အခန်းနံပါတ်၃၀၂

သူစိမ်းယောကျာ်းတစ်ယောက်အိပ်နေသည်မှာ
သေချာလွန်းနေချေပြီ။

ထိတ်ထိတ်လန့်လန့်နှင့် ရုတ်တရက်ထထိုင်ပြီးလှည့်ကြည့်လိုက်သည့်
အခါ ထိုသူသည် အပေါ်ပိုင်းဗလာကျင်းနှင့် ကျွန်မအားကျောပေးပြီး
အိပ်နေလေသည်။ တုန်လှုပ်ချောက်ချားမှုနှင့်အတူ ကုတင်ပေါ်မှ
အမြန်ဆင်းပြီး..

“” ရှင်ဘယ်သူလဲ… ကျွန်မအခန်းထဲဘယ်လိုရောက်လာတာလဲ..””

ကျွန်မမေးသော်လည်း ထိုသူက အိပ်ပျော်နေဆဲပင်။ ညကအခန်း
တံခါးကို လော့မချခဲ့မိခြင်းလောဟု ကျွန်မတွေးရင်း တံခါးလော့ကို
သွားကြည့်ခဲ့သည်။ တံခါးကလော့ချထား၏။ သို့ပေမယ့်လည်း ထို
လော့ကိုကျွန်မချခဲ့ခြင်းဖြစ်ချင်မှဖြစ်ပေလိမ့်မည်။

ထိုသူ ညကဝင်လာပြီး တံခါးလော့အား ချထားခြင်းလည်းဖြစ်နိုင်
သည်။ ကျွန်မသူ့ကိုကြည့်ရင်းဒေါသထွက်လာမိတော့သည်။ ထိုသူ
ခြုံအိပ်နေသော စောင်ကိုကျွန်မဆွဲယူပစ်လိုက်သည်။ ထိုသူက
ညဝတ်ဘောင်းဘီ မီးခိုးရောင်ကိုဝတ်ဆင်ထား၏။ ထိုလူကိုလက်
ဖြင့်မထိဘဲနိုးချင်သဖြင့် နိုး၍ရနိုင်မည့်ပစ္စည်းတစ်ခုခုကိုလိုက်ရှာသော်
လည်းမရှိချေ။

ထို့ကြောင့် ဖုန်းထဲမှာ အကြမ်းစား rock သီချင်းတစ်ပုဒ်ကို volume
အဆုံးထိတင်ပြီး ထိုသူ၏ နားသို့ကပ်ပေးလိုက်တော့သည်။ ထိုအခါ
နိုးလာပြီး ထထိုင်လာသည်။

“” ရှင်ဘာလို့ဒီကိုရောက်နေတာလဲ… “”

ထိုလူသည်သူ၏မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး ကျွန်မ
ကိုပြုံးပြီးကြည့်နေသည်။ ထို့နောက်ကုတင်ပေါ်မှထလာကာ ရေချိုးခန်း
သို့ဝင်သွားပြီး တံခါးကိုဆောင့်ပိတ်လိုက်လေသည်။ ကျွန်မဒေါသ
တကြီးနှင့် Hotel reception သို့ဖုန်းခေါ်လိုက်ပြီး အခန်းထဲ လူစိမ်း
တစ်ယောက်ရောက်နေသည့်အကြောင်း၊ ထိုပြဿနာအားလာရှင်း
ပေးရန်ဆက်လိုက်သည်။

ဖုန်းဆက်ပြီးမှ ကျွန်မတွေးလိုက်မိ၏။ ထိုသူနှင့်ကျွန်မတစ်ခန်းထဲရှိ
နေသည်ကို အခြားသူများသိသွားပေတော့မည်။ ဟုတ်သော်ရှိ၊
မဟုတ်သော်ရှိ ကျွန်မနှင့်ထိုသူအား ထင်ယောင်ထင်မှားဖြစ်စေတော့
မည်မှာအမှန်ပင်။ ယခုကိစ္စသည်ကျွန်မ၏ဂုဏ်သိက္ခာပိုင်းနှင့်လည်း
သက်ဆိုင်နေပြီဖြစ်သဖြင့် ငြိမ်နေလျှင်ပို၍ဆိုးလိမ့်မည်ဟုလည်းပြန်
တွေးမိလိုက်သည်။

