရင်
ကျုပ်အသက်နဲ့လဲမှာ။ လှယဉ်ကို ဘယ်လောက်
ချစ်တယ်ဆိုတာ ကျုပ်ထက် ဘယ်သူက
ပိုပြီး သိနိုင်မှာတုံးဗျာ။
“ဟာ ဒီလိုမဖြစ်ဘူးလေ ကိုကြီးတာတေ၊
ဒီလူကို သွားသတ်ရင် ကိုကြီးတာတေ လူသတ်မှုနဲ့
ထောင်ကျသွားမှာပေါ့ဗျ”
ကျောက်ဒိုးက ကျုပ်ကို သတိပေးတယ်ဗျ။
ဒီကောင် ငယ်ပေမဲ့ မဆိုးဘူး၊ ကျုပ်ကို သတိ
လက်လွတ်မဖြစ်အောင် သတိပေးနေတာဗျ။
ကျုပ်လည်း ကွပ်ပျစ်မှာ ပြန်ထိုင်ပြီး နဂါးဆေးပေါ့လိပ်
ကလေးကို မီးခတ်နဲ့ မီးညှိပြီး ဖွာလိုက်တယ်
စိတ်တော်တော်ကလေး ငြိမ်သွားတော့မှ…
“အေး မင်းပြောတာ ဟုတ်တယ် ကျောက်ဒိုး၊
ငါတို့ သွေးဆူပြီးလုပ်လို့ မဖြစ်ဘူး ”
“နေဦး ကိုကြီးတာတေ၊ ကျုပ် ပြောဦးမယ်
ဒီလူက ခွေးပုကို မေးသေးတယ်တဲ့ဗျ။
အဲဒီကဝေမကို မြှုပ်ထားတဲ့ မြေပုံ ဘယ်မှာတုံး၊
အဲဒါပြရင် မင်းကို မုန့်ဖိုးပေးမယ်လို့ ပြောသတဲ့၊
ခွေးပုက ဟာ နေရာတော့ ဘယ်မှတ်မိတော့မလဲ
လို့ ပြန်ပြောတော့ မင်းမပြောချင်ရင်လည်း
နေပေါ့ကွ၊ မင်းကို ငါက မုန့်ဖိုးပေးချင်လို့
မေးတာပါ၊ ငါသိပြီးပါပြီဆိုပြီး အစ်မလှယဉ်ရဲ့
မြေပုံနေရာကို ဒီလူက ပြတယ်တဲ့၊
ပြီးတော့ ဟောဒီမှာ တွေ့လား၊
ငါ ဒီကောင်မကို ခေါ်ထားတာဆိုပြီး
လက်ညှိုးထိုးပြသတဲ့၊ ခွေးပု လှမ်းကြည့်လိုက်တော့
အစ်မ လှယဉ်ရဲ့မြေပုံခေါင်းရင်းမှာ ကန်တော့ပွဲ
ထိုးထားတာတဲ့ဗျို့ ”
“ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီကောင်
တကယ်လုပ်နေပြီပေါ့ ”
“ဟုတ်တယ်ဗျ၊ ပြီးတော့ ပြောသတဲ့၊
ဒီကဝေမ ပုန်းနေရှောင်နေလို့ ဘယ်ရမလဲကွ၊
အခု ဒီကို ရောက်နေပြီကွ။ ငါ ဒီည စီရင်တော့မှာ
မင်းလာပြီး မြေပုံတူးပေးမလား၊ ငါ မင်းကို
ပိုက်ဆံ အများကြီးပေးမယ်လို့ ပြောတယ်တဲ့ ”
“ဒီတော့ ခွေးပုက ဘာပြောတုံး ”
“ဟာ ကျုပ်အိမ်က ညဘက် ရွာပြင်ထွက်လို့
မရဘူးလို့ ပြောခဲ့တယ်တဲ့၊ ရတယ်၊ ငါ့ဟာငါ
တူးမှာပေါ့ကွာ၊ သဲမြေပဲ သိပ်မတူးရပါဘူးလို့
ပြောသတဲ့ ”
“ဟေ ဒါဆိုရင် ဒီကောင် လှယဉ်ကို ဒီည
ဆေးစီရင်တော့မှာပေါ့ ”
ကျုပ် ဘာလုပ်ရမလဲလို့ စဉ်းစားတယ်
ဘာလုပ်ရမလဲ၊ ကျုပ် ဘာလုပ်မလဲ၊
