ချိန်လိုက်ကြသည်။
“ဟာ”
“အမလေး”
အားလုံးအထိတ်တလန့်ဖြစ်ကာ ထအော်မိကြတော့သည်။
ထိုအခါ သေနတ်ဖြင့် ထိုးချိန်ထားသည့် လူသုံးယောင်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက
“အားလုံးပါးစပ်ပိတ်ထားကြစမ်း။အသက်ရှင်ချင်သေးတယ်ဆိုရင် အဲဒီနေရာမှာပဲဝပ်နေကြ”
ယင်းသို့ခပ်မာမာ အမိန့်ပေးလိုက်တော့ မန်နေဂျာနှင့်တကွ ဝန်ထမ်းများအားလုံးလည်း ငွေရေတွက်သည့်နေရာ၌ပင် ဝပ်နေလိုက်ကြတော့သည်။
ထိုအခိုက်တွင် ကျော်စိုးကို သေနတ်ဖြင့်တေ့ချိန်ထားသည့်လူက ခါးကြားထဲတွင် ထိုးထည့်ထားသည့် မြွေရေခွံအိတ်ကို ပေးလိုက်ရင်း
“ဟေ့ကောင်။ကောင်တာအနောက်ကိုသွား။
ဒီအိတ်ထဲကို ပိုက်ဆံတွေထည့်လာခဲ”
“ဗျာ”
“ဘာလဲ။ငါပြောတာမကြားဘူးလား။မင်းရဲ့နားထဲကို ကျည်ဆံထည့်ပေးလိုက်ရမလား”
“ကြား ကြားပါတယ်ခင်ဗျ”
“ကြာူရင် မြန်မြန်လုပ်”
“ဟုတ် ဟုတ်ကဲ့”
ကျော်စိုးလည်း မြွေရေခွံအိတ်ကိုယူပြီး ကောင်တာအနောက်သို့ဝင်လာကာ ငွေတွေကို စတင်ထည့်လေသည်။
ယင်းအခိုက်တွင် ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူက အများနည်းတူ သမံသလင်းပေါ်တွင်ဝပ်နေသည့် မေသဇင်နှင့်ရီရီအောင်ကို သေနတ်ဖြင့် ပြောင်းချိန်နေရင်း ပြောလိုက်သည်။
“ဟိုမိန်းကလေးနှစ်ယောက်။နင်တို့ပါ ဝိုင်းထည့်ပေးလိုက်”
မေသဇင်ရော ရီရီအောင်ပါ ခေါင်းမော့လာပြီး ခေါင်းဆောင်ဖြစ်ဟန်တူသူကို လှမ်းကြည့်လိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူ စိတ်မရှည်ချင်တော့ပေ။
“နင်တို့နားလေးနေတာလား။ငါပြောတာ မကြားဘူးလား”
“ဪ ဟုတ် ဟုတ်။ကြားပါတယ်ရှင့်”
“ကြားရင် မြန်မြန်လုပ်”
“ဟုတ်ကဲ့”
နှစ်ယောက်သား ငွေတွေကို အိတ်ထဲသို့ ဝိုင်းကူထည့်ပေးကြသည်။
ထို့နောက် ငွေတွေအားလုံး အိတ်နှင့်အပြည့်နီးပါး ထည့်ပြီးသည့်နောက် ခေါင်းဆောင်က
“အဲဒီအိတ်ကိုထမ်းပြီးမင်းတို့သုံးယောက် ဒီကိုလာ။မြန်မြန်လုပ်”
“ဟုတ် ဟုတ်ကဲ့”
ကျော်စိုးလည်း အိတ်ကို မနင်းမနင်းဖြင့် ပုခုံးပေါ်ထမ်းတင်လိုက်သည်။
ပြီးနောက် မေသဇင် ရီရီအောင်နှင့်အတူ ကောင်တာအနောက်မှ ထွက်လာခဲ့သည်။
ထို့နောက် ခေါင်းဆောင်ဖြစ်သူက သူ၏တပည့်သုံးယောက်ကို အမိန့်ပေးလိုက်သည်။
“ဟေ့ကောင်တွေ။မင်းတို့ ဒီသုံးယောက်ကိုကားထဲခေါ်သွား။ပြီးရင် ငါ့ကိုစောင့်နေ”