မည်သို့ပင်ဆိုဆို ကျွန်မ မလုပ်ခဲ့သည့်ကိစ္စရပ်အား ဖြေရှင်းရမည်ဟု
လည်း ဆုံးဖြတ်လိုက်မိသည်။ ၁၀မိနစ်ခန့်ကြာသော်လည်း ထိုသူ
သည် ရေချိုးခန်းထဲမှ ထွက်မလာပေ။ ထို့အတူ reception မှ
လည်းရောက်မလာချေ။

စိတ်တိုတိုနှင့် ရေချိုးခန်းတံခါးကိုအပြင်မှထုရင်း…

“” ဒီမှာ… ရှင်အခုထွက်လာခဲ့… ကျွန်မအခန်းထဲရောက်နေတဲ့ကိစ္စ
ကို အခုရှင်းပေး… “”

“” ဒုန်းးး… ဒုန်းးး “”

ကျွန်မတံခါးကိုထုရင်းအော်ပြောသည်။ ရေချိုးခန်းတံခါးအား အပြင်မှ
ဖွင့်သော်လည်း အထဲမှလော့ချထားသဖြင့် ဖွင့်မရပေ။ ထိုအချိန်တွင်
အခန်းအပြင်မှ တံခါးခေါက်လာသဖြင့် သွားဖွင့်ပေးလိုက်သည်။ ဟို
တယ်မှ ဝန်ထမ်းနှစ်ယောက်ဖြစ်၏။ ယောကျာ်းလေးတစ်ယောက်နှင့်
မိန်းကလေးတစ်ယောက်ဖြစ်ပြီး ၎င်းတို့၏မျက်နှာသည် စိုးရိမ်ထိတ်
လန့်နေဟန်အထင်းသားပေါ်လွင်နေသည်။

“” ဘယ်လိုအဆင်မပြေမှုမျိုးဖြစ်လို့ပါလဲခင်ဗျာ… “”

“” အဆင်မပြေတာတော့ပြောမနေနဲ့… ငါအခုရဲခေါ်မယ်… ငါ့အခန်း
ထဲလူတစ်ယောက်ဝင်အိပ်နေတာ.. မင်းတို့ဘယ်လိုတာဝန်ယူပြီး
ရှင်းပေးမှာလဲ… “”

“” ခင်ဗျာ… “”

“” ဟုတ်မမ… မမပြောတဲ့လူကဘယ်မှာလဲရှင့်… ညီမတို့ဖြေရှင်းပေး
ပါ့မယ်… စိတ်အေးအေးထားပါနော်မမ… “”

“” ရေချိုးခန်းထဲမှာ… အထဲကနေလော့ချထားတယ်… သော့ပါတယ်
မလား… ရေချိုးခန်းဖွင့်ပေးပါ… “”

ထိုအခါ ဝန်ထမ်းကောင်လေးသည် ပျာပျာသလဲနှင့် သော့ပြေးယူလေ
သည်။ ကျွန်မနှင့် ဝန်ထမ်းကောင်မလေးနှစ်ယောက်ထဲကျန်သည့်
အခါ ထိုကောင်မလေးသည် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။

“” ဟင် “”

ရေချိုးခန်းသည် လော့ချထားခြင်းမရှိဘဲ ပွင့်သွားပြီး ရေချိုးခန်းထဲ
တွင် ဘယ်သူမှရှိမနေချေ။

“” ဟိုလူဘယ်ပျောက်သွားတာလဲ… ဒီအခန်းထဲဝင်သွားတာ သေ
ချာတယ်လေ… ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ… ခုဘယ်ပျောက်
သွားတာလဲ… “”

“” ဟို… မမစိတ်ထင်တာနေမှာပါ… ဘယ်သူမှမရှိဘူးလေမမ…””

“” ဘာစိတ်ထင်ရမှာလဲ… နင်တို့တွေတစ်ဖွဲ့ထဲမလား… ရေချိုးခန်း
ထဲကနေထွက်ပေါက်ရှိကိုရှိရမယ်… ငါရှာမယ်…ဖယ်…””

ဒေါသထွက်ထွက်နှင့် ရေချိုးခန်းအတွင်းဝင်ပြီး ထွက်ပေါက်များကို
ရှာကြည့်သည်။ နံရံအားလုံးကြွေပြားကပ်ထားပြီးလေစုပ်ထုတ်သည့်
ပန်ကာအသေးလေးတပ်ထားသည့်အပေါက်မှလွဲ၍ မည်သည့်ထွက်
ပေါက်မှမရှိချေ။ အပေါ်မျက်နှာကျတ်ကိုကြည့်သည့်အခါလည်း စလစ်
လောင်းထားပြီး အင်္ဂတေကိုင်ထားသည့် RC ဖြစ်သည်။