ကျုပ် ဘာလုပ်ရမလဲ၊ ကျုပ် အလုပ်သင့်ဆုံးက
မဖဲဝါကို ဒီအကြောင်း ပြောဖို့ပဲဗျ။
ဟုတ်ပြီး အချိန်မရှိဘူး။
ချက်ချင်းစီစဉ်ရမှာပဲ၊ ဒီအောက်လမ်းကောင်က
ဒီည လှယဉ်ကို ဆေးစီရင်တော့မှာဗျ။
“ကဲ ကျောက်ဒိုး မင်းပြန်တော့၊ ညရှစ်နာရီ
ကျော်ရင် ငါ ဘန့်ဘွေးကုန်းကို အရောက်
လာခဲ့မယ်၊ ငါ လုပ်စရာရှိတာတွေ လုပ်ရဦးမယ် ”
ကျုပ် ပြန်လွှတ်တော့ ကျောက်ဒိုး ပြန်သွားတယ်
“ကျောက်ဒိုး ငါလာမှာကို ဘယ်သူမှ မသိစေနဲ့နော် ”
“စိတ်ချ ကိုကြီးတာတေ”
ကျုပ် သံမဏိနဲ့ ကျောက်ခဲကို သွားခေါ်တယ်
ကျောက်ခဲကို ပိုက်ဆံပေးပြီး ကြက်ဝယ်ခိုင်းတယ်
ကျောက်ခဲက လူလည်ဗျ၊
“ကိုကြီးတာတေ၊ အမဲသား ယူမလား ”
“ဟကောင် ၊ အမဲသားက ဘယ်ကရမှာတုံးကွ ”
“ကိုဝကြီးတို့အိမ်မှာ သာယာကုန်းက အမဲသား
ဆုံသားလာရောင်းနေတယ်ဗျ”
“ဟေ ဟုတ်လား၊ အမဲသား ရရင်တော့
ပိုကောင်းတာပေါ့ကွ၊ သွားကွ၊ အမဲသား
တစ်ပိဿာ ဝယ်ခဲ့ ”
ကျုပ်နဲ့ သံမဏိက ငှက်ပျောဖက်တွေ တစ်ခါတည်း
ဝင်ခုတ်လိုက်တယ်၊ ကျောက်ခဲပြောတာ ဟုတ်တယ်ဗျ၊
ဒီကောင် အမဲသား တွဲဆွဲပြီး ရောက်လာတယ်။
ဒီကောင်နှစ်ကောင်နဲ့ ကျုပ်နဲ့ ဝိုင်းထဲမှာပဲ
မီးမွှေးပြီး ထမင်းတစ်အိုးနဲ့ အမဲသားတစ်အိုး
ချက်ကြရတာပေါ့ဗျာ။
ဒီကောင်နှစ်ကောင်က လွှတ်အားကိုးရတာဗျ။
ကျုပ်ကို ငရုတ်သီး ကူထောင်းပေး၊ ရေခပ်ပေး၊
မီးမှုတ်ပေးနဲ့ ဝိုင်းလုပ်ကြတာဗျ။ညနေ ငါးနာရီ
လောက်ကျတော့ အားလုံး ကျက်သွားပြီ။
“ဟဲ့ တာတေ ဘာတွေ ပွေလီဦးမလို့တုံး”
ကျုပ်ကတော့ အမေ့ကို အကြောင်းစုံ
မပြောတော့ပါဘူးဗျာ၊
ငှက်ပျောဖတ်ခုတ်ရင်း ကျုပ်က သိန်းဇော်ကို
မီးလောင်ကုန်း လွှတ်လိုက်တာဗျ၊ နတ်ဝင်သည်
ဒေါ်တုတ်ကို လှည်းနဲ့ သွားပင့်ခိုင်းတာ။
ဒီကောင်ကလည်း ကျုပ်ခိုင်းရင် ဘယ်တုန်းကမှ
ငြင်းတဲ့ကောင်တွေ မဟုတ်ဘူးဗျ၊
မီးလောင်ကုန်းကို တန်းသွားတော့တာ၊
ညနေ ခြောက်နာရီလောက်ကျတော့
သိန်းဇော်လှည်းက ကျုပ်တို့ဝိုင်းထဲ ဝင်လာပြီး
ဒေါ်တုတ်ကြီးက သိန်းဇော်လှည်းပေါ်မှာ
အခန့်သားကြီး ထိုင်လို့ဗျ၊
တစ်ခါတည်းကို လိုက်ခဲ့တာ။
“ဟာ တော်သေးတာပေါ့ဗျာ၊ ကျုပ်က
ဒေါ်တုတ် ပါမလာမှာကို စိတ်ပူနေတာဗျ”