“ဟုတ်ကဲ့ဆရာ”
တပည့်သုံးယောက်လည်း ကျော်စိုးတိုါသုံးယောက်ကို ဘဏ်ထဲမှ ခေါ်ထုတ်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူကမူ ဘဏ်ထဲမှ ချက်ချင်းမထွက်သေးဘဲ ဘဏ်အတွင်းရှိ နေရာအသီးသီးကို မျက်စိကစားပြီး ကြည့်နေသည်။
ယင်းသို့ကြည့်နေရင်းမှ သူ၏အကြည့်တွေက ကောင်တာခုံပေါ်မှ ကြိုးဖုန်းနှစ်လုံးဆီသို့ရောက်သွားသည်။
ထို့နောက် ခေါင်းဆောင်လည်း ထိုကြိုးဖုန်းနှစ်လုံး၏ကြိုးများကိုဖြုတ်ကာ သမံတလင်းပေါ်သို့ ရိုက်ခွဲပစ်လိုက်သည်။
‘ခွမ်း’
ဖုန်းနှစ်လုံးစလုံး လုံးဝသုံးမရအောင် ကွဲကြေသွားသည်။
ထိုအခါမှ ခေါင်းဆောင်လည်း ဘဏ်ထဲမှ ပြေးထွက်လာခဲ့သည်။
ပြီးနောက် တံခါးအသင့်ဖွင့်ပေးထားသည့် စူပါဆလွန်းကားခေါင်းခန်းထဲသို့ ဝင်ထိုင်လိုက်ပြီး တံခါးကိုခပ်မြန်မြန်ပိတ်ရင်း ပြောလိုက်သည်။
“မောင်း မောင်း မြန်မြန်မောင်း”
“ဟုတ်ကဲ့ကိုကြီး”
‘ဝူး’
ကားလည်းစက်နှိုးပြီးသည်နှင့်တပြိုင်နက်
ဘဏ်ရှေ့ ကားပါကင်နေရာမှ လျင်မြန်စွာမောင်းထွက်သွားတော့သည်။
ထိုအခါမှ သမံတလင်းပေါ်တွင် ဝပ်နေကြသည့် မန်နေဂျာနှင့်ဝန်ထမ်းတွေလည်း ကုန်းရုန်းပြီး ပြန်ထကြသည်။
မန်နေဂျာက ပျာပျာသလဲဖြင့်
“ဖုန်းဆက် ဖုန်းဆက်။ရဲစခန်းကို မြန်မြန်ဖုန်းဆက်”
ထိုအခါ ဝန်ထမ်းတစ်ယောက်က အိတ်ကပ်ထဲမှ ဟန်းဖုန်းကိုထုတ်ကာ ရဲစခန်းကို ဖုန်းဆက်ဖို့ပြင်လေရာ မန်နေဂျာကပဲ အနှီဝန်ထမ်းဆီမှဖုန်းကို ‘ဆတ်ခနဲ’ယူကာ ဆက်လိုက်သည်။
ယင်းအချိန်၌ ဘဏ်ကိုဓားပြတိုက်သူတို့၏ကားကလေးသည် အတော်အတန်ဝေးကွာသည့်နေရာသို့ ရောက်နေချေပြီ။
ထိုအခါမှ ကားမောင်းသူ၏ဘေးတွင်ထိုင်နေသည့် ခေါင်းဆောင်ဖြစ်သူလည်း မျက်နှာတွင် တပ်ထားသည့် ဂျိုကာ မျက်နှာဖုံးကိုချွတ်လိုက်သည်။
ယင်းသို့ ချွတ်လိုက်သည်နှင့်တပြိုင်နက် တည်ကြည်ခန့်ညားသည့်ရုပ်သွင်က ‘ဘွားခနဲ’ပေါ်လာသည်။
ခေါင်းဆောင်၏အသက်သည် သုံးဆယ်ခန့်သာရှိအုံးမည်ဖြစ်သည်။
ပြီးတော့ ၎င်း၏အမည်သည် အဂ္ဂဦးဖြစ်လေပြီးအဖွဲ့သားအားလုံးက သူ့ကို ‘ကိုကြီး’ဟုခေါ်ကြသည်။
အဂ္ဂဦး၏ဘေးမှ ကားမောင်းသူ၏အမည်မှာ ရန်နိုင်ကျော်ဖြစ်သည်။
ရန်နိုင်ကျော်သည် ကားမောင်းသည့်တာဝန်ကိုသာ ယူထားရသည်ဖြစ်သူမို့ ဘဏ်ကို ဓားပြတိုက်ကတည်းက ကားပေါ်မှ မဆင်းရဘဲ အဆင်သင့်မောင်းထွက်နိုင်စေရန်အတွက် အသင့်ပြင်ထားရသည်။