ဘိုထိုင်အဖုံးအားဖွင့်ပြီးစစ်သည်။ ရေပန်းများပင်မချန် ဘေစင်နှင့်
မှန်ချပ်ကိုလည်းသေချာစစ်ခဲ့သည်။ အရာအားလုံးသည်ပုံမှန်အတိုင်း
ပင်။ ထိုသို့ဆိုလျှင် ခုနကလူစိမ်းသည် မည်သည့်အပေါက်မှထွက်
သွားခဲ့သနည်း။ စဉ်းစားမရဖြစ်နေချိန်တွင် သော့သွားယူသည့် ဝန်
ထမ်းကောင်လေးနှင့်အတူ ဟိုတယ်မန်နေဂျာပါလိုက်ပါလာလေ
သည်။ ၎င်းတို့လည်း အခြေအနေကို နားလည်ပုံမရပေမယ့် ကျွန်မ
စိတ်ထဲတွင် သူတို့အားလုံးထိုကိစ္စအားသိကိုသိရမည်ဟု ယုံကြည်
နေမိသည်။

“” ဒီလိုလုပ်ပါခင်ဗျ… ကျွန်တော်တို့တခြားအခန်းပြောင်းပေးပါ့မယ်..
VIP အခန်းပါခင်ဗျာ… အပိုထပ်ပေးဖို့မလိုပါဘူး… VIPအခန်းမှာ
စိတ်ချလက်ချတည်းခိုနိုင်ပါတယ်ဗျ… အခန်းအပြင်ဖက်မှာလည်း
ကောင်မလေးနှစ်ယောက်ကို စောင့်ထားခိုင်းပါ့မယ်… အစ်မအဆင်
ပြေမလားမသိဘူး…””

ကျွန်မအတော်ထိတ်လန့်နေပြီ။ ဖြစ်နိုင်လျှင်ထို ဟိုတယ်မှအမြန်ပြန်
ထွက်ချင်နေခဲ့သည်။ ယခုအခန်းတွင်တော့ ဆက်မနေရဲသည်မှာ
သေချာနေသဖြင့် ၎င်းတို့ပြောင်းပေးမည့် VIP အခန်းသို့ ရွေ့လိုက်
တော့သည်။ သူတို့ပြောသည့်အတိုင်း အခန်းအပြင်ဖက်တွင် ဟိုတယ်
ဝန်ထမ်းကောင်မလေးနှစ်ယောက်ကိုအစောင့်ချပေးပါသည်။

VIP အခန်းပီပီ အဆင့်မြင့်မြင့်တည်းရသဖြင့် ကျေနပ်မိသော်လည်း
ခုနကကြုံခဲ့ရသောကိစ္စကြီးအား တငွေ့ငွေ့နှင့် မကျေမနပ်ဖြစ်မိနေ
သည်။ အိပ်လို့လည်းမရတော့ပေ။ ထို့ကြောင့် internet line
ဖွင့်ပြီး ထိုဟိုတယ်အကြောင်းကို ရှာကြည့်လိုက်သည်။

ထူးထူးခြားခြားမတွေ့ရသဖြင့် စိတ်ပျက်သွားမိသည်။ ကျွန်မလည်း
ဆက်သာရှာနေရသည် အတွေးထဲတွင်ထိုသူမည်သို့ဝင်လာသနည်း၊
မည်ကဲ့သို့ပျောက်သွားသနည်းဆိုသည်ကိုပင် စဉ်းစားမရဖြစ်မိနေခဲ့
၏။ ထိုစဉ် post တစ်ခု၏ comment တစ်ခုကိုတွေ့လိုက်မိသည်။
ထိုမန့်မှာ…

“” အဲ့လူက ပြည့်တန်ဆာနဲ့သွားအိပ်ရင်း ပြည့်တန်ဆာကလူကိုသတ်
ပြီး ပါလာသမျှအကုန်ယူထွက်ပြေးသွားတာ.. “”

ဆိုသည့်မန့်လေးဖြစ်သည်။ ထို post ကိုကျွန်မ ဖွင့်ကြည့်လိုက်သည့်
အခါ….