” အမလေးတော်၊ ကိုတာတေက အခေါ်
လွှတ်တယ်ဆိုတော့လည်း ကျုပ်မှာ မလာဘဲ
ဘယ်နေဝံ့ပါ့မတုံး၊ တစ်ခါတည်း
လိုက်ခဲ့ရတော့တာပေါ့တော်”
ဒေါ်တုတ်က ကျုပ်ကိုစရင်း အိမ်ပေါ်တက်သွားတယ်၊
အမေ့အတွက်ယူလာတဲ့ ထန်းလျက်ခဲလေး
ပုန်းရည်ကြီးထုပ်ကလေးကို တက်ပေးတာပေါ့ဗျ။
ညခုနှစ်နာရီခွဲတာနဲ့ ကျုပ်ရယ်၊ ကျောက်ခဲနဲ့
သံမဏိရယ်၊ ဒေါ်တုတ်ရယ် ထနောင်းကုန်း
သင်္ချိုင်းထဲကို လာခဲ့ကြတယ်။ သံမဏိက
ထမင်းတောင်းလေး ထမ်းလို့ပေါ့ဗျာ။
အချိန်က သိပ်မရှိဘူးဗျ။ ပြီးတာနဲ့ ကျုပ်က
ဘန့်ဘွေးကုန်းကို တန်းသွားရမှာ။ ဟိုမှာ
နောက်ကျသွားရင် သွားရောဗျို့။
ထုံးစံအတိုင်း ဂူပေါ်မှာ ထမင်းထုပ်ဖြေပြီးခင်း
အားလုံးစုံတော့ ဒေါ်တုတ်က ဆံပင်ဖားလျားချပြီး
မဖဲဝါကို ပင့်ရတာပေါ့ဗျာ။
“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံခွန်ငါ့ကွန်း၊
မြောက်ဓူဝံအတွင်း ရောက်လေရာအရပ်က
မြန်စွာကြွလှမ်းကာ ကြွခဲ့ပါ၊ သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊
ကျုပ်တာတေမှ စားပွဲသောက်ပွဲများနှင့် ကြိုဆိုနေပါတယ်၊
ဟောဒီ ထနောင်းကုန်းသင်္ချိုင်းထဲကို ခုချက်ချင်း
ကြွခဲ့ပါဗျာ ”
ကျုပ်က ထပ်ကာ ထပ်ကာ ပင့်တယ်ဗျ၊
“ဝူး၊ ဝူး၊ ဝူး ၊ ဝူး ၊ ဝူး ”
ဟာ လာပြီဗျို့၊ မဖဲဝါကြီး လာပြီဗျ၊ တော်သေးတာပေါ့ဗျာ၊
ကျုပ်က မကြွမှ စိတ်ပူနေတာ၊
“ဟီး ဟီး ဟီး ဟီး ”
ဟာ ဝင်ပြီဗျို့၊ ဒေါ်တုတ်ကို ဝင်စီးပြီဗျ၊
ဟော ခုန်တက်လိုက်တာများဗျာ၊ လွှားကနဲပဲဗျို့၊
ဂူပေါ်ကို ရောက်သွားပြီဗျ၊ ဟာ အမဲသားဆိုတော့
မဖဲဝါအကြိုက်ပေါ့ဗျာ၊ ခေါင်းကြီးငုံပြီး
စားတော့တာပဲဗျို့၊
“ဟဲ့ တာတေ၊ ဘာကိစ္စရှိတုံး”
ဟာ ဒီတစ်ခါတော့ အတော်ကို ထူးတာဗျို့၊
ကျုပ်ကို မဖဲဝါက စပြီး မေးတာ။
“မဖဲဝါ လွန်ခဲ့တဲ့ နှစ်နှစ်က ဘန့်ဘွေးကုန်းမှာ
ကဝေမ ငယ်ငယ်တစ်ယောက်နှင့် အောက်လမ်းဆရာကြီး
တစ်ယောက် ပညာပြိုင်ပြီး နှစ်ယောက်လုံး သေသွားတာ
မဖဲဝါ သိမှာပါ ”
“နင့်ရည်းစား လှယဉ်”
“ဟာ မဖဲဝါ သိတယ် ဟုတ်လား၊ ဟုတ်တယ်
မဖဲဝါ လှယဉ်က ကျုပ်ရည်းစားပါ၊ အခု