အဂ္ဂဦး မျက်နှာဖုံးချွတ်လိုက်တော့ ကားအနောက်ခန်းထဲမှ မျက်နှာဖုံးကိုယ်စီတပ်ထားသည့် သုံးယောက်ကလည်း အသီးသီးချွတ်လိုက်ကြသည်။
ထို့အတူ ဘဏ်ဝန်ထမ်းတွေဖြစ်သည့် မေသဇင်နှင့် ရီရီအောင်ကလည်း ဝန်ထမ်းယူနီဖောင်းအင်္ကျီကိုချွတ်ပစ်လိုက်ကြပြီး ချိုင်းပြတ်အင်္ကျီကလေးဖြင့်သာ နေနေကြသည်။
ယင်းအခိုက်တွင် အဂ္ဂဦးက ၎င်းတို့ဘက်သို့မျက်နှာလှည့်ပြီး ပြောလိုက်သည်။
“မင်းတို့ခြေထောက်အောက်မှာ သားရေအိတ်တွေရှိတယ်။ပိုက်ဆံတွေကို အဲဒီအိတ်တွေထဲ ခွဲထည့်ထားကြ”
“ဟုတ်ကဲ့ကိုကြီး”
ခြောက်ယောက်သား မြွေရေခွံအိတ်ထဲမှ ပိုက်ဆံတွေကို သားရေအိတ်တွေထဲသို့ ခွဲထည့်နေကြတော့သည်။
ယင်းအချိန်၌ ဘဏ်မန်နေဂျာ၏ဖုန်းဆက်အကူအညီတောင်းခြင်းကို ခံထားရသည့်ရဲတွေလည်း ဘဏ်ထဲသို့ရောက်နေကြပြီဖြစ်သည်။
“ကားက ဘာအရောင်လဲ။ဘာအမျိုးအစားလဲ။နံပါတ်က ဘယ်လောက်လဲ”
ဒုရဲအုပ်က မန်နေဂျာကို မေးနေခြင်းဖြစ်သည်။
မန်နေဂျာလည်း ခေါင်းကိုတဗြင်းဗြင်းကုတ်ပြီး
“မသိဘူးဗျ”
“အမ်”
ဒုရဲအုပ်ကြောင်တောင်တောင်ဖြစ်သွားသည်။
မန်နေဂျာက
“ဟုတ်တယ်ဗျ။မျက်နှာဖုံးတွေတပ်ထားပြီး သေနတ်တွေနဲ့ထိုးချိန်ထားတော့ ကျွန်တော်တို့လည်း သံမံတလင်းပေါ် ဝပ်နေရတာ။သူတို့တွေ ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားတော့မှ ကျွန်တော်တို့လည်း ထရဲကြတာ”
ပြောရင်းဖြင့် မန်နေဂျာသည် တစ်စုံတရာကို သတိရမိသွားပြီး
“ဟာ ကားပါကင်မှာ cctv ကင်မရာတွေတပ်ထားတယ်ဗျ။ကျွန်တော်တို့တွေ cctv မှတ်တမ်းကို ပြန်ကြည့်ရင် ရနိုင်တာပဲ”
ယင်းသို့ပြောလိုက်တော့ ဒုရဲအုပ်က
“ဟာ အဲဒါတော့ ခင်ဗျားပြောမှလား။ကျုပ်တို့က အချိန်ကုန်သက်သာအောင် အလွတ်ရမလားလို့မေးကြည့်တာ။ကဲကဲ cctv မှတ်တမ်းကိုပဲ ဖွင့်ပေးတော့ဗျာ”
“ဟုတ်ကဲ့”
ထို့နောက် မန်နေဂျာလည်း ဒရဲအုပ်နှင့်တကွ ရဲသားသုံးယောက်ကို cctvစက် ထားရှိရာ အခန်းထဲသို့ ခေါ်သွားလေတော့သည်။
ယင်းအချိန်၌ အဂ္ဂဦးတို့အဖွဲ့သာူတွေသည် ပိုက်ဆံတွေကို သားရေအိတ်ခြောက်အိတ်ထဲသို့ ခွဲထည့်ပြီးနေချေပြီ။
ထို့နောက် ရီရီအောင်က ကားခေါင်းခန်းထဲမှ အဂ္ဂဦးဆီသို့ ခန္ဓာကိုယ်ရှေ့သို့ကိုင်းပြီး ပြောလိုက်သည်။