“” ဟိုတယ်တစ်ခုတွင်အမျိုးသားတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံး။ “”
ဟူသောခေါင်းစဉ်နှင့်အတူ ဓါတ်ပုံတချို့တက်လာသည်။ ပုံထဲတွင်
သေဆုံးသည့်သူသည် မီးခိုးရောင်ညဝတ်ဘောင်းဘီနှင့်ဖြစ်ပြီး မျက်
နှာပုံအား ဖျက်ထားသည်။ မန့်များတွင်တော့…

“” ရိုင်ရယ်ဒရင်းဟိုတယ် “”
ဟူသော မန့်အချို့နှင့်…

“” အခန်း ( 302 ) ကိုသွားမတည်းနဲ့…သရဲခြောက်တယ် “”

ဟူသောမန့်ကို ဖတ်လိုက်ရတော့သည်။ ကျွန်မတစ်ကိုယ်လုံး တုန်
လှုပ်လာသည်။ ကျွန်မသိလိုက်သည်မှာ ကျွန်မတွေ့ခဲ့ရသောသူ
သည် လူမဟုတ်ပေ။ ကျွန်မသည်အခန်းလော့အားချခဲ့သည်ကို
သေချာမှတ်မိလာသည်။ ထိုသို့တွေးမိရင်း ကြက်သီးများတဖြန်း
ဖြန်းထလာကာ စောင်ခြုံပြီး ငုတ်တုပ်ထိုင်နေမိတော့သည်။

မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေမိပြီး ယခုအခန်းကိုလည်း
မျက်ခြေမပြတ်ဟိုဟိုဒီဒီကြည့်နေမိ၏။ မည်သည့်နေရာမှပေါ်လာ
မည်လဲဟု တွေးလေ ပို၍ ကြောက်ရွံ့မိလေဖြစ်လာခဲ့သည်။ မနက်
( ၅ )နာရီထိုးသည်နှင့် ထိုဟိုတယ်မှထွက်ခွာဖို့ အဆင်သင့်ဖြစ်နေ
ခဲ့ပြီ။

အခန်းပြန်အပ်ပြီး ဟိုတယ်အောက်ထပ်တွင် တက္ကစီကို ထိုင်စောင့်
နေခဲ့သည်။ ဟိုတယ်ဝန်ထမ်းတချို့က ကျွန်မကို ကွက်ကြည့်ကွက်
ကြည့် ကြည့်နေသလိုခံစားရ၏။ နံဘေးမှ မဂ္ဂဇင်းတစ်အုပ်ကိုယူပြီး
ဟိုလှန်ဒီလှန် ဖတ်ကြည့်ရင်း တက္ကစီကိုစောင့်နေမိသည်။

ထိုစဉ် မဂ္ဂဇင်းငုံ့ဖတ်နေသော ကျွန်မ၏လည်ဂုတ်အား အေးစက်စက်
လက်တစ်ဖက်ဖြင့် လာကိုင်လိုက်သည်ကိုခံစားလိုက်ရသဖြင့် အ
နောက်အမြန်လှည့်ကြည့်လိုက်မိသည်။ ကျွန်မ၏အနောက်ဖက်တွင်
ဟိုတယ်နံရံသာရှိပြီး နံဘေးတွင် အလှစိုက်ပန်းအိုးကြီးတစ်လုံးသာ
ရှိသည်။

ထိုစဉ် “” ဘုတ် “” ဟူသောအသံနှင့်အတူ….
ကျွန်မနံဘေးမှ luggage ကြီးလဲကျသွားသည်။ တုန်လှုပ်ချောက်
ချားမှုနှင့်အတူ ချွေးများပျံလာစဉ် ဟိုတယ်ရှေ့၌ တက္ကစီရောက်နေ
ပြီဟု လာပြောသဖြင့် ထိုနေရာမှအမြန်ထွက်လာလိုက်တော့သည်။
တက္ကစီကားပေါ်သို့အမြန်တက်ထိုင်ရင်း ထိုဟိုတယ်ကို နောက်ပြန်
လှည့်မကြည့်ရဲချေ။

တက္ကစီသည် ဟိုတယ်မှ တဖြည်းဖြည်းထွက်ခွာလာချေပြီ။ ထိုဟို
တယ်နှင့် လှမ်းလာလေ ကျွန်မ၏စိတ်သက်သာရာရလေဖြစ်ခဲ့သည်။
နောက်ထပ်တဖန် ထိုအဖြစ်အပျက်မျိုးမကြုံကြိုက်ချင်တော့ပါ။
ကျွန်မ၏ဘဝတွင် ထိုအဖြစ်အပျက်သည် မည်သည့်အခါမှ မေ့နိုင်
တော့မည်မဟုတ်နိုင်တော့ပေ။

သော်တာလမင်းစန္ဒာ