ဘန့်ဘွေးကုန်းသင်္ချိုင်းမှာ အဲဒီသေသွားတဲ့
ဆရာရဲ့တပည့် တာနော ဆိုတဲ့လူ ရောက်နေတယ်ဗျ။
လှယဉ်မြေပုံကို တူးပြီး ခေါင်းခွံကို ဆေးစီရင်မလို့တဲ့။
ပြီးရင် လှယဉ်ကို တစ်သက်လုံး ခိုင်းစားမှာဆိုပဲ”
“ဟား ဟား ဟား ငါပိုင်တဲ့ သင်္ချိုင်းတွေထဲကို
အောက်လမ်းတွေ လုပ်ချင်တာ လုပ်လို့ရမလားဟဲ့
အဲဒီအကောင် တာနော ဆိုတာကို ငါ့စောင့်နေတာ
ကြာပြီ၊ ဒီညတော့ ကြုံပြီပေါ့၊ သူများမယားကို
ဆေးဝါးတွေသုံးပြီး ကျူးလွန်နေတဲ့ အကောင်ဟဲ့၊
စည်းကျိုး၊ စည်းပျက် ဆရာကောင်၊ ငါ ဒီကောင်ကို
စောင့်နေတာ ကြာပြီ၊ မကြုံသေးတာ၊ ကဲ
ငါသွားလိုက်မယ် တာတေ”
ဟာ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။
မဖဲဝါသာ မကယ်ရင် လှယဉ်တစ်ယောက်
အောက်လမ်းဆရာ ခိုင်းသမျှ လုပ်ရတော့မှာဗျ။
ဒေါ်တုတ်ကို ကျုပ်တို့အိမ်မှာပဲ အိပ်ခိုင်းလိုက်တယ်
ပြန်ပို့ဖို့ အချိန်မရဘူးလေဗျာ၊ ကျုပ်ရယ်၊ ကျောက်ခဲရယ်၊
သံမဏိရယ် ဘန့်ဘွေးကုန်းသင်္ချိုင်းကို
တန်းပြီးပြေးရတာပေါ့ဗျာ။ ဘန့်ဘွေးကုန်းကို
ရောက်တော့ လှယဉ်ရဲ့မောင် ကျောက်ဒိုးနဲ့
သံခဲက ကျုပ်တို့ကို စောင့်နေကြတာဗျ။
ဒီကောင်တွေလည်း မျက်နှာတွေ ပျက်နေကြတာပေါ့ဗျာ။
ကျုပ်တို့ငါးယောက် ဘန့်ဘွေးကုန်းသုသာန်ကို
သွားကြတယ်။ ဟိုရောက်တော့ ကျုပ်တို့
ဘိစပ်ခြုံပုတ်ကြီးထဲက ပုန်းပြီး ကြည့်ရတာပေါ့ဗျာ။
အောက်လမ်းဆရာက မြေပုံတူးပြီးသွားပြီဗျ။
လှယဉ်ရဲ့ ခေါင်းခွံကို ရသွားပြီ။ ဇရပ်ပေါ်မှာ
ဆေးစီရင်နေပြီဗျ။ လှယဉ်ရဲ့ ခေါင်းခွံပေါ်မှာ
ဖယောင်းတိုင်သုံးတိုင် ထွန်းထားတယ်။
အောင်မယ် ဒီလူက စည်းဝိုင်းလည်း
ချထားသေးတာဗျ။
စည်းဝိုင်းကို သွေးနဲ့ ဝိုင်းထားတာကြက်သွေးပဲ
ဖြစ်မှာပေါ့ဗျာ။ ခေါင်းခွံပေါ်မှာ ထွန်းထားတဲ့
မီးတောက်ထဲကို ဖြူဖြူအမှုန့်ကလေးတွေ
ပေါက်ထည့်ပြီး ပါးစပ်က ဂါထာတွေ
ရွတ်နေတာဗျ။ ဖြူဖြူအမှုန့်ကလေးတွေ
မီးတောက်ထဲကို ပစ်ချလိုက်တိုင်း ဝုန်းကနဲ
ဆိုပြီး မီးတောက်ကြီး ထထသွားတယ်။
“ဟဲ့ ကဝေမရဲ့ဝိညာဉ် အခုချက်ချင်း ဒီနေရာကို
အရောက် လာခဲ့စမ်း၊ ငါ ဆရာတာနော အမိန့်၊
အခု လာခဲ့။ အခု လာခဲ့ ”