“ကိုကြီး။ညီမတို့နှစ်ယောက်က ဘဏ်ဝန်ထမ်းအဖြစ်နဲ့နေပေးရတာ ငါးလတောင်ကြာတယ်နော်။ဘဏ်ရဲ့စည်းကမ်းတွေကြားမှာ နေနေရတာ ဘယ်လောက်စိတ်ကျဉ်းကြပ်ဖို့ကောင်းလဲ။ဒီကြားထဲ ဘဏ်ကလူတွေ သံသယမဝင်အောင် နေရတာလည်း တော်တော်ဒုက္ခရောက်တယ်နော်”
ယင်းသို့အစချီလာတော့ အဂ္ဂဦးလည်း သူမဘက်သို့ အနည်းငယ်စောင်းကြည့်ရင်း မေးလိုက်သည်။
“ကဲပါ။လေကြောရှည်မနေပါနဲ့။နင်ဘာပြောချင်တာလဲ”
“အဟိ”
ရီရီအောင်က သွားကလေးစိကာ တစ်ချက်ရယ်လိုက်ပြီး
“ဝေစုခွဲရင် ညီမတို့နှစ်ယောက်ကို နည်းနည်းပိုပေး”
“ဟင်း”
အဂ္ဂဦး မည်သို့မျှပြန်မပြောဘဲ နှာခေါင့်တစ်ချက်ရှုံ့ကာ မျက်နှာကို ရှေ့သို့ ပြန်မူထားလိုက်သည်။
ရီရီအောင်က ဝေစုပိုတောင်းတော့ ကျော်စိုးကလည်း ဝင်ပြောသည်။
“ဒါဆို ငါ့ကျတော့ရော။ဘဏ်မှာ လုံခြုံရေးဝန်ထမ်းလုပ်ရတာ ခြောက်လတောင်ကြာတယ်။ပေးချင်းပေး ငါ့ကို ပိုပေးရမှာပေါ့”
ထိုစကားကြောင့် အဂ္ဂဦးရော ကားမောင်းနေသည့် ရန်နိုင်ကျော်ပါ ပြုံးမိသွားကြသည်။
ထိုအခိုက်တွင် ညာဘက်အစွန်ဆုံးတွင် ထိုင်နေသည့် ထိုက်ထိုက်ဇော်ကလည်း ဝင်ပြောပြန်သည်။
“ဒါဆို ငါက အများဆုံးတောင် ရသင့်တာပေါ့”
“လာပြန်ပြီ”
အဂ္ဂဦးက ပြုံးရင်းဖြင့် တီးတိုးရေရွတ်လိုက်ခြင်းဖြစ်သည်။
ထိုက်ထိုက်ဇော်က
“မင်းတို့စဉ်းစားကြည့်လေ။ဒီအစီအစဉ်ကို ငါကပဲ စပြီး အကြံပေးခဲ့တာမဟုတ်လား”
“အင်း ဒါတော့ ဟုတ်တယ်”
အဂ္ဂဦးက တီးတိုးရေရွတ်ထောက်ခံလိုက်ခြင်းဖြစ်သည်။
ဟုတ်လည်းဟုတ်သည်။
ဤအစီအစဉ်ကို လွန်ခဲ့သည့် ရှစ်လခန့်ကတည်းက ထိုက်ထိုက်ဇော်က စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။
ထိုက်ထိုက်ဇော်၏အကြံကို အဂ္ဂဦးကလည်း သဘောကျပြီး လက်ခံခဲ့သည်။
ထို့နောက် နံပါတ်တစ် အစီအစဉ်အရ ကျော်စိုးက ဘဏ်တွင် လုံခြုံရေးဝန်ထမ်းအဖြစ် စတင်အလုပ်လျှောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
ပြီးနောက် တစ်လခန့်အကြာတွင် မေသဇင်နှင့် ရီရီအောင်က စာရေးဝန်ထမ်းအဖြစ် အလုပ်လျှောက်ကာ တာဝန်ထမ်းဆောင်ပြန်သည်။
ယင်းအတောအတွင်း ၎င်းတို့သုံးယောက်သည် ဘဏ်၏လုံခြုံရေးအနေအထား။ပတ်ဝန်းကျင် အနေအထားတို့ကို အသေးစိတ်ကအစ လေ့လာစုံစမ်းပြီး အဂ္ဂဦးတို့ကို အချက်အလက်တွေ နေ့စဉ်ပို့ပေးခဲ့သည်။
ယင်းလည်း အဂ္ဂဦးတို့သည် ချက်ချင်းမလှုပ်ရှားကြသေးဘဲ လပေါင်းအတော်ကြာအောင် စောင့်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ရရှိထားသည့် အချက်အလက်တွေ သေချာစေရန်နှင့် အစီအစဉ်အောင်မြင်စေရန်အတွက် အသေးစိတ်ကအစ ပြင်ဆင်နေရသောကြောင့်ဖြစ်သည်။
ယခု သူတို့၏အစီအစဉ်သည် ရာခိုင်နှုန်း အနည်းငယ်မျှ အောင်မြင်လာပြီဟု ဆိုရမည်ဖြစ်သည်။
အကယ်၍ သူတို့သည် လက်ရှိ တောင်ကြီးမြို့မှ လားရှိုး..လားရှိုးမြို့မှ တစ်ဖက်နိုင်ငံသို့ ချောမွေ့စွာ ရောက်ခဲ့လျှင် ဤအစီအစဉ်သည် ရာနှုန်းပြည့် အောင်မြင်သွားပြီဖြစ်သည်။
ထိုက်ထိုက်ဇော်က အဂ္ဂဦးကို စစ်ကူလှမ်းတောင်းသည်။
“ကိုကြီး။ဝေစုက ကျွန်တော်နည်းနည်း အလေးသာသင့်တယ်။ဟုတ်တယ်မလား”
“အေး။ဟုတ်ပါတယ်ကွ။လောလောဆယ် ငါတို့တွေ လားရှိုးကိုအရင်ဆုံးရောက်အောင်ကြိုးစားကြရမယ်။မင်းတို့လည်း မျက်စိတွေ နားတွေရှင်ရှင်ထားကြ”
“ဟုတ်ကဲ့ကိုကြီး”
ထို့နောက် အားလုံးအသံတိတ်သွားကြသည်။
၎င်းတို့၏ ကားကလေးသည်လည်း မြို့တွင်းလမ်းမှနေ တရှိန်ထိုးပြေးလွှားနေလေသည်။
ယင်းအချိန်၌ ဒုရဲအုပ်နှင့်အဖွဲ့သည် cctv မှတ်တမ်းကို ပြန်ကြည့်ရန် ကြိုးစားနေလေသည်။
သို့သော် ကားပါကင်မှ cctv ကင်မရာသည် အခြားတစ်နေရာသို့သာ လွှဲထားသည်မို့ ဒုရဲအုပ်လည်း စိတ်ပျက်သွားသည်။
တကယ်တော့ ယင်းကင်မရာကို ကျော်စိုးကပဲ ကြိုတင်၍ မြင်ကွင်းလွှဲထားခြင်းဖြစ်သည်။
ထို့နောက် ဒုရဲအုပ်လည်း စကားပြောစက်ဖြင့် အထက်သို့ သတင်းပို့သည်။
“ပြစ်မှုကျူးလွန်သူတွေက လေးယောက်။ဘဏ်စာရေးမ နှစ်ယောက်နဲ့ လုံခြုံရေးတစ်ယောက်ကို ဓားစာခံအဖြစ် ခေါ်သွားပါတယ်။ဒါကြောင့် မြို့ထဲက ထွက်မယ့်ကားမှန်သမျှကို ရှာဖွေဖို့ လိုပါတယ်”
ယင်းသို့ သတင်းပို့ပြီးသည့်နောက် ဒုရဲအုပ်နှင့်အဖွဲ့သည် ဘဏ်ထဲမှ ပြန်ထွက်လာပြီး ကားပေါ်သို့တက်ကာ မောင်းထွက်လာခဲ့တော့သည်။
ယင်းအချိန်၌ အဂ္ဂဦးတို့၏ ကားကလေးသည် လမ်းကြားတစ်ခုထဲသို့ ချိုးဝင်သွားပြီး ယင်းလမ်းကြားထဲမှ ဂိုဒေါင်တစ်ခုထဲသို့ မောင်းဝင်လိုက်ကြသည်။
ပြီးနောက် အားလုံး ကားပေါ်မှ ခပ်သွက်သွက်ဆင်းပြီး အခြားကားတစ်စီးထဲသို့ ပိုက်ဆံအိတ်တွေ ပြောင်းထည့်လိုက်ကြသည်။