ကျုပ်က မျက်ကွင်းဆေး ကွင်းထားတာဗျ၊
အားလုံးမြင်နေတာ၊ ဟော ဇရပ်လှေကားကနေ
တက်လာပြီဗျို့၊ တက်လာပြီ။
ဟာ လှယဉ် လှယဉ်ပါလား၊ သူ့ကို သင်္ဂြိုဟ်တုန်းက
ဝတ်ထားတဲ့ အဝတ်အစားကလေးတွေပဲ ဝတ်လို့ဗျ၊
ပင်နီးရောင် ရင်ဖုံးအင်္ကျီကလေးနဲ့ သရက်ထည်လုံချည်
အနက်ပေါ်မှာ အဖြူပွင့်ကလေးတွေနဲ့ ရုပ်ပျက်ဆင်းပျက်ပုံ
မဟုတ်ဘူးဗျ၊ ကျုပ်ရင်ထဲမှာ မငိုမိတာ ကြာပြီ။
ကျုပ် မျက်လုံးအိမ်တွေမှာ မျက်ရည်တွေ စို့လာတယ်။
ဖြစ်မှဖြစ်ရလေ လှယဉ်ရယ်
“လာဆိုလာ၊ ချင်းဆိုချင်း၊ နင်းဆိုးနင်း၊
ဟဲ့ ကဝေမ လှယဉ် နင် အခု လာခဲ့၊ လာခဲ့”
လှယဉ်က ဒီလူရဲ့နောက်မှာ ရပ်နေတာဗျ၊
ဆံပင်ကတော့ ဖားလျားချထားတာ။
ကျုပ်ရောက်နေတာကို လှယဉ် ဘယ်သိမှာတုံးဗျာ။
ကိုယ်ချစ်သူ တစ်ယောက်ကို အခုလို ဒုက္ခပေးတော့မယ်
ဒီအောက်လမ်းဆရာကို ပြေးပြီး ဓါးနဲ့ အချက်
တစ်ထောင်လောက် ခုတ်ပစ်လိုက်ချင်တာပေါ့ဗျာ။
ခဏနေမှ အောက်လမ်းဆရာ တာနောက
မျက်စိဖွင့်ပြီးလိုက်ကြည့်တယ်ဗျ၊ ဟော
သူ လှယဉ်ကို တွေ့သွားတယ်။
“သြော် လှယဉ် ရောက်နေမှကိုး၊ ဆရာက
မင်း မရောက်သေးဘူး ထင်နေတာ၊ အင်း လှယဉ်က
သရဲဖြစ်နေတာတောင် လှတုန်းပါပဲလား မင်းကို
ငါ ပေါင်းသင်းလို့ရရင် ပေါင်းသင်းလိုက်ချင်ရဲ့ကွယ်”
ကျုပ် ခါးကြားမှာ ထိုးထားတဲ့ ဓါးမြှောက်ကိုတောင်
ဆွဲထုတ်မိတယ်ဗျာ၊ ကဲ လာ လာ လှယဉ်လေး၊
အနားလား ၊ အောင်မယ်၊ အောင်မယ် ငနဲက
လှယဉ်ကိုတောင် လှမ်းဆွဲလိုက်သေးသဗျ၊
သွားပြီ၊ ဒီလူရဲ့ လက်က သူ ချထားတဲ့ သွေးစည်းဝိုင်း
အပြင်ကို ကျော်သွားပြီဗျို့။
“ဟား ဟား ဟား ဟား ဟား ”
ကျုပ်တောင် လန့်ပြီး တုန်သွားတာဗျို့၊ ဟာ မဖဲဝါကြီးဗျ။
မဖဲဝါကြီး။ လှယဉ်မှ မဟုတ်တာ၊ အောင်မယ်လေးဗျာ
ချက်ချင်းကို သူ့ပုံစံကြီး ပြောင်းသွားတာဗျ။ အရပ်ကြီး
ဆယ်ပေလောက် ရှိတယ်ဗျ၊ ဆံပင်ဖားလျားကြီးချလို့ဗျို့။
အောင်မယ်လေး မျက်လုံးကြီးက ဟင်းသောက်ပန်းကန်လောက်
ရှိတာဗျို့ ၊ ရဲရဲတောက်နေတာ၊
“နင့်စည်းနင်ဖောက်တာ၊ အီး အီး အီး ”
အသံကတော့ သိပ်သဲသဲကွဲကွဲ မဟုတ်ဘူးဗျ။
မနည်းနားထောင်ရတာ၊ ဟော ဆရာတာနောက
ဝုန်းကနဲ ထလိုက်တယ်၊