တဖန် သူတို့အားလုံးလည်း အဝတ်အစားတွေကို အခြားအဝတ်အစားများဖြင့် လဲဝတ်လိုက်ကြပြီး အနှီကားအသစ်ပေါ်သို့ ပြောင်းတက်လိုက်ကြသည်။
အဂ္ဂဦးက
“ကဲ ရန်နိုင်ကျော်။မြန်မြန်မောင်း။နေမဝင်ခင် လားရှိုးကို ရောက်မှဖြစ်မယ်”
ယင်းသို့ လောဆော်လိုက်တော့ ရန်နိုင်ကျော်လည်း ကားကို စတင်မောင်းထွက်လာခဲ့တော့သည်။
ဤသို့ဖြင့် သူတို့၏ကားကလေးသည် မီးပွိုင့်ရှေ့သို့ ရောက်လာခဲ့ရာ ရဲသုံးယောက်က ကားကိုလက်ပြပြီး ဟန့်တားထားလိုက်သည်။
ထိုအခါ ရန်နိုင်ကျော်လည်း သူ၏ဘေးမှ အဂ္ဂဦးကို ‘ဘယ်လိုလုပ်ရမလဲ’ဟူသည့် အကြည့်ဖြင့် ကြည့်လေရာ အဂ္ဂဦးက ‘ရပ်ပေးလိုက်’ဟူသည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရန်နိုင်ကျော်လည်း ကားကိုရပ်ပေးလိုက်သည်။
ရဲတစ်ယောက်က လက်ထဲမှ စကားပြောစက်ကို ပါးစပ်တွင်တေ့ကာ အထက်သို့ အကြောင်းကြားနေသလို ကျန်သည့်နှစ်ယောက်ကတော့ ကားဆီသို့ လှမ်းလာနေကြသည်။
ယင်းရဲနှစ်ယောက်ကိုမြင်တော့ ကာူအနောက်ခန်းထဲမှ ကျော်စိုးလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး အဂ္ဂဦးကိုလှမ်းပြောသည်။
“ကိုကြီးရေ။ဒုက္ခတော့ရောက်ပြီ။အဲဒီရဲနဲ့ကျွန်တော်နဲ့သိနေတယ်ဗျ”
“ဟေ”
အဂ္ဂဦးသာမက ကျန်သည့်ခြောက်ယောက်ပါ စိုးရိမ်စိတ်တွေ ဝင်သွားကြသည်။
ကျော်စိုးက
“ဟုတ်တယ်ဗျ။ကျွန်တော်တို့ကို ဓားစာခံအဖြစ်နဲ့ဖမ်းသွားတယ်ဆိုတဲ့သတင်းကိုသာ သူရထားရင် ပြဿနာတော့တက်ပြီ”
ကျော်စိုး၏ စကားအဆုံး၌ ရဲက ကားမှန်တံခါးကိုလာခေါက်သည်။
အဂ္ဂဦးလည်း ကျော်စိုးကို ခပ်မြန်မြန်သတိပေးလိုက်သည်။
“ဟေ့ကောင် မင်းခေါင်းကိုငုံ့နေ။မမြင်စေနဲ့”
“ဟုတ် ဟုတ်”
ကျော်စိုးကို ခေါင်းကို ငုံ့နိုင်သမျှ ငုံ့ထားလိုက်သည်။
ထိုအခါမှ ရန်နိုင်ကျော်လည်း ကားတံခါးမှန်ကို အောက်သို့ချပေးလိုက်ရင်း
“ဘာကိစ္စများလဲဗျ”
“ကျုပ်တို့တာဝန်အရ ဒီကားကိုစစ်ဆေးချင်တယ်”
“ဗျာ ဘာ ဘာဖြစ်လို့လဲဗျ”
“မမေးနဲ့။ဒီလမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်တဲ့ကားမှန်သမျှ ကျုပ်တို့စစ်ဆေးရမှာပဲ”
ကျန်သည့်ရဲတစ်ယောက်က ခပ်မာမာဝင်ပြောလိုက်ခြင်းဖြစ်သည်။
ပြီးနောက်
“ကဲ ဆင်းဆင်း မြန်မြန်”
ယင်းသို့ခိုင်းစေတော့ ရန်နိုင်ကျော်လည်း အဂ္ဂဦးကို လှည့်ကြည့်လိုက်သည်။
ထိုအခါ အဂ္ဂဦးကလည်း ရဲနှစ်ယောက်မမြင်အောင် ရန်နိုင်ကျော်အား လက်မကို အောက်သို့စိုက်ပြလိုက်သည်။
ရန်နိုင်ကျော် သဘောပေါက်လိုက်သည်။
ထို့နောက် ရန်နိုင်ကျော်သည် ကားတံခါးကို ဖွင့်ရန် ဟန်ပြင်လိုက်သည်။
ယင်းအခိုက်တွင် အဂ္ဂဦးက ခါးကြားထဲမှ သေနတ်ကို အသာအယာဆွဲထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ရန်နိုင်ကျော်သည် ခန္ဓာကိုယ်ကို ထိုင်ခုံကျောမှီဆီသို့ ကပ်လိုက်သလို အဂ္ဂဦးကလည်း သေနတ်ဖြင့် ထိုရဲကိုပစ်လိုက်သည်။
‘ဒိုင်း’
“အား”
ထိုရဲလည်း အသံနက်ကြီးဖြင့်အော်ဟစ်ရင်း အနောက်သို့ ပက်လက်လန်လဲကျသွားသည်။
မထင်မှတ်သည့် အလှည့်အပြောင်းကြောင့် ကျန်သည့်ရဲတစ်ယောက်နှင့် ခပ်လှမ်းလှမ်းတွင် စကားပြောစက်ကို ကိုင်ထားသည့်ကဲလည်း အနည်းငယ် ဆွံ့အ သွားသည်။
ယင်းအချိန်၌ ရန်နိုင်ကျော်လည်း ကားကို တရှိန်ထိုး မောင်းထွက်လိုက်တော့သည်။
ထိုအခါမှ ရဲနှစ်ယောက်လည်း သတိပြန်ဝင်လာပြီး စခန်းသို့ စကားပြောစက်ဖြင့် သတင်းပို့လေသည်။
“လင်းယုန်မှပျံလွှား။ဘဏ်ဓားပြတွေလို့ သံသယရှိတဲ့အဖွဲ့က ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သွားပါတယ်။သူတို့စီးတဲ့ကားက မီးခိုးရောင်(..)နံပါတ်ပါ။လူနာတင်ကားကိုလည်း လမ်းလေးဆုံ မီးပွိုင့်ဘက် မောင်းလာပေးပါ”
ယင်းသို့ သတင်းပို့နေခိုက်တွင် အဂ္ဂဦးတို့၏ ကားကလေးသည် မီးပွိုင့်နှင့်အလွန်ဝေးကွာသည့်နေရာသို့ရောက်နေပြီဖြစ်သည်။
သို့သော် ၎င်းတို့၏မျက်နှာတွေသည် အလိုမကျမှုတွေကြောင့် သုန်မှုန်လျက်ရှိနေသည်။
ကားကလေးသည် တရိပ်ရိပ်ဖြင့်ပြေးနေခဲ့ရာ မြို့အပြင်သို့ရောက်လာခဲ့သည်။
ဤမြို့အပြင်တွင် လူနေအိမ်ခြေတွေ မရှိဘဲ လမ်း၏ဘေးနှစ်ဖက်တွင် တောအုပ်ကြီးတွေသာ ရှိနေသည်။
တဖန်။လမ်းသည် အကွေ့အကောက်များလွန်းသလို အချို့သောကွေ့နေရာများ၌ ချောက်ကမ်းပါးတွေလည်း ရှိနေသည်မို့ ရန်နိုင်ကျော်သည် ကားကို အရှိန်မလွန်ရလေအောင် သတိအပြည့်ဖြင့် မောင်းနေရလေသည်။
ထိုအခိုက်တွင်
‘အနောက်မှ ရဲကားအသံကို ကြားလိုက်ကြရသည်မို့ အဂ္ဂဦးတို့လည်း အနောက်သို့ ကပျာကယာလှည့်ကြည့်လိုက်ကြသည်။
သို့သော် အနောက်ဘက်တွင် လမ်းကွေ့တွေ များလှသည်မို့ ရဲကားကိုတော့ မတွေ့ရသေးချေ။
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
Leave a Reply