“နင် ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ၊ ငါ့ကို
ဘာထင်လို့ လာစမ်းတာတုံး ”
“အီး၊ ဟီး၊ ဟီး၊ လှယဉ် မဟုတ်ဘူး၊
ငါ ငါ မဖဲဝါဟဲ့၊ မဖဲဝါ၊ ဆရာစုတ်၊ စည်းကျိုး
စည်းပျက် စည်းပေါက်ကောင်ရဲ့ ”
ဆရာတာနောက သူ့ဆေးလွယ်အိတ်ထဲက
တိုက်နွားမည်းမည်းကလေးကို ကပျာကယာ
ထုတ်လိုက်တယ်၊ ဒါပေမဲ့ နောက်ကျသွားပြီဗျ၊
အောက်လမ်းဆရာ တာနော လွှတ်နောက်ကျသွားပြီ။
မဖဲဝါရဲ့လက်ကြီးက အပေါ်ကို မြောက်တက်သွားပြီး
ရိုက်ချလိုက်တယ် ။
“ဘုန်း၊ ဘုန်း၊ ဘုန်း ”
ရိုက်ပြီ၊ ရိုက်ပြီ၊ သုံးချက်ဆင့်ရိုက်လိုက်တာ။
မဖဲဝါရဲ့ သံမဏိလက်ဝါးကြီးကို ဘယ်သူခံနိုင်မှာတုံးဗျာ၊
“အား၊ အား၊ အား”
အောက်လမ်းဆရာရဲ့ အသံနက်ကြီးနဲ့
အော်တဲ့အသံက သင်္ချိုင်းတစ်ခုလုံး လွှမ်းသွားရောဗျို့။
ကျောက်ခဲတို့တောင် လန့်သွားကြတာ။ဒါတောင်
ဒီကောင်တွေ မဖဲဝါကို မမြင်လို့ဗျ။ မြင်သာမြင်ရင်
ကျုပ်ကိုထားပြီး ထွက်ပြေးကြမှာ သေချာတယ်။
ဟာ အန်ပြီဗျို့၊ ဆရာ တာနောက ဒူးထောက်ရက်ကြီး
ထိုးကျသွားပြီး သွေးတွေ့အန်နေတာဗျို့။အို
အန်လိုက်တဲ့ သွေးတွေမှ မနည်းပါဘူးဗျာ။
တဗွမ်းဗွမ်းနေတာပဲ။ ဟော ရှေ့ကို ခေါင်းကြီးစိုက်ပြီး
ထိုးကျသွားပြီဗျို့။ ဆရာတာနော ငြိမ်သွားပြီ။
နည်းနည်းမှကို မလှုပ်တော့ဘူး။
မဖဲဝါကြီးလည်း ဆံပင်ဖားလျားကြီးနဲ့ လေထဲမှာ
ရိပ်ကနဲ ရိပ်ကနဲ လွင့်ပြီး ပြန်ထွက်သွားပြီ။ ကျုပ်လည်း
လှယဉ်ရဲ့ ခေါင်းခွံကလေးကို သူ့ရဲ့ မြေပုံထဲမှာ
သေသေချာချာ ပြန်ပြီး မြှုပ်ပေးခဲ့ရတာပေါ့ဗျာ။
ပြီးတော့မှ ရွာထဲဝင်ပြီး သူကြီးဘိုးထွန်းပွင့်ကို
အကျိုးအကြောင်း ပြောပြရတာပေါ့ဗျာ။
သူကြီးလည်း ရွာထဲက လူတချို့ကို တိုးတိုးတိတ်တိတ်
နှိုးပြီး ညတွင်းချင်း အောက်လမ်းဆရာကို
ကျင်းတူးမြှုပ်ပစ်လိုက်တယ်ဗျို့။
ပြီးတော့ ဒီအကြောင်းကို အုတ်အုတ်ဆိုင်ဆိုင်းပဲ
ထားလိုက်ကြရတာပေါ့ဗျာ။
မူရင်းရေးသူ ဆရာ တာတေ
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
‘မဖဲဝါရဲ့ အိမ်’ စာအုပ်မှာ ပြန်လည်ဝေမျှထားသည်။
ပြီးပါပြီ
Leave a Reply